Thursday, December 23, 2010

စီပိုး ရှိကြသူများ

ခင်ဗျားမှာတော့ အသည်းရောင် အသားဝါ စီပိုးတွေ့တယ်-ဟု ဆရာဝန်ကပြောပြီးကတည်းက ဦးဝင်းသန့်-ဟာ တုန်လှုပ်ချောက်ချား သွားခဲ့တာပါ။
အသည်းဟာ ခြောက်နေပြီလား၊ ဘယ်လောက်ကြာကြာပဲ အသက်ရှင်နိုင်တော့မလဲ၊ ကုလို့ကော ရနိုင်ဦးမှာလား၊ ပိုက်ဆံတော်တော် ကုန်မှာပဲ၊ မကုဘဲ ဒီအတိုင်းပဲ အသေခံမလား၊ စတဲ့ လားပေါင်းများစွာနဲ့ အတွေးတွေက ဦးဝင်းသန့်ကို အချိန်ပြည့် ဖိစီးထားခဲ့ကြပါတယ်။

ဦးဝင်းသန့်ရဲ့ သူငယ်ချင်း ဦးခင်မောင်ထွေးကတော့ သေချာအောင် ပြန်စစ်ဖို့ပြောပါတယ်။
ကိုယ်ထဲမှာ တကယ် ပိုး ရှိ-မရှိ၊ သေချာအောင် (HCV RNA)လို့ခေါ်တဲ့ အသည်းရောင်အသားဝါ စီ ဗိုင်းရပ်စ်ပိုးအကောင် ရှိ-မရှိ စစ်ဆေးဖို့ပြောတာ ဖြစ်ပါတယ်။

ဦးဝင်းသန့် စစ်ဆေးကြည့်ပါတယ်။ (HCV RNA)Positive လို့ အဖြေထွက်ပါတယ်။
(HCV RNA) Positive ဆိုရင်တော့ စနစ်တကျ သေချာပြသပြီးကုမှ ဖြစ်ပါတော့မယ်။
အသည်းရောင် အသားဝါ ရောဂါပိုးဟာ လူ့ကိုယ်ထဲမှာ တနေ့ကို ကုဋေသုံးရာ့ငါးဆယ်လောက် ပွားတယ်လို့ အသည်းရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ဆိုပါတယ်။

ကုမယ်ဆိုရင်တော့ စီပိုးအကောင်အရေအတွက် (Viral Load)စစ်ပါ။ စစ်လိုက်မယ်ဆိုရင် ထောင်-သောင်း-သိန်း-သန်း ဆိုပြီး ဂဏန်းနဲ့ အတိအကျ သိရမယ်။ ဒီတော့ ပိုးသေဆေးသုံးပြီး ကုသင့်-မသင်၊့ ပိုးသေဆေး စားပြီးကုရင် ပျောက်နိုင်-မနိုင် ဆိုတဲ့ အချက်တွေ ဘာဆေးတွေသုံးပြီး ကုမလဲ စတဲ့ အချက်တွေကို စဉ်းစားရမယ်-လို့ ဆရာကြီးက ရှင်းပြပါတယ်။

ပြီးတော့ ထပ်စစ်ဆေးဖို့လိုတာက ကိုယ့်ဆီမှာရှိတဲ့ ပိုးအမျိုးအစားလို့ ဆိုပါတယ်။ (HCV-Geno type)လည်း စစ်ရမှာပါ။ စီပိုးအမျိုးအစား အနေနဲ့ ခြောက်မျိုးရှိတယ်လို့ သိရပါတယ်။
စီပိုးရောဂါကို နံပါတ်တစ်ကနေ ခြောက်အထိ သတ်မှတ်ပြီး ခွဲခြားထားတယ်လို့ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းက ရှင်းလင်း ပြောကြားပါတယ်။ Geno type-1 ကတော့ အမေရိကန်၊ ဥရောပ နဲ့ ဂျပန်နိုင်ငံတွေမှာ အများဆုံးအဖြစ်များတယ်။
Geno type-2,3 တို့ကတော့ အရှေ့တောင်အာရှမှာ အများဆုံးတွေ့ရတယ်-လို့ ကြားသိရပါတယ်။
Geno type-4,6 ကိုတော့ အနောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တွေ့ရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ လေ့လာတွေ့ရှိချက်အရ မြန်မာလူနာအများစုမှာ တွေ့ရတာက Geno type-3 ဖြစ်တယ်လို့ သိရပါတယ်။

စီပိုးရောဂါ ခြောက်မျိုးထဲမှာ Geno type-1 ဟာ အဆိုးဆုံးဖြစ်တယ်လို့ သိရပြီး၊ ကုသရတာလည်း ခက်ခဲတယ်လို့ သိရပါတယ်။ Geno type-2 နဲ့ Geno type-3 ကတော့ ကုသရတာ လွယ်တယ်လို့ ဆိုပါတယ်။

Geno type လည်း စစ်ပြီးပြီဆိုရင်တော့ နောက်တဆင့် ဆက်စစ်ရမှာက အသည်းကို ထိခိုက်ဒဏ်ရာရှိပြီလားဆိုတာပဲ-လို့ ဆရာကြီးက ဆိုပါတယ်။
ပိုးရှိတဲ့လူတိုင်းဟာ အသည်းကို ထိခိုက်ကြတာမဟုတ်ပေမဲ့ ဘယ်လောက်ထိခိုက်နေပြီလဲ ဆိုတာကိုတော့ စစ်ဆေးဖို့လိုအပ်တယ် လို့ သိရပါတယ်။ အသည်းဆဲလ်တွေ ပျက်စီးနေပြီလားဆိုတာကို သွေးထဲမှာ ALT (SGPT) နဲ့ AST (SGOT) ဆိုတဲ့ Test ကို စစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာ သတ်မှတ်ချက်မှာတော့ ALT နဲ့ AST က ရှိသင့်တာထက် ၂-ဆကျော်နေရင် ဆဲလ်တွေ ပျက်စီးနေပြီလို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုးကြောင့်၊ အရက်ကြောင့်၊ ဆေးတွေကြောင့်၊ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းကို ထိခိုက်ပြီး အသည်းရောင်ရင် ALT နဲ့ AST တက်လာတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ALT နဲ့ AST တက်နေတာဆိုရင်တော့ သက်သာသွားပြီဆိုရင် ALT နဲ့ AST ပုံမှန်ပြန်ဖြစ်သွားမယ်လို့ သိရပါတယ်။
ဦးဝင်းသန့်ရဲ့ ALT နဲ့ ASTကတော့ ပုံမှန်ပဲလို့ဆိုပါတယ်။ သို့ပေမဲ့ အသည်းထဲမှာ ပျက်စီးမှုတွေ ရှိနေနိုင်သေးတယ်လို့ သိရပါတယ်။ အသည်း တကယ် ထိခိုက်မှု ရှိ-မရှိ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဘိုင်အိုစီ ယူရမှာပါ။ အသည်းအသားစကို ယူရမှာပါ။ ဒါကို BIOPSY လို့ ခေါ်ပါတယ်။

ဦးဝင်းသန့်ကတော့ အသည်းအစယူတာက ဘယ်လိုအန္တရာယ်မျိုးရှိသလဲ ဆိုတာကို သိချင်ပါတယ်။ ပြီးတော့ စီပိုးသေအောင် ဆေးကုတာနဲ့ ဘာဆိုင်သလဲ ဆိုတာကိုလည်း သိချင်နေခဲ့ပါတယ်။ အသည်းအစ ယူတာဟာ စီ-ရောဂါပိုးကို ကုသတဲ့နေရာမှာ အထူးလိုအပ်တဲ့ စစ်ဆေးမှုတရပ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလတုန်းကတော့ စီ-ရောဂါပိုးရှိတဲ့လူတွေကို လေ့လာကြည့်ရာမှာ စီပိုးဆိုတာ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကျော်ကြာပြီးမှ အသည်းစရောင်ပြီး အသည်းခြောက်တာကို တွေ့ရတဲ့အတွက် အစောကြီး မလိုအပ်ဘဲ မကုသင့်ဘူးဆိုတဲ့ အယူအဆလည်း ရှိခဲ့တယ်။ ဘယ်တော့ ကုဖို့လိုမှာလဲဆိုတာကို ဆုံးဖြတ်ဖို့ကြတော့ အသည်းအစယူကြည့်ဖို့က အကောင်းဆုံးပဲ၊ အစယူပြီးမှသာ ကုဖို့-မကုဖို့ ဆုံးဖြတ်မယ်လို့ ဆိုကြတယ်လို့ သိရပါတယ်။ စီပိုးရောဂါရှိတဲ့ လူနာဟာ ဒါနဲ့ ထိပ်တိုက်တွေ့ပြီး ရင်ဆိုင်ရမှာဆိုတာကို ရှင်းပြသလို၊ အသည်းအစယူရာမှာ ဘယ်လိုအန္တရာယ်ရှိသလဲဆိုတာကိုလည်း ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်း-က ခုလို ရှင်းလင်းပြောပြခဲ့ပါတယ်။

ကျွမ်းကျင်တဲ့ ဆရာဝန်တဦးလုပ်မယ်ဆိုရင်တော့ ဘာအန္တရာယ်မျိုးမှ မရှိပါဘူး။ ဒါပေမဲ့ မကျွမ်းကျင်တဲ့သူ လုပ်မယ်ဆိုရင်တော့ အသည်းထဲမှာ သွေးစိမ့်တာ၊ သွေးကြောတွေပေါက်တာ၊ အဆုတ်ထဲ အပ်ဝင်သွားလို့ အဆုတ်ပေါက်တာ၊ ဒီလိုမျိုး ဖြစ်နိုင်တာတွေတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ အားလုံးခြုံပြောရမယ်ဆိုရင်တော့ အသည်း အစ ယူရတယ်ဆိုတာ အင်မတန်မှ ဘေးကင်းတဲ့ လုပ်ဆောင်မှုပါ။ စိတ်ချရပါတယ်-လို့ ဆိုပါတယ်။

နိုင်ငံတကာမှာလည်း လူနာတယောက်ကို စမ်းသပ်စစ်ဆေးမှု တခုခုလုပ်တော့မယ်ဆိုရင် ပထမဆုံး သေချာရှင်းလင်းပြောပြပြီးမှ သဘောတူ-မတူ ခွင့်ပြုချက်ယူတယ်လို့ ဆရာကြီးက ဆိုပါတယ်။ ဦးဝင်းသန့်ကတော့ ခုလို သေချာရှင်းလင်းပြောပြတာမျိုးကို အသက်ငါးဆယ့်သုံးနှစ်အတွင်း မကြုံခဲ့ဘူးပါဘူး။ လူနာကို စိတ်ရှည်ရှည်နဲ့ ရောဂါရာဇ၀င်မေးတဲ့ ဆရာဝန်မျိုးကိုတောင် မတွေ့ခဲ့ဘူးတဲ့အတွက် အံ့သြနေပါတယ်။ လူနာမေးသမျှကို ရှင်းပြဖို့၊ လူနာပြောပြတဲ့ ဝေဒနာအကြောင်းကို နားထောင်ဖို့ဆိုတာ ဆရာဝန်တွေရဲ့ ကျင့်ဝတ်တွေထဲမှာတောင် မပါပါဘူးလို့ ထင်ခဲ့မိတာပါ။

ဆရာကြီး ဦးခင်မောင်ဝင်းရှင်းပြတဲ့ အခါမှ Informed Consent လုပ်ဖို့လိုတယ်ဆိုတာ သိခွင့်ရတာပါ။ ဘယ်လိုလုပ်မယ်၊ ရည်ရွယ်ချက်က-ဘာ၊ အန္တရာယ်တွေက ဘာတွေရှိမယ် ဆိုတာကို အသေးစိတ်ရှင်းပြပြီးမှ သဘောတူ-မတူ မေးပြီး လက်မှတ်ထိုးခိုင်းတာပါ။ ဒါဟာ လူနာရဲ့ အခွင့်အရေးတရပ်လည်း ဖြစ်ပါတယ်။

အသည်းအစယူကြည့်လို့ အသည်းရောင်နှုန်းဟာ အစ်ရှက် (Ishak)ညွှန်းကိန်းမှာ ၃-ထပ်များနေရင်၊ အသည်းကောင်းနေရင်၊ သွေးနဲ့ကျောက်ကပ်လည်းကောင်းမယ်ဆိုရင် အရင်က စီပိုးသေဆေး တမျိုးမျိုးနဲ့ ကုထားခဲ့ဖူးရင်၊ စိတ်ကျရောဂါလည်း ပျောက်နေပြီဆိုရင် လူနာကလည်း ဆေးကုသဖို့ လိုလိုလားလားရှိတယ်ဆိုရင် စီပိုးသေဆေးနဲ့ ကုသလို့ရပြီလို့ သိရပါတယ်။

စီပိုးဟာ အသည်းတင် မကဘူး၊ ဦးနှောက်ပါ ကူးစက်တတ်တယ်။ အဲဒါကြောင့် စီပိုးရှိတဲ့ လူနာဟာ စိတ်ဓာတ်ကျတယ်၊ စိုးရိမ်စိတ်တွေ များတတ်ကြတယ်။ အသည်းကောင်းတာ ဆိုးတာ ထားလိုက်၊ စီပိုးသေဆေး ပေးပြီးကုလိုက်ရင် အသည်းတင်မဟုတ်ဘူး ဦးနှောက်ထဲကစီပိုးပါ ကင်းစင်သွားတော့ လူနာအနေနဲ့ စိတ်ပြန်လည်ကြည်လင် လန်းဆန်းသွားနိုင်တယ်လို့ ဆရာကြီးက ဆိုပါတယ်။

ဆရာကြီးဒေါက်တာ ခင်မောင်ဝင်းကတော့ လူနာအနေနဲ့ စီပိုးရှိတာနဲ့ ငွေကြေးလည်း မပူပင်ရဘူး ဆိုရင် စီပိုးအမျိုးအစားကလည်း ၂၊ ဒါမဟုတ် ၃-ဆိုရင် ပိုးကောင်ရေကလည်း သိပ်မများသေးဘူးဆိုရင် အသည်းထိခိုက်အောင်ထိ မစောင့်တော့ဘဲ တခါတည်းပဲ ကုချင်တယ်လို့ ဆိုပါတယ်။ ဒီလို စဉ်းစားတာလည်း စီပိုးတွေ့ရင် တခါတည်း တန်းပြီး ကုချင်တဲ့ အဖွဲ့တွေရဲ့ အယူအဆလို့လည်း သိရပါတယ်။

အသည်းစ ယူကြည့်ပြီး စီပိုးသေဆေး မထိုးခင်မှာ အသည်းအခြေအနေကို တိတိကျကျ သိထားရင် အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါမှ စီပိုးသေဆေးနဲ့ ကုသပြီးလို့ ပျောက်ကင်းသွားတဲ့အခါမှာ အသည်းကို အသားစ ပြန်ယူကြည့်ရင် အသည်းပျက်နှုန်းနဲ့ အသည်းခြောက်တာကိုပြတဲ့ ညွှန်ကိန်း နှစ်ခုဖြစ်တဲ့ HAI နဲ့ Fibrosis score တွေလျော့လာရင် ဘယ်လောက်သက်သာတယ်ဆိုတာကို တိတိကျကျ ရနိုင်မှာဖြစ်ပါတယ်။
(အသည်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ ခင်မောင်ဝင်းနဲ့ မေးမြန်းသည်ကို ဖြေကြားပေးခဲ့သူများ၊ ၀ိုင်းဝန်းကူညီပေးခဲ့ သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်)

ငြိမ်းဆက်လင်း
(မြန်မာဓန သြဂုတ်လ ၂၀၀၆)

1 comment:

blessing said...

စီပိုးရှိတဲ့သူတယောက်ဟာ ပိုးကောင်ရေ သုံးထောင်ရှိပြီးအဆင့်(၆)ရှိတယ်ဆိုရင်ဘယ်လိုလုပ်ရင်ကောင်းမလဲသိချင်ပါတယ်ရှင်