Monday, November 15, 2010

ဘုန်းတော်ကြီး ဦးသီလနှင့် ကျား

ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလသည် ၁၂၂၈-ခုနှစ်က ကျိုက်ဒေးယျုံဘုရားကြီး အနောက်တောင်ဘက် ပိန်းအင်းတောရ လေးတိုင်စင်ကျောင်းငယ်တွင် သီတင်းသုံးခဲ့သည်။ ထိုနေရာသည် ကျားများ ကျက်စားရာ နေရာဖြစ်၏။ ကျောင်းအောက်နှင့် ကုဋီသွားလမ်းတလျှောက် ကျားများ ညစဉ် ဟိန်းဟောက်နေ၏။ ထိုကျားများကို ဘုန်းတော်ကြီး ဦးသီလက ကြောင်အလား၊ နွားသဖွယ် အောက်မေ့တော်မူ၏။

တချိန်က ပဲခူးချောင်းဖျားရှိ ကမ်းမြင့်ရွာ သုသာန်ဇရပ်၌ တညတည်းခိုတော်မူ၏။ ထိုရွာ၌ ကျားဆိုးတကောင် သည် ညစဉ်နွားများကို ကိုက်သတ်လေ့ရှိသဖြင့် ရွာသားများသည် ဘုန်းတော်ကြီးဦးသီလအတွက် စိတ်ပူနေကြ၏။ ညအခါ သွား၍လည်း မလျှောက်ဝံ့ကြ။ နံနက် မိုးလင်းမှ ကျားစာဖြစ်ရော့မည်-အထင်နှင့် သွားကြရာ လမ်းတွင် ဆွမ်းခံကြွလာသည်နှင့် ပက်ပင်းပါ ဖူးတွေ့ရ၍ ရွာပြန်ပြီး ၀မ်းသာအားရ ဆွမ်းလောင်းကြ၏။ ဆွမ်းခံအပြန် ထိုနေရာသို့ လိုက်ပါကြည့်ကြရာ ဘုန်းတော်ကြီးနှင့် ကျားဆိုးကြီးမှာ သုံးတောင်ခန့်သာ ကွာဝေးသည်ကို တွေ့ကြရ၏။

ဒေးစွန်ပါတောရ၌ နေစဉ် ကပ္ပိယယ ဦးအာကာလည်း အဖော်လိုက်နေ၏။ ကပ္ပိယကြီးက ဆောင်းအခါလည်း ဖြစ်သဖြင့် မီးလှုံရန်နှင့် ကျားများမလာစေရန် ရည်ရွယ်၍ နေ့ခင်းက ထင်းခွေထားပြီး ညအခါ မီးလှုံလေ့ရှိ၏။ ထိုစဉ် ကျားကြီးတကောင်သည် မီးဖိုရှိရာသို့ တည့်တည့်ကြီး ၀င်လာ၏။ ဘုန်းတော်ကြီးက လေးတိုင်စင်ကျောင်း ပေါ်၌ ရှိနေ၍ ဦးအာကာသည် အော်လဲမအော်ရဲ၊ မရဲသော်လည်း ပြေးခဲစေ လုပ်နေရ၏။ မီးဖိုမှာပင် ဘုရားတရားစာများကို ရွတ်ဖတ်ပွားများရင်း တထိတ်ထိတ်ဖြစ်နေ၏။ ကျားကြီးသည် မီးဖိုသို့ဝင်၍ အနီးတွင် ၀ပ်နေ၏။ အတန်ငယ်ကြာလျှင် ကျားကြီးက မီးပုံအနီး ပါးစပ်ဟလျက်သားနှင့် မှိန်းသွားသဖြင့် ကပ္ပိယကြီးမှာ စိတ်သက်သာရာ ရသွားသည်။ ကျားကြီးပါးစပ် အဟောင်းသားနှင့် အိပ်ပျော်သွားခိုက် ကပ္ပိယကြီးသည်-

ဒီမီးကျီးခဲတွေကော်ပြီး ကျားကြီးပါးစပ်ထဲ ထည့်လိုက်ရရင် ကောင်းမှာပဲ-ဟု စိတ်ကူးမိရာ ထိုခဏမှာပင် ကျားကြီးဟိန်းလေတော့သည်။ ကပ္ပိယကြီး၊ ဘာလို့ မကောင်းကြံပြီး ပြစ်မှားရသလဲ။ ကိုယ့်အလုပ် ကိုယ်လုပ်တာ မဟုတ်ဘူး။ တောင်းပန်လိုက်-ဟု ဘုန်းတော်ကြီးက ကျောင်းလေးပေါ်မှ အသံမြှင့်၍ ခပ်ဆတ်ဆတ် ပြောလိုက်၏။ ဦးအာကာက တောင်းပန်ပြီး မေတ္တာပွားလိုက်မှသာ ကျားကြီးငြိမ်ကျသွားတော့၏။
(ကော့ကရိတ်နယ် တောများတွင်လည်း ဘုန်းတော်ကြီး၏ ကျောင်းလှေကားရင်းအထိ ကျားများ လာအိပ်ကြသည်ကို တွေ့ကြရ၏)

No comments: