ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို
အကြင်သူသည် နောက်နေ့မကူး၊ နေ့ချင်းဖူး၏၊
လှူသည့်ကုသိုလ်၊ မပိုတူ၏၊
တောင်းဆိုစကား၊ မမှားတူ၏၊
သီလငါးချက်၊ မပျက်လုံ၏၊
ထိုသည့်သူအား၊ မကြာချက်ချင်း၊
လက်ငင်းကောင်းကျိုး၊ ထူးစေသတည်း။
အထက်ပါစာပိုဒ်မှာ အနော်ရထာမင်းကြီး၏ သစ္စာအဓိဋ္ဌာန်ဖြစ်သည်ဟု အစဉ်အလာ ဆိုရိုးရှိပါသည်။ ယခုအခါ ပုဂံဘုရားဖူးများသည် အထက်ပါ ဆိုရိုးစကားအတိုင်း ပုဂံတ၀ိုက်ရှိ စွယ်တော်စေတီလေးဆူကို ကြိုးစား၍ နေ့ချင်းဖူးမြော်လေ့ရှိကြပါသည်။ စွယ်တော်စေတီလေးဆူမှာ -
၁။ ရွှေစည်းခုံ စေတီတော်
၂။ တန့်ကြည့်တောင် စေတီတော်
၃။ လောကနန္ဒာ စေတီတော်
၎။ တုရင်တောင် စေတီတော် တို့ဖြစ်သည်။
(ရွှေစည်းခုံစေတီတော်)
အနော်ရထာမင်းကြီးသည် နန်းစံသက် ၁၄-နှစ်မြောက် သက္ကရာဇ် ၃၉၃-ခုနှစ်တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ တမန်စေလွှတ်၍ စွယ်တော်ပွားကို ပင့်ဆောင်စေသည်။ သီဟိုဠ် (သီရိလင်္ကာ) မင်း ဓာတုသေနသည် မြတ်စွာဘုရား၏ စွယ်တော်ပွားကို ပေးအပ်ခဲ့သည်။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ သြ၀ါဒကို ခံယူ၍ ပုဂံမြို့ အရှေ့မြောက်အရပ်တွင် စွယ်တော်ကို ဌာပနာ၍ ရွှေစည်းခုံစေတီတော်ကို တည်တော်မူသည်။ စေတီတော် မပြီးမီ မင်းကြီး နတ်ရွာစံသောကြောင့် သက္ကရာဇ် ၄၄၆-ခုနှစ်တွင် ထီးနန်းဆက်ခံသော သားတော် ကျန်စစ်သားမင်းကြီးက ဆက်၍ တည်တော်မူရာ သက္ကရာဇ် ၄၅၂-ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေထီးတော် တင်လှူနိုင်ခဲ့သည်။
(တန့်ကြည့်တောင် စေတီတော်)
ပုဂံမြို့တဖက်ကမ်း တန့်ကြည့်တောင်ထိပ်ပေါ်တွင် တည်ရှိသည်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူစဉ် ရပ်တန့်၍ ကြည်ရှုတော်မူရာ တောင်ထိပ်ဖြစ်သောကြောင့် တန့်ကြည့်တောင်ဟု အမည်တွင်ခဲ့သည်။ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ခဲ့ရာတွင် တန့်ကြည့်တောင်ထိပ်၌ စေတီတော်တဆူ တည်ခဲ့သည်။
ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ မိန့်ကြားချက်အရ သီဟိုဠ် (သီရိလင်္ကာ)မှ ရသော စွယ်တော်ပွားတဆူကို ထိုစေတီတွင် ဌာပနာ၍ ပြုပြင်တည်ထားတော်မူခဲ့ခြင်း ဖြစ်သည်။
( လောကနန္ဒာ စေတီတော်)
ပုဂံမြို့တောင်ဘက် ဧရာဝတီ မြစ်ကမ်းနားထိပ်တွင် တည်ရှိသည်။
သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ပင့်ဆောင်လာသော စွယ်တော်များ တင်ဆောင်သည့် သင်္ဘော ဆိုက်ကပ်ရာ ဤနေရာတွင် စွယ်တော်တဆူကို ဌာပနာပြီး အနော်ရထာမင်းကြီးက တည်ထားခဲ့ခြင်း ဖြစ်သည်။ ဤစေတီတော်တွင် သက္ကရာဇ် ၅၆၉-ပါသော ကျောက်စာတချပ် အခိုင်အမာ တွေ့ရှိရသည်။
(တုရင်တော် စေတီတော် )
ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ တုရင်တောင်ပေါ်တွင် တည်ရှိသည်။
သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ပင့်ဆောင်လာသော စွယ်တော်ပွားတဆူကို သက္ကရာဇ် ၃၉၃-ခုနှစ်တွင် အနော်ရထာမင်းကြီးက တည်ထားတော်မူခြင်း ဖြစ်သည်။
( မောင်ရွှန်းသစ်)
Wednesday, January 27, 2010
သြ၀ါဒ
၁။ ပါဏာတိပါတ သူ့အသက်သတ်ခြင်း စသည်ဖြင့် မကောင်းမှုဒုစရိုက်တရား ၁၀-ပါးရှိသည်။
၂။ ထို ၁၀-ပါးကို
ကိုယ်တိုင်လည်း လွန်ကျူးလျှင်။
သူတပါးကိုလည်း လွန်ကျူးအောင် တိုက်တွန်းလျှင်
သူတပါးလွန်ကျူးချင်လာအောင်လည်း ချီးမွမ်းပြောဆိုလျှင်
သူတပါး လွန်ကျူးနေသည်ကိုလည်း မြင်၍ နှစ်သက်ဝမ်းမြောက်လျှင်
ဒုစရိုက်တရား ၁၀-ပါးသာမက ဒုစရိုက်တရား အပါး ၄၀-လုံးပင် လွန်ကျူးရာရောက်သည်နှင့် တူသည်။
၃။ ထိုဒုစရိုက်တရားများ ပြစ်မှားလွန်ကျူးမိလျှင်လည်း ယခုပစ္စုပ္ပန်ဘ၀မှာပင် မကောင်းကျိုးများ ခံစားရတတ်ပြီး တမလွန်ဘ၀၌လည်း အပါယ်လေးပါး ကျရောက်တတ်သည်။
၎။ ထို့ကြောင့် ထိုဒုစရိုက်တရားများ မပြစ်မှား မလွန်ကျူးမိအောင် အထူးရှောင်ရှားသင့်ကြပေသည်။
၅။ ကိုယ်တိုင်တိုက်တွန်း၊ ချီးမွမ်းစိတ်တူ၊ မြှောက်ပွားမူ၊ မှတ်ယူ လေးဆယ်ကံ။
ဘဒ္ဒန္တ ဇ၀နာဘိဝံသ မဟာထေရ်
မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ဂွေးချိုတိုက် မအူပင်အုတ်ကျောင်း ဆရာတော်

Tuesday, January 26, 2010
သရဏဂုံ ညစ်ညူးကြောင်းတရား ( ၃ )
( ယခင်လမှ အဆက် )
ပရိသတ်အပေါင်း သူတော်ကောင်းတို့ -သရဏဂုံ ညစ်နွမ်းခြင်းအကြောင်း ၃-ခုရပြီ၊ မိမိတို့ရဲ့ ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်နေတဲ့ သရဏဂုံ မညစ်နွမ်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းက အလိုလို ရသွားပြီ။ သရဏဂုံ မညစ်နွမ်းအောင် ဘယ်လိုလုပ်ကြမလဲ-
(၁) ဘုရား၊ တရား၊ သံဃာ အကြောင်း သိမှုတွေ တိုးပွားလာအောင် ကြိုးစားရမယ်။
(၂) ရတနာ ၃-ပါးရဲ့ အပေါ်မှာ သံသယတွေ ကင်းရှင်းသွားအောင် ကြိုးစားရမယ်။
(၃) မိစ္ဆာဉာဏ်တွေ ပျောက်သွားအောင် ကြိုးစားရမယ်။
အဲဒီလိုဆိုရင် သရဏဂုံ ဖြူစင်လာတယ်။
အဲဒီလို ဘုရား တရား သံဃာ ရတနာ ၃-ပါးတို့ရဲ့ အပေါ်မှာ အဉာဏ၊ သံသယ၊ မိစ္ဆာဉာဏ် ဒီ ၃-ခုကြောင့် သရဏဂုံညစ်တယ်ဆိုတဲ့ အကြောင်း နားလည်တယ်။ သရဏဂုံပျက်တာက ဘယ်လိုပျက်သလဲဆိုရင် မိမိတို့ ကိုးကွယ်တာက ဘုရားကို ကိုးကွယ်ပါ၏။ တရားကို ကိုးကွယ်ပါ၏။ သံဃာကို ကိုကွယ်ပါ၏ လို့ဆိုတယ်။ သို့သော် ဘုရားမှတပါး တို့မှာ ဆရာရှိသေးတယ်။ ဗုဒ္ဓဟောတဲ့ တရားတွေမှတပါး တို့ကျင့်စရာတရားတွေ ရှိသေးတယ်။ သံဃာတော်တို့မှတပါး တခြားကိုးကွယ်ရာ ရှိသေးတယ်။
ဒီလိုရတနာ ၃-ပါးမှတပါး တခြားများ ကိုးကွယ်စရာရှာရင်၊ ဘုန်းကြီးတို့ပရိသတ်များ ရတနာ ၃-ပါးကို ကျော်ထားခဲ့ပြီးတော့ တခြားမှာ ကိုးကွယ်စရာ သွားရှာရင် ထိုပုဂ္ဂိုလ်သည် သရဏဂုံပျက်ပါတယ်။ အဲဒါကို သတိထားပါ။ ရတနာ ၃-ပါးကို လွှတ်ထားပြီးတော့ တခြားကိုးကွယ်ရာ ရှာလိုက်ရင် သရဏဂုံ ပျက်ပြီတဲ့ နော်။
အသက်နဲ့ခန္ဓာကိုယ်ကို အပ်နှင်းပါ၏။ ဘုန်းကြီးတို့ ပရိသတ် တခါတခါ ဒီလိုဆိုကြတယ်။ ဒီကနေ့က အစပြု၍ တပည့်တော် တပည့်တော်မတို့သည် ဘုရား တရား သံဃာ ရတနာ ၃-ပါးအား အသက်နှင့်ခန္ဓာကို အပ်နှင်းပါ၏။ လှူဒါန်းပါ၏။ အဲဒါလဲ သရဏဂုံပဲ။ ကိုယ့်အသက်နဲ့ခန္ဓာ ဘုရားအတွက်တော့ စွန့်ရဲတယ်။ တရားအတွက်၊ သံဃာအတွက် စွန့်ရဲတယ်ဆိုရင်လေ အဲဒီသရဏဂုံဟာ တကယ်ထိပ်တန်းကျတယ်။
အချို့ကျတော့ ဘယ်လိုပြောင်းသွားသလဲဆိုတော့ ကျုပ်အသက်နဲ့ ကျုပ်ခန္ဓာကိုယ်ကို ဆရာ့ကို ပုံအပ်ထားပါတယ်ဗျာ။ ကျုပ်အသက်၊ ကျုပ်ခန္ဓာ၊ ကျုပ်စီးပွား၊ ကျုပ်ဇနီးမယား၊ ကျုပ်သား အကုန်လုံး ဆရာ့ကို ပုံအပ်လိုက်ပါပြီ။ ရတနာ ၃-ပါးမှတပါး တခြားမှာ အဲဒီလို လုပ်တာတွေ ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေ သရဏဂုံပျက်တယ်။ ရတနာ ၃-ပါးမှတပါး အခြားသူကို ကိုယ့်ဆရာဟူ၍ ရည်ညွန်းပြီးတော့ အသက်နဲ့ ခန္ဓာကိုယ်စွန့်ခြင်းသည် သရဏဂုံပျက်စီးခြင်းအကြောင်း ဖြစ်ပါတယ်။ အဲဒါကိုပင်လျှင် ဘုန်းကြီးတို့ ပရိသတ်မှာ ဘေးတမျိုးဆိုက်လာတယ်လို့ မှတ်ရမယ်။ ဘာဘေးလဲဆိုတော့ နာနာသတ္ထာရ ဥလ္လောကန-ဘေးလို့ခေါ်တယ်။
နာနာသတ္ထာရ-အမျိုးမျိုးသော ဆရာများကို။ ဥလ္လောကန-မော့ကြည်ရတာ။ အဲဒါ ဘေးဆိုက်တာ။ ဟိုဆရာလာလဲ ကိုးကွယ်ပါတယ်။ ကိုယ့်အသက်နှင့်ခန္ဓာ ဆရာ့အပ်ပါတယ်။ ကိုယ့်အသက်နှင့်ခန္ဓာ အပ်ရာမှာ တချို့ ရိုးရိုးနဲ့ မပြီးဘူး။ ကိုယ့်ဇနီးရော၊ သမီးရော၊ သားရော၊ စီးပွားရော အကုန်ပုံပြီး အပ်လိုက်တယ်။ ဟိုအအပ်ခံရတဲ့ ဆရာတွေက ကျွန်တော့်ကိုတော့ မယူဘူး။ ယူချင်တာတော့ ယူသွားလိမ့်မယ်။ အဲဒီလို ဒုက္ခဖြစ်ကြတာတွေ အများကြီးပဲ။
ရတနာ ၃-ပါးမှတပါး တခြားမှာ ဆရာရှိသေးတယ် ဆိုပြီးတော့ ရှာလေ့ရှိသူတို့သည် သရဏဂုံပျက်စီးပါတယ်။ အဲဒီပုဂ္ဂိုလ် ဘေးတွေ့နေတယ်လို့ ဆိုရမယ်။ ဘေးက ဘာလဲဆိုတော့ နာနာသတ္ထာရ ဥလ္လောကန-ဘေးတဲ့။ အမျိုးမျိုးသော ဆရာတို့ရဲ့ မျက်နှာကို မော်ကြည့်ပြီးတော့ ကိုးကွယ်နေရတာ။ အဲဒါ ဘေးပဲ။
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ။
ဗုဒ္ဓေါ-မြတ်စွာဘုရားသည်။ မေ-ငါ၏။ သရဏံ-ကိုးကွယ်ရာတည်း။
ဘေးကင်းတယ်၊ ရန်ကင်းတယ်၊ ဈေးရောင်းကောင်းတယ်ဆိုပြီး ရွတ်ကြတယ်။
အညံ-တခြားသော ကိုးကွယ်ရာသည်။ မေ-ငါ့မှာ၊ နတ္ထိ-မရှိတော့ဘူး။ ဘုရားမှတပါး ကိုးကွယ်စရာ ငါ့မှာမရှိတော့ဘူး။ အဲဒီလိုဆိုတော့ ဆိုတဲ့အတိုင်း တကယ်ဟုတ်ကြရဲ့လား။ အားကိုးစရာတွေ တခြားရှိနေသေးရင်တော့ ဘေးတွေ့ပြီ။ အဲဒီဘေး လွတ်အောင်ရှောင်ကြ။
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ-ဆိုရင် ဘုရားမှတပါး တခြားကို မကိုးကွယ်ဘူးဆိုတာ ပြတ်သားရမယ်။
ဓမ္မော မေ သရဏံ အညံ နတ္ထိ-တရားသည် ငါတို့ကိုးကွယ်ရာ၊ တရားမှတပါး ငါတို့ ကိုးကွယ်ရာမရှိဟု ပြတ်သားရမယ်။
သံဃော မေ သရဏံ အညံ နတ္ထိ-သံဃာများသည် ငါ၏ကိုးကွယ်ရာ၊ သံဃာမှတပါး ငါ၏ ကိုးကွယ်ရာ မရှိပါဘူး။
အဲဒီလိုဆိုရင် ဘုန်းကြီးတို့ ပရိသတ်များ ပြတ်ပြတ်သားသား ဖြစ်မှတော်တယ်။ အဲဒီလိုမဟုတ်ရင် သရဏဂုံ မပျက်တောင် ဘုန်းကြီးတို့ပရိသတ်များ ညစ်နွမ်းမှုဆိုတဲ့ ဘေးကတော့ လွတ်ဖို့မလွယ်ဘူး။ ပျက်တယ်လို့ တဖက်သတ်ဆိုလိုက်ရင် ပရိသတ်စိတ်ထဲ ကျေနပ်ကြမှာ မဟုတ်ဘူး။
အဲဒီတော့ ပျက်တယ်ဆိုတဲ့စကားကို နည်းနည်းလျှော့ပြီးတော့ ပြောမယ်။ ဒါပေမဲ့ ညစ်နွမ်းမှုဆိုတဲ့ ဘေးက လွတ်ချင်မှလွတ်မယ်။ ဘာကြောင့်လဲ ကိုးကွယ်မှု သန့်သန့်ရှင်းရှင်း ဖြစ်ဖို့၊ သန့်ရှင်းတဲ့ ဘာသာရေးဖြစ်ဖို့ မလွယ်တော့တဲ့အကြောင်းတွေ ရှိနေလို့ပါပဲ။ တခြားကိုးကွယ်ရာတွေက များနေလို့ပါပဲ။ ဘုရား တရား သံဃာမှတပါး တခြားမှာ ကိုးကွယ်စရာ အများကြီးရှိနေသေးတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေ သရဏဂုံပျက်နိုင်တယ်။ ပျက်တဲ့ ပုဂ္ဂိုလ်တွေလဲ ပျက်ကုန်ကြ၊ မပျက်တောင်မှ ညစ်နွမ်းမှုတော့ ဖြစ်ကုန်ကြပြီ။ အဲဒီအခါမှာ နာနာသတ္ထာရ ဥလ္လောကန-ဘေးဆိုတဲ့ ဘေးကြီးဆိုက်လာပါတယ်။ အဲဒီဘေးတွေ့လို့ ဒီပစ္စုပ္ပန်ဘ၀မှာ လူလုံးမလှ အပူလုံးကြွပြီးတော့ ဒုက္ခဖြစ်သွားကြတဲ့လူတွေ တွေ့ဖူးကြမှာပေါ့။
ဆရာ့ပုံအပ်တယ်ဆိုပြီးတော့ ပါသွားတာတွေလဲ အများကြီးပဲ။ ပုံအပ်လို့ ပါသွားလိုက်ကြတာ ရှိတယ်နော်။ လူတွေထဲရှိပါတယ်။ ဘုန်းကြီးထဲလဲ နည်းနည်းပါးပါးရှိတာပဲ။ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ-ဆိုပြီးတော့ စိတ်ထဲ ဆိုတာပဲ ရှိတာပဲ။ သိပ်မဟုတ်တတ်ကြဘူး။ လူများစုတော့ မဟုတ်ပါဘူး။ နည်းနည်း နည်းနည်နဲ့ ဖြစ်နေကြတာ ပြောတာပါ။ အဲဒီနည်းနည်းက များလာရင် ခက်မယ်။ ဘာသာရေး သာသနာရေးက ပျက်စီးသွားမှာ။ ဒါကြောင့် အခြေခံက ဘာလဲဆိုတော့ ရတနတ္တယ သမ္မာဒိဋ္ဌိ၊ ဒိဋ္ဌိဇုကမ္မ အယူဖြောင့်ဖို့ လိုအပ်ပါတယ်။ သဒ္ဓါအရင်းခံတဲ့ ရတနတ္တယ သမ္မာဒိဋ္ဌိသည် တို့သရဏဂုံမှာ ဒိဋ္ဌိဇုကမ္မ ဖြစ်တယ်။ ကုသိုလ်ကောင်းမှုလုပ်ငန်း ၁၀-ခုတို့တွင် သူ့ကို အခြေမခံရင် ကျန်တဲ့ ၉-ခုသည် မဖြောင့်မှန်ဘူးဆိုတာ သဘောကျပါ။ နာနာသတ္ထာရ ဥလ္လောကန ဘေးမှ လွတ်ရန်လဲပဲ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ဆိုရင်လဲ တကယ့်ကို အညံ နတ္ထိ ဖြစ်မှ။ ရတနာ ၃-ပါး အညံ နတ္ထိ မဟုတ်ဘဲ တပါးသူတို့အပေါ် အညံ နတ္ထိ ဖြစ်နေလို့ရှိရင်တော့ အဲဒါ အပြိုင်ပဲ။ နတ္ထိက မရှိဘူး။ အတ္ထိက ရှိတယ် ဖြစ်နေမယ်။
ဗုဒ္ဓေါ မေ သဂဏံ အညံ နတ္ထိ-ဘုရားမှတပါး ကိုးကွယ်ရာ မရှိဆိုရင်လဲ တကယ့်ကို ဟုတ်မှ။ ဘုရားရှိခိုးပြီးရင် ဟိုဘက်ဒီဘက်လှည့်ပြီး ရှိမခိုးနဲ့။ မနက်ဈေးရောင်းခါနီးရင် ရုံးတက်ခါနီးရင် ဘုရားရှိခိုးဖို့ သိပ်သတိမရဘူး။ ဟင်္သာစီးထားတဲ့ အရုပ်ကြီး ရှိခိုးကြတယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိနဲ့ ဈေးရောင်း၊ တကယ်ရောင်းကောင်းတယ်။
ဓမ္မံ သရဏံ ဂစ္ဆာမိနဲ့ ရောင်းပါ။ တကယ်ရောင်းလို့ ကောင်းပါတယ်။
သံဃံ သရဏံ ဂစ္ဆာမိနဲ့ သွားပြီးတော့ ရောင်းပါ။ တကယ်ရောင်းလို့ ကောင်းတယ်။ ပညာသင်လို့လဲ ကောင်းတယ်။
ကိုးကွယ်ရာအမှန်မှာ သတ္တိငါးပါး မရှိဘူးလား။ ဘယရယ်၊ သဒေါသရယ်၊ ဒုက္ခရယ်၊ ဒုဂ္ဂတိရယ်၊ ပရိကိလေသရယ် ဒီ ၅-မျိုးကို ပယ်ဖျောက်တာ ရတနာ ၃-ပါးပါ။ ခုနက တခြားကိုးကွယ်ရာတွေက ဒီငါးမျိုးကို ပယ်ဖျောက်တယ်ဆိုတာ ဘုန်းကြီးတို့ ပါဠိ၊ သက္ကတ၊ ဋီကာတွေမှာ မရှိဘူးဗျာ။ တခါတခါကျတော့ သူတို့မကျေနပ်ရင် ဒုက္ခတောင် ပေးတတ်သေးတယ်ဆိုတာလေးကော စဉ်းစားထားပါ။
အုန်းသီးခြောက်ရင် ခေါင်းမကိုက်ဘူးလား။ အရုဏ်ဆွမ်းတော်တင်ပွဲ တင်ပြီး ဘုန်းကြီးတို့ပရိသတ်များ မေ့ထားလိုက်ကြတာ။ မနက်တင် နေ့လည်မေ့၊ ညကလဲ မစွန့်ဖြစ်ဘူး။ နောက်တနေ့မနက်ကျမှ သိုးလို့ ကြွက်တွေရော၊ ပုရွက်ဆိတ်တွေရော၊ ဘုရားရှေ့မှာ အစုအပြုံဖြစ်နေတယ်။ အဲဒီကျ ခေါင်းများကိုက်သေးလား။ မကိုက်ပါဘူး။ သေချာတယ်။ မြတ်စွာဘုရားက သဘောကောင်းတယ်။ ဘုန်းကြီးတို့ ပရိသတ်ကို ခေါင်းကိုက်အောင် ဘယ်တော့မှမလုပ်ဘူး။ ဗိုက်နာအောင်လဲ ဘယ်တော့မှ မလုပ်ဘူး။ ပန်းအိုးထဲမှာ ပန်းတွေပုပ်လို့ ပိုးတွေတသောသောနဲ့ ဖြစ်နေရင်လဲ မြတ်စွာဘုရားက အဲဒါ စိုက်ကြည့်ပြီး ကမ္မဋ္ဌာန်းရှုပြီးတော့ ထိုင်နေတာ ဘာမှမပြောဘူး။ အုန်းသီးကြွက်မြီး ညှိုးမယ်တော့ မကြံနဲ့။ ချက်ချင်း အဲဒီအိမ် အကုန်လုံး ခေါင်းကိုက်သွားမယ်။ ဘုရား တရား သံဃာ ရတနာ ၃-ပါးမှတပါး တခြားအားကိုးရာတို့က ဘေးဖြစ်လာ တတ်တယ်။ ဒီကနေ့ တို့ပရိသတ်အပေါင်း သူတော်ကောင်းတို့အတွက် ဘေးလည်းမဖြစ်ရလေအောင်၊ သရဏဂုံလည်း မနွမ်းရလေအောင်၊ သန့်ရှင်းတဲ့ သရဏဂုံလဲ ဖြစ်ရလေအောင် အရေးကြီးတဲ့ အချက် ၄-ခုကို တို့ပရိသတ် ရှောင်လိုက်ကြပါ။ ဘာလဲဆိုတော့-
(၁) ရတနာ ၃-ပါးနဲ့ ပတ်သက်လာရင် မသိမှု။
(၂) ရတနာ ၃-ပါးနဲ့ ပတ်သက်လာလျှင် ယုံမှားမှု။
(၃) ရတနာ ၃-ပါးနဲ့ ပတ်သက်လာလျှင် အသိမှားမှု။
(၄) ရတနာ ၃-ပါးကို ကျော်ပြီးတော့ တခြားကိုးကွယ်ရာ ရှာမှု။
အဲဒီ ၄-ချက်သည် သရဏဂုံ ညစ်နွမ်းခြင်းရဲ့အကြောင်းလို့ မှတ်လိုက်ပါ။
ပရိသတ်အပေါင်း သူတော်ကောင်းတို့ ညစ်နွမ်းရာကနေ တဖြည်းဖြည်း လက်နှီးစုပ်လိုဖြစ်ပြီး လျှော်ဖွပ်လို့ မရရင် ပျက်ကရော။ အဉာဏ ကနေ ဉာဏ-သိမှုတွေ တိုးပွားအောင် ကြိုးစားပါ။ သံသယကင်းအောင် ကြိုးစားပါ။ မိစ္ဆာဉာဏ် အသိမှားမှုတွေကို ဖယ်ရှားပါ။ တခြားမှာ ကိုးကွယ်ရာ ဆရာရယ်လို့ မရှာကြပါနဲ့။ ဒီ ၄-ခုလွတ်ရင် ဘုန်းကြီးတို့ ပရိသတ်ရဲ့ သရဏဂုံသည် တကယ်သန့်ရှင်းလို့ မပျက်စီးဘူး။ သေခါမှ ပျက်သော သရဏဂုံကတော့ အပြစ်ကင်းသော သရဏဂုံ ပျက်ခြင်းလို့ နားလည်ကြပါ။
ဤဘုရား တရား သံဃာမှတပါး တခြားသောကိုးကွယ်ရာသည် ဤဘုရား တရား သံဃာမှတပါး အခြားအခြားသော ဆရာစသည် တစုံတခုခုကို ကိုးကွယ်မှုသည် ဘေးကင်းသည်မဟုတ်၊ ဘေးမကင်းနိုင်။ မြတ်သောကိုးကွယ်မှု မဖြစ်နိုင်။ တို့ဘုရား တရား သံဃာမှတပါး တခြားကိုးကွယ်ခြင်းကို အကြောင်းပြု၍ အလုံးစုံသော ဒုက္ခအပေါင်းမှ ဘယ်လိုနည်းနှင့်မျှ လွတ်မြောက်နိုင်ခြင်း မရှိပါပေသတည်း။
( သီတဂူဆရာတော်)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇွန်လ)

Monday, January 25, 2010
( ၂၃ ) မိမိကိုယ်ကို နှိမ့်ချခြင်း
မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တနည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
တရံရောအခါ ဘောဂပြည်ဝယ် ဉာဏရာဇာမင်းကြီး မင်းပြုသည်။ ထိုမင်းသည် ဉာဏ်ပညာနှင့် ပြည့်စုံသည်။ ပညာရှိ မှူးမတ်များလည်း ပေါများသည်။
မင်းကြီးတွင် ဗလနှင့် သောမ အမည်ရှိသော သားတော်နှစ်ပါး ရှိသည်။ သားတော်ကြီး ဗလသည် စိတ်ထားမကောင်း၊ မာန်မာနကြီး၏။
သားတော်ငယ် သောမကား ထိုသို့မဟုတ်။ စိတ်ထားကောင်း၏။ မာန်မာန လုံးဝမရှိ။ နိဝါတတရားကို လက်ကိုင်ထားလျက် နှိမ့်ချစွာဖြင့် မှူးမတ်ပြည်သူတို့ကို ဆက်ဆံ၏။
တနေ့သောအခါ ဗလသည် သားနားစွာ ၀တ်ဆင်၍ မြင်းစီးလျက် မင်းပွဲသဘင်သို့ တက်ရောက်ရန် ထွက်လာသည်။ လမ်း၌ သူ့ရှေ့မှ သွားနေသော ဆင်းရဲသား အဘိုးအိုတဦးကို မြင်တွေ့သည်။ အဘိုးအိုသည် ခရီးသည်တဦး ဖြစ်သည်။ လွယ်အိတ်ကိုလွယ်လျက် အဝေးမြို့ရွာသို့ သွားနေသည်။ ဗလ မြင်းစီးလာသည်ကို မသိရှာ။ ထို့ကြောင့် လမ်းဖယ်မပေးမိ။ ထိုအခါ ဗလက ဆဲရေးပြီးလျှင် မြင်းနှင့်တိုက်သွားသည်။ အဘိုးအိုခမျာ လမ်းဘေးသို့ လဲကျသွားရှာလေသည်။
သောမသည် နောင်တော်ဗလနောက်မှ မြင်းစီးလျက် လိုက်လာရာ ဖြစ်ပုံအလုံးစုံကို မြင်လိုက်သည်။ သူသည် ချက်ချင်းပင် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ အဘိုးအိုကို ယုယစွာ ထူမပေးသည်။ မေးမြန်းကြည့်ရာ အဘိုးအို ခြေထောက်အနည်းငယ် နာသွားသည်ကို သိရသည်။
သို့ဖြင့် သူ၏ မြင်းကိုစီးရန် ပြောဆိုသည်။ မြင်းကို အဘိုးအိုအား အပိုင်ပေးအပ်သည်။ ထိုအခါ အဘိုးအိုသည် ကျေးဇူးတင်လှသဖြင့် လွယ်အိတ်ထဲမှ ပါလာသော ပေစာထုပ်ကို သောမအား ပေးအပ်သည်။
အရှင့်သား၊ ကျေးဇူးကြီးလှပါသည်။ ကျေးဇူးဆပ်သော အနေဖြင့် အဘိုးက ဤပေစာထုပ်ကို လက်ဆောင်ပေးပါသည်။ ဤပေစာမှာ-သုတကျမ်းရတနာ-ဖြစ်သည်။ အရှင့်သား အစဆုံးဖတ်၍ လေ့လာပါ။ ဉာဏ်ပညာ၊ ဗဟုသုတ အထူးတိုးပွားလာပါလိမ့်မည်-ဟူ၍ ဆို၏။
သောမသည် ၀မ်းမြေက်ဝမ်းသာပင် ပေစာထုပ်ကို လက်ခံယူသည်။ အဘိုးလည်း မြင်းစီး၍ ထွက်ခွာသွားသည်။ သောမသည် နှိမ့်ချစွာပင် ခြေကျင်လျှောက်၍ မင်းပွဲသဘင်သို့ ဆက်လက်ထွက်ခွာလာသည်။
ဤသို့ဖြစ်ပျက်ပြီး ၆-လခန့်ကြာသော် အိမ်နီးချင်း တိုင်းပြည်တပြည်မှ သံအဖွဲ့တဖွဲ့သည် ဘောဂပြည်သို့ ရောက်လာသည်။ သူတို့သည် မင်းကြီးကို ဖူးတွေ့လျက်-အရှင်မင်းမြတ်သည် ဉာဏ်ပညာကြီးမား၍ အရှင်မင်းမြတ်ထံတွင် ပညာရှိမှူးမတ် ပေါများသည်ဟူ၍ ကြားသိရပါသည်။ ထို့ကြောင့် ကျွန်တော်မျိုးတို့၏ ဘုရင်မင်းမြတ်နှင့် ပညာရှိမှူးမတ်များ တိုင်ပင်ကာ အရှင်တို့ကို ဉာဏ်ရည်စမ်းသောအနေဖြင့် မေးခွန်းသုံးသွယ်မေးရန် လာရောက်ခြင်းဖြစ်ပါသည်။ ဖြေကြားတော်မူပါ-ဟူ၍ လျှောက်ထားသည်။ ရွှေပေပေါ်တွင် ရေးထိုးထားသော မေးခွန်းသုံးသွယ်ကို ဆက်သသည်။
ယင်းတို့မှာ-
(၁) အရိုးသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
(၂) အသားသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
(၃) အမွေးသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
ဤမေးခွန်းသုံးသွယ်ကို မင်းကြီးနှင့်တကွ ပညာရှိအမတ်များသည် ဖြေဆိုနိုင်ရန် အမျိုးမျိုးကြံဆကြသည်။ အဖြေမပေါ်။ သို့ဖြင့် ၃-ရက်မြောက်သောနေ့တွင် ဖြေဆိုမည်ဟူ၍ ချိန်းလိုက်သည်။
မင်းကြီးနှင့် မှူးမတ်တို့လည်း အခက်တွေ့ကြပြီ။ မေးခွန်းသုံးသွယ်ကို ဖြေလည်းမဖြေနိုင်။
သည်တွင် သားတော်ကြီး ဗလ-က ခက်ခဲသောမေးခွန်းကို လာမေးရပါမည်လော-ဟုဆိုကာ သံအဖွဲ့ဝင်များကို သွားရောက်ဖမ်းဆီး၍ သတ်မည်ပြုသည်။ မင်းကြီးက အမျိုးမျိုး တားဆီးသည်။ နောက်ဆုံး တားမရသဖြင့် ဗလကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရလေသည်။
ထိုစဉ် သားတော်ငယ် သောမသည် ခမည်းတော်ထံ ချဉ်းကပ်လျက် မေးခွန်းသုံးသွယ်ကို မိမိဖြေဆိုနိုင်ကြောင်း၊ သူဆင်းရဲအဘိုးအို ပေးသော သုတကျမ်းရတနာကို မိမိလေ့လာထားသဖြင့် ဤမေးခွန်းသုံးသွယ်ကို ကောင်းစွာ ဖြေဆိုနိုင်ကြောင်း တင်လျှောက်သည်။
သို့ဖြင့် ချိန်းဆိုသောနေ့သို့ ရောက်လာသည်။ ညီလာခံခန်းမဆောင်တွင် အမေးပုစ္ဆာဖြေဆိုပွဲကို ကျင်းပသည်။ မှူးမတ်ဗိုလ်ပါ စုံညီတက်ရောက်ကြသည်။ သံအဖွဲ့ဝင်အားလုံးလည်း တက်ရောက်သည်။
သားတော် သောမသည် ပရိသတ်ဗိုလ်ပုံအလယ်တွင် ရဲရင့်စွာ ထိုင်လျက် မေးခွန်းသုံးသွယ်ကို အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဖြေဆိုသည်။
(၁) အရိုးသာ အတောင်အမြီးဖြစ်သော ငှက်မှာ-ပိတုန်း ဖြစ်ပါသည်။
(၂) အသားသာ အတောင်အမြီးဖြစ်သော ငှက်မှာ-ရှူးပျံ ဖြစ်ပါသည်။
(၃) အမွေးသာ အတောင်အမြီးဖြစ်သော ငှက်မှာ-ဥဒေါင်း ဖြစ်ပါသည်။
ဤသို့ဖြေဆိုလိုက်သောအခါ သံအဖွဲ့ဝင်များက ဟုတ်ပါပေသည်-ဟု ဆိုကာ သောမကို ချီးကျူးကြသည်။ ဆုလာဘ်များ ပေးအပ်ကြသည်။ မင်းကြီးနှင့် တကွ မှူးမတ်ပြည်သူအားလုံးလည်း ၀မ်းမြောက်ဂုဏ်ယူမဆုံး ရှိကြသည်။ ထိုနေ့မှာပင် မင်းကြီးသည် မှူးမတ်များနှင့် တိုင်ပင်ကာ သားတော်ငယ် သောမကို အိမ်ရှေ့အရာ နှင်းအပ်ချီးမြှင့်လိုက်လေသည်။
ကျမ်းကိုး။ ။
(၁) မင်္ဂလာသာရ ဒီပနီကျမ်း။
(၂) မြန်မာဂုဏ်ရည် (ဦးဖိုးကျား)
မင်းယုဝေ

Sunday, January 24, 2010
သုယုတ်မာ
သူမခေါ်ဘဲလျက် သူ့အိမ်သို့ သွားဖန်များသောသူ၊
သူမမေးဘဲလျက် များစွာပြောချင်သူ၊
မိမိကိုယ်ကို ၀ါကြွားပလွှားတတ်သူ၊
ဤ ၃-မျိုးသည် သူယုတ်မာလက္ခဏာ မည်၏။
(လောကနီတိ)
သူမမေးဘဲလျက် များစွာပြောချင်သူ၊
မိမိကိုယ်ကို ၀ါကြွားပလွှားတတ်သူ၊
ဤ ၃-မျိုးသည် သူယုတ်မာလက္ခဏာ မည်၏။
(လောကနီတိ)
မိမစစ် ဖမစစ်
မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံကြီးကို ရှေးခေတ်တုန်းက မင်းအသီးသီးတို့ ထီးပြိုင်နန်းပြိုင် အုပ်စိုးခဲ့ကြသဖြင့် အချုပ်အခြာ အာဏာပိုင် တိုင်းပြည် တဆဲ့ခြောက်ပြည် ရှိခဲ့၏။ ထိုတိုင်းပြည်များကို သာသနာဝင် ကျမ်းများ၌ တိုင်းကြီး သောဠသ-ဟူ၍ ဖော်ပြထား၏။
တိုင်းကြီးသောဠသတွင် အပါအ၀င်ဖြစ်သော ဒက္ခိဏာပထတိုင်းသည် ကျယ်ဝန်းသော တိုင်းတခုဖြစ်၏။ ဒက္ခိဏာပထဆိုသည့်အတိုင်း မဇ္ဈိမဒေသ၏ တောင်ဘက်တွင် တည်ရှိကာ အနောက်ဘက်တွင် အာရေဗျပင်လယ်အထိ ရောက်၍အရှေ့ဘက်တွင်လည်း အိန္ဒိယသမုဒ္ဒရာအထိ ကျယ်ပြန့်၏။
သို့ဖြစ်၍ အရှေ့ဘက်ပိုင်းက ဒက္ခိဏာပထတိုင်းသားတို့သည် အိန္ဒိယသမုဒ္ဒရာ၌ သင်္ဘောရွက်လွင့်ကာ သုဝဏ္ဏဒီပခေါ် အရှေ့တောင်အာရှကမ်းခြေနိုင်ငံများနှင့် ကုန်သွယ်လေ့ရှိကြ၏။
တခါသော် ဒက္ခိဏာပထတိုင်းသား ကုန်သည်များသည် သုဝဏ္ဏဒီပမှ ကြက်မတကောင်ကို ၀ယ်ယူခဲ့ကြ၏။ သင်္ဘောခရီးစဉ်တလျှောက်လုံး နေရာပေးကာ အစာရေစာ ၀လင်စွာ သီးသန့်ကျွေးမွေးလာခဲ့ကြ၏။ မိမိတို့ ရပ်ဌာန်ပြန်ရောက်သောအခါ အိမ်သူအိမ်သားတို့ထံ အပ်နှံကာ ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ရန် မှာကြားကြ၏။
အိမ်ထောင်ဦးစီးများ မှာကြားသည့်အတိုင်း အိမ်သူအိမ်သားများကလည်း ကြက်မကလေးကို ဂရုတစိုက် ကျွေးမွေးကြပါ၏။ အိမ်ခွေး စသည်တို့ ရန်မှ ကာကွယ်ပေးကြပါ၏။ သို့ရာတွင် ထိုစဉ်တုန်းက ထိုနယ်မြေတွင် ထိုကြက်မလေးမှတပါး အခြားကြက် တကောင်မျှ မရှိသဖြင့် အဖော်ရှာ၍ မပေးနိုင်ကြပေ။
သို့ဖြစ်၍ ကြက်မကလေးသည် အချိန်တန် အရွယ်ရောက်သောအခါ ကျီးတကောင်နှင့် အိမ်ထောင်ပြုရ၏။ မျိုးမတူသော မိဘနှစ်ဦးထံမှ ကျီးဟုလည်း မခေါ်နိုင်၊ ကြက်ဟုလည်း ခေါ်၍ မရနိုင်သော သတ္တ၀ါလေးတကောင် ပေါက်ဖွားလာလေသည်။
အကယ်၍ ကျီးမျိုးစစ်စစ် ဖြစ်ပါက ကျီးတို့၏ ဘာသာဘာဝ ဆက်သွယ်ပြောဆိုသည့် အသံကို ပီပြင်အောင် တွန်မည်နိုင်မည် ဖြစ်၏။ ကြက်မျိုးစစ်စစ် ဖြစ်လျှင်လည်း ကြက်တို့၏ ဘာသာဘာဝ ဆက်သွယ်ပြောဆိုသည့် အသံကို ပီပီပြင်ပြင် တွန်မြည်နိုင်မည် ဖြစ်၏။
ဤသတ္တ၀ါလေးမှာမူ မိမစစ် ဖမစစ် ဖြစ်နေ၍ အဖကဲ့သို့လည်း ပီပီပြင်ပြင် မမြည်တွန်နိုင်။ အမိကဲ့သို့လည်း ပီပီပြင်ပြင် မမြည်တွန်နိုင်။ အဖဘက်သို့ အလေးကဲရန်ရှိသောအခါ (အောက်ကလိအာ) ဟု မြည်တွန်ကာ အမိဘက်သို့ အလေးကဲရန် ရှိလာလျှင်ကား (အာကလိအောက်)ဟူ၍ သာ မပီမသ ဂွကျကျ မြည်တွန်ရ ရှာလေသည်။
*******************
( ပဋိသာရဏီယကံ )
ဝိနည်းပါဠိတော် စူဠ၀ဂ် ကမ္မက္ခန္ဓက ပဋိသာရဏီယကမ္မကထာတွင် ကျောင်းထိုင်ပုဂ္ဂိုလ် အရှင်သုဓမ္မအား ကျောင်းဒါယကာ စိတ္တသူကြွယ်က ထုတ်ဆောင်လျှောက်ထားခဲ့သည့် ဥပမာပုံဝတ္ထု ဖြစ်ပေသည်။
စိတ္တသူကြွယ်တို့၏ မစ္ဆိကာသဏ္ဍရွာကြီးသည် မဂဓတိုင်းအတွင်းမှာ ရှိ၏။ စိတ္တသူကြွယ်သည် ထိုရွာမှာ အစဉ်အဆက်နေလာခဲ့ကြသော သူဌေးမျိုးရိုးမှ ဖွားမြင်လာသူ ဖြစ်၏။ ပဉ္စ၀ဂ္ဂီ ငါးဦးတွင်အပါအ၀င်ဖြစ်သော အရှင်မဟာနာမ်သည် တခါက မစ္ဆိကာသဏ္ဍသို့ ကြွလာဖူး၏။ စိတ္တသူကြွယ်သည် အရှင်မဟာနာမ်ထံမှ အာယတနခြောက်ပါးကို ပရိကံပြု၍ ဟောကြားသည့် တရားကို ကြားနာခွင့်ရ၏။ ဤတရားဖြင့်ပင် အနာဂါမိဖိုလ်သို့ ဆိုက်ရောက်၍ လူဝတ်ကြောင် ဒါယကာတဦးအနေဖြင့် အမြင့်ဆုံးသော အဆင့်သို့ ရောက်ခဲ့၏။ အနာဂါမ်ပုဂ္ဂိုလ် စိတ္တသူကြွယ်သည် မိမိတို့ရပ်ရွာမှာပင် ကျောင်းကြီးတဆောင် ဆောက်လုပ်ပြီးလျှင် အရှင်သုဓမ္မအား ကျောင်းထိုင်ပုဂ္ဂိုလ်အဖြစ် တင်လှူကိုးကွယ်ထားပေသည်။
စိတ္တသူကြွယ်သည် ကုသိုလ်ကောင်းမှု တခုခု ပြုလုပ်ရန် ရှိလေတိုင်း ကျောင်းထိုင်ပုဂ္ဂိုလ်အရှင်သုဓမ္မကို အသိပေးပန်ကြားပြီးမှ ပြုလုပ်နေကျဖြစ်၏။ တနေ့သောအခါတွင်ကား အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရာဟုလာ အစရှိသော အရှင်မြတ်များသည် မစ္ဆိကာသဏ္ဍရွာကြီးသို့ ဆိုက်ရောက်လာကြ၏။ စိတ္တသူကြွယ်သည် မိမိအလွန်တရာ ကြည်ညိုလေးစားသည့် အရှင်မြတ်ကြီးများကို တစုတဝေးတည်း ဖူးမြင်လိုက်ရသဖြင့် ၀မ်းမြောက်ရွှင်လန်းရ၏။ ၀မ်းမြောက်ရွှင်လန်းမှုက အားကြီးလှသဖြင့် ခါတိုင်းလို အရှင်သုဓမ္မအား ပန်ကြားရမည့်ကိစ္စကို မေ့လျော့ကာ အရှင်မြတ်ကြီးများအား နက်ဖြန်နံနက်တွင် မိမိအိမ်သို့ ဆွမ်းဘုဉ်းပေးကြွရောက်ရန် ဖိတ်ကြားမိပေတော့သည်။
ဤသို့ပင့်ဖိတ်ပြီးကာမှ သတိရ၍ အရှင်သုဓမ္မကိုလည်း ပင့်ဖိတ်ရ၏။ သို့ရာတွင် အရှင်သုဓမ္မက လက်မခံတော့ပါ။
အရှင်သာရိပုတ္တရာတို့ ရောက်လာကြသဖြင့် ငါ့အပေါ်ထားခဲ့တဲ့ ကျောင်းဒကာရဲ့ သဒ္ဓါတရား ပျက်ပြယ်သွားပြီ-ဟု မသင့်မတင့် နှလုံးသွင်းကာ သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့၏။
ကိုယ့်စိတ်ကိုယ့်မာန်ဖြင့် ဆွမ်းစားလိုက်ရန် ငြင်းဆန်ခဲ့သော အရှင်သုဓမ္မသည် နောက်တနေ့နံနက်တွင်ကား ကျောင်းဒကာအိမ်သို့ သူ့ဘာသာသူ ကြွလာ၏။ ဤသို့ကြွလာခြင်းမှာ ဆွမ်းစားလို၍ မဟုတ်ပါ။ ကျောင်းဒကာကြီး၏ ဆွမ်းကပ်ပွဲတွင် ချို့တဲ့ချက်တခုခုကို ရှာ၍ အပြစ်ဖို့ရန် ဖြစ်သည်။
စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ချက်ပြုတ်စီမံထားသော ဆွမ်းပွဲများနှင့် မုန့်ပဲသရေစာများကို သေသေချာချာ လိုက်လံကြည့်ရှု၏။ ဤသို့ကြည့်ရှုရာတွင် တနေရာတွင် ပြောစရာအချက်တခုကို တွေ့လိုက်ရသဖြင့်-
ဒါယကာ စိတ္တ-သင်တို့ချက်ပြုပြင်ဆင်ထားသော ဆွမ်းခဲဖွယ်တို့သည် များလှပါ၏။ အမျိုးအမည်လည်း စုံပါ၏။ သို့သော် မုန့်တမျိုးကား လိုနေပါသေးသည်။
မည်သည့်မုန့်များ လိုနေပါသလဲဘုရား၊
အရှင်သုဓမ္မ၏ ရည်ရွယ်ချက်ကို မရိပ်စားမိသေးသဖြင့် စိတ္တသူကြွယ်က ရိုသေစွာပင် မေးလျှောက်၏။
ဒါယကာ စိတ္တ-လိုနေသေးသည့် မုန့်တမျိုးကား နှမ်းပျစ်ပင် ဖြစ်ပေသည်။
ဤစကားကိုကြားလိုက်ရသည်နှင့် စိတ္တသူကြွယ်၏ အိမ်သူအိမ်သားများ မျက်နှာပျက်သွားကြရ၏။ စိတ္တသူကြွယ်တို့ ဘိုးဘေးအဆက်အနွယ်များထဲတွင် တယောက်သောသူသည် မုန့်သည်ဖြစ်ခဲ့ဖူး၏။ ဤသည်ကို အတွင်းသိ အစင်းသိဖြစ်သော အရှင်သုဓမ္မက လူကြားထဲမှာ အထုပ်ဖြေပြလိုက်ခြင်းဖြစ်၏။ မိမိအပေါ် အကြည်ညိုပျက်ရန်ကော-ဟူသော အငြိုးအတေးဖြင့် မျိုးရိုးဂုဏ်ကို သေးသိမ်သွားအောင် ပုတ်ခတ်လိုက်ခြင်း ဖြစ်ပေသည်။
ဤသို့ပုတ်ခတ်စကား ပြောကြားလိုက်သည်တွင် စိတ္တသူကြွယ်သည် အထက်ပါ အောက်ကလိအာ ပုံဝတ္ထုကို ထုတ်ဆောင်ပြီးလျှင်-
ဤမိမစစ် ဖမစစ် သတ္တ၀ါကလေးကဲ့သို့ပင် အရှင်ဘုရားသည်လည်း ရတနာမြတ်သုံးပါးနဲ့ ပတ်သက်၍ ပြောစရာ၊ ဆိုစရာ စကားတွေ မြောက်မြားစွာ ရှိနေပါလျက် ဘာမဟုတ်သည့် နှမ်းပျစ်ကလေးတခုကို စကားလုပ်၍ ပြောဆိုနေဘိသည်တကား။
စိတ္တသူကြွယ်တို့ မျိုးရိုးထဲတွင် မုန့်သည်တဦးပါခဲ့ကြောင်း ပြောလိုက်တုန်းက ကိစ္စမရှိလှ။ ယခု အောက်လိအာ ပုံဝတ္ထုနှင့် ပုံခိုင်း၍ အပြောခံလိုက်ရသည်တွင်ကား အရှင်သုဓမ္မမှာ အထိနာသွားရ၏။ ငါကား ရဟန်း၊ သူက ဒါယကာ ဟူသော အပေါ်စီးစိတ်ထားဖြင့် ပြောမှားမိသဖြင့် လူပုံအလယ် အရှက်တကွဲ ဖြစ်သွားရ၏။
ထို့ကြောင့် စိတ္တသူကြွယ်က အကြိမ်ကြိမ် တောင်းပန်နေသည့်ကြားကပင် ကျောင်းကိုစွန့်ပစ်ကာ ဘုရားရှိတော်မူရာ ဇေတ၀န်ကျောင်းတော်သို့ ထွက်သွား၏။
အရှင်သုဓမ္မ မျှော်လင့်ထားတာက မစ္ဆိကာသဏ္ဍ-က အဖြစ်အပျက်များကို လျှောက်ထားလျှင် ဘုရားရှင်က စိတ္တသူကြွယ်ကို ပြစ်တင်ရှုတ်ချတော်မူလိမ့်မည်ဟူ၍ ဖြစ်၏။ သို့ရာတွင် တကယ်တမ်း ပြစ်တင်ရှုတ်ချထိုက်သူက အရှင်သုဓမ္မကိုယ်တိုင် ဖြစ်နေသဖြင့် ဘုရားရှင်က ပါဋိဒေသနီယသိက္ခာပုဒ်ကို ပညတ်တော်မူရပေသည်။
ဤသိက္ခာပုဒ်အရ ဒါယကာတို့၏ သဒ္ဓါတရားကို ထိပါးပုတ်ခတ်ခဲ့မိသော အရှင်သုဓမ္မသည် ကိုယ်စားလှယ် ရဟန်းမှတဆင့် မိမိအပြစ်ကို ၀န်ချတောင်းပန်ကာ မိမိအပေါ် ကျရောက်လာသည့်အာပတ်ကို ကုစား လိုက်ရပေသည်။
ထို့နောက် အရှင်သုဓမ္မသည် မာန်စွယ်ဟူသမျှ ဖြုတ်ချစွန့်ပယ်ကာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသဖြင့် မစ္ဆိကာသဏ္ဍ ကျောင်းကြီးပေါ်မှာပင် ရဟန်းကိစ္စ ပြီးဆုံးသွားပေသည်။
( ၀ဏ္ဏသီရိ)

ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်စေမည့် ပဋ္ဌာန်းနှင့် ဂုဏ်တော်ကိုးပါး
(က) ပုတီးကျင့်စဉ် ဆောင်ရွက်နေစဉ် လိုက်နာရမည့်အချက်-
ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းပြီး နေ့စဉ် ရက်မကျော်စေဘဲ အချိန်မှန်၊ နေရာမှန်စွာဖြင့် ဘုရားဂုဏ်တော်ကိုးပါးအတွက် (၉)ရက် ဆက်တိုက် ကျင့်ဆောင်ရပါမည်။
(ခ) ပုတီးမစိပ်မီ ပြင်ဆင်ခြင်း-
မိမိအိမ်ရှိ ဘုရားဆင်းတုတော်အား ရေသပ္ပာယ်လိုက်ပြီး သံလင်ပန်းတချပ်၏ အလယ်တွင် ဆင်းတုတော်အား စံပယ်တော်မူစေပြီး ဘေးပတ်လည်မှ မိမိကြိုက်နှစ်သက်ရာ အရွယ်အစားတူ အလင်းတိုင် (၂၄)တိုင်အား ပဋ္ဌာန်းဒေသနာတော် (၂၄)ပစ္စည်းအတွက် ရည်စူးပြီး ဆီမီးပူဇော်ရပါမည်။
(ဂ) ပုတီးစိပ်ကျင့်စဉ် ဆောင်ရွက်ခြင်း-
၁၀၈-လုံးပါ ပုတီးဖြင့် ကျင့်စဉ်ဝင်ရောက်ရပါမည်။
(၁) ဟောတု ပစ္စယော-(ပုတီးတလုံးချ)
(၂) အာရမ္မဏ ပစ္စယော-(ပုတီးတလုံးချ)
(၃) အဓိပတိ ပစ္စယော-(ပုတီးတလုံးချ)
(၄) အနန္တရ ပစ္စယော-(ပုတီးတလုံးချ)
(၅) သမနန္တရ ပစ္စယော-(ပုတီးတလုံးချ)
(၆) သဟဇာတ ပစ္စယော-(ပုတီးတလုံးချ)
(၇) အညမည ပစ္စယော-(ပုတီးတလုံးချ)
(၈) နိဿယ ပစ္စယော-(ပုတီးတလုံးချ)
(၉) ဥပနိဿယ ပစ္စယော-(ပုတီးတလုံးချ)
(၁၀) ပုရေဇာတ ပစ္စယော-(ပုတီးတလုံးချ)
(၁၁) ပစ္ဆာဇာတ ပစ္စယော-(ပုတီးတလုံးချ)
(၁၂) အာသေ၀န ပစ္စယော-(ပုတီးတလုံးချ)
(၁၃) ကမ္မ ပစ္စယော-(ပုတီးတလုံးချ)
(၁၄) ၀ိပါက ပစ္စယော-(ပုတီးတလုံးချ)
(၁၅) အာဟာရ ပစ္စယော-(ပုတီးတလုံးချ)
(၁၆) ဣန္ဒြိယ ပစ္စယော-(ပုတီးတလုံးချ)
(၁၇) ဈာန ပစ္စယော-(ပုတီးတလုံးချ)
(၁၈) မဂ္ဂ ပစ္စယော-(ပုတီးတလုံးချ)
(၁၉) သမ္ပယုတ္တ ပစ္စယော-(ပုတီးတလုံးချ)
(၂၀) ၀ိပ္ပယုတ္တ ပစ္စယော-(ပုတီးတလုံးချ)
(၂၁) အတ္ထိ ပစ္စယော-(ပုတီးတလုံးချ)
(၂၂) နတ္ထိ ပစ္စယော-(ပုတီးတလုံးချ)
(၂၃) ၀ိဂတ ပစ္စယော-(ပုတီးတလုံးချ)
(၂၄) အ၀ိဂတ ပစ္စယော-(ပုတီးတလုံးချ)
(က) သော ဘဂ၀ါ ဣတိပိ အရဟံ-(ပုတီးတလုံးချ)
(ခ) သော ဘဂ၀ါ ဣတိပိ အရဟံ-(ပုတီးတလုံးချ)
(ဂ) သော ဘဂ၀ါ ဣတိပိ အရဟံ-(ပုတီးတလုံးချ)
ဆက်လက်ပြီး ပဋ္ဌာန်းဒေသနာတော် အစမှအဆုံးတိုင် ပြန်လည်ပြီး ဒေသနာတမျိုး ပုတီးတလုံးချဖြင့် ဆက်စိပ်ရပါမည်။
ပဋ္ဌာန်းဒေသနာတော် (၄)ခေါက် ရွတ်ဆို ပုတီးစိပ်ပြီးပါက ၂၄ x ၄ = ၉၆ ( ပုတီးစေ့ပေါင်း )
သော ဘဂ၀ါ ဣတိပိ အရဟံ အတွက် (၄) ခေါက်ရွတ်ဆို ပုတီးစိပ်ပြီးပါက ၃ x ၄ = ၁၂ (ပုတီးစေ့ပေါင်း)
စုစုပေါင်း (၁၀၈) လုံး တပတ် ရရှိပါမည်။
ဤကဲ့သို့ပင် ပထမနေ့တွင် အစဦးဆုံး ဂုဏ်တော် အရဟံ အတွက် ပုတီး (၉) ပတ် စိပ်ရပါမည်။
ဆက်လက်ပြီး နောက်ရက်များတွင် သော ဘဂ၀ါ ဣတိပိ အရဟံ-နေရာများတွင်
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏ သမ္ပန္နော၊
သော ဘဂ၀ါ ဣတိပိ သုဂတော၊
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ၊
သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ၊
သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ၊
ဟူ၍ ဂုဏ်တော်တမျိုးလျှင် ပုတီး (၉)ပတ်နှုန်းဖြင့် ဆက်တိုက် (၉)ရက် ကျင့်ဆောင်ရပါမည်။ ကျင့်ကြံအားထုတ်မှုအပေါ် မူတည်၍ ကျင့်ကြံအားကောင်းလျှင် ကောင်းသလို အကျိုးပေးခံစားရမည် ဖြစ်ပါသည်။
ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြပါစေ။
( ပိုရှယ်မေ-အင်ငါးခွ သကြားစက်)
( နက္ခတ္တရောင်ခြည် ၂၀၀၉-ဖေဖော်ဝါရီလ)
မှတ်ချက်။ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။ မော်လူး

Saturday, January 23, 2010
ဘာသာရေး ပြဿနာ ( ၁၀၂)
( ဘဒ္ဒန္တ တိလောကသာရ ဖြေသည်)
(မေး) (ရှင်ပြုရဟန်းခံကိစ္စ)
အရှင်ဘုရား၊ မိမိရင်၌ဖြစ်သော (သကပုတ္တ)ကို သာသနာတော်တွင်းသို့ ရှင်အဖြစ်၊ ရဟန်းအဖြစ် သွင်သွင်း ချီးမြှောက်လျှင် သာသနဒါယာဒ သာသနာ့အမွေခံ ဖြစ်နိုင်သည်ဟု ဆရာတော်များ ဟောကြားသည်ကို နာကြားရပါသည်။ မိမိမှာ သားမရှိ၍ သူတပါးသား (ပရပုတ္တ) ကိုယူ၍ သာမဏေရ ရဟန်းပြုပေးပြီး ချီးမြှောက်လျှင် သာသနဒါယာဒ သာသနာ့အမွေခံ ဖြစ်နိုင်-မဖြစ်နိုင် သိလိုပါသည်ဘုရား။
(မောင်ဘဖြူ-ပဲခူး)
(ဖြေ)
သကပုတ္တ မိမိသားကိုဖြစ်စေ၊ ပရပုတ္တ သူတပါးသားကိုဖြစ်စေ ပရိက္ခရာရှစ်ပါးဖြင့် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်၍ ရှင်ဒကာ၊ ရဟန်းဒကာပြုကာ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်စေလျှင် သာသန ဒါယာဒ သာသနာ့အမွေခံဖြစ်၏။ ထိုသို့ဖြစ်လျက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာအရှင်မြတ်ကြီးက အသောကမင်းကြီးအား အဒ္ဓေါ ၀ါ ဒလိဒ္ဒေါ ၀ါ အတ္တနော သြရသံ ပုတ္တံ ပဗ္ဗာဇေတိ အလံ ၀ုစ္စတိ ဒါယာဒေါ သာသနဿ-ဟု အဘယ်ကြောင့် မိမိသားကိုသာ အထူးဟောကြားပါသနည်းဟူမူ မဟိန္ဒမင်းသား ရဟန်းဖြစ်ရန် ရည်ရွယ်၍ ဟောတော်မူခြင်းဖြစ်သည်။
မဟိန္ဒမင်းသားသည် ရဟန်းဖြစ်၍ သီဟိုဠ် (သီရိလင်္ကာ)ကျွန်းသို့ သွားရောက်သာသနာပြုကာ သာသနာတော် လွန်စွာထွန်းလင်းမည်။ သာသနာတော်၌ လွန်စွာအကျိုးရှိမည်ကို ရည်ရွယ်၍ အတ္တနော သြရသံ ပုတ္တံ-ဟု မိမိသားရင်းကို သာသနာတွင်း သွတ်သွင်းချီးမြှောက်ရန် ဟောကြောင်း မှတ်သားရပါသည်။
********************************************************************************
(မေး) (သတ္တ၀ါနှင့် ေ၀ေနယ်)
အရွင္ဘုရား၊
သတၱ၀ါေ၀ေနယ်၊ ခေါ်ဝေါ်ကြ ဝေါဟာရာ။
ထိုနှစ်ပါးကွာခြား ဘယ်လိုရှိ၊ မှတ်သိလိုပါ၍ မေးရပုစ္ဆာ။
ထိုနှစ်ဖြာ ဝေါဟာထွေပြား။
ကျနသေချာပ သိလိုပါ ဖြေဆိုရေးနှင့် မေးရပါ ဘုရား။
( လှသိန်းကြည်-ပြင်ဦးလွင်)
(ဖြေ)
သတ္တ၀ါဝေနေယျ၊ ခေါ်ဝေါ်ကြ ဝေါဟာရာ။
မြတ်မဂ်ဖိုလ် ထိုဓမ္မကို၊ မရနိုင်ပုဂ္ဂလ၊ သတ္တသာ အမည်ပေး၊ ရေးမှတ်စရာ။
မဂ်ဖိုလ်ရ ပုဂ္ဂလာ၊ သတ္တ၀ါသာမက။
ဝေနေယျာ ဗုဒ္ဓသာဝကာတို့၊ ဆုံးမရာထိုက်ပါကြောင်း ကျမ်းဟောင်း ဆိုပြ။

(မေး) (တော်လည်းခြင်း ဟူသည်)
အရှင်ဘုရား၊ လောက၌ ငလျင်လှုပ်ခြင်း၊ တော်လည်းခြင်း ဟူသော အဖြစ်များတွင် ငလျင်လှုပ်ခြင်းဟူသည်မှာ မြေကြီးတုန်မလှုပ်မှုဖြစ်၍ လူတို့ အသိများကြပါသည်။ တော်လည်းခြင်း ဟူသည်ကို နားမလည်ကြပါ။ အဘယ်သို့ ဖြစ်သည်ကို တော်လည်းသည်ဟု ဆိုပါသနည်း။ သိသာအောင် စာပေဖြင့် ရှင်းလင်းပြတော်မူပါဘုရား။
(မသိန်းကြည်-ရန်ကုန်)
(ဖြေ)
တော်လည်း (တော်လဲ) သည် ဟူသည်ကို ပါဠိလို ဒေ၀ဒုဒြဘိ-ဟု ဆိုသည်။ ဒေ၀ဒုဒြဘိ-ကို မိုးခြိမ်းသံ၊ မိုးစည်တော်လည်းခြင်း-ဟု အနက်ပေးသည်။ ဒေ၀ဒုဒြဘိဿရ-တော်လည်းသံ၊ ဒေ၀ဒုဒြဘီတိ သုက္ခ၀လာဟကဂဇ္ဇနံ-မိုးစည်တီးသည် ဟူသည်မှာ မိုးမရွာဘဲ လေအဟုန်ဖြင့် ခြောက်သောတိမ်တိုက်ချင်း ခတ်မိခြင်းကြောင့် မိုးကြိုးသံကဲ့သို့ မြည်ဟည်းခြင်းကို ဆိုသည်ဟု အဋ္ဌကထာတို့၌ ဖွင့်သည်။
ယင်းကို မြန်မာတို့က တော်လည်းသံဟု ဆို၏။ မိုးကြိုးထစ်ခြင်းသာဖြစ်၍ မိုးကြိုးပစ်ခြင်းမဟုတ်ဘဲ ကြောက်မက်ဖွယ် မြည်ဟည်းသံကို ဆိုလိုသည်။ ငလျင်ပြင်းစွာလှုပ်ချိန်တွင် တော်လည်းသံများလည်း ပူးတွဲ၍ ကြားရတတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ငလျင်လှုပ်ခြင်း၊ တော်လည်းခြင်းကိုတွဲ၍ ပြောဆိုလေ့ရှိသည်။

(မေး) (၀ိကာလဘောဇန စသည် ပျက်လျှင်)
အရှင်ဘုရား၊ တပည့်တော်တို့ ရှစ်ပါးသီလခံယူရာတွင် ပါဏာတိပါတ သိက္ခာပုဒ်မှစ၍ သုရာမေရယအထိ ငါးပါးပျက်လျှင် အပါယ်လေးဘုံသို့ ရောက်နိုင်၍ ၀ိကာလဘောဇန စသည်များပျက်လျှင် ထို့အတူ အပါယ်လေးဘုံသို့ ရောက်နိုင်ပါသလားဘုရား။ တပည့်တော်တို့ ကွဲကွဲပြားပြား သိလိုပါ၍ ဖြေကြားပေးတော် မူပါဘုရား။
(ဒေါ်သိန်းမေ-ပြည်မြို့)
(ဖြေ)
သီလသည် ၀ါရိတ္တသီလ၊ စာရိတ္တသီလ ဟူ၍ နှစ်မျိုးရှိရာ ပါဏာတိပါတ စသော သီလငါးပါးသည် ခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ မကျင့်မနေရ။ မကျင့်လျှင် ပျက်လျှင် အပါယ်လေးပါးသို့ ရောက်စေနိုင်သည်။ ကျင့်လျှင် အပါယ်လေးပါးမှ လွတ်ကာ နတ်ရွာသုဂတိသို့ ရောက်စေနိုင်သဖြင့် ၀ါရိတ္တသီလ-ဟု ခေါ်ပါသည်။
ရှစ်ပါးသီလ၊ ဆယ်ပါးသီလ တို့တွင် ပါဝင်သော ၀ိကာလဘောဇနစသော သိက္ခာပုဒ်များသည် ကျင့်လျှင် လွန်စွာအကျိုးရှိ၍ လူ့ရွာနတ်ရပ် ကောင်းမြတ်သော ဘုံဘ၀တို့သို့ ရောက်စေနိုင်ပါသည်။ မကျင့်လျှင် အပါယ်သို့ရောက်စေသော အပြစ်ကားမရှိပါ။ ထိုသို့ အပါယ်လားကြောင်း မဖြစ်သော်လည်း အကုသိုလ်ဖြစ်၍ နောင်တွင် ပကတူပ ဖြစ်၏။ ပကတူပဟူသည်မှာ အခြားအကုသိုလ် အကျိုးပေးရာ၌ ပူးပေါင်း၍ ထောက်ပံ့နိုင် ရကား ဒါနပါးရှားသူအား ဆင်းရဲသောအကျိုးပေးရာတွင် ၀င်ရောက်ထောက်ပံ့၍ အစားအစာ ငတ်မွတ်ခြင်း စသည်များ ဖြစ်စေတတ်ပေသည်။ ထို့ကြောင့် ရှစ်ပါးသီလ ဆောက်တည်ရာတွင် ရှစ်ပါးလုံး မကျိုးမပေါက် မပြောက်မကျားရအောင် ကြိုးစားစောင့်ရှောက် ဆောက်တည်ကြရာသည်။
*********************************************************************************
(မေး) (ပဏ္ဍုကမ္ဗလာ-မြကျောက်ဖျာ)
အရှင်ဘုရား၊
ပဏ္ဍုတဲ့ ကမ္ဗလာ၊ အဆင်းရောင် ဘယ်လိုရှိ၊ တည်သည့်နေရာ။
နံအလျား ထုထည်မှာ၊ အတိုင်းတာ ဘယ်လောက်။
ဘယ်ကုသိုလ် ဘယ်လိုပြုလို့၊ ဘယ်သူ့တွက် ပေါ်ပေါက်။
( မင်းသက်မှူး-စစ်ကိုင်း)
(ဖြေ)
ပဏ္ဍုတဲ့ ကမ္ဗလာ၊
မြကျောက်ဖြာ နီညိုရောင်ဖြစ်၊ ကသစ်ပင်တော်ရိပ်၊ ထွတ်ထိပ်နေရာ။
ဝတိံသာ ဣန္ဒာတွက် မှန်မလွဲ။
ယူဇနာ ခြောက်ဆယ်လျား၊ နံကား ငါးဆယ် ရှိသတဲ့။
မိဘကို လုပ်ကိုင်ကျွေး၊ ရှေးကုသိုလ်ပဲ။

(မေး) (နတ်များ စာရင်းယူခြင်း)
အရှင်ဘုရား၊ သိကြားနတ်များ လဆန်း ၈-ရက်၊ လဆုတ် ၈-ရက်၊ လပြည့်၊ လကွယ်နေ့တိုင်း လူ့ပြည်ဆင်း၍ စာရင်းယူကြသည်ဟု ပြောဆိုကြပါသည်။ မည်သည့် အကိုးအကားဖြင့် ပြောဆိုသည်-မည်သည့်အတွက် စာရင်းယူသည်ကို ဗဟုသုတအလို့ငှါ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။
(မောင်ဟိဏ်းထွေး-ကယားပြည်နယ်)
(ဖြေ)
အဋ္ဌမီယံ စတုန္နံ မဟာရာဇူနံ ဒါသာ။ ပ ။ စာတုဒ္ဒသီယံ ၀ါ ပဉ္စဒသီယံ ၀ါ စတ္တာရော လောကပါလာ-စသည်ဖြင့် ဒေ၀ဒူတသုတ်လာ အတိုင်း လဆန်း ၈-ရက်၊ လဆုတ် ၈-ရက် နေ့တို့၌ စတုလောကပါလ နတ်မင်းကြီး လေးယောက်တို့၏ အစေအပါးနတ်တို့ လာရောက်စာရင်းယူသည်။
လပြည့် လကွယ်နေ့တို့၌ စတုလောကပါလနတ်မင်းကြီး လေးယောက်တို့ ကိုယ်တိုင် စာရင်းယူပါသည်။ ၄င်းတို့မှ တဆင့် ပဉ္စသီခနတ်သား၊ ၄င်းမှတဆင့် မာတလိနတ်သားသို့ ပေးအပ်သည်။ မာတလိနတ်သားမှ တဆင့် သိကြားမင်းကြီးအား ဆက်သရသည်။ သိကြားမင်းကြီးက ထိုစာရင်းကို ဤသူဤသူများ ဤသို့ ကုသိုလ် ပြုကြသည်ဟု ၀မ်းမြောက်ဝမ်းသာ နတ်သဘင်၌ ဖတ်ကြားကြောင်း ဆိုသည်။ သို့သော် အမြဲတမ်းဆိုလျှင် ထိုနတ်များ စည်းစိမ်ခံစားနေရချိန်ပင် ရှိမည်မဟုတ်။ အခါအားလျော်စွာ စာရင်းယူခြင်း ဖြစ်ဖွယ် ရှိပါသည်။

(မေး) (သွားရောဂါ)
အရှင်ဘုရား၊ နားရောဂါပျောက်ဂါထာကို မြတ်မင်္ဂလာမှ ကူးပြီး၊ နားရောဂါဝေဒနာရှင်တွေကိုပေးကာ ရွတ်ဖတ်ပူဇော် ဘုရားရှိခိုးစေရာ နားရောဂါများ လက်တွေ့ပျောက်ကင်းသည်ကို တွေ့ရပါသည်။ သွားရောဂါပျောက်ဂါထာကိုလည်း ထပ်မံဖော်ပြပေးပါဘုရား။ တပည့်တော်မှာ ယခုအခါ သွားရောဂါခံစားနေရပါသည်။ ယခင်နှစ်များက ဤစာစောင်မှာ ဖတ်ခဲ့ဖူးပါသည်။ ကူးမထားမိ၍ ယခု ထပ်မံတောင်းဆိုရခြင်း ဖြစ်ပါသည်ဘုရား။
(ခွာညို-စစ်ကိုင်းမြို့)
(ဖြေ)
ရှေးဆရာကြီးတို့ ပြုစုထားသော သွားရောဂါရှင်တို့အတွက် သွားတော်လေးဆယ် ဘုရားရှိခိုးဂါထာကို ထပ်မံဖော်ပြလိုက်ပါသည်။ နံနက်အိပ်ရာထ၊ ညအိပ်ရာဝင် တခေါက်စီ ဘုရားရှိခိုးပါ။
သတိ ဂတိ ဓိတိ မန္တံ၊ သန္တံ ဒန္တံ သုခါဝဟံ။
စတ္တာလီသ သမဒန္တံ၊ ဗုဒ္ဓံ ၀န္ဒာမိ သာဒရံ။
သတိ ဂတိ ဓိတိ မန္တံ-သတိမြဲအင်၊ ဉာဏ်ထူးလျင်၍၊ ကြည်လင်စွာဘိ၊ တည်ကြည်သော သမာဓိတော်လည်း ရှိတော်မူထသော။
သန္တံ-ငြိမ်သက်အေးချမ်း၊ စိတ်ဝမ်းကြည်လင်တော်မူသော။
ဒန္တံ-ယဉ်ကျေးသိမ်မွေ့၊ ပြကတေ့ နူးညံ့သော စိတ်တော် ရှိတော်မူသော။
သုခါဝဟံ-လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့ ချမ်းသာလေအောင်၊ အစဉ်ရွက်ဆောင်တော်မူတတ်သော။
စတ္တာလီသသမဒန္တံ-စွယ်တော်လေးဆူ၊ ပါဝင်မူ၍၊ စင်ဖြူတင့်တယ် အမျှလေးဆယ်သော၊ ပြည့်ကြွယ်ကြံ့ခိုင်၊ ပုလဲဆိုင် ပုလဲသွေးကဲ့သို့ ဖြူဖွေးသော သွားတော်မြတ်တို့နှင့် ပြည့်စုံတော်မူသော။
ဗုဒ္ဓံ-သစ္စာလေးပါး တရားသိမြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ အဟံ-(သွားဝေဒနာ ခံရပါ၍ ကျင်နာခံခက် ဆင်းရဲဖက်၍ နေရပါသော) ဘုရားတပည့်တော်သည်။
သာဒရံ-ရိုသေလေးစား ဦးညွတ်တွားလျက် စိတ်ထားကြည်လင် ဦးတော်တင်လျက်။
ဝန္ဒာမိ-လက်ဆယ်စုံမိုး၊ ပျပ်ဝပ်ကျိုးလျက် ရှိခိုးပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။

Friday, January 22, 2010
မိမိကိုယ်ကို စောင့်ရှောက်
ဘေးရန်ကို တားဆီးခြင်း အကျိုးငှါ ပစ္စည်းဥစ္စာကို စောင့်ရှောက်ရာ၏။
ပစ္စည်းဥစ္စာတို့ထက်လည်း မယားကို စောင့်ရှောက်ရာ၏။
မယားထက်လည်းကောင်း၊ ပစ္စည်းဥစ္စာထက်လည်းကောင်း
မိမိကိုယ်ကို နေ့စဉ်မပြတ် စောင့်ရှောက်ရာ၏။
( စွယ်စုံနီတိကထာ)

နံ့သာမိုးနှင့် ပန်းမိုးစွေသော ကုသိုလ်
ကဿပဘုရားရှင် လက်ထက်တော်က ဖြစ်ပါသည်။ အရှင်စူဠသုဂန္ဓမထေရ်လောင်းလျာ၏ ကိုယ်နံ့သည် စိမ်းရွှေညှီဟောက်သော အနံ့မျိုးရှိခဲ့သည်။ သို့ဖြစ်၍ ထိုအရှင်လောင်းလျာသည် စိတ်ဆင်းရဲ ညှိုးနွမ်းခဲ့ရသည်။ သို့ရာတွင် ပါရမီဉာဏ်ရင့်သန်သူဖြစ်သောကြောင့် ကဿပဘုရားရှင်ထံသို့ သွား၍ တရားနာခဲ့သည်။ ခန္ဓာကိုယ်၌ ကောင်းသောရနံ့ရှိသူ ဖြစ်ပါစေ-ဟု ဆုတောင်းခဲ့ပြီး လစဉ်လတိုင်း ၈-ရက်နေ့တို့၌ ဘုရားရှင်၏ ဂန္ဓကုဋိမြေကို နံ့သာမျိုးလေးပါးဖြင့် လိမ်းကျံပူဇော်ခဲ့ပါသည်။
ကဿပဘုရားရှင်ကလည်း ဤကံ၏အကျိုးကြောင့် အလုံးစုံသော ဘဝတို့၌ ကောင်းသော ကိုယ်ရနံ့ရှိသူ ဖြစ်လတံ့။ ဂုဏ်ရနံ့နှင့်လည်း ပြည့်စုံ၍ အာသဝေါမရှိဘဲ နိဗ္ဗာန်စံရလတံ့-ဟု ဗျာဒိတ်စကား မိန့်ကြားတော် မူခဲ့ပါသည်။ ထိုအရှင်သည် ထိုဘဝ၌ ကွယ်လွန်ပြီးနောက် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်သည်။ နောက်ဆုံးဘဝ၌ (ဂေါတမဘုရားလက်ထက်တော်၌) ပုဏ္ဏားမျိုး၌ဖြစ်၍ ထိုအရှင်ကို ပဋိသန္ဓေလွယ်ရစဉ်ကပင် ထိုအရှင်၏ မိခင်၏ ကိုယ်ရနံ့သည် အလွန်မွှေးကြိုင်နေလေသည်။
ထိုအရှင်ကို အမိဝမ်းမှ ဖွားမြင်လိုက်သောအချိန်၌ သာဝတ္ထိတပြည်လုံးသည် အမွှေးရနံ့များဖြင့် ကြိုင်လှိုင်သွားသည်။ ၄င်းအချိန်၌ ကောင်းသောရနံ့ရှိသော ပန်းမိုး-ရွာချသည်။ နံ့သာမိုးလည်း ရွာချသည်။ စိတ်နှလုံးကို မွေ့လျော်စေသော နတ်တို့၏ရနံ့များနှင့် အဖိုးများစွာထိုက်တန်သော မွှေးသော အခိုးအထုံတို့ဖြင့် ကြိုင်လှိုင်ကုန်သည်။ ထိုအရှင်၏ အိမ်သည်လည်း အခါခပ်သိမ်း နတ်ပန်းရနံ့တို့ဖြင့် မွှေးကြိုင်ကုန်သည်။ ထိုအရှင်သည် နုပျိုလှပချောမွေ့သူလည်း ဖြစ်သည်။ ထိုအရှင် ပထမအရွယ်သို့ ရောက်သောအခါ ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလာသည်။ ထိုအရှင်သည် သာသနာ၌ ကြည်ညို၍ ရဟန်းပြုခဲ့သည်။
ထိုအရှင်ရဟန်းပြုသောနေ့၊ ထိုအရှင်ရဟန္တာဖြစ်သောနေ့၊ ထိုအရှင် ပရိနိဗ္ဗာန်ပြုသောနေ့တို့မှာလည်း တိုင်းပြည်၌ ပန်းမိုး နံ့သာမိုး ရွာသွန်းသည်။ ထိုအရှင်၏ ကိုယ်ရနံ့သည် အဖိုးများစွာထိုက်သော စန္ဒကူးနံ့၊ စကားပန်းနံ့၊ ကြာညိုနံ့နှင့် အခြားနံ့သာတို့ကို လွှမ်းမိုးကျော်လွန်၍ မွှေးကြိုင်သည်။ ထို့ကြောင့် အရှင်စူဠသုဂန္ဓမထေရ်-ဟု ခေါ်တွင်ကြသည်။
***********************************
ထေရာအပါဒါန်ပါဠိတော် မြန်မာပြန်ကျမ်းကို ဖတ်ရှုလေ့လာ၍ ထူးခြားစွာ နံ့သာမိုးနှင့် ပန်းမိုးရွာလောက်အောင် ကုသိုလ်ကံကြီးမားခဲ့သော အရှင်စူဠသုဂန္ဓမထေရ် အကြောင်းကို တင်ပြအပ်ပါသည်။
ယခုမျက်မှောက်ခေတ်၌လည်း သီလစင်ကြယ်လျက် သက်သတ်လွတ်စားသူ ပါရမီရှင် ပုဂ္ဂိုလ်ထူးများ၌ ခန္ဓာကိုရနံ့ မွှေးသည်ကို ကြားဖူး၊ ကြုံဖူးကြပါလိမ့်မည်။ ဥပမာအားဖြင့်-ကုံလုံဆရာတော်ဘုရားကြီး၏ ခန္ဓာကိုယ် ရနံ့သည် မွှေးပါသည်။
ခေတ်သစ်ဆေးသိပ္ပံပညာအရဆိုလျှင် လူတို့၏ ကိုယ်နံ့၊ ချွေးနံ့၊ ဆီးနံ့တို့သည် မွှေးစရာအကြောင်းမရှိပေ။ ချွေးနံ့သည် လုံးဝမွှေးခြင်းမရှိ၊ မလိုလားအပ်သော နံသောအနံ့သာ ရှိသည်။ ဆီးနံ့သည် ငါးညှီနံ့ကဲ့သို့ အနည်းငယ် ညှီပါသည်။ သို့ရာတွင် ဤသဘာဝဖြစ်ရပ်များကို ကျော်လွန်၍ ဆီးနံ့မနံခြင်း၊ ချွေးနံ့မနံခြင်း ဖြစ်ရပ်များကို၎င်း၊ ရေမွှေးဆွတ်ခြင်းကြောင့် မဟုတ်ဘဲ ကိုယ်နံ့မွှေးခြင်း၊ ထို့ထက်ကျော်လွန်၍ ဆီးနံ့က ပန်းနံ့ကဲ့သို့ မွှေးခြင်း ဖြစ်ရပ်များကို၎င်း ကျွန်မ၏ ဆရာဝန်သက်တမ်း ၁၃-နှစ်အတွင်း ထူးထူးခြားခြား တွေ့ကြုံခဲ့ရပါသည်။
ကျွန်မလေ့လာမှတ်သားမိသလောက် လူနာအချို့သည် ရေမွှေးမည်မျှဆွတ်ဆွတ် ချွေးနံ့အလွန်နံပါသည်။ ထိုသူတို့သည် တရားထိုင်လေ့မရှိသူများ၊ အမျက်ဒေါသကြီးသူများ၊ လောဘကြီးသူများ၊ သူတပါးကို မနာလိုအားကြီးသူများ၊ ကိုယ် စိတ်နှလုံးကို မစောင့်စည်းတတ်သူများ၊ ဝက်သား အမဲသားတို့ကို အလွန်အကျူး တပ်မက်၍ မကြာခဏ ခပ်များများ စားသူများ၊ ဟင်းသီးဟင်းရွက် အစားနည်းသူများ ဖြစ်ကြပါသည်။
အချို့မှာ ရေမွှေးမဆွတ် မသုံးသော်လည်း ချွေးနံ့၊ ကိုယ်နံ့ မနံပါ။ ထိုသူတို့မှာ ဝက် အမဲ ရှောင်သူများ၊ ဟင်းရွက်နှင့် သစ်သီး အစားများသူများ၊ သက်သတ်လွတ်စားသူများ၊ စိတ်နေစိတ်ထား တည်ငြိမ်အေးဆေး သူများ၊ ဒေါသမကြီးတတ်သူများ၊ လောဘမကြီးတတ်သူများ၊ ရနံ့မွှေးသော မြန်မာဆေးတခုခုကို စွဲစွဲမြဲမြဲ သောက်နေသူများ၊ စိတ်ထားကောင်းသူများ၊ သီလမြဲသူများ၊ တရားထိုင်သူများ ဖြစ်ကြပါသည်။
( ဒေါက်တာ နီနီလွင်-သံတွဲ)

Thursday, January 21, 2010
အမှီကောင်းရှိခြင်း၏ ကောင်းကျိုး
တနေ့သောအခါ မြတ်စွာဘုရားက ရဟန်းတို့အား ဤသို့ဟောတော်မူသည်။
ရဟန်းတို့-ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်းငါးမျိုးဖြင့် ကြီးပွားကြကုန်၏။
အဘယ်ငါးမျိုးတို့နည်း ဟူမူ-
သစ်ပင်ကြီးတို့သည်
(၁) အကိုင်းအခက် အရွက်တို့ဖြင့် ကြီးပွားကြကုန်၏။
(၂) အခေါက်ဖြင့် ကြီးပွားကြကုန်၏။
(၃) အပွေးဖြင့် ကြီးပွားကြကုန်၏။
(၄) အကာဖြင့် ကြီးပွားကြကုန်၏။
(၅) အနှစ်ဖြင့် ကြီးပွားကြကုန်၏။
ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွားခြင်း ငါးမျိုးဖြင့် ကြီးပွားကြကုန်သကဲ့သို့ ဤအတူသာလျှင် သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းသည်လည်း ကြီးပွားခြင်းငါးမျိုးဖြင့် ကြီးပွားကြကုန်၏။
အဘယ်ငါးမျိုးတို့နည်း ဟူမူ-
(၁) သဒ္ဓါဖြင့် ကြီးပွား၏။
(၂) သီလဖြင့် ကြီးပွား၏။
(၃) အကြားအမြင်ဖြင့် ကြီးပွား၏။
(၄) စွန့်ကြဲခြင်းဖြင့် ကြီးပွား၏။
(၅) ပညာဖြင့် ကြီးပွား၏။
ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းသည်လည်း ဤကြီးပွားခြင်း၅-မျိုးဖြင့် ကြီးပွား၏။
တောအုပ်ကြီး၌ ကျောက်တောင်ကို အမှီပြု၍ တောစိုးသစ်ပင်ကြီးတို့သည် စည်ပင်ကြကုန်သကဲ့သို့ ထို့အတူ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ဤအမျိုးကောင်းသားကို မှီ၍ သားမယား၊ အဆွေအမျိုး၊ မိတ်ဆွေခင်ပွန်း၊ ထိုအမျိုးသားကိုမှီ၍ အသက်မွေးသူတို့သည်လည်း သီလဖြင့် ကြီးပွားကြကုန်၏။
သီလရှိသူ၏ သီလ၊ စွန့်ကြဲခြင်း၊ အကျင့်စရိုက်တို့ကို ကောင်းစွာမြင်ကြရကုန်၍ သူတို့ကို အတုလိုက်၍ ပြုလုပ်ကြကုန်၏။
ပညာရှိတို့သည် ဤမြတ်စွာဘုရား၏ သာသနာတော်၌ သုဂတိ (ကောင်းမှုကုသိုလ်ပြုသူတို့၏ လားရောက်ရာ) သို့ သွားရောက်သူတို့၏ အကျင့်ကို ကျင့်ကြကုန်၍ နတ်လောက ကာမဂုဏ်တို့ကို လိုတိုင်းရကုန်သဖြင့် နှစ်သက် ဝမ်းမြောက်ကြရလေသည်-ဟု ဟောတော်မူသည်။
မှတ်ချက်။
သဒ္ဓါ-ဘုရား တရား သံဃာဟူသော ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကို ကောင်းစွာယုံကြည်ခြင်း၊ မဂ်ဖိုလ်တိုင်အောင် ယုံကြည်ခြင်း။
ပညာ-အရာရာ၌ ကောင်းစွာခွဲခြမ်း သိစွမ်းနိုင်သော အသိပညာ။
သုဂတိ-ကောင်းမှုကုသိုလ်ပြုသူတို့၏ လားရောက်ရာ နတ်ဘုံ စသည်။
တောစိုး-တောထဲတွင် ကြီးမားထင်ရှားသော။
သစ်ပင်-သစ်ပင်။
(အင်္ဂုတ္တရပါဠိတော် ပဉ္စကနိပါတ် သုမန၀ဂ် မဟာသာလပုတ္တသုတ်)
(ဦးငွေအောင်မွန်)
( မြတ်မင်္ဂလာ ၂ဝဝ၃-ခု ဇွန်လ)

အကြောင်းရင်း
ရန်ကုန်မြို့ရှိ ဘတ်စ်ကားလိုင်းများသည် အမြဲလိုလို ပြည့်ကျပ်လျက်ရှိ၏။ တခုသောနံနက် ၁ဝ-နာရီခန့်၌ ကျွန်တော်သည် အဝတ်အစားကို ကျကျနန ဝတ်ဆင်၍ အိမ်မှကားဂိတ်သို့ ထွက်ခဲ့သည်။ ကားဂိတ်သို့ရောက်လျှင် ကားကို အဆင်သင့် တွေ့ရသည်။ ကြုံတောင့်ကြုံခဲ ထိုင်ခုံလွတ်ကိုလည်း ရရှိခဲ့၏။
ကျွန်တော်သည် ထိုင်ခုံလွတ်တွင် အကျအနဝင်ထိုင်လိုက်ပါသည်။ ထို့အတူ ထိုင်ခုံခရီးသည်တွေကိုလည်း အကဲခတ်ကြည့်ရှုလိုက်၏။ ထူးခြားသည်မှာ ကျွန်တော့ရှေ့တည့်တည့်မှ မိန်းကလေးဖြစ်၏။ ထိုမိန်းကလေးမှာ စိန်၊ ရွှေလည်း ဝတ်ဆင်မထားပါ။ ဆွေကြီးမျိုးကြီးထဲကလည်း ဟုတ်ဟန်မတူပါ။ ဝတ်ကောင်းစားလှများလည်း ဝတ်ဆင်မထားပါ။ သို့သော် သူ၏ အဝတ်အစားမှာ သန့်သန့်ပြန့်ပြန့်ရှိ၏။ ထို့အပြင် သူ၏ မျက်နှာမှာ ကြည်လင်နေ၏။ ကျွန်တော့စိတ်ထဲကလည်း ကျက်သရေရှိလိုက်တာ-ဟု အလိုလို ရွတ်ဆိုမိသွား၏။
မှတ်တိုင်တခု၌ အသက်အရွယ်ကြီးကြီး ဘုန်းကြီးတပါးသည် ကားပေါ်တက်လာသည်။ ဘုန်းတော်ကြီး ကားပေါ်တက်လာသည်ကို ကျွန်တော်ရော ထိုမိန်းကလေးရော မြင်ပါသည်။ သို့သော် ကျွန်တော်သည် ကျွန်တော့နေရာ၌ ကျနစွာ ထိုင်မြဲပင်။ ထိုမိန်းကလေးကတော့ ကျွန်တော့လို မဟုတ်။ ဘုန်းတော်ကြီးကို သူ၏နေရာ လှူလိုက်ပါသည်။
ကျွန်တော်သည် ကျွန်တော့ကိုယ် ကျွန်တော် ကြည့်မိပါသည်။ ကျွန်တော် အလွန်ပင် ရှက်သွားပါသည်။ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပါလျက် သာသနာတော်ကို စောင့်ရှောက်နေသော ဤလို ဘုန်းတော်ကြီးကိုမှ မင်း နေရာမလှူနိုင်ဘူးလား-ဟု ကျွန်တော့ကို ကျွန်တော် မေးမိပါသည်။ ထို့အတူ မိန်းကလေး၏ လျှို့ဝှက်ချက်ကို သိလိုက်ရပါသည်။ ဤလိုမြင့်မြတ်သည့် စိတ်ထားကြောင့် ကြည်လင်ရွှန်းမြသော မျက်နှာနှင့် ကျက်သရေရှိသော မျက်နှာကို ပိုင်ဆိုင်သူ ဖြစ်ရခြင်း၏ အကြောင်းရင်းကို သိရှိသွားပါတော့သည်။
(မောင်သက်နိုင်)

ရိုးသားခြင်း
ကိုထွန်းကြည်သည် မြို့နယ်ပညာရေးမှူးရုံးမှ စာရေးတယောက်ဖြစ်သည်။ အလွန်စည်းကမ်းရှိပြီး ရိုးသားသူလည်း ဖြစ်သည်။ မကြာခဏဆိုသလို ရုံးကိစ္စများဖြင့် စာတိုက်သို့သွား၍ စာထည့်ခြင်းပြုရသည်။ အမြန်လိုလျှင် ကားဂိတ်ရှိ ကားသမားတို့မှတဆင့် စာပို့ရသည်။ တနေ့တွင် အမြန်စာပို့စရာရှိ၍ ကားဂိတ်ရှိ ကားသမားတဦးက တဆင့် စာသွားပို့သည်။ စာပို့ပြီး ကားဂိတ်က အထွက်၌ ပိုက်ဆံအိတ်တလုံး ကောက်ရသည်။ အိတ်ကိုဖွင့်ကြည်ရာ ငွေငါးထောင်ကျော် ပါသည်။ ကိုထွန်းကြည်၏ လစာတလစာထက်ပင် ပိုသေးသည်။ ထို့အပြင် အိမ်အရောင်းအဝယ် စာချုပ်တခု ပတ်စပို့ဓာတ်ပုံ နှစ်ပုံလည်း ပါသည်။
ကိုထွန်းကြည် ငွေကိုယူလိုသည်၊ သို့ရာတွင် သူ၏ ရိုးသားဖြောင့်မတ်မှုကို ငွေငါးထောင်နှင့် မပျက်စီးစေရဟု ဆုံးဖြတ်လိုက်သည်။ ငွေပိုင်ရှင်လည်း ငွေပြန်မရပါက စိတ်ဆင်းရဲရှာတော့မည်ဟု တွေး၍လည်း စာနာမိသည်။ သို့ဖြင့် ငွေနှင့်တကွ ပိုက်ဆံအိတ်ကို ကားဂိတ်မှတာဝန်ရှိသူ တဦးအား အပ်နှံပြီး ပိုက်ဆံအိတ်ကောက်ရကြောင်း ကြေညာထားလိုက်၏။
နောက်တနေ့တွင် ငွေနှင့်တကွ ပူးတွဲပါပစ္စည်းများကို တိကျမှန်ကန်စွာ ပြောနိုင်သူ ပိုင်ရှင်အစစ်ကို တွေ့ကြရသည်။ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှတဆင့် ကိုထွန်းကြည်က ပြန်လည်ပေးအပ်လိုက်သည်။
ပိုင်ရှင်ကား-ဆုံးပြီ-ဟု ယူဆထားသော ငွေကို ပြန်ရသဖြင့် အလွန်ဝမ်းသာသွား၏။ ကိုထွန်းကြည်ကိုလည်း ကျေးဇူးတင်ပြီး ငွေငါးရာ ဂုဏ်ပြုပေးအပ်၏။
ကိုထွန်းကြည်က လက်မခံသော်လည်း မရသဖြင့် ယူခဲ့ရ၏။ သက်ဆိုင်ရာ လူကြီးများကလည်း သူ၏ရိုးသားမှုအတွက် ထပ်ဆင့်ဂုဏ်ပြု ဆုပေးလိုက်သေးသည်။
ကိုထွန်းကြည်သည် ငွေကို အခြားကိစ္စတွင် မသုံးဘဲ ထီးငါးစောင်ထိုးခဲ့သည်။ မကြာပါချေ။ ဒီဇင်ဘာ အောင်ဘာလေသိန်းဆု ထီဖွင့်ရာ၌ ကိုထွန်းကြည် သိန်း ၅ဝ-ထီ ပေါက်ခဲ့သည်။
ကိုထွန်းကြည် ကျေနပ်ဝမ်းသာမဆုံးတော့။ ထီဆိုင်ကပေးသော အပိုဂုဏ်ပြုငွေဖြင့် ရုံးဝန်ထမ်းအားလုံးကို ရခိုင်မုန့်တီ တဝကြီး ကျွေးခဲ့၏။
တောင်ကုတ်မြို့၏ တကျောင်းတည်းသော အ-ထ-က ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက်လည်း ငွေပါဝင်လှူဒါန်းခဲ့သည်။ အိမ်ကိုလည်း ပြန်လည်၍ ပြင်ဆင်ဆောက်နိုင်ခဲ့သည်။
ရိုးသားခြင်းက သူ့ကိုပြန်၍ အကျိုးပေးသည်ဟု ကိုထွန်းကြည် ခိုင်မာစွာ ယုံကြည်မိပါတော့သည်။
(အေးမြကြည်ဖြူ-တောင်ကုတ်)

Wednesday, January 20, 2010
ခြေချော်သူ
အကုသိုလ်များ၊ ရှောင်ရှားပယ်လေ။
ကုသိုလ်တရား၊ ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ်၊ ဆွတ်ဆွတ်ဖြူစေ။
ဤသုံးပါး၊ ဘုရားဆုံးမပေ။
( မဟာစည်ဆရာတော်ဘုရားကြီး)
ကျွန်မသည် ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် စာသင်တိုက်ကြီးကို မိဘလက်ထက်ကစ၍ ကိုးကွယ်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ပဲခူးကောလိပ် မော်လမြိုင်ကောလိပ်တို့တွင် ပဲခူးကျောင်းသူ ကျောင်းသားများအား စာပေပို့ချပေးခဲ့ရသူလည်း ဖြစ်သည်။ ထို့ကြောင့် ပဲခူးမြို့သူဟု ထင်မှားရလောက်အောင်ပင် ပဲခူးမြို့သူ မြို့သား တို့နှင့် ရင်းနှီးခဲ့ပါသည်။ သာရေး နာရေး ကိစ္စများပေါ်လာလျှင်လည်း အခါအားလျော်စွာ သွားရောက်လေ့ ရှိပါသည်။
ပဲခူးနယ်တ၀ိုက်တွင် ဗုဒ္ဓဘာသာဝင်အများစုသည် သာရေး နာရေး ကိစ္စပေါ်ပေါက်ပါက ငွေကြေးတတ်နိုင်လျှင် တတ်နိုင်သလောက် ၇-ရက်ပတ်လုံး အလှူဒါနပြုလေ့ရှိကြသည်။ ရွာလုံးကျွတ်လည်း အကူလာလေ့ရှိသည်။ ရန်ကုန်မြို့တွင် နေရာအခက်အခဲ ကျဉ်းမြောင်းသည်ကို အကြောင်းပြု၍ သာရေး နာရေးကိစ္စများ၌ အိမ်မှာ ချက်ပြုတ်ကြသည်ထက် ဆိုင်များမှ မှာယူလှူဒါန်းကြသည်က များပါသည်။ အကြီးအကျယ် လှူဒါန်းလိုပါကလည်း တရားရိပ်သာများ၊ ဘုန်းတော်ကြီးကျောင်းများ၌သာ လှူဒါန်းလေ့ရှိကြသည်။
ပဲခူးတိုင်းအတွင်း ရွာကြီးတရွာမှ ကျွန်မကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တရပ်ကို နှစ်တွေကြာခဲ့သော်လည်း မေ့မရနိုင်ပါ။ ထိုရွာတွင် မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ နှစ်ပိုင်းရှိသည်။ ရွာမြောက်ပိုင်းတွင် သာရေး နာရေးကိစ္စရှိပါက ကြီးကြီးမြက ခေါင်းဆောင်၍ ရွာသူရွာသားများ အကူအညီဖြင့် ချက်ပြုတ်ပေးလေ့ရှိသည်။ ဟင်းချက်လည်း ကောင်းသည်။ လူဘယ်လောက်ဖိတ်မလဲ။ ဘာကျွေးမလဲ ငွေကြေးကအစ တွက်ချက်၍ အလေအလွင့်မရှိ စီမံပေးသည်။ တောရွာဖြစ်၍ အများအားဖြင့် ထမင်းဟင်း၊ မုန့်ဟင်းခါး ခေါက်ဆွဲအချက် များကြသည်။ ကြီးကြီးမြလက်ရာဆိုလျှင် ကောင်းပြီးသားဟု ရွာခံလူများက သိထားကြမြဲ။
ရွာတောင်ပိုင်းတွင်လည်း ကြီးကြီးမြလို ဟင်းချက်ခေါင်းဆောင်တဦး ရှိသည်။ သူက ကြီးတော် ဒေါ်တုတ် ဖြစ်သည်။ ဒေါ်တုတ်ခမျာ ကြိုးစားပမ်းစား ချက်ပါ၏။ သို့သော် ကြီးကြီးမြလို လက်ရာက မကောင်း။ ဒီတော့လည်း ကြီးကြီးမြလို နာမည်ကောင်း မရရှာ။ ကြီးကြီးမြလို ဟင်းချက်ကောင်းလိုသဖြင့် အလှူအတန်းများတွင် ကြီးကြီးမြနှင့် လိုက်၍ ချက်သည်။ ကြီးကြီးမြကလည်း လက်တွဲခေါ်ရှာသည်။ သို့သော် ဒေါ်တုတ်နာမည်က ထွက်မလာ။
ရပ်ရေးရွာရေးကိစ္စတွင် ချွေးတလုံးလုံးနှင့် ချက်ရပြုတ်ရသည်က မလွယ်ကူပါ။ ၀ိုင်းဝန်းသူများရှိသော်လည်း အချို့က မုန့်စင်းခါး ချက်ရန် ငါးအရိုးထွင်ရာ၌ပင် အရိုးစင်အောင် မထွင်တတ်ကြ။ ဆီချက်ချက်ရာတွင် အကျက်ညီဖို့က လိုသေးသည်။ လွယ်မယောင်နှင့် ခက်ပါသည်။ ကန်စွန်းရွက်ကြော် စားလိုပါသည်ဆိုမှ အရွက်တွေ ဖယ်၍ အရိုးကိုသာ ထွင်သူက ရှိသေးသည်။ ပြောမယုံ ကြုံဖူးမှ သိရသော သာဓကများပင်။
သို့သော် ရပ်ရေး ရွာရေး ကုသိုလ်ရေးမို့ ကူညီဖို့လာသည်ဆိုတော့လည်း အားလုံးကို ကြည့်ရသည်။ တခါတရံ ဘဲသားဆန်ပြုတ်တိုက်သည်။ တရုတ်နံနံပင်များကို လေးများအား-ပါးပါးလှီး-ဟု လူကြီးက တာဝန်ပေးသည်။ အရွက်သာလှီး၍ အရိုးတွေ လွှင့်ပစ်သဖြင့် ဤလည်း တဒုက္ခကြုံရဖူးသည်။
ကုသိုလ်လိုချင်စိတ်၊ ရိုင်းပင်းကူညီလိုစိတ်ကတော့ အားရစရာကောင်းလှသည်။ ဆန်ပြာသူ၊ စပါးလုံးရွေးသူ ကြက်သွန်လှီးသူတွေက အုပ်စုလိုက် လုပ်အားပေးချိန်တွင် မီးဖိုထဲမှာလည်း ယောက်ျားကြီးများက ချွေးတလုံးလုံးနှင့် -ကုသိုလ်ရေးမို့ ကြိုးစားပါ၊ ဒို့တတွေမှာ ချွေးတလုံးလုံး။ ဟုပင် ဆိုခဲ့ကြသည် မဟုတ်ပါလား။ ဒေါ်တုတ်သည်လည်း ကုသိုလ်လိုချင်သူပင်။ သို့သော် သူ့နာမည်ကောင်း ထွက်မလာသောအခါ ကုသိုလ်မှ အကုသိုလ်ခြေလှမ်းကို လှမ်းမိတော့သည်။
ထိုနေ့က ရွာမြောက်ပိုင်းမှ ဘကြီးသာရင်တို့၏ အလှူနေ့ဖြစ်သည်။ ရွာလုံးကျွတ် မုန်းဟင်းခါးကျွေးရန် ဒေါ်တုတ်နှင့် ကြီးကြီးမြပါ ကြိုးစားပမ်းစားချက်သည်။ မုန့်ဟင်းရည်နံ့က စပါးလင်နိုင်နိုင်၊ ချင်းနိုင်နိုင်မို့ မွှေးကြိုင်နေသည်။ မုန့်ဖတ်ပြင်နေသူများ၊ ရှောက်သီးစိတ်နေသူများက တယောက်တခွန်း ဟင်းနံ့မွှေးကြောင်း ပြောနေသည်။
ကဲ-လာ၊ ဟင်း မြည်ကြည့်ပါဦး-ဟု ကြီးကြီးမြက ဖိတ်ခေါ်လိုက်သည်။ နီးရာလူများက သွားမြည်းကြသည်။
ဟာ-ကောင်းလိုက်တာ ကြီးကြီးမြရာ၊ ဒါကြောင့် ကြီးကြီးမြ နာမည်ကြီးတာပဲ-ဟု တယောက်တခွန်း ချီးမွမ်းလိုက်ကြသည်။ ဒေါ်တုတ်နာမည်က ပေါ်ထွက်မလာ။
ဒေါ်တုတ်သည် မသိမသာ မျက်နှာပျက်သွားသည်။ သို့သော် ဟန်မပျက်နေလိုက်သည်။ စိတ်ဆိုးဝင်လာပြီ။ မိမိမူလက ကုသိုလ်ရယူလို၍ ကုသိုလ်အလုပ်ကို လုပ်ခဲ့သည်မှန်သော်လည်း မိမိအမည် မထင်ပေါ်သည့်အတွက် အကုသိုလ်စိတ် ၀င်လာသည်။ ငါ နာမည်မရသလို ဒင်းလဲ နာမည်ပျက်စေရမယ်-ဟူသော မနောကံအကုသိုလ် စိတ်ကို မွေးလိုက်သည်။
မနောကံအပြစ်မှ ကာယကံ အပြစ်ကို ဖြစ်မြောက်အောင် လုပ်လိုက်တော့သည်။ ချက်ပြုတ်ရေးကိစ္စပြီး၍ ရေချိုးသူ၊ အ၀တ်လဲသူနှင့် ဟင်းအိုးနားတွင် လူလစ်သည်နှင့် တပြိုင်နက် ဒေါ်တုတ်သည် ဆားလက်တဆုပ်ကို နှိုက်ကာ မုန့်ဟင်းရည်အိုးထဲသို့ ပစ်ထည့်လိုက်တော့သည်။
လူတွေစုံပြီ၊ ကျွေးမွေးဖို့ အချိန်ရောက်နေပြီ၊ မုန့်ပန်းကန်ထဲသို့ ဟင်းရည်ထည့်လိုက်ပြီ၊ စားလိုက်ကြပြီ-
အမလေး ငန်လိုက်တာ။
ဘယ်လိုဖြစ်တာပါလိမ့်၊ ခုနက သိပ်ကောင်းတာ
အားလုံးထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ ရေနွေးရော၊ ရေနွေးရော-ဟု ၀ိုင်း၍ပြုပြင်လိုက်ကြသည်။ စား၍တော့ ဖြစ်သွားသည်။ မုန့်ရည်တွေ ကျဲ၍ မျက်နှာပန်း မလှ၊ ကြီးကြီးမြခမျာ စိတ်မကောင်း ဖြစ်သွားရှာသည်။
မကြာပါချေ၊ ရွာတောင်ပိုင်းမှာ အလှူကြီး ဖြစ်ပြန်ပြီ။ ကြီးကြီးမြက အဖြစ်မှန်မသိရှာ။ လက်တွဲမပျက် ဒေါ်တုတ်ကို ခေါ်သည်။ ဒီတခါ အုန်းနို့ခေါက်ဆွဲ ချက်သည်။ ကောင်းလှချည်ရဲ့ဆိုသည့်ကြားမှ အငန်တူး၍ ရေနွေးရောရ ပြန်သည်။
ဒီလို သုံးလေးကြိမ်မက ဖြစ်လာတော့ ရွာသားတွေ သံသယ၀င်လာသည်။ လက်သည်ကို ရှာသည်။ စောင့်ဖမ်းသည်။ တွေ့ပါပြီ၊ ဆားလက်တဆုပ်နှင့် ဒေါ်တုတ်။ ဟင်းအိုးထဲ ဆားထည့်မည့်ဆဲဆဲ လက်ဆုပ်လက်ကိုင်နှင့် မိပါပြီ။ ရှက်စရာကောင်းလှသည့် အဖြစ်မျိုး ဒေါ်တုတ် လောလောလတ်လတ် ကြုံရပြီ။ ကုသိုလ်ခြေလှမ်းမှ အကုသိုလ် ခြေချော်ခဲ့ချေပြီ။ တသက်လုံး နာမည်ပျက်သွားသည်။ မျက်နှာမဖော်နိုင်တော့ပြီ။
ကြီးတော် ဒေါ်တုတ် ကွယ်လွန်သည်မှာ ကြာပေပြီ။ ဤအဖြစ်အပျက်ကိုမူ ခုထိ ကျွန်မမမေ့၊ အကုသိုလ်ရှောင်၊ ကုသိုလ်ပွား၍ နှလုံးသာဖြူစင်ရမည့်အစား ကုသိုလ်စိတ်မှ အကုသိုလ်စိတ်သို့ ပြောင်းကာ စိတ်ယုတ်စိတ်ဆိုး မွေးမိသည့် ဒေါ်တုတ်။ လောကမှာ မျက်နှာမရသလို သံသရာမှာလည်း ခက်ချေတော့မည်။
မဟာစည်ရိပ်သာကြီးမှ သြ၀ါဒါစရိယ ဆရာတော်ကြီး ဦးသံဝရ-၏
ရခဲတာကို ရအောင်လုပ်မည်၊
ခြေမချော်ရန်၊ လမ်းမှန်လျှောက်မည်၊
ဒါနနဲ့ အရင်းတည်၊ နိဗ္ဗာန်ရောက်အောင် သွားရမည်-ဟူသော
တရားဆောင်ပုဒ်ကို ရွတ်မိတိုင်း ခြေချော်သွားသော ဒေါ်တုတ်ကို သတိရလိုက်မိပါသည်။
ကျွန်မတို့အားလုံး ဒေါ်တုတ်လို မဖြစ်ရန် အတ္တစွဲ မသန်ကြဖို့ ကြိုးစားကြရပါမည်။
( အေးမမ )

ဝိပဿနာ ဘာဝနာ
ဗုဒ္ဓတရားတော်ကို လေ့လာပါက အနှစ်ချုပ်အားဖြင့် ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ကောင်းမှုကြီးသုံးရပ်ကို ကျင့်ကြံပွားများ အားထုတ်ရန် ဦးတည်ထားသည်ကို သိမြင်နိုင်ပေသည်။ ဤနေရာ၌ စာရှုသူအများ သိရှိထားသည့်အတိုင်းပင် ဒါန-ဟူသည် စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း ဖြစ်သည်။
သီလ-ဟူသည် ကိုယ်ကျင့်တရားကို ကောင်းစွာစောင့်ထိန်းမှု ဖြစ်သည်။
ဘာဝနာ-ဟူသည် စိတ်ဖြင့်ရှုမှတ်ပွားများ အားထုတ်မှု ဖြစ်သည်။
တနည်းအားဖြင့်-စိတ်လေ့ကျင့်ရေး အလုပ်ဖြစ်သည်။
ဘာဝနာတွင် နှစ်မျိုးရှိသည်။ တမျိုးသည် စိတ်ကိုမပျံ့လွင့်အောင် စောင့်ထိန်းကာ သမာဓိကို ပြုစုပျိုးထောင် ရသော သမထဘာဝနာ ဖြစ်သည်။ ကျန်တမျိုးမှာ တည်ငြိမ်သောစိတ်ဖြင့် ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုမှတ်ဆင်ခြင်ခြင်း ဖြစ်သည်။
ဗုဒ္ဓတရားတော်အရ လေးစားလိုက်နာကျင့်သုံးသော ဒါနမှု၊ သီလမှု၊ သမထဘာဝနာမှုတို့ကို အခြားအခြားသော ဘာသာတို့ကလည်း သူ့နည်းသူ့ဟန်ဖြင့် လေးစားလိုက်နာကျင့်သုံးကြသည်ကို တွေ့ရသည်။
ဥပမာအားဖြင့်-ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ဇနီးမောင်နှံကို ရှုပါ။ ဒါနမှုကို ပြုကြသည်မှာ အံ့ချီးဖွယ်ဖြစ်သည်။ သူတို့ဇနီးမောင်နှံသည် အာဖရိကတိုက်နှင့် အိန္ဒိယရှိ ရောဂါဆိုးကြီးများ ခံစားနေရသော ကလေးငယ်များ အသက်ချမ်းသာရာရစေရန် ကြီးစွာသော ဒါနမှုကို ပြုခဲ့သည်။ ၁၉၉၄-ခုနှစ်မှစ၍ ဒါနမှုများပြုခဲ့ရာ ယခုအခါ ဒေါ်လာ ၂၅.၆ ဘီလျံ လှူဒါန်းပြီး ဖြစ်နေပြီ။ ဒေါ်လာတစ်ဘီလျံလျှင် ဒေါ်လာသန်းတထောင် ရှိရာ လှူဒါန်းငွေ မည်မျှများပြားသည်ကို ခန့်မှန်းသိသာနိုင်ပေသည်။
သီလမှုနှင့် ပတ်သက်၍ နိုင်ငံအချို့တွင် ခရီးသည်များ မီးရထား ဘတ်စ်ကား စသည်တို့ စီးနင်းသွားရာမှ မေ့ကျန်ခဲ့သောပစ္စည်းများ မည်မျှအဖိုးတန်သည်ဖြစ်စေ၊ လူများစုသည် မယူကြ။ ပိုင်ရှင်များလက်သို့ ရိုးသားဖြောင့်မတ်စွာဖြင့် ပြန်ပေးကြသည်။ ထိုသို့ ပေးအပ်နိုင်ရန်လည်း သက်ဆိုင်ရာတို့က မေ့ကျန်ပစ္စည်း အပ်နှံရေး ပြန်ပေးရေးဌာနများကို မီးရထားဘူတာရုံစသည်တို့တွင် တသီးတခြား စနစ်တကျ ဖွင့်လှစ်ထားကြ သည်။
သမထ ဘာဝနာ အားထုတ်မှုဘက်တွင်လည်း ဟိန္ဒူယောဂီများသည် ထင်ရှားကြသည်။ ဟိမ၀န္တာတောင်ခြေ၊ ဂင်္ဂါမြစ်ကမ်းဘေး စသည့်နေရာများတွင် ဟိန္ဒူယောဂီများ သမထဘာဝနာ အံ့ချီးဖွယ်အားထုတ်နေကြသည်ကို ကျွန်ုပ်တို့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။
သို့ရာတွင် အခြားဘာသာဝင်တို့ ကျင့်ကြံပွားများအားထုတ်ခြင်း မပြုသည်ကား ၀ိပဿနာ ဘာဝနာပင်ဖြစ်သည်။ ၀ိပဿနာဘာဝနာသည် ထေရ၀ါဒဗုဒ္ဓသာသနာ၏ တရားထူး တရားမြတ်ဖြစ်သည်။ သာသနာရေး ၀န်ကြီးဌာနက ထုတ်ဝေသော ဗုဒ္ဓဘာသာရေးတရားတော် (အထက်တန်းအဆင့်) စာအုပ်၌ လောကတွင် ပုဂ္ဂိုလ်သတ္တ၀ါ အရာဝတ္ထုဟူ၍ မရှိ၊ ရုပ်နှင့်နာမ် သဘာဝသာရှိသည်။ ယင်းရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ဖြင့် ထူးထူးခြားခြား ရှုမြင်တတ်သော ဉာဏ်ပညာကို ၀ိပဿနာဟု ခေါ်၏။
ဝိပဿနာ ဉာဏ်အမြင်မရှိသော ပုဂ္ဂိုလ်တို့ကား ရုပ်နှင့်နာမ် ပေါင်းစပ်နေသော သတ္တ၀ါများကို လူနတ်ဗြဟ္မာ ယောက်ျား မိန်းမ စသည်ဖြင့်ဖြစ်စေ၊ ရုပ်ကလာပ် အပေါင်းအစုဖြစ်သော အရာဝတ္ထုတို့ကိုလည်း အိမ်၊ ကျောင်း၊ ဇရပ်၊ သစ်ပင်၊ တောတောင် စသည်ဖြင့် ဖြစ်စေ ထင်မြင်တတ်ကြသည်။ ထိုအရာတို့ကို မြဲ၏၊ (နိစ္စ)၊ ချမ်းသာ၏ (သုခ)၊ ကိုယ်ပိုင်ဖြစ်၏ (အတ္တ)၊ ကောင်း၏ (သုဘ) ဟုလည်း ထင်မြင်တတ်ကြသည်။
ဤအမြင်များကား အန္ဓပုထုဇဉ်တို့ ထင်မြင်လေ့ရှိသော သာမန်အမြင်များ ဖြစ်၏။ ၀ိပဿနာဉာဏ်ကား ထိုသာမန်အမြင်ထက် ထူးခြားထွင်းဖောက်ပြီး သတ္တ၀ါနှင့် အရာဝတ္ထုတို့သည် ရုပ်နာမ်သဘာဝသာ ဖြစ်၏။ အမြဲမရှိ(အနိစ္စ)၊ ဆင်းရဲခြင်း (ဒုက္ခ)၊ အစိုးမရခြင်း (အနတ္တ)၊ မတင့်တယ် (အသုဘ)၊ ဟု နက်နက်နဲနဲ သိမြင်လာသည်။ ထိုသိမြင်နိုင်သော ဉာဏ်ပညာကိုပင် ၀ိပဿနာဟု ခေါ်ဆိုခြင်းဖြစ်သည်-ဟူ၍ ဖွင့်ဆိုထားသည်။
ဝိပဿနာ ဘာဝနာကား ထေရ၀ါဒ ဗုဒ္ဓဘာသာတွင်သာ ရှိသည်။ မည်သည့်ဘာသာတွင်မျှ မရှိသော မည်သည့်ဘာသာဝင်တို့မျှ ကျင့်ကြံအားထုတ်မှု မပြုသောတရား ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်သည် ဒါနမှုကိုလည်း အားပေးသည်။ သီလမှုကိုလည်း အားပေးသည်။ သမထဘာဝနာ ပွားများမှုကိုလည်း အားပေးသည်။ သို့ရာတွင် ထိုမျှဖြင့် မတင်းတိမ်၊ မရပ်တန့်စေဘဲ၊ ၀ိပဿနာပွားများမှုကို ရှေ့တိုးဆောင်ရွက်စေသည်။ သို့မှသာ ဗုဒ္ဓဘုရားရှင်၏ အဓိကရည်မှန်းချက်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေမည်။
အကယ်၍ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေးလျှင်လည်း ၀ိပဿနာပွါးများခြင်းဖြင့် အပါယ်တံခါး ပိတ်ကာ ကောင်းရာသုဂတိသို့ လားနိုင်ပေသည်။ ဤဘ၀တွင်လည်း ၀ိပဿနာဘာဝနာ ပွားများအားထုတ်သူသည် စိတ်ကြည်လင်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိခြင်း၊ အနာရောဂါကင်း၍ အသက်ရှည်ခြင်း၊ အမြင့်ဆုံးသောကုသိုလ်တရားကို ရရှိနိုင်ခြင်းစသော ကောင်းကျိုးထူးကို ခံစားရမည် ဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင်က ဟောကြားတော်မှုထားသည်။
စင်စစ် ဒါနမှု၊ သီလမှု၊ သမထဘာဝနာမှုတို့သည် သာသနာထွန်းကားချိန်တွင်သာမက သာသနာပအခါ၌လည်း ထွန်းကားနိုင်သည်။ ၀ိပဿနာဘာဝနာမှုကား သာသနာပအချိန်၌ မထွန်းကားနိုင်၊ သာသနာတွင်း၌သာ ထွန်းကားသော တရားမြတ်ဖြစ်သည်။ အလွန်ရှားပါး၍ တန်ဖိုးထိုက်မဆုံး ဖြစ်ပေသည်။
ထို့ကြောင့် ကျွန်ူပ်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသည် ဒါနမှုကိုလည်း ပြုကြရပါမည်။ သီလမှုကိုလည်း ပြုကြရပါမည်။ သမထဘာဝနာမှုကိုလည်း ပြုကြရပါမည်။ ထို့ပြင် ထိုမျှဖြင့် တင်းတိမ်ရောင့်ရဲမနေဘဲ သာသနာတွင်း၌သာ ထွန်းကားသော မြတ်လှသော အဖိုးထိုက်လှသော ရှားပါးလှသော ၀ိပဿနာဘာဝနာကိုလည်း ရှေ့တိုးကျင့်ကြံပွားများ အားထုတ်သင့်ကြောင်း တင်ပြအပ်ပါသည်။

နေ့စဉ် စစ်ဆေး သန့်ရှင်းရေး
၁။ ကိုယ်တိုင်ပြုစု၊ ကိုယ့်အမှု၊ ကြည့်ရှုစစ်ဆေးပါ။
၂။ စင်ကြယ်, မစင်ကြယ်၊ ဤနှစ်သွယ်၊ ရွေးချယ်ပြုလုပ်ပါ။
၃။ စင်ကြယ်ပါမှ၊ ချမ်းသာရ၊ ဒုက္ခကင်းမည်သာ။
၎။ မစင်ကြယ်လျှင်၊ အပါယ်ခွင်၊ ကိုယ်ပင်ဆင်းရဲမှာ။
၅။ နေ့စဉ်စစ်ဆေး၊ သန့်ရှင်းရေး၊ ကိုယ်ရေးကိုယ်တာ ပြုလုပ်ပါ။
( ဘဒ္ဒန္တနာရဒ မဟာထေရ်)
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်

မျောက်ကလေးကို ဆေးဆိုးပေးပါ
ပုဏ္ဏားအိုကြီးတယောက်သည် တသက်တာလုံး ရှာဖွေစုဆောင်းလာခဲ့သည့် ပစ္စည်းအင်အားဖြင့် တောင်းရမ်းယူသဖြင့် မြေးအရွယ် မယားငယ်ငယ်လေးကို လက်ထပ်၍ သိမ်းပိုက်နိုင်ခဲ့၏။ မယားကလေးမှာ ပစ္စည်းဥစ္စာ မကြွယ်ဝသော်လည်း မျိုးကောင်းရိုးကောင်းထဲက ဖြစ်၏။ ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်၏။ ထို့ကြောင့် လင်အိုပုဏ္ဏားကြီးက မယားကလေးကို ဖူးဖူးမှုတ်ထားကာ ဘာမဆို အလိုကျဖြစ်အောင် ဆောင်ရွက်၍ ပေးခဲ့လေသည်။
ဤသို့ဖြင့် မယားကလေးမှာ ကိုယ်ဝန်ရှိလာ၍ ဖွားခါနီးလာသည်တွင် ဖွားမြင်လာတဲ့ကလေးနဲ့ ကစားဖော် ရအောင် မျောက်ကလေးတကောင် ရှာပေးပါ-ဟု ပူဆာ၏။ ပုဏ္ဏားအိုကြီးက -ရှင်မရယ် မွေးဖွားပြီးအောင် တဆိတ်ကလေး စောင့်လိုက်ပါဦး၊ ငါတို့မှာ သားကလေး မွေးလာမလား၊ သမီးကလေး မွေးလာမလားမှ မသိရသေးတာ။ ဒီတော့ သားကလေးမွေးလာရင် မျောက်ထီးကလေး ၀ယ်ကြတာပေါ့၊ သမီးကလေး မွေးလာရင်တော့ မျောက်မကလေး ၀ယ်ကြတာပေါ့-ဟု ဖျောင်းဖျပြောဆို၏။
သို့ရာတွင် မယားကလေးက လင်အိုကြီးစကားကို နားမ၀င်ပါ။ ဘာမဆို သူ့အလိုကျ ဖြစ်လာခဲ့ရသည့် အရှိန်ဖြင့် ထပ်ကာထပ်ကာ ပူဆာ၏။ ဤတွင် ပုဏ္ဏားအိုကြီးသည် မယားကလေးစကားကို မပယ်သာတော့သဖြင့် မျောက်ကလေးတကောင်ကို ၀ယ်လာရလေတော့သည်။ သို့ရာတွင် မယားကလေးကတော့ သဘောမကျနိုင် သေးပါ။ ၀ယ်လာခဲ့သော မျောက်ကလေးသည် ၀၀ဖီးဖီးနှင့် ရောဂါကင်းရှင်းပါသော်လည်း သူ့အမွေးက မွဲခြောက်ခြောက်ဖြစ်နေ၏။ ထို့ကြောင့်-
မျောက်ကလေးက ဒီအမွေး၊ ဒီအရောင်နဲ့တော့ ချစ်စရာမကောင်းပေါင်။ သူ့ကို အထည်ဆေးဆိုးသမားအိမ် ခေါ်သွား။ အရောင်အဆင်း ၀ါဝါ၀င်းဝင်းကလေးနဲ့ ချစ်စရာကောင်းအောင် ဆေးဆိုးပေးဖို့ပြောချေ။
ကောင်းပါပြီ ရှင်မရယ်။
မယားကလေး အလိုကျ တသဝေမတိမ်း လိုက်နာရန် လင်အိုပုဏ္ဏားကြီးက မျောက်ကလေးကို ဆွဲခေါ်လိုက်ရာ-
နေဦးလေ၊ သွားဆို ချက်ချင်းသွားတော့တာပဲ။ ဆေးဆိုးသမားအိမ်ရောက်တော့ ပြောရမယ့်စကားကိုလဲ သေသေချာချာ နားထောင်သွားဦး။ ဟိုကျတော့ ဒီလိုလဲပြောလိုက်ဦး။ ချစ်စရာကောင်းအောင် အ၀ါရောင် ဆေးဆိုးတဲ့အခါမှာ အဖွပ်အလျှော်ခံအောင် အထုအရိုက် အဆုပ်အနယ်လဲခံအောင် လုပ်ပေးပါလို့ပြော။ ကြားလား မှတ်မိလား။
ကြားပါတယ် ရှင်မရယ်၊ မှတ်မိပါတယ်။ မယားကလေးကို ချစ်သည့်ဇောဖြင့် ပြောသင့်သည်-မပြောသင့်သည် ကိုမျှ မတွက်ဆနိုင်တော့ဘဲ ပုဏ္ဏားအိုကြီးသည် မျောက်ကလေးကို ရင်ဝယ်ပိုက်ကာ အထည်ဆေးဆိုးသမား အိမ်သို့ လာခဲ့၏။ မယားကလေး မှာကြားလိုက်သမျှ တလုံးမကျန် ပြောပြ၏။
ဤတွင် အထည်ဆေးဆိုးသမားသည် ပုဏ္ဏားအိုကြီး၏ အဖြစ်ကိုကြည့်ကာ အလွန်ရယ်ချင်လှသော်ငြားလည်း ဂုဏ၀ုဍ္ဎိ ၀ယ၀ုဍ္ဎိတို့ကို ထောက်ထားရန်ရှိနေသေးသဖြင့်-
အရှင်ပုဏ္ဏားကြီးခင်ဗျား-မျောက်ကလေးကို အလိုရှိတဲ့ ဆေးရောင်နဲ့ဆိုးပေးလို့ ရပါတယ်။ ဒါပေမဲ့ အ၀တ်အထည် မဟုတ်တဲ့အတွက် အဖွပ်အလျှော်ခံအောင်၊ အထုအရိုက် အဆုပ်အနယ်ခံအောင်တော့ လုပ်မပေးနိုင်ပါဘူး ခင်ဗျား။
ဤသို့ ရိုသေလေးစားစွာ ရှင်းပြလိုက်ရလေသည်။
( နိဂဏ္ဌနာဋပုတ္တ၀ါဒ)
ဘုရားရှင်လက်ထက်တော်တုန်းက စင်ပြိုင်ဘုရားခြောက်ဆူတွင် အ၀င်အပါဖြစ်ခဲ့သော နိဂဏ္ဌနာဋပုတ္တ ဆရားကြီး၏ အယူဝါဒနှင့် ပတ်သက်၍ ဥပါလိသူကြွယ် နှိုင်းယှဉ်ပြခဲ့သည့် ဥပမာတခု ဖြစ်ပါသည်။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ဥပါလိသုတ်မှာ မှတ်တမ်းတင်ထားခဲ့ပါသည်။
နိဂဏ္ဌနာဋပုတ္တ-ဟူသည်မှာ ယခုထက်တိုင် အိန္ဒိယနိုင်ငံမှာ ရှိနေသေးသော (ဇိန) ဂျိန်းဘာသာ၏ ဦးစီးဦးဆောင် ကြီးဖြစ်ပါသည်။ ဂျိန်းဆရာကြီး၏ အယူဝါဒမှာ-သက်ရှိသတ္တ၀ါမှန်သမျှ တွေ့ကြုံခံစားရသည့် ဆင်းရဲဟူသမျှသည် ယခင်ဘ၀များက ပြုလာခဲ့သည့် မကောင်းမှုအကုသိုလ်ကံကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် အကုသိုလ်ကံတွေ ကုန်ခန်းသွားလေအောင် ယခုဘ၀တွင် ဆင်းရဲဒုက္ခဝေဒနာတွေကို များများကြီးခံစားပေးရမည်။ ပြင်းပြင်းထန်ထန်ကြီး ခံစားပေးရမည်။ များများခံစားနိုင်လေ အကုသိုလ်တွေ များများကုန်သွားလေ။ ပြင်းပြင်းထန်ထန် ခံစားနိုင်လေ အကုသိုလ်တွေ မြန်မြန်ကုန်သွားလေ-ဟူ၍ ဖြဟ်၏။
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်တွင်လည်း ကံနှင့် ကံ၏အကျိုးတရားသည် အခြေခံအကျဆုံးဖြစ်၏။ နိဂဏ္ဌ ဆရာကြီးကလည်း ကံကိုမပစ်ပယ်ပါ။ ကံ၏အကျိုးတရားကိုလည်း လက်ခံထားပါသည်။ သို့ရာတွင် နိဂဏ္ဌ ဆရာကြီးသည် ကံကို ဓမ္မသဘာဝ သန့်သန့်အဖြစ် မရှုမြင်ပါ။ ငါ့ကံ သူ့ကံ၊ ငါပြုသောကံ၊ သူပြုသောကံ စသဖြင့် ငါသူအရှိ အတ္တဒိဋ္ဌိကို ရှေ့တန်းတင်ထားသဖြင့် သမ္မာဒိဋ္ဌိစာရင်း မ၀င်နိုင်ဘဲ မိစ္ဆာဒိဋ္ဌိစာရင်းဝင်သာ ဖြစ်ရကြောင်း ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ်၊ သာမညဖလသုတ်အဖွင့်တွင် သီလက္ခန်ဋီကာသစ်ဆရာကြီးက ရှင်းပြထားပါသည်။
ဗုဒ္ဓဒေသနာတော်တွင် (ကမ္မံ ခေတ္တံ၊ ၀ိညာဏံ ဗီဇံ၊ တဏှာ သေဟော) ဟူ၍ ရှိပါသည်။
ကံဟူသည် လယ်မြေ။ ပဋိသန္ဓေ ၀ိညာဏ်ဟူသည် မျိုးစေ့။ တဏှာဟူသည် အစိုဓာတ်ဟု အဓိပ္ပါယ်ရပါသည်။
သို့ဖြစ်၍ ကံကိုကုန်ဆုံးအောင် ကြိုးစားကြရာတွင် နိဂဏ္ဌဂိုဏ်းသားများကဲ့သို့ ဆင်းရဲဒုက္ခတွေ ရှာဖွေ၍ ခံစားရန်မလိုပါ။ တဏှာတည်းဟူသော အစိုဓာတ်ရှိနေမှသာ ဘ၀သစ်မှာ ပဋိသန္ဓေမျိုးစေ့က အပင်ပေါက်လာ နိုင်ပါသည်။ တဏှာကို ၀ိဇ္ဇာဉာဏ်ဖြင့် လက်စသတ်ပယ်ဖြတ်နိုင်ပါက ဘ၀သံသရာ လည်ပတ်ရန် မရှိတော့ပါ။ ဤတွင် အနမတဂ္ဂ သံသရာကပြုခဲ့သမျှသော ကံတို့သည်လည်း အကျိုးပေးရန်မရှိတော့သဖြင့် ကုန်ဆုံးသွားကြ ရပါတော့သည်။
စောစောပိုင်းတုန်းကမူ ဥပါလိသူကြွယ်သည် နိဂဏ္ဌဆရာကြီး၏ ဒါယကာဖြစ်ခဲ့ပါသည်။ အားကိုးအားထားပြုလောက်သည့် တပည့်ကြီးတယောက်လည်း ဖြစ်ပါသည်။ ဆရာကြီး၏ အယူဝါဒကို ကိုင်စွဲကာ ပြိုင်ဖက်ပုဂ္ဂိုလ်များအပေါ် စကားဖက်ပြိုင် အနိုင်ယူလာခဲ့သူ ဖြစ်ပါသည်။
သို့ဖြစ်၍ နိဂဏ္ဌဆရာကြီးက သူ့တပည့်ကြီးကို ဘုရားရှင်ထံ စေလွှတ်ကာ သူ့ကိုယ်စား ၀ါဒချင်းပြိုင်၍ အနိုင်ယူရန် ကြိုးစား၏။ ဘုရားရှင်၏ ရှင်းလင်းဟောကြားချက်များကြောင့် ဥပါလိသည် အမြင်မှန်ရခဲ့၏။ ဘုရားရှင်၏တပည့် ဥပါသကာတယောက် အဖြစ်ကို ခံယူကာ နိဂဏ္ဌဆရာကြီးအား လမ်းဖြတ်ပစ်လိုက်၏။ ဤတွင် နိဂဏ္ဌဆရားကြီး ကိုယ်တိုင် ဥပါလိသူကြွယ်အိမ်သို့ ကြွလာကာ အဖြစ်အပျက်မေးမြန်းသဖြင့် ဥပါလိက အထက်ပါ ဥပမာဖြင့် ရှင်းလင်းလျှောက်ထားလိုက်ရပါသည်။
နိဂဏ္ဌဆရာကြီး၏ အယူဝါဒသည် မျောက်ကလေးကို ဆေးဆိုးထားသကဲ့သို့ အလွန်အကျွံကိုမှ နှစ်သက်တတ်သော၊ အပြင်းအထန်အလုပ်ကိုမှ အထင်ကြီးတတ်သော သာမန်လူပြိန်းများအတွက် နှစ်သက်ဖွယ်ရှိပါသော်ငြားလည်း စနစ်တကျ ဆန်းသစ်ဝေဖန်၍ မရနိုင်ကြောင်း၊ လက်တွေ့ကျင့်သုံးခြင်းဖြင့် အသိဉာဏ်အမြင်မှန် တစုံတရာမှ မရနိုင်ကြောင်း ရှင်းပြလိုက်ပါသည်။
ထိုမှတပါး အ၀တ်အထည်ကောင်းကို ဆေးဆိုးလိုက်သည့်အခါ ရှုချင်စဖွယ် တင့်တယ်တောက်ပသည်နှင့်အမျှ အဖွပ်အလျှော်ခံသကဲ့သို့ အထုအရိုက် အဆုပ်အနယ် ခံသကဲ့သို့ ဘုရားရှင်၏ အဆုံးအမတော်များသည်ကား မိုက်မဲသူတို့ မနှစ်သက်နိုင်သော်ငြားလည်း ပညာရှိသူတို့ နှစ်သက်ကြပါသည်။ အဖက်ဖက်မှ ဝေဖန်ဆန်းစစ်မှုကို ခံနိုင်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ လေ့လာကျင့်သုံး၍ ကြည့်နိုင်ပါသည်-ဟုလည်း ဆက်လက်၍ ရှင်းပြလိုက်ပါသည်။
(၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၃-ခု မေလ)

Tuesday, January 19, 2010
ဒုက္ခပေးနိုင်သည့် လိပ်ခေါင်း
ဝမ်းပျက် ၀မ်းလျှော ရောဂါသည် အစားအသောက်မှားလျှင် ဖြစ်လွယ်သည်။ ၀မ်းကိုက်ရောဂါသည်လည်း အလားတူပင် ဖြစ်သည်။ ခြင်ကိုက်ခံရရာမှ တဆင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး ရောဂါတို့ ဖြစ်နိုင်သည်။
ကင်ဆာရောဂါသည် အသက်အရွယ်မရွေး လူတို့အား အန္တရာယ်ပြုနေသည်။
အူအတက်ရောင်၍ ခွဲစိတ်ရခြင်းသည် ဖြစ်ပွားမှု နည်းသော်လည်း အချိန်မရွေး ဖြစ်နိုင်သည်။ သူငယ်ချင်းတဦးမှာ ဝေးလံသောနေရာသို့ ခရီးမသွားမီ တရက်အလိုတွင် အူအတက်ရောင်ပြီး အချိန်မီ ခွဲစိတ် ကုသခဲ့ရသည်။
လူတို့အား ဒုက္ခးပးနိုင်ပြီး တွေ့ကြုံရတတ်သည့် ရောဂါများတွင် လိပ်ခေါင်း ရောဂါလည်း ပါဝင်သည်။
လိပ်ခေါင်းရောဂါကို သိရှိသူများပြီး ဖြစ်သည်။ အသံကျယ်ကျယ်ပြောလျှင် လိပ်ခေါင်း ထွက်လိမ့်မည်ဟု ဆိုတတ်သည်။
( လိပ်ခေါင်း ဘာကြောင့်ဖြစ် )
ဝမ်းချုပ်ခြင်းသည် လိပ်ခေါင်းဖြစ်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အထူးသဖြင့် မကြာခဏ ၀မ်းချုပ်လေ့ရှိလျှင် လိပ်ခေါင်းဖြစ်လာနိုင်သည်။ ၀မ်းသွားသည့်အခါ ပုံမှန် မသွားဘဲ ညှစ်ပြီးမှ ၀မ်းသွားနိုင်ခြင်းမှာလည်း လိပ်ခေါင်းဖြစ်စေသည့် အချက် ဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန်တွင် လိပ်ခေါင်းရောဂါ ဖြစ်နိုင်သည်။
အရက် အလွန်အကျွံ သောက်လျှင် လိပ်ခေါင်း ဖြစ်နိုင်သည်။
အသည်းရောဂါ၊ အူမကြီး ကင်ဆာ ခံစားရသူတို့၌ လိပ်ခေါင်းဝေဒနာကို ခံစားရတတ်သည်။
( လိပ်ခေါင်းဖြစ်ပုံ )
စအိုတွင်ရှိသည့် သွေးကြောထဲမှ သွေးဖိအားများသဖြင့် သွေးကြောမှာ ကြီးထွား၍ ရောင်ရမ်းလာခြင်းကို လိပ်ခေါင်းဟု ခေါ်သည်။
(ဖြစ်ပွားမှု)
အသက် ၃၀-ကျော်တွင် အဖြစ်ပိုများသည်။ အသက်ကြီးလေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများလေ ဖြစ်သည်။ အမျိုးသားများတွင် ပိုမို ဖြစ်ပွားသည်ကို တွေ့ရသည်။
( ရောဂါ လက္ခဏာများ )
လိပ်ခေါင်းဖြစ်စတွင် ၀မ်းသွားသည့်အခါ သွေးစ သွေးန ပါလာခြင်း ဖြစ်သည်။ ၀မ်းသွားပြီးမှ သွေး တစက် တစက် ကျခြင်းလည်း ဖြစ်နိုင်သည်။
စအိုဝတွင်လည်း နာကျင်နိုင်သည်။ တစ်ဆို့ဆို့ ခံစားနေရသည်။
ဝမ်းသွားစဉ် အပြင်သို့ ထွက်လာပြီး ပြန်သွင်း၍ မရဘဲ ရှိနိုင်သည်။ သူ့အလိုလို ပြန်ဝင်သွားနိုင်သည်မှာ ကနဦးအစတွင် တွေ့ရသော်လည်း နောက်ပိုင်းတွင် လက်ဖြင့် ထိုးသွင်းမှသာ ပြန်ဝင်သည်။ အချို့တွင် လက်ဖြင့် ထိုးသွင်းသော်လည်း ပြန်မ၀င်ဘဲ ရောင်ရမ်း နာကျင်စေမှု ဖြစ်နိုင်သည်။
လိပ်ခေါင်းရောဂါကြောင့် ၀မ်းသွားသည့်အခါ သွေးဆုံးရှုံးမှုများသဖြင့် သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။ ထိုအခါ ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ ရင်တုန်ခြင်း၊ မောပန်းခြင်းတို့ ဖြစ်သည်။
( ကုသမှု )
အချို့ ဝေဒနာရှင်များမှာ လိပ်ခေါင်းရောဂါကို ရက်ရှည်လများ ခံစားရသော်လည်း ထူးထူးခြားခြား ဝေဒနာ မခံစားရချေ။ တခါတရံသာ ၀မ်းသွားစဉ် သွေးတစက် နှစ်စက် ကျသည်။ အလိုလို သက်သာသွားသည်။ တနှစ်လျှင် နှစ်ကြိမ် သုံးကြိမ် ပြန်ပေါ်လာသည်သာ ဖြစ်သည်။ လိပ်ခေါင်းရှိသည်ဟု သိထားသော်လည်း ဆရာဝန်လည်း မပြဖြစ်၊ ဝေဒနာကိုလည်း မခံစားရဘဲ နေသွားရသည်။
အချို့မှာမူ လိပ်ခေါင်းက ဒုက္ခပေးသည်။ ၀မ်းသွားတိုင်း သွေးဆက်တိုက် ပါသည်။ အပြင်သို့ ထွက်သည့် လိပ်ခေါင်းကို အတွင်းသို့ ပြန်သွင်း၍ မရနိုင်ချေ။ ထိုအခါ ကုသမှုကို ခံယူရသည်။ လိပ်ခေါင်းရောဂါ ကုသရာတွင် လိမ်းဆေး ထည့်ခြင်း၊ ဆေးသောက်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
စီဂျူရော (Siduol) ဆေးကို နာကျင်ခြင်း၊ သွေးယိုခြင်းတို့ ပျောက်ကင်းစေရန် တနေ့ သုံးကြိမ်၊ တကြိမ် တလုံး၊ ငါးရက်မှ ခုရက်အထိ သောက်ရသည်။ Daflon ဆေးဖြင့်လည်း ကုသနိုင်သည်။ ရောဂါဖြစ်စဉ် ပိုမို ထိရောက်၍ နာတာရှည် လူနားများအတွက်လည်း အကျိုးရှိသည်။
သေနတ်ဖြင့် ရာဘာကွင်း ပစ်နည်း သုံး၍ဖြစ်စေ၊ ခွဲစိတ်၍ ဖြစ်စေ ကုသနိုင်သည်။ ယခုအခါ အပူပေး ကုသနည်း (Thermotherapy) ၊ အလင်းရောင်ပေး ကုသနည်း (Trradiation therapy) တို့ဖြင့်လည်း ကုသနိုင်သည်။
( ကုကွယ်ရေး )
လိပ်ခေါင်းရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေရန် အောက်ပါအချက်များကို ဂရုပြုသင့်ပါသည်။
(၁) ၀မ်းမချုပ်စေရန် သတိပြုပါ။ ရေများများ သောက်၍ ဟင်းသီးဟင်းရွက် အသီးအနှံများကို စားပါ။
(၂) အပူအစပ် အစားအစာများ၊ အစာမကြေလွယ်သည့် အစားအစာများကို ရှောင်ကြဉ်ပါ။
(၃) ကြာရှည် မတ်တတ်ရပ်ခြင်း၊ အညောင်းထိုင်ခြင်းကို ရှောင်ကြဉ်ပါ။
(၄) ၀မ်းချုပ်သဖြင့် ၀မ်းနုတ်ဆေး သောက်လိုလျှင် ၀မ်းနုတ်ဆေး အပြင်စားကို မသောက်ဘဲ လစ်ကွစ် ပါရာဖင် (Liquid Puraffin) ကဲ့သို့ ၀မ်းနုတ်ဆေး အပျော့စားကို သောက်ပါ။
(၅) ၀မ်းနုတ်ဆေး ပုံမှန်သောက်သည့် အလေ့အကျင့်ကို ဖျောက်ပါ။
လိပ်ခေါင်းရောဂါသည် ကာလကြာရှည်စွာရှိနေသည့် နေထိုင်စားသောက်မှု ပုံစံမှ တဆင့် ဖြစ်ပွားလာသည်ဖြစ်၍ လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်သည့် အစားအသောက်၊ အနေအထိုင်၊ လူနေမှု ပုံစံတို့ကို ဂရုပြု ရှောင်ကြဉ်ခြင်းဖြင့် လိပ်ခေါင်း အန္တရာယ်မှ ကင်းဝေးနိုင်မည် ဖြစ်ပါသည်။
( ဒေါက်တာ အောင်သန်း)
( အပျိုစင်-၂၀၀၈-ခု စက်တင်ဘာလ)

Monday, January 18, 2010
သရဏဂုံ ညစ်ညူးကြောင်းတရား (၂)
( ယခင်လမှ အဆက်)
ပရိသတ်အပေါင်း သူတော်ကောင်းတို့-
ဘုရား တရား သံဃာကို အာရုံပြုမိ၍ ဖြစ်ပေါ်လာသော သဒ္ဓါအရှင်းခံရှိသော သမ္မာဒိဋ္ဌိ-ကောင်းသောအယူသည်။ သရဏံ-သရဏမည်ပါပေ၏။ ထို ဘုရား တရား သံဃာကို ယုံကြည်သိမှတ် ဆည်းကပ်တဲ့ သဒ္ဓါကို အရင်းခံလို့ ဖြစ်ပေါ်လာသော သမ္မာဒိဋ္ဌိကို ဖြောင့်မှန်သော အယူလို့ခေါ်တယ်။
ပုညကိရိယာဝတ္ထု ၁၀-ပါးမှာ ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ-လို့ ခေါ်တယ်။
ဒီ ၁၀-ခုကို ပုညကိရိယာဝတ္ထု ၁၀-ပါးလို့ ခေါ်တယ်။ ကောင်းမှုပြုခြင်းရဲ့ အရင်းခံ ၁၀-ခု။ နောက်ဆုံးမှာ ဒိဋ္ဌိဇုကမ္မ-အယူဖြောင့်မှန်ခြင်း။ အယူဖြောင့်မှန်ခြင်းဆိုတာ ဘာလဲလို့မေးရင် ဒီနေရာမှာ ဘုန်းကြီးတို့ ပြောချင်တာက အယူဖြောင့်မှန်မှုဆိုတာက ရတနတ္တယသမ္မာဒိဋ္ဌိ လို့မှတ်ပါ။
ကုသိုလ်ကောင်းမှုပြုတဲ့နေရာ၊ ဒါနမှုပြုတဲ့ နေရာမှာတော့ ဘုန်းကြီးတို့ပရိသတ်ဟာ သမ္မဿကတာ သမ္မာဒိဋ္ဌိလို့ ဘုန်းကြီးတို့ ပြောခဲ့ပါတယ်။ ကိုးကွယ်ရေးနဲ့ ပတ်သက်လာရင်၊ ကိုးကွယ်မှုနဲ့ ပတ်သက်လာရင် ရတနတ္တယ သမ္မာဒိဋ္ဌိဖြစ်တယ်။ အဲဒါကို ဒိဋ္ဌိဇုကမ္မ-လို့ ခေါ်တယ်။ ဒိဋ္ဌိ-အယူ။ ဥဇုကမ္မ-ဖြောင့်မှန်တဲ့အလုပ်။ အယူဖြောင့်မှန်တဲ့အလုပ် ဆိုတာ ဘယ်ကစလုပ်ရမလဲ။ ဘုရား တရား သံဃာကို အားကိုးရာအစစ်အဖြစ်နဲ့ ယုံကြည် သိမှတ် ဆည်းကပ်တာက စတယ်။
ကုသိုလ်ကောင်းမှု ၁၀-ခုမှာ ထိပ်ဆုံးက ဒိဋ္ဌိဇုကမ္မကို ထားတယ်။ အယူဖြောင့်မှန်မှုသာ မရှိရင် အလှူပေးကော ဖြောင့်ဦးမလား။ သီလဆောက်တည်မှုကော မှန်ပါဦးမလား။ မဖြောင့်ပါဘူး။ ဘာဝနာကော ဖြောင့်ဦးမလား။ မဖြောင့်ပါဘူး။ အယူမဖြောင်တဲ့ပုဂ္ဂိုလ်တွေ ဝေယျာဝစ္စလုပ်တော့ရော မှန်ပါဦးမလား။ မမှန်နိုင်ပါ။ တသီကြီး သွားတယ်။ ဘယ်ဟာမှမဖြောင့်တော့ဘူး။ ဒိဋ္ဌိဇုကမ္မ ဖယ်လိုက်ရင် ရှေ့ကလုပ်ငန်း ၉-ခုဟာ တခုမှ ဖြောင့်တာ မရှိတော့ဘူး။
ဒါနလဲပဲ ရတနတ္တယ သမ္မဒိဋ္ဌိမပါရင် ဒီဒါနလဲ မဖြောင့်မှန်နိုင်ဘူး။ ဒါန၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ ဆိုတဲ့ ရှေးကကောင်းမှု ၉-ပါးလုံး အယူဖြောင့်မှန်မှုကို အခြေမခံကြရင်တော့ (ဘုန်းကြီးတို့ပရိသတ် ဒီအချက်ကို အလေးအနက် သတိထားပါ)။ ဒိဋ္ဌိဇုကမ္မ-အယူဖြောင့်မှန်မှုသာ အခြေမခံကြရင် အလှူပေးလဲ မဖြောင့်ဘူး။ သီလဆောက်တည်လဲ မဖြောင်ဘူး။ ဘာဝနာအားထုတ်လဲ မဖြောင့်ဘူး။ အပစာယန-ရိုသေတယ်၊ ရိုသေတယ်ပြောပေမဲ့ အယူမဖြောင့်မှန်တဲ့ လူတွေရဲ့ ရိုသေခြင်းဟာ လောက၀တ်လောက်ပဲ ရှိတယ်။ ဘုန်းကြီးကိုတွေ့လို့ ရိုသေပေမဲ့ အယူမဖြောင့်သူတို့ရဲ့ ရိုသေခြင်းသည် လောက၀တ်ပဲ၊ ဓမ္မ၀တ် မဟုတ်ဘူး။
ဝေယျာဝစ္စတွေကို ဆောင်ရွက်နေကြတယ်။ စာပြန်ပွဲကြီး ဆင်နွှဲဆောင်ရွက်နေကြတယ်။ ဘုရား တရား သံဃာကို မယုံဘဲနဲ့ ဒီဝေယျာဝစ္စ လုပ်တာဟာ လောက၀တ်လောက်ပဲ ရှိတယ်။ ဖြောင့်မှန်သော ဝေယျာဝစ္စ မဟုတ်ဘူး။ သာဓု သာဓု ခေါ်တယ်။ ပတ္တာနုမောဒန ဖြစ်တယ်။ အယူမှ မဖြောင့်ဘဲနဲ့ သာဓုခေါ်တာကော ဖြောင့်ပါဦးမလား။ မဖြောင့်နိုင်ပါဘူး။ ဓမ္မဒေသနာ-တရားတော့ ဟောတော့ဟောသားပဲ။ အယူမဖြောင့်ဘဲနဲ့ ဟောတော့ ဒီတရားကော ဖြောင့်မလား။ မဖြောင့်ပါဘူး။ တရားနာတယ်။ ဓမ္မဿဝန-ဖြစ်တယ်။ အယူမဖြောင့်သူရဲ့ တရားနာခြင်းသည် ဖြောင့်မှန်သော တရားနာခြင်း ဖြစ်ဦးမလား။ မဖြစ်နိုင်ပါဘူး။ ဒိဋ္ဌိဇုကမ္မ-ဒီတလုံး ဖြုတ်လိုက်ရင် ရှေ့ကလုပ်ငန်း ၉-ခုလဲ မဖြောင့်မှန်တော့ဘူး။ သဘောကျအောင် မှတ်ထား။
ရတနတ္တယ သမ္မာဒိဋ္ဌိသည် ကုသိုလ်ကောင်းမှု ၁၀-မျိုးတို့မှာ အခြေခံအကျဆုံးပဲဆိုတာ မှတ်မိပါစေ။ အဲဒါကြောင့် သဒ္ဓါအရင်းခံသော သမ္မာဒိဋ္ဌိသည် ဗုဒ္ဓဘာသာ သူတော်စင်တို့ရဲ့ ဘာသာရေးလုပ်ငန်း ၁၀-မျိုးတို့တွင် အယူဖြောင့်မတ်ခြင်း ဒိဋ္ဌိဇုကမ္မလို့ မုချကျိန်းသေ ဆိုအပ်ပါပေသတည်း။
ယခု ပရိသတ်အပေါင်း သူတော်ကောင်းတို့ သဘောပေါက်ကြတာက ရတနတ္တယသမ္မာဒိဋ္ဌိတဲ့။ ဘုရား တရား သံဃာ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သဒ္ဓါရယ်၊ သမ္မာဒိဋ္ဌိဉာဏ်ရယ်၊ ဒီတရားနှစ်လုံး။ ရတနာ ၃-ပါးကို ယုံကြည်တဲ့ သဒ္ဓါ၊ မှန်ကန်သော အယူအဆဆိုတဲ့ သမ္မာဒိဋ္ဌိ၊ ဒီ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ ၂-ပါး ရတနာသုံးပါးအပေါ်မှာ ပျက်ခဲ့ပြီဆိုရင် သရဏဂုံလဲ ပျက်ပြီပေါ့။ သဒ္ဓါတရားတွေ နည်းနည်းတော့ မပျက်သေးဘူး။ ဒါပေမဲ့ ဟိုက ဒီက အစွန်းအထင်း အညစ်အထေးလေးတွေ ၀င်လာတယ်ဆိုရင် သရဏဂုံ ညစ်နွမ်းတယ်လို့ ဆိုနိုင်တယ်။ ရတနတ္တယ သမ္မာဒိဋ္ဌိ-ညစ်နွမ်းပြီဆိုရင် သရဏဂုံလဲ ညစ်နွမ်းတာပဲ။ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ ညစ်နွမ်းရင် သရဏဂုံ ညစ်နွမ်းတယ်။ ဒီသဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ ပျက်ပြီဆိုရင် သရဏဂုံ ပျက်စီးတယ်။ သရဏဂုံ ညစ်ညူးကြောင်း၊ သရဏဂုံ ပျက်စီးကြောင်းကို ဘုန်းကြီးတို့ပရိသတ် ဒီနေရာမှာ သိဖို့လိုအပ်လာပြန်တယ်။ အကြောင်းအကျိုးက ဆက်မိသွားပြီ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဆိုတာ တရားကိုယ်ကလဲ သဒ္ဓါအရင်းခံသော သမ္မာဒိဋ္ဌိ ဖြစ်တယ်။ မှတ်မိပါစေ။ ဓမ္မံ သရဏံ ဂစ္ဆာမိ-ဆိုတာ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတာ သဒ္ဓါအရင်းခံသော သမ္မာဒိဋ္ဌိပဲ။ ပုညကိရိယာဝတ္ထု ၁၀-ပါးတွင် သူ့ကို ဒိဋ္ဌိဇုကမ္မလို့ ခေါ်တယ်။ မြန်မာလိုပြောတော့ အယူဖြောင့်တယ်ဆိုတာ ဒီယုံကြည်မှုဆိုတဲ့ သဒ္ဓါ၊ မှန်ကန်တဲ့ ကောင်းမွန်တဲ့ အယူဆိုတဲ့ သမ္မာဒိဋ္ဌိ ရှိမှ အယူဖြောင့်တယ်။
သရဏဂုံ ပျက်စီးခြင်းဆိုတာ အပြစ်ရှိသော ပျက်စီးခြင်း၊ အပြစ်မရှိသော ပျက်စီးခြင်း ဆိုပြီး နှစ်မျိုးနှစ်စား ရှိတယ်။ လောကီသရဏဂုံ ပျက်စီးခြင်းသည် သ၀ိဇ္ဇာဗေဒ၊ အန၀ိဇ္ဇာဗေဒ။ အပြစ်ရှိသော ပျက်ခြင်း၊ အပြစ်ကင်းသော ပျက်ခြင်းဟူ၍ နှစ်မျိုးရှိတယ်။ အပြစ်ကင်းသော ပျက်စီးခြင်းဆိုသည်ကတော့ သေတဲ့အခါကျတော့ ပျက်တဲ့သရဏဂုံကို အန၀ိဇ္ဇာဗေဒေါ-အပြစ်ကင်းသော ပျက်စီးခြင်းဟု ဆိုအပ်ပေတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-လို့ ဆိုထားတဲ့ပုဂ္ဂိုလ်သည် သောတာပန်သာ မဖြစ်သေးရင် ပုထုဇဉ်အနေနဲ့ ဆောက်တည်ထားတဲ့ သရဏဂုံကို လောကီသရဏဂုံလို့ ခေါ်တယ်။ အဲဒီပုထုဇဉ်တို့၏ လောကီသရဏဂုံဟာ သေတဲ့အခါကျတော့ ပျက်တယ်။ နောက်ဘ၀ကို ကူးမလိုက်ဘူး။ သောတာပန်ပုဂ္ဂိုလ်တို့ရဲ့ သရဏဂုံကတော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဆိုဆို မဆိုဆို နောက်ဘ၀ကို ကူးပြီးတော့ လိုက်တယ်။ သေလဲ မပျက်ဘူး။
ဒီကနေ့ ဗုဒ္ဓဘာသာသူတော်စင်တို့ သောတာပတ္တိမဂ်ဖိုလ် မရကြသေးခင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဆိုတဲ့ သရဏဂုံဟာ တကယ်ပဲ စွဲစွဲမြဲမြဲ ယုံကြည်ရတယ်ထား။ ဘယ်အထိ စိတ်ချရသလဲဆိုတော့ သေခါနီးအထိ စိတ်ချရတယ်။ သေပြီးရင် ဒီသရဏဂုံက ဟိုဘက်မလိုက်တော့ဘူး။ ဟိုဘက်ဘ၀ သရဏဂုံ မလိုက်တော့ ပုထုဇဉ်တို့သည် ဟိုဘက်ဘ၀မှာ ဘုရား တရား သံဃာတွေနဲ့ တွေ့ဦးမယ်ဆိုရင် ဒီသရဏဂုံကို ထပ်ပြီး ဆောက်တည်ဖို့ပဲ ရှိတယ်။ မတွေ့ဘူးဆိုရင်တော့ ဘယ်လိုဆောက်တည်ရမှန်းကို မသိတော့ဘူး။
ဒီတော့ ပုထုဇဉ်တို့ရဲ့ လောကီသရဏဂုံ ဘယ်ခါပျက်၊ သေတဲ့အခါပျက်တယ်။ သေတဲ့အခါပျက်တဲ့ သရဏဂုံသည် အပြစ်သင့်သော ပျက်စီးခြင်းလား-အပြစ်ကင်းသော ပျက်စီးခြင်းလားဆိုရင် အပြစ်ကင်းသော ပျက်စီးခြင်း ဖြစ်တယ်။ မသေခင် သရဏဂုံပျက်ရင်တော့ အပြစ်ရှိတယ်။ မသေခင် သရဏဂုံပျက်လို့ အပြစ်ရှိတာက ဘယ်လိုတုန်းဆိုရင် ညစ်နွမ်းတဲ့ဘက်ကစပြီး စဉ်းစားပါ။ ဘုရား တရား သံဃာ ရတနာ ၃-ပါးတို့ရဲ့ အပေါ်မှာ မသိမှုတွေ ဖြစ်လာခဲ့တယ်။ ရတနာ ၃-ပါးအကြောင်း မသိဘူးဆိုတာ အညာဏ၊ ဘုရား တရား သံဃာအပေါ်မှာ ယုံမှားမှုတွေ ဖြစ်လာတယ် သံသယ။ မှားယွင်းတဲ့ အယူအဆတွေ ပေါ်ပေါက်လာတယ် မိစ္ဆာဉာဏ။
အသက်ရှင်စဉ် ဘုရား တရား သံဃာကို ယုံကြည်ဆည်းကပ် ကိုးကွယ်ပါ၏ဆိုတဲ့ သူတော်ကောင်းတို့သည် ရတနာ ၃-ပါးတို့ရဲ့ ဂုဏ်သတ္တိတွေကို မသိရှိဘူး။ နားမလည်ဘူးဆိုရင် သရဏဂုံ မပျက်သေးပေမဲ့ ညစ်နွမ်းတတ်တယ်။ ဘုရားအကြောင်း တရားအကြောင်း သံဃာအကြောင်း။ တနည်း-ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ် အဲဒီလောက်ကို ဘုန်းကြီးတို့ ပရိသတ်များ မသိကြဘူးဆိုရင် သရဏဂုံ မပျက်တောင်မှ ဒီသရဏဂုံဟာ ညစ်နွမ်းစရာအကြောင်း ရှိသတဲ့။ မသိလို့ရှိရင် ယုံကြည်ချက်က မပြင်းထန်ဘူးမဟုတ်လား။ ယုံကြည်ချက် မပြင်းထန်တော့ သဒ္ဓါ အားပျော့သွားတယ်။ သဒ္ဓါအားပျော့သွားရင် သမ္မာဒိဋ္ဌိလဲ အားပျော့ သွားတယ်။
အဲဒါကြောင့် ဘုရားအကြောင်း သိအောင် ကြိုးစားကြရမယ်။ အညာဏမှ လွတ်အောင် တရားနဲ့သံဃာတို့ရဲ့ အကြောင်းကိုလဲ သိအောင် ပို၍ ကြိုးစားပေးရမယ်။ ဘာအတွက် ဒီလို တိုက်တွန်းစကား ပြောရသတုံးဆိုတော့ သရဏဂုံ ညစ်နွမ်းမှာစိုးလို့။
(၁) ဘုရား တရား သံဃာတို့ရဲ့ ဂုဏ်ကို မသိရှိကြဘူးဆိုရင် မသိနားမလည်တဲ့ အညာဏကြောင့် ကိုးကွယ်မှုများ ညစ်နွမ်းတတ်တယ်။
(၂) သိတော့ သိသားပဲ၊ အတွေးချော်သွားလို့ စဉ်းစားတာတွေ၊ ဝေဖန်တာတွေ လွန်သွားတဲ့အတွက်ကြောင့်မို့ သံသယဖြစ်တယ်။ သံသယက ဘယ်လိုသူတွေ အားကြီးဖြစ်သတုံးဆိုရင် မသိတဲ့ပုဂ္ဂိုလ်လဲ သံသယဖြစ်တယ်။ အသိ သိပ်လွန်တဲ့ပုဂ္ဂိုလ်တွေလဲ သံသယဖြစ်တယ်။ ဒီကနေ့ အများအားဖြင့် ဖြစ်ကြတာကတော့ အသိသိပ်လွန်တဲ့သူတွေ ဘုရား တရား သံဃာအပေါ်မှာ သံသယဖြစ်တာ များတယ်ထင်တယ်။
သဒ္ဓါနဲ့ ဉာဏ်။ သဒ္ဓါနဲပြီးတော့ ဉာဏ်လွန်ကဲသူတွေဟာ သံသယ၀င်တတ်တယ်။ နောက်တမျိုးပြောမယ်။
ယုံကြည်ချက်က နည်း၊ ဝေဖန်စိစစ်မှု လွန်ကဲရင် သံသယတွေ ၀င်လာနိုင်တယ်။ ဒီလိုသံသယ၀င်ရင်လဲ သရဏဂုံ ညစ်နွမ်းတယ်။
(၃) မိစ္ဆာဉာဏ်တဲ့။ သိတော့ သိပါတယ်။ အမှားကြီး။ ဘုရားအကြောင်း သိတော့ သိသားပဲ အမှန်မသိဘူး။ အမှားကို သိနေတာ။ တရားတော်အကြောင်းကို သိတော့ သိတယ်။ အမှန်မသိဘူး။ အမှားကို သိနေတယ်။ သံဃာတော်အကြောင်း သိတော့ သိတယ်။ အမှန်ကို မသိဘူး။ အမှားကို သိနေကြတယ်။ အမှားသိနေရင်လဲ ဒီသရဏဂုံ ညစ်နွမ်းတယ်။
သရဏဂုံ ညစ်နွမ်းခြင်းရဲ့ အကြောင်း ၃-ပါး။
အညာဏ-မသိမှု။ သံသယ-ယုံမှားမှု။ မိစ္ဆာဉာဏ်-အသိမှားမှု။
ရတနာ ၃-ပါး အကြောင်း မသိမှုရယ်။ သံသယ၀င်မှုရယ်၊ အသိမှားမှုရယ် ဒီ ၃-မျိုးကြောင့် လောကီပုထုဇဉ်တို့ရဲ့ သရဏဂုံသည် ညစ်နွမ်းလိမ့်မယ်ဟူ၍ ဘုန်းတော် ၆-ပါးသခင် ဘုရားရှင်သည် ကောင်းစွာမသွေ ဟောကြား တော်မူခဲ့ပါပေသတည်း။
( သီတဂူ ဆရာတော် )
(မြတ်မင်္ဂလာ ၂၀၀၃-ခု မေလ )

ဘာသာရေး ပြဿနာ ( ၁၀၁ )
( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )
(မေး) (၀ိဇ္ဇာဓိုရ်)
အရှင်ဘုရား၊ ၀ိဇ္ဇာဓိုရ်ဟူသည် အဘယ်လူမျိုးဖြစ်ပါသနည်း၊ ၀ိဇ္ဇာဓိုရ်ဖြစ်ရန် မည်သို့အားထုတ်ရပါသနည်း။ ၀ိဇ္ဇာဓိုရ်အမျိုးအစား မည်မျှရှိပါသနည်း။ ၄င်း ၀ိဇ္ဇာဓိုရ်များက သာသနာတော်ကို မည်သို့ အကျိုးပြုပါသနည်း။
(မောင်သုတေသန-ရန်ကုန်)
(ဖြေ)
ဝိဇ္ဇာဓိုရ်တို့သည် အမျိုးတပါး အခြားရှိတော့သည် မဟုတ်ပြီ။ တရာ့တပါးသော လူမျိုးကပင် အတတ်ဝိဇ္ဇာကိုစွဲ၍ ဖြစ်လေသည်။ ယင်းဝိဇ္ဇာဓိုရ်တို့သည် သန်လျက်ဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ-ဟူ၍ သုံးမျိုးရှိရာ သန်လျက်ဝိဇ္ဇာတို့မှာ သန်လျက်၏ အာနုဘော်ကြောင့် ကောင်းကင်သို့ပျံနိုင်သည်။
မန္တန်ဝိဇ္ဇာတို့မှာ မန္တန်၏ အာနုဘော်ကြောင့် ကောင်းကင်သို့ ပျံနိုင်သည်။
ဆေးဝိဇ္ဇာဓိုရ်တို့မှာ သုံးနှစ်တိုင်အောင် တွင်းအောင်၍ ဆေးစားရသည်။
သုံးနှစ်စေ့လျှင် ဆွေမျိုးတပည့်တပန်းတို့က တွင်းမှဖော်၍ ကျွေးမွေးရသည်။ အကျွေးအမွေးကောင်းမှ အသက်ရှည်သည်။ အသက်ရှည် ကျန်းမာလျှင် ဆေးအာနုဘော်ကြောင့် ကောင်းကင်သို့ ပျံနိုင်သည်။ ထိုဝိဇ္ဇာဓိုရ်အတတ်ကို ဆရာသင်၍လည်း အချို့တတ်သည်။ နတ်ဘီလူးတို့ သင်၍လည်း တတ်နိုင်သည်ဟု ဆိုသည်။ ၀ိဇ္ဇာဓိုရ်ဖြစ်လျှင် ကောင်းကင်ပျံနိုင်ရုံမက သူတပါး၏ စိတ်အကြံကိုလည်း သိ၍ ရွှေငွေစသည် တို့ကိုလည်း ဖြစ်စေနိုင်သည်ဟု ဆိုပါ၏။
သာသနာကို မည်သို့ပြုစုသည်ဟု မတွေ့ဘူးပါ။ ၀ိဇ္ဇာဓိုရ်အကြောင်း မကြာခဏမေးကြ၍ လက်ဝဲနော်ရထာ လျှောက်ထုံးကိုမှီး၍ အပြည့်အစုံ ဖြေလိုက်ပါသည်။
*********************************************************************************
(မေး) (ယောက်ျားလျာ၊ မိန်းမလျာ ဝေါဟာရများ)
အရှင်ဘုရား၊ ယခုခေတ်အခေါ် အခြောက်၊ ယောက်ျလျာ၊ မိန်းမလျာ ဝေါဟာရများနှင့် ဘုရားဟောစာပေများ ထဲမှ နပုန်း၊ ပဏ္ဍုက်၊ ကျားဥဘတောဗျည်း၊ မဥဘတောဗျည်း ဝေါဟာရများ ဆက်စပ်ပုံနှင့် သူတို့၏သဘာဝ၊ သူတို့၏ ခံစားနေရသော စိတ်သဘောတို့ကို ရှင်းပြပေးတော်မူပါဘုရား။
(ကိုဟန်ဝင်း-အင်းစိန်မြို့သစ်)
(ဖြေ)
လွန်ခဲ့သော ဘ၀ပေါင်းများစွာ သံသရာက ကာမေသုမိစ္ဆာစာရကံ လွန်ကျူးခဲ့ကြသူ ယောက်ျား၊ မိန်းမများသည် ယင်းကံကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး ဖြစ်သည်။ ငရဲမှလွတ်သောအခါလည်း နွား၊ ဆိတ် စသည် ဖြစ်၍ သင်းကွပ်ခံရခြင်း ဘ၀ပေါင်းတရာမက ဖြစ်ကြရသည်။ ထိုမှနောက် ကျား-မ မဟုတ်၊ ပဏ္ဍုက်၊ ဥဘတောဗျည်းဘ၀များ၌ ဘ၀များစွာဖြစ်ရသေးကြောင်း ဆိုပါသည်။
ထိုမှနောက်လည်း ယုတ်ညံ့သော အဖျက်ဆီးခံမိန်းမ ပြည့်တန်ဆာ စသည်ဖြစ်ရပြီး နောက်ဆုံး ကံကြွင်းကံကျန် အဖြစ်ဖြင့် အခြောက်ခေါ် မိန်းမလျာ၊ ယောက်ျားလျာများ၊ ဘ၀မမှန်သူများ ဖြစ်ရကြောင်း ဆရာတော်ဘုရားကြီး များ ဟောကြားဆုံးမထားချက်များ ရှိပါသည်။ ထိုဟောကြားချက်များအတိုင်း မှတ်သား၍ တရားသံဝေဂ ယူစေ လိုပါသည်။

(မေး)(ဓာတ်တော်မွေတော်)
အရှင်ဘုရား၊ ဘုရားတဆူပွင့်ပြီး ထိုဘုရားသာသနာတော် ကုန်ဆုံးသည့်အချိန်တွင် ထိုဘုရားရှင်၏ ဓာတ်တော်မွေတော်များ အားလုံး ချုပ်ငြိမ်းသွားကြောင်း သိရှိခဲ့ဖူးပါသည်။ သို့သော် ရွှေတိဂုံစေတီတော်တွင် ရှေးဘုရားသုံးဆူနှင့် ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များရှိကြောင်း သိရပါသည်။ ရှင်းလင်းမိန့်ကြားပေးပါရန် တောင်းပန်လျှောက်ထားအပ်ပါသည်။
(သိန်းလှိုင်-စမ်းချောင်း)
(ဖြေ)
ဘုရားသာသနာကုန်ဆုံးချိန်တွင် ယင်းမြတ်စွာဘုရား၏ ဓာတ်တော်မွေတော် အားလုံးပင် မုန်ညင်းစေ့ခန့်မျှ မကြွင်း ဓာတုပရိနိဗ္ဗာန်ဖြင့် ကွယ်ပျောက်ကြရမြဲပင် ဖြစ်ပါသည်။
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၌ ဂေါတမမြတ်စွာဘုရား၏ ဆံတော်များသာ ဓာတ်တော်မွေတော်
ဖြစ်ပါသည်။ ကျန်ဘုရားသုံးဆူ ဆိုင်ရာ၌ကား ရေသနုတ်တော်၊ ရေစစ်တော်၊ တောင်ဝှေးတော် ဟူသော အသုံးအဆောင် ပရိဘောဂများသာဖြစ်ရာ ဓာတ်တော်မွေတော်မဟုတ်သဖြင့်၎င်း၊ ဘုရားရှင်များ၏ တန်ခိုးတော်၊ ကမ္ဘာစောင့် နတ်မင်းကြီးများ၏ စောင့်ရှောက်ထိန်းသိမ်းမှုတို့ကြောင့်၎င်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် တည်ရှိနေနိုင်ပါသည်။

(မေး) (ငရဲခွေးကြီးများ)
အရှင်ဘုရား၊ တပည့်တော်တို့ ငယ်ငယ်က ငိုတယ်ဆိုရင်ပဲ အမေက သားသမီးများကို ကြောက်ရွံ့ ထိတ်လန့်အောင် ငရဲပြည်က ခွေးနက်ကြီး လာပြီဟေ့-ဟု အငိုတိတ်အောင် ခြောက်လှန့်တတ်လေသည်။ ကလေးဘ၀က ကြောက်ခဲ့ရသော ခွေးနက်ကြီး တကယ်ဟုတ်-မဟုတ် ဖန်ဆင်းထားသော ခွေး ဖြစ်နိုင်-မဖြစ်နိုင်ဆိုတာ သိလိုပါသည် ဖြေကြားပေးတော်မူပါဘုရား။
( ကြည်ဖြူသန့်စင်အောင်-ကုက္ကိုတန်းရွာ)
(ဖြေ)
ငရဲပြည်တွင် ငရဲထိန်း၊ ငရဲခွေး၊ ငရဲစွန်၊ ကျီး၊ လင်းတတို့သည် ငရဲသူသတ္တ၀ါတို့အား ညှဉ်းဆဲနှိပ်စက်ရန် ငရဲဆိုင်ရာ ယမမင်းတို့ လက်အောက်တွင် အမှန်ပင်ရှိကြောင်း ကထာဝတ္ထုပါဠိတော် အဋ္ဌကထာ ဋီကာ စသောကျမ်းများ၌ လာရှိပေသည်။ ၄င်းတို့သည် ပကတိ တိရစ္ဆာန်မျိုးများ မဟုတ်ကြ၊ ငရဲသူ ငရဲသားလည်း မဟုတ်ကြပေ။ စတုမဟာရာဇ်ဘုံ အ၀င်အပါ ဝေမာနိက ပြိတ္တာမျိုးများ ဖြစ်ကြသည်ဟု ဆိုသည်။
တေ စ နေရယိကေဟိ အဓိကတရဗာလာရောဟပရိဏတာ အတိဝိယ ဘယာနက သန္တာသ ကုရုရတရပယောဂါစ ဟောန္တိ ဧတေနေ၀ တတ္ထ ကာက သုနက္ခာဒီနံပိ နိဗ္ဗတ္တတိ။(ကထာဝတ္ထု အနုဋီကာ)
********************************************************************************
(မေး) (ပဉ္စာနန္တရိယကံ)
ပဉ္စာနံ-တရိ၊ ငါးပါးရှိ ဂရုကံ။ အ၀ီစိ တည်ဘိဧကန်မြဲသည်ဟု၊ စွဲသိရပါ။
ထိုငါးဖြာ၊ ဘယ်ကံကလွန်သလဲ၊ ငါးပါးစုံ ပြုသူအား၊ မမှားအပါယ်ကျအောင်၊ ဘယ်က ဘယ်ကံပို့ပါလိမ့် မှတ်ဖို့ဖြေခွဲ။
( မောင်ကံကောင်း-ဗဟန်း)
(ဖြေ)
မာတုဃာ ကံအစ၊ အနန္တငါးဖြာ၊ အမှန်ပ လားစရာ-မမှားပါ ၀ီစိ။
ကျဖို့မြဲ ငရဲတွင်၊ အမြဲပင် ပြုတော်သတိ။
ရှေးလေးပါး ကမ္ဘာတိုင်၊ မပါနိုင်သဘိ၊ ကပ္ပဋ္ဌီမရှိတဲ့၊ အ၀ီစိရောက်ရုံ။
သံဃာကို မှန်စွာခွဲသူက၊ ခန္ဓာစဲ လားဝီစိဘုံ၊ ငရဲသက်ဆုံးကုန်အောင်၊ အလုံးစုံခံရ၍၊ အန္တငါးခုမှာ၊ ခွဲကံကသာ။
ဘေဒက သံဃလာသည်၊ ကမ္မဟာ လွန်ဆုံးပလေး။
သေသာနိ စတ္တာရိ ကမ္မာနိ အနန္တရိယာဝ ဟောန္တိ န ကပ္ပဋ္ဌိကာနိ။( အဘိ-ဋ္ဌ ၂-၄၀၉)

(မေး) (ပုတီးစိပ်ခြင်း)
အရှင်ဘုရား၊ အချို့သော ပုဂ္ဂိုလ်များသည် ပုတီးစိပ်သောအခါ ခေါင်းကိုကျော်၍ စိပ်၏။
အချို့က ပုတီးခေါင်းမှ ပြန်၍ စိပ်ကြသည်။ မည်သူတို့မှန်သည်-မှားသည်ကို အများသိစေခြင်းငှါ ကရုဏာရှေ့ထား၍ ဖြေကြားပေးပါဘုရား။
(အရှင်ပညာသီရိ-ရန်ကုန်)
(ဖြေ)
ပုတီးစိပ်ရာ၌ မိမိတို့အားသလို စိပ်ကြပါသည်။ ပုတီးခေါင်းကို ကျော်၍၄င်း၊ မကျော်ဘဲ ပြန်လှည့်၍၄င်း၊ အချို့ လက်နှစ်ဖက်ဖြင့်၎င်း၊ အချို့ တဖက်တည်းဖြင့်၎င်း၊ အမျိုးမျိုး စိပ်ကြပါသည်။ ဘယ်က မှန်သည်-ဘယ်က မှားသည်ဟု မဆိုသာပါ။ ပုတီးတလုံးချင်း ဂုဏ်တော်ကို နှလုံးသွင်း၍ သမာဓိရနေရန် အရေးကြီးပါသည်။ မည်သို့ပင်ဖြစ်စေ တကျောင်း-တဂါထာ တရွာ-တပုဒ်ဆန်း ဆိုသလို ပုတီးစိပ်နည်း အမျိုးမျိုးရှိသလို စိပ်ပုံလည်း အမျိုးမျိုး ရှိနိုင်ပါသည်။

(မေး) (ပဋ္ဌာန်းဒေသနာတော်)
အရှင်ဘုရား၊ ဂေါတမဗုဒ္ဓရှင်၏ ပထမဦးဆုံး တရားတော်သည် ပဋ္ဌာန်းဒေသနာတော်ဖြစ်သည်ဟု သိရပါသည်။ သို့ပါ၍ ပဋ္ဌာန်းဒေသနာတော် ပေါ်ပေါက်လာပုံကို လိုရင်း တိုရှင်း ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ် ပါသည်ဘုရား။
(ရွှေဒေါင်းတောင် မောင်ထွန်းမြင့်-မဲတီး)
(ဖြေ)
မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် စတုတ္ထသတ္တာဟဖြစ်သော ရတနာဃရ ရွှေအိမ်တော်တွင် အဘိဓမ္မာတရားများကို ဆင်ခြင်တော်မူရာ ပဋ္ဌာန်းကျမ်းကို ဆင်ခြင်မိသောအခါတွင် သဗ္ဗညုတဉာဏ်တော်နှင့် ကိုက်ညီ၍ အသွေးတော်၊ အသားတော်များ ကြည်လင်တော်မူကာ ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးတော်မူသည်ဟု ဆိုပါသည်။
ထို့ကြောင့် ပဋ္ဌာန်းတရားတော်မှာ နှုတ်တော်မှ ဟောတော်မမူရသေးသည့်တိုင်အောင် ဘုရားအဖြစ်သို့ ရောက်ပြီး စတုတ္ထသတ္တာဟ အတွင်း၌ ဉာဏ်တော်တွင် ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပါမည်။ ခုနစ်ဝါမြောက် တာဝတိံသာ နတ်ပြည်တွင် ၀ါဆိုတော်မူသောအခါမှ ၀ါဆိုလပြည့်ကျော် ၁-ရက်နေ့မှစပြီး
ဓမ္မသင်္ဂဏီ ၁၂-ရက်၊
ဝိဘင်းကျမ်း ၁၂-ရက်၊
ဓာတုကထာ ၆-ရက်၊
ပုဂ္ဂလပညတ် ၇-ရက်၊
ကထာဝတ္ထု ၈-ရက်၊
ယမိုက်ကျမ်း ၂၀-ရက်၊
ပေါင်း ၆၅-ရက် ရှေ့အဘိဓမ္မာ ၆-ကျမ်းကို ဟောတော်မူပြီးနောက် ယင်း ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၁၀-ပြည့် တော်သလင်းလဆန်းစတွင် ပဋ္ဌာန်းပါဠိတော်ကို စတင်ဟောတော်မူခဲ့ကြောင်း သိရပါသည်။
ပဋ္ဌာန်းပါဠိတော်ကို လူတို့၏ ရက်အပိုင်းအခြားဖြင့် ၂၅-ရက် ဟောတော်မူကြောင်း ဆိုသဖြင့် ထိုမဟာသက္ကရာဇ် ၁၁၀-ပြည့် တော်သလင်းလဆန်းစတွင် ပဋ္ဌာန်းဒေသနာတော် လောက၌ ပေါ်ပေါက်တော်မူလာကြောင်း မှတ်သားဖွယ်ပင်ဖြစ်သည်။

(မေး) (သာသနာညှိုးနွမ်းမှု)
အရှင်ဘုရား၊
မြတ်အရှင်၊ မှတ်ချင်လွန်းတာမို့၊ ခွန်းချိုလျှောက်ထား။
သာသနာ၊ ဘယ်တွက်ဘယ်တာကြောင့်၊ ပထမာ အစပျိုးသည့်၊ ကမ္ဘာကျော် ဌာနမျိုးမှာ၊
ညှိုးနွမ်းကာ ကြွေလွင့်ဝေးခဲ့ရ၊ ဖြေပေးပါဘုရား။
( မနန္ဒမာလာ-ဖောင်းပြင်)
(ဖြေ)
မှတ်သားစရာ၊ မြတ်ဘုရားသာသနာ အစထွန်းလေသည့်၊ မြကျွန်းဗမ္ဗူဒိပ်မှာတော့၊ ဇာတ်ရိပ်ရှိန်အဟုန်ကြောင့်၊ သိန်ဂုဏ်ကျဆင်း။
ဗြာဟ္မဏာ၊ ပုဏ္ဏားထိုဆရာတို့၊ ဇာတ်ဝါဒါ အလွန်ပြင်းတာကြောင့်၊ လွန်မင်းမကြာပါဘူး၊ သာသနာ-ဇာတာညှိုးရတယ်၊ ဆိုးတဲ့ဖြစ်ခင်း။
( မြတ်မင်္ဂလာ ၂၀၀၃-ခု မေလ )

Sunday, January 17, 2010
အမြဲ ကောင်းမြတ်သောအရာ
အခါတပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။
ထိုအခါ နတ်သားတယောက်သည် ညဥ့်တညဥ့်၏ သန်းခေါင်ယံအချိန်လောက်၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို မေးလျှောက်၏။
မြတ်စွာဘုရား လူတို့အတွက်
(၁) အိုမင်းရင့်ရော်သည့်အချိန်တိုင်အောင် တင့်တယ်လှပစေသောအရာသည်ကား အဘယ်ပါနည်းဘုရား။
(၂) အဘယ်အရာသည် မိမိသန္တာန်၌ မြဲမြံခိုင်ခံ့စွာ တည်တံ့ပါလျှင် ကောင်းမြတ်ပါသနည်းဘုရား။
(၃) သုံးဆဲ့တဘုံ၌ ကျင်လည်ကြရသော သတ္တ၀ါတို့တွင် ရောက်လေရာရာဘ၀တို့၌ ကောင်းမြတ်၍ နှစ်သက်စေတတ်သော ရတနာသည်ကား အဘယ်ပါနည်းဘုရား။
(၄) သူခိုး ဓားပြ စသော လူဆိုးတို့က မလုယူ၊ မတိုက်ခိုက်နိုင်သော ဥစ္စာသည်ကား အဘယ်ပါနည်းဘုရား-ဟု မေးလျှောက်သည်။
မြတ်စွာဘုရားက အို-နတ်သား လူတို့အတွက်-
(၁) အိုမင်းရင့်ရော်သည့်အချိန်တိုင်အောင် တင့်တယ်လှပစေသော အရာသည်ကား သီလ (ကိုယ်ကျင့်) တန်ဆာ ဖြစ်သည်။
(၂) ဘုရား တရား သံဃာ ဟူသော ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကို ကောင်းစွာယုံကြည်၍ မဂ်ဖိုလ်တရားတို့ကို တကယ်ယုံကြည်မှု သဒ္ဓါတရားသည် မိမိသန္တာန်၌ မြဲမြံခိုင်ခံ့စွာ တည်တံပါလျှင် အကောင်းဆုံးဖြစ်သည်။
(၃) အရာရာ၌ ကောင်းစွာခွဲခြမ်းပြီး သိစွမ်းနိုင်သောပညာသည် သုံးဆဲ့တဘုံဝယ် ကျင်လည်ကြရသော သတ္တ၀ါတို့တွင် ရောက်လေရာရာဘ၀တို့၌ ကျင်လည်ရသမျှ ကာလပတ်လုံး ကောင်းမြတ်၍ နှစ်သက်စေတတ်သော ရတနာဖြစ်သည်။
(၄) သူခိုး ဓားပြ စသော လူဆိုးတို့က မတိုက်ခိုက် မလုယူနိုင်သော ဥစ္စာသည်ကား သဒ္ဓါအရင်းခံ၍ ပင်ကိုဉာဏ်ဖြင့် နေ့စဉ်မှန်မှန် ပြုလုပ်သော ကောင်းမှုကုသိုလ်ပင် ဖြစ်သည်-ဟု ဟောတော်မူသည်။
မှတ်ချက်။ ။
(၁)
(က) သီလဟူသည် လူတို့အတွက် ငါးပါး၊ ရှစ်ပါး၊ ကိုးပါး စသော ကိုယ်ကျင့်သီလ ဖြစ်သည်။
(ခ) ရဟန်းတို့အတွက် စောင့်ရှောက်သောသူကို အပါယ်စသော ဆင်းရဲတို့မှ လွတ်မြောက်စေတတ်သော ၂၂၇-သွယ်သော သိက္ခာပုဒ်တို့သည် ပါတိမောက္ခသံဝရသီလ ဖြစ်သည်။
မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ် ဟူသော ဣနြေ္ဒတို့ကို စောင့်ထိန်းခြင်းဟူသော ဣန္ဒြိယသံဝရ သီလ ဖြစ်သည်။
အသက်မွေးခြင်းနှင့် ပတ်သက်၍ ၀ိနည်းဒေသနာတော်တွင် မြတ်စွာဘုရား ပညတ်တော်မူသော သိက္ခာပုဒ်တို့ကို မလိုက်နာဘဲဖြစ်စေ၊ မတရားသောနည်း၊ ယုတ်မာသောနည်းတို့ဖြင့် ဖြစ်စေ အလှူခံ၍ရသော ပစ္စည်းတို့ကို မသုံးစွဲဘဲ စင်ကြယ်စွာ အသက်မွေးခြင်း-ဟူသော အာဇီဝပါရိသုဒ္ဓိသီလ ဖြစ်သည်။
သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ဟူသော ပစ္စည်းလေးပါးတို့ကို သုံးဆောင်ရာ၌ လောဘ၊ ဒေါသ၊ မောဟ စသော အကုသိုလ်တရားများ မ၀င်နိုင်အောင် ဆင်ခြင်၍ သုံးဆောင်ခြင်းဟူသော ပစ္စယသန္နိဿိတသီလတို့ ဖြစ်သည်။
(၂) သဒ္ဓါ-ဟူသည် ဘုရား တရား သံဃာ ဟူသော ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကို ကောင်းစွာယုံကြည်ခြင်း မဂ်ဖိုလ်တရားတို့ကို တကယ်ယုံကြည်ခြင်း ဖြစ်သည်။
၃။ ပညာ-ဟူသည် အရာရာ၌ ကောင်းစွာခွဲခြမ်းပြီး အမှန်ကို သိနိုင်သော ပညာ ဖြစ်သည်။
( သဂါထာဝဂ္ဂသံယုတ်၊ ဒေ၀တာသံယုတ် ဇရာဝဂ် ဇရာသုတ် )
( ဦးငွေအောင်မွန် )

( ၂၂ ) ရိုသေထိုက်သူကို ရိုသေခြင်း
ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။
တရံရောအခါ ဟိမ၀န္တာတောရှိ ညောင်ပင်ကြီးတပင်ကို အမှီပြုလျက် ခါ-မျောက်နှင့်-ဆင်တို့ နေထိုင်ကြသည်။ သူတို့သည် အဆွေခင်ပွန်းများ ဖြစ်ကြသည်။ သို့ရာတွင် တဦးကိုတဦး ရိုသေခြင်း မရှိကြပေ။ တနေ့သ၌ အဆွေခင်ပွန်း ၃-ဦးသည် ဆွေးနွေးတိုင်ပင်ကြ၏။ ယခု ငါတို့ ၃-ဦး ဆက်ဆံနေထိုင်ပုံမှာ မသင့်။ တဦးကိုတဦး ရိုသေခြင်းမရှိ၊ အဆုံးအမပြုခြင်းမရှိ၊ အသက်ကြီးသူကို ရိုသေလျက် ထိုသူ၏အဆုံးအမကို ခံယူနေထိုင်ကြလျှင် မသင့်ပါလော-ဟူ၍ အကြံအစည် ဖြစ်ကြသည်။ နောက်ဆုံးတွင် ထိုအကြံအစည်အတိုင်း ပြုမူနေထိုင်ရန် အသက်ကြီးသူကို စိစစ်ကြသည်။
ငါတို့ ၃-ဦးမှာ ဤညောင်ပင်ကြီးကို အမှီပြု၍ နေကြရသည်။ ဤညောင်ပင်ကိုပင် အမှတ်အသားပြုကြမည်-ဟူ၍ သဘောတူ ဆုံးဖြတ်ကြသည်။
ခါနှင့်မျောက်တို့က ဆင်အား-အဆွေ ဆင်၊ ဤညောင်ပင်ကြီးကို ဘယ်အခါမှစ၍ သင်သိပါသနည်း-ဟုမေးကြ၏။
ဆင်က အဆွေတို့-ငါ ဆင်ငယ်ကလေးဘ၀၌ ရှိစဉ် ဤညောင်ပင်ကို ကျော်လွှား၍ သွားခဲ့သည်။ ညောင်ပင်ထိပ်ဖျားသည် ငါ့ချက်အထိသာ ရောက်သည်-ဟူ၍ ဖြေကြားသည်။
တဖန် ဆင်နှင့် ခါတို့က မျောက်အား-အဆွေ မျောက်၊ ဤညောင်ပင်ကို ဘယ်အခါမှစ၍ သိသနည်း-ဟုမေးကြပြန်၏။
မျောက်က-အဆွေတို့၊ ငါ မျောက်ငယ်ကလေးဘ၀၌ ရှိစဉ် မြေကြီး၌ထိုင်လျက် ညောင်ပင်၏ အညွန့်အဖျား တို့ကို စားရသည်။ ဤမျှလောက် ငယ်ရွယ်စဉ် အချိန်မှစ၍ သိပါသည်-ဟု ဆို၏။
တဖန် ခါအား မေးကြပြန်သော် ခါက-အဆွေတို့၊ ယခင်အခါက ဤအရပ်၌ ညောင်ပင်မရှိသေး၊ အခြား တပါးသောအရပ်မှ ညောင်ပင်၏အသီးကို ငါစား၍ ဤအရပ်၌ မစင်စွန့်ခဲ့သည်။ ထိုမစင်မှ ဤညောင်ပင် ပေါက်လာပါသည်-ဟူ၍ ပြောပြ၏။
ဤတွင် ဆင်နှင့်မျောက်တို့က အဆွေ ခါ၊ သင်သည် ငါတို့ ၂-ဦးထက် အသက်ကြီးသည်။ အတွေ့အကြုံများသည်။ ထို့ကြောင့် ငါတို့ထက်ပို၍ ဉာဏ်ပညာရှိပါသည်။ ငါတို့ ရိုသေထိုက်ပါသည်။ ယနေ့မှစ၍ သင့်အား ငါတို့ ရိုသေခြင်း၊ ဆည်းကပ်ခြင်း၊ ၀တ်ကြီးဝတ်ငယ်ပြုခြင်း အစရှိသည်တို့ ပြုပါမည်။ ငါတို့ကိုလည်း ဆုံးမပါ။ သြ၀ါဒပေးပါ။ ငါတို့ ကောင်းစွာခံယူပါမည်-ဟူ၍ ပြောဆိုတောင်းပန်ကြ၏။
ခါလည်း အဆွေခင်ပွန်းနှစ်ဦး၏စကားကို လက်ခံကာ လိုက်နာကျင့်သုံးသည်။ အဆွေခင်ပွန်းနှစ်ဦးအား အဆုံးအမသြ၀ါဒ ပေးရုံမက သီလကိုလည်း ဆောက်တည်စေသည်။ မိမိကိုယ်တိုင်လည်း စံပြနေထိုင်ကာ သီလကို ဆောက်တည်၏။
ဤသို့လျှင် အဆွေခင်ပွန်း ၃-ဦးသည် ညီညွတ်စွာ နေထိုင်သွားကြသည်။ ဘေးရန်လည်း ကင်း၍ ပေါင်းသင်းဆက်ဆံရာတွင်လည်း အဆင်ပြေကြလေသည်။ သူတို့သုံးဦးသည် သက်တမ်းစေ့ နေထိုင်သွားကြကာ သေသောအခါ ကောင်းရာသုဂတိသို့ လားကြလေသည်။
ကျမ်းကိုး။ ။ ၅၅၀-တိတ္တိရဇာတ်
( မင်းယုဝေ)

အသက်မသေ သမ္ဗုဒ္ဓေ
ကိုထွန်းဝင်း+မမိုးမိုးအေးတို့သည် ပဲခူးတိုင်း က၀မြို့နယ် သက္ကလစံပြကျေးရွာတွင် မွေးဖွားနေထိုင်ခဲ့ကြသူများ ဖြစ်၏။ ၄င်းတို့သည် ယမန်နှစ်က ရန်ကုန်သို့ ပြောင်းရွှေ့သွားကြ၏။ သူတို့၏ ကလေး ၃-ယောက်ကိုပါ ကျောင်းပြောင်းသွားကြသောအခါ ထိုကလေးများကို ချစ်ကြသော ကျွန်မတို့ ညီအမတွေမှာ စိတ်မကောင်းဖြစ်၍ ကျန်ခဲ့ကြသည်။
သို့ရာတွင် ၂၀၀၀/၂၀၀၁- ပညာသင်နှစ်တွင် ကလေးများမှာ ရန်ကုန်၌ လုံးဝမပျော်ရွှင်ကြ၍ သက္ကလသို့ ပြန်လည်ပြောင်းရွှေ့လာကြသည်။ ကလေးများ၏ ကျောင်းထွက်လက်မှတ်ယူရန် ရန်ကုန်သို့ ဇွန်လတွင် သွားကြသည်။ ၄င်းတို့နှစ်ယောက် စီးနင်းသည့်ကားမှာ သက္ကလမှ ရန်ကုန်သို့ ဆန်အိတ်များတင်သည့် ကားဖြစ်သည်။ ကုန်တင်ကားကြီး၏ လမ်းကြောင်းမှာ သက္ကလမှ ခရမ်း၊ သုံးခွ၊ သန်လျင်၊ ရန်ကုန် ဖြစ်၏။ ကိုထွန်းဝင်းနှင့် မိုးမိုးအေးတို့မှာ ထိုဆန်တင်ကားကြီးဖြင့် နံနက် ၃-နာရီခန့်တွင် လိုက်ပါသွားကြ၏။ ကား၏ခေါင်းခန်း မောင်းသူ၏အနီးတွင် မမိုးမိုးအေးက စီး၏။ တံခါးဘက်တွင် ကိုထွန်းဝင်းက စီးသည်။ ကားအနောက်ဘက်တွင် ဆန်အိတ်များအပြည့်နှင့် ခရီးသည် သုံးလေးယောက်ပါရှိ၏။
သက္ကလမှ တောင်ဘက်အထွက် ဇွဲတွန်ရွာကလေးအနီး၌ ကားကြီးသည် တဖက်သို့ထိုးကာ ယိမ်းကျသွား၏။ မောင်းသူမှာ ကျွမ်းကျင်စွာ ထိန်းသော်လည်း ထိန်းမရပေ။ အမြင့် ၁၂-ပေ နီးပါးရှိ လမ်းမကြီးမှ ခပ်လျှောလျှော မြေသားအတိုင်း ရေထဲသို့ ကျသွားတော့သည်။ ကားလမ်းမ၏ တဖက်တချက်တွင် တာချိုင့် မြောင်းနှင့် လယ်ကွင်းများ ရှိသည်။
ဤနေရာသည် ရှေးယခင်က မကြာခဏ ကားမှောက်ဖူးသောနေရာဖြစ်သည်ဟု ဆိုကြသည်။ ကားခေါင်းတံခါး ပွင့်၍ လွင့်ကျသူများ သိပ်မနာကြသော်လည်း နောက်ပိုင်းမှ ခရီးသည် အမျိုးသမီးတဦးမှာ ရေထဲသို့ ဆန်အိတ် များဖြင့် ပိကာ လျှောကျသွား၏။ ကျန်သူများမှာ ဘေးသို့လွင့်စဉ်ကျသဖြင့် အန္တရာယ်သိပ်မရှိပေ။ ဦးခေါင်းပိုင်းမှ ကားမောင်းသူ (အိန္ဒိယအမျိုးသား) မှာ ကားမောင်းသည့် စတီယာရင်ဖြင့် ညပ်ပြီး ရေထဲနစ်မြုပ် နေသည်။ ၄င်း၏အပေါ်သို့ မမိုးမိုးအေးက ကျရောက်ကာ ခေါင်းခန်းအတွင်းရှိ သံထည်များဖြင့် ပိညပ်သွား၏။
ဒဏ်ရာမပြင်းထန်သူများက အနီးအနားရှိ လယ်တဲများနှင့် ရွာသို့ လိုက်အော်ခေါ်ကြသည်။ ထိုအခါ လူအများ ကယ်ဆယ်ရန် မီးများဖြင့် ရောက်လာကြသည်။ မမိုးမိုးအေးမှာ သတိရှိနေသော်လည်း လုံးဝလှုပ်ရှား၍ မရပါ။ ရေထဲမြှုပ်နေသော ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကိုယ်ဖော့၍ နှာခေါင်းပေါ်အောင် ဦးခေါင်းကို မော့ထားသည်။ နှာခေါင်းရေလွတ်ရန် လက်နှစ်ဖက်ဖြင့် ကားမှန်ပေါင်များကို ဆွဲခိုထားသည်။ သမ္ဗုဒ္ဓေဂါထာကို ရွတ်ဖတ် အာရုံပြုနေသည်။ ၄င်းအောက်တွင် ပိညပ်နေသော ကားဆရာမှာ လှုပ်ရှားမှု လုံးဝကင်းမဲ့နေသဖြင့် သေပြီဟု သူမ အသေအချာသိနေ၏။
ကယ်သူများမှာ သူမကို ဆွဲထုတ်ယူရန် ကြိုးစားသော်လည်း မည်သို့မျှ ထုတ်ယူမရ ဖြစ်နေသည်။ ထို့ကြောင့် ကားကို ဆန်အိတ်များဖယ်ချကာ ရေထဲမှ ကားကို ဆွဲတင်ရန် ကြိုးစားကြသည်။ ဆွဲသောသံကြိုးများ အလီလီ ပြတ်ကာ အခက်အခဲများ ဖြစ်နေကြသည်။ မမိုးမိုးအေးမှာ သေသူနှင့် ရေထဲတွင် အတူတကွပိညပ်ကာ နှစ်နာရီ သုံးနာရီမျှ နေခဲ့ရသည်။
နံနက်လင်းမှ ထွန်စက်များရောက်လာကာ ကားကြီးကိုဆွဲတင်၍ ရတော့၏။ သူမကို ထပ်မံထိခိုက်မှုမရှိအောင် မနည်းဆွဲထုတ်ယူကြရပါသည်။ သူမအောက်၌ ပိညပ်နေသော ကားဆရာမှာ သေဆုံးသွားသည်။ ကားနောက်တွင် စီးလာသော သူ့ခင်ပွန်းမှာလည်း အသက်ချမ်းသာရာရသည်။ ကိုထွန်းဝင်းမှာ ခြေထောက်တွင် ဒဏ်ရာအနည်းငယ်သာ ရသည်။ မမိုးမိုးအေးမှာ ကားညပ်ခဲ့သောဒဏ်ရာကြောင့် ဆေးရုံတွင် အတော်ကြာကြာ တက်ခဲ့ရသော်လည်း ခြေထောက်ဖြတ်ပစ်ရခြင်း မရှိပါ။
ကျွန်မတို့အိမ်က ထွက်ကတည်းက သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုသွားပါသည်။ ကားစထွက်တော့လဲ ရွတ်သွားတာပဲ။ ငယ်ငယ်လေးကတည်းက ဘယ်သွားသွား သမ္ဗုဒ္ဓေကို အမြဲရွတ်တယ်။ ကျွန်မကလေးတွေကိုလဲ ရွတ်ခိုင်းတယ်။ ဒီသမ္ဗုဒ္ဓေဂါထာရဲ့တန်ခိုးကြောင့် ကျွန်မ သေကံမရောက် သက်မပျောက်တာပဲလို့ ယုံကြည်ယူဆပါတယ်-ဟူ၍ မမိုးမိုးအေးက ပြောပါတယ်။
( နန္ဒာခင်-သက္ကလ)

စေတနာရောင်ပြန်
လွိုင်ကော်မြို့တွင် အ၀တ်လျှော်ဖွပ်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော မစန်းခင်-ဟူသည့် အမျိုးသမီးတဦး ရှိသည်။ သူ၏ခင်ပွန်းမှာ လွန်ခဲ့သောနှစ်အတန်ကြာက ဆုံးပါးသွားခဲ့သည်။ သူ့တွင် မောင်သက်အောင်-ဟူသော ၉-နှစ်အရွယ် လူမမည် သားကလေးတဦး ကျန်ရှိခဲ့ပေသည်။
သားငယ်လေးမှာလည်း လိမ္မာရေးခြားရှိလှသည်။ စတုတ္ထတန်းတွင် ပညာသင်ယူနေသော ကျောင်းသား တဦးလည်း ဖြစ်၏။ ဆရာမိဘ ဆိုဆုံးမစကားကို မြေ၀ယ်မကျ နားထောင်တတ်သောကြောင့် လူကြီးမိဘများ၏ ချစ်ခင်ခြင်းကို ခံရသူဖြစ်သည်။
မစန်းခင် အ၀တ်လျှော်သော ရေချိုးဆိပ်မှာ နှစ်ဆိပ်ရှိ၏။ တဆိပ်မှာ သူတို့အိမ်နှင့် မလှမ်းမကမ်းတွင်ရှိသည်။ အခြားတဆိပ်မှာ တလမ်းကျော်တွင် ရှိသည်။ မောင်သက်အောင်သည် ညနေကျောင်းဆင်းတိုင်း မိခင်အ၀တ်လျှော်ရာ ရေဆိပ်သို့ လာရောက်၍ မိခင်ကို ကူညီလုပ်ကိုင်ပေးလေ့ရှိသည်။ မိခင်က တားမြစ်သော်လည်း မရပေ။ ရေဆိပ်တဆိပ်တွင် မတွေ့လျှင် တဆိပ်သို့ လာရောက်မြဲဖြစ်၏။
တနေ့သ၌ မစန်းခင်သည် ဘီလူးချောင်းရှိ ရေဆိပ်တွင် အ၀တ်များ လျှော်ဖွပ်နေလေသည်။ ထိုစဉ် ရေကိုကျွမ်းကျင်စွာ မကူးတတ်သော ၁၀-နှစ်အရွယ်ခန့် ကလေးမလေးတဦးသည် ချောင်းထဲသို့ ရေဆင်းချိုးရာမှ ရေနစ်လေ၏။ အနီးအနားတ၀ိုက်တွင် မစန်းခင် တဦးတည်းသာ ရှိ၏။ သူသည် ရေထဲသို့ လျင်မြန်စွာ ကူးခပ်၍ ထိုမိန်းကလေးကို သက်စွန့်ဆံဖျား ဆယ်ယူလေသည်။
ထိုကလေးမလေးမှာ ကုန်းပေါ်သို့ ပြန်လည်ရောက်ရှိသော်လည်း သတိမေ့နေသဖြင့် မစန်းခင်သည် သတိပြန်ရလာအောင် ပြုစုပေးလေသည်။ မိန်းကလေးမှာ မစန်းခင်၏ ပြုစုပေးမှုကြောင့် မကြာမီ သတိပြန်လည်လာလေသည်။ ခဏအကြာ သူ၏မိဘများရောက်ရှိလာပြီး မစန်းခင်အား ကျေးဇူးများစွာ တင်ရှိကြောင်း ပြောဆိုကာ ပြန်သွားလေသည်။
မစိန်းခင်လည်း မိမိ၏လုပ်ရပ်အတွက် ၀မ်းသာပီတိဖြစ်နေမိသည်။ ထိုအခိုက်တွင် လူတဦးရောက်လာ၍-ခင်ဗျားသား ရေနစ်လို့ လူတဦးက ဆယ်ထားပေးတယ်။ အခု သတိမေ့နေတယ်-ဟု ပြောလေသည်။
မစန်းခင်လည်း သားဇောဖြင့် အ၀တ်လျှော်ခြင်းကိစ္စကိုမေ့ကာ ထိုသူ့နောက်သို့ လျင်မြန်စွာ လိုက်သွားလေသည်။ ထိုနေရာသို့ ရောက်သောအခါ သူ၏သားမှာ ကောင်းစွာသတိရနေပြီ ဖြစ်သည်။
မစန်းခင်သည် မကြာသေးသော အချိန်ကာလကပင် သူတပါး၏ သမီးငယ်လေးကို ရေနစ်နေရာမှ ကယ်ဆယ်ခဲ့၏။ ထိုစဉ် ထူးဆန်းတိုက်ဆိုင်စွာပင် သူ၏သားမှာ ရေနစ်သော်လည်း အသက်ဘေးမှ ကယ်ဆယ်ပေးနိုင်သော လူတဦးပေါ်လာ၏။ ထို အသက်ကယ်သူကို ကျေးဇူးတင်မဆုံး ဖြစ်မိသည်။ မစန်းခင်သည် ကံ ကံ၏အကျိုးကို ကိုယ်တွေ့ယုံကြည်သွားပေပြီ။
( စိုးညွန့်ဝေ-လွိုင်ကော်)

မိတ်ဆွေယုတ်
မျက်ကွယ်၌ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော၊
မျက်မှောက်၌ ချစ်ဖွယ်စကားကို ဆိုတတ်သောလူကို ကြဉ်ရှောင်ရာ၏။
အကြင်အကြောင်းကြောင့် ထိုသို့သဘောရှိသော မိတ်ဆွေယုတ်ကို နှုတ်ခမ်းဝ၌ နို့ရည်လိမ်းကျံခြင်းရှိသော
အဆိပ်ဖြင့်ပြည့်သော အိုးကဲ့သို့ မိတ်ဆွေဖွဲ့၍ တည်နေခြင်းကို ရှောင်ကြဉ်ရာ၏။

Saturday, January 16, 2010
သာဓုခေါ်ရကျိုး
ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်အခါတွင် သာဝတ္ထိပြည်၌ ကြွယ်ဝချမ်းသာသော သူဌေးဇနီးမောင်နှံ ရှိလေသည်။ သူတို့သည် ရတနာသုံးပါးအား အထူးပင် ယုံကြည်မြတ်နိုးကြလေသည်။ သူတို့သည် အသက်အရွယ်အားဖြင့် မကြီးလှသေးချေ။ ရှေးပါရမီကောင်းမှုကံ ကောင်းမွန်သူများ ဖြစ်ခြင်းကြောင့် ဤဘ၀၀ယ် မငြိုမငြင် တင့်တင့်တယ်တယ် နေကြရလေသည်။
အချိန်ကား လဆန်း ၁၄-ရက်နေ့ ညတညတွင် ဖြစ်လေသည်။ ထက်ကောင်းကင်မှ ရွှေလမင်းကား အသာကြီးသာလျက် သာဝတ္ထိမြို့ကြီးကား တိတ်ဆိတ်ငြိမ်သက်သော အသွင်ကို ဆောင်လျက်နေ၏။
တိုင်းသူပြည်သား လူအများတို့လေ-
နက်ဖြန် သီတင်းနေ့၌ ဇေတ၀န်ကျောင်းတော်ကြီးဝယ် ဘုရားရှင် တရားဟောတော်မူပါလိမ့်မည်။ နာကြားလိုသူများ ဇေတ၀န်ကျောင်းတော်ကြီးသို့ ဆက်ဆက်ကြွကြပါကုန်။
နိဗ္ဗာန်ဆော်များ၏ ကြေညာသံကား သူဌေးဇနီး မောင်နှံတို့၏ နားသို့ ရိုက်ခတ်သွားလေသည်။ ထိုအသံကို ကြားသောအခါ-
ရှင်မရေ-နက်ဖြန်လပြည့်နေ့တဲ့။ ဘုရားရှင် တရားဟောမယ်ဆိုပါလား-ဟု သူဌေးလေးက ပြောသောအခါ-
ဟုတ်တယ်မောင်ရဲ့-မောင်တို့ မယ်တို့လဲ နက်ဖြန် တရားနာသွားရအောင်နော်-ဟု သူဌေးကတော်လေးက ခွန်းတုံ့ပြန်လိုက်၏။
နေရာကား ကြီးကျယ်သော ဇေတ၀န်ကျောင်းတော်ကြီး၏ ခန်းမဆောင်တနေရာ ဖြစ်လေသည်။ တရားနာလာကြသော ပရိသတ်ကြီးက အုန်းအုန်းကျွတ်ကျွတ် တခဲနက် များပြားလှပါဘိသည်။ ထိုအခိုက် ဘုရားရှင်ကိုယ်တော်မြတ်သည် ရောင်ခြည်တော်ခြောက်သွယ် လွှတ်လျက်-
ချစ်သား ချစ်သမီးတို့ အကုသိုလ်မဖြစ်အောင် ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်းလှပေ၏။
နှုတ်ဖြင့် စောင့်စည်းခြင်းသည်လည်း ကောင်းလှပေ၏။
စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်း ကောင်းလှပေ၏။
အရာခပ်သိမ်း စောင့်စည်းမှုသည် ကောင်းလှပေ၏။
ထို့ကြောင့် သင်တို့သည် ကိုယ် နှုတ် စိတ် သုံးပါးကို စောင့်စည်းကြပါကုန်။
ထိုဂါထာကိုဟောပြီးသောအခါ သိန်းသောင်းမက များလှသော ပရိသတ်ကြီး၏-သာဓု သာဓု သာဓု ဟူသော အသံကြီးသည် ပဲ့တင်မြည်ဟီးသွားလေ၏။
ဤတရားပွဲ၌ အချို့ သောတာပန်၊ အချို့ သကဒါဂါမ်၊ အချို့ အနာဂါမ်၊ အချို့ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။
တရားပွဲမှ ပြန်လာသောအခါ သူဌေးလေးသည် သာသနာ့တာဝန်ကို ထမ်းဆောင်လိုစိတ် ပေါ်လာသောကြောင့် ရှိသမျှပစ္စည်းများကို သူဌေးကတော်အား အပြီးအပိုင် အပ်နှင်းကာ သူဌေးမလေးထံ ခွင့်ပန်၍ ပိဏ္ဍပါတိက ဓုတင်ဆောင် ရဟန်းတော်တပါးအထံတွင် သာသနာ့ဘောင်သို့ ၀င်ခဲ့လေသည်။
ထိုအခါ ရုပ်ချော ဥစ္စာပေါသည့် သူဌေးမလေးအဖို့ အသက်ငယ်ငယ်နှင့် တခုလပ်မလေး ဘ၀သို့ ရောက်ခဲ့ရ ရှာလေ၏။ အဆိုပါသတင်းကို ကြားသိသောအခါ ပေဿနဒီ ကောသလမင်းကြီးသည် လင်မဲ့သူ သူဌေးမ ကလေးအား သိမ်းပိုက်တော်ကောက်လိုက်လေ၏။
နန်းတော်အတွင်း၌ ပန်းတော်ဆက်က ကြာပန်းများ ဆက်သသောအခါ ကောသလမင်းကြီးသည် မိဖုရားတဦးလျှင် ပန်းတပွင့်စီ ပေးကမ်းလေ၏။ သူဌေးကတော် အသစ်စက်စက် မိဖုရားလေးကိုမူ ချစ်စနိုးသည့်အတွက် နေ့စဉ် ၂-ပွင့် ၂-ပွင့် ပေးသနားလေ၏။ အခြားသော မိဖုရားများက သူ့အား မနာလိုကြချေ။
တနေ့သ၌ ကြာပန်းဝေသောအခါ မိဖုရားလေးသည် ကြာနှစ်ပွင့်ကို တစိမ့်စိမ့်ကြည့်၍ ရှေးဦးစွာ ပြုံးလေ၏။ ပြုံုးပြီးသည့်နောက် မည်သို့စိတ်ကူးပေါက်သည်မသိ၊ ကြာပန်းနှစ်ပွင့်ကို အားပါးတရ နမ်းရှုပ်ကာ ငိုကြွေးလေ၏။ ထိုအခြင်းအရာကို မြင်သောအခါ ကောသလမင်းကြီးသည် မျက်မာန်တော်ရှလျက်-
ဟယ် မိဖုရားငယ်။ သင်သည် ပြုံးတခါ ငိုတလှည့်နဲ့ အဘယ်ကြောင့် ပြုဘိသနည်း။ သင်၏ ငိုခြင်း ရယ်ခြင်း ဟူသော အပြုအမူသည် နန်းနှင့် မထိုက်တန်တကား။ ငါးအား မကွယ်မထောက် အမှန်အတိုင်း သံတော်ဦး တင်လော့။ မတင်က သင်သည် ကြီးလေးသော အပြစ်ဒဏ် ခံရချိမ့်မည်-ဟု မိန့်လေရာ မိဖုရားလေးသည် စီးကျသော မျက်ရည်တို့ကို မြတဘက်ဖြင့် အသာသုတ်ကာ-
မှန်လှပါဘုရား၊ အခြားသော မိဖုရားတွေမှာ ပန်းတပွင့်စီ တပွင့်စီသာ ရပြီး ငါ့အဖို့မှာတော့ အရှင်မင်းကြီးက ချစ်မြတ်နိုးတော်မူသည့်အတွက် ပန်းနှစ်ပွင့်ပင် ရပါကလားဆိုပြီး ၀မ်းသာမိသည့်အတွက် ပြုံးရယ်မိပါသည် ဘုရား။ ဒီကြာပန်းကလေးကို မြင်ရသောအခါ ခံတွင်းက ဒီကြာပန်းရနံ့ပမာ မွှေးပျံ့သောအနံ့ရှိသည့် သာသနာ့ဘောင်သို့ ပြောင်းသွားသူ အချစ်ဦးကို အမှတ်ရ၍ ၀မ်းနည်းသော အထိမ်းအမှတ်အဖြစ် လွမ်းဆွတ်မိသောကြောင့် ငိုကြွေးမိပါသည်ဘုရား-ဟု သနားစဖွယ် ငိုကြွေးကာ သံတော်ဦး တင်ရှာလေသည်။
မင်းကြီးသည် မယုံသည့်အတွက်-
အဘယ် မိဖုရားငယ်၊ လူ့ပါးစပ်က ကြာနံ့ပမာ မွှေးပျံ့သည်ဆိုသည်ကို ငါ မယုံကြည်နိုင်။ သင်သည် ငါ့အပြင် တဦးတယောက်နှင့် ဖောက်ပြားလို၍သာ ပြောတန်ရာသည် မဟုတ်လော-ဟု စွပ်စွဲမေးမြန်းပြန်၏။
မိဖုရားလေးသည် သုံးကြိမ်တိတိ စကားမပြောင်း၊ လေမပြောင်းဘဲ ရှေးနည်းအတိုင်းပင် ဖြေဆိုလေ၏။ ဘုရင်ကြီးသည် သုံးကြိမ်ဖြေသော်လည်း ယုံကြည်မှု မရှိသောကြောင့် အကျပ်ကိုင်သည့်သဘောဖြင့် သက်သေတောင်းလေ၏။ ထိုအခါ အားနွဲ့သူ မိဖုရားလေးက-
မှန်လှပါ အရှင်မင်းမြတ်၊ မယုံပါလျှင် နက်ဖြန် ဤနန်းတော်၌ ဆွမ်းပင့်ကျွေး၍ စုံစမ်းကြည့်တော်မူပါ။ အကယ်၍ မဟုတ်မမှန်ပါလျှင် ကျွန်တော်မျိုးမအား ပေးလိုသောအပြစ်ကို ပေးတော်မူပါ-ဟု အရဲစွန့်၍ သံတော်ဦး တင်ရှာလေ၏။
နောက်တနေ့၌ မင်းကြီးသည် ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား နန်းတော်သို့ပင့်၍ ဆွမ်းကျွေးလတ်သော် မိဖုရားငယ်ညွှန်ပြသော ကိုယ်တော်လေးအား တရားဟောရန် လျှောက်ထားလေ၏။ ဘုရားရှင်နှင့်တကွ အခြားသံဃာတော်များသည် ကျောင်းတော်သို့ ကြွပြန်သွားတော်မူလေသည်။
တာဝန်ကျသူ ကိုယ်တော်လေးသည် ငြိမ်သက်တည်ကြည်သော ဣနြေ္ဒဖြင့် တရားဟောရန် မပွင့်တပွင့် ခံတွင်းကို ဖွင့်ဟလိုက်သောအခါ နံ့သာဖြင့်ပြည့်သော ဆင်စွယ်ကြုတ်ကလေးကို လှုပ်လိုက်ဘိသကဲ့သို့ နန်းတော်တခုလုံး ကြာညိုပန်းရနံ့များသည် ကြိုင်သွးလေ၏။ ထိုအခါ ဘုရင်ကြီးသည် အလွန်အံ့သြပြီး-
ဤမိဖုရားသည် မှန်သောစကားကို ဆိုပေ၏-ဟု ၀မ်းသာအားရ ချီးကျူးဟစ်အော်ကာ မိဖုရားငယ်အား ရှေးကထက် မြှောက်စားလေ၏။ ကိုယ်တော်ကလေးအားလည်း ပစ္စည်းလေးပါးဒကာအဖြစ် ခံလိုက်လေသည်။
နောက်တနေ့သို့ ရောက်သောအခါ ဘုရင်ကြီးသည် ဘုရားရှင်ထံသွား၍-
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ဤကိုယ်တော်လေးသည် ဘယ်ကုသိုလ်ကောင်းမှုကံကြောင့် ယခုကဲ့သို့ ခံတွင်းမှ ကြာညိုနံ့ပမာ မွှေးကြိုင်သောရနံ့ ထွက်ပါသနည်းဘုရား-ဟု မေးလျှောက်လေ၏။ ထိုအခါ ဘုရားရှင်သည်-
ဒကာတော်မင်းမြတ် ဤကိုယ်တော်လေးသည် ရှေးရှေးအတိတ်ဘ၀များက တရားနာသောအခါ ရိုရိုသေသေ နာယူပြီး သာဓု သာဓု သာဓု-ဟု စေတနာသဒ္ဓါတရားဖြင့် ခေါ်ဆိုခဲ့သည့်အတွက် ယခုလို အကျိုးထူး ခံစားရပေသည်-ဟု သာဓု၏ အကျိုးတရားကို ဟောတော်မူလေ၏။
( မာဂဓီ-သာစည် )

Friday, January 15, 2010
မဇ္ဈိမဒေသ
( သံဝေဇနိယ လေးဌာန)
၁။ မြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗိနီ ဥယျာဉ်နေရာ။
၂။ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗုဒ္ဓဂယာရှိ ဗောဓိပင်နှင့် ရွှေပလ္လင်တော်။
၃။ ပဉ္စ၀ဂ္ဂီ ၅-ဦးတို့အား တရားဦးဟောတော်မူရာ မိဂဒါဝုန်။
၎။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူရာ ကုသိနာရုံ အင်ကြင်းရဂုံနှင့် အခြား ဗုဒ္ဓ၀င်နေရာများဖြစ်သော သာဝတ္ထိပြည်၊ ရာဇဂြိုဟ်ပြည်၊ ပါဋလိပုတ်ပြည်နှင့် နာလန္ဒာတက္ကသိုလ် စသည်တို့အကြောင်းကို ရေးသား ဖော်ပြပါမည်။
(၁) လမ္ဗိနီ ဥယျာဉ်
ဘုရားအလောင်းတော် မွေးဖွားရာဌာနဖြစ်သည့် လုမ္ဗိနီဥယျာဉ်သည် နီပေါနိုင်ငံအတွင်း၌ တည်ရှိသည်။ အိန္ဒိယနိုင်ငံ နယ်စပ်မှ ၆-မိုင်ခန့်ဝေးကွာသည်။ လုမ္ဗိနီဥယျာဉ်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀-ကျော်က အင်ကြင်းပင်ပျိုတို့ ဖြင့် ဝေဆာနေခဲ့သည်။ သုဒ္ဓေါဒနမင်းကြီး၏ ကပိလ၀တ်နေပြည်တော်နှင့်အဉ္စနမင်းကြီး၏ ဒေ၀ဒဟ နေပြည်တော်နှစ်ခုအကြား၌ တည်ရှိခဲ့သည်။ လုမ္ဗိနီဥယျာဉ်၌ ဖူးမြော်လေ့လာခဲ့ရသည့် ဌာနများမျာ-
၁။ ဘုရားအလောင်း ဖွားမြင်ရာ အထိမ်းအမှတ်ဖြစ် ည့် အသောကမင်းကြီး၏ ကျောက်စာတိုင်။
၂။ မယ်တော်မာယာ သားတော် ဖွားမြင်ခန်းရုပ်တု။
၃။ ဖွားမြင်ပြီးနောက် ဘုရားအလောင်း ခြေ ၇-လှမ်း လှမ်းရာ စေတီတော် ၇-ဆူ။
၎။ မယ်တော်နှင့် သားတော်တို့ ရေသန့်စင်ရာ ရေကန်ငယ်။
၅။ နီပေါဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း။
၆။ လောကမဏိစူဠာစေတီတော်နှင့်
၇။ မြန်မာရွှေကျောင်းတော်တို့ ဖြစ်ကြသည်။
(၂) ဗုဒ္ဓဂယာ-
မြတ်စွာဘုရားသည် မဂဓတိုင်း (ယခု အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်) ဂယာမြို့အနီး မဟာဗောဓိပင်ရင်း၌ သဗ္ဗညုတရွှေဉာဏ်တော် ရတော်မူခဲ့သည်ကို အကြောင်းပြု၍ ဤဌာနကို ဗုဒ္ဓဂယာ-ဟုခေါ်တွင်သည်။ ၄င်းဒေသ၌ စာရေးသူ ဖူးတွေ့ခဲ့ရသည့်ဌာနများမှာ-
၁။ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရာ မဟာဗောဓိပင်။
၂။ မြတ်စွာဘုရား မာရ်ငါးပါးကို အောင်မြင်တော်မူရာ အပရာဇိတပလ္လင်။
၃။ ဗောဓိပင်နှင့်ရွှေပလ္လင်နေရာ၌ သီရိဓမ္မာသောကမင်းကြီး စတင်တည်ထားကိုးကွယ်ခဲ့သော မဟာဗောဓိစေတီတော်။
၎။ မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ခုနစ်ရက် ခုနစ်လီ စံနေတော်မူသည့် သတ္တဌာန နေရာများ ဖြစ်သည်။
၎င်းသတ္တဌာန နေရာများမှာ-
၁။ ဗောဓိပင်နှင့်ရွှေပလ္လင် (ပလ္လင်္က သတ္တာဟ)
၂။ အနိမိသ စေတီတော် (အနိမိသ သတ္တာဟ)
၃။ ရတနာစင်္ကြံတော် (စင်္ကမ သတ္တာဟ)
၎။ ရတနာဃရ ရွှေအိမ်တော် (ရတနာဃရ သတ္တာဟ)
၅။ အဇပါလ ဆိတ်ကျောင်းညောင်ပင် (အဇပါလ နိဂြောဓ သတ္တာဟ)
၆။ မုစလိန္ဒာအိုင် ( မုစလိန္ဒ သတ္တာဟ)
၇။ ရာဇာယတန လင်းလွန်းပင် ( ရာဇာယတန သတ္တာဟ) စသော နေရာတို့ဖြစ်သည်။
ထို့ပြင် နေရဉ္ဇရာမြစ်၊ သုဇာတာအိမ် နေရာ၊ သေနာနိဂုံးရွာ၊ သုဇာတာ ဃနာနို့ဆွမ်း ဆက်ကပ်ရာနေရာ၊ ဒုက္ကရစရိယာ ကျင့်တော်မူရာ ဒုင်္ဂစရိတောင်လိုဏ်ဂူ၊ ဥရုဝေလရသေ့ကြီး ကျောင်းသင်္ခမ်း၊ မင်းတုန်းမင်းကြီး၏ ဇရပ်တော်နှင့် ကုသိုလ်တော် ကျောက်စာတိုက်တို့ကိုလည်း ကြည့်ရှုလေ့လာခဲ့ကြပါသည်။
( ၃ ) မိဂဒါဝုန်
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ပဉ္စ၀ဂ္ဂီ ၅-ဦးတို့အား ဓမ္မစကြာတရားဦး ဟောတော်မူရာ မိဂဒါဝုန်ဥယျာဉ်သည် ရှေးအခေါ် ကာသိတိုင်း၊ ဗာရာဏသီပြည်မှ ၆-မိုင်ခန့်အကွာတွင် တည်ရှိသည်။ ယခုအိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ဗာရာဏသီမြို့ အနီး ဆာရာနတ်ဟုခေါ်တွင်သော အရပ်တွင် ရှိသည်။ ၄င်းအရပ်ဒေသ၌ စာရေးသူ လေ့လာဖူးတွေ့ခဲ့ရသော နေရာဌာနများမှာ-
၁။ ဓမ္မစကြာတရားဦး ဟောကြားရာဌာနဖြစ်သော ဓမ္မရာဇိက စေတီတော်နေရာ။
၂။ အနတ္တလက္ခဏသုတ် ဟောကြားရာဌာနဖြစ်သော ဓမ္မေခစေတီတော်။
၃။ မြတ်စွာဘုရားရှင် ပထမ၀ါကပ်တော်မူရာ နန္ဒိယကျောင်းတော်။
၎။ အသောကမင်းကြီး၏ ကျောက်စာတိုင်။
၅။ မူလဂန္ဓကုဋီတိုက်နှင့် ဒက္ခိဏသာခါ ပင်ပွားတော်။
၆။ ပဉ္စ၀ဂ္ဂီငါးဦးတို့နှင့် တွေ့ဆုံရာ ချောက်ကန္တီစေတီတော်။
၇။ မိဂဒါဝုန်ပြတိုက်။
၈။ မြန်မာပြည်မှလှူဒါန်းသော ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဟောသည့် ဘုရားဗိမာန်တော်တို့ ဖြစ်ကြပါသည်။
( ၄ ) နာလန္ဒာမြို့
နာလန္ဒာမြို့သည် အရှင်သာရိပုတ္တရာ၏ ဖွားရာဇာတိ ဖြစ်သည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက ထိုနာလန္ဒာမြို့သို့ အကြိမ်ပေါင်းများစွာ ကြွတော်မူခဲ့သည်။ နာလန္ဒာမြို့သည် ယခင်က မဂဓတိုင်း (ယခု ဗီဟာ ပြည်နယ်) တွင် ရှိပါသည်။ ပါဋလိပုတ်နှင့် ၅၅-မိုင် ကွာဝေးပြီး ရာဇဂြိုဟ်နှင့် ၇-မိုင် အကွာတွင် တည်ရှိသည်။ ထိုမြို့တွင် ခရစ်နှစ် ၅-ရာစုခန့်မှစ၍ ကြီးကျယ်ခမ်းနား ကျော်ာကားလှသော နာလန္ဒတက္ကသိုလ် ကျောင်းတော်ကြီးထွန်းကားခဲ့သည်။ ထို့ပြင် ထိုတက္ကသိုလ် ကျောင်းဝင်းအတွင်း၌ပင် အရှင်သာရိပုတ္တရာ စေတီတော်ကိုပါ လေ့လာဖူးမြော်ခဲ့ပါသည်။
( ၅ ) ကုသိနာရုံ-
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူရာဖြစ်သော ကုသိနာရုံ အင်ကြင်းရဂုံသည် ဘုရားရှင်လက်ထက်က မလ္လတိုင်း ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်ဖြစ်ခဲ့သည်။ ယခုအခါ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်အတွင်း ကုရှိနာဂါရ်အမည်ရှိသော ရွာကလေးတခုသာ ဖြစ်ပါသည်။ ၄င်းဒေသ၌ စာရေးသူ လေ့လာဖူးမြော်ခဲ့ရသော နေရာဌာနများမျာ-
၁။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပုံကို ထုလုပ်ထားသော ပရိနိဗ္ဗာန ရုပ်ပွားတော်။
၂။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ၌ တည်ထားသော မဟာပရိနိဗ္ဗာန စေတီတော်။
၃။ ဘုရားရှင်၏ ဥတုဇရုပ်ကလာပ်တော်ကို တေဇောဓာတ် လောင်ကျွမ်းရာနေရာ၌ တည်ထားသော မကုဋဗန္ဓ စေတီတော်။
၎။ တေဇောဓာတ် လောင်ကျွမ်းရာနေရာ၌ ကြွင်းကျန်သော မီးသွေးများကို စုပေါင်းဌာပနာ၍ တည်ထားသော အင်္ဂါရ စေတီတော်။
၅။ မြတ်စွာဘုရား ရေကြည်တော်သုံးရာနေရာ။
၆။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မမူမီ ရေသုံးသပ်တော်မူသော ကကုဓာမြစ်နေရာဌာတို့ ဖြစ်ပါသည်။
( ၆ ) သာဝတ္ထိ-
မြတ်စွာဘုရားရှင် လက်ထက်တော်က ကောသလတိုင်း ပသေနဒီကောသလမင်းကြီး၏ ထီးနန်းစိုက်ရာ သာဝတ္ထိပြည် ဖြစ်သည်။ ယခုအခေါ် ဆာဟေ့မဟေ့ (ခေါ်) ဆရာဗစတီ ဖြစ်သည်။ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဗာဗာလ်ရာမ်ပူမြို့မှ ၇-မိုင်အကွာတွင် တည်ရှိသည်။ ၄င်းဒေသ၌ ဖူးမြော်လေ့လာခဲ့သည့် နေရာဌာနများမှာ-
၁။ မြတ်စွာဘုရားရှင် ၂၄-၀ါတိုင်တိုင် ၀ါကပ်တော်မူခဲ့ရာ အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းခဲ့သော ဇေတ၀န်ကျောင်းတော်ရာ။
၂။ ဘုရားရှင်အသုံးပြုသော ရေတွင်းဟောင်း။
၃။ ဘုရားရှင်လက်ထက်အခါက အရှင်အာနန္ဒာ၏ အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော အာနန္ဒဗောဓိပင်။
၎။ တိတ္တိတို့အား တန်ခိုးပြာဋိဟာ ပြတော်မူရာဌာန (သရက်ဖြူကုန်း)
၅။ သာဝတ္ထိမြို့တော်ဟောင်းတို့ ဖြစ်ကြသည်။
( ၇ ) ရာဇဂြိုဟ်
မြတ်စွာဘုရားရှင် လက်ထက်က မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်ဟု ခေါ်သည်။ ဗိမ္ဗိသာရမင်းကြီးနှင့် သားတော် အဇာတသတ်မင်းတို့၏ နေပြည်တော်ဖြစ်ပါသည်။ ရာဇဂြိုဟ်မြို့သည် ပါဋလိပုတ်၏အရှေ့ဘက် ၆၅-မိုင်အကွာ တောင်ငါးလုံး ၀ိုင်းရံထားသော မြို့ဖြစ်သည်။ ယခု ဗီဟာပြည်နယ်၊ ရ(ဂ်ျ)ဂီး-ဟု ခေါ်တွင်သည်။ ဘုရားအလောင်း တောထွက်တော်မူပြီးနောက် ပထမဆုံး ဆွမ်းခံကြွရာနှင့် ဘုရားဖြစ်တော်မူပြီးနောက် ပထမဆုံး သံဃာတော် အခြံအရံ တထောင်ဖြင့် ကြွရောက်သီတင်းသုံးရာ မြို့ဖြစ်သည်။ ၄င်းဒေသတွင် ဖူးမြော်လေ့လာခဲ့ရသော နေရာဒေသများမှာ-
၁။ ဗိမ္ဗိသာရမင်း လှူဒါန်းသော ဝေဠုဝန်ကျောင်းတော်ရာ။
၂။ မြတ်စွာဘုရား သီတင်းသုံးရာ ဂိဇ္ဈကုဋ်တောင်ထိပ် ကျောင်းတော်ရာ။
၃။ သမားတော် ဇီဝက သရက်ဥယျာဉ်။
၎။ ပထမသင်္ဂါယနာတင်ရာ ဝေဘာရတောင်ပေါ်ရှိ သတ္တပဏ္ဏိဂူ။
၅။ ဗိမ္ဗိသာရမင်းကြီး၏ ဘဏ္ဍာတိုက်။
၆။ ဗိမ္ဗိသာရမင်းကြီး အကျဉ်းချထားရာ အကျဉ်းထောင်နေရာ။
၇။ အဇာတသတ်မင်း ဓာတ်တော်မြှုပ်နှံရာ နေရာ။
၈။ နာဠာဂီရိ ဆင်ရိုင်းကြီးအား ချွတ်တော်မူသော နေရာတို့ ဖြစ်သည်။
( ၈ ) ပါဋလိပုတ် မြို့တော် (ပတ္တနားမြို့)
မြတ်စွာဘုရားရှင် လက်ထက်တော်အခါက အဇာတသတ်မင်း တည်ဆောက်ခဲ့သော ခံတပ်မြို့ဖြစ်သည်။ မြို့တည်စဉ်က ဘုရားရှင်ကိုယ်တော်တိုင် အခမ်းအနားဖွင့်ပွဲတွင် ဆွမ်းအနုမောဒနာတရား ဟောကြားခဲ့သည်။ ရှေးအခါက မဂဓတိုင်း၊ ပါဋလိပုတ်ပြည်ဟု ခေါ်တွင်သည်။ မဂဓတိုင်းကြီးသခင် အသောကမင်းကြီး၏ နေပြည်တော်ဖြစ်ခဲ့သည်။
သာသနာနှစ် ၂၃၅-ခုနှစ်တွင် ပါဋလိပုတ်မြို့တော်၌ အသောကမင်းကြီး ဆောက်လုပ်သော အသောကာရုံ ကျောင်းတော်ကြီးတွင် ရဟန္တာတထောင်တို့ တတိယသင်္ဂါယနာတင်ပွဲ ကျင်းပခဲ့သည်။ ပါဋလိပုတ်သည် ယခု ဗီဟာပြည်နယ် (ယခင် မဂဓတိုင်း) ၏ မြို့တော် ပတ္တနားဟု ခေါ်တွင် ထင်ရှားနေလေသည်။ ၄င်းဒေသတွင် စာရေးသူ ကြည့်ရှုလေ့လာခဲ့ရသော နေရာများမှာ-
၁။ တတိယသင်္ဂါယနာတင်ခဲ့သော အသောကာရုံကျောင်း။
၂။ အသောကမင်းကြီး လှူဒါန်းခဲ့သော ရေတွင်း။
၃။ ကျောက်စာဌာန ပြတိုက်။
၎။ ရိက္ခာသိုလှောင်ရုံ ဂိုဒေါင်ကြီး။
၅။ ပါဋလိပုတ် မြို့တော်ဟောင်းနေရာတို့ ဖြစ်ပါသည်။
( သန်းဝင်းရှိန် )

စွန့်ရသော သဘော
အဆွေအမျိုးတို့ အကျိုးငှါ တယောက်သောသူကို စွန့်ရာ၏။
ရွာသူရွာသားတို့ အကျိုးငှါ အမျိုးကို စွန့်ရာ၏။
လူအများ၏ အကျိုးငှါ ရွာကို စွန့်ရာ၏။
မိမိကိုယ်ကို စောင့်ရှောက်ခြင်းအကျိုးငှါ မြေအပြင် (ရှိလူအပေါင်း) ကို စွန့်ရာ၏။
(စွယ်စုံနီတိကထာ)

တမလွန်ဘ၀သို့ ယူဆောင်ရမည့် ရိက္ခာ
သင်္ချိုင်းလေးတခုရဲ့ အုတ်ဂူလေးမှာ ရေးထားသည့်စာ
Remember friends, as you pass by, as you are now,
so once were I, as I am now.
So You must be prepared yourselves and follow me'
မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။
ငါလည်းပဲ တခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
မင်းလည်းပဲ တနေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။
နေမ၀င်ခင် ရိက္ခာပြင်ပါ။ ( အနိစ္စ၊ ဒုက္ခ၊ အနတ္တ )။
အထက်ပါ သံဝေဂစာကို ရန်ကုန်မြို့ ရေဝေးသုဿာန်ရှိ နားရေးခန်းမတွင် ကျွန်ုပ်တို့ ဖတ်ရှုခဲ့ရသည်။ အခန်းထိပ်တွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို ပြင်ဆင်ထားသည်။ အခန်းတွင်း၌လည်း အသုဘရှုသူများ ၀ိုင်းဝန်းထိုင်နေကြသည်။ ထိုအခန်းရှိ ရုပ်ကလာပ်အနီး နံရံပေါ်တွင် ဤသံဝေဂစာကို အများသူငါ ဖတ်ရှုဆင်ခြင် နိုင်ရန် စာလုံးကြီးများဖြင့် ရေးထားသည်။ အသုဘရှုသူအားလုံးလိုလိုပင် ဖတ်ရှုဆင်ခြင်မိကြပေလိမ့်မည်။
အလွန်ထိမိသော သံဝေဂစာကလေး ဖြစ်သည်။ ထိုစာကို အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်သည် သချိင်္ိုင်းငယ်တခု၏ အုတ်ဂူကလေးပေါ်တွင် အမှတ်မထင် တွေ့ရှိဖတ်ရှုရသည်။ အထူးသံဝေဂ ရရှိသဖြင့် ထိုစာကို ကူးယူကာ အများသူငါ ဖတ်ရှုဆင်ခြင်နိုင်ရန် ဒါနသံဝေဂပြုထားခြင်းဖြစ်သည်။ အလွန်တန်ဖိုးရှိသည့် ကောင်းမှုပင်တည်း။
ဤသံဝေဂစာကို ကျွန်ုပ်တို့ ဖတ်ရှုကာ အမျိုးမျိုး ဆင်ခြင်မိသည်။ ဗုဒ္ဓဘုရားရှင်၏ တရားတော်အရ သေခြင်းအြေuာင်း လေးပါးရှိသည်။ ယင်းတို့မှာ-
၁။ အသက်တမ်းကုန်၍ သေခြင်း။
၂။ ကံအစွမ်းကုန်၍ သေခြင်း။
၃။ အသက်တမ်း ကံအစွမ်း ၂-မျိုးကုန်၍ သေခြင်း။
၎။ ဥပစ္ဆေဒကကံကြောင့် သေခြင်းတို့ ဖြစ်သည်။
ဥပမာ-
ဆီမီးငြိမ်းရာ၌ -
၁။ ဆီကုန်ခြင်း။
၂။ မီးစာကုန်ခြင်း။
၃။ ဆီနှင့်မီးစာ ၂-မျိုးလုံး ကုန်ခြင်း။
၎။ ဆီနှင့်မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ သို့မဟုတ်-တမင်ငြိမ်းသတ်ခြင်းဟူ၍ အကြောင်းလေးမျိုး ရှိသကဲ့သို့ ဖြစ်ပေသည်။
( ၁ )
သက်တမ်းကုန်ခြင်း ဆိုရာ၌-
ဘုရားရှင်လက်ထက်တော်တွင် အသက်တမ်း ၁၀၀-ဟုဆို၏။ ယခု ၇၅-နှစ်တမ်း ခန့်မှန်းကြသည်။ သင့်တော်ရုံ ကံပါလာသူတို့သည် သတ်မှတ်ထားအပ်သော အသက်တမ်းကို မကျော်လွန်နိုင် ကြပေ။ အလွန်ကံထူးသူတို့သာ အသက်တမ်းကို ကျော်လွန်နိုင်ကြပေသည်။ ဘုရားလက်ထက်တော်၌ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ကျောင်းအမ ၀ိသာခါတို့သည် အသက် ၁၂၀-ရှည်ကြ၏။ အရှင်ဗာကုလသည် အသက် ၁၆၀-ရှည်၏။ ထိုပုဂ္ဂိုလ်များကား အလွန်ကံထူးသူများတည်း။
ထိုသို့ ကံအထူးလည်း မပါ။ ပါရှိသော သာမန်လောက်ကံကလည်း အသက်တမ်းကို ကျော်လွန်အောင် မဆောင်တော့ဘဲ ၇၅-နှစ်တမ်း၌ ၇၅-နှစ်ပြည့်၍ သေရခြင်းကို အသက်တမ်းကုန်၍ သေရခြင်းဟု ခေါ်၏။ မီးစာရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းရခြင်းနှင့် တူ၏။
( ၂ )
ကံအစွမ်းကုန်၍ သေရခြင်းဆိုသည်မှာ-
အခြားမဟုတ်၊ ဘ၀တခုကို စီမံလိုက်သောကံသည် ပဋိသန္ဒေနေရသည့် အချိန်မှစ၍ မိမိသတ္တိ မကုန်သေးသမျှ ဘ၀မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိ၏။ ထိုမူလ စီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများလည်း ရှိသေး၏။ ထိုမူလစီမံလိုက်သော ကံနှင့် အားပေးကူညီကြသော ကံတို့၏ အစွမ်းသတ္တိ ကုန်လျှင်ကား အသက်တမ်းက မကုန်သေးသော်လည်း ဧကန်မုချ သေကြရတော့မည်။ ၇၅-နှစ်တမ်း၌ ကံအစွမ်းက ၅၀-လောက်သာရှိလျှင် ၅၀-အရွယ်မှာပင် သေကြရသည်။
ဥပမာ-
ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် ဧကန် မီးငြိမ်းရသကဲ့သို့ ဖြစ်ပေသည်။
( ၃ )
အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း ကုန်၊ ကံစွမ်းလည်း ကုန်ခြင်းကြောင့် သေကြရသည်။ ဆီလည်း ကုန်၊ မီးစာလည်း ကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့် တူ၏။
ဤတွင် ၇၅-နှစ်တမ်း၌ ၇၅-နှစ်လောက်နေဖို့ရန် ကံပါသူ၏ ၇၅-နှစ်ပြည့်၍ သေရမှုကို အသက်တမ်း၊ ကံစွမ်း နှစ်မျိုးစုံကုန်ခြင်းကြောင့် သေရခြင်း-ဟု ခေါ်၏။
(၄)
အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း မကုန်သေး၊ ကံအစွမ်းလည်း မကုန်သေး၊ ယခုဘ၀မှာ ဖြစ်စေ ပြုမိသော အကုသိုလ်ကံက အခွင့်ရသဖြင့် တနည်းနည်းနှင့် သေရတော့၏။ မြွေကိုက်၍ သေခြင်း၊ အဆိပ်မိ၍ သေခြင်း၊ တုတ် ဓား သေနတ် စသည့် လက်နက်တို့ကြောင့် သေခြင်း၊ ရေနစ် သေခြင်း၊ မီးလောင် သေခြင်း၊ ကားတိုက် သေခြင်း စသည်တို့သည် ရှေးမကောင်းမှုကံကြောင့် သေရခြင်းဖြစ်သည်။
ဥပမာ-
မီးစာ ဆီ နှစ်မျိုးလုံ မကုန်သေးဘဲ လေပြင်းတိုက်ခတ်မှု၊ တမင်ငြိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်းမျိုးကဲ့သို့တည်း။
ဤကား ဗုဒ္ဓတရားတော်လာ သေခြင်းအမျိုးမျိုး ဖြစ်သည်။ ကျွန်ုပ်တို့သည် တနေ့နေ့တွင် ဤသေခြင်းလေးမျိုး အနက် တမျိုးမျိုးနှင့် သေကြရမည်မှာ မုချဖြစ်သည်။ သေခြင်းလေးမျိုးအနက် တမျိုးမျိုးဖြင့် ကျွန်ုပ်တို့ထက် အသက်ကြီးသူ၊ အရွယ်ကြီးသူများလည်း သေနေကြသည်။ ကျွန်ုပ်တို့နှင့် အသက်တူ၊ အရွယ်တူများလည်း သေနေကြသည်။ ကျွန်ုပ်တို့အောက် အသက်ငယ်သူ၊ အရွယ်ငယ်သူများလည်း သေနေကြသည်။
ဘုရားဟောတရားတော်လာ အနိစ္စ ဒုက္ခ အနတ္တတို့၏ သဘောကို ကွယ်လွန်သူက ပြောပြနေဟန် အထက်ပါ သံဝေဂစာ၌ ဖော်ပြထားသည်။ အလွန်ထိမိလှသည်။ တခါက အသက်ရှင်ခဲ့ဖူးသော ယခုကွယ်လွန်သူနည်းတူပင် ကျွန်ုပ်တို့သည် အနှေးနှင့်အမြန် ဖြစ်ကြရပေတော့မည်။ သူက ရှေ့ကသွားနှင့်၍ ကျွန်ုတို့က နောက်က လိုက်ကြရ မည်မှာ မုချဖြစ်သည်။
ဤသို့ နောက်က မလိုက်မီ သံဝေဂစာ၌ ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့သည် ပြင်ဆင်စရာ ရှိသမျှ ပြင်ဆင်ကြရပေမည်။ ယင်းသို့ ပြင်ဆင်ရာ၌ တမလွန်ဘ၀သို့ ပါသွားမည့်ရိက္ခာကို နေမ၀င်ခင် အစွမ်းကုန် ပြင်ဆင်ထားကြရပေမည်။ ဤရိက္ခာကား အခြားမဟုတ် ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ရိက္ခာကြီးများပင်တည်း။

Subscribe to:
Posts (Atom)