Monday, November 15, 2010

သနားစရာ မြင်ကွင်းတခု

ကျွန်တော် ငယ်ငယ်က အမဲသား အလွန်ကြိုက်သည်။ အမေသည် အမဲသားဟင်းကို အမျိုးမျိုး အဖုံဖုံ ချက်ပြုတ်ကျွေးသည်။ တလတွင် ရက် ၂၀-ခန့် အမဲသားဟင်း ချက်ကျွေးသည်ကို စားရသည်။ ရိုးသွားသည်ဟူ၍ မရှိပါ။

အမေသည် ဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့်သွားသည့်အခါတိုင်း ကျွန်တော့်ကို ခေါ်သွားပါသည်။ ဆရာတော်က တရားဟောရာတွင် လယ်တီဆရတော်ဘုရားကြီး၏ နွားသားမစားရေးကို ထည့်ဟောတော် မူပါသည်။ နွားမေတ္တာစာကိုလည်း ဆိုပြပါသည်။ ဆရာတော်က နွားသည် လူတွေ၏ ကျေးဇူးရှင်ဖြစ်ပြီး အသက်အရွယ်ကြီးလာသည့်အခါ သတ်ဖြတ်ခြင်း မပြုဘဲ ဘေးမဲ့ပေးခြင်းအနေဖြင့် ကျကျနန ကျွေး၍ မွေးမြူသင့်ကြောင်း သနားစရာလည်း အလွန်ကောင်းကြောင်း နွားသားမစားဘဲ ရှောင်ကြဉ်သင့်ကြောင်း ဟောပြောခဲ့ပါသည်။

ကျွန်တော်သည် ထိုအချိန်က ကလေးအရွယ်ဖြစ်၍ ကောင်းစွာနားလည်သဘောပေါက်ခြင်း မရှိပါ။ ၁၉၇၂-ခုနှစ် ကျွန်တော် ၁၉-နှစ်သားအရွယ်၊ သူငယ်ချင်း မောင်အုန်းမြင့်နှင့်အတူ အမဲဈေး ယခု (မြို့တော်စည်ပင် အားကစား လေ့ကျင့်ရေးစခန်း) သို့ ရောက်ရှိသွားသည်။ နေ့လယ် ၁-နာရီအချိန် လူတယောက် နွားမတကောင်ဆွဲလာပြီး သားသတ်ရုံဆီသို့ သွားရန် လှေကားထစ်နား အရောက်တွင် နွားမက မတက်တော့ဘဲ ပေရပ်နေသည်။ သေရမည်ကို သိနေသည့်အလား နွားမ၏ မျက်လုံးထဲက မျက်ရည်များကျလာသည်။

ထို့နောက် လူက အတင်းဆွဲ၊ နွားက အတင်းရုန်းသည်။ သို့သော် မလိုက်ချင်၊ လိုက်ချင်နဲ့ ခေါင်းကလေး ငုံ့ပြီး ပါသွားရှာသည်။ အပေါ်ရောက်သည့်အခါ တိုင်လေးတိုင် အလယ်တွင် နွားကိုထားပြီး ရှေ့ခြေထောက် နှစ်ချောင်းကို ပူးချည်သည်။ နောက်ခြေထောက်နှစ်ချောင်းကိုလည်း ပူးချည်ပြီး နွားမကို တွန်းလိုက်ရာ မတ်တပ်အနေအထားမှ လဲသွားသည်။

ထိုတွင် သားသတ်သမားက နွားမ၏ လည်ပင်းကို ဓားဖြင့်လှီးရန် ချိန်ရွယ်လိုက်သောအခါ ကျွန်တော်သည် မကြည့်ရက်တော့ဘဲ ချာခနဲ တဖက်သို့ လှည့်လိုက်ပြီး အောက်သို့ပြန်ဆင်းခဲ့သည်။ ထိုနေ့ ထိုအချိန်မှစ၍ ရာသက်ပန် နွားသားမစားရန် ဆုံးဖြတ်လိုက်သည်။ ယခုအခါ နွားသားမစားဘဲ ရှောင်ကြဉ်ခဲ့သည်မှာ နှစ်ပေါင်း ၃၇-နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။

ညီညီလွင် (ရေကြောင်းဦးစီးဌာန)
(မြတ်မင်္ဂလာ ၂၀၁၀-ခု မေလ)

No comments: