Tuesday, November 30, 2010

ဝဋ်မှာအမြဲ ငရဲမှာအပ

ဝဋ်မှာအမြဲ ငရဲမှာအပ-ဆိုသည့်စကားပုံသည် ဗုဒ္ဓဘာသာနယ်ပယ်မှ ထွက်ပေါ်လာသည့် စကားပုံတခုဖြစ်သည်။ ဗုဒ္ဓတရားဓမ္မနှင့် ဆက်စပ်နေကာ အဓိပ္ပါယ်အလွန်လေးနက်မှုရှိသည်ကို တွေ့ရပါသည်။ ပြုလုပ်ခဲ့ဖူးသော အကုသိုလ်ကံ၏ အကျိုးဆက်များအဖြစ် ဖော်ညွှန်းလျက်ရှိပါသည်။

ဝဋ်၊ ၀ိပါက်
ဝဋ်ဆိုသည့် စကားရပ်သည် ၀ဋ္ဋ-ဟူသော ပါဠိစကားမှ ဆင်းသက်လာသည်။ သံသရာလည်ပတ်ခြင်း၊ အကြောင်း အကျိုး ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှု အကုသိုလ်များ ပြုခဲ့သည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်းစသော သဘောအဓိပ္ပါယ်များ ရှိပါသည်။

ဝိပါက်-ဟူသော စကားသည် ပါဠိဘာသာ ၀ိပါက-မှ ဆင်းသက်လာ၏။ အဓိပ္ပါယ်မှာ ကုသိုလ်ကံ၊ အကုသိုလ်ကံ တို့၏ အကျိုးတရား-ဟု ဆိုလိုသည်။ ကုသိုလ်ကံ အကျိုးကို ကုသလ၀ိပါက-ဟု ခေါ်၍ အကုသိုလ်ကံအကျိုးကို အကုသလ ၀ိပါက-ဟုခေါ်သည်။

အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်) ကျမ်းတွင် အောက်ဖော်ပြပါ ၀ဋ်သုံးမျိုးကို ပြထားကြောင့် သိရသည်။
(က) ကိလေသ၀ဋ် ( အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် သုံးပါး)
(ခ) ကမ္မ၀ဋ် ( ကုသိုလ်ကံ၊ အကုသိုလ်ကံ)
(၈) ၀ိပါက၀ဋ် ( အကျိုးတရားများ)
ထို့ကြောင့် ၀ဋ်မှာအမြဲ ငရဲမှာအပ-ဆိုသည့် စကားပုံအရ ၀ဋ်သည် ၀ိပါက (အကျိုးတရား) ၀ဋ်နှင့် သက်ဆိုင်ပါသည်။ သို့ဖြစ်၍ ၀ဋ်-နှင့် ၀ိပါက် (၀ိပါက) သည် စကားလုံးကွဲပြားသော်လည်း သဘောအဓိပ္ပါယ် အားဖြင့် အတူတူပင်ဖြစ်သည်။ မြန်မာမှုနယ်ပယ်တွင် တစုံတယောက် ဒုက္ခကြီးစွာ ခံစားနေရလျှင် ၀ဋ်ခံနေရတယ်-၀ိပါက၀ဋ်ကြီးတယ်-ဟူ၍၄င်း၊ တစုံတယောက်သည် တစုံတယောက်ကို (သို့မဟုတ်) တိရစ္ဆာန်တကောင်ကောင်ကို ညှင်းဆဲနေပါက မညှင်းဆဲနဲ့၊ ၀ဋ်လိုက်တတ်တယ်။ ၀ဋ်မှာအမြဲ၊ ငရာမှာအပတဲ့-ဟူ၍၄င်း အစဉ်အလာအရ သုံးစွဲပြောဆိုနေကြခြင်းသည် ၀ဋ်-၏အရေးကြီးမှုနှင့် လေးနက်မှုတို့ကို ဖော်ညွှန်းပြဆိုလျက်ရှိပေသည်။

ငရဲ
ငရဲ-ဆိုသည့်စကားရပ်သည် နိရယ-ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး ချမ်းသာမရှိ၊ ချမ်းသာသုခကို လုံးဝရရှိခွင့် မရှိသောကြောင့် ငရဲ (နိရဲ) ဟုခေါ်ခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာအရ ငရဲကြီးရှစ်ထပ်ရှိပြီး ငရဲကြီး တထပ်လျှင် ငရဲငယ်ငါးထပ်စီ တံတိုင်းခတ်သလို ရံပတ်တည်ရှိသည်။ ထို့ပြင် အခြားသော ငရဲငယ်များလည်း ရှိနေကြောင်း သိရသည်။ ထိုအားလုံးကို ပေါင်းစု၍ ငရဲ-ဟုခေါ်ခြင်းဖြစ်သည်။

ဝဋ်မှာအမြဲ
တစုံတယောက်သောသူသည် တစုံတယောက်အား ပြစ်မှုကျူးလွန်ခဲ့ပါက ထိုပြစ်မှု၏ ကြီးလေးမှု အတိုင်းအတာအရ ထိုသူသည် ငရဲ-၌ ဆင်းရဲဒုက္ခကို ခံစားရမည်ဖြစ်သည်။ ငရဲ၌ ကျခံပြီးနောက် လွတ်မြောက်လာပါကလည်း ပြုခဲ့မိသော အကုသိုလ်အားလျော်စွာ အခွင့်သင့်သောဘ၀များတွင် ဆင်းရဲဒုက္ခတမျိုးမျိုးကို ဆက်လက်တွေ့ကြုံခံစားရတတ်ပါသည်။ ထိုသို့ ခံစားရခြင်းကို ၀ဋ်-(၀ိပါက်) ဟုခေါ်ပါသည်။

ထိုဝဋ်ကို မခံစားရအောင် မည်သူမျှ ရှောင်လွဲ၍ မရနိုင်ပါ။ ဗုဒ္ဓမြတ်စွာဘုရားသည်ပင် ထိုဝဋ်ဒုက္ခကို မရှောင်လွှဲနိုင်ပေ။ တဆယ့်နှစ်ပါးသော ၀ိပါက်တော်ကို မြတ်ဗုဒ္ဓသည် ခံစားခဲ့ရပါသည်။ တန်ခိုးအရာတွင် ဧတဒဂ်ရရှိထားသော အရှင်မဟာမောဂ္ဂလာန်သည်လည်း တခုသောဘ၀၌ မယားမိုက်၏စကားကို နားယောင်ခဲ့ပြီး မျက်မမြင်မိဘနှစ်ပါးကို တောတွင်းသို့ ခေါ်ဆောင်သွားကာ ခိုးသားတို့ ရိုက်လေသည့်ဟန် ဆောင်ကာ ရိုက်နှက်ခဲ့သည့်ပြစ်မှုကြီးကို ကျူးလွန်ခဲ့ပါသည်။ ထိုပြစ်မှုကြောင့် ငရဲ၌ ကျခံခဲ့ရကာ ထိုဝဋ်ကြွေးကြောင့်ပင် ရဟန္တာဘ၀၌ ခိုးသားတို့၏ ရိုက်နှက်သတ်ဖြတ်မှုကို ခံခဲ့ရပြီးနောက် ပရိနိဗ္ဗာန် စံဝင်ခဲ့ရပေသည်။ သို့ဖြစ်၍ ၀ဋ်မှာအမြဲ-ဟု ဆိုထုံးပြုခဲ့ကြခြင်း ဖြစ်ပါသည်။

မြတ်ဗုဒ္ဓကိုယ်တိုင် တွေ့ကြုံခံစားရသည့် ၀ဋ်၊ ၀ိပါက် ၁၂-ပါး---
ဂေါတမမြတ်စွာဘုရားသည် အလောင်းတော်ဘ၀ များစွာထဲမှ အလွန်နုစဉ်ဘ၀များက ပြုလုပ်ခဲ့ဖူးသော အကုသိုလ်ကံများ အကျိုးဆက်အဖြစ် ၀ိပါက်တော် (၁၂)ပါးကို တွေ့ကြုံခံစားခဲ့ရပါသည်။ ထိုသို့ မြတ်စွာဘုရား ကိုယ်တိုင်တော်ပင်လျှင် ရှောင်လွှဲ၍မရနိုင်သော အကုသိုလ်ကံ၏ အကျိုးဆက်ဖြစ်သည့် ၀ိပါက်တော် (၁၂)ပါးကို လူတိုင်း လူတိုင်း သတိပြုဆင်ခြင်၍ သံဝေဂယူကြရမည် ဖြစ်ပါသည်။ မကောင်းမှုဟူသမျှကို ရှောင်၊ ကောင်းမှု ဟူသမျှကို ဆောင်ပြီး စိတ်ကို ဖြူစင်အောင် ထားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရပေမည်။ ထိုဝိပါက်တော် ၁၂-ပါးကို တင်ပြရသော်---

(၁) ပထမ၀ိပါက်တော်---
ဂေါတမ ဘုရားရှင်သည် ဘုရားမဖြစ်မီ အလွန်ဆင်းရဲပင်ပန်းစွာဖြင့် တဖက်အစွန်းသို့ ရောက်သော ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင် ကျင့်တော်မူခဲ့ရပါသည်။ ထိုသို့ ကျင့်ကြံတော်မူခဲ့ရခြင်းမှာ ဂေါတမဘုရား အလောင်းတော်သည် ဇောတိပါလပုဏ္ဏားဘ၀၌ ကဿပဘုရားရှင်၏ ဒုက္ကရစရိယာကို (၆)ရက်သာ ကျင့်ရုံဖြင့် ဘုရားဖြစ်တော်မူခဲ့ကြောင်း ကြားသိရစဉ်တွင် ဒီလိုလွယ်လွယ်နဲ့ ဘုရားဖြစ်နိုင်တယ်ဆိုရင် ငါဟာ (၆)နှစ်ထိ ကျင့်နိုင်ပါတယ်-ဟု ဘုရားရှင်၏ ဂုဏ်တော်ကို သေးသိမ်အောင် ပြောဆိုပြစ်မှားခဲ့ပါသည်။ ထိုအကုသိုလ် ၀စီကံ၏အကျိုးဆက်ကြောင့် ဤသို့ (၆)နှစ်ကြာ ဒုက္ကရစရိယာကို အလွန်ဆင်းရဲ ပင်ပန်းစွာ ကျင့်ကြံတော် မူခဲ့ရခြင်း ဖြစ်ပါသည်။

မေး။
ဥရုဝေဠ တောဝမြိုင်ခွင်၊ ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်။
အားကုန်ခန်းလို့ ညှိုးနွမ်းငြိုငြင်၊ ပင်ပန်းရေး ၀ဋ်ကြွေး ဘယ်ကြောင့်တင်။

ဖြေ။
ကဿပဖျား ထင်ရှားပွင့်သော်၊ ဇောတိပါလ နာမအကျော်။
ပုဏ္ဏားမာန်တက် နှုတ်မြွက်အာဘော်၊ ၀စီပြင်း ရှေးရင်း ၀ိပါက်တော်။


(၂) ဒုတိယ၀ိပါက်တော်-
စိဉ္စမာန မိန်းမယုတ်သည် ကိုယ်ဝန်သည်ယောင်ဆောင်၍ ဂေါတမမြတ်ဗုဒ္ဓအား ပရိတ်သတ်အလယ်၌ တရားခံအဖြစ် စွပ်စွဲပြောဆိုခဲ့ပါသည်။ ထိုသို့ စွပ်စွဲခံရခြင်းအကြောင်းမှာ ဂေါတမဘုရားအလောင်းတော်သည် နုစဉ်အခါက ဗာရာဏသီပြည်တွင် ဆင်းရဲသားအရက်သမားဘ၀ ဖြစ်ခဲ့ချိန်၌ ဆွမ်းခံရပ်နေသော ရဟန္တာမြတ် တပါးကို အရက်မူးပြီး အမျိုးမျိုးကဲ့ရဲ့ စွပ်စွဲဆဲရေးတိုင်းထွာခဲ့သည့် အကုသိုလ်ကံ မကောင်းမှုအပြစ်ကြီးကို ကျူးလွန်ခဲ့ပါသည်။ ထိုအကုသိုလ်ကံကြောင့် သေလွန်သော် ငရဲသို့ ကျရောက်ခဲ့ရပြီး ငရဲမှ လွတ်ချိန်၌လည်း လူ့ဘ၀၊ နတ်ဘ၀ အမျိုးမျိုးတွင် သူတပါးတို့၏ မတရားစွပ်စွဲဆဲရေးမှုကို အကြိမ်ကြိမ်ခံခဲ့ရ၏။ နောက်ဆုံး ဘုရား ဖြစ်တော်မူသောအခါတွင် လူပုံအလယ်၌ ဤကဲ့သို့ စိဉ္စမာန မိန်းမယုတ်၏ မတရားစွပ်စွဲမှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။

မေး။
စိဉ္စမာဏ မိန်းမစေကျွန်၊ ကိုယ်ဝန်ရှိသော ဆိုပြောအလွန်။
လက်သယ်ထားလို့ ဘုရားကိုညွှန်၊ စွပ်စွဲခဲ့ အဘယ့်ဝိပါက်ဝန်။

ဖြေ။
သောက်စားလွန်ကြူး ယစ်မူးပျော်ရွှင်၊ သေသောက်သမား ဖြစ်ငြားယခင်။
ရဟန္တာမြတ် ဆွမ်းရပ်သည်မြင်၊ အကျင့်ယုတ် ဖွင့်ထုတ်စွပ်စွဲအင်။


(၃) တတိယ၀ိပါက်တော်-
ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်ဘုရား၏ ဘုန်းတန်ခိုးတော်ကြောင့် လာဘ်လာဘနည်းပါးသွားကြကုန်သော တိတ္ထိတို့၏ စေခိုင်းချက်အရ တပည့်မဖြစ်သူ သုန္ဒရီမိန်းမယုတ်သည် ဘုရားရှင်အား သူမ၏ လင်ပါပဲ-ဟု စွပ်စွဲပြောဆို၊ မကောင်းသတင်းလွှင့်ထုတ်ခြင်းကို ပြုခဲ့ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ကာလ မုနာဠိအမည်ရှိ အရက်သမားတဦးဖြစ်ခဲ့ချိန်၌ ဆွမ်းခံကြွနေသော သုရဘိအမည်ရှိ ပစ္စေကဗုဒ္ဓါ တပါးကို မိန်းမတွေနဲ့ ပျော်ပါးလေ့ရှိသော အလဇ္ဇီဒုဿီလ ဖြစ်သည့် ဤရဟန်းမျိုးကို မပေးကြ၊ မကမ်းကြနဲ့-ဟု ကဲ့ရဲ့ရှုတ်ချခဲ့ပါသည်။

ထိုအကုသိုလ်ကံကြောင့် အလောင်းတော်သည် အ၀ီစိငရဲသို့ ကျရောက်ခဲ့ပြီး ငရဲမှလွတ်ပြီးနောက်တွင်လည်း လူ၊ နတ် ဘ၀အမျိုးမျိုး၌ သူတပါးတို့၏ မတရားစွပ်စွဲကဲ့ရဲ့ရှုတ်ချမှုကို ခံခဲ့ရပေသည်။ နောက်ဆုံးဘုရားဖြစ်တော်မူသည့်အခါ ဤကဲ့သို့ သုန္ဒရီမိန်းမယုတ်၏ မတရားစွပ်စွဲသတင်းလွှင့်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပါသည်။

မေး။
တိတ္ထိစေခိုင်း မိုက်ရိုင်းဒုဿီ၊ ထင်ယောင်ထင်မှား ပြုငြားသုန္ဒရီ။
လူရှင်အပေါင်း ယုံကြောင်းပွေလီ၊ ရှင်တော်ထွတ် ဘယ်ဝဋ်ရှေးကမှီ။

ဖြေ။
မုနာဠိ-ဟု မည်ရှိလောင်းတော်၊ မောက်ကြွားမှောက်မှား သောက်စားအပျော်။
ရှင်ပစ္စေက ဗုဒ္ဓမြင်သော်၊ ဒုဿီပဲ စွပ်စွဲဝဋ်ကြွေးပေါ်


(၄) စတုတ္ထ၀ိပါက်တော်-
တိတ္ထိတို့သည် တပည့်မဖြစ်သူ သုန္ဒရီမိန်းမယုတ်ကို သတ်ပြီး ဇေတ၀န်ကျော်းတော်အနီး၌ အလောင်းကို ပစ်ထားခဲ့ကြကာ သုန္ဒရီကို ဘုရားရှင်နှင့် ရဟန်းတော်များက သတ်ပစ်တာဖြစ်ရမည်ဟု စွပ်စွဲခဲ့ကြပြန်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ရှေးအခါက ဘုရားအလောင်းတော်သည် ဈာန်မရသော ရသေ့တပါးဖြစ်ခဲ့စဉ်၌ ကောင်းကင်၌ ဈာန်ကြွနိုင်သော ရသေ့တပါးအပေါ် မနာလိုဖြစ်ကာ အဘိဇ္ဈာ၊ ဣဿာ၊ မစ္ဆရိယ တရားဆိုးများဖြစ်လာပြီး ထိုရသေ့အကြောင်းကို သိကြောင်း၊ ထိုရသေ့သည် ကျင့်ယုတ်သူဖြစ်၍ ကိုးကွယ်၍ အကျိုးမရှိနိုင်ကြောင်း စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချပြောဆိုခဲ့ပါသည်။ ထိုအကုသိုလ်ကံ၏အကျိုးဆက်ကြောင့် ယခုကဲ့သို့ စွပ်စွဲခံရခြင်း ဖြစ်ပါသည်။

မေး။
သုန္ဒရီမိုက် သတ်လိုက်လေရာ၊ တိတ္ထိအသင်း သတင်းလွှင့်ကာ။
တပည့်များနှင့် ဘုရားကိုသာ၊ လူအများ ယုံမှားဘယ်တွက်တာ။

ဖြေ။
လောင်းတော်ရသေ့ ပျော်မွေ့စံရာ၊ ရသေ့တဦး ဈာန်မြူးကွန့်လာ။
ငြူစူစိတ်ဇော မနောဣဿာ၊ ကျင့်ယုတ်ကြီး နှုတ်သီးချွန်သည့်တာ။


(၅) ပဉ္စမ၀ိပါက်တော်-
ဂေါတမဘုရား စင်္ကြံလျှောက်နေတော်မူစဉ် ရှင်ဒေ၀ဒတ်သည် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်မောင်းဆင်၍ ဖြုတ်ချလုပ်ကြံခဲ့ပါသည်။ ထိုသို့ လုပ်ကြံခံခဲ့ရခြင်းသည် ဘုရားလောင်း နုစဉ်အခါ သူဌေးသားဖြစ်ခဲ့စဉ်တွင် မိဘနှစ်ဦးဆုံးပါးသွားခဲ့ရာမှ ညီငယ်ဖြစ်သူကို အမွေခွဲဝေမပေးလိုသဖြင့် ညီငယ်ကို အယုံသွင်း၍ တောထဲ ခေါ်သွားကာ ကျောက်တုံးဖြင့် ထုသတ်ခဲ့ဖူးပါသည်။

ထိုအကုသိုလ်ကံကြောင့် ဘုရားအလောင်းသည် ငရဲကျကာ ငရဲမှလွတ်မြောက်လာသောအခါတွင်လည်း ဘ၀များစွာ၌ သူတပါး၏သတ်ဖြတ်ခြင်းကို ခံခဲ့ရရှာပေသည်။ နောက်ဆုံး ဘုရားရှင်ဘ၀၌ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ဝဋ် အဖြစ် ယခုကဲ့သို့ ကျောက်မောင်းဆင်၍ လုပ်ကြံခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေသည်။

မေး။
ဝေဘာတောင်စောင်း ကျောက်မောင်းဆင်ကာ၊ ဒေ၀ဒတ်ယုတ် ခလုတ်အသာ။
သူဖြုတ်ချလို့ ဗုဒ္ဓခြေမှာ၊ ကျောက်လွှာငြိ ဒဏ်ထိဘယ်ဝဋ်ပါ။

ဖြေ။
သူကြွယ်မျိုးဇာတ် ဖြစ်လတ်တုံချေ၊ ညီကိုလှည့်ဖျား ခေါ်သွားသလေ။
ကျောက်နှင့်ဖိညှပ် ထုသတ်ကြိတ်ချေ၊ ကျောက်ဝိပါက် အဆက်ပါခဲ့ပေ။


(၆) ဆဋ္ဌမ၀ိပါက်တော်-
ဒေ၀ဒတ်၏ ကျောက်မောင်းဆင်လုပ်ကြံမှုအရ မြတ်စွာဘုရား၏ ခြေမတော်အား ကျောက်စ ထိမှန်ကာ သွေးစိမ်းတည်၍ နာကျင်ကိုက်ခဲခံရပါသည်။ ထိုသို့ဖြစ်ရခြင်းသည် အလောင်းတော် နုစဉ်အခါက မထင်ရှားသော ကလေးတဦးဖြစ်ခဲ့စဉ်တွင် ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါတပါး၏ ခြေမတော်ကို ခဲဖြင့် ပစ်ခဲ့ရာမှ ထိမှန်ပြီး သွေးစိမ်းတည်ခဲ့ရပါသည်။ ထိုအကုသိုလ်ကံ၏ အကျိုးဆက်အရ ဘုရားရှင်သည် ခြေမတော်၌ ကျောက်စထိမှန် ဒဏ်ရာရခဲ့ဖြင်း ဖြစ်ပါသည်။

မေး။
ကျောက်လွှာထိပါး မြတ်ဖျားထွတ်တင်၊ တည်နေ၀ပ်ကိန်း သွေးစိမ်းအရှင်။
ခြေမတော်ထဲ ကိုက်ခဲနာကျင်၊ ၀ိပါက်ရင်း အလင်းပြစေချင်။

ဖြေ။
သူငယ်ဖြစ်ခိုက် လမ်း၌ပျော်ရွှင်၊ ရှင်ပစ္စေက ဝေးမှအမြင်။
ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်၊ သွေးယိုဆင်း ရှေးရင်းဝိပါက်ပင်။


(၇) သတ္တမ၀ိပါက်တော်-
မြတ်ဘုရားသည် ရှင်ဒေ၀ဒတ်၏ လုပ်ကြံမှုကြောင့် ခြေမတော်၌ သွေးစိမ်းတည်ကာ သွေးပုပ်ပြည်ပုပ် များကြောင့် ကိုက်ခဲနာကျင်တော်မူခဲ့ရာ သမားတော်ကြီး ဇီဝက၏ ဓားဖြင့် ခွဲစိတ်ကုသပေးမှုကို ခံတော်မူခဲ့ရ ပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားအလောင်း နုစဉ်ဘ၀ သေသောက်ကျူးသော မင်းတပါးဖြစ်ခဲ့စဉ်က အရက်မူးယစ်ပြီး နန်းတော်တွင်းရှိ အပြစ်မဲ့သူတဦးကို ကိုယ်တိုင် ဓားဖြင့်ခွဲစိတ်ခဲ့ဖူးသည့် အကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်ပါသည်။

မေး။
ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ်၊ မုန်ကျဆင်ကြီး ခရီးအကျယ်။
ဒေ၀ဒတ်မိုက် လွှတ်လိုက်ပြန်တယ်၊ ရင်ဆိုင်တွေ့ ဆင်ဝှေ့ဘယ်ဝဋ်နွယ်။

ဖြေ။
ဆင်ထိန်း ဆင်ကျောင်း အလောင်းဖြစ်တုံ၊ ရှင်ပစ္စေက လမ်းမအဆုံ။
ဒေါသထားလို့ ပြစ်မှားသုန်မှုန်၊ ဆင်နှင့်တိုက် ၀ဋ်လိုက်စေဖို့ကြုံ။


(၈) အဋ္ဌမ၀ိပါက်တော်-
မြတ်စွာဘုရားအား ဒေ၀ဒတ်သည် နာဠာဂီိဆင်ဖြင့် တိုက်သတ်ရန် ကြံစည်လုပ်ကြံခဲ့ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ဘ၀က ဆင်ထိန်းတဦး ဖြစ်ခဲ့စဉ်၌ ပစ္စေကဗုဒ္ဓါ တပါးကို လမ်းမဖယ်ပေးဘဲ မိမိစီးလာသော ဆင်ဖြင့် တိုက်ခဲ့ဖူးခြင်းကြောင့် ဖြစ်ပါသည်။

မေး။
ကျောက်လွှာခတ်လို့ သွေးဓာတ်ဆူပူ၊ ခြေမတော်ဦး ထွတ်ဖူးတဆူ။
သွေးညိုကိန်းလို့ ကျိန်းစပ်တော်မူ၊ ဇီဝက ခွဲရ ဘယ်ဝဋ်ဟူ။

ဖြေ။
ပဒေသရာဇ် မင်းဖြစ်စဉ်ဝယ်၊ မူးယစ်သောက်စား ဖောက်ပြားမဖွယ်။
လူရှင်လတ်လတ် ထိုးသတ်ပြန်တယ်၊ ဓားဝိပါက် အဆက် သူကနွယ်။


(၉) န၀မ၀ိပါက်တော်-
မြတ်စွာဘုရားသည် တခါတရံ ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာကို ခံစားတော်မူရရှာပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားအလောင်းတော် နုစဉ် ဘ၀ တံငါမျိုးတွင် ဖြစ်ခဲ့စဉ်က မိဘဆွေမျိုးတို့ ငါးများထုသတ်နေမှုအား တွေ့မြင်ရစဉ် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ဖူးသည့်အပြင် ကိုယ်တိုင်လည်း ငါးများကို ထုသတ်ခဲ့ဖူးပါသည်။ ထိုအကုသိုလ်ကြောင့် ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာကို ခံစားတော်မူရခြင်း ဖြစ်သည်။

မေး။
သုံးလူထွတ်ဖူး မြိုက်မှူးသျှောင်ကေ၊ ရံဖန်ခါလဲ ခေါင်းခဲပလေ။
ဝေဒနာဝဋ် မလွတ်တုံချေ၊ ဘယ်ဝိပါက် အဆက်ပါခဲ့ပေ။

ဖြေ။
ရှေးခါကပ်ဟောင်း မကောင်းကံဆော်၊ တံငါမျိုးဇာတ် ဖြစ်လတ်သရော်။
ငါးတို့ဦးခေါင်း ထုထောင်းမြင်သော်၊ ၀မ်းမြောက်မိ လိုက်ဘိဝိပါက်တော်။


(၁၀) ဒသမ၀ိပါက်တော်-
မြတ်စွာဘုရားသည် ရံဖန်ရံခါ ခါးတော်ကိုက်ခဲမှု ဝေဒနာကို ခံစားတော်မူရရှာပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ဘ၀က လက်ဝှေ့ကျော်တဦး ဖြစ်ခဲ့စဉ် စိမ်ခေါ်သူ ပြိုင်ဘက် လက်ဝှေ့သမားတို့ကို အမြဲတမ်းဆိုသလို ခါးရိုးကျိုးအောင် ထိုးသတ်ပြီး အနိုင်ယူခဲ့ခြင်းကြောင့် ဖြစ်ရပါသည်။

မေး။
အထွတ်ဆုံးဟု သုံးလူ့မျက်မှန်၊ ခါးတော်ကိုက်ခဲ အသဲအသန်။
ဝေဒနာများ ခံစားရဖန်၊ ဘယ်အကြောင်း ကံဟောင်း ထုတ်လို့ပြန်။

ဖြေ။
လက်ဝှေ့ သတ်ကောင်း အလောင်းဖြစ်သော်၊ ပြိုင်ပွဲဆိုင်ပွဲ နိုင်ပွဲအကျော်။
နိုင်လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊ အသတ်ကောင်း ဇာတ်ဟောင်း ၀ိပါက်တော်။



(၁၁) ဧကာဒသမ၀ိပါက်တော်-
ဘုရားရှင်သည် နောက်ပါရဟန်း (၅၀၀)နှင့်အတူ ဝေရဉ္ဇာပြည်အနီး၌ ၀ါဆိုတော်မူစဉ် တ၀ါတွင်းလုံး မုယောဆွမ်းကြမ်းကိုသာ ဘုဉ်းပေးတော်မူခဲ့ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဘုရားအလောင်း နုစဉ်ဘ၀က မထင်ရှားသော အမျိုးသားတဦး ဖြစ်ခဲ့စဉ် ရဟန်းများ ဆွမ်းစားနေကြသည်ကိုမြင်လျှင် အချောင်သမား ကတုံးတွေက သလေးဆွမ်းလို ကောင်းမွန်နူးညံ့တဲ့ ဆွမ်းနဲ့ မတော်ပါဘူး။ မုယောဆွမ်းကြမ်းနဲ့ပဲ ထိုက်တန်ပါတယ်-စသဖြင့် ရှုတ်ချပြောဆိုခဲ့မှုကြောင့် ဖြစ်ပါသည်။

မေး။
ဝါတော်ကပ်တော့ မာရ်နတ်နှိုးဆော်၊ ဝေရဉ္ဇာတိုင်း သမိုင်းအကျော်။
မုယောဆွမ်းမို့ ကြမ်းကြမ်းထော်ထော်၊ ဘုဉ်းပေးရ ရှေးက ဘယ်ဝဋ်နော်။

ဖြေ။
မထင်မရှား မျိုးသားဖြစ်တုံ၊ ရဟန်းတော်များ ဆွမ်းစားခိုက်ကြုံ။
ဆွမ်းကြမ်းစားဟု ပြစ်မှားဆိုပုံ၊ ၀စီတွက် ၀ိပါက်တော်တဲ့ယုံ။


(၁၂) ဒွါဒသမ၀ိပါက်တော်-
ဆဒ္ဒန်ဆင် ဆယ်စီးအားကို ဆောင်နိုင်သော မြတ်ဘုရားသည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင် ၀မ်းတော်လားကာ ပရိနိဗ္ဗာန် စံတော်မူခဲ့ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ဘ၀ ကျွမ်းကျင်လိမ္မာသော ဆေးဆရာတဦး ဖြစ်ခဲ့စဉ်တွင် သူဌေးသားတဦးအား ၀မ်းရောဂါပျောက်အောင် ကုသပေးခဲ့သော်လည်း သူဌေးသားက ဆေးဖိုးဝါးခ မပေးချင်၍ ရောဂါမပျောက်ကြောင်း လိမ်ညာပြောဆိုခဲ့၏။ ထိုအခါ ဘုရားအလောင်း ဆေးဆရာသည် သူဌေးသား လိမ်ညာမှန်းသိ၍ အလွန်ပြင်းထန်သော ၀မ်းလျှောဆေးကိုပေးလိုက်ရာ သူဌေးသားသည် ထိုဆေးကိုစား၍ ၀မ်းလျှောကာ သေလေ၏။

မေး။
ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန်၊ ၀မ်းတော်သွန်ငြား ရွှေအားမသန်။
ခွေယိုင်နွှဲ့လို့ မြန်းခဲ့နိဗ္ဗာန်၊ ဖြစ်စေကြောင်း ကံဟောင်းသိဖို့ရန်။

ဖြေ။
ရောဂါကုစား သမားဉာဏ်ကျယ်၊ ရှင်သူဌေးသား ဆေးဝါးကုတယ်။
ခ,မပေးလို့ ဟိုရှေးဘုန်းကြွယ်၊ ၀မ်းလားဆေး တိုက်ကြွေးဝဋ်ဟောင်းလယ်။

ထိုအကုသိုလ်ကံကြောင့် ဘုရားရှင်သည် ၀မ်းတော်လားခဲ့သောအခါ ဆဒ္ဒန်ဆင် ဆယ်စီးအားကို ဆောင်နိုင်သော ကိုယ်တော်သည်ပင် အားအင်ချိနဲ့ကာ ကတိမ်းကပါး ဖြစ်ခဲ့ရ၏။ ဆရာဇီဝကသည် ဘုရားရှင်အား အကောင်းဆုံးသော ၀မ်းပိတ်ဆေးကို ကပ်တော်မူသောအခါ ဘုရားရှင်က ဇီဝက-သင့်ဆေးတွေ သောက်ပေမယ့်လည်း အကျိုးမထူးနိုင်တော့ဘူး၊ ငါဘုရား ရှေးဝိပါက် ကြုံလာပြီ၊ မကပ်နဲ့တော့-ဟု မိန့်တော်မူခဲ့ကြောင်း လေ့လာသိရှိရပါသည်။

သတိပေးကဗျာ-
ဝိပါက်ရောက်ရေး ကြောက်သွေးတုန်ဖွယ်၊ ဘုရားသော်လဲ ရှောင်လွဲ မလွယ်။
တွေ့ကြုံမြဲမို့ တ၀ဲလယ်လယ်၊ မလွတ်သေး ၀ဋ်ကြွေးခက်လှတယ်။

ကြင်နာထောက်ထား သနားမြော်ခေါ်၊ ကုသိုလ်ပွားမှု အားပြုကြနော်။
နှိပ်စက်ညှဉ်းပန်း သရမ်းပြက်ချော်၊ ရှောင်ကြဉ်ရေး ၀ဋ်ကြွေး စင်ဖို့မြော်။

ဝန်ခံချက်။ ။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး ပြုစုသော သာဓုသုန္ဒရီ ယပ်လှဲတရားစု ဒုတိယတွဲမှ ကူးယူဖော်ပြပါသည်။

ငရဲမှာ အပ-
ငရဲကား ၀ဋ် (၀ိပါက်) ကဲ့သို့ မဟုတ်ပေ။ မကောင်းမှု အကုသိုလ်ကံကို ကျူးလွန်မိလျှင် ငရဲသို့ ကျရောက်တတ် သည်ဟု ဆိုသော်လည်း အကုသိုလ်ပြုမိတိုင်း ငရဲသို့သာ ရောက်ကြရသည်မဟုတ်ပါ။ အကုသိုလ်ကံကို အမှန်ကျူးလွန်ခဲ့သော်လည်း ငရဲသို့မကျရောက်ခဲ့သည့် သာဓကများကို တင်ပြရသော်--

အာဏာပါးကွက်သား နတ်ပြည်သွားခဲ့---
မြတ်ဗုဒ္ဓဂေါတမ လက်ထက် ရာဇဂြိုဟ်ပြည်တွင် တမ္ဗဒါဌိက အမည်ရှိသော အာဏာပါးကွက်သား ခိုးသူသတ်သမား တဦးရှိခဲ့၏။ သူသည် နှစ်ပေါင်းငါးဆဲ့ငါးနှစ်တိုင်တိုင် ဘုရင့်အကျဉ်းထောင်မှ သေဒဏ်အပေးခံရသူများကို သတ်ခဲ့ရပါသည်။ ထိုအကုသိုလ်ကံကြောင့် သေလျှင် ငရဲသို့ ကျရောက်ရပေမည်။ ထိုသို့သော အခြေအနေတွင် အရှင်သာရိပုတ္တရာသည် ကယ်တင်လိုသဖြင့် ဆွမ်းခံကြွတော်မူပြီး တရားဓမ္မများ ဟောကြားတော်မူခဲ့ပါသည်။ တမ္ဗဒါဌိကသည် ဆွမ်းလှူခြင်း၊ တရားနာခြင်း၊ တရားကို ဆင်ခြင်ခြင်း ကုသိုလ်ကိုပြု၍ သေလွန်သောအခါ ထိုကုသိုလ်သည် လူအများကို သတ်ခဲ့သည့် အကုသိုလ်ကံကြောင့် ငရဲကျခံရမည်ကို အပပြုလိုက်နိုင်ခဲ့သဖြင့် တုသိတာနတ်ပြည်၌ နတ်သားဘ၀သို့ ရောက်ရှိသွားခဲ့ရပါသည်။

ဘုရားရှင်အား ရှိခိုးသော ကောင်းမှုကြောင့် နတ်သားဖြစ်ခဲ့---
သာဝတ္ထိပြည်တွင် မဋ္ဌကုဏ္ဍလီ အမည်ရှိသော လုလင်တဦး ရှိခဲ့သည်။ ထိုလုလင်သည် မည်သည့်အလှူဒါနကိုမျှ မပြုခဲ့သဖြင့် ကုသိုလ်ကောင်းမှုဟူ၍ မရှိ၊ အကုသိုလ်ကံများသာရှိသည်။ ထိုအကုသိုလ် မကောင်းမှုကံ များကြောင့် သေလျှင် ငရဲသို့ရောက်ရမည်သာဖြစ်သည်။ ထိုအဖြစ်ကို မြတ်ဗုဒ္ဓ မြင်တော်မူသဖြင့် ကယ်မ,လိုသောကြောင့် ထိုလုလင်၏ အိမ်ရှေ့သို့ သွားရောက်ပြီး ရောင်ခြည်တော်တို့ကို လွှတ်၏။ သေလုဆဲဆဲ မဋ္ဌကုဏ္ဍလီသည် ရောင်ခြည်တော်တို့ကို မြင်၍ ကြည်ညိုသဒ္ဓါစိတ်ဖြင့် မြတ်ဗုဒ္ဓအား လျောင်းအိပ်လျက်ကပင် ရှိခိုးသည်။ ထိုကောင်းမှုစိတ်ဇောဖြင့် သေလွန်သဖြင့် ငရဲသို့ကျရမည့်အစား တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်ရလေသည်။

မုဆိုးကြီးတဦး နတ်ပြည်ရောက်သွားခဲ့---
သောဏဂီရိတောင်ပေါ်ကျောင်းတွင် သီတင်းသုံးနေသော ရဟန္တာအရှင်သောဏ၏ ဖခင်သည် မုဆိုးအလုပ်ဖြင့် အသက်မွေးသူဖြစ်သည်။ အသက်အရွယ် ကြီးကာမှ သားဘုန်းကြီးထံ ခိုဝင်၍ ရဟန်းပြုခဲ့၏။ မကျန်းမာ၍ သေခါနီးအချိန်တွင် ငရဲသို့ကျရောက်မည့် ဂတိနိမိတ်များ မြင်သဖြင့် ကြောက်လန့်စွာ ယောင်ယမ်းအော်ဟစ် ခဲ့၏။ ထိုအခြင်းအရာကို သားရဟန္တာက မြင်သောအခါ ဖခင်အား စေတီရင်ပြင်သို့ ရွှေ့ပြောင်းပြီး ပန်းများကို ကပ်လှူ၍ အာရုံပြုစေခဲ့သည်။ ဤသို့ဖြင့် မုဆိုးတဖြစ်လဲ ရဟန်းအိုကြီး၏ စိတ်အစဉ်တွင် ကုသိုလ်အာရုံများ ဖြစ်ပေါ်လာ၍ ငရဲနိမိတ်များ ပျောက်ကာ နတ်ဘုံသို့ရောက်မည့် အာရုံနိမိတ်များ ထင်လာခဲ့ပါသည်။ ထိုကုသိုလ်စိတ်ဇောဖြင့် ကွယ်လွန်ခဲ့သဖြင့် နတ်ပြည်သို့ ရောက်ရှိသွားခဲ့ရပါသည်။

အရှင်အင်္ဂုလိမာလ---
လက်ညှိုးပေါင်းတထောင် ရရေးအတွက် လူသတ်လက်ညှိုးဖြတ်ယူခဲ့သူ ဖြစ်ပါသည်။ တထောင်ပြည့်ရန် တချောင်းသာလိုတော့သည့်အချိန်တွင် မိခင်နောက်သို့ပင် လက်ညှိုးဖြတ်ရန်အလို့ငှါ လိုက်ခဲ့ပါသည်။ ထိုအချိန်တွင် မြတ်ဗုဒ္ဓက ကြားဖြတ်၍ ကယ်ချွတ်တော်မူသဖြင့် အကျွတ်တရားရပြီး နောက်ဆုံးကျင့်ကြံပွားများ အားထုတ်မှုကြောင့် ရဟန္တာဖြစ်ခဲ့ပါသည်။ အရှင်အင်္ဂုလိမာလသည် ရဟန္တာဖြစ်သည်အထိ တရားဓမ္မကို နာယူကျင့်ကြံပွားများအားထုတ်နိုင်ခဲ့မှုကြောင့် ငရဲကို အပြီးအပိုင် အပ-ပြုလုပ်နိုင်ခြင်း ဖြစ်ပါသည်။

ငရဲသို့ အပပြုလုပ်နိုင်ခဲ့မှု နည်း ၂-မျိုး---
အထက်ဖော်ပြပါ ငရဲသို့ အပပြုလုပ်နိုင်ခဲ့သော သာဓကဖြစ်စဉ်များကို စိစစ်ဆင်ခြင်ကြည့်သော် အာဏာပါးကွက်သား တမ္ဗဒါဌိက၊ မဋ္ဌကုဏ္ဍလီ လုလင်နှင့် မုဆိုးကြီးတို့၏ ငရဲကိုအပပြု၍ နတ်ပြည်ရောက်သွားခြင်းနည်းသည် စိတ်ချရသော နည်းမျိုးမဟုတ်။ ထိုသူတို့သည် အပါယ်တံခါးကို ပိတ်နိုင်သော အနည်းဆုံး သောတာပန်အဆင့်သို့ရောက်အောင် မကျင့်ကြံ မကြိုးစားနိုင်ပါက ကုသိုလ်ကံ အရှိန်ကုန်ပါလျှင် အပါယ်ငရဲသို့ ပြန်ကျရနိုင်ပါသည်။ ယခု ငရဲကို အပပြု၍ နတ်ပြည်ရောက်သွားခြင်းသည် ပဋိသန္ဓေအကျိုးပေးသော ကံ (၄)မျိုးအနက် ဂရုကကံကြီးဖြစ်သော ပဉ္စာနန္တရိယကံကို မကျူးလွန်မိခဲ့ခြင်းနှင့် သေခါနီး နောက်ဆုံးအချိန် ကြားဖြတ်ဝင်လာသော အာသန္နကံအရ ကုသိုလ်ဇောစိတ်ဖြင့် သေဆုံးသွား ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။ သို့ပါ၍ ကုသိုလ်ကံ အရှိန်ကုန်ပါလျှင် ငရဲသို့ ပြန်ကျနိုင်သည့်နည်းဖြင့် ငရဲကို အပပြုခဲ့ခြင်းဟု ဆိုရပါမည်။

အရှင်အင်္ဂုလိမာလ၏ ငရဲကို အပပြုလိုက်ခြင်း နည်းမှာမူ ရဟန္တာဖြစ်သည်အထိ ၀ိပဿနာဘာဝနာကို ကျင့်ကြံ ပွားများ အားထုတ်နိုင်မှုကြောင့် မဂ်ကုသိုလ်ဖြင့် ငရဲကို အပြီးအပိုင် အပပြုလိုက်နိုင်ခြင်း ဖြစ်သည့်အတွက် စိတ်အချရဆုံးသော အပပြုနည်း ဖြစ်ပါသည်။

နတ်ပြည်မှ ငရဲသို့ ပြန်ကျခဲ့ရသည့် သာဓက အချို့---
ကုသိုလ်ကံကောင်းမှု အရှိန်ကုန်ဆုံးချိန်တွင် နတ်ပြည်မှ ငရဲသို့ ကျသွားခဲ့သည့် သာဓကများလည်း ရှိခဲ့ပါသည်။
ပထမသာဓကအဖြစ် တာဝတိံသာနတ်ပြည်က သုဗြဟ္မနတ်သားနှင့် နတ်သမီး တထောင်တို့၏ ဖြစ်စဉ်ကို တင်ပြပါမည်။
တနေ့တွင် နတ်သမီး ငါးရာက ပန်းပင်ပေါ်မှ ပန်းပွင့်များကို ခြွေချပြီး အောက်ရှိ နတ်သမီး ငါးရာက ပန်းများကို ကောက်ယူသီကုံး၍ သုဗြဟ္မနတ်သားအား ပန်ပေးနေကြပါသည်။ ထိုသို့ပျော်ပါးနေကြစဉ် ပန်းပင်ပေါ်ရှိ နတ်သမီးငါးရာသည် ရုတ်တရက် သေဆုံးသွားကြပါသည်။ ထိုအခါ နတ်သားက နတ်မျက်စိဖြင့် ကြည့်ရှုရှာဖွေ ခဲ့ရာ အဆိုပါ နတ်သမီးငါးရာတို့သည် အ၀ီစိငရဲ၌ ကျခံနေရသည်ကို တွေ့ရှိရ၍ သေခြင်းတရားကို သတိရသွား ခဲ့ပါသည်။

နတ်သားသည် ဆက်လက်၍ သူနှင့် ကျန်နတ်သမီး ငါးရာတို့၏ နတ်သက်တမ်းကို ပြန်ကြည့်ရာ နတ်သက် (၇)ရက်သာ ကျန်ရှိတော့သည်ကို တွေ့ရပြီး နတ်ပြည်မှ စုတေလျှင် အ၀ီစိငရဲသို့ပင် ကျရောက်မည်ကို သိရသဖြင့် အလွန်ကြောက်ရွံ့ စိုးရိမ်သွားခဲ့ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားထံ အရောက်သွား၍ သူတွေ့နေရသည့် ဒုက္ခကိုလျှောက်ထားခဲ့ရာမှ မြတ်ဗုဒ္ဓက-
ချစ်သား သုဗြဟ္မနတ်သား ၀ိပဿနာဉာဏ်အလင်းလို့ဆိုရမည့် ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာကို၎င်း၊ ခြိုးခြံခြင်းလို့်ခေါ်သည့် တပအကျင့်ကို၎င်း၊
မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်-လို့ခေါ်သည့် ဣနြေ္ဒ (၆)ပါးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည့် ဣန္ဒြိယသံဝရ သီလကို၎င်း၊
အလုံးစုံသော ၀ဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်သည့် နိဗ္ဗာန်ကို၎င်း၊
ဤလေးမျိုးကို ဖယ်ထား၍ သတ္တ၀ါတို့၏ ချမ်းသာဆိုသည်ကို ငါဘုရား မြင်တော်မမူ-ဟု ဟောကြားတော်မူပါသည်။

နတ်သားသည် ဂါထာအဆုံး၌ပင် သောတာပတ္တိမဂ်ကို ရရှိ၍ အပယ်ဘေးမှ လွတ်ကင်းအေးချမ်းသွားခဲ့ကြောင်း တွေ့ရပါသည်။

ဒုတိယသာဓကအနေဖြင့် ဒေါသကြောင့် သေရသည့် နတ်သားနှစ်ယောက်အကြောင်း ဖြစ်စဉ်ကို တင်ပြပါမည်။
နတ်သားနှစ်ယောက်သည် တယောက်နှင့်တယောက် တွေ့သည့်အခါ မနာလိုခြင်း ဣဿာနှင့် ၀န်တိုခြင်း မစ္ဆရိယတို့၏ တွန်းအားကြောင့် တယောက်သော နတ်သားက သင်သည် လူဘ၀တုန်းက အဆင့်အတန်းမရှိတဲ့ ဆင်းရဲသားတယောက်ပါ။ ရဟန်းတော်တပါးကို ဆွမ်းလေးတဇွန်းလောင်းလှူခဲ့သည့် ကုသိုလ်ကို အမှတ်ရပြီး သေခဲ့လို့ ဒီနတ်ပြည်ကို ရောက်ရတာပါ-ဟု ဆိုသလို၊
ကျန်နတ်သားတပါးကလည်း သင်နတ်သားကရော ဘာထူးလို့လည်း၊ လူ့ဘ၀တုန်းက ကျွန်ုပ်ထက်တောင် ပိုဆင်းရဲသေးတယ်။ ဗုဒ္ဓရုပ်ပွားတော်ကို သစ်သီးတလုံး လောင်းလှူခဲ့တဲ့ ကုသိုလ်ကို အမှတ်ရပြီး သေခဲ့လို့ ဒီနတ်ပြည်ကို ရောက်လာတာပါ-ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ ထိုသို့စကားများရင်းမှ ပြင်းထန်သော ဒေါသအဆင့်သို့ ရောက်လာသောအခါ နတ်သားနှစ်ပါးစလုံး ဖြုတ်ကနဲ သေပြီး ငရဲကိုကျသွားခဲ့ရပါသည်။

သို့ပါ၍ အထက်ပါ သာဓကများအရ ၀ိပဿနာဘာဝနာ ပွားများအားထုတ်ခြင်း မရှိသဖြင့် မဂ်တခုခုကို မရရှိခဲ့သော ပုဂ္ဂိုလ်သည် ငရဲကို ပနိုင်သည့်တိုင် စိတ်မချရပါ။ ကုသိုလ်ကံ အရှိန်ကုန်ပါက ပြုထားခဲ့သော အကုသိုလ် မကောင်းမှုကံများကြောင့် ငရဲသို့ ကျရောက်ရပေမည်။ မဂ်ရရှိထားမှသာ ငရဲအပါအ၀င် အပါယ်လေးဘုံကို လုံးဝအပြီးအပိုင်ပါယ်ထား၊ ပထားနိုင်မည် ဖြစ်ပါကြောင်း သတိမူကြရပါမည်။

ငရဲကို အပပြုနိုင်သလို ကုသိုလ်ကောင်းမှု အကျိုးကို အကုသိုလ်ကံက ဖြတ်ကျော်နိုင်မှု---
ငရဲကို အပပြုနိုင်သကဲ့သို့ ၀ိပဿနာဘာဝနာကို အားထုတ်၍ မဂ်တခုခုကို မရယူနိုင်သေးသည့် ပုဂ္ဂိုလ်များသည်လည်း ကောင်းမှုကုသိုလ်ကံများကို မည်မျှပင်ပြုလုပ်ထားကြစေကာမူ အပါယ်လေးပါးနှင့် လွတ်ကင်းရလိမ့်မည်ဟု စိတ်ချယုံကြည်၍ မရပါ။ သာဓကအနေဖြင့် တင်ပြရသော် စေတီပေါင်း၊ ရေတွင်းရေကန်ပေါင်း ရှစ်သောင်းလေးထောင်စီ လှူဒါန်းထားခဲ့သော သီရိဓမ္မာသောကမင်းကြီးသည် စုတေစိတ်ကျခါနီးအချိန်၌ မြေးတော်၏ ထီးနန်းသိမ်းပိုက်ခြင်းကို ခံထားရသဖြင့် ဧကရာဇ်ဘုရင်မင်းကြီး ဖြစ်ပါလျှက် ဆေးအဖြစ်ငုံထားရသော သျှစ်သျှားသီးအပိုင်းလေးမျှကိုသာ ပိုင်ဆိုင်ထားရတော့သည့်အဖြစ်ကို စိတ်အာရုံရောက်ပြီး တွေဝေသည့် မောဟစိတ်ဖြင့် သေဆုံးခဲ့ရသဖြင့် စပါးကြီးမြွေဘ၀သို့ ရောက်ရှိသွား ခဲ့ကြောင်း တွေ့ရပါသည်။ နောက်ဆုံး သားဖြစ်သူ ရဟန္တာက ကယ်ချွတ်မှသာ မြွေဘ၀မှ ကျွတ်လွတ်ကာ နတ်ပြည်သို့ ရောက်သွားခဲ့ရပါသည်။

ထိုနည်းတူစွာပင် ကုသိုလ်ပြုရာအရာ၌ တဖက်သားများ မတုပနိုင်အောင် လှူဒါန်းအပ်သော အသဒိသဒါန အလှူကြီးကို ပြုလုပ်နိုင်ခဲ့သူ မလ္လိကာမိဖုရားကြီး (ပေဿနဒီ ကောသလမင်းကြီး၏ မိဖုရား) သည် သေဆုံးခါနီးအချိန်၌ ဘုရင်ကြီးကို လိမ်ပြောမိခဲ့သည့် အကုသိုလ်ကံစိတ်ဇောဖြင့် သေလွန်ခဲ့သဖြင့် အ၀ီစိ ငရဲ၌ ၇-ရက် ကျခံခဲ့ရပါသည်။ ငရဲမှလွတ်မှသာ နတ်ပြည်သို့ ရောက်ရှိသွားခဲ့ရပါသည်။

သို့ပါ၍ လူသားတို့သည် ကုသိုလ်ကောင်းမှုများကို မည်မျှပင်ပြုလုပ်ထားစေကာမူ အနည်းဆုံး သောတာပတ္တိမဂ် ရသည်အထိ ၀ိပဿနာဘာဝနာကို အားထုတ်ပွားများထားခြင်းမရှိပါက အပါယ်လေးပါးနှင့် မလွတ်ကင်းနိုင်သေးသည်ကို ဆင်ခြင်သတိမူသင့်ကြပါသည်။

ဆင်ခြင်သတိရှိကြပါ---
ဝဋ်မှာအမြဲ၊ ငရဲမှာ အပ ဆိုသည့် အထက်ပါ တင်ပြချက်များကို အကျဉ်းချုံးတင်ပြရသော်-
* မကောင်းမှု အကုသိုလ်ကံများ ကျူးလွန်သူသည် ငရဲအပါအ၀င် အပါယ်လေးဘုံသို့ ကျရောက်ရမည်သာ ဖြစ်သည်။
* ငရဲသို့ ကျရောက်ရမည့် သူပင်ဖြစ်လင့်ကစား အာသန္နကံတည်းဟူသော သေခါနီးအချိန် ကြားဖြတ်ဖြစ်ပေါ် လာသည့် စိတ်ဇောသည် ကုသိုလ်စိတ်၊ ကုသိုလ်အာရုံစိတ်ဇောဖြင့် သေလွန်ခဲ့သည်ရှိသော ပဉ္စာနန္တရိယကံ (ဂရုကကံ)ကြီးကို ကျူးလွန်ထားမှု မရှိပါက ထိုသူသည် ငရဲကိုအပပြု၍ သုဂတိဘုံသို့ ရောက်မည်ဖြစ်သည်။ ကုသိုလ်ကံကြီး ဟူသော လှေကြီးပေါ်တွင် အကုသိုလ်ကံများ ဖြစ်သည့် ကျောက်ခဲများကို တင်ထားနိုင်ခြင်းဖြင့် ကျောက်ခဲများ မမြှုပ်နိုင်သည့် သဘော ဖြစ်ပါသည်။
*သုဂတိဘုံ၌ ငရဲကိုအပပြု၍ ရောက်နေသောသူသည် ကုသိုလ်ကံအရှိန် ကုန်ပါလျှင် မလွဲမသွေ ဒုဂ္ဂတိဘုံသို့ ပြန်ကျရပါမည်။
* ငရဲကျရောက်ရမည့် အကုသိုလ် မကောင်းမှုကို ကျူးလွန်ပြုလုပ်ထားသည့်တိုင် ၀ိပဿနာဘာဝနာကို အနည်းဆုံး သောတာပတ္တိမရ် ရရှိသည့်တိုင်အောင် ကျင့်ကြံပွားများ အားထုတ်ခြင်းဖြင့် ငရဲကျအပါအ၀င် အပါယ်လေးဘုံကို အပြီးပိုင် အပပြုနိုင်ပါသည်။
* ကုသိုလ်ကံများ အများအပြား ပြုလုပ်ထားသည့်တိုင် သောတာပတ္တိမဂ်ကို မရရှိထားပါက သေခါနီးအချိန် အကုသိုလ် မကောင်းမှုစိတ်ဇော တခုခုဖြင့် ကွယ်လွန်ခဲ့သည်ရှိသော် အပါယ်လေးဘုံသို့ ကျရောက်သွား နိုင်ပေသည်။
* အကုသိုလ် မကောင်းမှုကံကြောင့် ငရဲကျရသူသည် ငရဲ၌ ဒုက္ခဆင်းရဲမှုများစွာကို ခံ၍ လွတ်လာခဲ့သည်တိုင် ထိုအကုသိုလ်ကံ၏ အကျိုးဆက်ဖြစ်သော ၀ဋ်ကြွေးသည် ဘ၀အဆက်ဆက်၌ အခွင့်သာသလို လိုက်ပါ၍ ၀ဋ်မှာအမြဲ ဆိုသည့်အတိုင်း ခံရပေဦးမည်ဖြစ်သည်။

သို့ပါ၍ အထက်ပါ အကြောင်း အချက်များကို ဆင်ခြင်သတိဖြင့် အနှစ်ချုပ်၍ အောက်ပါအတိုင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

* မကောင်းမှု ဟူသမျှကို ပြုလုပ် ပြောဆို၊ ကြံစည်ခြင်း လုံးဝမရှိအောင် ရှောင်ကြဉ်ကြရပါမည်။ (မကောင်းမှုကိုရှောင်)
* ကောင်းမှုဟူသမျှကို အမြဲတမ်းပြုလုပ်၊ ပြောဆို၊ ကြံစည်မိအောင် ကြိုးပမ်းရွက်ဆောင်ကြရပါမည်။(ကောင်းမှုကို ဆောင်)
* အဓိကအားဖြင့် မကောင်းမှုကို ရှောင်၊ ကောင်းမှုကို ဆောင်ပြီး ယခုဘ၀တွင်ပင် ၀ိပဿနာဘာဝနာကို ဖိဖိစီးစီး ပွားများ အားထုတ်ခြင်းဖြင့် သောတာပတ္တိမဂ်ကို ရရှိသည့်တိုင်အောင် အနိမ့်ဆုံး ရည်မှန်းချက်ထား၍ ကြိုးပမ်းရွက်ဆောင်ကြရပါမည်။

မြင့်သိန်းအောင် (၁၉-၁-၂၀၁၀)
(နိုင်ငံဂုဏ်ရည် မဂ္ဂဇင်း ၂၀၁၀-ခု ဖေဖော်ဝါရီလ)

No comments: