Tuesday, November 9, 2010

ဘုရား ဆုတောင်းပြည့်ရန် (နိယတဗျာဒိတ်ရရန်) အင်္ဂါ ၈-ပါး

ဗျာဒိတ်=ဟူသည် သက်တော်ထင်ရှား ဘုရားရှင်က "သင်သည် ဤမည်သော ကမ္ဘာ၌ ဤမည်သော ဘုရား ဖြစ်လိမ့်မည်-"ဟု ပြောကြားတော်မူအပ်သော စကားတော်တည်း။ ထိုစကားတော်ကို တိကျမှန်ကန် ပြောဆိုတော်မူအပ်သော စကားဖြစ်သောကြောင့် နိယတဗျာဒိတ်-ဟုခေါ်သည်။ ထိုနိယတဗျာဒိတ်ကို ရဖို့ရန် အင်္ဂါရှစ်ပါး လိုအပ်သည်။

မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ။
ပဗ္ဗဇ္ဇာ ဂုဏသမ္ပတ္တိ၊ အဓိကာရော စ ဆန္ဒတာ။
အဋ္ဌဓမ္မသမောဓာနာ၊ အဘိနီဟာရော သမိဇ္ဈတိ။ (ဗုဒ္ဓ၀ံသ အဋ္ဌကထာ၊ သုမေဓပတ္ထနာကထာ ၀ဏ္ဏနာ၊ ၁၁၅)

မနုဿတ္တံ-လူ၏အဖြစ်၎င်း၊ ၀ါ-လူ့ဘ၀ကို ရခြင်း၎င်း။
လိင်္ဂသမ္ပတ္တိ-လိင်၏ပြည့်စုံခြင်း၎င်း၊ ၀ါ-ပုလ္လိင်ဖြစ်ခြင်း၎င်း။
ဟေတု-တိဟိတ်ပဋိသန္ဓေ တည်နေရခြင်း၎င်း။
သတ္ထရာဒဿနံ-သက်တော်ထင်ရှား မြတ်ဘုရားကို ဖူးမြင်ရခြင်း၎င်း။
ပဗ္ဗဇ္ဇာ-ရသေ့ရဟန်း၏အဖြစ်၎င်း။
ဂုဏသမ္ပတ္တိ-ဈာန်အဘိညာဉ်ဟူသော ဂုဏ်၏ပြည့်စုံခြင်း၎င်း။
အဓိကာရောစ-မြတ်စွာဘုရား အထံတော်၌ လွန်လွန်ကဲကဲ ပြုအပ်သော ကောင်းမှု၎င်း။
ဆန္ဒတာ-ဘုရားဖြစ်ဖို့ရန် ထက်သန်သော ဆန္ဒတော်၎င်း။
ဣတိ-ဤသို့။ အဋ္ဌဓမ္မသမောဓာနာ-ရှစ်ပါးသော ဂုဏ်တို့၏ ပေါင်းဆုံခြင်းကြောင့်။ အဘိနီဟာရော-ဆုတောင်းမှုသည်။ သမိဇ္ဈတိ-ပြည့်စုံနိုင်၏။(အဋ္ဌသာလိနီ ဘာသာဋီကာ ၁-၂၄၆-၈)

၁။ လူသားဖြစ်ရခြင်း။
ဘုရားအဖြစ်ကို တောင့်တရာ၌ လူသားအဖြစ်ဖြင့်သာ တောင့်တ၍ ပြည့်စုံနိုင်သည်။ လူ့ဘ၀ကား နတ်တို့ထက်ပင် သတိလည်းရှိ, ရဲရင့်သော သတ္တိလည်းရှိ၍ ထက်မြက်သော စိတ်လည်း ရှိရာဘ၀တည်း။ ထို့ကြောင့် နိယတဗျာဒိတ်ရဖို့ရန် အင်္ဂါတွင် လူ့ဘ၀ကို ထည့်ရသည်။
(အံ-၃၊ န၀ကနိပါတ်၊ သတ္တာဝါသ၀ဂ်)

၂။ လိင်၏ပြည့်စုံခြင်း။
ပုရိသလိင်နှင့် ပြည့်စုံသူတို့သာ ဉာဏ်ရည်ဉာဏ်သွားနှင့် စိတ်နေစိတ်ထား ကြီးမားကြကုန်၏။ ထို့ကြောင့် စကြ၀တေးမင်းအဖြစ်, သိကြားမင်းအဖြစ်, ဘုရားအဖြစ် စသော ကြီးကျယ်သောရာထူးတို့သည် ပုရိသလိင် ရှိသူတို့နှင့်သာ ထိုက်တန်ရကား ဘုရားဖြစ်ဖို့ရန် ဆုပန်သောအခါလည်း ယောက်ျားမြတ်တို့သာ ပြည့်စုံနိုင်သည်။
(ဤစကားဖြင့် မိန်းမသားတို့ ဘုရားဆုမတောင်းထိုက်-ဟု မယူဆရ၊ နိယတဗျာဒိတ်ရသော ဘ၀၌သာ ယောက်ျားဖြစ်နေဖို့ လိုသည်။)

၃။ တိဟိတ်ပဋိသန္ဓေ တည်နေရခြင်း။
နိယတဗျာဒိတ် ရမည့်ဘ၀၌ ရဟန္တာဖြစ်နိုင်လောက်သော အကြောင်းပါရမီများ ရှိနေခြင်းကို ဟေတု-ဟု ဆိုလိုသည်။ သုမေဓာရသေ့သည် ထိုဘ၀၌ပင် နိဗ္ဗာန်ကို ယူလိုလျှင် ဒီပင်္ကရာဘုရားရှင်၏ သာဝကအဖြစ်ဖြင့် ရဟန္တာ ဖြစ်နိုင်လောက်အောင် အကြောင်းပါရမီ စုံညီနေခြင်းကဲ့သို့တည်း။

၎။ သက်တော်ထင်ရှား ဘုရားကို ဖူးမြင်ရခြင်း။
သက်တော်ထင်ရှား ဘုရားရှင်အထံ၌ ဆုပန်မှသာ ပြည့်စုံနိုင်, ဗျာဒိတ်လည်း ရနိုင်၏။
စေတီတော်, ဆင်းတုတော်, ဗောဓိပင်, ပစ္စေကဗုဒ္ဓါ, ရဟန္တာ-စသော ပုဂ္ဂိုလ်များအထံ၌ ဆုပန်လျှင် ဗျာဒိတ် မရနိုင်။
အကြောင်းကား-ပစ္စေကဗုဒ္ဓါ စသည်တို့မှာ ထိုဆုပန်သူတို့၏ကံကို (မည်သည့် အဆင့်အတန်း ရှိသည်ဟု) ခွဲခြား ဝေဖန်နိုင်သော ကမ္မ၀ိဘင်္ဂဉာဏ်-မရှိသောကြောင့်တည်း။

၅။ ရသေ့ ရဟန်း ဖြစ်ရခြင်း။
ဘုရားဖြစ်ရာဘ၀၌ ရဟန်းပြုပြီးမှ ဘုရားဖြစ်ရသောကြောင့် ဘုရားဆုပန်ရာ ဘ၀၌လည်း ကံနှင့် ကံ၏အကျိုးကို ယုံကြည်သော ရသေ့ဘ၀, သို့မဟုတ်-ရဟန်းဘ၀၌သာ ဆုပြည့်စုံနိုင်၏။
လူဝတ်ကြောင်ဘ၀ စသည်တို့၌ ဆုမပြည့်စုံနိုင်၊
အကြောင်းကား-ဈာန်အဘိညာဉ်ဟူသော ဂုဏ်၏ပြည့်စုံခြင်း မရှိနိုင်သောကြောင့်တည်း။

၆။ ဈာန်အဘိညာဉ်ဟူသော ဂုဏ်၏ပြည့်စုံခြင်း။
ရသေ့ ရဟန်း ဖြစ်စေကာမူ ဈာန်အဘိညာဉ်ရသူ မဟုတ်လျှင် မပြည့်စုံသေး၊ ဈာန်အဘိညာဉ်ရ၍ ကိလေသာ အညစ်အကြေးတို့မှ ၀ိက္ခမ္ဘနပဟာန်ဖြင့် ကင်းဝေးနေသူဖြစ်မှသာ နိယတဗျာဒိတ် ရနိုင်သည်။

၇။ ဘုရားရှင်၏အထံတော်၌ လွန်လွန်ကဲကဲ ပြုအပ်သော ကောင်းမှု။
သုမေဓာရသေ့၏ အသက်ကိုစွန့်လျက် ကိုယ်ကို တံတားခင်းခြင်းဟူသော ကောင်းမှုကဲ့သို့သော ကောင်းမှုကို ပြုသူမှသာ နိယတဗျာဒိတ် ရနိုင်သည်။

၈။ ဘုရားဖြစ်ဖို့ရန် ထက်သန်သော ဆန္ဒရှိခြင်း။
ဘုရားဖြစ်ဖို့ရန် စိတ်ဆန္ဒ အလွန်ထက်သန်မှလည်း နိယတဗျာဒိတ် ရနိုင်၏။
စိတ်ဆန္ဒ ထက်သန်ပုံမှာ-စကြာဝဠာတခုလုံးပြည့်နေသော ရေပြင်ကြီးကို လက်ပစ်ကူး၍ သွားနိုင်သူမှ,
တနည်း-စကြာဝဠာတခုလုံး ပြည့်နေသော မီးကျီးတွေကို ခြေဖြင့် နင်း၍ သွားနိုင်သူမှ နိယတဗျာဒိတ်ရမည်-ဟု ဆိုလျှင် ထိုရေပြင်ကို ကူးသွားဝံ့သူ၊ ထိုမီးကျီးတွေကို နင်းသွားရဲသူ ဖြစ်ရမည်။
(စရိယာပိဋက၊ ဋ္ဌ၊ ၂၇၆) (သုဗောဓာလင်္ကာရဋီကာ ပဒဒေါသပရိဟာရ၀ဏ္ဏနာ၊ ၁၁၂)
(မ-၃၊ ၁၁၀။ အံ-၁၊ ၃၀။ အဘိ-၂၊ ၃၄၉။ ဗုဒ္ဓ၀ံသ-ဋ္ဌ၊ ၁၁၅-၆။ စရိယာပိဋက-ဋ္ဌ၊ ၂၇၃။ ခု-၄၊ ၃၁၀၊ ပိဋ္ဌေ ဗုဒ္ဓ၀ံသေ။ သုတ္တနိပါတ ဋ္ဌ-၁၊ ၄၃-၄၄။ အပဒါန-ဋ္ဌ၊ ၁၊၁၅၆-၇။ အပဒါန-ဋ္ဌ၊ ၁၊ ၁၈။)

ဆရာတော် ဦးဇောတာလင်္ကာရ-၏ ပိဋက မှတ်စု ၂၄၆-မှ

No comments: