Thursday, November 18, 2010

ပင်စင်စား၏ စစ်မှန်သော အဖော်

ကျွန်တော်သည် အငြိမ်းစားယူပြီးနောက် အားလပ်ချိန်များစွာ ရလာပါသည်။ အလုပ်ထဲတွင် နစ်နေစဉ်က ငေးချိန်တွေးချိန်မရခဲ့ပါ။ အခုပ်တခုပြီးတခု အချိန်မီ ပြီးအောင်သာ စိတ်စောရင်း အချိန်တွေ ကုန်လွန်သွားခဲ့ ပါသည်။

အငြိမ်းစားယူပြီးနောက် တလ၊ နှစ်လခန့်အထိ နေထိုင်၍ ကောင်းခဲ့ပါသည်။ ငယ်ရွယ်စဉ်က စာကြိုးစားခဲ့ရပြီး အလုပ်ထဲတွင်လည်း အလုပ်ကြိုးစားခဲ့ကာ အသက် ၆၀-ကျော်အထိ ပင်ပန်းခဲ့ရသမျှ အတိုးချ၍ နားခဲ့ပါသည်။ သို့သော် မမျှော်လင့်သော ဝေဒနာတခုနှင့် ကြုံတွေ့ရပါသည်။ အလုပ်များလွန်းခြင်းကြောင့် ဖိစီးမှုဒဏ် ခံစားရသကဲ့သို့ အလွန်အားလပ်နေခြင်းကြောင့်လည်း စိတ်ဖိစီးမှုဒဏ် ခံလာရပါသည်။

ဝန်ထမ်းဘ၀ အလုပ်လုပ်နေစဉ်က တနေကုန် ပင်ပန်းခဲ့သဖြင့် ညအိပ်ပြီဆိုလျှင် တရေးနိုးလေ့ပင် မရှိတတ်ပါ။ ရုံးဝန်ထမ်းဘ၀တွင် အချိန်အားနည်းသဖြင့် ညဥ့်နက်အောင် တီဗီကြည့်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းများကို ရှောင်ကြဉ်ခဲ့ပါသည်။ ပင်စင်စား၍ အချိန်အားများလာသည့်အခါ ညဥ့်နက်သန်းခေါင်အထိ နေတတ်လာပါသည်။ မျက်စိအာရုံ၊ နားအာရုံ စသော ကာမဂုဏ် ၅-ပါး ခံစားကာ စိတ်၏အလိုကို လိုက်လာပါသည်။ မကြာမကြာ အပြင်ထွက်၍ အပျော်အပါးများလည်း ရှိလာပါသည်။

အပေါင်းအသင်းများနှင့် စားသောက်ဆိုင်တွင် ၀ိုင်းဖွဲ့လိုက်၊ လက်ဖက်ရည်ဆိုင်တွင် လေပန်းလိုက်ဖြင့် အချိန်တွေ ဖြုန်းလာပါသည်။ ကျန်းမာရေးအတွက် အကြောင်းပြကာ နံနက်ခင်း လမ်းလျှောက်ပြီး စားသောက်ဆိုင်ဝင်ကာ စားသောက်ကြရင်း စလိုက်၊ နောက်လိုက်၊ ရယ်လိုက်၊ မောလိုက်ဖြင့် နံနက်ခင်းအချိန်တွေ ကုန်လွန်သွားခဲ့ ပါသည်။

တနေ့တာ၏ ကျန်အချိန်များတွင် အကျိုးရှိရာရှိကြောင်း လုပ်ရမည်ဟု အသိရှိသော်လည်း အသိခေါက်ခက် အ၀င်နက်ကာ-စာဖတ်ရကောင်း နိုးနိုး၊ ဟိုဒီ သွားရကောင်းနိုးနိုး၊ အိပ်ရကောင်းနိုးနိုး တို့ဖြင့်သာ အမျိုးမျိုး လှီးလွှဲကာ နေလာခဲ့ပါသည်။

ဤသို့လျှင် စိတ်ဆန္ဒအလိုလိုက်လာရာမှ စိတ်သည် မကြာမကြာ ငေါင်တောင်၊ ယောင်တောင်တောင် ဖြစ်လာပါသည်။ ယင်းသို့ဖြစ်လာသည့်အခါ စိတ်အားငယ်ချင်သလိုလို စိတ်အားကျချင်သလိုလိုလည်း နောက်ဆက်တွဲ ခံစားလာရပါသည်။ စိတ်မငြိမ်၊ လူမငြိမ် ဆိုသကဲ့သို့ ဟိုသွားရ ကောင်းနိုးနိုး၊ သည်လာရ ကောင်းနိုးနိုးဖြင့် ဇဝေဇ၀ါ မတည်မငြိမ် ဖြစ်လာပါသည်။

ရုံးတွင် အလုပ်လုပ်စဉ်က စိတ်သည် လေလွင့်ချိန်မရခဲ့ပါ။ စိတ်ဆန္ဒ ရှိတာတွေ ဖယ်ထားပြီး လုပ်သင့်တာတွေ (တာဝန်) တွေကိုသာ ဖိ၍ လုပ်ကိုင်ခဲ့ရသဖြင့် ယခုကဲ့သို့ စိတ်အားအစွမ်းသတ္တိ ကျဆင်းခြင်း မရှိခဲ့ပါ။ စိတ်ဆန္ဒအလျောက် လုပ်ချင်တာတွေ လုပ်လာတော့မှ တနည်းပြောရလျှင် တဏှာအဖော်နှင့် ရက်ရက်ရောရော နေလာတော့မှ စိတ်အားငယ်တာတွေ၊ စိတ်လေတာတွေ ဖြစ်လာခဲ့ပါသည်။ စိတ်ဆန္ဒအတိုင်း နေသည့်အခါ ကနဦးကျေနပ်သလိုလို၊ ပျော်သလိုလို ရှိသော်လည်း လုပ်ပြီးကိုင်ပြီး၊ စားပြီးသောက်ပြီး၊ ပျော်ပြီးပါးပြီး နောက်တွင် စိတ်သည် ပေါ့ပါးမသွားပါ။ ကြည်လင်မသွားပါ။ မှိုင်းလာသည်၊ ထိုင်းလာသည်၊ စိတ်ခွန်အား သတ္တိ ကျဆင်းလာခဲ့ပါသည်။

အထူးသဖြင့် အိမ်တွင် တယောက်တည်းရှိနေစဉ် စိတ်ပို၍ ယောက်ယက်ခတ်ပါသည်။ စိတ်သည် မကောင်းမှု၌ မွေ့လျော်သည်-ဟု ဘုရားဟောစကားအတိုင်း သွေးထွက်အောင် မှန်သည်ကို ကိုယ်တိုင်ခံစားလာရပါသည်။ အသက်အရွယ်အရ ဂုဏ်သိက္ခာအရ စိတ်ကို ထိန်းထိန်းသိမ်းသိမ်း နေရသော်လည်း စိတ်သည် မကောင်းမှု(အကုသိုလ်မှု) ပြုရန်သာ စေ့ဆော်လျက်ရှိပါသည်။ လူကြီးသူမများ ဆိုဆုံးမသည့်အတိုင်း စိတ်အလို မလိုက်နဲ့၊ ကာမဂုဏ်အာရုံဆိုတာ ဆားငန်ရေလိုပဲ၊ သောက်လေသောက်လေ ငတ်မပြေဖြစ်တတ်တယ်-ဆိုသည်ကို ကိုယ်တွေ့ကြုံရပါသည်။ တနေ့ပြီးတနေ့ တခုပြီးတခု စိတ်အလိုက်ခဲ့သော်လည်း စိတ်သည် ကျေနပ်ရောင့်ရဲ တင်းတိမ်သွားသည် မရှိပါ။ တခုပြီးတခုသာ တောင်းဆိုလျက်ရှိနေပါသည်။

သို့သော် တနေ့တွင် စိတ်လေလေဖြင့်(ကံအားလျော်စွာ) မိတ်ဆွေ တယောက်အိမ် ရောက်သွားပါသည်။ မိတ်ဆွေသည် တရားခွေဖွင့်နားထောင်နေပါသည်။ တရာေးခွကို ပိတ်မပစ်စေဘဲ မိမိပါ ရောယောင်ကာ နားထောင်နေလိုက်ပါသည်။ အဟောအပြောကောင်းလှသောဆရာတော်၏တရားတွင် နစ်မောကာ မိမိစိတ်သည် အာရုံသစ်တခုသို့ရောက်ကာ ဘ၀သစ်တခုသို့ ရောက်သွားသကဲ့သို့ ခံစားလာရပါသည်။ မကြည်မရှင်း ဖြစ်နေသောစိတ်သည် ကြည်လင်လန်းဆန်းလာပါသည်။ မိတ်ဆွေထံမှ တရားခွေများ ငှါးခဲ့ကာ အိမ်တွင် ရက်ဆက်နားပါသည်။ တရားနာနေခိုက် ကာမဂုဏ်အာရုံဆီသို့ ပျံ့လွင့်မှု နည်းပါးလာသည်အလျောက် နေရထိုင်ရ ဣနြေ္ဒရလာပါသည်။

ထို့ကြောင့်ပင် ကိုယ်တိုင်စမ်းသပ်အားထုတ်ကြည်ချင်စိတ်ပေါ်လာကာ ဆရာတော်ကြီးများ၏ အလုပ်ပေးတရား များကို နာယူမှတ်သားပါသည်။ အခြေခံနည်းစနစ်ကို သိပြီးနောက် တရားအားထုတ်ပါတော့သည်။ ကနဦးတွင် ပေါက်လွှတ်ပဲစား လွှတ်ထားသောစိတ်သည် ချည်တိုင်တွင် အချည်ခံရသည့်အခါ အတင်းရုန်းထွက်နေပါသည်။ မှတ်၍ ထိန်း၍ မရနိုင်အောင် ဖြစ်ပါသည်။

ကာယိကဒုက္ခ (ဝေဒနာ)တွေမှာလည်း တခုပြီးတခု ပြင်းပြင်းထန်ထန် ပေါ်လာပါသည်။ သို့သော် ဆရာတော်ကြီး များ၏ သွန်သင်မှုအရ ဒါတွေ ဒါတွေ ဖြစ်လာလိမ့်မည်။ ဘယ်လို ဘယ်လိုမှတ်၊ ဘယ်လိုနှလုံးသွင်း-စသည်ဖြင့် အလုပ်ပေးတရားတွင် အသေးစိတ် ဆုံးမညွှန်ပြထားခြင်းကြောင့် ယုံကြည်စိတ် အပြည့်ဖြင့် ကြိုးစားပါသည်။

တနှစ်နီးပါး ကြာလာသောအခါ သတိပိုမိုကောင်းလာပါသည်။ သတိကောင်းလာသည်နှင့်အမျှ သမာဓိလည်း ပိုတက်လာပါသည်။ သမာဓိရလာသည်နှင့် အမျှ စိတ်ရောကိုယ်ပါ နေရထိုင်ရ ကောင်းလာသည်။ ငိုင်ခြင်း၊ ငေးခြင်း၊ ငေါင်ခြင်း၊ ထုံထိုင်းခြင်းစသော စိတ်အညစ်အကြေးများနှင့် ဟိုဟာလုပ်ချင်သလိုလို သည်ဟာလုပ်ချင် သလိုလို ဖြစ်နေသောစိတ် ယောက်ယက်မခတ်မှုတွေလည်း သိသိသာသာ လျော့ပါးသွားပါသည်။

မူလက ကာမဂုဏ် အာရုံ(တဏှာ) အဖော်ဖြင့် နေနေခြင်းနှင့် လုံးဝ ကွဲပြားခြားနားလာပါသည်။ ငြီးငွေ့ခြင်း၊ အပျော်အပါး ရှာလိုခြင်းများ ဖြစ်မလာတော့ဘဲ အေးအေးဆေးဆေး နေနိုင်လာပါသည်။ မူလက တယောက်တည်းနေရမည်ကို စိုးရွံ့နေတတ်သော်လည်း ဓမ္မ(သတိပဋ္ဌာန်) အဖော်နှင့်နေသည့်အခါ တယောက်တည်းနေရသည်ကိုပင် ပိုမိုနှစ်သက်လာပါသည်။

အနှစ်ချုပ်ရပါက ယခုအခါ တယောက်တည်းနေ တစိတ်တည်းထားကာ ငြိမ်းချမ်းစွာနေတတ်လာပါသည်။ သို့ပါ၍ ပင်စင်စား၏ စစ်မှန်သော အဖော်သည် သတိပဋ္ဌာန်တရားသာ ဖြစ်သည်မှာ ကိုယ်တွေ့ဖြစ်ပါသည်။

စိုးဝင်း(ချောက်)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇွန်လ)

No comments: