Thursday, November 18, 2010

တူသောအကျိုး

ကျွန်မတို့ မောင်နှမ ၇-ယောက်စလုံးကို သည်အဖေ သည်အမေက မွေးခဲ့တာပါ။ သို့သော် အချို့က လှပြီး အချို့က အရုပ်ဆိုးသည်။ အချို့က အသားဖြူ၍ အချို့က မည်းသည်။ အချို့က ဆင်းရဲပြီး အချို့က ချမ်းသာသည်။ ဘာကြောင့်လဲဟု ဘုန်းကြီးဘ၀က လူဝင်စားဖြစ်ခဲ့သော ကျွန်မ စဉ်းစားမိသည်။

ထို့ကြောင့် ကျွန်မတို့မောင်နှမ ၇-ဦး၏ ပြုမူနေထိုင်ပုံများကို လေ့လာပြီး ၂၀၀၉-ခုနှစ် ဇူလိုင်လထုတ် မြတ်မင်္ဂလာစာစောင်မှာ မောင်လေးသေဆုံးပုံကို အမှန်အတိုင်း ဖော်ပြခဲ့ပါသည်။ ယခု ကျွန်မအမတယောက်၏ နောက်ဆုံးခရီးလေးကို ရင်နာစွာနှင့် ဖော်ပြလိုက်ပါသည်။

ကျွန်မ၏အမသည် အိမ်ထောင်ကျပြီး ရွှေတောင်မြို့တွင် နေထိုင်ပါသည်။ သားသမီး ၈-ယောက် မွေးပြီး ချက်နို့ဆီလုပ်ငန်းနှင့် ချမ်းချမ်းသာသာ နေထိုင်ရပါသည်။ သို့သော် အမတွင် ဆီးချိုရောဂါစွဲကပ်၍ မစားနိုင် မသောက်နိုင် တပိန်ပိန် တလိန်လိန်နှင့် ဖြစ်နေပါသည်။ အထူးကုဆရာဝန်ကြီးများနှင့် ကုသသော်လည်း မရပါ။ ခြေထောက်တွင် ခဲစူးမိသောအနာမှာ ဆီးချိုရှိ၍ မပျောက်တော့ဘဲ ကြီးသထက်ကြီးလာသည်။ ဆေးရုံကိုလည်း တက်လိုက်ဆင်းလိုက်နှင့် အကြိမ်ကြိမ်ပင် မိသားစုအားလုံးလည်း စိတ်ဆင်းရဲနေကြပါသည်။

မြန်မာတိုင်းရင်းဆေးနှင့်လည်း ကုပါသည်။ နောက်ဆုံး ဆရာဝန်များလက်လျှော့သည့်အခါ အိမ်သို့ပြန်ခေါ် လာပြီး အိမ်တွင်ပင် မိသားစုနှင့် သိုင်းသိုင်းဝိုင်းဝိုင်း ထားခဲ့သည်။ အမသည် အလှူဒါနကို မပြတ်ပြုသူ ဖြစ်သော်လည်း ၀ိပဿနာတရား အားမထုတ်ပါ။ ချမ်းသာသူဖြစ်၍ သူ့မိသားစုနှင့်သာ ပျော်ပျော်ကြီး နေထိုင်သူဖြစ်ပါသည်။

အမသည် အမဲသား အရမ်းကြိုက်သူဖြစ်သည်။ ကျွန်မတို့က အမဲသား မစားပါ။ အမကို ရှောင်ရန်ပြော သော်လည်း မရပါ။ နွားတကောင်လုံးကို ကြိုက်ပါသည်၊ နွားလျှာ၊ နွားမြီး၊ နွားခြေထောက်၊ ကလီစာ ဘာတခုမှ အလွတ်မပေးပါ။ ယခု အမ ဝေဒနာခံစားနေရသည့်အခါ နွားများကို မြင်နေရသည်ဟု မကြာခဏ ပြောသည်။ သူကတော့ အမဲသားစားချင်၍ အိပ်မက်လိုလို တကယ်လိုလို မြင်နေရသည်ဟု ပြောသည်။ ကျွန်မတို့ကတော့ အာသန္နကံ အကျိုးပေးမှာကို ကြောက်၍ အမအနီးတွင် အတတ်နိုင်ဆုံး ကောင်းမှုကုသိုလ်လုပ်သည့်အကြောင်း၊ ၀ိပဿနာအကြောင်းများကို ပြောပြသည်။

ရွှေတောင်မှာနေသော အမသည် ပြည်မြို့ ပြည်တော်အေး ရုပ်ရှင်ရုံ ရုံးလမ်းတွင် သေဆုံးသော ကုလားကြီး တယောက် သူ့ဆီလာသည်ဟု၎င်း၊ ဒေါ်လှရေ ကျွန်မလာခဲ့မယ်--သွားနှင့်--ဟူ၍၄င်း၊ မကြာခဏ ပြောဆိုပါ သည်။ ကျွန်မတို့လည်း ပရိတ်ရေများ ပက်ဖျန်း၍ သံဃာတော်များ ပင့်ဖိတ်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့ရသည်။ ဆရာတော်များ၏ တရားခွေများကိုလည်း စဉ်ဆက်မပြတ် ဖွင့်ပေးခဲ့ပါသည်။

အမမှာ သတိမရတချက်၊ ရတချက်နှင့် ပင်ပန်းကြီးစွာ အသက်ရှူနေရသည်ကို မကြည့်ရက်ဖြစ်ခဲ့ရသည်။ ထိုနေ့က ၀ိညာဉ်ချုပ်မည့်နေ့ဖြစ်ပါသည်။ အမ အခြေအနေမကောင်း၍ ကျွန်မတို့အားလုံး အမအနီးတွင် ရောက်နေပါသည်။
အမသည် ခဲအိုကြီး၏ ရင်ဘတ်ကို မှီ၍ထိုင်နေသည်။ ခဲအိုကြီး အမကို ဆေးတိုက်ရာ အခန်းဝမှာ ဒေါ်လှရောက်နေတယ်---အထဲခေါ်လိုက်ပါ-ဟု ပြော၍ ကျွန်မတို့အားလုံး ကြက်သီးမွေးညင်းများ ထသွားပါသည်။ သို့သော် အမသည် ဆေးသောက်ပြီး ဘုရား-ဘုရားဟု စကားနှစ်ခွန်း တီးတိုးညည်းလိုက်ပြီး ခေါင်းလေးစောင်း၍ ၀ိညာဉ်ချုပ်ခဲ့ပါသည်။

အဖေက အမနောက်ဆုံးသတိရသည်မှာ မြတ်စွာဘုရားရှင်ဖြစ်သည်။ ထို့ကြောင့် ကောင်းရာသုဂတိသို့ ရောက်နိုင်ပါသည်ဟု ကျွန်မတို့ မောင်နှမများကို ရှင်းပြပါသည်။ အမ၏အလောင်းကို နေရာရွှေ့သည့်အခါ အမ၏ ခန္ဓာကိုယ်မှ ဆီးများ ရေပုံးကြီးတပုံးခန့် ဝေါခနဲ ထွက်ကျလာသည်ကို အံ့သြဖွယ် တွေ့ရပါသည်။ ထို့ကြောင့် ဓာတ်ကြီး ၄-ပါးနှင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ကြီးပါတကားဟု တရားရမိသည်။

အမ၏ အလောင်းကို ပြင်ဆင်ထားရာ အမ၏ ခန္ဓာကိုယ်မှ အမဲသားအနံ့ရသည်ဟု ထင်မိပါသည်။ အသုဘရှုသူများကလည်း ပြောကြပါသည်။ ထို့နောက် မြို့စွန်ရှိ သင်္ချိုင်းတွင် ဂူသွင်းပါသည်။ ကျွန်မတို့အားလုံး ဂူသွင်းသည်ကို စောင့်ကြည့်ကြပြီး သင်္ချိုင်းထဲမှ အထွက် လမ်းဘေးအစပ်တွင် မြေပုံ စိုစို တခုကို နင်းမိ၍ ကြည့်လိုက်ရာ မြေပုံပေါ်ရှိ မှတ်တိုင်တွင် ဒေါ်လှ-အသက် ၆၈-နှစ် ဘယ်နေ့ ဘယ်ရက်တွင် ကွယ်လွန်သည်ဟု ရေးထားသည်ကို တွေ့ရာ အမဆုံးသည့်နေ့ထက် နှစ်ရက်စော၍ သေသူဖြစ်ကြောင်း မယုံနိုင်စရာ တွေ့ရပါသည်။

ထို့ကြောင့် အမ အော်-အော်နေသော ဒေါ်လှမှာ ယင်းမြေပုံထဲမှ အမျိုးသမီးဖြစ်ကြောင်း သိလာသည်။ နောက်မှ စုံစမ်းရာ ရွှေတောင်မြို့ ဆယ်နာရီဈေးထဲမှ ဈေးသည် ဒေါ်လှဖြစ်ကြောင်း သိရ၍ အလွန်အံ့သြမိသည်။

မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့-ဆိုသည့် ဆုံးမစကားကို ကြားယောင်မိသည်။ ကြောက်စရာကောင်းသော အကြောင်းတရားများကို မပြုမိဖို့ ကျွန်မတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရသော အမ၏အဖြစ်ကို သံဝေဂယူကြရန် ဖော်ပြလိုက်ပါသည်။
( ဖြစ်ရပ်မှန်)

တီတီအိပ်ခ်ျ (ပြည်)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇွန်လ)

No comments: