Tuesday, November 16, 2010

ကံတူအကျိုးပေးသော ရွာသားတချို့

ထိုရွာကလေးကား အိမ်ခြေတရာနီးပါးခန့်ရှိပါ၏။ တောအရက်ချက်သော အိမ်ငါးအိမ်ခန့်ရှိပြီး ဖောက်သည် ပြန်ယူရောင်းသည့် အိမ်က ရှစ်အိမ်ခန့်ရှိ၏။
အရက်သောက်သုံးသူများ အိမ်ခြေတ၀က်ခန့် ရှိပြီး မြဲမြဲစွဲစွဲ နေ့စဉ်သောက်သုံးသူများကတော့ ၁၀-ဦးခန့် ရှိ၏။

ကြာတော့ကြာခဲ့ပါပြီ။ လွန်ခဲ့သော ၁၅-နှစ်ခန့်က ထိုရွာလေးတွင် အမျိုးသား လူငယ်ငါးဦး၏ လက်တွေမှာ အသားမာ အနာကြီး ပေါက်ကြပါသည်။
စာရေးသူနဲ့အတူတူ ထိုရွာလေးသို့ တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဆရာဝန်တဦး ကျွဲ၊ နွား ရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် ရောက်ရှိခဲ့သည်။

စာရေးသူလည်း ကျန်းမာရေးမှူး တဦးဖြစ်သဖြင့် မူလတန်းကျောင်းမှ ကလေးငယ်များကို ကျောင်းကျန်းမာရေး စစ်ဆေးပေးပါသည်။ တိရစ္ဆာန်မွေးကု ဆရာဝန်နှင့် သူ၏တပည့်တို့က ကျွဲနွားများတွင် ဖြစ်ပွားတတ်သော ရောဂါများ၏ ကာကွယ်ဆေးကို ထိုးပေးကြပါသည်။

စာရေးသူတို့ တည်းခိုသော ရွာလူကြီးအိမ်သို့ လက်တွင် အသားမာ အနာကြီးများပေါက်နေသော ရွာသားလူငယ် နှစ်ဦး ရောက်လာပြီး သူတို့ဖြစ်နေသော ရောဂါကို လာရောက်ပြသပါသည်။
ဤတွင် ချက်ချင်းပဲ သိလိုက်ပါပြီ။ ဤရောဂါကား ကူးစက်ရောဂါ ဖြစ်နေပါ၏။ တိမွေးကု ဆရာဝန်က ထိုသူနှစ်ဦးကို အပြန်ပြန် အလှန်လှန် စစ်ဆေး၏။ မေးခွန်းတွေထုတ်၏။

လွန်ခဲ့သောတလခန့်က ရွာသားလူငယ် ၅-ဦးတို့ အရက်မူးမူးဖြင့် နွားတကောင်ကို သတ်စားကြ၏။ သူတို့သတ်စားလိုက်သော နွားတွင် ထောင့်သန်းရောဂါ (အင်းသရက်) ဖြစ်နေသည်ကို မသိကြပါ။
အဆိုပါ ထောင့်သန်း ရောဂါဖြစ်နေသော နွားသေကောင်မှ သွေးများသည် သူတို့လက်တွင်ရှိသော ပွန်းပဲ့ဒဏ်ရာများနှင့် ထိတွေ့ပါ၏။ ဤတွင် နွားသေ သွေးထဲတွင် ရှိနေသော (အင်းသရက်) ပိုးသည် နွားသတ်သမား လူငယ်များထံ ကူးစက်သွားပါတော့၏။

သုံးပတ်ခန့် ကြာသောအခါ လက်များတွင် အသားမာကြီးများ ပေါက်လာကြပါ၏။ ဆေးမြီးတိုဖြင့် ကုသရာ မပျောက်ဘဲ ရွာသားလူငယ် ၃-ယောက် အနာဝင်ပြီး သေဆုံးသွားရပါသည်။
ယခုလာပြသော လူငယ်နှစ်ယောက်ကို ပင်နယ်စလင် ဆေးများ ထိုးပေးပြီး ပင်နယ်စလင် ဆေးပြားများ တိုက်ကျွေးကုသပေးပါ၏။ မြို့ဆေးရုံသို့ လွှတ်ပြီး ဆက်လက်ကုသစေသဖြင့် ပျောက်ကင်းသွားပါ၏။

သတ္တ၀ါတို့၏ အသက်ကို မူးမူးရူးရူးဖြင့် မဆင်မခြင်၊ ဇက်ရဲလက်ရဲ သတ်ဖြတ်ကြသော ရွာသား ၅-ဦး အနက် ၃-ဦးကတော့ သူတို့သတ်ဖြတ်သော နွားမှရသော ရောဂါနှင့်ပင် သေဆုံးခဲ့ရပါ၏။

အကုသိုလ်ကံသည် တူသောအကျိုးကိုပေးသည် ဆိုသည်မှာ လက်တွေ့မျက်မြင်ပင် ဖြစ်ပါတော့သတည်း။

မောင်မိုးဟန်(ရွှေကျင်)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇွန်လ)

No comments: