Thursday, November 11, 2010

အစာအိမ်တ၀ိုက်တွင် ဖြစ်ပွားတတ်သော အစာအိမ်နာနှင့် အူသိမ်နာ

အူများသည် အစာအိမ်နည်းတူ အရေးကြီးသော အစာချေအင်္ဂါ အစိတ်အပိုင်းများဖြစ်သည်။ အူများကို အူသိမ်အစပိုင်း၊ အူသိမ်နှင့် အူမကြီး ဟူ၍ အဓိကအားဖြင့် သုံးပိုင်းခွဲခြားထားပါသည်။ အစာများ လုံးဝကြေညက်သွားအောင် ချေပေးခြင်းနှင့် ကြေပြီးသော အစာအာဟာရများ စုပ်ယူခြင်းတို့ကို အူများကသာ ပြုလုပ်ပေးနိုင်သည်။ အစာအိမ်နှင့် ဆက်လျက်ရှိသော အူသိမ်အစပိုင်း (Duodenum)မှာ (၁၀)လက်မခန့်သာ ရှည်သော်လည်း အစာချေခြင်းတွင် အလွန်အရေးပါသည်။ ယင်းသည် အစာအိမ်နောက်ရှိ ပန်ကရိယ (Pancreas) မှ လာသော အစာခြေရည်နှင့် သည်းခြေအိတ်မှ လာသော သည်းခြေရည်များကို လက်ခံသည်။ အစာများကို လုံးဝကြေသွားအောင် ချေရန်နှင့် ကြေပြီးသော အစာအာဟာရများ၊ ရေ၊ သတ္တု၊ ဓာတ်ဆား၊ နှင့် ဗီတာမင်များကို စုပ်ယူ၍ သွေးကြောထဲ ပို့ပေးရန် အူသိမ်များက ဆက်လက်တာဝန်ယူကြရသည်။

အစာအိမ်တ၀ိုက်တွင် ဖြစ်ပွားတတ်သော အဓိကရောဂါ နှစ်မျိုးနှစ်စား ရှိပါသည်။ ယင်းတို့မှာ အစာအိမ်နာနှင့် အူသိမ်နာတို့ဖြစ်သည်။ အူသိမ်နာမှာ အစာအိမ်ရောဂါထက် ပိုမိုအဖြစ်များပြီး ပိုမိုဆိုးဝါးပါသည်။ အူသိမ်နာမှာ အစာအိမ်မှ အက်စစ်နှင့် ပက်(ပ)ဆင်အင်ဇိုင်း ထွက်ရှိမှုများပြား၍ ဖြစ်ရခြင်းဖြစ်ပြီး အစာအိမ်နာမှာမူ အစာအိမ်နံရံများ၏ အက်စစ်များအပေါ် ခုခံနိုင်မှု စွမ်းအားလျော့နည်းသွားသောကြောင့် ဖြစ်သည်။

အစာအိမ်နာနှင့် အူသိမ်နာဖြစ်ပွားစေသောအကြောင်းရင်းများနှင့် လက္ခဏာများမှာ အများအားဖြင့် တူညီလေ့ရှိသည်။ အဓိကဖြစ်ပွားစေသော အကြောင်းရင်းများမှာ အစားအသောက် အချိန်မမှန်ခြင်း၊ သေရည် သေရက် အလွန်အမင်း သောက်စားခြင်း၊ ဆေးလိပ်သောက်လွန်းခြင်းနှင့် စိတ်ပူပန်သောကရှိခြင်းတို့ ဖြစ်သည်။

အစာအိမ်နာနှင့် အူသိမ်နာ ရှိသူတိုင်းသည် ရင်ညွန့်အောင့်နေတတ်ကြသည်။ အစာအိမ်အနာရှိသူမှာ အစာစားပြီးပြီးခြင်း ရင်ညွန့်ထဲအောင့်တက်လာတတ်ပြီး အူသိမ်နာဖြစ်ပွားနေသောသူမှာ အစာဆာလာသောအချိန်တွင် ရင်ညွန့်ထဲ အောင့်လာတတ်သည်။

အစာအိမ်နာရောဂါရှိသည်ဟု ယူဆခံစားရသော လူနာတဦးသည် ရင်ထဲ၌ တင်းနေပြီး အစားအသောက် ပျက်ကာ သွေးအန်သည့် အခြေအနေဖြစ်လာလျှင် ရင်ညွန့်တနေရာ၌ မသင်္ကာစရာ အလုံးအခဲတခုကို စမ်းသပ်မိလျှင် အခြေအနေဆိုးလာပြီ ဖြစ်သည်။ ဗိုက်အောင့်ခြင်း၊ လေပွလေထခြင်း၊ ၀မ်းချုပ်သွားခြင်း၊ စသည်တို့ဖြစ်ပွားပြီး အမည်းရောင် ပုပ်ပုပ် သွေးဝမ်းသွားပြီဆိုလျှင် အူသိမ်နာအခြေအနေ ဆိုးလာပြီဖြစ်သည်။ ထိုအခြေအနေမျိုး ဖြစ်ပေါ်ခံစားလာပါက ဆေးဝါးကုသမှုကို အမြန်ဆုံးခံယူရမည်ဖြစ်သည်။

အစာအိမ်နာကို ကောင်းမွန်စွာ ပျောက်ကင်းအောင် မကုသဘဲ ရေရှည်တွင် အခြေအနေပိုမို ဆိုးဝါးလာပါက အစာအိမ်ကင်ဆာအဖြစ် ပြောင်းလဲဖြစ်ပွားတတ်ပါသည်။ ထို့ကြောင့် ရောဂါဖြစ်ပွားစ လူနာများသည် ကင်ဆာရောဂါအဆင့်သို့ မရောက်မီ ပေါ့ပေါ့ဆဆ မနေဘဲ ဆောလျင်စွာ ပျောက်ကင်းစေရန် ဆေးဝါးကုသမှုများကို အမြန်ဆုံးပြုလုပ်သင့်ပေသည်။

Kremil-S မှ စီစဉ်ပါသည်။
(လိုက်ဖ်စတိုင်လ် ၂၀၀၁-ခု ဇန်န၀ါရီလ)

No comments: