Thursday, November 11, 2010

ရင်သွေးငယ်နဲ့ အရေပြား ပြဿနာ

ရင်သွေးငယ်များရဲ့ အသားအရေနုနုလေးမှာ အဖုအပိန့်လေးများ ပေါက်လေ့ရှိတာ မဆန်းပါဘူး။ အများအပြားကတော့ ရောဂါမဟုတ်သလို ဆရာဝန်ပြဖို့လည်း မလိုပါဘူး။ ဒါပေမယ့် မိခင်တယောက်အနေ နဲ့တော့ အဖုအပိန့်ကလေးများကိုကြည့်ကာ လိုအပ်တဲ့ဆေးဝါး ကုသပေးတတ်ဖို့နဲ့ ဆောင်ရန်၊ ရှောင်ရန် လေးများ သိထားသင့်ပါတယ်။

ရေကျောက်ရောဂါ-
ကျောက်ကြီးရောဂါဟာ ကမ္ဘာကြီးပေါ်မှာ မရှိတော့ပေမယ့် ရေကျောက်ရောဂါကတော့ ကျန်နေဆဲရှိပါတယ်။
ရေကျောက်ဖုလေးများဟာ ကလေးရဲ့ရင်ဘတ်နဲ့ ကျောဘက်မှာ သေးငယ်တဲ့ အနီအစက်ကလေးများအဖြစ် စတင်ပေါ်ပေါက်လာလေ့ရှိပါတယ်။ နာရီပိုင်းအတွင်းမှာ အရည်ကြည်ဖုလေးများ ဖြစ်လာကြပြီး ထိမိရင် အလွယ်တကူပေါက်သွားပါတယ်။ အဖုလေးများဟာ လက်မောင်း၊ မျက်နှာ၊ ခြေထောက်နဲ့ ဦးရေပြားထိအောင် ပျံ့နှံ့လာခဲ့ပါတယ်။ အဖုလေးများ အုပ်စုလိုက် ပေါက်လေ့ရှိပြီး ပေါက်သွားပြီးတဲ့ အနာလေးနေရာမှာတော့ ယားယံတဲ့ အနာရွတ်လေးများဟာ တပတ်လောက် ကျန်ခဲ့လေ့ရှိပါတယ်။

အနီဖုလေးများ ပေါက်တဲ့အချိန်မှာ တခြားတွေ့ရနိုင်တဲ့ လက္ခဏာများကတော့ ကလေးကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ချောင်းဆိုးခြင်းတို့ပါပဲ။

အိမ်မှာပြုစုဖို့ကတော့ အဖုအပိန့်လေးများကို Calamine အရည် သို့မဟုတ်-ရေနွေးဝတ်လေးနဲ့ မကြာခဏ တို့ပြီး သန့်စင်ပေးဖို့ပါပဲ။ ယားယံတာ ပျောက်စေချင်ရင် မုန့်လုပ်ရာမှာ သုံးတဲ့ ဆားဆိုဒါ လက်ဖက်ရည်ဇွန်း တဇွန်းကို ရေမှာဖျော်ပြီး အဖုအပိန့်လေးများကို တို့ပေးခြင်းဖြင့် ယားယံတာ သက်သာစေနိုင်ပါတယ်။ ကိုယ်ပူဖျားတာ ပျောက်ဖို့အတွက်တော့ ပါရာစီတမောလေး တိုက်ပေးနိုင်ပါတယ်။

ကလေး ကိုယ်ပူပြင်းထန်လွန်းလျှင်သော်၎င်း၊ ကလေး မနေနိုင်အောင် အဖုအပိန့်များက ယားယံနေလျှင် သော်၎င်း ဆရာဝန်ထံပြသပါ။ တခါတရံမှာတော့ အဖုအပိန့်ထဲကို ပိုးဝင်ပြီး ပြည်တည်နာများ ဖြစ်လာတတ်တဲ့အတွက် ပိုးသတ်ပဋိဇီဝဆေးများ လိုအပ်တတ်ပါတယ်။

ရောဂါလက္ခဏာ ပြင်းထန်လွန်းပြီး ကူးစက်မှုများနေရင်တော့ Acyclovir ဆေးပြားကို ၇၂-နာရီအတွင်း တိုက်ကျွေးနိုင်ပါတယ်။ တခါတရံ ရေကျောက်ရောဂါ ပြင်းထန်ရာက နျူမိုးနီးယားရောဂါ ၀င်သွားတာလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။


ခြေ၊ လက်နဲ့ ပါးစပ်တို့မှာ ဖြစ်တဲ့ ရောဂါများ-
အရေပြား အဖုအပိန့်များကို ပါးစပ်၊ လျှာ၊ လည်ချောင်း၊ နှုတ်ခမ်း၊ လက်ချောင်း၊ လက်ဖ၀ါးနဲ့ ခြေချောင်းလေးများမှာ ပေါက်တာကိုလည်း ကလေးများမှာ မကြာခဏတွေ့ရတတ်ပါတယ်။ တခါတရံ ပါးစပ်က အပိန့်များကြောင့် ကလေးဟာ ပါးစပ်နာနေတတ်ပါတယ်။

ပူးတွဲတွေ့နိုင်တဲ့ လက္ခဏာကတော့ ကိုယ်ပူခြင်း၊ ပါးစပ်နာလို့ အရည်တောင် မသောက်တဲ့အတွက် အရည်ခန်းခြောက်ခြင်း၊ လည်ချောင်းနာခြင်းနဲ့ တခါတရံ ၀မ်းသွားခြင်း၊ အန်ခြင်းတို့ တွေ့ရတတ်ပါတယ်။
အိမ်မှာပြုစုတဲ့အခါ ကျွေးမွေးတဲ့ အစားအစာဟာ အပူအစပ်မပါ အလွယ်တကူမျိုချလို့လွယ်မဲ့ အစာပျော့ပျော့ ဖြစ်ဖို့ပါပဲ။

ကလေးဟာ ခြောက်နာရီကျော်ကြာအောင် အစာမစား၊ အရည်မသောက်ဘဲနေပြီး အရည်ခန်းခြောက်တဲ့ လက္ခဏာရှိလာရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။


ဝက်သက်-
ဝက်သက်ရောဂါ ကာကွယ်ဆေးကို အသက် ကိုးလ အရွယ်ရောက်လာတဲ့ကလေးတိုင်း ထိုးဖို့ မြန်မာနိုင်ငံ ကျန်းမာရေးဌာနက စီမံချက်နဲ့ ဆောင်ရွက်ပေးနေပါတယ်။ ရောဂါလက္ခဏာများကတော့ ပါးစောင်အတွင်းမှာ အဖြူရောင် အစက်ကလေး အရင်ဆုံး ပေါ်ပြီးတဲ့နောက် ပန်းရောင်အစက်လေးများ နားရွက်နောက်မှာ ပေါက်လာပါတယ်။ ဒီနောက်မှာတော့ အစုအပြုံလိုက် အဖုအပိန့်များထွက်လာပါတော့တယ်။ ပန်းရောင်သန်းတဲ့ အစက်အပျောက်ကလေးများ တဖြည်းဖြည်းညိုလာပါတယ်။

အတူတွဲပြီးတွေ့ရတဲ့ လက္ခဏာတွေကတော့ ကလေး ကိုယ်ပူကြီးမယ်၊ မျက်စိနီရဲပြီး နာမယ်၊ နှာရည်ယိုမယ်၊ ချောင်းခြောက်တွေ ဆိုးမယ် စတာတွေပါပဲ။

အိမ်မှာပြုစုဖို့ လိုအပ်တာက အဖျားကျဖို့အတွက် ပါရာစီတမော တိုက်ပါ။ မျက်စိကို ရေစွတ်ထားတဲ့ ဂွမ်းတို့ဖတ်လေးနဲ့ တို့ပေးပါ။ မျက်စိနာ သက်သာစေဖို့ မျက်စဉ်းခတ်ပေးနိုင်ပါတယ်။

ဝက်သက်အဖုအပိန့် စထွက်ကတည်းက ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါပဲ။ သုံးရက်အတွင်း အဖျားမကျဘူး၊ နားနာမယ်၊ ကလေးညှိုးငယ်နေမယ်၊ မလန်းဆန်းဘူးဆိုရင် ဆရာဝန်နဲ့ ထပ်မံပြသဖို့ လိုပါတယ်။ တခါတရံ ဦးနှောက်ရောင်တဲ့အထိ ခံစားရတတ်တာမို့ အရေးကြီးပါတယ်။


သတိပြုသင့်တဲ့ အရေးကြီးအချက်ကတော့-
ဝက်သက်မဟုတ်တဲ့ ၀က်သက်အတု ရောဂါနဲ့ မမှားဖို့ပါပဲ။ ၀က်သက်အတုမှာက ပါးစောင်မှာ အဖြူရောင်အစက်လေး မရှိပါဘူး။ မျက်စိ နီခြင်း၊ မျက်ရည်ယိုခြင်း မရှိပါဘူး။ အသက် နှစ်နှစ်အောက် ကလေးများမှာ ဖြစ်လေ့ရှိပါတယ်။ ၀က်သက်တုရောဂါ တော်တော်များများကို ၀က်သက်လို့ မှားယွင်းထင်တတ်ကြပါတယ်။ ဒါပေမယ့် ၀က်သက်လို့ထင်တာတဲ့ ဆရာဝန်ကို ပြသမယ်ဆိုရင်တော့ အန္တရာယ် ကင်းစေပါတယ်။


ဂျာမန် ၀က်သက်-
ဒီရောဂါကတော့ ခန္ဓာကိုယ်နဲ့ မျက်နှာပြင်အနှံ့မှာ သေးငယ်တဲ့ ပန်းရောင်အစက်လေးများအဖြစ် စတင်လေ့ရှိပါတယ်။
တခြားရောဂါလက္ခဏာတွေ အနေနဲ့ နားရွက်နောက်နဲ့ လည်ကုပ်တို့မှ အကျိတ်တွေကြီးပြီး ရောင်နေတာတွေ့ရပါတယ်။ အဖျားအနည်းငယ် ရှိတတ်ပါတယ်။ နှာရည်ယိုတတ်ပါတယ်။

အိမ်မှာပြုစုပေးဖို့ကတော့ ဘာမှထူးထူးထွေထွေ မရှိပါဘူး။ ရောဂါအပျော့စားလေးပဲ ဖြစ်ပြီး သူ့အလိုလို တပတ်အတွင်း ပျောက်သွားမှာပါ။ ကိုယ်ပူတာ စိုးရိမ်ရင်တော့ ပါရာစီတမောလောက် တိုက်ပေးနိုင်ပါတယ်။


နှင်းခူ-
အနီရဲရဲ အဖတ်ဖတ်လေးတွေနဲ့ အရေပြားလျော့တွဲ နေရာများမှာ ဖြစ်တတ်တဲ့ အရေပြားရောဂါ ပြဿနာတခုပါပဲ။ ဒူးနောက် တံကောက်ကွေး၊ ပေါင်ခြံနေရာ၊ နားနောက်၊ လက်ကောက်ဝတ် ပတ်လည်နဲ့ တံတောင်ဆစ်ကွေးတို့လို နေရာများမှာ ဖြစ်လေ့ရှိပါတယ်။ တခါတရံ မျက်နှာ၊ လည်ပင်း၊ ခန္ဓာကိုယ်ပိုင်းနဲ့ ဦးခေါင်း ဦးရေတို့ကိုပါ ပျံ့သွားတတ်တာ ရှိပါတယ်။

အတူတွဲ လက္ခဏာတွေကတော့ ယားယံခြင်းနဲ့ ကုတ်ခြစ်ရာမှ ပိုးဝင်ခြင်းတို့ပါပဲ။
အိမ်တွင် ပြုစုခြင်းအဖြစ် ဆပ်ပြာသုံးပြီး ရေမချိုးပေးပါနဲ့။ Oilatum လို အရည်ပြားသန့်စင်ဆေးရည်ကို သုံးပါ။ အရေပြားနဲ့ ပွတ်မိ၊ ထိမိရင် ယားယံစေနိုင်တဲ့ အ၀တ်များကို မ၀တ်ပေးပါနဲ့။ ယားယံလို့ ကုတ်မိစေနိုင်တဲ့ အတွက် လက်သည်းကို တိုတိုညှပ်ထားပေးဖို့ လိုပါတယ်။

ကလေးဟာ အိပ်မရအောင် ယားယံလွန်းနေရင် ဆရာဝန်ပြသပါ။ ဆရာဝန်က လိုအပ်တဲ့ လိမ်းဆေးများ ပဋိဇီဝဆေးများ ပေးပါလိမ့်မယ်။

အင်္ဂါစပ် ယားယံခြင်း-
ကလေးရဲ့ စအိုနဲ့ အင်္ဂါစပ်တ၀ိုက် နီရဲခြောက်သွေ့ပြီး ရောင်ရမ်းနေတတ်တဲ့ အရေပြားပြဿာနာ တခုပါပဲ။ တွဲလျက် တွေ့ရမယ့်ရောဂါလက္ခဏာ ကတော့ ယားယံခြင်းပါပဲ။

အိမ်တွင် ပြုစုခြင်းအဖြစ် ကလေးအောက်ပိုင်းကို ဘာအ၀တ်မှ မ၀တ်ပေးဘဲ ထားရပါမယ်။ Drapolene လို ပိုးသတ်ဆေးကို လိမ်းပေးရပါမယ်။ Dimethicone သို့မဟုတ်-Zinc နှင့် Castor လိမ်းဆေးများလည်း သုံးစွဲပေးနိုင်ပါတယ်။ ဒီဆေးများကတော့ ၀မ်း၊ ဆီးများနဲ့ ကလေးရဲ့ နုနယ်တဲ့အရည်ပြား မထိတွေ့ရအောင် တားဆီးကာကွယ်ပေးပါတယ်။

ဒီရောဂါ ငါးရက်ထက်ပိုကြာနေမယ်ဆိုရင် ဆရာဝန်ထံ သွားပြဖို့ လိုပါတယ်။ သို့မဟုတ်- မှိုပိုးဝင်လို့ အ၀ါရောင် အစက်အပြောက်များ ဖြစ်လာခဲ့ရင်လည်း ဆရာဝန်ထံ ပြသရပါမယ်။ ဆရာဝန်က လိုအပ်တဲ့ မှိုပိုးသေ ဆေးနဲ့ ရောင်ရမ်းနာပျောက်ဆေးများပေးကာ ကုသပေးပါလိမ့်မယ်။
Ref: The Singapore Womes's Weekly, April, 2000.

ဒေါက်တာ မာမာဆွေ
( လိုက်ဖ်စတိုင်လ် ၂၀၀၁-ခု ဇန်န၀ါရီလ)

No comments: