Tuesday, November 16, 2010

သမ္ဗုဒ္ဓေအစွမ်း အံ့မခန်း

၁၉၈၇-ခုနှစ် စာရေးသူ စတုတ္ထတန်း ကျောင်းသူဘ၀က ဖြစ်ပါသည်။ ဖခင်ဖြစ်သူ တာဝန်ကျရာ ငါးဇွန်မြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖခင်နှင့်အတူ နေထိုငလျက် စာရေးသူတို့ မောင်နှမတစ်တွေ ကျောင်းတက်ကြ ပါသည်။ စာရေးသူ၏ မိခင်မှာ ဇာတိမြေ မြို့သာနှင့် ငါးဇွန်သို့ သွားချည်လာလှည့် ကူးသန်းကာ အရောင်းအ၀ယ် လုပ်ငန်းဖြင့် စီးပွားရှာရပါသည်။ ထိုစဉ်က ငါးဇွန်နှင့် မြို့သာမှာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော ကာလ ဖြစ်ပါသည်။

မိခင်၏ ပြန်လည်ပြောပြချက်အရ မိခင်ကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ် ဖြစ်ရပ်ကလေးကို တင်ပြလိုပါသည်။

အချိန်ကား နေ၀င်ရီတရော တိုင်လေပြီ။ မြို့သာနှင့် ငါးဇွန် အကြား ငါးဇွန်မြို့သို့ ကားမရောက်သေး။ နွားနှစ်ကောင်၏ တဖျပ်ဖျပ် ခြေသံတို့နှင့်အတူ ဦးတည်ရွေ့လျားနေပုံမှာ အမှောင်ထုထဲသို့ တိုးဝင်နေသည့်နှယ် ဖြစ်သည်။ ချောက်ထဲ ကျင်းထဲသို့ လှည်းဘီးကျလျှင် မိခင်၏ခေါင်းမှာ ငိုက်ခနဲဖြစ်၍ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွား နိုင်ပါသည်။ အချို့နေရာများတွင် လှည်းလမ်းက ကျဉ်းနေ၍ လမ်းဘေးရှိ ချုံနွယ်ပိတ်ပေါင်းတို့နှင့် ပွတ်မိ ထိမိသည်များလည်း ရှိပါသည်။

မိခင် ဒေါ်ခင်မြအေးမှာ လှည်းရံတိုင်ကို လက်တဖက်ဖြင့် တင်းတင်းဆုပ်ရင်း ပါးစပ်ကလည်း သမ္ဗုဒ္ဓေ ဂါထာတော်ကို အသံထွက်ရုံ တတွတ်တွတ် ရွတ်ဆိုရင်း လိုက်ပါလာပါသည်။
ပူပြင်းအိုက်စပ်သည့် နွေရာဦအမှောင် ၀င်နေသည့် ညဥ့်ဦးကာလတွင် မိခင်ဝတ်ဆင်ထားသည့် အင်္ကျီမှာ လည်ပင်းခပ်ဟဟ ဖြစ်နေဟန်တူပါသည်။ ထိုအချိန်တွင် ရုတ်တရက် နွယ်မျှင်တခု ပြတ်ကျလာသည်ဟု ထင်မိ၏။ မိခင်၏ ရင်ဘတ်ကြားသို့ ဖတ်-ခနဲ ကျလာရာ မိခင်က လက်ဖြင့် ချက်ချင်းနှိုက်၍ ပစ်လိုက်ရာ လှည်းပေါ်တနေရာ ကျသွား၏။

မိခင်သည် လက်အထိအတွေ့ ပျော့စိစိကို သံသယ၀င်သွားပြီး လှည်းဆရာအားချက်ချင်း ရှာစေရာ မြွေစိမ်းတကောင်ဖြစ်နေသည်ကို တွေ့ကြရလေသည်။ မြွေစိမ်းကိုမြင်မိကာမှ မိခင်မှာ မိမိအဖြစ်ကို မိမိတွေးရင်း အသည်းတအေးအေး ရင်တလှပ်လှပ် ဖြစ်ရပါတော့သည်။

ယခုကဲ့သို့ ကြုံတွေ့ရသော်လည်း အရှက်တကွဲ အကျိုးနည်း မဖြစ်ဘဲ အန္တရာယ်မှ လွတ်ကင်းရခြင်းမှိာမိခင်ကြီးသည် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အာရုံကပ်၍ အထပ်ထပ် ရွတ်ပွားနေခြင်းကြောင့်သာဟု ယုံကြည်မိပါသည်။

နန်းနွယ်အေး (တိုင်းရင်းဆေး)
( မြတ်မင်္ဂလာ ၂၀၁၀-ခု ဇွန်လ)

No comments: