အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်ခြင်းကြောင့် ထူးကဲသော အံ့ဖွယ် ၄-ပါးတို့ ဖြစ်ပေါ်လာကြောင်းကို ဟောတော်မူသည်။
ရဟန်းတို့ မြတ်စွာဘုရားတို့၏ ပွင့်ထွန်းပေါ်ပေါက်ခြင်းကြောင့် မဖြစ်စဖူး ထူးကဲသောအံ့ဖွယ်တို့ ဖြစ်ပေါ်လာကုန်၏။ ယင်းတို့ကား-
(၁) ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်၏၀မ်းတိုက်သို့ သက်ဝင်သောအခါ နတ်နှင့်တကွသော လောက၌ အတိုင်းအဆမရှိ အလင်းရောင်သည် ဖြစ်ပေါ်လာ၏။ ထိုအလင်းရောင်ဖြင့် အမိုက်တိုက်အတိဖြစ်သော လောကန္တရိတ်ငရဲသားတို့သည်ပင် အချင်းချင်း မြင်ကြရ၏။
(၂) ဘုရားလောင်းသည် မယ်တော်၏၀မ်းမှ ဖွားမြင်သောအခါ နတ်နှင့်တကွသော လောက၌ ထူးကဲသောအလင်းရောင်သည် ဖြစ်ပေါ်လာ၏။
(၃) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူသောအခါ၌လည်း လောက၌ ထူးကဲသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏။
(၄) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မာစကြာ (တရားစက်ကို လည်စေခြင်း၊ ဟောကြားခြင်း) ကို ဟောတော်မူသောအခါ၌ လောက၌ ထူးကဲသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏-ဟု
ဟောောတ်မူသည်။
(မှတ်ချက်) လောကန္တရိက=လောကန္တရိတ်=စကြာဝဠာတို့၏ အကြား၌ရှိသော ငရဲ။
သမ္မာသမ္ဗောဓိဉာဏ်=အရဟတ္တဖိုလ်အရင်းခံသော သဗ္ဗညုတဉာဏ်။
ဦးငွေအောင်မွန်
(ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဘီအေ၊ ဘီအီးဒီ)
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဒီဇင်္ဘာလ)
Monday, May 31, 2010
ဘာသာရေး ပြဿနာ ( ၁၆ )
( ဘဒ္ဒန္တ ၀ါယာမသာရ ဖြေသည် )
(မေး) (ဒါနပြုရာတွင်)
အရှင်ဘုရား၊ ဒါနကောင်းမှု ပြုလုပ်ရာတွင် လက္ခဏာယာဉ်သုံးပါးတင်၊ ၀ိပဿနာဉာဏ် ဆင်ခြင်ပြီးလှူမှ မြတ်တယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးပြုတယ်။ အဲဒီအလှူမှ အလွန်မြတ်တာ။ ဒါကြောင့် ၀ိပဿနာဉာဏ်ဆင်ခြင်၊ လက္ခဏာယာဉ်သုံးပါးတင် လှူရမယ်လို့ ဟောပြောနေတာ တွေ့မြင်ကြားသိနေရပါတယ်ဘုရား။ ၀ိပဿနာ မတင်နိုင်သော အလှူများ၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးမပြုနိုင်တော့ဘူးလားဘုရား။ ကျမ်းဂန်အထောက်အထား အညွှန်းပါဠိများ ကိုးကား၍ ဖြေကြားပေးတော်မူပါဘုရား။
(အရှင်ဥက္ကံသ-စစ်တွေမြို့)
(ဖြေ)
ဒါနအရာတွင် ပုဗ္ဗစတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ-ဟု စေတနာသုံးတန် ပြည့်စုံရမည်။ ကံ ကံ၏အကျိုးကို သိမြင်၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်ထိ ရည်ရွယ်မှန်းထားပြီး ဉာဏ်နှင့်ယှဉ်၍ လှူဒါန်းရမည်။ ထိုကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို တကယ်လိုချင်သောစိတ်ဖြင့် ရည်ရွယ်မှန်းထား၍ လှူဒါန်းနိုင်ခြင်းသည်သာ ပဓာနဖြစ်သည်။ ထိုကုသိုလ်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးပြုနိုင်ပါသည်။
လက္ခဏာယာဉ်သုံးပါးတင်၍ ၀ိပဿနာဉာဏ်ဖြင့် ဆင်ခြင်၍ လှူရမည်ဟု ဆိုရာ၌ ဒါနပြုရင်း ၀ိပဿနာ ကုသိုလ်ပါ ရစေချင်၍ ပြောဆိုကြခြင်း ဖြစ်သည်။ ၀ိပဿနာတင်လှူနိုင်မှ မဂ်ဖိုလ်နိဗ္ဗာန်ကို ကျေးဇူးပြုနိုင်သည်။ ဉာဏ်နှင့်ယှဉ်၍ လှူခြင်းဖြစ်သည်ဟု ဆိုလိုရင်းမဟုတ်ပါ။ ကံ ကံ၏အကျိုးတရားကို သိမြင်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို လိုချင်စိတ်ဖြင့် လှူဒါန်းလျှင်ပင် ဉာဏသမ္ပယုတ် ဉာဏ်နှင့်ယှဉ်ခြင်း ဖြစ်တော့၏။
ဤမေးခွန်းအတွက် မှတ်ဖွယ်ကောင်း၍ မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓ၀င် စာတမ်းကို ဖတ်ကြည့်ကြပါဦး-
ဤအရာ၌ ကံ ကံ၏အကျိုး စသည်တို့ကို သိမြင်နားလည်သော ဉာဏ်နှင့်ယှဉ်ခြင်းပင် ဉာဏသမ္ပယုတ် ကုသိုလ်ဒါနဖြစ်ဖို့ရန် အကြောင်း လုံလောက်ပေပြီ။ လှူဒါန်းသောအခါ မြင့်မြတ်သော ၀ိပဿနာဉာဏ်နှင့် ယှဉ်ရမည်။ ယှဉ်ပုံကား-
လှူဒါန်းသော ဒါယကာ ငါသည်လည်း အနိစ္စ၊ မမြဲသောတရားပင် ဖြစ်သည်။
လှူဖွယ်ဝတ္ထု ပစ္စည်းသည်လည်း အမြဲသောအနိစ္စပင် ဖြစ်သည်။
အလှူခံပုဂ္ဂုလ်သည်လည်း မမြဲသော အနိစ္စပင် ဖြစ်သည်။
အနိစ္စဖြစ်သော ငါသည် အနိစ္စဖြစ်သော ပစ္စည်းကို အနိစ္စဖြစ်သော အလှူခံအား လှူဒါန်းနေခြင်းမျှသာ ဖြစ်သည်ဟု နှလုံးသွင်းကာ လှူဒါန်းရမည်ဟု ညွှန်ကြားပြောဆိုကြသည်ကား မြတ်သော ၀ိပဿနာဉာဏ် ဖြစ်စေလိုသည့် အတွက်သာ ပြောဆိုခြင်းဖြစ်သည်။ ပြောသည့်အတိုင်း မဟုတ်လျှင် ဉာဏသမ္ပယုတ်ဒါန မဖြစ်-ဟူ၍ကား မမှတ်အပ်။
ဝိပဿနာအစစ်ကို ပွားလိုသောသူသည် ရှေးဦးစွာ ငါသူတပါး ယောက်ျားမိန်းမ-စသော ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲ ပယ်ဖျောက်ပြီးလျှင် ရုပ်နာမ်အစုမျှသာ ဖြစ်သည်ကို ထင်မြင်ပြီးမှ ထိုရုပ်နာမ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်သည်ဟု ရှုရ၏။ ငါ အနိစ္စ၊ အလှူပစ္စည်း အနိစ္စ၊ အလှူခံ အနိစ္စ ဟူ၍ ရုပ်နာမ်သို့ မထိခိုက်ဘဲ ပညတ်တွင်ရှု၍သာ လက္ခဏာယာဉ်တင်၍ ထင်နိုင်-ရနိုင်ကြမည် မဟုတ်ပေ။ ရှင်းလောက်ပြီဟု ယူဆပါသည်။
********************************************************************************
(မေး) (ပဋ္ဌာန်းနှင့် မကောင်းဆိုးဝါး၊ ဆရာက သောတာပန် မဟုတ်ဘဲ တပည့်က သောတာပန် ဖြစ်နိုင်ပါသလား၊ မိဘနှင့် သားသမီး စကားမပြောလျှင်)
အရှင်ဘုရား၊ (၁) မေတ္တသုတ်ရွတ်လျှင် မကောင်းဆိုးဝါးများက မခြောက်လှန့်ဘဲ ပဋ္ဌာန်းဒေသနာရွတ်လျှင် မကောင်းဆိုးဝါးများက ခြောက်လှန့်တတ်သည်ဟု လူအများ ပြောဆိုနေကြသည်မှာ မှန်-မမှန် ဖြေကြားပေးတော်မူပါဘုရား။
(၂) ဆရာက သောတာပန် မဖြစ်ဘဲ တပည့်က သောတာပန် ဖြစ်နိုင်ပါသလား။
(၃) မိဘနှင့် သားသမီး အဆင်မပြေ၍ စကားမပြောသည်မှာ မည်သည့်ကံ ထိုက်ပါသနည်း။
(ဒေါ်ကေတီ-နေပြည်တော်)
(ဖြေ)
(၁) မေတ္တသုတ်ရွတ်လျှင်လည်း မကောင်းဆိုးဝါးများ မခြောက်လှန့်သလို ပဋ္ဌာန်းရွတ်လျှင်လည်း မကောင်းဆိုးဝါးများ မခြောက်လှန့်နိုင်ပါ။
ပဋ္ဌာန်းတရားကို နတ်တွေကလည်း နှစ်သက်သဘောကျကြပါသည်။ ပဋ္ဌာန်းအပါအ၀င် အဘိဓမ္မာတရားတွေကို နတ်ပြည်မှာ အဓိက ဟောရခြင်းဖြစ်ပါသည်။ နတ်ကောင်း နတ်မြတ်တွေ နှစ်သက်ပြီး လာနာကြလျှင် မကောင်းဆိုးဝါးနတ်များ အလိုလိုရှဲပြီးသား၊ ကင်းပြီးသား ဖြစ်ပါသည်။ များများရွတ်ဖတ်ပါလေ။
(၂) ဆရာက သောတာပန် မဖြစ်ဘဲ တပည့်က အရင်သောတာပန် ဖြစ်နိုင်ပါသည်။ ဆရာကို တပည့်ကပြန်၍ တရားထူးရစေသော ၀တ္ထုသာဓကများ ရှိပါသည်။ ဂိုဏ်းကြီး ၁၈-ဂိုဏ်းကို စာပေပို့ချနေသော မဟာသိဝမထေရ်ကို တပည့်တပါးက လာ၍ သံဝေဂရစေပြီး အရဟတ္တဖိုလ် တရားထူးရအောင် ဆောင်ရွက်ပေးခဲ့ရဖူး၏။( အံ-၁-ဋ္ဌ၊ ၃၁)
မဟာတိဿမထေရ်ကို တပည့်ဖြစ်သူ ဓမ္မဒိန္နာမထေရ်က တရားထူးရစေသည်များ သာဓကရှိပါသည်။
(၃) မိဘနှင့် သားသမီး အဆင်မပြေ၍ စကားမပြောဘဲ နေခြင်းဖြင့် အပြစ်မဖြစ်နိုင်ပါ။ အဆင်မပြေတုန်း စကားမပြောဘဲ နေခြင်းသည် အပြစ်ထပ်၍ မဖြစ်နိုင်သဖြင့် ကောင်းပါသည်။
အဆင်မပြေတုန်း ပြောသည့်စကားများသည် ကောင်းသည့်စကားများ ဖြစ်လာဖို့ ခဲယဉ်းပါသည်။ အဆင်ပြေအောင် ပြန်၍ ဖန်တီးကြရမည်။ တဦးက မှားလျှင် မှားသလို အပြန်အလှန် ခွင့်လွှတ်တောင်းပန် သင့်ကြ၏။

(မေး) ( ၁။ ကိုယ်တွင်းသာသနာနှင့် ကိုယ်ပသာသနာ၊ ၂။ ကိုယ်တွင်း သရဏဂုံနှင့် ကိုယ်ပ သရဏဂုံ)
အရှင်ဘုရား ၊ အောက်ပါအချက်များကို ကွဲပြားအောင် ဖြေကြားပေးတော်မူပါဘုရား။
(၁) ကိုယ်တွင်း သာသနာနှင့် ကိုယ်ပ သာသနာ။
(၂) ကိုယ်တွင်း သရဏဂုံနှင့် ကိုယ်ပ သရဏဂုံတို့ကို အများနားလည်အောင် ရှင်းလင်းပေးတော်မူရန် ဖြစ်ပါသည်ဘုရား။
(ဦးအရိယ၀ံသ၊ မြစ်ကြီးနားမြို့)
(ဖြေ)
သာသနာဆိုသည့် ဘုရားရှင်၏ အဆုံးအမစကားများကို မိမိရင်ထဲ၊ နှလုံးသားထဲမှာ အမြဲကပ်ထားနိုင်လျှင် ကပ်ထားနိုင်သလောက် ကိုယ်တွင်းသာသနာ ဖြစ်နိုင်သည်။
ဥပမာ-ငါးပါးသီလထဲက မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏ ဆိုသော သာသနာ့အဆုံးအမ စကားလေးတခုကို မိမိကိုယ်ထဲ စိတ်နှလုံးထဲ အမြဲကပ်ထားဆောင်ထားလျှင် မုသားပြောဖို့ ကြုံတိုင်း ငါက မုသားပြောခြင်းကို ရှောင်ထားတာဖြစ်လို့ ဘယ်တော့မှ မပြောဘူး။ ဒီသီလ၊ ဒီသိက္ခာပုဒ်ကို စိတ်နှလုံးထဲ အမြဲကပ်ထား၊ ဆောင်ထားမယ်။ ဘယ်တော့မှ ကွာမသွားစေရ၊ ပျက်မသွားစေရ၊ မကျိုးမပေါက် မပြောက်မကျားစေရဘူးဆိုလျှင် ကိုယ်တွင်းသာသနာ ဖြစ်ပါပြီ။
မုသားမပါ လင်္ကာမချော-ဆိုပြီး လိမ်ချင်တဲ့အခါ လိမ်လိုက်၊ ညာလိုက်၊ မဟုတ်တာပြောလိုက်ဆိုလျှင်တော့ ကိုယ်တွင်းမှာ သိက္ခာပုဒ်ကွာသွား၊ ပျက်သွားပြီမို့ ကိုယ်ပ သာသနာအဆုံးအမများသာ ဖြစ်ပါလိမ့်မည်။
ရဟန်းများလည်း ရဟန်းသိက္ခာပုဒ် အဆုံးအမတွေ မတည်လျှင် ကိုယ်ပသာသနာပဲဖြစ်ပြီး သိက္ခာပုဒ်တွေ ထိမ်းသိမ်းမှ ကိုယ့်ရင်ထဲက သာသနာဖြစ်ပါမည်။
သာသနာဆိုသည့် အဆုံးအမတရားဂုဏ်ထဲမှာ သြနေယျိကဂုဏ်ဆိုတာ ရှိပါသည်။ သြပနေယျိကော-မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထားထိုက်သော တရား မည်ပါပေ၏-ဟု ဆိုထားပါသည်။ တရားတွေ မကပ်ထားလျှင် မတရားတွေကပ်ပြီး မတရားတာတွေကိုပဲ (အကုသိုလ်တွေကိုပဲ) လုပ်မိပြီး အပါယ်လေးပါး သံသရာပဲ လည်ရတော့မည်။ တရားကိုကပ်ထား ကိုယ်တွင်းမှာထည့်ထားမှ တရားတာတွေ (ကုသိုလ်တွေ) ကိုသာ လုပ်ဖြစ်ပြီး သုဂတိသံသရာနှင့် နိဗ္ဗာန်ကို ရောက်နိုင်မှာ ဖြစ်ပါသည်။
တန်ဖိုးရှိသော လောကရတနာ အမျိုးမျိုးကို လူတို့က ကိုယ်မှာကပ်ပြီး ၀တ်ဆင်ကြသည်။ ဂုဏ်လုပ်ကြသည်။ လောကအနေဖြင့် ဂုဏ်ရှိကြသည်။ အထင်ကြီးကြသည်။ တင့်တယ်ကြသည်။ ထို့ထက် ဘုရားအဆုံးအမ တရားရတနာကို ရင်ထဲ နှလုံးသားထဲမှာ အမြဲကပ်ထားသူအဖို့ ဘုရားရှင်နှင့် တလောကလုံး သုံးဆယ့်တဘုံက အထင်ကြီးလေးစားခံရသူ ဖြစ်ပါလိမ့်မည်။ သာသနာဆိုသည့် အဆုံးအမ ဓမ္မရတနာထက် မြတ်သော တန်ဖိုးရှိသော ကိုယ်တွင်းမှာအမြဲကပ်ထားသင့်သော ရတနာကား လောက၌ မရှိပါဟု ယံကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ၊ န နော သမံ အတ္ထိ တထာဂတေန-ဟုဆိုထားပါသည်။
အမြတ်ဆုံးရတနာ၊ တန်ဖိုးအရှိဆုံး ရတနာကို ကပ်ထား၊ ဆောင်ထားချင်သည်ဆိုလျှင်တော့ ဓမ္မရတနာ အဆုံးအမတရားစကားဆိုတဲ့ သာသနာကို ကိုယ်တွင်းမှာကပ်ထား။ ဆောင်ထားပါလေ။ တလောကလုံး တကမ္ဘာလုံးမှာ ဂုဏ်အရှိဆုံး၊ ကျက်သရေအရှိဆုံး ဖြစ်ပါ၏။
ကိုယ်တွင်း သရဏဂုံနှင့် ကိုယ်ပသရဏဂုံ ဆိုရာမှာလည်း ရတနာမြတ်သုံးပါးကို ကိုးကွယ်ယုံကြည် ဆည်းကပ်ရာတွင် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးသည် ငါတို့ကို အပါယ်ဆင်းရဲ စသည်တို့ကို ဖယ်ရှားပေးပြီး ချမ်းသာအမျိုးမျိုး၊ ကောင်းကျိုး အမျိုးမျိုး သုဂတိသံသရာနှင့် နိဗ္ဗာန်တိုင်ထိ ပို့ဆောင်ကယ်တင် မည့်ရတနာမြတ်များ ဖြစ်ပေသည်ဟု နှစ်နှစ်ကာကာ ယုံကြည်ကြရပါမည်။ ထိုသို့ ယုံကြည်ရာ၌ ဘုရား တရား သံဃာတို့သည် ဆင်းရဲပယ်ဖျောက် ချမ်းသာရောက်အောင် ဘေးရန်ပယ်ရှား ကောင်းကျိုးများအောင် ဆောင်ရွက်ပေးတော်မူသည်မှာ ဟုတ်မှဟုတ်ရဲ့လား-ဟု သံသယမရှိစေရ။
နောက်ဆုံး ဘုရား တရား သံဃာများကို ကိုးကွယ်ယုံကြည်နေခြင်းသည် အကျိုးမရှိ၊ မယုံကြည်နှင့် စွန့်လွတ်ရမည်။ မစွန့်လွှတ်လျှင် သတ်မည်-ဟု တဦးဦးက ဆိုလာလျှင်တော်မှ အသက်ကိုသာ စွန့်မည်။ ရတနာသုံးပါး ကိုးကွယ်ယုံကြည်မှုကို မစွန့်ဘူးဆိုလျှင် ကိုယ်တွင်းသရဏဂုံ ထိုက်ထိုက်တန်တန် ဖြစ်ပြီဟု သတ်မှတ်နိုင်ပါသည်။
လောက၌ အားထားလောက်စရာ မိဘ၊ ဆရာသမား ဆွေမျိုးဉာတကာ မိတ်ဆွေကောင်းများရှိခြင်းသည် ကိုယ်စိတ်လည်း ချမ်းသာ၏။ အစစအရာရာ အဆင်ပြေ၏။ ဂုဏ်လည်းရှိ၏။ အားကိုးအားထား ပြုလောက်စရာ မိဘ ဆရာသမား ဆွေမျိုးဉာတိ မိတ်ဆွေအပေါင်းအသင်းမရှိသူတို့မှာ ဘ၀တွင် အမျိုးမျိုး အားငယ်စရာ အားကိုးရာမဲ့ အနေဖြင့် စိတ်ထားသေးသိမ်၍ ကိုယ်အင်အား စိတ်အင်အားတို့ပင် ညှိုးမှိန်ကြရကုန်၏။
မည်သို့ပင် မိဘ ဆရာသမား စသည့် အားကိုးရာမဲ့ဖြစ်ပစေ။သရဏဂုံသုံးပါးတည်းဟူသော တလောကလုံးတွင် အမြတ်ဆုံးဖြစ်သည့် အားကိုးရာကို အားကိုးရာအဖြစ် နှစ်နှစ်ကာကာ စွဲမြဲစွာ မှတ်ယူထားပြီး ထိုဘုရား တရား သံဃာ တို့၏ ဆုံးမလမ်းညွှန်ချက်အတိုင်းသာ လိုက်နာကျင့်သုံးကြလျှင် ဘုရား တရား သံဃာတို့၏ သားရတနာ သမီးရတနာများအဖြစ်သို့ ရောက်ရှိပြီး ဖြစ်တော့သည်။

ရိုးဂုဏ်
နယ်မှာ နှစ်ပေါင်း ၃၀-လောက်နေခဲ့ပြီး နောက်မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသောအခါ မြို့ပြ၏ အဆင်အပြင်များ ပြောင်းလဲနေပြီဖြစ်သည်။ အထူးသဖြင့် ယာဉ်စီးရေ တိုးချဲ့သည့်ကြားမှ မြို့နေလူဦးရေကလည်း အဆမတန် တိုးပွားလာသည်။ ရန်ကုန်ရောက်ကတည်းက ကားဆရာများနှင့် ကျွန်မအကြား ဆက်ဆံရေးသည် မည်သည့်အခါမျှ အဆင်ပြေချောမွေ့ခဲ့သည် မရှိပါ။
မိုးနှောင်းရက် တရက်တွင် လှည်းတန်းရှိ မိတ်ဆွေတဦး၏အိမ်သို့ သွားရန်ကိစ္စ ပေါ်လာသဖြင့် နံပါတ် ၅၁-ဟီးနိုးလိုင်း ပုလဲမြို့သစ်ကားကို စီးပါသည်။ ကားခပေးပြီး ပိုက်ဆံအိတ်ကို ပုခုံးရှိ လွယ်အိတ်ထဲသို့ ထိုးထည့်၍ ကားပေါ်မှ သုတ်သုတ်ဆင်းကာ ထီးဖွင့်ဆောင်းလိုက်သည်။ အချို့ကားများကို စီးရာတွင် မှတ်တိုင်ရောက်တိုင်း မြန်မြန်ဆင်း၊ မြန်မြန်ဆင်း-ဟု အော်ခံနေရသဖြင့် ယခုလည်ူ ကိုယ့်ဖက်က ကြိုကြိုပိုပို ပြင်ဆင်ထားသည်။
သို့ရာတွင် ယခု ကားဆရာလေးထံမှ ဖြည်းဖြည်းဆင်း၊ ဖြည်းဖြည်းဆင်း-ဟုသောအသံ ကြားလိုက်ရသောအခါ သြ-ဒီလိုကားဆရာမျိုး ရှိသေးသကိုး-ဟု တွေးမိလိုက်ပါသည်။
မိတ်ဆွေအိမ်ကအပြန် ကားမှတ်တိုင်ရောက်၍ ပိုက်ဆံအိတ်ရှာသောအခါ မရှိတော့ပေ။ အိတ်ထဲတွင် ကိုယ်ပိုင်ပိုက်ဆံများများစားစား မပါသော်လည်း အဘိဓမ္မာစာအုပ်ဖိုး ၉၀၀၀-ပါသွားသည်။ ပြီးတော့ ငွေစုစာအုပ်။ မှတ်ပုံတင်ကဒ်ပြား။ ၀န်ထမ်းကဒ်ပြား။ အလိုလေး မနည်းပါလား။ အရေးကြီးဆုံးက မှတ်ပုံတင်ကဒ်ပြား ဖြစ်သည်။
ဘုရင့်နောင်လမ်းဆုံရှိ ကမာရွတ်ရဲစခန်းသို့သွား၍ အဖြစ်အပျက်ကို တင်ပြသည်။ အမှုဖွင့်သည် မဟုတ်သော်လည်း မှတ်ပုံတင်ပျောက်ဆုံးကြောင်း ထောက်ခံစာယူသည်။
စာအုပ်ဖိုးတွေ ကျွန်မ စိုက်လျော်ရပေတော့မည်။ မှတ်ပုံတင်လည်း အသစ် ပြန်လည်ပြုလုပ်ရဦးမည်။
လောလောဆယ်သုံးဖို့ရာ ငွေထုတ်မည်ဆိုလျှင်လည်း ငွေစုစာအုပ်ကလည်း ပါသွားခဲ့လေပြီ။ စိတ်ညစ်ညစ်နှင့် ငိုင်နေမိသည်။
နောက်တနေ့နံနက် ရုံးရောက်သောအခါ အစိုးရရုံးတရုံးမှ အရာရှိကြီးဖြစ်နေသော သူငယ်ချင်းတယောက်က ဖုန်းဆက်ပါသည်။
မိမာ နင့်ပိုက်ဆံအိတ် ပျောက်သလား-ဟု မေးပါသည်။
အေး ပျောက်တယ်။ မနေ့က ၅၁-လိုင်းကားပေါ်မှာ ခါးပိုက်နှိုက်သွားတယ် ထင်တာပဲ-ဟု ပြန်ပြောမိသည်။
နေဦး ငါပြောတာ နားထောင်ဦး၊ နင့်ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတာ မဟုတ်ဘူး။ နင့်ဘာသာ ထွက်ကျကျန်ခဲ့တာ။ ကောက်ရတဲ့လူက ငါ့ဆီ ဖုန်းဆက်တယ်။ ငါ လိပ်စာပေးမယ်။ နင် သွားယူလိုက်-ဟုပြောပါသည်။
ကျွန်မရုံးမှ တာဝန်ရှိသူများကို အကျိုးအကြောင်းပြောပြ၍ သူငယ်ချင်းဆီမှ ငွေးသုံးထောင် တောင်းယူခဲ့ပါသည်။ ကျွန်မသွားရမည့် နေရာမှာ ပုလဲမြို့သစ်ရှိ နံပါတ် ၅၁-ဟီးနိုးလိုင်း ဂိတ်ဆုံးနေရာဖြစ်သည်။ ကိုအောင်နိုင်ဝင်း+မစုစုအောင်တို့၏ လက်ဖက်ရည်ဆိုင်ဖြစ်သည်။
ကျွန်မရောက်ရှိသွားသောအခါ ကိုအောင်နိုင်ဝင်းနှင့် ကားဂိတ်မှလူကြီး ၂-ဦး၊ ၃-ဦး စောင့်နေသည်။ ပိုက်ဆံအိတ် ကောက်ရခဲ့သည့် ကားစပယ်ယာလေး မောင်သက်ခိုင်လင်းနှင့် မိတ်ဆက်ပေးသည်။ ပိုက်ဆံအိတ်ကို ထုတ်ပေးပြီး ပစ္စည်းစုံ-မစုံ ပြန်စစ်ခိုင်းသည်။
အို-ဒေါ်ဒေါ်က ငွေစုစာအုပ်နဲ့ မှတ်ပုံတင်ကဒ်ပြား။ ပြန်ရရင်ပဲ တော်လှပြီ အောက်မေ့နေတာ။ ငွေကလည်း စာအုပ်ဖိုးတွေမို့ ငါ့တူသာ ပြန်မပေးရင် ဒေါ်ဒေါ် လျော်ရတော့မှာပါ-ဟု ကျွန်မက အရိုးခံအတိုင်း ပြောမိသည်။
ဒီနေ့ ဒေါ်ဒေါ်ကို စောင့်နေရတဲ့အတွက် မောင်သက်ခိုင်လင်း ကား-မထွက်ရတော့ဘူး။ ၀င်ငွေလည်း မရတော့ဘူးပေါ့-ဟု စာနာမိ၍ စိတ်မကောင်းစွာ ပြောမိသည်။
ဟုတ်တယ်၊ ဒီပိုက်ဆံအိတ်ထဲမှာ ဖုန်းနံပါတ်တွေ ရေးထားတဲ့စာအုပ်ကလေးတအုပ် တွေ့တယ်။ အဲဒီဖုန်းတွေကို ခေါ်ပြီး ဒေါ်ဒေါ်ကို တဆင့်ပြောခိုင်းရတာပါ-ဟု ဂိတ်မှူးက ရှင်းပြသည်။
မောင်သက်ခိုင်လင်းမှာ စာပေးစာယူ တတိယနှစ်ကျောင်းသား ဖြစ်သည်။ မိဘများကို လုပ်ကျွေးနေသူဖြစ်သည်။
သြော်-ဒီလို ကားစပယ်ယာမျိုး တကယ်ရှိပါလား-ဟု ၀မ်းသာစွာ တွေးမိသည်။
ကဲ ငါ့တူ၊ ဒီပိုက်ဆံက ငါ့တူကို သန့်သန့်စင်စင် ဆုချတာပါ။ နည်းတော့နည်းတယ်။ နည်းမှန်းလဲ ဒေါ်ဒေါ်သိပါတယ်။ ဒါပေမယ့် ဒေါ်ဒေါ်တတ်နိုင်သလောက် ဆုချတာ လက်ခံပါ-ဟု ကျွန်မယူလာသော ငွေသုံးထောင်ကို ထုတ်ပေးပါသည်။
မောင်သက်ခိုင်လင်းက ငြင်းပယ်ရှာသည်။ သို့သော်လည်း ကျွန်မစိတ်က တကယ်ကျေးဇူးတင်၊ တကယ်လေးစားစိတ်ဖြင့် ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြော၍ အတင်းပေးရသည်။
ကျွန်မစိတ်တွင် မောင်သက်ခိုင်လင်းလို ရိုးသားလိမ္မာသည့် လူငယ်လေးများ၊ လူတန်းစားအလွှာ အသီးသီးတွင် ရှိနေစေချင်သည့် စေတနာလည်း ဖြစ်ပေါ်လာပါသည်။ မောင်သက်ခိုင်လင်း၏ ရိုးသားမှုကို ဂုဏ်ပြုချီးမြှင့်ခွင့် ရသဖြင့် ကျွန်မ များစွာ ၀မ်းသာကြည်နူးမိသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
ခင်မာရှိန် (ပထ၀ီဝင်)

Sunday, May 30, 2010
ဗုဒ္ဓအလိုကျ ဥပုသ်စောင့်ခြင်း
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင် ယခုအခါတွင် ခုနစ်ရက်တပတ်လျှင် တရက်သက်သက်ကို နေ့အားအဖြစ် သတ်မှတ်ထားလေ့ရှိကြသည်။ ထိုသို့သတ်မှတ်ချက်သည် ရှေးခေတ် အီဂျစ်လူမျိုး၊ ဗက်ဗီလုံးနီးယန်းလူမျိုး၊ ဟိန္ဒူလူမျိုး၊ ပါးရှင်းလူမျိုး၊ ရောမလူမျိုး စသည်တို့ လက်ထက်ကပင် ပေါ်ထွန်းခဲ့သည်။
ထိုသို့ နေ့အား သတ်မှတ်ထားရာတွင် အချို့လူမျိုးများအဖို့ ထိုနေ့သည် အားလပ်ရက်မျှသာမဟုတ်ဘဲ လောကုတ္တရာလမ်းစဉ်ဖြစ်သော အယူဝါဒဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရသော နေ့ထူးနေ့မြတ် ဖြစ်ပေသည်။ ထို့ကြောင့် ထိုကဲ့သို့သောနေ့မျိုးကို သီတင်းနေ့ သို့မဟုတ်-ဥပုသ်နေ့ ဟု ခေါ်ဆိုကြသည်။
အင်္ဂလိပ်၊ အမေရိကန် စသော ခရစ်ယာန် အယူဝါဒီများ၏ ဥပုသ်နေ့မှာ တနင်္ဂနွေနေ့ဖြစ်၏။ ခရစ်ယာန်ဘာသာဝင်များအဖို့ တနင်္ဂနွေနေ့ကို ဥပုသ်နေ့အဖြစ် သတ်မှတ်ရခြင်းမှာ အကြောင်းထူးရှိသည်။ အခြားမဟုတ်၊ ထိုနေ့တွင် ခရစ်တော် ရှင်ပြန်ထမြောက်လာသည်ဟု ခံယူထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရက်သတ္တတပတ်၏ ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့တိုင်းတွင် ခရစ်ယာန်ဘာသာဝင်များသည် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများသို့ သွားရောက်၍ ၀တ်တက်ကြလေသည်။
ဗုဒ္ဓဘာသာဝင်များ၌လည်း ဥပုသ်နေ့ဟူ၍ သတ်မှတ်ထားခြင်း ရှိလေသည်။ မြန်မာလဖြစ်သော လပြည့်နေ့၊ လကွယ်နေ့၊ လဆန်း ၈-ရက်၊ လဆုတ် ၈-ရက်နေ့များကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့က ဥပုသ်နေ့ဟူ၍ သတ်မှတ်ကာ ဥပုသ်စောင့်ထိန်းကြလေသည်။
ဘုရားဟော တိကနိပါတ် အင်္ဂုတ္တိုရ်အရ ဥပုသ် သုံးမျိုး ရှိသည်။ ယင်းတို့မှာ-
(၁) ဂေါပါလဥပုသ်
(၂) နိဂဏ္ဍဥပုသ်
(၃) အရိယာဥပုသ် ဟူ၍ ဖြစ်သည်။
(၁) ဂေါပါလ ဥပုသ်-ဆိုသည်မှာ ဥပုသ်သီလကို ဆောက်တည်ပြီးနောက် ရတနာသုံးပါး၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို မအောက်မေ့ မပွားများဘဲ ၀တ်ရေးစားမှု အစုစုတို့ကိုသာ ကြံစည်အောက်မေ့နေသော ဥပုသ်မျိုးဖြစ်သည်။ ထိုဥပုသ်မျိုးသည် အကျိုးပေးနည်းသည်။
(၂) နိဂဏ္ဍ ဥပုသ်-ဆိုသည်မှာ တိတ္ထိတို့ဆောင်သော ဥပုသ်မျိုး ဖြစ်သည်။
ပမာအားဖြင့် မိုင်တရာအတွင်း၌ရှိသော သတ္တ၀ါကိုသာ သတ်ပါမည်-စသည့် သိက္ခာပုဒ်မျိုးကို ဆောက်တည်ခြင်းဖြစ်၏။ ထိုဥပုသ်မျိုးသည် အကျိုးမရှိပေ။
(၃) အရိယာ ဥပုသ်-ဆိုသည်မှာ ဥပုသ်လီလ ခံယူဆောက်တည်ပြီးနောက် နေ့စဉ်ပြုလုပ်နေကျဖြစ်သော အိမ်မှုကိစ္စ၊ အလုပ်တာဝန်များနှင့် အခြားလောကီရေးရာ လုပ်ငန်းဆောင်တာများကို မလုပ်ကြရ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ကို နှလုံးသွင်းခြင်း၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကို အောက်မေ့ပွားများခြင်း၊ ဘုရားတရားတော်များကို ဖတ်ကြားခြင်း၊ နာယူခြင်း၊ ပုတီးစိပ်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ မေတ္တာပွားများခြင်း အစရှိသော လောကုတ္တရာကျင့်စဉ်များကို အားထုတ်ကြရပေသည်။
ထိုအရိယာဥပုသ်မျိုးသည်သာ ဘုရားရှင်အလိုတော်ကျ ဖြစ်သည်။ လွန်စွာ အကျိုးရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ၁၀-ပါးသီလဖြစ်သော ဥပုသ်တို့ကို ဆောက်တည်ရာတွင် ဘုရားရှင်၏ အလိုတော်ကျ ဆောက်တည်သင့်ကြောင်း၊ သို့မှသာလျှင် အကျိုးထူးကို အပြည့်အ၀ ခံစားနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

သြ၀ါဒ
* မွန်မြတ်ကြီးကျယ်ခက်ခဲသော လုပ်ငန်းများကို သာမန်ပုဂ္ဂိုလ်များ မဆောင်ရွက်နိုင်၊
ပါရမီရှင်များသာ ဆောင်ရွက်နိုင်သည်။
* ပါရမီရှင် ဟုတ်-မဟုတ် သိရှိနိုင်ရန် ကြီးကျယ်ခက်ခဲသော လုပ်ငန်းကြီးများကို
ကိုယ်တိုင်အားထုတ်ဆောင်ရွက်ခြင်းဖြင့် စမ်းသပ်ကြည့်သင့်ပါသည်။
* ကိုယ်တိုင်အားထုတ်မှုမရှိဘဲ လုပ်ငန်းကြီးများ၏ ကြီးကျယ်ခက်ခဲပုံကို
တွေးဆကြောက်ရွံ့ ဆုတ်နစ်နေလျှင် ပါရမီရှင် ဟုတ်-မဟုတ် မသိရှိနိုင်ပါ။
ဘဒ္ဒန္တဣန္ဒပါလမထေရ်
ရန်ကုန်တိုင်း ဒဂုံမြို့နယ် အမှတ် ၁၂-စကားဝါလမ်း၊ တိပိဋကကျောင်းတော်မှ
တိပိဋကဓရ တိပိဋကကောဝိဒ ရမ္မာဝတီ ဆရာတော်။

Saturday, May 29, 2010
ဗိသုကာ ဆရာဆိုင် ( ၃ )
( ပါရမီ အထူးမြောက်ပေသော)
ဆရာဆိုင်သည် ၀င်ဗလီလုပ်ငန်းတွင် အောင်မြင်မှုရပြီးနောက် မန္တလေး မဟာမုနိရုပ်ပွားတော်မြတ်ကြီး စံပယ်တော်မူသော ပလ္လင်တော်ကြီးကို မွမ်းမံခြယ်လှယ်သည့်လုပ်ငန်းကို တာဝန်ယူဆောင်ရွက်ရသည်။ ထိုပလ္လင်တော်ကြီးမှာ အုတ်ဖြင့်လုပ်ထားသော ပလ္လင်ကြီးဖြစ်သည်။ ဘိုးတော်မင်းတရားကြီး လက်ထက်က ဆရာကြီးများ၏ လက်ရာပင်။ ၁၉၂၅-ခုတွင် ထိုအုတ်ပလ္လင်တော်ကြီးကို ဆရာဆိုင်က မှန်စီရွှေချပညာဖြင့် မွမ်းမံခြယ်လှယ်ပေးရသည်။
ဆရာဆိုင်သည် အထူးကြိုးစား မွမ်းမံခြယ်လှယ်ပေးသည်။ ပြီးစီးသောအခါ ပလ္လင်တော်ကြီးမှာ ရုပ်ပွားတော်ကြီးနှင့် အလွန်ပနံရလှသည်။ မြင်သူတိုင်း ချီးကျူးမဆုံး ရှိကြသည်။
ထိုအလှူဒါနအတွက် သက်ဆိုင်ရာလူကြီးများက ဦးဆောင်၍ ရေစက်ချပွဲ ကျင်းပသည်။ ထိုရေစက်ချပွဲတွင် ဖတ်ကြားရန် ဆုတောင်းစာကို သေချာကျနစွာ ရေးသားသည်။ မြန်မာပြည်ရှိ ဆရာကြီး ဦးဘေက ရေးသားသည်။ ရေးသားရာ၌ ဆရာဆိုင်၏ စွမ်းဆောင်မှုကို ချီးကျူးသောအနေဖြင့် ပါရဂူမြောက်သော ဆရာဆိုင်အား လုပ်ဆောင်စေရာ-ဟူ၍ ထည့်သွင်းရေးသားသည်။ ရေစက်ချပွဲမတိုင်မီ ထိုစာကို ဆရာဆိုင်ဖတ်ရသည်။ ထိုအခါ ပါရဂူမြောက်သော-ဟူသော စကားအသုံးအနှုန်းအတွက် မနှစ်သက်နိုင်။
ပါရဂူမြောက်-ဆိုတဲ့ စကားနဲ့ ကျွန်တော့်ကို ချီးမွမ်းတာ လွန်နေတယ် ထင်ပါတယ်။ ကျွန်တော် ဒီပညာကို အတော်ကလေးတတ်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ပါရဂူမြောက်ဆိုတာတော့ မဟုတ်နိုင်ပါဘူး။ ဒါကြောင့် ဒီဝိသေသကိုတော့ ပြင်ဖတ်ပေးပါဆရာကြီး-ဟူ၍ ဆုတောင်းစာဖတ်မည့် မြန်မာပညာရှိ ဆရာကြီး ဦးသန်းစင်ကို ပန်ကြားသည်။
ရေစက်ချပွဲနေ့တွင် ဆရာကြီးဦးသန့်စင်ကလည်း ပြင်ဖတ်ပေးသည်။ ပါရဂူမြောက်-အစား ပါရမီအထူးမြောက် ပေသော -ဟူ၍ ပြင်ဖတ်သည်။ ဆရာဆိုင် နှစ်သက်ဝမ်းမြောက်သွားလေသည်။ ယခုဘ၀ ကြိုးစားမှုနှင့် ရှေးဘ၀က ပါရမီကြောင့် ဤပညာရပ်ကို ထူးချွန်စွာ တတ်မြောက်သည် ဆိုသည်ကိုသာ ဆရာဆိုင်က ခံယူလိုသည်။ ဘုရားကလွဲလျှင် မည်သူမျှ မည်သည့်ပညာကိုမဆို ပါရဂူမြောက် မတတ်နိုင်ဟူ၍ ဆရာဆိုင်က ယူဆထားပေသည်။
( ဗိသုကာဆရာနှင့် ပန်းပုဆရာ)
ထို့ကြောင့်လည်း ဆရာဆိုင်သည် မိမိတတ်ကျွမ်းထားသော ပညာကို ပြီးပြည့်စုံပြီ သဘောမထား။ အသစ်အသစ် ထပ်မံဆည်းပူးလေ့လာသည်။ အစဉ်အလာအရ ပြာသာဒ်တဆူ ဆောက်လိုလျှင် ဗိသုကာဆရာက ပန်းပုဆရာ တို့ကို ငှါးရမ်းရသည်။ ဗိသုကာဆရာက ပြာသာဒ်အဖြူထည်ကို အချိုးအစားမှန်ကန်စွာ ပြုလုပ်ပေးရသည်။ ထုပိကာခေါ် ပြာသာဒ်အထွတ်ကိုလည်း ဗိသုကာဆရာကပင် တာဝန်ယူလုပ်ဆောင်ပေးရသည်။
ဗိသုကာဆရာပြုလုပ်ပြီး အဖြူထည်ကိုမှ ပန်းပုဆရာက အပြောက်ဆင်ရန် လိုအပ်သလို တိုင်းတာပြီး ပန်းများ၊ ရုပ်လုံးများ ထုလုပ်တပ်ဆင်ပေးရသည်။
ဆရာဆိုင်သည် မူလက ပြာသာဒ်အပြောက်ဆင်သော ပန်းပုဆရာအလုပ်ကိုသာ တတ်မြောက်သူဖြစ်သည်။ သို့ရာတွင် သူသည် ထိုပညာမျှဖြင့် ရပ်တန့်မနေ။ ဆက်လက်ကြိုးစားသင်ယူရာ ပြာသာဒ်အဖြူထည် ဆောက်လုပ်သော ဗိသုကာဆရာအတတ်ကိုပါ ကျွမ်းကျင်စွာ တတ်မြောက်ခဲ့လေသည်။ လုပ်ငန်းနှစ်မျိုးလုံးကို တာဝန်ယူ လုပ်ဆောင်နိုင်ခဲ့ပေသည်။ ထို့ပြင် ပြာသာဒ်ကို ရှေးက သစ်သားဖြင့်သာ ဆောက်လုပ်ခဲ့ကြသည်။ ခေတ်က တိုးတက်လာသဖြင့် ပညာရှင်များသည် သစ်သားပြာသာဒ်သာမက သံပြာသာဒ်၊ အုတ်အင်္ဂတေ ပြာသာဒ်တို့ကိုပါ တီထွင်လုပ်ကိုင်လာကြသည်။ ဆရာဆိုင်သည် နောက်ပိုင်းတွင် သံပြာသာဒ်၊ အုတ်အင်္ဂတေပြာသာဒ် ဆောက်လုပ်နည်းအတတ်ပညာကိုပါ လေ့လာဆည်းပူးခဲ့သည်။ ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။ ထို့ပြင် ဆရာဆိုင်သည် မှန်စီရွှေချပညာကိုလည်း အဦးပိုင်းကပင် သင်ယူတတ်မြောက် ခဲ့သည်။ ထိုမျှမက ဘုရားဆင်းတုထုသည့် အတတ်ပညာကိုလည်း မဖြစ်မနေ ကြိုးစားသင်ယူခဲ့သည်။ သို့ရာတွင် ဘုရားထုနည်းအတတ်ကို တတ်မြောက်ပြီး တနှစ်ခန့်သာ ဘုရားဆင်းတုထုသည်။ ထို့နောက် လုံးဝမလုပ် တော့ပေ။ မခံချင်သဖြင့် ဘုရားဆင်းတုထုနည်းအတတ်ကို သင်ခြင်းသာဖြစ်သည်။ မိမိ ဘုရားဆင်းတု ထုတတ်ကြောင်းပြပြီးနောက် ဆက်မလုပ်တော့ပေ။
( ၀က်မစွတ် ၀န်ထောက်မင်းနှင့် ဆရာဆိုင်)
ဆရာဆိုင်သည် ပညာသင်ယူရာတွင် မည်သည့်ဆရာထံတွင် မဆို ရိုသေကျိုးနွံစွာ ဆည်းပူးလေ့လာသည်။ သင်ယူသည်။ ဆရာ့ကျေးဇူးကိုလည်း အထူးသိသည်။ ဆရာများအနက် ၀က်မစွတ်ဝန်ထောင်မင်းထံမှ ဆရာဆိုင် ပညာဆည်းပူးရရှိခဲ့ပုံမှာ စိတ်ဝင်စားဖွယ်ပင်။
ဝက်မစွတ်ဝန်ထောက်မင်းကား စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး၏ အဘိုးဖြစ်သည်။ မြန်မာဘုရင်ထံတွင် အမှုထမ်းခဲ့သူဖြစ်သည်။ မင်းခမ်းမင်းနားဆိုင်ရာ၊ မြန်မာ့အနုပညာဆိုင်ရာ ဗဟုသုတများ အထူးကြွယ်ဝသည်။
တခါသော် မြေးဖြစ်သူ ခင်ခင်လေးကို နားသမင်္ဂလာ ဆင်ယင်ကျင်းပသည်။ ၀က်မစွတ်ဝန်ထောက်မင်းသည် ထိုခေတ်ဓလေ့ထုံးစံအတိုင်း နားသမင်္ဂလာပွဲတွင် ခေါင်းလောင်းပါထည့်၍ လှူသည်။ လှူရာတွင် ထိုခေါင်းလောင်းကို ထမ်းသော အရုပ်နှစ်ရုပ်ကိုပါ ထည့်လှူချင်သည်။ သို့ဖြင့် အရုပ်ထုလုပ်ပေးရန် ဆရာဆိုင်ကို သူ့အိမ်သို့ ခေါ်လေသည်။ ဆရာဆိုင်ရောက်လာသောအခါ ရုပ်လုံး ထုတတ်-မထုတတ် မေးသည်။ ဆရာဆိုင်က ထုတတ်ကြောင်း ပြောသောအခါ သူ့ရှေ့တွင် ဘီလူးရုပ်ရေးပြရန် ပြောဆိုသည်။
ဆရာဆိုင်က ပန်းပုထုလုပ်ရာ၌ ရေးဆွဲရသော ဘီလူးရုပ်ပုံကြမ်းကို ရေးပြသည်။ ၀န်ထောက်မင်းသည် ဘီလူးရုပ် အချိုးအစားမှန်-မမှန်၊ ပါသင့်ပါထိုက်သော အဆင်တန်ဆာတို့ ပါ-မပါ သေချာစွာကြည့်ရှုစစ်ဆေးသည်။ ကျေနပ်မှ အေး မင်းရေးတာမှန်တယ်-ဟု ၀မ်းမြောက်ဝမ်းသာ မိန့်သည်။ ထို့နောက် ပုရပိုက်တခုကို ထုတ်လာသည်။ ထိုပုရပိုက်ထဲမှ ပုံများကို ဖွင့်၍ပြသည်။ ဆရာဆိုင်အား ရာမဇာတ်၌ပါသော ဟနုမာန်နှင့် ဣန္ဒဇိတ်ရုပ်တို့ကို ထုလုပ်ရန် အပ်နှံစေသည်။
ဆရာဆိုင်က အကောင်းဆုံးထုလုပ်ပေးရာ ၀န်ထောက်မင်းက များစွာ ကျေနပ်အားရသွားသည်။ ထိုမှစ၍ ဆရာဆိုင်နှင့် ၀က်မစွတ်ဝန်ထောက်မင်းတို့ သိကျွမ်းခင်မင်သွားကြသည်။ ဆရာဆိုင်သည် ၀န်ထောက်မင်း ထံမှ မြန်မာ့အနုပညာ ဆိုင်ရာ ဗဟုသုတတို့ များစွာရရှိသည်။ ဘုရားမကိုဋ်တော် လုပ်နည်းကိုလည်း ၀န်ထောက်မင်း ထံမှပင် ဆရာဆိုင် ရရှိသည်။ ဆရာဆိုင်သည် ၀န်ထောက်မင်းနှင့်သာမက ၀န်ကတော်နှင့်လည်း သိကျွမ်းခင်မင်သည်။ ၀န်ကတော်မှာ ပိဋကတ်ဝန် ဦးရန်၏သမီး ဖြစ်သည်။ ပိဋကတ်စာပေကို အံ့ချီးဖွယ် တတ်မြောက်သည်။ ၀န်ထောက်မင်း ဇနီးမောင်နှံသည် ဆရာဆိုင်ကို သားရင်းတမျှ ချစ်ခင်ကြသည်။ သူတို့တတ်နိုင်သည့်ဘက်မှ အမြဲတမ်းစောင်မကြည့်ရှုသည်။ ဆရာဆိုင်သည် ကျေးဇူးရှင် ၀က်မစွတ် ၀န်ထောက်မင်းကို ညအိပ်ရာဝင်တိုင်း ရှိခိုးအိပ်လေသည်။
(ကျေးဇူးသိတတ်သူ)
ဆရာဆိုင်ကား မိဘကျေးဇူး၊ ဆရာ့ကျေးဇူးကိုသာမက အများကျေးဇူးကိုလည်း သိတတ်သူဖြစ်သည်။ သူ့ကျေးဇူးကို ရှာတတ်သူဖြစ်သည်။ အလုပ်အပ်သူရှိမှ မိမိ အလုပ်လုပ်ရမည်။ မိမိ အလုပ်လုပ်ရမှ မိမိနှင့်တကွ ဇနီး၊ သားသမီး၊ အလုပ်သမားတို့၏ စားဝတ်နေရေး ဖူလုံမည်။ ထို့ကြောင့် ကျေးဇူးရှိသည်ဆိုကာ သူ့ကျေးဇူးကို အောက်မေ့၍ အလုပ်ကို မခိုမကပ်ဘဲ ကြိုးစားလုပ်ပေးလေ့ရှိသည်။ အလုပ်အပ်သူ ကျေနပ်စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးလေ့ရှိသည်။ ထိုသို့လုပ်ကိုင်ဆောင်ရွက်ပေးရာတွင် မည်သည့်အခါမျှ မရိုးမသားမပြု၊ ရိုးသားမှုကို တန်ဖိုးထားကာ ရိုးသားဖြောင့်မတ်စွာ ပြုခဲ့ပေသည်။ ထို့ပြင် အလုပ်ကို လက်ခံထားသည်ထက် ပို၍လည်း လုပ်ပေးသည်။ ထိုအတွက် အလုပ်အပ်သူတို့ ကျေနပ်ကာ လုပ်ခငွေအပြင် ဆုငွေ၊ ဆုတံဆိပ် စသည်များပါ ဆရာဆိုင်ကို ချီးမြှင့်တတ်ကြပေသည်။
ထို့ကြောင့်ပင် ဆရာဆိုင်၏ လုပ်ငန်းမှာ အထူးအောင်မြင်သည်။ လုပ်ငန်းပေါင်း အမြောက်အမြားလက်ခံ ဆောင်ရွက်ခဲ့ရသည်။ ဆရာဆိုင်၏ လက်ရာများတွင် အများအပြားမှာ ယနေ့တိုင် ခိုင်မြဲတည်ရှိနေသေးသည်။ အချို့မူ စစ်ကြီးအတွင်းက မီးလောင်ရာတွင် ပါသွားကုန်ကြပြီ။
ဆရာဆိုင်၏လက်ရာတို့တွင် ရွှေတိဂုံအနောက်စောင်းတန်း၊ မြို့တော်ခန်းမ၊၊ သွင်စီနီမာ၊ မန္တလေးမြို့ ချမ်းသာကြီးဘရားတောင်ဘက်ပြာသာဒ်၊ အရှေ့ပြင် ဘီဘီအိုအေကျောင်းမှ ပြာသာဒ်၊ စစ်ကိုင်းတောင် ရှင်ဖြူရှင်လှဘုရား၊ မလွန်ဈေး ဦးလန်ြး့ပာသာဒ်၊ မန္တလေးတောင် ကျောက်တော်ကြီးဘုရား မြောက်စောင်းတန်းဦးပြာသာဒ်၊ မျက်ပါးရပ် စစ်တပ်ဓမ္မာရုံမှ ပလ္လင်နှင့်တံကဲ၊ အိမ်တော်ရာမြောက် စောင်းတန်းဦးပြာသာဒ်၊ ရွှေဘိုမြို့ မြို့ထောင့်စေတီ ဦးအုန်းခိုင်ပြာသာဒ် ၂-ဆူ (သစ်သားပြာသာဒ် ၁၂၉၀၊ သံပြာသာဒ် ၁၂၉၄-ခု) မြင်းမူ ရွှေစောဘုရားအတွင်းရှိ ဦးဘိုးစိုး၊ ဒေါ်ညိမ်း ကောင်းမှုပြာသာဒ်၊ ပျဉ်းမနားအရှေ့ ဦးနီပြာသာဒ်၊ ပုသိမ် ကန်ကြီးထောင့်ပလ္လင်နှင့်တံကဲ၊ ရန်ကုန် တက္ကသိုလ် ဓမ္မာရုံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပင်လုံရှိ တောင်ပိုင်းစော်ဘွားကြီး ပြာသာဒ်၊ မန္တလေး မဟာသကျသီဟဘုရား အနောက်ဘက်ပြာသာဒ်နှင့် စောင်းတန်း၊ ကုသိနာရုံ ဘုရားစောင်းတန်းနှင့် မုခ်ဦးပြာသာဒ်၊ မိုးကုတ်မြို့ ဖောင်တော်ဦးဘုရားပြာသာဒ်နှင့် ဓမ္မာရုံ၊ ကျပ်ပြင်တောင်ပေါ်ကျောင်းပြာသာဒ်၊ ညောင်ဦး ရွှေစည်းခုံဘုရား အရှေ့စောင်းတန်း အလယ်ပြာသာဒ်၊ ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားပြာသာဒ်၊ မန္တလေး မဟာမုနိဘုရားကြီး အရှေ့စောင်းတန်း ခါးပြတ်ပြာသာဒ် အရှေ့စောင်းတန်း ဂန္ဓကုဋီတိုက်အတွက် ပြာသာဒ်၊ မဟာသကျသီဟဘုရား ဗန္ဓုလဓမ္မာရုံကြီးနှင့် အုတ်ပြာသာဒ် စသည်တို့ ပါဝင်သည်။ ယင်းတို့မှာ ဒုတိယကမ္ဘာစစ်မတိုင်မီက ဆောက်လုပ်မှုများ ဖြစ်ပေသည်။
(ရှေ့လဆက်ရန်)
မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု နိုဝင်ဘာလ)

Wednesday, May 26, 2010
ဂုဏ်တော် နဲ့ အကျိုး
ဗောဓိတထောင် ဆရာတော်ကြီးရဲ့ ဂုဏ်တော်ပုတီးစိပ်နည်းကတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အောက်မေ့တဲ့အခါ ဂုဏ်တော်တပါးစီရဲ့ အဓိပ္ပါယ်တွေကို အောက်မေ့ပြီး ပူဇော်နေဖို့ပါပဲ။
အရဟံ-လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
အရ ဟံ-ကိလေသာတည်းဟူသော ရန်သူကို သတ်တော်မူသော မြတ်စွာဘုရား။
အ ရဟံ-ဆိတ်ကွယ်ရာ ရှိတော်မမူသော မြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ-ဉေယျငါးဓံ တရားမှန်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာစရဏ သမ္ပန္နော-၀ိဇ္ဖာသုံးပါး၊ ၀ိဇ္ဖာရှစ်ပါး၊ စရဏတဆဲ့ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
သုဂတော-ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား။
သုဂတော-ကောင်းသောကြွသွားခြင်း ရှိတော်မူသော မြတ်စွာဘုရား။
လောက၀ိဒူ-သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။
အနုတ္တရောပုရိသဒမ္မသာရထိ-မယဉ်ကျေးသော ဗကဗြဟ္မာနှင့် လူယောက်ျား၊ နတ်ယောက်ျား၊ တိရစ္ဆာန်ယောက်ျားတို့ကို ယဉ်ကျေးအောင် ဆုံးမရာ၌ အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
သတ္ထာဒေ၀မနုဿာနံ-လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ-သစ္စာလေးပါး မြတ်တရားကိုယ် ကိုယ်တော်တိုင် သိသည်ဖြစ်၍ သူတပါးတို့ကိုလည်း သိစေတော်မူသော မြတ်စွာဘုရား။
ဘဂ၀ါ-ဣဿရိယ၊ ဓမ္မ, ယသ၊ သိရီ, ကာမ၊ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
လို့ ပူဇော်အောက်မေ့တယ်။ ဆရာတော်ကြီးသည် တနာရီ ပုတီးအပတ်ရေ ၁၅၀-ရအောင် စိပ်သည်။
တနေ့ ဂုဏ်တော် ရှစ်သောင်း ရသည်။
ပုတီးစိပ်တဲ့သူဟာ စက်ချုပ်တဲ့သူလို စိတ်ထားရမယ်။
စက်ချုပ်တဲ့သူဟာ သူ့ရဲ့စိတ်က ချုပ်တဲ့အ၀တ်နဲ့ အပ်ချည်ပေါ်မှာထားပြီး စက်ခုံနင်းတဲ့ ခြေထောက်ဆီမှာ စိတ်မထားရဘူး။ ခြေထောက်ကတော့ မှန်မှန်နင်းပေးနေတာပဲ။ စိတ်ကတော့ အ၀တ်နဲ့ အပ်ချည်ပေါ်မှာပဲ ထားတယ်။
အဲဒီလိုဘဲ ဂုဏ်တော်ပွားသူဟာ စိတ်က ပုံတော်နဲ့ ဂုဏ်တော်အပေါ်ထားပြီး လက်က ပုတီးကို မှန်မှန်ချပေးနေရုံပဲ-လို့ မိန့်တော်မူတယ်။ ဂုဏ်တော်ပုတီးစိပ်ရတဲ့ အကျိုးတွေကို ဆရာတော်ကြီးက သံပေါက်လင်္ကာ စီကုံးပြီး ရေးသားထားသေးသည်။
၁။ နိဗ္ဗာန်လိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၂။ စိတ်ကြည်လိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၃။ အောင်မြင်လိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၎။ ဉာဏ်ကြီးလိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၅။ ချမ်းသာစီးပွား၊ များပြားလိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၆။ အပူခပ်သိမ်း၊ အေးငြိမ်းလိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၇။ ဘေးရန်ခပ်သိမ်း၊ ကင်းငြိမ်းလိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၈။ အဆင်းရူပ၊ ရှုမ၀အောင်၊ လှပလိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၉။ ရုပ်လက္ခဏာ၊ အင်္ဂါကုံလုံ၊ ပြည့်စုံလိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၁၀။ မျိုးနွယ်ဟိတ်ဇာတ်၊ မြင့်မြတ်လိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၁၁။ ဘိညာဉ်တန်ခိုး၊ ဈာန်မျိုးရှစ်ဝ၊ ရလိုကလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၁၂။ ရိုသေခယ၊ ခံလိုကလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၁၃။ စိတ်လိုဆန္ဒ၊ ပြည့်ဝလိုလျှင်၊ ဂုဏ်တော်ပင်၊ တွင်တွင်ပွားရမည်။
၁၄။ လူနတ်ဦးခိုက်၊ စေတီထိုက်လို၊ ဂုဏ်တော်ကို၊ ပိုမိုပွားရမည်။
၁၅။ သူများစိတ်ကြံ၊ အမှန်သိလို၊ ဂုဏ်တော်ကို၊ ပိုမိုပွားရမည်။
၁၆။ ပစ္စည်းဥစ္စာ၊ ရတနာရွှေငွေ၊ မလျော့စေလို၊ ဂုဏ်တော်ကို၊ ပိုမိုပွားရမည်။
၁၇။ ဗုဒ္ဓါနုဿတိ၊ ပွားတုံဘိ၊ သိရှိလာလိမ့်မည်။
အရှင်သုနန္ဒသာရ (မုံရွေး)

ကြိုက်ရာရွေးပါ
* လူ, နတ်, ချမ်းသာ၊ လိုချင်ရှာ၊ ပြုပါ ဒါန-သာ။
* အနာရောဂါ၊ ကင်းချင်ရှာ၊ စောင့်ပါ သီလ-သာ။
* စိတ်ဆင်းရဲတာ၊ လွတ်ချင်ရှာ၊ လုပ်ပါ သမထ-သာ။
* နိဗ္ဗာန်ချမ်းသာ၊ လိုချင်ရှာ၊ ရှုပါ ၀ိပဿနာ။
* ထိုလေးမျိုးမှာ၊ ဆွေသဟာ၊ ကြိုက်တာ ရွေးစမ်းပါ။
(တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ)

Tuesday, May 25, 2010
အကျိုးပေးမတူသူ နှစ်ဦး
ကျွန်တော်သည် အကျိုးပေးမတူသူ လူနှစ်ဦးနှင့် ကြုံခဲ့ရပါသည်။ တဦးမှာ ကုသိုလ်အကျိုးပေး ခံရသူဖြစ်ပြီး တဦးမှာ အကုသိုလ်အကျိုးပေး ခံရသူ ဖြစ်ပါသည်။
(ကိုရင်ကလေး)
ကုသိုလ်အကျိုးပေး ခံရသူမှာ ရဟန်းလူထွက် အငြိမ်းစားကျောင်းဆရာတဦး ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ငယ်စဉ်က ကိုရင်ဘ၀ဖြင့် တောရပ်ကျောင်းတကျောင်းတွင် နေထိုင်ခဲ့ပါသည်။ တနေ့တွင် အကို ဦးပဉ္ဖင်းနှင့်အတူ ဝေးလံခေါင်းပါးသော တောအရပ်ရှိ တောရကျောင်းတကျောင်းသို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ကြသည်။
ဗေဒင်တတ်ကျွမ်းသော ရွာမှ ဗေဒင်ဆရာကြီးက မပြောင်းရွှေ့ရန် တားသည်။ ဗေဒင်ကိန်းခန်းအရ သွားမဲ့အရပ်မှာ အရပ်မတော်ကြောင်း၊ မသွားသင့်ကြောင်း၊ အလွန်ခိုက်ပြီး ပြန်လမ်းမရှိကြောင်းဖြင့်-အတန်တန် တားပါသည်။ သို့သော် အယုံအကြည်နည်းကာ နားမထောင်ဘဲ ထွက်ခွာသွားကြသည်။
ခရီးအတန်ပေါက်၍ ချောင်းတချောင်းအနီး ရောက်သောအခါ ငါးရောင်းသူမိန်းမတဦးနှင့် ဆုံတွေ့ကြသည်။ ငါးတောင်းထဲတွင် ငါးအရှင်လတ်လတ် ငါးဘဲဖြူ-လေးများ ဆွေ့ဆွေ့ခုန်နေကြသည်ကို တွေ့ကြသည်။ သူတို့နှစ်ဦး ပါသမျှငွေဖြင့် အကုန်ဝယ်ပြီး ချောင်းထဲ့သို့ လွှတ်လိုက်ကြသည်။ သေအံ့မူးမူး ငါးလေးများကို အသက်ကယ်ပေးကာ လွှတ်လိုက်ရသဖြင့် ၀မ်းသာကြည်နူးကြသည်။ အတန်ကြာသည်အထိ မျက်စိထဲက မထွက်ဘဲ ပီတိဖြစ်နေကြသည်။
သူတို့ သီတင်းသုံးမည့်ရွာအနီးရောက်ချိန်တွင် ကိုရင်ဖြစ်သူ၏ တင်ပါးမှ စပ်ဖျင်းဖျင်းဝေဒနာ ခံစားလာရသည်။ ရွာဘုန်းကြီးကျောင်းရောက်ပြီး ညအိပ်ကျိန်းစက်ချိန်တွင် တင်ပါးက ပိုမိုနာလာပါသည်။ နံနက်မိုးလင်းချိန်တွင် တင်ပါး၌ အနာစိမ်းများပေါက်နေသည်ကို တွေ့ရသည်။ ဆေးမရှိ၊ ဆရာမရှိသော တောရပ်တောကျောင်း၌ နေရ သဖြင့် အနာများမှာ ပို၍ပို၍ ရင်းလာကာ အဖျားပင် ၀င်လာသည်။ မိန်းမော၍သာ နေရသောအခြေအနေသို့ ရောက်သွားသည်။
အားလုံးက မရတော့ဘူးဟု ထင်မှတ်နေချိန်တွင် မိန်းမောနေသော ကိုရင်၏အာရုံ၌ သူလွှတ်ခဲ့သော ငါးဘဲဖြူ-ငါးလေးများကိုသာ မြင်ယောင်နေသည်။ သူ့ကိုယ်သူ မသေဘူးဟုလည်း ယုံကြည်နေသည်။ ရွာနီးချုပ်စပ်မှ ဓာတ်စာအနည်းငယ်တတ်ကျွမ်းသော ရွာလူကြီးတယောက်က ဓာတ်စာအဖြစ် ကြံရိုးနှင့် မာလကာသီးကို စားခိုင်းသည်။ ယဲ့ယဲ့လေးသာရှိပြီး မိန်းမောနေသော ကိုရင်အဖို့ စားနိုင်ရန်ဝေးစွ အရည်တဇွန်းလောက်ကိုပင် မနည်းမြိုချနေရသည်။ သို့သော် ပေးလာသောကြံရိုးနှင့် မာလကာသီးတို့၏ အနံ့ကိုမူ ရှုရသည်။ ကိုရင်၏ အာရုံ၌ကား သူလွှတ်ခဲ့သော ခုန်ဆွခုန်ဆွ ငါးဘဲဖြူငါးကလေးများကိုသာ မြင်ယောင်နေမိသည်။ တရက်တွင် ရင်ထဲက ပူသလိုလိုရှိပြီး ရေဆာလာသဖြင့် ရေတောင်းသောက်ပါသည်။ ရေကို ထင်သည်ထက် ပိုသောက်နိုင်ပြီး ပူနေသောရင်မှာလည်း အေးသွားသည်။ ယင်းနောက် ထမင်းရည်များ၊ ဆန်ပြုတ်များ တစတစ ၀င်လာကာ အဆုံးတွင် အံ့သြလောက်အောင်ပင် အလိုအလျောက် ရောဂါသက်သာပျောက်ကင်းသွားသည်။ ငါးလွှတ်သော ကုသိုလ်အကျိုးပေးဖြင့် အသက်ရှင်သန်ခဲ့ရသော ကိုရင်လေးမှာ ယခုအခါ အငြိမ်းစားကျောင်းဆရာကြီးဘ၀ဖြင့် အသက် ၇၉-နှစ်ကျော်အရွယ်ရောက်ရှိကာ ပကတိကျန်းမာလျက် ရှိသည်။
( ငခွေးကြီး)
အကျိုးပေးမတူသူ နောက်တဦးမှာ ငခွေးကြီး-ဆိုသူဖြစ်သည်။ ငခွေးကြီးသည် အရက်မူးပြီး ရမ်းကားနေသဖြင့် ဖခင်ဖြစ်သူက ရိုက်၍ ဆုံးမလိုက်မိသည်ကို မိုက်ရိုင်းလှသော ခငွေးကြီးက အနားရှိ သံတုတ်ဖြင့် ဖခင်ကို ပြန်ရိုက်ခဲ့သည်။ ဖခင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် ငခွေးကြီးအား လူတိုင်းက ရွံမုန်းကြသည်။ အင်မတန် လူစိတ်နည်းလှသည်။ အိမ်ထောင်ကျသောအခါတွင်လည်း အကုသိုလ်ဖြင့် အသက်မွေးသည်။ တောကောင်မျိုးစုံကို နည်းမျိုးစုံဖြင့် ရအောင်ဖမ်းပြီး မိန်းမက ဈေးတွင်ပြန်ရောင်းသည်။
မိုးဦးကျကာလတွင် ပုတတ်နှင့် ဖားကလေးတွေကို ရေနွေးပွက်ပွက်ဆူထဲသို့ အရှင်လတ်လတ်ထည့်ပြီးသတ်ကာ ရင်ကိုခွဲ၍ အသဲအူနုတ်ပြီး ၀ါးနှင့်သီလျက် ကင်၍ရောင်းလျက်ရှိသည်။ မိုးဦးကျကာလ ပုတတ်ကင်၊ ဖားကင် ဖောဖောသီသီ ရနိုင်သောနေရာမှာ ငခွေးကြီးအိမ်သာ ဖြစ်သည်။ ငခွေးကြီးသည် ရှာဖွေရသမျှ အခြားတောကောင်ငယ်မှန်သမျှကိုလည်း ရင်ကိုခွဲကာ အူအသဲနုတ်ပြီး ကင်ရောင်းလေ့ရှိသည်။ အကောင်ကြီးအချို့ကိုသာ တိုက်ရိုက်ခွဲစိတ်ရောင်းချသည်။
တနေ့တွင် ငခွေးကြီးအား သူ့သား ဂျိုးနီက ၀ါးရင်းတုတ်ဖြင့်ရိုက်ပြီး ထွက်ပြေးကြောင်း၊ ဂျိုးနီ ဘယ်ထွက်ပြေးသည် မသိကြောင်း ကြားရသည်။
အကုသိုလ်တို့မည်သည် တခုတည်း လာလေ့မရှိ-ဟူသော ဆိုရိုးစကားအတိုင်း ငခွေးကြီးမှာ အကုသိုလ်ထပ်ဝင်လာသည်။။ တရက်တွင် ငခွေးကြီးတယောက် ရုတ်တရက် အသည်းအသန်ဖြစ်ပြီး ဆေးရုံတင်လိုက်ရကြောင်း ကြားရပြန်သည်။ နောက်ဆက်တွဲသတင်းအနေဖြင့် ငခွေးကြီး ဗိုက်ခွဲရကြောင်း ကြားရပြန်သည်။
ကျွန်တော်တို့ခေတ်က ဆေးရုံတွင် ဗိုက်ခွဲရသတဲ့ဟေ့ ဆိုလျှင် အထိတ်တလန့် ရှိကြသည်။ ယခုလည်း ငခွေးကြီး အရေးပေါ်ဆေးရုံတင်လိုက်ရကြောင်းနှင့် ဗိုက်ခွဲရကြောင်း သတင်းစကားမှာ ရပ်ကွက်ထဲတွင် ပြောမဆုံး ဖြစ်နေသည်။
တရပ်ထဲ အတူနေဖြစ်၍ မကောင်းတတ်သောကြောင့် ဆေးရုံသို့ ကျွန်တော်သွားခဲ့သည်။ နယ်ဓလေ့ထုံးစံအတိုင်း လူနာမေးရန်ဖြစ်သည်။ ငခွေးကြီးကို မြင်ရသည်မှာ စိတ်မသက်သာစရာ ဖြစ်သည်။
ငခွေးကြီးသည် ခွဲထားသောဒဏ်ရာက နာလွန်းသောကြောင့် ဖြစ်ဟန်တူပါသည်။
အမယ်လေး၊ အမယ်လေး၊ တပြီး အော်ဟစ်ညည်းညူနေသည်။ ယခုခေတ်လောက် ဆေးဝါးပြည့်စုံမှု မရှိသည့်အပြင် နယ်ဆေးရုံဖြစ်၍ သက်သာရာ သက်သာကြောင်း ဆေးဝါးတို့ဖြင့် လုပ်ပေးနိုင်ခြင်း မရှိပေ။ ငခွေးကြီး၏ ရင်ဘတ်တလျှောက် ခွဲထားသည်မှာလည်း နည်းနည်းနောနော မဟုတ်ပါ။ ရင်ခွဲခံရပြီး အော်ဟစ်ညည်းညူနေသော ငခွေးကြီးအား ကျွန်တော်ကြည့်၍ စိတ်မသက်သာဖြစ်ကာ သံဝေဂရမိသည်။
ငခွေးကြီး၏ အခြေအနေသည် တနေ့တခြား ဆိုးရွားလာပြီး နောက်ဆုံးတွင် အိမ်သို့ပြန်သယ်လာသည်။ မသေမီ နှစ်ရက်သုံးရက်အလိုတွင် ငခွေးကြီးသည် ကျွဲအော်၊ နွားအော် အော်ကာ ဆောက်တည်ရာမရ ချာလပတ် လည်လျက်ရှိနေသည်။ အသံနက်ကြီးဖြင့် ကျွဲအော် နွားအော် အော်နေသည်မှာလည်း မကြားဝံ့ မနာသာပင် ဖြစ်တော့သည်။
ဖခင်ကို သံတုတ်ဖြင့် ရိုက်ခဲ့မိသော အကုသိုလ်နှင့် ဖားလေးတွေ၊ ပုတတ်လေးတွေ၊ တောကောင်လေးတွေ၏ ရင်ကိုခွဲကာ ၀ါးဖြင့် သီကင်ရောင်းခဲ့သော ကံတို့ကြောင့် ငခွေးကြီး၏ အကုသိုလ်သည် ဘ၀မကူးမီပင် အကျိုးပေးနေပါသည်တကားဟု ဆင်ခြင်မိသည်။
တချိန်တည်းမှာပင် မြတ်စွာဘုရားဟောကြားထားသော မိမိပြုသောကံသည် တူသောအကျိုးကိုပေးသည်-ကံ၏အကျိုးပေးကို ငါ ဘုရားကဖြစ်စေ၊ အခြားတဦးကဖြစ်စေ တားမြစ်ခြင်းငှါ မတတ်ကောင်း-ဟူသော ဟောကြားချက်သည် စိတ်အစဉ်တွင် စွဲထင်နေမိပါတော့သည်။
စိုးဝင်း (ချောက်)
(မြတ်မင်္ဂလာ ၂၀၀၇-ခု နိုဝင်ဘာလ)

မေတ္တာအကျိုး ဆပွားတိုး
စာရေးသူသည် မေတ္တာတရား၏ အကျိုးကို လွန်ခဲ့သော လေးနှစ်ခန့်က ကိုယ်တွေ့သိခွင့်ရခဲ့ပါသည်။ ထိုအချိန်က စာရေးသူသည် တက္ကသိုလ်ဝင်တန်း ကျောင်းသူတဦး ဖြစ်ပါသည်။
စာရေးသူတို့ နေထိုင်ရာ ရပ်ကွက်လေးသည် ကိုယ့်ခြံကိုယ့်ဝင်းနှင့် အေးဆေးစွာနေထိုင်သော ရပ်ကွက်လေးတခု ဖြစ်ပါသည်။ စာရေးသူ၏ မိဘများသည်လည်း အေးဆေးသူများ ဖြစ်ပြီး ရတနာသုံးပါးကို မမေ့မလျော့နှင့် နေထိုင်ကြသူများ ဖြစ်သည့်အပြင် စာရေးသူကိုလည်း ရတနာသုံးပါးကို မမေ့မလျော့ရန် သတ္တ၀ါများအပေါ် မေတ္တာစိတ်ထားရှိရန် ငယ်စဉ်မှ စ၍ ဆုံးမသွန်သင်ခဲ့ကြပါသည်။
စာရေးသူကိုယ်တိုင်လည်း ရတနာသုံးပါးကို ယုံကြည်သက်ဝင်သူတဦး ဖြစ်ပါသည်။ ပရိတ်တော်များ၊ ဂါထာတော်များကို အမြဲအပြတ် ရွတ်ဆိုပွားများခဲ့ပါသည်။ ထိုအထဲမှ မေတ္တသုတ်တော်ကိုလည်း မမေ့မလျော့ ရွတ်ဆိုခဲ့ပါသည်။ ယနေ့တိုင်အောင်လည်း ရွတ်ဆိုပွားများမြဲ ဖြစ်ပါသည်။
တနေ့ စာရေးသူတို့လမ်းထဲတွင် စတိုင်းဆိုင်ဖွင့်ထားသော မထွေး-ဆိုသည့် အမကြီးတဦးသည် စာရေးသူအား ဘယ်အချိန်မှစ၍ ဘာကို မကျေနပ် ဖြစ်နေမှန်းမသိ၊ စာရေးသူ ကျောင်းမှအပြန် ထိုအမကြီး၏ ဆိုင်ရှေ့မှ ဖြတ်အသွား စာရေးသူအား အရှက်ရစေသော စကားများဖြင့် စောင်းမြောင်းပြောဆိုပါတော့သည်။
ထိုအချိန်တွင် စာရေးသူနှင့် သက်တူရွယ်တူ ယောက်ျားကလေးများလည်း အနီးတ၀ိုက်တွင် ရှိနေကြသည်။ စာရေးသူကိုယ်တိုင်လည်း ဘယ်သူ့ကို ပြောမှန်းမသိ၍ ဇဝေဇ၀ါဖြစ်နေသည်။ နောက်မှ စာရေးသူကိုကြည့်ပြီး ပြောဆိုနေခြင်းဖြစ်ကြောင်း သိရသောအခါမှ ရှက်စိတ်များဖြင့် အိမ်သို့ အမြန်ပြန်ခဲ့ရပါသည်။
ငယ်ရွယ်သူမို့ ရှက်စိတ်၊ ဒေါသစိတ်များဖြင့် ထိုအမကြီးအား ဘာကြောင့် ငါ့ကို ခုလိုပြောဆိုရပါလိမ့်-ဟု တွေးပြီး မုန်းတီးနေမိပါတော့သည်။ သို့သော် စာရေးသူသည် မိဘများ၏ အဆုံးအမများနှင့်တကွ မေတ္တာတရား၏ အကျိုးကျေးဇူးကြီးမားပုံကို သတိရမိသောအခါ နေ့စဉ် မြတ်စွာဘုရားကို အမှူးထား၍ ထိုအမကြီး၏ မျက်နှာကို မြင်ယောင်ကာ မေတ္တသုတ်တော်ကို ရွတ်ဖတ်ပွားများပြီး မေတ္တာစိတ်ဖြင့်သာ မေတ္တာပို့နေခဲ့ပါသည်။
သည်လိုနဲ့ တလခန့်ကြာသောအခါ လမ်းသွားရင်း ထိုအမကြီးနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ကြရာ ထိုအမကြီးက ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်စကားပြောပြီး ခင်မင်ရင်းနှီးစွာ ဆက်ဆံလာသောကြောင့် အံ့သြမဆုံး ဖြစ်ခဲ့ရသည်။ လွန်ခဲ့သော လေးနှစ်မှစ၍ ယခုအချိန်အထိ တလမ်းထဲနေ မိတ်ဆွေများ ဖြစ်ခဲ့ရပါသည်။ ဟိုအလျင်ကလို စာရေးသူအပေါ် မကျေနပ်မှုများ ထိုအမကြီး၏ မျက်နှာတွင် လုံးဝ မတွေ့ရတော့ပါ။
စာရေးသူကို ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံလာခြင်းသည် မေတ္တာတရား၏အကျိုး၊ မေတ္တသုတ်တော်၏ အကျိုးကျေးဇူးများပင်ဖြစ်ကြောင်း ယုံကြည်ယူဆမိပါသည်။ ထို့ကြောင့် စာဖတ်သူတို့လည်း အချိန်ရှိသရွေ့ လောက၌ ရှိကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား မေတ္တာမပျက် အမုန်းမဖက်ဘဲ မေတ္တာစိတ်ဖြင့် မေတ္တာပို့ဆုတောင်းပါက တချိန်ချိန်တွင် အကျိုးထူးများ ရရှိလာမည်ဖြစ်ကြောင်း ကိုယ်တွေ့ကြုံ၍ ရေးသားတင်ပြအပ်ပါသည်။
ခင်လေး (ရန်ကုန်)

ကျမ်းစူးသူ
ကျေးရွာတွင် အလွန်ကြွယ်ဝချမ်းသာသော ဦးခင်မောင်၊ ဒေါ်ငွေစိန်တို့ ဇနီးမောင်နှံနှစ်ဦး ရှိလေသည်။ သူတို့ဇနီးမောင်နှံသည် ငွေတိုးပေးခြင်း၊ ပစ္စည်းအပေါင်ခံခြင်း စသော အလုပ်များကို လုပ်ကိုင်သည်။ ငွေတိုးပေးရာတွင်လည်း အတိုးကို အဆမတန် တောင်းလေ့ရှိသည်။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသော်လည်း ပေးကမ်းလှူဒါန်းခြင်း အလျဉ်းမရှိပါ။
တနေ့တွင် ငွေကြေးမပြေလည်သူတဦးက ရွှေထည်ပစ္စည်းတခုကို သူတို့ထံ လာရောက်ပေါင်နှံလေ၏။ ထိုရွှေထည်ပစ္စည်းမှာ အရည်အသွေးကောင်းသောကြောင့် ဒေါ်ငွေစိန်တယောက် လောဘရမ္မက် တက်လေသည်။ ပေါင်နှံသူက မိမိတို့ငွေကြေး ပြေလည်ပါက ပြန်၍ လာရွေးယူမည်ဖြစ်ကြောင်း ဒေါ်ငွေစိန်ကို ပြော၏။
တပတ်ခန့်ကြာသောအခါ ပေါင်နှံသူက ငွေကြေးအဆင်ပြေ၍ ရွေးယူသောအခါ ရှင်တို့ပစ္စည်းကို ဘယ်တုန်းက လာပေါင်တာတုန်း၊ အို ရှုပ်ရှုပ်ယှက်ယှက် ရှင်တို့ပစ္စည်းကို မြင်တောင်မမြင်ဖူးဘူး-ဟု ခါးခါးသီးသီး ငြင်းဆိုလေသည်။
နောက်ဆုံးတွင် ပေါင်နှံသူက ဒါဆိုရင် ရှင်ကျမ်းကျိန်မလား-ဟု ပြော၏။ ဒေါ်ငွေစိန်က ကျိန်မယ်-ဟု ပြော၏။ သူတပါးပစ္စည်းကို မတရားယူလိုသော ဒေါ်ငွေစိန်တယောက် လောဘရမ္မက်ဖြင့် မမှန်မကန် ကျမ်းကျိန်သစ္စာ ဆိုလေသည်။
ကျမ်းကျိန်သစ္စာဆိုပြီး တလခန့်အကြာ ညဥ့်နက်ပိုင်းအချိန်တွင် ဒေါ်ငွေစိန်တို့အိမ်ကို မီးလောင်လေသည်။ သူတပါးဆီမှ မတရားအတိုးယူထားသော ပိုက်ဆံများ၊ ကျမ်းကျိန်သစ္စာဆိုပြီး ယူထားသော ရွှေထည်ပစ္စည်းများ၊ ရှိသမျှပစ္စည်းအကုန်လုံး မီးလောင်သည့်အထဲသို့ ပါသွားလေသည်။
သူတပါးပစ္စည်းကို မတရားလိုချင်သော ၀ိသမလောဘရမ္မက်သည် ဒေါ်ငွေစိန်တယောက်ကို ကောင်းကောင်းကြီး အကျိုးပေးလေ၏။ မတော်လောဘနှင့် မုသားစကားသည် အလွန်ကြေက်မယ်ဖွယ် ကောင်းလေသည်။
ကြည်ကြည်အေး

လူသွားရာ အရိပ်ပါမြဲသို့
အရိပ်သည် လူတို့သွားရာ မကွာအမြဲ လိုက်ပါသကဲ့သို့
ကိုယ်တိုင်ပြုသော ကောင်းမှုကံ၊ မကောင်းမှုကံ နှစ်ပါးသည်သာလျှင်
သေသူ၏နောက်သို့ သွားရာဘ၀ဟူသမျှ၌ နောက်ကမသွေ လိုက်ပါလေကုန်၏။
(ပေါရာဏကထာ)

မိခင်အတွက် အသက်ပေးစွန့်သော မျောက်ညီနောင်
မိဘတို့အား ကောင်းစွာလုပ်ကျွေးခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်၏ဟု ၃၈-ဖြာမင်္ဂလာ တရားတော်တွင် ဖော်ပြထားပေး၏။ ထိုမင်္ဂလာတရားတော်နှင့်အညီ တိရစ္ဆာန်ပင် ဖြစ်လင့်ကစား မိခင်မျောက်အိုမကြီးကို ကောင်းစွာလုပ်ကျွေး၍ အသက်ပေးစွန့်ခဲ့သော မျောက်ညီနောင်အကြောင်းကို ဒုကနိပါတ်၊ စူဠနန္ဒိယဇာတ်တော်တွင် ဖတ်ရှုရပါသည်။
သဒ္ဓါတရားရှိသူ၏ အကျိုး
အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား သဒ္ဓါတရားရှိသူ၏ အကျိုးငါးပါးကို ဟောတော်မူသည်။
ရဟန်းတို့ သဒ္ဓါရှိသူ၌ အကျိုး ငါးပါး ရှိသည်။
ယင်းတို့မှာ-
(၁) သူတော်သူမြတ်တို့က ဦးဦးဖျားဖျား စောင့်ရှောက်ကြခြင်း။
(၂) သူတော်သူမြတ်တို့က ဦးဦးဖျားဖျား သူ့ထံသို့ ချဉ်းကပ်လာခြင်း။
(၃) သူတော်သူမြတ်တို့က သူ့ထံမှ အလှူခံကြခြင်း။
(၄) သူတော်သူမြတ်တို့က သူ့အား ဦးဦးဖျားဖျား တရားဟောကြခြင်း။
(၅) သောလွန်သောအခါ နတ်ပြည်သို့ရောက်ရခြင်း-တို့ ဖြစ်သည်ဟု ဟောတော်မူသည်။
လမ်းဆုံလမ်းမ၌ရှိသော သစ်ပင်ကြီးတို့သည် အရပ်လေးမျက်နှာရှိသော ငှက်အပေါင်းတို့၏ မှီခိုရာဖြစ်သကဲ့သို့ ထို့အတူ သဒ္ဓါတရားရှိသော အမျိုးကောင်းသားသည် ရဟန်း၊ ရဟန်းမ၊ ဥပါသကာ၊ ဥပါသိကာ စသည့် များစွာသော ပုဂ္ဂိုလ်အပေါင်းတို့၏ မှီခိုရာဖြစ်၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ ပဉ္စကနိပါတ်၊ သုမန၀ဂ် သဒ္ဓသုတ်။

Monday, May 24, 2010
ဘာသာရေး ပြဿနာ ( ၁၅ )
( ဘဒ္ဒန္တ ၀ါယာမသာရ ဖြေသည် )
(မေး) (လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်မူ)
အရှင်ဘုရား၊ ယခုခေတ်တွင် လူဝတ်ကြောင်ဖြင့် ရဟန္တာဟု၎င်း၊ တချို့က လူဝတ်ဖြင့် ရဟန္တာအဖြစ် အတော်ကြာကြာ နေပြီးမှ ရဟန်းဘ၀သို့ ပြောင်းလာခဲ့သည်ဟု၎င်း ပြောဆိုနေကြသည်ကို ကြားသိနေရပါသည်။ လူဝတ်ကြောင်ဖြင့် ရဟန္တာအဖြစ် ရောက်ရှိခဲ့သော် ၁-ရက် (သို့) ၇-ရက် (သို့) မည်မျှကြာအောင် နေနိုင်သည်ကို၎င်း၊ လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်သူများကို၎င်း သာဓကအနေဖြင့် ထုတ်ပြဖြေဆို ပေးတော်မူပါဘုရား။
(ကိုခင်မောင်သက်-မကွေး)
(ဖြေ)
လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်လျှင် လူဝတ်အစားဖြင့် တရက်သာနေနိုင်ပြီး ပရိနိဗ္ဗာန်စံရပါသည်။
ရှင်ရဟန်းပြုလျှင်ကား သက်တမ်းရှိသမျှ နေနိုင်ပါသည်။
ထိုအကြောင်းကို အံ-ဋ္ဌ ၁-၂၆၆ ခေမာထေရီဝတ္ထုနှင့် ဇာတ်တော် အမှတ် ၂၆၄၊ မဟာပနာဒဇာတ် အဋ္ဌကထာတို့တွင် အထင်အရှား ပြဆိုပါသည်။
ပညာဧတဒဂ်ရ ခေမာထေရီသည် ဗိမ္ဗိသာရမင်း၏ အဂ္ဂမဟေသီတပါး ဖြစ်သည်။ အလှမာန်ကြီးလှသဖြင့် ရုပ်ဆင်းအင်္ဂါတို့၌ စက်ဆုပ်ဖွယ်အဖြစ် ဟောကြားသော ဘုရားရှင်ကို မဆည်းကပ်ခဲ့ပေ။ တရက်တွင် ဗိမ္ဗိသာရမင်း၏ အစီအမံဖြင့် တနေ့ ဝေဠုဝန်ဥယျာဉ်သို့ ရောက်သွားပြီး တရားနာရာ ဘုရားရှင်သည် နတ်သမီးတမျှ လှပသော အမျိုးသမီးငယ်လေး ယပ်ခတ်ပေးနေဟန်အဆင့်ဆင့် သေသည်အထိ ဖန်ဆင်းပြ၍ ဟောကြားရာ ခေမာမိဖုရားသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအမျိုးသမီး ချက်ချင်းဖြစ်လေ၏။
ထိုသို့ လူဝတ်အစားဖြင့် ရဟန္တာအသွင်သို့ရောက်ရှိသောသူသည် တံဒိဝသမေ၀-ထိုနေ့ချင်းပင်၊ ပနိဗ္ဗာယိတဗ္ဗံ ၀ါ- ပရိနိဗ္ဗာန်သော်လည်း ပြုအပ်၏။ ပဗ္ဗဇိတတဗ္ဗံ ၀ါ-ရှင်ရဟန်းသော်လည်း ပြုအပ်၏-ဟု ဆို၏။
ခေမာမိဖုရားသည် နန်းတော်သို့ပြန်၍ ရဟန်းပြုခွင့်တောင်းရာ ဗိမ္ဗိသာရမင်းက ရွှေထမ်းစင်ဖြင့် ဘိက္ခုနီမကျောင်းသို့ ပို့စေ၍ ရဟန်းအမျိုးသမီး ပြုစေ၏။
မဟာပနာဒဇာတ်တွင်လည်း ဘဒ္ဒိယသူဌေး၏ သားသည် ဘုရားရှင်၏တရားကိုနာရ၍ လူဝတ်ကြောင်ဖြင့်ပင် ရဟန္တာဖြစ်လေ၏။ ထိုအခါ ဘုရားရှင်က သူဌေးကိုခေါ်၍ သင့်သားသည် ရဟန္တာအဖြစ်သို့ရောက်ပြီး အဇ္ဇေ၀-ယနေ့ပင်လျှင်၊ ပဗ္ဗဇိတုံ ၀ါ-ရဟန်းပြုခြင်းငှါ၎င်း၊ ၀ဋ္ဋတိ-သင့်၏-ဟု မိန့်ကြားရာ သူဌေးကြီးက တပည့်တော်၏သား ပရိနိဗ္ဗာန်မပြုစေလို၊ ရဟန်းပြုပေးပါ။ မနက်ဖြန် တပည့်တော်၏သားကို ခေါ်၍ တပည့်တော်တို့ အိမ်သို့ ကြွပါ-ဟု လျှောက်၍ ရဟန်းပြုပေးရ၏။
ရဟန်းပြုခွင့်မရသော သန္တတိအမတ်ကြီး၊ သုဒ္ဓေါဒနမင်းကြီး၊ ဗာဟိယဒါရုစိရိယ စသည်တို့ကား ရဟန္တာဖြစ်သောနေ့မှာပင် ပရိနိဗ္ဗာန် စံရကုန်၏။
********************************************************************************
(မေး) (အရဟံဂုဏ်တော် သုံးမျိုး)
အရှင်ဘုရား၊ ဂါထာတခုတွင် အရ+ဟံ၊ အ+ရဟံ၊ အရဟံ ဟု တွေ့ရပါသဖြင့် ရွတ်ပုံမရှင်းလင်း၍ ဖြေကြားပေးတော်မူပါဘုရား။
(ဇင်မာဦး-စီးပွားရေးတက္ကသိုလ်၊ ရွာသာကြီး)
(ဖြေ)
သုံးမျိုးစလုံး ရွတ်ရမည်။ သူ့အဓိပ္ပါယ်နှင့်သူ ပုတီးစိပ်ကြ၊ ဘုရားရှိခိုးကြသည်ကို အသုံးများကြသဖြင့် ပုတီးစိပ်၊ ဘုရားရှိခိုးနိုင်ရန် ထည့်သွင်းပေးလိုက်ပါသည်။
(အရဟံဂုဏ်တော် ၃-မျိုး ပုတီးစိပ်နည်း)
(၁) အရဟံ-ဟူသောပုဒ်သည် သူ့အတိုင်းထားလျှင် ကိလေသာတို့မှ ဝေးသည်-ဟူသော အနက်၊ အပူဇော်ခံထိုက်သည် ဟူသောအနက် တို့ကို ပြ၏။
(၂) အရ+ဟံ-ဟု ပုဒ်ခွဲလိုက်လျှင် ကိလေသာရန်သူတို့ကို သတ်သည်ဟူသော အနက်ကို ပြ၏။
(၃) အ+ရဟံ-ဟု ပုဒ်ခွဲလိုက်လျှင် ဆိတ်ကွယ်ရာ၌သော်ပင် မကောင်းမှုကို ပြုလေ့မရှိ ဟူသောအနက်ကို ပြ၏။
၂။ အရ=ရန်သူ (ကိလေသာရန်သူ) ကို၊ ဟံ=သတ်ဖြတ်တတ်၏။
၃။ ရဟ=ဆိတ်ကွယ်ရာ။ အ=မရှိ။
( မူလလက်ရိုး ဘုရားရှိခိုး)
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အရဟတော-တထောင့်ငါးရာ၊ ကိလေသာတို့မှ ၀ါသနာနှင့်အတူ ဝေးတော်မူ၍၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ၀ပ်စင်းတူပျော် အလှူတော်မှန် အပူဇော်ကို ခံထိုက်သောကြောင့် အရဟံ-ဆိုတဲ့ဂုဏ်တော်။
ကိလေသာမာရ်၊ ကိုယ်တွင်းရန်ကို၊ လေးတန်ဉာဏ်မဂ်၊ စိန်သန်လျက်ဖြင့်၊ တွဲလျက်ဝါသနာ၊ သတ်ပစ်ပါ၍၊ သံသရာဘီး၊ အ၀ိုင်းကြီးကို၊ ဖျက်ဆီးခုတ်ထွင်၊ သုတ်သင်ပြီး ဖြစ်သောကြောင့် အရ+ဟံ ဆိုတဲ့ဂုဏ်တော်။
လူသူရှေ့နား၊ မဆိုထားနှင့်၊ တပါးတည်းသာ၊ ဆိတ်ကွယ်ရာ၌ပင်၊ ဘယ်ခါဘယ်ကြောင်း၊ မငဲ့စောင်းဘဲ၊ မကောင်းအမှု၊ အပေါင်းစုကို၊ မပြုဝေးစေ၊ ရှောင်ကြဉ်၍နေသောကြောင့် အ+ရဟံ ဆိုတဲ့ဂုဏ်တော်။
ဤသို့ဖော်ကျူး၊ ဂုဏ်တော်ထူးနှင့် ပကတူးစေ့ငုံ အထူးပြည့်စုံတော်မူသော။
သမ္မာသမ္ဗုဒ္ဓဿ-မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် ငါးတန်ဉေယျ ဓမ္မလုံးစုံ တရားပုံကို အကုန်အစင် သိမြင်တော်မူထသော။
တဿ ဘဂ၀တော-ဣဿရိယ၊ ဓမ္မ+ယသ၊ သိရီ+ကာမ၊ ပယတ္တဂုဏ်တော် ဘုန်းခြောက်စုံတို့နှင့် ကုံလုံတော်မူသား ထိုမြတ်စွာဘုရားအား။
နမော-ရိုသေမြတ်နိုး မာန်ညွတ်ကျိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့လိုက်ရခြင်းသည် (အတ္ထု-ချမ်းသာအမျိုးမျိုး ကောင်းကျိုးအဖြာဖြာ မင်္ဂလာအခန်းခန်း စန်းလက်အထွေထွေ ကျက်သရေအခင်းခင်း ပြည့်စုံတင်းဖို့ မယွင်းမသွေ တကယ်တမ်း ဖြစ်ပါစေသတည်း။

(မေး) (ကိလေသာ ဆယ်ပါး)
အရှင်ဘုရား ကိလေသာ ၁၀-ပါးကို နှစ်မျိုးတွေ့ရပါသဖြင့် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
တွေ့ရပုံမှာ
(က) လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ=၁၀ ပါး။
(ခ) အနာဂါမ်ပယ်သတ်သည့် ကိလေသာ=ကာမ၊ ရာဂ၊ ဗျာပါဒ၊ ၃-ပါး။
ရဟန္တာပယ်သတ်သည့် ကိလေသာ=ကြွင်းသော လောဘ၊ မောဟ၊ မာန၊ ထိန၊ မိဒ္ဓ၊ အဟိရိက၊ အနောတ္တပ္ပ=၇ပါး အမျိုးမျိုးတွေ့နေရ၍ နားမရှင်းပါဘုရား။
(မအေး-ရန်ကုန်)
(ဖြေ) ကိလေသာ ၁၀-ပါးအမှန်မှာ
(က) စာရင်းအတိုင်း တမျိုးသာရှိပါသည်။ ဒကာမလေး မအေးမှာ အဘိဓမ္မာကို အနည်းအကျဉ်းမျှ သင်ကြားလေ့လာဖူးခြင်း မရှိသည့်အတွက် နားမရှင်းခြင်းဖြစ်ပါသည်။
(ခ) စာရင်းမှာ ဒကာမလေး မအေး ယူဆသလို ကိလေသာ ၁၀-ပါး မပြည့်ပါ။ ကာမနှင့် ရာဂကို တခုစီ မယူရ။ တခုတည်းသာ ဖြစ်၏။ ကာမအာရုံကို နှစ်သက်သည့် (လောဘ) ကိုသာ ကောက်ယူရသည်။
ဗျာပါဒမှာ ဒေါသ၏ မူရင်းအမည်သာ ဖြစ်သည်။ ပရိယာယ်တမျိုးဖြင့် ဟောပြောခြင်းဖြစ်ပါသည်။ ကိလေသာစာရင်း ထိန မပါဝင်ပါ။
(ခ) စာရင်း ကိလေသာပယ်စဉ်အရ မှတ်မည်ဆိုလျှင်-
(၁) သောတာပန်၊ သကဒါဂါမ်သည် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ ကိလေသာ ၂-ပါးကို ပယ်၏။
(၂) အနာဂါမ်သည်-ကာမဘုံက (လောဘ) နှင့် ဒေါသကိလေသာ ၂-ပါးကို အပြီးပယ်သည်။
(၃) ရဟန္တာသည် ရူပ-အရူပဘုံက (လောဘ)နှင့် မောဟ၊ မာန၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ကိလေသာ ၇-ပါး။ စုစုပေါင်း လောဘနှစ်မျိုးကို တမျိုးသာယူ၍ ၁၀-ပါးဖြစ်၏။
အဘိဓမ္မာ သဘာဝတွေကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် ကမ္ဘာအေး သာသနာရေးဦးစီးဌာန သင်တန်းများနှင့် မင်္ဂလာဗျူဟာစသည့် နီးစပ်ရာ အဘိဓမ္မာသင်တန်းများသို့ အားလပ်လျှင် သင်ကြားနာယူရန် တိုက်တွန်းပါသည်။
*********************************************************************************
(မေး) (မဂ် သုံးပါး)
အရှင်ဘုရား၊ တပည့်တော် ပထမကြီးတန်း သင်စဉ်က ဓမ္မာစရိယတန်း ဦးပဉ္စင်းတပါးနှင့် စာဆွေးနွေးဖူးပါသည်။ မဂ္ဂေန မဂ္ဂံ ပဝေသေတိ အာပတ္တိပါရာဇိကဿ-ဟု ဆိုသဖြင့် မဂ်က မုခ (ခံတွင်း) မဂ်။ ပဿာဝ (ကျင်ငယ်ပေါက်) မဂ်။ ၀စ္စ (ကျင်ကြီးပေါက်) မဂ်။ ဟု မဂ် သုံးမျိုးရှိရာ မဂ္ဂေန-မဂ်တခုဖြင့်၊ မဂ္ဂံ-မဂ်တခုကို၊ ပဝေသေတိ-မှီဝဲ၏။ သွင်း၏။ အာပတ္တိပါရာဇိကဿ-ပါရာဇိကအာပတ် အပြစ်သင့်၏ဟု ဆိုသဖြင့် မုခမဂ် ခံတွင်းအချင်းချင်း မှီဝဲလျှင် ပါရာဇိကကျသည်ဟု ထင်ပါသည်။ ဓမ္မာစရိယ ဦးပဉ္ဖင်းက မကျဟု ဖြေပါသည်။ နားမရှင်း၍ ကျမ်းဂန်အထောက်အထားနှင့် ရှင်းပြပေးတော်မူပါဘုရား။
(အနန္ဒ-စကားဝါမြေ)
(ဖြေ)
ပါရာဇိကပါဠိ နှာ၄၁၊ ၀ိ-ဋ္ဌ ၁-၂၃၃ ၌ အမျိုးသမီး၏ မဂ်သုံးခုလုံးနှင့် အမျိုးသား၏ ၀စ္စမဂ်၊ မုခမဂ်၊ ၂-ခုတို့၌ ရဟန်း၏အင်္ဂါဇာတ်ကို ထည့်ြုခင်း သွင်းခြင်းသည် ပါရာဇိကကျ၏။
ရဟန်း၏ အင်္ဂါဇာတ်ဟု အတိအကျဆိုပါသည်။
မုခမဂ်-အချင်းချင်းမှာ သံဃာဒိသိသ် အာပတ်မျှသာ သင့်ပါသည်။
တဖန် ပဿာဝမဂ်ဖြင့် ၀စ္စမဂ်၊ ၀စ္စမဂ်ဖြင့် ပဿာဝမဂ် အချင်းချင်း မှီဝဲသော် ပါရာဇိက ကျသည်ပင်။
မုခမဂ်ဖြင့် ပဿာဝမဂ်ကို မှီဝဲသော် ထုလ္လစ္စည်းအာပတ် သင့်ပါသည်။

(မေး) (လူထွက်၍ ခေါင်းတုံးရိတ်မှု)
အရှင်ဘုရား၊ ယခုအခါ ရှင်သာမဏေ၊ ရဟန်း ဦးပဉ္ဖင်းအဖြစ်ဝတ်ပြီး လူဝတ်ကြောင်ဘ၀သို့ ပြောင်းသောအခါ ရဟန်း၊ သာမဏေဘ၀ဖြင့် ရှိခဲ့သော ဆံပင်ကို လူ့ဘ၀သို့ မပါကောင်း၊ ခေါင်းတုံးပါလျှင် ငရဲကြီးသည်ဟု ဆိုပါသည်။ ထို့ကြောင့် လူထွက်လျှင် ခေါင်းတုံးပြန်ရိတ်ကြပါသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ အကျိုး ရှိ-မရှိ၊ မပြုလုပ်လျှင် ငရဲ ကြီး-မကြီး အထောက်အထားနှင့်တကွ ဖြေကြားပေးတော်မူပါဘုရား။
( ဟိန်းထက်ဝင်း-အင်းစိန်)
(ဖြေ)
အကျိုးလည်း အထူး မရှိ၊ ငရဲလည်း မကြီးပါ။ အလုပ်အပိုသာ ဖြစ်ပါသည်။

(မေး) (ကုသိုလ် ရ-မရ)
အရှင်ဘုရား၊ သံဃာဒိသိသ်သင့်သော ရဟန်းသည် မကုစားဘဲ သာသနာ့ဘောင်၌ စာပေသင်ကြားပို့ချခြင်း၊ ဘုရားရှိခိုးခြင်း အစရှိသော ကုသိုလ်အမျိုးမျိုး ကြိုးစားလုပ်သော်လည်း ထိုက်တန်သော ကုသိုလ် ရ-မရနှင့် သံသရာ၌လည်း ၄င်းကုသိုလ်ကျိုးတရားတို့ကို ရရှိခံစားနိုင်-မခံစားနိုင်ကို ဖြေကြားပေးတော်မူပါဘုရား။
(အရှင်ဉာဏ၀ံသ-မိတ္ထီလာ)
(ဖြေ)
ရရှိနိုင်ပါသည်။ ခံစားနိုင်ပါသည်။ သို့သော် သံဃာဒိသိသ်အာပတ်များသည် ဂရုကအာပတ်များဖြစ်၍ အခွင့်ရလျှင် ရသလို ကုစားမည်ဟူသောစိတ်ကို အမြဲရှိစေ၍ ကုစားဖို့ ကြိုးစားရန် ဖြစ်ပါသည်။

ရှင်အရဟံ ပုတီးစိပ်နည်းနှင့် ကျွန်တော်
ကျွန်တော်သည် ငယ်စဉ်က အဖြစ်အပျက်တခုကို ယနေ့တိုင်အောင် သတိရနေမိပါသည်။ ကျွန်တော် အလယ်တန်းကျောင်းသားဘ၀က ဖြစ်သည်။ ကျွန်တော်တို့ကျောင်းသည် မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပြီးကာစ ဖြစ်သောကြောင့် တိုးလာသော ကျောင်းမြေရိုင်းကို ရှင်လင်းကြရပါသည်။
အညာမြေဒေသမို့ ကန္တာရပင်၊ ရှားပင်၊ မိုးနံချုံပင်များက အလွန်ပေါပါသည်။ ဆရာ ဆရာမများနှင့် ကျွန်တော်တို့ကျောင်သား ကျောင်းသူများသည် ကျောင်းအားချိန်တိုင်း လုပ်အားပေးကြသည်။ သုံးရက်ခန့် ရှင်းလင်းမိကြသောအခါ အပင်လတ်များနှင့် အပင်ပုများ အတော်ရှင်းလင်းသွားပါသည်။
သက်တမ်းရင့် ကန္တာရပင်၊ ရှားပင်ကြီးများက အလွန်တူးရ၊ လှဲရ ခက်လှပါသည်။ အမြစ်ကခိုင်၍ အသားက မာသည်။ ကျွန်တော်တို့ကျောင်းသားတသိုက် တပင်ပြီးတပင် လှဲကြသည်။
နောက်ဆုံး ပေနှစ်ဆယ်ခန့်မြင့်သော ကန္တာရပင်ကြီးတပင်သာ ကျန်ပါတော့သည်။ တူးရ၊ လှဲရ ခက်သည့်အထဲ ကျင်နီအုံကြီးက ကျောင်းသားများကို ဒုက္ခပေးနေပါသေးသည်။ အနီးမှ ကြီးကြပ်နေသော ဆရာဦးစိန်ထွန်းက ပင်စည်ပေါ်တက်၍ ခွဆုံကောင်းတခု၌ ကြိုးချည်ပေးပါသည်။ ကျောင်းသား၊ ကျောင်းသူများက ဆွဲကြ နှဲ့ကြနဲ့ လဲအောင်ကြိုးစားကြသည်။
ကျွန်တော်တို့က ပင်ရင်းမှ တူးဖြိုသည်။ ကျင်နီတုတ်လျှင် ထွက်ပြေးလိုက်၊ နောက်တဦးက ၀င်တူးလိုက်နှက့် ပျော်စရာတော့ ကောင်းလှပါသည်။
အမြစ်က မာ၊ ကျင်နီက ခဲမို့ တော်တော်နဲ့ ခရီးမရောက်ပါ။ တနာရီခန့်ကြာမှ တဖျစ်ဖျစ်နဲ့ မြည်လာပါသည်။ ကျွန်တော်တို့သည် ပင်ရင်း၌ တူးနေရာမှ ရပ်၍ ကြိုးကူဆွဲပေးရန် ကြိုးရှိရာ လာခဲ့ကြသည်။ ထိုစဉ် ဂျွတ်-ဟူသော အမြစ်ကျိုးသံ၊ လင်းအောင်၊ ဖယ် ဖယ်-ဟူသော သတိပးသံတို့ ဆူညံသွားပါသည်။
ကျွန်တော် ခြေတလှမ်း ဘေးထွက်လိုက်သည်နှင့်တပြိုင်နက် ပင်စည်ကြီးသည် ကျွန်တော့ဘေး၌ ၀ုန်းခနဲ-လဲကျလာပါသည်။ ကြည့်နေကြသူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ အာမေဋိတ်သံများမှာ ဝေစည်သွားပါသည်။ လက်မတင်ကလေးတွင် ကျွန်တော် ကံကောင်းသွားခြင်းဖြစ်ပါသည်။
ဆရာ ဆရာမများ ရင်တုန်သွားပါသည်။ တချို့ ကျောင်းသူလေးများ ငိုပင်ငိုကြပါသည်။
ကျွန်တော် ယခုလို ဒုက္ခမရောက် အသက်မပျောက်အောင် ကံကောင်းမှုမှာ အခြားကြောင့်မဟုတ်ပေ။ သိတတ်စ အရွယ်ကတည်းက အမြဲမပြတ် ရွတ်ဆိုပွားများလာခဲ့သော ရှင်အရဟံ ပုတီးစိပ်မှု၏ ကောင်းမှုကံအကျိုးကြောင့် ဖြစ်ပါသည်။
ရှင်အရဟံ ပုတီးစိပ်သည် အလွန်အစွမ်းထက်လှပါသည်။ ကျွန်တော်၏ ယခုဖြစ်ရပ်အပြင် ငွေရေး ကြေးရေး အဆင်ပြေခြင်း၊ လူချစ်လူခင်ပေါခြင်း စသော အကျိုးများမှာလည်း သိသိသာသာ ခံစားရပါသည်။
ထို့ပြင် ဤပုတီးစိပ်သည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ ကို ပွားများပြီးဖြစ်သကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ-မမြဲခြင်း သဘော၊ ဒုက္ခ-ဆင်းရဲခြင်း သဘော၊ အနတ္တ-အစိုးမရခြင်း သဘောတို့ကို ပွားများပြီးလည်း ဖြစ်ပါသည်။
ထိုကဲ့သို့ အစွမ်းလည်းထက်၊ သမထ ၀ိပဿနာ နှစ်ဖြာလည်း ဆောင်သော ရှင်အရဟံပုတီးစိပ်ကို ပူးတွဲတင်ပြလိုက်ပါသည်။ အနက်အဓိပ္ပါယ် သိနားလည်စွာဖြင့် ယုံယုံကြည်ကြည် ရွတ်ဆိုပွားများကြပါကုန်။
( ရှင်အရဟံ ပုတီးစိပ် )
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဓမ္မံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
သံဃံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
အနန္တံ ဗလ၀ံ ဗုဒ္ဓံ၊ အနန္တံ ဂေါစရံ ဓမ္မံ၊ အနန္တံ အရိယံ သံဃံ၊ အနန္တံ ဗောဓိမုတ္တမံ။
( မြန်မာပြန်)
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။

သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။

ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
သံဃာတော်မြတ်ကို ကိုးကွယ်ဆည်းကပ်ပါ၏။

အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။
မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်သည် အဆုံးအပိုင်းအခြားရှိတော်မမူသော
တန်းခိုးတော်တည်း။
အရိယာသံဃာတော်မြတ်သည် အဆုံးအပိုင်းအခြား ရှိတော်မမူသော
တန်ခိုးတော်တည်း။
(မှတ်ချက်) ဤကဲ့သို့ အဓိပ္ပါယ်သိပြီးလျှင် ပါဠိကို အစအဆုံး ရွတ်ဆိုပြီးမှ ပုတီးတလုံးချ၍ စိပ်ရပါသည်။
မောင်နွေဦး (မြင်းမူ)

လက်ဖက်ရည်ကြမ်းနှင့် ကျန်းမာရေး
မြန်မာလူမျိုးများ ရှေးအစဉ်အဆက်ကတည်းက သောက်သုံးခဲ့ကြသော လက်ဖက်ရည်ကြမ်းသည် ကျန်းမာရေးကို အားပေးသော ဂုဏ်သတ္တိများမှာ အံ့ချီးမကုန်ဟု ဆိုနိုင်ပါသည်။
လက်ဖက်ပင်သည် (Camettia ciresis) တတိုင်းမွှေး နွယ်ပင်တမျိုး ဖြစ်သည်။ အပင်သည် အမြဲစိမ်းပင် ခပ်အုပ်အုပ် ချုံဖုတ်ပင်မျိုးလည်း ဖြစ်သည်။ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းသည် အထူးသဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည်ဟု လေ့လာစမ်းသပ်မိခဲ့ကြသည်။
လက်ဖက်ရည်ကြမ်း မှန်မှန်သောက်ခြင်းအားဖြင့် အစာပြွန်ကင်ဆာ ၆၀-ရာခိုင်နှုန်း လျော့နည်းစေနိုင်ပါသည်။ ဂျပန်နိုင်ငံ၌ လက်ဖက်ရည်ကြမ်း သောက်သုံးသူများအား လေ့လာကြည့်ရာ ကင်ဆာရောဂါဖြစ်ပွားမှု နည်းပါးခဲ့ပါသည်။ လက်ဖက်ရည်ကြမ်းတွင် ကင်ဆာရောဂါကို ကာကွယ်ပေးသော ပေါ်လီဖီနော်ဂစ်ကွန်ပေါင်း ပါဝင်သည်။ ကင်ဆာဆဲလ်များကို မတိုးပွားနိုင်အောင် ဟန့်တားပေးပါသည်။
အီတလီနိုင်ငံတွင် ပြုလုပ်သော သုတေသနလုပ်ငန်းတွင် လက်ဖက်ခြောက် (အချိုခြောက်၊ အကြမ်းခြောက် နှစ်မျိုးစလုံး) လက်ဖက်ရည်ဇွန်း ၃-ဇွန်းကို ရေမတ်ခွက်ကြီးကြီး တခွက်တွင် ရေနွေးဖြင့် ၃-မိနစ်ကြာ နှပ်ထားသည်။ လူတွေကို သောက်ခိုင်းခဲ့သည်။ သွေးတွင် အင်ဒီအောက်ဆီဒင့်ကို စစ်လိုက်သောအခါ ၅၀-ရာခိုင်နှုန်း တိုးလာခဲ့သည်။
အမေရိကန် နှလုံးဖောင်ဒေးရှင်း၏ တွေ့ရှိချက်မှာ ၀က်ပေါင်ခြောက် (ဟင်မ်) တို့လို ပြုပြင်ထားသော အသားများတွင် ပါဝင်သော နိုင်ထြိုဆမင်း (nitrosanning) ဆိုးကျိုးများကို ကင်းစင်စေပါသည်။ ၄င်းအသားများသည် ကင်ဆာရောဂါကို အားပေးသော (ကာစီနိုဂျင်) များ ဖြစ်သည်။ ထို့ကြောင့် အသားစားသော နေရာများတွင် လက်ဖက်ရည်ကြမ်းကို သောက်သုံးသင့်သည်။
( ဝေဒနာအမျိုးမျိုးအတွက် လက်ဖက်ရည်ကြမ်း)
ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်အလိုမကျဖြစ်ခြင်း၊ အမျိုးမျိုးသော နေထိုင်မကောင်းခြင်း၊ ဖျားနာခြင်း ဝေဒနာများကို လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဖြင့် ကုသနိုင်သည်။ ဆေးဖက်ဝင် သစ်သီးသစ်ရွက်များ ပါဝင်သော လက်ဖက်ရည်ကြမ်းသည် သာမန်လက်ဖက်ရည်ကြမ်းထက် ကြီးမားကွဲပြားခြားနားသော အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပါသည်။ ၄င်းလက်ဖက်ရည်ကြမ်းတွင် ကဖင်းဓာတ်မပါဝင်ဘဲ ကျန်းမာရေးကို အကျိုးပြုနိုင်ကြောင်း တွေ့ရှိရလိမ့်မည်။
( ပင်စိမ်းဆီ လက်ဖက်ရည်ကြမ်း =Pupparmint Tea)
ပင်စိမ်းမှရသော အဆီ လက်ဖက်ရည်ဇွန်း တ၀က်ခန့်ကို လက်ဖက်ရည်ကြမ်းထဲထည့်၍ နှပ်သောက်သုံးခြင်းအားဖြင့် အစာအိမ်အနာဖြစ်ခြင်းကို သက်သာပျောက်ကင်းစေပါသည်။ အစာချေဖျက်မှုကို အထောက်အကူပြုစေနိုင်ပါသည်။
( ရှောက်သီး လက်ဖက်ရည်ကြမ်း=Lemon Tea)
ရှောက်သီးတစိတ်ကို ရေနွေးဆူဆူထဲ ထည့်ပြီး သောက်သုံးခြင်းဖြင့် အစာခြေအင်္ဂါဖွဲ့စည်းမှုကို သန့်စင်ပေးနိုင်ပါသည်။
( ငရုတ်ကောင်း လက်ဖက်ရည်ကြမ်း=Pepper Tea)
လက်ဖက်ရည်ကြမ်း တဇွန်းစာ ငရုတ်ကောင်းမှုန့်ကို ဖန်ခွက်တခွက်စာ ရေနွေးပူပူထဲ ရောခပ်သောက်သုံးခြင်းဖြင့် နှာခေါင်းသွေးလျှံမှုကို ရပ်တန့်စေပါသည်။
( ဆားခတ်ထားသော လက်ဖက်ရည်ကြမ်း)
လက်ဖက်ရည်ဇွန်း တဇွန်းစာ ပမာဏရှိသောဆားကို ရေနွေးထဲ၌ထည့်ပြီး ပလုပ်ကျင်းခြင်းအားဖြင့် လည်ချောင်းနာစေခြင်၊ သွားကိုက်ခြင်းနှင့် ခံတွင်းပူနာတို့ကို ပျောက်ကင်းသက်သာစေနိုင်ပါသည်။ ထိခိုက်ပွန်းရှမိသော ဒဏ်ရာများကို ဆားပါသောလက်ဖက်ရည်ဖြင့် ဆေးကြောပေးပါက ရောဂါပိုး ၀င်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။
သီဟစိုး
အကိုး။ ။ ၁၀-၅-၀၆-နေ့ထုတ် Health Digest journal သက်ရှည်ကျန်းမာ မြန်မာ့အစားအစာ

သာမညဖလ အခါတော်နေ့
မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တမူထူးခြားသည်။ ထိုလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ရပ်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။
ယင်းတို့အနက် သာမညဖလအခါတော်နေ့ ပွဲတော် ကျင်းပခြင်း၏ အကြောင်းရင်းကို တင်ပြလိုပါသည်။
အဇာတသတ်မင်းသည် ဒေ၀ဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော အချိန်မှစ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။ ထိုအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားသည်။
သို့ရာတွင် တိတ္ထိဆရာကြီး ၆-ဦးသည် အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ပေ။ ထိုမျှသာမက အဇာတသတ်မင်း စိတ်ချမ်းသာရာ ချမ်းသာကြောင်းလည်း မဟောပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက၏ အကူအညီဖြင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ရောက်သွားခဲ့သည်။ ဤတွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလတရားတော်ကို ဟောပြောတော်မူသည်။
သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာနောင်တရခဲ့သည်။ သတိတရားရခဲ့သည်။ ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေးကြည်ညိုသူ ဖြစ်လာသည်။
ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။ နှောင်းခတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအ၀ီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ၀ိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေတော့မည်။
ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။ ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။ သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်သည်။
ရဟန်းပြုခြင်းဖြင့်-
(၁) မင်းခစားဘ၀နှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
(၂) အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
(၃) ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။
(၄) ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
(၅) ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
(၆) နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
(၇) ဣနြေ္ဒခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
(၈) သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
(၉) သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
(၁၀) နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ ကင်းလွတ်ခြင်း။
(၁၁) ဈာန်တရား ရနိုင်ခြင်း။
(၁၂) ၀ိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုးတရားတို့ ဖြစ်ပေသည်။
ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၎င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၎င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။ ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။
ထိုသာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။
ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။

* သာသနာတော်တွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းသာမဏေတို့သည် မိမိတို့တာဝန်ဖြစ်သည့်
ပရိယတ် ပဋိပတ် သာသနာတော်ကြီးကို အပြောမဟုတ်၊ အလုပ်နှင့် သက်သေပြ၍ ကြိုးစားအားထုတ်ကြရမည်။
* သာသနာတော် ပြင်ပ၌ နေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမတို့ကလည်း ဗုဒ္ဓသာသနာတော်ကြီး တိုးတက်အောင် ပစ္စည်းလေးပါးတို့ဖြင့် တာဝန်သိသိ ထောက်ပံ့ပူဇော်ကြရမည်။ ဒါမှသာ ဗုဒ္ဓသာသနာတော်ကြီး အရှည်ခန့်၍ တည်တံ့မည်ဖြစ်သည်။
ဘဒ္ဒန္တတေဇ၀န္တ မဟာထေရ်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့၊ ဟော်နန်းရပ်
ပုဗ္ဗာရုံစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော်

ဗိသုကာ ဆရာဆိုင် ( ၂ )
သည်တွင် ဆရာဆိုင်က အတူပါလာသော စကားပြန်မှတဆင့် မြန်မာအနုပညာသဘောကို သေချာကျနစွာ ရှင်းလင်းပြောပြသည်။ မြန်မာအနုပညာဘက်မှ ပြတ်သားစွာ ရပ်တည်ချေပသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းချီ၊ ပန်းပုစတဲ့ လက်မှုအနုပညာကို ပါဠိစကား စိတ္တသဒ္ဒါနဲ့ တွဲဖက်သုံးလေ့ ရှိပါတယ်။ စိတ္တရဲ့ အဓိပ္ပါယ်မှာ ဆန်းကြယ်သည်-ကို ဆိုလိုပါသည်။ ပန်းပုဆရာ ထုလိုက်တဲ့ ပန်းရွက်ဖြစ်စေ၊ ပန်းပွင့်ဖြစ်စေ တခုခုဟာ သဘာဝအလျှောက် ပေါက်လာတဲ့ ပန်းရွက်၊ ပန်းပွင့်တို့နဲ့တူနေရင် ဆန်းတယ်လို့ မဆိုနိုင်ပါဘူး။ သဘာဝမှာ မရှိတာကို အဆန်းတကြယ် တီထွင်ပြုလုပ်နိုင်ပါမှသာ ဆန်းကြယ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပန်းပုဆရာတို့ ထုလုပ်တဲ့ လက်ရာများဟာ သဘာဝထက် ဆန်းကြယ်ရပါတယ်။ သဘာဝအရှိအတိုင်းသာ ထုတတ်သူကို ဆန်းကြယ်တဲ့ပညာ သို့မဟုတ်-ပန်းပုပညာတတ်သူလို့တောင် မခေါ်ကြပါဘူး။ ဒါကြောင့် မိမိတို့ရဲ့ စိတ်ကူးဉာဏ်ကို စေစားပြီး ဆန်ကြယ်နိုင်သမျှ ဆန်းကြယ်အောင် ဖန်တီးပြုလုပ်ကြရပါတယ်။ မျောက်ရုပ်၊ ခြင်္သေ့ရုပ် စသည်တို့မှာ အတွန့်အတက်နဲ့ ယိုးဒယားကနုတ်များပါတာကို တွေ့ပါလိမ့်မယ်။ သည်အတွန့်အတက်များကို တကယ့်မျောက်၊ တကယ့်ခြင်္သေ့ စတဲ့ တိရစ္ဆာန်တွေမှာ ပါရှိတာ မဟုတ်ပါဘူး။ ပန်းပုဆရာရဲ့ စိတ်ကူးဉာဏ်စွမ်းနဲ့ ထည့်သွင်းထားတာသာ ဖြစ်ပါတယ်။ သည်ကနုတ်တွေ ပါတာကြောင့်ပဲ သည်အရုပ်များကို လက်ရာကောင်းတယ်၊ ဆန်းကြယ်တယ်လို့ ဆိုရပါတယ်။ သဘာဝရှိသမျှလောက်ကိုသာ ထုတတ်သူကို လက်ရာမြောက်သူလို့ မြန်မာတို့က ချီးမွမ်းလေ့မရှိပါဘူး။ မြန်မာ့ပန်းပုပညာ အခြေခံကိုယ်က သဘာဝထက်ပိုပြီး ဆန်းကြယ်ရေးဖြစ်ပါတယ်။ သည်သဘောကို မသိဘဲ သည်လက်ရာများကို သဘာဝမကျလို့ ဝေဖန်တာဟာ အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်၊ အခြေပြုချက်ကို နားမလည်လို့ ဝေဖန်ခြင်းသာ ဖြစ်ပါတယ်။
သည်လို မြန်မာ့ပန်းပုပညာသဘောကို ရှင်းပြပြီးနောက် မင်းကြီး၏ မှတ်ချက်ကို ဆက်လက်ချေပရှင်းလင်းပြ ပြန်သည်။
သည်လို စိတ်ကူးဉာဏ်ကို စေစားပြီး ဆန်းကြယ်အောင် လုပ်ရတယ်ဆိုပေမယ့် စည်းမရှိ ကမ်းမရှိ မိမိထင်တိုင်း မလုပ်ရပါဘူး။ စည်းစနစ်ကို လိုက်နာပြီးသာ လုပ်ရပါတယ်။ ပန်းရွက်၊ ပန်းပွင့် စသည့် ရေးထုရာမှာ ရိုးတန်က ဘယ်လိုသွားရမည်၊ အရွက်က ဘယ့်နှယ်နေရမယ် စသည်ဖြင့် စည်းကမ်း နည်းလမ်းမှန်အောင် ရေးရ ထုရပါတယ်။
ဆရာဆိုင်က ပန်းပုံတခုရေးပြ၍ ဆက်ပြောပြန်သည်။
အခု ကျွန်တော်ရေးပြတဲ့ ပန်းပုံကိုကြည့်ပါ။ ဒီပုံကို တခြားတတ်ကျွမ်းတဲ့ ဆရာများကို သွားပြပါ။ မှန် မမှန်ကို သူတို့က ဆုံးဖြတ်ပါလိမ့်မယ်။
ထို့နောက် ဘီလူးရုပ်တရုပ်ကို ရေးပြပြန်သည်။
ဒီဘီလူးရုပ်ကိုလည်း ကြည့်ပါဦး။ စည်းစနစ်တကျ အချိုးအစားကိုက်ဖြစ်အောင် ရေးထားပါတယ်။ ဒီဘီလူးရုပ်ကို ယူသွားပြီး အခြားဆရာများကို ပြကြည့်ပါ။ တတ်ကျွမ်းတဲ့ဆရာဆိုရင် မှန်ကန်ကြောင်း ပြောပြပါလိမ့်မယ်။ ဒါမှမဟုတ် တခြား ဆရာများရေးတဲ့ပုံ၊ ထုတဲ့အရုပ်များကို ယူခဲ့ပါ။ စနစ်ကျ-မကျ၊ မှန် မမှန်ကို ကျွန်တော် ဆုံးဖြတ်ပြပါမယ်။ သည်လို တဦးရေးတာ၊ ထုတာကို တဦးက မှန်-မမှန် ဆုံးဖြတ်နိုင်ခြင်းဟာ ဘာကြောင့်ပါလဲ။ စနစ်ရှိလို့ပဲ မဟုတ်လား။ စနစ်မရှိဘူးဆိုရင် ဆုံးဖြတ်ဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ပါ။ ဒါကြောင့် မြန်မာလက်မှု အနုပညာမှာ စည်းစနစ်မရှိဘူးလို့ ဝေဖန်တာဟာလဲ နားမလည်လို့ ဝေဖန်တာသာ ဖြစ်ပါတယ်။
ဆရာဆိုင်က တခုပြီတခု အားပါးတရ ချေပပြောဆိုသည်။ စကားပြန်ကလည်း သေချစွာ ဘာသာပြန် ပြောပြသည်။ နောက်ဆုံးတွင် မင်းကြီးက လက်ဝါးကို မှောက်ထားရာမှ လှန်၍ပြလိုက်ကာ ကျွန်ုပ် မင်းနဲ့မတွေ့ခင်က ဒီလိုဖြစ်နေတာ၊ ယခု ဒီလိုဖြစ်သွားပြီ-ဟု ၀န်ခံပြောဆိုလေသည်။ ဆိုလိုသည်မှာ-
နဂိုက ငါထင်ထားချက်တွေ ပြောင်းပြန်ဖြစ်သွားပြီ။ မင်းပြောတဲ့အတိုင်း မင်းတို့ပညာဟာ စည်းစနစ် ရှိပါပေတယ်-ဟူ၍ ဖြစ်ပေသည်။
မင်းကြီး မစ္စတာရောဘတ်သည် ဆရာဆိုင်ကို အလွန်နှစ်သက် သဘောကျသွားလေသည်။
သည်လောက် ပညာတတ်ပါလျက် ဘာကြောင့် ယခု ကျင်းပနေတဲ့ ဂျူဗလီလက်မှုပညာ အံ့ပွဲကို မ၀င်ပါသလဲ။
ကျွန်တော် အသက်နည်းနည်းကြီးသွားတာကြောင့် မ၀င်ချင်လို့ မ၀င်တာပါ။
အို အသက်ကြီးတာနဲ့ မဆိုင်ပါဘူး။ ဆက်ဆက် အံ့ပွဲဝင်ပါ။
ဆရာဆိုင်သည် မစ္စတာရောဘတ်၏ တိုက်တွန်းချက်ကြောင့် ထိုနှစ်က အံ့ပွဲဝင်သည်။ သို့သော် ပန်းပုအတွက်မ၀င်။ မှန်စီရွှေချအတွက်သာ ၀င်သည်။ အံ့ပွဲဝင်သော ပစ္စည်းမှာ သားရိုးခြင်္သေ့များ တပ်ထားသော မှန်စီရွှေချသေတ္တာဖြစ်သည်။ ပထမရသည်။
၂-နှစ်ခန့်ကြာသောအခါ မင်းကြီးက ဆရာဆိုင်အား ပြိုင်ပွဲအကဲဖြတ်ကော်မတီ ၀င်လုပ်ရန် ပြောဆိုလာသည်။ ဆရာဆိုင်က ပြိုင်ပွဲဝင်ပုဂ္ဂိုလ်များမှာ များသောအားဖြင့် မိတ်ဆွေတွေ ဖြစ်နေသည်။ အားနာလှသည်၊ မလုပ်လိုဟု အကြောင်းပြန်လိုက်သည်။
ထိုအခါ မင်းကြီးက လျှို့ဝှက်အကဲဖြတ်အဖြစ် လုပ်ပါ။ ဆရာဆိုင် အကဲဖြတ်သည်ကို လူ မသိစေရပါ-ဟု ပြောသဖြင့် လက်ခံလိုက်သည်။ သို့ဖြင့် ဆရာဆိုင်သည် မင်းကြီးနှင့် နှစ်ယောက်တည်းသာ ပန်းပု၊ ငွေထည်၊ မိလ္လာ (ရွှေ-ငွေ-ကြေးစပ်) ထည်တို့ကို စိစစ်သည်။ ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် မင်းကြီးအား အကဲဖြတ်ပေးသည်။ မင်းကြီးလည်း ဆရာဆိုင် ဆုံးဖြတ်ပေးသည့်အတိုင်း ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ကြေညာလေသည်။
ဆရာဆိုင်သည် ထူးချွန်သော အနုပညာရှင်ကြီး ဖြစ်သည်သာမက အလွန် ကတိတည်သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။
တခါသော် မန္တလေးမင်းကြီး စွန်းနဟိုးနှင့် ရန်ကုန်မင်းကြီး မစ္စတာဆင်းတို့ ဆရာဆိုင်၏ အိမ်သို့ရောက်လာကြသည်။ ဆရာဆိုင်၏လက်ရာများကို ကြည့်ရှုကြသည်။ ဆရာဆိုင်၏အိမ်တွင် လုပ်ပြီးစ ပလ္လင်နှင့် တံကဲတခုကို တွေ့မြင်ကြသည်။ မစ္စတာဆင်းက အလွန်နှစ်သက်သဘောကျသဖြင့် ၀ယ်ယူသည်။
ဒီပလ္လင်နဲ့ တံကဲ ကျုပ်ကိုရောင်းပါ။ ငွေ ၃၀၀၀-ပေးပါမယ်။
စက်ပိုင် ဦးစံမှူးအပ်လို့ လုပ်ထားတာပါ။ မရောင်နိုင်ပါဘူးခင်ဗျား။
ဈေးနှုန်းဘယ်လောက်နဲ့ အပ်ထားလဲ။
၁၅၀၀-နဲ့ပါ။
ကျုပ်ကို ၃၀၀၀-နဲ့ ရောင်းပါ။ ဦးစံမှူးကို အသစ်ထပ်လုပ်ပေးတာပေါ့။
ဦးစံမှူးကို ပစ္စည်းအပ်ရမယ့်ရက် နီးနေပြီ။ မဖြစ်နိုင်တော့ပါဘူး။ မင်းကြီးစောင့်နိုင်လျှင် နောက်တခု အသစ်လုပ်ပေးပါ့မယ်။
မစောင့်နိုင်တော့ဘူး။ ဒါပဲ လိုချင်တယ်။
ဒါတော့ မဖြစ်နိုင်ဘူး။ မရောင်းနိုင်ပါဘူး ခင်ဗျား။
ဤသို့ဖြင့် ဆရာဆိုင်သည် ဦးစံမှူးကို ကတိမဖျက်ခဲ့။ ငွေ ၁၅၀၀-အပိုရမည်ကို စွန့်လွှတ်လိုက်သည်။ ထိုအချိန်က ရွှေဒင်္ဂါးတပြားလျှင် ၁၀၊ ၂၀-ဈေးနှုန်းသာ ရှိသည်။ ငွေ ၁၅၀၀-ဆိုသည်မှာ အလွန်တန်ဖိုးကြီးလှပေသည်။
၁၉၂၄-ခုတွင် အင်္ဂလန်ပြည်၊ လန်ဒန်မြို့တော် ဆင်ခြေဖုံး ၀င်ဗလီအရပ်၌ ဗြိတိသျှအင်ပါယာ ပြပွဲကြီးတခုကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပသည်။ ထိုပြပွဲအတွက် မြန်မာပြည်ကလည်း ပြပွဲဝင်သည်။ မြန်မာပြခန်းအတွက် ပြာသာဒ်များ ဆောက်လုပ်သည်။ သက်ဆိုင်ရာတို့က ဆရာဆိုင်ကိုပင် ရွေးချယ်တာဝန်ပေးသည်။ ဆရာဆိုင်သည် ပြာသာဒ်လုပ်ရာတွင် အပြောက်ပန်းတို့ကို ထုလုပ်ပေးရသည်။ ပြာသာဒ်အဖြူထည်ကိုမူ ဘိလပ်မှာပင် ပုံကိုကြည့်၍ အင်္ဂလိပ်တို့က ဆောက်ကြသည်။ ဆရာဆိုင်က တပ်ဆင်ရန် ပန်းအပြောက်တို့ကို ထုလုပ်ပြီးနောက် ပြာသာဒ်၏ မည်သည့်နေရာတွင် တပ်ဆင်ရမည်ကို သိနိုင်ရန် ဂဏန်းများထိုး၍ ပေးလိုက်ရသည်။ ထိုအတွက် လက်ခငွေ သုံးသောင်းခန့် ရရှိပေသည်။
ဝင်ဗလီပြပွဲကြီးကို ထိုနှစ် (၁၉၂၄-ခု) ဧပြီလမှ အောက်တိုဘာလအထိ ဖွင့်လှစ်ပြသခဲ့သည် မြန်မာပြခန်းကို ကြည်ရှု့သူတိုင်း နှစ်သက်သဘောကျကြသည်။ မြန်မာ့လက်ရာကို ကမ္ဘာက မျက်ဝါးထင်ထင် တွေ့မြင်သွားကြသည်။ ဗြိတိသျှစာနယ်ဇင်းများက မြန်မာပြခန်းသည် ပြပွဲကြီး၏ မျက်ရှုရတနာ ဖြစ်သည်ဟူ၍ချီးကျူးဖော်ပြကြသည်။ မြန်မာပြခန်းသည် မြန်မာ့ဗိသုကာ ပညာစွမ်းကို ဖော်ထုတ်ထားခြင်း ဖြစ်သည်။ အခင်းအကျင်း အပြောက်အမွမ်း အဆင်အပြင် သွင်ပြင်နှင့်တကွ အဆောက်အအုံတခုလုံးမှာ တဆံခြည်မတိမ်း မြန်မာပီသလှသည်-စသည်ဖြင့် ချီးကျူးပြောဆိုကြပေသည်။
ပြပွဲကြီး ပြီးသောအခါ ဘုရင်ခံ ဆာဟာကုတ်ဗတ္တလာက ရန်ကုန်မြို့ ဘုရင်ခံ အိမ်တော်ဒါဘာပွဲတွင် ဆရာဆိုင်အား ဂုဏ်ထူးဆောင်လက်မှတ်နှင့် တထောင်ကျပ်တန် ရွှေနာရီတလုံး ဆုပေးလေသည်။
( ရှေ့လဆက်ရန်)
မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု အောက်တိုဘာလ)

Sunday, May 23, 2010
မာဂဏ္ဍီ နှင့် မြွေဆိုး
မာဂဏ္ဍီသည် နောက်တမျိုး မကောင်းကြံပြန်သည်။ ဥတေနမင်းကြီး သေရည်သောက်ခိုက်တွင် ဘထွေးတော် စူဠမာဂဏ္ဍီပုဏ္ဏားကြီးအား ကြက်သေရှစ်ကောင်နှင့် ကြက်ရှင်ရှစ်ကောင်ကို သွားရောက်ဆက်သစေသည်။ မာဂဏ္ဍီ၏ စေခိုင်းချက်အတိုင်းပင် ပုဏ္ဏားကြီးသည် မင်းကြီးရှေ့တော်ထိအောင် မ၀င်၊ မာဂဏ္ဍီ၏ အခိုင်းအစေ လုလင်ထံမှာသာ ပေးခဲ့သည်။
မာဂဏ္ဍီလည်း ပုဏ္ဏားကြီးက ကြက်များ ပို့ဆက်လာကြောင်း မင်းကြီးကိုလျှောက်တင်သည်။ မင်းကြီးက ငါ့အတွက် ဟင်းလျာကောင်းရပြီ၊ ကြက်တို့ကို မည်သူချက်မည်နည်း-ဟုမေး၏။
မာဂဏ္ဍီက သာမာဝတီမိဖုရား၏ အခြံအရံတို့ကို အချက်ခိုင်းသင့်ပါသည်-ဟု လျှောက်ထားသည်။ မင်းကြီးလည်း မာဂဏ္ဍီ၏ အကြံပေးချက်ကို လက်ခံသည်။ လုလင်အား သာမာဝတီမိဖုရား၏ အခြံအရံတို့ထံ ကြက်များ ယူဆောင်သွားကာ ချက်၍ ပို့လာကြစေ-ဟု စေခိုင်းသည်။
မာဂဏ္ဍီ၏ ညွှန်ကြားချက်အတိုင်းပင် လုလင်သည် ကြက်ရှင်ရှစ်ကောင်ကို သွားပို့သည်။ သာမာဝတီ၏ အခြံအရံတို့သည် သောတာပန်ပုဂ္ဂိုလ်များ ဖြစ်နေကြပြီ။ သူတပါး၏အသက်ကို မသတ်ကြကုန်။ ထို့ကြောင့် ကြက်ရှင်တို့ကို သတ်၍ မချက်နိုင်ကြောင်း ပြန်ကြားလိုက်သည်။
မာဂဏ္ဍီက မိမိဆင်ထားသောအကွက်သို့ ၀င်လေပြီဟူ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ မင်းကြီးအား-ထိုမိန်းမတို့ တကယ်ပင် သူ့အသက် သတ်-မသတ် သိရအောင် စမ်းသပ်တော်မူပါ။ ရဟန်းဂေါတမအတွက် ကြက်များကို ချက်၍ ပို့ရန် စေတော်မူပါ-ဟူ၍ လျှောက်၏။ မင်းကြီးလည်း မာဂဏ္ဍီ ဆိုတိုင်း စေလိုက်၏။
ဤတွင် မာဂဏ္ဍီသည် သာမာဝတီ၏ အခြံအရံတို့ထံ လုလင်အား ကြက်အရှင်တို့ကို မပို့ခိုင်း၊ ကြက်အသေတို့ကိုသာ ပို့ခိုက်လိုက်သည်။ သာမာဝတီ၏ အခြံအရံများလည်း ကြက်အသေများဖြစ်နေသဖြင့် ကောင်းစွာလက်ခံယူသည်။ ယင်းတို့ကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကာ ဘုရားရှင်ထံ ပို့လှူကြသည်။
မာဂဏ္ဍီက- အရှင်မင်းကြီး သိသာလောက်ပါပြီ။ ထိုမိန်းမတို့သည် အရှင်မင်းကြီးကို ဂရုမစိုက်၊ ပြင်ပယောက်ျားကိုသာ ဂရုစိုက်ပါသည်။ ပြင်ပယောက်ျားကိုသာ လိုလားနေပါသည်-ဟူ၍ ကုန်းချော၏။
မည်သို့ပင်ဖြစ်စေ ဥတေနမင်းကြီးသည် မာဂဏ္ဍီ၏ စကားကို မယုံကြည်သေးပေ။ နောက်ဆုံး၌ မာဂဏ္ဍီသည် ဥတေနမင်းကြီး၏ စောင်းတွင်း၌ မြွေကိုထည့်၍ ကြံစည်လေတော့သည်။
ဥတေနမင်းကြီးသည် မိဖုရား သာမာဝတီ၊ မိဖုရား ၀ါသုလဒတ္တာနှင့် မိဖုရား မာဂဏ္ဍီတို့ အဆောင်များ၌ ၇-ရက်စီ နေထိုင်လေ့ရှိသည်။ မာဂဏ္ဍီသည် မိမိအဆောင်မှ သာမာဝတီ၏အဆောင်သို့ မင်းကြီးမပြောင်းမီ ၃-ရက်အလိုတွင် မင်းကြီး အမြဲယူဆောင်သွားလေ့ရှိသည့် ဟတ္ထိကန္တ စောင်းပေါက်ထဲ၌ အဆိပ်ပြင်းသော မြွေတကောင်ကို ထည့်ထားသည်။ ပန်းကုံးဖြင့် လုံခြုံစွာ ဆို့ပိတ်ထားသည်။ ၇-ရက်စေ့၍ သာမာဝတီအဆောင်သို့ မင်းကြီးသွားမည်ပြုသောအခါ မာဂဏ္ဍီက တားမြစ်သည်။ အိပ်မက်မကောင်းသဖြင့် မသွားပါရန် ပရိယာယ်ဖြင့် လျှောက်တင်သည်။
မင်းကြီးသည် တားမြစ်ချက်ကို လက်မခံ၊ သွားသည်။ ထိုအခါ မာဂဏ္ဍီကလည်း အတူလိုက်ပါသွားသည်။ ဥတေနမင်းသည် အခါတိုင်းကဲ့သို့ စောင်းကိုယူသွားသည် သာမာဝတီ၏ အဆောင်သို့ ရောက်သောအခါ ပွဲတော်တည်သည်။ ထို့နောက် စောင်းကို ဦးခေါင်းရင်း၌ထားကာ အိပ်စက်၏။
ဤတွင် အကြံနှင့်လိုက်ပါသွားသော မာဂဏ္ဍီသည် စောင်းပေါက်မှာ ဆို့ပိတ်ထားသော ပန်းကုံးကို ဆွဲဖယ်လိုက်သည်။ ထိုအခါ မြွေသည် တရှူးရှူးမြည်လျက် ထွက်လာ၏။ အစာ သုံးရက် မစားရသဖြင့် မြွေသည် အလွန်ဒေါသကြီးနေသည်။
မာဂဏ္ဍီကလည်း မြွေ မြွေ-ဟူ၍ ဟန်ဆောင်အော်ဟစ်သတိပေးသည်။ မင်းချင်းတို့က မြွေကို ဖယ်ရှားလိုက် ရသည်။ မာဂဏ္ဍီလည်း မင်းကြီးအား သာမာဝတီ၏ လုပ်ကြံမှုဖြစ်ကြောင်း လီဆယ်လျှောက်ထားသည်။
ဤအကြိမ်တွင်ကား ဥတေနမင်းကြီးသည် မာဂဏ္ဍီ၏စကားကို ယုံကြည်သွားပြီ။ သာမာဝတီအပေါ် အမျက်ပြင်းစွာ ထွက်လေတော့သည်။
( အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)

ဆီး နှင့် ကျောက်
လူ့ခန္ဓာကိုယ်ရှိ အင်္ဂါများတွင်ကျောက်တည်သည့် ရောဂါမှာ ကမ္ဘာဦး အစကပင် ရှိသည့် ရောဂါဟု ဆိုနိုင်သည်။ အီဂျစ်နိုင်ငံ၌ တွေ့ရှိရသည့် မံမီရုပ် အလောင်းအတွင်းတွင် ကျောက်တည်မှုကို တွေ့ရသည်ဟု ဆိုသည်။
ကျောက်တည်ခြင်းသည် သည်းခြေအိတ်နှင့် ဆီးလမ်းကြောင်းတို့တွင် ဖြစ်ပွားလေ့ရှိသည်။
ဆီးလမ်းကြောင်းတွင် ကျောက်ကပ်၊ ဆီးပြွန်နှင့် ဆီးအိမ်တို့ ပါရှိသည်။ ကျောက်တည်ခြင်းသည် ဆီးလမ်းကြောင်း မည်သည့်နေရာတွင် မဆို ဖြစ်နိုင်သည်။
ဆီးကျောက်တည်ခြင်းသည် ယခင်က အမျိုးသားများတွင် အဖြစ်များခဲ့သော်လည်း ယခုအခါ အမျိုးသမီးများတွင်လည်း အဖြစ်များလာသည်ကို တွေ့ရသည်ဟု သိရသည်။
( အကြောင်းရင်း )
ဆီးတွင်း၌ ကျောက်ဖြစ်စေသည့် ဓာတ်များ ဥပမာ-ကယ်လ်စီယမ်ဓာတ် အလွန်အမင်း ပါရှိခြင်းကြောင့် ကျောက်တည်နိုင်သည်။ ဆီးလမ်းကြောင်း ကျဉ်းခြင်း၊ ပိတ်ခြင်းတို့ကြောင့် ဆီး အသွားနှေးပြီး အနည်တိုင်ကာ ကျောက်တည်တတ်သည်။
ဆီးလမ်းကြောင်းအတွင်း ရောဂါပိုး ၀င်ရောက်ခြင်းသည် ဆီးကျောက်တည်ရန် အားပေးနေသည်။ ကလေးများ ဆီးအိမ်ရောင်သည့်အခါ ဆီးကျောက်တည်နိုင်သည်။
ကယ်လ်စီယမ် ခေါ် ထုံးဓာတ် အများအပြား ပါသည့် အစားအသောက်များကို ကာလကြာရှည်စွာ အမြဲစားသောက်သူတို့တွင် ဆီးကျောက်တည်တတ်သည်။
ဆီးကျိတ် (prostate gland) ကြီးနေသော သက်ကြီးရွယ်အို အမျိုးသားများတွင် ဆီးအိမ် ကျောက်တည်ခြင်း များပြားသည်။
ဂေါက် (gout) ခေါ် ဒူလာရောဂါ ဖြစ်သူတို့တွင် ယူရစ် အက်ဆစ်ဓာတ်များပြားပြီး ကျောက်တည်သည်။
ချွေးထွက်များပြီး ဆီးနည်းသူများတွင်လည်း ဆီးကျောက်တည်တတ်သည်။ လေ့လာမှုတခုက ၀သူများတွင် ဆီးကျောက်တည်မှု ပိုလာနိုင်သည်ဟု ဆိုသည်။
( ရောဂါ လက္ခဏာများ )
ဆီးလမ်းကြောင်းတွင် ကျောက်တည်သည့်အခါ ခါးနာခြင်း ဖြစ်လေ့ရှိသည်။ ပြင်းထန်စွာ ခါးနာပါက ပျို့အန်တတ်သည်။ ဆီးပူ၍ ဆီးသွားသည့်အခါ သွေးပါတတ်သည်။ လူနာသည် ချမ်းတုန်၍ ဖျားနိုင်သည်။
ရောဂါလက္ခဏာများသည် ကျောက်တည်သည့် နေရာပေါ်တွင် မူတည်၍ ပေါ်ပေါက်လာသည်။
ကျောက်ကပ်တွင် ကျောက်တည်ပါက ခါးနာခြင်း၊ ခါးအောင့်ခြင်း ဖြစ်၍ ဖျားလာနိုင်သည်။ ဆီး မကြာခဏ သွားပြီး ဆီးပူခြင်း၊ ဆီးထဲတွင် သွေးပါခြင်းတို့ ဖြစ်နိုင်သည်။
ဆီးအိမ်တွင် ကျောက်တည်လျှင် ဆီးသွားရာ၌ ခက်ခဲနိုင်သည်။
ဆီးပြွန်အတွင်း၌ ကျောက်တည်သည့်အခါ ခါးတွင်းမှ ထိုးအောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဆီးတွင် သွေးပါခြင်းတို့ ဖြစ်နိုင်သည်။ နာကျင်မှုသည် ပြတ်တောင်းပြတ်တောင်း ဖြစ်ကာ မကြာခဏ ပြန်နာနိုင်သည်။
( နောက်ဆက်တွဲ ရောဂါများ )
ကျောက်သည် ဆီးလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပြီး ကာလကြာရှည်လျှင် ကျောက်ကပ်ထိခိုက် ပျက်စီးနိုင်သည်။ ထို့အပြင် ဆီးလမ်းကြောင်းတွင်လည်း ရောဂါပိုးများ လွယ်ကူစွာ ၀င်ရောက်နိုင်သည်။ ကျောက်ကပ် မပျက်စီးသည့်တိုင် ကျောက်ကပ် ရောင်ရမ်းနိုင်သည်။
( ရောဂါ ရှာဖွေခြင်း )
ဆီးကျောက်တည်ခြင်း ရှိ-မရှိကို ဆီးစစ်ခြင်း၊ ရိုးရိုး ဓာတ်မှန်ရိုက်ခြင်း၊ ဆေးသွင်း၍ ဓာတ်မှန် ရိုက်ခြင်း၊ ပိုက်ထည့်၍ ဓာတ်မှန် ရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်သည်။
ထို့အပြင် ဆီးအိမ်တွင်းကြည့် ကိရိယာဖြင့် ကြည့်ခြင်း (cystoscopy) ဖြင့်လည်း ဆီးကျောက် ရှိ-မရှိ သိနိုင်သည်။
( ကုသခြင်း )
ကျောက် သေးငယ်လျှင် ဆီးနှင့်အတူ အလိုအလျောက် ထွက်နိုင်သဖြင့် ဆီးများများ သွားစေရန် ရေများများ သောက်ပေးရသည်။
ကျောက်ကို ခွဲစိတ် ထုတ်ယူခြင်းကို ပြုလုပ်နိုင်သည်။ ကျောက် အလွန်ကြီးပြီး ကျောက်ကပ်မှာလည်း ပျက်စီးနေပါက ကျောက်တည်သည့် ကျောက်ကပ်ကိုပါ ခွဲထုတ်ပစ်ရသည်။
ဆီးပြွန်ချောင်း အောက်ပိုင်းရှိ ကျောက်အား ချိတ်နှင့်ချိတ်၍ ချူယူနိုင်သည်။ ကျင်ချောင်းဝရှိ ကျောက်ကို ခြေပြီး ထုတ်ပစ်နိုင်သည်။ ဆီးအိမ်၌ ရှိသော ကျောက်သည် အရွယ်ကြီးပါက ဆီးအိမ်ကို ခွဲ၍ ကျောက်ကို ထုတ်ယူရသည်။ အသံလွန် အသံလှိုင်းဖြင့် ဆီးကျောက်ကို ခြေဖျက်နိုင်သည်။
( ကာကွယ်ရေး )
ရေများများ သောက်ခြင်းက ဆီးကျောက်တည်စ အချိန်တွင် သက်သာပျောက်ကင်းစေနိုင်သည်။
ထုံးဓာတ်ပါသည့် ရေနှင့် အစားအစာများကို ကာလကြာရှည်စွာ နေ့စဉ်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
ချွေးအထွက် မလွန်စေရန်လည်း သတိပြုသင့်ပါသည်။
ဒေါက်တာ အောင်သန်း
( အပျိုစင် ၂၀၀၇- စက်တင်ဘာလ)

Friday, May 21, 2010
အပင်လေးမျိုး လူလေးမျိုး
အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား သစ်ပင်လေးမျိုး ဥပမာဖြင့် ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း အောက်ပါအတိုင်း ဟောတော်မူသည်-
ရဟန်းတို့ ဤလောက၌ သစ်ပင်တို့သည်-
(၁) အကာပင်ဖြစ်၍ အကာပင် အခြံအရံရှိသော သစ်ပင်။
(၂) အကာပင်ဖြစ်၍ အနှစ်ပင် အခြံအရံရှိသော သစ်ပင်။
(၃) အနှစ်ပင်ဖြစ်၍ အကာပင် အခြံအရံရှိသော သစ်ပင်။
(၄) အနှစ်ပင်ဖြစ်၍ အနှစ်ပင် အခြံအရံရှိသော သစ်ပင်။ ဟူ၍ လေးမျိုးရှိသည်။
ထို့အတူ လောကတွင် ပုဂ္ဂိုလ်လေးမျိုးရှိသည်။
(၁) အကြင်သူသည် သီလမရှိ၊ ယုတ်မာသော အကျင့်ရှိ၏။
သူ၏ပရိသတ်သည်လည်း သီလမရှိ။ ယုတ်မာသောအကျင့်ရှိ၏။
ထိုသူသည် အကာပင်ဖြစ်၍ အကာပင်အခြံအရံရှိသော သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်ဖြစ်၏။
(၂) မိမိကိုယ်တိုင် သီလမရှိဘဲ သူ၏ပရိသတ်က သီလရှိလျှင်
ထိုသူသည် အကာပင်ဖြစ်၍ အနှစ်ပင် အခြံအရံရှိသော သစ်ပင်နှင့်တူသူ ဖြစ်၏။
(၃) မိမိက သီလရှိပြီး သူ၏ပရိသတ်က သီလမရှိလျှင်
ထိုသူသည် အနှစ်ပင်ဖြစ်၍ အကာပင်အခြံအရံရှိသော သစ်ပင်နှင့်တူသူဖြစ်၏။
(၄) မိမိကလည်း သီလရှိ၏။ သူ၏ပရိသတ်ကလည်း သီလရှိလျှင်
ထိုသူသည်အနှစ်ပင်ဖြစ်၍ အနှစ်ပင်အခြံအရံရှိသော သစ်ပင်နှင့်တူသူဖြစ်၏။
ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ၊ စတုက္ကနိပါတ်၊ ၀လာဟက၀ဂ်၊ ရုက္ခသုတ်။
ဦးငွေအောင်မွန်
(မြတ်မင်္ဂလာ ၂၀၀၇-ခု အောက်တိုဘာလ)

ဝဋ်
ဝန်းသိုမြို့ အရှေ့ဘက်တမိုင်အကွာတွင် မိဿလင်ဂျင်းရွာ တည်ရှိပါသည်။ ထိုရွာ၏ကျောင်းတိုင်ပုဂ္ဂိုလ်မှာ သက်တော်သုံးဆယ်ခန့်သာ ရှိသေး၏။ စာရေးသူပင် ဖြစ်ပါသည်။
မိဿလင်ဂျင်းရွာ၌ ၂-နှစ်ကျော် သီတင်းသုံးခဲ့သည်မှစ၍ နေ့စဉ် အာစိဏ္ဏကံ ပဋ္ဌာန်းပစ္စယနိဒ္ဒေသနှင့် ပရိတ်တရားတော်တို့ကို အမြဲမပြတ် ရွတ်ဖတ်ခဲ့သည်။ ကောင်းကျိုးအမျိုးမျိုးကိုလည်း ရရှိခံစားရ၏။
သို့သော် သတ္တ၀ါတို့အပေါ် မေတ္တာတရား အားနည်းလှသည်။ ခွေး၊ ကြောင်၊ ကြက်၊ ငှက်တို့ကို မြင်လျှင် ကြည့်မရ၊ ရိုက်ချင်၊ ပစ်ခတ်ချင်နေသည်။ ကျောင်းတွင် ကြောက်ကလေးနှစ်ကောင် မွေးထား၏။ ချစ်၍တော့မဟုတ်၊ ကြွက်အန္တရာယ်ကိုကြောက်၍ဖြစ်သည်။ ကြောင်တွေ ခုတင်ပေါ်၊ စောင်ပေါ် အိပ်သည်ကို လုံးဝမနှစ်သက်ပါ။ တွေ့ရာတုတ်နှင့် ရိုက်ပစ်သည်။ တခါတလေ ကြွက်တွေကို ဗိုက်ကားအောင်စားပြီး ကျောင်းပေါ်၌ အန်ထားသည့်အခါ တောက်-ကြွက်ကြောက်လို့သာပေါ့ကွာ၊ မင်းတို့ကို ချစ်လို့ မွေးထားတာ မထင်နဲ့-ဟု ပြောမြဲဖြစ်သည်။
တနေ့ ရွာထဲမှ ဒကာတယောက် ခွေးပေါက်စနှစ်ကောင် ပို့လာသည်။ ကျောင်းလုံအောင်လို့ အရှင်ဘုရား၊ အရှင်ဘုရားကျောင်းမှာက ကျောင်းသားမရှိ၊ ကိုရင်မရှိနဲ့ ခွေးက စိတ်ချရတယ်-ဟု လျှောက်ထားပြီး ပေးသွားသည်။ စာရေးသူလည်း လက်ခံထားလိုက်၏။
ထို့နောက် များမကြာပါ။ ခွေးနှစ်ကောင်၊ ကြောင်တွေပေါ် ဆက်ဆံတာ ကြည့်မရချင် ဖြစ်လာသည်။ အနိုင်ကျင့်လာကြသည်။ ကျောင်းလှေကားထိပ်ပေါ်ထားသည့် ကြောင်စာခွက်ကို ခွေးတကောင် တက်စားနေ၍ ကြောင်တွေ ဘေးနားထိုင်နေရသည်ကို မြင်ရပြီး ဒေါသထွက်လာသည်။
ဒီခွေးကွာ၊ ကိုယ့်နေရာ ကိုယ်စားတာမဟုတ်ဘူး-ဟု ပြောပြီး လှေကားထိပ်မှ ကန်ချလိုက်ရာ အောက်သမံတလင်း လှေကားခုံပေါ် ခေါင်းစိုက်ပြီး လက်ထောက်ကာ ကျသွားသည်။ ခွေးတကောင် လက်နာသွားပြီ။ တော်တော်နဲ့ မထနိုင်။ ပက်လက်လန်ပြီး တကိန်ကိန်အော်နေ၏။ လက်ကျိုးသွားပြီလား၊ မှတ်ထား သူများအပေါ် အနိုင်ကျင့်ဦး-ဟု ပြောပြီး မှတ်မိအောင် ဆုံးမရ၍ စိတ်ထဲ ကျေနပ်မိသည်။
ပြီးနောက်တနေ့ (၁၁-၃-၀၇) စာရေးသူ သဲချောင်းရွာသို့ အကြောင်းတခုဖြင့် ဆိုင်ကယ်မောင်သူခေါ်ပြီး ခရီးထွက်ခဲ့သည်။ ဆိုင်ကယ်စီးရတာ မငြိမ့်ပါ။ လှည်းလမ်းအလယ်မှ လူသွားလမ်းအတိုင်း ကွေ့ကောက်ကာ သဲဖုတ်တွေထဲ စီးရသည်။
တနေရာအရောက် ဆိုင်ကယ်လီဘာ အရှိန်ပြင်း၍ လှည်းလမ်းထဲကျသွားပြီး လူသွားလမ်းပေါ်သို့ အတက်မှာ ရှေ့ဘီးခွေပြီး ဆိုင်ကယ်ပစ်လဲတော့သည်။
စာရေးသူမှာ မောင်းသူ၏ ထိပ်ပေါ်ကျော်ပြီး ဆိုင်ကယ်နှင့် တလံကွာတွင် သဲဖုတ်ထဲ ခေါင်းစိုက်ကာ ကျသွား၏။ ဦးခေါင်း ဘာမှမဖြစ်။ အနွေးထည် ဦးခေါင်းအထိ ခြုံထား၍ တော်သေးသည်။
သို့သော် ဘယ်လက်လက်ကောက်ဝတ် နာသွားပြီး ဘယ်ဘက်တတောင်ဆစ်နှင့် ထောက်မိ၍ ဘယ်ဘက်နံရိုးတခြမ်း အတော်အောင့်သွားသည်။ ငါတော့ ၀ဋ်လည်ပြီ-ဟု နောင်တနှင့် အတူ ခံစားလိုက်ရသည်။
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ။ ၀ဋ်မှာအမြဲ ငရဲမှာ အပ-ဟု သူတော်ကောင်းများ မိန့်တော်မူကြသည်။ ၀ဋ်လည်ခြင်းဆိုသည်မှာ စာရေးသူအား နောင်တမလွန်ထိ မစောင့်၊ နောက်ဆုံးဘ၀ထိအောင် မနေ၊ မကောင်းမှုဟူသည် အရိပ်ပမာကဲ့သို့ ထက်ကြပ်မကွာ လိုက်တတ်ပေသည်တကား။
( ဖြစ်ရပ်မှန်)
အရှင်ဓမ္မာနန္ဒ (မိဿလင်ဂျင်း)

ဓာရဏပရိတ်တော် အကျိုး
ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ တရားဒေသနာတော်ကို လိုက်နာကျင့်သုံးသူတိုင်း ဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးကြရသည်။ ယခင်ကတည်းက အန္တရာယ်မှ ကင်းဝေးသူများ ရှိသကဲ့သို့ ယနေ့တိုင်လည်း ရှိနေဆဲပါ။ မြတ်စွာဘုရားရှင်၏ ဓာရဏပရိတ်တော်ကို အမြဲမပြတ်ရွတ်ဆိုသောကြောင့် အသက်ဘေးမှ ကင်းဝေးခဲ့သူတဦး ရှိပါသည်။ ထိုသူမှာ ဦးမြင့်ကျော် ဖြစ်သည်။
ဦးမြင့်ကျော်သည် မကွေးတိုင်း မြို့သစ်မြို့နယ် ဒန့်သလွန်ပင်ရွာမှ အလယ်တန်းပြ ဆရာတဦးဖြစ်သည်။ ဆရာသည် စိတ်စေတနာ အလွန်ကောင်းသူဖြစ်၍ တပည့်များအပေါ်တွင် စေတနာအပြည့်ထားသူ ဖြစ်သည်။ ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားကာ ဓာရဏပရိတ်တော်ကို အမြဲမပြတ် ရွတ်ဆိုပူဇော်သူ ဖြစ်ပါသည်။
တနေ့တွင် ဆရာသည် ကျောင်းမှ ကျောင်းအုပ်ဆရာကြီးကို မကွေးသွားရန် လိုက်ပို့အပြီး ဆိုင်ကယ်စီးလျက် ပြန်လာရာ တောင်တွင်းကြီးမြို့အနီး ပြည်လမ်းပေါ်တွင် ရှေ့မှမောင်းနှင်လာသော ကုန်ကားကြီးတစီးကို မရှောင်သာဘဲ ရင်ဆိုင်တိုက်မိပါတော့သည်။
အနီးက မြင်ရသူများ ထိတ်လန့်သွားသည်။ အဒေါ်ကြီးတဦးမှာ မူးမေ့ပြီး လဲသွားပါသည်။ တိုက်ပြီးပြီးချင်း ဆရာသည် ကားအောက်ရောက်နေရာမှ ပြန်ထွက်လာသည်။ ရပ်နေသောကားအောက်မှ ထွက်လာသည့် ဆရာကိုမြင်တော့ အနီးရှိလူအများ အံ့သြသွားကြသည်။ ဆရာစီးလာသော ဆိုင်ကယ်မှာ ကားရှေ့ ကိုက် ၃၀-အကွာတွင် မီးသီးကွဲ၊ ဘရိတ်ပြုတ်၊ ခြင်းပိန်လျက် ပျက်စီးနေပြီ။ ဆရာ့မှာတော့ ဒူးပွန်းရုံ၊ ရှရုံလေးနှင့် သတိပင်လစ်မသွားဘဲ ထွက်လာခြင်းသည် အလွန်အံ့သြစရာပင် ဖြစ်သည်။
မေတ္တာအကျိုး၊ စေတနာအကျိုးနှင့် ဓာရဏပရိတ်တော်အစွမ်းတို့ပေါင်းကာ အသက်ချမ်းသာရာရခဲ့သည့် ဆရာဦးမြင့်ကျော်သည် ဇနီးဒေါ်ကြည်ကြည်ဆွေ၊ သားနှစ်ယောက်နှင့်အတူ ချမ်းမြေ့စွာနေထိုင်လျက် ပညာရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။
ချူးနွယ်
(မြတ်မင်္ဂလာ ၂၀၀၇-ခု အောက်တိုဘာလ)

ဘယ်သူမပြု မိမိမှု
လောကတွင် ကောင်းသောအလုပ်ကိုလုပ်လျှင် ကောင်းကျိုးခံစားရမည်။ မကောင်းအလုပ်ကို လုပ်လျှင် မကောင်းကျိုးခံစားရမည်ဟု တရားတော်တွင် ပါရှိသည်။ ကျွန်တော်၏တပည့် မောင်အေးသည် အမည်နှင့်မလိုက်အောင် ဆူဆူပူပူလုပ်တတ်သူ ဖြစ်သည်။ မောင်အေး အသက်က ၄၀-ခန့်သာ ရှိသည်။ အိမ်ထောင်နှင့်ကွဲနေပြီး သားသမီး ၃-ယောက်ကို ကျွေးမွေးထားရသည်။ မိဘနှစ်ပါးကလည်း မောင်အေး၏ မိသားစုနှင့်အတူ နေထိုင်သည်။
မောင်အေးက ညစောင့်အလုပ်လုပ်သည်။ ထို့ပြင် တံမြက်စည်းလှည်း၊ ရေနွေးကျို၊ စက်မောင်း၊ အိမ်သာကျင်းတူး စသည့် ကျောင်း၏ ဝေယျာဝစ္စများကိုလည်း လုပ်ကိုင်ပေးသည်။ ပြင်ပတွင် အပိုဝင်ငွေရအောင် အလုပ်ကြမ်း လုပ်ခြင်း၊ တိရစ္ဆာန်များကို အခကြေးငွေဖြင့် သတ်ဖြတ်ခြင်းစသည့် အလုပ်များကိုလည်း လုပ်သည်။ အရက်သောက်တတ်သူဖြစ်သောကြောင့် အရက်မူးလာလျှင် ရမ်းကားသည်။ တခါက အရက်မူးပြီး မိဘများနှင့် စကားများရာ မိဘများကို ရိုက်နှက်မည်ဟု ချိန်လား ရွယ်လား လုပ်သည်။ မောင်အေး၏ သားကြီးက သူ့အဖေကို အတင်းဆွဲထားသဖြင့် အဘိုးနှင့်အဘွားကို မရိုက်မိခြင်း ဖြစ်သည်။ မိဘကခွင့်လွှတ်သော်လည်း အပြစ်က ခွင့်မလွှတ်ပါ။
ကျွန်တော်ကလည်း မောင်အေးအား အရက်သောက်စားခြင်းကို ဆင်ခြင်ရန်၊ မိဘများကိုလည်း ၀န်ချတောင်းပန် ကန်တော့ရန် ဆုံးမသြ၀ါဒ ပေးပါသည်။ ပြန်မပြောသော်လည်း နားမထောင်ပါ။ အရက်ကတော့ သောက်နေဆဲပင်။ အရက်မူးလျှင် သားသမီးနှင့် မိဘများကို ဆူပူအော်ငေါက်သည်။
သူ့ဘ၀ ကံဆိုးမိုးမှောင်ကျမည့် နေ့တနေ့သို့ရောက်လာသည်။ မင်္ဂလာဆောင်ပွဲအတွက် ချက်ပြုတ်ရေး သွားရောက်ကူညီရာ၌ ကြက်၊ ၀က်များကို သူ၏သူငယ်ချင်းနှင့်အတူ သတ်ဖြတ်ပေးသည်။ ထို့နောက် အမြည်းကောင်းကောင်းဖြင့် အရက်သောက်ကြသည်။ မူးလည်းမူး၊ ပျော်လည်းပျော် မိုးချုပ်ပြီ။
သောက်စားပြီး အိမ်ပြန်လာရာ အိမ်မရောက်မီ သူငယ်ချင်းတဦး၏ အိမ်၌ တီဗွီကြည့်ရန် ပြင်ဆင်သည်။ အိမ်အပေါ်ထပ်အရောက်တွင် အရက်မူးနေသဖြင့် မိမိကိုယ်ကို မထိန်းနိုင်ဘဲ အပေါ်ထပ်မှ လိမ့်ကျတော့သည်။ အုတ်ခုံနှင့် ခေါင်း ရိုက်မိရာ သတိလစ်သွားပါသည်။ အိမ်ရှင်က ချက်ချင်း ဆေးရုံတင်ပို့ပြီး ဆေးကုသမှု ခံယူစေသည်။
နောက်တနေ့ ညနေပိုင်းတွင် မောင်အေး ကွယ်လွန်သွားပါသည်။ အရက်သေစာ သောက်စားခြင်း၊ သူတပါးအသက်ကို သတ်ခြင်း၊ မိဘကို စော်ကားခြင်းတို့မှာ ကွယ်လွန်လျှင် အပါယ်ငရဲသို့ ရောက်တတ်သည်။ အသက်ရှည်လျှင်လည်း ဘုန်းမကြီး၊ ဘုန်းကြီးသော်လည်း အသက်မရှည်တတ်ပေ။ လှေကားပေါ်မှ လိမ့်ကျရခြင်းမှာလည်း ဘယ်သူမပြု မိမိမှုပင် ဖြစ်ပါတော့သည်။
ကောက်ရိုးနွယ် (ရွှေကူ)

မိခင်မေတ္တာ
ဆောင်းရာသီ၏ တခုသော သောကြာနေ့ ကျွန်တော်နှင့် မေမေ ၀ံပုလွေနှင့် တွေ့ဆုံရသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော မေတ္တာအားပြိုင်ပွဲ၏ နောက်ပိုင်းတွင် မိခင်အပေါ်ထားရှိသော ကျွန်တော့်အမြင်အားလုံးကို ပြောင်းလဲပစ်လိုက်တော့သည်။
ထိုနှစ် ကျွန်တော့်အသက် ၉-နှစ် မေမေနှင့် ချွန်နန်နယ်၏ လက်ဖက်တောင်ခြေတွင် နေထိုင်ကြသည်။ မေမေ့တွင် မြင့်မားကြံ့ခိုင်တောင့်တင်းသော ခန္ဓာကိုယ်နှင့် ယောက်ျားသားများကဲ့သို့ အသားမာတက်နေသော လက်တစုံရှိသည်။ ကျွန်တော့်ကို ညအိပ်ရာဝင် ချော့သိပ်သည့်အခါမှလွဲလျှင် မေမေသည် မိန်းမစင်စစ် တယောက်မှ ဟုတ်ပါလေစဟု တွေးထင်နေမိသည်။

အရင်းရှုံးခဲ့ရသည့် ကျွန်မဘဝ
နက်ရှိုင်းကျယ်ပြောလှ၍ ခေတ်နှင့်အမီတိုးတက်နေသော ဤသိပ္ပံခေတ်တွင်ပင် ရုပ်လောက နာမ်လောက ပရလောက လူဝင်စားစသည်တို့ကို ချန်လှပ်ထား၍မရ၊ လက်ခံနေကြသည်သာ။ သို့ဆိုလျှင် ကျွန်အရင်းရှုံးခဲ့သည့် အကြောင်းတရားကို ဖော်ထုတ်၍ ဖြောင့်ချက်ပေးလိုလှသည်။ ယင်းအကြောင်းတရား၏ အကျိုးဆက်ကိုလည်း စာဖတ်သူများအား သိစေလိုသည်။
ယခု ကျွန်မတင်ပြမည့် အကြောင်းအရာများကို မယုံကြည်မည် စိုးပါသည်။ မယုံမရှိနှင့်။ အဖြစ်အပျက်အမှန်သာ ဖြစ်ကြောင်း ကျွန်မကျင့်ကြံအားထုတ်ခဲ့သော ၀ိပဿနာတရားတော်များကို သစ္စာပြု၍ ရေးသားအပ်ပါသည်။
ကျွန်မသည် ပြည်မြို့ ဘူတာရုံကြီးရှေ့တည့်တည့်ရှိ လမ်းဆုံလမ်းထိပ်တွင် နေထိုင်သူဖြစ်ပြီး မိဘများမှာ ဦးကံထွန်း+ဒေါ်သန်းရွှေ တို့ဖြစ်သည်။ ယခုအခါ ကွယ်လွန်ကြပြီဖြစ်သည်။ မောင်နှမ ၇-ယောက်ရှိကာ ကျွန်မသည် တတိယမြောက် သမီးဖြစ်သည်။ ကျွန်မအထက်မှာ အမများဖြစ်ကြ၍ မိဘများမှာ သားငယ်ယောက်ျားလေးကို တမ်းတမ်းတတ ရူးရုမူးမူး လိုချင်နေကြသည်။
ကျွန်မ၏မိခင်သည် ကျွန်မကို ပဋိသန္ဓေလွယ်သည့်အချိန်က ထူးဆန်းသောအိပ်မက်ဆခု မက်ခဲ့သည်။ ကျွန်မတို့ ပြည်မြို့နှင့် ၂၅-မိုင်ခန့်ကွာဝေးသော သဲကုန်းမြို့မှ ဘုန်းကြီးအို တပါးသည် သဲကုန်းရထားဆိုက်ချိန်၌ ကျွန်မတို့အိမ်ထဲသို့ အထုပ်အပိုးနှင့် ၀င်လာသည်။ ကျွန်မ၏ မိခင်အား ငါ နင်တို့နှင့်အတူ နေမလို့ဟုဆိုကာ အိမ်နောက်ဖေးတွင် အိုးပုတ်များနှင့်ထိုင်ကာ ကစားနေခဲ့သည်ဟု မက်ခဲ့၏။
ထို့ကြောင့် မိခင်၏ ၀မ်းကြာတိုက်မှ ရင်သွေးငယ်သည် ဧကန်စင်စစ် မုချ သားယောက်ျားလေး ဖြစ်တော့မည်ဆိုကာ အပျော်ကြီးပျော်ကြ၏။ ၀မ်းအသာကြီး သာကြ၏။
ထူးခြားသည်မှာ ကျွန်မ၏ မိခင်မက်သော အိပ်မက်အတိုင်း တပုံစံတည်း၊ တထပ်တည်းပင် ကျွန်မ၏ အဒေါ်နှစ်ဦး (ဒေါ်ညွန့်တင်၊ ဒေါ်တင်ရွှေ) တို့မှာလည်း အိပ်မက်မက်ခဲ့ကြသည်။ ထို့ကြောင့် မိခင်မီးဖွားမည့်အချိန်ကို မျှော်လင့်နေကြသည်။
၉-လကျော် ၁၀-လအ၀င်တွင် သောကြာနေ့ည ညဥ့်လယ်တွင် ကျွန်မကို မီးဖွားသန့်စင်ခဲ့သည်။ ကျွန်မ၏ ဖခင်မှာ သားယောက်ျားလေးဟု တထစ်ချ တွက်ချက်ကာ မီးနေစောင့်နေသူများကို မုန့်မျိုးစုံ ၀ယ်ကျွေးပြီး လူ့ဘ၀ရောက်လာမည့် ရင်သွေးငယ်ကို မျှော်လင့်နေခဲ့သည်။ သို့သော် မိန်းကလေး-ဟု အော်လိုက်ကြသည့် အခါ အားလုံးဝမ်းနည်းပက်လက် ဖြစ်ကြရသည်-ဟု ဆိုကြသည်။ ဘာကြောင့် မိန်းကလေးဖြစ်ခဲ့ရသော အကြောင်းတရားကို သိချင်ကြပေလိမ့်မည်။ သို့သော် ကျွန်မကို ဘုန်းကြီးဝင်စားသည်ဟု အသိအမှတ်ပြုထားကြသည်။ ကျွန်မကို ငယ်စဉ်က ဘုန်းကြီးကြီးဟု ခေါ်ကြပါသည်။
ကျွန်မသည် ကလေးဘ၀ ချက်ချက်ချာချာ စကားပြောတတ်လာသောအခါ ကျွန်မသည် သဲကုန်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးဖြစ်ကြောင်း ကျွန်မ သီတင်းသုံးခဲ့သော ကျောင်းသင်္ခမ်းမှာ အရိပ်အာဝါသကောင်းကောင်းနဲ့ သစ်ရိပ်ဝါးရိပ်များနှင့် နေပြောက်ပင် မထိုးနိုင်ကြောင်း။ သစ်ပင်ပန်းမာလ်များ ဝေေ၀ဆာဆာ ပေါက်ရောက်လျက်ရှိသောနေရာတွင် ထရံကာ နှီးသက်ငယ်မိုး တထပ်ကျောင်း ခပ်အုပ်အုပ်ကလေးဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ ကျွန်မ၏ ကပ္ပိယအမည်မှာ ကိုအေးဆောင် ဖြစ်ကြောင်း ကျွန်မပျံလွန်သည့်အခါ သင်္ကန်း ၃-စုံကို ၄င်းထံအပ်ခဲ့ကြောင်း၊ ကံအကြောင်းတရားကြောင့် ယခုဘ၀ မိန်းမသားဖြစ်ရကြောင်း ပြောပြခဲ့ပါသည်။
ယင်းဖြစ်စဉ်များကိုလည်း ယခုထိ ရုပ်ရှင် ဗွီဒီယို ပြသလို မြင်ယောင်လျက် ရှိပါသည်။ ဘုန်းကြီးကျောင်းပုံစံကို မျက်စိထဲက မထွက်နိုင်ဘဲ လွမ်းလျက်ရှိပါသည်။ ငယ်စဉ်က ကျွန်မကို အခြားကလေးများနှင့်ရောနှော၍ ထမင်းကျွေးလျှင် မစားပါ။ တ၀ိုင်းတစားပွဲ သတ်သတ်ကျွေးမှ စားလေ့ရှိပါသည်။ ထို့ပြင် အရွယ်နှင့်မလိုက်အောင် ပါဠိ၊ အဋ္ဌကထာနှင့် ပရိတ်တော်များကို ပီပီသသ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုပြနိုင်ပါသည်။
ကျွန်မကို ခန်းဆီးကာထားပြီး ပရိတ်တော်များကို ရွတ်ဆိုခိုင်းလျှင် မသိသူများက အခန်းထဲ၌ ဆရာတော်ဘုရားကြီး တပါးပါး ရွတ်ဆိုနေသည်ဟုပင် ထင်ကြပါသည်။ ထို့ကြောင့် ကျွန်မသည် ဘ၀ဟောင်းကို ပြန်မြင်ယောင်သူဟု နာမည်ကြီးလျက်ရှိပါသည်။
ကျွန်မ၏မိခင်မှာ ကျွန်မ သိတတ်လာသည့်အခါ သမီး အရင်းရှုံးလာတယ်၊ ရင်းစားပြန်ရအောင်လုပ်ပါ။ သမီးက ဉာဏ်ကောင်းပါတယ်၊ ဘုန်းကြီးဘ၀မှ ယခုဘ၀သို့ ဆင်းရတာ အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ သမီးကြိုးစားပြီး ၀ိပဿနာတရားတော်များကို အားထုတ်ပါ-ဟူ၍ မကြာခဏ ပြောလေ့ရှိပါသည်။ ဖခင်ကလည်း အခြေခံ တရားတော်များကို သင်ကြားပေးပါသည်။
ကျွန်မအသက် ၁၂-နှစ် သမီးအရွယ်မှာပင် သက္ကာယဒိဋ္ဌိကို ကောင်းစွာနားလည်ခဲ့ပြီး ဘာမှမပိုင်ကြောင်း သိမြင်ခဲ့ပါသည်။
ကလေးအတွေးဖြင့် ပညတ်နှင့် ပရမတ် သဘောလေးကို နားလည်ခဲ့ပါသည်။ ယခုအခါ ကျွန်မမှာ အသက် ၅၅-နှစ်ရှိပါပြီ။ နေဖို့နှင့်သေဖို့မှာ သေဖို့ နီးလာပါပြီ၊ မိုးကုတ်ဝိပဿနာရိပ်သာ တရားစခန်း အမှတ် ၂၂၆-၊ သုခါရာမ သံဃာအိုရိပ်သာသို့ ရောက်ရှိခဲ့ပြီး ဦးစီးပဓာန ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ၀ိသုဒ္ဓါနန္ဒနှင့် ဓမ္မကထိက ဆရာတော် ဦးကေသရတို့ထံပါးတွင် ၀ိပဿနာတရားတော်များကို ကြိုးစားအားထုတ်ပါသည်။ တနေ့သောအခါ တရားထိုင်နေစဉ် လူဝင်စားဖြစ်ခဲ့ရသည့် အတိတ်ဘ၀အကြောင်းကို သိမြင်လာပါသည်။
ကျွန်မသည် ဆရာတော်ဘ၀နှင့် အသက်ရှည်ရှည်တော့ နေရပါသည်။ ၉၆-ပါး ရောဂါဖြင့် ပျံလွန်တော်မူခဲ့ရ သည်။ ဝေဒနာပြင်းထန်စွာ ခံစားရသည်။ သေအံ့မူးမူးတွင် လူမမာလာမေးသော ဒကာမကြီး တဦးအား စိတ်စွဲလမ်း၍ ၀ိညာဉ်ချုပ်ခဲ့သည်တို့ကို မြင်ယောင်ခဲ့ပါသည်။
သို့လောသို့လော မတွေးကြစေလိုပါ။ ကျွန်မ၏ ကိုယ်တွေ့အဖြစ်အပျက်အမှန်များသာ ဖြစ်ပါသည်။ အရင်းရှုံးခဲ့ရသော အကြောင်းတရားများကို စာဖတ်ပရိသတ်များ သတိသံဝေဂ ရရှိစေရန် စေတနာကောင်းနှင့် တင်ပြလိုက်ရပါသည်။
တီတီအိပ်ခ်ျ(ပြည်)

Thursday, May 20, 2010
ဗိသုကာ ဆရာဆိုင် (၁)
လွန်ခဲ့သော နှစ်ပေါင်း ၅၅-နှစ်ခန့်က မန္တလေးမြို့တွင် သာသနာ့ဗိမာန်တော်ကြီးတခု တည်ဆောက်သည်။ မန္တလေးမြို့ရှိ ပရိယတ္တိသာသနဟိတ အသင်းကြီးက တည်ဆောက်ခြင်းဖြစ်သည်။ ထိုအသင်းကြီးသည် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သီတင်းသုံးနေတော်မူကြသော မူလစာချ၊ သီးခြားစာချဆရာတော်တိုနှင့် အသင်းစာပြန်ပွဲ စာချတန်းဝင် အရှင်သူမြတ်တို့အား ဆန်၊ ဆီ စသော ၀တ္ထုပစ္စည်းများကို လှူဒါန်းထောက်ပံ့သော အသင်းကြီးဖြစ်သည်။
အဆိုပါအသင်းကြီး၏ သာသနာ့ဗိမာန်တော်ကြီးကို ၁၃၁၄-မှ ၁၃၂၀ ပြည့်နှစ်အထိ ၅-နှစ်ကျော်ကြာမျှ တည်ဆောက်ရသည်။ ထိုခေတ်ကာလတန်ဖိုး ငွေ ၇-သိန်းခန့် ကုန်ကျသည်။ အဆောက်အအုံမှာ မြန်မာ့အနုပညာလက်ရာကို ဖော်ကျူးထားသည်။ အလွန်ကြီးမား ခမ်းနားလှပတင့်တယ်လှသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် သာသနာ့အဆောက်အအုံများတွင် တခုအပါအ၀င် ဖြစ်ပေသည်။
ထိုအဆောက်အအုံကြီးကို အသက် ၇၀-ကျော်အရွယ်ရှိ နာမည်ကျော် မြန်မာဗိသုကာ ဆရာကြီးက သားနှစ်ဦး၏ အကူအညီဖြင့် ကြီးကြပ်ဆောက်လုပ်သည်။ ထိုအတွက် ကြီးကြပ်ခငွေ ၃၉၀၀၀-ကျပ် (သုံးသောင်းကိုးထောင် ကျပ်) ရရှိသည်။
အံ့ချီးဖွယ်ကောင်းသည်ကား ၅-နှစ်ကျော်ကြာမျှ နေ့မအား ညမအား ကြိုးစားလုပ်ကိုင်ပြီးမှ ရရှိသည့် လုပ်အားခ ထိုငွေအားလုံးကို ဗိသုကာ ဆရာကြီးသည် တပြားတချပ်မျှ မယူ။ အသင်းကို ပြန်လည်လှူဒါန်းလိုက်ပေသည်။ ထိုအချိန်က အသင်းဥက္ကဋ္ဌမှာလည်း ထိုဗိသုကာဆရာကြီးပင် ဖြစ်ပေသည်။
ထိုဗိသုကာဆရာကြီးကား နာမည်ကျော် ဗိသုကာဆရာဆိုင်ပင် ဖြစ်ပေသည်။
ဆရာဆိုင်ဖြစ်လာမည့် မောင်ဆိုင်ကို ၁၂၄၃-ခု (ခရစ်နှစ် ၁၈၈၁-ခု) ကဆုန်လဆန်း ၆-ရက်၊ အင်္ဂါနေ့တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ အဖ ဆရာခင်၊ အမိ ဒေါ်ကြင် ဖြစ်သည်။ ဆရာခင်သည် နာမည်ကျော် ဗိသုကာဆရာကြီး ဖြစ်သည်။ မြတောင်ကျောင်း ဆောက်လုပ်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။
မောင်ဆိုင်သည် အရွယ်ရောက်သောအခါ မြောက်မှန်ကျောင်း ဘုန်းတော်ကြီး ဦးနန္ဒိယထံတွင် ပညာဆည်းပူးသည်။ မြောက်မှန်ကျောင်းကို သမီးတော်ကျောင်း-ဟူ၍လည်း ခေါ်သည်။ ရွှေဘိုမင်း၏ သမီးတော်ကောင်းမှု ဖြစ်သောကြောင့်ပင်။ ရွှေဘိုမင်း၏ ထိုသမီးတော်သည် နောင်အခါ မင်းတုန်းမင်း၏ မိဖုရားကြီး စကြာဒေ၀ီ ဖြစ်လာခဲ့သည်။ သမီးတော်ကျောင်းမှာ မြန်မာဗိသုကာပညာ၊ ပန်းပုအနုပညာ လက်ရာမြောက်စွာဖြင့် ဆောက်လုပ်ထားသော ကျောင်းဖြစ်သည်။ မောင်ဆိုင်အဖို့ ကလေးဘ၀မှာပင် မြန်မာဗိသုကာပညာနှင့် ပန်းပုအနုပညာတို့သည် ရင်ထဲ၌ စွဲနေပေတော့သည်။
ပညာသင်ကြားရာ၌ မောင်ဆိုင်သည် ဉာဏ်ကောင်းသူဖြစ်သည်။ ကျောင်းသားများထဲတွင် အတော်ဆုံး ဖြစ်လာသည်။ မကြာခဏပင် ဘုန်းတော်ကြီးကိုယ်စား အခြားကျောင်းသားများကို စာသင်ပေးရသည်။ ကျောင်းသားဖြစ်သော်လည်း ဆရာလေး-အခေါ်ခံရသည်။
၁၄-နှစ်အရွယ်တွင် မောင်ဆိုင်သည် တလခန့် ရှင်သာမဏေ၀တ်သည်။ ထို့နောက် လူထွက်လိုက်သည်။ ကျောင်းမှလည်း ထွက်လိုက်သည်။ အသက်မွေးဝမ်းကျောင်းပညာအတွက် ဖခင်ထံတွင် ပန်းပုပညာကို သင်ယူသည်။
ဆရာခင်သည် အလုပ်လည်းတော်သည်။ ကြိုးလည်းကြိုးစားသည်။ စည်းစနစ်လည်း ကြီးသည်။ ဖခင်၏ သွန်သင်ဆုံးမမှုကို မောင်ဆိုင်ကလည်း ရိုသေစွာလိုက်နာသည်။ ဖခင်နည်းတူပင် နံနက် ၃-နာရီထိုးလျှင် အိပ်ရာမှထသည်။ ဘုရားရှိခိုးသည်။ ပရိတ်ရွတ်သည်။ မေတ္တာပို့သည်။ ထို့နောက် အလုပ်လုပ်လေသည်။ (ဆရာဆိုင်သည် ထိုအလေ့အထကို အသက် ၈၈-နှစ်အထိ မှန်မှန် ပြုသွားပေသည်။
၂-နှစ်ခန့်ကြာသောအခါ မောင်ဆိုင်သည် ပန်းပုပညာကို ကောင်းစွာတတ်မြောက်သည်။ ထိုအချိန်က အသက် ၁၆-နှစ်သာရှိသေးသည်။ ပညာအတတ်မြန်သဖြင့် မိတ်ဆွေများက အံ့ချီးမဆုံးရှိကြသည်။
ထိုအချိန်တွင် မောင်ဆိုင့်ဘ၀၌ ထူးခြားသော ဖြစ်ရပ်တခုကို ကြုံတွေ့ရသည်။ ထိုစဉ်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား ရင်ပြင်တော်တွင် စေတနာရှင်များက တန်ဆောင်းများကို ဆောက်လုပ်လှူဒါန်းနေကြသည်။ တနေ့တွင် ရန်ကုန်မှ တန်ဆောင်းဒါယကာတဦးဖြစ်သော ဦးအောင်ကြီးသည် သူ၏တန်ဆောင်းတွင် တပ်ဆင်ရန် လင်းနို့တောင် ထုလုပ်ပေးဖို့ ဆရာခင်ကို လာရောက်အပ်နှံသည်။ လင်းနို့တောင်ဆိုသည်မှာ တန်းဆောင်းပြာသာဒ် စသည်တို့၏ တိုင်များတွင် တပ်ဆင်ရသော အခန်းဆီးသဖွယ် ပန်းတို့ဖြစ်သည်။
ဦးအောင်ကြီးက အပ်နှံရာတွင် ထုလုပ်ရာ၌ ရိုးရိုးမဟုတ်၊ ပန်းပုဆရာကြီး ဦးသံရောင်နှင့်အပြိုင် ထုလုပ်ရမည်ဖြစ်ကြောင်း ပြောပြသည်။ ဦးသံရောင်မှာ ရန်ကုန်မှ နာမည်ကျော် ပန်းပုဆရာကြီးဖြစ်သည်။ ပခုက္ကူမြို့ ရွှေဂူဘုရား၏ တံကဲကြီးကို ထုလုပ်သူ ဦးကံကြီးကိုပင် သုံကြိမ်တိတိ အနိုင်ရခဲ့သူဖြစ်သည်။ မကြာသေးမီက ဦးဘိုးသာသည် သူ၏တန်ဆောင်းအတွက် လင်းနို့တောင်ကို ဦးသံရောင်အား ထုလုပ်စေခဲ့သည်။ ပြီးစီသဖြင့် တန်ဆောင်းတွင် တပ်ဆင်ထားပြီးဖြစ်သည်။ မြင်သူတိုင်း နှစ်သက်ချီးကျူးမဆုံး ရှိကြသည်။ ထိုဦးသံရောင် လက်ရာထက်သာအောင် ဆရာခင်က ထုလုပ်ရမည်ဖြစ်သည်။
ဆရာခင်က တည့်ငြိမ်စွာပင် လက်ခံလိုက်သည်။ ထို့နောက် အခြားတပည့်များကို မခေါ်။ စိတ်အချရဆုံး၊ အားအကိုးရဆုံးဖြစ်သော သားဖြစ်သူ မောင်ဆိုင်ကိုပင် ခေါ်သည်။ သားအဖနှစ်ယောက် အစွမ်းကုန် ထုလုပ်ကြသည်။ ထုလုပ်နေစဉ် ဦးအောင်ကြီးက ရန်ကုန်ရှိ ဦးသံရောင်၏ လက်ရာ လင်းနို့တောင်ကို လာရောက်ကြည့်ရန် ဆရာခင်အား ဖိတ်ခေါ်သေးသည်။ ဆရာခင်က သွားမကြည့်။
လူထုတဲ့ပန်းကိုဖြင့် လာမကြည့်လိုပါ-ဟူ၍ ပြန်ကြားလိုက်သည်။ ထိုစကားသည် ရန်ကုန်တွင် ပျံ့နှံ့သွားသည်။ ဦးသံရောင်နှင့် ဆရာခင်တို့ ပြိုင်ပွဲမှာ လူအများ စိတ်ဝင်စားစရာ ဖြစ်နေလေသည်။
ဦးသံရောင်မှာ အလွန်နာမည်ကြီးသူ ဖြစ်သောကြောင့် မောင်ဆိုင်မှာ စိုးရိမ်စိတ် ဖြစ်ပေါ်မိသည်။ နိုင်ပါ့မလား အဖေ-ဟူ၍ ဖခင်ကို မေးမိသည်။ နိုင်ပါတယ်ကွာ၊ မင်း ဘာမှ မပူပါနဲ့-ဟူ၍ ဆရာခင်က အားပေးစကား ပြောရသည်။
သားအဖနှစ်ဦး ကြိုးစားအားထုတ်ကြရာ တန်ဆောင်မုန်းလလောက်တွင် ပြီးသွားသည်။ စိတ်တိုင်းကျ အချောကိုင်ပြီးနောက် လင်းနို့တောင် အစိတ်အပိုင်းများကို ထင်းရှူးသေတ္တာများတွင် ထည့်၍ ရန်ကုန်သို့ မီးရထားဖြင့် သယ်ဆောင်သွားကြသည်။
ရန်ကုန်သို့ရောက်၍ လင်းနို့်တောင်များကို တန်းဆောင်းတွင် သားအဖနှစ်ယောက် တပ်ဆင်ချိန်မှာပင် လူအများ လာရောက်ကြည့်ရှုကြသည်။ အားလုံးတပ်ဆင်ပြီးသောအခါ ပရိသတ်ရှေ့တွင်လူကြီးများက လက်ရာနှစ်ခုကို နှိုင်းယှဉ်အကဲဖြတ်ကြသည်။ ဦးသံရောင်၏လက်ရာက ကောင်းမွန်သော်လည်း ဆရာခင်၏လက်ရာက ပိုမိုကောင်းမွန်နေသည်။ သို့ဖြင့် လူကြီးများက ဆရာခင်တို့သားအဖကို အနိုင်ပေးလိုက်သည်။ ပရိသတ်များကလည်း ထောက်ခံသြဘာပေးကြသည်။ ကာယကံရှင် ဦးသံရောင်ကိုယ်တိုင်ကလည်း ဆရာခင့် လက်ရာက မိမိလက်ရာထက် သာလွန်ကောင်းမွန်ပါသည်-ဟူ၍ သဘောထားကြီးစွာဖြင့် ၀န်ခံပြောဆို လေသည်။
မောင်ဆိုင်သည် အနိုင်ရသဖြင့် ပျော်ရွှင်နေရာမှ ဦးသံရောင်၏ သဘောထားကြီးမှုကို ခံစားသိရှိရသောအခါ မျက်ရည်ကျမိသည်။ ရှုံးသူအတွက် ကိုယ်ချင်းစာမိသည်။ များစွာ စိတ်မကောင်းဖြစ်သွားသည်။ သို့ဖြင့် ရွှေတိဂုံဘုရားကို ရှိခိုးပူဇော်ကာ တပည့်တော်သည် ဤသို့သောပြိုင်ပွဲမျိုးကို နောင်တွင် မတွေ့ကြုံရပါလို။ မတတ်သာ၍ ကြုံရလျှင်မူကား နိုင်သူသာဖြစ်ရပါလို၏ အရှင်ဘုရား-ဟူ၍ ဆုတောင်းလေသည်။
မောင်ဆိုင်သည် အလုပ်တတ်မြောက်သော်လည်း သီးခြားခွဲ၍ အလုပ်မထောင်။ ၁၃-နှစ်တိုင်တိုင် ဖခင်နှင့်မခွဲဘဲ အလုပ်လုပ်ခဲ့ပေသည်။
မောင်ဆိုင်သည် ပန်းပုပညာကို ဖခင်ဆရာခင်ထံမှာ သင်ယူခဲ့ရာ ဆရာခင်သာလျှင် သူ၏ဆရာရင်း ဖြစ်ပေသည်။ သို့ရာတွင် သူသည် ပညာသင်ယူရာတွင် အဆုံးသို့ရောက်ပြီဟု မယူဆ။ မန္တလေးနှင့် အနီးတ၀ိုက်ရှိ ပန်းပုလက်ရာကောင်းမှန်သမျှကို အခွင့်သင့်တိုင်း သွားရောက်ကြည့်ရှုသည်။ လေ့လာမှတ်သားသည်။ ထို့ပြင် ဆရာခင်နှင့် တချိန်တည်း ပေါ်ကြသော ဆရာကြီးတို့ထံသို့လည်း မကြာခဏသွား၍ ဆည်းကပ်နည်းယူသည်။ ထိုဆရာကြီးတို့ထံမှ ပြန်ခါနီးတွင် ဆရာကြီးတို့ကို ရှိခိုးပြီးမှ ပြန်လေ့ရှိသည်။ သူ့ကို ဆရားကြီးတို့ကလည်း အထူးခင်မင်ကြလေသည်။
မောင်ဆိုင် အသက် ၂၃-နှစ်အရွယ် ရောက်သောအခါ ဆရာခင်သည် သားကို အမျိုးကောင်းသမီးကလေး တဦးနှင့် နေရာချထားပေးသည်။ အမျိုးသမီးကလေးမှာ မန္တလေးစာတိုက်တန်းသူ မအေးကြွယ် ဖြစ်ပေသည်။
မောင်ဆိုင်သည် အိမ်ထောင်ကျပြီးနောက် ဇနီးနေထိုင်ရာ စာတိုက်တန်းသို့ ပြောင်းရွှေ့နေထိုင်သည်။ အလုပ်မှာမူ မခွဲသေး။ ဖခင်ထံမှာပင် ဆက်လက်လုပ်ကိုင်သည်။ အလုပ်ခွဲလျှင် ဖြစ်နိုင်သော်လည်း ဖခင်ထံမှ ပန်းပုပညာ၊ ဗိသုကာပညာတို့ကို ရသမျှ ဆည်းပူးလိုသောကြောင့်လည်း ဖြစ်သည်။ ဖခင်ကို ကျေးဇူးဆပ်လိုသော ကြောင့်လည်း ဖြစ်သည်။
မောင်ဆိုင်သည် အိမ်ထောင်ပြုပြီး စာတိုက်တန်းသို့ ပြောင်းရွှေ့နေထိုင်သောအခါ စာတိုက်တန်း အလုပ်ဖြစ်သော မှန်စီရွှေချလုပ်ငန်းကိုပါ ဆည်းပူးလုပ်ကိုင်လေသည်။
ထို့နောက် ၁၂၇၀-ပြည့်နှစ် အသက် ၂၇-နှစ် အရွယ်တွင် အလုပ်ခွဲရန် အချိန်တန်ပြီဟု ယူဆကာ ဖခင်ကိုတင်ပြသည်။ ဖခင်က ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုသည်။ သို့ဖြင့် စာတိုက်တန်းမှာပင် အခြေတကျ နေထိုင်ကာ ပန်းပုလုပ်ငန်းနှင့် မှန်စီရွှေချလုပ်ငန်းတို့ကို ပူးတွဲလုပ်ကိုင်သည်။ တပည့်များထားကာ တွင်ကျယ်စွာ လုပ်ကိုင်သည်။ အောင်မြင်သည်။ မောင်ဆိုင်ဘ၀မှ ဆရာဆိုင်ဘ၀သို့ ရောက်လာခဲ့သည်။ ၃-နှစ်ခန့်အတွင်းမှာပင် ငွေအတော်စုမိလာခဲ့သည်။ အလှူကြီးပေးသည်။ ထိုစဉ်က အလှူကြီးကျယ်ကြောင်း မန္တလေးတမြို့လုံး သတင်းပျံ့နှံ့ခဲ့သည်။
ဆရာဆိုင်သည် ငယ်စဉ်က လင်းနို့်တောင်ဒကာ ဦးအောင်ကြီးအိမ်သို့ ရောက်ဖူးသည်။ ဦးအောင်ကြီးသည် အလွန်ကြွယ်ဝချမ်းသာသူ ဖြစ်သည်။ အိမ်တွင် ငွေဒင်္ဂါးများကို ဂုန်အိတ်နှင့် ထည့်ထားသည်။ ဆရာဆိုင်မြင်တွေ့ရာ အားကျခဲ့သည်။
ငါ့အဖေဟာ ကုန်သည်မလုပ်လို့သာ ဦးအောင်ကြီးတို့လို မချမ်းသာတာဘဲ၊ ငါကြီးရင် ဦးအောင်ကြီးတို့လို သူဌေးဖြစ်အောင် ကုန်သည်လုပ်မယ်-ဟူ၍ လူငယ်ဘ၀ စိတ်ကူးခဲ့ဖူးသည်။
သို့ဖြင့် အသက် ၃၂-နှစ်ကျော်အရွယ်တွင် ကုန်သည် ၀င်လုပ်သည်။ ပန်းပုအလုပ်ကိုလုပ်ရင်း တဘက်က အာလူး၊ ချင်း၊ ဂျူး စသော ရှမ်းပြည်နယ် ထွက်ကုန်များကို အရောင်းအ၀ယ်လုပ်သည်။ အောင်မြင်သည်။ ဤတွင် တဆင့်တက်၍ ရှမ်းပြည်နယ်ဘက်၌ ပဲဖြူလေးကို စိုက်ပျိုးသည်။ ထိုစဉ်က ပဲဖြူလေးဈေး အလွန်ကောင်းသည်။ သို့ရာတွင် ရာသီဥတုဖျက်သဖြင့် ပဲခင်းများ ပျက်စီးကုန်သည်။ ဆရာဆိုင်မှာ အကြီးအကျယ် ရှုံးသွားသည်။ ငွေတသောင်းကျော် ကြွေးတင်ခံရသည်။ ကုန်သည်အလုပ်ကို ဆက်မလုပ်နိုင်တော့။
မူလပန်းပုအလုပ်ကိုပင် ဆက်လက်လုပ်ကိုင်ရတော့သည်။ ဆရာဆိုင် ကုန်သည်လုပ်ငန်း မအောင်မြင်သည်မှာ မြန်မာပန်းပုပညာ ဗိသုကာပညာလုပ်ငန်းအတွက် ကောင်းဖို့ဖန်လာပေတော့သည်။
ပန်းပုလုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်လာရာမှ ၁၂၈၁-ခု ဆရာဆိုင် အသက် ၃၈-နှစ်အရွယ်တွင် ဇနီးဒေါ်အေးကြွယ် ကွယ်လွန်သွားရှာသည်။ လူမမည် သားသမီး ၄-ယောက်နှင့်အတူ ကျန်ရစ်ခဲ့ရလေသည်။ သို့ဖြင့် ၁၂၈၂-ခုတွင် ဒေါ်မုံးနှင့် လက်ဆက်သည်။
တနေ့တွင် ဆရာဆိုင်အလုပ်လုပ်နေရာသို့ မျက်နှာဖြူ အရာရှိတဦး ရောက်လာသည်။ သူသည် အင်းစိန်လက်မှုပညာမင်းကြီး မစ္စတာရောဘတ် ဖြစ်သည်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်၍ မြန်မာ့လက်မှုပညာများကို စုံစမ်းလေ့လာရာမှ ဆရာဆိုင့်ထံ ရောက်လာခြင်းဖြစ်သည်။
မင်းကြီးသည် ဆရာဆိုင်ထုလုပ်ထားသော ပန်းပုလက်ရာများကို ကြည့်ရှုလေ့လာပြီးနောက် ကောင်းမွန်ကြောင်း ချီးကျူးပြောဆိုသည်။ သို့ပြောရာမှ မြန်မာ့လက်မှုအနုပညာဟာ ကောင်းတော့ကောင်းပါရဲ့။ ဒါပမယ့် သဘာဝမကျဘူး။ စနစ်မရှိဘူး-ဟူ၍ ဝေဖန်ပြောဆိုသည်။
(ရှေ့လဆက်ရန်)
မင်းယုဝေ
(မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)

ဘာသာရေး ပြဿနာ ( ၁၄ )
( ဘဒ္ဒန္တ ၀ါယာမသာရ ဖြေသည်)
(မေး) (ကမ္ဘာနှင့် ဗုဒ္ဓဘာသာဝင်များ)
အရှင်ဘုရား၊ ကမ္ဘာပေါ်တွင် ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်သောနိုင်ငံပေါင်း မည်မျှရှိပါသနည်း။ ထိုနိုင်ငံအမည်များကို သိလိုပါသည်ဘုရား။ ထို့ပြင် မဟာယာနဗုဒ္ဓဘာသာဝင် နိုင်ငံများကိုလည်း သိလိုပါသည်ဘုရား။ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၀၀၀(ခြောက်ထောင်) ကျော်ရှိရာတွင် ခန့်မှန်းခြေအားဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဦးရေ မည်မျှရှိသည်ကို သိလိုပါသည်။
(ဦးအောင်-တောင်ကြီး)
(ဖြေ)
ထေရ၀ါဒဗုဒ္ဓဘာသာဝင်နိုင်ငံများမှာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို တို့ဖြစ်ရာ စုစုပေါင်း ၅-နိုင်ငံဖြစ်ပါသည်။ အခြားနိုင်ငံများတွင်လည်း ယခုအခါ ထေရ၀ါဒဗုဒ္ဓဘာသာ ပျံ့နှံ့လျက်ရှိပါသည်။ ထေရ၀ါဒ လူဦးရေမှာ ဖော်ပြပါ ၅-နိုင်ငံတွင် လူဦးရေ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းကြပါသည်။
မဟာယာန ဗုဒ္ဓဘာသာနိုင်ငံများမှာ ဗီယက်နမ်၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊ နီပေါ၊ တရုတ်-တိုင်ပေ၊ ပါကစ္စတန်၊ တိဗက်ဒေသ၊ ရုရှ၊ အိန္ဒိယပြည်တို့၏ အချို့အပိုင်းတို့ ဖြစ်ကြပါသည်။
နိုင်ငံအလိုက်မဟုတ်ဘဲ အစိတ်အပိုင်းအနေဖြင့် ဟောင်ကောင်၊ တရုတ်-တိုင်ပေ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် မဟာယာန ဗုဒ္ဓဘာသာဝင်များ အများအပြား ရှိကြပါသည်။
ယခင် စောစောပိုင်း မှတ်တမ်းများအရ ထေရ၀ါဒ+မဟာယာန အားလုံး ကမ္ဘာ့လူဦးရေ သန်း ၆၀၀၀ (ခြောက်ထောင်) တွင် သန်း ၅၀၀ (ငါးရာ) ခန့်ရှိသည်ဟု မှတ်တမ်းပြုကြပါသည်။ (ယခုအခါ ထိုထက်ပိုမို များပြားနိုင်ပါသည်)။
********************************************************************************
(မေး) (သူတပါးလှူသော မြေကို ရောင်းသင့်-မရောင်းသင့်)
အရှင်ဘုရား၊ လွန်ခဲ့သော နှစ်တရာခန့်က အလှူအမ တဦးသည် ဘုန်းကြီးကျောင်းနှင့်ကပ်လျှက် မိမိပိုင်မြေတွင် ဥပုသ်ဇရပ်တခု ဆောက်လှူခဲ့သည်။ ထိုအလှူ့အမကြီး မရှိတော့သည့်နောက်တွင် သားစဉ်မြေးဆက် စောင့်ရှောက်ခဲ့ပြီး ဘုန်းကြီးကျောင်း သာသနာမြေ သာသနာပိုင်အဖြစ် ထပ်မံလှူဒါန်းခဲ့ပါသည်။ ယခုအခါ ဇရပ်ဟောင်းကိုဖျက်၍ ကောင်းနိုးရာသစ်တို့ကို ကျောင်းအဆောက်အဦးများတွင်အသုံးပြုကြပါသည်။ ထိုဇရပ်ဟောင်းမြေကို ကျောင်းဂေါပကအဖွဲ့က ရောင်းချပြီး ကျောင်းအတွင်း၌ အဆောက်အဦးတခု ဆောက်လုပ်ရန် စီစဉ်ကြပါသည်။ သူတပါးလှူခဲ့သောမြေကို ရောင်ချသင့်-မသင့်နှင့် အပြစ် ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။
(သိလိုသူ -ဂေါပကအဖွဲ့ဝင်တဦး)
(ဖြေ)
ဇရပ်နှင့်မြေကို ဘုန်းကြီးကျောင်း သာသနာမြေ၊ သာသနာပိုင်အဖြစ် လှူဒါန်းပြီးဖြစ်၍ ဘုန်းကြီးကျောင်းပိုင်မြေ ဖြစ်ပါသည်။ ဘုန်းကြီးနှင့် ကျောင်းဂေါပကများ ညှိနှိုင်း၍ ဤကျောင်း၊ ဤသာသနာအတွက် ပို၍ အကျိုးရှိမည် ဆိုလျှင်၎င်း၊ အလှူရှင် သားမြေးမြစ်များကလည်း ကျေနပ်နှစ်သက်ကြမည်ဆိုလျှင်၎င်း ရောင်းချ၍ အသုံးပြုသင့် ပါသည်။
သာသနာအတွက် ပို၍ အကျိုးကျေးဇူးလည်း မများ၊ အလှူရှင် သားမြေးမြစ်များကလည်း သဘောမတူလျှင် သဒ္ဓါတရားကို ဖျက်ဆီးရာရောက်တတ်သဖြင့် မရောင်းချသင့်ပါ။

(မေး) (ကမ္မဋ္ဌာနာစရိယဘွဲ့ အသုံးပြုခြင်း)
အရှင်ဘုရား၊ တပည့်တော်တို့ရွာမှ ရိပ်သာဆရာတော်တပါးသည် မိမိကိုယ်ကို ကမ္မဋ္ဌာနာစရိယဆရာတော်ဟု နိုင်ငံတော်က ဆက်ကပ်ထားသောဘွဲ့ ရရှိထားခြင်းမဟုတ်ဘဲ တံဆိပ်တုံးလုပ်၍ အသုံးပြုနေပါသည်။ နိုင်ငံတော်က ဆက်ကပ်ထားခြင်းမဟုတ်ဘဲ ဘွဲ့ကို အသုံးချသောကြောင့် မည်သည့်အပြစ်များ ကျရောက်နိုင်ပါသလဲဘုရား။ အသုံးပြုနေသည်မှာ ၁၆-နှစ်ခန့် ရှိပါပြီဘုရား။
(မောင်တေဇော)
(ဖြေ)
ကမ္မဋ္ဌာနာစရိယ-ကမ္မဋ္ဌာန်းအားထုတ်ပုံ၊ အားထုတ်နည်းကို ပြသပေးသောဆရာ ဟူသော နာမည်သည် ကမ္မဋ္ဌာန်းကို အမှန်တကယ်ပြသပေးနေလျှင် မည်သည့်အသင်းအဖွဲ့ အစိုးရကမှ ဆက်ကပ်စရာမလိုဘဲ ကမ္မဋ္ဌာနာစရိယ ဖြစ်၍နေပါသည်။ အသင်းအဖွဲ့ အစိုးရတို့က တိုး၍ ပူဇော်လို၍သာ ဘွဲ့ဆက်ကပ်ခြင်း ဖြစ်ပါသည်။ အမှန်တကယ် ကမ္မဋ္ဌာန်းပြသပေးနေလျှင် အသုံးပြုကောင်းပါသည်။ မသုံးသင့်သည်မှာ စာပေပရိယတ်များ ဖြေဆိုအောင်မြင်ခြင်းမရှိဘဲ ဖြေဆိုအောင်မြင်ထားသယောင် ဘွဲတံဆိပ်များကိုသာ အတုအပပြုလုပ်လျှင် မိစ္ဆာဇီဝဖြစ်၍ အပြစ်ဖြစ်နိုင်ပါသည်။

(မေး) (သေခြင်းတရားနှင့် စပ်လျဉ်း၍)
အရှင်ဘုရား၊ တပည့်တော်တို့ သေသွားလျှင် ဘယ်နေရာကို သွားရမည်၊ သွားရမည့်နေရာကို စီရင်ထားချက် ရှိ-မရှိ (သို့မဟုတ်) သေသွားလျှင် သတ်မှတ်ချက်မရှိ ရောက်ချင်ရာဘုံဘ၀သို့ ရောက်သွားပါသလား။ ထို့ပြင် တပည့်တော်တို့ပြုသော အပြစ်များကို မည်သူက တရားစီရင်ပါလဲ။ ဖြေကြားပေးတော်မူပါဘုရား။
(James-လမ်းမတော်မြို့နယ်)
(ဖြေ)
ပုထုဇဉ်လူသားနှင့် ကာမဘုံသား သတ္တ၀ါများသေလျှင် ဒေ၀+မနုဿ၊ နိရယနှင့်၊ ပေတ+တိရစ္ဆာန်၊ လားရန်အရှိ၊ ငါးတန်သော ဂတိ-ဆိုသည့်အတိုင်း ကုသိုလ်ကောင်းမှုရှိသူတို့က ဒေ၀-နတ်ပြည်၊ မနုဿ-လူ့ပြည်သို့ ပြန်ရောက်ကြမည်။
အကုသိုလ်ကံများသူတို့က နိရယ-ငရဲဘုံ။ ပေတ-ပြိတ္တာဘုံ။ တိရစ္ဆာန-တိရစ္ဆာန်ဘုံတို့သို့ ရောက်ရှိကြပါမည်။ သွားရမည့်နေရာ ၅-ဌာန ရှိပါသည်။
သွားလိုသည့်ဘ၀ကို သတ်မှတ်ထားလို့ ရ-မရမှာ မိမိအမှန်တကယ် သွားလို ရောက်လို ဖြစ်လိုသောဘ၀ကို ရည်ရွယ်ချက်၊ သတ်မှတ်ချက် ပြု၍ ရပါသည်။
ဥပမာ-နိုင်ငံခြားသို့ သွားလို၊ ရောက်လိုသော သူသည် အမှန်တကယ် သွားရောက်လိုသော ရည်မှန်းချက်ဖြင့် သွားရောက်နိုင်ကြောင်းဖြစ်သော လိုအပ်ချက် အမျိုးမျိုးတို့ ပြည့်စုံအောင် ဆောင်ရွက်ရပါမည်။(သွားချင်ရုံနှင့်ကား ရောက်မည်မဟုတ်ပါ)။
ဘ၀ကောင်းကို ရောက်လိုသူသည် ရောက်နိုင်ကြောင်းဖြစ်သော လိုအပ်ချက်အမျိုးမျိုးတို့ကို ပြုလုပ်ရပါမည်။
ဘ၀ကောင်းရောက်လိုသူသည် သဒ္ဓါ-ကံ ကံ၏အကျိုးတရားတို့ကို ယုံကြည်မှု။
သီလ-အကျင့်သီလနှင့် ပြည့်စုံမှု။
သုတ-အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံမှု။
စာဂ-စွန့်ကြဲပေးကမ်း လှူဒါန်းမျှဝေမှု။
ပညာ-အမှန်အတိုင်း အရာရာမှာ သိတတ်၊ မြင်တတ်၊ နားလည်တတ်သော လောကီပညာ၊ လောကုတ္တရာပညာတို့နှင့် ပြည့်စုံမှု-ဟူသော တရားများနှင့် ပြည့်စုံရမည်။
ဤတရားများနှင့် ပြည့်စုံလျှင် မိမိရောက်လို ရလိုသော ဘ၀ကောင်းကို ရရှိနိုင်ပါသည်။
သတ္တ၀ါအများ ပြုပြင်သမျှ အကျိုး၊ အပြစ်အားလုံးကို ကံ-မင်းတရားက စီရင်ချက်ချပါသည်။ ဘ၀ကောင်း ဘ၀ညံ့ကို ရောက်သွားခြင်း၊ ရုပ်လှသူ၊ မလှသူ၊ ဆင်းရဲသူ၊ ချမ်းသာသူ၊ ပညာတတ်သူ၊ မတတ်သူ၊ အမျိုးယုတ်သူ၊ အမျိုးမြတ်သူအဖြစ်သို့ ရောက်အောင် မိမိပြုထားသော ကံတရားကသာ စီရင်ချက် ချပေးပါသည်။
ကိုယ့်ကုသိုလ်က၊ ကိုယ့်ကိုမ၊ မုချအားကိုးရာ။
ကိုယ့်အကုသိုလ်က၊ ကိုယ့်ကိုချ၊ မုချဆင်းရဲရာ။
မိမိကို တရားစီရင်မည့်၊ မ,စမည့် အားကိုးရမည့် ကုသိုလ်ကံတရားများကို များများဆည်းပူးပြုလုပ်ထားရမည်။ မိမိကို အပါယ်ငရဲသို့ တွန်းချမည့်၊ ဆင်းရဲတွင်းသို့ တွန်းချမည့် အကုသိုလ်ကံတရားတို့ကို မဆည်းပူးမိ၊ အပေါင်းအသင်း မလုပ်မိဖို့ အထူးအရေးကြီးသည်။ ထိုအကုသိုလ်တရားတို့ကို များများကြီး ရှောင်ကြဉ်ကြပါဟူလို။
*********************************************************************************
(မေး) (အရုဏ်မဟုတ်-နေ့ဆွမ်းမဟုတ်)
အရှင်ဘုရား၊ တပည့်တော်သည် မိသားစုတာဝန် ထမ်းဆောင်နေရသဖြင့် ဘုရားရှင်နှင့် ရဟန်းသံဃာတော်များကို နံနက် ၇-နာရီနှင့် ၈-နာရီလောက်ကျမှ ဆွမ်းဘောဇဉ်များ ကပ်လှူဖြစ်ပါသည်။ အရုဏ်ဆွမ်းလည်းမက၊ နေ့ဆွမ်းလည်းမကျဖြစ်နေ၍ ဤကဲ့သို့ ကပ်လှူခြင်းအတွက် အကျိုး ရှိ-မရှိ သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။
(မြင့်မြင့်-အလုံ)
(ဖြေ)
ဘုရားရှင်နှင့် ရဟန်းသံဃာများအတွက် ဆွမ်းဘုဉ်းပေးနိုင်သော ကာလ အချိန်သည် နံနက် အရုဏ်တက်သည်မှ ၁၂-နာရီတိုင်အောင် ဖြစ်ပါသည်။ ထိုကာလအချိန်အတွင်း မည်သည့်အချိန်မဆို ကပ်ကောင်းပါသည်။ ဘုရားလက်ထက်က အရုဏ်ဆွမ်းသပ်သပ်၊ နေ့ဆွမ်းသပ်သပ်ရယ်လို့ မရှိပါဘူး။ နံနက်ဆွမ်းခံကြွသွားပြီး ဆွမ်းရလျှင် သင့်တော်ရာနေရာဖြစ်သည့် ကျောင်း၊ ဇရပ်တို့မှာ ဆွမ်းဘုဉ်းပေးကြရပါသည်။
၁၂-နာရီအတွင်း အချိန်သတ်မှတ်ချက် မရှိပါ။ ယခုထက်တိုင် မန္တလေးက ကျောင်းတိုက်ကြီး အတော်များများမှာ အရုဏ်ဆွမ်းရယ်လို့ သီးသန့်မရှိပါဘူး။ နံနက်မိုးလင်းလျှင် ဆွမ်းခံကြွသွား၊ ပြန်လာတဲ့အခါ နံနက် ၈-နာရီ၊ ၉-နာရီခန့်ရောက်၊ ရောက်သည့်အချိန် ဘုဉ်းပေးကြတာပါပဲ။ နောက်ပြီး ၁၂-နာရီမထိုးခင် ထပ်ဘုဉ်းပေးချင်ပေး၊ အချိုပွဲလောက်သာ ဘုဉ်းပေးချင်ပေး၊ အချိန်တိတိကျကျ သတ်မှတ်မထားပါဘူး။ နံနက်ပိုင်း တပိုင်းလုံး လှူကောင်းသည်။ လှူထားပြီး ဆွမ်းဘောဇဉ်များကိုလည်း သင့်လျော်သလို နံနက်ပိုင်းတပိုင်းလုံး ဘုဉ်းပေး နိုင်ပါသည်။

(မေး) (သင်္ကန်းကို အဆင့်ဆင့် အသုံးပြုခြင်း)
အရှင်ဘုရား၊ ရဟန်းတော်များ သင်္ကန်းကို သုံးဆောင်ရာတွင် စုတ်သွားသော်လည်း ကြမ်းတိုက်၊ ကြိုးကျစ်၊ နောက်ဆုံး အမှုန့်ပြု၍ လမ်းခင်းသည်အထိ အကျိုးရှိစွာ အသုံးပြုရပုံကို အရှင်အာနန္ဒာနှင့် ကောသလမင်းကြီးတို့ အမေးအဖြေအရ သိရ၍ အလွန်ကြည်ညိုခြင်း ဖြစ်မိပါသည်။ သို့သော် တပည့်တော်တို့ လူပုဂ္ဂိုလ်များ ကျောင်းသို့သွား ၀င်ထွက်ရသောအခါ သင်္ကန်းစုတ်ကို ခြေသုတ်လုပ်ထားခြင်း၊ သင်္ကန်းစုတ်ကို နင်း၍ လူပုဂ္ဂိုလ်က ကြမ်းတိုက်ခြင်းတို့ကို ပြုနေကြခြင်းသည် အပြစ် ရှိ-မရှိ သိလိုပါသည်ဘုရား။
(ဦးသာရှိ-ခ-ဦးသန်းရွှေ-တမူးမြို့)
(ဖြေ)
ရဟန်းတော်များ၏ အသုံးအဆောင်များသည် လူပုဂ္ဂိုလ်များအတွက် စေတီထိုက်သော (ပူဇော်အပ်သော) ပစ္စည်းများ ဖြစ်ပါသည်။ ထို့ကြောင့် သင်္ကန်းဟူသော အမှတ်သညာ မပျောက်သေးလျှင် လူပုဂ္ဂိုလ်များ ခြေသုတ်၊ လက်သုတ်အဖြစ် မသုံးဆောင်ကောင်းပါ။ သံဃာတော်များကလည်း လူများဝင်ထွက်နိုင်သော နေရာများ၌ ခြေသုတ်၊ လက်သုတ်အဖြစ် မထားကောင်းပါ။ သင်္ကန်းကို ခြေဖြင့်နင်း၍ ကြမ်းမတိုက်ကောင်းပါ။
ရတနာသုံးပါးနှင့်စပ်သော ပစ္စည်းများကို မရိုသေရာ ရောက်ပါသည်။ သင်္ကန်းဟူသော အမှတ်သညာ ပျောက်နေလျှင်ကား အပြစ်မဖြစ်နိုင်ပါပေ။ ရဟန်းရော လူပါ အပြစ်မဖြစ်ရအောင် ရဟန်းတို့ကလည်း ဆင်ခြင်သုံးဆောင်၍ လူတို့ကလည်း အဂါရ၀ မရိုသေမှုအပြစ်များ မဖြစ်ရအောင် ရှောင်ကြဉ်သင့်ပါသည်။

(မေး) (မယ်တော်မာယာဒေ၀ီ၏ ဘုရားလောင်းဖွားမြင်ခြင်း)
အရှင်ဘုရား၊ ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်သော မယ်တော်မာယာဒေ၀ီသည် ဘုရားအလောင်းတော်ကို နားမှ ဖွားမြင်သည်ဟု အချို့က ဆိုသည်မှာ မှန်ပါသလား။ ဖြေကြားပေးတော်မူပါဘုရား။
(အမျိုးသမီးတဦး)
(ဖြေ)
နားမှ ဖွားခြင်းမဟုတ်ပါ။ သဘာဝအတိုင်းသာ ဖွားမြင်ခြင်း ဖြစ်ပါသည်။

အသည်းရောဂါအတွက် ဆေးတလက်
ယခုရေးမည့် ဆေးပင်အကြောင်းကား ဆရာကြီးသာဂဒိုး ရေးပြသော ဆေးပင်ဖြစ်သည်။ ထိုဆေးကြောင့် အနာရောဂါကင်းပျောက်ပုံ သာဓကဖြစ်ရပ်မှန်ကို တင်ပြအပ်ပါသည်။
အသည်းရောဂါသည် ယခုအခါမှ ဖြစ်ပေါ်သည်မဟုတ်။ ရှေးအခါခေတ်မီဆေးဝါး မထွန်းကားမီ ကာလကတည်းက ဖြစ်ခဲ့ကြသည်။ အသည်းရောဂါဟူ၍ အမည်မတပ်ခဲ့ကြ။ ရှေးလူကြီးသူမတို့က အသားနက်ရောဂါဟူ၍ အမည်တပ်ခဲ့ကြပါသည်။
ဆေးပညာထွန်းကားလာသောအခါ ဆရာဝန်ကြီးများသည် စီပိုး၊ ဘီပိုကြောင့် အသည်းရောဂါဖြစ်သည်ဟူသော အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ အသည်းရောဂါဖြစ်လျှင် သေဆုံးသည်က များသည်။ ဆရာဝန်များနှင့်စမ်းသပ်၍ အသည်းရောဂါ စီပိုးတွေ့သည်ဆိုလျှင် အသည်းရောဂါရှင်များ စိတ်အားငယ်ကြတော့သည်။
တာမခံ ဖားကန့်မှ အသည်းရောဂါရှင် ဒေါ်ခင်မိုးဦးကို မန္တလေးမြို့သို့ စာရေးသူ သွားစဉ် တွေ့ခဲ့သည်။ မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက် မင်္ဂလာအုတ်ကျောင်းတွင် တည်းခို၍ ဆေးခန်းပြနေသည်ကို တွေ့ရသည်။
ဒေါ်ခင်မိုးဦးသည် အသည်းခြောက်သောရောဂါကို ခံစားနေရသည်။ အသားဖြူသော အသားအရေမှာ မဖြူတော့ဘဲ မဲခြောက်ပြာနှမ်းနှမ်း ဖြစ်နေသည်။ အသည်းရောဂါထလာပြီး ရောဂါတိုးလျှင် ဆေးရုံကြီး အမြန်သွား၍ ကုသမှုခံယူရသည်။ တန်ဖိုးကြီးသော အသည်းဆေးကို အလျင်အမြန် ထိုးရသည်။
ပထမတော့ ဒေါ်ခင်မိုးဦး၏ ခင်ပွန်း ဦးစိုင်းထွန်းထွန်း ကိုယ်တိုင်လာ၍ ကြပ်မတ်ကုသပေးသည်။ နှစ်ရှည်လများ ဖြစ်လာသောအခါ ငွေကြေးရှာဖွေရေးကလည်း တဖက် ရှိသေးသမို့ အခါခပ်သိမ်း မလာနိုင်တော့ဘဲ ငွေသာ ပို့ပေးနိုင်တော့သည်။
အသည်းခြောက်ရောဂါရှင် ဒေါ်ခင်မိုးဦး ကုသရသော နှစ်ကာလမှာ ၂-နှစ်ကျော်မျှ ကြာခဲ့ပြီ။ ဆေးဖိုးနှင့် ကုသစရိတ် သိန်း ရာကျော်မျှ ကုန်ကျနေပြီ။ ရောဂါမှာ ပျောက်သည်ဟူ၍ မရှိ၊ သက်သာရုံ ခံသာရုံမျှသာ ရှိသည်။ နေရပ်ပြန်၍လည်း မဖြစ်သဖြင့် မန္တလေးမြို့ ဘုန်းတော်ကြီးကျော်းတွင် တည်းခို၍ ၂-နှစ်ကျော်ကာလ အိမ်မပြန်ဘဲ နေရတော့သည်။
တနေ့နေ့တော့ ဒီအသည်းရောဂါဖြင့် ကွယ်လွန်လိမ့်မည်ဟု ဒေါ်ခင်မိုးဦးရော ဦးစိုင်းထွန်းထွန်းပါ မှတ်ချက်ချထားမိကြသည်။
ဒေါ်ခင်မိုးဦးသည် (*****)မြို့ ဆေးရုံတွင် ဗိုက်ခွဲ မီးဖွားစဉ်က သွေးသွင်းရာတွင် ရရှိခဲ့သော အသည်းရောဂါ ပိုးကြောင့် ကူးစက်ခံရခြင်း ဖြစ်သည်။ ထိုရောဂါကို ၂-နှစ်ကျော် ၃-နှစ်နီးပါး ကုသမှုခံယူရပြီး ယခုအခါ ပျောက်ကင်းသွားပြီ။ ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်သည့်အခါ အသည်းရောဂါပိုး မရှိတော့ကြောင်း သိရသည်။ သို့ဖြင့် ဇာတိဌာနေ ကချင်ပြည်နယ်၊ တာမခံ ဖားကန့်နယ်မြေသို့ ပျော်ရွှင်ဝမ်းမြောက်စွာ ပြန်သွားနိုင်လေပြီ။ ရွာက ဆွေမျိုးသားချင်း မိတ်ဆွေတို့ကမူ သေလူအဖြစ် သတ်မှတ်သော ဒေါ်ခင်မိုးဦး ပြန်ရောက်လာ၍ အံ့သြ၀မ်းသာ ဖြစ်ကြပေတော့သည်။
ဒေါ်ခင်မိုးဦး၏ အသည်းခြောက်ရောဂါ ပျောက်သောဆေးမှာ တောရွာကျေးလက်များတွင် ငွေမကုန်ဘဲ လမ်းဘေးတွင် ခူးဆွတ်သုံးစွဲနိုင်သော ဆေးပင်ဖြစ်သည်။
ဆေးရုံကပေးသော ဆေးကိုလည်းစားရင်း အဆိုပါ ဆေးပင်ဆေးတို့ကိုလည်း မှန်မှန်သောက်သဖြင့် ပျောက်ကင်းချမ်းသာခဲ့ခြင်း ဖြစ်သည်။ ထိုဆေးပင်ဆေးကို သောက်သုံးစကပင် သိသိသာသာ သက်သာလာသောကြောင့် မှန်မှန် နံနက်ည လက်ဖက်ရည်ပန်းကန်တလုံး သောက်ခဲ့ရာမှ အသည်းရောဂါပိုး သေပြီး ကျန်းမာပကတိ ချမ်းသာစွာ ရှိခဲ့ခြင်းဖြစ်သည်။
ထိုအသည်းခြောက်ရောဂါကို အနိုင်ယူနိုင်သော ဆေးရွက်ကား မြို့တိုင်း၊ ရွာတိုင်း၊ နယ်တိုင်း၊ နေရာဒေသ တိုင်းတွင် ပေါက်ရောက်သော လွယ်ကူသော ဆေးပင်ဖြစ်သည်။
ထိုဆေးပင်ကား လမ်းဘေးတွင် ချုံပင်များအဖြစ် ပေါက်ရောက်၍ တောင်သူလယ်သမားများ အမြဲတမ်း ခုတ်ထွင်ရှင်းလင်း မီးရှို့ပစ်ရသော ဆေးပင်ဖြစ်သည်။ ထိုဆေးပင်သည် ပွင့်ပြီးလျှင် မျိုးကျ၍ မိုးကျလျှင် အပင်ငယ်များ ပြန်ပေါက်သည်။ ဒီဇင်ဘာလလောက်တွင် အရွက်ကြွေကျပြီး ရွက်သစ်ပေါက်သောအခါ ရှင်သန်နေသော နှစ်ရှည်ခံပင် ဖြစ်သည်။ မခုတ်ထွင်ဘဲထားလျှင် ၁၀-ပေ၊ ၁၂-ပေခန့်ရှည်၍ တက်သွားတတ်သည်။ အသက်ကြီးသော အပင်များမှာ လက်မောင်းခန့်၊ ခြေသလုံးခန့် အပင်ကြီးများအထိ ရှိတတ်သည်။
ထိုအပင်၏ မူလအပင်လုံးမှာ ဖျော်ရည်သောက်စုပ်တံခန့်ရှိပြီး အလယ်တွင် အူကြောင်းအခေါင်းရှိသည်။ အကိုင်းဆတ်သည်။ ချိုးယူ၍ရသည်။ အရွက်မှာ ခွေးသွားစိပ်ကျဲကျဲရှည်ရှည် ပါရှိသည်။ နှစ်လက်မခွဲ၊ သုံးလက်မခန့် ရှိသည်။ နှစ်လက်မခန့် ပြန့်ကျယ်သည်။ ထိုအရွက်၏ အရသာမှာ စပ်ရှိန်းရှိန်း ရှိသည်။ ထိုအရွက်၊ ထိုဆေးပင်ကို လူတိုင်းသိနေကြသည်။ အပွင့်အဆုပ်လိုက် ပွင့်သည်။ အပွင့်မှာ အပြာရောင် (ဗေဒါရောင်) ရှိ၍ ကုန်းဗေဒါဟူ၍၄င်း၊
ဝံသာနုပင်ဟူ၍၄င်း၊
ဂျာမနီချုံပင်ဟူ၍၄င်း၊
ပိစပ်ကြီးပင်ဟူ၍၄င်း၊ ခေါ်ကြသည်။
အချို့အရပ်ဒေသများတွင် ဇီယာအရသာ အနံ့ရှိ၍ တောဇီယာဟူ၍လည်း ခေါ်ကြသည်။
အဖြူပွင့်၊ အပြာပွင့် နှစ်မျိုးရှိရာ အပြာပွင့်ကို အသုံးများကြသည်။ အပြာပွင့်မှာ ပေါလည်းပေါသည်။
ထိုအရွက်သည် ပူ၍ စပ်ရှိန်းရှိန်းရှိသဖြင့် ကျွဲနွားများ ထိခိုက်ရှနာဖြစ်လျှင် ထောင်းထု၍ အုံကြသည်။ အနာအကျက်မြန်သည်။ အသည်းရောဂါရှင် ဒေါ်ခင်မိုးဦးသည် ထိုအပင်ကို ထောင်း၍ အရည်ကို နံနက်ည မှန်မှန်သောက်ခဲ့သည်။ သို့ဖြင့် အသည်းရောဂါ တနေ့တခြား သက်သာလာပြီး ပျောက်ကင်းခဲ့သည်။
ထိုဆေးရွက်ကို သောက်သုံးသည့်အခါ မည်သို့နေပါသလဲ-ဟု စာရေးသူက မေးကြည့်သည်။ ဒေါ်ခင်မိုးဦးက တကိုယ်လုံး ပူရှိန်းရှိန်း ရှိသည်။ ဓာတ်သက်သည်။ ဆီးဝမ်းလေ မှန်သည်။ ထိုဆေးကြောင့် ဆိုးကျိုးရောဂါ တခုမျှ ဖြစ်ပေါ်မလာ။ သူ့ကိုသောက်ပြီးကတည်းက ပေါ့ပါးသွက်လက်လာသည်-ဟု ဆိုပါသည်။
ဤဆေးရွက်ရည်သောက်ပြီးကတည်းက ဆေးရုံမသွားရတော့ဘဲ ပျောက်ကင်းချမ်းသာလာပါသတဲ့။ ယင်းသို့ဆိုလျှင် ဤဆေးရွက်ဆေးပင်သည် အသည်းခြောက်ရောဂါကို အနိုင်ယူကုသပေးနိုင်သော ဆေးပင်အဖြစ် ဆေးမှတ်တမ်းတခု ဖြစ်ပါတော့သည်။
သို့ရာတွင် တန်ဆေး လွန်ဘေး ဖြစ်တတ်သဖြင့် ဤဆေးရွက်ကိုမှီဝဲသုံးဆောင်ပြီး ဆရာဝန်များနှင့် စမ်းသပ်ခံယူ၍ အသည်းရောဂါပိုး မရှိတော့လျှင် မသောက်သင့်တော့ပါ။ အခြားသော ခန္ဓာကိုယ် အကျိုးပြု ပိုးမွှားများသေဆုံးသွားနိုင်သည်ကို သတိပြုသင့်ပါသည်။
ဤငါးမည်ရ ဆေးရွက်သည် အသည်းရောဂါပိုး နှိမ်နင်းပုံကို ကိုယ်တွေ့ခံစား၍ လက်တွေ့သောက်သုံး ပျောက်ကင်းသူ ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ်၊ တာမခံ ဖားကန့်မှ ဒေါ်ခင်မိုးဦး၏ လက်တွေ့ပျောက်ကင်းပုံ သာဓကကို အမည်များ လွဲပြောင်း၍ ဖြစ်ရပ်မှန်ကို တင်ဆက်လိုက်ပါသည်။ ရှာဖွေသောက်သုံး၍ အသည်းရောဂါဝေဒနာရှင်များ ကျန်းမာပကတိ ချမ်းသာစွာ ရှိကြပါစေသော်။
ကသာဆွေဝင်း (ရွှေလီငါးတဲ ဆရာတော်)
(မြတ်မင်္ဂလာ ၂၀၀ရ-ခု အောက်တိုဘာလ)

Subscribe to:
Posts (Atom)