Saturday, November 13, 2010

မိသားစု ကျန်းမာရေး

ဇရာ လျော့ပါးနည်း-

ဇရာဆိုတာ ရှောင်ရှားလို့မရတဲ့ သဘာဝတရားပါ။ ဒါပေမယ့် လျော့ပါးအောင်တော့ (တနည်း) ဇရာလွှမ်းမိုးခံရတာ မများအောင်တော့ ထိန်းထားနိုင်တယ်လို့ ဆေးပညာရှင်၊ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဒီလို ထိန်းရာမှာလည်း လူတယောက်ရဲ့ နေမှုပုံစုံနဲ့ ဘ၀အတွေ့အကြုံတွေပေါ် များစွာတည်တယ်လို့ သိရပါတယ်။
ကဲ---သူတို့ပြောတဲ့ ဇရာထိန်းနည်းကို လေ့လာကြည့်ရအောင်လား-

* ကိုယ်ကာယ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ပါ။
* အဆီနည်းတဲ့ အစာတွေပဲ စားပါ။
* စိတ်ကိုတည်ငြိမ်အောင် ထိန်းတဲ့ လေ့ကျင့်ခန်းတွေ ကျင့်ပါ။ ဗုဒ္ဓဘာသာဝင်ဆိုရင်လည်း တရားထိုင်ပါ။
* ပြင်ပအတွေ့အကြုံ ဗဟုသုတအသစ်တွေရအောင် စာများများဖတ်ပါ။ ခရီးသွားပါ။ မိတ်သစ် ဆွေသစ် ရှာပါ။
* စိတ်ကို တက်ကြွနုပျိုနေအောင် အတွေးသစ်၊ အကြံသစ်တွေ တွေးတောကြံစည်ပါ။
* သောကကို လက်မခံပါနဲ့။ သောကကို လက်ခံလိုက်ရင် နှလုံးရောဂါ၊ သွေးတိုးရောဂါတွေကိုပါ လမ်းဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ယုတ်စွအဆုံး သောကရဲ့ လက္ခဏာဖြစ်တဲ့ မျက်မှောင်တွန့်တာ၊ အံကြိတ်တာတောင် မလုပ်မိပါစေနဲ့။
* ဘ၀မာဖြစ်လာသမျှကို အကောင်းမြင်စိတ်နဲ့ မြင်တတ်ပါစေ။
* အရေးကြီးဆုံးကတော့ ရယ်ဖို့မမေ့ပါနဲ့။ ရယ်မောခြင်းဟာ သောကပျောက်ဖို့ရော၊ နုပျိုလန်းဆန်းစေဖို့ရောအကောင်းဆုံးဆေးပါပဲ။
*******************************************************************************

ရင်သွေး အစာ-

မိခင်နို့ရည်ဟာ အကောင်းဆုံးပါ။ ။
ကလေး လေးလသား အရွယ်အထိ မိခင်နို့က အကောင်းဆုံးပါ။ မိခင် နို့ရည်က ကလေးရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

သံဓာတ်ပါသော အစားအစာကျွေးပါ။ ။
သံဓာတ်ဟာ ကလေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးကြီးထွားစေပါတယ်။ သံဓာတ်ပါတဲ့အစာကျွေးရင် ၀မ်းချုပ်တယ်လို့ ယူဆကြတာ မှားပါတယ်။

နွားနို့တိုက်နိုင်ပါတယ်။ ။
တချို့ အာရှသားတွေက ကလေးကို နွားနို့မတိုက်ချင်ကြပါဘူး။ နွားနို့မှာပါတဲ့ နို့သကြားဓာတ် Lactose နဲ့ ကလေး မတည့်မှာစိုးရိမ်ကြပါတယ်။ ဒါဟာလည်း မှားယွင်းတဲ့အယူအဆပါ။ မိခင်နို့ရည်မှာလည်း Lactose ဓာတ်ပါတာမို့ စိုးရိမ်စရာ မရှိပါဘူး။

နို့ဖျော်နည်းမှန်ပါစေ။ ။
ကလေးအတွက် နို့ဖျော်ရည်မှာ ကယ်လိုရီ အချိုးအစားအမှန်ဖြစ်ဖို့ အရေးကြီးပါတယ်။ နို့ဘူးတဘူးစာဟာ ၆၈-ကယ်လိုရီရှိသင့်ပါတယ်။ တချို့က ကလေးကို ပိုအားရှိစေချင်တဲ့သဘောနဲ့ ထည့်သင့်တာထက် နို့မှုန့်ကို ပိုထည့်တတ်ကြပါတယ်။ ပုံမှန်ရှိသင့်တဲ့ ကယ်လိုရီထက် ပိုရင်လည်း ၀မ်းသွားတာ၊ ဗိုက်နာတာ စတဲ့ ပြဿနာတွေ ၀င်တတ်ပါတယ်။
*******************************************************************************

ကောင်းတဲ့ ကိုလက်စထရော။ ။
ကိုလက်စထရောတိုင်း မကောင်းတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ် ပုံမှန်လှုပ်ရှား အလုပ်လုပ်နိုင်ဖို့ ကိုလက်စထရော မပါလို့ မဖြစ်ပြန်ပါဘူး။ ခန္ဓာကိုယ်အတွင်း ကလီစာဖြစ်တဲ့ အသည်းမှာလည်း ကိုလက်စထရောကို ထုတ်ပေးနိုင်တာမို့ ကိုလက်စထရောတိုင်း ပြင်ပက စားတဲ့ အစာကနေ ၀င်လာတာမဟုတ်ပါဘူး။ ကိုလက်စထရောမှာ Lipoprotein ပါဝင်မှုနှုန်း မြင့်တဲ့ HDL-high-density p4 Lipoprotein) နဲ့ နိမ့်တဲ့ LDL (Low-density-Lipoprotein) ဆိုပြီး နှစ်မျိုးရှိပါတယ်။ HDL ဟာ စားထားတဲ့အစာတွေကို ကြေညက်စေဖို့ လိုအပ်တဲ့ hile acid ကို အသည်းက ထုတ်ပေးရာမှာ ကောင်းကောင်းကြီး ကူညီပေးနိုင်ပါတယ်။ bile acid ကို ခန္ဓာကိုယ်ရဲ့ ပဋိဇီဝဖြစ်စဉ်၊ ခန္ဓာကိုယ်တွင်း အပူဓာတ် ထိန်းညှိပေးတဲ့စနစ်နဲ့ အာရုံကြောအဖွဲ့ အစည်းတွေ အတွက်လည်း လိုအပ်ပါတယ်။ LDL ကတော့ ကိုလက်စထရောအဆီကို နှလုံးသွေးကြောတွေဆီ သယ်ဆောင် သွားတာမို့ နှလုံးရောဂါဖြစ်စေတဲ့ လက်သည်ပါပဲ။

ဒါကြောင့် ဒုက္ခပေးတဲ့ LDL ကိုလက်စထရောကိုပဲ ထိန်းဖို့လိုပါမယ်။
* အသားတွေ ဆီကြော်တွေစားတာ ရှောင်ပါ။
* မလိုင်ပြည့်နွားနို့၊ ထောပတ်၊ ဒိန်ခဲနဲ့ ရေခဲမုန့် စတဲ့ နို့ထွက် ပစ္စည်းတွေကို ရှောင်ပါ။
* ၀က်ဆီ စတဲ့ ဟင်းချက်ဆီတွေအစား ကိုလက်စထရော ထုတ်ပယ်ထားတဲ့ ဆီကို သုံးပါ။
* ကိုလက်စထရောကို ချေဖျက်နိုင်စွမ်းကောင်းတဲ့ ကြက်သွန်ဖြူကို နေ့စဉ်စားပါ။ ကြက်သွန်ဖြူ အနေတော်အရွယ် တဥဟာ ကိုလက်စထရော ပါဝင်မှုနှုန်းကို ကိုးရာခိုင်နှုန်းလောက်အထိ လျော့ကျစေပါတယ်။
*******************************************************************************

ကော်ဖီဖြတ်ချင်ရင်။ ။
ကော်ဖီစွဲသူတွေ အများကြီးရှိပါတယ်။ ဖြတ်ချင်ရင် အလွယ်လေးလို့ အပြောမကြီးကြပါနဲ့။ အချိန်တန်လို့မှ မော့နေကျလေး မမော့ရရင် (အရက်စွဲသူနဲ့ ဘာထူးသေးလဲ) စိတ်တိုသလိုလို၊ ခေါင်းကိုက်သလိုလို၊ ထိုင်းမှိုင်းလာသလို ဘာမှန်းမသိတဲ့ ဝေဒနာ ခံစားကြရပါလိမ့်မယ်။ ဒီတော့ ကော်ဖီစွဲလမ်းမှု ပြဿနာကို အမြစ်ဖြတ်နိုင်မယ့်နည်းလေး မသိချင်ကြပေဘူးလား-

* ကော်ဖီအစား တခြားသောက်စရာတခုနဲ့ အစားထိုးပါ။ ရေနွေးကြမ်း၊ ရေအေး၊ သစ်သီးဖျော်ရည်တခုခု စသည်ဖြင့်ပေါ့။ ကော်ဖီလို ပူပူလေးမှ သောက်ချင်တယ်ဆိုရင်တော့ မိုင်လို ဒါမှမဟုတ်-နွားနို့ပူပူ သောက်နိုင်ပါတယ်။

* တခါတည်း ယတိပြတ် မဖြတ်နိုင်သေးရင်တော့ သောက်တဲ့ပမာဏနဲ့ အကြိမ်အရေအတွက်ကိုလည်းလျှော့၊ ကဖင်းဓာတ်ထုတ်ထားတဲ့ ကော်ဖီနဲ့ အစားထိုးပြီး ဖြည်းဖြည်းချင်း ဖြတ်ယူပါ။ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲသောက် လာတဲ့ ကော်ဖီချိုးတွေအတွက် ဒီနည်းက ပိုသင့်တော်ပါလိမ့်မယ်။

* ဘယ်နည်းက ဘယ်လိုကောင်းတယ်လို့ပဲ ပြောပြော၊ အဓိကကတော့ စိတ်ပါပဲ။ ကော်ဖီဆိုင်တွေ့ရင် ကွေ့ရှောင်သွားတာ၊ ကော်ဖီနံ့ရရင် နှာခေါင်းပိတ်ထားတာတွေကတော့ မဖြစ်နိုင်တဲ့နည်းတွေပါ။ မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားရင် စိတ်နိုင်အောင် ထိန်းရမှာပဲပေါ့။ တကြိမ် စိတ်ထိန်းလိုက်နိုင်တဲ့ အခါတိုင်း ကိုယ့်ကိုကိုယ် တကြိမ်ဆုချပါ။ ဒါဟာလည်း နောက်ထပ် မလုပ်ဖြစ်အောင် စေ့ဆော်တိုက်တွန်းတဲ့ နည်းကောင်းတခု ဖြစ်ပါတယ်။
Ref: Health Digest, Jan/Feb, 2000.

No comments: