Thursday, November 11, 2010

ခန္ဓသုတ် တန်ခိုးတော်

ဒေါ်နုနုရွှေသည် သထုံသူဖြစ်သည်။ သို့သော် အိမ်ထောင်ကျပြီး ခင်ပွန်းရှိရာ ကျိုက်ထိုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ကျိုက်ထိုရှိ ခင်ပွန်းဖြစ်သူ၏ နေအိမ်မှာ ကျယ်ဝန်းလှသော ခြံကြီးအတွင်းတွင် တည်ရှိသည်။ ခြံဝင်းထဲတွင် သစ်ပင်ကြီးများ အုပ်ဆိုင်းကာ ၀ါးရုံများ၊ ပန်းပင်များ၊ သီးပင်၊ စားပင်အမျိုးမျိုးတို့က နေရာယူနေသည်။

ခြံကြီးမှာ စိုပြည်သယောင်နှင့် အန္တရာယ်ကောင်တို့၏ ခိုအောင်းပျော်မွေ့ရာ ဖြစ်နေသည်။ ဒေါ်နုနုရွှေသည် ထိုအိမ်သို့ရောက်စကတည်းကပင် ခြံဝင်းထဲတွင် မြွေမျိုးစုံကို တွေ့နေရသည်။ နဂိုက မြွေကိုကြောက်သူ ဖြစ်သဖြင့် မြွေပေါသော ခြံထဲသို့ပင် မဆင်းဝံ့တော့ပေ။

မြွေများက နယ်ကျော်လာပါပြီ။ ဒေါ်နုနုရွှေသည် အိမ်သာတက်ရန် အိမ်ထဲရှိ အိမ်သာ၏တံခါးကိုဖွင့်လိုက်ရာ အိမ်သာတံခါးအထက်တွင် တွဲလဲခိုနေသော မြွေက သူ့ပုခုံးထက်သို့ ကျလာလေသည်။ ကြောက်အားလန့်အားနဲ့ အော်လိုက်သဖြင့် မြွေလည်း ထွက်ပြေးသွားပါသည်။

တခါက ဒေါ်နုနုရွှေ ပန်းကန်ဆေးနေစဉ် ရေဇလုံထဲသို့ မြွေတကောင် လာဝင်ခွေနေသည်ကို မသိလိုက်ဘဲ လက်ဖြင့်ကိုင်မိပြန်သည်။ ထင်းရုံမှ ထင်းသွားသယ်သည့်အခါတွင်လည်း ထင်းပုံကြားမှ မြွေများထွက်လာ သည်ကို မကြာခဏ ကြုံရပါသေးသည်။ အိမ်ရှိ ခွေး၊ ကြောင်တို့နှင့် မြွေများ ရန်ဖြစ်သည်ကိုလည်း မျက်မြင်တွေ့ရပြန်သည်။ ဒေါ်နုနုရွှေသည် ထိုမြွေတို့ကြောင့် အိပ်မပျော်၊ စားမ၀င်ဖြစ်ပြီး မြွေများကို ဖယ်ရှားနိုင်မည့်နည်းလမ်းကို ကြံစည်လေသည်။

အားကိုးဖွယ်ရာ နည်းလမ်းကောင်းကို ဒေါ်နုနုရွှေ ရှာတွေ့သွားခဲ့ပါသည်။ နည်းလမ်းမှာ မြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်ဖြစ်သော တန်ခိုးကြီးမားလှသော ခန္ဓသုတ်ပရိတ်တော်ကို ရွတ်ဖတ်ခြင်းပင်ဖြစ်သည်။ ခန္ဓသုတ်ကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ပိုးမွှား၊ တိရစ္ဆာန်တို့၏ ဘေးအန္တရာယ်မှ ကင်းဝေးနိုင်လေသည်။

အပျိုဘ၀ကတည်းက ရပြီးဖြစ်သော ခန္ဓသုတ်ကို ဒေါ်နုနုရွှေသည် နေ့မအား၊ ညမအား ရွတ်ဖတ်ပါတော့သည်။ မြွေများကိုမြင်တိုင်း မေတ္တာပို့လွှတ်ပြီး ခန္ဓသုတ်ကို ရွတ်ဆိုလေသည်။ ဤသို့ ပြုလုပ်ခဲ့ရာ မကြာမီပင် ခြံကြီးထဲတွင် မြွေသတ္တ၀ါများမှာ ပျောက်ခြင်းမလှ ပျောက်ကုန်လေတော့သည်။

ယခုဆိုလျှင် ဒေါ်နုနုရွှေမှာ သားသမီးနှစ်ယောက်ပင် ရနေလေပြီ။ ခန္ဓသုတ်ပရိတ်တရားတော်၏ တန်ခိုးတော်ကြောင့် ယနေ့အချိန်ထိ ခြံထဲတွင် မြွေများမတွေ့တော့သည်ကို အကြောင်းပြု၍ ယုံကြည်မှုသဒ္ဓါ တရားဖြင့် ခန္ဓသုတ်တော်အား နေ့စဉ်ပွားများလျက် ရှိနေပေသည်။
(စာရေးသူ၏မိခင် ကိုယ်တွေ့ဖြစ်ပါသည်)။

ဝင့်စန္ဒီစိုး (ကွန်ပျူတာတက္ကသိုလ်)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဧပြီလ)

No comments: