Friday, April 30, 2010

စေတနာမဲ့ ရောင်ပြန်

ရော့ - ရော့ ခင်ဗျားနေမကောင်းလို့ ကျွန်တော် ဆေးယူလာတယ်၊ ရေနွေးပူပူလေးနဲ့ သောက်ချလိုက်။ နွေးနွေးထွေးထွေးနေဗျ။
ညရေးညတာ ခင်ဗျား ဓာတ်မီးတလက်လောက်တော့ လိုမယ်ထင်တယ်နော်။ မနက်ဖြန်မှ ကျွန်တော်ဝယ်လာပေးမယ်။ မနက်စောစော ထဖို့၊ အဲ အချိန်သိရတာပေါ့ဗျာ၊ စားပွဲတင် နာရီတလုံးလဲ ၀ယ်ခဲ့ပေးဦးမယ်။

ဟာ-ခင်ဗျား ဒီစောင်ပါးလေးတထည်နဲ့ပဲ ခြုံအိပ်နေတာလား။ ညည အေးကအေးနဲ့ ကျွန်တော် စောင်တထည်ပေးမယ်။ ခြင်ထောင်လဲ ယူခဲ့မယ်။
ခင်ဗျား နက်ဖြန် ဘုန်းကြီးကျောင်း အလှူသွားစရာရှိတယ်ဆို။ ခင်ဗျားမိန်းမ ကျွန်တော့ကိုပြောတယ်။ ဆွေမျိုးအလှူတဲ့၊ တိုက်ပုံဝတ်စရာမရှိလို့ဆို။ ညနေ တခေါက်လာမှ ကျွန်တော့တိုက်ပုံနဲ့ စတစ်ကော်လံ အင်္ကျီအဖြူရယ် ပုဆိုးရယ် ယူခဲ့မယ်။ ဖိနပ်ရော ကျွန်တော်ဝယ်ခဲ့ပေးပါ့မယ်ဗျာ။

ခြံစောင့်ကြီးနှင့်တွေ့တိုင်း ပြောပြောနေသော ဖခင်ကြီး၏ စကားသံများ ဖြစ်ပါသည်။ ကျွန်မ၏ဖခင်ကြီးသည် မရှိဆင်းရဲသူတို့ လိုအပ်သည်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးတတ်သည်။ ယခုလည်း ကျွန်မတို့မိသားစု၏ တိုက်အိမ်ဆောက်နေစဉ် အလုပ်အကိုင်မရှိ၍ ခြံစောင့်လုပ်ပေးပါရစေဟု ဆိုလာသည်ကြောင့် ဖခင်ကြီးက လက်ခံပြီး စောင့်ခိုင်းထားခြင်း ဖြစ်ပါသည်။ ဖခင်ကြီးသည် တတ်နိုင်သည့် ငွေကြေးပမာဏနှင့် ခြံမြေကွက်ဝယ်ပြီး တိုက်အိမ်ဆောက်နေခြင်း ဖြစ်ပါသည်။

ဖခင်ကြီးမှာ စည်းကမ်းကြီး၍ သစ္စာရှိမှု၊ တိကျမှန်ကန်မှု အမြဲလိုလားသည်။ အလုပ်ကို ခိုကပ်ခြင်း၊ အချိန်ခိုးခြင်း၊ လိမ်ညာပြောဆိုခြင်း စသည်တို့ကို လုံးဝမနှစ်သက်။
တပါးသူကိုလည်း သူ့စိတ်အတိုင်း ဖြစ်စေချင်သည်။ ခြံစောင့်ကြီး၏အမည်မှာ ဦးကျော်အောင် ဖြစ်သည်။ မိန်းမနှင့် ကလေးသုံးယောက်ရှိသည်။ ထမင်းချိန်ဆို မိန်းမက ထမင်းလာပို့ပေးသည်။ ဖခင်ကြီးမှာ သူတို့မိသားစုအတွက် လခအပြင် ဆန်၊ ဆီ-နှင့် လိုအပ်သည်များကို ၀ယ်ပေးတတ်သည်။

လိုအပ်သည်များကလည်း ခြင်ထောင်၊ ခေါင်းအုံး၊ စောင်၊ ကလေးတွေအတွက် ခဲတံ၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ မုန့်ပဲသရေစာ အများကြီးပါ။
ခြံစောင့်ကြီး ဦးကျော်အောင်သည် အလုပ်ကို ကြိုးစားလုပ်ဆောင်ပါသည်။ စည်းစနစ်လည်း ရှိပါသည်။ ယာယီဆောက်ထားသော ဂိုဒေါင်ထဲတွင် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံချောင်း စသဖြင့် သူ့နေရာနဲ့သူ စာရင်းအင်းနဲ့ မှတ်သားလို့ စနစ်တကျ ထားသိုတတ်သည်။ လုပ်ကိုင်ပြီးလို့ ပိုသည့် သစ်တိုသစ်စများ၊ သံချောင်း အပိုများကိုလည်း သပ်သပ်ရပ်ရပ် ပုံထားလေသည်။

ဤသည်မှာ ဦးကျော်အောင် ခြံစောင့်အလုပ်ဝင်ပြီး တလ၊ နှစ်လမှာ ဖြစ်ပါသည်။ နောက်ပိုင်း နေမကောင်း၍ လက်နာ၍ ခြေနာ၍ ခေါင်းမူး၍ စသဖြင့် အကြောင်အမျိုးမျိုးပြကာ ဦးကျော်အောင် အလုပ်ခိုပါတော့သည်။
အစပိုင်း ဖခင်ကြီးက ဦးကျော်အောင် အမှန်တကယ် ဖြစ်သည်ထင်ပြီး ခါတိုင်းကဲ့သို့ ဆေးဝယ်ပေး၊ ဆေးခန်းပြရန် ဆေးထိုးရန် ပိုက်ဆံပေးနှင့် ရှိနေခဲ့သည်။

ဆရာ၊ သစ်တိုသစ်စလေးတွေ ကျွန်တော့မိန်းမက ထင်းအတွက် သုံးဖို့လိုချင်တာ။ ဆရာ့ကို မပြောရဲလို့တဲ့။
ဦးကျော်အောင်ကလဲဗျာ၊ ပြောစရာ မလိုပါဘူး။ ဒီသစ်အပိုင်းအစတွေ ဘာမှ လုပ်လို့ရတာမှ မဟုတ်တာ။ ယူပါစေ။
နောက်ပိုင်း မိန်းမနှင့် ကလေးတွေ ထမင်းလာပို့ပြီး ပြန်ရင်ဖြင့် ဘိလပ်မြေနည်းနည်း၊ သဲလေးနည်းနည်း၊ သစ်တိုသစ်စအပြင် အသုံးပြုရမည့် ပေတိုသစ်ချောင်းတွေကိုပါ သယ်ယူကြောင်း အိမ်ဆောက်အလုပ်သမားတွေ သာမက အနီးဝန်းကျင်မှ တွေ့သည့်သူများက ဖခင်ကြီးကို တိုင်လို့ ပြောကြပါသည်။

သို့သော် ဖခင်ကြီးမှာ မျက်မြင်မဟုတ်သေး၍ ဘာမှမပြောဘဲ နေလိုက်သည်။ ဦးကျော်အောင် မူပျက်နေသည်ကိုတော့ ဖခင်ကြီးက ရိပ်မိနေကြောင်း ပြောပါသည်။
တနေ့ ဆောက်လက်စ အိမ်မကြီး၏အတွင်းတွင် တပ်ဆင်ထားသည့် သစ်ဖြတ်လွှစက် အသေးလေး ပျောက်သွားပါတော့သည်။
ဦးကျော်အောင်၊ ခင်ဗျား ဒီကိစ္စကို ဘယ်လိုရှင်းမလဲဗျ။

ဆရာရယ်၊ ညက ကျွန်တော် အတော်လေး နေမကောင်းတာနဲ့ အိပ်ပျော်သွားလို့ပါ။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆရာရယ်။ ကျွန်တော်တော့ စိတ်ညစ်တာပါပဲဗျာ။ သိကို မသိလိုက်တာပါ ဆရာရယ်။
ကျုပ်က ခင်ဗျားကို စိတ်ချလို့ ယုံလို့ သစ္စာရှိမယ်ထင်လို့ ခင်ဗျားကို ခိုင်းထားတာနော်။ ခင်ဗျား ကျွန်တော့်ခြံမှာလုပ်တာ ၄-လပြည့်တော့မယ်။ ကျွန်တော့ဘက်က ချို့ယွင်းတာ ဘာရှိလဲ။ ခင်ဗျားတင်မက ခင်ဗျားမိသားစု လိုအပ်တာကိုပါ ကျုပ်ဖြည့်ဆည်းပေးနေတာပဲ။ ဒီလိုဖြစ်တာ ခင်ဗျားမှာ တာဝန်အများကြီး ရှိတယ်။ ခင်ဗျားပေါ့လို့ ခင်ဗျားသစ္စာမရှိလို့ အခုလိုဖြစ်တာပေါ့ဗျ။

ဖခင်ကြီးမှာ အေးအေးဆေးဆေး ပြောနေရာမှ ဒေါသသံ အနည်းငယ် ပါလာသည်။
ဒီလိုတော့ မပြောပါနဲ့ဗျ။ ကျုပ်သေသေချာချာ ဂရုစိုက် လုပ်ကိုင်ပေးနေတာပဲ။ အခုဟာက ကျုပ် တကယ့်ကို မသိလိုက်လို့ ဖြစ်သွားတဲ့ကိစ္စပဲ။ ဆရာ ကျုပ်ကို မကျေနပ်ရင် ကျုပ်အလုပ်ကထွက်မယ်။
ခင်ဗျား ယူတဲ့သူကို မသိဘူးဆိုရင် သိအောင်၊ မိအောင် လုပ်ပေးရမှာပေါ့ဗျ မဟုတ်ဘူးလား။ ခင်ဗျားမှာ တာဝန်ရှိတာပဲ။

ဦးကျော်အောင်မှာ သူမှန်မှန်ကန်ကန် လုပ်နေသည်ကို အကြောင်းမဲ့ အပြစ်ရှာပြေနေသယောင်နှင့် ဖခင်ကြီးအား မကျေမနပ် ထန်ထန်မာမာ ဟန်မျိုးဖြင့် ကြည့်နေသည်။
အေးဗျာ၊ ခင်ဗျား တကယ်မသိဘူးဆိုရင်လည်း ကျွန်တော် ရပ်ကွက်လူကြီးတွေခေါ်ပြီး စခန်းမှာ ပစ္စည်းပျောက် အမှုဖွင့်လိုက်ပါ့မယ်။
ဖခင်ကြီး၏စကားကြောင့် ဦးကျော်အောင် မျက်စိမျက်နှာ ပျက်သွားသည်။
နေ နေပါဦး ဆရာ။ အမှုမဖွင့်ပါနဲ့ဦး။ ဒီ ၁-ရက် ၂-ရက် ကျုပ်ရအောင် စုံစမ်းကြည့်ပေးပါ့မယ်။

ခင်ဗျား တာဝန်ကျေပါစေနော်။ ဦးကျော်အောင်။ မနေ့ညနေ မှောင်ရီပျိုးစအချိန်တွင် ဦးကျော်အောင် ယောက်ဖ ထောင်ထွက် အရက်သမား ခြံထဲလာသွားကြောင်း ဦးကျော်အောင်နှင့် အရက်အတူ သောက်သွားကြောင်း ကပ်လျက်ခြံ ပလပ်စတစ်စက်ရုံအတွင်း နေထိုင်သော အလုပ်သမားတယောက်က ဖခင်ကြီးကို တိုးတိုးတိတ်တိတ် လာပြောပြသွားသည်။

ဦးကျော်အောင်တို့ မနှင်းခင်တို့ အိမ်မှာလေ ကျုပ်တော့ ဦးခြံကပစ္စည်းတွေပဲ ထင်ပါ့တော်။ ဆယ်ပေါက်အုပ်တွေများ မနည်းပါဘူး။ အိမ်ထဲမှာ စီထားတာ။ အိမ်ရှေ့ ကပြင်ကိုလဲ ဘိလပ်မြေကိုင်ထားတာပြောင်လို့၊ သစ်သားချောင်းတွေနဲ့လဲ ကွပ်ပျစ်လေး လုပ်ထားသေးတယ်။ ကောင်းမှကောင်း။ သူတို့အပြောကတော့ ပိုတဲ့ပစ္စည်းတွေ ဦးက ပေးလိုက်တာတဲ့။

ဟိုနေ့ညကလဲ ဦးကျော်အောင် ယောက်ဖ ပီနံအိတ်နဲ့ ပစ္စည်းတခုသယ်ပြီး သူတို့အိမ်က ထွက်သွားတာ ကျွန်မ တွေ့လိုက်တယ်။ နယ်ပြန်တယ်ပြောတာပဲ။ ကျွန်မထင်တာတော့ ဦးအိမ်က ပျောက်သွားတယ်ဆိုတဲ့ လွှစက်ပဲဖြစ်မှာပဲ။
ဦးကျော်အောင်တို့ အိမ်အနီးဝန်းကျင်မှနေသူ အချို့က ဖခင်ကြီးကို လာပြောကြခြင်း ဖြစ်သည်။ ဖခင်ကြီးကတော့ ခေါင်းတညိတ်ညိတ်နဲ့ ရှိနေသည်။

ဦးကျော်အောင် ခင်ဗျားလဲ နေမကောင်း ခဏခဏ ဖြစ်နေ၊ အလုပ်ကလဲ သိပ်မလုပ်နိုင်တော့ ကျွန်တော် ဒီမှာ လူအသစ်ခေါ်လာတယ်။
ဖခင်ကြီးမှာ ဦးကျော်အောင်ကို ဘာမှကြိုပြောမထားဘဲ ယခင်က သူ့အလုပ်တွင် တာဝန်ထမ်းဆောင်ဖူးသော အငြိမ်းစားဝန်ထမ်းတဦးကို ခြံစောင့်အဖြစ်ထားရန် ခေါ်လာသည်။
ကျုပ်ကို အလုပ်ကထုတ်တဲ့ သဘောပေါ့ ဟုတ်လား။
ဦးကျော်အောင်မှာ အတော်ခံပြင်းပြီး ဒေါသထွက်နေပုံရသည်။ အံကိုကြိတ်ပြီး လက်သီးများပင် ဆုတ်လို့ရှိနေသည်။

ဦးကျော်အောင် ပြန်စဉ်းစားပါ။ ဦးကျော်အောင် အလုပ်အပေါ် စိတ်မ၀င်စားတာ ကြာပြီပဲဗျာ။ ကျွန်တော် သိနေပါတယ်။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော်က မိသားစုချင်း ကိုယ်ချင်းစာပြီး နေနေခဲ့တာပါ။
မလိုပါဘူး။ ကျုက်ကလဲ ထွက်ချင်နေတာပါ။ ပြောရင်း ဦးကျော်အောင်က ပစ္စည်းတွေကို သိမ်းပြီး ဟိုဆောင့်ချ၊ သည်ဆောင့်ချ လုပ်သည်။ အကြမ်းပန်ကန်တလုံးပင် ကျကွဲသွားသည်။

ဦးကျော်အောင် ခင်ဗျား ကောင်းကောင်းမွန်မွန် ပြောဆိုလုပ်ကိုင်ပါ။ အေးအေးဆေးဆေး ထွက်သွားပါဗျာ။
ဖခင်ကြီး အေးဆေးနေသလောက် ဦးကျော်အောင်မှာမူ ထွက်ခါနီး ခြံဂိတ်ပေါက်ဝမှနေ၍ လက်သီးလက်မောင်းတန်းလို့ ဖခင်ကြီးကို ကြိမ်းဝါးသွားသည်။
ခင်ဗျားကြီး ကျုပ်အကြောင်း ကောင်းကောင်းသိမယ်။
ဤသို့ဖြင့် တပတ်ခန့် ကြာသွားသည်။
လမ်းဆုံမှာ ကားတိုက်တာ လူတယောက် ပွဲချင်းပြီးပဲတဲ့ဟေ့။
ဆိုက်သမားတယောက်၏ အော်ပြောသံ ဖြစ်သည်။
ထိုသူမှာ ဦးကျော်အောင်ပင် ဖြစ်နေတော့သည်။ စစ်မှန်သော စေတနာဖြင့် ထားရှိသော ကျေးဇူးရှင်အပေါ် သူ၏ စေတနာမဲ့ ရောင်ပြန်ပေပဲလား။

ဝါ၀ါထင်လင်း
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ)

မာဂဏ္ဍီ

ကုရုတိုင်းရှိ ရွာတရွာတွင် မာဂဏ္ဍီအမည်ရှိ ပုဏ္ဏားကြီးတဦး ရှိသည်။ သူတို့၏ မျိုးရိုးကို အစွဲပြု၍ တဆွေလုံး တမျိုးလုံး မာဂဏ္ဍီ-ဟူ၍ပင် အမည်တွင်ကြသည်။
ထိုပုဏ္ဏားကြီးတွင် သမီးတဦးရှိသည်။ မာဂဏ္ဍီဟူ၍ပင် အမည်တွင်သည်။ ထိုသမီး မာဂဏ္ဍီသည် အလွန်လှပချောမောသည်။ ထို့ကြောင့် အမျိုးကောင်းသားတို့က တောင်းရမ်းလာကြသည်။ ဖခင်ပုဏ္ဏားကြီးက လက်မခံ။ သင်တို့နှင့် တန်သလော-ဟု ကြိမ်းမောင်း၍သာ လွှတ်၏။

တနေ့သ၌ ဗုဒ္ဓမြတ်စွာဘုရားသခင်သည် မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့ ကျွတ်တမ်းဝင်မည့်အရေးကို ရှုမြင်တော်မူသည်။ ထို့ကြောင့် ထိုရွာ၏ ပြင်ပရှိ ပူဇော်ရာဌာနသို့ တပါးတည်း ကြွချီလာသည်။ မာဂဏ္ဍီပုဏ္ဏားကြီးသည် ဘုရားရှင်၏ တင့်တယ်သပ္ပါယ်လှသော ရုပ်သွင်ကို မြင်သောအခါ လွန်စွာ နှစ်သက်သွားသည်။

အရှင်ရဟန်း၊ ကျွန်ုပ်၌ သမီးတယောက် ရှိပါသည်။ ကျွန်ုပ်၏သမီးသည် အရှင်ကဲ့သို့သော ယောက်ျားမြတ်နှင့်သာ ထိုက်တန်ပါသည်။ အရှင်မြတ်အား ကျွန်ုပ်၏သမီးကို ပေးဆက်လိုပါသည်။ ဤနေရာ၌ ခေတ္တစောင့်ပါ-ဟုဆိုကာ ရွာတွင်းသို့ ပြန်ဝင်သွားသည်။ သမီးကို ပြန်ခေါ်သည်။

မာဂဏ္ဍီမိသားစုတို့ ရွာမှ ထွက်လာကြသောအခါ ရွာသားများလည်း အတူလိုက်ပါလာကြသည်။ ပုဏ္ဏားကြီး နှစ်သက်သူမှာ မည်သို့ ရုပ်သွင်ရှိသည်ကို အကဲခတ်ရန်ဖြစ်သည်။ ဘုရားရှင်ကား ပုဏ္ဏားကြီးစောင့်ခိုင်းသော နေရာတွင် မနေ၊ ခြေတော်ရာကို ထင်စေလျက် အနီးရှိ အခြားတနေရာသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူသည်။ မာဂဏ္ဍီပုဏ္ဏေးမကြီးသည် ဘုရားရှင်၏ ခြေတော်ရာကို ဖူးမြင်ရသောအခါ သေချာစွာ စစ်ဆေးကြည့်ရှုသည်။ သူမသည် ဗေဒင်လည်းတတ်သည်။ လက္ခဏာ ခြေခဏာဖတ်နည်းအတတ်ကိုလည်း တတ်သည်။ သို့ဖြင့် ပုဏ္ဏားကြီးအား အမောင်-ဤခြေရာသည် ကာမဂုဏ်ခံစားသူ၏ ခြေရာမဟုတ်ပါ-ဟုဆို၏။

ပုဏ္ဏားလည်း ပုဏ္ဏေးမအား တိတ်ဆိတ်စွာနေရန် မာန်မဲပြောဆိုသည်။ ဘုရားရှင် သီးတင်းသုံးသော နေရာသို့ သွားရောက်သည်။ အရှင်ရဟန်း၊ ကျွန်ူပ်၏သမီးကို အလုပ်အကျွေးအဖြစ် ပေးပါ၏-ဟုလျှောက်ထား၏။ ထိုအခါ ဘုရားရှင်က မိမိဘုရား မဟာဗောဓိပင်အနီး ဆိတ်ကျောင်းညောင်ပင်အောက်၌ သီတင်းသုံးစဉ် မာရ်နတ်မင်း၏ တဏှာ၊ အရတီ၊ ရဂါ-ဟူသော သမီးသုံးယောက်တို့ လာရောက်မြူဆွယ်ခဲ့ပုံကို ဟောပြတော်မူသည်။ ထို့နောက် အသင်ပုဏ္ဏား-မာရ်နတ်မင်း၏ သမီးသုံးယောက်ကိုမျှ ငါဘုရားအလိုမရှိခဲ့ပါ။ ကျင်ကြီး ကျင်ငယ်တို့ ပြည့်နေသော မာဂဏ္ဍီသူငယ်မကို အဘယ်မှာ အလိုရှိပါမည်နည်း။ သင့်သမီး မာဂဏ္ဍီကို ခြေဖြင့်ပင် မထိလိုပါ-ဟု မိန့်ဆို၍ ငြင်းပယ်လိုက်သည်။ တရားဟောပြောသည်။ တရားအဆုံး၌ မာဂဏ္ဍီပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် တရားထူးရသွားကြသည်။

သမီး မာဂဏ္ဍီကား တရားမရ။ မိမိအား ချိုးချိုးဖဲ့ဖဲ့ ဆိုပေသည်-ဟူ၍ ဘုရားရှင်ကို ရန်ငြိုးကြီးစွာ ဖွဲ့လေသည်။ မကြာမီပင် ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမတို့သည် သာသနာတော်၌ ရဟန်းပြုကြလေသည်။ ထိုအခါ ညီဖြစ်သူ စူဠမာဂဏ္ဍီထံ သမီးကို အပ်နှံထားခဲ့ကြသည်။ စူဠမာဂဏ္ဍီသည် ဥတေနမင်းကြီး၏ ရှေ့တော်မှောက်သို့ ၀င်ရောက်၍ သမီး မာဂဏ္ဍီကို ဆက်သသည်။ ဥတေနမင်းကြီးသည် မာဂဏ္ဍီ၏ လှပတင့်တယ်သော ရုပ်သွင်ကို နှစ်သက်သွားသည်။ ၀မ်းမြောက်ဝမ်းသာ လက်ခံ၍ မိဖုရားကြီးအရာ၌ ထားလေသည်။

ထိုမှစ၍ ဥတေနမင်းကြီးတွင် သာမာဝတီ၊ ၀ါသုလဒတ္တာ၊ မာဂဏ္ဍီ-ဟူ၍ မိဖုရားကြီး သုံးယောက် ရှိလာသည်။ ယင်းတို့တွင် သာမာဝတီသည် သူဌေးမျိုး ဖြစ်သည်။ ၀ါသုလဒတ္တာသည် မင်းမျိုး ဖြစ်သည်။ မာဂဏ္ဍီသည်ကား ပုဏ္ဏားမျိုး ဖြစ်လေသည်။
(အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ )

Thursday, April 29, 2010

ကောင်းမှုပြုသူ၏ အကျိုး

ကောင်းမှုပြုသူသည်
ဤဘ၀၌လည်း နှစ်သက်ရ၏။
တမလွန်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏။
ငါသည် ကောင်းမှုကို ပြုအပ်ပြီ-ဟု နှစ်သက်ရ၏။
သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

( ဓမ္မပဒ ယမက၀ဂ် သုမနဒေ၀ီဝတ္ထု)

ဗောဇ္ဈင်္ဂသုတ်တော် အကျိုး

ကျွန်မတို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့ယုံကြည်ရာ အားထားရာအလိုက် မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ ပရိတ်တော်များ၊ ဂါထာတော်များကို ရွတ်ဖတ်ပူဇော် ပွားများကြသည်များကို တွေ့ရှိရပါသည်။ ထိုသို့ ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အကျိုးထူးများ ချမ်းသာခြင်းများ ရရှိသွားကြသည်များကိုလည်း အများအပြားပင် တွေ့ရှိခဲ့ဖူးပါသည်။

ကျွန်မသည် ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်သည်နှင့်အညီ မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ ပရိတ်တော်များကို အမြဲရွတ်ဖတ် ပူဇော်ပွားများခဲ့ပါသည်။ ထိုပရိတ်တော်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိမှ ဆင်းသက်လာပါသည်။ အဓိပ္ပါယ်မှာ ပရိတ်ရွတ်ဖတ်ကြသူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် မမြင်ရသော ဘေးအန္တရာယ်အသွယ်သွယ်တို့သည် မပေါ်ပေါက် မကျရောက်စေရန် ကြိုတင်ကာဆီးခြင်းဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်ပါသည်။

ထိုပရိတ်ကြီး ၁၁-သုတ်မှ ဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ခြင်းဖြင့် ၆-နှစ်တာမှ ခံစားခဲ့ရသော အရေပြားရောဂါကို မုချပျောက်ကင်း၍ ချမ်းသာခြင်းရရှိပုံ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို ရေးသားတင်ပြအပ်ပါသည်။

ကျွန်မ၏ လက်ထိပ်တွင် လွန်ခဲ့သော ၆-နှစ်ခန့်မှစ၍ ရောဂါတမျိုး ဖြစ်ပေါ်ခံစားခဲ့ရပါသည်။ ထိုရောဂါမှာ အရေပြားများသည် အက်ကွဲလာခြင်း ဖြစ်ပါသည်။ အစပထမတွင် အရေခွံလဲသည်ဟုပင် ထင်မြင်မိပါသည်။ ဆောင်းတွင်းအခါ လက်မှ အရေခွံများ လဲတတ်သည်ဖြစ်ရာ ကျွန်မလည်း ထိုသို့ပင် အရေခွံလဲသည်ဟု ထင်မိလေသည်။ သို့သော် ထိုအရေခွံလဲခြင်းသည် ဆောင်းတွင်းအခါပင် မကဘဲ နွေ၊ မိုး၊ ဆောင်း ၃-ရာသီလုံးပင် အရေပြားများ ကွဲအက်နေပါသည်။ အစပထမတွင် နာကျင်ခြင်းမရှိသော်လည်း ၁-နှစ်လောက်အကြာတွင် ထိုလက်ထိပ်များမှာ နာကျင်လာပါသည်။ လက်ထိပ်မှ အရေပြားများမှာ ရေမထိလျှင် ကွဲအက်၍ သွေးများ ထွက်တတ်ပြီး ရေထိလျှင် အရေပြားမှာ ပါးလွှာ၍ သွေးခြည်များ ဥနေတတ်ပါသည်။ ကျွန်မလည်း မခံနိုင်သည့်အဆုံး အနီးရှိ ဆေးခန်းတခုသို့ သွားရောက်ပြသခဲ့ပါသည်။ ထိုဆရာဝန်က ကျွန်မအား ဗီတာမင် အီးဓာတ်လို၍ ဖြစ်ကြောင်းပြောပြီး Vitamin E ဆေးအား သောက်ရန် မှာကြားပါသည်။

ကျွန်မလည်း ဆေးကို ၂-ပတ်မျှလောက်သာ သောက်ပြီး ဆက်၍ မသောက်ဖြစ်တော့ပေ။ ကျွန်မ၏ရောဂါမှာလည်း သက်သာခြင်းမရှိဘဲ ပို၍ပင် ဆိုးလာပါတော့သည်။ အရေခွံမှာ အမြဲမပြတ် ကွာနေခြင်းကြောင့် ကျွန်မမှာ ထမင်းလည်း လက်နှင့်စား၍ မရဘဲ ဇွန်းနှင့်သာ စားရပါသည်။ အ၀တ်လျှော်၍လည်း မရပေ။ ကျွန်မ၏လက်မှာ ဆပ်ပြာ၊ ရေနှင့် ထိတွေ့ရမည်ကိုပင် အင်မတန် ကြောက်ရွံ့နေမိပါသည်။ ထို့ကြောင့် လက်အိတ်ကို အသုံးပြု၍ ကျွန်မအ၀တ်လျှော်၊ ပန်းကန်ဆေး စသည့် အလုပ်များ ပြုလုပ်ရာတွင် အဆင်ပြေလာသည့်အတွက် လက်အိတ်ကို ကျွန်မ အမြဲမပြတ် အသုံးပြုခဲ့ပါသည်။

အရေပြားကွာခြင်းမှာလည်း လက်ထိပ်တွင်သာ ဖြစ်သည့်အတွက် လက်အိတ်ကို အသုံးပြုပြီး အိမ်အလုပ်များကို လုပ်ကိုင်ရာတွင် အဆင်ပြေသဖြင့် ကျွန်မလည်း ပေါ့ပေါ့တန်တန်ပင် ပြန်၍နေခဲ့ပါသည်။ ထိုသို့ပင် ကျွန်မ ရောဂါခံစားရသည်မှာ ၆-နှစ်ပင် ပြည့်ခဲ့လေပြီ။ ကျွန်မလည်း ပေါ့ပေါ့တန်တန် နေခဲ့ရာမှ တနေ့တွင် ကျွန်၏လက်ထိပ်များကိုကြည့်ပြီး အင်မတန် ကြောက်ရွံ့လာမိပါသည်။ အဘယ်ကြောင့်ဆိုသော် အရေခွံကွာခြင်းမှာ လက်ထိပ်မှအောက်သို့ တဖြည်းဖြည်း ကူးစက်လာနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအခါမှ ကျွန်မလည်း အလွန်ပင် ထိတ်လန့်တုန်လှုပ်မိပါတော့သည်။ လက်ချောင်းများမှာလည်း ကွေး၍ ဆန့်၍ မရအောင် နာကျင်နေပါတော့သည်။

ထိုအခါ ကျွန်မ၏စတ်ထဲတွင် တွေးထင်မိသည်က ကျွန်မ၏လက်ချောင်းများကို ဖြတ်ပစ်ရမည်လားဟုပင် သံသယ၀င်မိပါသည်။ ထိုသို့ ကျွန်မ အင်မတန် အားငယ်နေချိန်တွင် မြတ်စွာဘုရား၏ ပရိတ်ကြီး ၁၁-သုတ် စာအုပ်အား ဖတ်ရှုမိပါသည်။ ထိုပရိတ်ကြီး ၁၁-သုတ် စာအုပ်မှ ဗောဇ္ဈင်သုတ်တော်အား ရွတ်ဖတ်ခြင်းမှ ဗောဇ္ဈင်္ဂသုတ်တော်၏ အကျိုးကို သိရှိလာရပါသည်။ ထိုဗောဇ္ဈင်သုတ်တော်ကိုနေ့စဉ် ရွတ်ဖတ်ပွားများပါက ရောဂါဆိုး၊ ဝေဒနာဆိုးပင် မကပ်ငြိနိုင်ဘဲ ပျောက်ကင်းချမ်းသာစေနိုင်ကြောင်းကို သိရှိရပြီး ကျွန်မ အားတက်ခဲ့မိပါသည်။

ထိုအချိန်တွင် ကျွန်မသည် ဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ကျွန်မသည် ရွတ်ဖတ်ပူဇော်ပြီးတိုင်း ဆုတဆုကို တောင်းခဲ့ပါသည်။ ထိုဆုမှာ ဘုရားတပည့်တော်မသည် ဤဗောဇ္ဈင်္ဂသုတ်တော်ကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် တပည့်တော်မ၏လက်တွင် ခံစားနေရသော ရောဂါဝေဒနာများ အမြန်ပျောက်ကင်းပါစေဟု ဆုတောင်းမိပါသည်။ ကျွန်မသည် ဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ရာတွင် ဘုရားရှိခိုးချိန်တွင်သာမကဘဲ အချိန်အားတိုင်း ရွတ်ဖတ်ပူဇော်မိပါသည်။

ဗောဇ္ဈင်္ဂသုတ်တော်ကို စတင်ရွတ်ဖတ်ပူဇော်ခြင်းမှစ၍ ကျွန်မ၏လက်တွင် ထူးခြားမှုများ ဖြစ်ပေါ်လာပါသည်။ အရေခွံကွာကျခြင်းမှာ အောက်သို့ ဆက်လက်မကူးစက်တော့ဘဲ လက်ထိပ်တွင်သာ ဖြစ်နေပါသည်။ လက်မှာလည်း ကွေးနိုင်၊ ဆန့်နိုင်ပြီဖြစ်၍ နာကျင်မှုလည်း မရှိတော့ပေ။ ကျွန်မလည်း အားများ ပို၍ တက်လာခဲ့ပြီး ဗောဇ္ဈင်္ဂသုတ်တော်ကို ယုံယုံကြည်ကြည်ဖြင့် ရွတ်ဖတ်ပူဇော်လာခဲ့ပါသည်။

ထိုသို့ ဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ကျွန်မတို့၏မိတ်ဆွေ ဆရာဝန်ထံ သွားရောက်ပြသခဲ့ရာ ကျွန်မ၏လက်ထိပ်မှ အနာမှာ ရိုးရိုးအရေခွံလဲသည်လည်းမဟုတ်၊ Vitarmin-E ဓာတ် လိုသည်လည်းမဟုတ်ဘဲ ၀ဲနှင်းခူ ဖြစ်နေကြာင်း သိရလေသည်။ သို့သော် အံ့သြစရာကောင်းသည်မှာ ကျွန်မ၏ရောဂါသည် လုံးဝမယားဘဲ ခြောက်နေခြင်းပင် ဖြစ်ပါသည်။ ဆရာဝန်က ကျွန်မအား ဆေးထိုးပေး၍ သောက်ဆေးများ တပတ်စာ ပေးလိုက်ပါသည်။

ကျွန်မလည်း ယခုမှပင် ကျွန်မ၏ ရောဂါမှာ ၀ဲနှင်းခူဖြစ်နေသည်ကို သိရှိရပြီး သောက်ဆေးများလည်း သောက်ကာ ဗောဇ္ဈင်္ဂသုတ်တော်ကိုလည်း ပို၍ပင် ရွတ်ဖတ်ပူဇော်မိပါသည်။ တပတ်ခန့်အကြာတွင် ကျွန်မ၏လက်ထိပ်မှ ၆-နှစ်ကြာမျှ ခံစားခဲ့ရသော အရေပြားရောဂါသည် ကင်းစင်ပပျောက်၍ ချောမွေ့နေသည်ကို အံ့သြစွာ တွေ့ရှိခဲ့ရပါသည်။

ထိုသို့ ကျွန်မ၏ အရေပြားရောဂါ ပျောက်သွားခြင်းသည် ဗောဇ္ဈင်္ဂသုတ်တော်ကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ဖြင်းကြောင့် ဖြစ်မည်၏ဟု ယုံကြည်ပါသည်။ ထိုဗောဇ္ဈင်္ဂသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်းကြောင့် ဆရာကောင်း၊ သမားကောင်းကိုတွေ့ရှိကာ အနာနှင့်ဆေး တွေ့၍ ရောဂါပျောက်ကင်းခဲ့ရသည်။ ထို့ကြောင့် ရောဂါဝေဒနာ ကျရောက်နေသူများသည် ဤဗောဇ္ဈင်္ဂသုတ်တော်ကို ယုံကြည်စွာ ပီပီသသ ရွတ်ပေးပါက ရောဂါပျောက်ကင်းချမ်းသာခြင်းသို့ မုချရောက်ရှိလိမ့်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

မနွဲ့-ယဉ်ကျေးမှု
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ)

သမ္ဗုဒ္ဓေတန်ခိုးကြောင့် ကျွန်မဘ၀ အသက်ဘေးမှ ကင်းဝေးရ

ကျွန်မသည် ကျောင်းဆရာမတဦး ဖြစ်ပါသည်။ တာဝန်ကျရာ တောင်ပေါ်ဒေသဖြစ်သည့် ဆွမ်ပရာဘွမ်မြို့သို့ တာဝန်ထမ်းဆောင်ရန်အတွက် အထက်က ချမှတ်လိုက်သည့် အမိန့်အတိုင်း ကျောင်းသို့ အချိန်မီရောက်ရှိနိုင်ရန် လိုအပ်သည့် ပစ္စည်းများကို ထည့်လိုက်ပါသည်။ ပြီးနောက် အဘိုးအဘွားနှင့် မိဘနှစ်ပါးအား ကန်တော့လိုက်ပြီး ဘူတာသို့ ထွက်လာခဲ့ပါသည်။

ဆွမ်ပရာဘွမ်မြို့သို့ တောင်ပေါ်ဒေသဖြစ်သည့်အတွက် မီးရထားလမ်း မပေါက်ပေ။ ထို့ကြောင့် ကျွန်မနေသည့် မိုးကောင်းမြို့မှ ရထားစီးပြီး မြစ်ကြီးနားသို့ သွားရသည်။ မြစ်ကြီးနားမှ တဆင့် ကားကြုံစီးကာ ဆွမ်ပရာဘွမ်သို့ တဖန် သွားရမည် ဖြစ်သည်။ သို့မှသာ ကျွန်မတာဝန်ထမ်းရမည့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ခါကတမ်းကျေးရွာသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ မြစ်ကြီနားသို့ စောစောရောက်မှသာ ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်၍ အစောဆုံးလာသည့် ရထားဖြင့် လိုက်နိုင်ရန် ရထားအမီ ဘူတာသို့ ကျွန်မ အမြန်ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

ဘူတာသို့ ကျွန်မရောက်ပြီး ၁-နာရီလောက် အကြာတွင် အထူးအမြန်ရထား လာဆိုက်ပါသည်။ ဟိုပင်မြို့မှ အဆင်သင့် လိုက်ပါလာသည့် ဆရာမနှစ်ဦးက ဆီးကြိုနေ၍ ရထားပေါ်သို့ ကျွန်မ အလွယ်တကူ ရောက်ရှိခဲ့ပါသည်။ ညနေ ၃-နာရီလောက်မှာ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပါသည်။

ကျွန်မသူငယ်ချင်း ဆရာမ စန္ဒာသင်းတို့အိမ်တွင် တည တည်းခိုပြီး နောက်နေ့နံက် ၈-နာရီအချိန်မှာ မြစ်ကြီးနားနှင့် ၄၉-မိုင်ကွာဝေးသည့် ဆွမ်ပရာဘွမ်မြို့ (ခါကတမ်းရွာကလေး) သို့ ကျွန်မအပါအ၀င် ကျောင်းဆရာမ ၄-ဦး၊ ခရီးသည်အချို့နှင့် ကားကြုံစီးကာ လိုက်ပါလာခဲ့ပါသည်။

ခရီးလမ်းတလျှောက် တွေ့မြင်ရသမျှ တောတောင်သဘာဝ ရှုမျှော်ခင်းတွေ၊ တောပန်းတောင်ပန်းတွေက လှပလွန်းလှပါသည်။ ငှက်ကလေးတွေ၏ အော်မြည်သံ မြစ်ရေစီးဆင်းသံတွေက ကျွန်မအတွက် ကြည်နူးမှုတခုပင် ဖြစ်နေပါတော့သည်။

သို့ပါသော်လည်း ခရီးမထွက်ခင် အဘိုးအဘွား မိဘနှစ်ပါး၏ ပြောဆိုဆုံးမခဲ့သည့် စကားကို ကြားယောင်မိသောကြောင့် ပတ်ဝန်းကျင်မှ သဘာဝအလှ သာယာသမျှတို့ကို ပယ်ဖျောက်လိုက်ပါသည်။ မိဘဘိုးဘွား ဆုံးမပြောဆိုခဲ့သည့် စကားကတော့- သမီးလေး၊ ဘယ်ပဲရောက်ရောက်၊ နေ့နေ့ညည အချိန်ရသမျှ သမ္ဗုဒ္ဓေဂါထာကို သီချင်းဆိုသလို ရွတ်ဆိုပွားများပါ-ဆိုသော စကားပဲဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မသည် မျက်စိကိုမှိတ်ပြီး သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုပွားများလာခဲ့ပါသည်။

ဘယ်လောက်အချိန်ကြာကြာ ရွတ်ဆိုလာခဲ့သည် မသိ။ နားထဲမှာ ၀ုန်း ၀ုန်း ဆိုသည့် အသံနှင့်အတူ ကျွန်မတကိုယ်လုံး လွင့်စဉ်မြောက်တက်သွားပြီး မြက်ခင်းပြင်ပေါ်သို့ ကျရောက်သွားခဲ့ပါသည်။ ကားမှောက်တာပါလားဆိုသည့် အသိနှင့် သတိထားကြည့်မိတော့ မျှော်လင့်မထားမိသည့် မြင်ကွင်းတခုက မယုံကြည်နိုင်လောက်အောင် ကျွန်မကို ဆီးကြိုနေခဲ့ပါသည်။ ခရီးသည် ၂-ဦး သေဆုံးပြီး ကျွန်မနှင့်အတူ လိုက်ပါလာသည့် ဆရာမ ၃-ဦး အပါအ၀င် ခရီးသည်အများအပြား ဒဏ်ရာရရှိလျက် သွေးအိုင်ထဲ လဲနေသည်ကို မြင်တွေ့ရပြန်သည်။

အဖြစ်အပျက်က မြန်ဆန်လွန်းသောကြောင့် ကျွန်မ လွန်စွာ ထိတ်လန့်တုန်လှုပ်မိပါသည်။ ကားမှောက်သည်ဆိုသော စကားကို အစက စကားအဖြစ်သာ ကြားဖူးပြီး ရုပ်ရှင်ထဲ၊ ဗွီဒီယိုထဲမှာသာ မြင်ဖူးတွေ့ဖူးခဲ့သည်။ အခု လက်တွေ့၊ ကိုယ်တွေ့ မျက်မြင်ပင်။ ကျွန်မစီးသည့်ကားက တကယ်မှောက်တာ။ သူငယ်ချင်း ဆရာမတွေအားလုံးလည်း ဒဏ်ရာတွေကိုယ်စီနှင့် သတိမေ့သူမေ့နှင့် ကျွန်မ အထူးကြောက်လန့်နေမိသည်။

သို့သော် သမ္ဗုဒ္ဓေဂါထာတော်ကိုတော့ ကျွန်မ မမေ့မလျော့ ရွတ်ဆိုနေသည်ကို သတိထားမိသည်။ အမှန်တကယ်လည်း ကျွန်မသည် သမ္ဗုဒ္ဓေဂါထာကို စွဲစွဲမြဲမြဲ ရွတ်ဆိုပွားများလေ့ရှိ၏။ အဘိုးအဘွားမိဘများ ပြောဆိုဆုံးမသည့်အတိုင်း သီချင်းလေးတောင် မညည်းအား၊ မဆိုအား၊ သမ္ဗုဒ္ဓေဂါထာသည်သာ ကျွန်မအတွက် စွမ်းအားအဖြစ် ဘ၀အမော ဖြေဆေးပမာ ထာဝရရှိနေခဲ့သည်။

ယခုလည်း ခရီးထွက်လာစမှာ လှပလွန်းသည့် ရှုမျှော်ခင်းတွေကို တအံ့တသြတွေ့ရသည်မို့ ခဏလောက်သာ အလှတောမှာ နစ်မျောငေးမောမိသည်။ ထို့နောက် အဘိုးအဘွား၊ မိဘနှစ်ပါးကို စိတ်နှင့် ရည်မှန်းပြီး ဘုရားကိုအာရုံပြုကာ သမ္ဗုဒ္ဓေဂါထာကိုသာ တလမ်းလုံး ရွတ်ဆိုပွားများလာခဲ့သည်။ သမ္ဗုဒ္ဓေဂါထာ၏ အကျိုးတရားကြောင့်ထင်၏။ ယခုဖြစ်ပျက်ခဲ့သည့် ကားမှောက်သည့်အထဲ ကျွန်မတယောက်သာ လုံးဝ အနာတရ မရရှိ။ ပွန်းခြင်းပဲ့ခြင်းကင်းကာ အသက်ဘေးမှ ကင်းဝေးခဲ့ရသည်။ သမ္ဗုဒ္ဓေဂါထာတန်ခိုးကြောင့် ကံကောင်းသောလူအဖြစ် အသက်ရှင်နေထိုင်ခွင့် ရခဲ့သည်။

ကျွန်မ ၅-တန်းကျောင်းသူဘ၀က တကြိမ် ရေနစ်ဖူးသည်။ ကျွန်မတို့အိမ်သို့ မျှစ်ချဉ်လာပို့သည့် အဒေါ်ကြီးနှင့် ရေချိုးရန် နန့်ကောင်းချောင်းကြီးသို့ လိုက်သွားသည်။ အဒေါ်ကြီးက သူမျှစ်ချဉ်ထည့်ယူလာသည့် မိုးကာတွေကို ရေဆေးနေသည်။ ကျွန်မက သူနှင့် ခပ်လှမ်းလှမ်းတနေရာမှာ ရေချိုးသည်။ ကလေးဆိုသော်လည်း ရေနစ်တတ်သည်ဆိုတာကို သိသော်လည်း သတိမရှိသောကြောင့် ရေချိုးရင်း ချိုးရင်း ရေနက်ထဲရောက်၍ ရေနစ်တော့၏။ အဒေါ်ကြီးကလည်း သူ့အလုပ်နှင့်သူမို့ ကျွန်မရေနစ်နေသည်ကို မြင်ဟန်မတူ။ ဒီလိုနှင့် ကျွန်မသည် မြုပ်ချီပေါ်ချီ ၂-ကြိမ်တိတိ ဖြစ်နေသည်။ ငါ ရေနစ်သေတော့မှာပါလား၊ ငါ့ကို ကယ်မယ့်သူ ပေါ်မှ ပေါ်လာပါတော့မလားဟု ရင်ထဲတွေးရင်း သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုနေမိသည်။ ကယ်မယ့်သူ လာပါစေ ဟူ၍လည်း စိတ်ထဲမှာ ဆုတောင်းနေမိသည်။ ကျွန် ဆုတောင်းပြည့်ခဲ့ပါသည်။ ရေနစ်၍ သေအံ့ဆဲဆဲအချိန် မိနစ်အပိုင်းအခြားလေးမှာ လူတယောက် ကျွန်မအား လာရောက်ကယ်တင်သွားခဲ့သည်။ ထို့နောက်ပိုင်း ကျွန်မ ဘာမှမသိတော့။ သတိလစ်မေ့မျောသွားခဲ့သည်။

ကျွန်မ ကံကောင်း၍ ရေနစ်မသေခဲ့ပေ။ ကျွန်မကို ကယ်တင်ခဲ့သူသည် ဆိုက်ကားသမားဖြစ်၏။ ဆိုက်ကားသမား ဦးလေးကြီးသည် ကျွန်မတို့ ရေချိုးဆိပ်ရှိရာဘက်သို့ ဘယ်တော့မှ မလာဘူးဟု ပြောပါသည်။ ထိုနေ့မှ ရေချိုးဆိပ်နား ရောက်လာသည်ဟု ပြောသည်။ ကျွန်မ၏ ကံကောင်းမှုသည် သမ္ဗုဒ္ဓေတန်ခိုးဟု ပြောရမည်ဖြစ်သည်။

လူမှန်းသိတတ်စအချိန်ကတည်းက အဖေ၊ အမေ၊ အဘိုးအဘွားကအစ ဗုဒ္ဓဘာသာကိုင်းရှိုင်းတဲ့ သမီးပျိုလေးအဖြစ် စံနမူနာယူဖို့ သမ္ဗုဒ္ဓေဂါထာကို သင်ပေးခဲ့ကြသည်။ အိပ်ရာဝင်တိုင်းဆို၊ အိပ်ရာထတိုင်းဆို၊ သွားရင်း လာရင်းလည်းဆို၊ အချိန်တိုင်း ဆိုပါ ပြောကြ၏။ အဖေ၊ အမေ၊ အဘိုး၊ အဘွား ပြောစကားကို မြေ၀ယ်မကျ နားထောင်ခဲ့ပါသည်။

သမ္ဗုဒ္ဓေဂါထာကို ယခုအချိန်အထိ အစဉ်မပျက် ရွတ်ဆိုခဲ့သည်။ ထိုဂါထာ၏ အကျိုးကျေးဇူးကို ယခု ကျွန်မ ရခဲ့ပြီ။ သမ္ဗုဒ္ဓေတန်ခိုးကြောင့် ကျွန်မ ရေနစ်၍မသေခဲ့၊ ကားမှောက်၍ မသေခဲ့။ သေကံမရောက် သက်မပျောက်ဘဲ တောင်ပေါ်ဒေသ ကချင်ရွာလေးမှာ ကလေးတွေကို စာပြ၊ စာသင်ပေးသော ကျောင်းဆရာမလေးအဖြစ်နှင့် တာဝန်ထမ်းဆောင်နိုင်ခဲ့သေးသည်။ သမ္ဗုဒ္ဓေကို အခါမလပ် ပွားများရင်းဖြင့် တိုင်းပြည်အကျိုး သယ်ပိုးရပေဦးတော့မည်။

စွဲကြူကြူအေး-နန်းခွင်၊ ကချင်မြေ။

ဝန်ခံချက် မိုးကောင်းမြို့ နတ်ကြီးကုန်း (ရှမ်းပိုင်း)ရပ်မှ တူမလေး အိအိမွန် (ကျောင်းဆရာမ) ၏ ဖြစ်ရပ်မှန်ကို ကာယကံရှင်၏ ခွင့်ပြုချက်အရ ရေးသားဖော်ပြါသည်။
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ)

ဘာသာရေး ပြဿနာ ( ၁၀)

( ဘဒ္ဒန္တ ၀ါယာသာရ ဖြေသည်)

(မေး) (သာသနာကွယ်ကြောင်း ငါးပါး)
အရှင်ဘုရား၊ သာသနာကွယ်ကြောင်း ငါးပါးကို တပည့်တော် သိပါသည်ဘုရား။ သာသနာကွယ်ပြီးချိန်တွင် လူ့ပြည်၌ သူတော်ကောင်းဆိုတာ ရှိပါဦးမလား။ နတ်ပြည်ရောက်ကြောင်း အကျင့်ကောင်းမရှိလျှင် သေလွန်ပြီး နတ်ပြည်ရောက်သည့်ပုဂ္ဂိုလ် ရှိ-မရှိနှင့် သာသနာတွင်း သာသနာပ အခါ၌ နတ်၊ ဗြဟ္မာ ဦးရေ ကွာခြားမှု ရှိ-မရှိ သိလိုပါသည်ဘုရား။
( ဦးသာရှိ (ခ) စိုင်းသန်းရွှေ-တမူးမြို့)

(ဖြေ)
သာသနာပအချိန်နှင့် သာသနာကွယ်ချိန်တို့မှာလည်း သူတော်ကောင်းတွေ ရှိပါသေးသည်။ ကံ ကံ၏အကျိုးတရားကို ယုံကြည်သော သူတော်ကောင်းများသည် မကောင်းကံတွေက မကောင်းကျိုးကို ပေးလိမ့်မည်။ ကောင်းကံတွေက ကောင်းကျိုးတွေကို ပေးလိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို ပြုလုပ်သော သူတော်ကောင်းတွေ ရှိနိုင်ပါသည်။

ယခုခေတ် ဗုဒ္ဓဘာသာ သာသနာကို မကိုးကွယ်သော ဘာသာခြားများလည်း ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်သည်ဟူသော ယုံကြည်ချက်ဖြင့် အများအကျိုး၊ လောကအကျိုး၊ ကောင်းမှုအမျိုးမျိုး ဆောင်ရွက်နေကြသည်ကို အများအပြား တွေ့ရှိနေကြရပါသည်။

သမ္မာဒိဋ္ဌိ အမျိုးမျိုး ရှိပါသည်။
(၁) ကမ္မဿကတာ သမ္မာဒိဋ္ဌိ-ကောင်းကံ မကောင်းကံကို ယုံကြည်ခြင်း။
(၂) နာမရူပ ပရိစ္ဆေဒ သမ္မာဒိဋ္ဌိ-နာမ်ရုပ်ကို ပိုင်းခြား၍ အမှန်အတိုင်း သိခြင်း။
(၃) ပစ္စယပရိဂ္ဂဟ သမ္မာဒိဋ္ဌိ-ရုပ်နာမ်ဖြစ်ကြောင်းကို အမှန်အတိုင်းသိခြင်း။
(၄) ၀ိပဿနာ သမ္မာဒိဋ္ဌိ-ရုပ်နာမ်တို့၏ မမြဲ၊ ဆင်းရဲ၊ အစိုးမရမှုကို အမှန်သိခြင်း။
(၅) မဂ္ဂဖလ သမ္မာဒိဋ္ဌိ-မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အမှန်သိမြင်ခြင်း။

ထို ၅-မျိုးတွင် ကမ္မဿကတာ သမ္မာဒိဋ္ဌိသည် သာသနာကွယ်ချိန်မှာလဲ ရှိပါသည်။ ကျန် ၄-မျိုးကား မရှိ။ ထို့ကြောင့် သာသနာပချိန်တွင် လူသူတော်ကောင်းတွေ ရှိနိုင်ပါသေးသည်။
သို့သော် သာသနာကွယ်ချိန်မှာ နတ်ပြည် ဗြဟ္မာ့ပြည်၌ နတ်ဗြဟ္မာများ နည်းပါးသွားပါသည်။ အဘယ့်ကြောင့် ဆိုသော် နတ်သဘင် အစည်းအဝေး၌ သိကြားမင်းကြီးသည် လူ့ပြည်၌ ဒါန၊ သီလ၊ ဘာဝနာ တရားများကို စောင့်ထိန်းကျင့်ကြံပွားများသူ များပြားကြောင်း စုံစမ်းသိရှိရလျှင် နတ်ပြည်၊ ဗြဟ္မာပြည်တော့ စည်ကားဦးမှာပဲ။ စောင့်ထိန်းကျင့်ကြံပွားများသူ နည်းနေလျှင် နတ်ပြည်၊ ဗြဟ္မာပြည်တော့ ခြောက်ခန်းတော့မှာပဲ မှတ်ချက်ပြုလေ့ရှိသဖြင့် သာသနာကွယ်ချိန်၌ နတ်ဗြဟ္မာဦးရေ နည်းပါးနိုင်ပါသည်။
********************************************************************************

(မေး) (ဟောင်းနွမ်းရိရွဲနေသော ပိဋကစာအုပ်များ မီးပူဇော်ခြင်း)
အရှင်ဘုရား၊
(၁) ပိုးကိုက်ပျက်စီးနေသော ရိရွဲနေသော ပိဋကတ်စာအုပ်ဟောင်းများကို ထားသိုရခက်သဖြင့် မီးပူဇော်ပစ်လျှင် အပြစ် ရှိ-မရှိ။
(၂) သာသနာ့ဝန်ထမ်းတဦးသည် သူတပါးလှူဒါန်းထားသော ပစ္စည်းဝတ္ထုများကို ချို့တဲ့နွမ်းပါးသော လူဝတ်ကြောင် ပုဂ္ဂုလ်များကို ပေးကမ်းစွန့်ကြဲ ထောက်ပံ့လျှင် အပြစ် ရှိ-မရှိ။
(၃) အရက်သေစာ သောက်စားမူးယစ်ပြီး ရမ်းကားနေသောရဟန်းကို ဖမ်းဆီးချုပ်နှောင်လျှင် အပြစ် ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။
ဒေါ်ပဏ္ဍိတမဉ္ဖရီ-ကချင်ပြည်နယ်)

(ဖြေ)
(၁) ပိုးကိုက်ပျက်စီးနေသော ပိဋကတ်စားအုပ်များကို မီးပူဇော်၍ ပြာကို ဗေညဓိပင်ခြေရင်းသို့ ပို့ဆောင်ပြီး မြေသြဇာအဖြစ် ပူဇော်စွန့်ပစ်သင့်သည်။
( ပျက်စီးကျိုးပဲ့နေသော ပုံတော်၊ ရုပ်တုတော်များကိုလည်း ၄င်းနည်းအတိုင်း မီးပူဇော်လျှင် အပြစ်မရှိပါ။)

(၂) သာသနာ့ဝန်ထမ်းများသည် ဒကာ ဒကာမများ လှူဒါန်းထားသော ပစ္စည်းများကို မိမိနှင့် သာသနာအတွက်၊ အများအကျိုးအတွက် သုံးကောင်းသည်။ လောကွတ်လုပ်သောအားဖြင့်ကား မပေးကောင်းပါ။ မဖြစ်မနေ ပေးကောင်းသော ပုဂ္ဂိုလ်များမှာ မိဘအရင်း၊ ဆင်းရဲနွမ်းပါးသူများ၊ မပေးလျှင် အန္တရာယ်ပြုမည့် သူခိုး၊ ဓားပြများနှင့် သာသနဝေယျာဝစ္စ၊ ကျောင်းကန်ဘုရားဝေယျာဝစ္စ ပြုသူများကို ပေးကောင်းပါသည်။

(၃) အရက်သေစာ သောက်စားသော ရဟန်းသည် ပါစိတ်အာပတ်သင့်သည်။ ထိုအာပတ်ကို ဒေသနာကြားလျှင် ပြေပျောက်နိုင်ပါသည်။ အရက်သေစာသောက်စား ရမ်းကား၍ မူးယစ်သောရဟန်းအား ဖမ်းဆီးချုပ်နှောင်လျှင် အပြစ်မရှိနိုင်ပါ။
********************************************************************************

(မေး) (ဒုလ္လဘရဟန်းနှင့် သံဃာဒိသိသ်အာပတ်)
အရှင်ဘုရား၊ ၇-ရက် ၉-ရက် စသည်ဖြင့် ခဏတာ ရဟန်းဝတ်သော ဒုလ္လဘရဟန်းများသည် သံဃာဒိသိသ် အာပတ်သင့်ခဲ့သော် နောက်တကြိမ် ဒုလ္လဘရဟန်းခံခွင့် ရှိ-မရှိနှင့် ၄င်းသံဃာ့ဒိသိသ်အပြစ်ကို စင်ကြယ်အောင် မည်သို့ပြုလုပ်ရမည်နည်း။
( မျိုး-ကမ္ဘာအေး)

(ဖြေ)
ရဟန်းခံခွင့် ရှိပါသည်။
သို့သော် ယခင် ရဟန်းဝတ်စဉ်က သင့်ရောက်ခဲ့သော သံဃာ့ဒိသိသ်အာပတ်သည် ရဟန်းဝတ်သည်နှင့် ပြန်၍ လိုက်ပါလာပါသည်။
ထိုသံဃာ့ဒိသိသ်အာပတ်ကို ကုစားနည်းမှာ ထိုအပြစ်ကို ဖုံးလွှမ်းထားခဲ့သမျှသော ရက်ပတ်လုံး သံဃာများနှင့်အတူ ရောနှောနေခွင့်မရှိဘဲ မိမိကျူးလွန်ခဲ့သော အပြစ်တို့ကို ရဟန်းသံဃာတို့ထံ ၀ိနည်းစည်းကမ်းအတိုင်း ကြေငြာချက်၊ ၀န်ခံချက်ပြုရခြင်း။
သံဃာအားလုံးတို့၏ နောက်ဆုံး၌ နေထိုင်ရခြင်း-စသော ပရိဝတ်ကျင့်စဉ်ကို ဆောက်တည်ရမည်။
တဖန် သံဃာတော်များ၏ နှစ်သက်မှု၊ ခွင့်လွှတ်မှု၊ ကျေနပ်မှုတို့ကို ရစေရန် ၆-ရက် မာနတ်ကျင့်ရ၏။
၆-ရက် မာနတ်ကျင့်ပြီးပါက ကျေနပ်လောက်စရာ အပြစ်ဒဏ်များ ကျေအောင်ကျင့်သုံးပြီးဖြစ်သဖြင့် သိမ်ထဲ၌ သံဃာ ၂၀-အနည်းဆုံး စည်းဝေးရပါမည်။

ထို့နောက် သံဃာပရိသတ်ဝယ် အပြစ်ကင်းစင်သော ရဟန်းအဖြစ် ပြည်လည်အသိအမှတ်ပြု ကြော်ငြာချက်ထုတ်ပြန်ခြင်းကို (အဗ္ဘာန်သွင်းခေါ်ခြင်း) ကို ပြုရပါသည်။ ထိုသို့ ပရိဝတ်ဆောက်တည်၊ မာနတ် ၆-ရက်ကျင့်၊ အဗ္ဘာန်သွင်းခေါ်ခြင်းတို့ကို ပြုမှ သံဃာဒိသိသ် အာပတ်စင်ကြယ်ပါသည်။
********************************************************************************

(မေး) ( ဒါန သီလ ဘာဝနာ အစဉ်ထားခြင်း)
အရှင်ဘုရား၊ ဒါန၊ သီလ၊ ဘာဝနာဟု အစဉ်အားဖြင့် ဆိုထားခြင်းသည် အညံ့မှအကောင်းသို့ အစဉ်အားဖြင့် ဆိုထားခြင်း ဖြစ်ပါသလား။ ထိုသုံးမျိုးတွင် အမြတ်ဆုံးကုသိုလ်က အဘယ်ကုသိုလ်ဖြစ်ပါသနည်း။ ဖြေကြားပေးတော်မူပါဘုရား။
(အရှင်ဣန္ဒော-မန္တလေး)

(ဖြေ)
အညံ့မှ အကောင်းသို့ ဆိုထားသည်မှာ မှန်ပါသည်။ ဘုရားရှင် တရားဟောသော အစဉ်မှာ
(၁) ဒါနကထာ-စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း အကျိုးတရား။
(၂) သီလကထာ-အကျင့်သီလ အကျိုးအပြစ်တရား။
(၃) သဂ္ဂကထာ-ဒါနသီလကြောင့် ရရှိနိုင်မည့် နတ်ပြည်နတ်စည်းစိမ် အကြောင်း။
(၄) ကာမာနံ အာဒီန၀ကထာ-လူနတ်စည်းစိမ်တို့သည် သာယာဖွယ်က နည်းနည်း၊ ဒုက္ခဆင်းရဲနှင့် ကြောင့်ကြပူပန်စရာတွေက များပုံအကြောင်း။
(၅) ထိုဆင်းရဲဒုက္ခ ပူပန်မှုအမျိုးမျိုးတို့မှ လွတ်စေရန် သမထ ဘာဝနာ ၄၀-ပွားများပုံအကြောင်း။
(၆) ၀ိသုဒ္ဓိ ၇-ပါး ပွားများပုံအကြောင်း။
(၇) ဉာဏ်စဉ် ၁၀-ပါး အဆင့်ဆင့် ကျင့်ပွားပုံအကြောင်း။
(၈) မဂ်ဖိုလ်နိဗ္ဗာန်အကြောင်း (မဂ္ဂကထာ) တို့ကို အဆင့်ဆင့် မြှင့်၍မြှင့်၍ ဟောကြားတော်မူသော တရားစဉ်အတိုင်း ဖြစ်ပါသည်။
ဝိပဿနာဘာဝနာဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောက်အောင် ပွားနိုင်ခြင်းသည် အမြတ်ဆုံးကုသိုလ် ဖြစ်ပါသည်။
********************************************************************************

(မေး) (စေတီဟောင်းပြုပြင်ခြင်း)
အရှင်ဘုရား၊ စေတီပျြုကျ၍ မြေခသွားသော ထီးတော်ကို ပြုပြင်၍ ပြန်လည်တင်လှူကောင်းပါသလားဘုရား။ အချို့က တင်ကောင်းသည်၊ အချို့က မတင်ကောင်းဟု ၀ိဝါဒ ကွဲပြားနေပါ၍ ဖြေကြားပေးတော်မူပါဘုရား။
( အရှင်ကေသရ-မြောင်ဓမ္မရိပ်သာ၊ ထုံးဘို)

(ဖြေ)
ပြန်လည်ပြုပြင်၍ တင်လှူကောင်းပါသည်။ စေတီဟောင်း၊ ကျောင်းဟောင်း၊ ဇရပ်အို၊ ဇရပ်ဟောင်းတို့ကို ပြုပြင်၍ ပူဇော်လှူဒါန်းခြင်းသည် အသက်ရှည်ကြောင်း ဖြစ်၏။ သီဟိုဠ်ဘုရင် ၀သဘမင်းကြီးကို ရဟန္တာအရှင်မြတ်များက စေတီဟောင်းများ ပြုပြင်ရန် ဟောကြားသည့်အတွက် မင်းကြီးသည် ပြုပြင်လှူဒါန်းပူဇော်ရာ နန်းစံသက် ၁၂-နှစ်မှ ၄၄-နှစ်အထိ သက်ရှည်ခဲ့ကြောင်း ထင်ရှားသော သာဓကရှိသည်။ ယုံယုံကြည်ကြည်ဖြင့် ပြုပြင်တင်လှူပါလေ။
********************************************************************************

(မေး) (သာသနာငါးထောင်)
အရှင်ဘုရား၊ မေးလိုသောအကြောင်းမှာ ရှေးဟောင်းရှမ်းစာပေ၌ သာသနာငါးထောင်နှင့် ပတ်သက်သော သာသနာတောင်းပန်စာ လင်္ကာတွင်-
(၁) ဘုရားကိုယ်တိုင် ထားတော်မူသော သာသနာနှစ် ၁-ထောင်
(၂) ရဟန္တာအရှင်မြတ် တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၃) မလ္လာမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၄) သိကြားမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင်။
(၅) ဘီလူးမင်း တောင်းပန်သောကြောင့် သာသနာနှစ် ၁-ထောင် ဟု ဆိုထားပါသည်။
ယုတ္တိယုတ္တာ ရှိ-မရှိ၊ ပိဋကတော်နှင့် ညီ-မညီ ဖြေကြားပေးတော်မူပါဘုရား။
( ဘဒ္ဒန္တ နန္ဒာစရိယ-ဒက္ခိဏာရုံကျောင်း၊ နန့်ခမ်းမြို့)

(ဖြေ)
ရှေးဟောင်း ရှမ်းစာပေက ပြသော သာသနာနှစ်ငါးထောင် ယူပုံမှာ ကျမ်းဂန်၌မရှိပါ။
သာသနာနှဏ်ငါးထောင် ပိုင်းခြားသည်မှာ ပိဋကပါဠိတော်ရင်း၌ လာရှိခြင်း မဟုတ်ဘဲ အဋ္ဌကထာများ၌သာ လာရှိပါသည်။
(၁) ပဋိသမ္ဘိဒါပတ္တ-ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၂) ဆဠာဘိည-အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၃) တေ၀ိဇ္ဖက-၀ိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၄) သုက္ခ၀ိပဿက-ဈာန်မရသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၅) ပါတိမောက္ခသံဝရသီလခေတ်-ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေသေးသောခေတ် နှစ်ပေါင်း ၁၀၀၀။
စုစုပေါင်း ၅၀၀၀။

ဝိနည်းအဋ္ဌကထာနှင့် အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ အလိုအားဖြင့်-
(၁) ပဋိသမ္ဘိဒါရဟန္တာခေတ်-နှစ်ပေါင်း ၁၀၀၀။
(၂) သုက္ခ၀ိပဿက ရဟန္တာခေတ်-နှစ်ပေါင်း ၁၀၀၀။
(၃) အနာဂါမ်ပုဂ္ဂိုလ်ခေတ်-နှစ်ပေါင်း ၁၀၀၀။
(၄) သကဒါဂါမ်ပုဂ္ဂိုလ်ခေတ်-နှစ်ပေါင်း ၁၀၀၀။
(၅) သောတာပန်ပုဂ္ဂိုလ်ခေတ်-နှစ်ပေါင်း ၁၀၀၀။
ပေါင်း ၅၀၀၀။

စသည်ဖြင့် သင့်လျော်လို ဖွင်ဆိုထားချက်များသာ ရှိပါသည်။ ဖြစ်နိုင်ချေရှိသော နှစ်တို့ကို ပိုင်းခြားသတ်မှတ်သော်လည်း ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ-အသုညော လောကော၊ အရဟန္တေဟိ အဿ။ ( ဒီဃ-ဋ္ဌ ၁၈၁)၊ အံ-ဋ္ဌ ၁-ရ၂) ဟု ဆိုထားသည့်အတိုင်း ကျင့်ကြံသူတွေ ရှိနေသရွေ့ ရဟန္တာပုဂ္ဂိုလ်တွေ လောကကြီး၌ မဆိတ်သုဉ်းနိုင်သေးပါ။ ကျင့်ကြံကြသူတွေ ရှိနေကြလျှင် သာသနာမှာ ငါးထောင်မက တည်တံ့နေမည် ဖြစ်ပါသည်။ သာသနာငါးထောင် အတွင်းမှာပင် မကျင့်ကြံ မလိုက်နာသူတွေအတွက်ကတော့ သာသနာမရှိပါ။ မတည်ပါ။

( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ)

Wednesday, April 28, 2010

ပိဋကတ်စကား လိုက်နာကျင့်ကြံက အကျိုးဖြစ်၏

အဆင်း အနံ့ပြည့်စုံ၍ တင့်တယ်လှပသော စံပယ် စကား-စသော ပန်းသည်
ပန်ဆင်သူအား အနံ့တည်းဟူသော အကျိုးကို ဆောင်နိုင်သကဲ့သို့
ကောင်းစွာ ဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည်
လိုက်နာကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။

(ဓမ္မပဒ၊ ပုပ္ဇ၀ဂ်၊ ဆတ္တပါဏိဥပါသက၀တ္ထု)

သူလို မြတ်သောဆရာ

အလွန်မွန်မြတ်လှ၍ ပြုနိုင်ခဲသော ကောင်းမှုကိုပြုသော ဆရာတော်တပါး၏ ဖြစ်ရပ်မှန်ဖြစ်သည်။ ဆရာတော်မှာ ဘဒ္ဒန္တနာရဒ ဖြစ်သည်။ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဆင်တုံးအုပ်စု ကျီးကန်းသိုက်ကျေးရွာ ဂန္ဓာရုံကျောင်းတိုက် ဆရာတော် ဖြစ်သည်။

၁၃၆၇-ခုနှစ် တပို့တွဲလဆုတ် ၄-ရက်ကြာသပတေးနေ့ ညဥ့်သန်းခေါင်ကျော် ၂-ချက်တီးခန့်အချိန် ဆွမ်းစားကျောင်းမီးဖိုချောင်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့သည်။ မီးအပူရှိန်ကြောင့် ကျိန်းနေရာမှ ဆရာတော် လန့်နိုးသွားသည်။ မီးလွတ်ရာသို့ ကိုယ်လွတ်ရုန်း၍ ထွက်ပြေးလွတ်မြောက်နိုင်သော်လည်း အသက် ၆-နှစ်မှ ၁၀-နှစ်အရွယ်အထိ ရှိကြသော တပည့်သာမဏေငယ် ၉-ပါးတို့ အိပ်မောကျနေသည်ကို တွေ့ရသည်။ သို့ဖြင့် တပါးချင်းစီကို မီးလွတ်ရာသို့ ကယ်တင်ပို့ဆောင်တော်မူသည်။ ထိုသို့ ကယ်တင်မှုကြောင့် သင်္ကန်းကို မီးစွဲလောင်ခြင်း ခံခဲ့ရကာ ထိုမီးလောင်သော ဒဏ်ရာဖြင့် ၁၃၆၇-ခုနှစ် တပို့လဆုတ် ၅-ရက် သောကြာနေ့ ည ၇-နာရီ ၄၅-မိနစ်အချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ရရှာသည်။


ဆရာတော်သည် တပည့်သာမဏေငယ်တို့အား မီးလွတ်ရာသို့ တပါးချင်း ထမ်းပိုးသယ်ယူကယ်တင်ခဲ့ရာ မိမိအား မီးလောင်နေသည်ကိုပင် ဂရုမထား။ တပည့်သာမဏေငယ်များ အားလုံးကို ကယ်တင်ပြီးသောအချိန်တွင် ကျောင်းလှေကား မီးစွဲနေပြီဖြစ်၍ ပြတင်းပေါက်မှ ခုန်ချတော်မူခဲ့သည်။ ကျောင်းအောက်ရှိ စဥ့်အိုး (ရာဝင်အိုး) နှင့် ဦးခေါင်းတော် ထပ်မံရိုက်မိတော်မူခဲ့ရသည်။

အောက်သို့ ရောက်ရောက်ချင်း တပည့်တို့အားလုံး စုံကြပြီလား-ဟု မေးတော်မူပြီး သတိလစ်မေ့မြောသွားကာ နောက်ဆုံး ပျံလွန်တော်မူခဲ့ချိန်ထိ မီးလောင်ခံရသော ရောဂါဝေဒနာကို ပြင်းထန်စွာ ခံစားတော်မူခဲ့ရပေသည်။ တပည့် သာမဏေတို့၏ အသက်ဘေးရန်ကို မိမိကိုယ်ကျိုး လုံးဝထည့်မတွက်ဘဲ အသက်စွန့်ကယ်တင် ကာကွယ်တားဆီးတော်မူခဲ့သည့် မြတ်သောဆရာ ဘဒ္ဒန္တနာရဒ-မထေရ်မြတ်သည် သက်တော် ၆၆-နှစ်၊ သိက္ခာတော် ၄၆-၀ါအရတွင် တပည့်ရဟန်းသာမဏေတို့နှင့် ဒကာ ဒကာမအပေါင်းကို စွန့်ခွါပျံလွန်တော် မူခဲ့ပေပြီ။

ဆရာတော်လောင်းလျာ မောင်ထွန်းကြည်-ကို ဓနုဖြူမြို့နယ် နန်းတော်ကုန်းအုပ်စု ပျဉ်ထောင်စုကျေးရွာနေ ဖခမည်းတော် လယ်သမားကြီး ဦးရွှေဆိုင်၊ မယ်တော် ဒေါ်မယ်ဉာဏ် တို့က ၁၃၀၁-ခုနှစ်၊ တပေါင်းလဆန်း ၅-ရက် စနေနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ မွေးချင်း ၅-ယောက်အနက် စတုတ္ထမြောက် သားရတနာဖြစ်သည်။ အသက် ၈-နှစ်အရွယ်တွင် ဓနုဖြူမြို့နယ် နန်းတော်ကုန်းအုပ်စု ပျဉ်ထောင်စုကျေးရွာ မင်္ဂလာဇေယျုံကျောင်း ဆရာတော် ဦးအဂ္ဂ၀ံသကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော် မယ်တော်တို့၏ ပစ္စည်း၎-ပါးကို ခံယူကာ ရှင်သာမဏေအဖြစ် ရောက်ရှိတော်မူခဲ့ပါသည်။

သက်တော် ၂၀-ပြည့်တော်မူသောအခါ မိဘနှစ်ပါးနှင့် ညီအကိုများ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ဆရာရင်းဖြစ်သော ဦးအဂ္ဂ၀ံသကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ် ခံယူတော်မူခဲ့ပေသည်။ ၁၃၅၂-ခုနှစ် ၀ါဆိုလဆန်း ၁၀-ရက်နေ့တွင် သာသနာပြုကျောင်းထိုင်ရန် ယခု မီးလောင်ကျွမ်းခဲ့သော ညောင်တုန်းမြို့နယ် ဆင်တုံးအုပ်စု ကျီးကန်းသိုက်ကျေးရွာ ဂန္ဓာရုံကျောင်းသို့ ကြွရောက်တော်မူခဲ့ပေသည်။

ဆရာတော်သည် မိဘမဲ့ကလေးများကို ကျောင်းသို့ခေါ်ပြီး ရှင်သာမဏေပြုပေးကာ ကျွေးမွေးပြုစု စောင့်ရှောက်တော်မူလေ့ရှိသည်။ ထိုသို့ တပည့်သာမဏေငယ်များအပေါ် မေတ္တာ ကရုဏာ အပြည့်ပေးဆပ်ခဲ့သော ဆရာတော်၏ ဂုဏ်သတင်းကြောင့် ရပ်နီးရပ်ဝေးမှ တပည့် ဒကာ ဒကာမတို့၏ ကြည်ညိုလေးစားခြင်းကို ခံယူတော်မူခဲ့ရပေသည်။

ဆရာတော် ဘဒ္ဒန္တနာရဒ မထေရ်မြတ်၏ မိမိအသက်ကိုစွန့်ကာ တပည့်သာမဏေတို့၏ အသက်ကို ကယ်တင်တော်မူခဲ့သည့်ဖြစ်ရပ်မှန်ကို မြတ်မင်္ဂလာ စာဖတ်ပရိသတ်များ သိရှိကြည်ညိုနိုင်ရန် တင်ပြအပ်ပါသည်။

ထွန်းထွန်း-ညောင်တုန်း
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ)

လောက၌ ရနိုင်ခဲသော ရတနာ ၅-ပါး

အခါတပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝန်တော ပြာသာဒ်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သာရန္ဒဒစေတီ၌ စုဝေးနေကြသော လိစ္ဆ၀ီမင်းသား ငါးရာတို့သည် ဤသို့ပြောဆိုနေကြ၏။

အချင်းတို့ လောက၌-
(၁) ဆင်ရတနာ
(၂) မြင်းရတနာ
(၃) ပတ္တမြားရတနာ
(၄) မိန်းမရတနာ
(၅) သူကြွယ်ရတနာ ဟူသော ရတနာ ၅-ပါးတို့သည် ရနိုင်ခဲ၏-ဟု ပြောဆိုနေကြ၏။

ထိုအခိုက် မြတ်စွာဘုရားရှင် ဆွမ်းခံကြွလာသည်ကိုမြင်၍ လိစ္ဆ၀ီမင်းသားတို့သည် မြတ်စွာဘုရားကို သာရန္ဒဒစေတီသို့ ကြွပါရန် ပင့်ဆောင်ကြကုန်၏။

ြုမတ်စွာဘုရားက လိစ္ဆ၀ီမင်းသားတို့၊ အဘယ်စကားဖြင့် စည်းဝေးနေကြသနည်း-ဟု မေးတော်မူသည်။ လိစ္ဆ၀ီမင်းသားတို့က ရနိုင်ခဲသော ရတနာ ၅-ပါးအကြောင်းကို ပြောဆိုနေကြပါသည်ဘုရား-ဟု လျှောက်ထား ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားက-

မင်းသားတို့၊ ကာမဂုဏ်၌ စိတ်ဝင်စားသောသူတို့သည် ကာမဂုဏ်အကြောင်းကိုသာလျှင် ပြောတတ်ကြကုန်၏။
လောက၌-
(၁) သိမြင်ဖွယ်မှန်သမျှကို ကိုယ်တိုင်မှန်စွာ သိမြင်နိုင်သော မြတ်စွာဘုရားရှင် ပွင့်ရန် ခက်ခဲ၏။
(၂) မြတ်စွာဘုရား ဟောကြားသော တရားတော်ကို တဆင့်ပြန်၍ ဟောကြားတတ်သူ ပုဂ္ဂိုလ်ကို ရခဲ၏။
(၃) မြတ်စွာဘုရား၏ တရားကို သိမြင်နားလည်သူ ရခဲ၏။
(၄) မြတ်စွာဘုရား၏ တရားတော်ကို သိသော်လည်း ကျင့်ကြံအားထုတ်သူ ရခဲ၏။
(၅) သူတပါး၏ ကျေးဇူးကို သိတတ်၊ ထိုထက် ပေးဆပ်တတ်သူ ရခဲ၏။

မင်းသားတို့ ဤပုဂ္ဂိုလ် ၅-မျိုးတို့သည်သာ ရနိုင်ခဲသော ဖြစ်ပေါ်ရန် ခက်ခဲသော ရတနာ ၅-ပါးမည်၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ၊ ပဉ္စကနိပါတ်၊ သာရန္ဒဒသုတ်။

ဦးငွေအောင်မွန်
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဇွန်လ)

လာဘ်စားသူနှင့် နေ့တဝက် ဥပုသ်

မြတ်စွာဘုရား ဇေတဝန်ကျောင်းမှာ သီတင်းသုံးစဉ်အခါက ဥသုသ်ဆောက်တည်တဲ့ ဒါယကာ ဒါယိကာမတို့ကို အကြောင်းပြုပြီး ယခုဇာတ်တော်ကို ဟောတော်မူပါတယ်။ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း စိုးစံစဉ်အချိန်က မင်းဟာ သဒ္ဓါတရားနဲ့ပြည့်စုံပြီး အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း စတဲ့ ကုသိုကောင်းမှုတွေကို ပြုလေ့ရှိပါတယ်။ုသူပြုသလို မှူးမတ်မင်းချင်း၊ သူ့အသိုင်းအဝိုင်း အားလုံးကို သီလစောင့်စေပါတယ်။ ဒီအထဲမှာ ပုရောဟိတ်ပုဏ္ဏား တယောက်ကတော့ မင်းရဲ့အတုကို မယူဘဲ ကောက်ကျစ်စဉ်းလဲပြီး တံစိုးလက်ဆောင် စားလေ့ရှိပါတယ်။

တနေ့မှာတော့ မင်းကြီးနဲ့ ပုရောဟိတ် ဆုံတွေ့ကြတဲ့အခါ-
မင်းကြီး။ ။ ပုရောဟိတ်ပုဏ္ဏား ဒီနေ့ ဥပုသ်နေ့နော်၊ သင်ဥပုသ်သီလ ဆောက်တည်ဖြစ်ရဲ့လား။
ပုရောဟိတ်ပုဏ္ဏား။ ။ ဆောက်တည်ဖြစ်ပါတယ် အရှင်မင်းကြီး၊ မင်းကြီးရဲ့အလိုအတိုင်း ဥပုသ်နေ့တိုင်းမှာ ကျွန်တော်မျိုး ဥပုသ်ယူဖြစ်ပါတယ်။
ဒီလိုပြောပြီး ထွက်လာတဲ့ ပုရောဟိတ်ပုဏ္ဏားကို အကြောင်းသိနေတဲ့ အမတ်မင်းတပါးက မနေနိုင် မထိုင်နိုင် လှမ်းသတိပေးပါတယ်။

အမတ်။ ။ ဘယ့်နှယ် ဘယ့်နှယ် ပုဏ္ဏား၊ သင်ဟာ ဥပုသ်လည်း မယူဘဲနဲ့ ဘယ်လိုလုပ် မင်းကြီးကို ညာရတာတုံး။ သင်မို့လို့ပဲ ညာရဲတယ်။ မင်းကြီး ပြန်သိသွားရင် မကောင်းပါဘူး။
ပုဏ္ဏား။ ။ ဒါများ ခက်ခက်ခဲခဲလုပ်လို့ အမတ်မင်းရယ်။ ကျုပ် အခု အိမ်ပြန်ရင် ဥပုသ်ယူလိုက်မှာပေါ့။ ဒါဆို ကျုပ်လျှောက်တင်ခဲ့တဲ့စကား မှားတယ်လို့ ဆိုနိုင်မလား။ အမတ်မင်းက ဉာဏ်တယ်နည်းတာကိုး။
တကယ်လည်း အိမ်ရောက်တဲ့အခါမှာ ပုဏ္ဏားဟာ ဥပုသ်ယူခဲ့တဲ့အတွက် နေ့တဝက်ဥပုသ် ရခဲ့ပါတယ်။
ဒီပုဏ္ဏားဟာ တနေ့မှာ သူ-တရားစီရင်တဲ့နေရာကို သီလရှိတဲ့ မိန်းမတယောက် အမှုကိစ္စနဲ့ ရောက်လာပါတယ်။ မိန်းမဟာ နေမွန်းတည့်ခါနီးမှာ သီလဆောက်တည်မယ်ဆိုပြီး ခံတွင်းဆေးရန် ပြင်ပါတယ်။ သူမဟာ တကိုယ်တည်း ဒီလိုရေရွတ်ခဲ့ပါသတဲ့။

ဒါကို ပုရောဟိတ်က မြင်သွား ကြားသွားတော့ စိတ်ကောင်းဝင်ပြီး သရက်သီးတလုံးကိုပေးလို့ ဥပုသ်မဆောက်တည်ခင်မှာ စားစေပါတယ်။ ပုဏ္ဏားအတွက် တသက်တာလုပ်ဖူးတဲ့ ကောင်းမှုဆိုလို့ ဒီနေ့ တဝက်ဥပုသ်နဲ့ ဒီသရက်သီးဒါနပဲ ရှိပါတယ်။

မိန်းမ။ ။ အင်း---အပူမှုတွေ ရှုပ်နေတာနဲ့ပဲ နေမွန်းတည့်ချိန်တောင် ရောက်ပြီ။ ဒီနေ့ ဥပုသ်စောင့်မယ်ဆိုတဲ့ အဓိဋ္ဌာန်ကိုတော့ အပျက်မခံနိုင်ဘူး။ ရောက်တဲ့အရပ်မှာ ဥပုသ်သီလကို ရအောင်ယူတော့မယ်။

ပုရောဟိတ်ပုဏ္ဏား သေလွန်တဲ့အခါမှာ ဟိမဝန္တာမှာရှိတဲ့ မြစ်တခုအနီးမှာ ယူဇနာ ၃ဝ-ရှိတဲ့ သရက်ဥယျာဉ်ကို အပိုင်စားရတဲ့ နေ့ခံ ညစံ ဝေမာနိက နတ်ပြိတ္တာဖြစ်ပါတယ်။ ဝေမာနိက နတ်ပြိတ္တာဆိုတာ နေ့ဘက်မှာတော့ ကိုယ့်ကျောကုန်းသား ကိုယ်ခွါစားရပြီး ကြီးစွာသောဒုက္ခနဲ့ အော်နေရတဲ့ ပြိတ္တာပါ။ ညအချိန်မှာတော့ နတ်ဝတ်နတ်စားနဲ့ နတ်သမီးတွေနဲ့ စံစားရတဲ့သုခကို ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့- နေ့တဝက်ဥပုသ်ကြောင့် နတ်စည်းစိမ်ရခဲ့တာဖြစ်ပြီး
သရက်သီးဒါနကြောင့် သရက်ဥယျာဉ်ကို အပိုင်စားရတာပါ။
ပြိတ္တာဖြစ်ရတာကတော့ လာဘ်စားတဲ့ မကောင်းမှုကံကြောင့် ဖြစ်ပါတယ်။

ဘုရားလောင်း ဗာရာဏသီမင်းဟာ ထီးနန်းစွန့်ပြီး တောထွက်ကာ ရသေ့ရဟန်းပြုလို့ ဂင်္ဂါမြစ်နားမှာ နေပါတယ်။ တနေ့တော့ ဒီရသေ့ဟာ ဝေမာနိကပြိတ္တာရဲ့ သရက်ဥယျာဉ်ထဲက သရက်သီးတလုံးကို စားမိပြီး အရသာကို တမ်းတမ်းစွဲ ဖြစ်သွားပါတယ်။

ဘုရားလောင်း ရသေ့။ ။ ဒီသရက်သီးရဲ့ အရသာဟာ အလွန်တရာ ထူးခြားတာပဲ။ တလုံးကိုစားမိတာနဲ့ တသက်တာ စားချင်စိတ်ကို ဖြစ်စေတယ်။ ဒီလို သရက်သီးမျိုး တလုံးတလေသာ ထပ်စားရမယ်ဆိုရင် ငါ့အတွက် ခွန်အားတွေဖြစ်ပြီး တရားကို ပိုအားထုတ်နိုင်လိမ့်မယ် ထင်ပါရဲ့။

သူတော်ကောင်းရသေ့ရဲ့ ရသတဏှာအပေါ်မှာ စွဲလမ်းနေမှုကို မြစ်စောင့်နတ်သမီးက သိတဲ့အခါမှာ စိတ်မကောင်းပါဘူး။ ဘာမဟုတ်တဲ့ သရက်သီးတဏှာအတွက် ကောင်းသောတရားတွေ ပျောက်ပျက်မှာ စိုးတာမို့ ရသေ့ကိုလည်း နားချ၊ အလိုကိုလည်း ဖြည့်တဲ့အနေနဲ့ သရက်ဥယျာဉ်ကို တန်ခိုးနဲ့ ပို့ပေးပါတယ်။

သရက်ဥာယျာဉ်ကို ရောက်တဲ့အခါမှာ ဘုရားလောင်းရသေ့ဟာ ကြီးစွာသော ဒုက္ခနဲ့အော်နေရတဲ့ ဝေမာနိကပြိတ္တာကို မြင်ပါတယ်။ ကြောက်ရွံ့စရာမြင်ကွင်းအတွက် ရုတ်တရက် စကားတောင်မဆိုနိုင်ဘဲ သံဝေဂရသွားပါတယ်။
ဘုရားလောင်းရသေ့။ ။မြစ်စောင့်နတ်သမီး၊ ဒီပြိတ္တာဟာ အဘယ်သို့သော မကောင်းကျိုးကြောင့် ကိုယ့်ကျောကုန်းသား ကိုယ်ပြန်ခွါစားရတဲ့ပြိတ္တာ ဖြစ်နေရတာလဲ၊ ကြည့်ရ မြင်ရတာ ဆိုးရွားလိုက်တာ။

နတ်သမီး။ ။ ရသေ့---ဒီပြိတ္တာဟာ လူ့ဘဝရှိစဉ်အခါက ကောက်ကျစ်စဉ်းလဲပြီး တံစိုးလက်ဆောင်စားကာ တရားစီရင်ခဲ့တဲ့ ပုရောဟိတ်ပုဏ္ဏားတဦး ဖြစ်ပါတယ်။ ဒါကြောင့် သူ့ပြစ်ဒဏ်ကို သူခံစားနေရခြင်းပါ။-လို့ ဖြစ်ကြောင်းကုန်စင်ကို လျှောက်ထားပြပါတယ်။ ဒီမှာတွင် ဘုရားလောင်းဟာ ပြိတ္တာကိုကြည့်လို့ မကောင်းသော အကြောင်းတရားများကို ဆင်ခြင်သံဝေဂရရင်း နေရပ်ကိုပြန်လို့ တရားဘာဝနာကို ကောင်းစွာအားထုတ်ခဲ့ပါတော့တယ်။

မိမိတို့လည်း ဒီဇာတ်တော်ကို ဖတ်ပြီးတဲ့အချိန်မှာ ဥပုသ်သီလ ဆောက်တည်ခြင်းရဲ့ အကျိုးအာနိသင်ကို သိရှိခြင်းနဲ့အတူ တံစိုးလက်ဆောင် စားခြင်းရဲ့ အပြစ်ကိုလည်း ဆင်ခြင်မိကြပါစေလို့ ဆန္ဒပြုပါတယ်။

ဇာတ်ညွှန်း-မိုးမိုးစောဝင်း။
(၇-၂၈-ဝ၉-ယဉ်ကျေးလိမ္မာ-မှ)

ဗုဒ္ဓဘာသာ မိတ်ဆက်

၁။ ဘုရားအလောင်းတော် ရသေ့သည် - သုမေဓာ ရှင်ရသေ့ ဖြစ်သည်။
၂။ ဘုရားအလောင်းနတ်သား၏ အမည်မှာ -သေတကေတု နတ်သား ဖြစ်သည်။
၃။ ဘုရားအလောင်း၏ ဖခင်သည် - ဘုရင် သုဒ္ဓေါဓန ဖြစ်သည်။
၎။ ဘုရားအလောင်း၏ မယ်တော်သည် - တောင်ညာဒေဝီ မိဖုရားကြီး မယ်တော်မာယာ ဖြစ်သည်။
၅။ ဘုရားအလောင်းတော်သည် ကဆုန်လပြည့် - သောကြာနေ့၌ ဖွားမြင်သည်။
၆။ ၂၉-နှစ်အရွယ်တွင် တောထွက်သည်။
၇။ မာရ် ငါးပါးကို အောင်မြင်တော်မူသည်။
၈။ ၃၅-နှစ်အရွယ်တွင် ဘုရားဖြစ်သည်။
၉။ ၄၅-ဝါ ပတ်လုံး တရားဟောသည်။
၁၀။ သက်တော် ၈ဝ-နှစ် အရွယ်၌ ပရိနိဗ္ဗာန်စံဝင်သည်။

ကိလေသာနှင်နည်း နိဿရည်း

ငါ၏စိတ်တွင် လောဘဝင်က
ဝင်လာလောဘ အနိုင်ရအောင်
လောဘကင်းစင် ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။

ငါ၏စိတ်တွင် ဒေါသဝင်က
ဝင်လာဒေါသ အနိုင်ရအောင်
ဒေါသကင်းစင် ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။

ငါ၏စိတ်တွင် မောဟဝင်က
ဝင်လာမောဟ အနိုင်ရအောင်
မောဟကင်းစင် ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏။

တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး

Monday, April 26, 2010

လယ်ယာဥပမာ တရား

နယုန်လသည် မြန်မာများတွင် တတိယလဖြစ်၍ နွေရာသီကုန်ဆုံးရန် ၁၅-ရက်မျှသာ ကျန်သောလ ဖြစ်သည်။ စာဆိုပညာရှင်များက ထိုလကို နွေနှောင်းလ၊ နွေစွန်လ-ဟု စာဖွဲ့တတ်ကြသည်။ ထိုနွေနှောင်းလတွင် နေပူရှိန်လျော့ကာ မိုးသံပေး၍ မိုးသေးမိုးဖွဲကလေးများ ရွာသွန်းလေ့ရှိသည်။ ထိုမိုးသေးမိုးဖွဲကလေးများကြောင့် မြက်နုကလေးများလည်း ခေါင်းပြူလာကြသည်။

ထို့ကြောင့် ရှေးတောင်သူဦးကြီးများက နယုန်မိုးသေး မြက်သားမွေး-ဟု ဆိုထုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားတို့သည် ဤရာသီ၊ ဤအချိန်အခါမှစ၍ ဆန်အတွက် မျိုးစပါးများကို ပျိုးထောင်ကြသည်။ ၀ါ၊ ၈ွမ်း၊ ပြောင်း၊ နှမ်း၊ ဂျုံ၊ ပဲမျိုးစုံတို့ကို ကြဲကြသည်။ နယုန်လမှာ တောင်သူဦးကြီးတို့၏ အာဒိမာသ (လုပ်ငန်း စတင်သောလ) ခေါ် ငန်းဦးစချိန်လ ဖြစ်သည်။

ထိုအချိန်အခါတွင် ကျွန်ုပ်တို့သည် လယ်ယာနှင့် လယ်လုပ်ငန်းကို မြတ်နိုးသော ဗုဒ္ဓဘုရားရှင်ကို အထူးအောက်မေ့ သတိရမိသည်။ ဗုဒ္ဓဘုရားရှင်သည် တောင်သူလယ်သမား ဦးကြီးများကိုသာမက ရဟန်းသံဃာများနှင့် အခြားသူများကို တရားဟောရာတွင် လယ်ယာနှင့် လယ်လုပ်ငန်းကို ရံဖန်ရံခါ ဥပမာပေး၍ ဟောတော်မူလေ့ရှိသည်။

တခါသော် ရဟန်းရှင်လူများအား ဗုဒ္ဓဘုရားရှင်က- စပါးစိုက်ပျိုးမည်ဆိုလျှင် လယ်ကွက်ကို ကြည့်ပါ။
(၁) ထိုလယ်ကွက်၌ မြေသား မညီမညာ နိမ့်တုံမြင့်တုံ ရှိခြင်း။
(၂) ကျောက်စရစ်၊ ကျော်ကခဲများ ရှိခြင်း။
(၃) ဆပ်ပြာပေါက်ခြင်း၊
(၄) ထွန်ချောင်းရာ မနက်ခြင်း၊
(၅) ရေ၀င်ပေါက် မရှိခြင်း၊
(၆) ရေထွက်ပေါက် မရှိခြင်း၊
(၇) ရေသွင်းရေမြောင်း မရှိခြင်း၊
(၈) ကန်သင်းရိုး ဖွဲု့စည်းမှု မရှိခြင်း-ဟူသော လက္ခဏာရှစ်မျိုးကို တွေ့ရသော် မစိုက်ပျိုးလေနှင့်။ အချည်းနှီးသော လယ်ကွက်ဖြစ်၏။ မကောင်းသော လယ်မြေဖြစ်၏။ မျိုးစေ့ကုန်၍ လူပန်းရုံသာ ရှိမည်။

ထို့အတူ လူတို့တွင်လည်း လက္ခဏျာရှစ်မျိုးနှင့် ယှဉ်သည်၊ မယှဉ်သည်ကို ဆင်ခြင် စိစစ်ရာ၏။
ထိုလက္ခဏာ ရှစ်မျိုးကား-
(၁) မမှန်သော အသိအမြင်အယူအဆ၊
(၂) မမှန်သော ကြံစည်တွေးတောမှု၊
(၃) မမှန်သော စကားပြောဆိုမှု၊
(၄) မမှန်သော လုပ်ကိုင်ဆောင်ရွက်မှု၊
(၅) မမှန်သော အသက်မွေးမှု၊
(၆) မမှန်သော အားထုတ်မှု၊
(၇) မမှန်သော ဆင်ခြင်အောက်မေ့မှု၊
(၈) မမှန်သော တည်ကြည်စွဲမြဲမှု-တို့ ဖြစ်၏။

ဤလက္ခဏာရှစ်မျိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အချည်းနှီးသော ပုဂ္ဂိုလ်ဖြစ်၏။ မကောင်းသော ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်အျား ဆည်းကပ်ခြင်း၊ ပေးကမ်းကူညီခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ ပြုသော်လည်း အကျိုးမရှိ၊ အကျိုးမဲ့သာ ရှိလိမ့်မည်-ဟူ၍ လယ်မြေနှင့် ဥပမာပြုကာ ဟောကြားဆုံးမတော်ခဲ့သည်။

အလွတ်အဖိုးမဖြတ်နိုင်သော အဆုံးအမ ဖြစ်သည်။ ဤလယ်ဥပမာတရားကို လေ့လာခြင်းဖြင့် ဗုဒ္ဓဘုရားရှင်သည် လယ်လုပ်ငန်းကို မြတ်နိုးသော ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းကို ကျွမ်းကျင်သိမြင်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းကို ဥပမာပေး၍ အလွန်ထိရောက်စွာ လမ်းညွှန်ဆုံးမနိုင်သူဖြစ်ကြောင်း သိရှိနိုင်ပေသည်။

ထို့ကြောင့် တောင်သူဦးကြီးများ လုပ်ငန်းစချိန်ဖြစ်သော ဤလ ဤသမယတွင် ကျွန်ုပ်တို့သည် ဗုဒ္ဓဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကို ပိုမိုအောက်မေ့ ကြည်ညိုမြတ်နိုးသင့်ပေသည်။ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမတရားတော်တို့ကိုလည်း ပိုမိုနာယူ ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။

သြ၀ါဒ

* လောကသည် လျောသက်နိမ့်ဆင်းနေ၏။ လောကနှင့်ရော၍ မလျောသက်ပါစေနဲ့။
* လောကသည် ရှုပ်၍ ရှုပ်၍ ဆုတ်ယုတ်နေ၏။ လောကနှင့်ရော၍ မဆုတ်ယုတ်ပါစေနဲ့။
* လောကသည် အစုန်ရေကြော၌ ဒလဟောမျောနေ၏။ လောကကိုလှန်၍ ဆန်တက်ပါလေ။

( ဘဒ္ဒန္တ မာနိတသိရီဘိဝံသ မဟာထေရ်
မန္တလေးတိုင်း မဟာအောင်မြေမြိဲု့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ်
မတ္တရာသူဌေးကျောင်း၊ ပဓာနနာယကဆရာတော်

ရေကြည်တပေါက် သောက်ပါရစေ

သမုဒ္ဒရာရေကြောင်းဖြင့် ခရီးရှည်သွားကြရသော ကုန်သည်တို့သည် သောက်စရာ၊ သုံးစရာ ရေရိက္ခာကို အပြည့်အစုံယူဆောင်၍ သွားကြရ၏။ ထို့အတူပင် သောက်ရေသုံးရေ မရနိုင်သော ကုန်းတွင်းသွား ခရီးသည်တို့မှာလည်း ရေရိက္ခာကို တတ်နိုင်သမျှ တင်ဆောင်၍ သွားကြရ၏။

ရေလမ်း၊ ကုန်းလမ်း၊ ခရီးကြမ်း၌ သွားလာလှုပ်ရှား၍နေကြရသော သူတို့နည်းတူပင် ဘ၀သံသရာခရီးရှည်ကြီး၌ လျှောက်လှမ်း၍ နေကြရသော သံသရာခရီးသည်တို့အဖို့မှာလည်း ရေရိက္ခာကို လိုအပ်နေသည်သာ ဖြစ်၏။ ထိုရေရိက္ခာသည်ကား မြစ်များ၊ ချောင်းများ၌ ရှိမနေပါ။ တွင်းများ၊ ကန်များမှာလည်း ရှိမနေပါ။ မြစ်များ ချောင်းများ၌ ရှိနေသောရေသည် သံသရာခရီးရှည်ကြီးအတွက် ရေရိက္ခာမဟုတ်ပါ။ တွင်းများ၊ ကန်များ၌ရှိသော ပကတိရေသည်လည်း သံသရာခရီးသွားတို့အတွက် အကျိုးမပြုနိုင်ပါ။ မြစ်ထဲမှာ ကန်ထဲမှာ တွင်းထဲမှာ ရေတွေ ဘယ်လောက်ရှိနေနေ ဘ၀ ဘ၀က ဆည်းပူးသိုမှီး၍ထားခဲ့သော ကုသိုလ်ကောင်းမှုတည်းဟူသော ရိက္ခာသာ မပါခဲ့ပါက ထိုရေများကို သောက်၍ သုံး၍ရမည် မဟုတ်ပါ။

သာဝတ္ထိမြို့တော်က ကုန်သည်တို့သည် ဤသို့သောအခြင်းအရာကို မြစ်ကမ်းပါးရှိ သဲသောင်ပြင်တခုပေါ်၌ မျက်ဝါးထင်ထင် မြင်ခဲ့ကြရပါကုန်၏။
သာဝတ္ထိမြို့တော်ကြီးတခွင်၌ သာသနာတော်ကြီး အရောင်အ၀ါထွန်းလင်းဝင်းပ၍ နေချိန်တွင် သာဝတ္ထိမြို့သား ကုန်သည်တို့သည် ဥတ္တရာပထတိုင်းဘက်သို့ ကုန်ရောင်းသွားခဲ့ကြ၏။ ထိုအရပ်၌ ရောင်းချရန် ကုန်ပစ္စည်းမျိုးစုံကို လှည်းပေါင်းငါးရာတို့ဖြင့် တင်လာခဲ့ကြ၏။ ဥတ္တရာပထတိုင်းသို့ရောက်၍ ပါလာခဲ့သော ကုန်ပစ္စည်းတို့ကို ထိုက်တန်သည့်ဈေးဖြင့် ရောင်းချပြီးလျှင် မိမိတို့ရပ်ရွာမှာ လိုအပ်နေသော ကုန်ပစ္စည်းတို့ကို ဈေးသက်သက်သာသာနှင့် ၀ယ်ယူကာ လှည်းငါးရာအပြည့် တင်လာခဲ့ကြ၏။ ခရီးစဉ်အတိုင်း မနှေးမမြန် မောင်းလာခဲ့ကြ၍ မြစ်ကမ်းပါးတခုသို့ ရောက်လာသည်တွင် နေ၀င်ခါနီးလာပြီဖြစ်၍ ညအိပ်စခန်းချရန် ပြင်ဆင်ကြရလေသည်။

တနေ့တာလုံး လှည်းပေါင်းမိုးထဲတွင် အပူခံ၊ အအိုက်ခံ၊ အညောင်းခံ၍ လာခဲ့ကြရသဖြင့် ကုန်သည်တို့သည် မြစ်ရေသွင်သွင် မြင်ရသည်နှင့် တပြိုင်နက် မြစ်ကမ်းပါးသို့ အပြေးအလွှား ဆင်းလာခဲ့ကြ၏။ မြစ်ရေကြည်ကြည် အေးအေးကို တ၀ကြီးသောက်ကာ မြစ်ရေစီးကြောင်းထဲမှာ တကိုယ်လုံးနှစ်ကာ ရေချိုးရန် တာစူ၍လာခဲ့ကြ၏။
သူတို့သည် မြစ်ရေစပ်သို့မဆင်းရသေးမီမှာပင် သောက်ရတော့မည့်ရေ၊ ချိုးရတော့မည်ရေထက် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသော ရုပ်သဏ္ဌာန်တခုနဲ့ တိုးမိနေကြ၏။ ထိုသူမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းများအရ လူနှင့်တူသလိုလို ရှိပါ၏။ သို့ရာတွင် လူတယောက်ဟု မခေါ်နိုင်လောက်အောင် သူ့အခြေအနေမှာ ယိုယွင်းလှ၏။ လူ့ဘောင်လောကတွင် အရုပ်ဆိုးလှပါသည်ဟု သြချရသော သူတို့ထက်ပင် အဆမတန် အကျည်းတန်နေ၏။ သူသည် မြစ်ကမ်းစပ်မှာ ပက်လက်လဲလျောင်းနေသဖြင့် ၀မ်းဗိုက်နေရာက ပို၍ ဟောက်ပက်ဖြစ်နေ၏။ အသက်ကို ရှူသွင်းလိုက်သည့်အခါတိုင်း အသားမကပ်သော နံရိုးချောင်းများက ထိုးထိုးထောင်ထောင် ဖြစ်လာကြ၏။

ကုန်သည်တို့သည် ထူးဆန်းလှသော ရုပ်သဏ္ဌာန်ကို ၀ိုင်းအုံကြည့်ရှုကာ ရေသောက်ရန်၊ ရေချိုးရန် ကိစ္စကိုပင် ဂရုမစိုက်နိုင်ကြတော့ဘဲ-
အိုမိတ်ဆွေ၊ သင်က ဘာဖြစ်နေတာလဲ။ ဘာကြောင့် မြစ်ရေစပ်မှာ လှဲပြီး အိပ်နေရတာပါလဲ။
ဤသို့ သိလိုရေးနဲ့ မေးမြန်းကြလေရာ-
အို အဆွေတို့၊ ကျွန်တော်က လှဲအိပ်နေတာမဟုတ်ပါဘူးဗျာ၊ ဟန်ကို မဆောင်နိုင်တော့လို့ လဲကျနေရတာပါ။
သူ့အာခေါင်ထဲက ကွဲရှရှအသံဖြင့် အားယူပြီး ဖြေကြားသဖြင့်-
သြော်-မိတ်ဆွေရယ်၊ လဲကျတော့လည်း အားယူပြီး ပြန်ထပေါ့ဗျာ၊ ခင်ဗျားလက်တကမ်းမှာ မြစ်ရေသွင်သွင် စီးနေတာပဲဗျာ၊ ရေကြည်လေးတပေါက် သောက်လိုက်ရရင် အားတွေ အင်တွေ ပြန်ပြည့်လာမှာပေါ့ဗျာ။

မိတ်ဆွေတို့ပြောတာ မိတ်ဆွေတို့အတွက်တော့ အံကျဖြစ်နေမှာပေါ့ဗျာ။ ကျွန်တော့ပါးစပ်ကတော့ သောက်လို့ကိုမရပါဘူး။ ဟိုနားမှာ သောက်မရလို့ ဒီနားလာ။ တခါ ဒီနားက ဟန်မရပြန်တော့ ဟိုနားသွား။ ဒီလိုနဲ့ ရေသောက်ဖို့ ကြိုးစားရင်း ကြိုးစားရင်းနဲ့ ဒီမြစ်ကမ်းပါးမှာ ကျွန်တော့ခြေရာတွေ ထပ်နေကြပါပြီ။ ဒီလိုနဲ့ပဲ အားကုန်ပြီး လဲတော့တာပါပဲ။

ဤသို့ ဒုက္ခိတရုပ်သဏ္ဌာန်က ဖြေကြားလိုက်သည်တွင် ကုန်သည်တို့သည် လှည်းပေါ်မှာ အသင့်ပါလာသည့် အိုးများ၊ ခွက်များကို ပြန်ယူကာ မြစ်ရေကြည်ကို ခပ်ယူလာကြပြီးလျှင်-
ကဲ မိတ်ဆွေ ပါးစပ်သာ အစွမ်းကုန် ဖြဲထားပေတော့။ ခင်ဗျားဘာသာ သောက်မရတော့လည်း ဘာအရေးလဲဗျာ။ ကျွန်တော်တို့က လောင်းပေးမှာပေါ့။ ကဲ လာလေရော့ရေ၊ သောက်ပေတော့ အားရပါးရ။

ပြောပြောဆိုဆို ရေများလောင်းပေးကြ၏။ ဒုက္ခိတရုပ်သဏ္ဌာန်ကလည်း ကျလာသမျှရေကို တစက်ကလေးမျှ ဖိတ်စင်မသွားရအောင် ပါးစပ်ကျယ်ကျယ်ကြီးကို အစွမ်းကုန်ဖြဲ၍ ခံထား၏။ သို့သော် လောင်းလေသမျှသော ရေတို့သည် သူ့နှုတ်ခမ်းပေါ်ကသာ နံဘေးသို့ ဖိတ်စင်ကုန်တော့၏။

ကဲ တော်ကြပါတော့ မိတ်ဆွေတို့၊ အပင်ပန်း မခံကြပါနဲ့တော့။ ဒါလောက်ဆိုရင် ကျွန်တော့်အဖြစ်မှန်ကို မိတ်ဆွေတို့ သိလောက်ပါပြီ။ ကျွန်တော်တို့ ပြိတ္တာမျိုးဆိုတာ ရေမြင်တိုင်း သောက်လို့ရတာ မဟုတ်ပါဘူး။ ဗိုက်ထဲက ဆာလွန်းလို့ ပူလောင်လွန်းလို့သာ ရေရှိရာ ချဉ်းကပ်မိတာပါ။ ကမ္ဘာမြေပေါ်မှာ ရှိရျိသမျှ သောက်ရေ သုံးရေတွေဟာ ကျွန်တော်တို့လို ပြိတ္တာတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သီထားပြီးသားပါ။

အိုဗျာ၊ ဒါလောက်တောင်မှပဲ အဖြစ်က ဆိုးလှပါလား။ ဒါဖြင့် အခုလို ရောမသောက်ဘဲ နေခဲ့ရတာ ဘယ်လောက်များ ကြာခဲ့ပါပြီလဲ။
ငါးဆယ့်ငါးနှစ်လောက်တော့ ကောင်းကောင်းကြီး ပြည့်ခဲ့ပြီပေါ့ဗျာ။ရေလေးတပေါက်မှ မသောက်ခဲ့ရဘူးဆိုထားမှတော့ အစားအစာအတွက်လည်း ဖြေပြီးသား ဖြစ်သွားမှာပေါ့။

ဟုတ်ပါပြီဗျာ။ ကိုယ်ပြုခဲ့တဲ့ မကောင်းကံ ကိုယ့်ထံပဲ ပြန်လာတာပဲပေါ့။ ဒါကို ကျွန်တော်တို့ သင်ခန်းစာယူချင်ပါတယ်။ နောက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ တူသားနောင်မယ်တွေကို စံနမူနာ ပြချင်ပါတယ်။ မိတ်ဆွေရဲ့ အတိတ်ဇာတ်လမ်းကို သိပါရစေလား။

သိပါရစေမယ်ဗျာ။ သိပါရစေ့မယ်။ အခုဘ၀မှာ ရေကြည်တပေါက်တောင်မှ သောက်ခွင့်မရနိုင်တော့တဲ့ ကျွန်တော်ဟာ လူ့ဘ၀မှာတုန်းကတော့ တကယ့်ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီးတယောက်ပေပေါ့။ ပဏ္ဏမင်းများ အုပ်စိုးတဲ့နိုင်ငံက ဧရကစ္ဆ အမည်ရတဲ့မြို့မှာ ကျွန်တော်ပိုင်စိုးခဲ့ဖူးတဲ့ တိုက်တာတွေ၊ ရွှေငွေဘဏ္ဍာတွေ ၊ လယ်ယာချောင်းမြောင်းတွေ ဒီအတိုင်း ရှိနေကြပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ဘ၀ခြားလာခဲ့ပြီမို့ ဘာမှမဆိုင်တော့ပါဘူး။ ရွှေတွေ ငွေတွေကို အသာထားလို့ ရေကြည်လေးတပေါက်တောင်မှ သောက်လို့မရတာကို အမြင်ပဲ မဟုတ်ပါလားဗျာ။

ဟုတ်ပါတယ်ဗျာ။ ဟုတ်ပါတယ်။ ဒီလိုအဖြစ်မျိုးထိ ရောက်လာရအောင် ဘယ်လိုမကောင်းမှုတွေများ ပြုခဲ့မိလို့ပါလဲ။
ပြုခဲ့မိတဲ့ မကောင်းမှုကို ပြောရရင်တော့ ကျွန်တော့်လူနာမည် ဓနပါလ ဆိုတာကစပြီး ပြောရတော့မှာ ထင်ပါရဲ့။ ဓနပါလဆိုတာက ပစ္စည်းဥစ္စာကို စောင့်ရှောက်သူလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ်လို့ ဒီအမည်ကို အမေကပေးခဲ့တာလည်း မဟုတ်ဘူး။ အဖေက ပေးခဲ့တာလည်း မဟုတ်ဘူး။ ဆွေတွေမျိုးတွေက ပေးခဲ့တာလည်း မဟုတ်ဘူး။ ပတ်ဝန်းကျင် တခွင်လုံးက ပေးခဲ့တာပါ။ ကျွန်တော့စိတ်ဓာတ်နဲ့ ကျွန်တော့်အမူအကျင့် အံကိုက်အောင် ပြောင်လှောင်ခေါ်ကြရာက တွင်လာတဲ့အမည်ပါ။

ဓနပါလလို့ ခေါ်ရလောက်အောင်ပဲ ကျွန်တော်က ပစ္စည်းဥစ္စာကို အထိန်းအစောင့် ကောင်းခဲ့တာကိုး။ သားရဲတွင်းထဲ လမ်းမှားပြီးရောက်လာကြတဲ့ သမင်၊ ဒရယ်၊ ချေငယ်စတဲ့ သတ္တ၀ါလေးတွေ ပြန်လမ်းမရှိသလိုပေါ့ဗျာ။ ကျွန်တော့်အိမ်ဝ ရောက်လာကြတဲ့ ပစ္စည်းဆိုရင် ပြန်ပြီးတော့ ထွက်ကိန်းကို မရှိတော့ဘူး။ ကျွန်တော်က ရနိုင်သလောက် ရအောင် ကြိုးစားတယ်။ နောက်ပြီးတော့ ကုန်ရမယ့်အရေးဆိုရင်တော့ ဝေးဝေးက ရှောင်တယ်။ ဒီတော့ ကျွန်တော့ဘဏ္ဍာတိုက်တွေမှာ ရွှေတွေ၊ ငွေတွေ၊ ကျောက်မျက်ရတနာတွေဆိုတာများ အစုလိုက်အပြုံလိုက်ပေါ့။

တကယ်လို့များ ကျွန်တော်ပိုင်တဲ့ ရွှေငွေရတနာ ပစ္စည်းတွေကို နေရာပြောင်းရွှေ့ရမယ်ဆိုရင်တော့ မလွယ်ဘူး။ အကြမ်းဖျင်းအားဖြင့် နွားလှည်းတစီးတစီးမှာ ဆန်စပါး တင်းနှစ်ဆယ်နိုင်တယ်ဆိုပါတော့။ အဲဒီလို လှည်းမျိုးနဲ့ တင်ရင်တောင်မှ စီးရေပေါင်း ရှစ်ဆယ်လောက် တင်ယူရလိမ့်မယ်။

အဲသလို အပြင်အပက ပစ္စည်းတွေ ပေါခဲ့ပေမယ့် အတွင်းပစ္စည်းကျတော့ ချို့တဲ့ခဲ့တယ်ဗျာ။ ကျွန်တော့ လူ့ဘ၀တသက်တာမှာ စုဖို့ဆောင်းဖို့သာ အာရုံစိုက်ခဲ့မိတယ်။ ပေးဖို့ကမ်းဖို့ကျတော့ ကိုယ်နှင့်ဘာမှမဆိုင်သလိုကြီး နေခဲ့မိတယ်။ သူများကို ပေးဖို့ဆိုရင် ပစ္စည်းဥစ္စာကို မဆိုထားနဲ့ စားကြွင်းစားကျန်ကိုတောင် လာတောင်းကြမှာ စိုးလွန်းလို့ ထမင်းစားတဲ့အခါမှာ အိမ်ဝင်းတံခါးကို ပိတ်ထားကြရတယ်။

ကဲ - နှမျောတဲ့ဘ၀မှာတော့ ကမ်းကုန်ရောဆိုကြပါစို့။ တကယ်တော့ ဒီလို ကိုယ့်ပစ္စည်းကို ကိုယ့်ဘာသာ နှမျောနေတာက ဘာမှ အပြစ်မကြီးသေးဘူးနော်။ ဒါပေမယ့် ကျွန်တော်က နှမျောရုံနဲ့ ရပ်နေနိုင်တဲ့ ကောင်စားက မဟုတ်ပေဘူး။ ဘယ့်နှယ်ဗျာ ကျွန်တော်က ဘာဆိုဘာမှ သူများနဲ့ မပတ်သက်ချင်ပါဘူးဆိုမှ ကျွန်တော့ပတ်ဝန်းကျင်က လူတွေက လော်မာလိုက်ကြတာလေ။ အများကောင်းကျိုး သယ်ပိုးရမယ်လို့ သံကုန်ဟစ်ပြီးတော့ ရေကန်တွေတူးလိုက်ကြတာ။ ရေတွင်းတွေ တူးလိုက်ကြတာ၊ ဥယျာဉ်ပန်းမန်တွေ စိုက်လိုက်ကြတာ၊ ချောင်းတွေမြောင်းတွေတွေ့တိုင်း တံတားခင်းလိုက်ကြတာ၊ တတ်နိုင်တဲ့သူတွေက တတ်နိုင်သလောက် အကျယ်ချဲ့ကြတာပေါ့ဗျာ။ သူတို့လို မတတ်နိုင်တဲ့သူတွေကတောင်မှ သူတို့အတုကို ခိုးပြီး လုပ်ကြသေးသလေ။ လမ်းလေးခွဆုံမှာ အရိပ်ကောင်းကောင်းလေး ရှိနေပြီဆိုရင် ရောက်လာပါလိမ့်ဗျာ။ ရေအိုးစင်တွေ တခုပြီးတခု။

ဒါတွေကို ပတ်ဝန်းကျင်လူအားလုံးက အများကောင်းစားရေးတဲ့။ ကုသိုလ်ရေးမို့ အားပေးသင့်သတဲ့။ ကျွန်တော့်အမြင်နဲ့တော့ ဒါတွေ ဒါတွေ အားလုံးဟာ ကျွန်တော့်ကို ပြောင်လှောင်နေတာပဲ။ ကျွန်တော့်ကို ရန်စနေကြတာပဲ။ ကျွန်တော့်ကို တိုက်ခိုက်နေကြတာပဲ။
ဟုတ်သလေ။ မိတ်ဆွေတို့ စဉ်းစားကြည့်ပါလား။ သူများတွေက ဟိုဟာတွေလုပ်တယ်။ ဒီဟာတွေလုပ်တယ်။ ကျွန်တော်က ဘာဆိုဘာမှ မလုပ်ဘူး။ ဒီတော့ သူတို့လုပ်ထားတာတွေ များလာလေ။ လူတွေက ကျွန်တော့်ကို မျက်စောင်းထိုးလာလေ။ ဓနပါလဆိုမှတော့ ဘာအကျခံမလဲကွာ-ဆိုတဲ့ အသံတွေက ညံလာလေလေ။

ဒီတော့ ကျွန်တော်က သူတို့လုပ်ထားတာတွေမှန်သမျှ ဖျက်ဆီးပစ်ရတော့တာပေါ့။ အဲ ဖျက်တဲ့နေရာမှာလည်း ရာဇ၀တ်အပြစ်ဒဏ်က လွတ်အောင် ရှောင်ရသေးသနော်။ ကိုယ့်အပေါ်မှာ အမှုပတ်မလာရအောင် ဆင်းရဲသားလူမိုက်တွေကို ငွေပေးပြီး ခိုင်းရတာ။ ဒီလိုပေးရတာမျိုးကျတော့ ကျွန်တော့်လက်က ရက်ရောခဲ့ပေသားဗျို့။

အဲဗျာ၊ ဒါတွေက ပြီးခဲ့ပါပြီ။ အခုလို အခြေမျိုးရောက်ခါမှ နောင်တရနေတော့လည်း အပိုပါပဲ။ လူ့ဘောင်လောကက ရာဇ၀တ်ပြစ်မှုကို ပါးပါးနပ်နပ်နဲ့ ရှောင်နိုင်ခဲ့ပေမယ့် သံသရာပြစ်မှုကိုတော့ ဘယ်ပြေးလို့ လွတ်နိုင်မလဲနော်။ ကျေးဇူးတင်ပါတယ်ဗျာ။ အခုလောလောဆယ်မှာ မိတ်ဆွေတို့ ကြိုးစားမှုနဲ့ ရေကြည်တပေါက် သောက်လို့မရပေမယ့် ကျွန်တော် စိတ်ဓာတ်မကျသေးပါဘူး။ တနေ့နေ့မှာတော့ မိတ်ဆွေတို့ပြုပြင်သမျှ ကုသိုလ်အမျှကို သာဓုခေါ်ခွင့်သာ ရပါရစေ။

ကောင်းပါပြီဗျာ။ ရပါစေ့မယ်။ သာဝတ္ထိမြို့တော်ကြီးကို ပြန်ရောက်တဲ့အခါမှာ ဘုရားအမှူးရှိတဲ့ သံဃာတော်များထံ ကုသိုလ်ကောင်းမှုပြုပြီးတော့ အမျှဝေလိုက်ပါ့မယ်။ ကုန်သည်တို့သည် ဤသို့ ၀န်ခံစကား ပြောကြားပြီး၍ တညတာနားနေပြီးလျှင် နံနက်လင်းသောအခါ ပက်လက်အတိုင်း ရှိနေသေးသော ပြိတ္တာကို နှုတ်ဆက်၍ ပြန်လာခဲ့ကြလေသည်။
( ပေတ၀တ္ထု၊ ဥဗ္ဗရိဝဂ်၊ ဓနပါလ သေဋ္ဌိပေတ၀တ္ထု၊ ပါဠိတော်အဋ္ဌကထာတို့ကို အခြေပြု၍ ရေးသားပါသည်။)

ဝဏ္ဏသီရိ
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

Sunday, April 25, 2010

ပိဋကတ်သုံးပုံ ဓမ္မစေတီဘုရားရှိခိုးကြီး

လယ်တီဆရာတော်ဘုရားကြီး အမြဲမပြတ် ရှိခိုးပူဇော်သော
ပိဋကတ်သုံးပုံ ဓမ္မစေတီဘုရားရှိခိုးကြီး။

မုံရွာမြို့ လယ်တီကျောင်းတိုက်ကြီးကို စတင် တည်ထောင်တော်မူခဲ့သော သီလ၊ သမာဓိ၊ ပညာ ဂုဏ်တို့ဖြင့် မြန်ပြည်တလွှား ထက်အောက်ညာကြေသာမက ကမ္ဘာအရပ်ရပ်သို့ ကျော်စောခြင်း ရှိတော်မူ၍ ပရိယတ္တိဝိသာရဒ ပိဋကတ္တယပါရဂူ အနေက ဂန္ထကာရက ဖြစ်တော်မူသည့် လယ်တီဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေ သင်ကြားလိုသော အနယ်နယ်အရပ်ရပ်မှ လာရောက်ခိုလှုံကြကုန်သော တပည့်အများ စာသင်တို့အား ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ ဂဏ္ဌိ ကျမ်းစုံညှိလျက် သင်ကြားပို့ချပေးတော်မူခဲ့သည်။

ပရိယတ္တိ ပို့ချသောတာဝန် ရပ်နားအားလပ်သည့် အချိန်များတွင် ပဋိပတ္တိတာဝန်ကို အားသွန်ကြိုးပမ်း ကျင့်ကြံတော်မူခဲ့ပြန်သည်။ ယင်းမှတဖန် ပဋိဝေဓ အမြိုက်သီးတို့ကို မိမိကိုယ်တိုင်သာမက ရဟန်း၊ ရှင်၊ လူ၊ ပုဂ္ဂိုလ်ဟူသမျှတို့ကို သံသရာဝဋ်စခန်းမှ လွတ်မြောက်ရန် ကျင့်ကြံနည်း၊ အားထုတ်နည်း ဖြစ်တော်မူသော ဒီပနီကျမ်းပေါင်း မြောက်မြားစွာကို ရေးသားပြုစုတော်မူခဲ့သောကြောင့် အင်္ဂလိပ်အစိုးရတို့ ပူဇော်သော အာဒိကမ္မိက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်နှင့် အင်္ဂလန်ဘုရင်မကြီးက ပူဇော်သော ဒီလစ် (ဒေါက်တာ) ဘွဲ့ကို ခံယူရရှိတော်မူသည်။

ဆရာတော်ကြီးသည် စာပေပါရဂူ ဖြစ်သည့်ပြင် ၀ိပဿနာဘက်တွင်လည်း ၀ိပဿနာရှုပုံ မဂ်ရောက် ဖိုလ်ရောက် နိဗ္ဗာန်ပေါက်အောင် နည်းအမျိုးမျိုးထုတ်ဆောင်၍ အကျဉ်းအကျယ် နည်းနှစ်သွယ်ဖြင့် ကမ္မဋ္ဌာန်းကျမ်းကြီးကို ရေးသား စီရင်တော်မူခဲ့၏။

ဆရာတော်ကြီး၏ နည်းနိဿယများဖြင့် ၀ိပဿနာဘက်တွင် ပေါက်ရောက်အောင်မြင်ခဲ့ကြသော အနာဂါမ်ဆရာသက်ကြီး၊ ဆရာကြီး ဦးဘခင်၊ ကမ္ဘာ့သာသနာပြု ဆရာကြီး ဂိုအင်ကာ-စသည့် ပုဂ္ဂိုလ်ကြီးများသည် ဆရာတော်ကြီး၏ တပည့်များ ဖြစ်ကြပေသည်။

ဆရာတော်ကြီးသည် မဟာသရဏဂုံတော်ကြီးဖြင့် ပိဋကတ်သုံးပုံ ဓမ္မစေတီဘုရားရှိခိုးကြီးကို ရေးသားစီရင်၍ အမြဲမပြတ် ရှိခိုးပူဇော်ခဲ့ပါသည်။ ပိဋကတ်သုံးပုံ၏ ဂုဏ်တော် (၂၃) ဟုလည်း ခေါ်ဆိုနိုင်ပါသည်။


တေန ဘဂ၀တာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဒေသိတာနိ ပညတ္တာနိ တီဏိ ပိဋကာနိ။ ကတမာနိ တီဏိ၊ ၀ိနယပိဋကံ, သုတ္တန္တပိဋကံ, အဘိဓမ္မပိဋကန္တိ။ ဣမာနိ တီဏိ ပိဋကာနိ-
၁။ အာဒိကလျာဏာနိ
၂။ မဇ္ဈေကလျာဏာနိ
၃။ ပရိယောသာန ကလျာဏာနိ
၎။ သာတ္ထာနိ
၅။ သဗျဉ္ဖနာနိ
၆။ ကေ၀လ ပရိပုဏ္ဏာနိ
၇။ ပရိသုဒ္ဓါနိ
၈။ သိက္ခတ္တယ သင်္ဂဟိတဿ ဗြဟ္မာစရိယဿ ပကာသကာနိ
၉။ အတ္ထဂမ္ဘီရာနိ
၁၀။ ဓမ္မဂမ္ဘီရာနိ
၁၁။ ဒေသနာ ၈မ္ဘီရာနိ
၁၂။ ပဋိဝေဓ ဂမ္ဘီရာနိ
၁၃။ သီလက္ခန္ဓ ဘာဇနာနိ
၁၄။ သမာဓိက္ခန္ဓ ဘာဇနာနိ
၁၅။ ပညာက္ခန္ဓ ဘာဇနာနိ
၁၆။ ၀ိမုတ္တိက္ခန္ဓ ဘာဇနာနိ
၁၇။ ၀ိမုတ္တိဉာဏဒဿနက္ခန္ဓ ဘာဇနာနိ
၁၈။ အဘိညာ သံဝတ္တနိကာနိ
၁၉။ ပရိညာ သံဝတ္တနိကာနိ
၂၀။ သမ္ဗောဓ သံဝတ္တနိကာနိ
၂၁။ ၀ိရာဂ သံဝတ္တနိကာနိ
၂၂။ နိရောဓ သံဝတ္တနိကာနိ
၂၃။ နိဗ္ဗာန သံဝတ္တနိကာနိ
နမော တေသံ တိဏ္ဏံ ပိဋကာနံ အာဒိကလျာဏာနံ မဇ္ဈေကလျာဏာနံ ပရိယောသာနကလျာဏာနံ၊ သာတ္ထာနံ၊ သဗျဉ္ဖနာနံ၊ ကေ၀လ ပရိပုဏ္ဏာနံ၊ ပရိသုဒ္ဓါနံ၊ သိက္ခတ္တယ သင်္ဂဟိတဿ ဗြဟ္မာစရိယဿ ပကာသကာနံ၊ အတ္ထဂမ္ဘီရာနံ၊ ဓမ္မဂမ္ဘီရာနံ၊ ဒေသနာဂမ္ဘီရာနံ၊ ပဋိဝေဓဂမ္ဘီရာနံ၊ သီလက္ခန္ဓ ဘာဇနာနံ၊ သမာဓိက္ခန္ဓ ဘာဇနာနံ၊ ပညာက္ခန္ဓ ဘာဇနာနံ၊ ၀ိမုတ္တိက္ခန္ဓ ဘာဇနာနံ၊ ၀ိမုတ္တိဉာဏဒဿနက္ခန္ဓ ဘာဇနာနံ၊ အဘိညာ သံဝတ္တနိကာနံ၊ ပရိညာ သံဝတ္တနိကာနံ၊ သမ္ဗောဓ သံဝတ္တနိကာနံ၊ ၀ိရာဂ သံဝတ္တနိကာနံ၊ နိရောဓ သံဝတ္တနိကာနံ၊ နိရောဓ သံဝတ္တနိကာနံ၊ နိဗ္ဗာန သံဝတ္တနိကာနံ။

ဒုတိယမ္ပိ---နမော တေသံ တိဏ္ဏံ ပိဋကာနံ အာဒိကလျာဏာနံ (ပ) သံဝတ္တနိကာနံ။
တတိယမ္ပိ---နမော တေသံ တိဏ္ဏံ ပိဋကာနံ အာဒိကလျာဏာနံ (ပ) သံဝတ္တနိကာနံ။
( ပိဋကတ်သုံးပုံ၏ ဂုဏ်တော် ၂၃-ဟုလည်း ခေါ်ဆိုနိုင်ပါသည်)။

အနက်အဓိပ္ပါယ်။
ဇာနတာ-သိတော်မူတတ်ထသော၊ ပဿတာ-မြင်တော်မူတတ်ထသော၊ အရဟတာ-ပူဇော်အထူးကို ခံတော်မူထိုက်ထသော၊ သမ္မာသမ္ဗုဒ္ဓေန-မဖောက်မပြန် ကိုယ်တော်တိုင် တရားအားလုံးကို သိတော်မူသော၊ တေန ဘဂ၀တာ-ထိုရှင်တော်မြတ်ဘုရားသည်၊ ဒေသိတာနိ-ဟောကြားအပ်ကုန်သော၊ ပညတ္တာနိ-ပညတ်အပ်ကုန်သော၊ (၀ါ) အပြားအားဖြင့် သိစေအပ်ကုန်သော၊ တီဏိ-သုံးပါးကုန်သော၊ ပိဋကာနိ-ပိဋကတ် တို့သည်၊ သန္တိ-ရှိကုန်၏။

တီဏိ-သုံးပါးတို့ဟူသည်၊ ကတမာနိ-အဘယ်သည်သို့နည်း။
ဝိနယပိဋကံ-၀ိနယပိဋက၄င်း၊ သုတ္တန္တပိဋကံ-သုတ္တန္တပိဋက၄င်း၊ အဘိဓမ္မပိဋကံ-အဘိဓမ္မာပိဋက၄င်း၊ ဣတိ-ဤသို့၊ ပိဋကာနိ-ပိဋကတ်တို့သည်၊ ဣမာနိ တီဏိ-ဤသုံးပါးတို့ပေတည်း။

(၁) အာဒိကလျာဏာနိ-အစ၏ကောင်းခြင်းနှင့်လည်း ပြည့်စုံတော်မူပါပေကုန်၏။
(၂) မဇ္ဈေကလျာဏာနိ-အလယ်၏ကောင်းခြင်းနှင့်လည်း ပြည့်စုံတော်မူပါပေကုန်၏။
(၃) ပရိယောသာနကလျာဏာနိ-အဆုံး၏ကောင်းခြင်းနှင့်လည်း ပြည့်စုံတော်မူပါပေကုန်၏။
(၄) သာတ္ထာနိ-အနက်အဓိပ္ပါယ်တို့နှင့်လည်း ပြည့်စုံတော်မူပါပေကုန်၏။
(၅) သဗျဉ္ဖနာနိ-သဒ္ဒါ, ပုဒ်, ဗျည်းတို့နှင့်လည်း ပြည့်စုံတော်မူပါပေကုန်၏။
(၆) ကေ၀လပရိပုဏ္ဏာနိ-အပိုအလိုမရှိ အလုံးစုံနှင့်လည်း ပြည့်စုံတော်မူပါပေကုန်၏။
(၇)ပရိသုဒ္ဓါနိ-ခရုသင်းကဲ့သို့ ထက်ဝန်းကျင်မှ စင်ကြယ်ပါပေကုန်၏။
(၈) သိက္ခတ္တယ သင်္ဂဟိတဿ-သီလ, သမာဓိ, ပညာ-ဟူသော သိက္ခာသုံးပါးဖြင့် ရေတွက်အပ်သော၊ ဗြဟ္မစရိယဿ-မြတ်သောအကျင့်ကို၊ ပကာသကာနိ-ထင်ရှားစွာပြတတ်ပါပေကုန်၏။
(၉) အတ္ထဂမ္ဘီရာနိ-အနက်, အကျိုး, အဓိပ္ပါယ်အားဖြင့် နက်နဲတော်မူပါပေကုန်၏။
(၁၀) ဓမ္မဂမ္ဘီရာနိ-သဒ္ဒါ, အကြောင်း, အဓိပ္ပါယ်အားဖြင့် နက်နဲတော်မူပါပေကုန်၏။
(၁၁) ဒေသနာဂမ္ဘီရာနိ-ဟောစဉ်အားဖြင့် နက်နဲတော်မူပါပေကုန်၏။
(၁၂) ပဋိဝေဓဂမ္ဘီရာနိ-ထိုးထွင်း၍သိရာ၌ နက်နဲတော်မူပါပေကုန်၏။
(၁၃) သီလက္ခန္ဓဘာဇနာနိ-သီလအစုတို့ဖြင့် ခွဲခြားဝေဖန်အပ်ပါပေကုန်၏။
(၁၄) သမာဓိက္ခန္ဓဘာဇနာနိ-သမာဓိအစုတို့ဖြင့် ခွဲခြားဝေဖန်အပ်ပါပေကုန်၏။
(၁၅) ပညက္ခ္ဓဘာဇနာနိ-ပညာအစုတို့ဖြင့် ခွဲခြားဝေဖန်အပ်ပါပေကုန်၏။
(၁၆) ၀ိမုတ္တိက္ခန္ဓဘာဇနာနိ-သံသရာမှ လွတ်ကြောင်းအစုတို့ဖြင့် ဝေဖန်အပ်ပါကေုန်၏။
(၁၇) ၀ိမုတ္တိဉာဏဒဿက္ခန္ဓဘာဇနာနိ-ကိလေသာတို့မှ လွတ်ကြောင်းအသိဉာဏ် အမြင်အစုတို့ဖြင့် ခွဲခြားဝေဖန်အပ်ပါပေကုန်၏။
(၁၈) အဘိညာသံဝတ္တနိကာနိ-ထူးသောဉာဏ်ဖြင့် သိခြင်းကို ဖြစ်စေတတ်ပါပေကုန်၏။
(၁၉) ပရိညာသံဝတ္တနိကာနိ-ပိုင်းခြားသောဉာဏ်ဖြင့် သိခြင်းကို ဖြစ်စေတတ်ပါပေကုန်၏။
(၂၀) သမ္ဗောဓသံဝတ္တနိကာနိ-ထိုးထွင်း၍သိခြင်းကို ဖြစ်စေတတ်ပါပေကုန်၏။
(၂၁) ၀ိရာဂသံဝတ္တနိကာနိ- ရာဂကင်းခြင်းကို ဖြစ်စေတတ်ပါပေကုန်၏။
(၂၂) နိရောဓသံဝတ္တနိကာနိ-ကိလေသာမှ ချုပ်ငြိမ်းခြင်းကို ဖြစ်စေတတ်ပါပေကုန်၏။
(၂၃) နိဗ္ဗာနသံဝတ္တနိကာနိ-နိဗ္ဗာန် (၀ါ) တဏှာကင်းခြင်းကို ဖြစ်စေတတ်ပါပေကုန်၏။

အာဒိကလျာဏာနံ-အစ၏ကောင်းခြင်းနှင့် ပြည့်စုံကုန်သော၊ မဇ္ဈေကလျာဏာနံ-အလယ်၏ကောင်းခြင်းနှင့် ပြည့်စုံကုန်သော၊ ပရိယောသာနကလျာဏာနံ-အဆုံး၏ကောင်းခြင်းနှင့် ပြည့်စုံကုန်သော၊ သာတ္ထာနံ-အနက်အဓိပ္ပါယ်နှင့် ပြည့်စုံကုန်သော၊ သဗျဉ္ဖနာနံ-သဒ္ဒါ, ပုဒ်, ဗျည်းတို့နှင့် ပြည့်စုံကုန်သော၊ ကေ၀လပရိပုဏ္ဏာနံ-အပိုအလိုမရှိ အလုံးစုံနှင့် ပြည့်စုံကုန်သော၊ ပရိသုဒ္ဓါနံ-ခရုသင်းကဲ့သို့ ထက်ဝန်းကျင်မှ စင်ကြယ်ကုန်သော၊ သိက္ခတ္တယ သင်္ဂဟိတဿ-သီလ, သမာဓိ, ပညာ-ဟူသော သိက္ခာသုံးပါးဖြင့် ရေတွက်အပ်သော၊ ဗြဟ္မစရိယဿ-မြတ်သောအကျင့်ကို၊ ပကာသကာနံ-ထင်ရှားစွာပြတတ်ကုန်သော၊ အတ္ထဂမ္ဘီရာနံ-အနက်, အကျိုး, အဓိပ္ပါယ်အားဖြင့် နက်နဲကုန်သော၊ ဓမ္မဂမ္ဘီရာနံ-သဒ္ဒါ, အကြောင်း, အဓိပ္ပါယ်အားဖြင့် နက်နဲ ကုန်သော၊ ဒေသနာဂမ္ဘီရာနံ-ဟောစဉ်အားဖြင့် နက်နဲကုန်သော၊ ပဋိဝေဓဂမ္ဘီရာနံ-ထိုးထွင်း၍သိရာ၌ နက်နဲ ကုန်သော၊ သီလက္ခန္ဓဘာဇနာနံ-သီလအစုတို့ဖြင့် ခွဲခြားဝေဖန်အပ်ကုန်သော၊ သမာဓိက္ခန္ဓဘာဇနာနံ-သမာဓိအစုတို့ဖြင့် ခွဲခြားဝေဖန်အပ်ကုန်သော၊ ပညက္ခ္ဓဘာဇနာနိ-ပညာအစုတို့ဖြင့် ခွဲခြားဝေဖန်အပ်ကုန်သော၊ ၀ိမုတ္တိက္ခန္ဓဘာဇနာနံ-သံသရာမှ လွတ်ကြောင်းအစုတို့ဖြင့် ဝေဖန်အပ်ကုန်သော၊ ၀ိမုတ္တိဉာဏဒဿက္ခန္ဓဘာဇနာနံ-ကိလေသာတို့မှ လွတ်ကြောင်းအသိဉာဏ် အမြင်အစုတို့ဖြင့် ခွဲခြားဝေဖန်အပ်ကုန်သော၊ အဘိညာသံဝတ္တနိကာနံ-ထူးသောဉာဏ်ဖြင့် သိခြင်းကို ဖြစ်စေတတ်ကုန်သော၊ ပရိညာသံဝတ္တနိကာနံ-ပိုင်းခြားသောဉာဏ်ဖြင့် သိခြင်းကို ဖြစ်စေတတ်ကုန်သော၊ သမ္ဗောဓသံဝတ္တနိကာနံ-ထိုးထွင်း၍သိခြင်းကို ဖြစ်စေတတ်ကုန်သော၊ ၀ိရာဂသံဝတ္တနိကာနံ- ရာဂကင်းခြင်းကို ဖြစ်စေတတ်ကုန်သော၊ နိရောဓသံဝတ္တနိကာနံ-ကိလေသာမှ ချုပ်ငြိမ်းခြင်းကို ဖြစ်စေတတ်ကုန်သော၊ နိဗ္ဗာနသံဝတ္တနိကာနံ-နိဗ္ဗာန် (၀ါ) တဏှာကင်းခြင်းကို ဖြစ်စေတတ်ကုန်သော၊ တိဏ္ဏံ-သုံးပါးကုန်သော၊ တေသံ ပိဋကာနံ-ထိုပိဋကတ်တို့အား၊ နမော-ရှိခိုးပါ၏။

ဒုတိယမ္ပိ-နှစ်ကြိမ်မြောက်လည်း၊
တတိယမ္ပိ-သုံးကြိမ်မြောက်လည်း၊

ဆရာဦးစိန်လှိုင် (ကျိုက်လတ်)
ပူဇော်သည်
(သူရဇ္ဖ ၂၀၀၈-ခု မေလ)

Friday, April 23, 2010

လောဘမီး

ဘယ်လိုလဲ ငါ့တူမ၊ ဒီတခါတော့ ဆန်ရတယ် မဟုတ်လား။
အရင်အတိုင်းပါပဲ ဒေါ်လေးရယ်၊ စပါးတတင်းကို ၆-ပြည်ကကို မကျော်နိုင်အောင်ပါပဲ။
စပါးကြိတ်သွားသော တူမဖြစ်သူအား အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းက ပြောလိုက်ခြင်းဖြစ်သည်။
အိမ်ခြေတထောင်ခန့်ရှိသော သပြေတောရွာကြီးတွင် စပါးကြိတ်သည့် ဆန်စက်ကြီးဟူ၍ ၀ိုင်းဝိုင်းလည်-အမည်ရှိ စပါးစက်ကြီးသာလျှင် တလုံးတည်း ရှိပါသည်။

တရွာလုံးက တောင်သူလယ်သမားများမို့ စပါးကြိတ်စားသူ များသည်။ တခြား ဟာလာစက်ကလေးတွေလည်း ရှိသည်။ သို့သော်လည်း ဟာလာစက်ဆိုတာက စပါးကို နေလှမ်းပြီး ကြိတ်ရတာမို့ အလုပ်ပိုသည်။ ဆန်ကြေသည်။ ဖွဲထွက်သည့်အထဲ ဆန်ကွဲတွေပါလို့ ဆန်အရနည်းသည်ဆိုပြီး ဟာလာစက်ကလေးတွေမှာ ကြိတ်သူရှားသည်။ ဒါကြောင့်လည်း ၀ိုင်းဝို်င်းလည်-စက်ကြီးမှာသာ တရွာလုံးက အားထားပြီး စပါးလာကြိတ်ကြခြင်း ဖြစ်သည်။

ခက်တာပဲ တူမရယ်။ တခါလာလဲ ၆-ပြည်၊ နှစ်ခါလာလဲ ၆-ပြည်ဆိုတော့ စပါးတတင်းကို ၆-ပြည်ကြီးပဲ ဖြစ်နေပါလားအေ။ ဒီလောက် စပါးကောင်းတဲ့ဟာ။ ၇-ပြည်ကတော့ အနည်းဆုံး ရသင့်တာပဲ။ ဒီစက် မဟုတ်တော့ဘူးနော်။ တော်တော်လူပြောများနေပြီ။

ဒေါ်ခင်သန်းတယောက် ဗျစ်တောက် ဗျစ်တောက်နှင့် ပြောနေစဉ်မှာပင် အိမ်ဘေးမှ ဒေါ်လှဝင်း ရောက်လာသည်။
ဟုတ်တယ် မမသန်းရေ၊ ကျွန်မတို့လည်း မနေ့ကမှ စပါး ၅-တင်းသွားကြိတ်လိုက်တာ ခြင်ကြည့်တော့ တတင်းကို၆-ပြည်စကေးပဲ ရလာတယ်လေ။ စပါးတတင်းကြိတ်ရင် ဆန်တပြည်လောက်တော့ အနည်းဆုံး ကျွန်မတို့ ဆုံးရှုံးနေရတာ မမသန်းရဲ့။ ကျွန်မတော့ ဒီမှာ စပါးကြိတ်ရတာ စိတ်ကိုပျက်ရောပဲ။

အေးဟယ် ငါလည်း ဒီစက်မှာကြိတ်ရတာ တော်တော်ကို စိတ်ညစ်နေပြီ။ ဆန်အရနည်းလို့ စက်ပိုင်ရှင်တွေကို အဘိဇ္ဈာပွား၊ မေတ္တာပို့ရတာနဲ့ ကြာရင် နှလုံးရောဂါ စွဲနိုင်တဲ့ကိန်းပဲ လှဝင်းရေ။
ထိုအချိန်မှာပဲ တဖက်အိမ်မှ ဒေါ်ခင်နှင်း ဆိုသူ ရောက်လာပြန်သည်။
ဟုတ်တယ်၊ ဟုတ်တယ် မသန်းရေ၊ ကျွန်မဆို ဒီစက်အကြောင်း ကောင်းကောင်းကြီးကို သိနေပြီရှင်ရေ၊ ဒီစက်မှာ စပါးတတင်းကို ၆-ပြည်ပဲ ရတယ်ဆိုတဲ့ ကျွန်မစပါးဟာ ဟိုး-ဆယ်မိုင်ရွာက စေတနာ မေတ္တာ-ဆိုတဲ့ ဆန်စက်ကြီးမှာ သွားကြိတ်တော့ တတင်းကို ၇-ပြည်ကတောင် နို့ဆီဗူးတလုံး ပိုသေးတယ်။ ဆန်လည်းဖြူတယ်။ စက်ကြိတ်ခလည်း သက်သာတယ်။ ကျွန်မစပါးထက် ကောင်းတဲ့စပါးဆိုရင် ဟိုတလောလေးကပဲ ဒေါ်စိန်ခင် သွားကြိတ်တာ တတင်းကို ၇-ပြည်နဲ့ ၄-လုံး ရလာတယ်တဲ့။ အဲဒီစက် ပုံမှန်စက်ပဲ။ စေတနာမေတ္တာ ဆိုတဲ့အတိုင်း စပါးအပေါ်မူတည်ပြီး ဆန်ထွက်သလောက် စေတနာနဲ့ အပြည့်အ၀ပေးတယ်။ အဲဒါကြောင့် ကျွန်မတော့ စေတနာ မေတ္တာ ဆန်စက်ကို မုဒိတာပွားမိပါရဲ့ရှင်။ အမည်နဲ့လိုက်လို့ ညအိပ်ရာဝင်တိုင်း စက်ပိုင်ရှင်တွေကို ကျန်းမာချမ်းသာစေဖို့ မေတ္တာပို့ရတာ မမောနိုင်အောင်ပဲ မသန်းရေ။

ဟုတ်ပါသည်။ ဆယ်မိုင်ရွာဆိုသည့်အတိုင်း သပြေတောရွာနှင့် ဆယ်မိုင်ဝေးသည့် ထိုရွာက စေတနာမေတ္တာ ဆိုတဲ့ စပါးစက်ကြီးတွင် ဆန်ပိုရသည်မို့ အနီးအနားရွာကလူတွေ လှည်းနဲ့တမျိုး၊ ကားနှင့်တဖုံ စပါးသွားကြိတ်ကြသည်။
တချို့ရွာသား အနည်းအကျဉ်းသာ အလုပ်ရှုပ်တယ်ဆိုပြီး သွားမကြိတ်ကြ။ ကိုယ့်ရွာမှာသာ ရသလောက် အောင့်အီးသည်းခံပြီး ကြိတ်နေကြသည်။ ကြာလာတော့လည်း ရွာသားတွေက တယောက်တပေါက်နှင့် ၀ိုင်းဝိုင်းလည် ဆန်စက် မကောင်းကြောင်း လူပြောများလာတော့သည်။

အမှန်တကယ်လည်း ၀ိုင်းဝိုင်းလည် ဆန်စက်ပိုင်ရှင်များသည် ရသထက်ရချင် လောဘ၀င်နေခြင်းဖြစ်သည်။ ဆန်ကြိတ်ခကို သူများထက် ပိုယူသလို ဆန်အရလည်း နည်းသည်။ စပါးတတင်းကြိတ်ကို ၆-ပြည်ထက် ပို၍မပေး။ ၆-ပြည်ကပိုတာ သူတို့အပိုင်စီး ယူထားလိုက်သည်။

သူတို့အဖို့ အမြတ်အစွန်းဆိုတာ ဖွဲနု၊ ဖွဲကြမ်း၊ ဆန်ကွဲ ရောင်းရငွေဖြင့် ရနေပြီးဖြစ်သော်လည်း ကမ်းမသတ်နိုင်သည့် လောဘမီးကြောင့် ရွာသားတွေ၏ သောကကို မမြင်နိုင်ခဲ့။ ဆောင်းဦးပေါက် စပါးပေါ်ချိန်တွင် ၀ိုင်းဝိုင်းလည် ဆန်စက်ပိုင်ရှင်များသည် စပါးကြိတ်သူများသည့်အတွက် ၀ိုင်းဝိုင်းလည်ကာ အောင်သီးအောင်နှံများကို စားသုံးကာ အောင်ပွဲခံလျက် ရှိနေတော့သည်။

ရာသီစက်ဝန်း ပြောင်းလဲခဲ့ရာ ၁၅-နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီ။
တနေ့သောအခါ မူးယစ်ဆေးဝါး သုံးစွဲ၍ မိသားစုနှင့် စကားများပြီး အိမ်ကဆင်းသွားသည့် ၀ိုင်းဝိုင်းလည် ဆန်စက်ပိုင်ရှင်၏ အငယ်ဆုံးသား နိုင်ထွေး အိမ်ပြန်ရောက်လာသည်။ ပျောက်သွားသည်မှာ ၈-နှစ်ခန့် ရှိပြီမို့လည်း သူ့ကို မိသားစုက သေစာရင်းထဲ သွင်းထားခဲ့ကြသည်။

ခုလို ပြန်ရောက်လာပြန်တော့လည်း အကျင့်မကောင်းပေမယ့် သွေးသားမို့ အံ့သြ၀မ်းသာခဲ့ကြရသည်။ သို့ရာတွင် ဆေးမပြတ်သေးသည့် နိုင်ထွေးသည် အရင်အတိုင်း ဆေးဖိုးပြန်တောင်းနေသည်။ မရလျှင် ရတဲ့နည်းနှင့် ရအောင်လုပ်သည်။

ဒီနေ့မှာတော့ နိုင်ထွေးတောင်းသည့် ငွေက အတော်လေး များနေသည်။ သူ့အမေက မပေးနိုင်။ သားရယ် အရင်နေ့က ယူသလောက်ပဲ ယူပါလားကွယ်။ ဒီလောက်များတဲ့ငွေတွေ သားဘာလုပ်မှာလဲ။
ဟာ အမေကလည်းဗျာ။ ကျွန်တော် လုပ်စရာရှိလို့ တောင်းတာပေါ့ဗျာ။ အမေတို့မှာ ငွေမရှိတာလည်း မဟုတ်ဘဲနဲ့။ လှူလည်းလှူ၊ သုံးလည်းသုံးပေါ့။ ဒီငွေတွေ ဘာလုပ်ဖို့လဲ။ ပေးပါဗျာ ကြာတယ်-ဟုဆိုကာ အမေကို တွန်းလှဲပစ်သည်။ ထို့နောက် အမေ့လက်ထဲက သော့တွဲကိုယူကာ အခန်းထဲသို့ တဟုန်ထိုး ၀င်သွားတော့သည်။ အခန်းတွင်းရှိ သေတ္တာကိုဖွင့်ပြီး ရွှေထုပ်နှင့် ငွေအချို့ကို ကိုင်ပြီး ထွက်လာသည်။

ရွှေထုပ်ကိုမြင်တော့ ပစ္စည်းဇောနှင့် မိခင်ဖြစ်သူ မျက်လုံးပြူးရပြီ၊ ရင်တုန်၊ နှလုံးတုန် ဖြစ်ရပြီ။ ပစ္စည်းဇောနှင့် သားဖြစ်သူဆီသွားပြီး ဖျောင်းဖျပြောဆိုကာ ရွှေထုပ်ကို တောင်းလိုက်ချင်သော်လည်း သားဖြစ်သူက ရွှေထုပ်တဖက်၊ ဓားတဖက်နှင့်မို့ ရန်ရှာမည်စိုး၍ မသွားရဲဘဲ ဖြစ်နေရှာသည်။

ထိုအချိန်မှာပင် သားဖြစ်သူ နိုင်ထွေးက ဒီမှာ အမေ-ကပ်စေးနှဲလို့ မပေးချင်တဲ့ငွေတွေ၊ ရွှေတွေ ကျွန်တော်လုပ်ပြမယ်။ ကြည့်နေ-ဟုဆိုကာ မီးဖိုချောင်သို့ ၀င်သွားသည်။
မီးဖိုထဲအရောက်တွင် ရွှေနှင့်ငွေတွေကို မီးဖိုထဲသို့ထည့်ကာ ရေနံဆီလောင်းပြီး မီးရှို့ပစ်လိုက်တော့သည်။

ရေနံဆီအရှိန်ကြောင့် မီးက ချက်ချင်းတောက်လောင်လေတော့သည်။ သား၏ လုပ်ရပ်ကို ကြက်သေသေလျက် ကြောင်ပြီးကြည့်နေသည့် မိခင်ဖြစ်သူမှာ ၀ုန်းခနဲ မီးလောင်တာမြင်တော့မှ သတိဝင်လာကာ စက်ထဲတွင် အလုပ်လုပ်နေသည့် သားကြီးနှင့် သမီးကြီးကို ဆင်းခေါ်သည်။

သို့သော်လည်း အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့ပါပြီ။ သူတို့ မစားရက်၊ မသောက်ရက်၊ မလှူရက် အနှစ်နှစ်အလလက ကျစ်ကျစ်ပါအောင် ရွှေတမျိုး၊ ငွေတမျိုး စုဆောင်းထားခဲ့သည့် မြောက်မြားလှစွာသော လောဘရွှေ၊ လောဘငွေတွေသည် မလုပ်သင့်-လုပ်သင့်၊ အမှား-အမှန် မခွဲခြားနိုင်ဘဲ ဆေးကြောင်နေသည့် ဦးနှောက်နှင့် ရူးကြောင်ကြောင်ဖြစ်နေသော နိုင်ထွေး၏ လုပ်ရပ်ကြောင့် တန်ဖိုးမဲ့စွာ မီးလောင်ပြာကျသွားခဲ့လေပြီ။

သူများအပေါ် မူမမှန်သည့် လုပ်ရပ်နှင့်အတူ ခေါင်းပုံဖြတ်၊ အမြတ်ကြီးစား လုပ်ခဲ့သော သူတို့၏စိတ်ဓာတ်ကြောင့် မိသားစုထဲမှ သားတယောက် ဦးနှောက်မမှန်၊ စိတ်မမှန် ဖြစ်ခဲ့ရသည်။ စပါးကြိတ်လာသူတိုင်းက ဆန်အရနည်းလိုက်တာဟု ပြောကြလျှင် စပါးမကောင်းလို့ ဆန်မရတာ ဘာမှမတတ်နိုင်ဘူးနော်။ ဒီစက်မှာ ဆန်မရလို့ မကြိတ်ချင်ရင်နေ ကြိုက်တဲ့ဆီမှာ သွားကြိတ်ကြ။ နားငြီးတယ်-ဟု တဖက်စီးနင်း မောက်မောက်မာမာ ပြောတတ်သည့် သူတို့၏စိတ်ထားကြောင့် ရွာသူ-ရွာသားတွေ မချိတင်ကဲခံစားခဲ့ရသော သောကမီးသည် သည်တခါမှာတော့ သူတို့ဘ၀အတွက် လောဘမီးအဖြစ် ရင်ကို တငွေ့ငွေ့ တမြေ့မြေ့ ပြန်လည်လောင်ကျွမ်း နေလေပြီ။

နန်းလုံးကြိုင် (ကချင်မြေ)
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

သံသရာမှ လွတ်မြောက်ကြောင်းတရား

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောပြညွှန်ကြား ဆုံးမတော်မူသော သံသရာမှ လွတ်မြောက်ကြောင်း တရားတော် မှတ်စု
  • သီလရှိလျင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။
  • သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်(စရဏ)ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။
  • ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တထစ်ချနာယူရန်။
  • ယခုကဲ့သို့ နေနိုင်ခြင်းသည်ပင်” ပါရမီရှိသူ” မည်၍ အချိန်အခါ ဘဝကောင်းသည်မှာ ဘုရားရှင်လက်ထက်တော်ကနှင့်မထူး၊ ထို့ကြောင့် ရှေးကပုဂ္ဂိုလ်များကဲ့သို့ ဝီရိယကို အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
  • သင်ကြားမှတ်သားထားချက်များ ပြော၍မကုန်အောင် အများကြီးတတ်သိကြသည်။ ထိုသို့များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်ထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေကား လူတိုင်းသိလွယ်၊ ထင်လွယ်၍ ဝင်တိုင်း၊ ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်၊ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်းချမ်းသာ၏။
  • ယင်းသို့ရှုမှတ်ခြင်းဖြင့် ကိုယ်နှုတ်နှလုံး သောင်းကျန်းမှုမရှိ၊ စိတ်သောင်းကျန်းမှုမရှိ၊ ရုပ်နာမ်မျှသာရှိပါကလားဟု နှာဖျားဝမှ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလည်း လုပ်ပြီးဖြစ်သွားပြီ။ အာနာပါနလုပ်နေခြင်းဖြင့် ပိဋကတ်သုံးပုံလုံးပင် အကျူံးဝင်လေပြီဖြစ်၍ ထွေလီကာလီ လျှောက်လုပ်မနေနဲ့။ တွေးသမျှ၊ ထင်သမျှမှားတတ်သည်။
  • ရေခပ်ရင်း၊ ထမင်းချက်ရင်း၊ အလုပ်လုပ်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်နှစ်ခုပြီးသည်။ မည်သည့်ဣရိယာပုဒ်နှင့်မဆို ရှုမှတ်နိုင်၏။ ကမ္မဋ္ဌာန်းထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်ဟု မမှတ်ရ။ တစ်ခဏအတွင်းရသည့် အကျိုးကား ကုန်စင်အောင်ပင် မပြောနိုင်။ တစ်နေ့ထက်တစ်နေ့ တိုးတက်၍သာ သွားတော့သည်။
  • အိမ်အမိုးမိုးသောအခါ စပ်အောင်မိုးလျှင် မိုး-နေ ကာကွယ်နိုင်သကဲ့သို့ တစ်ရက် နှစ်ဆယ့်လေးနာရီ တစ်ဆက်တည်း၊ တစ်စပ်တည်း ရှုမှတ်နိုင်အောင်ကြိုးစားရမည်။ နှစ်ဆယ့် လေးနာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။
  • မိမိအနားရှိ မြင်သမျှ၊ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံဆူညံ၍ နေရာမပြောင်းနှင့်။ ဆူညံသံများက ဝီရိယတိုးလိုက်ပါဦးဟု ပြောသော ကျေးဇူးရှင်များဖြစ်သည်။ မေတ္တာထား၊ သည်းခံရှုမှတ်။
  • မိဘ၊ သားသမီး ဝတ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ်ချည်းဖြစ်သည်။
  • မိမိ အာနာပါနရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ မရေမတွက် နိုင်အောင် ကျေးဇူးများကုန်ကြတော့သည်။
  • ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား? ထွက်လေဝင်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိ ရှိနေတာ။ ဘုရားရှင် ဆုံးမတဲ့အတိုင်း စိတ်ကို ရုပ်ပေါ်၊ နာမ်ပေါ်ထားရတာ ပင်ပန်းသလား? ပိုက်ဆံရော ကုန်သလား? ငှားရ၊ ချေးရသေးသလား? အချိန်ရော ကုန်သလော? တစ်ပါးသူရော သိသလား? ထားတာက ဝီရိယ၊ ထားတဲ့အတိုင်း နေတာက ဝီရိယိဒ္ဓိပါဒ်၊ အခုထား၊ အခုနေ၊ အခုပစ္စုပ္ပာန်ချမ်းသာ၊ ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယပိုင်ရှင် သိတယ်။ သူများသွားမေးစရာ မလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား? ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။ ဒီလူ့ထံမှ ချမ်းသာကို လုယူမယ်ဆိုပြီး အနိုင်အထက် လုယူလို့ရော ရနိုင်ပါ့မလား? ဘယ်ဣရိယာပုဒ်နဲ့မှ ဖြစ်တာ၊ ဘယ်ဣရိယာပုဒ်နဲ့ မဖြစ်ဘူးလို့ရော ရှိရဲ့လား? နေရာရော ရွေးရဦးမှာလား? ကိုယ်တစ်ယောက်တည်းနေရင်းရော၊ စေတီရင်ပြင်၊ ဗောဓိရင်ပြင်မှာ နေရင်းရော၊ သားတွေ၊ သမီးတွေနဲ့ နေရင်းရော၊ လုပ်လို့ရပါသဗျာ။ ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အလုပ်လဲ လုပ်ရမှာပေါ့။ အဲဒီအလုပ်တွေ လုပ်ရင်းနဲ့ ရှုလို့မရဘူးလား? ရပါတယ်ဗျာ။ တစ်ချိန်ထဲမှာ အလုပ်နှစ်မျိုး ပြီးပါသဗျာ။ ဒီလိုလုပ်တော့ ပိုပြီးအလုပ်တွင်တယ်၊ အကျိုးများတယ် မဟုတ်လား? ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန်၊ နားချိန်မှ မထားဘဲ တစ်ဆက်တည်း ဆောင်ထားကြတော့ တာပါပဲ။

ဤကောင်းမှု ဓမ္မဒါနကုသိုလ်ကံသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။

ရိုသေလေးစားစွာဖြင့်

ဝင်းမြင့်

Thursday, April 22, 2010

ဃောသကသူဌေး မောင်နှံ

ကောသမ္ဗီသူဌေးကြီးသည် သေအံ့ဆဲဆဲ ဖြစ်နေခိုက်မှာပင် ဃောသကအပေါ် မလိုမုန်းထားရှိနေသည်။ မိမိသေဆုံးပါက ဃောသက အမွေရမည်စိုးသဖြင့် တပည့်တယောက်ကို လွှတ်၍ ဃောသကသူဌေး ဇနီးမောင်နှံအား ခေါ်စေသည်။

ဃောသက၏ မယားကား လိမ္မာ၍ ဉာဏ်ထက်မြက်သူ ဖြစ်သည်။ သူသည် သူဌေးကြီး၏ အကြံကို ရိပ်မိသည်။ ထို့ကြောင့် အခေါ်လာသူအား မောင်ကြီး-သူဌေးကြီး၏ရောဂါ မည်သို့အခြေအနေ ရှိပါသနည်း-ဟု မေး၏။ ထိုသူက သူဌေးကြီး၏ ရောဂါကား ပြင်းလှသည်။ သို့သော် အစာဝင်ပါသေးသည်-ဟု ဆို၏။ ဤတွင် ဃောသက၏မယားသည် ထိုသူအား ခေတ္တဆိုင်းငံ့ပါဦး-ဟုဆိုကာ မပြန်စေဘဲ ကျွေးမွေးပြုစုစောင့်ရှောက် ထားသည်။

သူဌေးကြီးသည် စေလွှတ်သော တပည့်လည်း ပြန်ရောက်မလာ။ ဃောသကလည်း ပေါ်မလာသဖြင့် ဒုတိယတပည့်ကို စေလွှတ်ပြန်သည်။ ထိုဒုတိယတပည့်ကိုလည်း ဃောသက၏ မယားက သူဌေးကြီး၏ ရောဂါအခြေအနေကို မေးမြန်းပြန်သည်။ ထိုသူက အရှင်မ-သူဌေးကြီး၏ ရောဂါ အလွန်သည်းနေပြီ၊ အစာမ၀င်ဘဲ သေအံ့ဆဲဆဲ ဖြစ်နေပြီ-ဟု ဆို၏။

ဤတွင် ဃောသက၏မယားသည် ဃောသကအား အကြောင်းစုံပြောပြသည်။ ထို့နောက် ဃောသကနှင့်အတူ ကောသမ္ဗီမြို့သို့ လှည်းဖြင့် လာခဲ့ကြသည်။ လမ်းတွင် ဃောသက၏ မယားသည် သူဌေးကြီးထံရောက်သော် မည်သို့ပြုမူရမည်ကို ဃောသကအား မှာထားသည်။ သူပြုမည့်အစီအစဉ်ကိုလည်း ပြောထားသည်။

သူဌေးကြီးထံရောက်သော် ဃောသက၏ မယားသည် သူဌေးကြီး လဲလျောင်းနေရာ ဦးခေါင်းရင်းမှာ ထိုင်သည်။ ဃောသကကိုမူ သူဌေးကြီး၏ ခြေရင်း၌ ထိုင်စေသည်။ မိမိတို့၏ အဖော်တပည့်တို့ကိုကား အိမ်ရှေ့အိမ်နောက်၌ အစောင့်ချထားသည်။

သူဌေးကြီးသည် ဃောသကကို မြင်သောအခါ စာရင်းထိန်းကို ခေါ်သည်။ မိမိပိုင်ပစ္စည်းတို့ကို မေးသည်။ စာရင်းထိန်းက ကုဋေလေးဆယ်သော ဥစ္စာတို့နှင့်တကွ အခြားသက်ရှိသက်မဲ့ ပစ္စည်းများစာရင်းကို ပြောပြသည်။ သူဌေးကြီးသည် ဤမျှသော ဥစ္စာတို့ကို ငါ့သား ဃောသကအား ငါမပေးပါ-ဟုဆိုလိုပါလျက် မိန်းမောနေသဖြင့် ငါပေးပါ၏-ဟုဆိုမိသည်။ သို့ဆိုမိသဖြင့် စကားပြင်၍ ပြောမည်ပြုသည်။ ထိုအခါ ဃောသကမယားက စကားပြင်၍ မပြောနိုင်အောင် သူဌေးကြီး၏ ရင်ဘတ်ပေါ်ဝယ် ခေါင်းတင်၍ ငိုကြွေးသည်။ ထိုအခိုက်မှာပင် သူဌေးကြီး ကွယ်လွန်သွားလေသည်။

ကောသမ္ဗီသူဌေးကြီး ကွယ်လွန်ကြောင်းကို သက်ဆိုင်သူတို့က ဥတေနမင်းကြီးအား တင်လျှောက်ကြသည်။ မင်းကြီးလည်း ဃောသကကို ခေါ်ယူသည်။ သင့်ဖခင် သူဌေးကြီး၏ အမွေကို ဆက်ခံခွင့်ပေးမည်-ဟု ပြောဆို ကတိပေးလိုက်သည်။

ဃောသကသည် နန်းတော်သို့လာစဉ် လမ်းခရီး၌ တွေ့ရသော ရေအိုင်ငယ်များကို ကလေးသဖွယ် ခုန်လွှား၍ လာခဲ့သည်။ အပြန်တွင်ကား မခုန်လွှားတော့။ လူကြီးသဖွယ် ဣနြေ္ဒရစွာဖြင့် ကွေ့ရှောင်၍သွားသည်။ ဤအခြင်းအရာကို ဥတေနမင်းကြီး သတိပြုမိသွားသည်။ ဃောသကအား ပြန်ခေါ်၍ အကြောင်းရင်းကို မေးသည်။

ဃောသကက အရှင်မင်းကြီးက သူဌေးအရာပေးမည်ဟု ကတိပေးသဖြင့် သူဌေးတို့ဣနြေ္ဒနှင့်အညီ တည်ငြိမ်စွာ သွားလာခြင်းဖြစ်ပါသည်-ဟူ၍ တင်လျှောက်သည်။ မင်းကြီးလည်း ဃောသက၏ စိတ်ထားကို နှစ်သက်သွားသည်။ သူဌေးကြီး၏ အမွေအားလုံးကို ချက်ချင်းပေးလိုက်သည်။ ဃောသကသည် သူဌေးကြီးဖြစ်လာပြီး ဃောသက၏ မယားလိမ္မာသည်လည်း သူဌေးကတော်ကြီး ဖြစ်လာလေသည်။

ဃောသကသူဌေးသည် သူဌေးကတော်နှင့် မိတ်ဆွေများ၏ ဖွင့်ဟပြောဆိုချက်အရ ကောသမ္ဗီသူဌေးကြီးက မိမိအားသတ်ရန် အမျိုးမျိုးကြံစည်ခဲ့သည်တို့ကို သိရသည်။ ထိုအခါ များစွာ သံဝေဂရမိသည်။ ငါသည် ကံထူးလှသဖြင့် သေဘေးမှ လွတ်ခဲ့ရသည်။ မေ့မေ့လျော့လျော့ မနေသင့်၊ အသက်ရှင်ခိုက် ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ပြုမှ တော်ချေမည်-ဟု ဆိုကာ နေ့စဉ် အသပြာတထောင် စွန့်ကြဲလှူဒါန်းလေသည်။
( အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)

မင်းယုဝေ
(မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

ပညာရှိ လူယဉ်ကျေး

မြောင်းတူး ရေယူသမားတို့သည် (အလိုရှိရာသို့) ရေကို ဆောင်ယူကုန်၏။
လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။
သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်) သစ်ကို ရွေကုန်၏။
ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။

(ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်၊ ပဏ္ဍိတသာမဏေရ၀တ္ထု)

နတ်တို့၏ အထွတ်အထိပ် မာဃလုလင်

မာဃလုလင်သည်
(ကုသိုလ်ကောင်းမှု၌) မမေ့မလျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။
(ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏။
(ကုသိုလ်ကောင်းမှု၌) မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။

(ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ မဃ၀တ္ထု)

မြတ်သောအရိယာမဂ်ကို မရနိုင်သူ နှင့် ရနိုင်သူ

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မြင့်မြတ်သော အရိယာမဂ်ကို မရနိုင်သောပုဂ္ဂိုလ်နှင့် ရနိုင်သော ပုဂ္ဂိုလ်တို့၏ အင်္ဂါ ၅-ပါးအကြောင်းကို ဟောတော်မူသည်။

ရဟန်းတို့၊ မြင့်မြတ်သော အရိယာမဂ်ကို မရနိုင်သော ပုဂ္ဂိုလ်တို့၌ အင်္ဂါ ၅-ပါးရှိသည်။ ယင်းတို့မှာ-
(၁) ဟောကြားအပ်သော တရားကို မထီမဲ့မြင် ပြုခြင်း။
(၂) တရားဟောပုဂ္ဂိုလ်ကို မထီမဲ့မြင် ပြုခြင်း။
(၃) မိမိကိုယ်ကို မထီမဲ့မြင် ပြုခြင်း။
(၄) ပျံ့လွင့်သောစိတ်၊ မတည်ကြည်သောစိတ်ဖြင့် တရားကိုနာခြင်း။
(၅) မသင့်မတင့် နှလုံးသွင်းခြင်းတို့ ဖြစ်သည်။
ထိုသူတို့သည် သူတော်ကောင်းတရားကို ကြားနာရသော်လည်း ကုသိုလ်တရားတို့၏ မှန်ကန်သော အရိယာမဂ်ကို မရနိုင်။

ရဟန်းတို့၊ မြင့်မြတ်သော အရိယာမဂ်ကို ရနိုင်သောပုဂ္ဂိုလ်တို့၌ အင်္ဂါ ၅-ပါးရှိသည်။ ယင်းတို့မှာ-
(၁) ဟောကြားအပ်သော တရားကို မထီမဲ့မြင် မပြုခြင်း။
(၂) တရားဟောပုဂ္ဂိုလ်ကို မထီမဲ့မြင် မပြုခြင်း။
(၃) မိမိကိုယ်ကို မထီမဲ့မြင် မပြုခြင်း။
(၄) ပျံ့လွင့်သောစိတ်၊ မတည်ကြည်သောစိတ်ဖြင့် တရားကို မနာခြင်း။
(၅) သင့်တင့်ကောင်းမွန်စွာ နှလုံးသွင်းခြင်းတို့ ဖြစ်သည်။
ထိုသူတို့သည် သူတော်ကောင်းတရားကို ကြားနာရလျှင် ကုသိုလ်တရားတို့၏ မှန်ကန်သော အရိယာမဂ်ကို ရနိုင်၏-ဟု ဟောတော်မူသည်။

ကျမ်းကိုး။ အင်္ဂုတ္တရ ပဉ္ဖကနိပါတ်၊ သဒ္ဓမ္မ၀ဂ်၊ ပထမသမ္မတ္တ နိယာမသုတ်။

ဦးငွေအောင်မွန်
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

မှန်သောသစ္စာ

မိမိအား ခေတ္တရာမြို့သစ် ၄-လမ်းတွင် နေထိုင်ကြသော မအေးဝင်း၊ မဌေးဝင်းတို့က မိမိသတင်းသုံးရာရွာသို့ အရောက်လာ၍ ဆွမ်းစားပင့်ကြသည်။ မိမိအား ပြည်မြို့က ဆွမ်းစားပင့်ကြသူဟူ၍ ဤညီအမနှစ်ယောက်သာ ရှိ၏။ သူတို့ကလည်း တကူးတကန့် လာရောက်ပင့်ကြ၍ ကြွလာပါမည်ဟု ကတိပေးလိုက်သည်။

ထိုနေ့သို့ရောက်သောအခါ လမ်းဘက်ကကားကိုစောင့်စီး၍ စောစီးစွာ ဆွမ်းစားကြွရသည်။ နံနက် ၈-နာရီခန့်မှ ကားကြုံစီးရာ ၉-နာရီကျော်ကျော်တွင် ရောက်ရှိသည်။ မအေးဝင်းက ထိုင်းနိုင်ငံမှ ပြန်ရောက်လာတာ မကြာသေး၍ ထိုင်းမှဝယ်လာသော ပစ္စည်းမျိုးစုံ လှူဒါန်းဖို့ ပြင်ဆင်ထားသည်။

၁၀-နာရီထိုးချိန်တွင် မြို့သစ်ထဲမှ ရဟန်းသုံးပါး ကြွရောက်လာကြသည်။ အာလာပ သလ္လာပစကားပြောကြ၏။ ၁၀-နာရီသာသာတွင် ဆွမ်းဘုဉ်းပေးကြသည်။ ဟင်းတွေက စုံလင်လှသည်။ ဟင်းအမျိုးပေါင်း ၁၀-မျိုးရှိသည်။ ထိုအထဲတွင် ငါးဟင်းရနံ့ သင်းသင်းဖြင့် ဘုဉ်းပေး၍ ကောင်းလှသောကြောင့် ငါးဟင်းကို အဓိကထား၍ ဘုဉ်းပေးလိုက်သည်။

ဆွမ်းပန်းကန်တချပ် ကုန်သောအခါ မမျှော်လင့်ဘဲ ငါးရိုးမြက်သွားသည်။ ရှေ့ဆက် ဆွမ်းဘုဉ်းပေးသောအခါ လည်ချောင်းကနာလာ၍ ထိုနေရာမှာပဲ ရပ်ထားလိုက်သည်။
ဦးပဉ္ဖင်း ဆွမ်းဘုဉ်းပေးတာ နည်းလှချေလား၊ များများ ဘုဉ်းပေးပါဘုရား။
ငါးရိုးစူးမှန်းမသိသော မအေးဝင်းက ဆွမ်းစားနည်း၍ လျှောက်ထားသည်။ မိမိမှာ အောင်အီးသည်းခံကာ ရေနွေးကို သောက်လိုက်သည်နှင့် လည်ချောင်းက မြက်ခနဲ နာကျင်လှ၍ ရေနွေးပင် ဆက်လက် မသောက်နိုင်ဖြစ်ရသည်။

ဆွမ်းစားကြွလာသော ရဟန်းသံဃာများ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ၊ ရေနွေးဘုဉ်းပေးခြင်းကိစ္စများ ပြီးဆုံးသောအခါ ခပ်သုတ်သုတ် ကားဂိတ်ရှိရာသို့ ကြွခဲ့သည်။ ကြုံရာကားကိုစီး၍လာခဲ့ရာ ရွှေတောင်မြို့အထွက်တွင် မိမိ၏လည်ချောင်းမှာ လွန်စွာနာကျင်လာသည်။ မည်သို့မှ အောင့်အီးသည်းခံခြင်းငှါ မစွမ်းသာတော့ပေ။ မျက်လုံးအစုံကလည်း နာကျင်လွန်းသောကြောင့် မျက်ရည်တွေ ကျလာသည်။ ကားခေတ္တရပ်သောအခါ လမ်းခုလတ်မှာ ဆင်း၍ ကျန်ခဲ့သည်။

ဒန့်ကျွဲပင်ဘေးမှာ ငုတ်တုတ်ထိုင်ကာ လည်ချောင်းထဲက စူးနေသော ငါးရိုးပျောက်ရန် ကြိုးစားပြီး အာခံတွင်းကို အကြိမ်ကြိမ် လက်ဖြင့် နှိုက်ယူသည်။ မသက်သာဘဲ ပို၍ဆိုးလာ၏။ မကြာခင် ဆိုက်ကားတစီးကိုမြင်ရာ အတင်းလှမ်းခေါ်၍ မိမိအဖြစ်အပျက်ကိုပြောကာ ကူညီခိုင်းသည်။ ဆိုက်ကားဆရာကလည်း သူတတ်ကျွမ်းသည့်ပညာဖြင့် လည်ပင်းကို အသာအယာ ဆွဲသည်။ မသက်သာဘဲ ပို၍ နာကျင်လာသည်။

ဦးပဉ္ဖင်း၊ ရွှေတောင်ဆေးရုံကို တပည့်တော် ပို့ပေးမယ်၊ ဆိုက်ကားခ မယူပါဘူး။
ဦးပဉ္ဖင်း တော်တော်နာကျင်နေပုံရတယ်။
ဟုတ်တယ်၊ တော်တော် နာနေတယ်။
မျက်နှာတခုလုံး ထူအမ်းလာပြီး ပါးစပ်က သွားရည်တွေကျနေပြီ၊ မျက်လုံးအစုံမှာ မျက်ရည်တို့ ဖုံးအုပ်နေပြီ။

ဆိုက်ကားဆရာက ဆိုက်ကားပေါ်တက်ဖို့ ပြောနေချိန်မှာ မိမိအသိဉာဏ်ထဲက အားကိုးစရာတခု ကြုံလာသည်။ ထိုအားကိုးစရာကား သစ္စာပြုဖို့ဖြစ်သည်။ သစ္စာသည် မိမိအတွက် အားကိုးစရာဟု မြင်လာပြီး သစ္စာဆိုလိုက်သည်။
မိမိသည် တောကျောင်းထဲတွင် တပါးတည်း ၁၀-နှစ်တာ နေထိုင်ပြီး ရရှိလာသော အလှူဝတ္ထုပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးမပြုခဲ့ပါ။ ဤမှန်သောသစ္စာစကားကြောင့် ဤငါးရိုးစူးသော ဝေဒနာ ပျောက်ပါစေသား။

သုံးကြိမ်သုံးခါ သစ္စာဆိုလိုက်သောအခါ ၀မ်းထဲက အစားအစာတွေ အန်ထွက်လာသည်။ ထိုအစာထဲတွင် အလွန်စူးရှသော ငါးရိုးကြီးလည်း ပါလာခဲ့ရာ ချက်ချင်းပင် ရောဂါသက်သာသွားခဲ့ပါသည်။
ဆိုက်ကားဆရာက အရိုးကြီးကိုကြည့်ကာ အရှင်ဘုရား ကံကောင်းလို့ဘုရား၊ ဒီအရိုးမျိုးဆိုတာ လည်ပင်းတောင် ပေါက်ထွက်သွားနိုင်တယ်။

သံချောင်းတခုလို မာကျောစူးရှနေသော ငါးရိုးကြီးကိုကြည့်၍ အံ့သြရသလို သစ္စာတရား၏ အစွမ်းထက်ပုံကိုလည်း အံ့သြရပါသည်။
ထိုနေ့က ဆိုက်ကားဆရာသည် ၄-မိုင်ခန့် ခရီးကို ကုသိုလ်ယူ၍ ပို့ပေးခဲ့ပါသည်။ မိမိကလည်း ၀မ်းပမ်းတသာ ဆိုက်ကားဆရာကို လက်ဆောင်တွေ ပေးလိုက်ပါသည်။

နန္ဒသူမြတ် (ဖားအိုင့်တောရကျောင်း)
(မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

Wednesday, April 21, 2010

ကိုယ်ပြုသမျှ ကိုယ်ခံရ

ကျွန်မသည် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရေကြည်တော်ဝတ်အသင်းမှ အသင်းဝင်တဦး ဖြစ်ပါသည်။ အသင်း၏ လုပ်ဆောင်ချက်မှာ ရွှေတိဂုံရှိ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် လေးဆူတို့အား သက်တော်ထင်ရှားရှိသည့်အလား ကြည်ဖြူသဒ္ဓါစိတ်ဖြင့် ရိုသေစွာ အရုဏ်ဆွမ်းကပ်လှူပူဇော်ကြခြင်း ဖြစ်ပေသည်။

အပတ်စဉ် ၂-ရက်၊ ဥပုသ် တနင်္ဂနွေ စသောနေ့များ၏ အရုဏ်တက် နံနက် ၄-နာရီခွဲတိတိအချိန်တွင် ဆရာတော်ကြီးအမှူးထား၍ အသင်း၏ နာယကကြီးများ၊ အမှုဆောင်များ၊ အသင်းသူ အသင်းသားများ၊ အလှူရှင်များ စုပေါင်းဆက်ကပ် လှူဒါန်းကြခြင်းဖြစ်သည်။ ထိုသို့ ဆက်ကပ်ပူဇော်ရန်အတွက် အသင်းသားများသည် အဖိတ်နေ့နှင့် စနေနေ့ညများတွင် အသင်း၌ အိပ်ကြရသည်။ နံနက် ၃-နာရီခွဲ တိတိအချိန်တွင် အိပ်ရာမှ ထကြရသည်။ ထိုအချိန်တွင် အသင်း၏ နာယကကြီးတဦးဖြစ်သော ဆရာကြီး ဦးငွေတင် (ကျောင်းအုပ်ကြီး-ငြိမ်း) က ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ရင်း-

မြတ်စွာဘုရား၊ ကိုယ်လုပ်သမျှ ကိုယ်ခံရ၊ ကိုယ်ပြောသမျှ ကိုယ်ခံရပါတယ်ဘုရား၊ ၀ဋ်ကြွေးတွေရှိခဲ့ရင် ကျေပါစေဘုရား။
ဟု ထပ်တလဲလဲ ရွတ်ဆိုလေတော့၏။ ကျွန်မသည် အစဦး၌ သတိမထားမိပေ။ တနေ့တွင် သတိပြု နားထောင်မိရာမှ ကြက်သီးမွေးညှင်းများ ထလာသည်အထိ ကြောက်ရွံ့တုန်လှုပ်သွားတော့၏။ ဘဘ ဆိုတာ တယ်မှန်ပါလား၊ မိမိရဲ့ အပြုအမူ၊ အပြောအဆိုများကို မမှားစေရအောင် သတိပေးနေတာလား-ဟုပင် ခံစားနေရသည်။

ကျွန်မတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့်အလျောက် ကံ ကံ၏အကျိုးကို လက်ခံရပေမည်။ ဘဘပြောသော ၀ဋ်ဆိုသည့်စကားသည် ၀ိပါက၀ဋ်မှ ဆင်းသက်လာသော လည်ပတ်ခြင်းသဘော ဆောင်၏။ မိမိပြုခဲ့သော ကောင်းမှု၊ မကောင်းမှု တို့သည် မိမိနောက်မှ အရိပ်သဖွယ် ထပ်တူထပ်မျှ လိုက်လာသဖြင့် နောင်ဘ၀သို့ မကူးဘဲ ချက်ချင်းပင် ခံစားစံစားရတော့၏။ ကောင်းတာလုပ်လျှင် ကောင်းကျိုးပေး၏။ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ဧကန်မုချ ရစေတတ်ပေသည်။ ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ် ဒိဋ္ဌဓမ္မ တူသောအကျိုးကို ပေးခြင်းက ၀ဋ်လည်ခြင်း ဖြစ်သည်။

သို့သော် အကုသိုလ် အကျိုးပေးမှုက ပို၍ တိကျမြန်ဆန်လှပေသည်။ ဘ၀တခုမှာ မကောင်းတာလုပ်ခဲ့မိ၍ တချိန်၌ အကုသိုလ်ဝဋ်ကြွေး အကျိုးပေးပြီဆိုလျှင် မနုဿလူသားများအဖို့ မခံစားနိုင်တော့သည်အထိ ဖြစ်ရပေသည်။ ထိုအခါ အတိတ်ကံကြောင့် မိမိပြုခဲ့သမျှ ပြန်ခံနေရပါလားဆိုပြီး သည်းခံတရားလက်ကိုင်ထားကာ တည်ငြိမ်စွာ ခံယူနိုင်ရပေမည်။ နောင် ထိုကဲ့သို့သော အဖြစ်မျိုးနဲ့ မကြုံရလေအောင် ဆင်ခြင်ရပေလိမ့်မည်။ အတိတ်ဘ၀က ကောင်းမှုတွေ လုပ်ခံမိ၍ ရလာသော မိမိ၏ ကုသိုလ်ကံသည် ယခုဘ၀၌ ကံကောင်းထောက်မပြီးလျှင် အစအစအရာရာ အဆင်ပြေမှုများစွာဖြင့် ကြုံလာရပေလိမ့်မည်။ ၀ဋ်လည်ခြင်းဆိုသည့် အကြောင်းအကျိုး ဆက်စပ်တွေးမိရာ ငယ်စဉ်က အဖေပြောခဲ့ဖူးသည့် ပုံပြင်လေးတခုကို ပဲ့တင်ထပ်အောင် ကြားယောင်နေမိပါတော့သည်။

တခါတုန်းက မုဆိုးတယောက်သည် တောလိုက်ထွက်တိုင်း သူ့အိမ်ရှိ ခွေးနက်ကြီးတကောင်ကို အမြဲတမ်းခေါ်ဆောင်သွား၏။ ထိုသို့ သွားလေတိုင်း ရသေ့ကြီးတပါး ဆွမ်းခံကြွသည်နှင့် အမြဲတမ်း ကြုံလေသည်။ မုဆိုးသည် ထိုရသေ့ကို မြင်မြင်ချင်း ရင်ထဲ၌ ဒေါသဝေဒနာတခု ခံစားမိလေသည်။ တနေ့သောအခါ မုဆိုးကြီးက-

အင်း-ငါ ဒီရသေ့ကိုမြင်တိုင်း အမြဲတမ်း ဒေါသထွက်မိတယ်။ ဘယ်ဘ၀က ရန်ငြိုးတွေလည်းမသိ၊ မျက်နှာမြင်တာနဲ့ပဲ မုန်းမိတယ်။ ဒီတော့ ဒီရသေ့ သေမှ အေးမယ်။
ဤသို့ တွေးတောလေ၏။ သူနှင့်အတူပါလာသော ခွေးနက်ကြီးဖြင့် ရှူးတိုက်လေတော့သည်။ ခွေးကြီးက ရသေ့အား အတင်းလိုက်ကိုက်လေသည်။ ရသေ့ကြီးလည်း ကြောက်လန့်ပြီး သစ်ပင်ပေါ်သို့ ပြေးတက်သွားလေ၏။ ထိုအခါ ခွေးကြီးက အပေါ်သို့မတက်နိုင်တော့သဖြင့် ပို၍ ဒေါသထွက်ကာ သစ်ပင်ခြေရင်းမှ အပေါ်သို့မော့ပြီး အော်ဟစ်သောင်းကျန်းလေတော့၏။ မုဆိုးလည်း အသင့်ယူဆောင်လာသော ၀ါးချွန်ဖြင့် သစ်ပင်ပေါ်ရှိ ရသေ့၏ခြေထောက်ကို အကြိမ်ကြိမ် လှမ်းထိုး၏။ ရသေ့မှာ အမျိုးမျိုးရှောင်သော်လည်း မရ၊ နာလွန်းသဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ဧကသီသင်္ကန်းကိုပင် မထိန်းနိုင်တော့ဘဲ သင်္ကန်းမှာ မုဆိုး၏ ခန္ဓာကိုယ်ပေါ်သို့ အမှတ်မထင် ပြုတ်ကျသွားလေသည်။ ထိုအခါ အပေါ်သို့မော့ပြီး အော်ဟစ်နေသော ခွေးနက်ကြီးက ဘေးသို့ ရုတ်တရက်ကြည့်လိုက်ရာ သင်္ကန်းလွှမ်းနေသော မုဆိုးကို သစ်ပင်ပေါ်မှ ပြုတ်ကျလာသော ရသေ့အထင်ဖြင့် အပြင်းအထန် ကိုက်လေတော့သည်။ ထိုအခါ မုဆိုးသည် ချက်ချင်းပင် ၀ဋ်လည်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးရတော့၏။

ဤပုံပြင်ကို အဖေပြောပြခဲ့သည်။ ထိုအချိန်မှစပြီး ၀ဋ်မှာအမြဲ၊ ငရဲမှာ အပ-ဆိုသည့် ဆောင်ပုဒ်လေးအတိုင်း ၀ဋ်ဆိုသည်မှာ နာရီမဆိုင်း၊ စက္ကန့်မဆိုင်း လည်ပတ်ခြင်းသဘောရှိပါလားဆိုပြီး သတိသံဝေဂလေး ရလာမိပါသည်။

မိမိကိုယ်တိုင် မကောင်းမှုကို တတ်နိုင်သမျှ မပြုဘဲ ကိုယ်၊ နှုတ်၊ နှလုံးကို ကောင်းစွာစောင့်ထိန်းရန် မိမိကိုယ်ကိုမိမိ သတိပေးကာ အတတ်နိုင်ဆုံး ကောင်းအောင် နေခဲ့ပါသည်။ ရခဲလှစွာသော လူ့ဘ၀၌ ကောင်းကျိုးနှင့် ဆိုးပြစ်များကို သေချာစွာမသိဘဲ ကုသိုလ်၊ အကုသိုလ်တွေကို မခွဲခြားနိုင်ခဲ့ပါလျှင် အလာကောင်းပေမယ့် အပြန်ခရီးမှာ အရှုံးနှင့်သာ ထွက်သွားရပေလိမ့်မည်။ ထို့ကြောင့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အနေနဲ့ မိမိစိတ်၌ မကောင်းသောအတွေးနှင့် အကျင့်ဆိုးများ ပေါ်ပေါက်လာခဲ့သော် သတိထားရှောင်ကြဉ်နေကြရမည် ဖြစ်ပါသတည်း။

ယဉ်ငြိမ်းလှ
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်း

မမေ့မလျော့ခြင်းသည် နိဗ္ဗာန်အကြောင်းတည်း၊
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်းတည်း၊
မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊
မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။

( ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထု)

ကျေးဇူးသိတတ်၍ ကောင်းကျိုးခံစားရသူ

( ရိုးသားကြိုးစားသော လူငယ်တဦး)
လွန်ခဲ့သော နှစ်ပေါင်း ၇၀-ခန့်က မြန်မာပြည်တွင် ဗြိတိသျှအစိုးရ အုပ်ချုပ်စဉ်ကာလက အတုယူဖွယ် ကျေးဇူးသိတတ်သူ လူငယ်ပုဂ္ဂိုလ်တဦး ပေါ်ပေါက်ခဲ့သည်။
ထိုသူမှာ အောက်မြန်မာပြည် ဧရာဝတီတိုင်း ကျောက်ကုန်းမြို့မှ ကိုရွှေမှင် ဆိုသူ ဖြစ်သည်။ သူ၏ မိဘများမှာ ချမ်းသာကြွယ်ဝသူများ မဟုတ်ကြပါ။ အိမ်မဲမြို့နယ် ကျေးရွာတခုမှ လက်လုပ်လက်စား ရိုးသားသော မိဘများဖြစ်သည်။ ကိုရွှေမှင်သည် ပင်ကိုယ်ဗီဇကောင်း၍ စိတ်ကောင်း စေတနာကောင်းရှိသူ ဖြစ်ပြီး ရိုးသားကြိုးစားသော လူငယ်တယောက်လည်း ဖြစ်သည်။

ကိုရွှေမှင်သည် ငယ်စဉ်က ကျောက်ကုန်းမြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အုပ်ချုပ်သော စာသင်ကျောင်းတွင် ကျောင်းသားငယ်ဘ၀၊ ရှင်သာမဏေဘ၀၊ ဦးပဉ္ဖင်းဘ၀ဖြင့် မြန်မာစာ၊ ပါဠိ၊ ကိုးကြောင်းဂဏန်းသင်္ချာ၊ ဗေဒင်လက္ခဏာ စသည်တို့ကို သင်ကြားခဲ့သည်။ အစိုးရပထမပြန်စာမေးပွဲတွင် ပထမငယ်တန်း၊ ပထမလတ်တန်း တို့ကို အောင်မြင်ခဲ့သည်။

ရဟန်းနှစ်ဝါအရတွင် လူဝတ်လဲကာ စပါးအရောင်းအ၀ယ်ဖြင့် ဆန်ကြိတ်ခွဲခြင်းအလုပ်တို့ကို လုပ်ကိုင်သည်။ ဘောက်တူသမ္ဗန်ကြီးနှစ်စင်းဖြင့် ဆန်များကို တင်ဆောင်ကာ ဧရာဝတီမြစ်ရိုးတလျှောက် အထက်ပိုင်းရှိ ပြည်၊ မြန်အောင်၊ ပန်းတောင်း၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ မင်းလှ၊ မြင်းခြံ၊ ပခူက္ကူ၊ စစ်ကိုင်း၊ မန္တလေးအထိ သွားရောက်၍ ရောင်းဝယ်ဖောက်ကားသည်။

ကိုရွှေမှင်သည် အရာရာတွင် ဝေဖန်နှိုင်းချိန်တတ်သည်။ ဘာသာရေးတွင် အထူးလေးစားပြီး စီးပွားရှာရာတွင် တရားနှင့်အညီ သမ္မာအာဇီဝ ကောင်းသောအသက်မွေးခြင်းဖြင့် လုပ်ကိုင်စားသောက်သည်။ တရားစောင့်သည်။ စည်းကမ်းစနစ် ကောင်းသည်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲ၏။

( ကူညီမည့် ကျေးဇူးရှင်တွေ့ပြီ )
ကိုရွှေမှင်သည် ဆန်အရောင်းအ၀ယ်ကိစ္စဖြင့် အိမ်မဲမြို့သို့ လာရောက်စဉ် အိမ်မဲမြို့နယ် သီးကွင်းကြီး သရက်ကုန်းကျေးရွာမှ မြေပိုင်ရှင် တဦး၏ သမီးဖြစ်သူ မမယ်သန့်နှင့် ဖူးစာဆုံကြသည်။ ကိုရွှေမှင်နှင့်တွေ့စဉ်က မမယ်သန့်တွင် မိဘများ မရှိကြတော့။ ကွယ်လွန်သွားကြပြီဖြစ်သည်။ ဦးကြီးဖြစ်သူ မြေပိုင်ရှင်နှင့် ဆန်စက်သူဌေး ဦးသာဟန်နှင့် ဒေါ်ငွေယုံတို့၏ စီစဉ်နေရာချထားပေးမှုအရ လက်ထပ်မင်္ဂလာဆောင်ကြသည်။ သူတို့က ဦးရွှေမှင်တို့အား မိဘများသဖွယ် အဘက်ဘက်မှ လိုအပ်သမျှ အကူအညီပေးကြသည်။

ဦးရွှေမှင်နှင့် ဒေါ်မယ်သန့်တို့က ကျေးဇူးသိတတ်ကြသည်။ သူတို့ကို မိဘအရင်းများသဖွယ် ကျေးဇူးတုံ့ပြန်တတ်ကြပါသည်။ အခါအားလျော်စွာ စားကောင်းသောက်ဖွယ်များ ရရှိကြပါက ထိုကျေးဇူးရှင် နှစ်ဦးတို့အား မကြာခဏ ပေးကမ်းစောင့်ရှောက်ကြသည်။ နှစ်စဉ်ပင် လုံချည်၊ အင်္ကျီ စသော အ၀တ်အထည်များ၊ မုန့်သေတ္တာများ စသည်တို့ဖြင့် ရှိခိုးဦးချ ကန်တော့ကြသည်။

ဦးရွှေမှင်သည် လင်ယောက်ျား ကျင့်ဝတ် ၅-ပါးနှင့် ပြည့်စုံသည်။ ဇနီးဖြစ်သူ ဒေါ်မယ်သန့်ကလည်း ဇနီးမယားကျင့်ဝတ် ၅-ပါးနှင့် ပြည့်စုံသည်။ ထို့ကြောင့် သူတို့၏ ဆွေမျိုးအသိုက်အ၀န်း အိမ်နီးချင်းများနှင့် မိတ်ဆွေများက စိတ်တူသဘောတူ ဘက်ညီသော ဇနီးမောင်နှံဟု အသိအမှတ်ပြုကြသည်။ ကုသိုလ်ပါရမီဖြည့်ဖက်ညီသော ဇနီးမောင်နှံဟု ချီးကျူးကြသည်။

( စီးပွားရေး တိုးတက်အောင်မြင်)
ဦးရွှေမှင်တို့ ဇနီးမောင်နှံသည် သူတို့၏ခြံထဲ၌ အုတ်ခံပျဉ်ထောင်နှစ်ထပ်အိမ် တလုံးကို ဆောက်ကြ၏။ စပါးကျီကြီးတခုကိုလည်း ဆောက်လုပ်ထားကြ၍ စပါးပေါ်ချိန်တွင် လယ်သမားများထံမှ စပါးတို့ကို ပေါက်ဈေးထက် အနည်းငယ်ပိုပေး၍ ၀ယ်ယူတတ်သည်။ တင်းတောင်း၊ ခွဲတောင်း၊ ပြည်တောင်း နှင့် ချိန်ခွင်၊ ကတ္တားချိန်၊ အလေးတို့ကို သမာသမတ် တိကျမှန်ကန်စွာ သုံးစွဲသည်။

ရောင်းသူတို့က စပါးများကို ဦးရွှေမှင်တို့အား ဦးစားပေးရောင်းချကြသည်။ အကြောင်းမှာ သူတို့သည် ခြင်တွယ်ရာတွင်၎င်း၊ ချိန်တွယ်ရာတွင်၎င်း၊ တရားမျှတစွာ ဆောင်ရွက်ခြင်း၊ သစ္စာကတိတည်ခြင်းတို့ကြောင့် ဖြစ်သည်။
ဦးရွှေမှင်တို့ထံတွင် အလုပ်လုပ်ကြသော အလုပ်သမားများ၊ သမ္ဗန်သမားများ၊ စက်ဆရာများ၊ အလုပ်သမားများကလည်း သူတို့အပေါ်တွင် ချစ်ခင်ကြည်ညိုလေးစားကြ၍ အလုပ်တာဝန်များကို မခိုမကပ် ကြိုးစားလုပ်ကိုင်ကြသည်။ သူတို့ကလည်း အောက်လက်ငယ်သားများအပေါ်တွင် ဆွေမျိုးတို့ကဲ့သို့ ချစ်ခင်ကြင်နာကြသည်။ အလုပ်ပိုလုပ်သူ အလုပ်သမားများကိုလည်း ဆုကြေးချီးမြှင့်တတ်သည်။

( ကူညီမည့် ကျေးဇူးရှင်တဦး တွေ့ပြန်)
ဦးရွှေမှင်သည် တရားသဖြင့်ရသော ငွေကြေးဥစ္စာများ အတော်အတန် စုဆောင်းမိသောအခါ ကျောင်းကုန်းမြို့မှ ထိုခေတ်က ဆန်စက်သူဌေးကြီးဖြစ်သူ ဦးသာထက်ထံသို့ သွားရောက်သည်။ ဆန်စက်တလုံး တည်ထောင်ရန် အကြံဉာဏ် အကူအညီတောင်းခံသည်။ ဦးသာထက်ကလည်း ဦးရွှေမှင်၏ စိတ်နေသဘောထား၊ လုပ်ရည်ကိုင်ရည် စည်းစနစ်ကောင်းပုံတို့ကို သိရှိပြီးဖြစ်သည်။ သူကိုယ်တိုင် ရန်ကုန်မြို့သို့ လိုက်ပါ၍ ဆန်စက်တလုံးကို စီစဉ်ဝယ်ယူပေးသည်။ သို့ဖြစ်၍ ဦးရွှေမှင်သည် အိမ်မဲမြို့ မြစ်တဖက်ကမ်းမှ ရွှေရောင်ပြရပ်ကွက်တွင် ဓနဗလ အမည်ရှိ ဆန်စက်ကို တည်သည်။ ထိုဆန်စက်သည် စီမံဆောင်ရွက်မှု ကောင်းခြင်း၊ စည်းစနစ်ကျနခြင်း စသည်တို့ကြောင့် မကြာမီ လူသိများ၍ တိုးတက်အောင်မြင်သည်။

သူတပါးတို့က ပြုဘူးသော ကျေးဇူးကို သိတတ်ခြင်း။ (ကတညုတ ကတဝေဒီ) ဟူသော မင်္ဂလာတရားတော်နှင့် အညီ ဦးရွှေမှင်သည် ဦးသာထက်၏ ပြုဖူးသောကျေးဇူးကို အထူးသိတတ်သည်။ ဦးသာထက်တို့ မိသားစုထံ မကြာခဏ သွားရောက်၍ ငွေကြေး၊ အင်္ကျီ၊ လုံချည်၊ မုန့်ပဲသွားရည်စာ စသည်တို့ကို ယူ၍ ရိုသေစွာ ဦးချကန်တော့သည်။ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း (ပူဇာစ ပူဇနေယျာနံ) မင်္ဂလာတရားနှင့်လည်း ပြည့်စုံပါသည်။

( သူတော်ကောင်းမှန်လျှင် ဘေးရန်ကင်းစင် )
တရားစောင့်သူကို တရားက ပြန်စောင့်ရှောက်၏ ဟူသော ဓမ္မပဒအဋ္ဌကထာ စသည်၌ ပါရှိသောတရားတော်အရ တရားစောင့်သူ ဦးရွှေမှင်တို့ကို တရားတော်က ပြန်စောင့်ရှောက်ပါသည်။ ပညာရှိ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊ အသိအမြင်များခြင်း၊ ကိုယ်ကျင့်တရား လူ့ဝိနည်းတို့ကို တတ်သိခြင်း၊ အပြစ်ကင်းစင်သောအလုပ်တို့ကို လုပ်ကိုင်ခြင်း၊ သားမယားတို့အား ချီးမြှင့်ထောက်ပံ့ခြင်း၊ ဆွေမျိုးသားချင်းတို့ကို ထောက်ပံ့ခြင်း စသော မင်္ဂလာတရားတော်တို့ကို သိလည်းသိ၊ ကောင်းစွာလည်း ပြုကျင့်လိုက်နာသော ဦးရွှေမှင်တို့မှာ တွေ့ကြုံရသော ဘေးအန္တရာယ်တို့မှ ကင်းလွတ်ခဲ့ရသည်။

ထင်ရှားသော အဖြစ်အပျက်တခုကို တင်ပြလိုပါသည်။ ၁၉၅၂-ခုနှစ်က မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူများ အင်အားကောင်း၍ မြို့ရွာတွေကို စီးနင်းတိုက်ခိုက်ကြသည်။ တခါတွင် သောင်းကျန်းသူ ထောင်ပေါင်းများစွာတို့က အိမ်မဲမြို့ကို စီးနင်းတိုက်ခိုက်ကြသည်။ အစိုးရတပ်၊ မြို့ကာကွယ်ရေးတပ်များနှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်ပွားရာ မြို့တွင်းရှိအိမ်များစွာ မီးလောင်ခံကြရသည်။

ဦးရွှေမှင်သည် မိမိအိမ်မှ လုံးဝ အပြင်သို့ ထွက်သွားခြင်းမရှိ။ အိမ်နီးချင်းများမှ လူများသည် တိုက်ပွဲလွတ်ရာသို့ ထွက်ပြေးရှောင်ခွာသွားကြ၏။ ဦးရွှေမှင်သည် မိမိအိမ်တွင်သာနေ၍ ပရိတ်ဒေသနာတော်တို့ကို ရွတ်ဖတ်နေသည်။ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်တို့ဖြင့် မိမိ၏အိမ်ဝင်း၊ ခြံဝင်း၊ ဆန်စက်၊ ဂိုဒေါင် စသည်တို့ကို ပက်ဖျန်းခြင်း၊ စည်းချခြင်း စသည်တို့ ပြုလုပ်သည်။ ဦးရွှေမှင်သည် သူ၏အိမ်အပေါ်ထပ်ရှိ ဘုရားခန်းတွင် ဥပုသ်စောင့်၊ ပုတီးစိပ်၊ ပရိတ်ဒေသနာတော်တို့ကို ရွတ်ဖတ်ကာ မေတ္တာပို့သနေသည်။ သူ၏ဇနီး၊ မွေးစားသားနှစ်ယောက်နှင့် အလုပ်သမားတို့ကို အိမ်အောက်ရှိ ပုန်းခိုကျင်းထဲတွင် နေစေသည်။ အိမ်နီးချင်းများ၏ အိမ်များ မီးရှို့ခံကြရ၍ သူ၏အိမ်တလုံးသာ ကျန်ရစ်သည်မှာ အံ့သြဖွယ်ရာဖြစ်သည်။ သောင်းကျန်းသူများ ထွက်ခွာသွားကြလျှင် သူက ဦးဆောင်၍ အလုပ်သမားတို့နှင့်အတူ မီးလောင်နေသော အိမ်များကို မီးငြိမ်းသတ်ပေးကြသည်။ မြို့သူမြို့သားတို့က သူတို့ကို ကျေးဇူးတင်ကြသည်။

ဦးရွှေမှင်၊ ဒေါ်မယ်သန့်တို့ ဇနီးမောင်နှံတွင် သားသမီး မထွန်းကားချေ။ ဦးသာဟန်+ဒေါ်ငွေယုံ တို့၏ မြေးဖြစ်သော ကိုတင်ထွန်း၊ ကိုထွန်းကြည်တို့ကို မွေးစားကြသည်။ သူတို့နှစ်ဦးအား စောင့်ရှောက်၍ ပညာသင်ကြားပေးသည်။ သွန်သင်ဆုံးမသြ၀ါဒပေးသည်။
အသက်ကြီးသောအခါ ဦးရွှေမှင်နှင့် ဒေါ်မယ်သန့်တို့သည် မွေးစားသား ကိုတင်ထွန်းနှင့် ကိုထွန်းကြည်တို့ကို ဓနဗလ ဆန်စက်ကြီးနှင့် အတွင်းအပြင် ဥစ္စာပစ္စည်းအားလုံးကို လွှဲအပ်အမွေပေးသည်။

ဦရွှေမှင်တို့ ဇနီးမောင်နှံသည် ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတို့ကို သိကြ၏။ အလွန်ကြည်ညို ဆည်းကပ်ကြသည်။ နံနက် ၄-နာရီခွဲတွင် ထ၍ အရုဏ်ဆွမ်းချက်၍ ကပ်ကြသည်။ ပန်း၊ ရေချမ်း၊ ဆီမီး စသည်တို့ကို ဆက်ကပ်ကြသည်။ သံဃာတော်များကို ပိဏ္ဍပတ်ဆွမ်း လောင်းကြသည်။ ၀ါတွင်းဝါပမရွေး ဥပုသ်နေ့တို့တွင် ဥပုသ်စောင့်ကြသည်။ ညဦးပိုင်းတွင် ပရိတ်ကြီး ၁၁-သုတ်ကို အလှည့်ကျ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် စသည်တို့ကို ရွတ်ဖတ်ကြသည်။ သမထ ၀ိပဿနာ ရှုမှတ်ကြသည်။

အလှူဒါနအနေဖြင့် စေတီတဆူ၊ ကျောင်းတဆောင်၊ ရေတွင်းတတွင်း၊ သောက်ရေကန် တခုနှင့် ပိဋကတ်သုံးပုံပါဠိတော်တစုံတို့ကို လှူခဲ့ကြသည်။

( သူတော်ကောင်း ဇနီးမောင်နှံတို့၏ ဘ၀နိဂုံး )
၁၉၈၃-ခုနှစ်တွင် ဒေါ်မယ်သန့်သည် မီးဖိုချောင်တွင် ဆွမ်းလောင်းရန်အတွက် ထမင်းဟင်းတို့ကို စီမံချက်ပြုတ်နေစဉ် ခေါင်းမူးသည်ဟုဆိုကာ အိပ်ရာထဲတွင် လှဲအိပ်ရင်း ပုတီးစိပ်ရာမှ ကွယ်လွန်သွားသည်။
၁၉၈၇-ခုနှစ်တွင် ဦးရွှေမှင်သည် အသက် ၈၄-နှစ်ပြည့်သည့်နေ့၌ သံဃာတော်များကို ဆွမ်းနှင့်သင်္ကန်း ဆက်ကပ်လှူဒါန်းသည်။ နောက်တနေ့တွင် သူသည် အ၀တ်အစားသစ်များကို ၀တ်ဆင်ကာ အိပ်ရာထက်၌ ပုတီးစိပ်နေသည်။ မကြာမီ ခေါင်းမူးသည်ဟုဆိုကာ လဲလျောင်းရင်း တရားနှလုံးသွင်းနေရာမှ အထက်အိမ်ခေါင်မိုးဆီသို့ လက်ညှိုးထိုး၍ ပြုံးပြုံးရွှင်ရွှင်နှင့် အသက်ထွက်သွားခဲ့သည်ဟု ဆိုပါသည်။

ထို့ကြောင့် ဦးရွှေမှင်တို့ ဇနီးမောင်နှံသည် ကောင်းရာသုဂတိ ဘုံဘ၀တို့သို့ ဧကန်မုချ ရောက်ကြရမည်ဟု ခန့်မှန်းနိုင်ပါသည်။
(မွေးစားသား ဦးတင်ထွန်း၏ပြောပြချက်အရ ရေးသားပါသည်)။

ပြည်သိမ်းအေး
( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)

လစဉ် ဟောစာတမ်း ( ဧပြီလ-၂၀၁၀ )

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဧပြီလ ၂၀၁၀ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။


(၂) တနင်္လာ
မိတ်ဆွေ-သင့်အိမ်မှာ မပျော်ပိုက်ဘဲ ရှိနေလိမ့်မယ်။
အကြောင်းအမျိုးမျိုးနဲ့ မည်တွန်တောက်တီး နေလိမ့်မယ်။
အိမ်တွင်းရေး မသာမယာ ဖြစ်တတ်တယ်။
လုပ်ငန်းတွေ အခက်အခဲ ဖြစ်တတ်တယ်။
အောက်လက်ငယ်သားတွေ ဆန့်ကျင်မယ်။ သတိထား။
စိတ်ညစ်စရာတွေ ရောက်လာတတ်တယ်။

ကျန်းမာရေး=ခါးနာတာတို့ ခြေနာတာတို့ ဖြစ်တတ်တယ်။

ယတြာ=စနေနေ့မှာ ထန်းသီးတလုံး ရေမျှောပါ။
*****************************************************************************

(၃) အင်္ဂါ
မိတ်ဆွေ ဒီလထဲမှာ ငွေကျေးတွေ ဆုံးပါးတတ်တယ်။
အိမ်ကပစ္စည်း ရောင်ရသည်အထိ ငွေပြတ်တတ်တယ်။
အလုပ်မှာ စိတ်မ၀င်စားသလို ဖြစ်နေမယ်။
အလုပ်မှာ ပြဿနာ ပေါ်တတ်တယ်။
အလွန်ပင်ပန်းနေလိမ့်မယ်။

ကျန်းမာရေး= သွားကိုက် သွားနာ ဖြစ်လိမ့်မယ်။

ယတြာ= ဘုန်းကြီးတပါးကို ဆွမ်းလောင်းပါ။
********************************************************************************

(၄) ဗုဒ္ဓဟူး
မိတ်ဆွေ ဒီလထဲမှာ အလုပ်လုပ်ရတာ အခက်အခဲတွေ့လိမ့်မယ်။
ကြိမ်းသေ အောင်မြင်မဲ့ဟာတွေလဲ လွဲချော်နေလိမ့်မယ်။
သူတပါးက အကြောင်းမဲ့ တိုက်ခိုက်ပြီး အကျိုးမဲ့အောင် ပြုလိမ့်တယ်။
မကောင်းသတင်း လွင့်တတ်တယ်။

ကျန်းမာရေး= ညံ့နေတယ်။

ယတြာ= စနေနေ့နံနက် နွားကို အစာကျွေးပါ။
********************************************************************************

(၅) ကြာသပတေး
မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းသစ်တွေ ရတတ်တယ်။
မမျှော်လင့်ဘဲ ငွေတွေဝင်မယ်။
ဆုံးရှုံးမဲ့ငွေတွေ ပြန်ရတတ်တယ်။
လူအများရဲ့ ကြည်ညိုလေးစားမှုကို ခံရတတ်တယ်။

ကျန်းမာရေး= ကောင်းတယ်။

ယတြာ= ရွှေထီး နှစ်လက်ကို ကြက်ချေခတ်၍ လှူပါ။
********************************************************************************

( ၆ ) သောကြာ
မိတ်ဆွေ ဒီလထဲမှာ မျက်နှာပွင့်မယ်။
နာမည် ဂုဏ်သတင်းတွေ ကျော်ကြားမယ်။
သြဇာအာဏာ ရှိမယ်။
မိတ်ဆွေက အထင်လွဲပြီး မုန်းတတ်တယ်။
လုပ်ငန်းခွင်မှာ ပျော်ရွှင်မယ်။
ငွေတွေ ၀င်တတ်တယ်။

ကျန်းမာရေး= အပူလောင်တတ်တယ်။ ရေနွေးပူ၊ မီးပူ သတိထား။

ယတြာ= အဓိဋ္ဌာန်နဲ့ သက်သတ်လွတ် စားပါ။
********************************************************************************

(၇) စနေ
မိတ်ဆွေ ဒီလထဲမှာ မြေကိစ္စ, အမွေကိစ္စ စကားများရတတ်တယ်။
အိမ်ထောင်ဘက်က အထင်လွဲတတ်တယ်။
လုပ်ငန်းသစ် ပြောင်းဖို့ စိတ်မကူးပါနဲ့။ သတိထားပါ။

ကျန်းမာရေး= မကြာခဏ ခေါင်းကိုက်လိမ့်မယ်။

ယတြာ= လမ်းပေါ်ကခွေးကို အစာကျွေးပါ။
********************************************************************************

(၁) တနင်္ဂနွေ
မိတ်ဆွေ ဒီလထဲမှာ မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေဝင်လာတတ်တယ်။
ထီတွေ ဘာတွေလဲ ပေါက်တတ်တယ်။
လာဘ်လာဘတွေ အလွန်ရွှင်ပြီး လူအနေနဲ့လဲ အောင်မြင်မယ်။

ကျန်းမာရေး= နည်းနည်း ဂရုစိုက်ပါ။ ဦးခေါင်းနဲ့ ၀မ်းဗိုက် ဒုက္ခပေးတတ်တယ်။ ၀မ်းတွေဘာတွေ ပျက်တတ်တယ်။

ယတြာ= တနင်္လာထောင့်က ဆင်းတုတော်မှာ ရေသပ္ပါယ်ပါ။ ကြာဖူး ၂-ပွင့် သစ္စာပန်း ၆-ပွင့် ဘုရားလှူပါ။

ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

Friday, April 16, 2010

စပါးလင်နှောက်လိုက်သည့် ဆီးကျောက်ကိစ္စ

တနေ့ဆီက ကျွန်တော်တို့ သားအဖများ ဘုရားကအပြန်တွင် မမျှော်လင့်ဘဲနှင့် တောဆေးတခွက်ကို သွားရင်းက ကောက်ရခဲ့လေသည်။ တပတ်လျှင်တခါ ကျွန်တော်တို့ ရွှေတိဂုံစေတီတော်မှာ သားများနှင့် ကုသိုလ်စပ်လျက် အာရုံဆွမ်း ကပ်လေ့ရှိပါသည်။ ကျွန်တော်နှင့်အတူ သားကြီးမောင်သိဒ္ဓိနှင့် သားအငယ်ဆုံး မောင်အေးမင်း-တို့ လိုက်ပါတတ်သည်။

ထိုနေ့ ဘုရားမှအဆင်းတွင် မောင်အေးမင်းက အဖေ-ကားက ဘရိတ်မညီဘူး ဖြစ်နေတယ်။ ကျွန်တော် ခဏ၀င်ညှိချင်တယ်-ဟုဆိုကာ ခင်ရာမင်ရာ ၀ပ်ရှော့မှာ ခဏ၀င်ရပါသည်။ ထိုအခါ ၀ပ်ရှော့ရှေ့မှာက ပြဿနာနှင့် ကြုံနေပါချေတော့သည်။ ၀ပ်ရှော့ဆရာကြီး တူလား၊ တပည့်ပဲလား ခါးကြီးကော့ကာ ကော့ကာနှင့် အောင့်တယ်၊ သိပ်အောင့်နေတယ်၊ ဆီးက တအားကိုတင်းပြီးလည်း ထိုးထိုးနေတယ်-ဟု အော်နေပါချေသည်။

ရောဂါပြင်းထန်သည်မှာ သိသာပါသည်။ ခံစားချက်ဆိုးဝါးချက်အရ ချွေးသီးများ ကျနေသည်။ ထိုအခါ သားအငယ် ကိုအေးမင်းက အဖေ-လက္ခဏာကြည့်ရတာဖြင့် ကျွန်တော်ဖြစ်ခဲ့တဲ့ပုံပဲ။ ဆီးကျောက်ကိစ္စ ဖြစ်တယ်ထင်တယ်။
ဒိုးက-အေး အကဲခတ်မဆိုးဘူး။ တလောက မင်း-ဖြစ်ခဲ့တာနဲ့ တထပ်တည်းပဲ။
တလောက မောင်အေးမင်းသည် ဆီးက ထိုးသည်၊ တအားကို အောင့်သည်ဆိုကာ ခုလိုပဲ ကော့ပျံပျံဖြစ်ကာ အော်နေခဲ့ရပါသည်။ ခု လူလည်း အသက်ချင်းက မတိမ်းမယိမ်း ငါးဆယ်ဝန်းကျင်များ ဖြစ်သည်။ မောင်အေးမင်းဖြစ်စဉ် ဆီးကတော့ ဆီးပြဿနာပဲ။ ဒါပေမယ့် ဘာ-ဆီးပြဿနာလဲ။ ရိုးရိုး ဆီးဖောက်ကာ အောင့်ခြင်းလား၊ ဆီးကျောက်ကိစ္စလား၊ ဆီးကျိတ်ကတော့ မဟုတ်တန်ရာဆိုပြီး ရောဂါ အရင်ရှာရလေသည်။

ဒိုး-အေးမင်း၊ မင်းဖြစ်ပုံနဲ့ ခပ်တူတူ။ ကော့လန်နေတာကိုး။ ကြည့်ရတာ ဆီးကျိတ်အရွယ်လည်း မဟုတ်လှဘူး။ ဆီးကျိတ်ကိစ္စဆိုရင်ခံစားရတဲ့လူနာဟာ ကုန်းကုန်းကြီးဖြစ်နေတာဟ။ သူလဲ ဆီးကျိတ်အရွယ် မဟုတ်ရှာပါဘူးလေ။
ဝပ်ရှော့ဆရာနှင့် သူ့လူများလည်း အလုပ်များနေပါချေတော့သည်။ ဆေးခန်းတခုခု အမြန်ပို့ရမလား။ ဆေးရုံးပဲ အမြန်ပို့ရကောင်းမလား။ ဒုက္ခများနေကြသည်။ ၀ပ်ရှော့ဆရာ ပျာယာခတ်ရင်းမှာ ဒီကောင်-တော်တော်ခံနေရပုံ၊ တခုခုတော့ အမြန်လုပ်မှပဲ။

မောင်အေးမင်း-ကျွန်တော်ဖြစ်ပုံ ခံစားရပုံနဲ့က သိပ်ကို တူနေတာပဲ၊ ဆီးကျောက်ကိစ္စပဲ။
သားရ အသာနေစမ်းဟ၊ သူများကိစ္စကြားမှာကြည့်ဦးဟ။
ကျွန်တော့်တုန်းက အဖေပဲ လုပ်ပေးလိုက်တာပဲ။ ဆီးကျောက်တွေ ထွက်ကျလာအောင်ဟာ ကြက်လည်ဆံနဲ့ ရှင်းပစ်ခဲ့တာပဲ။ ခုလဲ ကြက်လည်ဆံလုပ်ပေးလိုက်ရင် ပျောက်မှာ။ ခုဟာ ကြာလေနာလေ ဖြစ်မှာ။ ဆီးထဲ ကျောက်က ငြိမ်နေတာ မဟုတ်ဘူး။ ရှေ့တိုးလာလို့ ဒီလိုဖြစ်တာ။ အခု တိုးပြီးရင်းတိုးနဲ့ ဆီးကျောက်က ထိုးထိုးနေတော့မှာ၊ အဖေ သိပ်ခံရတာနော်။

သူက စာနာစိတ်နဲ့ပြောတာ အမှန်ဖြစ်သည်။ ခံစားနေတာကို မြန်စွာ သက်သာစေချင်သည်။ သူ့အထင်က ကြက်လည်ဆံ ခုသောက်လျှင် ခုပဲ ဒုက္ခရောက်ခြင်းမှ ခုသက်သာမှာ မြင်ကာ စေတနာကြွချင်ချင်တွေဖြစ်နေတာ ဖြစ်သည်။ ဒါမျိုးဆိုတာ ၀င်ရကောင်းတာရှိသလို ၀င်လို့မကောင်းဘဲ ချောက်ထဲ စောင်းဝင်သွားတတ်သေးတာကို သင်းမသိဘူး။ ကျွန်တော်က အတွေ့အကြုံအရ မိသားစုထဲမှာပင် ကြားညပ်ကာ အမှုပတ်တာတွေကို ခံဖူးနေပြီ။

ဝပ်ရှော့ဆရာ။ ဟေ့ ဟိုကား ခဏသုံးလို့ရတယ် မဟုတ်လား။ ကြာရင် ခက်နေမယ်။ ဆေးရုံပို့တာပဲ ကောင်းတယ်။ ဟိုမှာ ဆေးစုံ ကိရိယာစုံ။ ထိုအခါ လူနာက ထအော်ပါတော့သည်။ အမယ်လေး လေး၊ ဆေးရုံတော့ မပို့လိုက်ပါနဲ့ဗျာ။ သူတို့ ထိုးတံကြီးနဲ့ ထိုးထည့်ရင် သေအောင်ခံရတာဗျ။ တွေ့ဖူးတာပါဗျ၊ အဘွားကို ခေါ်ပါဗျာ။
ထိုအခါ အဖွားဆိုတာ အိမ်ထဲက ထွက်လာတာနှင့် တန်းတိုးနေသည်။ ပြီး ငါ ကြည့်စမ်းပါဦးမယ်ဟဲ့။ သူက ဆီးထတာလား-ဟုဆိုကာ အဘွားကပင် ဗိုက်နေရာ ဆီးအိမ်လိုနေရာကို ထောက်ကြည့် ကိုင်ကြည့် လုပ်နေသည်။ ထို့နောက် အိမ်သားတွေဘက်လှည့်၍ ဆီးကျောက်ကိစ္စပါဟယ်၊ ငါ လုပ်လိုက်ပါ့မယ်။ နင်တို့ ဆေးရုံတွေ ဘာတွေ လုပ်နေရင် ပိုရှုပ်နေလိမ့်မယ်။ နင်တို့ နားမလည် ပါးမလည်နဲ့ဟာ-ဟု အိမ်သားများအား လှမ်းမာန်ကာ ဆက်၍ ဟဲ့-ဟိုကောင် ငရုတ်ဆုံ ယူခဲ့စမ်းဟဲ့။

ဒီလိုအော်သံကြားပြီး လူနာငနဲ မျက်လုံးပြူးခနဲဖြစ်သလို ကျွန်တော်လည်း ကြားက ဘာနားမလည် ညာနားမလည်နှင့် သူများပြုးသလို ၀င်ပြူးဖွယ်ရာ ဖြစ်ပါချေတော့သည်။
မောင်အေးမင်းက ကားဆရာတဦးနှင့် သူ့ကားဘရိတ်ကိစ္စ လုပ်နေစဉ် ကျွန်တော်နှင့် မောင်သိဒ္ဓိက ထူးခြားသည့် ဆေးကုပွဲကို နွှဲသလိုပဲ မျက်လုံးတပြဲပြဲ ဖြစ်နေကြရသည်ပဲ။

အဘွားအသံ ပေါ်လာပြန်သည်ကား ဟို ငပု ဆိုတဲ့ကောင် ဘာယောင်တောင်ကြောင်တောင် လုပ်နေတာလဲ။ ငါ့ဆီလာခဲ့စမ်း။ ဟိုအိမ်ထောင့်က အိုးမှာတွေ့လား။ စပါးလင်ပင်တွေဟ၊ သွား အပင်တုတ်တုတ်တပင် ဖဲ့ခဲ့ဟ၊ ဒီ ဘာနားမလည် ညာနားမလည်ကောင်တွေနဲ့တော့ တွေ့ပြီ။
လူတွေ တယောက်မျက်နှာ တယောက်ကြည့်ကာ တုန်လှုပ်သွားချင်ရပြန်လေသည်။ ဆီးကျောက်တည်လို့ မှောက်မတတ်ဖြစ်နေတဲ့လူကို အဘွားက ဒီဟင်းချက်ကိရိယာတွေထုတ်လို့ ဘာလုပ်မှာတဲ့လဲ။ တွန့်ခနဲ ဖြစ်စရာတောင် ကြောင်သွားမိကုန်သည်။

မိညွန့်၊ မီးဖိုမှာ ဆန်ဆေးရည်ရှိတယ်မဟုတ်လား။ မတ်ခွက်နဲ့လေ၊ မတ်ခွက်တခွက်စာ ဆန်ဆေးရည်ကို ယူခဲ့။ ဒီအကောင်ဟာ အစားကြမ်း၊ အနေကြမ်းနဲ့ဟာ။ ဆေးကြမ်း ဓာတ်ကြမ်းနဲ့ လုပ်ပေးရမယ်။ စောစောက တချိန်လုံး အော်ကာဟစ်ကာ ဖြစ်နေသည့် ဆီးသမားလူနာမှာ ထိုအခါ မျက်လုံးလေး ကြောင်တောင်ပေကပ်နှင့် အသက်ရှူရပ်မလို ကပိုကရိုတွေ လန့်နေချေသည်။ အလွန်ကြောက်ရသည့် အဘွားမို့လို့နဲ့တူသည်။ ပေကလပ်မျက်နှာ ငြိမ်နေပါသည်။ အဘွားသာ မကြောက်ရလျှင် တဟုန်ထိုးကြီး ဂိုးတဲ့ကာ ကိုယ်ဖျောက်မည့် ကောင်နှင့် တူသည်။

သား မောင်အေးမင်းက အဖေ-ကားလုပ်ပြီးပြီ၊ သွားလို့ရပြီ-ဟု အနားလာကာ လက်တို့ပါသည်။
ဒိုး။ မင်းကွာအတော်မိုက်တဲ့ ညံ့တဲ့ကောင်ပဲ။ ဒီမှာ ပွဲကြီးတခု ကြုံနေတဲ့ဥစ္စာ။ ဇာတ်ကွက်စုံအပြည့်တော့ ကြည့်ဦးမှဖြစ်မှာ။ ဒီ ဆီးဇာတ်လမ်းကနေ တခန်းရပ်ကြီးနဲ့ ငါ မသွားနိုင်ဘူး။
သားက သွားစရာရှိလို့လားမသိ။ ဗျစ်တောက်ဗျစ်တောက်နဲ့ ကြားကနေ ကောက်ကောက် ကောက်ကောက်လုပ်နေသည်။ သူ ဘာနားလည်သလဲ။ ဒီမှာက တွက်ကြည့်စမ်းပါ။ အကွက်ကောင်းကို ရောက်နေ မဟုတ်လားလေ။ ဘယ့်နှယ် ကျောက်တည်တဲ့ဆီးကိစ္စ ကုသတဲ့ဥစ္စာဗျာ။ ဘာအတွက်တာနဲ့ ငရုတ်ဆုံတွေ၊ စပါးလင်တွေက ပါနေရတာတုံးလေ။ ဆေးကုပုံနဲ့ ဟင်းချက်တော့မဲ့ပုံ ခွဲခြားမရတဲ့ဥစ္စာ။ ဇာတ်ဆုံးအထိလေးတော့ သိချင်၊ ကြည့်ချင်သေးသည်ပေါ့။

ကဲ မင်းသွားချင်လဲ သွားတော့ကွာ။ ကားကို မင်းပဲယူသွား။ ငါ့ဘာသာငါ ကြည့်ပြန်မယ်လေ-ဟု ဒီက ဆီးကိစ္စနဲ့ ငရုတ်ဆုံနှင့် စပါးလင်နဲ့ ဟင်းလျာပြင်ပုံ၊ စပါးလင်အစုံ ဖြစ်နေပုံကို အကုန်တော့ မြင်ချင်သည်ပဲ။
ဟော-ခဏနေတော့ တွေ့ရပါပြီ။ စပါးလင်ကို ငရုတ်ဆုံတွင် ဟင်းချက်သလို တကယ်ထည့်ထောင်းတာ ဖြစ်တော့သည်။ ထောင်းပုံကတော့ ကြေအောင်တော့မထောင်း။ စပါးလင်ကို အတုံးလေးတွေကို ကွဲရုံ၊ ပုံပျက်ရုံ ထောင်းတာကို သတိပြု၍ ကြည့်ရှုနေမိလေသည်။ ဒါကို သူများမခိုင်းဘဲ ဘွားဘွားကြီးကိုယ်တိုင်က အကျအန ကိုင်နေလုပ်နေတာ ဖြစ်ပါသည်။

ပြီး၊ မတ်ခွက်လိုခွက်ထဲက ဆန်ဆေးရည်ကို အသေအချာ ကြည့်၏။ ထိုသည့်နောက်တွင်ကား စပါးလင်များကို ဆန်ဆေးရည်ထဲထည့်ကာ အကျအန ဇွန်းဖြင့် မွှေပါလေသည်။ မွှေရိုးရိုး မမွှေ၊ ဇွန်းဖြင့် ဆောင့်၍ ဆောင့်၍ ဖိသည်။ အဲဒါ ပညာဖြစ်တော့သည်ကော။ စပါးလင်ဓာတ်ကို ဆန်ဆေးရည်တွင် ပျော်ဝင်အောင် ထိထိမိမိ ဖိသည်ကော။
ဒါက သေသေချာချာ မကြည့်လျှင် မသိနိုင်သည့် ကိစ္စဖြစ်သည်။ ဆန်ဆေးရည်က အဓိကမဟုတ်။ စပါးလင်ရည်တွေ ဆန်ဆေးရည်တွင် နစ်ပြီး စနစ်တကျဝင်အောင်ကို လုပ်ဆောင်တာလို့ ဂရုစိုက်ကာ မှတ်လိုက်ရပါသည်။ ထိုဘွားဘွားကြီး၏ အာရုံကို အစုံမြင်နေရသည် ဖြစ်ပါသည်။

ထိုသည့်နောက်မှ ဆီးသမား လူနာအား ရော့ သောက်၊ အကုန်သောက်လိုက်-ဟုဆိုကာ တချီတည်းကို သောက်စေလိုက်တာ ဖြစ်တော့သည်။
ကျွန်တော်ကား သိလိုက်ပါပြီ။ သွားရင်းလာရင်း ဘုရားကပြန်ရင်းမှာ ကံကပေးသဖြင့် တောဆေးပညာတကွက်ကို ချောင်ချောင်ကို နှက်မိယက်မိ ရမိရတာ ဖြစ်ပါလေပြီပဲ။

ဘွားအေကြီးက တခုကို ဂရုပြုမှာကြားလိုက်သည်။ ဟဲ့-ဒီနေ့နဲ့ နက်ဖြန် ဆီးသွားရင် အိုးနဲ့ခံသွားဟဲ့-တဲ့။ ဟုတ်ပ။ လူကဖြစ်သည့် ကျောက်များကို ကောက်ခိုင်းထားတာပဲ ဖြစ်လေသည်။
ကျွန်တော်တို့ကား ကိစ္စမရှိတော့သော်လည်း နောက်တနေ့မှာ သားအငယ်ကို ၀ပ်ရှော့သွားကာ စနဲနာခိုင်းလိုက်ပါသည်။ ကျွန်တော် ထင်မြင်သည့်အတိုင်းပင် ကွမ်းတ၀ါးဝါးနဲ့ ဘွားအေကြီးသည် ဇလုံအဟောင်းတခုထဲ တုတ်ဖြင့်မွှေရင်းသား ကျောက်များကို အကြီးအသေး ရွေးသည့်ပမာ ကြည့်နေတာကို ကျွန်တော့သားက မြင်ရပါတော့သည်။

ခုလို စပါးလင်နဲ့ ကျောက်ချခြင်း၊ ကျောက်ထုတ်ခြင်းကို ယခင်က မသိဖူး၊ မကြားဖူးခဲ့ပါ။ မထင်သည့်အချိန် မထင်သည့်အခါ မထင်သည့်နေရာမှာ ခုလို တွေ့သွားရပြီးမှ မှတ်ခဲ့ရပါသည်။ စာရှုသူများလည်း ဒါကို သိမိကြမည် မထင်ပါ။ ဆီးနှင့်ပတ်သက်လို့ ကျွန်တော်တို့မှာ သံမနိုင်ကျောက်မနိုင်က ရှေ့ကပြေးသွားပြီး နိုင်ငံခြားအထိ ကျော်ကြားသည်။ ပြီးတော့ ထိကရုန်းလည်း အရပ်များစွာတွင်ပင် တောဆေးသဘောနှင့် အပြောများသည်။ ခုတော့ ငရုတ်ဆုံနဲ့ စပါးလင်တွဲကာ တောဆေးနေရာဝင် အစွမ်းပြတာ ဖြစ်နေပါတော့သည်။

စပါးလင်ကို စပါးလင်ချည်းမသုံးဘဲ ဆန်ဆေးရည်နှင့် တွဲသုံးစေတာ သတိပြုကြရပါသည်။ မြန်မာဆေးမည်များတွင် ကြမ်းလွန်းသည့်ဆေး၊ ပူလွန်းသည့်ဆေး၊ ဓာတ်ပြင်းသည့်ဆေးများကို ဆန်ဆေးရည်ဖြင့် တွဲစေတတ်ကာ အခိုးခြေတတ်ကြသည်ကို ကျွန်တော် ဟိုမှာ ဒီမှာကို အခွင့်သင့်သလို ရေးချပြတတ်ခဲ့ပါသည်။

ပမာအားဖြင့် နံ့သာနီနှင့် ဆန်ဆေးရည် တွဲခြင်း၊ ဆင်တုံးမနွယ်နှင့် ဆန်ဆေးရည်ကို တွဲစေခြင်း စသည်တို့ ဖြစ်ပါသည်။ ယခုအတွဲမှာကား စပါးလင်ဓာတ်က ပိုအစွမ်းကြမ်းလို့ ထင်ပါသည်။ တွဲရာ၌ သာမန်တွဲမျိုးမဟုတ်ဘဲ စပါးလင်ထံမှ စပါးလင်ဓာတ်ကိုသာ ယူကာ ဆန်ဆေးရည်ကိုသာ အဓိကထား သောက်စေခြင်းဖြစ်တာကို ကျွန်တော် နက်နက်တွေး၍ နက်နက်မြင် ဖြစ်သွားရပါသည်။

ဆီးကိစ္စတွင် စပါးလင်ကို သုံးတာလည်း အံ့သြဖွယ်ဖြစ်ပါသည်။ စပါးလင်ဆိုတာ ပူအား စပ်အားတွေ လွန်စွာကို ထန်ပါသည်။ အခြားဆေးမည်ကိစ္စများ၌ ခုလို အပူကြီးသည့် စပါးလင်ကိုသုံးတာ တွဲတာကို ကျွန်တော် သိပ်မတွေ့ရဖူးပါ။ ဆီးကျောက်ကိစ္စကို ကန်ထုတ်ရာ၌ လွန်စွာ စွမ်းအားကောင်းလှသည့် ကြက်လည်ဆံသည် စပါးလင်လို အပူအား မတွေ့ရဘဲ ညင်သာလှသည့် ဆေးသား အမျိုးအစား ဖြစ်ပါသည်။

သို့သော် ပညာဗဟုသုတဖြစ်ရန်နဲ့ ဆေးကွက်ထဲ ဆေးမည်စုံအသိကို ရှိနေကြဖို့ရာ ကြိုးစားကာ အခုတင်ပြတာ ဖြစ်ပါတယ်။ အချို့က မေးများ မေးလေမလားပဲ။ ဆီးကိစ္စ၌ ခုလို အပူဓာတ်ပြင်း ဓာတ်ရင်းကိုသွင်းပြီး သုံးသွားသည်မှာ ဆေးသောက်သူက ယောက်ျားဖြစ်ပြီး အကြမ်းသမားလဲ ဖြစ်နေလို့လားဟူ၍ တွေးမေးကြအံ့။ ဟုတ်ကဲ့ ဒီလိုအမေးရှိလာလဲ ဒီငနဲမှာ ပညာမစုံသေးပါသဖြင့် မလျှောက်တတ်ပါ။ စကားပဲ ရယ်ကျဲကျဲနှင့် ပြောကြားရမည်ပင် ဖြစ်ပါလေတော့သည်။

သာဂဒိုး
စူလာနဖာနှင့် ဆေးနည်းပင်များ(၃) စာအုပ်မှ

( မြတ်မင်္ဂလာ ၂၀၀၇-ခု မေလ)