Tuesday, November 16, 2010

ဆေးအလှူ

စာရေးသူ ရဟန်းမ၀တ်မီက မဂ္ဂဇင်းတအုပ်တွင် ဆောင်းပါးအချို့ ရေးခဲ့ဖူးသည်။ စာရေးသူသည် စာမူခငွေနှင့် အစာကြေဆေး၊ ဒဏ်ကြေ အကြောဖြေ လိမ်းဆေး၊ အားဆေးများဝယ်ပြီး မိဘနှစ်ပါးနှင့် အဒေါ်များကို ထိုဆေးများနှင့် ကန်တော့သည်။ ဆေးလှူခဲ့သည်။

စာရေးသူသည် ဇာတိရွာမှ မြို့သို့ ဗလာစာအုပ်အဟောင်းများ ရောင်းရန် သွားခဲ့သည်။ သူငယ်ချင်းတဦးလည်း ပါသည်။ သူသည် ကျန်းမာရေးမကောင်းသည့်အတွက် ဆေးခန်းသို့သွားရသည်။ စာရေးသူသည် ဗလာစာအုပ်အဟောင်းများ ရောင်းရသည့်ငွေကို သူငယ်ချင်းအတွက် ဆေးဖိုးအဖြစ် လှူပစ်ပါသည်။ စာရေးသူလည်း ထိုစဉ်က ရင်ထဲတွင် ဆေးဖိုးအလှူဒါန ပီတိများ ဖြစ်ပွားခဲ့ပါသည်။

ထို့ပြင် စာရေးသူသည် သူငယ်ချင်း ကိုတင်ထွန်းမောင်နှင့် အစာကြေဆေးများ ကိုယ်တိုင် ဖော်စပ်ခဲ့ပြီး ရွာထဲရှိ အစာအိမ်နှင့် ပတ်သက်သော ရောဂါရှိသူများကို ဆေးဒါနပြု လှူဒါန်းခဲ့ပါသည်။
ယခု ရဟန်းဖြစ်သည့်အချိန်တွင်လည်း ဆေးလိုအပ်သော ရဟန်းအချို့ကို အားဆေး၊ ဒဏ်ကြေအကြောဖြေ လိမ်းဆေး၊ အစာကြေဆေးများ လှူခဲ့ပါသည်။

စာရေးသူ ရဟန်းဖြစ်သည်မှာ ၁၀-၀ါရှိပြီဖြစ်သည်။ ၁၀-၀ါအတွင်း အားနည်းသည့်ရောဂါ၊ ဖျားနာသည့် ရောဂါ၊ သွေးတိုးရောဂါ၊ ကိုယ်လက်ကိုက်ခဲသည့် ရောဂါများ ဖြစ်ခဲ့သည်။ ရောဂါဖြစ်နေသည့် အချိန် လိုအပ်နေသော ဆေးဝါးများကို လှူမည့်သူများ ရှိလာခဲ့သည်။ စာရေးသူက နှုတ်ကဖွင့် အလှူမခံဘဲနှင့် ကျောင်းသို့လာကာ လှူခြင်းဖြစ်သည်။

တူသောအကျိုးပေး ကံ-ကံ၏အစွမ်းကို အံ့မခန်း ယုံကြည်နေမိပါတော့သည်။

အရှင်ဥဇ္ဇယ
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇွန်လ)

No comments: