Tuesday, November 9, 2010

နိယတဗျာဒိတ်ရ အကျိုးများ

နိယတဗျာဒိတ်ရ ဘုရားအလောင်းတော်တို့သည် အောက်ပါ အကျိုးများကို ရကြကုန်၏။
၁။ အ၀ီစိငရဲ၌ မဖြစ်ကြရခြင်း။
၂။ လောကန္တရိတ်ငရဲတို့၌ မဖြစ်ကြရခြင်း။
၃။ နိဇ္ဈာမတဏှိက ပြိတ္တာ (တကိုယ်လုံး မီးလောင်အပ်သဖြင့် တပ်မက်ခြင်းတဏှာ မရှိသော ပြိတ္တာ) တို့ မဖြစ်ကြရခြင်း။
၎။ ခုပ္ပိပါသ ပြိတ္တာ (အမြဲဆာလောင်မွတ်သိပ်နေသော ပြိတ္တာ) တို့ မဖြစ်ကြရခြင်း။
၅။ ကာလကဉ္စိက အသုရာတို့ မဖြစ်ကြရခြင်း။
၆။ ငုံးအောက်ငယ်သော သတ္တ၀ါကလေးတို့ မဖြစ်ကြရခြင်း။
၇။ ပဋိသန္ဓေအားဖြင့် ကန်းသူတို့ မဖြစ်ကြရခြင်း။
၈။ သောတပသာဒ ချို့တဲ့သူ (နားမကြားသူ) တို့ မဖြစ်ကြရခြင်း။
၉။ အ,သူ၊ ဆွံ့သူတို့ မဖြစ်ကြရခြင်း။
၁၀။ မိန်းမအဖြစ်သို့ မရောက်ကြရခြင်း (မိန်းမ မဖြစ်ကြရခြင်း)။
၁၁။ ဥဘတောဗျည်း, ပဏ္ဍုက်တို့ မဖြစ်ကြရခြင်း။
၁၂။ ပဉ္စာနန္တရိယကံတို့မှ ကင်းလွတ်ကြရခြင်း။
၁၃။ မိစ္ဆာဒိဋ္ဌိ (အယူမှား) ကို မယူကြခြင်း။
၁၄။ ကမ္မဿကတာဉာဏ် ရှိကြခြင်း။
၁၅။ အသညသတ်ဘုံ၌ မဖြစ်ကြခြင်း။
၁၆။ သုဒ္ဓါဝါသဘုံတို့၌ မဖြစ်ကြခြင်း။
၁၇။ နေက္ခမ္မဓာတ်ခံ ရင့်သန်၍ တောထွက်ဖို့ရန်သာ ကိုင်းညွတ်သော စိတ်ရှိကြခြင်း။
၁၈။ ဘ၀အဖုံဖုံ စုံဆန်ကာ ဖြစ်ကြရသော်လည်း သတ္တလောက၏ အကျိုးစီးပွားကို ကျင့်ကုန်လျက် အလုံးစုံသော ပါရမီတို့ကို ဖြည့်ကျင့်ကြခြင်း။( ဗုဒ္ဓ၀ံသ အဋ္ဌကထာ၊ ဂေါတမဗုဒ္ဓ၀ံသ ၀ဏ္ဏနာ၊ ၃၁၆)

(တနည်း)
သုတ္တနိပါတ် အဋ္ဌကထာ၌လာသော နိယတဗျာဒိတ်ရ ဘုရားအလောင်းတို့ မဖြစ်ထိုက်သော အရာဌာန ၁၈-ပါးကား-
၁။ ပဋိသန္ဓေအားဖြင့် မျက်စိကန်းသူ မဖြစ်ခြင်း။
၂။ ပဋိသန္ဓေအားဖြင့် နားပင်းသူ မဖြစ်ခြင်း။
၃။ ရူးသွပ်သူ မဖြစ်ခြင်း။
၎။ အ,သောသူ မဖြစ်ခြင်း။
၅။ ခြေ, လက် ဆွံ့သောသူ (လမ်းမသွားနိုင်သူ) မဖြစ်ခြင်း။
၆။ လူရိုင်း မဖြစ်ခြင်း။
၇။ ကျွန်မ၀မ်း၌ မဖြစ်ခြင်း။
၈။ နိယတမိစ္ဆာဒိဋ္ဌိရှိသူ မဖြစ်ခြင်း။
၉။ လိင်မဖောက်ပြန်ခြင်း။ (ယောက်ျားအဖြစ်မှ မိန်းမအဖြစ်သို့ ပြောင်းလွဲ၍ မဖြစ်ဟု ဆိုလိုသည်)။
၁၀။ ပဉ္စာနန္တရိယကံတို့ကို မကျူးလွန်ခြင်း။
၁၁။ နူနာရှိသူ မဖြစ်ခြင်း။
၁၂။ တိရစ္ဆာန်ဘ၀၌ ဖြစ်စေကာမူ ငုံးအောက်ငယ်သော(နှံစုတ်ငှက်အောက် ငယ်သော) သတ္တ၀ါမဖြစ်ခြင်း။
(သီဟိုဠ်မူ၌ကား ဆင်ထက်ကြီးသော သတ္တ၀ါ မဖြစ်-ဟုလည်း ပါရှိ၏။)
၁၃။ ခုပ္ပိပါသိက ပြိတ္တာ, နိဇ္ဈာမတနိက ပြိတ္တာ, ကာလကဉ္စိက အသုရာတို့ မဖြစ်ခြင်း။
၁၄။ အ၀ီစိငရဲနှင့် လောကန္တရိတ်ငရဲတို့၌ မဖြစ်ခြင်း။
၁၅။ ကာမာဝစရနတ်ဘုံတွင် မာရ်နတ် မဖြစ်ခြင်း။
၁၆။ ရူပါဝစရဘုံတွင် အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါဝါသဘုံတို့၌ မဖြစ်ခြင်း။
၁၇။ အရူပဗြဟ္မာဘုံတို့၌ မဖြစ်ခြင်း။
၁၈။ တပါးသော စကြာဝဠာသို့ ပြောင်း၍ မဖြစ်ခြင်း တို့တည်း။

ဦးဇောတာလင်္ကာရ-ရေး ပိဋကတ်မှတ်စု နှာ-၂၄၉)

No comments: