Saturday, November 13, 2010

ဝဋ္ဋသုတ်တော်၏ အစွမ်း

ကျွန်မတို့ မိသားစုသည် မြစ်ဝကျွန်းပေါ် မြို့ကလေးတမြို့တွင် နေပါသည်။ စီမံချက်အရ ကျွန်မတို့နေသော ရပ်ကွက်ကို ဖျက်သိမ်း၍ မြို့စွန်ရှိ မြေလွန်မြေရိုင်းများတွင် ပြန်လည်နေရာချထားပေးခဲ့ပါသည်။ ထိုနေရာသည် ထူထဲသော ကိုင်းတောကြီးဖြစ်ပါသည်။ ကိုယ်ရသောမြေနေရာကို ခုတ်ထွင်ရှင်းလင်း၍ အိမ်များဆောက်ကြရ ပါသည်။ ကျွန်မတို့ရသော မြေကွက်သည် အစွန်ဆုံး ဖြစ်ပါသည်။ ကျွန်မတို့အိမ်၏ ခေါင်းရင်း တမျှော်တခေါ်ကြီးသည် ကိုင်းတောကြီး ဖြစ်ပါသည်။

ကျွန်မ၏ဖခင်သည် ကျွန်မတို့ ငယ်စဉ်မှစ၍ ရတနာသုံးပါးမှတပါး မည်သည့် ကိုးကွယ်မှုမှ မရှိပေ။ ကျွန်မတို့အိမ်တွင် ဘုရားစင်တခုသာရှိ၍ ဘုရားစင်ပေါ်တွင် ဘုရားအဆူဆူ ရှိပါသည်။ ဖခင်က ပုတီးစိပ်ခြင်း၊ ပရိတ်တော်များကို ရွတ်ဖတ်ပူဇော်ခြင်းကို နေ့ညမပြတ် ပြုလုပ်လေ့ရှိပါသည်။ ဖခင်ရွတ်ဖတ်ပူဇော်သည်ကို ကြားရဖန်များသဖြင့် ပရိတ်ကြီး ၁၁-သုတ်ကို ကျွန်မ နားရည်ဝနေပါသည်။ ထိုပရိတ်တော်များထဲမှ ကျွန်မ နှစ်သက်သော မေတ္တသုတ်နှင့် ၀ဋ္ဋသုတ်တော်ကို အလွတ်ကျက်ထားပါသည်။

မေတ္တသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် ရရှိသော မေတ္တာအကျိုး ၁၁-မျိုးကို ကျွန်မ အလွန်နှစ်သက်ပါသည်။ ထို့ကြောင့် မေတ္တသုတ်ကို အလွတ်ကျက်ခြင်း ဖြစ်ပါသည်။ ကျွန်မငယ်စဉ် ဖခင် ၀န်ထမ်းဘ၀က ရွှေဘိုမြို့တွင် မီးလောင်ရာ ကျွန်မတို့အိမ် ပါခဲ့ဖူးသည်။ ထိုအချိန်မှစ၍ ကျွန်မသည် မီးကို အလွန် ကြောက်သည်။ နေမကောင်းဖြစ်တိုင်း ကယောင်ကတမ်းဖြင့် မီးမီး-ဟု ပြောကာ ထပြေးတတ်သည်။ ကြီးလာသည့်တိုင်အောင် မီးလောင်သည့်အိပ်မက် ဆိုးများ မကြာခဏ မက်တတ်သည်။

ဝဋသုတ်သည် ဘုရားလောင်း ငုံးမင်းဘ၀က တောမီးကြီးလောင်စဉ် ဘုရားလောင်း၏ သစ္စာစကားကြောင့် တောမီးကြီးဘေးမှ လွတ်ကင်းခဲ့ရပုံအကြောင်း ဖခင်ပြောပြခဲ့သည်။ ထို့ကြောင့် မီးကြောက်သော ကျွန်မ ၀ဋ္ဋသုတ်ကို အလွတ်ကျက်ခဲ့ခြင်း ဖြစ်သည်။ ရသည့်အချိန်မှစ၍ သတိရတိုင်း ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

တနေ့မနက်တွင် ကျွန်မတို့အိမ်ခေါင်းရင်း အတော်လှမ်းလှမ်းမှ ကိုင်းတောကြီးကို ခုတ်ထွင်ရှင်းလင်းနေသည့် လူတဦးကို တွေ့ရသည်။ အိမ်ရာမြေကွက် လာရှင်းခြင်းဖြစ်ပါသည်။ ကျွန်မတို့လည်း အမှတ်တမဲ့ နေလိုက်ပါ သည်။ နေအတော်မြင့်သောအခါ တဖျစ်ဖျစ် တဖြောင်းဖြောင်းနှင့် မီးလောင်သံ ကြားရပါသည်။ ကျွန်မတို့ ပြေးထွက်ကြည့်သောအခါ ကိုင်းခုတ်နေသည့်လူသည် ကိုင်းပင်များကို မီးရှို့ရာမှ လောင်နေသည့်မီးကို မနိုင်မနင်း ငြိမ်းသတ်နေပါသည်။ နွေရာသီ အလွန်ပူလောင်သော အချိန်ဖြစ်၍ ကိုင်းပင်များကို လောင်နေသော မီးသည် လေအဝှေ့တွင် အရှိန်ပြင်းစွာဖြင့် ကိုင်းတောကြီးကို တရစပ် ကူးစက်လောင်ကျွမ်းပါတော့သည်။ မီးသတ်နေသောလူလည်း လွတ်အောင်မနည်း ပြေးရပါသည်။ ကွက်သစ်တခုလုံး မီးဟု အော်သူက အော်၊ သံချောင်း ခေါက်သူက ခေါက်နှင့် ဆူညံသွားပါတော့သည်။

လေကလည်း ဝှေ့၍ဝှေ့၍ တိုက်နေရာ မီးသည် အရှိန်ပြင်းသထက် ပြင်းစွာ ကိုင်းတောကြီးကို လောင်ကျွမ်းလျက် ရှိပြီး ကျွန်မတို့ အိမ်ခေါင်းရင်း ကိုင်းတောသို့ ဦးတည်လောင်ကျွမ်းလာပါသည်။ ကွက်သစ်သည် ချောင်းနှင့် အတော်လှမ်းပါသည်။ မြို့ထဲမှ မီးသတ်ကားသည် ဥသြသံအပြင်းဆွဲလျက် ရောက်လာပါသည်။ သို့သော်လည်း ချောင်းနှင့် မီးလောင်သောနေရာ အတော်ဝေးသောကြောင့် ရေစုပ်ယူရန် အခက်အခဲဖြစ်ကြပါသည်။ ထိုအခါ မီးလောင်ရာသို့ ကူညီရန် ရောက်လာကြသူ မိန်းမ၊ ယောက်ျား၊ ကလေးများပါမကျန် ချောင်းထဲမှရေကို အိုးများ၊ ပုံများဖြင့် လက်ဆင့်ကမ်းသယ်ယူငြိမ်းသတ်ကြပါသည်။ မီးအလွန်ပြင်းသဖြင့် အနားသို့ မကပ်နိုင်ကြပေ။

အချို့အိမ်များက လူတို့သည် ပစ္စည်းများကို မီးလွတ်ရာသို့ သယ်ယူနေကြပါသည်။ ကျွန်မတို့အိမ်သည် မီးနှင့် အနီးဆုံးဖြစ်သည်။ လူများသည် ကျွန်မတို့ကို မီးလွတ်ရာသို့ ပစ္စည်းများ သယ်ယူရွှေ့ပြောင်းရန် သတိပေးကြ ပါသည်။ ကျွန်မဖခင်သည် မီးစလောင်သည်ကို ထွက်ကြည့်ပြီးနောက် ဘုရားစင်ရှေ့တွင် သစ္စာဆိုပြီး ၀ဋ္ဋသုတ်ကို အပြန်ပြန်အလှန်လှန် ရွတ်ဖတ်ပူဇော်နေပါသည်။ ထိုသို့ ရွတ်ဆိုရာတွင် မီးလောင်သည့်ဘက်သို့ လက်ညှိုးထိုး၍ ရွတ်သည်ကို တွေ့ရပါသည်။ ကျွန်မသည်လည်း တကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် အိမ်ပေါ် တက်လိုက် ဆင်းလိုက်လုပ်ရင်း ၀ဋ္ဋသုတ်ကိုပင် မပြတ်ရွတ်ဆိုနေမိပါသည်။

ကိုင်းတောမီးလောင်သောအသံသည် အလွန်ကြောက်မက်ဖွယ်ကောင်းပါသည်။ မီး အလွန်နီးကပ်လာပြီဖြစ်၍ ကျွန်မတို့ကို အိမ်ပေါ်မှ ဆင်းကြရန် သတိပေးကြပါသည်။ ကျွန်မဖခင်က အိမ်ကို မီးစွဲမှပင် ဘုရားများကိုပင့်၍ အိမ်ပေါ်မှ ဆင်းမည်ဟုပြောပြီး ၀ဋ္ဋသုတ်ကိုသာ အာရုံပြု၍ ရွတ်ဆိုနေပါသည်။ လူအချို့လာပြီး အိမ်ပေါ်မှ ပစ္စည်းများကို အောက်သို့ ကူသယ်ပေးကြပါသည်။ ကျွန်မသည် ၀ဋ္ဋသုတ်တော်ကိုသာ အဆက်မပြတ် ရွတ်ဆိုရင်း ပစ္စည်းများကို အိမ်အောက်သို့ သယ်ချနေပါသည်။ အခက်အခဲများဖြင့်ရင်းပြီး ဆောက်ထားသည်မှာ မကြာသေးသောအိမ်လေးသည် မကြာမီ မီးကူးစက်လောင်ကျွမ်းခံရမှာ သေချာပါသည်။

အနောက်လေတချက် အဝှေ့တွင် ကျွန်မတို့ အိမ်ခေါင်ရင်း ကိုင်းပုတ်သို့ မီးကူးစက်လောင်မှာ အသေအချာပင် ဖြစ်ပါသည်။ ထိုစဉ် အရှိန်ပြင်းပြင်းဖြင့် လောင်ကျွမ်းလာနေသော ကိုင်းမီးသည် ကျွန်မတို့ အိမ်ခေါင်ရင်း ကိုင်းပုတ်မရောက်မီ အရှိန်လျော့သွားပါသည်။ မီးအပူရှိန်ကြောင့် အနားမကပ်နိုင်သူများသည် မီးအရှိန်လျော့ သွားသောအခါ အားတက်လာကြပြီး ရေလက်ဆင့်ကမ်းသယ်၍ လောင်းကြရာ မကြာမီ မီးငြိမ်းသွားပါသည်။ လူတိုင်းက ကျွန်မတို့ကို အလွန်ကံကောင်းသည်ဟု ပြောကြပါသည်။ ကျွန်မကတော့ ကံကောင်း၍ မဟုတ်ပါ။ ၀ဋ္ဋသုတ်ပရိတ်တော်၏ တန်ခိုးကြောင့်ဟု တထစ်ချ ယုံကြည်မိပါသည်။

ပန်းချစ်(အိမ်မဲ)
( မြတ်မင်္ဂလာ ၂၀၁၀-ခု ဧပြီလ)

No comments: