Monday, November 15, 2010

စေတနာ ထမင်း

ထမင်းတလုတ် တောင်တကုတ်-ဆိုသည့် စကားရှိပါသည်။ အမေ၏ အသိပေးစကားကြောင့် ခရီးသွားလျှင် ထမင်းချိုင့် ယူသွားရပါသည်။ ပိုလျှံလျှင် ကျွန်မ၏ထမင်းအား ယူနိုင်မည့်သူကို အမြဲပေးကမ်းပါသည်။ ဆာလောင်နေသူ တဦးအတွက် ကျွန်မ၏ စေတနာထမင်းတလုတ်စာသည် အင်အားတွေ အများကြီးရှိနိုင်ဟု ယူထားပါသည်။ ဆာလောင်နေသည့် အဆိုးဆုံးရောဂါကိုလည်း အစားအစာဖြင့်သာ ကုသနိုင်ပါသည်။

ကျွန်မ၏ဒေါ်လေးသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ရွာလေးတရွာသို့ သားဖွားဆရာမအဖြစ် တာဝန်ကျသဖြင့် အဖော်နေပေးရန် ကျွန်မလိုက်သွားရပါသည်။ တနှစ်ပြည့်သည်နှင့် ခွင့်ယူပြီး မိမိရပ်ရွာသို့ ပြန်လာခဲ့ကြပါသည်။

သီပေါမြို့မှ ဒုဋ္ဌ၀တီ-မှန်လုံကားကိုစီးပြီး ကျောက်မဲမြို့ ရောက်သည်နှင့် စားသောက်ဆိုင်တဆိုင်တွင် ခဏနားပြီး စားချင်တာ မှာစားကြပါသည်။ စားပွဲတိုင်း၌ ပလတ်စတစ်အိတ်နှင့် ထည့်ထားသည့် ယိုမျိုးစုံက ကျွန်မစိတ်ကို စွဲဆောင်နေသောကြောင့် အိမ်ပြန်လက်ဆောင်အဖြစ် ၀ယ်ချင်နေသည်။ ကျွန်မမုန့်မစားဘဲ ယိုမျိုးစုံဝယ်ယူပြီး အဖေနှင့်အမေကို ကန်တော့ဖို့ ရသည့်အတွက် အပျော်ကြီး ပျော်နေမိ၏။

လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် စသည့် လမ်းတလျှောက်လုံးတွင် သဘာဝတောတောင် ရှုခင်းများက အလွန်လှပ၏။ မန္တလေးရောက်မှ ထမင်းစားမည်ဟု စိတ်ကူးထားကြ၏။ မန္တလေးရောက်သည်နှင့် ဘူတာကြီး၌ ရထားလက်မှတ်ဝယ်ကြပါသည်။ ဤတွင် ရထားထွက်ချိန်နီးသဖြင့် ထမင်းမစားဖြစ်တော့ပါ။ ကျွန်မတို့ ရထားပေါ်ရောက်သည်နှင့် ရထားထွက်ပါသည်။ ရွှေဘိုဘူတာသည် ထမင်းဆိုင် ကောင်းပါသဖြင့် ရွှေဘိုဘူတာ၌ ညနေစာအဖြစ် ထမင်း နှစ်ဘူး ၀ယ်ကြပါသည်။ ပါဆယ်ထုပ်နှင့် ထည့်ထားသော ထမင်းဘူး များအား ဖွင့်ကြည့်ကြပါသည်။ ညနေစောင်းချိန်ဖြစ်၍ ဗိုက်ကလည်း ဆာနေပြီ ဖြစ်သောကြောင့် ဘူးဖွင့် ထမင်းစားကြပါသည်။

ကျွန်မတို့ ထိုင်ခုံနားရှိ ကြားလေးတွင် ခုံမရဘဲ လိုက်ပါလာသော သားအမိ နှစ်ဦးရှိသည်။ သူမ၏သားလေးသည် ကျွန်မတို့ စားနေကြသည်ကို ကြည့်ပြီး ထမင်းဝယ်ပေးရန် ပူဆာနေ၏။ သူမ၏သားလေးကို ထမင်းဖိုးငွေ ပါမလာကြောင်း နှစ်သိမ့်ပေးနေသံကိုလည်း ကြားနေရသည်။
ကျွန်မ၀ယ်လာသော ထမင်းဘူး၌ ခပ်ကြီးကြီး ငါးနှစ်တုံး ပါသည်။ ကလေးပူဆာနေသည်ကို ကြည့်ပြီး သနားသွားမိ၏။ စားလက်စ ထမင်းကို သုံးလေးလုတ်သာ စားရသေးသည်။ ထို့နောက် ကျန်ရှိသော ကျွန်မထမင်းဘူးကို သားအမိလက်ထဲသို့ ထည့်လိုက်၏။ ကျွန်မပေးသည်ကို ဒေါ်လေးမြင်သည်နှင့် တရက်လုံး ဘာမှမစားဘဲနဲ့ ဘာလို့ သွားပေးတာလဲ-ဟုပြောပါသည်။ ကျွန်မက ဗိုက်မဆာလို့ပါ-ဟု ဖြေလိုက်ပါသည်။

အမှန်မှာ ကျွန်မ ဗိုက်ဆာနေပါသည်။ လမ်းတလျှောက်လုံး၌ စိမ်းလမ်းစိုပြေနေသော သဘာဝရှုခင်းများကို ကြည့်ပြီး ဖြေသာနိုင်သော်လည်း ဗိုက်ထဲမှာတော့ ပူလောင်နေ၏။ ၀ယ်လိုက်သော ထမင်းဘူးထဲတွင် ပါလာသည့် ငါးနှစ်တုံး၊ ဆလတ်ရွက်၊ ငရုတ်သီး၊ သရက်ချဉ်လေးများမှာ ကျွန်မအတွက် လျှာတပြင်ပြင် သရေတရွှင်ရွှင်ပင် ဖြစ်စေခဲ့ပါသည်။ သို့သော်လည်း ကျွန်မဘေးရှိ ထမင်းဖိုးငွေ ပါမလာသည့် သားအမိကို ကြည့်ပြီး ကျွန်မဘယ်လိုမှ စားမရတော့သဖြင့် ဒေါ်လေးဆူလည်း ခံလိုက်မည်ဟု အရဲစွန့်ကာ သွားပေးလိုက်ခြင်း ဖြစ်ပါသည်။

ကျွန်မပေးသော ထမင်းကို သားအမိ နှစ်ယောက် အလှည့်ကျ မြိန်ရေရှက်ရေ စားနေကြ၏။ သားအမိနှစ်ယောက် စားနေသည်ကို ကြည့်ပြီး ကျွန်မ၏ ရင်တခုလုံး ပီတိများ ပြည့်လျှံသွားပါတော့သည်။ ကျွန်မ၏ဗိုက်ထဲ ပူလောင်နေသော်လည်း ဒါနတခု ပြုလုပ်ရသည့်အတွက် ကျေနပ်မိပါသည်။ မနက်လင်း၍ ရွာရောက်လျှင် အမေချက်ထားသော ထမင်းကို အားရပါးရ စာေးတာ့မည်ဟု ဖြေသိမ့်လိုက်ပါသည်။

ကျွန်မ၏ ထမင်းတဘူးစာ ဒါနလေးဖြစ်သော်လည်း ကျွန်မစိတ်ထဲ၌ သားအမိနှစ်ယောက်စားနေသည့် ပုံရိပ်ကလေးက ယခုအချိန်အထိပင် ထင်ကျန်ရစ်ခဲ့ပါသည်။
စေတနာသုံးတန် ပြတ်သားစွာ လှူဒါန်းခဲ့သောထမင်းဒါနကြောင့်လားပင်မသိ။ နောက်ပိုင်းတွင် ကျွန်မတမ်းတမိသော အစားအစာများသည် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတတ်ပါသည်။ စေတနာအကျိုးပေးဖြစ်မည်ဟု ယုံကြည်ယူဆမိပါသည်။

မွှေးမွှေး (အင်းတော်-တာပေါ)
(မြတ်မင်္ဂလာ ၂၀၁၀-ခု မေလ)

No comments: