Sunday, November 28, 2010

ဖူးစာကံ၏ စီမံရာ

ဖူးစာကံကို ယုံပါလို့ ဆိုရာမှာ ဖူးစာကံ စီမံရာမှာ ကိုယ့်အလိုအတိုင်း ဖြစ်ချင်မှ ဖြစ်မှာ။ ကံကောင်းရင် အဆင်ပြေမယ်။ ကံဆိုးရင် စိတ်ဒုက္ခ ကိုယ်ဒုက္ခ ရောက်မယ်။ လင်ကံ ကောင်းတယ်၊ မယားကံ ကောင်းတယ်-ဆိုတဲ့ စကားတွေဟာ အိမ်ထောင်ရေးကိစ္စမှာ ကိုယ်ကြိုက်နှစ်သက်တာ ရတယ်လို့ အဓိပ္ပါယ်ကောက်မယ်ဆို ကောက်နိုင်ပါတယ်။

ကိုယ်က အစက ကြိုက်လို့ မဆိုနိုင်ပေမယ့် လူကြီးတွေ နေရာချပေးတာ အဆင်ပြေနေလို့ ဆိုတာမျိုးလည်း ရှိတယ်။ အိမ်ထောင်ရေး ကံကောင်းတာကို ဆိုလိုပါတယ်။ ဒါပေမယ့် ဖူးစာကံက တွဲပေးလိုက်တဲ့ လင်နှင့်မယား တချို့ကျပြန်တော့ သူတို့အလိုကျ ဖြစ်ချင်မှ ဖြစ်မယ်။ ယူလိုက်ပြီးခါမှ မတူတဲ့ အချက်တွေ တွေ့ရပြန်တယ်။ ကိုယ့်အကြိုက် ဖြစ်ရင် ဖူးစာကံ ကောင်းတယ်လို့ ဆိုနိုင်ပေမဲ့ ကိုယ့်အကြိုက် မဖြစ်ခဲ့ရင်တော့ ဖူးစာကံ အပေါ်မှာသာ အပြစ်ပုံချကြပေရော့။

အိမ်ထောင်ရေး ကိစ္စတွင်သာ မဟတ်ဘဲ တခြားကိစ္စတွေမှာလည်း ကံစီမံရာ ဖြစ်ကြရတာပါပဲ။ ရတာ မလို၊ လိုတာ မရ-ဆိုတဲ့ အဖြစ်မျိုး ကြုံတိုင်း မကောင်းဘူးလို့ မဆိုသာပါဘူး။ မလွှဲမရှောင်သာလို့ အိမ်ထောင်ပြုလိုက်ကြရတာတွေ အများအပြား ရှိကြရာမှာ အချစ်ကိစ္စနှင့်အိမ်ထောင်ရေးကိစ္စ ဆက်စပ်မိတာတွေရှိသလို မဆက်စပ်မိလို့ ပထမ အချစ်ကို ပစ်လိုက်ရတာတွေလည်း မနည်းလှပါဘူး။

ကံကြမ္မာ စီမံနေရာချပေးတာကို လက်ခံကြရာမှာ အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။ ကံစီမံတာကို လက်မခံချင်လို့ ကိုယ့်ဘ၀ကိုယ် စီမံပြန်တော့လည်း ကံစီမံတာထက် ဆိုးချင်ဆိုးသွားမယ်။ ကံစီမံတာကို လက်ခံလိုက်ရာက အိမ်ထောင်ရေးကိစ္စမှာ အောင်မြင်သွားကြတာမျိုးလည်း ရှိပါတယ်။ လူကြီးတို့က နေရာချပေးတာကို လက်ခံလိုက်ရသူတိုင်း ဒုက္ခရောက်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့်မို့ ဘဘကြီးက ဖူးစာကံကို ယုံကြည်ပါ-လို့ ဆိုတာပါ။

ကိုယ့်အကြိုက်အတိုင်း လူကြီး စီမံတာတွေကို တော်လှန်ပြီး ချစ်သူနောက် လိုက်တိုင်းလည်း အောင်မြင်ပြီလို့ မဆိုသာပါဘူး။ နှစ်ယောက်သား ကိုယ့်ဘာသာကိုယ် စီမံလိုက်ကြပြီး လူးကြီးမိဘတွေက လက်ခံတာ ရှိသလို လက်မခံဘဲ ပစ်ထားတာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဘ၀ နေရေးမှာလည်း အောင်မြင်တာ ရှိတယ်။ ဘ၀နေရေး ပျက်စီးသွားတာတွေလည်း ရှိကြတယ်။

ဘဘကြီး လူငယ် ဘ၀မှာတုန်းက ၀တ္ထုကလေး တပုဒ် ဖတ်လိုက်ရတယ်။ ၀တ္ထုဇာတ်လမ်းကို ရေးရေးတော့ မှတ်မိနေသေးတယ်။ စာရေးဆရာက နယ်စွန်နယ်ဖျား တောရွာကလေးမှာ အသက်ကြီးရင့်နေပြီ ဖြစ်တဲ့ လင်မယား နှစ်ယောက်ကို တွေ့ရတယ်။ အဲဒီ အဘိုးကြီး အဘွားကြီးတွေဆီမှာ တည်းခိုရတယ်။ အဘိုးကြီးနှင့် အဘွားကြီးဟာ ဆင်းရဲလှတယ်။ သူတို့ဟာ အတိတ်မှာ ကောင်းစားခဲ့ကြပုံ ရတယ်။ စာရေးဆရာဆိုတာ စပ်စုချင်စိတ် ရှိတယ်လေ။ အဘိုးကြီး အပြင်သွားခိုက်မှာ အဘွားကြီးကို မေးကြည့်တယ်။ အဘွားကြီးက သူနှင့် သူ့ခင်ပွန်းတို့ရဲ့ ငယ်ဘ၀ကို ပြောပြတယ်။

သူတို့နှစ်ယောက်မှာ အဘွားကြီးရဲ့ ငယ်ဘ၀ဟာ ချမ်းသာတယ်။ သူ့အဘိုးကြီး ငယ်စဉ်ကတော့ ဆင်းရဲရှာတယ်။ ဆင်းရဲပေမယ့် အဘိုးကြီးဟာ ငယ်စဉ်ဘ၀မှာ ပညာတတ် တယောက်ဖြစ်တယ်။ အဘွားကြီးရဲ့ မိဘတွေကတော့ လူကုံထံတို့ရဲ့ သားတယောက်နဲ့ ပေးစားဖို့ စီစဉ်ကြတယ်။ ဒါပေမယ့် အဘွားကြီးက သူ့ချစ်သူနှင့် မလွဲချင်ဘူး။ အဘိုးကြီးက ချစ်အားကြီးပေမဲ့ ဘ၀ အခြေအနေ မလှလို့ အနစ်နာခံပြီး ခွဲကြဖို့ပြောတယ်။ အဘွားကြီးကတော့ စိတ်ခိုင်တယ်။ သူ့ချစ်သူနှင့် ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ဘ၀တသက်တာ မခွဲဘူးလို့ သန္နိဋ္ဌာန်ချလိုက်ပြီး သူ့ချစ်သူကို တိုက်တွန်းပြီး အဝေးကို ပြေးခဲ့ကြတယ်။ ပျိုမြစ်နုနယ် အရွယ်ကစပြီး တသက်လုံး မိဘများ မသိနိုင်တဲ့ နယ်စပ် ရွာကလေးမှာ အေးချမ်းစွာ နေကြတယ်။ ကံကောင်းတယ်လို့ အဘွားကြီးက ဆိုတယ်။ သူတို့မှာ သားသမီး မပွားစီးလို့ အိုမင်းရင့်ရော်သည်အထိ နှစ်ယောက်သား အကြင်လင်မယားအဖြစ် သေတပန် သက်တဆုံးအထိ နေသွားကြတယ်။ စာရေးဆရာက စိတ်မချမ်းမသာနဲ့ သူ့ခရီးဆက်ဖို့ နှုတ်ဆက်ရာမှာ အဘွားကြီးက သားရယ် အဘွားတို့ကို တွေ့ခဲ့ရတဲ့အကြောင်း စာထဲ ထည့်မရေးလိုက်ပါနဲ့ကွယ်-လို့ မှာလိုက်တယ်။

ဒီအကြောင်းကို စာရေးဆရာက ၀တ္ထုလိုလို တကယ်လိုလို မတင်မကျနှင့် စာတပုဒ် ရေးလိုက်တယ်။ ဘဘကြီးကတော့ အဲဒီဝတ္ထုတိုလေး ဖတ်လိုက်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပေမဲ့ အချစ်ကြောင့် ပြည့်စုံချမ်းသာတဲ့ ဘ၀ကို စွန့်ပစ်ပြီး ဆင်းရဲချို့တဲ့တဲ့ ဘ၀ကို သူ့ချစ်သူနှင့်အတူ စိတ်၏ချမ်းသာခြင်းဖြင့် နေတာကို အဘွားစွန့်စားတာ ကောင်တယ်-လို့ပဲ ဆိုရမလား၊ ဟာ အဘွားရယ် အခုလို အချစ်ကို ငဲ့ပြီး ဆင်းရဲတွင်း ဆင်းတာ မကောင်းပါဘူး-လို့ပဲ ပြောရမလား မဝေခွဲတတ်ခဲ့ပါဘူး။

သတ္တ၀ါတိုင်း ကံစီမံရာကို နာခံကြရတယ် ဆိုပေမဲ့ အချစ်နဲ့ ပတ်သက်တဲ့ ဖူးစာကံကိုတော့ သူ စီမံတဲ့အတိုင်း ငြင်းဆန်သင့်သလား၊ လက်ခံသင့်သလား။

အချစ်မပါသော အိမ်ထောင်ရေးကို မိမိဘ၀နေရေး ကောင်းအောင် လက်ခံရမလား၊ တော်လှန် ပုံကန်ပြီး တသက်လုံး အချစ်နှင့်အတူ အဆင်းရဲခံရမှာလား သမီးလေးတို့၊ သားလေးတို့၊ မြေးလေးတို့လည်း စဉ်းစားကြပါ။

တက်တိုး
(အပျိုစင် ၂၀၀၂-ခု ဖေဖော်ဝါရီလ)

No comments: