| တစ်နေ့စာကြည့်နေခိုက်---- နေကောင်းပါရဲ့လား အရှင်ဘုရား"ဟု မေးမြန်းနှုတ်ဆက်သံကြောင့် "အော်-နေကောင်းပါတယ်၊ မပေါ်လာတာ အတော်ကြာပါပကောလား ဒကာထူးရဲ့"ဟုပြန်လည်နှုတ်ဆက်လိုက်ရ၏။
"မပေါ်လာတာကြာဆို တပည့်တော်မိခင်ကြီး ကျန်းမာရေးမကောင်းတာ ရန်ကုန်ထိသွားပြီး ဆေးကုပေးနေခဲ့ရလို့ပါဘုရား၊ အခုတော့ ကျန်းမာရေး ကောင်းသွားပါပြီ၊ အဲဒါ အရှင်ဘုရားအတွက် လှူစရာကလေးတွေလည်း ပါလာ၊ မေးစရာလေးတွေလည်း တွေ့လာခဲ့ရလို့ပါဘုရား။"
"လှူစရာကိုတော့ ထားပါဦး၊ မေးစရာကို အရင်သိပါရစေ။" "ဒီလိုပါဘုရား၊ ရန်ကုန်ဆေးခန်းမှာတုန်းက တပည့်တော်တို့ အမေအရွယ် အသက်ခုနစ်ဆယ်ကျော် အဘွားကြီးတစ်ယောက် ဆေးကုသမှုခံယူနေ တာကိုတွေ့ခဲ့ရပါတယ်ဘုရား၊ ရောဂါက သားအိမ်ကင်ဆာလို့ ဆိုပါတယ်။ နာလွန်းလို့ထင်ပါရဲ့ဘုရား၊ အော်လိုက် ညည်းလိုက်နဲ့ တလူးလူး တလွန့်လွန့် ဖြစ်နေတာ မြင်ရ ကြားရတဲ့ သူတွေတောင်မသက်သာလှဘူးပေါ့ ဘုရား။" "ဒီလိုနဲ့ သားသမီးတွေက စိတ်ဓာတ်ကျပြီး မကြည့်ရက်တော့တဲ့အဆုံးမှာ ဆရာဝန်ကြီးကို သူတို့အမေကို ယူသနေစီးယား လုပ်ပေးဖို့ တောင်းပန် ကြတော့တာပါပဲဘုရား။" "နေပါဦး ဒကာထူးရဲ့၊ ယူသနေစီးယားဆိုတာ နောက်ဆုံးပေါ်ကုထုံးလား၊ ဆေးဆုံးသုံးပြီး ကုပေးဖို့ပြောတာလား။"
"ဘယ်ကဟုတ်ရမှာလဲဘုရား၊ ယူသနေစီးယား (Euthanasia) ဆိုတာ မနာမကျင်ရလေအောင် လူနာကို ညင်ညင်သာသာ ကိစ္စတုံးပစ်တဲ့နည်းကို ဆိုတာပါဘုရား။" "ဟာ-ဖြစ်ရလေ ဒကာထူးရယ်၊ အဲဒီတော့ ဆရာဝန်ကြီးက လုပ်ပေးလိုက်ရော့လား။"
"လျှေက်ပါ့မယ်ဘုရား၊ ဆရာဝန်ကြီးက ဘာသာရေးကို အတော်ကိုင်းရှိုင်းပုံရပါတယ် ဘုရား၊ ဒီလိုယူသာနေစီးယားလုပ်တယ်ဆိုတာ တကယ်တော့ သူ့အသက်ကိုသတ် တာပဲတဲ့၊ ဝေဒနာခံစားရတာကတော့ လူနာရဲ့ကံတရား အကျိုးပေးပေါ့လေ၊ ဒီလို မလုပ်ချင်ကြပါနဲ့လို့ အတော်ရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်ဘုရား။"
"ပြီးတော့ ဆရာဝန်ဆိုတာ လူနာကို အသက်ရှည်ကျန်းမာအောင် တတ်စွမ်းသမျှ ကုသပေးကြရတဲ့သူတွေသာဖြစ်ပြီး လူနာကရော လူနာရှင်တွေကပါ ဘယ်လောက် လိုလားလိုလား အသက်တိုအောင်လုပ်ပေးတဲ့သူ လူနာရဲ့ကံကို အဆုံးသတ်ပေးတဲ့ သူတွေမဖြစ်သင့်ပါဘူးတဲ့။"
"နောက်ပြီးစဉ်းစားစရာက သူမသေခင် ကုရနိုင်တဲ့နည်း ကုရနိုင်တဲ့ဆေး မပေါ်ဘူး လို့လည်းမဆိုနိုင်ဘူး၊ သတ္တဝါတစ်ခု ကံတစ်ခုဆိုတာကိုလည်း သတိပြုရပါမယ်တဲ့ ဘုရား။" "ဒါတွေဟာ ဒေါက်တာမောင်မောင်ညိုရေးတဲ့ ရောဂါဆန်းနဲ့ဇာတ်လမ်းများ စာအုပ် ထဲကရရှိထားတဲ့ ဗဟုသုတ အသိတရားတွေကို တဆင့်ဖြန့်ဝေပေးတာပါတဲ့။" "ဆရာဝန်တွေဘက်က နောက်ဆုံးပေါ်နည်းပညာတွေ၊ ဆေးဝါးတွေနဲ့ တတ်စွမ်းသမျှ ကုသပေးနေသလို လူနာရှင်တွေဘက်ကလည်း အတတ်နိုင်ဆုံး ပြုစုယုယမှုတွေ ပေးကြပါလို့ ပြောသွားပါသေးတယ်ဘုရား။"
"အင်း--တော်တော် သဘောထားပြည့်ဝတဲ့၊ ဗဟုသုတပြည့်စုံတဲ့ဆရာဝန်ကြီးပဲကိုး၊ အထူးသဖြင့် ဒါတွေကိုတင်ပြပေးတဲ့ ဒေါက်တာ မောင်မောင်ညိုကို လေးစားစရာပါပဲ။ ဒါနဲ့ ဒကာထူး မေးစရာတွေဆိုတာက---။"
"သြော်-ဒီလိုပါဘုရား၊ အကယ်၍သာ လူနာရဲ့သားသမီးတွေ တောင်းဆိုတဲ့အတိုင်း ယူသနေစီးယားလုပ်ပေးလိုက်ရင် တောင်းဆိုတဲ့သူတွေနဲ့ လုပ်ပေးတဲ့သူမှာ ဘယ်လို အပြစ်မျိုးတွေ ဖြစ်နိုင်မလဲ သိချင်တာပါဘုရား။"
"မေးလဲမေးထိုက် သိလည်းသိထိုက်တာပဲ ဒကာထူးရေ။ တောင်းဆိုတဲ့သူတွေက လူနာရဲ့ သားသမီးအရင်းတွေ စစ်မှန်ခဲ့ရင်တော့ မာတုဃာတကကံ ထိုက်မှာဖြစ်ပြီး လုပ်ပေးတဲ့ အခြားသူကတော့ ပါဏာတိပါတကံ ထိုက်မှာပါပဲ။" "ဒီနေရာမှာ မာတုဃာတကကံထိုက်ရတာကတော့ ယူသနေစီယားလုပ်ပေးဖို့ တောင်းပန် တာက သတ်တဲ့ပုံစံ (၆) မျိုးထဲက အာဏတ္တိက ခေါ်တဲ့ စေခိုင်း၍သတ်ခြင်းဆိုတဲ့ အထဲမှာ အကျုံးဝင်နေတာရယ်၊ အသတ်ခံရသူကလည်း လူသားစစ်စစ်ဖြစ်တဲ့ အမေရင်း၊ သတ်သူ (စေခိုင်းတောင်းပန်သူ) ကလည်း လူသားစစ်စစ် သားသမီးအရင်းဖြစ်နေတာရယ်၊ အဲဒီ စေခိုင်းမှု ပယောဂကြောင့်ပဲ သေဆုံးတာရယ်တို့ကြောင့် မာတုဃာတကကံ ( အမေသတ် တဲ့ကံ) ထိုက်ရတာပါပဲ။"
"တင်ပါ့ဘုရား၊ အရှင်ဘုရားပြောတဲ့အထဲက သတ်တဲ့ပုံစံ (၆) မျိုးဆိုတာနဲ့ လူသားစစ်စစ် ဆိုတာတွေကို မိန့်ပါဦးဘုရား။" "သတ်တဲ့ပုံစံ (၆) မျိုးဆိုတာက (၁) ကိုယ်တိုင်ကိုယ်ထိလက်ရောက်သတ်ခြင်း (သာဟတ္ထိက)၊ (၂) စေခိုင်း၍သတ်ခြင်း (အာဏတ္တိက)၊ (၃) ပတ်ခတ်၍သတ်ခြင်း (နိဿဂ္ဂိယ)၊ (၄) ကျသေ ထိသေအောင် တွင်းတူး၊ ဗုံးထောင်၊ ငြောင့်တံသင်းထောင်ထား၍သတ်ခြင်း (ထာဝရ) (၅) စုန်းအတတ်၊ မှော်အတတ်စတဲ့ အတတ်တစ်မျိုးမျိုးနဲ့သတ်ခြင်း (ဝိဇ္ဇာမယ) (၆) ကံကြောင့်ဖြစ်တဲ့ တန်ခိုးနဲ့သတ်ခြင်း (ကမ္မဇိဒ္ဓိ) -တို့ပါပဲ။"
"နောက်လူသားစင်စစ်ဆိုတာက မာတုဃာတက၊ ပိတုဃာတကကံတွေမှာ သတ်သူရော၊ အသတ်ခံရသူပါ လူသားစစ်စစ်တွေဖြစ်ပါမှ ဒီကံတွေကထိုက်တာ၊ သီဟဗာဟုတို့မှာလို အသတ်ခံရသူအဖေက တိရစ္ဆာန်ဖြစ်ပြီး၊ သတ်တဲ့သူ သားသမီးကလူဖြစ်ရင်တော့ ဒီကံ ကြီးတွေမထိုက်နိုင်ဘူးလို့ ဆိုလိုတာပါ၊ ဒီကံကြီး (အာနန္တရိယကံ) တွေ ထိုက်မှု-မထိုက်မှု နဲ့ပတ်သက်ပြီး အကျယ်တဝင့် သိချင်ရင်တော့ သမန္တစက္ခုဒီပနီကျမ်းမှာ ကြည့်နိုင်ပါတယ်။"
"မှန်ပါဘုရား၊ အကယ်၍ ဒီကံကြီးထိုက်သွားရင် ပစ္စုပ္ပန်ဘဝနဲ့ တမလွန်ဘဝတွေမှာ ခံစား ရမယ့် အကျိုးအာနိသင်တွေကိုလည်း သိလိုပါသေးတယ်ဘုရား။" "ပစ္စုပ္ပန်ဘဝမှာတော့ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားတွေ လုံးဝမရနိုင်တော့ဘူး။ အများ တကာရဲ့ ရှုတ်ချခံရမှုတွေကိုတော့ တွေးကြည့်ရင် သိနိုင်လောက်ပါတယ်။ အဇာတသတ် မင်းတို့လို ညဘက်အိပ်မပျော်တာတွေစတဲ့ နောက်ဆက်တွဲတွေကလည်း အများကြီးပဲပေါ့။ အဲ-တမလွန်လားရာဂတိကတော့(ဘယ်လိုကောင်းမှုတွေကိုပဲ ပြုထားစေဦး၊ ပြုပေဦးတော့) ဒီဘဝကသေရင် ငရဲမှာတပ်အပ်ကျဖြစ်မှာ အသေအချာပါပဲ။" "ယခုလိုသိခွင့်ရတာ ကျေးဇူးကြီးလှပါတယ်။ ဟိုလူနာရှင်သားသမီးတွေကတော့ ဆရာဝန် ကြီးရဲ့ကောင်းမှုကြောင့် ဒီကံကြီးကလွတ်သွားကြရတာပဲဘုရား၊ တော်ပါသေးရဲ့။"
"အင်း-မရှိတာထက် မသိတာခက်တယ်လို့ဆို မဟုတ်လားကိုထူးရဲ့၊ သိသင့်သိထိုက်တာ တွေကို သိအောင် လေ့လာထားကြရမှာပေါ့။"
"တင်ပါ့ဘုရား၊ တပည့်တော်တို့လို မိအို ဖအိုတွေနဲ့ နေရတဲ့သူတွေ ပိုပြီးသိသင့်ပါတယ်ဘုရား။ တပည့်တော်လည်း တတ်နိုင်သလောက် လက်ဆင့်ကမ်းမှာပါပဲဘုရား။"
"မိဘစတဲ့ ကျေးဇူးရှင်ကြီးတွေဟာ မီးနဲ့ပမာတူတယ်တဲ့ ဒကာထူးရဲ့၊ မီးဆိုတာ သုံးတတ်ရင် ထမင်းချက်၊ အနွေးငွေ့လှုံ၊ အလင်းရောင်ယူ အမျိုးစုံအောင် သုံးလို့ရပေမဲ့၊ မသုံးတတ်ရင်တော့ လောင်တတ် ကျွမ်းတတ်တာ သဘာဝပါပဲ၊ ဒါကြောင့် ငရဲမီး အလောင်မခံရအောင် ရှောင်ရှားပြီး၊ လူနတ်နိဗ္ဗာန် ချမ်းသာရအောင် ဒီမီးအလင်းရောင်ကြီးတွေကို သုံးတတ်ပါစေ ဒကာထူးရေ။"
"ဤသို့ဖြင့် ဒကာထူးတစ်ယောက် ပါလာသောလက္ဘက်ခြောက်ကို လှူပြီး ရိုသေစွာ ဦးချ လိုက်လေသတည်း။"
(ဓမ္မရတနာမဂ္ဂဇင်း၌ "သတ်စေခြင်း သေစေခြင်း"အမည်ဖြင့် ဖော်ပြပြီး) အရှင်ဝိသာရဒ(ရမ္မာဝတီ)
e-mail မှ ကူးယူတင်ပြသည် မေတ္တာဖြင့်
မော်လူး |
No comments:
Post a Comment