Tuesday, November 16, 2010

ဝဋ်ဆိုသည်မှာ

ဦးဟုန်း တနေ့က ကွယ်လွန်သွားသည်။ ဦးဟုန်းသည် ကျွန်တော်တို့ရွာတွင် နာမည်ကြီးသူတယောက်ဖြစ်သည်။ မည်သည့်နေရာတွင် နာမည်ကြီးသနည်းဟုမေးပါက လေသေနတ်ပစ်ရာတွင် ကျွမ်းကျင်ပြီး လက်ဖြောင့်သူ အဖြစ် နာမည်ကြီးသည်။ သူသည် အပ်ချည်ကြိုးမျှင်ကိုတောင် သင့်တင့်သောအကွာအဝေးမှ မှန်အောင် ပစ်နိုင်သူဖြစ်သည်။

သူသည် ကျန်းမာရေးကောင်းပြီး အသက် ၆၀-ကျော်ပြီဖြစ်သည်။ သို့သော် လွန်ပြီးနှစ်ကတော့ သူ ဗိုက်နာရောဂါ ဖြစ်ပြီး သွေးအန်သည်။ သွေးအန်ပြီးနောက် ရွာတွင်ရှိသော ဆေးဆရာနှင့် ကုသရာ ပျောက်ကင်းသွားသည်။

ဆေးကုသခံယူပြီး နှစ်လလောက်ကြာသောအခါ ဗိုက်အလွန်နာလာပြန်သည်။ ယခုအခါတော့ ဘာဆေးမှစား၍ မရတော့ပေ။ မြို့တက်ပြီး ဆေးရုံပြရတော့သည်။ ဆေးရုံတွင် ဆရာဝန်ကြီးများက စစ်ဆေးကြသည့်အခါ ဗိုက်ကိုခွဲရမည်ဟုပြောသည်။ ထို့နောက် ဗိုက်ခွဲကြည့်သောအခါ အူတွင် ကင်ဆာဖြစ်နေသည်ကို တွေ့ရသည်။ အူကို ဖြတ်ဆက်ပြီး ထပ်မံစစ်ဆေးသောအခါ ကင်ဆာရောဂါသည် ဗိုက်တခုလုံး ပျံ့နှံ့နေသည်ကို တွေ့ပြီး ရောဂါကလည်း ကျွမ်းနေပြီဖြစ်သည်။

ထိုအခါ ဆရာဝန်ကြီးများသည် ၀မ်းဗိုက်ကို ပိတ်ပြီး လက်လျှော့ကာ အိမ်သို့ပြန်လွှတ်လိုက်တော့သည်။ နောက်တနေ့တွင် ဦးဟုန်း ကွယ်လွန်သွားလေသည်။ တကယ်တော့ ဦဟုန်းသည် မိမိပြုသောကံ မိမိထံ ပြန်လာခြင်းသာ ဖြစ်သည်။ ဘယ်သူမပြု မိမိမှုပဲဖြစ်သည်။

သူသည် အလုပ်အားသောနေ့များတွင် သူကျွမ်းကျင်သော လေသေနတ်တလက်ဖြင့် တောသို့သွားပြီး ငှက်မျိုးစုံကို ပစ်ခတ်ဖမ်းဆီးလေ့ရှိသည်။ တကြိမ်သွားလျှင် ငှက်မျိုးစုံ လွယ်အိတ်တအိတ် အပြည့်ရသည်။ ထိုငှက်များကို အမွေးနုတ်၊ ဗိုက်ခွဲပြီး ကလီစာများထုတ်ကာ အိမ်သို့ ယူလာလေ့ရှိသည်။ ယူလာသော ငှက်များကိုလည်း သူဘယ်တော့မှ မစားပေ။ သူ့မိသားစု သားသမီးများကိုသာ စားစေသည်။ ဦးဟုန်းသည် နှစ်များစွာ ဤအကုသိုလ်များကို ပြုလုပ်ခဲ့လေသည်။ ဦးဟုန်း ကွယ်လွန်သောအခါလည်း ၀မ်းဗိုက်ခွဲပြီးမှ သေရသည်။ သူပြုသော အကုသိုလ်ဝဋ်ကြွေးက သူ့ကို ပြန်လည်ပေးဆပ်လိုက်ခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်။

ကိုကြီးဆွေ
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇွန်လ)

No comments: