အတ္တသုခါယ ၀ါယမော၊ နေသော မမ ကဒါစိပိ။
သမ္ဗုဒ္ဓ သာသနေဿဝ၊ ဌပနာယ အယံ မမ။ ( မဟာဝင်)
မမ=အမျိုးဘာသာ သာသနာနှင့် ပညာစီးပွား အကျိုးများကို တိုးပွားစေလို ဤငါ့ကိုယ်၏။
အတ္တသုခါယ=မိမိတွက်သာ တသက်လျှာမျှ ချမ်းသာသုခ ပြည့်ဝဖို့အကျိုးငှါ။
ဧသော ၀ါယမော=သို့ကလောက်ပြင်းပြ ဇွဲလုံ့လဖြင့် နေ့ညမအား လွန်ကြိုးစားခြင်းသည်။
ကဒါစိပိ= နေ့စဉ်မှန်မှန် ပြုဖို့ရန်များ မဆိုထားဘိ စိတ်အားဖြင့်ကြံ တခါတရံမျှလည်း။
န ဟောတိ=စင်စစ် မဖြစ်ပါချေ။
မမ=ငါ၏။
အယံ ၀ါယမော=ရှေးရှေးအလောင်း သူတော်ကောင်းတို့ ထုံးဟောင်းရည်မှန်း ဤကြိုးပမ်းခြင်းသည်။
သမ္ဗုဒ္ဓ သာသနဿ=ဗုဒ္ဓဘုရား တည်ထောင်ထားသည့် အများတွက်တာ သာသနာတော်ကြီးကို။
ဌပနာယ ဧ၀=မြဲမြံခိုင်ကြံ့ တည်တံ့စေခြင်း အကျိုးငှါသာလျှင်။
ဟောတိ=စိတ်ဖြင့်လည်းကြံ နှုတ်ဖြင့်အံလျက် အမှန်ပင် ဖြစ်ပါပေ၏။
Friday, February 26, 2010
ဗုဒ္ဓဃောသ ဆုတောင်း ၄-ချက်
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရ၀ါ။
သဗ္ဗေပိ သတ္တာ ကာလေန၊ သမ္မာ ဒေဝေါ ပ၀ဿတု။
(၁)
သဒ္ဓမ္မော=ပရိယတ် ပဋိပတ် ပဋိဝေဓဟု သဒ္ဓမ္မတွင်ခေါ် သာသနာတော် သုံးရပ်သည်။
စိရံ=အနှစ်ငါးထောင် မြားမြောင်ရှည်ကြာ အခါကာလပတ်လုံး။
တိဋ္ဌတု=၀ိတဏ္ဍ၀ါဒီ ရန်မသီဘဲ လျှံခြည်ဝေရွှမ်း နေစက်ဝန်းသို့ တည်ထွန်းတောက်ပပါစေသတည်း။
(၂)
သဗ္ဗေပိ=ကြွင်းမဲ့ဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။
သတ္တာ=လူ နတ် ဗြဟ္မာ သတ္တ၀ါတို့သည်။
ဓမ္မေ=ရှင်စောဘုရား ဟောကြားမြွက်ဖော် တရားတော်၌။
သဂါရ၀ါ ဟောန္တု=ကိုးကွယ်ရာစစ် ဧကန်ဖြစ်ဟု နစ်နစ်ကာကာ ယုံကြည်စွာဖြင့် ပညာဆီမီး ထွန်းညှိသီး၍ ကျောက်ထီးအတူ အလေးမူကြပါစေကုန်သတည်း။
(၃)
ဒေဝေါ=လူသူအပေါင်း ပွားစည်းညောင်းအောင် ကြောင်းရင်းမှန်တုံ ကျေးဇူးပုံသား ပဇ္ဇုန်ခေါ်လျှင်း မိုးနတ်မင်းသည်။
ကာလေန=ရွာချိန်သင့်ရာ ညဥ့်အခါ၌။
ပ၀ဿတု=အရည်ထန်စွာ မြို့ပြည်ရွာတို့ သာယာတင့်မော စည်ပင်ပြောအောင် ဖြောဖြောဝှန်ဝှန် ရွာဖြိုးသွန်းပါစေသတည်း။
(၄)
ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေ၀ိမံ။
ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။
ပေါရာဏာ=ရှေးအထက်ကျော် အခါတော်က တေဇော်ထွန်းသစ် ဘုန်းရောင်လှစ်ကြကုန်သော။
သုရာဇာနော=မဟာသမ္မတ ဤသို့စသည့် ဘုရားအလောင်း ရှေးမင်းကောင်းတို့သည်။
ပဇံ=တိုင်းသားပြည်သူ ဗိုလ်လူအပေါင်းကို။
ဓမ္မေန=ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။
ရက္ခိံသု ယထာ=မိဘအရာ တည်နေကာဖြင့် ပြစ်ဆာမလိမ်း ရန်မာန်ငြိမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ကုန်သကဲ့သို့။
တထေ၀=ထိုဘုရားအလောင်း ရှေးမင်းကောင်းတို့ အတူသာလျှင်။
ရာဇာ=နှလုံးဉာဏ်ရည် လက်ရုံးရည်ဖြင့် မြန်ပြည်ထောင်စု စိုးမိုးပြုသား သမုတိနတ် တို့မင်းမြတ်သည်။
ဣမံ ပဇံ=မေတ္တာချည်နှောင် ညီနှင့်နောင်ဟု ပြည်ထောင်စုသား ဤလူများကို။
ဓမ္မေန=ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။
အတ္တနော ပဇံ ဣ၀=ရင်မှပေါက်ဖွား မိမိသားကဲ့သို့။
ရက္ခတု=မေတ္တာ ကရုဏာ ဖြန့်ချိကာဖြင့် သဒ္ဓါဆော်နှိုး ဗြဟ္မစိုရ်မိုးကို စွေဖြိုးသွန်ကာ တိုင်းရပ်သာအောင် ပညာဝုန်တောက် တံခွန်ဆောက်၍ စောင့်ရှောက်ချီးပင့်နိုင်ပါစေသတည်း။
( အဋ္ဌသာလိနီကျမ်း နိဂုံးမှ ဖြစ်၍ မဟာဗုဒ္ဓ၀င် ဆဋ္ဌမတွဲ ဒုတိယပိုင်းမှ အနက်ပြန် ဖြစ်ပါသည်။)

Thursday, February 25, 2010
အောင်ခြင်းရှစ်ပါး ဂါထာ
မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။
နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။
ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။
၁။ မာရံ=ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ၀ဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွံ့ဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။
၂။ ယက္ခံ=စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။
၃။ ဂဇံ=ဆယ့်ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေ၀ဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။
၎။ စောရံ=သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျင်ပြင်း တဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို ဓားလှံစွဲကာ ဖမ်းသတ်ကာလျှင် ယူခါလက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး သူခိုးကြီကိုလည်းကောင်း။
၅။ စိဉ္စမာနဉ္စ=ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပြေပြစ် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူ့ဖျား ကျွန်မအားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိပ်ရာမပြင် သူတော်စင်သို့ မမြင်သော့ထွေ ဣနြေ္ဒနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဉ္စမာမည်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။
၆။ သစ္စကံ=၀ါဒတထောင် အာဂုံဆောင်၍ ဂုဏ်ရောင်လွှားပ မိုက်မာနကြောင့် အနိစ္စအနတ္တ သင်္ခါရကို နိစ္စအတ္တာ ထပ်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါခါ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကိုလည်းကောင်း။
၇။ နာဂံ=လေးလျံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့်ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသော ကြမ်းထန်းခက်ထန် မျက်စောင်းမာန်နှင့် ပဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပြသည့် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကိုလည်းကောင်း။
၈။ ဗကံ=သဿတဒိဋ္ဌိ မှားဘိအယူ မိစ္ဆာဟူသား ဘူဇဂမြွေ ကိုက်လေတုံလတ် အာဘဿရာ ဗြဟ္မာခပင်း တုံ့ဝပ်ခြင်းနှင့် ကြီးမင်းတေဇ တန်ခိုးပသား ဗကမည်သာ ထိုဗြဟ္မာကိုလည်းကောင်း။
အဇိနိ=တန်ခိုးဉာဏ်ရှိန် ၀ရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော်မူလေပြီ။
တံ တေဇသာ=ထိုသို့အောင်ခြင်း တရားမင်း၏ ထွန်းဝင်းတေဇော် အာနုဘော်ဖြင့်။
မေ=အကျွန်ုပ်အား။
ဇယျမင်္ဂလံ=ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။
ဟောတု=စင်စစ်မသွေ ဖြစ်ပါစေသတည်း။
ပဇာ သဗ္ဗာ သုဿယန္တု၊ ၀ုဋ္ဌဟန္တု သုမင်္ဂလာ။
ဒူသေန္တု ဒုဂ္ဂတိံ ဂါမိံ၊ ပူရေန္တု သဗ္ဗ ပါရမိံ။
ပဇာ သဗ္ဗာ=ကိုယ်စီကိုယ်င ကိုယ့်ဒေသ၌ ပျော်ကြစပ်ရာ သတ္တ၀ါဟူသမျှတို့သည်။
သုဿယန္တု=အိပ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။
သုမင်္ဂလာ=မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍။
ဝုဋ္ဌဟန္တု=ကောင်းစွာမိုးသောက် အလင်းရောက်လျက် ထမြောက်နိုးကြားကြပါစေကုန်သတည်း။
ဒုဂ္ဂတိံ ဂါမိံ=အပါယ်ဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို။
ဒူသေန္တု=သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။
သဗ္ဗပါရမိံ=အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီ ပါရမီအပေါင်း အကျင့်ကောင်းကို။
ပူရေန္တု=တဆင့်ထက်တဆင့် ရင့်ထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။
( အမရပူရ ဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ-ရေးဖွဲ့)

အောင်ခြင်း ဂါထာတော်
ဥုံ နမော တေ ၀ိဇေတုံ မေ၊ ဇယတော ဒဒတော ဇယံ။
နဋ္ဌထမ္ဘံ သဗ္ဗသန္တံ၊ ကရ မေ ဇယမင်္ဂလံ။
ဥုံ=အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်ကာ မယှဉ်သာအောင် မင်္ဂလာကြီး ဖြစ်ပါစေသတည်း။
နဋ္ဌထမ္ဘံ=ထောက်ပံ့မည့်သူ ကူညီမည့်နတ် ရံပတ်ဝဲယာ ဗြဟ္မာလည်း မရှိပါဘဲ။
သဗ္ဗသန္တံ=ကိုယ်နေရှိန်မပျက် တသိန်းထွက်ဖို့ ငြိမ်သက်ဖွေးဖြူ အေးအေးလူလူသာလျှင်။
ဇယတော=ပါရမီစက်ဟုန် လက်နက်စုံဖြင့် ချက်ကုန်မလွဲ ပွဲတိုင်းမရှောင် နွှဲတိုင်းပင် အောင်မြင်တော်မူပေထသော။
ဇယံ ဒဒတော=အောင်ရာစည်းကမ်း အောင်နည်းလမ်း၌ မှီးငြမ်းမလစ် အသစ်အဆန်း တစ်ဂဏန်းက မှန်းဆ၍မျှော် ပန်းရအောင်လည်း လမ်းပြပေးသနားတော်မူပေထသော။
တေ တ၀=မကိုဋ်ရောင်လျှံ ဥသျှောင်ပျံမှာ အောင်လံစွင့်စွင့် လွှင့်တလူလူ အောင်တော်မူ မြတ်ဘုရားအား။
မေ အမှာကံ=မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော် ဘုရားတပည့်တော်တို့၏။
ဝိဇေတုံ=မရှောင်ခပင်း အခေါင်နှင်း၍ အောင်ခြင်းကြီး အောင်ပါရခြင်း အကျိုးငှါ။
နမော=အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို အမျိုးစုံ မှန်းဆ၍ တမ်းတရှိခိုးပါ၏ဘုရား။
မေ အမှာကံ=မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော် ဘုရားတပည့်တော်တို့အား။
ဇယမင်္ဂလံ=အောင်ရန်အတိတ် အောင်နိမိတ်ဖြင့် အောင်ဘိသိက်သွင်း အောင်ဟိတ်ကျင်းလျက် အောင်ခြင်းဆင်ကာ မင်္ဂလာကို။
ကရ=သပြေအနု ငွေခရုဖြင့် ဇေယျတုပုံ မေရုတုန်အောင် အဖုံဖုံ အမှုအေးစေဖို့ ပြုပေးတော်မူပါ့ အောင်တော်မူ အရှင်မြတ်ကြီးဘုရား။

နှဲကြိုးဆရာတော် ဦးသီလက္ခန္ဓ-၏ ရောင်ခြည်တော်ဖွင့် ဘုရားပင့်
စတုက္ကရံသိ နိက္ခန္တာ၊ မေရုရာဇာ ဂီရုတ္တမော။
သောဘတေ၀ သကာဘာယ၊ သြဘာသယံ သမန္တတော။
တထာဝ သောဘနော ဗုဒ္ဓေါ၊ ဆဗ္ဗဏ္ဏရုစိယာ ဘ၀ံ။
အနန္တဇုတိမာ ဘန္တေ၊ ဂန္တွာ မေ ဌာတု သီသကေ။
ဂိရုတ္တမော=ကမ္ဘာပေါ်တွင် ထင်ရှားရှိသမျှ တောင့်တကာ့ထွတ်မှူး တောင်ဦး တောင်မြတ်ကြီး ဖြစ်ပေထသော။
စတုက္ကရံသိနိက္ခန္ဓာ မေရုရာဇာ=ရွှေ, ငွေ, မြ, ဖန် လေးတန်ရောင်ခြည် ထွက်လည်ကွန့်မြူး တင့်ထူးလျှံမြိုင် မဏ္ဍိုင်ဗွေချက် နေစက်လစက် နက္ခတ်တာရာ ကြယ်တကာတို့ ၀ဲယာပတ်ဝိုက် ဦးတိုက်ကြရာ မဟာမြင်းမိုရ် တောင်မင်းသည်။
သကာဘာယ=၀ါဝင်းရောင် ဖြူဝင်းရောင် စိမ်းလဲ့ဝင်းရောင် ဖန်ဝင်းရောင် မှန်ဝင်းရောင် နေရောင်လရောင်တည်းဟူသော မိမိအရောင်အ၀ါဖြင့်။
သမန္တတော=နှစ်ထောင်ကျွန်းငယ် လေးသွယ်ကျွန်းကြီး သီးသီးမွမွ အဏ္ဏ၀လေးသွယ် မြစ်ငယ်ငါးရာ ငါးဖြာမြစ်မ ရှိသမျှအကုန် လုံးစံဒီပါ ရပ်ဒိသာ၌။
သြဘာသယံ သြဘာသယန္တော=ထွန်းလင်းတောက်ပြောင် မြင်းမိုရ်တောင်သာစေလျက်။
သောဘတေ ဣ၀=လေးကျွန်းအလယ် လွန်တင့်တယ်သကဲ့သို့။
တထာဝ=ထိုမြင်းမိုရ်တောင်ကြီး ပုံမှီးစံယူ အလားတူသာလျှင်။
ဆဗ္ဗဏ္ဏရုစိယာ=(၁) ကြာညိုရောင်၊ မဲညိုရောင်၊ ပုလဲညိုရောင်၊ ဖဲညိုရောင်၊ မြစိမ်းညိုရောင် အဆင်းကဲ့သို့ ညိုဝင်းသော ရောင်ခြည်တော်။
(၂) နေမင်းရောင်၊ ရွှေအဆင်းရောင်၊ ပယင်းဝါရောင်၊ ပုလဲဝါရောင်၊ ဖဲဝါရောင်၊ ပတ္တမြားဝါရောင် အဆင်းကဲ့သို့ ၀ါဝင်းသော ရောင်ခြည်တော်။
(၃) တိမ်နီရောင်၊ စိန်နီရောင်၊ ကြာနီရောင်၊ သာကီရောင်၊ ကမ္ဗလာနီရောင်၊ သန္တာနီရောင်၊ ပတ္တမြားနီရောင် အဆင်းကဲ့သို့ နီဝင်းသော ရောင်ခြည်တော်။
(၄) ဘော်သာခွါရောင်၊ သော်တာလရောင်၊ မကန်းအဖြူရောင်၊ ဂွမ်းအဖြူရောင်၊ စံပယ်အဖြူရောင်၊ ကြယ်အဖြူရောင်၊ ၀ရဇိန်အဖြူရောင်၊ ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူဝင်းသော ရောင်ခြည်တော်။
(၅) မည်းရောင်၊ နီရောင်၊ ညိုရောင်ထည့်လောင်း ယှက်ကူးပေါင်းသဖြင့် မည်းမှောင်မှိုင်းအုံ ရီမှုန်သောအဆင်းရှိသော မဉ္ဖိဋ္ဌရောင်ခြည်တော်။
(၆) မင်းလွင်မြူးခုန် ကဆုန်မာသ ခါသမယ၌ မိုးဝပြင်ကျယ် ကောင်းကင်လယ်က လျှပ်ပန်းနွယ်ယှက်ကူး ပိုးစုန်းကြူးသဏ္ဍာန် မီးလျှံတွေပျံသလို အလျှံတလဲ့လဲ့ တက်တဲ့ချည် သက်တဲ့ချည် ဆင်းတဲ့ချည် ပျံတဲ့ချည် ထိုမှာဤမှာ ဤမှာထိုမှာ လူးလာပြိုးပြက် တခဲနက်သော ပဘဿရ ရောင်ခြည်တော် တည်းဟူသော ခြောက်သွယ်သော ရောင်ခြည်တော်အပေါင်းတို့ဖြင့်။
သောဘနော=မြင်သူအများ ရှုမအားအောင် ကြွားကြွားဆင့်ဆင့် ကားကားပွင့်၍ တင့်တယ်တော်မူပေထသော။
ဗုဒ္ဓေါ=ဒုက္ခသမုဒယ နိရောဓနှင့် မဂ္ဂတဖြာ လေးသစ္စာကို (၀ါ) သစ္စာလေးရပ် တရားမြတ်ကို လူနတ်အများ သိထင်ရှားအောင် ဟောကြားမြွက်ဖော် ဆုံးမတော်မူပေထသော။
ဘန္တေ=ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။
အနန္တဇုတိမာ=မြေအဆုံး မိုးအဆုံး စကြာဝဠာဆုံးအောင် အုပ်ဖုံးဖြန့်မိုးခြင်းငှါ စွမ်းနိုင်ရာသောကြောင့် မိုင်တာကောသ ဂါဝုတ ယူဇနာ သင်္ချာပမာဏ ဂဏန်းပြလည်း မရနိုင်ချေ။ အပ္ပမေယျ အနန္တဆိုတဲ့ ရောင်ခြည်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူပေထသော။
ဘ၀ံ=ကျေးဇူးတော်အစုံ ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရားကြီးသည်။
အာဂန္တွာ=တရာ့ရှစ်ကွက် ရွှေစက်အစုံ ကြာပဒုံကို ညွတ်ရုံဖြန့်မြန်း ကြွလှမ်းတော်မူခဲ့၍။
မေ-အမှာကံ=ဘုရားတပည့်တော် တပည့်တော်မတို့၏။
သီသကေ=ဦးခေါင်းရတနာ မြတ်အင်္ဂါထက်၌။
ဌာတု=မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် ရပ်တန့်ရွှင်ကြည် တည်နေ သီတင်းသုံးတော် မူလှည့်ပါ ရွှေဘုန်းတော်သခင် အရှင်သူမြတ်ကြီးဘုရား။

လယ်တီပဏ္ဍိတ ဦးမောင်ကြီး-၏ ရောင်ခြည်တော်ဖွင့် ဘုရားပင့်
နီလာ နီလာ နိစ္ဆရန္တိ၊ ပီတာ ပီတာ စ ရံသိယော။
လောဟိတာ လောဟိတာ စာဘာ၊ သြဒါတာ ဒါတရံသိယော။
ပဋ္ဌာနံ=နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။
သမ္မသန္တဿ=အနုလုံ ပဋိလုံ အစုံအဆန် အဖန်ဖန် အထပ်ထပ် သုံးသပ်ဆင်ခြင်တော်မူသော ဘုရားရှင်ကေိုယ်တော်မြတ်၏။
နီလာ=ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသော အရပ်ဌာနမှ။
နီလာ=ကြာညို ခွာညို ရတနာညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ=နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
ပီတာ စ=သိင်္ဂီရွှေလှော် အရေတော်မှလည်း။
ပီတာ=မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပ၀င်းကုန်သော။
ရံသိယော=၀ါရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓာတ်တို့သည်။

လောဟိတာ=အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖ၀ါးတော် လက်ဖ၀ါးတော်စသော ကိုယ်တော်အစိတ်စိတ်မှ။
လောဟိတာ=ခေါင်ရမ်း နှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်း ရှိကုန်သော။
အာဘာ=နီရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓာတ်တို့သည်။

သြဒါတာ=စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံ မွေရှင်တော်ဓာတ်မှ။
သြဒါတရံသိယော=စံပယ် ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ၀တ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော်ဓာတ်တို့သည်။

တမှာ တမှာ စ မဉ္ဖိဋ္ဌာ၊ ပဘာသန္တိ ပဘဿရာ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသိယော၊ ဌာတု မေ ဘဂ၀ါ သိရေ။
တမှာ တမှာ=အထက် ဆံဖျားတော် တလျှောက်မှ အောင်ခြေဖ၀ါးတော်တခို ထိုထိုကိုယ်တော်အစိတ်မှ။
မဉ္ဖိဋ္ဌာ စ=ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေေ၀ တပြောင်ပြောင် သပြေရောင် အဆင်းကဲ့သို့ ထိန်ဝင်းညိုမှောင်သော ရောင်ခြည်တော်တို့သည်လည်းကောင်း။
ပဘဿရာ စ=နတ်မီးအရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်ပြက်သော ရောင်ခြည်တော်တို့သည် လည်းကောင်း။
ပဘာသန္တိ=နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
ဧ၀ံ=ဤသို့ ရောင်ခြည်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း။
ဆဗ္ဗဏ္ဏရံသိယော=အညိုတဖြာ အ၀ါတလီ အနီတဆူ အဖြူတကြောင်း အမောင်းတချက် ပြိုးပြက်ငွားငွား ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင် စိုးပိုင်ရရှိတော်မူပေထသော။
ဘဂ၀ါ=ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွတ်ရုံး အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော။
သော=ထိုသုံးလောကညွှန့်ဖူး နိဗ္ဗာန်မှူးဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည်။
မေ=ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏။
သိရေ=ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွတ်ပေါ်၌။
ဌာတု=ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောကကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား။

ပလ္လင်ဖွင့် အောင်တော်မူ အာသီသဂါထာ
ဗောဓိမူလေ ပလ္လင်္ကမှိ၊ မာရံ သသေန အာဝုဓံ။
ဂဟေတွာ ပါရမိံ ခဂ္ဂံ၊ ယော ဇိနာတိ ဇယုဿဝေါ။
သဗ္ဗဝေရီ ပဟန္တွာန၊ သော ဝေါ ဒေတု ဇယံ ၀ရံ။
ဇယုဿဝေါ=လောကဓာတ် တိုက်ခရိုင်မှာ ဘယ်သူပဲပြိုင်ပြိုင် အောင်နိုင်စွာ ပွဲဖွင့်၍ ရဲရင့်သည့် သတ္တိထူးဖြင့် အောင်ပွဲမှူး ဖြစ်တော်မူပေသော။
ယော ဇိနော=အောင်ပွဲသခင် အကြင်သို့သော ရှင်တော်မြတ်ဘုရားသည်။
ဗောဓိမူလေ=မြေများဦးကိုင် မဏ္ဍိုင်သီရိ ဗောဓိသစ်မင်း ပင်ခြေရင်း၌။
ပလ္လင်္ကမှိ=န၀ရတ်ကိုးသွယ် ဖြိုးကြွယ်ရောင်လျှမ်း လောင်ခမန်းလင်းထိန်၍ န၀င်းအိမ် စက်ပန်းဖြင့် တက်လှမ်းစံနေတော်မူရာ ရတနာအမြုတေ ကျက်သရေညွတ်ရုံး အထွတ်ဆုံးမှန်ပေသော ပလ္လင်ဗွေဌာန၌။
နိသိန္နော=လေးသစ္စာဖူးခိုင်ကို ခူးနိုင်အောင်ခူးမည်ဟု ရည်စူးချက်အဓိဋ္ဌာန်ဖြင့် စိတ်သန်သန် စံနေတော်မူလျက်။
သသေန အာဝုဓံ=၀ဲ ယာ ရှေ့ နောက် တောင်ကြီးတွေပေါက်သလို ဘယ့်ကလောက်အင်အား ကုဋေပေါင်းမည်မျှများသည်ဟု တွက်သားမရနိုင်စဖွယ် ကြီးကျယ်ငြိမ့်ငြောင်း စစ်သည်ပေါင်းနှင့် အစောင်းထက်မြက် လက်နက်အစုံစုံ မီးကုန်ယမ်းကုန် စွမ်းဟုန်နှင့်တကွ ချီတက်၍လာသော။
မာရံ=လောကဓာတ်တခွင်လုံးကို သိမ်းကျုံးကာစိုးပိုင်၍ ငါ-လက်ကိုင်လုပ်မည်ဟု ယုတ်မာတဲ့ကြံအားဖြင့် မာန်ပွားတောက်လောင် မာရ်နတ်မိုက် အယုတ်ကောင်ကို။
ပါရမိံ ခဂ္ဂံ=တသိန်းနှင့်လေးသင်္ချေ ဘ၀တိုင်း ပျက်မသွေအောင် အထွေထွေဆည်းပူး၍ ဖြည့်ဖူးတဲ့ မဟာဝသီ ပါရမီထက်မြက် လက်သုံးတော် စိတ်သန်လျက်ကို ။
ဂဟေတွာ=ရန်မူဖို့ ပြိုင်လာလျှင် အနိုင်သာခွင်းမည်ဟု ရဲတင်းစွာ စွဲကိုင်တော်မူပြီးသော်။
ဇိနာတိ=ခုတ်ထွင်ဖြတ်ပိုင်း၍ အလိုရှိတိုင်း အောင်မြင်တော်မူလေ၏။
သော ဇိနော=ဗောဓိပင်ခြေ ပလ္လင်ဗွေ၌ အသင်္ချေမာရ်ဂိုဏ်းကို ခုတ်ပိုင်းဖျက်ချိုး၍ စက်တန်ခိုးဖွင့်တော်မူသော ထိုမြတ်စွာဘုရားသည်။
သဗ္ဗဝေရီ=အတွင်းရန် အပြင်ရန် ဘေးဒဏ်အန္တရာယ် အသွယ်သွယ်ရှိသမျှ အနိဋ္ဌအလုံးစုံတို့ကို။
ပဟန္တွာန=ကိုယ်တော့်တန်ခိုး စွမ်းကုန်နှိုး၍ ဖျက်ချိုးပယ်လှန်လျက် နယ်ကန်တော်မူပြီးသော်။
ဝေါ=အခါတော်ပွဲ ဆင်နွဲဘိတောင်း အသင်သူတော်ကောင်းတို့အား။
ဝရံ=ကြုံခဲရခဲ တွေ့ခဲဘိတောင်း အကောင်းဆုံး ထူးချွန်၍ အမွန်အမြတ်ဆုံးဖြစ်သော။
ဇယံ=အတွင်းရန် အပြင်ရန်တို့ကို ပစ္စုပ္ပန်မှာလဲအောင် နောင်ခါလဲ အနိုင်ရ ဖြစ်လေရာ ဘ၀ါဘ၀မှာ မဟာဇယဆိုတဲ့ အောင်ပွဲကို။
ဒေတု=ဒုက္ခကင်းဝေး ရန်ဘေးမဆိုက် အခေါင်ခိုက်၍ ချမ်းသာသိုက် အရတူးရအောင် အထူးသဖြင့် ပေးသနားတော်မူပါစေသတည်း။
( လယ်တီပဏ္ဍိတ-၏သာဓုသုန္ဒရီ ယပ်လှဲ စတုတ္ထတွဲမှ ဂါထာဖြစ်ပါသည်။)

Wednesday, February 24, 2010
ဇယစက္က မြတ်ဗုဒ္ဓ ဘုရားရှိခိုးတော်ကြီး
ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော=ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ=အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတဗ္ဗေ=အောင်အပ်သည့်တရား မာရ်ငါးပါး အပေါင်းတို့ကို။
ဇယန္တော=အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ=မြတ်နိဗ္ဗာန် အောင်ခန်းနှင့် အောင်ဘိသိက်ပန်းမဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သူတို့အား။
ဇယာပေသိ=ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍ ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်မူလေပြီ။
ဇယုတ္တရော=အောင်သူတကာတို့၏မှန်ကင်း အောင်ခြင်းတကာတို့၏ ဥသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပေထသော။
သော ဇယစက္ကော=အလုံးစုံ အောင်ခြင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
မေ=မြတ်နိဗ္ဗူအောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား။
ဇယံ=အောင်ခြင်းကို (၀ါ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို။
ဒေတု=ပေးသနားတော်မူပါ အရှင်ဘုရား။

အခါတော် ရ-ပါး ဘု၇ားရှိခိုး
သြက္ကန္တော ဂုရုဝါရမှိ၊ ၀ိဇာယိ သုက္က၀ါသရေ။
နိက္ခမေ စန္ဒ၀ါရမှိ၊ သမ္ဗုဇ္ဈိ ဗုဒ္ဓ၀ါသရေ။
သောရိဝါရေ ဓမ္မစက္ကံ၊ အင်္ဂ၀ါရေ ပရိနိဗ္ဗုတော။
တေဇောဒဍ္ဎော အာဒိစ္စမှိ၊ သတ္တ၀ါရ မဟံ နမေ။
ဗောဓိသတ္တော=ဂေါတမဘုရားအလောင်းတော်သည်။
ဂုရုဝါရမှိ=အာသဠှီနက္ခတ်နှင့် ယှဉ်လျက် ခြောက်ဆယ့်ခုနစ်ခု ၀ါဆိုလပြည့် ကြာသပတေးနေ့၌။
သြက္ကန္တော=မယ်တော်မာယာ ၀မ်းတိုက်၌ ကိန်းဝပ်သန္ဓေ တည်နေတော်မူ၏။
သုက္က၀ါသရေ=၀ိသာခါနက္ခတ်နှင့်ယှဉ်လျက် ခြောက်ဆယ့်ရှစ်ခု ကဆုန်လပြည့် သောကြာနေ့၌။
ဝိဇာယိ=မယ်တော်မာယာ ၀မ်းတိုက်သာမှ ငြိမ်းချမ်းသာယာ ရောဂါဘယ ဒုက္ခစင်ဖြူ ဖွားမြင်တော်မူ၏။
စန္ဒ၀ါရမှိ=ဥတ္တရာသဠ်နက္ခတ်နှင့်ယှဉ်လျက် ကိုးဆယ့်ခုနစ်ခု ၀ါဆိုလပြည့် တနင်္လာနေ့၌။
နိက္ခမေ=မြင်းတော် ကဏ္ဍက ကျွန်ဆန္နနှင့် ညဥ့်ယာမ်သန်းခေါင် ကာမဘောင်မှ ခွါရှောင်စွန့်လျက် နော်မာဘက်သို့ တောထွက်တော်မူ၏။
ဗုဒ္ဓ၀ါသရေ=၀ိသာခါနက္ခတ်နှင့်ယှဉ်လျက် တရာ့သုံးခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌။
သမ္ဗုဇ္ဈိ=ရှေးရှေးလူဆွေ ကဲ့သို့ပေလျှင် သဗ္ဗေဓမ္မာ များစွာဥဿုံ အလုံးစုံကို အကုန်သိမြင် ဘုံသုံးခွင်၌ ဂုဏ်အင်ကြီးမား ကျော်ထင်ရှားလျက် ဘုရားဖြစ်တော်မူ၏။
သောရိဝါရေ=ဥတ္တရာသဠ် နက္ခတ်နှင့်ယှဉ်လျက် တရာ့သုံးခု စနေနေ့၌။
ဓမ္မစက္ကံ=မြင်းမိုရ်တောင်လုံး ပန်းကုံးရတနာ နတ်တန်ဆာဖြင့် ဗြဟ္မာသဟံ တောင်းပန်လျှောက်လာ ကြောင်းခြင်းရာကြောင့် မိဂဒါဝုန် ရဂုံမြိုင်နက် ပဉ္စ၀ဂ်အား ဓမ္မစကြာ ဒေသနာကို မြတ်စွာဘုန်းလူ ဟောတော်မူ၏။
အင်္ဂ၀ါရေ=၀ိသာခါနက္ခတ်နှင့် ယှဉ်လျက် တရာ့လေးဆယ်ရှစ်ခု ကဆုန်လပြည့် အင်္ဂါနေ့၌။
ပရိနိဗ္ဗုတော=နှစ်ဆယ်လွန်လေ လေးသင်္ချေနှင့် ကုဋေခြောက်ဆယ် ဗိုလ်ဝယ်တသိန်း တွက်ကိန်းများစွာ ဝေနေယျာကို ခေမာနိဗ္ဗာန် ရောက်စိမ့်သန်လျက် ဆန်တက်ခပ်လှော် ပို့ပြီးသော်မှ သက်တော်ရှစ်ဆယ် ၀ါဝယ်သော်ကား လေးဆယ့်ငါးတွင် တရားမြတ်မွန် မြို့သီဝံသို့ ၀င်စံတော်မူ၏။
အာဒိစ္စမှိ=တနင်္ဂနွေနေ့၌။
တေဇောဒဍ္ဎော=လူနတ်ဗြဟ္မာ ရာဇာမင်းတို့ လောင်စိမ့်ရှို့လည်း လောင်ဘို့ဝေးနော် လောင်းကိုယ်တော်ကို သြော်သြော် အံ့သြ မြင်တိုင်းမောအောင် တေဇောထ၍ လောင်တော်မူ၏။
ဗုဒ္ဓဿ=ဂေါတမ မြတ်စွာဘုရား၏။
သတ္တ၀ါရံ=နေ့ထူးနေ့မြတ်ဖြစ်သော အခါတော် ၇-ပါးကို။
အဟံ=အကျွန်ုပ်သည်။
နမေ နမာမိ=ကာယ၀စီ မနောချီလျက် သုံးလီဒွါရ ပဏာမဖြင့် ကြည်စွသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။

အမေရိကန်နိုင်ငံရှိ စတိတ်များ
| 1 | Al | |
| 2 | AK | |
| 3 | AZ | |
| 4 | AR | |
| 5 | CA | |
| 6 | CO | |
| 7 | CT | CONNECITCUST |
| 8 | DE | |
| | DC | |
| 9 | FL | |
| 10 | GA | |
| 11 | HI | |
| 12 | ID | |
| 13 | IL | |
| 14 | IN | |
| 15 | IA | |
| 16 | KS | |
| 17 | KY | |
| 18 | LA | |
| 19 | ME | |
| 20 | MD | |
| 21 | MA | |
| 22 | MI | |
| 23 | MN | |
| 24 | MS | |
| 25 | MO | |
| 26 | MT | |
| 27 | NE | |
| 28 | NV | |
| 29 | NH | |
| 30 | NJ | NEW |
| 31 | NM | |
| 32 | NY | |
| 33 | NC | |
| 34 | ND | |
| 35 | OH | |
| 36 | OK | |
| 37 | OR | |
| 38 | PA | |
| 39 | RI | |
| 40 | SC | |
| 41 | SD | |
| 42 | TN | |
| 43 | TX | |
| 44 | UT | |
| 45 | VT | |
| 46 | VA | |
| 47 | WA | |
| 48 | WV | |
| 49 | WI | |
| 50 | WY | |
| | | |
စိန်ရောင်ခြည် ဘုရားပင့်
အင်္ဂီရသဿ ဥဏ္ဏာယ၊ ဒါဌာဟိ သေတရံသိယော။
ဝဇိရာဝ ၀ိရောစန္တိ၊ ဇိနော မေ ဌာတု သီသကေ။
အင်္ဂီရသဿ=အယုတ်အလတ်၊ အမြတ်ပိုင်းခြား၊ လွန်ကြိုးစား၍၊ သုံးပါးဆယ်လီ၊ ပါရမီတော် အဟုန်တို့ကြောင့်၊ ခြောက်စုံရောင် ကွန့်မြူးလျက်၊ အင်္ဂီရသဆိုတဲ့ ဘွဲ့ထူးကို၊ အံ့ကြူးခံ့ခိုင်၊ ဖက်မပြိုင်အောင်၊ လက်ကိုင်ရရှိတော် မူသော ရှင်တော်မြတ်ဘုရား၏။
ဘမုကန္တရေ=မျက်ခုံးတော်နှစ်သွယ်၊ အလယ်ဗဟိုတည့်တည့်အရပ်၌။
သဉ္ဖာတာယ=နုဖြူထွားထွား၊ ကောင်းစွာပေါက်ဖွား၍ လာသော။
ဥဏ္ဏာယစ=ဆွဲလို့ဆန့်လျှင်၊ နှစ်တောင်ခန့်ရှည်လျားသဖြင့်၊ စိန်သားနှစ်အသွင်၊ ငွေနန်းချည်အမျှင်ကဲ့သို့၊ ဖြူစင်ဝင်းသစ်၊ လက်ယာရစ်ခွေရုံ၊ စိန်ကြယ်ပွင့်အနေပုံကဲ့သို့၊ ဥဏ္ဏလုံခေါ်၊ မွေရှင်တော် ဓာတ်ထူးမှ လည်းကောင်း။
ဒါဌာဟိစ=ပတ္တမြားခေါင်ရမ်း၊ နှင်းဆီပန်းကဲ့သို့၊ နီမြန်းသောနှုတ်ခမ်းတော်တို့ဖြင့်၊ မပေါ်အောင် ဖုံးပိတ်၍ထားအပ်သော၊ သွားတော်လေးဆယ်၊ စွယ်တော်လေးဆူ၊ ဖြူရာရာ ဓာတ်တော်တို့မှလည်းကောင်း။
သေတရံသိယော=ပုလဲစစ်ဟု၊ စိန်စစ်နမူ၊ ဘော်ဖြူ ငွေရွက်၊ ဖြန့်ကျက်စီချယ်၊ ငွေကြယ်ရောင်သန်း၊ ကေလာသငွေတောင်ကို၊ နေအရောင်လွှမ်းဘိသကဲ့သို့၊ မြတ်လေးပန်းစပယ်ငုံ၊ ကြာဖြူပွင့်ဝတ်ဆံမှုံလို၊ ပုံပမာကပ်၊ တိမ်တောင်ကို စိန်ရောင်ဟပ်ဘိသကဲ့သို့၊ တလျှပ်လျှပ် တဖိတ်ဖိတ်၊ တရိပ်ရိပ်ထိန်ပြောင်ကြည်တဲ့၊ စိန်ရောင်ခြည်ဓာတ်၊ ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်။
ဝဇိရာဝ=စိန်နှစ်စိန်သွေး၊ ဖြူဖွေးတောက်ပြောင်၊ စိန်သားတောင်ကြီးကဲ့သို့။
ဝိရောစန္တိ=ဖူးမြင်ရသူတို့၏ အထူး၊ ဘ၀င်မှာ ကြည်နူးလောက်အောင်၊ ရွှင်မြူးတက်ကြွ၊ ဖက်မမျှသဖြင့်၊ လှပဆန်းကြယ်၊ တင့်တယ်တော်မူကြပါပေကုန်၏။
သောဇိနော=ထိုထူးထွေဆန်းလည်၊ စိန်ရောင်ခြည်တို့ကြောင့်၊ အင်္ဂီရသံ၊ ဘွဲ့ထူးခံသည့်၊ ငါးမာရ်အောင်ပြီး၊ ဘုရားကိုယ်တော်မြတ်ကြီးသည်။
မေ မမ=ရုပ်နာမ်နှစ်ဖြာ၊ ဟုတ်မှန်ရာကို၊ သက္ကာယစွဲ၊ အထင်လွဲ၍၊ ငါဘဲသမုတ်၊ အကျွန်ုပ်၏။
သီသကေ=ကိုယ်ဒြပ်တွင်၊ အမြတ်တင်သည့်၊ ဦးသီသအပြင်၌။
ဌာတု=မယိမ်းမယိုင်၊ ကျောက်စာတိုင်ကဲ့သို့၊ ခိုင်ခိုင်မတ်မတ်၊ ရပ်တန့်တည်နေတော်မူလှည့်ပ၊ စိတ်ရောင်ခြည် နေတနှုန်းကဲ့သို့၊ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့
( ကြည်နူးဖွယ်ကောင်း လတပေါင်း )
အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊ ဇလေသိနော ဆဒနံ ၀ိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား။
ဒါနိ-ဣဒါနိ=ဆောင်းကိုလွန်မြောက် နွေးဦးပေါက်သို့ ရောက်လတ်တုံလာ ယခုအခါ၌။
ဒုမာ=တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။
ဆဒနံ=ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို။
ဝိပ္ပဟာယ=စွန့်ပယ်သောထွေ ကြွေကျကုန်၍။
ဖလေသိနော=အသစ်ဖြစ်သော အသီးကို ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍။
အင်္ဂါရိနော=မီးကျီးအသွေး နီးတွေးသော ရွက်နု အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။
တေ=ထိုသစ်ပင်အပေါင်းတို့သည်။
အစ္စိမန္တောဝ=ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍ သာလျှင်။
ပဘာသယန္တိ=ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပကြကုန်၏။
မဟာဝီရ=ကြီးမြတ်သော ၀ီရိယရှိတော်မူသော မြတ်စွာဘုရား။
အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ငြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော=ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သောအချိန်ပါဘုရား။
( ဒေါင်းသံသာစွ တပေါင်းလ)
မယူရသံဃာ ဂိရိမုဒ္ဓနသ္မိံ၊ နစ္စန္တိ နာရီဟိ သမင်္ဂီဘူတာ။
ကူဇန္တိ နာနာ မဓုရဿရေဟိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသော ရှင်ပင်မြတ်ဘုရား။
ဂိရိမုဒ္ဓနသ္မိံ=ကြွရာလမ်းတခွင် ၀ဲယာဖြစ်သော တောင်ထိပ်အပြင်၌။
မယူရသံဃာ=ဥဒေါင်းငှက် အပေါင်းတို့သည်။
နာရီဟိ=ကြင်ဖော်မှန်လှ ချစ်ဒေါင်းမတို့နှင့်။
သမင်္ဂီဘူတာ=တကွယှဉ်နွဲ မောင်နှံတွဲကြကုန်သည်ဖြစ်၍။
နစ္စန္တိ=အမြီးကိုထောင် အတောင်ကိုကော့ ခေါင်းကိုမော့၍ ကျော့ကျော့ရွှင်ဖြိုး တင့်စနိုးလျှင် ရှေ့ထိုးနောက်ငင် လူ့အသွင်သို့ မြူးရွှင်ကခုန်ကြကုန်၏။
နာနာ မဓုရဿရေဟိ=အထူးထူးအထွေထွေ အိုးဝေ အိုးဝေ ဟူသော သာယာသော အသံတို့ဖြင့်။
ကူဇန္တိ=ဘာသာမဂဓ သဘာဝဖြင့် တွန်ကြမြူးကြ ကျူးရင့်ကြကုန်၏။
မဟာဝီရ=ကြီးမြတ်သောဝီရိယ ရှိတော်မူသော မြတ်စွာဘုရား။
အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော=ဖွားရာဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျှောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
( တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ သိမှတ်ဖွယ်ရာများ )
၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပါသည်။
၃။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်း ဖြစ်ကုန်ကြပါသည်။
၎။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄-ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။
၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ) ဒေသစာရီ ကြွချီတော်မူပါသည်။
( ဖြစ်ပေါ်လာသော အကျိုးဆက်များ )
မြတ်စွာဘုရား ကပိလ၀တ် နေပြည်တော်သို့ ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ-
* နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။
* သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရ၀ဿမိုးကို ရွာသွန်းစေခြင်း။
* ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း။
* မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်ကြီး အနာဂါမ်တည်ပြီး နောင်အခါ အရဟတ္တဖိုလ်တည်ခြင်း၊ မိထွေးတော်ဂေါတမီ သောတာပန်တည်ခြင်း၊ နောင်သောအခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့် ကြုံခြင်း။
* ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကြီး ဟောကြားခြင်း။
* ဇနပဒကလျာဏီ၏ ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း။
* သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘ၀သို့ ရောက်ရှိခြင်း။
* သာကီဝင်မင်းမျိုးမှ မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ခြင်း။
* ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ-ဧတဒဂ်ကို ချီးမြှင့်တော်မူခြင်း။
* အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓ၀င် ဒေသနာကို ဟောကြားတော်မူခြင်း-
စသော အကျိုးဆက်များ ဖြစ်ပါသည်။
( ကာဠုဒါယီ လျှောက်ထားသည့် နောက်ဆုံးဂါထာ)
နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗ္ဘိက္ခ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။
မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား-
ဆောင်းနှောင်းနွေးဦး တပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား၊ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား၊ မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်း နေပါသည်ဘုရား၊ ဆောင်းနှောင်းနွေဦး တပေါင်းလဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ ကြွချီရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
( ရှင်အုန်းညို ရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ် )
လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။
အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။
တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ သိကောင်းဖွယ်ရာများ ဤတွင်ပြီးဆုံး၏။
( မာဂဓီ သာစည်-၏ အခါတော်နေ့များမှ )

Sunday, February 21, 2010
သူ့ခေါင်းပေါ်က ကြာပဒုမ္မာ
မိတ္တ၀ိန္ဒကသည်ကား ကုဋေလေးဆယ် ကြွယ်ဝသော သူဌေးသားတယောက် ဖြစ်၏။ ဖခင် သူဌေးကြီး ကွယ်လွန်သွားပြီးနောက် မိခင်တယောက်တည်း၏ အုပ်ထိန်းမှုဖြင့် ကြီးပြင်းလာခဲ့ရာ အရွယ်ရောက်လာသည်နှင့် တပြိုင်နက် ဖောက်ပြန်သည့်ဘက်သို့ ပါသွားတော့၏။ ကျောင်းကန်ဘုရားသို့ သွားရောက်ရန် လုံးဝစိတ်မပါဘဲ သူ့နည်းတူ လူပေါ်ကြော့များနှင့်သာ အချိန်ကုန်တော့၏။
ဤတွင် မိခင်သူဌေးမကြီးက သားဖြစ်သူကို ကောင်းရာမွန်ရာသို့ ရောက်အောင် ငွေနှင့်ဖြားယောင်းရတော့၏။
ကဲ အမေ့သား၊ မင်းမှာလဲ သောက်သောက်စားစား အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်ခဲ့ပြီ။ ဒီနေ့တော့ ဥပုသ်နေ့ပါ သားရယ်၊ ဒီတရက်ကလေးမှာ ကျောင်းကိုသွားပြီး ဥပုသ်စောင့်လိုက်စမ်းပါ။ ဥပုသ်ကထွက်တာနဲ့ တပြိုင်နက် အမေက ငွေတထောင် ပေးပါမယ့်။
အဟုတ်လား အမေ။ ငွေတထောင်ကြီးတောင် ရမှာဆိုတော့ သား ဥပုသ်စောင့်မှာပေါ့။ အခြား သူဌေးသားများ နည်းတူ သုံးစရာဖြုန်းစရာ ရလိုဇောဖြင့် မိတ္တ၀ိန္ဒကသည် ကျောင်းသို့သွား၍ ဥပုသ်သီလ ခံယူ၏။ အိမ်ပြန်လာလျှင် ဥပုသ်ကျိုးသွားမည်စိုး၍ ကျောင်းမှာပင် တနေကုန်အောင် ကြိတ်မှိတ်နေရ၏။
ညချမ်းအချိန်ရောက်သောအခါ ဓမ္မကထိက ရဟန်းတော်များက ဥပုသ်သည် ဒကာ ဒကာမများအား ညလုံးပေါက် အလှည့်ကျ တရားဟောကြားကြ၏။ မိတ္တ၀ိန္ဒကသည်ကား သူတကာတွေလို ရိုရိုသေသေ တရားနာမည့်အစား စိတ်တိုင်းကျ အိပ်၍ရနိုင်မည့်နေရာကိုသာ ရှာ၏။ လူသူလေးပါး အနှောင့်အယှက်ကင်းကင်းနှင့် အိပ်၍ ရနိုင်မည့်နေရာကို ရှာဖွေလာခဲ့ရာ နောက်ဆုံးတွင် ဓမ္မကထိကပုဂ္ဂိုလ်၏ တရားပလ္လင်အောက်မှာ တွေ့လိုက်ရ၏။ တပါးပြီးတပါး တရားမိုးကြီး ရွာသွန်းဖြိုးနေသည့်အသံကို မကြားတ၀က် ကြားတ၀က်ဖြင့် မိတ္တ၀ိန္ဒကသည် တခေါခေါ အိပ်နေလေတော့၏။
ဤသို့ဖြင့် နံနက်လင်း၍ အခြားသော ဥပုသ်သည်များနှင့်အတူ ကျောင်းမှပြန်လာခဲ့ရာ မိခင်က ယာဂုပူပူနွေးနွေးဖြင့် အသင့် ကြိုနေ၏။
ကဲ-အမေ့သား ဥပုသ်သည်ကြီး ဆာလာရော့မယ်၊ ဟောဒီမှာ ယာဂုလေး ပူပူနွေးနွေး သောက်လိုက်။
အမေကလဲဗျာ၊ ယာဂုကို အသာထားလိုက်စမ်းပါ။ ငွေတထောင်သာ အရင်ပေးစမ်းပါ။
ရမှာပေါ့ သားရယ်၊ အမေက ပေးမယ်ဆိုထားပြီပဲ။
ပေးမယ်ဆို ခုပေးဗျာ၊ ငွေတထောင်တိတိ ကျုပ်လက်ထဲရောက်လာမှ ခင်ဗျားယာဂုကို ကျုပ်သောက်နိုင်မယ်။
သြော်-အမေ့သားရယ်
သားဖြစ်သူ ဥပုသ်စောင့်ဖြစ်သဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်နေရသော မိခင်ကြီးမှာ ချက်ချင်းဆိုသလိုပင် ၀မ်းနည်းပက်လက်နဲ့ အသပြာတထောင်ထုပ်ကို သား၏လက်သို့ ထည့်ပေးလိုက်ရ၏။
မိတ္တ၀ိန္ဒကသည် ရလာသည့်ငွေတထောင်ကို ရက်ပိုင်းအတွင်းမှာပင် သုံးဖြုန်းပစ်လိုက်၏။ ဤကဲ့သို့ သုံးဖြုန်းမည်စိုးသဖြင့် မိခင်သူဌေးမကြီးကလည်း တဦးတည်းသောသားကို ပုံမအပ်နိုင်သေးဘဲ ထိန်းချုပ်ထားနေရခြင်း ဖြစ်၏။
မိတ္တ၀ိန္ဒကသည် သုံးစရာဖြုန်းစရာ လိုအပ်လာတိုင်း မိခင်ထံ လက်ဖြန့်ခံနေရသည်ကို စိတ်ပျက်လာ၏။ ငါသည်ကား သူဌေးသားတယောက်ပါကလား -ဟူသော မာနဖြင့် ကိုယ့်ဘာသာ ထွက်၍ စီးပွားရှာဖို့ အဆက်အသွယ်များ ရှာဖွေ၏။ ကံအားလျော်စွာပင် သမုဒ္ဒရာကိုဖြတ်၍ ကုန်ကူးနေကျ သင်္ဘောတစီးကလည်း ထွက်တော့မည့် ဆဲဆဲ ဖြစ်နေ၏။ ဤတွင် မိတ္တ၀ိန္ဒကသည် ထိုသင်္ဘောနှင့် အပါလိုက်ရန် ပြင်ဆင်လေတော့ရာ မိခင်ဖြစ်သူက တားမြစ်၏။
အမေ့သားရယ်၊ အမေတို့မှာ ကုဋေလေးဆယ်တောင်မှ ချမ်းသာနေပဲကွယ်၊ ရေခြားမြေခြားသွားပြီး စီးပွားရှိနေဖို့ မလိုပါဘူး။
အဲဒီ ကုဋေလေးဆယ်က အမေ့ ဥစ္စာတွေဗျ၊ ကျုပ်အတွက်က တပြားတချပ်မှ ပါတာ မဟုတ်ဘူး။
တနေ့ကျတော့ အမေ့သားလေးလက်ထဲ အကုန်ရောက်မှာပါကွယ်။
အဲဒီတနေ့ထိအောင် ကျုပ်က စောင့်မနေနိုင်ဘူးဗျ။ ကျုပ်ဆိုတဲ့ကောင်က သွားမယ်ဆို သွားကိုသွားမှာပဲ။
မိခင်ကြီး တားနေသည့်ကြားကပင် မိတ္တ၀ိန္ဒကသည် အထုပ်ကိုဆွဲ၍ ထွက်လေတော့ရာ မိခင်ကြီးက ကပျာကယာ ရှေ့ကရောက်အောင် ပြေးသွား၍ တားဆီးရ၏။ ဤတွင် မိတ္တ၀ိန္ဒက-က
ခင်ဗျားကြီး တော်တော်ရှုပ်တယ်နော်။ ကိုင်းဗျား ကိုင်းဗျား၊ ကဲ မှတ်ကရော၊
မိခင်ကြီးကို ခြေထောက်နဲ့ ကန်ကျောက်၍ လှဲပစ်ကာ ရိုင်းရိုင်းစိုင်းစိုင်း ကျော်လွှား၍ ထွက်သွားလေတော့သည်။
မိတ္တ၀ိန္ဒကနှင့်တကွ ခရီးသည်များ သင်္ဘောဖြင့် လိုက်ပါလာခဲ့၍ ခုနစ်ရက်အရတွင် သင်္ဘောသည် သမုဒ္ဒရာအလယ်မှာ ကျောက်ချထားဘိသကဲ့သို့ မရွေ့မရှားဘဲ ရပ်တည်နေတော့၏။ မာလိန်မှူးနှင့်တကွ သင်္ဘောသားတို့ အမျိုးမျိုးကြိုးစားကြပါသော်လည်း သင်္ဘောက လုံးဝ လှုပ်ရှားမလာပေ။
ဤတွင် မာလိန်မှူးက-ဒီသင်္ဘောပေါ်မှာ သူယုတ်မာတယောက် ပါလာလို့သာ ဖြစ်မယ်။ ဘယ်သူ သူယုတ်မာလဲဆိုတာ သိရအောင် စာရေးတံမဲ ချကြည့်မှ သိနိုင်မယ်-ဟု စဉ်းစားမိကာ သင်္ဘောပေါ် ပါလာသည့် ခရီးသည်အားလုံးအတွက် သူယုတ်မာစာရေးတံမဲကို သုံးကြိမ်သုံးခါ ချကြည့်ရာ သုံးကြိမ်လုံးပင် မိတ္တ၀ိန္ဒက အတွက် ဖြစ်နေတော့၏။
ဤတွင် သင်္ဘောသားများက မိတ္တ၀ိန္ဒကကို တွယ်စရာဖက်စရာ ၀ါးဖောင်ငယ်တခုပေးကာ ရေထဲသို့ ချပစ်လိုက်ကြ၏။ ထိုသို့ချပစ်လိုက်သည်နှင့် တပြိုင်နက် သင်္ဘောသည် တရှိန်ထိုး ထွက်သွားတော့၏။ တွယ်ဖက်၍ သမုဒ္ဒရာရေထဲမှာ မျောပါနေသည့် မိတ္တ၀ိန္ဒကသည် တရက်တာဥပုသ်စောင့်ခဲ့ရသော ကောင်းမှုကြောင့် ကျွန်းငယ်တခုသို့ ဆိုက်ရောက်လာ၏။ ကျွန်းငယ်ပေါ်တွင် နတ်သမီးအသွင်အပြင်ဖြင့် ရှိနေကြသော ဝေမာနိကပြိတ္တာမ လေးယောက်နှင့် စံပျော်ရ၏။ သို့ရာတွင် ထိုမျှဖြင့် အားမရသေးသဖြင့် ထိုကျွန်းပေါ်မှ ဆင်းလာခဲ့ရာ အခြားကျွန်းငယ်တခုတွင် ဝေမာနိကပြိတ္တာမ ရှစ်ယောက်နှင့် စံပျော်ရပြန်၏။ ထိုမှတဖန် ဝေမာနိကပြိတ္တာမ တဆယ့်ခြောက်ယောက်၊ သုံးဆယ့်နှစ်ယောက် ရှိသော ကျွန်းများသို့လည်း ရောက်ရပြန်၏။
မိတ္တ၀ိန္ဒကသည်ကား မိခင်ကြီးအပေါ် ရိုင်းစိုင်းစွာ ပြစ်မှာမိခဲ့သော အကုသိုလ်ကံကြမ္မာက ငင်နေပြီဖြစ်၍ ထိုကျွန်းမှာပင် မပျော်မွေ့နိုင်ဘဲ ဆက်လက်၍ ထွက်လာခဲ့ရာ ကျွန်းငယ်တခုသို့ ရောက်လာပြန်၏။ ထိုကျွန်းပေါ်က ယောက်ျားတယောက်သည် မိတ္တ၀ိန္ဒကကဲ့သို့သော မကောင်းမှုကို ကျူးလွန်ခဲ့မိသဖြင့် ဦးခေါင်းပေါ်တွင် သင်တုံးဓားစက်ကို ရွက်ထားရ၏။ တ၀ီဝီ လည်ပတ်၍ ခုတ်ဖြတ်နေသော သင်တုံးဓားစက်၏ ဒဏ်ကို မရှုမလှ ခံစားနေရ၏။
သို့ရာတွင် မိတ္တ၀ိန္ဒက၏ မျက်စိထဲတွင်ကား သင်တုံးဓားစက်ကို ငွါးငွါးစွင့်စွင့် ပွင့်လန်းနေသော ပဒုမ္မာကြာပွင့်ကြီးကဲ့သို့ ထင်မြင်နေ၏။ သို့ဖြစ်၍ မိတ္တ၀ိန္ဒကသည် ထိုကြာပွင့်ကြီးကို ပန်ဆင်လိုသဖြင့် မရအရ ဇွတ်တောင်းလေရာ ၀ဋ်ခံနေရသူက မိမိကျွတ်ချိန်တန်၍ပင် ဖြစ်သည်ဟု သဘောပေါက်ကာ သင်တုံးဓားစက်ကို မိတ္တ၀ိန္ဒက၏ ခေါင်းပေါ်သို့ တင်ပေးလိုက်၏။ ဤတွင်မှ မိတ္တ၀ိန္ဒကသည် မိမိကျူးလွန်မိခဲ့သော အကုသိုလ်ကံ၏ အပြစ်ဒဏ်ကို ထိုက်တန်စွာ ခံယူရလေတော့သည်။
( အာဟုနေယျဂ္ဂိ )
ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ သိင်္ဂီတိသုတ် ကို ဖွင့်ဆိုရာတွင် အဋ္ဌကထာဆရာကြီး ထုတ်ဆောင်ပြသခဲ့သော ဥပမာပုံဝတ္ထု ဖြစ်ပါသည်။
သင်္ဂီတိသုတ် ပါဠိတော်တွင် တမျိုးတည်းသောတရား၊ နှစ်မျိုးသော တရားစု၊ သုံးမျိုးသော တရားစု စသည်ဖြင့် အသီးသီးဟောကြားထားလေရာ သုံးပါးသောတရားစုတွင် အာဟုနေယျဂ္ဂိ၊ ဂဟပတဂ္ဂိ၊ ဒက္ခိနေယျဂ္ဂိ ဟူ၍ မီးသုံးပါးတို့ ပါဝင်ပေသည်။
ထိုတွင် အာဟုနေယျဂ္ဂိ၌ ပါဝင်သော အာဟုနေယျပုဒ်၌ အရိုအသေ အလေးအမြတ်ပြုခြင်း အနက်ရ၏။ မိခင်ဖခင် ကျေးဇူးရှင်နှစ်ပါးတို့မှာ သားသမီးတို့၏ အရိုအသေအလေးအမြတ်ကို ပြုခြင်းကို ခံယူထိုက်သောကြောင့် အာဟုနေယျ-ဟု အမည်ရကြ၏။ အာဟုနေယျမည်သော လူကြီးမိဘတို့အပေါ် ရိုသေလေးမြတ်မှုမပြုဘဲ ရိုင်းစိုင်းစွာ ကျူးလွန်ပြစ်မှားမိသော သားဆိုးသမီးဆိုးတို့မှာ အာဟုနေယျဂ္ဂိ မည်သော မီးက သွားလေရာ လာလေရာ အစဉ်လိုက်ပါ၍ လောင်မြိုက်ခြင်းကို ခံကြရပေသည်။
တကယ်တော့ဖြင့် လူကြီးမိဘတို့က သားသမီးတို့ကို လောင်မြိုက်စေသည် မဟုတ်ပါ။ လောင်မြိုက်ခြင်းကို အထောက်အကူပြုသော အကြောင်းတခုဖြစ်နေ၍ သာလျှင် အာဟုနေယျဂ္ဂိ-ဟု ခေါ်ဆိုရကြောင်း အဋ္ဌကထာဆရာကြီးက ရှင်းပြပြီးလျှင် အထက်ပါ ဥပမာပုံဝတ္ထုကို ထုတ်ဆောင်၍ ပြပေသည်။
(၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၄-ခု ဇူလိုင်လ)

ခင်မင်မှု သံမှိုများ
ဟိုးရှေးရှေးတုန်းက အင်မတန် စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့
သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံ တစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။
မင်း တစ်ခါ စိတ်တိုတိုင်း၊ တစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ဝင်းထရံတိုင်မှာ
သွားသွားရိုက်ချေကွာတဲ့။ အဖေက အဲသလိုပြောပြီး သံထုပ်ပေးလိုက်တဲ့ ပထမနေ့မှာတော့ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းတိတိကို ရိုက်သွင်းဖြစ်သွားခဲ့ပါတယ်။
အဲသလိုနဲ့ သူစိတ်တိုတိုင်း၊ ဒေါသဖြစ်တိုင်းမှာ သံလေးတွေကို ဝင်းထရံတိုင်မှာ ရိုက်ရင်း ရိုက်ရင်းနဲ့
ကောင်လေးဟာ သူ့စိတ်သူ ထိန်းလာနိုင်သတဲ့။ သံရိုက်ချက်တွေကလည်း
တစ်နေ့ထက်တစ်နေ့ ကျဲကျဲလာတော့တာပေါ့လေ။
သည်လိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံ-ပြေးပြေးရိုက်ရတာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို
ထိန်းသိမ်းရတာက ပိုပြီး လွယ်ကူနေမှန်း တဖြည်းဖြည်း သဘောပေါက်လာပါတော့တယ်။
အဆုံးမှာတော့ ကောင်လေးဟာ လုံးလုံးကို စိတ်မတို၊ ဒေါသမထွက်တော့ဘဲ နေနိုင်တဲ့နေ့ကို ရောက်လာပါတော့တယ်။
သည်မှာတင် ကောင်လေးလည်း ပြေးတဲ့ပြီး သူ့အဖေကို သတင်းသွားပို့တော့တာပေါ့။
"အဖေရေ၊ သားတော့ စိတ်ကို ထိန်းနိုင်သွားပြီးဗျ" ပေါ့။ အဲလိုကျတော့ ဖအေလုပ်တဲ့သူက
နောက်တစ်မျိုး ထပ်ခိုင်းပြန်ပါတယ်။ "မင်းကိုမင်း ဒေါသမဖြစ်အောင် တစ်နေကုန် ထိန်းနိုင်ပြီးဆိုတာနဲ့
အဲဒီ မင်းရိုက်ထားတဲ့ သံတစ်ချောင်းကို ပြန်နှုတ်စမ်းပါဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီးကျ
တစ်ချောင်းနှုန်းနဲ့ ပြန်နှုတ်နော်" လို့ မှာလိုက်သတဲ့။
အဲလိုနဲ့ ရက်တွေကြာလာတဲ့အခါ ကောင်လေးက သူ့အဖေကို ပြောနိုင်သွားတယ်။
"အဖေရေ၊ သားရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီးသွားပြီးဗျ။
တစ်ချောင်းမှ မကျန်တော့ဘူး"ပေါ့။ သည်အခါ ဖအေလုပ်တဲ့သူက သားရဲ့လက်ကို
ဆွဲပြီး သား သံရိုက်ခဲ့တဲ့ ဝင်းထရံဆီကိုခေါ်သွားတယ်။ "တော်တယ် ငါ့သား"လို့လည်း ဆိုပါတယ်။
"ဒါပေမယ့် သား သေချာကြည့်စမ်း။ ဝင်းထရံတိုင်မှာ အပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်။ သည် ဝင်းထရံတိုင်က အရင်တုန်းကလို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သား မြင်တယ်မဟုတ်လား။
အေး... သားက
စိတ်တိုတို၊ ဒေါသဖြစ်ဖြစ်နဲ့ ပါးစပ်နဲ့ တစ်လုံးပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ ဝင်းထရံတိုင်မှာ အခုလိုပဲ အမာရွတ်တွေ ထင်ကျန်ရစ်တတ်တယ် သားရေ။
အဲသလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်၊ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးဦးတင် တောင်းပန်တယ်ဆိုပါစို့ကွယ်။ သား ဘယ်နှစ်ခါပဲ ရှိခိုးဦးတင် ပြန်တောင်းပန် တောင်းပန်၊ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေ ကျန်ကို ကျန်နေတော့မှာကွယ့်။
အဲသလိုပဲ နှုတ်နဲ့ တစ်ဖက်သားကို ထိုးနှက်တဲ့အခါမှာလည်း ဓါးနဲ့ ထိုးသလိုပဲ အနာတရ ဖြစ်တတ်၊
အမာရွတ်ကျန်နေတတ်စမြဲပဲ ငါ့သား" တဲ့။
ခင်ဗျားရဲ့ ခြံစည်းရိုးမှာ ကျွန်တော့်ကြောင့်များ သံနှုတ်ရာတွေ
ကျန်ရစ်ခဲ့တယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ဖို့လည်း အနူးအညွတ်
တောင်းပန်ချင်ပါတယ်၊ ခွင့်လွှတ်ပါနော်။
( e-mail မှ )

အကျင့်သီလ နှင့် ပုဂ္ဂိုလ် ၄-မျိုး
မြတ်စွာဘုရားသည် အကျင့်သိက္ခာနှင့် ဆိုင်သော ပုဂ္ဂိုလ် ၄-မျိုးကို ရဟန်းတို့အား အောက်ပါအတိုင်း ဟောတော်မူသည်။
လောက၌-
(၁) သူယုတ်မာ။
(၂) သူယုတ်မာထက် သူယုတ်မာ။
(၃) သူတော်ကောင်း။
(၄) သူတော်ကောင်းထက် သူတော်ကောင်း-ဟူ၍ ပုဂ္ဂိုလ် ၄-မျိုး ရှိသည်။
ထိုပုဂ္ဂိုလ် ၄-မျိုးတို့တွင် -
သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ စသော ငါးပါးသီလ သိက္ခာပုဒ် ၅-ပါးကို ကျူးလွန်လေ့ရှိသူသည် သူယုတ်မာ-မည်၏။
ထိုသိက္ခာပုဒ် ၅-ပါးကို ကိုယ်တိုင်လည်း ကျူးလွန်၊ သူတပါးကိုလည်း ကျူးလွန်ရန် နှိုးဆော်တိုက်တွန်းသူသည် သူယုတ်မာထက် သူယုတ်မာ-မည်၏။
သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း စသော ငါးပါးသီလသိက္ခာပုဒ် ၅-ပါးကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်လေ့ရှိသူသည် သူတော်ကောင်း-မည်၏။
ထိုသိက္ခာပုဒ် ၅-ပါးကို ကျူးလွန်းခြင်းမှ ကိုယ်တိုင်လည်း ရှောင်ကြဉ်၊ သူတပါးကိုလည်း ရှောင်ကြဉ်ရန် နှိုးဆော်တိုက်တွန်းသူသည် သူတော်ကောင်းထက် သူတော်ကောင်း မည်၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရပါဠိ၊ စတုက္ကနိပါတ်၊ သပ္ပုရိသ၀ဂ်၊ သိက္ခာပဒသုတ်။
( ဦးငွေအောင်မွန်)

ဒါနအကျိုး ဆတိုးပွားစည်
လွန်ခဲ့သော ၆-နှစ်ခန့်က ဖြစ်ရပ်လေးတခုပင် ဖြစ်သည်။ ၁၉၉၈-ခုနှစ် ရွှေတိဂုံဘုရားကြီး ထီးတင်စဉ်ကာလက ဖြစ်သည်။ ထိုအချိန်က ကျွန်မတို့မိသားစုသည် ဖေဖေ၏အလုပ်အကိုင်တာဝန်ကြောင့် သာယာဝတီမြို့တွင် နေထိုင်ပါသည်။ ထို့ကြောင့် ရွှေတိဂုံဘုရားကြီး ထီးတင်သည့်နှစ်နှင့် ကြုံရခြင်းဖြစ်သည်။
တနေ့တွင် ဖေဖေသည် ရွှေတိဂုံဘုရားကြီး ထီးတင်သည်နှင့် ပတ်သက်၍ မေမေနှင့် ပြောဆိုနေသည်။ အနီးရှိ ကျွန်မက ကြားနေရသည်။ ရွှေတိဂုံဘုရား ထီးတင်တာ ကြုံရခဲတယ်၊ တို့သွားလှူရအောင်။
ကျွန်မသည် ငယ်စဉ်ကတည်းက အလှူဒါနပြုလုပ်ရန် ၀ါသနာပါသည့်အတွက်ကြောင့် ဖေဖေ့ဆီက ထိုစကားကို ကြားကြားချင်း မေမေ့အနားသို့ကပ်၍ တိုးတိုးလေး ပြောမိသည်။
မေမေ၊ သမီးလဲ လှူချင်တယ်။
ထိုသို့ပြောရာ၊ မေမေက ဖေဖေ့ကို ပြန်၍ ပြောပြသည်။ ဖေဖေက-
ကောင်းတယ်ဟေ့၊ ကောင်းတယ်၊ ငါ့သမီး အသက်ငယ်ငယ်နဲ့ အလှူအတန်း ၀ါသနာပါတာ ကောင်းတယ်-ဟုပြောသည်။ ထိုအချိန်က ကျွန်မမှာ ၈-နှစ်သမီးအရွယ်သာ ရှိသေးသည်။ ကျွန်မ အလွန်ပျော်ရွှင်မိခဲ့သည်။
ဟေး-ငါ လှူရတော့မယ်-ဟု အော်မိခဲ့သည်။
ထိုသို့ ပြောဆိုကြပြီး နောက်တပတ်တွင် ကျွန်မတို့ မိသားစု ရန်ကုန်သို့ ကားဖြင့် ရောက်ရှိခဲ့ကြသည်။ ရွှေတိဂုံကုန်းပေါ်ရှိ အလှူခံဌာနတွင် မမက ပတ္တမြားတလုံး လှူသည်။ ကျွန်မက နားတွင်ဝတ်ထားသော ရွှေနားကပ်လေးကို ချွတ်၍ လှူသည်။ ထိုသို့လှူပြီး မကြာမီ မေမေက ကျွန်မကို မေးသည်။
သမီး၊ သမီးလက်က ဟန်းချိန်းရော၊
ကျွန်မ လန့်သွားသည်။
ဟင့်အင်း-မသိဘူး မေမေ။ ကျွန်မ ထိပ်လန့်စွာ ဖြေရင်း ခေါင်းတွေရှုပ်ပြီး ဦးနှောက်တွေ ထူပူသွားခဲ့သည်။ ဘယ်အချိန်က ကျပျောက်သွားခဲ့သည် မသိ။ ဤမျှ များပြားသော လူအုပ်ထဲတွင် ရှာတွေ့ရန်လည်း မလွယ်။ ကျွန်မ နှမြောလွန်း၍ ၀မ်းနည်းမဆုံး ဖြစ်ခဲ့သည်။ စိတ်ညစ်ရသည့်ကြားထဲမှ မေမေက ဆူနေ၍ ကျွန်မ ငိုမိသည်။ အလှူငွေ သွားထည့်ပြီး ပြန်လာသော ဖေဖေက ထိုအကြောင်းကို သိတော့-
ငါ့သမီးကို ဘာမှမပြောနဲ့၊ အသစ်ထပ်လုပ်ပေးမယ်-ဟု ပြောသည်။ သို့သော် ကျွန်မစိတ်တွင် ၀မ်းနည်းစိတ်က မပြေသေး။ ဘုရားကို တပတ်ဖူးပြီး ဘုရားပေါ်မှအဆင်း ကားနားသို့အရောက်တွင်-
ဟာ ဒီမှာတွေ့ပြီ-ဟုပြောလိုက်သော ဖေဖေ၏ စကားသံကိုကြား၍ ကျွန်မလှည့်ကြည့်လိုက်သည်။ ဖေဖေ၏လက်ထဲတွင် ကျွန်မ၏ ဟန်းချိန်းလေးကို တွေ့လိုက်ရပေသည်။ ကားရှေ့ဘီးအနီးမှာ တွေ့ရတယ်-ဟု ဖေဖေက ပြောပါသည်။
ကာပေါ်အဆင်းမှာ ကျွတ်ကျသွားခဲ့တာဖြစ်မယ်-ဟု မေမေက ပြောပါသည်။
ထမင်းစားချိန်ဖြစ်နေ၍ ကားဆရာက ထမင်းသွားစားရန်အတွက် ကားကို ရွှေ့ရန် ကြံလိုက်မိသည်။ သို့သော် ဘာကြောင့်မှန်းမသိ၊ ကားကို မရွှေ့ဖြစ်ခဲ့။ အလိုအလျောက် ကားနားတွင် ရပ်နေမိခဲ့သည်ဟု ပြောပါသည်။ ထို့ကြောင့် ကျွန်မ၏ဟန်းချိန်းလေး ပြန်တွေ့ရခြင်း ဖြစ်သည်။
အကယ်၍ ကားကိုသာ ရွှေ့ဖြစ်ခဲ့မည်ဆိုလျှင် ကားဘီးဖြင့် ကြိတ်မိပြီး ထူထပ်လှသော ကုက္ကိုရွက်ခြောက်များကြားတွင် နစ်မြုပ်သွားနိုင်သည်။ သို့မဟုတ် တစုံတဦး တွေ့ရှိ ကောက်ယူသွားနိုင်သည်။ ယခုမူ ကားလည်း မရွှေ့ဖြစ်ခဲ့ ကျွန်မ၏ ဟန်းချိန်းလေးလဲ မပျောက်ရှခဲ့။
ဟန်းချိန်းလေး ပြန်ရပြီဖြစ်၍ ကျွန်မအတိုင်းမသိ ၀မ်းသာကြည်နူးမိပါသည်။ ဘုရားတွင် ရွှေနားကပ်လေးကို ရက်ရောစွာလှူခဲ့မိသည့်အတွက် ဤသို့ ပြန်တွေ့သည်ဟု မေမေက ပြောပါသည်။ ထိုအချိန်က ကျွန်မအသက် ၈-နှစ်သာ ရှိသေးသည်။ ယခု ကျွန်မအသက် ၁၄-နှစ်ရှိနေပြီ။ ယနေ့တိုင် မမေ့နိုင်သေးပါ။ ဒါန၏အကျိုးကို လက်တွေ့ခံစားခွင့်ရခြင်းပင် ဖြစ်သည်ဟု ကျွန်မယုံကြည်မိလိုက်ပါသည်။
ထို့အပြင် ကျွန်မကို ဖေဖေက နားဆွဲနှစ်ရန် ပြန်လုပ်ပေးခဲ့သည့်အပြင် နိုင်ငံခြားတွင်နေသော ကျွန်မ၏အဒေါ်ကလည်း နားကပ်တရန် ပို့ပေးခဲ့ပါသည်။ နားကပ်တရန်သာလှူခဲ့သော ကျွန်မအဖို့ အဆတိုး၍ပင် ခံစားခွင့်များ ရရှိခဲ့ပါသည်။ ကျွန်မအနေဖြင့်မူ ဒါနအကျိုးကြောင့် ဆတိုးပွားစည်လာရခြင်းဟုသာ ခံစားယုံကြည် မိပါသည်။
( ထင်သီရိမြတ်-အဋ္ဌမတန်း-အ,ထ,က ၄-ပြည်)

အသက်ကယ်သော ဓာရဏပရိတ်တော်
လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာ၌ နေထိုင်သော ဦးတူးရယ်နှင့် ဒေါ်မိုးမြာတို့ ဇနီးမောင်နှံတွင် သားသမီး ၇-ယောက်ရှိ၏။ သူတို့မိသားစုသည် ပစ္စည်းဥစ္စာ မချမ်းသာသော်လည်း မီးသွေးဖုတ်သည့်လုပ်ငန်းဖြင့် နေထိုင်စားသောက်နိုင်ကြ၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိကြပါသည်။
ဦးတူးရယ်သည် ဘုရားတရား အလွန်ကြည်ညိုသူဖြစ်၏။ နေ့စဉ်နေ့တိုင်း ဓာရဏပရိတ်တော်ကို ရွတ်ဆို ပူဇော်လေ့ရှိသည်။ အိပ်ချိန်မှလွဲ၍ အလုပ်လုပ်ကိုင်နေသော အချိန်များ၌ပင်လျှင် ဓာရဏပရိတ်တော်ကို ရွတ်ဆိုနေတတ်ပါသည်။
၂၀၀၂-ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပါသည်။ မီးသွေးတင်ဆောင်ထားသော လှည်းများ အိမ်သို့ အသီးသီး ပြန်သွားကြပြီဖြစ်၏။ ဦးတူးရယ်မှာ မပြန်နိုင်သေးဘဲ အဖော်ဖြစ်သူ ဦးကားရ်လိုနှင့်အတူ မီးသွေးဖိုတွင် သန့်ရှင်းရေးပြုလုပ်ရင်း ကျန်နေရစ်ခဲ့ကြသည်။ ထိုသို့ သန့်ရှင်းရေးလုပ်ရင်း ဦးတူးရယ်သည် ဓာရဏပရိတ် တော်ကို နှုတ်မှရွတ်ဆိုနေသည်။
ဦးတူးရယ်တို့သည် အတန်ကြာသည်အထိ မီးသွေးဖိုအတွင်း၌ သန်းရှင်းရေးလုပ်ငန်း ပြုလုပ်နေသည်။ ပြီးဆုံးသောအခါ နှစ်ယောက်သား မီးသွေးဖိုအခန်းထဲမှ အပြင်သို့ ထွက်လာကြသည်။ မီးသွေးဖို အပြင်ဘက်သို့ ရောက်သည်နှင့် ၀ုန်း-ဟူသော အသံနှင့်အတူ မီးသွေးပြာမှုန့်များ လွင့်ပျံ့ထွက်လာပါသည်။ ထိုဖြစ်ရပ်ကြောင့် ဦးတူးရယ်တို့ နှစ်ဦးစလုံး အံ့သြတုန်လှုပ်သွားခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့နှစ်ဦး သန့်ရှင်းရေုး ပြုလုပ်ခဲ့သည့် မီးသွေးဖိုသည် အပေါ်မှ မြေသားများ အိကျလာကာ ပြိုကျသွားခြင်းပင်ဖြစ်သည်။ မိနစ်အနည်းငယ်မျှ နောက်ကျလျှင် ဦးတူးရယ်တို့နှစ်ဦးအဖို့ မတွေးရဲစရာပင်။
ဟာ-ကျွန်တော်တို့ သိပ်ကံကောင်းတယ် ဦးတူးရယ်ရေ။ တကယ်လို့ မိနစ်အနည်းငယ်လောက် နောက်ကျမယ်ဆိုရင် မီးသွေးဖိုအတွင်း ပိတ်မိပြီး မြေဖို့ပြီးသား ဖြစ်နေလောက်ပြီ-ဟူ၍ ဦးကားရ်လိုက တုန်လှုပ်ချောက်ချားစွာ ပြောလာပါသည်။
မည်သို့ပင်ဖြစ်စေ ဦးတူးရယ်၏စိတ်ထဲတွင် ဘုရားတရားကြည်ညိုပြီး နေ့စဉ်ရွတ်ဆို ပူဇော်ခဲ့သော ဓာရဏပရိတ်တော်၏ ဂုဏ်ကျေးဇူးကြောင့်သာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်ဟု တထစ်ချ ယုံကြည်ယူဆမိပါသည်။( တကယ့်ဖြစ်ရပ်မှန် ဖြစ်ပါသည်)။
(မောင်ချစ်ကြည်-ကန္ဒရ၀တီ)
( မြတ်မင်္ဂလာ ၂၀၀၄-ဇူလိုင်လ)

သစ္စာဆိုခြင်း၏ အကျိုး
ဗုဒ္ဓဘာသာဝင်များစွာတို့သည် သစ္စာဆိုခြင်းကို အမြတ်တနိုးထားကြသည်။ အားကိုးအားထား ပြုကြသည်။ ထိုသို့ မြတ်နိုးအားထားသည့်အတိုင်းလည်း သစ္စာဆိုခြင်းအကျိုးကို ခံစားကြရသည်။
အနာဂါမ်ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့မှတပါး အားလုံးသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် အသက်နှင့် စည်းစိမ်ဥစ္စာများ ပျက်စီးရတော့မည့်ဘေးရန် အန္တရာယ်များနှင့် တွေ့ကြုံလာသောအခါ ဆောက်တည်ရာမရအောင် ကြောက်ရွံ့ ထိတ်လန့်ခြင်း ဖြစ်ကြရပေသည်။
ထိုအခါ ကောင်းသောအဖြစ်မှန်တို့ကိုသော်လည်းကောင်း၊ မကောင်းသော အဖြစ်မှန်တို့ကိုသော်လည်းကောင်း၊ ဟုတ်မှန်သည့်အတိုင်း နှလုံးသွင်းဆင်ခြင်ကာ နှုတ်ဖြင့် ထုတ်ဖော်ရွတ်ဆိုကြသည်။
ဤမှန်ကန်သော သစ္စာစကားကြောင့် အသက်နှင့် စည်းစိမ်ဥစ္စာများ ပျက်စီးရမည့်ဘေးရန်အန္တရာယ်တို့မှ လွတ်မြောက်ပါစေသတည်း-ဟူ၍ သစ္စာအဓိဋ္ဌာန်ပြုကြသည်။ ယင်းသစ္စာစကားကြောင့်လည်း ဘေးရန်အန္တရာယ်အမျိုးမျိုးတို့မှ လွတ်မြောက်ခဲ့ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။
သုပ္ပါရကဇာတ်တော်၌ ဘုရားလောင်း သုခမိန်သည် ငါးပါးသီလကို မလွန်ကျူးဖူးကြောင်း သစ္စာဆို၍ သင်္ဘောကို ဗလ၀ါမုခ ၀ဲသြဃမှ ပြန်လည်ဆုတ်နစ်စေခဲ့သည်။ ငုံးမင်းဇာတ်တော်၌ ဘုရားလောင်း ငုံးမင်းသည် ဥခွံထဲက ပေါက်ခါစ အတောင်အလက် မစုံသေးခင် တောမီးအန္တရာယ်နှင့် ကြုံတွေ့ရစဉ် အဖြစ်မှန်ကို သစ္စာဆို၍ ဘေးလွတ်ခဲ့သည်။
ငါ့မှာ အတောင်ရှိသော်လည်း မပျံနိုင်၊ ခြေရှိသော်လည်း မသွားနိုင်၊ အမိအဖတို့လည်း ငါ့ကို စွန့်ပြေးသွားကြပြီ။ ဤစကားသုံးခွန်းသည် အမှန်ပင် ဖြစ်သည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် တောမီးသည် ဤအရပ်မှ ရှောင်လွှဲဖဲကြဉ်သွားပါစေသတည်း-ဟု သစ္စာဆိုခဲ့ခြင်းဖြစ်သည်။
ထိုသစ္စာတန်ခိုးကြောင့် တောမီးသည် တခဏချင်း ငြိမ်းအေးသွားခဲ့သည်။ ငုံးမင်းသည်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ထိုအကြောင်းကို ပရိတ်ကြီး ၁၁-သုတ်တွင် ပါဝင်သော ၀ဋ္ဋသုတ်၌ အထင်အရှား ဖော်ပြထားသည်။ ထို့အပြင် ဘုရားလောင်းသည် ငါးရံ့မင်းဘ၀၌ ရောက်ရှိစဉ်အခါကလည်း သစ္စာဆို၍ မိုးရွာစေနိုင်ခဲ့သည်။
သစ္စာဆိုခြင်း (၀ါ) သစ္စာမန္တန် ရွတ်ဆိုခြင်းပြုရာတွင် နှစ်မျိုးနှစ်စားရှိသည်။
ပထမတမျိုးမှာ ကောင်းသောအဖြစ်မှန်ကို ဟုတ်မှန်သည့်အတိုင်း ဖော်ထုတ်၍ သစ္စာပြုခြင်းဖြစ်သည်။
ဒုတိယတမျိုးကား မကောင်းသောအဖြစ်မှန်ကို ဟုတ်မှန်သည့်အတိုင်း ထုတ်ဖော်၍ သစ္စာပြုခြင်းဖြစ်သည်။
အဋ္ဌသာလိနီ အဋ္ဌကထာ စက္ကန ဥပါသကာဝတ္ထုတွင် ပါရှိသော ညီငယ်စူဠစက္ကလ လုလင်၏ သစ္စာဆိုမှုသည် ပထမအမျိုးအစားတွင် ပါဝင်သည်။ ထိုလုလင်က-ကျွန်ုပ်သည် သိတတ်သည့်အရွယ်ကစ၍ သိလျက်နှင့် သူတပါးအသက်ကို မသတ်ခဲ့ပါ။ ဤစကားသည် မှန်ကန်သောသစ္စာစကား ဖြစ်ပါ၏။ ဤစကား မှန်ပါက မိခင်၏ ရောဂါသည် ပိန်းကြာဖက်တွင် ရေမတင်သလို ကင်းစင်ပပျောက်ပါစေသတည်း-ဟူ၍ သစ္စာပြုခဲ့သည်။ ထိုမှန်သော သစ္စာစကားကြောင့် လူနာမိခင်၏ ရောဂါမှာ ချက်ချင်း ပျောက်ကင်းသွားလေသည်။
ထို့ပြင် ငါးရာ့ငါးဆယ်ဇာတ်တော်လာ မဏ္ဍပဇာတ်တော်ပါ ကဏှဒီပါယနရသေ့၊ မဏ္ဍဗျသူကြွယ်၊ မဏ္ဍဗျသူကြွယ်၏ ဇနီးမယားတို့ဆိုသော သစ္စာစကားများသည် မကောင်းသောအဖြစ်မှန် သစ္စာစကားများ ဖြစ်သည်။ ကဏှဒီပါယနရသေ့က -ငါသည် ရသေ့ဝတ်ပြီးသည်မှ ခုနစ်ရက်သာပျော်၍ မြတ်သောအကျင့်ကို ကျင့်၏။ ခုနစ်ရက်မှနောက် အနှစ် ၅၀-ကျော်တို့ ကာလပတ်လုံး မြတ်သောအကျင့်၌ မပျော်မွေ့၊ မကျင့်လိုဘဲ မြတ်သောအကျင့်ကို ကျင့်၏-ဟူ၍ ဟုတ်မှန်တိုင်း သစ္စာစကား ဆိုခဲ့သည်။
မဏ္ဍဗျသူကြွယ်ကလည်း -ငါသည် ပေးလှူခြင်းကို အလိုမရှိ၊ အလှူခံပုဂ္ဂိုလ်တို့ကိုလည်း မကြည်ညို၊ သို့ပါသော်လည်း မိဘဘိုးဘွားတို့၏ အစဉ်အလာ မပျက်အောင်သာ လှူဒါန်း၏-ဟူ၍ မိမိ၏ မကောင်းသော အဖြစ်မှန်ကိုထုတ်ဖော်၍ သစ္စာစကားဆိုခဲ့သည်။ မဏ္ဍဗျသူကြွယ်၏ ဇနီးမယားကလည်း-ငါသည် ငါ့သားအား ကိုက်သောမြွေကို မချစ်၊ မုန်း၏။ ထို့အတူ ခင်ပွန်းသူကြွယ်ကိုလည်း မချစ်၊ မုန်း၏-ဟူ၍ ဟုတ်မှန်တိုင်း သစ္စာစကားဆိုခဲ့၏။ ထိုထိုသစ္စာစကားများကြောင့် သားဖြစ်သူ ယညဒတ်သည် မြွေကိုက်ခံရ၍ သေအံ့မူးမူး ရှိနေရာမှ မြွေဆိပ်တက်ခြင်းကင်းပျောက်၍ အသက်ရှင်ခဲ့လေသည်။
ထိုသို့ မကောင်းသော အဖြစ်မှန်များကို ဟုတ်မှန်သည့်အတိုင်း ထုတ်ဖော်၍ သစ္စာပြုခြင်းသည် ဒုတိယ အမျိုးအစားတွင် ပါဝင်သည်။
ယင်းသို့သစ္စာပြုခြင်း နှစ်မျိုးလုံးပင် ဟုတ်မှန်သည့်အတိုင်း ထုတ်ဖော်၍ သစ္စာပြုခြင်းများဖြစ်သဖြင့် အောင်မြင်ခဲ့ကြပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သစ္စာပြုရာ၌ ကောင်းသောအဖြစ်မှန်ကို ဖြစ်စေ၊ မကောင်းသော အဖြစ်မှန်ကိုဖြစ်စေ ထုတ်ဖော်၍ သစ္စာပြုနိုင်ပေသည်။ အဓိက အရေးကြီးသည်ကား မိမိပြုသော သစ္စာစကားသည် ဟုတ်မှန်သည့်အတိုင်း ထုတ်ဖော်နှလုံးသွင်း ပြောဆိုရခြင်း ဖြစ်ပေသည်။
သစ္စာဆိုခြင်း၏ ထိရောက်အောင်မြင်မှုကို မန်လည်ဆရာတော်ဘုရားကြီးက မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ကြီး၌လည်း ထည့်သွင်းဖွဲ့ဆိုထားပေသည်။
ဘုရားလောင်း သုဝဏ္ဏသာမသည် မြားထိမှန်၍ မြားဆိပ်သင့်ကာ သေအံ့မူးမူးရှိနေရာမှ မိဘနှစ်ပါးနှင့် မယ်တော်ဟောင်း နတ်သမီးတို့၏ သစ္စာပြုသော သစ္စာစကားကြောင့် အသက်ချမ်းသာရာရကြောင်းကို ဤသို့ဖွဲ့ဆိုထားသည်မှာ မှတ်သားဖွယ် ဖြစ်ပေသည်။
သစ္စာနှုတ်သီး၊ မန္တန်ကြီးကား၊ သေပြီးသော်မှ၊ ရှင်ပြန်ရ၏။
ရှေးကဖြစ်ဟန်၊ လောင်းသုဝဏ်ကို၊ ငြိုးမာန်တစိ၊ ရန်စရှိသို့၊ ပီဠိယက္ခ၊ ဗာရာ့သခင်၊ လေးကြီးငင်၍၊ နင်သို့ယောက်ျား၊ ဘယ်သူ့သားနည်း၊ သိကြားတမုံ့၊ ဖြစ်သော်တုံ့မှ၊ လွတ်ပုံ့အရေး၊ ရှိလတ်သေးဟု၊ မနှေးလျင်ဟူး၊ မြားဆိပ်လူးဖြင့်၊ ရွှေဒူးယာဘက်၊ မြေထက်အားထုတ်၊ ချောင်းကာတုတ်၍၊ ရွယ်ဖြုတ်ချိန်ကာ၊ ပစ်သောခါနိုက်၊ သစ္စာဆိုသီး၊ သေတပြီးလျက်၊ ရှင်ကြီးရှင်ပြန်၊ နတ်မတန်တည့်၊ ပြင်းထန်ဆိပ်တောက်၊ တောမြွေဟောက်လျှင်၊ ပေါက်၍ မြေ၀ယ်၊ သူငယ်စင်းစင်း၊ သေတုံလျင်းလည်း၊ မှန်ခြင်းအရာ၊ မိမာတာတို့၊ သစ္စာဆိုကြ၊ ငုတ်သုတ် ထ၏။

သြ၀ါဒ
တပါးသူကို၊ ပြုပြင်လိုက၊ ကိုယ့်ကို ပထမ၊ ပြုပြင်ရ၏။
ကိုယ်ကမပြင်၊ သူ့ကိုပြင်သော်၊ ကိုယ်ပင်ဗာလ၊ သူရှုတ်ချလိမ့်။
မည်သူကောင်းကောင်း၊ မကောင်းကောင်း၊ ကိုယ်ကောင်းအောင် နေသင့်ပါသည်။
အတ္တဟိတ မိမိအကျိုး အားထုတ်ရင်း၊ ပရဟိတ သူတပါးအကျိုးလည်း အားထုတ်သင့်ပါသည်။
ကိုယ့်ကာယကံ၊ ကိုယ့်ဆီပြန်၊ ပဲ့တင်သံမလွဲ တထပ်တည်း။
ကိုယ့်ဝစီကံ၊ ကိုယ့်ဆီပြန်၊ ပဲ့တင်သံမလွဲ တထပ်တည်း။
ကိုယ့်မနောကံ၊ ကိုယ့်ဆီပြန်၊ ပဲ့တင်သံမလွဲ တထပ်တည်း။
ဘဒ္ဒန္တဂုဏိဿရ မဟာထေရ်
ဧရာဝတီတိုင်း မြောင်းမြမြို့ တိုက်သစ် ပဇ္ဖောတာရုံကျောင်းတိုက်
ပဓာနနာယကဆရာတော်

Saturday, February 20, 2010
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀
ရှေးလူ၏ ပုဆိုးကို နောက်လူက ဆွဲလျက်၊ နောက်လူ၏ ပုဆိုးကို သူ့နောက်ကလူက ဆွဲလျက် ဆက်ကာဆက်ကာ ဆွဲထားကြသော လူတန်းကြီးသည် တလှုပ်လှုပ်ရွေ့လျားနေ၏။ ထိုလူတန်းကြီးတွင် လူပေါင်းသုံးဆယ်ကျော် ပါဝင်၏။ လူပေါင်း သုံးဆယ်ရှိသည့်အထဲတွင် မျက်စိမြင်သူဟူ၍ တယောက်မျှ မပါ။ ရှေးဆုံးလူကရော၊ အလယ်ကလူရော၊ နောက်ဆုံးက လိုက်သူရော မျက်မမြင်များချည်း ဖြစ်ကြ၏။
မျက်မမြင် ဒုက္ခိတများ ဖြစ်နေသဖြင့် သူတို့သည် သူများတကာလို သွက်သွက်လက်လက် သွားလာလှုပ်ရှားမှု မပြုနိုင်ကြပေ။ မပြုဝံ့ကြပေ။ မြေပြင်ပေါ်တွင် ခြေအတွေ့ဖြင့်သာ စမ်းကာစမ်းကာ ဖြည်းညင်းစွာ သွားလာ နေကြရ၏။ အသက်မွေးဝမ်းကျောင်းမှုကို မပြုနိုင်သဖြင့် သူတကာ၏ ပေးကမ်းစွန့်ကြဲမှုဖြင့် မ၀ရေစာ စားနေရသူများ ဖြစ်ကြ၏။
တနေ့သောအခါ အရက်သမားတယောက်သည် ထိုလူတန်းကြီးနားသို့ ချဉ်းကပ်လာ၍-
အို-အဆွေတို့၊ ဟို တကောသလောက်ဝေးတဲ့ ရွာမှာ အလှူကြီးပေးနေတယ်။ လာလာသမျှ ပုဂ္ဂိုလ်တွေကို အယုတ်အလတ် အမြတ်မရွေးဘဲ ရက်ရက်ရောရော ကျွေးမွေးနေတယ်။ အဲဒီကို မသွားချင်ကြဘူးလား-ဟု မေးမြန်းလေရာ
အိုး-ဘယ့်နှယ်ပြောတာလဲ မောင်ရင်ရယ်။ အလှူသံကြားရင် သွားချင်တာပေါ့။ ဒါပေမဲ့ ငါတို့အားလုံးက ဘယ်သူမှ မျက်စိမမြင်တော့ ခက်နေတာပေါ့။ ဘယ့်နှယ်၊ မောင်ရင်ကကော တို့ကို ပို့မပေးချင်ဘူးလား။
ပို့တော့ ပို့ချင်သားပေါ့ဗျား၊ ဒါပေမဲ့ ကျွန်တော်ကလဲ လုပ်မှကိုင်မှ ထမင်းစားရတာ ဆိုတော့ အချိန်က မရှိဘူးဗျ။
ဒီလိုဆို သဘောပေါက်ပါပြီလေ။ မောင်ရင့်အတွက် တို့များက တတ်နိုင်သလောက် လုပ်အားခ ပေးရမှာပေါ့။
ဤသို့ ခေါင်းဆောင်လုပ်သူက ၀န်ခံပြီးလျှင် မစားရက်၊ မသောက်ရက် ချိုးခြံချွေတာ၍ ပုဆိုးစထဲမှ ကျစ်ကျစ်ပါအောင် စုထားသည့် မူးစ၊ ပဲစ အသပြာကလေးများကို ထုတ်ပေးကြ၏။
အရက်သမားသည် ပေးသမျှ အသပြာများကိုယူ၍ လုံခြုံစွာ ထုပ်ပြီးလျှင် ရှေးဆုံးက ၀င်ရပ်သည်။ ရှေ့ဆုံးမှာ ရှိနေသော မျက်မမြင်က သူ၏ပုဆိုးကို နောက်ကျောက ဆွဲထားကာ သူ့နည်းတူ ဆွဲထားသူတွေကလည်း တသီကြီး လိုက်ပါလာကြ၏။
အရက်သမားသည် မျက်မမြင် လူတန်းကြီးကို ရွာထဲကခေါ်ထုတ်လာခဲ့၍ လူသူကင်းဝေးရာ တောထဲသို့ ရောက်လာကြ၏။ ပတ်ပတ်လည်မှာ ညီညာပြန့်ပြူး၍ အတန်းညီနေသည့် တောချုံတခုကို တွေ့ရသည်တွင် တောချုံကို တွေ့၍ ပတ်လိုက်၏။ ဤတွင် နောက်ဆုံးက လိုက်ပါလာသည့် မျက်မမြင်နှင့် အရက်သမားတို့ ရှေ့နှင့် နောက် တဆက်တည်း ဖြစ်သွားလေရာ အရက်သမားသည် မိမိပုဆိုးကို ဆွဲကိုင်ထားသည့် နောက်လူ၏လက်ကို နောက်ဆုံးလူ၏ ပုဆိုးကြားသို့ ဆက်ပေးပြီးလျှင်-
ကဲ အဆွေတို့၊ ကျုပ် ခဏလေး တောထိုင်လိုက်မယ်။ ပြီးပြီးချင်း လိုက်လာခဲ့မယ်။ အဆွေတို့ ဖြည်းဖြည်းချင်း ဆက်လျှောက်နှင့်ကြ၊ လမ်းမှားစရာ မရှိပါဘူး။ ဒီအတိုင်းသာ ဆက်လျှောက်ကြပါ။
အရက်သမားက ပြောပြောဆိုဆို လွတ်ရာကျွတ်ရာ ထွက်သွားတော့၏။ မျက်မမြင်တန်းကြီးကမူ ချုံကြီးကို ပတ်ချာလှည့်ကာ မဆုံးနိုင်သည့် ခရီးကို ဆက်၍ဆက်၍ လျှောက်နေကြရလေသည်။
( ၀ါသေဋ္ဌ နှင့် ဘာရဒွါဇ )
ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်ပါဠိတော်၊ တေ၀ိဇ္ဖသုတ်၌ ၀ါသေဋ္ဌနှင့် ဘာရဒွါဇတို့အား ဘုရားရှင်က အကျဉ်းအားဖြင့် ထုတ်ဆောင်ပြသည့်ဥပမာကို အဋ္ဌကထာဆရာကြီးက အကျယ်ဖွင့်ပြထားသည့် ဥပမာပုံဝတ္ထု ဖြစ်ပါသည်။
ကောသလတိုင်းကြီးအတွင်းက မနသာကဋ အမည်ရသောရွာသည် အစိရ၀တီမြစ်ကမ်းပါးတွင် တည်ရှိ၏။ ငြိမ့်ငြိမ့်သွင်သွင် စီးဆင်းလျက်ရှိသော အစိရ၀တီ မြစ်ကမ်းခြေသည် ညီညာပြန့်ပြူး၏။ ပတ်ဝန်းကျင်တ၀ိုက်တွင် ထာဝစဉ်စိမ်းလမ်းစိုပြည်သော ဥယျာဉ်ပန်းမန်များရှိကာ နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ်ကောင်းလှ၏။ ထို့ကြောင့် တခြားအရပ်မှာ နေထိုင်လျက်ရှိကြသော ထိပ်ထိပ်ကြဲ ပုဏ္ဏားသူဌေးကြီးများသည် မကြာခဏ မနသာကဋရွာသို့ လာရောက်ကြ၏။ ညီညာပြန့်ပြူးသည့် မြစ်ကမ်းခြေတွင် ယာယီတဲအိမ်များဆောက်ကာ စည်းဝင်းများ အလုံအခြုံ ကာရံပြီးလျှင် ဂါထာမန္တန်များကို ရွတ်ဖတ်သရဇ္ဈာယ်လေ့ရှိကြ၏။
ထိုသို့လာရောက်နေထိုင်လေ့ရှိသူများတွင် သြပါသာဒမှာ နေထိုင်သော စင်္ကီပုဏ္ဏားကြီးလည်း ပါ၏။ ဣစ္ဆာနင်္ဂလမြို့မှာ နေထိုင်သော တာရုက္ခပုဏ္ဏားကြီးကလည်း ပါ၏။ ဥက္ကဋ္ဌမြို့မှာ နေထိုင်သော ပေါက္ခရသာတိ ပုဏ္ဏားကြီးလည်း ပါ၏။ သာဝတ္ထိမြို့တော်မှာ နေထိုင်သော ဇာဏုေဿာဏီ ပုဏ္ဏားကြီးလည်း ပါ၏။ တုဒိရွာမှာနေထိုင်သော တောဒေယျပုဏ္ဏားကြီးလည်း ပါ၏။ အခြားအခြားသော ပုဏ္ဏားသူဌေးကြီးများ သည်လည်း အခြွေအရံများနှင့်တကွ တခမ်းတနား လာရောက်နေထိုင်လေ့ရှိကြ၏။
တနေ့သောအခါ ဘုရားရှင်နှင့်တကွ နောက်ပါ ရဟန်းငါးရာတို့သည် ဒေသစာရီ လည့်လည်ရင်း မနသာကဋရွာသို့ ဆိုက်ရောက်လာကြ၏။ မနသာကဋရွာ၏ မြောက်မျက်နှာ အစိရ၀တီမြစ် ကမ်းခြေမှာရှိသော သရက်ဥယျာဉ်၌ ခရီးတထောက် ရပ်နားကြ၏။ သရက်ခြံအတွင်းရှိ သရက်ပင်ပျိုတို့သည် အကိုင်းအခက်များ ဝေေ၀စီစီရှိကာ အကိုင်းချင်း၊ အခက်ချင်း ဆက်နေကြ၏။ အောက်ခြေက သဲဖုံးနေသော မြေအပြင်မှာလည်း ညီညာပြန့်ပြူးလျက်ရှိ၏။ နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ် နေရာတခု ဖြစ်သဖြင့် ဘုရားရှင်နှင့်နောက်ပါသံဃာတော် များသည် ရက်အတန်ကြာမျှ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူခဲ့ကြပေသည်။
မနသာကဋရွာမှာ လာရောက်နေထိုင်ကြသော ပုဏ္ဏားသူဌေးကြီးများ၏ တပည့်ပုဏ္ဏားလုလင်တို့တွင် ၀ါသေဋ္ဌနှင့် ဘာရဒွါဇတို့လည်း ပါဝင်ကြ၏။ ၀ါသေဋ္ဌသည် ပေါက္ခရသာတိ ပုဏ္ဏားကြီး၏ တပည့်ဖြစ်၍ ဘာရဒွါဇသည်ကား တာရုက္ခပုဏ္ဏားကြီး၏တပည့် ဖြစ်ပေသည်။
ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့သည် အမျိုးဇာတ် မြင့်မြတ်သူများ ဖြစ်ကြ၏။ ဝေဒသုံးပုံကိုလည်း အကုန်အစင် တတ်မြောက်ကြ၏။ သူတို့နှစ်ဦးသားသည် နေပူရှိန်ပြင်းသောနေ့လယ်ခင်း၌ ဝေဒကျမ်းလာ ဂါထာမန္တန်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ကြ၏။ နေချိုသွားသည့် ညနေခင်းတွင်ကား ရေချိုးရန် အစိရ၀တီသို့ ဆင်းလာခဲ့ကြ၏။ ဆရာချင်း မတူသော်ငြားလည်းလူငယ်ချင်း ချစ်ခင်ရင်းနှီးနေကြသဖြင့် ရေမချိုးခင် သဲသောင်ပြင်မှာ အတူတူလျှောက်ရင်း စကားစမြည် ပြောဖြစ်ကြ၏။
အခြားသော အကြောင်းအရာမျိုးစုံနှင့် အပြေအလည် ပြောဆို ဆွေးနွေးနိုင်ခဲ့ကြသော သူငယ်ချင်းနှစ်ယောက် တို့သည် အာစရိယ၀ါဒတွင်ကား ပြေလည်အောင် ဆွေးနွေး၍ မရနိုင်ကြတော့ပေ။ ၀ါသေဋ္ဌက မိမိဆရာ ပေါက္ခရသာတိပုဏ္ဏားကြီး ညွှန်ပြသည့် ကျင့်စဉ်အတိုင်း လိုက်နာကျင့်သုံးမှသာလျှင် ဗြဟ္မာဘုံသို့ ရောက်နိုင် သည်ဟု အဆိုပြု၏။ ထို့အတူပင် ဘာရဒွါဇကလည်း မိမိ ဆရာ တာရုက္ခပုဏ္ဏားကြီး၏ ညွှန်ပြချက်ကိုသာ စွဲမြဲစွာ ဆုပ်ကိုင်ထား၏။
ဤသို့ တယောက်ကို တယောက် ကျေနပ်လောက်အောင် ဖြေရှင်း၍ မရသည့်အဆုံးတွင် သူငယ်ချင်း နှစ်ယောက်တို့ ဘုရားရှင်ရှေ့တော်မှောက် ၀င်ရောက်လာခဲ့ကြ၏။ မိမိတို့ အငြင်းအခုံ ဖြစ်လာခဲ့ရသည့် အကြောင်းကိစ္စကို တင်ပြလျှောက်ထားကြ၏။
ဤတွင် ဘုရားရှင်က-ဝေဒသုံးပုံကို တတ်မြောက်ထားသဖြင့် တေ၀ိဇ္ဖအမည်ကို ခံယူထားသော ပုဏ္ဏားတို့တွင် အထက်ဗြဟ္မာဘုံက ဗြဟ္မာကြီးများကို မျက်ဝါးထင်ထင် ကိုယ်တိုင်မြင်ဖူးသူရှိပါသလော-ဟု မေးမြန်းတော်မူလေရာ
ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့က မျက်ဝါးထင်ထင် မြင်ဖူးသူဟူ၍ မရှိပါကြောင်း လျှောက်ထားကြသဖြင့် ဘုရားရှင်က ဗြဟ္မာဘုံရောက်နိုင်သည့် ကျင့်စဉ်ကို ညွှန်ကြားနေပါလျက် ဗြဟ္မာကို မမြင်ဖူးသည့် တေ၀ိဇ္ဖပုဏ္ဏားအပေါင်းကို အထက်ပါဥပမာဖြင့် ခိုင်းနှိုင်း၍ ဟောကြားတော်မူပေသည်။
( ၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၄-ခု ဇွန်လ)

( ၃၅ ) လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း
လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်းသည် မင်္ဂလာတပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အုပ်စိုးသော ဗာရာဏသီမင်းဝယ် သားတော်တပါး ရှိသည်။ ဗြဟ္မဒတ်ဟု အမည်တွင်သည်။ ဗြဟ္မဒတ်မင်းသားသည် အခြံအရံ ပေါများလှသဖြင့် မင်းကြီးသည် မယုံသင်္ကာ ဖြစ်လာသည်။ မိမိ၏နန်းကို လုယူလိမ့်မည်ဟူ၍ စိုးရိမ်လာသည်။ သို့ဖြင့် မင်းသားကို တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်လေသည်။
မင်းသားသည် ဟိမ၀န္တာတောသို့ သွားရောက်နေထိုင်မည်ပြုသည်။ ထိုမင်းသားတွင် အသိတာဘူ အမည်ရှိ ကြင်ယာတော်မင်းသမီး ရှိသည်။ အသိတာဘူသည် လှပတင့်တယ်ရုံမက စိတ်ထားကောင်းမွန်သည်။ လာဘ်ရခြင်း မရခြင်း၊ အခြွေအရံ ရှိခြင်း မရှိခြင်း၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း တည်းဟူသော လောကဓံတရား ၈-ပါးကို ခံနိုင်စွမ်းရှိသည်။ ထို့ကြောင့် ပြည်မှ ထွက်ခွါရသည်ကို ၀မ်းမနည်း။ မညဉ်းညူ။ သစ္စာရှိစွာဖြင့် မင်းသားနှင့်အတူ လိုက်ပါနေထိုင်သည်။
သူတို့မောင်နှံသည် ဟိမ၀န္တာတောရှိ သင့်တင့်လျောက်ပတ်သော အရပ်ဒေသ၌ သစ်ရွက်မိုးတဲကလေး ထိုးကာ နေထိုင်ကြသည်။ မနီးမဝေး အရပ်တွင် ရသေ့ကြီးတပါးလည်းရှိသည်။ ရသေ့ကြီးသည် တရားကို ပြင်းစွာ အားထုတ်နေထိုင်သည်။ မင်းသားတို့ဇနီးမောင်နှံသည် တောတွင်းရှိ သစ်သီးများနှင့် အမဲသားငါးတို့ကို ရှာဖွေစားသောက်နေထိုင်ကြသည်။
တနေ့သ၌ မင်းသားသည် တောတွင်းတနေရာ၌ ကိန္နရီမတဦးကို တွေ့သည်။ တပ်မက်သွားသည်။ ကိန္နရီမကို သိမ်းပိုက်၍ မယားပြုရန် ကိန္နရီမနောက်သို့ ခြေရာခံ၍ လိုက်သည်။ အသိတာဘူ မင်းသမီးကို ထားခဲ့သည်။
မင်းသမီးသည် လောကဓံတရားကို နားလည်သူဖြစ်သောကြောင့် မင်းသားပစ်သွားသော်လည်း ၀မ်းမနည်း။ ပူဆွေခြင်း မဖြစ်။ မနီးမဝေးအရပ်ရှိ ရသေ့ကြီးထံ သွားသည်။ တရားအားထုတ်နည်းကို သင်ယူကာ ကြိုးစား၍ တရားအားထုတ်သည်။ မကြာမီပင် အောင်မြင်သွားသည်။ ဈာန်တန်ခိုး ရသွားသည်။ ၌တွင် ရသေ့ကို ရှိခိုးကာ မိမိနေထိုင်ရာ တဲသို့ ပြန်၍ နေထိုင်သည်။
ဗြဟ္မဒတ်မင်းသားသည် ကိန္နရီမ နောက်သို့လိုက်ရာ မအောင်မြင်။ ဖမ်းမိမလိုလိုနဲ့ လွတ်သွားသည်။ မျက်ခြည်ပြတ်သွားသည်။ ဤတွင် မင်းသမီးထံ ပြန်လာသည်။ မင်းသမီးသည် မင်းသားကို မြင်လျှင် ဈာန်တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်လိုက်သည်။
အရှင့်သား၊ သင့်ကြောင့် ငါသည် တရားအားထုတ်နိုင်ကာ ဈာန်ချမ်းသာကို ရရှိသွားပြီ။ သင့်ကို ငါ အလိုမရှိတော့ပြီ-ဟု ဆိုကာ ကောင်းကင်ခရီးဖြင့် အရပ်တပါးသို့ ငြိမ်းအေးစွာ ပျံသွားလေသည်။ မင်းသားမိုက်သည် နောင်တရကာ ကျန်ရစ်လေသတည်း။
အကိုး။ ။ ၅၅၀-အသိတာဘူဇာတ်။
( မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၄-ခု ဇွန်လ)

ကောင်းမှုပြုသူ
ကောင်းမှုပြုသောသူသည်
ဤဘ၀၌လည်း နှစ်သက်ရ၏။
နောင်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ နှစ်သက်ရ၏။
ငါသည် ကောင်းမြတ်သောအမှုကို ပြုရပေသည်ဟု နှစ်သက်ရ၏။
ထိုသူသည် ကောင်းသောဘ၀သို့ ရောက်သည့်အခါ သာ၍ပင် နှစ်သက်ရ၏။
( ဓမ္မပဒ)

သူယုတ်မာနှင့် သူတော်ကောင်း
အခါတပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် ပထမ ခတ-သုတ်ကို အောက်ပါအတိုင်း ဟောတော်မူသည်။
လောက၌ လေးပါးသောတရားတို့နှင့် ပြည့်စုံသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် မိမိကိုယ်ကို ဖျက်ဆီး၏။ ပညာရှိတို့ကို ကဲ့ရဲ့စွပ်စွဲ၏။ မကောင်းမှုများစွာကို တိုးပွါးစေ၏။
ထိုတရားလေးပါးမှာ-
(၁) ဉာဏ်ဖြင့် မစိစစ်ဘဲ မချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း။
(၂) ဉာဏ်ဖြင့် မစိစစ်ဘဲ ချီးမွမ်းထိုက်သူကို ကဲ့ရဲ့ခြင်း။
(၃) ဉာဏ်ဖြင့် မစိစစ်ဘဲ မကြည်ညိုသင့်သောအရာ၌ ကြည်ညိုခြင်း။
(၄) ဉာဏ်ဖြင့် မစိစစ်ဘဲ ကြည်ညိုသင့်သောအရာ၌ မကြည်ညိုခြင်းတို့ ဖြစ်သည်။
လေးပါးသောတရားတို့နှင့် ပြည့်စုံ၍ လိမ္မာသော ပညာရှိသော သူတော်ကောင်းသည် မိမိကိုယ်ကို မဖျက်ဆီး ပညာရှိတို့ကို မကဲ့ရဲ့ မစွပ်စွဲ၊ ကုသိုလ်ကောင်းမှုများစွာတို့ တိုးပွားစေ၏။
ထိုတရားလေးပါးမှာ-
(၁) ဉာဏ်ဖြင့် စိစစ်၍ ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့ခြင်း။
(၂) ဉာဏ်ဖြင့် စိစစ်၍ ချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်း။
(၃) ဉာဏ်ဖြင့် စိစစ်၍ မကြည်ညိုအပ်သောအရာ၌ မကြည်ညိုခြင်း။
(၄) ဉာဏ်ဖြင့် စိစစ်၍ ကြည်ညိုသင့်သောအရာ၌ ကြည်ညိုခြင်း-တို့ ဖြစ်သည်ဟု ဟောတော်မူသည်။
(ကျမ်းကိုး။ ။အင်္ဂုတ္တရ စတုက္ကနိပါတ်၊ ဘဏ္ဍဂါမ၀ဂ် ပထမခတသုတ်)

ရေချမ်းစင်ကို ဖျက်ဆီးသူများ
ကျွန်တော်တို့မြို့ရှိ လမ်းတလမ်း၏ လမ်းဘေးတွင် ရေချမ်းစင်တခုရှိသည်။ ရေချမ်းစင် အလှူရှင်မှာ ဦးချစ်မြ+ဒေါ်ခင်ခင်ရီ-တို့ ဖြစ်သည်။ သူတို့သည် ၁၀-နှစ်ကျော် နေ့စဉ် ၀တ်မပျက် ရေထည့်သည်။ ရေအိုး၊ ရေခွက်များကို ဆေးကြောသည်။ ရေအကျိုးဆယ်ပါးကို ရရှိနေသည်။
လမ်းသွားလမ်းလာ များသဖြင့် ရေကတော့ နေ့စဉ် ဖြည့်ရသည်။ တခါတရံ ရေအိုး၊ ရေခွက် အဖုံးများ အခိုးခံရသည်။ အရိုက်ခွဲခံရသည်။ အလှူရှင်ကလည်း မညဉ်းမညူ ထပ်မံဝယ်ထည့်သည်။ ၁၃-၁-၀၄ ရက်နေ့ည ၁၂-နာရီအချိန်ခန့်တွင် အမူးလွန်နေသော လူငယ် ၅-ဦး ရောက်လာသည်။ ရေအိုးများကို ဖုန်း-ဒိုင်း-ဖြင့် စိစိညက်ညက်ကြေအောင် ရိုက်ခွဲကြသည်။
ထိုအခါ အနီးရှိ လုံခြုံရေးကင်းသမားက မနေသာတော့ပေ။ ဟေ့ကောင်တွေ မလုပ်ကြပါနဲ့၊ သူများလှူဒါန်းထားတာ မလုပ်ကောင်းပါဘူး။ မလုပ်ကြပါနဲ့-ဟု ပြောကာ တားမြစ်လိုက်သည်။ သို့သော် သူတို့အားလုံး အမူးလွန်နေသဖြင့် စိတ်ရိုင်းများ ၀င်နေကြသည်။ တယောက်က မင်းနဲ့ဘာဆိုင်သလဲ၊ ငါတို့ အလုပ်ကို ၀င်မရှုပ်နဲ့၊ ၀င်ရှုပ်တဲ့အကောင် ဆုံးမရမယ်-ဟု ပြောပြီး ကင်းသမားကို တယောက်တချက် ၀ိုင်းပြီးထိုးကြိတ်ရိုက်နှက်ကြပါတော့သည်။
ကင်းသမားလည်း အရိုက်ခံရပြီး သတိမေ့သွားသည်။ ရပ်ကွက်လူများသိပြီး ကင်းသမားကို ဆေးရုံသို့ ပို့ပေးကြသည်။ ရိုက်သူအားလုံးကို ၀ိုင်းဖမ်းပြီး ဥပဒေအရ အရေးယူသည်။ အမူးသမားအားလုံး အပြစ်ရကာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ရောက်ပြီး ဒုက္ခတွေ့ကြရသည်။
အကယ်၍ ရေချမ်းစင်ကသာ စကားပြောနိုင်မည်ဆိုပါက -ဟေ့ မင်းတို့လိုလူတွေကို ပြောလိုက်၊ ကောင်းမှု မကောင်းမှု ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတာ နောင်ဘ၀မကူးဘူး။ အခုဒီဘ၀မှာပဲ ကြုံရတတတ်တယ်၊ သင်ခန်းစာ ယူကြ-ဟု ပြောဆိုမည်ထင်ပါသည်။
( မောင်ရေချမ်း-ခရမ်း)

Subscribe to:
Posts (Atom)