Friday, December 3, 2010

မိသားစုတွင်း တိုက်ပွဲကလေးများ

တွန်းထိုးကန်ကျောက် ဆံပင်ဆွဲဆောင့်ရာက ပြင်းထန်သည့် မွေးချင်းပေါက်ဖော် ပြိုင်ဆိုင်မှု (Sibling Rivalry) ဖြစ်ပွားခဲ့သော် မိဘတို့ မည်သို့ လုပ်ဆောင်ကြမည်နည်း။
အကယ်၍ သင့်တွင် မွေးချင်းပေါက်ဖော်မရှိဘဲ တဦးတည်း ကြီးပြင်းလာသည်ဆိုပါစို့ စဉ်းစားကြည့်စမ်းပါ။ ဘယ်လောက်များ ပျင်းခြောက်ခြောက်နိုင်ပါသနည်း။ ရန်ဖြစ်စရာ လူမရှိ၊ ဆံပင်ဆွဲစရာ ညီမလေးမရှိ၊ ဧည့်ခန်းတွင် နပန်းသတ်ပွဲ ဆင်နွှဲဖို့ ညီအကိုတယောက်မှ မရှိ။ အမေရိကန်ပြည်ထောင်စုတွင်းရှိ မိသားစုတို့တွင် ၄၁-ရာခိုင်နှုန်းသည် သား-သို့မဟုတ် သမီးသာ ရှိသည့် သုံးပွင့်ဆိုင် အိမ်ထောင်စုများ ဖြစ်ကြကုန်၏။ သို့သော် ကျန် ၅၉-ရာခိုင်နှုန်းသော မိသားစုတွင်ကား မွေးချင်းပေါက်ဖော်များ ရှိကြသည်။ တချို့မှာ သွေးသားရင်းများ ဖြစ်ကြ၍ တချို့မှာ မွေးစားသားသမီးများ ဖြစ်ကြသည်။ ထိုအခါတွင် ညီအကိုမောင်နှမတို့၏ ဆက်နွယ်မှုသည် လွန်စွာအရေးပါသော ကိစ္စတရပ် ဖြစ်လာပေသည်။

ကျွန်မကိုယ်တိုင်ပင် မွေးချင်း သုံးဦးရှိသူ ဖြစ်သည်။ ဂွမ်းလိပ်တခုကိုလုရင်း ညီမလေးနှင့် သတ်ပုတ်ခဲ့သည့်အတွက် ဒဏ်ပေးခံရသူမှာ ကျွန်မဖြစ်ခဲ့ပေရာ သူ့ဘ၀တွင် စိတ်ခွန်အား ပြည့်တင်းရေးအတွက် မွေးချင်းပေါက်ဖော်ဆက်နွယ်မှု အရေးပါကြောင်း၊ သြဇာတိက္ကမအပြည့် ပြောရေးဆိုခွင့်ရှိသူမှာ ကျွန်မသာဖြစ်သည်ဟု ဆိုလိုက်ပါရစေ။ တချိန်တည်းမှာပင် ငယ်ရွယ်စဉ်က ကြုံတွေ့ရသည့် ပဋိပက္ခများကို မဖြေရှင်းနိုင်မဲ့သူတို့သည် အမြစ်မပြတ်နိုင်သည့် အနာမျိုးကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်ဟုလည်း ဆိုလိုက်ချင်ပါသည်။

မွေးချင်းပေါက်ဖော်တို့အချင်းချင်း ထုရိုက်သတ်ပုတ် ဆဲဆိုအော်ဟစ်နေသည်ကို မြင်ပါလျက်နှင့် သူတို့ညီအကို မောင်နှမအချင်းချင်းပဲ ဒီလောက်တော့ လုပ်ကြပါစေ-ဟု လွှတ်မထားသင့်ပါ။ ကလေးတွေပဲ၊ ဒီလောက်တော့ သတ်တာပုတ်တာ လေးတွေ ရှိမှာပေါ့-ဟုလည်း ခပ်ပေါ့ပေါ့ မတွေးစေလိုပါ။ ဒါဟာ ပုံမှန်စံကိုက်ပဲ-ဟုလည်း အထင်မရောက်စေချင်ပါ။ တကယ်တော့ မွေးချင်းပေါက်ဖော်အချင်းချင်း ငယ်ရွယ်စဉ်ကတည်းက ချစ်ချစ်ခင်ခင် ရှိနေခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ Adele Faber နှင့် Elaine Mazlish တို့ ရေးသားသည့် ပြိုင်ဆိုင်မှုမရှိသော မွေးချင်းပေါက်ဖော်များ (Siblings Without Rivalry) ဟူသောစာအုပ်ကို ညွှန်လိုပါသည်။ ထိုစာရေးသူနှစ်ဦးသည် သူတို့ကလေးများ ငယ်စဉ် ဖွံ့ဖြိုးဆဲကာလအတွင်း သတ်ကြပုတ်ကြ ယှဉ်ပြိုင်ရင်ဆိုင် အနိုင်ကြဲခဲ့ကြသည့် ရန်ပွဲ ပဋိပက္ခများအကြောင်းကို စနစ်တကျ ဖော်ထုတ်စိစစ်တင်ပြထားသည်။ သူတို့က မွေးချင်းပေါက်ဖော် အချင်းချင်းကို နှိုင်းယှဉ်၍ဝေဖန်ပြောဆိုခြင်း မပြုပါနှင့်။ အပြုသဘော နှိုင်းယှဉ်ခြင်းပင် မလုပ်ပါနှင့်-ဟု အလေးအနက် ဆိုခဲ့သည်။ ယင်းသို့ နှိုင်းယှဉ်ပြောဆိုခြင်းသည် တဦးကိုနှိမ့်ချ၍ တဦးကို မြှင့်တင်သည့် သဘောပါသောကြောင့် ကလေးအချင်းချင်း ရန်တိုက်ပေးရာ ကျပါသည်ဟုလည်း သူတို့က ဆိုသည်။ မင်းက မင့်ညီမလေးထက်တောင် သပ်ရပ် သန့်ရှင်းသေးတယ်-ဟူသော အပြောသည် အမကိုမြှင့်၍ ညီမကို နှိမ့်သည့်သဘောပါနေကြောင်း သတိပြုပါလေ။ တကယ်ဆိုတော့ ကလေးတို့ကို တဦးချင်းသာ အကဲဖြတ်ရပါမည်။ သူ၏ပုဂ္ဂလိကအရည်အချင်းကိုသာ ထုတ်ဖော်ချီးကျူးဖို့လိုပါသည်။ သူ၏နှိုင်းယှဉ်တန်ဖိုးကို တွက်ပြဖို့မလိုပါ။ သို့သော် ကလေးတိုင်းကို အတူတူပဲဟု တန်ဖိုးဖြတ်စရာ မဟုတ်ပါ။ ကလေးတဦးတည်းသာ ရှိသည်ဟု သဘောထား၍ သူ၏ကောင်းသောအရည်အချင်းတို့ကို ဖော်ထုတ်ချီးကျူးပါလေ။

မိဘတို့သည် မွေးချင်းပေါက်ဖော် အချင်းချင်းဖြစ်သည့် ရန်ပွဲအတွင်းသို့ ပါဝင်ပတ်သက်ခြင်း မပြုသင့်သလို လုံးဝလစ်လျူရှုထားခြင်းသည်လည်း ကောင်းသောလုပ်ရပ်တခု မဟုတ်ကြောင်း သတိမူရပါလိမ့်မည်။ အရေးကြီးသည်မှာ ထိုးကြိတ်ရိုကနှက် ကန်ကျောက်၊ နာကျင်၊ ဒဏ်ရာရအောင် မလုပ်ရ-ဟု ရှေးဦးစွာ အမိန့်ထုတ်ထားရမည် ဖြစ်သည်။ ထို့ကြောင့် ကလေးတို့သည် မိမိတို့ပြဿနာကို မိမိတို့ဘာသာ အေးချမ်း တည်ငြိမ်သည့် နည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ သိလာကြလိမ့်မည်။

တခါတရံတွင် မိမိတို့ပြဿနာကို မိဘတို့ထံတင်ပြ၍လည်း လိုအပ်သောအကြံဉာဏ်နှင့် အကူအညီတို့ကို ရယူနိုင်ပါသည်။ မိဘတို့ကလည်း နှစ်ဦးနှစ်ဖက် တင်ပြသည့် အကြောင်းအရာ၊ အချက်အလက်တို့ကို သေချာစွာ နားထောင်ပြီး သူတို့၏ပြဿနာကို အသံကျယ်ကျယ်ဖြင့် ပြန်လည်ပြောဆိုရပါမည်။ ကောင်းပြီ အခုသိရသလောက်ဆိုရင် ကိုကို အကြီးအကျယ် ဒေါသထွက်ရတာဟာ ...ဟုဆိုပြီး ကိုကို၏တင်ပြချက်နှင့် အတူ ညီညီ၏ တင်ပြချက်ကိုလည်း ယင်းကဲ့သို့ပင် အသံကျယ်ကျယ်ဖြင့် ပြန်လည်ပြောဆိုရမည်ဖြစ်သည်။ ပြဿနာ၏ အတိမ်အနက်ပေါ်မူတည်၍ မိဘတို့က ဖြစ်သင့်ဖြစ်ထိုက်သည်တို့ကို ယုံကြည်မှုအပြည့်ဖြင့် အဆုံးအဖြတ်ပေးကာ ဤပြဿနာကို သူတို့ဘာသာ ဖြေရှင်း၍ အခန်းထဲကထွက်သွားကြပေတော့-ဟု နိဂုံးစကား ပြောကြားနိုင်ပေသည်။

အကယ်၍ အငြင်းအခုံဖြစ်မှုသည် ထိုး၊ ရိုက်၊ ကန်ကျောက်၊ ပစ်ခတ်သည်အထိ ပြင်းထန်လာပါက မိဘတို့က ကြားဝင်ဖျန်ဖြေဖို့ လိုအပ်ပါသည်။ ကလေးတော်တော်များများသည် သတ်ပုတ်ခြင်းကို မနှစ်သက်တတ်ကြပါ။ မိမိက နိုင်ခြေရှိစေကာမူ မိဘတို့အပြစ်ပေးမည်ကို သိ၍ သတ်ပုတ်ခြင်းကို မလွှဲသာမှသာ လုပ်တတ်ပါသည်။ အထူးသဖြင့် သူတို့စိတ်၏ လိုဘ မပြည့်ခြင်းကို ဖြေရှင်းရန် တခြားနည်းလမ်းမရှိတော့သည့် အဆင့်သို့ ရောက်သွားခြင်း ဖြစ်တတ်ပါသည်။

ကလေးနှစ်ယောက် ရန်ဖြစ်လုံးထွေးသတ်ပုတ်နေပါက ရှေးဦးစွာ သူတို့နှစ်ဦးကို တနေရာစီခွဲခြားထားကာ စိတ်ငြိမ်သက်အောင် ပြုလုပ်ရမည်။ ထို့နောက် မိဘတို့က ရန်ဖြစ်သူနှစ်ဦး တင်ပြသည့် အချက်အလက်တို့ကို နားထောင်ရမည်။ ယင်းသို့ နားထောင်ရင်း မည်သည့်ကိစ္စကို မည်သို့ ဖြေရှင်းနိုင်ကြောင်း၊ နည်းလမ်းတို့ကို ဖော်ပြပေးရမည်။ မိဘတို့ အထူးသတိပြုရမည့် အချက်မှာ ကလေးတဦးဦးဘက်သို့ လိုက်၍ပြောဆိုပြုမူခြင်း ဖြစ်သည်။ မင်းကတော့ ဆိုးတယ်၊ ဒါဟာ မင်းညံ့လို့ ခံရတာပဲ-ဟူသော မှတ်ချက်မျိုးသည် ကလေးတယောက်ကို လူဆိုး၊ တခြားကလေးတယောက်ကို လူညံ့-ဟု သတ်မှတ်သည့် သဘောမျိုးဖြစ်သွားတတ်၍ ယင်းအပြောအဆိုမျိုးကို သတိထား ရှောင်ရှားရပါမည်။ ကလေးချင်းဖြစ်သည့် ရန်ပွဲတွင် ယင်းသို့ အလွယ်တကူ ဆုံးဖြတ်ခြင်းသည် တခါတရံ ကြီးမားသောအန္တရာယ် ရှိတတ်ပါသည်။

မိဘတို့သည် ကလေးနှစ်ဦး ထ၍ ရန်ဖြစ်သတ်ပုတ်သည့်အချိန်အထိ စောင့်ဆိုင်းနေစရာမလိုပါ။ ပြဿနာစ၍ တယောက်နှင့်တယောက် နှင်ပဲငဆ ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ အော်ဟစ်ဆူပူခြင်း စသည့်အဆင့်တွင်ပင် ၀င်ရောက်ဖျန်ဖြေပါက ပို၍ အဆင်ပြေလွယ်ကူနိုင်ပါသည်။

ကျွန်မ၏ မိဘများကမူ ကျွန်မတို့ ညီမတို့ ညီအမအချင်းချင်း ရန်ဖြစ်သတ်ပုတ်မှုကို ကာကွယ်ရန်၊ သူတကာနှင့် မတူသော ဥပဒေများ ထုတ်ထားပါသည်။ ကျွန်မတို့အိမ်တွင် မုန်းတယ်-ဟူသော စကားလုံးကို ဆဲရေးသည့်စကား၊ ညစ်ညမ်းသည့်စကားသဖွယ် သတ်မှတ်ကာ ဘယ်သူမှ တယောက်ကိုတယောက် နှင့်-ကို ငါမုန်းတယ်-ဟု မပြောကြရန် အမိန့်ထုတ်ထားပါသည်။ ထို့အတူပင် ကျွန်မတို့ညီအမအချင်းချင်း နင့်ပါးစပ် ပိတ်ထားစမ်း-ဟုလည်း ပြောခွင့်မရှိပါ။ လူကြီးမင်းတို့ စဉ်းစားသာကြည့်ပေတော့။ နင့်ကို ငါမုန်းတယ်လို့ မပြောဘဲ ကျွန်မသည် ညီမလေး၏ဆံပင်ကို မည်သို့ဆွဲရမည်နည်း။ ထို့အတူပင် မြည်တွန်တောက်တီးနေသည့် အမဖြစ်သူအား ညီမလေးဖြစ်သူက နှင့်ပါးစပ် ပိတ်ထားစမ်း-ဟုမပြောနိုင်ခဲ့ပါက ဘယ်လိုရန်စဖြစ်ကြရပါမည်နည်း။ ထိုစကားမျိုး မသုံးရသောကြောင့် ကျွန်မတို့ ညီအမ အချင်းချင်း ချစ်လှချည်ရဲ့ လို့တော့ မထင်လိုက်ကြပါနှင့်။ လစ်လျှင်လစ်သလို ရန်ဖြစ်တတ်ကြပါသည်။ မိဘနှစ်ပါးကလည်း တယောက်ကို တယောက် အသက်ပေး ချစ်ရမည်ဟု မတိုက်တွန်းပါ။ တယောက်အပေါ် တယောက်သစ္စာရှိရမည်ဟုသာ ပြောပါသည်။

အထူးသဖြင့် တခြားသူများနှင့် ပြဿနာဖြစ်သည့် အခါမျိုးတွင် မွေးချင်းပေါက်ဖော် အချင်းချင်း သစ္စာစောင့်သိမှုသည် လွန်စွာအရေးကြီးပါသည်။ ဤစကားကို ကျွန်မ ငယ်ရွယ်စဉ်ကပင် ကောင်းကောင်း သဘောပေါက်ခဲ့ပါသည်။
တနေ့တွင် ကျွန်မသည် မိန်းကလေး သူငယ်ချင်းတယောက်နှင့် နင်ပဲငဆ ပြောဆိုကာ ရိုက်မောင်းပုတ်မောင်း အခြေအနေသို့ ဆိုက်ခဲ့ကြသည်။ ထိုအခါ ကျွန်မ၏ အမရောက်လာပြီးကျွန်မကို ရိုက်မည်ဟုရွယ်နေသော ကလေးမအား တွန်းဖယ်ကာ ဟေ့-ဟေ့ ငါ့ညီမကို ဆုံးမတာ၊ ရိုက်တာဟာ နင့်အလုပ် မဟုတ်ဘူး။ ငါ့အလုပ်-ဟု ပြောကာ ကျွန်မကို ဆွဲထုတ်ခဲ့ပါသည်။ ဤတွင်မှ ကျွန်မသည် အချင်းချင်း သစ္စာစောင့်သိမှု-ဟူသောစကားကို ကောင်းစွာသဘောပေါက်မိပါသတည်း။
Ref:Time, 4, September 2000.

ဒေါက်တာကျော်စိန်
(Lifestyle ၂၀၀၁-ခု ဖေဖော်ဝါရီလ)

No comments: