Saturday, March 27, 2010

လူ့ရွာနှင့် ပြိတ္တာ။ အလှူခံပုဂ္ဂိုလ်မြတ်၏ အလှူတော်များ

ကုဏ္ဍိမြို့အနီးရှိ သာဏတောင်ကို အမှီပြု၍ နေထိုင်သဖြင့် သာဏ၀ါသီဘွဲ့ မည်တွင်လာခဲ့သော မထေရ်မြတ်၏ ငယ်မည်မှာ ပေါဋ္ဌပါဒ ဖြစ်၏။ ပေါဋ္ဌပါဒ၏ မိဘနှစ်ပါးတို့မှာ တံငါသည်များဖြစ်ကြ၍ သူ့ကို ကုဏ္ဍိမြို့အနီးက တံငါရွာတွင် ဖွားမြင်ခဲ့ပေသည်။

တံငါရွာ၌ ဖွားမြင်လာခဲ့သမျှ ကလေးသူငယ်တို့သည် လူမှန်းသိတတ်လာသည့်အရွယ်မှ စတင်ကာ မိဘတို့၏ အသက်မွေးဝမ်းကျောင်း တံငါလုပ်ငန်းနှင့် ယဉ်ပါးလာခဲ့ကြ၏။ ပိုက်ထဲမှထွက်ကျကာ လူးလွန့်လှုပ်ရှား နေကြသော ငါးတို့ကို ကောက်ယူပေးခြင်း စသည်ဖြင့် တံငါလုပ်ငန်းခွင်မှာ ပါဝင်လာခဲ့ကြ၏။ အသက်အရွယ် ရလာသည်နှင့်အမျှ တံငါတို့လုပ်ငန်းအပေါ်မှာ စိတ်ပါဝင်စားလာခဲ့ကြ၏။

ပေါဋ္ဌပါဒသူငယ်သည်ကား ထိုအုပ်စုထဲတွင် မပါဝင်ပေ။ သူသည် လူမှန်းသိတတ်လာသည့် အရွယ်မှစတင်ကာ သက်ရှိသတ္တ၀ါကလေးများကို သနားတတ်၏။ သူကလေးတို့ကို အသေသတ်ဖို့ နေနေသာသာ နားကျဉ်းသွားအောင် ရိုက်နှက်ခြင်းကိုမျှ မပြုရက်ပါချေ။ ဤသို့ မကောင်းသော အမှုတို့ကို ငယ်ငယ်ရွယ်ရွယ် လေးနှင့် ကြောက်ရကောင်းမှန်း သိနေရသည်မှာ ဇာတိဿရဉာဏ်ကို ရရှိထား၍ ဖြစ်ပေသည်။

ဇာတိဿရဉာဏ်ဟူသည်မှာ အတိတ်ကာလတုန်းက ကျင်လည်ခဲ့ရသည့်ဘ၀တို့ကို ပြန်လည်အောက်မေ့ နိုင်သော ဉာဏ်တမျိုးဖြစ်၏။ ထိုဉာဏ်ကို ရရှိရေးအတွက် ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း၍ မရနိုင်ပါ။ အချို့သူများအတွက် တမင်တကာ ကြိုးစား၍ မနေရဘဲ အလိုအလျောက် ရလာတတ်သော ဉာဏ်မျိုးဖြစ်ပေ သည်။

ပေါဋ္ဌပါဒလုလင်သည် ထိုဇာတိဿရဉာဏ်ဖြင့် မိမိ၏ အတိတ်ခန္ဓာအစဉ်ကို ပြန်လည်အောက်မေ့လေရာ ဗာရာဏသီမြို့တော်၌ ထီးနန်းစိုးစံခဲ့သော ကိတ၀မင်း၏ သားတော်ဖြစ်ခဲ့ပုံကို သတိရလာ၏။ ထိုစဉ်တုန်းက သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ သာသနာတော် ကွယ်ပနေဆဲဖြစ်၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များသာ ရံဖန်ရံခါ ပေါ်တော်မူလာတတ်ကြ၏။

ထိုအချိန်က မိမိဘာသာ သစ္စာဉာဏ် အလင်းပေါက်ကာ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်တော်မူခဲ့၍ သုနေတ္တဘွဲ့မည်တော်ရှိသော အရှင်မြတ်သည် ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံရန် ၀င်တော်မူလာ၏။ ထိုအချိန်တွင် ကိတ၀မင်း၏ သားတော်သည်လည်း ဥယျာဉ်တော်တွင် ပျော်ရွှင်စွာ ကစားရာမှ ဆင်းတော်စီး၍ မြို့တော်တွင်းသို့ ပြန်ဝင်လာ၏။ မင်းသားသည် ခမည်းတော် ကိတ၀မင်းကြီး၏ တန်ခိုးအာဏာကို အမှီပြုကာ မာန်မာန ခက်ထန်လှ၏။ တိုင်းသူပြည်သားအပေါင်းက ခမည်းတော်မင်းကြီး တန်ခိုးအာဏာကြောင့် သူ့ကို လှမ်းမြင်ရသည့်နေရာမှ ခြေစုံရပ်ကာ လက်အုပ်ချီ၍ အရိုအသေပြုနေကြရ၏။ ဆင်တော်နှင့်ဖြစ်စေ၊ ရထားနှင့် ဖြစ်စေ သူဖြတ်ကျော်၍သွားခါမှ နေရာမှ ရွှေ့ခွင့်ရကြ၏။

ဗာရာဏသီမြို့တော်သို့ ဆွမ်းခံဝင်လာသည့် ပစ္စေကဗုဒ္ဓါအရှင်မြတ်သည်ကား သူ့ကို ကောင်းကောင်းကြီးမြင်နေ ပါလျက် မြင်ရာအရပ်က ခြေစုံရပ်၍လည်း မနေပေ။ လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း မပြုပါချေ။ မြင်မြင်သမျှ လူအပေါင်းက အရိုအသေပေးနေကြပါလျက် ဤသူတယောက်က မကြောက်မလန့် မခံ့မညားနေနေသည့် အတွက် မင်းသားမှာ အခံရခက်လှ၏။ ငါကဲ့သို့သော မင်းသားကို မလေးမခံ့ ပြုရာသလော-ဟု အပြင်းအထန် မျက်မှန်ပွားမိ၏။

ထို့ကြောင့် မင်းသားသည် ဆင်တော်ပေါ်မှ ကပျာကယာဆင်းကာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ချဉ်းကပ်ကာ-
ဘယ်လိုလဲကွ၊ စားစရာလေးများ ရလာခဲ့ပြီလား-ဟုမေး၏။
သူ့မေးခွန်းကို ပစ္စေကဗုဒ္ဓါအရှင်မြတ်က အဖြေမပေးရသေးခင်ကပင် သူက အရှင်မြတ်၏သပိတ်ကို ဆွဲလုယူလိုက်ပြီးလျှင် မြေပေါ်မှာ ပေါက်ခွဲ၍ ပစ်လိုက်လေသည်။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးသည်ကား တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ၏။ မိမိအား ကြည်ညိုလေးမြတ် ဆည်းကပ် ပူဇော်သူကို၎င်း၊ မခန့်လေးစား စော်ကားကျူးလွန်သူကို၎င်း တထပ်တည်း၊ တမျိုးတည်းသာ သဘောထားတော် မူ၏။ အဆင့်အမြင့်ဆုံးသော ဥပေက္ခာဗြဟ္မစိုရ်တရားဖြင့် သူ့ကို မမှိတ်မသုန် ကြည့်ရှု၍ နေတော်မူ၏။

ဤသို့ စူးစူးစိုက်စိုက် ကြည့်ရှု၍ နေသည်ကိုပင် မင်းသားကတော့ မိမိအား ရန်တုံ့မူနေသည်ဟု ထင်မှတ်နေ၏။ ထို့ကြောင့်-အောင်မာ မင်းက ငါ့ကိုများ စူးစူးကြီးကြည့်လို့၊ ကဲ ကြည့်ချင်သလောက် ကြည့်လိုက်စမ်းကွာ။ ကြည့်ပြီးတော့ကော မင်းက ဘာများတတ်နိုင်မှာမို့လဲ။
ဤသို့ မခိုးမခန့် ပြက်ရယ်ပြောင်လှောင်ကာ ဆင်ပေါ်သို့ ပြန်တက်လာခဲ့၏။

လူ့လောက၌ အထွတ်မြတ်ဆုံး သူတော်စင်ကြီးအား ပြစ်မှားမိသော အကုသိုလ်ကံသည် သူ့ကို နန်းတော်ထိအောင် ရောက်ခွင့်မပေးတော့ပါ။ ရုတ်တရက် လောင်မီးကြီးကျသကဲ့သို့ သူ့တကိုယ်လုံးမှ မီးတောက် မီးလျှံများ ပေါ်ထွက်လာကြ၏။ သက်သာလိုသက်သာငြား ဆင်တော်ပေါ်မှ ဆင်း၍ မြေပြင်ပေါ်မှာ လူးလိမ့်နေပါသော်လည်း သက်သာရမရနိုင်ပါ။ နောက်လိုက်နောက်ပါ အမှုထမ်းတို့ကလည်း မီးငြိမ်းသွားအောင် မစွမ်းနိုင်တော့သဖြင့် မင်းသားမှာ ထိုနေရာမှာပင် လောင်ကျွမ်း၍ သေသွားရပေတော့သည်။

မင်းသားဘ၀မှ ကွယ်လွန်၍ နောက်ဘ၀တွင်မူ ထို့ထက်ပြင်းထန်သော မီးဒဏ်ကို ခံရ၏။ မဟာအ၀ီစိငရဲကြီးတွင် နှစ်ပေါင်းရှစ်သောင်းလေးထောင်တိုင်တိုင် ဒုက္ခကြီးစွာ ခံစားလာခဲ့ရ၏။ မဟာအ၀ီစိငရဲကြီးမှ လွတ်လာပြန် တော့လည်း ပြိတ္တာဘ၀သို့ကျရောက်ကာ အစာမစားရ။ ရေတပေါက်မျှ မသောက်ရဘဲ ဆင်းရဲကြီးစွာခံစား၍ လာခဲ့ရပေသည်။

ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို နှစ်ပေါင်းမရေတွက်နိုင်လောက်အောင် ခံစား၍ လာခဲ့ရပြီးမှ ယခုဘ၀တွင် တံငါသည်မိသားစုမှ ဖွားမြင်လာခဲ့၏။
အရိုးအစဉ်အားဖြင့် တံငါသည်၏ သားသမီးမှန်လျှင် တံငါသည်အလုပ်မှာ စိတ်ပါဝင်စားလာကြ၏။ ပေါဋ္ဌပါဒသည်ကား ဇာတိဿရဉာဏ်ကို ရထားသဖြင့် အရိုးအစဉ်မှ သွေဖီလာခဲ့၏။ လူမှန်းသိတတ်လာသည့် အရွယ်မှစတင်ကာ တံငါသည်လုပ်ငန်းထဲမှာ မပါဝင်ဘဲနေရအောင် ရှောင်တိမ်း၍ နေလာခဲ့၏။ သက်တူရွယ်တူ သူငယ်ကလေးတွေ တံငါလုပ်ငန်းခွင်သို့ လိုက်ပါသွားကြသည်တွင် ပေါဋ္ဌပါဒကတော့ အိမ်မှာ ကုတ်ကပ်၍ နေခဲ့၏။ လူကြီးမိဘများက အတင်းအကြပ်ခေါ်သဖြင့် လိုက်ပါလာပြန်တော့လည်း ငါးများကို ကောက်၍ မယူဘဲ နေလာခဲ့၏။

ဤတွင် မိဘများက ငါးများကို ကိုယ့်ဘာသာ ကောက်ယူကာ အိုးထဲမှာထည့်ပြီးလျှင် ငါးဝယ်ယူရန် ကမ်းလှမ်းထားပြီးသော အိမ်သို့ ပေါဋ္ဌပါဒကို အပို့ခိုင်းလိုက်ကြ၏။ ပေါဋ္ဌပါဒသည် ငါးထည့်ထားသောအိုးကို စိတ်မသက်မသာ ထမ်းလာခဲ့ပြီးလျှင် မိဘများ မျက်ကွယ်သို့ရောက်သည်နှင့် တပြိုင်နက် ချောင်းရေထဲမှာ အကုန်လုံး လွှတ်ပစ်လိုက်လေတောာ့သည်။

ဤသို့အားဖြင့် တံငါသည်သားဖြစ်ပါလျက် ငါးမသတ်ရက်သဖြင့် မိဘများက သူ့ကို နေ့ရောညပါ ကြိမ်းမောင်းပြစ်တင်၍ နေကြ၏။ ဤတွင် ပေါဋ္ဌပါဒသည် လူကြီးမိဘများ၏ အကြိမ်းအမောင်းက လွတ်စေရန် အိမ်ထောင်ခွဲ၍ နေထိုင်သော အကိုကြီးထံသို့သွား၍ ခိုလှုံရ၏။ အကိုကြီးဖြစ်သူမှာ တံငါသည်တဦးပင် ဖြစ်သော်ငြားလည်း ငါးမသတ်ရက်သည့် ညီငယ်ကို ဇွတ်အတင်းမခိုင်းရက်ရှာပါ။ တမိပေါက်တွင် တယောက် ထွန်းတတ်သည့်သဘာဝကို ထောက်ရှုကာ ညီငယ်လေးကို ဖေးဖေးမမ ပြုလာခဲ့၏။ မိဘများအိမ်၌ မျက်နှာကောင်းမရနိုင်ရှာသော ညီငယ်ကို မျက်နှာမငယ်ရအောင် ကျွေးမွေးစောင့်ရှောက်၍ ထားလေသည်။

ပေါဋ္ဌပါဒမှာ အကိုကြီးအိမ်မှာ ပျော်ပိုက်လျက် အချိန်တန်လျှင် အိမ်သို့ပြန်ရ၏။ သူပြန်လာပြီဆိုလျှင် မိဘနှစ်ပါးတို့၏ နှုတ်ဖျား၌ ကြိမ်းစရာ မောင်းစရာ စကားလုံးတွေက အစီအရီ ရှိနေကြ၏။ ဤသို့ နေ့စဉ်နေ့တိုင်း ကြိမ်းမောင်းလာခဲ့ရာမှ တနေ့သောအခါတွင်မူ မိဘနှစ်ပါးတို့၏ ဒေါသအိုးကြီး ပေါက်ကွဲသည်အထိ ဖြစ်လာပေ တော့သည်။

ထိုနေ့တုန်းက မိဘနှစ်ပါးတို့သည် ပေါဋ္ဌပါဒ၏လက်ထဲသို့ ပိုက်တစုံကို ဇွတ်အတင်းထည့်ကာ ရေဆိပ်သို့ တွန်း၍ လွှတ်ခဲ့ကြ၏။ ရော့ ဒီပိုက်နဲ့ ငါတို့လို ငါးရအောင် ဖမ်းခဲ့။ ငါးမရဘဲ ပြန်လာရင်တော့ ဟောဒီကြိမ်တုတ်သာ ကြည့်ထားလေတော့။
သူ့အတွက် အသင့်ဆောင်ထားသော ကြိမ်တုတ်ကြီးကိုပြ၍ စေလွှတ်လိုက်ကြ၏။ ပေါဋ္ဌပါဒသည် ကြိမ်တုတ်ကြီးကို ကြောက်လှပါ၏။ အလျားက သုံးတောင်လောက်၊ အလုံးက ကျပ်ပြားလောက်၊ အရင်းမှာလည်း အမြစ်ဖုကြီးက ပါနေသေးသဖြင့် သည်တုတ်ကြီးနှင့်သာ အားကုန်လွှဲ၍ ရိုက်လိုက်ပါက ထွန့်ထွန့်လူး၍ သွားရပေတော့မည်။

သို့ရာတွင် ပေါဋ္ဌပါဒအတွက် ထိုကြိမ်တုတ်ကြီးထက် ကြောက်စရာကောင်းသော ဘေးကြီးက ရှိနေ၏။ ငရဲဘုံ ပြိတ္တာဘုံတို့၌ ခံစား၍ လာခဲ့ရသောဒုက္ခတွေနှင့် နှိုင်းစာလိုက်လျှင် သည်ကြိမ်တုတ်မှာ အသေးအမွှားသာ ဖြစ်နေပေတော့သည်။
သို့ဖြစ်၍ ပေါဋ္ဌပါဒသည် ဖြစ်လိုရာဖြစ်စေတော့ဟု သဘောပိုက်ကာ မိဘနှစ်ပါးတို့ပေးလိုက်သော ပိုက်တစုံကို ရေစီးကြောင်းထဲမှာ မျှောပစ်လိုက်လေတော့သည်။

မိဘများ၏ ရိုးရာလုပ်ငန်းကို ငြင်းပယ်ရုံသာမက မိဘများ၏ အားအကိုးရဆုံး၊ အဖိုးအတန်ဆုံးပစ္စည်းကိုပင် စွန့်ပစ်ခဲ့သဖြင့် သူ့ကို မိဘများက အပြင်းအထန်ဆုံးသော အပြစ်ဒဏ်ကို ပေးလိုက်ကြ၏။ ထိုအပြစ်ဒဏ် သည်ကား အိမ်မှ အပြီးအပြတ် နှင်ထုတ်လိုက်ခြင်းပါပေတည်း။
လက်သစ်တောင်တာ ယူဇနာတို့ဖြင့် တိုင်းတာ၍ မရနိုင်လောက်အောင် ကျယ်ဝန်းလှစွာသော ဤကမ္ဘာမြေပြင်ပေါ်တွင် ပေါဋ္ဌပါဒအဖို့ ရပ်တည်စရာ နေရာလေးတခုမျှ မရှိတော့ပါချေ။ ငါ့မှာ တွယ်ရာမဲ့ ဖြစ်ပါပေါ့ကလား-ဟူသော အားငယ်စိတ်၊ ၀မ်းနည်းကြေကွဲစိတ်ဖြင့် ခြေဦးတည့်ရာ လျှောက်သွားနေမိ၏။ ရောက်တတ်ရာရာ လျှောက်သွားနေ၍ တော်တော်ကြီးကြာလာသည်တွင် သူ့ဝမ်းထဲက ကိုးကိုးကွိကွိ မြည်လာတော့၏။ အစာအိမ်က အစာတောင်းလာ၏။ ဆာလောင်မွတ်သိပ်သည့်ဒဏ်ကို အပြင်းအထန် ခံစားလာရသဖြင့် ငါ့မှာ လူစင်စစ်က ပြိတ္တာဘ၀များ ပြန်ရောက်နေပြီလား-ဟူ၍ပင် ထိတ်လန့်တကြား တွေးတောမိပါသေးသည်။

စားစရာလေးများ တွေ့လိုတွေ့ငြား ရှေ့သို့လှမ်းလိုက်၊ နာလွန်းလှသော ၀မ်းဗိုက်ကို ညှာကာ ရပ်နေလိုက်သဖြင့် တရွေ့ရွေ့လှမ်းလာခဲ့ရာ ကံအားလျော်စွာပင် ရဟန်းများ၏ တောနေကျောင်းနားသို့ ရောက်လာလေသည်။
ထိုစဉ်တုန်းက အရှင်အာနန္ဒာမထေရ်မြတ်ကြီးသည် တပည့်ရဟန်းများနှင့်တကွ ကုဏ္ဍိမြို့ကို အမှီပြုကာ သာဏတောင်၌ သီးတင်းသုံးလျက်ရှိ၏။ မထေရ်မြတ်ကြီးတို့ ဆွမ်းစာေးနသည့် အချိန်မှာပင် ပေါဋ္ဌပါဒကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွား၏။ စားချင်သောက်ချင်စိတ်များက လွှမ်းမိုးနေသဖြင့် ကြောက်ရ၊ ရွံ့ရမှန်းပင် မသိတော့ဘဲ ဆွမ်းစားကျောင်းလှေခါးရင်းအထိ ချဉ်းကပ်သွားကာ လည်တမော့မော့နှင့် မျှော်ကြည့်နေရှာ၏။

အရှင်အာနန္ဒာသည် သူငယ်ကလေးကို လှမ်းမြင်မိကာ အလွန်တရာ ဆာလောင်မွတ်သိပ်နေသည်ကို သတိပြုမိ၏။ ထို့ကြောင့် ရဟန်းများ ဆွမ်းဘုဉ်းပေးအပြီးတွင် ကြွင်းကျန်နေသည့် ဆွမ်းများ၊ ဟင်းများကို စုပေါင်းကာ ခွက်လွတ်တခုမှာ ထည့်၍ ကျွေး၏။ ပေါဋ္ဌပါဒကလည်း ခွက်ထဲမှာ ရှိသမျှကို အပြောင်အစင် စားပြီးလျှင် ခွက်ကို ရေစင်စင်ဆေးကာ ရေစင်မှာ မှောက်ထားလိုက်လေသည်။

သူငယ်ကလေး၏ လုပ်ပုံကိုင်ပုံကို အကဲခတ်နေခဲ့သော အရှင်အာနန္ဒာသည် ၀တ်တရားကို သိတတ်လှသော သူငယ်ကလေးကို အားရကျေနပ်လှသဖြင့်-
သူငယ်၊ မင်း သာသနာ့ဘောင် ၀င်ချင်သလား-ဟု မေးမြန်းလိုက်ရာ-
တပည့်တော် ၀င်ချင်ပါတယ်ဘုရား။

ပေါဋ္ဌပါဒက မဆိုင်မတွ ဖြေကြားလိုက်ရ၏။
အဖြေစကားလျှောက်ထားရင်း ၀မ်းသာလုံးဆို့လာသဖြင့် သူ့တကိုယ်လုံး ကတုန်ကယင် ဖြစ်နေရ၏။ ရပ်တည်ရာ ရှာမတွေ့ရှာသော သူငယ်လေးတယောက်အဖို့ ဤသို့ ဖိတ်ခေါ်သံထက်ပို၍ ၀မ်းသာစရာ ရှိပါဦးမည်လော။

အရှင်အာနန္ဒာ မထေရ်မြတ်ကြီး၏ ကရုဏာရိပ်တွင် ခိုလှုံကာ ပေါဋ္ဌပါဒသည် သာမဏေအဖြစ်သို့ တက်လှမ်းလာနိုင်၏။ ဖြစ်သစ်စ ရှင်သာမဏေလေးကို ခေါ်ဆောင်ကာ အရှင်အာနန္ဒာသည် ဘုရားရှင်ရှေ့တော်မှောက်သို့ ၀င်ရောက်ဖူးမြော်၏။
ဤတွင် ဘုရားရှင်က အရှင်အာနန္ဒာအား ဤသာမဏေကလေးကို ကောင်းမွန်စွာ စောင့်ရှောက်ထားရန် မိန့်ကြားတော်မူလေသည်။

သို့ရာတွင် သာမဏေလေး ရှင်ပေဋ္ဌပါဒမှာ ရှေးကုသိုလ်ကံ၏ အထောက်အပံ့ကို မရနိုင်သေးသဖြင့် ဘုန်းကံနည်းပါးရှာ၏။ ဆွမ်းကောင်း၊ ဟင်းကောင်း လောင်းလှူမည့်သူ မရှိသလောက် ရှားပါးလှ၏။ အ၀တ်သင်္ကန်းမှာလည်း ရဟန်းတို့ပေးစွန့်သည့် သင်္ကန်းဟောင်းများကိုသာ စပ်ဟပ်ဖာထေး၍ ၀တ်ဆင်နေရ၏။
ဤအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ အရှင်ပေါဋ္ဌပါဒကိုခေါ်တော်မူ၍-

ပေါဋ္ဌပါဒ၊ ရဟန်းများသောက်တဲ့ သောက်ရေအိုးတွေကို ရေကောင်းရေသန့် လောင်းပေးပါ။ ဒီကျင့်ဝတ်ကို နေ့စဉ်မပျက် ဆက်လက်ပြီး ထမ်းဆောင်ပါ-ဟု မိန့်ကြားတော်မူ၏။ ရှင်ပေါဋ္ဌပါဒကလည်း မိန့်ကြားတော်မူသည့် အတိုင်း သောက်ရေခတ်ကျင့်ဝတ်ကို စွဲစွဲမြဲမြဲ ဆောင်ရွက်နေပေသည်။

ဤတွင် ဒကာ ဒကာမများသည် ကျင့်ဝတ်နှင့်ပြည့်စုံလှသော သာမဏေလေးကို ကြည်ညိုလာကြသဖြင့် နေ့စဉ်မပြတ် ဆွမ်းကောင်းဟင်းကောင်းများ လောင်းလှူလာကြ၏။ သင်္ကန်းဒကာ ဒကာမများလည်း ပေါ်ပေါက်လာကြ၏။ ရှင်ပေါဋ္ဌပါဒသည် ကြည်ညိုသဒ္ဓါ ထက်သန်လှစွာသော ဒကာ ဒကာမတို့ကို ပစ္စည်းလေးပါးကို အမှီပြုကာ သာသနာ့ဘောင်မှာ ချမ်းချမ်းသာသာ နေထိုင်လာရာမှ အသက်နှစ်ဆယ် ပြည့်သောအခါ ရဟန်းအဖြစ်သို့ရောက်လာလေသည်။

ရဟန်းတော် အရှင်ပေါဋ္ဌပါဒသည် ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ၏ ထံတော်ပါး၌ ပိဋကတ်ဒေသနာတော်များနှင့် တကွ ပဋိပတ်ကျင့်စဉ်များကိုလည်း ရိုသေလေးမြတ်စွာ သင်ယူကျင့်သုံး၏။ ဤသို့ဖြင့် ပရိယတ်ဒေသနာတော် အစုံစုံကို နှုတ်ငုံဆောင်နိုင်လာသည့်အချိန်မှာပင် ပဋိပတ်ကျင့်စဉ်များကလည်း အရှိန်ကောင်းလာသဖြင့် မဂ်အဆင့်ဆင့် တက်လှမ်းကာ အရဟတ္တဖိုလ်အထိ ခရီးပေါက်လာတော့သည်။

ရဟန္တာပုဂ္ဂိုလ် အရှင်ပေါဋ္ဌပါဒသည် ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ သီတင်းသုံးတော်မူခဲ့သော သာဏတောင်မှာပင် ဆက်လက်၍ သီတင်းသုံး၏။ ထို့ကြောင့် ပတ်ဝန်းကျင်မှာ ရှိနေကြသော ဒကာ ဒကာမများက မူလဘွဲ့မည်ရင်းအစား သာဏ၀ါသီမထေရ်-ဟူ၍ ကြည်ညိုလေးမြတ်စွာ ခေါ်ဝေါ်၍ လာခဲ့ကြလေသည်။

အရှင်သာဏ၀ါသီသည် တပည့်ရဟန်း၁၂-ပါးတို့အား ပရိယတ်၊ ပဋိပတ် နှစ်မျိုးလုံးဖြင့် ချီးမြှောက်ကာ သက်တော်ဝါတော် ကြီးရင့်လာကာ မထေရ်ကြီးဘ၀သို့ ရောက်လာလေသည်။
ဤအချိန်တွင် မထေရ်မြတ်ကြီး၏ ဆွေမျိုးငါးရာတို့ ကွယ်လွန်ကြလေရာ ကုသိုလ်ကောင်းမှုကို တခုမျှ မပြုခဲ့ဘူးကြ၍ ပြိတ္တာဘုံသို့ လားရောက်ကြရ၏။ ထိုတွင် အရှင်မြတ်ကြီး၏ ခမည်းတော်၊ မယ်တော်နှင့် အကိုကြီးတို့မှာ ကုဏ္ဍီမြို့ပတ်ဝန်းကျင်မှာပင် ကျင်လည်နေကြရ၏။ သူတို့မှာ နေ့စဉ်နှင့်အမျှ အပ်ကြီါ်ကြီးဖြင့် ထိုးဆွခြင်းခံရသကဲ့သို့ ဝေဒနာဒဏ်ကို ခံစားနေကြရ၏။ ဘယ်လောက်ပူပူ၊ ဘယ်လောက်အေးအေး အ၀တ်ကလေး တထွာတညိုမျှ မကပ်နိုင်ကြပေ။ ပြိတ္တာဘ၀ ရောက်လာသည်မှ စတင်ကာ အစာအာဟာရဟူ၍ လုံးဝမစားရ၊ မသောက်ရသဖြင့် အမြဲတမ်း ဆာလောင်မွတ်သိပ်၍ နေကြရပေသည်။

သူတို့သည် စားစရာရှာဖွေရင်း သားဖြစ်သူ အရှင်မြတ်ကြီး ဆွမ်းခံကြွနေသည်ကို လှမ်း၍မြင်ကြရပါ၏။ သို့ရာတွင် မိမိတို့က သူ့ကို ပစ်ပစ်ခါခါ အိမ်မှ နှင်ထုတ်ခဲ့ဖူးသည့်အဖြစ်ကို ပြန်လည်၍ သတိရနေကြသဖြင့် ကိုယ်ထင်ပြ၍ အကူအညီမတောင်းရဲကြပေ။
အကိုကြီးဖြစ်သော ပြိတ္တာသည်ကား လူ့ဘ၀တုန်းက သူ့အပေါ် မေတ္တာရှေ့ထား၍ ပြုစုစောင့်ရှောက်ခဲ့ဖူးသည့် အဖြစ်ကို အားကိုးကာ အရှင်မြတ်ကြီးထံသို့ အရဲစွန့်၍ ချဉ်းကပ်လာ၏။ အရှင်မြတ်ကြီး ဆွမ်းခံကြွရာ လမ်းနဘေးတွင် လေးဖက်ထောက်၍ သွားနေရပုံဖြင့် ကိုယ်ထင်ပြ၏။

သာဏ၀ါသီ အရှင်မြတ်ကြီးသည်ကား သွားနေကျ လမ်းကြောင်းမှတပါး အခြားသို့ စောင်းငဲ့၍ ကြည့်ရှုလေ့ မရှိသဖြင့် အကိုကြီးပြိတ္တာကို မမြင်မိချေ။ ဤတွင် အကိုကြီးပြိတ္တာက-
အရှင်ဘုရား၊ အရှင်ဘုရား၊ ရပ်တော်မူပါဦးဘုရား။ တပည့်တော်က အရှင်ဘုရားရဲ့ အကိုကြီးပါဘုရား။ ဤသို့ အသံပြု၍ လျှောက်ထားရ၏။ ဤတွင်မှ အရှင်သာဏ၀ါသီက စောင်းငဲ့၍ကြည့်ရှုကာ ဤသို့ တုံ့ပြန်မိန့်ကြား၏။

အလို အကိုကြီးဘ၀က တယ်ပြီးဆိုးရွားလှပါလား။ ရထားတဲ့ ရုပ်ခန္ဓာကလည်း အရုပ်ဆိုးပါဘိ။ အ၀တ်အစားက လုံးဝမရှိ။ အသားအရေဆိုတာကလည်း လုံးဝမရှိသလောက်၊ တကယ့်ကမ္မဋ္ဌာန်းရုပ် ဖြစ်နေပါပေါ့ကလား။
မှန်ပါ၊ ပြိတ္တာဘုံသားမှန်သမျှ ဒီလိုပဲ ဆင်းရဲကြရပါတယ်ဘုရား။ ဒီလို ဆင်းရဲရတာ တပည့်တော်တယောက်တည်း မဟုတ်ပါဘူး။ အရှင်ဘုရားရဲ့ ခမည်းတော်နဲ့ မယ်တော်ကြီးတွေလည်း ပါဝင်ပါတယ်။ အရှင်ဘုရား ငယ်စဉ်တုန်းမှာ သူတို့က အရှင်ဘုရားကို အိမ်က နှင်ထုတ်ခဲ့ဖူးတာကြောင့် အရှင်ဘုရားရှေ့မှာ ကိုယ်ထင်မပြ၀ံ့ကြပါဘူးဘုရား။

အို- ဖြစ်ရလေ၊ ပြီးခဲ့တာတွေက ပြီးခဲ့ပါပြီလေ။ ဒီတော့ အကိုကြီးက ခမည်းတော်နဲ့ မယ်တော်ကြီးကိုခေါ်ပြီး ကျောင်းက သွားစောင့်နေကြပါ။ ကုဏ္ဍိမြို့ထဲမှာ ဆွမ်းခံပြီးတော့ ပြန်လာခဲ့မယ်။
ဤသို့ မိန့်ကြားပြီးလျှင် အရှင်သာဏ၀ါသီသည် နောက်ပါရဟန်း ၁၂-ပါးနှင့်တကွ ကုဏ္ဍိမြို့တွင်း၌ ဆွမ်းခံကြွ၏။ ဆွမ်းခံ၍ ပြန်လာကြသောအခါ ဆွမ်းစားကျောင်းပေါ်မှာ သံဃာကုန်စုဝေးကြ၍-

ကဲ ငါ့ရှင်တို့၊ ငါတို့ရဲ့ မိဟောင်း ဖဟောင်း အကိုကြီးဟောင်း ပေတလောကသားတွေကို ကျွေးမွေးဖို့ တာဝန်ရှိနေပေတယ်။ ဒါကြောင့် ငါ့ရှင်တို့ရလာသမျှ ဆွမ်းသပိတ်တွေကို ငါ့ဆီ ကပ်လှူကြပါ။
ကောင်းပါပြီ အရှင်ဘုရား။
တပည့်သံဃာများက ရိုသေစွာ တုန့်ပြန်ကြပြီးလျှင် မိမိတို့၏ ဆွမ်းသပိတ်များကို အရှင်မြတ်ကြီးအား အသီးသီး ဆက်ကပ်ကြ၏။ အရှင်မြတ်ကြီးသည် မိမိရှေ့မှာ အစီအရီချထားသော ဆွမ်းသပိတ်တို့ကို လက်ဖြင့်သုံးသပ်ကာ-

ဤဆွမ်းတို့ကို သံဃာအား လှူဒါန်းပါ၏။ ဤသို့လှူရသော ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို မိဟောင်း ဖဟောင်း အကိုဟောင်း ပေတလောကသားတို့အား အမျှပေးပါ၏။ အမျှပေးပါ၏။ အမျှပေးပါ၏။
သာဓု သာဓု သာဓု။
အနုမောဒနာပြုသံ သုံးကြိမ်အဆုံးတွင် ပြိတ္တာသုံးယောက်၏ ရှေ့မှောက်တွင် စားကောင်းသောက်ဖွယ်တွေ အငွေ့တထောင်းထောင်းနှင့် ရောက်လာကြပေတော့သည်။
သူတို့ခမြာ အစားအစာနှင့် လုံးဝမတွေ့ကြရဘူးသဖြင့် အစားအစာကို မြင်သည်နှင့်တပြိုင်နက် အရှင်မြတ်ကြီး၏ အမိန့်သံကိုပင် မစောင့်နိုင်တော့ဘဲ သုံးယောက်သား ခေါင်းချင်းဆိုင်ကာ ဗိုက်ကြီးတွေကားလာအောင် အငမ်းမရ စားလိုက်ာ့ပေတော့သည်။

ထို့နောက် အရှင်သာဏ၀ါသီသည် ပြိတ္တာသုံးယောက်တို့အတွက် အ၀တ်အစားပေးနိုင်စေရန် လူတို့စွန့်ပစ်ထားသော အမှိုက်ပုံထဲက အ၀တ်စများကို ရှာဖွေ၍ ပံ့သကူကောက်ယူကာ သန့်ရှင်းစွာ လျှော်ဖွပ်ပြီးလျှင် အရပ်လေးမျက်နှာမှ ကြွလာကြသော သံဃာတော်တို့အား ရည်မှန်းကာ သင်္ကန်းချုပ်စရာ အ၀တ်စအဖြစ်ဖြင့် လှူဒါန်း၏။ လှူဒါန်းရသည့် ကုသိုလ်၏အဖို့ဘာဂကို ပြိတ္တာသုံးယောက်တို့အား အမျှပေးဝေ၏။

ပြိတ္တာသုံးယောက်တို့သည် သာဓုခေါ်သံ အဆုံးတွင် ကောင်းမွန်လှစွာ၊ အမျိုးအမည်စုံစွာ၊ အရောင်အသွေး စုံစွာသော အ၀တ်အထည်တို့သည် သူတို့၏ရှေ့မှာ ကောင်းကင်မှ တွဲလောင်းကျလျက် ရှိနေကြပေတော့သည်။
ထိုမှတဖန် ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့အတွက် နေစရာအိမ်ဂေဟာ လိုအပ်နေသေးသဖြင့် သစ်ရွက်မိုးကျောင်းကလေးကို အလျင်အမြန်ဆောက်ကာ သံဃာအား လှူဒါန်းရပြန်၏။

ထိုမှ ဆက်လက်၍ ပြိတ္တာတို့အတွက် သောက်ရေရပါစေရန် ရေစစ်ဖြင့် သောက်ရေကို စစ်ယူပြီးလျှင် သံဃာအား ရည်မှန်း၍ လှူဒါန်းရပြန်၏။ ထို့နောက်တွင်ကား သွားရေးလာရေးအတွက် အခက်တွေ့နေကြရသော ဆွေဟောင်းမျိုးဟောင်းများ စီးစရာယာဉ်ရထား ဖြစ်ပေါ်လာစေရန် မိမိ၏တလွှာတည်းသာရှိသော ဖိနပ်ကို သံဃာတော်အား ရည်မှန်း၍ လှူဒါန်းရပြန်ပေသည်။
ဤတွင်မှ အစစချို့တဲ့ပြတ်လပ်၍ နေခဲ့ကြရသော ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့သည် လိုအပ်သမျှ ပြည့်စုံစွာ ရရှိကာ ချမ်းချမ်းသာသာ နေထိုင်ကြရလေတော့သည်။
( စူဠ၀ဂ်၊ သာဏ၀ါသီထေရပေတ၀တ္ထု)

ဝဏ္ဏသီရိ

ဘာသာရေး ပြဿနာ ( ၈ )

( ဘဒ္ဒန္တ ၀ါယာမသာရ ဖြေသည် )

(မေး) (၀ါသနာဓလေ့)
အရှင်ဘုရား၊ ၀ါသနာဓလေ့ကို ရဟန္တာပုဂ္ဂိုလ်ကြီးများတောင် မပယ်နိုင်-ဟု ဓမ္မစကား တော်တော်များများတွင် ကြားနေရပါသည်။ ထိုစကားမှန်-မမှန် ဖြေကြားပေးတော်မူပါဘုရား။
(အောင်မှူးဝေ-တမူးမြို့)

(ဖြေ)
ဘုရားရှင်၏ ကိလေသာပယ်ပုံ ပဟာနသမ္ပဒါတွင် (၀ါသနာနှင့်တကွ) အလုံးစုံသော ကိလေသာတို့ကို စင်စစ်တဖန် ပြန်မဖြစ်စေသောအားဖြင့် ပယ်သတ်ခြင်းဟု ဆိုသဖြင့် ဘုရားရှင်သာ (၀ါသနာနှင့်တကွ) ပယ်နိုင်ပြီး၊ ကျန် ရဟန္တာမထေရ်မြတ်များမှာ ကိလေသာတို့ကိုသာ ပယ်နိုင်ပြီး ၀ါသနာကို မပယ်နိုင်ဟု ဆိုရာ ရောက်ပါသည်။

(သ၀ါသန သကလသံကိလေသာန မစ္စန္တမနုပ္ပါဒ ဓမ္မတာ ပါဒနံ=ပဟာနသမ္ပဒါ) ပညာဧတဒဂ်ရ-ရဟန္တာ သာဝကကြီး အရှင်သာရိပုတ္တရာသည်ပင်လျှင် ၀ါသနာကို မပယ်နိုင်ကြောင်း အာစရိယပရမ္ပရ-ရှေးမထေရ် အဆက်ဆက်တို့ ပြောရိုးဆိုစဉ်ရှိသော ဇာတ်လမ်းလေးတခု ရှိပါသည်။

တချိန်တွင် အရှင်သာရိပုတ္တရာ မထေရ်ကြီးအား ဒါယကာတဦးက ဆွမ်းလာပင့်၍ ကြွလိုက်အသွား လမ်းခုလပ်တွင် ရေမြောင်းလေးတခုတွေ့ရာ အရှင်သာရိပုတ္တရာမထေရ်ကြီးက ခုန်ကျော်၍ သွားသောဟူ၏။ ထိုအခါ ဒါယကာ၏စိတ်ထဲတွင် ရဟန်းကြီးနှယ် ဣနြေ္ဒမရလိုက်တာ-ဟု တွေးပြီး သင်္ကန်းသုံးထည် လှူဒါန်းဖို့ စီမံထားရာ နှစ်ထည်သာလှူတော့မည်ဟု စိတ်ပြောင်းသွားလေ၏။ နောက်တဖန် ရေမြောင်းတခုတွေ့၍ ခုန်လိုက်ပြန်ရာ (တစ်)ထည်သာ လှူတော့မည်ဟု လျော့သွားပြန်၏။ (သုံး)ခုမြောက် ရေမြောင်းတခုတွေ့ရာတွင် မထေရ်ကြီးက မခုန်တော့ဘဲ ဆင်းသွားသောဟူ၏။ ထိုအခါ ဒကာက အရှင်ဘုရား ရှေ့ကရေမြောင်းနှစ်ခု ခုန်ကျော်ခဲ့ပြီး ယခုရေမြောင်းကို အဘယ့်ကြောင့် မခုန်ကျော်ပါသနည်းဟု မေးရာ

ဒကာ-ငါ ဒီရေမြောင်းကို ခုန်ကျော်လိုက်လျှင် သင်္ကန်းတထည်မျှ ရမှာမဟုတ်တော့ဘူး။ ဟုဖြေရာ ထိုအခါကျမှ မထေရ်ကြီးကို ကြည်ညို၍ သုံးထည်လုံး လှူသောဟူ၏။
ဤဇာတ်လမ်းတွင် အရှင်သာရိပုတ္တရာ မထေရ်ကြီးသည်ပင် မျောက်ဘ၀တွင် အဖြစ်များခဲ့ဖူး၍ ၀ါသနာအငွေ့အသက် ကျန်နေကြောင်း ပိဋကတ်တော်တွင် မပါဝင်သော်လည်း အကြောင်းအရာလည်းပေါ်လွင် ဟာသရသပါ ခံစားရသောကြောင့် မထေရ်အဆက်ဆက်တို့ ပြောရိုးဆိုစဉ်ရှိနေသော ဇာတ်လမ်းဖြစ်ပါ၏။
********************************************************************************

(မေး) (အသုဘ ကမ္မဋ္ဌာန်း ၁၀-ပါး)
အရှင်ဘုရား၊ ကမ္မဋ္ဌာန်း ၁၀-ပါးရှိသည်ဟု မှတ်သားဖူးပါသည်။ အသုဘကမ္မဋ္ဌာန်းအားလုံး မတင့်တယ်ဖွယ်၊ မနှစ်သက်ဖွယ် အတူတူပင်ဖြစ်၍ အသုဘကမ္မဋ္ဌာန်းကို တမျိုးတည်းဟု သတ်မှတ်လျှင် ရနိုင်ပါသလားဘုရား။ အသုဘ ၁၀-ပါး၏ ပါဠိအနက်အဓိပ္ပါယ်တို့ကို အကျဉ်းချုပ်၍ မှတ်သားရလွယ်ကူအောင် ဖြေကြားပေးတော် မူပါဘုရား။
(မြဂိုးလူ-တမူးမြို့)

(ဖြေ)
အသုဘ ဟူသမျှသည် မတင့်တယ်ဖွယ် အတူတူပင် ဖြစ်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး ရာဂစရိုက်-တပ်မက်နှစ်သက်မှု များသောပုဂ္ဂိုလ်များအတွက် ရာဂစရိုက် လျော့ပါးအောင် အသုဘကမ္မဋ္ဌာန်းကို ရှုရပါသည်။ ထိုသို့ရာဂစရိုက် ဖြစ်ပေါ်ရာ၌ တပ်မက်နှစ်သက်မှု ပုံစံ အမျိုးမျိုးရှိကြသည့်အတွက် ထိုတပ်မက်နှစ်သက်မှု ကွဲပြားသည့် အလျောက် အသုဘ ၁၀-မျိုး ခွဲခြမ်းထားခြင်း ဖြစ်ပါသည်။

(၁) ကိုယ်နေဟန်ထား-ကာယအလှမောင်မယ်တို့၏ ပုံသဏ္ဍာန်မျိုးကို စုံမက်နှစ်သက်သော စရိုက်ရှိသူသည် ဥဒ္ဓုမတာကအသုဘ=သေပြီး သုံးလေးငါးရက် ဖူးဖူးရောင်ထနေသော ပုံသဏ္ဍာန် မတင့်တယ်သည့် သူသောကောင်ကို ရှုရမည်။
(၂) အရောင်အဆင်း ၀ါဝင်းဖြူဖွေးသောအဆင်းကို နှစ်သက်တပ်မက်သူသည် ၀ိနီလကအသုဘ=ညိုမဲနေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။
(၃) အမွှေးနံ့သာ ပန်းနံ့သာ ဆင်မြန်းထားသဖြင့် ကိုယ်နံ့တသင်းသင်း မွှေးပျံ့ခြင်းကို စုံမက်သောစရိုက်ရှိသူသည် ၀ိပုဗ္ဗကအသုဘ=ပြည်ပုပ်များယိုကျသဖြင့် ပုပ်ဟောင်နေသော အသုဘကို ရှုရမည်။
(၄) တစုတပေါင်းတည်း လုံးလုံးကျစ်ကျစ် တဆက်တစပ်တည်း တင့်တယ်မှုကို စုံမက်သောသူသည် ၀ိစ္ဆိန္ဒကအသုက=ခါးတပိုင်း ပြတ်နေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။
(၅) အိအိစက်စက် အသားဆိုင်ညက်ညက် ဖောင်းဖောင်းအိအိ ပြည့်ပြည့်ဖြိုးဖြိုး နှစ်သက်တတ်သူသည် ၀ိက္ခာယိတကအသုဘ=ကျီး၊ ခွေး၊ လင်းတတို့ အသားဆိုင်များကို ကိုက်စားထားသဖြင့် ပုံပန်းပျက်နေသော သူသေကောင်ပုပ်ကို ရှုရမည်။
(၆) ခေါင်း၊ ခါး၊ ခြေ၊ လက်၊ အင်္ဂါကြီးငယ် တင့်တယ်လှသည်ဟု တစိမ့်စိမ်ကြည့်ရှု နှစ်သက်သောသူသည် ၀ိက္ခာယိတကအသုဘ=ခြေ၊ လက်၊ ကိုယ်၊ ခေါင်း၊ တကွဲတပြားစီ ပစ်ထားသော မနှစ်သက်ဖွယ် အသုဘကို ရှုရမည်။(တခုချင်းဖြစ်နေလျှင် နှစ်သက်ဖွယ်မဟုတ်တော့)။
(၇) ရွှေငှက်ပျောအသွင် မထင်ရိုးဆစ်၊ ချေမောပြေပြစ်သော ခန္ဓာကိုယ်ကို နှစ်သက်သူသည် ဟတ၀ိက္ခိတ္တကအသုဘ=ဒဏ်ရာအမျိုးမျိုး မွှမ်းထား ခုတ်လှီးထားသော မတင့်တယ်ဖွယ် အသုဘကို ရှုရမည်။
(၈) ရွှေငွေတန်ဆာ ရတနာအမျိုးမျိုးတို့၏ အရောင်ကြောင့် ပြောင်ပြောင်လက်လက် တင့်တယ်သည်ဟု နှစ်သက်တတ်သူသည် လောဟိတကအသုဘ=ဒဏ်ရာအမျိုးမျိုးတို့မှ သွေးများယိုစီးကျနေသော အသုဘ အကောင်ပုပ်ကို ရှုရမည်။
(၉) ငါတဦးတည်း ပိုင်နိုင်စိုးမိုးသည်ဟု မြတ်နိုးစုံမက်တတ်သူသည် ပုဠုဝကအသုဘ=မရေတွက်နိုင်သော ပိုးလောက်တို့ တဖွားဖွားကျနေသော သူသေကောင်ပုပ်ကို ရှုရမည်။
(၁၀) ဖြူဖွေးသောသွား၊ ပုလဲကုံးအလားဟု အရိုးကောင်းဖြစ်အင် ခုံမင်နှစ်သက်သူသည် အဋ္ဌိကအသုဘ= အရိုးများကျနေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။
********************************************************************************

(မေး) (အလှူသုံးမျိုး အကျိုးပေးပုံ)
အရှင်ဘုရား၊ ဆရာကြီး မင်းယုဝေမှတဆင့် ဦးအုန်းမြင့် မေးမြန်းသည်မှာ-
(က) စေတီဘုရား တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။
(ခ) ကျောင်း၊ သိမ်၊ ဇရပ် စသည်ကို တည်ဆောက်လှူဒါန်းသည့်ကုသိုလ်။
(ဂ) ရှင်ပြု ရဟန်းခံ၍ လှူဒါန်းသည့်ကုသိုလ်များလည်း အကျိုးပေးပုံ မည်သို့ထူးခြားသည်ကို ရှင်းလင်းပေးတော်မူ ပါရန် တဆင့် မေးမြန်းထားပါသည်။
(ကိုအုန်းမြင့်-ရွှေကူမြို့၊ ကချင်ပြည်နယ်)

(ဖြေ)
ဤမေးခွန်း၏အဖြေမှာ ကျယ်ပြန့်လှပါသည်။ အကျဉ်းချုပ်၍သာ ဖြေပါမည်။
(က) စေတီဘုရားတည်မှုနှင့် ပတ်သက်၍ အင်္ဂတေများ၊ အုတ်များ၊ ရွှေသင်္ကန်းများကပ်၍ (ရွှေချ၍) အမြဲအစွဲ တည်ထားပူဇော်ကြသော စေတီများကို မဆိုထားဘိ-
သဲပုံစေတီတည်၍ ပူဇော်ရသော အကျိုးသည်ပင် အလွန်ကြီးမားလှပါသည်။ ၀ိပဿီမြတ်စွာဘုရား ပရိနိဗ္ဗာန် စံသွား၍ မမီလိုက်သော ဟိမ၀န္တာရသေ့တပါးသည် ချောင်းရိုးထဲတွင် သဲပုံစေတီတည်၍ ဘုရားအုတ်၊ ဓာတ်တော် ဌာပနာထားသော စေတီအမှတ်ဖြင့် တောပန်း၊ တောင်ပန်းတို့ဖြင့် အမြဲပူဇော်လေ၏။ ထိုကောင်းမှုကြောင့် လူ့ပြည်၊ နတ်ပြည် အစုန်အဆန် စည်းစိမ်ခံစား၍ သိကြားမင်း၊ စကြာမင်းအဖြစ် အကြိမ်များစွာဖြစ်ပြီး ဂေါတမဘုရားရှင်လက်ထက်၌ အဘိညာဏ် ၆-ပါးနှင့် ပြည့်စုံသော ရဟန္တာဖြစ်ရလေ၏။
(အပါဒါန်၊ ဋ္ဌ-ဒု-၈၇)

ထို့ပြင် ၀ိပဿီဘုရားလက်ထက်မှာပင် ဟိမ၀န္တာ ကုက္ကုရတောင်အနီး ရသေ့ကျောင်း၌ နေထိုင်သော တပည့်ငါးထောင်တို့၏ ဆရာရသေ့ကြီးသည် ရောဂါကြောင့် ဘုရားထံ မသွားနိုင်သဖြင့် ဂုဏ်တော်ကို ကြည်ညို၍ ပန်းစေတီပြုကာ ၀ိပဿီဘုရားအား ရည်မှန်း၍ ပူဇော်လှူဒါန်းလေ၏။ ထိုကောင်းမှုကြောင့် ဗြဟ္မာ့ပြည်၌ ဖြစ်ရပြီး ဂေါတမဘုရားလက်ထက်၌ ပုပ္ဖထူပိယထေရ် (ပန်းစေတီတည်ထားပူဇော်သော မထေရ်) ဟု ကျော်ကြားသော ရဟန္တာဖြစ်လေသည်။

သဲပုံစေတီ၊ ပန်းစေတီများပင် ဤမျှ အကျိုးကြီးလျှင် ထူးကဲစွာ ပူဇော်နိုင်သမျှ ထူးကဲစွာ အကျိုးပေးမည်သာ ဖြစ်ပါသည်။

(ခ) ကျောင်း၊ သိမ်၊ ဇရပ် လှူရခြင်းအကျိုးများ
မင်းကွန်းတိပိဋက ဆရာတော်ကြီး ရေးသားသော အပါဒါန်လာ ကျောင်းလှူရခြင်းအကျိုးများ-
သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ မဟာသာသနိက၊ ၀ိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူကဲဝှန်၊ ကျိုးရ ဟန်ကို၊ ကျမ်းဂန်ထောက်ချင့်၊ နိဒါန်းဖွင့်သော်-
(၁) နတ်နှင့်လူဝယ်၊ သန္ဓေတွယ်၍၊
(၂) လိုဖွယ်မတ၊ ဆောက်အုံရ၏၊
(၃) မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊ ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏၊
(၄) ခြင်္သေ့သစ်ကျား၊ သားရဲများနှင့်၊ ဖမ်းစားကလူ၊ နှိပ်စက်မူသား၊ တောသူဘုတ်ပြိတ်၊ အဆိပ်ထန်ပြင်း၊ မြွေနှင့်ကင်းက၊ အဆင်းဖောက်ပြန်၊ ကုမ္ဘာန်ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း၊ ဘေးလွတ်ရှောင်း၏၊
(၅) မကောင်းအိပ်မက်၊ မမြင်မက်ဘူး၊
(၆) ထင်လျက်သတိ၊ ခိုင်မြဲဘိ၍၊ ၀ိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ ရူးသွပ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊
(၇) နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်၊ ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊ ဆောက်ဦးလှူကျိုး ခုနစ်တည်း။

တဖန် ကျောင်းလှူကျိုး ၈-ပါး
ရွှေဘုံပေါ်ပေါက်၊ ထိတ်ကြောက်လန့်ကင်း၊ ဘေးရန်ရှင်းပျောက်၊ မခြောက်ယက္ခ၊ ပါပမမက်၊ ဘ၀ဆက်သိ၊ မြဲသတိသည်၊ မှတ်ဘိကျောင်းလှူရှစ်မျိုးတည်း။

(ဂ) ရဟန်းခံ ရှင်ပြုအကျိုးများမှာ-
အထူးသဖြင့် သပိတ်၊ သင်္ကန်း စသော ပရိက္ခရာများကို လှူဒါန်းသဖြင့်
ရွှေသို့အဆင်း၊ ညစ်ကြေးကင်း၍၊ ရောင်ဝင်းထိန်ပ၊ နူးညံ့လှ၏၊ မကသိန်းဖိုး၊ ပုဆို ရလေ၊ ညို,ရွှေ,ဖြူ,နီ၊ ဤရှစ်လီနှင့်၊ ကြီးလင့်ကံအား၊ ယောက်ျားဖြစ်ဘိ၊ ဧဟိဘိက္ခု၊ သဗ္ဗညုတ၊ ခေါ်ပြုမြွက်ဟ၊ မိန်းမဘ၀၊ လက်ခတသိန်း၊ တွက်ကိန်းတန်ဖိုး၊ ကိုးကုဋေမျှ၊ လေးလအချိန်၊ ပန်းတိမ်ငါးရာ၊ မှန်စွာလုပ်ရ၊ မဟာလတာ၊ ခေါ်တန်ဆာကို၊ ၀တ်ကာဆင်မြန်း၊ မြတ်ရွှေကျမ်းဝယ်၊ ဤတဆယ်၊ မှတ်ဖွယ် သင်္ကန်းလှူကျိုးတည်း။
(အပါဒါန်နှင့် ဓမ္မပဒ)

အဘိဓမ္မာအဋ္ဌကထာ၌ အဘိဓမ္မာ၊ ကျမ်းအလာကား၊ ကောင်းစွာအဆင်း၊ ကောင်းခြင်းအသံ၊ တတန်အနံ့၊ မွှေးပျံ့လှိုင်စွာ၊ ရသာဘောဂ၊ သုံးဆောင်ရလျက်၊ ဖဿကိုယ်မှာ၊ နူးညံ့စွာနှင့်၊ ပမာဂွမ်းလား၊ ကင်းငြားအနာ၊ ချမ်းသာသုခ၊ ဤခြောက်ဝကို၊ နိစ္စမလွဲ၊ စံရမြဲ။

သပိတ်လှူရကျိုး-
ရွှေငွေပတ္တမြား၊ သုံးပါးခွက်ရ၊ ဘယကင်းလေ၊ သူရိုသေ၏။ များထွေလောဘ၊ ဘောဂမပျက်၊ စိတ်လက်တည်ကြည်၊ လိုသည်တရား၊ ခေါင်းပါးကိလေ၊ ဤဆယ်ထွေသည်၊ ပတ္တေသပိတ် လှူကျိုးတည်း။

ရှင်ပြုရဟန်းခံပွဲ၌ ဆွမ်းအာဟာရ လှူဖွယ်အမျိုးမျိုးတို့အတွက်လည်း သီးသန့်အကျိုးများစွာ ရှိပါသေး၏။ နောက်ဆုံး နိဗ္ဗာန်တိုင်ထိ အကျိုးများစွာ ရနိုင်ပေ၏။

(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

Tuesday, March 23, 2010

သံကိုသံဖျက် သံချေးတက်

သံချေးသည် သံမှာပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍ စားသကဲ့သို့
ဤအတူ မကောင်းမှု၌ လွန်ကျူး၍ ကျင့်သောသူကို မိမိကျင့်ကြံမှု မကောင်းမှုကပင်လျှင်
ဒုဂ္ဂတိဘ၀သို့ ဆောင်ပို့ကုန်၏။

(ဓမ္မပဒ၊ မလ၀ဂ်၊ တိဿတ္ထေရ၀တ္ထု)

ချမ်းသာခြင်းအကြောင်း

ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
သံဃာ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။

(ဓမ္မပဒ၊ ဗုဒ္ဓ၀ဂ်၊ သမ္ဗဟုလဘိက္ခုဝတ္ထု)

သတိသံဝေ ယူကြပေရော့

ကျွန်တော်သည် လွန်ခဲ့သည့် ကဆုန်လပြည့်နေ့ (၁၃၅၁-ခု)က အသက် ၇၃-နှစ် ပြည့်ခဲ့၏။ ထို့ကြောင့် ယခု အသက် ၇၄-နှစ်ထဲသို့ ရောက်နေပြီ။ အသက် ၆၀-ပြည့်တွင် စာပေဗိမာန်မှ အငြိမ်းစားယူခဲ့သောကြောင့် ပင်စင်သက် ၁၃-နှစ်ကျော်ပြီ။ ပင်စင်ယူခါစအချိန်က ကျန်းကျန်းမာမာပင် ဖြစ်ခဲ့သည်။ သွားနိုင်လာနိုင်၊ အလုပ်အကိုင်လုပ်နိုင် ဖြစ်၏။ ရုံးကပေးသော စာပေတာဝန်များကို ကောင်းစွာထမ်းဆောင်နိုင်ခဲ့သည်။ ဆောင်းပါးများ ဘာသာပြန်ဝတ္ထု စသည်များကို ကြိုးကြားကြိုးကြား ရေးနိုင်သောကြောင့် မုန့်ဖိုးပဲဖိုး ရခဲ့သည်။ ကျွန်တော်နေသော စမ်းချောင်းမှ ရှမ်းလမ်းအတိုင်း တောင်ဘက်သို့ နံနက်တိုင်း ကလေးဆေးရုံအထိ လမ်းလျှောက်ပြီး ထိုမှ ပြည်ထောင်စုရိပ်သာ လမ်းတပတ်လှည့်ပြီး ပြန်သည်။ မိမိကိုယ်ကို မိမိ ငါ-ကျန်းကျန်းမာမာ ရှိပါသေးလား-ဟု အထင်ကြီးခဲ့သည်။ သို့ရာတွင် ဒုက္ခသစ္စာတရားကိုတော့ မမေ့ပါ။ သဗ္ဗေ သင်္ခါရာ အနိစ္စာ-ဆိုသော တရားကိုလည်း ဆင်ခြင်ပါသည်။ ထိုသို့ ဆင်ဆင်ခြင်ခြင်နေရင်းက ကျွန်တော်အထင်ကြီးသော ကျန်းမာရေးသည် တလှုပ်လှုပ်နှင့် ဆုတ်၍ ဆုတ်၍ လာခဲ့ပါသည်။ အသက် ၇၀-နားနီး၍ လာလေ ရှေးက နှင့်မတူဘဲ ဖောက်ပြန်လာသည်။

ပထမဦးစွာ နှစ်ပေါင်းအတန်ကြာ ငုပ်ပြီး ငြိမ်နေခဲ့သော ဆီးကျိတ်ရောဂါ ပေါ်၍လာ၏။ ထိုရောဂါကို ဆရာဝန်ကြီး ဦးသန်းအေးနှင့် စစ်ဆေးရာ ဘယ်တုန်းက ကပ်၍နေမှန်းမသိသော ဆီးချိုရောဂါ ပေါ်၍ လာပြန်လေသည်။ ထို့ကြောင့် ရောဂါနှစ်မျိုးကို ပြိုင်တူကုခဲ့ရတော့သည်။ ကျန်းမာရေးမှာ ယခင်ကလို မဟုတ်တော့ဘဲ တဖြည်းဖြည်း ချူချာလာသည်။ အပြင်သို့ သာရေးနာရေးကိစ္စများကို အသွားအလာတော့ မပျက်သေး။ စာပေဗိမာန်သို့ စာပေအစည်းအဝေးများ အတက်မပျက်။ ငယ်ပေါင်းကြီးဖော်များနှင့် အဆက်မပြတ် တွေ့ဆုံရသဖြင့် စိတ်ဓာတ်မကျလှသေးပေ။ ဤကဲ့သို့နေရင်း စာပေလောကမှ ရင်းနှီးသောပုဂ္ဂိုလ်များဖြစ်သည့် ဆရာကြီး ဦးယော (ဇေယျ)၊ ကိုသိန်းဖေ (ဦးသိန်းဖေမြင့်)၊ ကိုသိန်းတင် (ညိုမြ)နှင့် ကိုသိန်း (ဇ၀န) တို့၏ အသုဘများသို့ လိုက်၍ ပို့လိုက်ရသည်။

၁၉၈၆-ခုနှစ်တွင် ကျွန်တော် အသက် ၇၀-ပြည့်သည်။ ထိုနှစ်မွေးနေ့၌ ကုသိုလ်ကောင်းမှုများပြုပြီး ဇရာဓမ္မော အိုခြင်းသဘောနှင့် ဗျာဓိဓမ္မော နာခြင်းသဘောတို့ကို ဆင်ခြင်ရပါသည်။ မိမိမှာလည်း ရောဂါနှစ်မျိုးကြောင့် ဆေးအမျိုးမျိုးကို မပြတ်မှီဝဲ၍ နေရပါ၏။ အားအင်ချည့်နဲ့၍လာ၏။ ယခင်ကကဲ့သို့ ခရီးဝေးဝေး လမ်းမလျှောက် နိုင်တော့။ ဒူးတွေ ကောင်းစွာမနိုင်သဖြင့် တုတ်ကောက်ခပ်တောင့်တောင့်ကို ဆောင်ပြီး လျှောက်ရသည်။ ကိုယ်တွင် ခုခံအားနည်း၍ မကြာခဏ အအေးမိခြင်း၊ ၀မ်းပျက်ခြင်း၊ သွေးအားကျဆင်းခြင်း စသော ဝေဒနာများကို ခံစားရသည်။ မိမိထက်များစွာ ကျန်းမာရေးကောင်းမွန်ပြီး ဖျတ်ဖျတ်လတ်လတ် သွားနိုင်လာနိုင် ကြသော မိမိနှင့် သက်တူရွယ်တူ သို့မဟုတ် မိမိထက် အသက်ကြီးသူများကို တွေ့မြင်ရသောအခါ အားကျမိသလို မုဒိတာလည်း ဖြစ်ရသည်။ စိတ်သွားတိုင်း ကိုယ်မပါတော့သော မိမိ၏ ဝေဒနာက္ခန္ဓာကို ဆင်ခြင်ရသည်။ မသွားမဖြစ်သော သာရေးနာရေး ကိစ္စများကိုမူ အထိုက်အလျောက် သွားနိုင်သေးသည်။

စာပေဗိမာန်မှ ခေါ်ယူသော စာပေအစည်းအဝေးများကိုလည်း တက်နိုင်သေးသည်။ သို့နှင့် အသက် ၇၂-နှစ် ပြည့်လုနီးဖြစ်သော ယမန်နှစ်ကမူ ဆီးကျိတ်ရောင်ရောဂါသည် ဆိုးဆိုးဝါးဝါး ဖြစ်၍လာသည်။ ဆရာဝန်ကြီး ဦးသန်းအေး-က ရောဂါကို ခွဲစိတ်ကုသမှ ပျောက်ကင်းတော့မည်ဟု အဆုံးအဖြတ်ပေးသည်။ ထို့ကြောင့် ဆေးရုံသို့ ၂၄-ရက်တက်၍ ခွဲစိပ်ကုသခဲ့ရ၏။ ဆေးရုံသို့ရောက်မှ အသက်ငယ်သူ၊ အသက်ကြီးသူ၊ ယောက်ျား၊ မိန်းမ၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ဝေဒနာသည်မျိုးစုံနှင့် တွေ့ခဲ့ရလေသည်။ ရောဂါငယ်သူလည်း ရှိသည်။ ရောဂါကြီးသူလည်း ရှိသည်။ ကုသ၍ မပျောက်ကင်းနိုင်သော နောက်ဆုံးအဆင့် ကင်ဆာရောဂါသည်ကိုလည်း တွေ့ခဲ့ရသည်။ မိမိကိုယ်တိုင်မှာလည်း အိပ်ရာပေါ်၌ ပက်လက်ကလေး၊ လူများထူပေးမှ ထရ၏။ လူများခွံ့ပေးမှ ထမင်းစားရ၏။ ပြောပါရစေတော့။ နားနှင့်မနာ ဖ၀ါးနှင့်နာကြပါ။ ကျင်ငယ်ကို ပုလင်းကြီးနှင့် ပိုက်တန်းလန်း စွန့်ရ၏။ ဤကဲ့သို့ ပတ်ဝန်းကျင်အခြေအနေ၊ မိမိ၏ အခြေအနေကို တွေ့ကြုံခံစားရသောအခါ သတ္တ၀ါမှန်သမျှ နောက်ဆုံး၌ သေမှ ကိစ္စပြတ်တော့မှာပါကလားဟု နေ့စဉ်နှင့်အမျှ တွေးမိသည်။ မိမိကိုယ်တိုင်မှာလည်း လူ့ဘ၀၏ နောက်ဆုံးနေ့များသို့ ရောက်လာပါပြီကော-ဟု အသိတရားရသည်။

ရောဂါသက်သာသောအခါ ဆေးရုံမှ ဆင်းခဲ့ရသည်။ လမ်းကောင်းစွာ မလျှောက်နိုင်။ လူတွဲရသည်။ အိမ်သို့ရောက်၍ ရက်အနည်းငယ်ကြာမှ တုတ်ကောက်နှင့် လျှောက်နိုင်သည်။ သို့သော် ဝေးဝေးမလျှောက်ရဲ။ ဒူးမခိုင်သဖြင့် မတ်တတ်က ပစ်၍လဲကျလျှင် ဒုက္ခ။ ဤကဲ့သို့ တွဲတွဲပိုးပိုးနှင့်ပင် အသက် ၇၂-နှစ် ပြည့်ခဲ့လေသည်။ ပြင်ပသို့ မထွက်နိုင်တော့ပေ။ ဒုမင်္ဂလ သုမင်္ဂလ ကိစ္စများကို ကိုယ်တိုင်မသွားနိုင်တော့ပါ။ ဆီးချိုရောဂါကို ဆေးစားလိုက်၊ အစာနှင့် ထိန်းလိုက်ဖြင့် ထိန်းထားရပါသည်။ မတည့်သောအစာကို ဖြတ်ထားရသည်မှာလည်း နှစ်နှင့်ချီ၍ ကြာပါပြီ။ ပြောရပါဦးမည်။ ဆီးချိုရောဂါ ခံစားနေရသူ အမြောက်အမြား ရှိပါလိမ့်မည်။ ကိုယ်ချင်းစာပါသည်။ ဤရောဂါကား ၀ိပါက၀ဋ် တရားမကင်းသူများ၌ ရွေး၍ဖြစ်သော ရောဂါပါပေ။ အဘယ်ကြောင့်ဆိုသော် သူများတကာ မြိန်ရေယှက်ရေ စားနေသော အစာမှန်သမျှ မိမိကရှောင်ရသည်။ ဂျုံနုဖြင့် လုပ်သော မုန့်မှန်သမျှ၊ ပြောင်းဖူး၊ အာလူး၊ မုန်လာဥ စသည်တို့ကို အကုန်ရှောင်ရ၏။ အသား၊ ငါး၊ ပဲဟင်းများကိုသာ စားနေရ၏။ ထမင်းပင်လျှင် များများမစားရ၊ ချိုသော သစ်သီးဝလံနှင့် မုန်လာဥ၊ ၀ဥ စသည်များ အကုန်ရှောင်ရ၏။ ဘာစားစရာ ကျန်သေးသနည်း။ မိုးဦးလေဦး၌ ၀ါဝင်၍နေသော မချစ်စုသရက်သီးကြီးများကို တအိမ်သားလုံး အားရပါးရ စာနေသည်ကိုမြင်ရသောအခါ မမြင်သလို မျက်ကွယ်ပြုနေရသည်။ ဒူးရင်းသီဆိုလျှင် ပို၍ဆိုး၏။ အဘယ့်ကြောင့်ဆိုသော် သူတပါးစားသည်ကို မမြင်ရအောင် ခပ်ဝေးဝေး ရှောင်သွားသော်လည်း သူ့အနံ့က သွားရာသို့ လိုက်လာလေသည်။

ဝါ၀င်ဝါထွက် နှစ်သစ်ကူးစသည့် အခါကြီးရက်ကြီးများတွင် အသက်ငယ်သူ ဆွေဆွေမျိုးမျိုး၊ မိတ်သင်္ဂဟတို့က အဖိုးတန်မုန့်ပဲသရေစာများဖြင့်လာ၍ ကန်တော့ကြပါသည်။ ကိတ်မုန့်မျိုးစုံ၊ ပုသိမ်ဟာလ၀ါ၊ မန္တလေးလမုန့်၊ ထိုးမုန့်တို့ကို ကျွန်တော်ကြိုက်ပါသည်။ သို့သော် မစားရဲတော့ပါ။ ထို့ကြောင့် ငယ်ရွယ်သူတို့၏ စေတနာ၊ သဒ္ဓါတရားနှင့် ၄င်းတို့၏ ဂါရ၀နိဝါတမင်္ဂလာ ပြည့်စုံမှုတို့ကို သာဓုခေါ်နိုင်သလို မိမိ၏ ၀ဋ်တရားကို မိမိ ဆင်ခြင်ရပါ၏။ တခါတရံ မြေးငယ်ကလေးများက သူတို့လက်ဆောင်ရလာသော ချောကလေက်အတောင့် ကလေးများကို ယူလာပြီး ရော့-ဘဘ စားပါ-ဟု ပေးကြသည်။ မိမိက ဘဘနဲ့ မတည့်ပါဘူးကွယ်၊ သားတို့ သမီးတို့ စားကြပါ-ဟု ပြန်ပြောသောအခါ မြေးကလေးများသည် ကျွန်တော့်ကို ကြင်နာသောမျက်နှာငယ် ကလေးတွေနှင့် ကြည့်နေကြသည်။ ဤတွင်မှ မိမိသည် သူများ သနားစရာကောင်းသော သူတယောက်အဖြစ် ရောက်နေပါပြီကောဟု စိတ်ပျက်မိသည်။ တရားနှင့်ဖြေရ၏။

ယခုနှစ်တွင် ဤဆောင်းပါးအစ၌ ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော် အသက် ၇၃-နှစ်ပြည့်ခဲ့သည်။ လာလာချင်း ဆောက်နှင့်ထွင်းဆိုသလို ၇၃-နှစ်ပြည့်သည်နှင့် တပြိုင်နက် ရောဂါတမျိုး ပေါ်လာပြန်သည်။ ၇၃-နှစ်မြောက် မွေးနေ့မရောက်မီ ရက်ပိုင်းအလို၌ ရေချိုးခန်းထဲတွင် ခါးကုန်းရင်း ခါးမျက်သွားရာမှ လမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာပေါ်သို့ လူတွဲ၍ ပို့ရလေ၏။ ခါးနာလိုက်သည်မှာ ပြောစရာမရှိ။ လူတွဲမှ ထနိုင်သည်။ လမ်းလျှောက်လျှင်လည်း လူတွဲရသည်။ ယခင်က အကြိမ်ကြိမ် ခါးနာဖူးသော်လည်း ယခုတကြိမ်လောက် မဆိုးခဲ့။ သောက်ဆေး၊ လိမ်းဆေးများဖြင့် ပျောက်သည်သာများခဲ့လေသည်။ ယခုမူ လွယ်လွယ်နှင့် မပျောက်နိုင်သည့်အဆုံး၌ အရိုးအထူးကုဆေးရုံသို့ လူတွဲ၍ သွားပြီး ပြသရတော့သည်။ အထူးကုဆရာဝန်ကြီးက ခါးကို ဓာတ်မှန်ရိုက်၍ ကြည့်လိုက်သောအခါ ခါးတွင် ကျီးပေါင်းတက်သောရောဂါ ဖြစ်နေသည်ကို တွေ့၏။ အိပ်ရာပေါ်တွင် ပက်လက်နေပါ။ ခါးကို အပူကင်ပေးပါဟု ပြောပြီး သောက်ဆေးများ ညွှန်းလိုက်သည်။ ထို့ကြောင့် အိပ်ရာထဲသို့ တကြိမ်ပြန်၍ ရောက်ပြန်လေသည်။ ထိုင်ချင်လျှင် ထူပေးရသည်။ ထမင်းစားလျှင် တွဲ၍ပို့ရသည်။ မိမိအတွက် တအိမ်သားလုံး အလုပ်များတော့သည်။ အိမ်သို့လာသော ဧည့်သည်ပင် မနေရ။ အမြင်မတော်သောကြောင့် ၀င်၍ ထူမပေးရသည်။

ဤကဲ့သို့ မိမိကြောင့် မိမိ၏ ဇနီးဖြစ်သူနှင့်တကွ သားများ၊ ၄င်းတို့၏ဇနီးများ၊ မြေးငယ်ကလေးများပါမကျန် အလုပ်ပိုတွေ လုပ်နေရသည်ကို တွေ့ရသောအခါ တကယ်ပင် ဘ၀ကို စိတ်ပျက်သွားမိပါသည်။ ယခုလို လူတကာကို ဒုက္ခပေးနေမည့်အစား ဆီးဘန်နီဆရာတော်၏ လင်္ကာ အဆုံးသတ်သလို ( သေသော်မှတည့် ဪ-ကောင်း၏-)ဟု အောက်မေ့မိလေသည်။ သို့သော် ကိုယ်ကသေချင်သော်လည်း မသေရသေး၊ ဆေးစားဆေးကု လုပ်လိုက်သောအခါ တခါ ထနိုင်လာပြန်၏။ တုတ်ကောက်နှင့် အိမ်ထဲတွင် လမ်းလျှောက်နိုင်လာပြန်လေသည်။ ဤသို့လျှင် အိုခြင်းသဘော၊ နာခြင်းသဘောတို့ကို လက်တွေ့ထိတွေ့ ခံစားရတာ ကြာလာသည့်အခါ မရဧဓမ္မော သေခြင်းသဘောကို ကြိုတင်ဆင်ခြင်မိပါသည်။

လူဆိုသည်မှာ အတော်ခက်၏။ ကျွန်တော်ခါးနာသဖြင့် လမ်းကောင်းကောင်း မလျှောက်နိုင်စဉ်က ခပ်ငြိမ်ငြိမ် နေ၏။ အစစ သတိနှင့် ဆင်ခြင်နေ၏။ သို့သော် အနည်းငယ် လျှောက်နိုင်သောအခါ တကယ်ကျန်းမာသူတွေကို တု၍ တုတ်ကောက်ဆောင်ကာ ထောင်ထောင် ထောင်ထောင်လုပ်၍ လာလေသည်။ အများတကာ ဂရုစိုက်ရန် သတိပေးသော်လည်း သိပ်အငြိမ်မနေဘဲ အားအားရှိတိုင်း အိမ်အနှံ့ လမ်းလျှောက်လေသည်။ မြန်မာစကား၌ ထသောသူ ထိုင်ရ၏-ဆိုရိုးစကား ရှိသည်။ လွန်ခဲ့သော သြဂုတ်လဆန်းက တနေ့သောညအခါ၌ အိပ်ရာဝင်ခါနီး အိပ်ခန်းထဲတွင် တယောက်တည်း တုတ်ကောက်ကိုလွှတ်၍ ပုဆိုးလဲရင်း မတ်တတ်က ဖင်ထိုင်လဲကျပါ တော့သည်။ ၀ုန်းခနဲ အသံကြောင့် တအိမ်သားလုံး ပြေးလာပြီး အိပ်ရာပေါ် တင်ရပြန်သည်။ တော်ပါသေး၏။ ဦးခေါင်းစသည့် ဘေးဖြစ်နိုင်သော နေရာများတွင် ထိခိုက်မှု မရှိ။ သို့သော် ခါးတခါ ပြန်နာသွားသဖြင့် ဆေးကုရပြန်သည်။

အတွေ့အကြုံ ရှိထူးသူတိုင်းက ပြောကြပါသည်။ လူကြီးများ မတ်တတ်က လဲကျခြင်းမှာ မကောင်း၊ အရိုးကျိုးတတ်သည်။ လေဖြတ်တတ်သည် စသည်ဖြင့် သတိပေးကြပါသည်။ လဲကျသဖြင့် အရိုးကျိုးသော သက်ကြီးလူနာများထံ ကျွန်တော်ကိုယ်တိုင်လည်း လူမမာမေး သွားဖူးပါသည်။ ကံကောင်းထောက်မသဖြင့် ယခု ကျွန်တော့်မှာ ကျိုးခြင်း၊ ပဲ့ခြင်း မရှိသေး။ သို့ရာတွင် တုတ်ကောက်တချောင်းတည်းနှင့် လမ်းမလျှောက်ဝံ့သေးပါ။ လေးချောင်းထောက်ကလေးတခုကို လက်နှင့်ကိုင်၍ လမ်းလျှောက်နေရပါသည်။

ယခုအချိန်တွင် ကျွန်တော့အလုပ်မှာ လေးချောင်းထောက်ဖြင့် လမ်းလျှောက်လိုက်။ စာဖတ်လိုက်၊ ငုတ်တုတ်ထိုင်ပြီး ငေးနေလိုက်နဲ့ အချိန်ကုန်ပါသည်။ ပုတီးစိပ်၍ ဇရာ ဗျာဓိ မရဏဒုက္ခတို့ကိုလည်း ဆင်ခြင်ပါသည်။ ကျွန်တော့ထက် ကျန်းမာကြသော သက်တူရွယ်တူ ငယ်ပေါင်းကြီးဖော် ကျောင်းနေဖက်များ၊ စာပေမိတ်ဆွေ ရေးဖော်ရေးဖက်များကို သတိရပါသည်။ သူတို့တတွေလည်း ယခုအခါ အသက် ၇၀-ကျော်မှ ၈၀-သို့ ရောက်နေကြပေပြီ။ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေဟု မေတ္တာပို့ပါသည်။ ဤဆောင်းပါးကို ဖတ်မိလျှင် ကျွန်တော်ကဲ့သို့ပင် ဇရာဒုက္ခကို သတိသံဝေဂ ယူကြပေရော့ဟု တိုက်တွန်းပါ၏။

( သိပ္ပံ စိုးလှ)
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

Monday, March 22, 2010

ပျက်အစဉ် ပြင်ခဏ

ဘ၀အကြောင်းမကောင်း၍ အကုသိုလ်အလုပ်၌ ကျင်လည်ခဲ့ရဖူးသော်လည်း အကုသိုလ်ဝဲဂယက်မှ ရုန်းထွက်ပြီး ကုသိုလ်အမှုကို ထိုက်ထိုက်တန်တန်လုပ်ပြသော အောက်ပါပုဂ္ဂိုလ် ၂-ယောက်သည် ပျက်အစဉ် ပြင်ခဏ-
ဟူသော စကားပုံကို သက်သေပြနိုင်ခဲ့သည်။

(လင်းဆင်းဟတ်)
ပထမပုဂ္ဂိုလ်မှာ လင်းဆင်းဟတ် ၂၈-နှစ်ဖြစ်သည်။ သူသည် အသက် ၁၅-နှစ်၌ အဖော်ကောင်း၍ ဒုစရိုက်ဂိုဏ်းတခုထဲသို့ ၀င်မိသည်။ ရာဇ၀တ်မှု အသေးစားကလေးများ ကျူးလွန်၍ အသက်မွေးဝမ်းကျောင်း လုပ်ခဲ့ရသည်။ အသက် ၁၉-နှစ်အရွယ်တွင် ပြစ်မှုများကျူးလွန်ရာမှ ငြီးငွေ့လာ၍ ဂိုဏ်းကထွက်ပြီး သူ့မိခင်ထံ ပြန်လာခဲ့သည်။

သူတို့သားအမိသည် မလေးရှားနိုင်ငံ၊ ကူချင်းမြို့ရှိ ရပ်ကွက်တခု၌ နေထိုင်သည်။ ထိုနေရာ၌ သူသည် ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက် နေထိုင်သည်။ သို့သော် သူ၏ အတိတ်က အမဲစက်ကြောင့် လူတွေက သူ့ကို အထင်သေးအမြင်သေးနေကြသည်။

ညနေခင်းတခုတွင် သူနေထိုင်ရာမြို့၌ မိုးအကြီးအကျယ် ရွာသည်။ သူတို့ရပ်ကွက်ထဲက ရေနုပ်မြောင်းကကြီးပြီး အလွန်ရေစီးသန်နေသည်။ ထိုစဉ် ရေမြောင်းကြီးဘေးမှာ လူတွေဝိုင်းအုံနေကြသည်။ လင်းဆင်းဟတ်၏ အိမ်နီးချင်း အသက် ၃၅-နှစ်ရှိ လိုရီယန်လင်း ဆိုသူ၏ အသက် ၂၃-လသာရှိသေးသည့် သားကလေး မြောင်းထဲကျသွားသဖြင့် လူများ ၀ိုင်းအုံကြည့်နေကြသည်။ သို့သော် လူအုပ်ကြီးထဲက မည်သူမျှ ဆင်းမကယ်ဝံ့ကြပါ။

ဤတွင် လင်းဆင်းဟတ်သည် အသက်စွန့်၍ ရေစီးသန်ပြီး ကြီးမားလှသည့်မြောင်းကြီးထဲ ဆင်းသွား၍ ရေငုပ်သွားသည်။ ကလေးကို ကြိုးစားကယ်တင်သည်။ ပထမအကြိမ် သူရေပေါ်သို့ ပေါ်လာသောအခါ ကလေးပါမလာသေး။ ကလေးကို မရှာနိုင်သေးပါ။ ဒုတိယအကြိမ် ထပ်ငုပ်ပြီး ရှာသောအခါမှ ရေအောက်တွင် ရေနုတ်ပြွန်တခုနှင့်ငြိနေသော ကလေးကို ရှာတွေ့ပါတော့သည်။

သို့ဖြင့် ကလေးကို ပွေ့ချီပြီး ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ ကလေးသည် ရေအောက်၌ ၇-မိနစ်ခန့် နေခဲ့ရသည်။ သို့သော် ရှေးဦးသူနာပြုကြောင့် အသက်ရှင်ခဲ့သည်။
ဤအပြုအမူအတွက် သက်ဆိုင်ရာက လင်းဆင်းဟတ်ကို ဂုဏ်ပြုလွှာတခု ချီးမြှင့်ခဲ့သည်။ လင်းဆင်းဟတ်ကတော့ တသက်လုံး ကောင်းကောင်းနေသွားမည်ဟု ဆိုသည်။ သူသည် ကောင်းမှုတွေကို တတ်အားသမျှလုပ်ပြီး သူ၏ အတိတ်အကုသိုလ်များအတွက် ပေးဆပ်သွားမည်ဟု ဆိုရာ အားလုံး ၀မ်းသာမဆုံးရှိကြသည်။


(တန်ဂျက်ချူး)
ဒုတိယပုဂ္ဂိုလ်တဦးမှာ စင်ကာပူနိုင်ငံမှ တန်ဂျက်ချူး (၆၄)နှစ် ဖြစ်သည်။ လွန်ခဲ့သည့် ၁၅-နှစ်ခန့်က သူ၏အ၀တ်အထည်ရောင်းသည့် ဆိုင်ကလေးသည် အရှုံးပေါ်၍ ပိတ်လိုက်ရသည်။ ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်သော တန်ဂျက်ချူးသည် လုယက်၊ ခါးပိုက်နှိုက် စသည့် ရာဇ၀တ်မှု အသေးစားကလေးများကို လုပ်ကိုင်၍ ဘ၀ရပ်တည်ခဲ့သည်။ ယင်းသို့ရှိရာမှ သတိတရားရကာ သူသည် လွန်ခဲ့သော ၂-နှစ်ခန့်မှစ၍ ဒုစရိုက်မှုကို စွန့်လွှတ်ပြီး ဖိနပ်ချုပ်သင်ခဲ့သည်။

ထို့နောက် သူသည် ဖိနပ်အပေါက်အပြဲများကို ဖာထေးခြင်း၊ ချုပ်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ ဤအချိန်တွင် သူသည် ဆင်းရဲသော်လည်း ကောင်းမှုကို စတင်လုပ်ဆောင်ပါတော့သည်။ စိတ်ဝင်စားသူတိုင်းကို ဖိနပ်ချုပ်ပညာ အခမဲ့သင်ကြားပေးသည်။ အသက် ၇၀-နှင့်အထက်များ၊ ဒုက္ခိတများ၏ ဖိနပ်များကိုမူ အခမဲ့ပြုပြင်ချုပ်ပေးသည်။ တန်ဂျက်ချူးသည် လွန်ခဲ့သော နှစ် ၅၀-ခန့်ကတည်းက တရုတ်ပြည်မှ စင်ကာပူသို့ ပြောင်းရွှေ့လာသူဖြစ်သည်။ သူ၏ ဇာတိရွာတွင် အသက်ကြီးသူတွေကို လေးစားရသော ထုံးစံရှိခဲ့၍ အသက်ကြီးသူများကို ဂါရ၀ပြုပြီး ဖိနပ်အလကားချုပ်ပေးခြင်း ဖြစ်သည်ဟု ပြောသည်။ အချို့က အားနာ၍ အလကားချုပ်ပေးခြင်းကို လက်မခံလိုကြပေ။ ထိုအခါ သူက သူ့ကို ကုသိုလ်လုပ်ခွင့်ပြုပါဟုပြောပြီး လက်ခံအောင် ပြောဆိုနိုင်ခဲ့သည်။

တန်ဂျက်ချူးတွင် အသက် ၅၂-နှစ်အရွယ် ဇနီးနှင့် အသက် ၂၁-နှစ်၊ ၁၈-နှစ်အရွယ် အသီးသီးရှိသော သားသမီး ၂-ယောက်ရှိသည်။ သူတို့သည် ကျောင်းတက်ဆဲဖြစ်သည်။ ဇနီးသည်က စူပါမားကက်တခုတွင် အလုပ်လုပ်ပြီး ခင်ပွန်းသည်၏ ကုသိုလ်ကို အားပေးဂုဏ်ယူသည်။ သူတို့သည် မရှိဆင်းရဲသည့်ကြားမှပင် ဤသို့တတ်အားသရွေ့ ကုသိုလ်ပြုခြင်း ဖြစ်သည်။

အထက်ပါ သာဓကနှစ်ခုသည်ကား အကုသိုလ်နွံဟူသည် ရုန်းထွက်နိုင်သည်ဟူသော သင်ခန်းစာပင် ဖြစ်ပါသည်။

(ဒေါက်တာထွန်းဝင်း)
Reader's Digest July, 1996

(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

မိဘကန်တော့ခြင်း၏ လက်တွေ့အကျိုး

အသက် ၈၇-နှစ်ရှိပြီဖြစ်သော မိခင်ကြီး ဒေါ်ခင်ညွန့်သည် ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်မှ ပင်လုံနယ်မြေ ၁၆-ရှိ ကျွန်တော့အိမ်သို့ သီတင်းမကျွတ်ခင်လေးတွင် တခါရောက်၏။ ကျွန်တော်က ငွေ ၂၀၀၀-ကျပ်နှင့် စားဖွယ်ရာများ ကန်တော့၏။ ထို့နောက် သီတင်းကျွတ်တော့ ငွေ ၃၀၀၀-ကျပ်နှင့် စားဖွယ်ရာများ ကန်တော့၏။

ထို့နောက် မိခင်ကြီးသည် ဤနှစ်ဘက်မှာ ကျွန်တော့်အိမ်သို့ မကြာမကြာလာ၏။ လာတိုင်းပင် ကျွန်တော်နှင့် တကွ မိသားစုတို့က သဒ္ဓါတရား ထက်သန်စွာဖြင့် တတ်နိုင်သမျှ ကန်တော့၍ ထမင်းကျွေးပြီးမှ အိမ်သို့ ပြန်စေ၏။ ၈-၁၁-၂၀၀၆- နေ့ ယခုတခေါက်တော့ ကျွန်တော်က မြတ်မင်္ဂလာ၊ မင်္ဂလာမောင်မယ်၊ မြတ်ပန်းရဂုံ စာအုပ်များ၊ စာဖတ်သူများထံ လိုက်ပို့မည်ပြုစဉ် မိခင်ကြီး ရောက်လာ၏။ မိခင်ကြီးအား ငွေကျပ် ၅၀၀-နှင့် စားစရာမုန့်ထုပ် တထုပ်ကို ကန်တော့၏။ မိသားစုနှင့် အလ္လာပ သလ္လာပစကား ပြောစေခဲ့၏။ ထို့နောက် ကျွန်တော် စာအုပ်ပို့ထွက်ခဲ့သည်။

ကျွန်တော်သည် အငြိမ်းစားကျောင်းဆရာတဦး ဖြစ်သည်။ စာအုပ်လိုက်ပို့နေရင်း တပည့်ရင်းများနှင့် တွေ့ခဲ့သည်။ ဆရာမလေး ဒေါ်ကြင်မြအေး၊ အ-မ-က (၁) က မုန့်ထုပ် ၂-ထုပ်၊ ဆရာမလေး ဒေါ်အေးသီတာ (ကျီးကုန်း အ-မ-က) က ငွေ ၅၀၀-ကျပ်၊ ခြေမဦးခိုက် ကန်တော့သည်။ တဖန် ဆောက်လုပ်ရေးပစ္စည်း ရောင်းနေသူ တပည့်မလေး မအေးအေးမြင့်မူ-ကလည်း ငွေ ၁၀၀၀-တရိုတသေ ကန်တော့ခြင်းကို ခံရသည်။

ဪ-ငါကိုယ်တိုင်က မိခင်ကြီးကို ရိုသေစွာ ကန်တော့ပြီး အိမ်မှထွက်ခဲ့တာကြောင့် ကံ ကံ၏အကျိုးဆိုတာ ဒါပဲထင်ပါရဲ့-ဟု အပြန်လမ်းတွင် တွေးမိ၏။
အိမ်ပြန်ရောက်၍ နားနေစဉ် ကျောင်သားဟောင်း ကိုဘိုမင်းက ဆရာကြီး၊ ဆရာကြီး ဖိတ်စာပါခင်ဗျား၊ ကျောင်းသားဟောင်းများက ၁၂-၁၁-၂၀၀၈-နေ့၊ နေ့လည် ၁-နာရီမှာ ကန်တော့ပွဲ ကျင်းပမှာပါ။ ဆရာကြီးအနေနဲ့ ကျန်းမာရေးကြောင့် မသွားနိုင် မလာနိုင်ဆိုရင်လည်း ကားနဲ့ အကြို အပို့ လုပ်ပေးမှာပါခင်ဗျာ-ဟု ကျွန်တော့်အား ပြောကြားပြီး ဖိတ်စာတစောင် ပေးခဲ့သည်။

ဤကန်တော့ပွဲမှ ကျွန်တော် တခါဖူးမျှ မကြုံမရခဲ့ဘူးသော ငွေကျပ် ၇၀၀၀၀-ကျပ်နှင့် တဘက်စောင်တထည်၊ စပယ်ဖြူဆေးဆိုင်က ဘားပလက် ၁၀၀-၀င် တဘူး၊ ဖိုးလမင်းမုန့်ဆိုင်က အီလန်ဆပ်ပြာမွှေးကြီး တခဲ၊ ကိတ်မုန့်တလုံး ရခဲ့ပါသည်။ မိခင်ကို သဒ္ဓါတရား ထက်သန်စွာဖြင့် ကန်တော့ခဲ့ခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်ပါသည်။

(သန်းရွှေဦး-ကလေး)
(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

မိဘကျေးဇူးသိသော တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးသည် မွေးမိခင်အား ကျေးဇူးဆပ်ပြုစုခဲ့သော အရှင်မြတ် ဖြစ်သည်။ တခါတရံ ဆရာတော်ကြီးသည် ရန်ကုန်သို့ကြွရောက်လျှင် မိခင်ကြီးအတွက် ခါးဝတ်ထမီနှစ်ထည်၊ အင်္ကျီ နှစ်ထည်ဝယ်ပြီး ပေးလှူလေ့ရှိသည်။ ထိုအခါ မိခင်ကြီးက ၀မ်းသာမဆုံး၊ ကြည်နူးမဆုံး ဖြစ်ခဲ့သည်။

တခါတွင် ဆရာတော်ကြီးသည် မိခင်ကြီး မိမိသမီးအိမ်မှာ ကပ်မှီနေရခြင်းမျိုး မဖြစ်စေလို၍ မိခင်အတွက် သစ်သားအိမ်တလုံး သီးသန့်ဆောက်ပေးလေသည်။ ထိုအချိန်က အိမ်၏ ကုန်ကျစရိတ်မှာ ၁၃၂၅-ကျပ် ဖြစ်၏။ အမနှင့် ယောက်ဖကိုလည်း ကုသိုလ်မပါရ မဖြစ်ရလေအောင် ထည့်ဝင်ချင်လျှင် ၂၅-ကျပ် အမတို့ကို ထည့်ဝင်ဖို့ ပြော၏။

ညီအရင်း ဦးဘသင်ကိုလည်း အိမ်ဆောက်ပြီးသည့်အခါ တတ်နိုင်သလောက် ထည့်ဝင်ချင်လျှင် ထည့်နိုင်ကြောင်း ပြောပြသည်။ သုံးရက်ကြာမှ ဦးဘသင်က အမေအလိုရှိတဲ့အခါ သုံးစွဲဖို့ ငွေတရာ ပို့လိုက်ရင် မကောင်းဘူးလား -ဟု ဆရာတော်အား ပြန်လျှောက်သည်။ ဦဘသင်သည် ပဲခူးမြို့ က၀နယ် သပြေကန်ရွာ၌ လယ်ဧက ၅၀- ပိုင်သည့် မြေပိုင်ရှင်ဖြစ်သည်။

ဆရာတော်ကြီး၏ မိခင်သည် အသက် ၇၄-နှစ်မှာ ကွယ်လွန်အနိစ္စရောက်သည်။ မိခင်၏ ဈာပနကိစ္စ သဂြိုဟ်ရန် ညီအကိုမောင်နှမသုံးယောက် တွေ့ဆုံကြပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ မိခင်ဈာပနကိစ္စအတွင်း ညီဖြစ်သူ ဦးဘသင်မှာ အဆက်မပြတ် ငိုပါတော့သည်။ မနက်ငို၊ နေ့လယ်ငို၊ ညနေငိုလျက် ဖြစ်နေ၏။

ထိုအခါ ဆရာတော်ကြီးက ငိုရမှာပေါ့ကွာ၊ ငါတော့ တသက်လုံး မငိုရအောင် လုပ်ခဲ့တယ်။ ငါကတော့ မငိုပါဘူး။ ငါ့မိခင်အပေါ် လိုသည်ထက် ပိုပြီး ပြုစုထားတာဖြစ်လို့ ငါ ငိုဖို့ မလိုပါဘူးကွာ။ မင်းတော့ ငိုပေတော့ ငိုပေတော့။ မင်းက န၀ကမ္မငွေ ၁၀၀-ဆိုပြီး ငွေတရာသာ ထောက်ပံ့သူဆိုတော့ ငိုပေါ့ကွာ-ဟု ပြောခဲ့သည်။ ထိုအကြောင်းကို လူအများ သံဝေဂရစေရန် အလို့ငှါ ပြန်လည်တရားဟောကြားခဲ့သည်။

(အရှင်နန္ဒာစာရ-တောကျောင်း)
အကိုး။ ။ ၁၃၅၇-ခုနှစ် ဓမ္မဃောသက ဦးမောင်မောင်၏အိမ်၌ ဆရာတော်ကြီး ဟောသည့် မာတာပိတုသုတ္တန် တရားမှ။


(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

ဆရာတော်ကြီးများထံမှ ဆေး

ကျွန်တော်တို့၏ ဆရာတော်ကြီးများသည် ဆေးမကုကြပါ။ ဆေးကုခြင်းများလည်း မလုပ်ကြပါ။ သို့သော် ဆေးပင် ဆေးရွက် စသည်တို့ကိုတော့ စေတနာ မေတ္တာတော်ထားပြီး လွန်စွာပင် ညွှန်ကြားတော်မူတတ်ပါသည်။ ကျွန်တော် တောဆေး-အကြောင်းကို ခဏခဏ ရှင်း၍လင်း၍ ကြုံသည့်နေရာများ၌ ထည့်၍ထည့်၍ ပြောပြနေပါသည်။ ခုလည်း ပြောရဦးတော့မည် ဖြစ်ပါသည်။

(တောဆေး)
တောဆေး-ဟူသည် ဆေးမရှိသည့် အိမ်ဘုစုများ နေထိုင်ရာမှာ သုံးရာက ဆေးပညာတရပ်ဖြစ်လာသည့် ဆေးပညာ ဖြစ်တော့သည်။ ဘယ်ရောဂါဖြစ်ရင် ဘယ်မြက်ထဲက ဘာအပင်ကို သုံးဟဲ့။ ကိုယ်မှာဖြစ်ရင် ဘယ်အရွက်နှင့် လုပ်၊ ဘယ်ရောဂါဝင်လာလျှင် ဘယ်အပင် ဆွဲပြုတ်သောက် စသည် ဒီလိုဒီလို ပညာပေးကာ လမ်းညွှန်တတ်လေရာ ယင်းကို အသုံးအတတ်ဆုံးမှာ ကျောင်းထိုင်ဆရာတော်ကြီးများ ဖြစ်တတ်ကြပါသည်။

ဆရာတော်များ ဆေးမကုပါ။ ကောင်းရာ ရောဂါပျောက်ရာကိုတော့ လမ်းညွှန်တတ်တာပဲဖြစ်ပါသည်။ ကျွန်တော်ရေးရာ၌ ဘယ်စာအုပ်မှာလဲတော့ မမှတ်မိ။ မန္တလေးအနီး တံခွန်တိုင်တွင် စစ်ပြေးရင်း-ငှက်ဖျား အကြီးစား မိနေသည့် ကျွန်တော့်ကို ဆရာတော်၏ လမ်းညွှန်မှုဖြင့် ဆေးကုပေးခဲ့ကြပါသည်။ ထိုထူးခြားသည့် ငှက်ဖျားဆေးကြီးမှာ ထူးထူးခြားခြား ရှားရှားပါးပါးပင် မြက်ပင်ကို အဓိကပြု၍ ထည့်သည့်ဆေးစု ဖြစ်နေတာကို ရေးခဲ့ပါသည်။ သုံးသည့်မြက်ကို ကျွန်တော် အသေအချာမှတ်လျက်၊ ယင်းကား နေဇာမြက်-အစစ် ဖြစ်တော့သည်။

ထိုနေဇာမြက်ကို ၀န်းရံပေးသည်က ဆေးမယ်သုံးမျိုး ဖြစ်ပါသည်။ ထိုဆေးမယ်များကလည်း တောဆေးပီပီ တယ်ထူးထူးခြားခြား အစာများ မဟုတ်ဘဲ ကျပ်ခိုးရယ်၊ ကွမ်းရွက်ရယ်၊ ရှိန်းခိုရယ်ပဲ ဖြစ်သည်။ အနီးတွင် ဆွဲကိုင်ယူနိုင်သော ဆေးမယ်များသာ ဖြစ်သည်။ ထိုဆေးကို အခု ထပ်ဖော်ပြနေရပါသည်။ ငှက်ဖျားအတွက် ဆေးစွမ်းလိုက်သည်ကမူ စံမမီတို့ ဖြစ်တော့သည်။ ဆေးသောက်လျှင် ရေမချိုးမနေရဘဲ ရေချိုးရသည့် ဤတောဆေးထူးမှာ ဘယ်လောက်အစွမ်းထက်လဲ မမေးနဲ့။ ကျွန်တော် အသက် ၁၄-နှစ်သားလောက် ဤဆေးသောက်လိုက်ရာ အခု အသက် ၈၀-သို့ ၀င်မည့်အနေအထား ငှက်ဖျားက တသက်စာကို ပြေးပါလေတော့သည်။

တောဆေးသတ္တိ ယုတ္တိကို ထပ်သိကြဖို့ရန် ပြောပြန်ရခြင်းပဲ ဖြစ်တော့သည်။ ဆရာတော်ကြီးများ တောဆေးကျွမ်းကျင်ကြပါသည်။ ဒါလည်း တောဆေးကိစ္စများ စာအုပ်တို့၌ ပြောပြထားချင်နေရပါသည်။ ဆရာတော်ကြီးများသည် ဆေးမကုကြပါ။ သို့သော် အကူအညီတောင်းလျှင်တော့ ကိုယ့်ဒကာ ဒကာမများ စေတနာထားကာ သိတာကို ကုတတ်ကြတာကို ပြောပြထားချင်ရတာ ဖြစ်ပါသည်။

( ပိစပ်ချုံပင်)
ဤတောဆေး စာအုပ် တနေရာတွင် ကျွန်တော်ရေးသားထားခဲ့ပါသည်။ ယင်းက ပိစပ်ချုံပင်-တို့၏ အစွမ်းထက်မှုရှိတာကို သိကြဖို့ဖြစ်ပါသည်။ ကျွန်တော်ရေးသားခဲ့သည်မှာ တောင်တိုးလုံး (ရန်ကုန် ပဲခူးလမ်းအကြားမှ တောင်ကိုးလုံး) တွင် ၀ိပဿနာတရားပွဲကြီး ကျင်းပခဲ့ကြပါသည်။ တနေ့ ပွဲအပြီး၌ လူများ ရုတ်ရုတ်သဲသဲဖြင့် လူနာတဦး ဆေးရုံကို အမြန်ပို့နိုင်ရန် စီစဉ်လုပ်ကိုင်နေသည်။ ၀ိပဿနာ တရားပေးခဲ့သည့် ဆရာတော်က-

ဟဲ့ ဘာတွေဖြစ်နေတာလဲ၊ ငါ့လဲ ပြောပါဦး-ဟု မိန့်၍ တရားနာအမျိုးသမီးတဦး လည်ပင်းတွင် အဖုအကျိတ်ကြီးတခု ဖြစ်ခဲ့ရာ အခုရောဂါပြင်းထန်လို့ ဆေးရုံပို့ရန် အမြန်စီစဉ်တာကို လျှောက်ထားပြောကြား ရသည်။ ဆရာတော်ကြည့်ပြီး ဟဲ့ ဟိုကျောင်းဘေးနားမှာ ပိစပ်ပင်တွေဆိုတာ ရှိတယ်ဟဲ့။ နင်တို့ ဆေးရုံဆိုတာကို ခဏထားကြစမ်း၊ ဒီပိစပ်ရွက်တွေကိုခူး၊ သူ့ကို မီးပေါ်တင်ပြီး ပြုတ်နေဖို့က အချိန်မရဘူး။ အခုပဲ ပိစပ်ရွက်တွေကို ထောင်းပြီးတော့ အရည်ညှစ်ပြီး ဒကာမကို တိုက်ကြစမ်းဟ။ ခု သက်သာမှာဟ။

ဆိုသည့်အတိုင်း လုပ်၍ တိုက်လိုက်ရာ နတ်ဆေးအလား လည်ပင်းအပူတွေက ချက်ချင်းပင် သက်သာသွားခဲ့ သည်။ အေးခနဲဖြစ်ကာ နေသာသွားပြီဟု ပြောသည်။ နောက် ဒါနဲ့ပင် ထိုအမျိုးသမီးမှာ ရောဂါပျောက်ချေပါလေ တော့သည်။
ဟုတ်ကဲ့ ဆရာတော်ကြီးများသည် တောဆေးကျွမ်းကြရာ ကိုယ့်ဒကာ ဒကာမများ ရောဂါတခုခု ဖောက်လို့ ဒုက္ခရောက်လျှင် ၀င်ကယ်ပေးတတ်ကြတာကိုလည်း ဤစာအုပ်ဖတ်သူများ သတိထားမိကြဖို့ရန် ဤစာအုပ်မှာ ရေးရ သတိပေးရ အသိပေးရပြန်တာ ဖြစ်တော့သည်။

ဟုတ်ကဲ့၊ ဆရာတော်ကြီးများ ဆေးမကုကြသော်လည်း အခွင့်ကြုံသည့်အခါမှာတော့ ဤလိုတောဆေးများ မိန့်မှာလမ်းညွှန်တော်မူတတ်တာ ဖြစ်ပါသည်။ အထက်တွင် ၀ိပဿနာတရား ပြတော်မူသည့် ဆရာတော်ကြီးများက ဆေးရုံပို့ရမည့်လူနာ မနေသာဘဲ ၀င်ကယ်တာကို အချို့အစုက အဖုအထစ်အသွင် မြင်ကြမည်ပဲလား မသိပါ။ ဒါဖြင့် မြန်မာပြည်မှာ အကျော်ကြားဆုံး ၀ိပဿနာအရှင်မြတ်တပါး ဖြစ်ပါသည့် မိုးကုတ်ဆရာတော်ကြီးကိုယ်တိုင် တချိန်တခါမှာ-ရောဂါပျောက်ချင်သလား-လို့ ဒကာမကို မေးတော်မူပြီး ဆေးညွှန်ခဲ့သည်ကို ဒီနေရာမှာက ပြောပြဦးမှ ဖြစ်မည်ထင်ပါသည်။ အချို့သော ဆရာတောာ်ကြီး၏ တိပ်ခွေများမှာ ပါတာကို ကြားမိသူများ ရှိပါလိမ့်မည်ပဲ။

တခြားမဟုတ်ပါ။ အမျိုးသမီးကြီး တဦးပေပေါ့။ ထိုဒကာမကြီးက အောင့်သည်-လို့ ရောဂါတက်လာတာကို ဖော်ပြညည်းညူနေခဲ့သည်ပေါ့။ ဆရာတော်က ဪ-ခက်ပါလား ကိုယ့်ခေါင်းပေါ်မှာ ဆေးကိုရွက်ထားလို့ ရွက်ထားမှန်းလည်း မသိပါလား-ဟု ညည်းချင်းနှောလို့ မိန့်ကြားပြောဆိုတော်မူသည်တဲ့။ ဟုတ်ပါတယ်။ သူဖြစ်နေတာသည် ဆေးက သူ့ခေါင်းမှာရှိသည်ဆိုတာ ခေါင်းရွက်လာခဲ့သည့် သခွားသီးကို ပြောတာပါ တဲ့။

ဟုတ်ကဲ့၊ ဆရာတော်ကြီးများသည် မျက်စိအောက်တည့်တည့် ရောက်လာလျှင်ဖြင့် မလွှဲသာသည့် အရေးနှင့်လည်း ဆေးပေးခဲ့ကြတာ ရှိသည်ကို ပြောပြလိုရပါသည်။ လက်ထဲ ဆေးထည့်ပေးခြင်းတော့ မဟုတ်။ ဆေးဆိုတာကို ညွှန်တာပဲ ဖြစ်၏။
အဲ-တောင်တန်းဆရာတော်ကြီး ဟောကြားချက်များမှာ အခါအားလျော်စွာ လူတွေကယ်တင်ဖို့တွေး၍ ဆေးပေးတတ်တာကို သတိရမိပါသည်။ (တောင်တန်းဆရာတော် အရှင်ဥတ္တမသာရနှင့်ကတော့ ကျွန်တော်ဒိုးသည် ၁၉၄၇-ခုနှစ်၊ ဆရာတော် တောင်တန်းကြွရန် စီစဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့တာ ဖြစ်ပါသည်။

ဆရာတော်ကြီးက အခါအားလျော်စွာ သူတောင်တန်းမှာ တွေ့ခဲ့ သိခဲ့သည့် နတ်ဆေးပင်ဆိုတာကို ပြခြင်း၊ ပြောခြင်း၊ ညွှန်ခြင်းတွေ ပြုလုပ်တတ်ပါသည်။ ရောဂါစုံအတွက် ဖြစ်လေပါသည်။ တောင်တန်းတခွင်တွင် ဆရာတော်ကြီးမှာ ဘာအာဟာရမှ မသေချာဘဲ နေလာ သွားလာ လုပ်ခဲ့ရတာ ဖြစ်သည်ကိုလည်း ပရိသတ်များကို ပြောပြသည်။ ပြညွှန်သည်ပင် ဖြစ်သည်။

ဟုတ်ကဲ့၊ ဆရာတော် ဆေးမကုပါ။ သို့သော် ပြောတာ၊ ပြတာ၊ ညွှန်တာတော့ လုပ်ပေးနိုင်သမျှ လုပ်ခဲ့တာ ဖြစ်ပါတော့သည်။ အချို့အချို့လည်း ထိုနတ်ဆေးအတွက်ပင် စွဲလန်းအားဖြင့် တောင်တန်းများ သွားခဲ့ကြသည်။ အခွင့်အခါသင့်တုန်း ကြားညှပ်၍ စကားပြောရဦးတော့မည်။ ကျွန်တော်တင်ပြနေသည့် စူလာနဖာကို ဘာလို့ စူလာနဖာ ခေါ်နည်းလို့ မေးတာကို ကျွန်တော်မဖြေနိုင်ခဲ့ပါ။ သို့သော် ကျွန်တော်သိသမျှ စူလာနဖာပင်၏ အခြားအမည်တခုမှာ ဒေသတခု၌ နတ်ဆေးပင်လို့ ခေါ်နေကြတာ ဖြစ်သည်။ ရန်ကုန်နယ်မြေတွင်ပင် တာမွေဘက်မှာ နတ်ဆေးပင်ခေါ်တာ ပြတာများ ကြားရတွေ့ရ ဖြစ်နေခဲ့ပါသည်။

( ပဲတီစိမ်း )
အခါအားလျော်စွာ တောင်တန်းဆရာတော်ကြီးက လူ့ကျန်းမာရေး အာဟာရအရေးတွေ ဆက်စပ်ကာ ပြောကြားမိသောအခါများတွင် အာဟာရကိစ္စအတွက် ပဲတီစိမ်းလဲ စားပေးကြနော်။ အာဟာရအတွက်က အကျိုးများတယ်နော်-ဟု ထည့်သွင်းပြောကြားတတ်ပါသည်။ ဒါလည်း ဆရာတော်ကြီးတို့ ဆေးပေးခြင်းတမျိုးလို့ ကျွန်တော်တွေးပါသည်။

(ကန်စွန်းဥ)
တောင်တန်းပေါ်တွင် ဆွမ်းခံအိမ်မရှိဘဲ နှစ်ပေါင်း ၄၀-တိတိ လှည့်လည်နေခဲ့သည့် ဆရာတော်ကြီးမှာ ကန်စွန်းဥကလည်း အရေးပါလှသည့် ဆွမ်းအာဟာရ ဖြစ်ခဲ့တာကို အခါအားလျော်စွာ ဖွင့်ဟပြောကြားတော် မူတတ်ပါသည်။ ယင်းသည်ကားလည်း တွေးလျှင် ဘ၀ဆေးဖြစ်ခဲ့တာကို မိန့်ဆိုတာလို့လဲ မှတ်ရပြန်ပါတော့သည်။

ဟုတ်ပါသည်။ ဆရာတော်ကြီးများသည် ဆေးမကုတတ်ကြပါ။ လူတွေ၏ အကျိုးတရားအတွက် ဆေးများကို ညွှန်ခဲ့သလိုပင် ဟောဆိုပြသခဲ့တာများက များစွာဖြစ်တာကို သတိပြုစရာပါလို့ တင်ပြလိုက်ရတာ ဖြစ်ပါသည်။ ဘာမဆိုကို ရှာတတ်လျှင် ပညာရတတ်တာပဲ ဖြစ်တာကိုလည်း အများကို သတိဆွ၍ ပြောပြလိုရတာ ဖြစ်ပါတော့သည်။ ဟုတ်ကဲ့ မိုးကုတ်ဆရာတော်ကြီး ညွှန်ပြသည့် သခွားသီးကပင် ဆေးဖြစ်နိုင်သည့်အသွင်ကို မြင်မြင်နေရပါလေပြီ။

( သာဂဒိုး)
(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

ရေနွေးကြမ်းနှင့် ကျန်းမာရေး

လူတို့အနေဖြင့် တနေ့လျှင် ရေနွေးကြမ်းခေါ် လက်ဖက်ခြောက်ပါသော လက်ဖက်ရည်ကြမ်း ၃-ခွက် (သို့မဟုတ်) ၄-ခွက် သောက်ခြင်းသည် ရေအများအပြား သောက်ခြင်းကဲ့သို့ လူတို့၏ ကျန်းမာရေးကို အထောက်အကူ ပြုစေကြောင်း၊ ထို့အပြင် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေကြောင်း လန်ဒန်ရှိ ကျန်းမာရေး ဆိုင်ရာ သုတေသနပညာရှင်များက ပြောကြားလိုက်သည်။

ရေနွေးကြမ်းတွင် ပါဝင်သော ဓာတ်တမျိုးသည် လူတို့၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်တတ်သည့် ရေခန်းခြောက်မှုကို ထိန်းပေးနိုင်ကြောင်း၊ သောက်ရေကဲ့သို့ပင် လူ့ခန္ဓာကိုယ်တွင် ရေဓာတ်များများ ရရှိအောင်လည်း စွမ်းဆောင်ပေး နိုင်ကြောင်း ၄င်းတို့က ပြောကြားသည်။

ထို့အပြင် ရေကဲ့သို့ လူတို့၏ ခန္ဓာကိုယ် ရေခန်းခြောက်မှုကို ဖြည့်ဆည်းပေးနိုင်သည်သာမက နှလုံးရောဂါနှင့် အချို့သော ကင်ဆာရောဂါများကိုလည်း ရေနွေးကြမ်းက ကာကွယ်ဟန့်တားနိုင်ကြောင်း ဆေးသုတေသန ပညာရှင်များက ပြောကြားသည်။

ကျန်းမာရေးရှုထောင့်ကကြည့်လျှင် သောက်ရေထက် လူတို့၏ ကျန်းမာရေးကို ရေနွေးကြမ်းက ပိုမိုအကျိုး ပြုသည်ဟု လက်တွေ့သုတေသနပြုချက်အရ သိရှိရကြောင်း ၄င်းတို့က ပြေားကြားသည်။ ထိုသို့ဖြစ်ရသည်မှာ ရေနွေးကြမ်းတွင် ပါဝင်သော ဓာတ်ပစ္စည်းများက လူတို့၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုပေးရာတွင် အဓိက တွန်းအားပေးကြခြင်းကြောင့် ဖြစ်ကြောင်းလည်း ဆေးသုတေသန ပညာရှင် ဒေါက်တာကာရီရုဇ်တန်-က ပြောကြားသည်။

ထို့ကြောင့် တနေ့လျှင် ရေနွေးကြမ်း ၃-ခွက် သို့မဟုတ် ၄-ခွက် သောက်သုံးခြင်းဖြင့် လူတို့ခန္ဓာကိုယ်အတွင်း ဆဲလ်များ ပျက်စီးမှုကို အကာအကွယ်ပေးနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်မျှတစေသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် နှလုံးရောဂါ ဖြစ်ပွားမှုမှလည်း ဟန့်ထားနိုင်သည်။ ရေနွေးကြမ်း ၄-ခွက်ခန့် နေ့စဉ်သောက်သုံး ခြင်းသည် သွားများကို ခိုင်မာစေခြင်း၊ အရိုးများကို ခိုင်မာစေခြင်းတို့ကို အကျိုးပြုကြောင်း တွေ့ရှိရသည်ဟု ဒေါက်တာ ကာရီရုဇ်တန်-က ပြောဆိုသည်။

ဂျပန်သုတေသန ပညာရှင်များကလည်း သူတို့၏ သုတေသနပြုချက်တွင် ရေနွေးကြမ်းသောက်သုံးခြင်းသည် အသက်အန္တရာယ်ကို ဖြစ်ပေါ်စေသော ရောဂါများ မဖြစ်ပွားစေဘဲ လူတို့၏ ကျန်းမာရေးကို ပိုမိုကောင်းမွန် စေကာ အသက်လည်း ရှည်စေကြောင်း ဖော်ပြခဲ့ကြပေသည်။

နေ့စဉ် ရေနွေးကြမ်း ၄-ခွက်ကျော် သောက်ပါက ကြီးမားသောရောဂါဖြစ်ပွားမှုမရှိဘဲ တကိုယ်ရေကျန်းမာရေး ကောင်းမွန်ကြောင်း လူ ၄၀၀၀-ကျော်တို့အား သုတေသနပြုပြီးနောက် တွေ့ရှိရကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြသည်။

ကမ္ဘာ့အနောက်ခြမ်းဒေသထက် အရှေ့ခြမ်းဒေသ၌ နေထိုင်သူများသည် ရေနွေးကြမ်း သောက်သုံးမှု ပိုမိုများခြင်းကြောင့် သက်တမ်းပိုရှည်ခြင်း ဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် ဂျပန်လူမျိုးများသည် သက်တမ်း ပိုရှည်ခြင်းမှာ ရေနွေးကြမ်း ပုံမှန်သောက်သုံးခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုအကြောင်းအချက်များမှာ ဆက်စပ်မှုရှိနေကြောင်း သုတေသနပြုချက်၌ ဖော်ပြသည်။

ထို့ပြင် ရေနွေးကြမ်းသည် ရေမှလွဲ၍ ကမ္ဘာပေါ်တွင် အကောင်းဆုံး ဖျော်ရည်တမျိုးပင် ဖြစ်ကြောင်း၊ အကျိုးကျေးဇူးများကြောင်း၊ လူတွင်မက တိရစ္ဆာန်များကိုလည်း ရေနွေးကြမ်းတိုက်ပြီး စမ်းသပ်ခဲ့ရာ သိသာစွာ ကျန်းမာရေး ကောင်းမွန်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း ရှေးပဝေသဏီကတည်းက ရေနွေးကြမ်းကို မိရိုးဖလာ လက်ဖက်ရည်ကြမ်း အဖြစ် သောက်သုံးလာကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ဧည့်သည်လာလျှင် အခြားမည်သည့်အစားအသောက် တွေ ဘယ်လောက်ပင်များပါစေ ရေနွေးကြမ်းဖြင့် ဧည့်မခံလျှင် အိမ်ရှင်မပီသပါချေ။ ထို့အပြင် ဧည့်သည်နှင့် ပြောသော စကားဝိုင်းလည်း မပီပြင် မစည်ကားနိုင်တော့ချေ။

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ အလှူမင်္ဂလာပွဲတော်များ၊ ယုတ်စွအဆုံး နာရေးကိစ္စများတွင်ပင် ရေနွေးကြမ်းသည် အိမ်ဦးခန်းမှ အခန့်သား နေရာယူလျက်ရှိသည်။ ရှေးအချိန်ကတည်းက ယနေ့အချိန်အထိ အောင်ပင် ဖြစ်သည်။

ထို့ကြောင့် မြန်မာတို့သည် ခေတ်ပေါ်သောက်စရာ အရည်မျိုးစုံအစား အသက်ရှည်ကျန်းမာစေနိုင်သော ရိုးရာလက်ဖက်ရည်ကြမ်းခေါ် ရေနွေးကြမ်းကို ခုံခုံမင်မင် သောက်ကြစေလိုကြောင်း တင်ပြလိုက်ပါသည်။

( မိုးစက်လုလင်)
(မြတ်မင်္ဂလာ ၂၀၀၇-ခု ဧပြီလ)

ကောင်းမှုပြုသူ၏ ကောင်းသောအကျိုး

ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း
ကောင်းမှု အကျိုးမပေးသရွေ့ ကာလပတ်လုံး
မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏။

ကောင်းမှုအကျိုးပေးသောအခါ၌မူကား
ကောင်းမှုပြုသူသည်
ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

(ဓမ္မပဒ၊ သဟဿဝဂ်၊ အနာထပိဏ္ဍိက သေဋ္ဌိဝတ္ထု)

သြ၀ါဒ

* သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏။
ယွင်းဖောက်အလို၊ ၀န်မတိုနဲ့။

* သူ့ကိုဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏။
စည်းစိမ့်အရာ၊ သူ့ချမ်းသာ၌
ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့။

* သူ့ကိုစောင့်မှ၊ သူကကိုယ့်ကို
ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရာ၏။


ဘဒ္ဒန္တ ဥတ္တရ မဟာထေရ်
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တေဇိန္ဒာရာမကျောင်းတိုက် ပဓာနနာယကဆရာတော်

Sunday, March 21, 2010

မိတ်ဆွေကောင်းနှင့်တူသော သမီး

ကျွန်မသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ မင်္ဂလာဒုံမြို့နယ် မြန်မာစာဌာနမှ ဌာနမှူးတဦး ဖြစ်ပါသည်။ တနေ့ ဌာနတွင်ရှိနေခိုက် မြန်မာစာဌာနသို့ တယ်လီဖုန်းဝင်လာပါသည်။ ကျွန်မလည်း ဖုန်းပြန်ဆက်ရာ ဌာနတွင် တာဝန်ထမ်းဆောင်နေသော ဌာနမှ နည်းပြဆရာမ ဒေါ်ဝါ၀ါအောင်ထံမှ ဖုန်းဖြစ်နေသည်။ ဒေါ်ဝါ၀ါအောင်က သူ၏မိခင်ကြီး အသည်းအသန်ဖြစ်၍ ယနေ့မလာနိုင်ကြောင်းနှင့် ခွင့်တင်ကြောင်းကို ဖုန်းဖြင့် ခွင့်တင်ပါသည်။

ထိုညနေတွင် ဌာနမှ ဗိုလ်ကြီးတဦးက ဒေါ်ဝါ၀ါအောင်၏ မိခင် ဆုံးသွားကြောင်း၊ သေဆုံးသူ၏ ဆန္ဒအရ ချက်ချင်း မီးသင်္ဂြိုဟ်ခဲ့ကြောင်း သတင်းပေးပါသည်။
ကျွန်မသည် နောက်တနေ့နံနက်တွင် ဆရာမလေး ဒေါ်ဝါ၀ါအောင် အိမ်သို့ သွားခဲ့ပါသည်။ ကျွန်မတို့ ဆရာမဒေါ်ဝါ၀ါအောင်အိမ်သို့ ရောက်လျှင် ဒေါ်ဝါ၀ါအောင်သည် သူမ၏ဖခင်၊ အကိုနှင့် ဆွေမျိုးများ၏ အလယ်တွင် ဣနြေ္ဒရရ ထိုင်နေလျက် သူ၏မိခင် ကွယ်လွန်ပုံကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောပြခဲ့ပါသည်။ မိခင်ကြီးသေဆုံးချိန် အပူမီးတက်နေချိန်တွင် လာရောက်သော ပရိသတ်အား မိခင်၏ ဇီဝိန်နောက်ဆုံးချုပ်ပုံကို ပြောပြနေသည်မှာ မှတ်သားစရာ၊ တရားသံဝေဂရစရာ၊ အားတက်စရာ၊ သင်ခန်းစာ ယူစရာ ကောင်းလှပါပေသည်။

ထို့ကြောင့် ဒေါ်ဝါ၀ါအောင်အား အဖြစ်အပျက်ကို ရေးသားပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ သို့ဖြင့် တပတ်ခန့်အကြာတွင် ဒေါ်ဝါ၀ါအောင်က ရေးပေးသဖြင့် သူမ၏ ရေးသားချက်ကို တင်ပြအပ်ပါသည်။
( ဒေါ်ခင်အုန်းသန်း)

( ဒေါ်ဝါ၀ါအောင်-၏ တင်ပြချက်)
အမေသည် အသက် ၅၅-နှစ်ကျော်ပြီးနောက် ကျန်းမာရေး ချို့ယွင်းခဲ့သည်။ အမေ၏ ကျန်းမာရေးမှာ အမျိုးသမီးရောဂါ၊ သွေးဆုံးပြီးချိန်နှင့် အာရုံကြောအားနည်းခြင်း လေဖြန်းသည့်သဘောများ ပါဝင်သည်။ ထိုကဲ့သို့ ကျန်းမာရေးညံ့ခဲ့သည့် အချိန်များမှစ၍ အမေသည် သူ၏ကျန်းမာရေးအတွက် ဆရာဝန် အမျိုးမျိုးကို အားကိုးတကြီးနဲ့ ချဉ်းကပ်ခဲ့သည်။ ပြန်လည်ကောင်းမွန်လာရန် ကြိုးစားခဲ့သည်။

အမေ၏ ကျန်းမာရေးမှာ အိပ်ရာထဲ လဲနေရာသောလူနာသဘောမျိုးလည်း မဟုတ်ပါ။ ထူထူထောင်ထောင်နဲ့ပင် သွားနိုင် လာနိုင်သော ရောဂါသည် ဖြစ်ပါ၏။ ချွင်းချက်တခုမှာ အရင်က ၀၀တုတ်တုတ်ရှိခဲ့ရာမှ ကျန်းမာရေးညံ့ပြီးနောက်ပိုင်း ပိန်ပိန်ပါးပါး ဖြစ်နေခြင်းတခုသာ ဖြစ်သည်။

အမေသည် အားကိုးတကြီးဖြင့် တိုင်းရင်းဆေးဆရာများပါမကျန် ဘက်စုံကုသခဲ့သည်။ သို့သော်လည်း လုံးဝပျောက်ကင်းသွားသည် မရှိခဲ့ပါ။ သို့ဖြင့် ဆေးဆရာများကို အားကိုးတကြီးဖြင့် ဖက်တွယ်ရင်း၊ တဖက်ကလည်း တရားဘာဝနာများကို တတ်နိုင်သလောက် ကြိုးစားအားထုတ်ရင်း ဖြေဖျောက်ခဲ့သည်။

ဤသို့ အသက်ကလေးရှည်အောင် စောင့်ရှောက်ရင်း အသက် ၅၈-နှစ်ဝန်းကျင်လောက်တွင် ဆေးကုသခြင်းဖြင့် အားကိုးရှာနည်းကို လျှော့ချခဲ့ပြီး တရားဘာဝနာ ၀ိပဿနာအလုပ်ကိုပင် တစိုက်မတ်မတ် တတ်နိုင်သလောက် ကြိုးစားပါသည်။ သူ၏ အားကိုးရာအစစ်မှာ ရတနာသုံးပါးနှင့် ၀ိပဿနာအလုပ်သာလျှင်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိလာပုံရပါသည်။

သူ၏သေခြင်း၊ ရှင်ခြင်းနှင့် ပတ်သက်၍လည်း သိပ်ပြီး ၀မ်းနည်းကြေကွဲသည့် အမူအရာ၊ စိတ်ပျက်အားငယ်သည့် အနေအထား၊ စိုးရိမ်ကြောင့်ကြသည့်အသွင်မျိုး အမေ့တွင် မရှိတော့သလောက် ဖြစ်နေသည်ကို သတိထားမိပါသည်။ ထို့အပြင် နှုတ်ကလည်း ကျွန်မတို့မောင်နှမ ၃-ယောက်လုံးနှင့် သူ၏ခင်ပွန်း (ကျွန်မအဖေ) အား သူသေခဲ့လျှင် ချက်ချင်းသာ အသုဘချပြီး မီးသင်္ဂြိုဟ်ပစ်ရန် မှာကြားသည်။ ကြုံကြိုက်သည့်အခါတိုင်း ဤစကားကို ထည့်သွင်းပြောဆိုသည်။

အမေသည် သူ၏သေခြင်းတရားအတွက် ကြံ့ကြံ့ခံနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နိုင်ချိန် ၁၀-နှစ်နီးပါး ရရှိခဲ့သည်။ သူ၏နောက်ဆုံး ရွေးချယ်မှုအစစ်အမှန်သည် ရတနာသုံးပါးနှင့် ၀ိပဿနာတရားအလုပ်သာ ဖြစ်သည်ကို ခံယူထားပုံရသည်။ အံ့ချီးဖွယ်ကောင်းလောက်အောင် အသိအမြင်မှန်များ ပြောင်းလဲသွားသည်။

အမေ၏ လူ့ဘ၀လောကကြီးကို နောက်ဆုံးခွဲခွာခဲ့သောနေ့တွင်ပင် အမေသည် ကျွန်မတို့အား တရားနှင့် သက်သေပြသွားခဲ့သည်။ ၁၆-၁၁-၀၆ ကြာသပတေးနေ့ နံက်စောစောတွင် အမေသည် သူ၏ နေ့စဉ်လုပ်နေကျ ဘုရားဝတ်ပြုခြင်း၊ တရားအားထုတ်ခြင်း ပြုသည်။ နောက်နံနက်စာစားရန် မုန့်များဝယ်ပြီး ကျွန်မနှင့်အဖေအား ကျွေးသည်။ ထို့နောက် နံက်တိုင်း ဆွမ်းလောင်းလေ့ရှိသော အမေသည် ဆွမ်းခံကြွလာသော ဘုန်းတော်ကြီးကို ဆွမ်းလောင်းရန် စောင့်မျှော်သည်။ ထိုအချိန်မရောက်မီ ၉း၃၀ လောက်တွင် အမေသည် သူ့ဗိုက်ထဲ၌ အောင့်ကြောင်း နှုတ်ကတချက် ဖွင့်ဟပြောသည်။ ထို့နောက် သူဆွမ်းလောင်းရန် စောင့်မျှော်နေကျ ခုံနေရာမှထ၍ အိမ်ထဲသို့ဝင်ပြီး ပြောင်းထိုင်သည်။

ထိုသို့ အမေဗိုက်ထဲမှ အောင့်သည်မှာ လေထိုးလေအောင့်သည်ထင်၍ အိမ်နီးချင်းမှ အဒေါ်ကြီးက အမေ့ရင်ဘတ်ကို အသာဖိလျက် ညင်သာစွာ နှိပ်နယ်ပေးသည်။ အမေက သက်သာသွားကြောင်း သူတပါးစိတ်ချမ်းသာအောင် ပြောနေသော်လည်း သူ၏မျက်နှာမှာ ချွေးစေးများပြန်ပြီး အင်္ကျီတွင် ချွေးများရွှဲလာသည်။

သူ့ကိုအင်္ကျီလဲပေးရန် သမီးဖြစ်သူ ကျွန်မကို ပြောဆိုသည်။ အင်္ကျီလဲပေးလျှင်လည်း ခပ်ချောင်ချောင် ခပ်ပွပွအင်္ကျီကို လဲပေးရန် ဆက်လက်ပြောသေးသည်။ ကျွန်မက အမေ့ကိုကြည့်၍ အားမရဖြစ်နေပြီး ဆရာဝန်ပင့်ရန် ထွက်သွားသည်။ ထိုအချိန်တွင် အမေက ဆရာဝန် မခေါ်ပါနဲ့၊ သက်သာသွားပါပြီ-ဟု ပြောသည်။ သို့ရာတွင် အမူအရာမှာ အားရဖွယ်မရှိသဖြင့် ကျွန်မသည် ဆရာဝန်ပင့်ရန် အိမ်မှပြေးထွက်ခဲ့သည်။ အမေသည် သူ၏ နောက်ဆုံးအချိန်တွင် ဆေးရုံတင်မှာကို လုံးဝသဘောမတူကြောင်း ယခင်က မကြာခဏ ပြောဖူးသည်။ သို့သော် ကျွန်မသည် အမေ့အတွက် ဆရာဝန်ကို ရအောင်ပင့်ခဲ့သည်။

ဆရာဝန်ကြွလာပြီး အမေ့ကို ဆရာဝန်က မေးမြန်းသောအခါ အမေက တတ်နိုင်သလောက် အလိုက်သင့် ပြန်ပြောသေးသည်။ ထို့နောက် ဆရာဝန်က ဆေးထိုးပေးပြီးနောက် ဆေးခန်းသို့ ဆေးလိုက်ယူရန် မှာကြားသည်။ ထိုအခါ ကျွန်မ၏အဖေက လိုက်သွားပြီး ဆေးယူလာခဲ့ပါသည်။ အဖေပြန်လာသည်အထိ အမေသည် သိပ်ပြီး ဝေဒနာပြင်းထန်သည့်အမူအရာ မတွေ့ခဲ့ပါ။ အမေ့ကို ဆရာဝန်က ဘာမှာသလဲ မေးကြည့်တော့ နှလုံးကို ဓာတ်မှန်ရိုက်ကြည့်ရန် မှာသွားကြောင်း ပြောပြသည်။

ထို့နောက် တအောင့်ကြာသော် အမေသည် ဝေဒနာပြင်းထန်လာသလား မသိပါ။ လူးလိမ့်ပြီး ဟိုဘက်စောင်းလိုက် ဒီဘက်စောင်းလိုက်နှင့် အမူအရာပျက်နေသည်။ နှုတ်က လုံးဝဖွင့်ပြောခြင်း၊ ညည်းညူခြင်း မရှိခဲ့ပါ။ ထိုအချိန်တွင် ဆွေမျိုးတယောက် မင်္ဂလာဆောင်သို့လာရင်း လမ်းကြုံပြီး သတင်းကြား၍ သူ၏အမေကြီးနှင့် ယောင်းမအငယ်ဆုံးတို့လည်း အိမ်သို့ ရောက်နှင့်နေကြပြီ။ ထိုဧည့်သည်များကိုလည်း ပြုံးပြနှုတ်ဆက်ပြီး သူသက်သာသွားကြောင်း၊ သွားစရာကိစ္စရှိပါက သွားကြရန် နိုင်သလောက်အင်အားလေးနှင့် ပြောနေရှာပြန်သည်။ အမေ၏အခြေအနေမှာ သူက ပြုံးပြနှုတ်ဆက်နေသော်လည်း သူ့ကို ကြည့်နေရသော ကျွန်မတို့မှာ အမေ့ကို စိုးရိမ်လာမိကြသည်။ ထို့နောက် ကျွန်မလည်း ကျွန်မအားထုတ်ခဲ့ဖူးသော တရားဘာဝနာ သဘောတရားလေးများကို အမေ့အား ပြောပြပြီး အားပေးနေမိပါသည်။

ထို့နောက် အမေသည် သူ၏ သားကြီး ကျွန်မ၏အကိုဖြစ်သူ လာသောအခါ သူ့လက်ထဲ၌ စွပ်ထားသော လက်စွပ်ကို သူကိုယ်တိုင်ချွတ်၍ ပေးလိုက်ပြီး ပြုံးပြသည်။ သူသည် ဝေဒနာများ ပြင်းထန်နေသော်လည်း သူ၏မျက်နှာအမူအရာမှာ သိပ်ပြီး ပျက်ယွင်းသွားသည့်အသွင် မတွေ့ရပါ။ ကျွန်မတို့မှာ မှန်းဆရ ခက်လှပါသည်။

သို့သော် ကျွန်မအကိုကြီးကို လက်စွပ်ချွတ်ပေးသည့်အခါ ကျွန်မသည် အမေ့အတွက် အလွန်စိုးရိမ်စိတ် ဖြစ်မိသွားသည်။ ထို့ကြောင့် အမေ၏ လဲလျောင်းနေရာ ခေါင်းရင်းညာဘက်ခြမ်းဘေး နားဘက်သို့ တိုး၍သွားပြီးလျှင် အမေ့နဖူးရှိ ဆံစလေးများကို သပ်တင်ပေးရင်း ကျွန်မတတ်နိုင်သလောက် တရားအတွေ့အကြုံ၊ ကြားဖူး၊ မှတ်သားဖူးသော တရားဘာဝနာ စကားများကို နှုတ်က တတွတ်တွတ် ပြောပြနေမိပါတော့သည်။ ထို့ပြင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတိပ်ခွေကိုလည်း ဖွင့်ပေးထားပါသေးသည်။ ကျွန်မက အမေ့အား ဘုရားသည်သာ အားကိုးစရာ၊ တရားသည်သာ အားကိုးစရာဖြစ်ကြောင်းနှင့် အမေ့တွင် ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာအလုပ်များ လစဉ်ပြုကျင့်ခဲ့ပြီးဖြစ်ကြောင်း၊ အမေပြုလုပ်အားထုတ်ခဲ့သော တရားများမှာ ဤကဲ့သို့သောအချိန်တွင် ရင်ဆိုင်ရန်အတွက် ဖြစ်ကြောင်း၊ ရုပ်နာမ်သဘောတရားတို့နှင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ကို အထူးဆင်ခြင် ရှုမှတ်ရန် သတိပေးပါသည်။

ကျွန်မတတ်နိုင်သလောက် ပြောဆိုနေချိန်တွင် အမေသည် ငြိမ်သက်စွာ နားထောင်ပြီး အာရုံစူးစိုက်နေပုံရပါသည်။ အမေသည် သူ့လက်တဖက်ကိုကိုင်၍ နှိပ်နယ်ပေးနေသော သားကြီး၏လက်ထဲမှ အင်အားချိနဲ့စွာ ရုန်းထွက်ရင်း ညာဘက်စောင်းလျက် အခြားလက်တဖက်ဖြင့် ယှဉ်ကပ်ရန် ကြိုးစားရှာသည်။ ကျွန်မက အမေ ဤသို့ကြိုးစားဟန်ပြင်သည်ကို သိ၍ အမေ့လက်နှစ်ဖက်ကို ပူးကပ်ပေးသည်။ ထို့နောက် အမေ့ကို အမေ ဘုရားကို အာရုံပြုတာလား-ဟု မေးကြည့်သည်။ အမေက ခေါင်းကလေးလှုပ်ပြသည်။ ထို့နောက် အမေသည် မည်သည့်အချိန်တွင် ဇီဝိန်ချုပ်သွားသည်ကို မသိလိုက်ရအောင် ညင်သာလွန်းလှပါသည်။ သူ၏လည်ပင်းသွေးကြောလေးများ လှုပ်နေချိန်ထိ ကျွန်မကြည့်နေရင်း တရားပို့ပေးနေသည်မှာ ၁၀-မိနစ်၊ ၁၅-မိနစ်ခန့်ရှိမည် ထင်ပါသည်။ ထိုအချိန်တလျှောက်လုံးတွင် အမေသည် အေးဆေးတည်ငြိမ်သွားသည်မှာ ဇီဝိန်ထွက်သွားသည့်အချိန်ထိ ဖြစ်နိုင်ပါသည်။

ကျွန်မ မှန်တာကိုဝန်ခံရလျှင် ကျွန်မတို့သည်ပင် အမေကဲ့သို့ သေမင်းနှင့် ရင်ဆိုင်ရမည့်အချိန်တွင် အမေကဲ့သို့ အသေကောင်းအောင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောသကဲ့သို့ ပြုံးသေ-သေနည်းမျိုး သေနိုင်အောင်၊ သေတတ်အောင် ကြိုးစားရဦမည် ဖြစ်ပါသည်။ အမေသည် ကျန်ရစ်သူ ကျွန်မတို့အားလုံးအတွက် စံနမူနာ ယူထိုက်စွာဖြင့် အားကိုးစရာအစစ်အမှန်မှာ ရတနာသုံးပါးနှင့် ၀ိပဿနာတရားသာဖြစ်ကြောင်း လက်တွေ့ရင်ဆိုင်ပြသွားခဲ့ပါပြီ။

ကျွန်မတင်ပြချင်သည်မှာ ခဏတာအတွင်းမှာ လူ့ဖြစ်ခဲ့ရသော လူ့ဘ၀ကလေးတွင် မိမိဘ၀အတွက် နေတတ်၊ သေတတ်ဖို့ရန်မှာ အရေးကြီးလှပါသည်။ မိမိ၏နောက်ဆုံးအချိန်အတွက် တကယ်လိုက်ပါသယ်ယူသွားနိုင် သည်မှာ မိမိပြုကျင့်သော ကုသိုလ်တရား၊ ၀ိပဿနာတရားတို့သည်သာ ဖြစ်ပါသည်။ အမေကွယ်လွန်သွားသော်လည်း အမေသည် သူ့အတွက် အဖိုးထိုက်တန်သော ရတနာထုပ်ကြီးကို ပိုင်ပိုင်နိုင်နိုင် သယ်ဆောင်သွားပြီဆိုတာကိုတော့ ကျွန်မ ကောင်းကောင်းကြီး ယုံကြည်မိပါတော့သည်။

အမေ၏အမည်သည် ဒေါ်မြင့်ရီ ဖြစ်သည်။ မိုးကုတ်ယောဂီတဦး ဖြစ်သည်။ ၁၆-၁၁-၀၆ နေ့တွင် ကွယ်လွန်ပါသည်။ ကွယ်လွန်ချိန်၌ အသက် ၆၂-နှစ် ရှိပါသည်။( ဒေါ်ဝါ၀ါအောင်)

ဒေါ်ခင်အုန်းသန်း
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

ဖခင်ကို အသက်ပေး၍ လုပ်ကျွေးသော အလီနသတ္တု မင်းသား

ရှေးလွန်လေပြီးသော အတိတ်ကာလက ကပိလတိုင်း၊ ဥတ္တရပဉ္စာလမြို့၌ ပဉ္စာလမင်း၏သားတော် ဇယဒိသမင်းသားသည် ခမည်းတော်၏ အရိုက်အရာကို ယူ၍ မင်းပြုတော်မူ၏။ ထိုဇယဒိသ မင်းသားအား အလီနသတ္တုအမည်ရှိသော သားတော်တပါး ထွန်းကားတော်မူသဖြင့် အိမ်ရှေ့မင်းအရာ အပ်နှင်း၍ နိုင်ငံတော်အတွင်း စီးနင်းအုပ်ချုပ်စေတော်မူသည်။

တနေ့သ၌ ဇယဒိသမင်းသည် သမင်လိုက်သွားလေရာ အဖော်များနှင့် ကွဲကွာ၍ ဘီလူးနှင့်တွေ့သဖြင့် မိမိမှာပါရှိသော ချေသားကို ဘီလူးအား ကျွေးပြီးလျှင် ယနေ့ တရားနာရန် အချိန်းအချက် မပျက်စေလို သောကြောင့် ခွင့်ပြုပါ။ နက်ဖြန်ခါ ကိုယ်တိုင်ပင်လာပါမည်-ဟု ယုံကြည်ရန် အဓိဋ္ဌာန်သစ္စာပြု၍ ဘီလူးထံမှ ပြန်လာခဲ့သည်။

နောက်တနေ့တွင် ဇယဒိသမင်းသည် ဘီလူးစားခံရန် သွားမည်ဟု ပြင်ဆင်သောအခါ သားတော်အလီနသတ္တု မင်းသားမြင်၍ အို-ဖခင် ဖခင်၏ကိုယ်စား သားတော်ပင်သွား၍ ဘီလူးအစားခံပါမည်။ ဖခင်အတွက် အသက်ကို စွန့်လွှတ်ပါမည်-ဟု အတန်တန်တောင်းပန်သဖြင့် ခမည်းတော်သည် သားတော်၏ စွမ်းရည်သတ္တိကို သိလိုသဖြင့် အလီနသတ္တုမင်းသားအား ခွင့်ပြုလိုက်လေသည်။

အလီနသတ္တုမင်းသား ဘီလူးစားခံရန် သွားမည့်အကြောင်းကို မယ်တော်ကြီးနှင့် နှမတော်၊ ကြင်ယာတော်တို့ပါ သိကြသောအခါ ပူဆာလောင်ပြင်း၊ ရင်တွင်းမသာ၊ မျက်နှာငယ်ညှိုး၊ မျက်ရည်မိုး ရွာကြပြီးလျှင် ငိုယိုကြ၍ မသွားဖြစ်အောင် တားမြစ်တောင်းပန်ကြကုန်၏။

အလီနသတ္တု မင်းသားသည်ကား မယ်တော်၊ နှမတော်၊ ကြင်ဖော်သက်ထား မိဖုရားနှင့်တကွ ဆွေတော်၊ မျိုးတော်တို့ကိုလည်း မငဲ့ညှာ၊ မထောက်ထားအားပဲ ခမည်းတော်၏ကိုယ်စား ထွက်သွားခဲ့လေသည်။ အလီနသတ္တုမင်းသား ဘီလူးထံမှောက် ရောက်သောအခါ လူသားစားရတော့မည်ဟု မျှော်လင့်နေသော ဘီလူးသည် ဇယဒိသမင်းမဟုတ်ကြောင်းကို သိ၍ အမောင်လုလင်၊ အသင်၏ ဖြောင့်မတ်သော ကိုယ်ပေါက်ကိုယ်ရောက်နှင့် ရွှေအဆင်းပမာ ၀ါဝင်းထိန်ပြေ ကျက်သရေရှိသော မျက်နှာသည် လွန်စွာတင့်တယ်ပေ၏။ ဤတောအရပ်၌ လူသားစားကြူး ငါ့နှယ်ဘီလူးရှိကြောင်းကို သင်ကောင်းကောင်း မသိလေသလော။ အကယ်၍ သိသော်လည်း အသက်ဘေးမှ ချမ်းသာပေးလိမ့်မည်ဟု အထင်နှင့် လာလေသလော-ဟု မေးလေလျှင် အလီနသတ္တုမင်းသားသည် မျက်နှာထား ခပ်တည်တည် နှုတ်ဝစီချိုမြစွာဖြင့် သွေးစိမ်းရှင်ရှင်ကိုသောက်စုပ် အလွန်ကြမ်းကြုတ်သည့် တောအုပ်ပျော်ကြူး ဟယ်ဘီလူး၊ သင့်ကို လူသားစားကြူး ဘီလူးဟူ၍ တင်ကျူးသိနှင့်ပါ၏။ သို့ရာတွင် ငါ၏ခမည်းတော် ဇယဒိသမင်းရာဇာ၏ အသက်ဘေးမှ ချမ်းသာရာရရေးကို မျှော်တွေးရှေးရှုကာ သင့်အထံသို့ လာခဲ့ခြင်းဖြစ်သည်။ ယခုပင် ငါ၏အသားကို ခမည်းတော်ကိုယ်စား ကျွတ်ကျွတ်ဝါးစားပါလော-ဟု ဆိုကာ ရဲရင့်စွာ ရှေ့သို့ တိုးသွားလေ၏။

ထိုအခါ ဘီလူးသည် နူးညံ့သောစိတ်ဖြင့် တုန်လှုပ်လျက် အို-အမောင်လုလင်၊ မိဘအတွက် အသက်ပေး၍ ကိုယ်ရေးကိုယ်တာ မငဲ့ညှာဘဲ သေရဲသောသူ၏ အသားကို ငါစားချေက ငါ့ဦးခေါင်းသည် ခုနစ်စိတ် ခုနစ်မြွှာကွဲ၍ သေပွဲဝင်ရမည် အမှန်ဖြစ်၏။ ဟု ပြောဆို၍ မင်းသားကို လွှတ်လိုက်လေ၏။ အလီနသတ္တုမင်းသားကလေးသည် ဘီလူး၏ ဘေးမှ လွတ်မြောက်၍ ရွှေမြို့တော်သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာလေသည်။

မိဘကို အသက်ပေး၍ လေးလေးမြတ်မြတ် အကြွေးဆပ်သော ဂုဏ်အထူးသည် လွန်စွာပြင်းပြသော ဘီလူး၏ မာန်စွယ်ကို ပယ်ရှင်းနိုင်လေသည်။
(ဆောင်)
မိဘအကျိုး၊ အမျိုးမျိုး၊ သယ်ပိုးဆောင်နိုင်စေ။
မိဘတွက်တာ၊ အရာရာ၊ ကောင်းစွာပြုပါလေ။
မိဘနှစ်ပါး၊ သကာပျားလို၊ စကားဆိုပါလေ။

( အရှင်ကေလာသ)

ကောင်းမှုပြုသူ၏ အကျိုး

ကောင်းမှုပြုသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏။
တမလွန်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏။
ငါသည် ကောင်းမှုကို ပြုအပ်ပြီ-ဟု နှစ်သက်ရ၏။
သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

(ဓမ္မပဒ၊ ယမက၀ဂ၊ သုမနဒေ၀ီဝတ္ထု)

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍ ကျွန်ုပ်တို့ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါသည်။ ဤသို့ကြိုဆိုရာမှ ဗုဒ္ဓနေ့ကို အကြောင်းပြု၍ ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်ကို အထူးအောက်မေ့ နှလုံးသွင်းလျက် ဗုဒ္ဓတရားတော်ကို ထာဝစဉ် ပိုမိုကျင့်ကြံအားထုတ်သင့်ကြောင်း ကျွန်ုပ်တို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

သြ၀ါဒ

* သာသနာပြုကုသိုလ် ဆိုတာနဲ့ တိုင်းပြု ပြည်ပြု ကုသိုလ်၊ ပရဟိတကုသိုလ်တို့ဆိုတာ အတူတူပါပဲ။
* ဖြူစင်သန့်ရှင်း မွန်မြတ်တဲ့ ကုသိုလ်ဖြစ်အောင် ဆောင်ရွက်နေလျှင် သာသနာပြု၊ တိုင်းပြု ပြည်ပြု အများအကျိုးပြု ကောင်းမှုကုသိုလ်များပြုရာ ရောက်ပါတယ်။
* အဲဒါကြောင့် အချိန်ရှိသမျှ ဖြူစင်သန့်ရှင်းမွန်မြတ်တဲ့ ကောင်းမှုကုသိုလ်ဖြစ်အောင် ပြုကြစေလိုပါတယ်။

ဘဒ္ဒန္တ ၀ိစာရ မဟာထေရ်
မကွေးတိုင်း ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် တိုက်အုပ်ဆရာတော်။

Saturday, March 20, 2010

(၁) ဇနကဇာတ်

ဇာတ်ကြီးဆယ်ဘွဲ့တွင် ပါဝင်သော ဇနကဇာတ်ကို ပန်းချီဆရာကြီး ဦးစန်းလှိုင်-က သရုပ်ဖော်ရေးဆွဲထားသည်။ ဇနကဇာတ်အကျဉ်းကို တင်ပြအပ်ပါသည်။

ရှေးသရောအခါ ၀ိဒေဟရာဇ်တိုင်း မိထိလာပြည်တွင် မဟာဇနကမင်းကြီး နန်းစံသည်။ ထိုမင်းကြီး နတ်ရွာစံလျှင် သားတော်ကြီး အရိဋ္ဌဇနက မင်းပြု၍ သားတော်ငယ် ပေါလဇနကကို အိမ်ရှေ့အရာ ပေးသည်။

ထိုသို့ပြုရာမှ နောင်တော်မင်းသည် သူတပါးကုန်းချောမှုကြောင့် ညီတော်ကို မယုံကြည်၍ ဖမ်းဆီးရာမှ ညီနောင်နှစ်ဦး စစ်ပြိုင်ကြသည်။ နောင်တော် စစ်ရှုံး၍ စစ်ပွဲ၌ ကျဆုံးသွားသည်။ မိဖုရားကြီးလည်း ကိုယ်ဝန်အရင့်အမာရှိနေရာ သူဆင်းရဲအသွင်ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွားရသည်။

မိဖုရားကြီးသည် ကာလစမ္ပာနဂိုရ်ပြည်သို့ ရောက်သွားသည်။ ဒိသာပါမောက္ခ ဆရာကြီးက ပြုစုစောင့်ရှောက်ထားသည်။ အချိန်ရောက်သော် ဘုရားလောင်း သားတော်ကို ဖွားမြင်သည်။ မဟာဇနက-ဟု အမည်ပေးသည်။

မဟာဇနကမင်းသား အရွယ်ရောက်လျှင် ခမည်းတော်၏ မိထိလာပြည်ကို ပြန်သိမ်းနိုင်ရန် ဥစ္စာများ စုဆောင်းသည်။ ဥစ္စာများရရန် သင်္ဘောဖြင့် ကုန်ကူးထွက်သည်။ ပင်လယ်ခရီးလမ်းတွင် လေပြင်းကျကာ သင်္ဘောနစ်သည်။ မင်းသားလည်း ဇွဲလုံ့လ မလျှော့။ အနိုင်မခံ အရှုံးမပေး။ ပင်လယ်တွင် ကူးခတ်သည်။ ပင်လယ်စောင့် မဏိမေခလာ နတ်သမီးက လျစ်လျူရှု၍ မထားနိုင်။ မင်းသားကို ဆယ်တင်၍ မိထိလာပြည်သို့ ပို့ဆောင်ကာ ကျောက်ဖျာထက်၌ တင်ထားခဲ့သည်။

ထိုအချိန်တွင် ပေါလဇနကမင်းကြီး နတ်ရွာစံသွားသည်မှာ ၇-ရက်ရှိပြီ ဖြစ်သည်။ သားတော် မရှိ၊ သမီးတော် သီဝလိဒေ၀ီ တပါးသာ ကျန်ရစ်သည်။ ထို့ကြောင့် မင်းလောင်းရှာရန် ဖုတ်သွင်းရထား စေလွှတ်ထားသည်။ ရထားသည် ဇနကမင်းသား အိပ်စက်ရာ ကျောက်ဖျာ၌ ဆိုက်၍ မင်းသားကို နန်းတော်သို့ ခေါ်ဆောင်သွားသည်။

ဇနကမင်းသားလည်း ရာဇပလ္လင်၏ ဦးခေါင်းဘက်ကို ပြနိုင်ခြင်း၊ လေးတော် တင်နိုင်ခြင်း၊ ရွှေအိုး ၁၆-လုံးကို ဖော်ပေးနိုင်ခြင်းဖြင့် အစွမ်းပြခဲ့သည်။ အားလုံးပင် မင်းသားကို ဘုန်းရှင်၊ ကံရှင်မှန်း သိကာ နန်းတင်ကြသည်။

မဟာဇနကမင်းသည် မင်းပြုနေရာမှ တနေ့သော် သရက်ဥယျာဉ်သို့ ထွက်စဉ် သံဝေဂရသွားသည်။ နန်းစည်းစိမ်ကို မပျော်ပိုက်တော့ဘဲ တောထွက်ရန် ဆုံးဖြတ်လိုက်သည်။ နန်းတော်အထက် ပြာသာဒ်၌ ရဟန်းပြုပြီးလျှင် တောသို့ ထွက်ကြွသွားသည်။ မိဖုရားနှင့် အခြွေအရံများသည် တောသို့လိုက်၍ တောင်းပန်ကြသော်လည်း ဘုရားလောင်း မဟာဇနကမင်းက လက်မခံ။ နန်းတော်သို့ ပြန်မကြွ။ တော၌သာပင် တရားအားထုတ်နေထိုင်လေသည်။
အကိုး။ ။ ၅၅၀-ဇနကဇာတ်။

(မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

သံသရာခရီးသည်နှင့် လှေသူကြီး ဖျင်း

သူငါကအစ ရှိရှိသမျှ ပုပုရွရွ သတ္တ၀ါအနန္တဖြစ်သော သံသရာခရီးသည်တို့သည် အစမထင်သော အနမတဂ္ဂ သံသရာရေယဉ်ကြောဝယ် အစဉ်မပြတ် မျောပါနေကြရသောကြောင့် ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနဲ့ လွဲချော်လာခဲ့ကြသည်။ ထိုသို့ လွဲချော်လာကြပုံကို လယ်တီဆရာတော်ဘုရားကြီးက လှေသူကြီးဖျင်း-ပုံပြင်ဖြင့် ဥပမာပြ၍ ရှေးဦးစွာ ဟောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်မြို့ ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်ကြီး၏ ပထမဦးဆုံးသော ပဓာန မဟာနာယက ဖြစ်တော်မူသည့် ဆရာတော်ကြီး ဦးဂန္ဓမာ-က ထပ်ဆင့်၍ ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

တရံရောအခါက အထက်အညာဒေသတွင် ပညာဉာဏ် ဗဟုသုတ သေးနုပ်သိမ်ဖျင်းသော လှေသူကြီး (လှေပိုင်ရှင်) ဖျင်း တဦး ရှိခဲ့ပါသည်။ ထိုလှေသူကြီးဖျင်းသည် လှေမှု-ဟု ဆိုအပ်သော လှေပဲ့မှု၊ လှေလှော်ခတ်မှု၊ ထိုးဝါးထိုးမှု၊ စသည်တို့၌ နားမလည်သည့်ပြင် ရေစီးရေဆန်၊ ရေ၀ဲရေတိမ်၊ စဉ်းတိမ်သောင်စ၊ သဲပွက်ဝဲမှော်၊ စသော ရေမှုများကိုလည်း နားမလည်၊ မကျွန်းကျင်ခဲ့ပေ။

ထိုသူကြီးဖျင်းသည် သူကဲ့သို့ပင် လှေမှုနှင့် ရေမှုတို့ကို နားမလည်၊ မကျွမ်းကျင်သော လှေထိုးသားတို့ကို ခေါ်ယူ ငှါးရမ်းပြီးလျှင် ရောင်းဝယ်ဖောက်ကားရန်အတွက် ကုန်စည်အမျိုးမျိုးတို့ကို လှေနှင့်အပြည့် တင်ဆောင်ကာ ဗန်းမော်မြို့မှ ရန်ကုန်မြို့အထိ စုန်ဆင်းမည်ဟု ရည်ရွယ်လျက် ခရီးစတင်ခဲ့ပါသည်။

ခရီးလမ်းစဉ်တလျှောက်ရှိ ရွှေကူမြို့၊ ကသာမြို့၊ ထီးချိုင့်မြို့၊ သပိတ်ကျင်းမြို့၊ ကျောက်မြောင်းမြို့၊ မန္တလေးမြို့ စသော မြို့များသို့ ၀င်ရောက်ပြီးလျှင် ရောင်းချသင့်သော ကုန်တို့ကို ရောင်းချ၍ ၀ယ်ယူသင့်သော ကုန်တို့ကို ၀ယ်ယူ တင်ဆောင်ခဲ့ရန် ရည်ရွယ်ခဲ့လေသည်။ သို့သော် သူဆိုက်ကပ်လိုသော မြို့သို့ရောက်သဖြင့် ဆိုက်ကပ်မည် ပြုရာတွင် လှေမှုနှင့် ရေမှုကို နားမလည်သောကြောင့် မဆိုက်ကပ်နိုင်ဘဲ မျောပါလွဲချော်ခဲ့ရလေသည်။

ရံဖန်ရံခါတွင် ဆိုက်ကပ်လိုသောမြို့များသို့ ရောက်ရှိခဲ့သည်။ ၀ဲတွေ၊ ရေစီး၊ ရေမှော်တွေများလှသဖြင့် မဆိုက်ကပ်နိုင်ဘဲ မျောပါလွဲချော်ခဲ့ရပြန်လေသည်။
ရံဖန်ရံခါတွင် ဆိုက်ကပ်လိုသော မြို့များသို့ ညဥ့်အခါ၌ ရောက်ရှိသည်။ မှောင်မိုက်နေသောကြောင့် မြို့ဆိပ်ကမ်းသို့ ရောက်မှန်းမသိဘဲ လွဲချော်ရပြန်လေသည်။

မန္တလေးမြို့ကြီးသို့ မဆိုက်ကပ်နိုင်ဘဲ လွဲချော်လာခဲ့ရာ မြေလတ်ဒေသ၌ ရှိသော မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး၊ စလေ၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ သရက်၊ ပြည် စသော မြို့ကြီးများသို့ ၀င်ရောက်ဆိုက်ကပ်ရန် ရည်ရွယ်ပြန်သည်။ သို့သော်လည်း ယခင်နည်းအတိုင်းပင် အမျိုးမျိုးသော လွဲချော်မှုတွေနှင့် ကြုံတွေ့၍ မဆိုက်ကပ်နိုင်ဘဲ လွဲချော်ခဲ့ရပြန်လေသည်။

ဟင်္သာတမြို့၏ အောက်သို့ကျရောက်သော ကာလတွင်မူ ချောင်းပေါက်တွေကလည်း အလွန်ပေါများသည်က တကြောင်း။ သင်္ဘောကြီး သင်္ဘောငယ်နှင့် တုံကင်းကြီးတို့၏ အသွားအလာ အ၀င်အထွက်ကလည်း များပြားရှုပ်ထွေးသည်က တကြောင်း၊ အညာဒေသမှ လှေသူကြီးဖြစ်၍ ဒီရေအတက်အကျကို နားမလည်၊ မကျွမ်းကျင်သည်က တကြောင်းတို့ကြောင့် မိမိဆိုက်ကပ်ရန် ရည်ရွယ်ရင်းဖြစ်သည့် ရန်ကုန်မြို့သို့ မဆိုက်ကပ်နိုင်ပြန်တော့ပေ။ ဒီရေအကျတွင် ပင်လယ်ဝသို့ မျောပါသွား၍ လှိုင်းလေမိပြီးလျှင် လူရောလှေပါ နစ်မြုပ်ပျက်စီးဆုံးရှုံးရှာလေတော့သည်။

အထက်ပါ ပုံပြင် ဥပမာအတိုင်းပင် သံသရာခရီးသည်တို့သည်လည်း ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနဲ့ အကြိမ်ကြိမ် အဖန်ဖန် လွဲချော်ခဲ့ကြပုံမှာ-
(၁) ရံဖန်ရံခါ မြတ်စွာဘုရားတဆူ ပွင့်တော်မူနေချိန်တွင် အပါယ်လေးဘုံမှာ ကျရောက်နေ၍ လွဲချော်ရသည်။
(၂) ရံဖန်ရံခါ အသညသတ်ဗြဟ္မာကြီး ဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၃) ရံဖန်ရံခါ ရုပ်မရှိသော အရူပဗြဟ္မာကြီး ဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၄) ရံဖန်ရံခါ ဇမ္ဗူဒီပါကျွန်းနှင့် အလှမ်းဝေးကွာသော စကြာဝဠာတပါးမှာ လူဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၅) ရံဖန်ရံခါ မိစ္ဆာဒိဋ္ဌိဝင်ဖြစ်နေ၍ ဘုရားကိုပြစ်မှား၍ လွဲချော်ရပြန်သည်။
(၆) ရံဖန်ရံခါ ဒေ၀ဒတ်၊ စိဉ္စမာဏ၊ မာဂဏ္ဍီတို့ကဲ့သို့ ဘုရား၏ ရန်သူကြီးတွေ ဖြစ်၍ လွဲချော်ရပြန်သည်။
(၇) ရံဖန်ရံခါ မြတ်စွာဘုရားနှင့် ရင်းရင်းနှီးနှီး တွေ့ကြုံ လျှောက်ထားခွင့် ရပါသော်လည်း မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနှင့် ကာမဂုဏ်နောက်သို့ လိုက်စား အားကြီးမိသောကြောင့် သောသလမင်းကြီးတို့ကဲ့သို့ လွဲချော်ရပြန်သည်။
(၈) ရံဖန်ရံခါ မိမိအနီးတွင် ဘုရားတွေ ပွင့်နေသော်လည်း ပဋိသန္ဓေအားဖြင့် မျက်စိကန်း၊ နားပင်း၊ ဉာဏ်ထိုင်း၊ အဆွံ့၊ အအ၊ ဖြစ်နေ၍ လွဲချော်ရပြန်လေသည်။
(၉) ရံဖန်ရံခါ မြတ်စွာဘုရား မပွင့်သော သုညကမ္ဘာများတွင် လူဖြစ်ရ၍ လွဲချော်ရပြန်ပါသည်။

ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့နှင့် လွဲချော်၍ ၃၁-ဘုံ၌သာ အထူးသဖြင့် အပါယ် ၄-ဘုံ၌သာ ကျင်လည်နေကြရကုန်သည်။
အထက်ပါ လှေသူကြီး ဖျင်းသည် ပင်လယ်ရေယဉ်ကြောတွင် မျောပါနစ်မြုပ်သွားသကဲ့သို့ သံသရာရေယဉ် ကြောတွင် မမျောပါ မနစ်မြုပ်ကြရလေအောင် တရားအားထုတ်နေကြသော ယောဂီများသည်လည်း ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနှင့် ကြုံကြိုက်တုန်းအခါတွင် ပြည်နိဗ္ဗာန် ကမ်းတဘက်သို့ အမြန်ဆုံး လှမ်းတက်နိုင်ကြစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြကုန်ရာသတည်း။

( ပင်လုံခွန်)
( မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

ခန္ဓာကိုယ်ကို ဟုတ်ရာမှာ အသုံးချဖို့

ပခုက္ကူမြို့ မဟာဝိသုတာရာမ ကျောင်းတိုက်၊ တိုက်တည်နည်းထွင် ပထမကျေးဇူးရှင် ရေစကြိုဆရာတော် ဘုရားကြီး အရှင်ဂန္ထသာရသည် အံ့ချီးဖွယ် ရဟန်းမြတ်ကြီး ဖြစ်သည်။ ၁၂၇၆-ခုနှစ် သက်တော် ၈၂-နှစ် ပျံလွတ်တော်မူခါနီး အချိန်အထိ စာချသွားတော်မူခဲ့သည်။

ပျံလွန်တော်မူခါနီးတွင် ဇရာဖိစီးမှုဒဏ်ကို ပိုမိုပြင်းထန်လာသည်။ ခြေဖျား၊ လက်ဖျားများ ရောင်အမ်းလာသည်။ သို့ရာတွင် ဆရာတော်ကြီးသည် စာဝါအပျက်မခံ ပို့ချတော်မူသည်။
ထိုအခါ တိုက်အုပ်ဘုန်းကြီး စာချဘုန်းကြီး ဒါယကာ ဒါယိကာမများက- ဆရာတော် စာဝါမချပါနဲ့တော့။ စာဝါချမယ့် တပည့်တွေ များစွာရှိနေတာပဲ။ စာဝါ နားပါတော့လား ဘုရား၊ စီမံအုပ်ချုပ် သြ၀ါဒပေးရုံဆို တော်လောက်ပါပြီ-ဟု လျှောက်ထားကြသည်။

ဆရာတော်ကြီးက ငါတို့ မြတ်စွာဘုရားဟာ နောက်ဆုံးပရိနိဗ္ဗာန်စံမယ့် ညောင်စောင်းမှာ လဲလျောင်းနေရသည့် အချိန်တိုင်အောင် ဘုရားအလုပ်ကို အားထုတ်လုပ်ဆောင်တော်မူတယ်။ သုဘဒ္ဒပရိဗိုဇ်ကို အရဟတ္တဖိုလ် ရောက်အောင် ဟောကြားပို့ဆောင်တော်မူခဲ့တယ်။

ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ နှစ်ဝပေါင်းလျက် ညှဉ်းပန်း နှိပ်စက်ခံနေတော်မူရသော မြတ်စွာဘုရားသည် ဝေဒနာဒဏ်ကို တွန်းလှန် သည်းခံတော်မူကာ တပည့်သံဃာတော်များအား ဟန္ဒ ဒါနိ ဘိက္ခဝေ အစချီသော ဘုရားရှင်၏ နောက်ဆုံးစကား မိန့်ကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်၏ သမ္မပ္ပဓာန် လုံ့လ၀ီရိယမှာ ကြီးမားတော်မူလှပါတယ်။

ငါတို့လဲပဲ ဘုရားရှင်၏ လုံ့လ၀ီရိယတော်ကို အတုယူ အားကျ ကျေးဇူးဆပ် ပူဇော်ကြရမှာဖြစ်တယ်။ စာမချဖို့တော့ နောက် လာမလျှောက်ကြနဲ့၊ ကဲ သွားကြ။
ဤသို့ ပြတ်ပြတ်သားသား မိန့်ကြားတော်မူကာ ၀ိနည်းမဟာဝါ ပါဠိတော်စာပေကို ကောက်ယူ ကြည့်ရှုတော်မူပါသည်။

ဤသို့ဖြင့် နေ့စဉ်နှင့်အမျှ စာပေပို့ချလျက် သည်းထန်သော ဝေဒနာကိုလည်း သည်းခံပယ်ဖျောက်တော်မူသည်။ ၁၂၇၆-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၂-ရက်နေ့ နေ့လည် ၁၂-နာရီတွင် ၀ိနည်းမဟာဝါပါဠိတော် အဋ္ဌကထာကို နောက်ဆုံး ပို့ချတော်မူခြင်းဖြင့် ပို့ချတော်မူသည်။

စာဝါပို့ချပြီးသောအခါ စာဝါလိုက်သော သံဃာတော်များအား စာသင်စာချ မပျက်ကွက်မှ သာသနာတော် တိုးတက်မည်။ စာသင်စာချမပျက်ကြစေနဲ့။ သာသနာမပျက်ဖို့က ငါ့ရှင်တို့ လက်ထဲမှာရှိတယ်။ ကြိုးစားအားထုတ်ကြ-စသည်ဖြင့် ဆုံးမစကား မိန့်ကြားတော်မူပါသည်။ ဆုံးမစကား မိန့်ကြားပြီးသောအခါ ကုဋီသို့ ကြွတော်မူပါသည်။ ကုဋီမှ ပြန်ကြွလာပြီး ညောင်စောင်းပေါ်မှာ လက်ယာဘက်သို့ လျောင်းတော်မူကာ သင်္ခါရတရားတို့ကို ရှုဆင်ခြင်တော်မူလျက် ရုပ်သက် နာမ်သက်ခေါ်သော ရုပ်ဇီဝတ၊ နာမ်ဇီဝိတ နောက်ဆုံးချုပ်ကာ တဘ၀တာ စာပေပိဋကတ် မပြတ်ပို့ချချင်းဟူသော သာသနာပြု လုပ်ငန်းကြီးကို အပြီးသတ်တော်မူလိုက်ပါတော့သည်။

(ပခုက္ကူ-အရှင်ကေသရ)

Thursday, March 18, 2010

တင်ပါး အကြောညှပ်သော် ခံရမခက်လော

အင်္ဂလိပ်ဘာသာတွင် Static ဆိုသော ဝေါဟာရနှင့် Dynamic ဆိုသော ဝေါဟာရ ရှိပါသည်။ Static ဆိုသော ဝေါဟာရကို တည်ငြိမ်၍ လှုပ်ရှားမှုမရှိသော ကိစ္စရပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများတွင် သုံးစွဲပြီး Dynamic ပညာကိုမူ လှုပ်ရှားနေသော ပစ္စည်းများ၊ အကြောင်းအရာများကို လေ့လာရာတွင် သုံးစွဲတတ်ကြ ပါသည်။ အချို့ကိစ္စရပ်များကို Static တခုတည်း လေ့လာလျှင် ပြီးပြည်စုံသော်လည်း အချို့ကိစ္စများကို လေ့လာရာတွင် Dynamic ပညာကို ထည့်သွင်းစဉ်းစားပါမှ ပိုမို သက်ဝင်ထိရောက်တတ်ပါသည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြန်ပြောင်းလေ့လာလျှင် ဆိုရှယ်လစ် စီးပွားရေး စီမံကိန်းကာလအတွင်း အရေအတွက် တိုးတက်ရေးကိုသာ အာရုံစိုက်ခဲ့သဖြင့် အရေအတွက် တိုးတက်ခဲ့သော်လည်း ကမ္ဘာတ၀န်း တိုးတက်မှု နိမ့်ကျခြင်း၊ အရည်အသွေးမမီဖြင်း၊ တိုးတက်လာသူ လူဦးရေကို ထည့်သွင်းမစဉ်းစားခြင်း၊ ခေတ်အခြေအနေအရ လိုအပ်သော အရည်အသွေးပုံစံများ မရှိခြင်းတို့မှာ ရွေ့လျားနေသော ပတ်ဝန်းကျင် ထည့်သွင်းတွက်ချက်မှု အားနည်းချက် ဖြစ်ပါသည်။

စီးပွားရေးလောကသာမက အားကစားလောကကို လေ့လာလျှင် ယခင်ပင်ကို အရည်အသွေးနှင့် အင်အားကို အခြေခံသည့်ခေတ်မှ Dynamic ကို အခြေခံလေ့လာပြီး အရည်အသွေးအင်အား၊ လေ့ကျင့်မှုနှင့် နည်းပညာကို ပေါင်းစပ်နိုင်ခဲ့သဖြင့် စံချိန်စံညွှန်းများ တိုးတက်လာကြောင်း မျက်မြင်ထင်ရှား တွေ့ရှိနေကြရပါသည်။

ဆေးပညာ အစိတ်အပိုင်း တရပ်ဖြစ်သည့် အကြောပြင် (အနှိပ်ပညာ) ကို လေ့လာကြည့်လျှင် အကြောဝေဒနာ ဖြစ်ရခြင်းအကြောင်းရင်းများတွင် ထိခိုက်ဒဏ်ရာကြောင့်သော်၎င်း၊ ပတ်ဝန်းကျင် ရာသီဥတုကြောင့်သော်၎င်း၊ အစားအသောက် အနေအထိုင်ကြောင့်သော်၎င်း၊ ခန္ဓာကိုယ်၏ အစိတ်အပိုင်း တနေရာရာတွင် သွေးလည်ပတ်မှု နှေးကွေးလာသည်နှင့်အမျှ တင်းမာမှု၊ လေးလံမှု၊ ကိုက်ခဲမှုနှင့် နာကျင်မှုများ ဖြစ်ပေါ်စေတတ်ပါသည်။ ယင်းဝေဒနာရှင်များအား ပုံမှန်သွေးလည်ပတ်စေရန် ပြုပြင်ပေးလိုက်သည်နှင့် တပြိုင်နက် ဝေဒနာမှာလည်း ချက်ချင်းဖယ်ရှားပေးလိုက်သလို လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါသည်။

ဤသို့ ပြုပြင်ဖယ်ရှားရာတွင် လက်ရှိ သမားရိုးကျ အကြောပြင် (နှိပ်ကွက်) များမှာ တနေရာတည်းကို ဖိနှပ်သည့် Static Method ကို အသုံးပြုကြသဖြင့် မလိုလားအပ်သော နာကျင်မှုဝေဒနာများ လူနာတွင် ခံစားရတတ် ပါသည်။ တချို့ရောဂါများအနေဖြင့် ယင်းသို့ဖိနှပ်ခြင်းကြောင့် ထိရောက်မှုနည်းပါးပြီး တကြိမ်တည်းနဲ့ မသက်သာဘဲ နောက်ထပ်လူနာအား ချိန်းဆိုရသဖြင့် ဝေဒနာရှင်အတွက် ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းစေသည့် မလိုလားအပ်သော နောက်ဆက်တွဲအကျိုးဆက်များ ခံစားရတတ်ပါသည်။

ယခုတင်ပြမည့် အကြောညပ်ခြင်း၊ အခုခေါ်တွင်သမုတ်သည့် ပေါင်အပြင်ကြောတင်း ဝေဒနာမျိုးမှာလည်း Static နည်းဖြင့် ဖိနှိပ်ပါက တကြိမ်တည်းဖြင့် သက်သာနိုင်မည်မဟုတ်ပါ။

(ပေါင်အကြောညပ် (ပေါင်အပြင်ကြောတင်း) ခြင်း တင်းတယ်ဆိုတာ ဘယ်လိုလဲ)
ထိုင်ရာမှ ထလျှင်သော်၎င်း၊ လမ်းလျှောက်လျှင်သော်၎င်း၊ အိပ်ရာထဲ လဲလျောင်းရာ၌ ဟိုဘက်သည်ဘက် စောင်းအိပ်သည့်အခါမျိုးတွင် တင်ပါးဆုံမှ ဒူးဆစ်အထိ အချို့သောသူများတွင် ခြေသလုံးအထိ ပေါင်အပြင်မှ အကြောတင်းနေသည့်အတွက် လှုပ်ရှားရန် အခက်အခဲ တွေ့နေတတ်ပါသည်။ ယင်းဝေဒနာမျိုးကို လိမ်းဆေးများ လိမ်းသည့်တိုင် သက်သာရန် ခက်ခဲပါသည်။ တခါတရံ တနှစ်ကျော်၊ နှစ်နှစ်အထိ ကြာမြင့်တတ်ပါသည်။

( ဘာဖြစ်လို့ ဖြစ်တာလဲ )
အောက်ပိုင်း အအေးပတ်သည့်လုပ်ငန်းကို လုပ်ကိုင်သူများ၊ Aircon ဖွင့်အိပ်သူများနှင့် လေတိုက်တွင် ကြာမြင့်စွာ နေထိုင်သူများအနေဖြင့် ခြေထောက်အောက်ပိုင်း အပူဓာတ်လုံလောက်စွာ မရရှိသဖြင့် အအေးပတ်ရာမှ စတင်၍ ဝေဒနာခံစားရတတ်ပါသည်။

(ဝေဒနာမဖြစ်အောင် ဘယ်လို ကာကွယ်မည်နည်း)
ခြေထောက် အအေးမမိစေရန် နွေးနွေးထွေးထွေး နေပါ။ သွေးပူစေရန် ခြေထောက်လေ့ကျင့်ခန်းများ ပြုလုပ်ပါ။ လိုအပ်လျှင် ခြေထောက်ကို မီးလှုံပါ။ လိုအပ်ပါက ခြေဖ၀ါးမှ ပေါင်အထိ ကြပ်ထုပ်ထိုးပေးပါ။

( ဘယ်လိုကုလျှင် ပျောက်မလဲ )
ယင်းဝေဒနာရှင်များဟာ လိမ်းဆေးလူးခြင်းဖြင့် ပျောက်ကင်းရန် မလွယ်ကူသည့်အပြင် တင်းနေသော အကြောကို နှိပ်ရုံမျှဖြင့်လည်း လျင်လျင်မြန်မြန် ပျောက်ကင်းမည်မဟုတ်ပါ။ တင်ပါးဆုံမှ တင်းနေသောအကြောကို လက်မနှင့် ဖိထောက်ထားပြီး ဒူးကို အထက်သို့ ကွေးလိုက် ဆန့်လိုက် (၅)ကြိမ် ပြုလုပ်ပေးပါက ချက်ချင်းသိသာ သက်သာလာပါမည်။ သို့ရာတွင် တကြိမ်တည်း လုပ်ရုံဖြင့် ပျောက်ကင်းနိုင်မည်မဟုတ်ပါ။ တင်းလာတိုင်း အနည်းဆုံး တနေ့ (၄-၅) ကြိမ် ပြုလုပ်မှ (-၂)ရက် (၃)ရက်အတွင်း ပျောက်ကင်းမည် ဖြစ်ပါသည်။

(ဆရာ ဦးအေးထွန်း)
( ဂမ္ဘီရ ၂၀၀၉-ခု ဇူလိုင်လ)

ဘာသာရေး ပြဿနာ ( ၇ )

(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)

(မေး) (ပြိတ္တာများ တရားထူး ရနိုင် မရနိုင်)
တန်ခိုးကြီးသော အဆင့်မြင့် ပြိတ္တာများ တရားအားထုတ်၊ ဥပုသ်စောင့်၊ တရားနာကြသည်ဟု ကြားဖူးပါသည်။ မဂ်ဖိုလ်ရော ရနိုင်ပါသလား။ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(အရှင်သုမန-ပြည်မြို့)

(ဖြေ)
ပြိတ္တာမျိုးတို့တွင် ၀ိနိပါတိက အသုရာ နှင့် ဝေမာနိကပြိတ္တာ ဟူ၍ခေါ်သော စတုမဟာရာဇ် နတ်မျိုးဝင် ပြိတ္တာများသည် အချို့မှာ အပါယ်ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ မဂ်ဖိုလ်ရနိုင်ခွင့်ရှိသော ဉာဏ်နှင့်ယှဉ်သော တိဟိတ်ပဋိသန္ဓေစိတ်မျိုးဖြင့် ပဋိသန္ဓေနေကြပါသည်။

အပါယ်ပဋိသန္ဓေစိတ်နှင့် ဉာဏ်နှင့်မယှဉ်သော ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိက ပြိတ္တာတို့မှာ မဂ်ဖိုလ်တရားထူးများ မရရှိနိုင်ပါ။ ဉာဏ်နှင့်ယှဉ်သော တိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိကပြိတ္တာ တို့မှာမူ တရားနာကြားခွင့်၊ တရားနှလုံးသွင်းခွင့်များ ရခဲ့လျှင် မဂ်ဖိုလ်တရားထူးများ ရရှိနိုင်ပါသည်။

ဥပမာအားဖြင့်-ဓမ္မပဒ၌ လာသော ဝေမာနိကမျိုးဝင် ကာလယက္ခိနီ ဘီလူးမသည် ကလေးမွေးတိုင်း မွေးတိုင်း စားနေသည်။ ထို့နောက် ဘုရားရှင်၏တရား နာရ၍ သောတာပန် တည်လေ၏။ ယက္ခသံယုတ်၌လာသော အာဠာဝက ဘီလူး၊ ပိယင်္ကရမာတာ၊ ပုနပ္ဗသု ဘီလူးများသည်လည်း တရားနာရ၍ မဂ်ဖိုလ်တရားထူးများ ရကြပါသည်။
********************************************************************************

(မေး) (အသုရကာယ် ဟူသည်)
အရှင်ဘုရား၊ ပြိတ္တာကို လူအတော်များများ သိနားလည်ကြသော်လည်း အသုရကာယ်ကို သိနားလည်ခြင်း မရှိပါ။ အသုရကာယ်သည် ပြိတ္တာထက် ပို၍ အဆင့်မြင့်-မမြင့်၊ ဒုက္ခ ပိုသက်သာ-မသက်သာ ၊ အမျှဝေလျှင် ရနိုင်-မရနိုင် နှင့် ၄င်းအကြောင်း သိသင့် သိထိုက်သည်များကို မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။
(ဦးမောင်ဦး-မီးရထား ဆေးပေးခန်း၊ တောင်ငူ)

(ဖြေ)
အမေးရှင်-မေးထားသလို ပြိတ္တာအကြောင်း သိသူတွေ များကြပါသည်။ (ပေတ၀တ္ထုများ ဖတ်ကြည့်ကြပါရန်) အသုရာ၏ အဓိပ္ပါယ်မှာ နတ်များကဲ့သို့ အစိုးရမှု၊ တောက်ပမှု၊ မြူးတူးပျော်ပါးမှုတို့ မရှိသောသတ္တ၀ါဟု စာပေက ဆိုပါသည်။ ဤအဓိပ္ပါယ်မှာ အသုရာအားလုံးကို မခြုံငုံမိဘဲ ဖြစ်နေပါသည်။

ကျမ်းဂန်တို့၌ အသုရာကာယ်သည် နတ်မျိုး၌ ၀င်သော အသုရာ၊ ပြိတ္တာမျိုး၌၀င်သော အသုရာ၊ ငရဲ၌ အကျုံးဝင်သော အသုရာ စသည်ဖြင့် အမျိုးမျိုး ပါဝင်နိုင်သောကြောင့် အသုရကာယ်နှင့် ပတ်သက်၍ နားမလည်ဘဲ ဖြစ်နေကြပါသည်။

(အသုရာ ၅-မျိုး ရှိသည်)
၁။ ဝေပစိတ္တိ အသုရာ (နတ်အသုရာ)
မြင်းမိုရ်တောင်အောက်၌နေသော နတ်အသုရာ၊ တာဝတိံသာနတ်တို့လောက် မရဲရင့် မတောက်ပသော (ဓဇဂ္ဂသုတ်၊ အသုရာ သံယုတ်တို့၌လာသော) သိကြားမင်းနှင့် စစ်ခင်းသည့် ဝေပစိတ္တိ၊ ပဟာရာဒ အစရှိသော အသုရာ နတ်မင်းကြီးတို့ ဖြစ်သည်။

၎င်းအသုရာ နတ်မင်းကြီးတို့သည် တာဝတိံသာ နတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဝေပစိတ္တိ နတ်အသုရာဟု ခေါ်ကြ၏။ တာဝတိံသာနတ်တို့၌ အကျုံးဝင်သော နတ်အသုရာ ဖြစ်သည်။

၂။ ၀ိနိပါတိက အသုရာ (နတ်သေး၊ နတ်မွှား အသုရာ)
သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၌လာသော ဘုမ္မစိုးနတ်ကြီးများကို မှိခိုကပ်ရပ်နေရပြီး တန်ခိုးဣဒ္ဓိပါဒ် နုံ့နဲ့လှသော နတ်ကလေးများကို အထက်နတ်တို့အောက် ယုတ်ညံ့သေးသိမ်ကုန်သောကြောင့် ၀ိနိပါတိကအသုရာဟု ခေါ်ကြ၏။ စတုမာဟာရာဇ်နတ်မျိုး၌ အကြုံးဝင်သောနတ်အသုရာတို့ ဖြစ်၏။

၃။ ဝေမာနိက အသုရာ
ရံခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရပြီး ရံခါ ပြိတ္တာကဲ့သို့ ငရဲကဲ့သို့ ဒုက္ခခံစားရသော အသုရာများ ဖြစ်သည်။ ဤဝေမာနိက အသုရာမျိုးမှာ အလွန်တရာ ကျယ်ပြန့်ပါသည်။ ငရဲပြည်က ယမမင်းကြီးများ၊ ပြိတ္တာမျိုးတို့တွင် တန်ခိုးကြီးသော ပြိတ္တာဘုရင်၊ ပြိတ္တာမင်းကြီးများ၊ ငရဲမင်းကြီးများ၊ ငရဲထိန်းများ၊ မိတ္တ၀ိန္ဒကဇာတ်၌ လာသော ပင်လယ်ပြင်၌ ဗိမာန်အမျိုးမျိုးနှင့် ချမ်းသာတလှည့်၊ ဆင်းရဲတလှည့် စံနေရ၊ ခံနေရသော နတ်ပြိတ္တာတို့သည် ဗိမာန်အမျိုးမျိုးနှင့် နေကြသောကြောင့် ဝေမာနိက ပြိတ္တာ အသုရာဟု ခေါ်ကြ၏။ ဝေမာနိက အသုရာတို့သည် စတုမဟာရာဇ်နတ်မျိုး၌ အကြုံးဝင်၏။ (အချို့မှာ တိဟိတ်၊ အချို့မှာ ဒွိဟိတ်၊ အချို့မှာ အဟိတ် ပုဂ္ဂိုလ်ဟု အမျိုးမျိုး ရှိနိုင်၏။)

၎။ လောကန္တရိတ် အသုရာ (ငရဲ အသုရာ)
စကြ၀ဠာ ၃-ခု အဆုံးသတ်နေရာသည် စက်ဝိုင်း ၃-ခုဆုံရာ အကြားအရပ်ကဲ့သို့ ရှိ၏။ အပူရှိန် အလင်းရှောင် မရှိတော့၍ အမှောင်ဆုံး အအေးဆုံး နေရာဖြစ်သည်။ ထိုနေရာကို (လောက+အန္တရ=စကြာဝဠာလောက ၃-ခုတို့၏ အကြားအရပ်) လောကန္တရိတ်ငရဲဟုခေါ်သည်။ ၄င်းနေရာ၌ ဖြစ်ကြကုန်သော သတ္တ၀ါတို့သည် လင်းနို့များကဲ့သို့ စကြာဝဠာနံရံတခုမှ တခုသို့ ပျံသန်း တွယ်ကပ်၍ နေကြကုန်၏။ အစာစားစရာမရှိ၊ တကောင်နှင့် တကောင် အစာအမှတ်ဖြင့် ကိုက်ကြကုန်၏။ ထိုအခါ အလွန်အေးစက်လှသော ရေထဲသို့ ပြုတ်ကျပြီး ဆားခဲရည်ထဲကျသကဲ့သို့ အေးလွန်းသဖြင့် ထိုသတ္တ၀ါများ စိစိညက်ညက် ကြေမွ၍ သေကြရကုန်၏။ ကံမကုန်သမျှ ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏။ ငရဲ၌ အကြုံးဝင်သော အသုရာမျိုးဖြစ်သည်ဟု ဗုဒ္ဓ၀င် အဋ္ဌကထာ၌ လာရှိသည်။

၅။ ပြိတ္တာ အသုရာ
ခန္ဓ၀ိဘင်း အဋ္ဌကထာ၌ ပြိတ္တာအသုရာအဖြစ် ကာလကဉ္စိက အသုရာမျိုးကို ဖော်ပြပါသည်။ ၄င်းပြိတ္တာတို့သည် အလွန်မွတ်သိပ်ဆာလောင်ကြသည်။ တချို့အသုရာတို့သည် ဘုရား နှစ်ဆူ သုံးဆူ ပွင့်သော်လည်း တကြိမ်မျှ မစားမသောက်ကြရကြောင်း သိရသည်။

ကာလကဉ္စိက အသုရာတယောက်သည် ညဥ့်အခါ ရေငတ်သဖြင့် ဂင်္ဂါမြစ်တွင်းသို့ ဆင်းရာ မြစ်ရေများ ခန်းခြောက်ပြီး မီးခိုးများသာ ထလာသောဟူ၏။ တညလုံး ပြေးလွှား၍ ရေရှာသော်လည်း မရရှိဘဲ နံနက်မိုးလင်းသောအခါ ဆွမ်းခံကြွလာသော ရဟန်းသုံးကျိပ်တို့မြင်၍ အကျိုးအကြောင်း မေးမြန်းသိရှိရသော အခါ သဲသောင်ပြင်မှာ ပက်လက်နေစေပြီး ရဟန်းသုံးကျိပ်တို့ သပိတ်ကိုယ်စီဖြင့် ရေခပ်၍ ပါးစပ်ထဲ လောင်းထည့်သော်လည်း လည်ချောင်းတွင်းသို့ ရေ တစက်မျှ မ၀င်ဟု သိရသည်။

အပါယ် ၄-ဘုံ၌ ပါဝင်သော အသုရကာယ်ဟူသည်မှာ ယခု နံပါတ် ၅-အမျိုးအစား ပြိတ္တာအသုရာများနှင့် နံပါတ် ၃-အမျိုးအစား ဝေမာနိက အဟိတ်အသုရာများကို ယူသင့်ပါသည်။ ဒုက္ခပိုကြီး-မကြီးကိုတော့ ဦးမောင်ဦး စဉ်စားနိုင်လောက်ပြီဟု ယူဆပါသည်။ အမျှဝေလို့ သိနိုင်၊ ကြားနိုင်မည်ဆိုလျှင် သာဓုခေါ်၍ ဒုက္ခမှ ကျွတ်လွတ်နိုင်ပါသည်။
(ပရမတ္တသံခိပ် ဋီကာနှင့် သင်္ဂြိုဟ်ဘာသာဋီကာ တို့ကို မှီးပါသည်)။
********************************************************************************

(မေး) ( အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း)
အရှင်ဘုရား၊ ရဟန်းသံဃာ သာမဏေများတို့ ကဲ့ရဲ့စကား မဆိုပေ။
ရဟန်းသံဃာ သာမဏေများတို့ လမ်းတွင်တွေ့က ဦးခိုက်လေ။
အရိပ်ကိုပင် ဖြတ်ကာမနင်းနဲ့ ရှောင်ကာကွင်းလို့ သွားတော့လေ။
အဲဒါမှ ဗုဒ္ဓဘာသာ ပီသပါတယ်လေ။
ဆိုတဲ့ ကဗျာကို ငယ်ငယ်တုန်းက ရခဲ့ပါတယ်ဘုရား။ ရခဲ့တဲ့အတိုင်းလဲ လိုက်နာပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ရဟန်းသံဃာတော်များရဲ့ အရိပ်ကို ဖြတ်နင်းသွားကြပါတယ်။ ထိုသူတို့အား အပြစ်ရှိ-မရှိ အရိပ်တော်ကို နင်းကောင်း-မနင်းကောင်း ဖြေဆိုတော်မူပါဘုရား။
(ဧရာဝတီတိုင်းသား)

(ဖြေ)
အရိပ်နှင့်ပတ်သက်၍ ရုက္ခစ္ဆာယာပန္တပသောတံ နိပ္ပတ္တံ န ကပ္ပတိ-၀ိနယသင်္ဂဟပါဌ် ပါဠိအရ ယင်းသည် ဆာယာကို ၀ိဂြိုဟ်ပြုရန်မှာ ဆာဒတီတိ ဆာယာ၊ သဒ္ဒါကျမ်းအလို ၀ိဂြိုဟ်ဝစနတ် ဖုံးလွှမ်းတတ်သော သဒ္ဒတ္ထမြန်မာ ဝေါဟာရကြောင့် ဆာယာ-ဟု တွင်ချေသည်။ ဤသို့ဆိုသော် အရိပ်က အစဉ်သဖြင့် အထက်ကနေ၍ ဖုံးလွှမ်းသည်ဟု ဆိုရမည်။ ဤအကြောင်းကို သုတနုဇာတ်တော်နှင့် စဉ်းစားသင့်၏။ ငါးရာ့ငါးဆယ် သတ္တနိပါတ် သုတနုဇာတ်၌ ဘုရားလောင်း သုတနုလုလင်သည် မင်းကြီးပေးလိုက်သော သန်လျက်၊ ထီး၊ ခြေနင်းတို့ကို ယူ၍ ပညောင်ပင်စောင့် ဘီလူးထံရောက်လျှင် ဘီလူးက ငါ၏ပိုင်မြေကို သင်နင်း၏။ ဒါကြောင့် သင်သည် ငါ၏အစာမှန်သည်ဟု ဆိုသောအခါ သင့်မြေကို ငါမနင်း၊ ငါ့မြေကိုသာ ငါ နင်းသည်။ သင့်ပညောင်ပင်ရိပ်ကို ငါ မခို၊ ငါ့ထီးရိပ်ကိုသာ ငါ ခိုသည်ဟုဆို၏။ ထိုအခါ သုတနုလုလင်ကို ဆင်ခြေမပြိုင် မတတ်နိုင်သောကြောင့် ဘီလူးက အရှုံးပေးရ၍ ၀န်ချရကြောင်း ဆိုပေသည်။

အကယ်၍ လူ့အောက်က အရိပ်ရှိခဲ့အံ့၊ မြေကိုပင် မနင်းသော်လည်း အရိပ်အတွင်းမှာ လူနေချေလျှင် လုလင်မှာ ဆင်ခြေမရ၍ ဘီလူးက ရှုံး၍ လုလင်က နိုင်သည်ကို ထောက်သော် အရိပ်က အထက်ကနေကြောင်း အရိပ်ကို နင်း၍ မရကြောင်း သိသာသည်။ ထို့ကြောင့် အရိပ်ကို ကွင်းရှောင်၍ သွားခြင်းသည် အထူးရိုသေရာရောက်၍ အရိပ်ကို မလွှဲသာ၍ နင်းမိလျှင် အရိပ်ကို နင်းခြင်း မဟုတ်၊ အရိပ်ခိုခြင်းသာဟု နှလုံးသွင်းလျက် ငြိမ်သက်စွာ ရပ်တံ့ပြီး လက်အုပ်ချီလျက် နေရန်သင့်ပေသည်။
********************************************************************************

(မေး) (ပရိတ်ရွတ်ရာ၌)
အရှင်ဘုရား၊ ပရိတ်ကို အသံထွက် မရွတ်ဆိုဘဲ စိတ်ထဲက ရွတ်ဆိုခြင်းသည် အကျိုးအတူတူ ရ-မရ သိလိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(ဦးမောင်ဦး-တောင်ငူ)

(ဖြေ)
ပရိတ်တရားတော်များသည် ရွတ်ဖတ်နာယူဖို့ရန် အဓိကဖြစ်ပါသည်။ ရွတ်ဖတ်နာယူရာ၌ပင် ရွတ်ဖတ်သူ၏အင်္ဂါနှင့် နာယူသူ၏တို့အင်္ဂါများ သတ်မှတ်ရာတွင် အင်္ဂါတခုအနေဖြင့် ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုရမည်ဟု ပါရှိသဖြင့် ရွတ်ဖတ်မှသာ ပရိတ်အကျိုးတရား အပြည့်အ၀ ရနိုင်ပါသည်။ စိတ်ဖြင့် (နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့်) တရားနှလုံးသွင်း ဆင်ခြင်သော မနောကံကုသိုလ် ဖြစ်ပါသည်။ ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုပါလေ။

ရွတ်ဖတ်သူတို့၏ အင်္ဂါ ၃-ချက်ကား-
(၁) ပုဒ်၊ ပါဌ်၊ အက္ခရာ ပီသမှန်ကန်အောင် ရွတ်ဆိုခြင်း။
(၂) အနက် အဓိပ္ပါယ်ကို သိရှိနားလည်ခြင်း။
(၃) ပရိတ်နာယူသူတို့အပေါ် မေတ္တာကရုဏာရှိခြင်းတို့ ဖြစ်ပါသည်။

နာယူသူတို့၏ အင်္ဂါ ၃-ချက်ကား-
(၁) ပဉ္စာနန္တရိယကံကြီး ၅-ပါးမှ လွတ်ကင်းခြင်း။
(၂) နိယတမိစ္ဆာဒိဋ္ဌိ အယူမှား မရှိခြင်း။
(၃) ပရိတ်တရားတော်ကို အလေးအနက် ယုံကြည်ခြင်းတို့ ဖြစ်သည်။
ဤအင်္ဂါ ၆-ပါးနှင့် ပြည့်စုံမှ ပရိတ်တန်ခိုးတော် ထက်မြက်ပါသည်။

( မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

ကိုယ့်နေရာနှင့် ကိုယ်

တခုသော ဆောင်းရာသီနံနက်ခင်း၌ ဘီလုံးငှက်ငယ်တကောင်သည် တံခါးတိုင်ထိပ်တွင် နေစာလှုံနေ၏။ ထိုစဉ်ခိုက်တွင် ကောင်းကင်၌ ပျံဝဲလျက်ရှိသော သိန်းငှက်ကြီးတကောင်က တရှိန်ထိုး ထိုးစိုက်၍ ဘီလုံးငှက်ငယ်ကို သုတ်ချီလိုက်၏။

သိန်းငှက်ကြီး၏ လှံသွားတမျှ ထက်မြက်သန်မာလှသော ခြေသည်းကြီးများကြား၌ မချိမဆံ့ပါသွားရသော ဘီလုံးငှက်ငယ်သည် မိမိ၏ ဖြစ်အင်ကို ပြန်လည်သုံးသပ်ကာ ဤသို့ ငိုကြွေးမြည်တမ်း၏။
ငါတို့သာ ညံ့ဖျင်းလိုက်လေခြင်း၊ ငါတို့သာ ဘုန်းကံနည်းလိုက်လေခြင်း၊ ငါတို့က ကိုယ့်နေရာ မဟုတ်တဲ့ဆီမှာ ကျက်စားမိလို့ ခံလိုက်ရပြီ။ တကယ်လို့များ မိဘဘိုးဘွားများ ကျက်စားခဲ့တဲ့ ကိုယ့်နေရာမှာသာ ငါတို့များ ကျက်စားနေခဲ့မယ်ဆိုရင် အခုလိုခံရမှာ မဟုတ်ဘူး။ အခုလို ခံရမှာမဟုတ်ဘူး။

ဤသို့ ကျီကျီကျာကျာနှင့် ငိုကြွေးသံကို သိန်းငှက်ကြီးက နားထောင်ကာ မခံချင်စိတ် ဖြစ်ပေါ်လာသဖြင့်-
ဟေ့ မောင်ဘီလုံး၊ မင်းတို့ မိဘဘိုးဘွားများ ကျက်စားခဲ့တဲ့နေရာက ဘယ်မှာလဲကွ-ဟု မေးလိုက်ရာ-
လယ်သမားကြီးတွေ ထွန်ယက်ထားခဲ့တဲ့ ထယ်ခဲတွေ ဖြစ်ပါတယ်။
အောင်မာ၊ အဲဒီမှာ သွားနေတော့ကော ငါ့လက်က လွတ်မတဲ့လား။ ကိုင်း ဒါလောက်တောင်ရှိလှတာ အဲဒီမှာ သွားနေလိုက်စမ်းကွာ။
မိမိ၏ စွမ်းအားကို လုံးဝဥဿုံ ယုံကြည်စိတ်ချထားပြီးဖြစ်၍ သိတ်းငှက်ကြီးက လွှတ်ပေးလိုက်၏။

ဘီလုံးငှက်ငယ်သည် သိန်းငှက်ကြီးလက်က လွတ်သွားသည်နှင့် တပြိုင်နက် ထယ်ခဲပေါ်ဆင်းလာခဲ့၏။ နေသွေ့သွေ့ပူထား၍ ခြောက်ကပ်မာကျောနေသော ထယ်ခဲကြီးပေါ်၌ ခြေစုံရပ်လိုက်ပြီးလျှင် သိန်းငှက်ကြီးရှိရာသို့ ၀ံ့ဝံ့စားစား မော့ကြည့်ကာ-
ကိုင်း-အခုတော့ လာခဲ့ပေတော့ သိန်းငှက်ကြီးရေ၊ လာခဲ့ပေတော့ သိန်းငှက်ကြီးရေ-ဟု စိန်ခေါ်လိုက်ရာ-

အေး လာပြီဟေ့၊ မင်း ဘယ်ပြေးမလဲ မောင်ဘီလုံးလေး။
သိန်းငှက်ကြီးက အတောင်နှစ်ဖက်လုံးကို စုရုံးကာ ထက်ကောင်းကင်မှ တဟုန်ထိုး ထိုးစိုက်လာ၏။ သိန်းငှက်ကြီးကို မျက်ခြည်မပြတ်ကြည့်နေသော ဘီလုံးငှက်ငယ်က သိန်းငှက်ကြီး ရောက်မလာမီကလေးတွင် ထယ်ခဲကြီးနှစ်ခုကြားသို့ ရုတ်တရက် တိုးဝင်ထားလိုက်၏။

အရှိန်ပြင်းပြင်းနှင့် ထိုးစိုက်လာခဲ့သော သိန်းငှက်ကြီးသည် မိမိအရှိန်ကို မထိန်းနိုင်ဘဲ ထယ်ခဲနှင့်ရင်အုပ်မှာ ဆောင့်မိကာ ရင်ကွဲ၍ သေဆုံးရလေတော့သည်။

( သတိပဋ္ဌာန်သည်သာ ကိုယ့်နေရာ )
သတိပဋ္ဌာနသံယုတ် အမ္ဗပါလိဝဂ်၊ သကုဏဂ္ဃိသုတ် ပါဠိတော်တွင် ဘုရားရှင်ကိုယ်တော်တိုင်က ရဟန်းများအား ဟောပြသော ဥပမာပုံဝတ္ထု ဖြစ်ပါသည်။

ဗလအားကိုးဖြင့် တဇွတ်ထိုးလုပ်ခဲ့သော သိန်းငှက်ကြီး၏ မရှုမလှပျက်စီးရပုံနှင့်တကွ ဉာဏ်ရှေ့ထား၍ ကြိုးစားခဲ့သော ဘီလုံးငှက်ငယ်၏ သိန်းငှက်အန္တရာယ်ဆိုးကြီးမှ လွတ်မြောက်ပုံတို့ကို နှိုင်းယှဉ်ဟောပြတော်မူပြီးလျှင် ဘုရားရှင်က ဆက်လက်၍ ဤသို့ ဟောကြားတော်မူပေသည်။

ရဟန်းတို့၊ ထိုကဲ့သို့ ဖြစ်လေရကား သင်တို့သည် မိမိတို့ ကျက်စားရာ မဟုတ်သော၊ အခြားတပါးသော အာရုံ၌ မကျက်စားကြကုန်လင့်။ မိမိတို့ကျက်စားရာ မဟုတ်သော၊ အခြားတပါးသော အာရုံ၌ ကျက်စားသော သူတို့အား မာရ်နတ်က နှောင့်ယှက်ဖျက်ဆီးရန် အကြားအပေါက်ကို ရလတံ့။ နှောင့်ယှက်ဖျက်ဆီးနိုင်သည့် အကြောင်းကို ရလတံ့။ ရဟန်းတို့ မိမိတို့၏ ကျက်စားရာ မဟုတ်သော အခြားတပါးသော အာရုံဟူသည်ကား အဘယ်နည်း။

ဤသို့ မေးခွန်းထုတ်တော်မူပြီးလျှင် ဘုရားရှင်က ကိုယ်တော်တိုင် ဖြေကြားတော်မူ၏။ သာယာနှစ်သက်ဖွယ်၊ ယစ်မူးမိန်းမောဖွယ် ကာမချမ်းသာ ခံစားခြင်းနှင့် ဆက်နွယ်နေသော အာရုံငါးပါးတို့သည် သာသနာ့ဝန်ထမ်း ရဟန်းများနှင့်တကွ ယောဂီသူတော်ကောင်းတို့ မကျက်စားသင့်သောအာရုံများ ဖြစ်ပေသည်။ မာရ်နတ်မင်း၏ နှောင့်ယှက်ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ စက္က၀တ္တိသုတ်ကို ဖွင့်ဆိုရာတွင် အဋ္ဌကထာဆရာကြီးက မာရော-ဟူသော ပုဒ်အရကို ၀သ၀တ္တိဘုံစံ မာရ်နတ်သားနှင့်တကွ မစ္စုမာရ်၊ ကိလေသမာရ် တို့ကိုလည်း ကောက်ယူနိုင်ကြောင်း ပြဆိုထားပေသည်။

သို့ဖြစ်၍ ဘုရားရှင်၏ လက်ထက်တော်တုန်းက တလျှောက်လုံး နှောင့်ယှက်ဖျက်ဆီးလာခဲ့သည့် မာရ်နတ်သားသည် ယခုလက်ရှိ ဘုရားတပည့်သား ရဟန်းရှင်လူ သူတော်စင်အပေါင်းကို နှောင့်ယှက်ဖျက်ဆီးနိုင်၏။ အကယ်၍ မာရ်နတ်သား၏ အနှောင့်အယှက်က လွတ်နေလျှင်လည်း မစ္စုမာရ်၏ လက်ချက်ကတော့ လွတ်မည်မဟုတ်ပါ။

ဖွားမြင်လာသည့် သတ္တ၀ါမှန်သမျှ မစ္စုမာရ်နှင့် လုံးဝမကင်းနိုင်ပါ။ ဘုရားရဟန္တာများသော်မှ ဤဘ၀ ဤခန္ဓာအတွက် သေဘေးနှင့် မကင်းနိုင်ပါ။ ဤသို့ မကင်းနိုင်သေးပါဘဲလျက် ဘုရားရဟန္တာ အရှင်မြတ်ကြီးများ မစ္စုမာရ်ကို တွန်းလှန်ပယ်ရှားနိုင်သည်ဟု ဆိုရခြင်းမှာ နောက်ထပ်တဖန် ဘ၀သစ်ကို မရနိုင်တော့၍ ဖြစ်ပါ၏။ ဘုရားရဟန္တာ အရှင်မြတ်ကြီးတို့သည် နောက်ထပ်တဖန် ဘ၀သစ်ကို မရနိုင်တော့သည့်အတွက် အဖန်ဖန် အထပ်ထပ် သေပြီးရင်းသေ၍ နေရလတံ့သော ဘေးဒုက္ခမှ လွတ်မြောက်တော်မူကြ၏။ ထို့ကြောင့် ဤဘ၀ ဤခန္ဓာမှာပင် မစ္စုမာရ်ကို တွန်းလှန်နိုင်သည်ဟု ဆိုကြရ၏။

ကိလေသာမာရ် ဟူသည်မှာ ၀ီတိက္ကမ၊ ပရိယုဋ္ဌာန၊ အနုသယအားဖြင့် အဆင့်သုံးဆင့်မှာ ရှိနေကြသော ကိလေသာ ဆယ်ပါးတို့ ဖြစ်ကြ၏။ ကိလေသာဟူသောပုဒ်၏ အနက်အဓိပ္ပါယ်မှာ ပူပန်စေတတ်၊ှနှိပ်စက်တတ်သော သဘောဖြစ်၏။ မည်သည့်အဆင့်မှာရှိနေသည်ဖြစ်စေ ကိလေသာတရားမှန်လျှင် သက်ဆိုင်ရာ ရုပ်နာမ်ခန္ဓာအစဉ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်သည်သာ ဖြစ်၏။

ထိုကဲ့သို့ မာရ်သုံးမျိုးတို့၏ လက်တွင်းမှ မလွတ်ကင်းနိုင်ခြင်းမှာ မိမိ၏ ကျက်စားရာမဟုတ်သောနေရာ၌ ကျက်စားမိသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က ကျက်စားသင့်သည့် အာရုံ၌သာ ကျက်စားကြရန် ဆက်လက်၍ တိုက်တွန်း ဟောကြားတော်မူလို၍-

ရဟန်းတို့- မိမိ၏ ကျက်စားရာဖြစ်သော ဖခင်သဖွယ် ကိုးကွယ်အားထားရာဖြစ်သော ဘုရားရှင်တို့ ဟောကြားညွှန်ပြခဲ့ကြသည့် အာရံ၌သာ ကျက်စားကြကုန်လော့။ မိမိ၏ ကျက်စားရာဖြစ်သော အာရံ၌သာ ကျက်စားကြကုန်သော သူတို့အား မာရ်နတ်က နှောင့်ယှက်ဖျက်တီးရန် အကြားအပေါက်ကို မရလတံ့။ နှောင့်ယှက်ဖျက်ဆီးနိုင်သည့် အကြောင်းကို မရလတံ့။

ဤသို့ ဟောကြားတော်မူပြီးလျှင် ရဟန်းရှင်လူ ယောဂီသူတော်စင်အပေါင်းတို့ ကျက်စားသင့်သည့် အာရုံသည်ကား သတိပဋ္ဌာန်လေးပါး ဖြစ်ကြောင်း ထုတ်ဖော်ဟောကြားတော်မူပေသည်။

(၀ဏ္ဏသီရိ)
(မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

Wednesday, March 17, 2010

ဣဿာအကျိုး

၂၀၀၂-ခုနှစ် နိုဝင်ဘာလ ကောက်စောစပါး ရိတ်သိမ်းရာသီတွင် ဖြစ်သည်။ စပါးရိတ်သိမ်းပြီးလျှင် သီးထပ်အနေဖြင့် ပဲမျိုးစုံကို စိုက်ပျိုးကြမည်ဖြစ်ရာ စပါးခင်းများကို သူ့ထက်ငါ အပြိုင်အဆိုင် ရိတ်သိမ်းနေကြ သည်။ ကောက်ရိတ်သူ ရှားပါးသော ကျွန်တော်တို့ရွာတွင် အခြားရွာမှ လယ်လုပ်သားများကို ခေါ်ယူငှါးရမ်း ထားကြရသည်။ လယ်သမားတဦးလျှင် အလုပ်သမား ၅-ယောက်မှ ၁၀-ယောက်ခန့်အထိ ငှါးရမ်းထားရသည်။ ဦးလှအောင်နှင့် ကျွန်တော်သည် လယ်ထဲမှစပါးများကို ရိတ်သိမ်းရန် သင့်-မသင့်ကြည့်၍ အိမ်သို့ပြန်ခဲ့ကြသည်။ လမ်းတွင် ဦးလှအောင်-က ဒီနှစ် ချစ်တင်လယ်တွေ ရိတ်ဖို့ကောင်းနေတာ မရိတ်သေးပါလားကွ။

ဦးလေး ဦးချစ်တင် ခြေထောက်မှာ မွေးကျွတ်နာ ပေါက်နေလို့ မထနိုင်ဘူး ဘကြီးရဲ့။
အေး-ဒါကြောင့်ကိုး၊ ဒီကောင်က စပါးဆိုလဲ ထိပ်သီးရအောင်လုပ်၊ မတ်ပဲဆိုလဲ ထိပ်သီးရအောင်လုပ်ပြီး ဘ၀င်မြင့်နေတာ။ ဒီနှစ်တော့ ကောက်ရိတ်နောက်ကျလို့ မတ်ပဲပါ နောက်ကျပြီး ရမှာ မဟုတ်တော့ဘူး။ ချစ်တင် ချစ်တင် ဒီနှစ်တော့ မင်း ငါ့လောက် မတ်ပဲ ရမှာမဟုတ်တော့ဘူး၊ ဟား ဟား ဟား။

ဘကြီး ဦးလှအောင်သည် သူ့စိတ်ကူးကို ဖွင့်ပြောရင်း အတော့်ကို သဘောကျသွားသည်။ တကယ်တော့ ဦးလှအောင်နှင့် ဦးချစ်တင်မှာ ညီအကိုအရင်းခေါက်ခေါက် ဖြစ်သည်။ အကိုဖြစ်သူ ဦးလှအောင်၏ ဇနီးက အ၀တ်အစားမှစ၍ လုပ်ငန်းအထိ ပြိုင်ဆိုင်ရာမှ ညီအကိုတွေပါ မသင့်မမြတ်ကြခြင်း ဖြစ်သည်။

တဦးက အိမ်သွပ်မိုးလျှင် တဦးကလည်း သွပ်မိုးသည်။ တဦးက တီဗွီဝယ်လျှင် တဦးကလည်း ၀ယ်ပြန်သည်။ သို့သော် ညီဖြစ်သူ ဦးချစ်တင်က အသီးအနှံတွေ ပိုရပြီး စီးပွားပိုဖြစ်သည်။ ထို့ကြောင့်လည်း ဦးလှအောင်က ဒီနှစ်တော့ သူကသာ ပိုပြီးရအောင် ကြုံးဝါးနေခြင်း ဖြစ်သည်။

ဦးချစ်တင်မှာ အနာညှော်မိ၍ ငန်းဝင်သောကြောင့် လယ်များကို မရိတ်သိမ်းနိုင်သေးပေ။ တရွာလုံး လယ်သမားများမှာ အနည်းနှင့်အများဆိုသလို ရိတ်သိမ်းကြပြီး ဖြစ်သည်။
ဦးလှအောင်ကတော့ သူ့လယ်ဧက ၂၀-ကို ရိတ်သိမ်း၍ ပြီးဆုံးသောနေ့၌ ကောက်ရိတ်သားတွေကို ဤသို့ပြော၏။

ဒီနေ့ ငါ့လယ်ရိတ်လို့ ပြီးဆုံးတဲ့နေ့မှာ ကောက်ရိတ်ခ တိုးပြီးပေးမယ်။ ကွင်းပေါက်ဈေး ၅၀၀-ကျပ်ရှိပေမယ့် ဒီနေ့ ငါက တစ်ကြိုးကို ၇၀၀-ကျပ် ပေးမယ်ကွာ။ တပင်မှ မရိတ်ရသေးတဲ့ ချစ်တင်လယ်ကျရင်တော့ တစ်ကြိုးကို ၁၀၀၀-ကျပ် ဈေးတောင်းကြပေတော့။ (အလျား အလံ ၂၀၊ အနံ အလံ ၁၀ တကွက်ကို တစ်ကြိုးခေါ်ပါသည်)

အမှန်တော့ အလုပ်သမားများကို စေတနာရှိ၍မဟုတ်ပါ။ ဦးချစ်တင် ဈေးကြီးမိ၍ ဒုက္ခရောက်စေလိုသော ဆန္ဒနှင့် ကောက်ရိတ်ဈေး တိုးပေးခြင်းဖြစ်သည်။ ထိုစဉ် မမျှော်လင့်ဘဲ အချိန်အခါမဟုတ် မိုးက ရွာတော့သည်။ နိုဝင်ဘာ ၁၆-ရက်နေ့မှစ၍ ရွာသောမိုးသည် ၂၃-ရက်နေ့အထိ ၈-ရက်တိတိ ရွာနေ၏။ ရိတ်ပြီးသော ကောက်လှိုင်းများ ရေမြှုပ်ကုန်၏။ စပါးများမှာလည်း အစို့ပေါက်တာပေါက်၊ ပုပ်တာပုပ် ဖြစ်ကုန်၏။

ရေထဲမှ စပါးများကို ကန်သင်းပေါ်ဆွဲတင်ကြရာ အလုပ်သမားရှားပါးသောကြောင့် ခရီးမတွင်လှပေ။ စပါးများ လေလွင့်ကြသည်။ ဧက ၂၀-ကျော် ရိတ်ထားသော ဦးလှအောင်၏ လယ်မှာ အဆိုးဆုံးဖြစ်သည်။ သူတပါးကို ဒုက္ခရောက်စေလိုသောကြောင့် လယ်တစ်ကြိုး ၇၀၀-ကျပ်နှင့် ဈေးတိုးပေးခဲ့သော ဦးလှအောင်တယောက် ယနေ့တော့ အလုပ်သမားများကို တနေ့ ၇၀၀-ကျပ်နှင့် ငှါးနေရသည်။ ကိုယ်မြှောက်သည့်ခဲ ကိုယ့်အပေါ် ပြန်ကျခြင်း ဖြစ်သည်။

ဦးချစ်တင်မှာတော့ စပါးများ မရိတ်ရသေးသောကြောင့် အပျက်အစီးမရှိပေ။ ငါတည်းဟူသော မာန်မာနထားပြီး သူတပါးအပေါ် မနာလိုဝန်တိုမှု ဣဿာများနှင့် လုပ်ဆောင်ခဲ့သော အလုပ်၏ ရလာဒ်မှာကား ဆုံးရှုံးမှုပင်တည်း။

( အင်ပင်-သန်းဌေးအောင်)
( မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

စေတနာအကျိုး

အလယ်စုရွာ၏ တောင်ဘက်တွင် ဦးဖိုးဝ အိမ်ရှိသည်။ သူ၏အိမ်ဘေးတွင် ကြီးမားသော ကုက္ကိုပင်ကြီးများ ရှိသည်။ ထိုအပင်ကြီးများပေါ်သို့ မိုးဦးကျအချိန်တွင် ဗျိုင်းများ လာရောက်အသိုက်ဖွဲ့ကြသည်။ ဦးဖိုးဝ၏ သားများက ဗျိုင်းများကို ပစ်ခတ်ဖမ်းဆီး စားသောက်ကသဖြင့် ဗျိုင်းများ ထွက်ပြေးသွားကြသည်။ နောင်တွင် မလာဝံ့တော့ပေ။

နောက်လေးငါးရက်ခန့်အကြာတွင် ရွာမြောက်ဘက် ဦးချမ်းအေးတို့ အိမ်ဘေးရှိ မန်ကျဉ်းပင်ကြီးများဆီသို့ ဗျိုင်းများ လာကြပြန်သည်။ ဦးချမ်းအေးသည် ဘာသာရေးကိုင်းရှိုင်း၍ စိတ်သဘောထားကောင်းသူ ဖြစ်သည်။ သူ၏သားများအား တို့အိမ်ကို အိမ်သာလို့ ဧည့်သည်တွေလာကြတာကွ၊ တို့အရိပ်ခိုဖို့ လာကြတာကွ။ သူတို့ရဲ့ အသိုက်အမြုံကို မဖျက်ကြနဲ့။ ချမ်းချမ်းသာသာနေကြပါစေ။ စောင့်ရှောက်ကြ-ဟုမှာကြားထား၏။ သူ၏သားများကလည်း ဖခင်၏စကားကို လိုက်နာကြ၏။

နောင်အခါ ဗျိုင်းများသာမက အခြားငှက်ငယ်များလည်း လာရောက်ခိုနားကြ၏။ မကြာမီ သူတို့၏ အသိုက်အမြုံများတွင် ငှက်ကလေးများ ပေါက်ဖွားလာကြ၏။ ထိုငှက်ကလေးများအား ငှက်မကြီးများက အနီးအနားရှိ အင်းအိုင်များမှ ငါးများကို ချီယူလာကြ၍ ခွံ့ကျွေးကြ၏။

အချို့ငါးလေးများသည် ပါးစပ်အတွင်းသို့ မရောက်ဘဲ အပင်အောက်သို့ ပြုတ်ကျသည်။
ထိုသို့ ကျလာသောငါးလေးများသည် ဦးချမ်းအေးတို့ မိသားစုအတွက် ဟင်းစားရသည်။ နေ့စဉ်နှင့်အမျှ ရနေ၍ ငါးဟင်းဝယ်စားရန် မလိုတော့ပေ။ စားမကုန် ပိုလျှံသောငါးများကို ငါးပိ၊ ငါးခြောက်ပင်လုပ်၍ စားနိုင်သည်။

ဦးချမ်းအေး၏ စိတ်စေတနာ ကောင်းမှုတို့ကြောင့် လက်ငင်းအကျိုး ခံစားခွင့် ရရှိပါတော့သည်။

(ဆရာအေး-ကျုံပျော်)
(မြတ်မင်္ဂလာ ၂၀၀၄-နိုဝင်ဘာလ)

ရောင်ခြည်တော် ၆-သွယ်နှင့် ဗုဒ္ဓသာသနာ့အလံ

ယခု ဗုဒ္ဓသာသနာ့အလံသည် မြတ်စွာဘုရား၏ ရောင်ခြည်တော် ၆-သွယ်ကို ဖော်ကျူးထားခြင်းဖြစ်သည်။ အမေရိကန်လူမျိုး ဗိုလ်မှူးကြီး (အငြိမ်းစား) ဟင်နရီစတီးလ် အော်လကော့ (ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်း လာသူ) ၏ စေတနာနှင့် ပညာကြောင့် ဗုဒ္ဓ၏ရောင်ခြည်တော် ၆-သွယ်ကို စိတ်ကူးတီထွင်ကာ ဗုဒ္ဓသာသနာ့အလံဟူ၍ ၁၈၈၅-ခုနှစ် ကတည်းက သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှာ လွင့်ထူနိုင်ခဲ့သည်။

၁၉၅၀-ပြည့်နှစ် သီရိလင်္ကာမှာ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီးတွင် ထိုအလံတော်ကို တကမ္ဘာလုံးက ဗုဒ္ဓသာသနာ့အလံတော်အဖြစ် အတည်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ ၁၉၅၆ (၁၃၁၈) ခု၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲတော် (မဟာပါသာဏလိုဏ်ဂူ၊ ကမ္ဘာအေးဘုရား) မှာ ဗုဒ္ဓသာသနာ့အလံကို စတင်လွှင့်ထူခဲ့ပေသည်။

တရားသဖြင့် မိဘကို လုပ်ကျွေးသူ

အခါတပါး၌ ဗုဒ္ဓဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်။
ထိုအခါ မိဘတို့ကို လုပ်ကျွေးပြုစုသော မာတုပေါသကမည်သော ပုဏ္ဏားတယောက်သည် မြတ်စွာဘုရားထံတော်သို့ ရောက်လာ၍ အောက်ပါစကားတို့ကို လျှောက်၏-

အရှင်ဂေါတမ၊ တပည့်တော်သည် တရားသဖြင့် ထမင်းကိုရှာ၍ မိဘတို့ကို လုပ်ကျွေးပါ၏။ အဘယ်သို့ပါနည်း၊ တပည့်တော်သည် ပြုသင့်ပြုထိုက်သည်ကို ပြုရာရောက်ပါ၏လော-ဟု လျှောက်၏။

မြတ်စွာဘုရားက အို-ပုဏ္ဏား၊ သင်သည် ပြုသင့်ပြုထိုက်သည်ကို စင်စစ်ပြုလုပ်သူပင် ဖြစ်သည်။ တရားသဖြင့် ထမင်းကိုရှာဖွေ၍ မိဘတို့ကို ပြုစုလုပ်ကျွေးရာရောက်၏။

မိခင်ဖခင် ကျေးဇူးရှင်တို့ကို ချစ်ခင်လေးမြတ်စွာ တရားသဖြင့် လုပ်ကျွေးသူကို ဤဘ၀မှာပင် ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းကြကုန်၏။ နောင်တမလွန်ဘ၀၌လည်း နတ်ပြည်နတ်ဘုံတို့၌ ၀မ်းမြောက်ရွှင်လန်း ချမ်းသာစွာ ဖြစ်ရ၏-ဟု ဟောတော်မူသည်။

မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် ထိုပုဏ္ဏားသည် ရတနာသုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်သော သရဏဂုံတည်သူ ဥပါသကာတယောက် ဖြစ်ရလေ၏။
ကျမ်းကိုး။ ။ သဂါထာဝဂ္ဂ၊ ဗြာဟ္မဏသံယုတ်။

( ဦးငွေအောင်မွန်)
( မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

ဦးပိန်တံတား

ဦးပိန်တံတားဆိုလျှင် အများစုက ကြားဖူးကြပေမည်။ မြန်မာပြည် အထက်ပိုင်းက ပို၍ သိကြသည်။ သို့သော် တံတား၏ သမိုင်းကြောင်းကို သိရှိသူ နည်းပါးပေမည်။ ဦးပိန်တံတားခေါ် တောင်သမန်တံတားသည် အမရပူရ (တောင်မြို့) ၏ အနောက်ယွန်းယွန်း တဖာလုံခန့်တွင် တည်ရှိသည်။ တံတားနှင့် အင်းပတ်လည်တို့တွင် စေတီ၊ တန်ဆောင်း၊ ဘုရားကျောင်းများနှင့် မယ်ဇယ်ပင်တို့ ၀န်းရံထားသည့်အတွက် သာယာကြည်နူးဖွယ်ရာ ကောင်းလှသည်။

သက္ကရာဇ် ၁၂၁၁-ခု (၁၈၄၉) တွင် ကုန်းဘောင်ဆက် န၀မမြောက် ပုဂံမင်း၏ လက်ထက်တွင် တည်ဆောက်ခဲ့သည့်အတွက် ယခုအခါ နှစ်ပေါင်း ၁၅၀-ကျော်ပြီဖြစ်သည်။ ထိုတံတားကို မြို့စားရေးဖြစ်သူ မောင်ပိန်က တည်ဆောက်ခဲ့သည့်အတွက် ဦးပိန်တံတား-ဟူ၍၄င်း၊ တောင်သမန်အင်းကြီးကို ဖြတ်ကျော် တည်ဆောက်ထား၍ တောင်သမန်တံတား-ဟူ၍၄င်း ခေါ်ကြသည်။

ပုဂံမင်း၏ ငယ်ကျွန်များ ဖြစ်ကြသည့် မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့သည် မင်းနှင့်အကျွမ်းဝင်ကြသည့် အတွက် အင်းဝနန်းတော်ဟောင်း၊ အိမ်တော်ဟောင်းတို့မှ စွန့်ပစ်ရမည့် သစ်တို့ကို ဘုရင်၏ ခွင့်ပြုမိန့်ကို ရယူ၍ အသုံးပြုခဲ့ကြသည်။ ၁၂၁၁-ခုတွင် စတင်ဆောင်လုပ်၍ ၁၂၁၃-ခုတွင် ပြီးစီးသည်။ တည်ဆောက်ချိန် ၂-နှစ်ကျော်ကြာခဲ့သည်။

ရှေးခေတ် မြန်မာအင်ဂျင်နီယာ ပညာရှင်များ၊ မှန်ချိန် စသည်တို့ အသုံးမပြုနိုင်မီ ခြေလှမ်းဖြင့် တိုင်းတာ တည်ဆောက်ခဲ့ကြသည်။ လှိုင်းဒဏ်၊ လေဒဏ်တို့ကို ကြံ့ကြံ့ခံနိုင်စေရန် ရည်ရွယ်၍ ဖြောင့်တန်းစွာ မတည်ဆောက်ဘဲ တောင်ဘက်သို့ ဦးမော့၍ ကွေ့ဝိုက်ပြီး ကျင်တွယ်ချိုးပုံစံ တည်ဆောက်ခဲ့သည်။ တိုင်များ၏ မြေ၀င် (မြေစိုက်) သည် လက်ခုပ်တဖောင်၊ (သို့မဟုတ်) ခုနစ်ပေ အနက်ရှိ၏။ မြေ၀င်တိုင်ခြေတို့တွင် အပေါက် ဖောက်ပြီး ထူးနှစ်ချက်ခတ်ထားသည်။ ၀ရန်တာ နှစ်ဖက်ကာ၍ အခင်းကို သုံးထပ်သုံးလွှာ ခင်းခဲ့သည်။ ပြီးခါစတွင် တိုင်ပေါင်း ၉၈၄-တိုင်တိတိ ရှိလေ၏။

နောင်အခါ တံတားနှစ်ဖက်ထိပ်မှ အုတ်ခံတံတားများကို ဖြုတ်၍ သစ်သားများဖြင့် အစားထိုးလိုက်သည့်အခါ တိုင်ပေါင်း ၁၀၈၆-တိုင် ဖြစ်လာ၏။ တံတား၏ ဘေးခပ်လှမ်းလှမ်းတို့တွင် မိုးနေလုံ ဇရပ်လေးဆောင် ဆောက်လုပ်ထားသည်။ တံတားအရှည်မှာ ၃၃၉-တာနှင့် ၂-တောင် (၃၉၆၇-ပေ) ရှိ၍ တမိုင်၏ လေးချိုး သုံးချိုး ရှိသည်။ အခန်းပေါင်း ၄၈၂-ခန်း ရှိ၏။

စစ်ကြီးပြီးစက တောင်သမန်အင်းရေ ကြီးပြီး တံတားကို ရေမြုပ်ကာ လှိုင်းဒဏ်၊ လေဒဏ်ခံရ၍ တိုင်အချို့ ပြုတ်ထွက် ပျက်စီးသွားသည်။ ထိုအခါ အမရပူရ (ဖဆပလ) အမတ် ဦးဘသီ-က ဦးဆောင်ကာ ပြုပြင်နိုင်ခဲ့သည်။ ၁၃၃၅-ခုတွင် အလားတူ တဖန် ရေကြီးပြန်၍ အခန်းပေါင်း ၈၀-ကျော် ပျက်စီးခဲ့ပြန်သည်။ မဟာဂန္ဓာရုံ ဆရာတော်၏ သြ၀ါဒဖြင့် မြို့နယ်ဥက္ကဋ္ဌနှင့် စေတနာရှင်၊ အလှူရှင်များက ပြန်လည်တည်ဆောက်ခဲ့သောကြောင့် ယနေ့တိုင် ဒေသခံပြည်သူများ ချမ်းသာစွာ သွားလာနိုင်ကြပါသည်။

(စလင်း-မောင်မွှေးကြိုင်)
(မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

ပရဟိတ (သို့မဟုတ်) မြင့်မြတ်သောအလုပ်

လောကထဲမှာ မြတ်ဗုဒ္ဓသာ အမြင့်မြတ်ဆုံး ပရဟိတစွမ်းအားရှင် ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓလောက် ကြီးကျယ်ပြောင်မြောက် ထိရောက်အောင် ပရဟိတစွမ်းဆောင်ပေးနိုင်သူ ဘယ်သူမှ မရှိပါဘူး။ မြတ်ဗုဒ္ဓဟာ အကြီးမားဆုံး အမြင့်မြတ်ဆုံး အတိကျဆုံး အပြည့်ဝဆုံး အသေချာဆုံး ပရဟိတစွမ်းဆာင်ရှင်ပါ။

ပရဟိတ်စိတ်နဲ့ပဲ ခက်ခဲတဲ့ပါရမီတွေ ဖြည့်ခဲ့တယ်။ ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့တာပါ။ အတ္တဟိတ သက်သက်သာဆိုရင် ဘုရားဖြစ်အောင် ကျင့်နေဖို့တောင် မလိုတော့ဘူး။ သုမေဓာ ရှင်ရသေ့ဘ၀က သာဝကပါရမီ ပြည့်နေပြီပဲ၊ ဆက်အားထုတ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်ဖို့ သေချာနေပါပြီ။ ပရဟိတစိတ်ကြောင့်သာ အသက်စည်းစိမ်များစွာ စွန့်လွှတ်အနစ်နာခံပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းမှုတွေကို ဖြည့်ကျင့်ခဲ့တာ ဖြစ်တယ်။

ပရဟိတဆိုတာ ပေးဖို့သက်သက်ပါ။ လှူတဲ့အခါ သီလရှိသူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက်ငဲ့လိုပါ။ ပရဟိတကျတော့ အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့ အကျိုးအတွက်ပါ။ သူတို့ဆီက ဘာတခုမှလဲ မျှော်လင့်ချက် မထားပါဘူး။ ကိုယ့်ကြောင့် သူ ချမ်းသာသွားရင် ပြီးတာပဲ။

ကမ္ဘာမှာ ကြက်ခြေနီ၊ လခြမ်းနီ စတဲ့ လူမှုရေးအဖွဲ့အစည်းတွေဟာ သူ့အတွက် ကိုယ်က အနာခံပေးရတဲ့ အဖွဲ့တွေပဲ။ ကူညီခံရသူတွေထံက တုံ့ပြန်ကျေးဇူးဆပ်မှုကို ဘာတခုမှ မမျှော်လင့် မတောင့်တကြပါဘူး။

ယခု (မင်္ဂလာဗျူဟာ ပရဟိတ အဖွဲ့)-ဆိုတာလဲ ဒီလိုပါပဲ။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး၊ ကံအား၊ ဉာဏ်အား၊ လုံ့လအား (ထိုက်သင့်သည့်အားလျော်စွာ) မလုံလောက်ရှာကြလို့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည် မပြည့်စုံရှာကြသူများကို သူတို့ခန္ဓာ သူတို့သုံးနိုင်ကြဖို့ မေတ္တာ ကရုဏာ အရင်းခံတဲ့ စေတနာကောင်းနဲ့ ကူညီဆောင်ရွက်နေကြတာပါ။

ပရဟိတစေတနာရှင်ဟာ ကိုယ့်ကျေးဇူးကို သိလို့ တုံ့ပြန်မှုကို လုံးဝမျှော်လင့်စရာ မလိုပါဘူး။ ပရဟိတစေတနာ ရှင်ဟာ ဒုက္ခလွတ်ပါစေဆိုတဲ့ ကရုဏာ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာနဲ့ပဲ ကူညီတတ်တယ်။ ပေးကမ်းတတ်တယ်။ ထောက်ပံ့တတ်တယ်။ မေတ္တာ ကရုဏာ အရင်းခံတဲ့ မြင့်မြတ်တဲ့စေတနာနဲ့ပဲ ဆောင်ရွက်ပေးပါတယ်။

လောကမှာ ကံ၊ ဉာဏ်၊ လုံ့လ မလုံလောက်ရှာကြလို့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စသည် မပြည့်စုံသူတွေ ရှိနေကြတော့ ကူညီနိုင်စွမ်းရှိသူ ပုဂ္ဂိုလ်တွေက ကူညီရမှာပါ။ ကူညီတော့ ပရဟိတစိတ်နဲ့ပဲ ကူညီရမယ်။ သူ့ဆီက ဘာမှမလိုပါဘူး။ သူက ကိုယ့်ကို အသိအမှတ် ပြုချင်လဲပြု၊ မပြုချင်လဲ နေပေါ့။ သူ့ကို ဒုက္ခလွတ်အောင် ကူညီတော့ သူ့ဒုက္ခလွတ်ရင် ပြီးပြီပဲ။ သူ့ကို ချမ်းသာအောင် ကူညီတာဆိုတော့ သူချမ်းသာသွားရင် ပြီးတာပဲ။ မလိုချင်သူကို ကိုယ့်စေတနာက အံ့သြစရာကောင်းအောင် အကျိုးပေးတတ်ပါတယ်။ မြင့်မြတ်တဲ့စိတ်ထားနဲ့ လုပ်ပေးတော့ မြင့်မြတ်တဲ့ အကျိုးကို မလိုချင်လဲ ရမှာပဲ။

တခါတရံ (စာစောင်တွေမှာ) ဓာတ်ပုံတွေနဲ့ ပါလာတတ်တယ်။ လူမှုရေး မပြည့်စုံတာလေးတွေ၊ ပညာရေး မပြည့်စုံတာလေးတွေ၊ ကျန်းမာရေး မပြည့်စုံတာလေးတွေ၊ ပရဟိတ စေတနာတွေရဲ့ အကူအညီ လိုအပ်ပုံတွေ ဖတ်ရှုရတယ်။ မေတ္တာ၊ ကရုဏာ အားကြီးတဲ့ ပရဟိတ စေတနာရှင်တွေက ကူညီလိုက်တဲ့အကြောင်းတွေလဲ အဲဒီ စာစောင်တွေထဲမှာပဲ ၀မ်းမြောက်ဝမ်းသာ ဖတ်ရှုရတယ်။

သူ့ဒုက္ခလွတ်စေချင်လို့ ကူညီတာက ကရုဏာ၊
သူချမ်းသာစေချင်လို့ ကူညီတာက မေတ္တာ၊
သူချမ်းသာသွားပြီလို့ ကြားရတာက မုဒိတာ။
တကယ်တော့ ပရဟိတဆိုတာ လောဘကို တိုက်ရိုက် ဖြိုဖျက်ရတဲ့အလုပ် ဖြစ်ပါတယ်။

မေတ္တာ၊ ကရုဏာနဲ့ ဆောင်ရွက်တာဖြစ်လို့ ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေရတဲ့ အလုပ်ဖြစ်တယ်။ အသိတရား ဦးဆောင်ပြီး လုပ်လိုက်တော့ မောဟကိုပါ သန့်စင်ခွင့် ရလိုက်ပြန်တယ်။ ဒီလိုဆိုတော့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရတဲ့ အလုပ်ဖြစ်ပါပဲလား။ ဒါကြောင့် မြင့်မြတ်တဲ့အလုပ် ဖြစ်ရတာပါ။

လောကထဲမှာ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ အပူငွေ့တွေကို ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်တဲ့စိတ်ထားနဲ့ ဆောင်ရွက်နေရတာဖြစ်လို့ စဉ်းစားလိုက်ရင် ပရဟိတအလုပ်ဟာ အလွန်ကြည်နူးစရာကောင်းတဲ့ အလုပ်ပါ။

(တိပိဋကဓရ ယော-ဆရာတော်)

ထိုနည်းတူစွာ ပညာပါရမီ ပညာရေးကူညီမှုအသင်းကလဲ (ကုသိုလ်ဖြစ် ပညာဒါန စသည်) ပရဟိတအလုပ် မြင့်မြတ်တဲ့အလုပ်တွေ ပြုလုပ်အားထုတ်နေသည်ဖြစ်ပါ၍ ပရဟိတအလုပ် မြင့်မြတ်တဲ့အလုပ် ပြုလုပ်လိုသူများအား ပညာပါရမီ ပညာရေးကူညီမှုအသင်းက လက်ကမ်းကြိုဆိုလျက်ရှိပါကြောင်း။