Monday, November 15, 2010

အကျိုးပေးမြန် ကုသိုလ်ကံ

၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ၏ နေ့တနေ့တွင် ကျွန်တော်၏ အဘိုးအဘွားများနေထိုင်သည့် ရွာသစ်တခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ည ၈-နာရီခန့်တွင် စလောင်ရာ မီးမသတ်နိုင်ဘဲ အိမ် ၁၄-အိမ် မီးထဲပါသွား ပါသည်။ ကျွန်တော်တို့မှာ ရွာသစ်သို့ မပြောင်းသေးဘဲ ရွာဟောင်းတွင် နေထိုင်သောကြောင့် မီးလောင်ရာ၌ နေအိမ် ပါမသွားခဲ့ပေ။ ကျွန်တော်၏ အဘိုးအဘွားများနှင့် အခြားသူများသည် ရေဘေးဒဏ်ကို မခံနိုင်ဘဲ အိမ်ကမ်းပါးများ ပြိုကျသဖြင့် ရွာသစ်သို့ ပြောင်းသွားကြခြင်း ဖြစ်ပါသည်။ ချောင်းနှင့် နေအိမ် ဝေးသေးသော နေအိမ်အချို့ ရွာဟောင်းတွင် ကျန်ခဲ့ပါသည်။

မီးလောင်ခံရသည့် နေအိမ်များထဲတွင် ကျွန်တော့် အဘိုးအဘွားများ၏ နေအိမ်နှင့် ဘကြီး၏နေအိမ်တို့လည်း ပါဝင်လေသည်။ ကျွန်တော်၏ ဘကြီးမှာ မီးမလောင်ခင်ကတည်းက သားရှင်ပြု အလှူပွဲပြုလုပ်မည်ဟု ရည်မှန်းထားရာ ယခုကဲ့သို့ ဥစ္စာပစ္စည်းများ မီးထဲသို့ ပါသွားသော်လည်း အားမလျော့ဘဲ ဖြစ်သည့်နည်းဖြင့် အလှူပွဲကို ပြုလုပ်မည်ဟု ပြောပါသည်။ ထိုအလှူပွဲတွင် အဘိုးအဘွားများကလည်း ဆရာတော်တပါးပါးကို သိက္ခာထပ် ရဟန်းခံအလှူမင်္ဂလာ ပြုလုပ်လိုသည်ဖြစ်၍ မဖြစ်ဖြစ်သည့်နည်းဖြင့် ပါဝင်ခဲ့ပါသည်။

ကျွန်တော်၏ အကိုကြီးထံမှ ငွေအချို့နှင့် အခြားနေရာများမှ ငွေကြေးများကို စုပေါင်းကာ လွင်ကြီးကျောင်း ဆရာတော် အရှင်ပဏ္ဍိတကို သိက္ခာထပ် ရဟန်းခံမင်္ဂလာ ပြုလုပ်ခဲ့ပြီး ဆရာတော်အား သင်္ကန်းပရိက္ခရာ စုံလင်စွာဖြင့် သေတ္တာ ၁-လုံးနှင့် ၀တ္ထုသွေတသိန်းကျပ်ကို အဘိုးအဘွားများက အခက်အခဲကြားမှ လှူဒါန်းခဲ့ပါသည်။

ထိုသို့ ပြုခဲ့သည့် ကျွန်တော့်အဘိုးအဘွား ဒါနကုသိုလ်အကျိုးပေးက မြန်ဆန်လှပါသည်။ မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ကသာခရိုင်မှူးကြီး အင်းတော်မြို့နှင့် အနယ်နယ်အရပ်ရပ်မှ ဒါနကုသိုလ်ရှင်များ၏ လှူဒါန်းမှုတို့ကြောင့် စားစရာ ရိက္ခာပစ္စည်းများနှင့် အ၀တ်အထည်များ၊ အမိုးအကာများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ၊ များပြားစွာ ရရှိကြပါသည်။

ထူးခြားသည်မှာ ကျွန်တော့်ဘထွေးနှင့် ကျွန်တော့်အကိုကြီး ကိုအောင်သူငြိမ်းတို့ ရွှေလုပ်ငန်းမှ အောင်မြင်လာခဲ့သောကြောင့် အဘိုးအဘွားအတွက် အိမ်ကြီးတလုံးကို လပိုင်းအတွင်းမှာပင် ဆောက်လုပ်နိုင်ခဲ့ပါသည်။ ယခင်က သက်ငယ်မိုးဖြင့်သာ နေခဲ့ရသော်လည်း ယခုမူ အိမ်အမိုးတဖက်ကို သွပ်မိုးနိုင်ခဲ့သည့် အခြေအနေသို့ ရောက်လာခဲ့သည်။ အများဒါနပြုထားသည့် အ၀တ်အထည်များမှာလည်း ၀တ်၍ မကုန်နိုင်သဖြင့် အများကိုပင် ပေးကမ်းရသည်အထိပင် ဖြစ်ပါသည်။ ဤသည်တို့မှာ ဆရာတော်အား သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းမှုကြောင့်ဟု ယုံကြည်ယူဆမိပါသည်။
(ကျွန်တော့် ဘိုးဘွားများ၏ ဖြစ်ရပ်မှန်များကို တင်ပြပါသည်)

ကျော်ရဲသူ
(မြတ်မင်္ဂလာ ၂၀၁၀-ခု မေလ)

No comments: