Tuesday, June 29, 2010

ဘာသာရေး ပြဿနာ (၁၉)

(ဘဒ္ဒန္တ ၀ါယာမသာရ ဖြေသည်)

(မေး) (အရှင်မောဂ္ဂလာန် နှင့် အရှင်သာရိပုတ္တရာ)
အရှင်ဘုရား။ တပည့်တော်သိလိုသည်မှာ အရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးသည် ဘ၀ဟောင်းက ဇနီးမယား၏ တောင်းဆိုချက်ဖြင့် မိဘများကို ရိုက်နှက်ခဲ့သဖြင့် ပရိနိဗ္ဗာန်စံခါနီးတွင် ခိုးသားငါးရာတို့၏ ရိုက်နှက်မှုကို ခံခဲ့ရသည်ဟု ဆိုပါသည်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း ပရိနိဗ္ဗာန်စံခါနီးတွင် သွေးအန်သောရောဂါဝေဒနာကို ခံစားတော်မူရပါသည်။ ထိုသွေးအန်သောရောဂါ ခံစားရသည်မှာ ဘယ်ဘ၀က ၀ဋ်ကြွေးကြောင့် ဖြစ်သည်ကို သိလိုလှပါသည်ဘုရား။
(ဦးသိန်းထွေး၊ ကိုးထပ်ကြီးဘုရား၊ စမ်းချောင်း)

(ဖြေ)
အရှင်သာရိပုတ္တရာ၏ ပရိနိဗ္ဗာန်စံခန်းကို ကြည့်ရှုရာတွင် သွေးအန်သောရောဂါ (သွေးသွန်သောရောဂါဟု မဟာဗုဒ္ဓ၀င်၌ ဆို၏) ဖြင့် အရှင်သာရိပုတ္တရာ ပြင်းစွာခံစားရ၍ ပရိနိဗ္ဗာန်စံသည်ဟုသာ ပါရှိပါသည်။ မည်သည့်အကုသိုလ်ကံကြောင့်ဟု ပြဆိုထားချက် မတွေ့ရပါ။

အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးအဖို့ ခိုးသားငါးရာ ရိုက်နှက်မှုမှာ အလွန်ကြီးကျယ်သော မိဘကို ရိုက်နှက်ခဲ့သည့် ကံကြီးကြောင့်ဖြစ်ပါသည်။ အလွန်ထင်ရှားသော ဖြစ်ရပ်များသာ မှတ်တမ်းတင်ပါသည်။ သာမန် သူသူငါငါ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စလေးများကို သမိုင်းမှတ်တမ်း တင်လေ့မရှိပါ။ အရှင်သာရိပုတ္တရာ သွေးအန်၊ သွေးသွန်သော ရောဂါမှာ အများသူငါ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဝေဒနာအဆင့်မျှသာ ဖြစ်ပါသည်။ အကုသိုလ်ကံ တခုခုကြောင့်ဟု သတ်မှတ်ရလောက်အောင် အဆင့်မဟုတ်ပါပေ။ ထို့ကြောင့် ၀ဋ်ကြွေး တခုခုကြောင့်ဟု အကြောင်းကို မဖော်ပြခြင်း ဖြစ်ပါသည်။
********************************************************************************

(မေး) (ပုတီးစိပ်လျှင်)
အရှင်ဘုရား၊ ပုတီးစိပ်လျှင် ဂုဏ်တော်များကို နှုတ်ကရွတ်ဆိုမှ အာနိသင်ထက်ပါသလား။ စိတ်ထဲမှာပင် ဆင်ခြင်၍ ရွတ်ဆိုနေလျှင်ရော အစွမ်းအာနိသင် ထက်မြက်နိုင်ပါသလား။ ဖြေကြားပေးတော်မူပါဘုရား။
(မဇင်မာဦး၊ စီးပွားရေးတက္ကသိုလ်၊ ရွာသာကြီး)

(ဖြေ)
နှုတ်ဖြင့် ရွတ်ဆိုသည်ဖြစ်စေ၊ စိတ်ဖြင့် ဆင်ခြင်၍ ရွတ်ဆိုသည်ဖြစ်စေ ဂုဏ်တော်မှာ အာရုံရောက်နေ၊ တည်နေဖို့ လိုရင်းဖြစ်ပါသည်။ ဂုဏ်တော်မှာ စိတ်အာရုံစိုက်ထားနိုင်အောင် နှလုံးသွင်း ဆင်ခြင်ပါလေ။
********************************************************************************

(မေး) (ဆွမ်းကျန် ဟင်းကျန်များ)
အရှင်ဘုရား၊တပည့်တော်မ၏အသိ ချမ်းသာသူတဦးသည် ဘုန်းကြီးကျောင်းသို့ နေ့စဉ် ဆွမ်းပို့ပါသည်။ အပြန်တွင် ဆွမ်းကျန်၊ ဟင်းကျန်များကို ပြန်၍ယူလာပါသည်။ ဘုန်းကြီးမသိအောင် ယူလာခြင်းဖြစ်ပါသည်။ အပြစ် ရှိ-မရှိနှင့် အပြစ်ရှိလျှင် မည်သို့သောအပြစ်မျိုး ရှိမည်ကို သိလိုပါသည်ဘုရား။
(မဇင်မာဝေ-ရွာသာကြီး)

(ဖြေ)
ရဟန်းသံဃာများ ကျွေးကောင်း ပေးကောင်းသော ပုဂ္ဂိုလ်များမှာ-
အန္တရာယ်ပြုနိုင်သော ခိုးသား၊ ဓားပြများ၊
အထီးကျန် ကပ်ပါးဆင်းရဲသူများ၊
မိဘရင်းများ၊
ဘုရား၊ ကျောင်းနှင့် သံဃာ့ဝေယျာဝစ္စ ပြုသူများကို ပေးကောင်း ကျွေးကောင်းပါသည်။

နေ့စဉ် ဆွမ်းဝတ်ပြု ချက်ပြုတ်၍ ပို့လှူနေခြင်းသည် သံဃာဝေယျာဝစ္စ ပြုသူစာရင်းတွင် ပါဝင်သူဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ထို့ပြင် ထမင်းကျန်၊ ဟင်းကျန် ပိုလျှံသော အကြွင်းအကျန်များကို ယူခြင်းဖြစ်လျှင် (အလဟဿ မဖြစ်စေရန်) ယူဆောင်ခြင်းမျိုးဖြစ်၍ အပြစ်မရှိဟု ပြောနိုင်ပါသည်။

မိမိက နည်းနည်းပို့ပြီး များများပြန်ယူသွားသော်၎င်း၊ မိမိက အညံ့ပို့ပြီး ကောင်းမွန်သည်ကို ပြန်ယူသွားသော်၎င်း၊ တမင်သက်သက် ပြန်ယူလိုသည့်စိတ်ဖြင့် ပြန်ယူနေသော်၎င်း အပြစ်ရှိပါသည်။
သံဃာပစ္စည်း၊ အဆိပ်သီး၊ ဘုရားပစ္စည်း ငရဲမီး-စသည်ဖြင့် ဆိုထားသည့်အတိုင်း အဆိပ်သီးနှင့် ငရဲမီးစာ - ဖြစ်ပါလိမ့်မည်။
********************************************************************************

(မေး) (မောဃပုရိသ)
အရှင်ဘုရား၊ သာသနာ့သမိုင်းတွင် ပထမဆုံး ပါရာဇိကပြစ်မှုကြီးကို ကျူးလွန်သွားသော အရှင်သုဒိန်သည် ရဟန္တာ ဖြစ်-မဖြစ်နှင့် ထိုအရှင်မြတ်၏ဘ၀နောက်ပိုင်း အဖြစ်အပျက်ဇာတ်လန်းကို သိလိုပါသည်ဘုရား။
ထို့ပြင် တပည့်တော်ကြားဖူးသည်မှာ မြတ်စွာဘုရားရှင်က မောဃပုရိသ=မဂ်ဖိုလ်မှ အချည်းနှီးသောယောက်ျား ဟု ခေါ်ခံရသောပုဂ္ဂိုလ်များသည် ယခုဘ၀တွင် မဂ်ဖိုလ်မရနိုင်တော့ဟု ကြားဖူးပါသည်။ မောဃပုရိသ-အခေါ်ခံရသော ပုဂ္ဂိုလ်များ မဂ်ဖိုလ်ရနိုင်-မရနိုင်ကိုလည်း ဖြေကြားပေးတော်မူပါဘုရား။
(ရှင်သီရိန္ဒ-ယောရွာ၊ စစ်ကိုင်းတိုင်း)

(ဖြေ)
အရှင်သုဒိန်မထေရ် ရဟန္တာဖြစ်သည်ဟု စာမှာမတွေ့ရှိပါ။ အရှင်သုဒိန်သည် သဒ္ဓါပဗ္ဗဇိတ ရဟန်းဖြစ်ပါလျက် သံသယ+ကုက္ကုစ္စ နှိပ်စက်ခံရသည့်အတွက် ကိုယ်ရော စိတ်ပါ ထိခိုက်ပြီး တရားမရရှာသော ရဟန်းအဖြစ်သာ ဖြော်ပြပါရှိပါသည်။ အရှင်သုဒိန်၏ အဗြဟ္မစရိယအမှုကြီးကို ကိုယ်စောင့်နတ်၊ တောစောင့်နတ်၊ ဘုမ္မစိုး၊ အာကာသစိုး၊ နတ်အပေါင်းနှင့် ၃၁-ဘုံလုံး လူနတ်ရဟန်းအားလုံး သိရှိပြီး ဘုရားရှင်ထံ လျှောက်ထားကြ၍ ဘုရားရှင်က မောဃပုရိသ-ဟုခေါ်တော်မူပါသည်။ မောဃပုရိသ-ဟု အခေါ်ခံရသည့်အလျောက် မဂ်ဖိုလ် ရသည်ကိုလည်း မတွေ့ရပေ။

မောဃပုရိသ-ခေါ်တိုင်း မဂ်ဖိုလ်မရသည် မဟုတ်။ ဒုတိယပါရာဇိက ခိုးမှုကို ကျူးလွန်သော အရှင်ဓနိယမထေရ်ကိုလည်း ဘုရားရှင်က မောဃပုရိသ-ဟု ခေါ်တော်မူပါသည်။ သို့သော်လည်း အရှင်ဓနိယထေရ်သည် နောင်အခါ တရားအလုပ် အားထုတ်တော်မူ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါသည်။ ထို့ကြောင့် မောဃပုရိသ-ခေါ်တိုင်း ဤဘ၀၌ မဂ်ဖိုလ်မရနိုင်ဟု တထစ်ချ မယူဆနိုင်ပါ။
********************************************************************************

(မေး) (ဘုန်းကြီးကျောင်းတွင် ဖိနပ်စီးခြင်း)
အရှင်ဘုရား၊ ယခုခေတ် ဘုန်းကြီးကျောင်းနှင့် ရိပ်သာတို့တွင် ဘုန်းကြီးက ခွင့်ပြုသည်ဆို၍ ဖိနပ်များ စီးနေကြပါသည်။ ဘုန်းကြီးက ခွင့်ပြု၍ ရ-မရ အပြစ် ရှိ-မရှိ သိလိုပါသည်။ တဆက်တည်း ဗိမ္ဗိသာရမင်းကြီး ခြေဖ၀ါး ဓားခွဲခံရခြင်းသည် မည်သည့်ကံ၏အကျိုး ဖြစ်ပါသနည်း။ ဖြေကြားပေးတော်မူပါဘုရား။
(ဦးသိန်းအောင်-သင်္ဃန်းကျွန်း)

(ဖြေ)
ဘုန်းကြီးကျောင်းဝင်းတွင် လူမှမဟုတ်၊ ရဟန်းသံဃာများပင် ကျောင်းပိုင်ဘုန်းကြီး၏ ခွင့်ပြုချက်မရလျှင် စီးခွင့်မရှိပေ။ ခွင့်ပြုမှ စီးခွင့်ရှိပေသည်။ ၄င်းပညတ်ချက်အရ လူများလည်း ခွင့်ပြုလျှင် စီးနိုင်သည်ဟု အဓိပ္ပါယ် ရပေသည်။

မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီးသည် နွေအခါ မင်းကွန်း၌ အလွန်ပူပြင်းလှသဖြင့် ကျောင်းဝိုင်း ကျယ်ကျယ်ကြီးတွင် ဖိနပ်ချွတ်၍ သွားလာရန် မသင့်သည့်အတွက် လူများကို ဖိနပ်စီးခွင့်ပြုတော်မူသည်။

အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည်လည်း ညစ်ပေသောခြေထောက်ဖြင့် ကျောင်းပေါ်ကိုတက်ခြင်းက ကျောင်းကိုပို၍ ညစ်ပေစေသောကြောင့် သန့်ရှင်းသောခြေဖြင့် ကျောင်းပေါ်သို့တက် နိုင်စေရန် စီးခွင့်ပြုတော်မူသည်။
ဗိမ္ဗိသာရသည် ရှေးဘ၀က ညစ်ပေသောခြေတို့ဖြင့် သံဃာတော်များ သုံးဆောင်ရန် ခင်းထားသောအခင်းပေါ် ညစ်ပေအောင် နင်းခဲ့သည့်အတွက် ဓားခွဲခံရခြင်း ဖြစ်သည်။ ထို့ကြောင့် ဖိနပ်မစီးဘဲ ညစ်ပေသောခြေထောက် ဖြင့် တက်ခြင်းထက် ဖိနပ်စီး၍ သန့်စင်သော ခြေထောက်ဖြင့် တက်ခြင်းက အကျိုးပို၍ ရှိသည်ကို ရည်၍ စီးခွင့်ပြုတော်မူသည်။

မန္တလေး မစိုးရိမ်ဆရာတော်ကြီးကား-သံဃာများ သီတင်းသုံးတော်မူသော နေရာသည် လူများအတွက် စေတီထိုက်သောနေရာ ဖြစ်သည်။ ထို့ကြောင့် ရှေးထုံးစဉ်လာ သံဃာ့အာရာမ်ကို ထိနပ်မစီးဘဲ အရိုအသေ အလေးအမြတ်ပြုခြင်းဖြစ်သည်။ လူများကို စီးခွင့်ပေးရန် မဆုံးဖြတ်ရဲ။ တို့တော့ ခွင့်မပြုရဲ၊ စီးလိုက စီးနိုင်ကြသည်-ဟု မိန့်ကြောင်း ကြားဖူးပါသည်။

လိုရင်းချုပ်သော် ရိုသေသော စိတ်စေတနာနှင့် မရိုသေသော စိတ်စေတနာတို့သာ ပဓာနကျပေသည်။ ရိုသေသော စိတ်စေတနာဖြင့်ပင် ကျောင်းကို မညစ်ပေရအောင် စီးသည်ဆိုလျှင် အပြစ်မဖြစ်နိုင်ပေ။
ကျမ်းဂန်တို့၌ ရဟန်းသံဃာ ဆရားသမားများကို ၁၂-တောင်အကွာက ဖိနပ်ချွတ်၍ အရိုအသေပေးရမည်ဟု ဆိုသဖြင့် ကျောင်းအတော်များများတွင် ဖိနပ်ချွတ်နေရာနှင့် ဆရာတော် သံဃာတော်များ သီတင်းသုံးရာ နေရာသည် ၁၂-တောင်ခန့်ဝေးနေလျှင် အရိုအသေပြုရာရောက်လျက်ရှိပါသည်။
ဘုရားကိုကား မြင်လောက်ရာက စ၍ ဖိနပ်ချွတ်ကာ အရိုအသေပေးရမည်ဟု ဆိုပါသည်။ ရိုသေသော စိတ်စေတနာရှိဖို့သာ လိုရင်းဖြစ်ပါသည်။

ဤထိနပ်ချွတ်ခြင်း၊ မချွတ်ခြင်းသည် ယဉ်ကျေးမှုဓလေ့နှင့်လည်း ဆိုင်ပေသည်။ ထိုင်းနိုင်ငံ၌ တန်ခိုးကြီး မြဘုရားကို ဖိနပ်စီးလျက်ပင် ဖူးမြော်ကြသည်။ ဖိနပ်မချွတ်ဘဲ ကြည်ညိုရိုသေစိတ် ဖြစ်ပေါ်လျက်ရှိကြသည်။ သို့သော် ဘုရားကိုကား မြင်လောက်ရာအရပ်မှ ဖိနပ်ချွတ်ကြ၍ အရိုအသေပြုရမည်ဟုဆိုသဖြင့် ဘုရားဝင်း၌ မစီးခြင်းသည်သာ အပြစ်ကင်းပေ၏။
********************************************************************************

(မေး) (ဥပုသ်သည်နှင့် ညစ်ညမ်းသောစကား)
အရှင်ဘုရား၊ တပည့်တော် အပတ်စဉ် ဥပုသ်စောင့်ပါသည်။ သို့သော် တပည့်တော်၏ ပတ်ဝန်းကျင်တွင် ဆဲရေးတိုင်းထွာမှုများ နားနှင့်မဆန့်အောင် ကြားနေရသဖြင့် စိတ်ညစ်နေရပါသည်။ တရားမှတ်ဖို့ပင် အလွန်ခက်ခဲလှပါသည်။ ထိုသို့ ဆဲဆိုသံများ အမြဲကြားနေရသောကြောင့် ဥပုသ်သည်များ သီလပျက်နိုင်ပါသလားဘုရား။
(အောင်မိုးရွှေ- မ/ဥက္ကလာ)

(ဖြေ)
သီလသည် ကာယကံနှင့် ၀စီကံကို ထိန်းသောအလုပ် ဖြစ်ပါသည်။ စိတ်ညစ်ရုံဖြင့် သီလမပျက်ပါ။ မိမိက ဆဲမိ၊ ဆိုမိ၊ တိုင်းထွာမိသွားလျှင်ကား သီလပျက်နိုင်ပါသည်။ စိတ်ထဲတွင် ဘယ်လောက်ညစ်ညစ်၊ ဘယ်လောက်မကျေမနပ် ဖြစ်ဖြစ်၊ ကာယကံ ၀စီကံ အဖြစ်သို့ မရောက်အောင် အစွမ်းကုန် ထိန်းပါလေ။
********************************************************************************

(မေး) (ခြေအိတ်စွပ်ထားပြီး ဆွမ်းလောင်းသော်)
အရှင်ဘုရား၊ တပည့်တော်တို့မြို့က ဆောင်းရာသီမှာ အလွန်အေးချမ်းလှပါသည်ဘုရား။ နံနက် သံဃာတော်များကို ဆွမ်းလောင်းရာတွင် ခြေအိတ်များစွပ်၍ လောင်းကြပါသည်ဘုရား၊ ထို့ပြင် တချို့က ဖိနပ်ချွတ်ပြီး ဖိနပ်ပေါ်ပြန်ရပ်ပြီး ဆွမ်းလောင်းကြပါသည်။ ထိုသို့ပြုသော် အပြစ် ရှိ-မရှိ သိလိုပါသည်ဘုရား။
(မတင့်တင့်-မိုးကုတ်မြို့)

(ဖြေ)
ရဟန်းသံဃာများနှင့် ပြုမူဆက်ဆံဆောင်ရွက်ရာတွင် ရိုသေသောစိတ် (ဂါရ၀စိတ်ထား) ရှိဖို့နှင့် မရိုသေစိတ် (အဂါရ၀စိတ်) မထားမိဖို့ လိုရင်းဖြစ်ပါသည်။
ရာသီဥတု အခြေအနေအရ ခြေအိတ်စွပ်ခြင်းသည် မရိုမသေပြုရာ မရောက်ပါ။ ဖိနပ်ပေါ် ပြန်ရပ်ခြင်းမှာ အပြစ်မဖြစ်နိုင်ပါ။ ရိုသေစိတ်ရှိ၍ပင် ချွတ်ထားခြင်းဖြင့် အသိအမှတ်ပြုစေပြီးဖြစ်သည်။ ထို့ကြောင့် အပြစ်မဖြစ်ပါဟု မှတ်ယူနိုင်ပါသည်။

(မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

ဤမှန်သော သစ္စာစကားကြောင့်

စာရှုသူတို့အနေဖြင့် သစ္စာဆိုသည်ဟူသော စကားစုကို သိရှိကြလိမ့်မည် ထင်ပါသည်။ အခက်အခဲတခုနှင့် တွေ့ကြုံရသောအခါ ယင်းအခက်အခဲကို ကျော်လွှားသွားနိုင်ရန် သစ္စာဆိုသည့် သာဓကတို့ကို ဖတ်ဖူး နာဖူးကြပေလိမ့်မည်။ သို့တည်းမဟုတ်ပါကလည်း ကိုယ်တိုင် ဆိုဖူးကောင်း ဆိုဖူးကြပေလိမ့်မည်။ သစ္စာဆိုရာဝယ် မကောင်းသောအကြောင်းပေါ် အရင်းခံသည့် မှန်သောစကားဖြင့် သစ္စာပြုသည်လည်း ရှိသည်။ ကောင်းသော အကြောင်းပေါ် အရင်းခံသည့် မှန်သောစကားဖြင့် သစ္စာပြုသည်လည်း ရှိသည်။ မည်သို့ဆိုစေ မိမိတောင့်တသော အကျိုးကောင်းကို ရရှိနိုင်သည်ဟု ကျွန်တော်ထင်မြင်မိပါသည်။

လွန်ခဲ့သော ၁၀-နှစ် (၁၉၉၇-ခုနှစ်) ကျော်ကာလက အတွေ့အကြုံတခုကို တင်ပြပါမည်။
သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီးသည် အခါအားလျော်စွာ ပြည်ပသို့ ဓမ္မဒူတခရီး ထွက်လေ့ရှိပါသည်။ ထိုခရီးများတွင် အများအားဖြင့် ကျွန်တော်လိုက်ပါရပါသည်။ ကပ္ပိယအဖြစ်၎င်း၊ ဆရာတော်ဘုရားကြီး တရာဟော တရားပြရာတွင် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးရန်အတွက်၎င်း လိုက်ပါရခြင်း ဖြစ်ပါသည်။ ၁၉၉၇-ခုနှစ် ဧပြီလက ဆရာတော်ဘုရားကြီးသည် ဥရောပတိုက်သို့ ခရီးထွက်ခဲ့ပါသည်။ အီတလီ၊ ဘယ်လ်ဂျီယမ်၊ နယ်သာလင် နိုင်ငံတို့ကို ခရီးထွက်ခဲ့ခြင်းပင် ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီးနှင့် ကျွန်တော်တို့သည် ပြင်သစ်နိုင်ငံ ပါရီမြို့အနီး မြို့ငယ်လေးတမြို့တွင် တည်ရှိသော သကျမုနိရိပ်သာကျောင်း ဆရတော် ဦးဝိဇယ၏ ပင့်ဖိတ်ချက်အရ သွားရောက်ကြခြင်းဖြစ်ပါသည်။ ထိုရိပ်သာတွင် စခန်းချကြပါသည်။ ယင်းရိပ်သာတွင် ဆရာတော်ဘုရားကြီးက တရာဟော၊ တရားပြ ပြုရပါသည်။ ဆရာတော်ဘုရားကြီးနှင့် ယောဂီတို့ အပြန်အလှန်ပြောဆိုကြသည်ကို ကျွန်တော်က ယောဂီအတွက် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးရပါသည်။ ဆရာတော်ဘုရားကြီးအတွက် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပေးရပါသည်။

တရာဟောရာတွင်မူ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးရပါသည်။ ယင်းနိုင်ငံများရှိ ယောဂီတို့အနက် အချို့သည် အင်္ဂလိပ်ဘာသာရပ်တွင် မကျွမ်းကျင်ကြသဖြင့် ထိုသူတို့ နားလည်းနိုင်သော ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ အီတလီဘာသာ၊ ဗီယက်နာမ်ဘာသာ၊ ကမ္ဘောဒီးယား ဘာသာတို့သို့ အခါအားလျော်စွာ အခြားဘာသာပြန်သူတဦးက ပြန်ဆိုပေးရပါသည်။ အင်္ဂလိပ်ဘာသာရပ်ဖြင့် ပြန်ဆိုရခြင်းမှာ အခရာဖြစ်နေသည့်သဘောပင် ဖြစ်ပါသည်။ ဟောကြားသောတရားများ ယောဂီတို့ထံ ရောက်ရှိရန်မှာ ဘာသာပြန်ဆိုရာတွင် ချိတ်ဆက်မပြတ်ဖို့ လိုအပ်လှပါသည်။ ထို့ကြောင့် ကျွန်တော်သည် မိမိ၏ လုပ်ငန်းမပျက်စေရန်အတွက် အထူးသတိပြုဂရုစိုက်၍ နေထိုင်ရပါသည်။

ထိုသို့ သတိပြု ဂရုစိုက်၍ နေထိုင်ပါသော်လည်း တချိန်တွင် ကျွန်တော်သည် အနည်းငယ် နေမကောင်း၊ ထိုင်မသာ ဖြစ်ခဲ့ပါသည်။ လုပ်ငန်းပျက်စေနိုင်သည့်အခြေသို့ မရောက်ရှိသော်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်စိတ်ပေါ့ပါးခြင်း မရှိလှပါ။ ကျန်းမာရေးချို့တဲ့သည့် အခါ ဆေးမှီဝဲပါသော်လည်း ရောဂါအကင်းသေသည် အထိ အနည်းဆုံး တရက်၊ သို့မဟုတ်-နှစ်ရက်ခန့် စောင့်ရတတ်သည်ကို ကျွန်တော် သိပါသည်။ ထိုစဉ်က ကျွန်တော့်ထံတွင် ဆေးဝါးလည်း မပါရှိပါ။ ထိုရိပ်သာမှ အိမ်ရှင်ဝေယျာဝစ္စ အဖွဲ့ကိုလည်း ၀န်မပိစေလို၍ အကူအညီ မတောင်းလိုပါ။ ထို့ကြောင့် ကျွန်တော်သည် ဆေးမှီဝဲခြင်း မပြုရပါဘဲ ခံစားနေရသော ရောဂါ ဆောလျင်စွာ ပျောက်ကင်းစေနိုင်မည့် နည်းလမ်းတို့ကို ဆင်ခြင်၍ ဖွေရှာမိပါသည်။ သစ္စာဆိုရလျှင် ဖြစ်နိုင်ကောင်းဟု အတွေးဝင်မိပါသဖြင့် ကျွန်တော်သည် သစ္စာဆိုခဲ့ပါသည်။ ဆိုပုံမှာ-

ကျွန်တော်သည် ဆရာတော်ဘုရားကြီး သာသနာပြုရာတွင် အထောက်အကူပြုနိုင်ရန် လိုက်ပါလာခြင်းဖြစ်ပါသည်။ အထောက်အကူပြုလိုသော ဆန္ဒလည်း ကောင်းစွာရှိပါသည်။ ဤမှန်သောသစ္စာ စကားကြောင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် အထောက်အကူပြုနိုင်ရန် ကျွန်တော်၏ သန္တာန်တွင် စွဲကပ်နေသော ရောဂါသည် ဆောလျင်စွာ ပျော်ကင်းသွားပါစေသတည်း-ဟူ၍ ဖြစ်ပါသည်။

ကျွန်တော်သည် သစ္စာဆိုပြီး ချက်ချင်းသတိမမူမိ၍ ရောဂါချက်ချင်း ပျောက်သည်-မပျောက်သည်ကိုတော့ မသိပါ။ ထိုနေ့တွင်ပင် သတိမူမိသောအခါ အလျင်းနေထိုင်ကောင်းနေပြီကို သိလိုက်ရပါသည်။ လုပ်ငန်းကိုလည်း ချမ်းသာစွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ နေ့မကူးပါဘဲ ဆောလျင်စွာ ရောဂါပျောက်ကင်းသွားသည်မှာ အံ့သြဖွယ်ရာ ကောင်းလှပါသည်။ သစ္စာဆိုခြင်း၏ အာနိသင်ကြောင့်သာ ဖြစ်ပေမည်။

ကျွန်တော်သည် ကောင်းသောအကြောင်းပေါ် အရင်းခံသည့် မှန်သောစကားဖြင့် သစ္စာပြုခဲ့ခြင်း ဖြစ်ပါသည်။ သည်အတွေ့အကြုံရရှိခဲ့သည်မှာ ၁၀-နှစ်ကျော်ခဲ့ပါပြီ။ သည်အတွေ့အကြုံကို တင်ပြရခြင်းအကြောင်းမှာ သစ္စာ တရား၏ အစွမ်းထက်ပုံကို တင်ပြလိုခြင်း ဖြစ်ပါသည်။

တင်ဦးလှိုင်
(မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

Monday, June 28, 2010

ထိုတနေ့ ( ဇရာ ဗျာဓိ ဆင်ခြင်မိခြင်း)

ယနေ့ကား ၂-၄-၀၇ ဖြစ်၏။
စာရေးသူသည် ဘုတလင်မြို့နယ် သခွတ္တနယ် အ-ထ-က ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းဆောင်ဆဲဖြစ်ပါသည်။ အသက် ၈၆-နှစ်အရွယ်ရှိ ယောက္ခမကြီးကို ဇနီးဖြစ်သူက မငြိုမငြင် ဝေယျာဝစ္စပြုစုလျက်ရှိပါသည်။

ယနေ့ကား ဇနီးဒေါ်ခင်ဆွေသည် သားကြီးမောင်သက်နိုင်ဦးနှင့်အတူ မုံရွာသို့ ဈေးဝယ်သွားသည့်အခါ စာရေးသူနှင့် သားငယ် မောင်သက်နိုင်ဇော်တို့သည် အိမ်စောင့်ရင်း ဈေးရောင်းရင်း ကျန်ရစ်၏။
နေ့လယ်ခင်းတွင် အိပ်ရာထက်မှ ယောက္ခမကြီးက ငါ-အပြင်ထွက်တော့မယ်ဟေ့-ဆိုသဖြင့် အိမ်ထဲက ခုတင်မှသည် အပြင်တန်းလျား (မီးဖိုထဲ)သို့ တွဲပို့ရပါသည်။

ထိုတန်းလျားသို့ရောက်ရန် ခြေလှမ်းပေါင်း ၆၀-ခန့် လှမ်းရပါသည်။ သာမန်အနေဖြင့် ခြေလှမ်း ၁၂-လမ်းခန့်သာ ရှိပါလိမ့်မည်။
တန်းလျားမှာ နေရာချထားပြီးသည့်အခါ ထမင်းစားချင်သည်ဆိုသဖြင့် ကျွေးမွေးရပေ၏။
ထို့နောက် ရေချိုးမည်ဆိုသဖြင့် ရေချိုးကျောက်ပျဉ်သို့ တွဲပို့ရ၏။ ထိုအခါမှာလည်း ခြေလှမ်းပေါင်း ၅၀-ခန့်မျှ ခက်ခက်ခဲခဲ လှမ်းရပါပေသည်။

ဇရာအို ယောက္ခမကြီး၏ ခြေလှမ်းများသည် ခြေလှမ်းစိပ်စိပ်မျှသာ ဖြစ်သည်။ ရှေ့ခြေလှမ်းနှင့် နောက်ခြေလှမ်း သည် လက်တဖ၀ါးခန့်သာ ကွာခြားပေ၏။ သာမန်အနေဖြင့် ခြေလှမ်းပေါင်း ၁၀-လှမ်းစာမျှသာ ရှိပါပေသည်။ သို့ဖြစ်ပေရာ ဇရာခြေလှမ်း၊ ဘယ်လိုလှမ်းလည်း၊ လှမ်းစိပ်စိပ်မျှ၊ ဗျာဓိပြသည်၊ မရဏခရီး၊ နီးပြီတကား-ဟု ရှုမြင်မိပါသည်။

ယောက္ခမကြီးမှာ ခေါင်းမှဆံပင်ကို ကတ်ကြေးဖြင့် ကိုက်ဖြတ်ထားခြင်းအရ ဆံတိုစုတ်ဖွား ဖြူကြောင်ကျား ဖြစ်နေပါပြီ။ ခေါင်းတုံးတုံးရအောင်ဆိုသည်ကို မနေတတ်ဆိုသဖြင့် ကတ်ကြေးဖြင့်သာ ကိုက်ထားရခြင်း ဖြစ်သည်။
ရေချိုးပြီး ထမည်ပြုသော် သူ့ဘာသာ မထနိုင်သဖြင့် ထူမပေးရပါပေသည်။ သူ့ထမီ သူလည်းယူငင်မ၀တ်နိုင်ပါပြီ။ ထမင်းစားလျှင်လည်း လက်ဖက်ရည်ပန်းကန် နှစ်လုံးစာမျှသာ စားနိုင်ပါသည်။

ခန္ဓာဟုဆို၊ ရှိတိုင်းကိုယ်လည်း၊ အိုတရွေ့ရွေ့၊ နောက်ဆုံးနေ့၌၊ စုတေ့မမြဲ၊ ပြိုကွဲအားလုံး၊ သေခြင်းဆုံး၏-ဟူသည်ကို သံဝေဂရယူမိပါ၏။
ခန္ဓာရထား၊ သံသရာသွား၊
လေးပါးဘူတာ၊ ဆိုက်ရရှာ။
ဇာတိမှထွက်၊ ဇရာဆက်၊
နာချက် မရဏာ၊ လေးဘူတာ-ဟူသည့် ကြားနာရမှုနှင့်အတူ သံဝေဂယူမိပါသည်။

၂၀၀၇-ခုနှစ် ဧပြီလထုတ် မြတ်မင်္ဂလာစာစောင်ပါ ဆရာသိပ္ပံစိုးလှ-၏သတိသံဝေ ယူကြပေရော့-ဟု အိုခြင်း၊ နာခြင်း ဒုက္ခကို ဖော်ပြချက်အား စွဲမြဲမိခြင်းနှင့်အတူ လက်တွေ့ဆင်ခြင်မိပါသည်။ ထိုသို့ ရှုမြင်ဆင်ခြင်မိရင်း
တနေကွယ် သေနယ်သို့ တခါကူး၊
မေ့လျော့ကာ သေဘူးထင်ပါနဲ့ ၊
နေကွယ်တာ အချိန်များရင်ဖြင့်၊
သေနယ်ရွာ တကြိမ်သွားပါလိမ့်ကွယ်၊
တားမရဘူး။
ဟူသည်ကို ထပ်ဆင့်သံဝေဂ ပွားမိပါတော့သတည်း။

ဝင်းမောင် (မြိုင်သာ)
(မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ နှင့် နိုင်ငံခြားသားများ

အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည် ၁၉၇၇-ခု ဒီဇင်္ဘာလ ၂၇-ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် ၁၉၀၀-ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဖွားမြင်တော်မူသည်ဖြစ်ရာ ပျံလွန်တော်မူချိန်၌ သက်တော် ၇၈-နှစ်ရှိပေသည်။

ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ပျံလွန်တော်မူသည့်အတွက် ရဟန်းရှင်လူအများပင် ၀မ်းနည်းကြေကွဲမဆုံး ရှိခဲ့ကြသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသကမူ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ မထေရ်မြတ်ကြီး ပျံလွန်တော်မူခြင်းဟာ ခက်မငါးဖြာ အမြွာရှိတဲ့ သာသနာတော် သစ်ပင်ကြီးမှ (ပင်စည်ခွဆုံကနေပြီး) အရေးပါလှသည့် အကိုင်းကြီးတကိုင်း ပဲ့ထွက်ကျိုးကျ သွားသလိုပါပဲ။ သာသနာတော်ကြီးအတွက် များစွာ နစ်နာဆုံးရှုံးမှုကြီးတရပ် ဖြစ်ရပါတယ်-ဟူ၍ ၀မ်းနည်းစွာ မိန့်တော်မူခဲ့သည်။

ဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည် အစားထိုးမရလောက်အောင် တန်ဖိုးရှိသောပုဂ္ဂိုလ်ကြီးများတွင် ထိပ်တန်းက ပါဝင်ပေသည်။ ဆရာတော်ကြီးသည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို တိကျစွာ လိုက်နာကျင့်သုံးသော ရဟန်းမြတ်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်လက်ထက်ကကဲ့သို့သော ဘုန်းတော်ကြီးကျောင်းမျိုး ဖြစ်လာအောင် မိမိ၏ ဂန္ဓာရုံကျောင်းတိုက်ကြီးကို ထူထောင်ခဲ့သည်။ ရဟန်းသံဃာ ၅၀၀-ကျော်ကို လက်ခံကာ စံပြရဟန်းကောင်း၊ ရဟန်းမြတ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့သည်။ ထိုရဟန်းသံဃာတို့ကို ပိဋကတ်စာပေများ ပို့ချ သင်ကြားပေးသည်။ တဖက်ကလည်း ရဟန်းများအတွက် ကျမ်းများပြုစုရေးသားခဲ့သည်။ ထို့ပြင် လူအများစု အတွက်လည်း လိမ္မာယဉ်ကျေး၍ ဗုဒ္ဓတရားတော်ကို သိမြင်လာအောင် စာအုပ်များ ရေးသားခဲ့သည်။

ထို့ကြောင့် ဆရာတော်ကြီးကို မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များက လွန်စွာ ကြည်ညိုမြတ်နိုးကြသည်။ ထိုမျှမက နိုင်ငံခြားသားအချို့ကလည်း လေးစားမြတ်နိုးကြသည်။ ဆရာတော်၏ကျောင်းကို သွားရောက်လေ့လာ ကြည့်ရှုကြသည်။ ဗွီဒီယိုများ၊ ဓာတ်ပုံများ ရိုက်ကူး၍ မိမိတို့နိုင်ငံသို့ ယူဆောင်သွားကြသည်။ ဆရာတော်ကြီးကို ဖူးတွေ့၍ တရားတော်ဆိုင်ရာ အချက်အလက်တို့ကို မေးမြန်းလျှောက်ထားကြသည်။ ဆွေးနွေးတင်ပြကြသည်။ ဆရာတော်ကြီး၏ အဆုံးအမကို ခံယူခဲ့ကြသည်။

ဆရာတော်ကြီးကို ဖူးတွေ့သော ထိုနိုင်ငံခြားသား ပုဂ္ဂိုလ်များအထဲမှ စိတ်ဝင်စားဖွယ် ပုဂ္ဂိုလ်အချို့အကြောင်းကို တင်ပြလိုပေသည်။
(အင်္ဂလန်မှ ပါမောက္ခကြီး)
ဆရာတော်ကြီး အသက်ထင်ရှားရှိစဉ် ၁၉၆၅-ခုနှစ်တွင် အင်္ဂလန်မှ ပါမောက္ခကြီးတယောက် ဂန္ဓာရုံတိုက်သို့ ရောက်လာခဲ့သည်။ ဆရာတော်၏ ဂုဏ်သတင်းကို ကြားသိသဖြင့် လာရောက်ဖူးတွေ့ခြင်း ဖြစ်သည်။ ထိုပါမောက္ခ ကြီးသည် အင်္ဂလန်ရှိ ထင်ရှားသော ပါမောက္ခဆရာကြီး ရှစ်ယောက်တွင် တဦးအပါအ၀င်ဖြစ်သည်။

ထိုပါမောက္ခကြီးသည် ဆရာတော်ဘုရားနှင့် အချိန်ကြာမြင့်စွာ တွေ့ဆုံခဲ့သည်။ ပါမောက္ခကြီးက မေးလိုက်၊ ဆရာတော်ကြီးက ဖြေလိုက်နှင့် နောက်ဆုံး ထမင်းစားဖိတ်ထားသော နေရာသို့သွားရန် အချိန်နီးနေသဖြင့် ပါမောက္ခကြီးက ပြန်တောင် မပြန်ချင်သေးဘူး-ဟု ပြောလိုက်သည်။ ဆရာတော်ဘုရားနှင့် တွေ့ရသည်ကို သူများစွာ ကျေနပ်အားရမဆုံး ရှိခဲ့သည်။

ပြန်ခါနီးတွင် ပါမောက္ခကြီးက ဆရာတော်ကြီးအား သူမေးမြန်းသရွေ့ ဖြေသည့်သဘောမျိုးမဟုတ်ဘဲ ဆရာတော်ကြီး ပြောလိုရာကို ၁၀-မိနစ်ထပ်ပြောရန် တောင်းပန်ခဲ့သည်။
သည်တွင် ဆရာတော်ကြီးက သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးဟာ အနိစ္စ (မမြဲ) တာချည်းပဲ-ဟူ၍ ဆိုကာ ၀ိပဿနာတရားအကျဉ်းကို ဟောလိုက်သည်။ ပါမောက္ခကြီး အမြဲတမ်း စိတ်ချမ်းမြေ့မှု ရရန်အတွက် မေတ္တာပွားဖို့ ဟောလိုက်သည်။ ပါမောက္ခကြီးသည် စူးစိုက်နားထောင်ပြီး ကျေးဇူးတင်လှပါတယ်-ဟုပြောသည်။ ထို့နောက် ဆရာတော်ကြီးကို အလွန်ရိုသေသော အမူအရာဖြင့် ထွက်ခွါသွားပေသည်။

( ပါရဂူဘွဲ့ရ အီတာလျံ အမျိုးသမီး)
တနေ့တွင် ဂန္ဓာရုံကျောင်းတိုက်သို့ အီတာလျံအမျိုးသမီးတဦး ရောက်လာသည်။ သူမသည် အီတလီတက္ကသိုလ်မှ ပါရဂူဘွဲ့ (ပီအိပ်ခ်ျဒီ) ရပြီးနောက် အင်္ဂလန်တက္ကသိုလ်မှ ထိုဘွဲ့မျိုးထပ်ယူရန် ကြိုးစားနေသူဖြစ်သည်။
သူမသည် လောကီပညာအနေဖြင့် ထိပ်တန်းရောက်နေသူ ဖြစ်၏။ သို့သော် ဘာသာရေးအနေဖြင့်ကား မည်သည့်ဘာသာကိုမျှ မကိုးကွယ်ပေ။ သူမသည် မြန်မာနိုင်ငံသို့ ခေတ္တရောက်လာရာမှ ဗုဒ္ဓဘာသာဝင် ဂျာမန် အမျိုးသမီး မဥမ္မာနှင့် တွေ့ကာ ဆရာတော်ကြီးထံ ရောက်လာခြင်းဖြစ်သည်။ သူမသည် အချိန်ရသလောက် မကြာခဏပင် ဆရာတော်ကြီးထံလာ၍ ဘာသာရေးဆိုင်ရာတို့ကို မေးမြန်းခဲ့သည်။ သူမသည် နားမလည်လျှင် အကြိမ်ကြိမ်ထပ်မေးသည်။ ဆရာတော်ဘုရားကလည်း စိတ်ရှည်ရှည်ထား၍ နားလည်နိုင်သော ဥပမာ ဥပမေယျ တို့ဖြင့် ပြောပြ၏။ မြန်မာဘာသာ တတ်ကျွမ်းသော ဂျာမန်အမျိုးသမီး မဥမ္မာက စကားပြန်လုပ်သည်။

နောက်ဆုံးတွင် ဆရာတော်ကြီး၏ အဖြေများသည် အီတာလျံအမျိုးသမီးပညာရှင်၏ ဘ၀နှင့်အမြင်ကို ပြောင်းလဲသွားစေတော့သည်။ ထို့ကြောင့် သူမက ဟိုတုန်းက (ပရလောက) နောက်ဘ၀ မရှိဘူးလို့ ထင်ခဲ့တာ။ အခု အမြင်တမျိုး ပြောင်းသွားပါပြီ။ နောက်ဘ၀ရှိတယ်လို့ လေးလေးပင်ပင် ယုံကြည်လာပါပြီ-ဟူ၍ ၀န်ခံပြောဆိုခဲ့သည်။

ထို့နောက် အီတလီနိုင်ငံသို့ ပြန်ခါနီးတွင် ဆရာတော်ဘုရားကြီးကို ကြည်ညိုလှသဖြင့် ဓာတ်ပုံအမျိုးမျိုး ရိုက်ယူသည်။ ကျေးဇူးတင်စကား အထပ်ထပ်ပြောဆိုသည်။ ယခုဘ၀မှာတော့ အခက်အခဲအမျိုးမျိုးကြောင့် ပြန်တွေ့ကောင်းမှ တွေ့ရပါတော့မယ်။ နောင်ဘ၀တွေမှာတော့ ပြန်တွေ့ချင်ပါသေးတယ်-ဟု အားငယ်စွာ လျှောက်ထားသွားလေသည်။

( ရုရှ သိပ္ပံပါရဂူ နှစ်ဦး)
၁၉၇၁-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခေတ္တရောက်လာသော ရုရှပါရဂူနှစ်ဦးသည် ဂန္ဓာရုံကျောင်းတိုက်သို့ ရောက်လာသည်။ သူတို့နှစ်ဦးမှာ ဥရှကော့ဗ်နှင့် ရိုဒီယိုနော့ဗ်တို့ ဖြစ်သည်။
သူတို့သည် ကျောင်းဝင်းကြီးထဲသို့ ၀င်လိုက်သည်နှင့်တပြိုင်နက် အေးမြသောအရသာကို ခံစားရသဖြင့် အံ့ချီးမဆုံး ရှိကြသည်။ ကျောင်းဝင်းမြေပြင်ကြီးမှာ ကျယ်ဝန်းသလောက် အမှိုက်သရိုက်၊ ဒိုက်မြက်ပင် လုံးဝမရှိ၊ အလွန်သန့်ရှင်းလှသည်။ ကျောင်းတိုက်တွင် သံဃာတော် ၅၀၀-ကျော်ရှိသော်လည်း အလွန်တိတ်ဆိတ် ငြိမ်သက်နေသည်။

သူတို့သည် ၀မ်းထဲတွင် မျိုသိပ်မထားနိုင်တော့ဘဲ သံဃာတော် ၅၀၀-ကျော်ကို အခုလိုငြိမ်သက်နေအောင် ဘယ်လိုအုပ်ချုပ်ထားပါသလဲ-ဟူ၍ မေးမြန်းမိကြသည်။
ထိုအခါ ဆရာတော်ကြီးက ဘုရားဥပဒေတော်နဲ့ အုပ်ချုပ်ထားပါတယ်။ ဒီသာသနာတော်တွင်း ရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံး ဘုရားအဆုံးအမတွေကို သင်ယူကြရပါတယ်။ သင်ယူလို့ ဘုရားအဆုံးအမတွေ နှလုံးအိမ်မှာ ကိန်းကြပြီ၊ လိုက်နာကျင့်သုံးကြပြီဆိုရင် ကိုယ်နှုတ်စိတ်များဟာ အလိုလို သိမ်မွေ့နူးညံ့လာတတ်ကြပါတယ်။ နူးညံ့လာရင် အခုလိုပဲ ငြိမ်သက်တည်ကြည်လာတော့တာပါပဲ-ဟူ၍ ဖြေကြားခဲ့သည်။

ရုရှပါရဂူများသည် ဗုဒ္ဓတရားတော်နှင့်ပတ်သက်၍ အမျိုးမျိုးမေးမြန်းကြသည်။ ဆရာတော်ကြီးကလည်း ရှင်းလင်း ပြောပြသည်။
ထို့နောက် ပါရဂူများက သိပ္ပံပညာနှင့်ပတ်သက်၍ ဆရာတော်ကြီးကို မေးကြသည်။
ယခုအခါ ရဟန်းတော်များရဲ့ ပြင်ဘက်ကမ္ဘာမှာ အစစအရာရာ တိုးတက်ပြောင်းလဲနေပါတယ်။ ဥပမာ-ကွန်ပျူတာတွေ၊ ဂြိုဟ်တုတွေ၊ ဒုံးပျံတွေနဲ့ နောက်ဆုံး သိပ္ပံပညာရဲ့စွမ်းအားနဲ့ လပေါ်ကိုတောင် ရောက်နေပါပြီ။ ဒီလို တိုးတက်နေတာကို ဘယ်လိုမြင်ပါသလဲ။

မှန်ပါတယ်၊ သိပ္ပံပညာတွေ တိုးတက်လို့ အစားကောင်းတွေစားရ၊ အ၀တ်ကောင်းတွေ ၀တ်ရ၊ အနေအထိုင်ကောင်းတွေ နေရတာ မှန်ပါတယ်။ ရုပ်ဝတ္ထုဘက်က သိပ်တိုးတက်နေကြပါတယ်။ ဒါပေမယ့် အကျင့်စာရိတ္တဘက်က (နာမ်တရားဘက်က) တိုးတက်မှုနည်းကြလို့ စိတ်ချမ်းသာမှုတော့ အပြည့်အ၀ ရကြလိမ့်မည် မထင်ပါဘူး။ ဗုဒ္ဓတရားတော်တွေကိုပါ သိပြီး လိုက်နာကျင့်သုံးကြမှ အေးချမ်းမှု အပြည့်အ၀၊ စိတ်ချမ်းသာမှု အပြည့်အ၀ ရကြလိမ့်မယ်လို့ မြင်ပါတယ်။

သိပ္ပံပညာရပ်ရဲ့ အဆုံးပိုင်းကို ဘယ်လိုမြင်ပါသလဲ။
ဒါကတော့ ဗုဒ္ဓတရားတော်အတိုင်းပဲ မြင်ပါတယ်။ နောက်ဆုံးမှာ အားလုံး ကုန်ဆုံးပျက်စီးကြမှာပဲ။
ရုရှပါရဂူနှစ်ဦးသည် ဆရာတော်ကြီး၏ ဖြေကြားချက်များကို လေးနက်စွာ တွေးခေါ်စဉ်းစားနေဟန် ရှိခဲ့သည်။ လက်ခံသည့်အသွင်ဖြင့် ခေါင်းတဆတ်ဆတ်လည်း ညိတ်ခဲ့ကြပေသည်။
(ရှေ့လဆက်ရန်)

မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

တိလောကဂုရုမထေရ်

ကောဇာသက္ကရာဇ် ၁၀၃၄-ခုနှစ်တွင် အင်းဝ၌ နရာဝရမင်း နန်းတက်သည်။ မဟာသီဟသူရ ဓမ္မရာဇာဘွဲ့ခံ၏။ ထိုမင်းလက်ထက် စည်းခုံစေတီတော်အနီး ဇေတ၀န်ကျောင်းတွင် စာသင်နေသော ရဟန်းပျိုတပါး ရှိသည်။ ထိုရဟန်းပျိုသည် ကျမ်းဂန်၌ လိမ္မာတတ်မြောက်သည်။

တနေ့သ၌ ထိုရဟန်းပျိုသည် စိတ်ပျံ့လွင့်၍ လူထွက်လိုစိတ်ဖြစ်ပေါ်လာရာ လူဝတ်ပုဆိုးတို့ကို ယူ၍ အဖော်ရဟန်းများနှင့်အတူ မြစ်ဆိပ်သို့ထွက်ခဲ့၏။ မြစ်ဆိပ်သို့သွားရာ လမ်းခရီးတွင် အကြံဖြစ်ပေါ်သည်မှာ- ငါသည် လူခွက်တော့မည်။ လူမထွက်သေးမီ သင်္ကန်းဝတ်ဖြင့် စေတီကို ရှိခိုးဦးမည်-ဟူ၍ ဖြစ်၏။

အဖော်ရဟန်းများထံ လူဝတ်ပုဆိုးအင်္ကျီတို့ကို အပ်နှံထားခဲ့ပြီး စေတီလိုဏ်တွင်းသို့ဝင်၍ ဘုရားရှိသည်။ ထိုအခါ တယောက်သော သတို့သမီးသည် လိုဏ်ဝကနေ၍ ရေလှူဒါန်း၏။ ပြီးသောအခါ ဤသို့သော ကောင်းမှုကြောင့် ဖြစ်လေရာဘ၀၌ လူထွက်ယောက်ျား အလုပ်အကျွေးမယား မဖြစ်ရပါလို၏-ဟု ဆုတောင်း၏။

ရဟန်းပျိုလည်း သတို့သမီးငယ်၏ စကားကို ကြားရသောအခါ ကြီးစွာသော သတိသံဝေဂတရားရ၏။ လူမထွက်တော့ဘဲ စစ်ကိုင်းဘက်သို့ ကူးသွားပြီးလျှင် ကျမ်းဂန်တတ်မထေရ်ကြီးတို့၏ နည်းကိုယူ၍ ရဟန်းသာမဏေများအား စာပေတို့ကို သင်ကြားပို့ချပေး၏။

ထိုရဟန်းတော်ထံ စာပေသင်ယူသော စာလိုက်စာသင် ရဟန်းသာမဏေ ပရိသတ်တို့မှာ များပြားလှ၏။ ကျောင်းမဆန့်သောကြောင့် ကျောင်းအပြင်မှနေ၍ ထီးဆောင်းပြီး စာလိုက်ကြရ၏။
တနေ့သ၌ နရာဝရမင်းသည် ပုညရှင်စေတီတော်သို့ လာရောက်ဖူးမြော်၏။ ပြီးလျှင် လှည့်လည်ကြည့်ရှုရာ နေပူထဲတွင် ထီးဆောင်း၍ စာလိုက်နေသော ရဟန်းသာမဏေတို့ကို မြင်၏။ အကြောင်းကို မေးသောအခါ ကျမ်းဂန်တတ် ရဟန်းတပါးထံ စာပေသင်ယူနေသော ရဟန်းသာမဏေများဖြစ်ကြောင်း၊ ကျောင်းမဆန့်သောကြောင့် အပြင်မှနေ၍ ထီးဆောင်းပြီး စာလိုက်နေကြကြောင်း အမတ်တို့က လျှောက်၏။

မင်းကြီးလည်း သဒ္ဓါတရားဖြစ်ပေါ်ရကား လိုဏ်နှင့်တကွသောကျောင်းကို ဆောက်လုပ်လှူဒါန်း၏။ စာပေပို့ချသော မထေရ်ကိုလည်း တိလောကဂုရု-ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း၏။
ထိုမထေရ် နေရာချောင်ကို တိလောကဂုရုချောင်-ဟု ခေါ်တွင်ရာ စစ်ကိုင်းတောင်ရိုးတွင် ယခုထက်တိုင် ကျော်ဇောထင်ရှားလျက်ရှိသည်။

ပရိတ်ကြီး ဋီကာပြုအရှင် တေဇောဒီပသည် တိလောကဂုရုမထေရ်၏ သဒ္ဓိဝိဟာရိက အတူနေ အလုပ်ကျွေး တပည့်ဖြစ်သည်။ နောင်ကာလ တိလောကာလင်္ကာရ-ဟူသော ဘွဲ့တံဆိပ်တော်ကို မင်းက ဆက်ကပ်လှူဒါန်း သည်။

တက်စိုး
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

Wednesday, June 23, 2010

သံဃာတော်များ နှင့် ရှင်သာမဏေများ သွားရောဂါ မဖြစ်ရလေအောင်

စာရေးသူ ကျန်းမာရေးမှူး (H.A) အဖြစ် ရန်ကန်ုတိုင်း လှည်းကူးမြို့နယ် စံပြကျန်းမာရေးသင်တန်း ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ရစဉ်က ကျောင်းကျန်းမာရေး စစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါသည်။
မူလတန်းကျောင်းများသို့ဆင်း၍ ကျောင်းသား ကျောင်းသူလေးများ၏ တကိုယ်ရေကျန်းမာရေးကို အထူးအလေးပေး၍ စစ်ဆေးခဲ့ပါသည်။

ကျေးလက်တောရွာများသို့ ဆင်းချိန်တွင် အချိန်ရသောအခါ ဘုန်းတော်ကြီး ကျောင်းများကိုပါ ရောက်ရှိခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းများရှိ ရှင်သာမဏေလေးများတွင် ၁၀-ပါးတွင် ၁၀-ပါးလုံး သွားပိုးစားခြင်းရောဂါနှင့် သွားဖုံးရောင်ရောဂါများ ဖြစ်နေကြသည်ကို တွေ့ရှိခဲ့ရပါသည်။
လွန်ခဲ့သော ၂-နှစ်ခန့်လောက် ပရိယတ္တိစာသင်တိုက်ကြီးတတိုက်သို့ ရောက်သွားသောအခါ ရှင်သာမဏေလေးတပါး သွားကိုက်သဖြင့် ဆွမ်းမဘုဉ်းပေးနိုင်ဘဲ ငိုယိုနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ယင်းကြောင့် ထိုပရိယတ္တိစာသင်တိုက်ကြီးမှ ရှင်သာမဏေ ၅၀-ပါးအား သွားများစစ်ဆေးကြည့်ရာတွင် အပါး ၄၀-ခန့် သွားရောဂါများ ဖြစ်နေကြသည်ကို တွေ့မြင်ခဲ့ရပါသည်။

ရှင်သာမဏေလေးများအား တိုက်အုပ်၊ စာချဆရာတော်က တပါးလျှင် သွားပွတ်တံတချောင်း သွားတိုက်ဆေး တဘူးတို့ကို ထုတ်ပေးထားပါသည်။ ကုန်လျှင် ထပ်ပေးပါသည်။
ရှင်သာမဏေလေးများ သွားမှန်မှန် တိုက်ပါသည်။ သို့သော်လည်း သွားရောဂါများ ဖြစ်နေကြသည်ကို တွေ့မြင်ခဲ့ရပါသည်။ ဘာကြောင့် ဤသို့ဖြစ်ရပါသနည်း။ စာရေးသူ ဆန်းစစ်ရှာဖွေကြည့်သောအခါ သွားတိုက်သည့်အချိန် မှားနေသည်ကို တွေ့ရှိရပါတော့သည်။

ရှင်သာမဏေလေးများ နံနက် ၄-နာရီ အိပ်ရာမှထကြပါသည်။ ပါးစပ်ပလုတ်ကျင်း၍ မျက်နှာသစ်ကြသည်။ ပြီးလျှင် ဘုရားဝတ်တက်ကြသည်။ နံနက် ၆-နာရီတွင် အရုဏ်ဆွမ်း ဘုဉ်းပေးကြသည်။ ပြီးလျှင် စားကျက်ကြပါသည်။ နံနက် ၉-နာရီခန့်တွင် တန်းဆွမ်းခံထွက်ကြသည်။ ကျောင်းသို့ ၁၀-နာရီခန့် လောက်တွင် ပြန်ရောက်ကြသည်။

ကျောင်းရောက်လျှင် ရေခွက်လေးများကိုယ်စီကိုယ်င ယူဆောင်ကြပြီး ရေချိုးကန်သို့ သွားကြသည်။ ထိုအချိန်တွင် ရှင်သာမဏေလေးများ သွားတိုက်ကြပါသည်။ ရေချိုးကြပါသည်။
နံနက် ၁၀-နာရီခန့်တွင် နေ့ဆွမ်းဘုဉ်းပေးကြပြီး မိမိတို့အဆောင်တွင်းမှာ အိပ်စက်အနားယူကြပါသည်။ နေ့ ၁-ချက်ထိုးလျှင် အိပ်ရာမှထ၍ မျက်နှာသစ်ပြီး စာကျက်ဆောင်ဝင်၍ စာကျက်ကြပါသည်။ ညနေ ၄-နာရီခန့်တွင် စာကျက်ချိန်ဖြုတ်၍ ကျောင်းသန့်ရှင်းရေး ပြုလုပ်ကြပါသည်။ ညနေ ၅-နာရီခန့်တွင် ရေကန်သို့သွား၍ ရေချိုးပါသည်။ သွားတိုက်ကြပါသည်။

ည ၆-နာရီခန့်တွင် ဘုရားဝတ်တက်ကြပြီး ညစာဝါကျက်ကြပါသည်။ ည ၉-နာရီခန့်တွင် ညစာဝါရပ်နား၍ အိပ်ခန်းဝင်ကြပါသည်။ အိပ်ခန်းပြန်ရောက်သောအခါ ထန်းလျက်ခဲများ၊ သကြားလုံးများ အချိုရည်များ စသည်တို့ကို ဘုဉ်းပေးသုံးဆောင်ပြီး အိပ်ရာဝင်ကြပါသည်။ အချိုများ ဘုဉ်းပေးပြီး အိပ်ကြပါသည်။

စာသင်သား ရှင်သာမဏေလေးများ၏ နိစ္စဓူဝ အလုပ်လုပ်ချိန် ဖြစ်ပါသည်။ ရဟန်းသံဃာတော်များလည်း ပါဝင်ပါသည်။
ထိုတနေ့တာကာလ အတောအတွင်း သွားတိုက်ချိန် ၂-ချိန်ကို တွေ့ရှိရသည်။
၁။ နေ့ဆွမ်းမဘုဉ်းပေးမီ တချိန်။
၂။ ညနေခင်း ရေချိုးကြစဉ် တချိန်။
နှစ်ချိန်လုံး သွားတိုက်ချိန် မှားယွင်းနေကြပါသည်။

ရှင်သာမဏေကြီးတပါးအား စာရေးသူက သွားဘာဖြစ်လို့ တိုက်ရတာလဲကိုရင်-ဟု မေးမိပါသည်။ သူ၏အဖြေကား အာပုပ်စော် မနံရအောင် တိုက်တာပေါ့ ဒကာကြီးရဲ့-ဟု ဖြေပါသည်။
အဖြေ မပြည့်စုံပါ။ သွားများကို နေ့စဉ်မှန်မှန် တိုက်ရသည်မှာ-
၁။ အာပုပ်စော် မနံရအောင်။
၂။ သွားပို မစားရအောင်။
၃။ သွားဖုံးရောဂါ မဖြစ်ရအောင်တို့ ဖြစ်ပါသည်။

ဘာကြောင့် သွားပိုးစားပြီး သွားဖုံးရောဂါ ဖြစ်ရပါသနည်း။
ဤအကြောင်းကို သိရှိနားလည်ထားဖို့ အလွန်လိုအပ်ပါသည်။ သွားပိုးစားရောဂါကို ကေးရီးစ် (Caries) ဟု ခေါ်ပါသည်။ အစားအစာများတွင် အချိုစာများ ပါဝင်နေပါသည်။ အဆိမ့်စာများလည်း ပါဝင်နေပါသည်။ ထိုစားကြွင်းစားကျန်များသည် သွားကြားများအတွင်း သွားဖုံးများအတွင်းတွင် တွယ်ကပ်နေပါသည်။

ထိုပါးစပ်ထဲမှ စားကြွင်းစားကျန်များနှင့် အာပုပ်ရည်တို့ တွေ့ထိပြီး ဖော်မင်တေးရှင်းခေါ် အချဉ်ဓာတ်များ ဖြစ်လာပါသည်။ ယင်းကို အက်စစ်-ဟုခေါ်ပါသည်။ မြန်မာလိုတော့ ငရဲမီးပါ။ သွားနှင့် သွားခြေတွင် အချဉ်ဓာတ်၊ အက်စစ်များဖြစ်၍ သွားများ ပျက်စီးပေါက်ထွက်ရသည်။ သွားဖုံးများရောင်၍ ရေစီးကမ်းပြိုရောဂါ ဖြစ်ရသည်။

သွားပိုးစားရောဂါ ကေးရီးစ်။
သွားဖုံးရောင်ရောဂါ ဂျင်ဂျီဗိုက်တစ်(သ်)
ထိုရောဂါများ ရပါတော့သည်။ ထိုအခါ သွားကိုက်ပါသည်။ သွားဖုံးရောင်၍ ဆွမ်းမဘုဉ်းပေးနိုင်တော့ပါ။ ရှင်သာမဏေလေးများ ငိုရပါတော့သည်။
ဤရောဂါများ မဖြစ်ရအောင် သွားတိုက်ချိန်ကို တိုက်အုပ်ဆရာတော် (စာချဆရာတော်) က သင်ပေးရပါမည်။

(သွားတိုက်ချိန်)
၁။ အရုဏ်ဆွမ်းစားပြီးတိုင်း သွားတိုက်ခိုင်းပါ။ (ပလုတ်ကျင်းပါ)
၂။ နေ့ဆွမ်းစားပြီးတိုင်း သွားတိုက်ခိုင်းပါ။ (ပလုတ်ကျင်းပါ)
၃။ ညအိပ်ရာဝင်ခါနီးတိုင်း သွားတိုက်ခိုင်းပါ။ (ပလုတ်ကျင်းပါ)
အစာစားပြီးတိုင်း သွားတိုက်ခိုင်းသည့် အလေ့အကျင့်ကို ပြုလုပ်ပေးပါ။ စားကြွင်းစားကျန်များ မကျန်ရအောင် တိုက်ပါ။ ဖလူအိုရိုက်သ် (Fluoride) ပါသော သွားတိုက်ဆေးများက သွားပိုးစားခြင်းကို ကာကွယ်ပေးပါသည်။ ထိုအခါ ဖော်မင်တေးရှင်းခေါ် ပါးစပ်ထဲမှာ အချဉ်ဓာတ်၊ အက်စစ်ဓာတ်များ မတည်တော့ပါ။ မဖြစ်တော့ပါ။
အထူးသဖြင့် ထန်းလျက်၊ သကြားများ စားမိလျှင် ပိုသတိပြုပါ။

(သွားတိုက်ဆား)
သွားတိုက်ဆေး မသုံးစွဲနိုင်ပါက ဆွမ်းဟင်းခံသည့်အခါ အသုံးပြုသည့် ပလတ်စတစ်ဘူးလေးများရှိပါသည်။ တဘူးလျှင် ၁၀၀-မျှသာ ပေးရပါသည်။ တဘူးလျှင် ဆား ၂၀-သားခန့် ဆန့်ပါသည်။ ၀င်ပါသည်။
ဆား ၂၀-သားခန့်နှင့် ပရုပ်လုံး ၃-လုံးခန့်ကိုရော၍ ကြိတ်ပါ။ လပတ်စတစ်ဘူးလေးထဲမှာ လေလုံအောင် ပိတ်ထားပါ။ ထို ပရုပ်ဆားနှင့်-သွားများ သွားဖုံးများကို တိုက်ပေးပါ။ အရသာ ငန်သည်၊ ပူသည်၊ မွှေးသည်၊ ပက်ဆိုးဒင့် သွားတိုက်ဆေးအနံ့ရပါသည်။ သွားဖုံးများကို လက်ညှိုး၊ လက်မများနှင့် ဖိနှိပ်ပေးပါ။ သွားဖုံးကောင်းမှ သွားကောင်ပါသည်။

ရဟန်းတော်များ သွားတိုက်ဆေးသုံးစွဲလျှင်-
ဖလူအိုရိုက် (Fluoride) ပါဝင်သော သွားတိုက်ဆေးကိုသာ သုံးစွဲသင့်ပါသည်။ သွားတိုက်ဆေးဘူးများ (ဖလူအိုရိုက်) လို့ ရေးထားပါသည်။ လှူဒါန်းကြသည့် ဒကာ ဒကာမများကလည်း ဖလူအိုရိုက်ဓာတ်ပါဝင်သော သွားတိုက်ဆေးဘူးများကိုသာ လှူဒါန်းကြပါ။ ပရုပ်ဆား-ဘူးလေးများ တပါးလျှင် တဘူးကျစီစဉ်ဆောင်ရွက်ထား ပေးပါ။

ယင်းဖလူအိုရိုက်ဓာတ်သည် လက်ဖက်ထဲတွင် များစွာပါဝင်ပါသည်။ ဆွမ်းဘုဉ်းပေးပြီး လက်ဖက် ဘုဉ်းပေးခြင်းသည် အလွန်သင့်လျော်ပါသည်။ သွားပိုးစားခြင်း သက်သာပါသည်။
သွားကိုက်၊ သွားနာ၊ သွားဖုံးရောင် ရောဂါဖြစ်နေလျှင်-
၁။ Paracetamol-ပါရာစီတယ်မော ဆေး ၁-ပြား
၂။ Ampicilline Capsule-အင်ပယ်စလင် ဆေး ၁-တောင့်
၃။ Kemose Tab-ကီးမ်မို့စ် ဆေး ၁-လုံး
၎။ Metro Tab-မက်ထရို ဆေး ၁-လုံး
ဤဆေး ၄-မျိုးတွဲ၍ တနေ့ ၃-ကြိမ်၊ ၃-ရက်သောက်ပါ။ ပျောက်ကင်းသွားပါမည်။ ဆားနှင့်ရေနွေးရောစပ်၍ ပလုတ်ကျင်းပေးရန်လည်း မမေ့သင့်ပါ။ Metro ဆေး မပါ၍ မဖြစ်ပါ။ သတိပြုပါ။

သွားရောဂါဖြစ်နေလျှင် အထက်ပါ ဆေး ၄-မျိုးကို သောက်ဖြစ်အောင် သောက်ပါ။ ဘက်တီးရီးယားပိုးများ ပါးစပ်ထဲမှာ အပြည့်ရှိနေပါသည်။ ယင်းဆေးများ သောက်မှသာ သွားရောဂါ ပျောက်ပါမည်။
ပရိယတ္တိစာသင်တိုက်များတွင် ဤဆောင်းပါးပါသော မြတ်မင်္ဂလာစာစောင် တစောင်စီကို အလှူရှင်များက ၀ယ်ယူလှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဤဆောင်းပါးကို ရန်ကုန်မြို့ ဗဟိုစည်အထူးကု ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော သွားဘက်ဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာမြင့်ဝဏ္ဏ (စာရေးသူ၏တူ) ကို ပြောပြအတည်ပြုချက်ရပြီးမှ ရေးသားပါသည်။
မှတ်ချက်။ ။ သွားဆရာဝန်က သွားရောဂါအတွက် အောက်ပါဆေးနည်းကိုလည်း ညွှန်းပါသည်။
သွားနှင့်ပတ်သက်သော ဆေး Milcox တမျိုးတည်း နံနက် (၁)၊ ည (၁) ၅-ရက်သောက်ပါ။ သွားကိုက်၊ သွားနာ၊ သွားဖုံးရောင် ပျောက်ပါ၏။ Filmet (Metro) နှင့် တွဲသောက်ပါ။ (သွားဆရာဝန်)

မောင်မိုးဟန် (ရွှေကျင်)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

မြန်မာသင်္ဘောသား ၂၁-ယောက်၏ ကံ

( ကပ္ပတိန်ဖြစ်သူ သြစတြေးလျ လူမျိုးနှင့် မြန်မာသင်္ဘောသား ၂၁-ယောက်၏ တကယ့်အဖြစ်အပျက်)
၁၉၈၅-ခုနှစ်က ကိုနိုင်ဝင်းတို့ သင်္ဘောသည် ပင်လယ်ဓားပြများ ရန်ပြုခြင်းကို ခံရသည်။ သို့သော် အသက်မသေဘဲ လွတ်မြောက်ခဲ့ကြရပုံကို ပြောပြချင်ပါသည်။ အဖြစ်အပျက်က သည်လိုပါ။

ပင်လယ်ပြင်မှာ လှိုင်းလေငြိမ်သက်နေပါသည်။ ရာသီဥတု သာယာသည်ဟု ဆိုရပါမည်။ ကိုနိုင်ဝင်းတို့ သင်္ဘောမှာ ရေနံတင်သင်္ဘော။ ရေနံဆီများ သယ်ဆောင်လာပါသည်။ ဟိုချီမင်းမြို့မှ သင်္ဘောထွက်လာသည်မှာ ၁-ရက်ခန့် ကြာမြင့်လေပြီ။ ကပ္ပတိန်အမိန့်အရ ပင်လယ်ဓားပြရန်ကို ကာကွယ်သည့်အနေဖြင့် ညနေ ၆-နာရီထိုးသည်နှင့် သင်္ဘောနံဘေးနှစ်ဖက်တွက် လျှပ်စစ်မီးများ ပုံမှန်ထက်ပို၍ ထွန်းထားလိုက်သည်။ ကုန်းပတ်သင်္ဘောသား ၂-ယောက်ကိုလည်း အချိန်ကို တွက်ဆညှိနှိုင်းကာ အလှည့်ကျ တာဝန်ပေးထားသည်။ နံနက် ၆-နာရီအထိ မိုးလင်းသည့်တိုင်အောင်ပင် ဖြစ်ပါသည်။

သင်္ဘောသွားနေစဉ် ညသန်းခေါင်ယံအချိန် ၁-နာရီခန့်တွင် ကုန်းပတ်သင်္ဘောသား ၂-ယောက် အိမ်သာ ၀င်နေခိုက် စပိဘုတ်အမြန်ယာဉ်တစီးသည် သင်္ဘောနံဘေးသို့ ယှဉ်၍ကပ်လာသည်။ သင်္ဘောပေါ်သို့ သံချိတ်နှင့်ချိတ်ကာ ကပ်လာကြသူများသည် မျက်နှာကို အ၀တ်ဖြင့်စည်းကာ ရုပ်ဖျက်ထားကြသည်။ သိုးမွှေးခေါင်းစွပ် စွပ်ထားကြသည်။ အို ဘယ်သူတွေပါလိမ့်၊ သင်္ဘောဓားပြများပင်ဖြစ်ကြောင်း-သိလိုက်ရပြီ။ စုစုပေါင်း ၁၂-ယောက်၊ သင်္ဘောကပ္ပတိန်ခန်းနှင့် ပဲ့ထိန်းခန်းသို့ ၆-ယောက် တက်သွားကြသည်။ အချို့က စက်ခန်း ဆင်းသွားကြသည်။ မကြာမီတွင် သင်္ဘောလည်း စက်ရပ်သွားသည်။

ကြောက်ရွံ့နေသည့် သြစတြေးလျလူမျိုး ကပ္ပတိန်နှင့် မြန်မာသင်္ဘောသားများကို ပင်လယ်ဓားပြများက ကုန်းပတ်ပေါ် ဆွဲထုတ်လာကြသည်။ သူတို့အားလုံး ကြိုးတုပ်ခံထားရပြီး ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ကပ္ပတိန်က တစုံတရာ ရေရွတ်နေသလို မြန်မာသင်္ဘောသားအားလုံးမှာလည်း သူတို့အားကိုးရာ သမ္ဗုဒ္ဓေဂါထာတော်ကို တတွတ်တွတ် ရွတ်ဆိုနေကြသည်။

မကြာမီပင် ပင်လယ်ဓားပြနှစ်ယောက်က ကပ္ပတိန်ကို ကုလားထိုင်တလုံးတွင် မနီလာကြိုးအသေးနှင့် ထပ်မံချည်နှောင်ပြီး တင်ပါးနှင့်လည်ပင်းကို သားလှီးဓားနှင့် မွှန်းပါသည်။ ပြီးတော့ သူတို့ခိုင်းသည့်အတိုင်း မလိုက်နာလျှင် သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ပါသည်။ သူတို့ပြောသော စကားမှာ အင်္ဂလိပ်စကား ဖြစ်ပါသည်။ သင်္ဘောသားများကို သေနတ်နှင့် ချိန်ထားကြသည်။ သူတို့လက်ထဲရှိ ဓားများက ချွန်မြနေသည်။ တလက်လက် အရောင်တောက်နေသည်။

ထို့နောက် ပင်လယ်ဓားပြခေါင်းဆောင်လုပ်သူက သင်္ဘောသားအားလုံးကို လက်နှစ်ဖက် ခေါင်းပေါ်သို့ အတင်းတင်ခိုင်းသည်။ ကြိုးချည်ထားသဖြင့် မနည်းပင် တင်ရသည်။ ပြီးနောက် ဆောင့်ကြောင့်ထိုင်ခိုင်းသည့် အတွက် ခန္ဓာကိုယ် ၀ဖြိုးသူများမှာ ပြဿနာတက်တော့သည်။ အထူးသဖြင့် အင်ဂျင်နီယာချုပ် ကိုနိုင်ဝင်းနှင့် တတိယအင်ဂျင်နီယာ ကိုသန်းဦးတို့ဖြစ်သည်။

မင်းတို့က ဘယ်လိုကြောင့် မိုးတိုးမတ်တတ်ကြီး ဖြစ်နေရတာလဲ-ဟူ၍ အသားမည်းမည်း ရုပ်ဆိုးဆိုး ပင်လယ်ဓားပြက အင်္ဂလိပ်စကားဖြင့် အော်ဟစ်ပြောဆိုနေသည်။ ခြေထောက်ဖြင့် ကန်မည်တကဲကဲ လုပ်နေသဖြင့် ကိုနိုင်ဝင်းနှင့် ကိုသန်းဦးတို့က ရှိခိုးမတတ် တောင်းပန်နေရသည်။

သည့်နောက် ဓားပြခေါင်းဆောင်က ဆဲလ်ဖုန်းနှင့် ဟိုအဝေးရှိ ကျွန်းတကျွန်းသို့ လှမ်းဆက်သွယ်သည်။ ထိုကျွန်းမှာ အဂတိလိုက်စားမှုတွေ၊ မှောင်ခိုလုပ်ငန်းတွေနှင့် နာမည်ကြီးနေသော ကျွန်းဖြစ်သည်။
ကြိုးတုပ်ခံနေရသော သင်္ဘောသားများမှာ ထမင်းစားချိန် ခဏသာ ကြိုးဖြည်ပေးခြင်းခံရသည်။ ထမင်းချက် ၂-ဦး ချက်ပြုတ်နေချိန်တွင် လွတ်လွတ်လပ်လပ်နေရသော်လည်း ဓားပြတို့က သေနတ်များနှင့် အမြဲစောင့်ကြည့် နေခြင်းကို ခံနေရသည်။

နောက် ၃-ရက်ကြာသောအခါ ကိုနိုင်ဝင်းတို့ သင်္ဘောမှ ဒေါ်လာတသန်းတန်သော ရေနံဆီများကို သင်္ဘောခပ်ငယ်ငယ် တစီးနှင့် ပြောင်းရွှေ့သယ်ယူပြီး ပင်လယ်ဓားပြများသည် စပိဘုတ်အမြန်ယာဉ်နှင့် ထွက်ခွာသွားကြသည်။ နောက်ထပ် ပြန်မလာတော့ပါ။

ကိုနိုင်ဝင်းတို့ ကံကောင်းပါသည်။ မည်သူမျှ အသတ်မခံရ။ မည်သူ့ထံမှလည်း ဒေါ်လာငွေများ ယူမသွားကြပါ။ မြန်မာသင်္ဘောသားတို့မှာ သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုရင်းက သူတို့ခန္ဓာကိုယ်ကို နှဲ့၍ တွန်းထိုးလုပ်ကြသည်။ ဤတွင် အတုပ်ခံထားရသောကြိုးများ လျော့လာကာ အနှောင်အဖွဲ့မှ လွတ်မြောက်သွားကြသည်။ နောက်ဆုံး ကိုနိုင်ဝင်းတို့သင်္ဘော ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါသည်။

မည်သို့ဆိုစေ သင်္ဘောသားအားလုံး ပင်လယ်ဓားပြရန်မှ လွတ်မြောက်လာရသည်မှာ သမ္ဗုဒ္ဓေဂါထာတော် တန်ခိုးကြောင့်ဟုပင် ယနေ့တိုင် ယုံကြည်လျက်ရှိနေပေသည်။

သက်လှိုင်မျိုး (စက်မှုတက္ကသိုလ်)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

မေတ္တာရှေ့ထား အကောင်းဆုံးတရား

ကျွန်တော်၏မိဘများသည် နှစ်စဉ် အာလူး၊ ကြက်သွန်-နှစ်မျိုးကို စိုက်ပျိုးလေ့ရှိပါသည်။ အာလူးဖော်ချိန်တွင် အာလူးခင်းကို ကျွန်တော် စောင့်အိပ်ရပါသည်။
ထိုစဉ်က ကျွန်တော် ၉-တန်းကျောင်းသားဘ၀သာ ရှိပါသေးသည်။ ကောက်သင်းကောက်သူများသည် ဖော်ပြီးသား အာလူးအခင်းများသို့ လာ၍ ကောက်သင်းကောက်ကြသည်။ ထိုအချိန် ကျွန်တော်တို့အခင်း သည်လည်း အာလူးဖော်ပြီးစ ဖြစ်သည်။ သို့ရာတွင် မထွန်ရသေးသဖြင့် ကောက်သင်းကောက်များ မ၀င်စေရန် စောင့်နေရခြင်း ဖြစ်သည်။

ထိုစဉ် ကောက်သင်းကောက် မိန်းမကြီးတယောက် ၁၀-နှစ်အရွယ် ကလေးမလေးတယောက် ကျွန်တော်တို့ အခင်းစပ်သို့လာ၍ ယက်နေကြသည်။ ထိုအခြင်းအရာကို မြင်၍ အမကြီး၊ ဒီအခင်းက မထွန်ရသေးဘူးဆိုတာ မသိဘူးလား-ဟု ကျွန်တော် စိတ်တိုတိုဖြင့် မေးလိုက်သည်။

သိပါတယ် ငါ့တူရယ်၊ လူတယောက်ကို ထိုင်စောင့်ရင်းနဲ့ ယက်ကြည့်တာပါ။ ငါ့တူအခင်းကို မကောက်ပါဘူး-ဟု ပြောပါသည်။ ကျွန်တော်လည်း ကောက်သင်းကောက်များကို မုန်းတီးနေသဖြင့် အဲဒီနား မထိုင်နဲ့ဗျာ။ ကျွန်တော်က လေးခွနဲ့ ထုတတ်တယ်-ဟူ၍ ခြောက်လှန့်လိုက်သည်။ ထိုအခါ အမကြီးသည်လည်း တုတ်တုတ်မျှပင် မလှုပ်ဘဲ ငြိမ်နေသည်။ ထို့ကြောင့် ကျွန်တော်လည်း အမြင်ကတ်ကတ်ရှိသဖြင့် လေးခွနှင့် ထုလိုက်ရာ ကလေးမလေး၏ နဖူးကိုမှန်ပြီး သွေးများ စီးကျလာသည်။

ထိုစဉ် အမကြီးက ဘယ်လိုလုပ်လိုက်တာလည်း ငါ့တူရယ်။ မင်းလေးခွက ငါ့သမီးကို မှန်သွားပြီ။ သွေးတွေနဲ့ ဒုက္ခပါပဲ-ဟု ပြောပြီး သမီးလက်ဆွဲ၍ ပြန်သွားလေသည်။
ထိုကိစ္စဖြစ်ပြီး တလခန့်အကြာတွင် ကျွန်တော်တို့မြို့၏ ဘုရားပွဲ၌ ပွဲသွားကြည့်သောအခါ လူမှားပြီး ကျွန်တော်၏ခေါင်းကို ပုလင်းဖြင့် အရိုက်ခံလိုက်ရသည်။ သတိမေ့သွားသည်။ နောက်တနေ့ သတိရသောအခါ ဆေးရုံပေါ်တွင်ရှိနေပြီး ၅-ချက် ချုပ်ထားကြောင်း သိရသည်။ ဆေးရုံပေါ်တွင်ရှိနေစဉ် ကလေးမလေးကို လေးခွနဲ့ထုခဲ့ပုံကိုသာ ကျွန်တော် ပြန်လည်မြင်ယောင်နေမိသည်။

နောင်တွင် မည်သည့်ကိစ္စမဆို သူတပါးအပေါ် မေတ္တာရှေ့ထား၍ နေသွားမည်ဟု ဆုံးဖြတ်မိပါသည်။

ရာဇာအောင်(ပေါက်)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

ရောင်ပြန်သော စေတနာကံ

ကျွန်မသည် အမှတ် ၁-လယ်ယာသုံး စက်ပစ္စည်းထုတ်လုပ်မှုစက်ရုံမှ ၀န်ထမ်းတဦးဖြစ်ပါသည်။ စက်ရုံသို့ နေ့စဉ် စက်ဘီးဖြင့် အလုပ်တက်ပါသည်။ လမ်းတွင် ကျွန်းပင်များ၊ တောချုံများဘေးမှ ဖြတ်နင်းပြီး ၁၅-မိနစ်ခန့် အကြာတွင် စက်ရုံဂိတ်ဝသို့ ရောက်ရှိပါသည်။

တနေ့ နံနက်တွင် ထုံးစံအတိုင်း ကျွန်းပင်များရှေ့မှ ဖြတ်နင်းလာစဉ် တောအစပ် ချုံငယ်တခုကြားမှ အသံကြားရ၍ လှမ်းကြည့်လိုက်ရာ ခွေးအ၀ါတကောင် လူးလှိမ့်နေသည်ကို တွေ့ရပါသည်။ ကျွန်မသည် ထိုနေရာကို ကျော်ဖြတ်ပြီးမှ ထိုခွေး မည်သည့်ဝေဒနာကြောင့် အော်ညည်းနေသည်ကို သိလိုသဖြင့် စက်ဘီးပေါ်မှ ဆင်းကြည့်လိုက်သည်။ ခွေးအ၀ါမတကောင်သည် သားမပေါက်နိုင်၍ ဝေဒနာခံစားနေရသည်ာကို တွေ့မြင်ရသည်။

ထို့ကြောင့် ခွေးမအား နင် ငါ့ကို ရန်မမူဘူးဆိုရင် နင့်ကို ကူညီပေးမယ်-နော် ဟု ပြောရင်း ခွေးမ၏ဗိုက်ကို အသာအယာ ပွတ်ပေးပါသည်။ နှုတ်ကလည်း ဗောဇ္ဈင်သုတ်နှင့် အင်္ဂုလိမာလသုတ်ကို ၃-ခေါက်စီ ရွတ်ဆိုပြီး ဤခွေးမလေး ခံစားနေရသော ဝေဒနာသည် ချက်ချင်းသက်သာ ပျောက်ကင်းပါစေသတည်း-ဟု မေတ္တာပို့ ဆုတောင်းမိပါသည်။ ထို့နောက် ၁၀-မိနစ်ခန့်အကြာတွင် ခွေးမ၏ ၀မ်းတွင်းမှ ခွေးပေါက်စလေးနှစ်ကောင် ဆက်တိုက် မွေးဖွားလာပါတော့သည်။ ကျွန်မတတ်စွမ်းသရွေ့ ကူညီရကျိုးနပ်သဖြင့် ၀မ်းသာပီတိ ဖြစ်ရပါသည်။

ညနေ အလုပ်ဆင်း၍ ခွေးမသားအမိအား ရှာကြည့်ရာ မတွေ့တော့ပါ။ အိမ်ရောက်သောအခါ မိခင်အား ပြောပြရာ မိခင်က အသက်သုံးချောင်းကို ကယ်ခဲ့သည့်အတွက် မွန်မြတ်သော ကုသိုလ်ဖြစ်ကြောင်း ရှင်းပြပါသည်။

ခွေးမသားအမိကို ဖြူစင်သောစေတနာဖြင့် ကယ်တင်ခဲ့သောကြောင့် ကျွန်မအပေါ် ကျရောက်မည့် ဘေးအန္တရာယ်များလည်း လွတ်ကင်းခဲ့ပါသည်။ ငယ်စဉ်ကတည်းကပင် ပရိတ်တော်များကို ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ ရွတ်ဆိုခဲ့သောကြောင့် ကျွန်မလည်း ဘေးအန္တရာယ်ကင်း၍ ဒုက္ခတွေ့နေသော တိရစ္ဆာန်များကို ကယ်တင်သောအခါလည်း အောင်မြင်ခြင်းဖြစ်ကြောင်း ယုံကြည်ယူဆမိပါသည်။

မအေးအေးမွန်
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရှီလ)

Tuesday, June 22, 2010

လက်ဖက်ရည် အဖန် သောက်လျှင်ဖြင့်

ဆောင်းရာသီ တနံနက်ခင်း။
ကျွန်တော်သည် အိမ်ရှေ့ဧည့်ခန်း၌ လက်ဖက်ရည်ကြမ်းတအိုး၊ အမြည်းအဖြစ် မတ်ပဲဗယာကြော်၊ လက်တဖက်က ပုံပြအဘိဓာန် စာအုပ်ကြီးကို ဖန်ရှုနေစဉ်။
အသက်အားဖြင့် ၇၅-နှစ်ခန့်ရှိပြီဖြစ်သော ပင်စင်စား ဦးလေးကြီးတယောက် ရောက်ရှိလာပါသည်။ ထိုဦးလေးကြီးသည် တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲတဦးအဖြစ်မှ ပင်စင်ယူခဲ့သူပီပီ စည်းကမ်းတကျ နေတတ်၊ ထိုင်တတ်၊ စားတတ်၊ သောက်တတ်သူတဦးလည်း ဖြစ်ပါသည်။ ထိုဦးလေးကြီးသည် ကျန်းမာရေးအတွက် နံနက်တိုင်း လမ်းလျှောက်ထွက်လေ့ရှိပါသည်။ လမ်းလျှောက်ရာမှအပြန် ကျွန်တော့အိမ်သို့ တထောက်တနား ၀င်ရောက်လေ့ရှိ၏။

ယခုလည်း ထိုဦးလေးကြီးသည် လမ်းလျှောက်ရာမှအပြန် ကျွန်တော့အိမ်ဧည့်ခန်းထဲသို့ ၀င်ရောက်လာသည်ကို မြင်လိုက်ရသောအခါ-
မင်္ဂလာပါခင်ဗျား၊ ထိုင်ပါဦး၊ အမောပြေ အဆာပြေ ရေနွေးကြမ်းနဲ့ မတ်ပဲဗယာကြော် သုံးဆောင်ပါဦး။
ကျွန်တော်က ရေနွေးကြန်းတပန်းကန် ငှဲ့ကာ ဦးလေးကြီးလက်ထဲသို့ တရိုတသေ ပေးလိုက်ပါသည်။ ဦးလေးကြီးသည် ချမ်းအေးလှသော ဆောင်းရာဦဖြစ်သောကြောင့် အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ကြမ်းကို မှုတ်၍ သောက်လိုက်ပြီး-


အရသာရှိလိုက်တာ မောင်ရယ်၊ လက်ဖက်ခြောက်အနံ့ကလေးကလည်း သင်းနေတာပဲ။ ကျုပ်ဖြင့် အမောကိုပြေသွားတာပဲ။ အင်း ဒါကြောင့် ရှေးက စာဆိုပညာရှင်တွေက ( လက်ဖက်ရည် အဖန်သောက်လျှင်ဖြင့် ကျက်သရေအမှန် ရောက်ပေလိမ့်၊ ကြံသလောက်ပြီးတဲ့ ရေ)-လို့ ရေးသားစပ်ဆိုသွားတာ သတိရမိသေး တော့တယ်။

လက်ဖက်ရည်ကြမ်း သောက်သုံးတဲ့ မြန်မာ့ရိုးရာဓလေ့ကလေးက အလွန်လှပတာပဲနော်။
လှရုံတင် ဘယ်ကမလဲမောင်ရယ်၊ လက်ဖက်ရည်ကြမ်းဟာ လူမှုရေး၊ ကျန်းမာရေး၊ သားရေး၊ သမီးရေး၊ စီးပွားရေး နယ်ပယ်တွေမှာ လက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့ပြီး ဆွေးနွေးကြ၊ တိုင်ပင်ကြနဲ့ အခုကိုပဲကြည့်လေ။ မောင်နဲ့ကျုပ်တို့ ရေနွေးကြမ်းကလေးနဲ့ အမောပြေ၊ အဆာပြေ သောက်လိုက်ကြ၊ ကျန်းမာရေး၊ အသက်ရှည်ရေး၊ အနာကင်းရေး၊ ဆွေးနွေးလိုက်ကြနဲ့ အားသစ်အင်သစ်တွေလည်း ပြည့်ဖြိုးလာသလို အာလည်းရွှင်၊ ဉာဏ်လည်းရွှင် ဆိုသလိုပေါ့ မောင်ရယ်။ ဒါကြောင့် ဆရာဇော်ဂျီက လက်ဖက်ရည်ကြမ်းဝိုင်းမှာ စကားကောင်း စာကောင်း ပေါ်ထွက်လာနိုင် သည်။ ကွယ်ဝှက်နေသည်ကို အလင်းသို့ ရောက်နိုင်၏။ ဖုထစ်နေသည်ကို ပြေပြစ်သွားနိုင်၏။ ရှုပ်နေသည်ကို ရှင်းသွားစေနိုင်၏-လို့ ဆရာဇော်ဂျီက ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော်-မှာ ရေးထားတာ တွေ့တယ်မဟုတ်လား။

ဟုတ်ကဲ့ တွေ့ပါတယ်ခင်ဗျ။
ဒါနဲ့ မောင်တို့ တိုင်းရင်းဆေးပညာကကော ဘယ်လိုမြင်တုန်း ပြောပါဦး။
လက်ဖက်၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်ကြမ်းနဲ့ ပတ်သက်ပြီး သိမ်ဖြူဆေးသိပ္ပံ ဆရာတော် အရှင်နာဂသိန်က ပုံပြဆေးအဘိဓာန် တတိယတွဲ စာမျက်နှာ ၁၉၅-မှာ အခုလို ရေးသားဖော်ပြထား ပါတယ်ခင်ဗျ။

ကျွန်တော်သည် စာကြည့်စားပွဲပေါ်၌ အဆင်သင့်ရှိနေသော ပုံပြ ဆေးအဘိဓာန်စာအုပ်ကို ယူ၍ အောက်ပါအတိုင်း ဖတ်ပြလိုက်ပါသည်။
လက်ဖက်ခြောက်သည် ၀မ်းမီးကို တောက်စေ၏။ ကြေကျက်လွယ်၏။ သလိပ်သည်းခြေတို့ကို နိုင်၏။ လေကို ပျက်စေ၏။ နှုတ်ကို မြိန်စေ၏။ ကောင်းသော အနံ့အရသာရှိ၏။ ကိုယ်သား ကိုယ်ရေကို ပွားများစေတတ်၏။ ဦးနှောက်ကို အားပေး၏။ ချွေးနှင့်ဆီးကို များစွာအားပေး၏။ ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေ၏။ အဆီဓာတ် အပူလောင်ခြင်းကို ငြိမ်းစေ၏။-လို့ ဖော်ပြထားပါတယ်ခင်ဗျ။

ကဲ ကောင်းပေ့ဗျာ။ ဦးနှောက်ကို အားပေး၏။ ချွေးနှင့်ဆီးကို များစွာ အားပေး၏ ဆိုတာနဲ့တင် ကျုပ်သဘောကျ လှပါပြီ-မောင်က လက်ဖက်ရည်ကြမ်းကို အသက် ၂၀-လောက်ကတိုင် စွဲစွဲမြဲမြဲ သောက်သုံးလာသူဆိုတော့ မောင့်ကိုယ်တွေ့ လက်ဖက်ရည်ကြမ်း အာနိသင် ပြောပြပါဦး

ရေနွေးကြမ်းသောက်တာကြောင့် ချွေးကလေး တစိုစိုနဲ့ အမြဲကောင်းပါတယ်။ ဆီးလမ်းကြောင်း ကောင်းတာကြောင့် ခါးနာခါးကိုက်တာ ကင်းရှင်းပါတယ်။ အဆီကျစေပါတယ်။ အစာအိမ် လမ်းကြောင်း တလျှောက် အနာရောဂါ အာသီးရောင်တာ မရှိပါဘူးခင်ဗျ။ ခန္ဓာကိုယ် ပေါ့ပါးစေတဲ့အကျိုး ခံစားရပါတယ်။ အဲ ဟိုတလောက မှတ်မှတ်ရရ ပြောရရင် (၂၁-၂-၂၀၀၅) နေ့ထုတ် သတင်းစာမှာ ရေနွေးကြမ်းသောက်ခြင်းသည် ဆီးအိမ်ကင်ဆာ ဖြစ်ခြင်းကို ကာကွယ်နိုင်-ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ပါလာတယ်။ ကျွန်တော် သဘောကျလွန်းလို့ ဖြတ်ညှပ်ပြီး အမှတ်တရ ကျွန်တော့ဒိုင်ယာရီ စာအုပ်ထဲ ကပ်ထားပါတယ်။ ဟောဒီမှာ ဖတ်ကြည့်ပါဦးခင်ဗျ။

(ရေနွေးကြမ်း သောက်ခြင်းသည် ဆီးအိမ်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်)
လောစ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၁၇။
ဆီးအိမ်ကင်ဆာဆဲလ်များကို လေ့လာရာမှ ရေနွေးကြမ်း သောက်သုံးခြင်းသည် ကင်ဆာရောဂါဖြစ်ပွားမှုကို တိုက်ဖျက်နိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ရေနွေးကြမ်းမှထွက်ရှိသော အာနိသင်သည် ကင်ဆာဆဲလ်များ ရှင်သန်မှုကို ဟန့်ထားပေးနိုင်ကြောင်း ဖေဖော်ဝါရီလ ၁၅-ရက်က ထုတ်ဝေသော ကင်ဆာသုတေသနဆိုင်ရာ ဆေးပညာဂျာနယ်တခုတွင် ဖော်ပြထားသည်။ ကင်ဆာရောဂါဖြစ်ပွားမှုကို အဆိုပါ ရေနွေးကြမ်းမှရရှိသော အာနိသင်က မည်သို့မည်ပုံ တိုက်ဖျက်ကြောင်း ဖော်ထုတ်နိုင်သည်ကိုလည်း လော့စ်အိန်ဂျလိစ်မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသန ပညာရှင်များက ပြောကြားသည်။

ထိုအတူ တရုတ်လူမျိုးတို့၏ ရိုးရာဖြစ်သော ရေနွေးကြမ်းကို နေ့စဉ်တခွက်ကျ သောက်သုံးပါကလည်း ကင်ဆာရောဂါဖြစ်ပွားမှုကို အကာအကွယ်ပေးနိုင်ကြောင်း အဆိုပါတက္ကသိုလ်မှ ပါမောက္ခ ကျင်ယုရိုက ပြောကြားသည်။ သူသည် ကင်ဆာရောဂါ သုတေသနပြုအဖွဲ့ကို ခေါင်းဆောင်နေသူတဦး ဖြစ်သည်။

ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပါက သွေးလေလည်ပတ်မှု ကောင်းမွန်ပြီး ကင်ဆာရောဂါဖြစ်ပွားမှုကို အကာအကွယ်ပေးနိုင်ကြောင်း၊ ဆီးအိမ် ကင်ဆာဖြစ်ပွားသူ ရောဂါသည်များကို အထက်ပါအတိုင်း စမ်းသပ်ကြည့်ခဲ့ရာမှ ယင်းကဲ့သို့ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ လူသားများတွင် ဖြစ်ပွားသော ဆီးအိမ်ကင်ဆာ အပါအ၀င် အခြားကင်ဆာရောဂါများကို ရေနွေးကြမ်းတွင်ပါဝင်သော-.....(၂၁-၂-၂၀၀၅) နေ့ထုတ် သတင်းစာမှ

အင်း ဟုတ်လိုက်လေ မောင်ရယ်၊ ကောင်းပေ့ဗျာ၊ မင်္ဂလာရှိတဲ့ သတင်းကောင်းကလေးတခု ပါပဲ။
အဲ မင်္ဂလာဆိုလို့ ဆရာမင်းယုဝေ-စီစဉ်တဲ့ မင်္ဂလာမောင်မယ် လစဉ်ထုတ်စာစောင်ကလေးကို ကျွန်တော် လစဉ်ဝယ်ပါတယ်။ ဘာပြုလို့ ၀ယ်လဲဆိုတော့ ကျွန်တော်တို့အိမ်မှာ ငါးတန်း၊ ခြောက်တန်း မြေးမလေးတွေ ရှိပါတယ်။ သူတို့ လိမ္မာရေးခြားရှိအောင် ကလေးတွေ ဖတ်ဖို့ ၀ယ်တာပါ။ ၂၀၀၆-ခု နိုင်ဝင်ဘာလထုတ် မင်္ဂလာမောင်မယ် စာစောင်မှာ ဆရာမင်းယုဝေ-ရေးတဲ့ လက်ဖက်ရည်ကြမ်း-ဆိုတဲ့ ကဗျာကလေး ပါလာပါတယ်ခင်ဗျ။ ကျွန်တော် သဘောကျလွန်းလို့ ကူးယူထားပါတယ်။ ဟောဒီမှာ ဖတ်ကြည့်ပါဦး။

( လက်ဖက်ရည်ကြမ်း)
* ဘိုးဘွားစဉ်ဆက်၊ တို့လက်ထက်ထိ
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို
လက်ကမ်း၍သာ၊ သောက်သုံးလာသည်
မြန်မာဓလေ့ တို့ကြည်မွေ့။

* ခေတ်သစ်ကမ္ဘာ၊ ဆေးပညာက
ကျန်းမာရေးတွက်၊ ဆေးတလက်ဟု
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို
ဖော်ညွှန်းထုတ်ပြ၊ သုတေသန။

* ထိုရောအခါ၊ စာဆိုငါလျှင်
ဝမ်းသာအားတက်၊ လွန်နှစ်သက်၍
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို
ဝမ်းမြောက်ဝမ်းသာ၊ သောက်သုံးရာမှ
မြေမှာလျောင်းသွား၊ တို့ဘိုးဘွား၏
ကြီးမားကျေးဇူး၊ ဂုဏ်ရည်ထူးကို
ချီးကျူးမ၀နိုင်ပါတကား။
မင်းယုဝေ
(၂၀၀၆-ခု နိုဝင်ဘာလထုတ် မင်္ဂလာမောင်မယ် စာစောင်မှ)

စာဆိုကဗျာဆရာကြီး မင်းယုဝေ-က ခေတ်သစ်ဆေးသိပ္ပံ ပညာရှင်တွေ လက်ဖက်ရည်ကြမ်းဟာ ကျန်းမာရေးအတွက် ဆေးတလက်ဖြစ်ကြောင်း ခိုင်လုံစွာ သိကုန်ကြပြီ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းကို သောက်ကြစို့လို့ ဆော်သြလိုက်တဲ့ကဗျာလေးပေါ့နော်။

မှန်ပါတယ်ခင်ဗျ။ လွန်ခဲ့တဲ့ ခြောက်လပိုင်းလောက်က ကိုစိုးဆိုတဲ့ ကျွန်တော့်မိတ်ဆွေတယောက် ဂျပန်က ပြန်လာပါတယ်။ သူပြောပြတာက ဂျပန်နိုင်ငံမှာ ကျောင်းသူ၊ ကျောင်းသားတွေ နံနက် ကျောင်းရောက်တာနဲ့ တပြိုင်နက် ပထမဆုံး လက်ဖက်ရည်ကြမ်းတခွက်စီ သောက်ကြရသတဲ့။ ဆရာမတွေကလည်း လက်ဖက်ရည်ကြမ်းရဲ့ အာနိသင် ပြောပြကြသတဲ့။ ပြီးတော့ ခရီးသည် ပို့ဆောင်ရေး ကမ္ဘာ့လေကြောင်း လေယာဉ်ကြီးတွေပေါ်မှာ လေယာဉ်မယ်တွေက Green Tea (လက်ဖက်ရည်ကြမ်း) ကို အမွန်အမြတ်ထားပြီး ဧည့်ဝတ်ပြုကြသတဲ့။

လက်ဖက်ရည်ကြမ်းကတော့ ကျုပ်တို့မြန်မာပြည်မှာ ဘယ်နေရာ၊ ဘယ်ဒေသသွားသွား လက်ဖက်ရည်ဆိုင်တွေ ပေါပေ့ဗျာ။ ရေနွေးကြမ်း သောက်ချင်လို့ကတော့ တနေကုန်ထိုင်သောက် ပိုက်ဆံတပြားမှ မကုန်စေရဘူး။ မြန်မာ့သဘာဝ မြန်မာ့အလှ ကမ္ဘာက သိစေချင်လှသဗျာ။

ကမ္ဘာက သိဖို့ထက် ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေ သိစေချင်ပါသေးတယ်။ အမျိုးသမီး အတော်များများဟာ ရေနွေးကြမ်းသောက်ရင် ချွေးထွက်တယ်၊ အလှပျက်တယ်ဆိုပြီး အအေးနဲ့ ခုကာလပေါ်တဲ့ အချိုရည်တွေပဲ သောက်နေကြပါတယ်။
ပြီးတော့ ရေနွေးကြမ်းဆိုတာ အမျိုးသားတွေ သောက်တာလို့ ထင်နေကြသေးတယ်။ အမျိုးသမီးတွေ ရေနွေးကြမ်း သောက်ကြည့်စမ်းပါ။ အဆီတိုးပြီး အ၀လွန်နေတဲ့ အမျိုးသမီးတွေ အဆီကျပါစေ့မယ်။ သွားကိုက်၊ သွားနာ၊ သွားဖုံးနာတာတွေလည်း ပျောက်စေရပါမယ်။ ပြီးတော့ အစာအိမ်လမ်းကြောင်းတလျှောက် အနာရောဂါ မဖြစ်စေရပါဘူး။ သားအိမ်နဲ့ ဆီးအိမ် ကင်ဆာဝေဒနာ ကင်းဝေးစေပါတယ်ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောဝံ့ပါတယ်ခင်ဗျ။

ဟုတ်လိုက်လေ မောင်ရယ်၊ ဒီနေ့ အိမ်အပြန် ကျုပ်အိမ်က အဘွားကြီးကို ရေနွေးကြမ်းသောက်ပေးဖို့ တိုက်တွန်းရဦးမယ်။ သူက သွား ခဏခဏ နာတတ်လွန်းလို့ ကဲ ပြန်တော့မယ် မောင်။
ကောင်းပါပြီ ခင်ဗျာ။

မကွေး ၀င်းမြင့်
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

ဘာသာရေး ပြဿနာ ( ၁၈ )

(ဘဒ္ဒန္တ ၀ါယာမသာရ ဖြေသည် )

(မေး) (အိပ်မက်မက်သောအခါ ဖြစ်သောစိတ်)
အရှင်ဘုရား၊ အိပ်ပျော်နေစဉ် ဘ၀င်စိတ်ဖြစ်ပြီး အိပ်မက်မက်သောအခါ မည်သည့်စိတ်ဖြစ်ပါသနည်း။ လူတယောက်သည် အိပ်ပျော်နေစဉ် လမိုက်ည၌ အိပ်ရာမှထကာ အိမ်အပြင်ရှိ ထင်းတုံးများကို ပုဆိန်ဖြင့် ခွဲစိတ်ပြီး ပြန်အိပ်ပါသည်။ မိုးလင်းသောအခါ ခွဲထားသောထင်းများကို သူခွဲမှန်းမသိတော့ပါ။
ထိုသူ ထင်းခွဲစဉ် ဖြစ်ပေါ်သောစိတ်သည် မည်သည့်စိတ် ဖြစ်ပါသနည်း။ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
(အဘိဓမ္မာသင်တန်းသူ တဦး-ကမ္ဘာအေး)

(ဖြေ)
အိပ်မက်မက်ချိန်ဖြစ်သောစိတ်သည် မနောဒွါရ၀ီထိစိတ် ဖြစ်သည်။ ထင်ရှားသော အိပ်မက်ဖြစ်လျှင် ၀ိဘူတာရုံ မနောဒွါရ၀ီထိစိတ်ဖြစ်ပြီး မထင်ရှားသော အိပ်မက်ဖြစ်လျှင် အ၀ိဘူတာရုံ မနောဒွါရ၀ီဌိစိတ် ဖြစ်သည်။

အိပ်မက်မက်ခြင်း အကြောင်းများကို ပါရာဇိကဏ် အဋ္ဌကထာတွင် ဖော်ပြရာ၌
(က) ရှေ့ဖြစ်မည့်ကိစ္စများကို ကြိုတင်သိမြင်သော ပုဗ္ဗနိမိတ် အနေဖြင့်၎င်း။
(ခ) နတ်များက ဆောင်ပြခြင်းကြောင့်၎င်း။
(ဂ) ဓာတ်ချောက်ချားခြင်းကြောင့်၎င်း။
(ဃ) စိတ်စွဲလမ်း အားကြီးသောကြောင့်၎င်း မက်တတ်ပါသည်။

ထင်းခွဲစဉ်ဖြစ်သောစိတ်မှာ ပဉ္စဒွါ၊ မနောဒွါရ ၀ီထိစိတ်များ ဖြစ်ပါသည်။ တခုခု ဆောင်ရွက်လုပ်ကိုင်စဉ် ၀ီထိစိတ်သာ ထင်ရှားသည်။ ဘ၀င်စိတ် မထင်ရှားပါ။ မနက်မိုးလင်း၍ မသိခြင်းမှာ သတ္တ၀ါတို့၏ မေ့တတ်သော ပမာဒတရားကြောင့် ဖြစ်ပါသည်။
********************************************************************************

(မေး) (သေဆုံးသူနဲ့ သစ်ခက်)
အရှင်ဘုရား၊ အချို့ရွာများတွင် သေသူကိုရည်စူး၍ ရက်လည်ဆွမ်းသွတ် ပြုလုပ်ရာ၌ သေဆုံးသူမြှုပ်နှံရာသို့ သွားပြီး သစ်ရွက်စိမ်း တခက်၊ နှစ်ခက် ချိုးကာ သေဆုံးသူကို တရားနာရန် ဖိတ်ခေါ်ပါသည်။ ဤသို့ပြုလုပ်သဖြင့် သေဆုံးသူ တရားနာ လာ-မလာ၊ လိုက်-မလိုက် သိလိုပါသည်ဘုရား။
(နောင်ပိန်သား မောင်မောင်-ကျောက်မဲမြို့)

(ဖြေ)
သေဆုံးသူသည် လူ့ဘုံ နတ်ဘုံ တိရစ္ဆာန်ဘုံသို့မရောက်ဘဲ လူတို့နှင့်နီးစပ်သော မိသားစုဆွေမျိုးတို့ပြုသော ကုသိုလ်ကို ငံ့လင့်နေသော ဝေမာနိကပြိတ္တာမျိုး ဖြစ်လျှင် ကျန်ရစ်သူတို့ပြုသော ကုသိုလ်ကို အမျှယူ သာဓုခေါ်နိုင်သည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်များကို ခေါ်ယူကာ လိုက်ပါနိုင်ပါသည်။

သစ်ခက်ဖြင့် တသီးတသန့် ဖိတ်ခေါ်၍ လေးလေးစားစား ပြုခြင်းသည် ပို၍ပင် လေးနက်ကောင်းမွန်ပါသည်။ သစ်ခက်ဖြင့် မခေါ်သော်လည်း တရားနာခါနီးတွင် နာမည်ခေါ်၍ ဖိတ်ကြားခြင်းထုံးစံလည်း ရှိပါသည်။ ကောင်းသည့်အလေ့အထ ဖြစ်ပါသည်။
********************************************************************************

(မေး) ( သရဏဂုံတင်ခြင်းနှင့် ပရိတ်ရွတ်ခြင်း)
အရှင်ဘုရား၊ ကွယ်လွန်သူကို ရည်စူး၍ သရဏဂုံတင်ခြင်းနှင့် ပရိတ်ရွတ်ခြင်းကိစ္စ သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။
(မောင်ရွှေနောင်-ကျောက်မဲမြို့)

(ဖြေ)
ကွယ်လွန်သူကို ရည်စူး၍ သရဏဂုံတင်ခြင်း၊ ပရိတ်ရွတ်ခြင်း၊ တရားပေစာများ ဟောကြားခြင်း စသည်တို့မှာ အမှန်တကယ်တော့ ကျန်ရစ်သူများအတွက် အဓိကလုပ်ရခြင်း ဖြစ်သည်။
ကျန်ရစ်သူများက ဦးစွာ ကုသိုလ်ရအောင် သရဏဂုံလည်း တည်အောင် ပြန်လည်ဆောက်တည်ရ၏။
ပရိတ်နာ၊ တရားနာသဖြင့် ဓမ္မသ၀န ကုသိုလ်ရ၏။
လှူသည့်အတွက် ဒါနကုသိုလ် ရ၏။
သီလခံယူသည့်အတွက် သီလကုသိုလ် ရ၏။
ထိုရသော ကုသိုလ်များကို ကွယ်လွန်သူအား အမျှပေးဝေခြင်းဖြစ်၏။ ကွယ်လွန်သူကို သရဏဂုံတင်၍ မရ။ အမျှပေး၍သာ ရ၏။
*********************************************************************************

(မေး) (သရဏဂုံ အကျိုး )
အရှင်ဘုရား၊ တပည့်တော်တို့အရပ်တွင် ဆယ်နှစ်မပြည့်သေးသော ကလေးငယ်များ ကွယ်လွန်ပါက သရဏဂုံမတင်ကောင်းဟု၎င်း၊ ရှင်မပြုသေးသော ယောက်ျာေးလးများ ကွယ်လွန်လျှင် သရဏဂုံ မတင်ကောင်းဟု၎င်း ပြောဆိုနေကြပါသည်။
တပည့်တော် သိချင်သည်မှာ-
(က) သရဏဂုံ တင်သင့်သောအရွယ်။
(ခ) သရဏဂုံ တင်ရခြင်းအကြောင်း။
(ဂ) သရဏဂုံ တင်ရခြင်းအကျိုး။
(ဃ) သရဏဂုံ တင်အပ်-မတင်အပ်သော ပုဂ္ဂိုလ်များကိုလည်း ဖြေကြားပေးတော်မူပါဘုရား။
(မောင်ဝစီ-မန္တလေး)

(ဖြေ)
(က) ဗောဓိမင်းသားဇာတ်၌ ဗောဓိမင်သား၏မယ်တော်သည် ပဋိသန္ဓေရစဉ်ကပင် ဗောဓိမင်းသားအတွက် ရည်ရွယ်၍ သရဏဂုံ ယူထား၏။
ဗောဓိမင်းသားလေး မွေးဖွားပြီး သိတတ်သောအရွယ်သို့ ရောက်သောအခါ မိခင်က သားအတွက် ပဋိသန္ဓေရစဉ်ကပင် သရဏဂုံ ယူထား၏။-ဟု ပြောပြ၏။ ဗောဓိမင်းသား နားလည်သွား၏။

ထိုအခါ မင်းသားသည် ပဋိသန္ဓေနေစဉ်ကပင် သရဏဂုံတည်သူဟု ပြောရတော့၏။ ဤကဲ့သို့ မိဘများက သန္ဓေသားဘ၀ကပင် အန္တရာယ်ကင်းစေရန် ရည်ရွယ်၍ သရဏဂုံ ယူကောင်းသေးလျှင် မွေးဖွားပြီးသူများ အရွယ်မရွေး ယူကောင်းသည်ဟု မှတ်ရမည်။

(ခ) သရဏဂုံတင်ရခြင်းမှာ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ် ရိုသေတတ်ပြီး ရတနာသုံးပါး၏ လမ်းညွှန်ချက်၊ ဆုံးမချက်အတိုင်း နေထိုင်သူဖြစ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်သဖြင့် အကုသိုလ်ဖြစ်စရာမရှိ၊ ကုသိုလ်သာ တိုးပွားစရာရှိသည်။ သရဏဂုံတင်ထားခြင်း၊ ယူထားခြင်းသည် အကုသိုလ်ကိုပယ်၍ ကုသိုလ်သာ သယ်ယူနိုင်သောဘ၀ဖြစ်သောကြောင့် သရဏဂုံကို ယူထား၊ တင်ထားဖို့ လိုအပ်ပါသည်။ ဘုရား တရား သံဃာတို့၏ ဆုံးမသည့်အတိုင်း နေပါတော့မည်ဟု အဓိဋ္ဌာန်ပြုခြင်းကို သရဏဂုံတင်သည်ဟု ဆိုပါသည်။

(ဂ) သရဏဂုံတင်ထား၊ ယူထား၊ စွဲမြဲထားသူများမှာ အကုသိုလ်ဟူသမျှ မဖြစ်တော့ဘဲ ကုသိုလ်ဟူသမျှ တိုးပွားရတော့၏။ သရဏဂုံ၏ အကျိုးကို ဇာတ်ဝတ္ထုတခုဖြင့် သာဓကပြုပါမည်။

ဘု၇ားလောင်း ဝေလာမပုဏ္ဏားသည် ငွေအပြည့်ထည့်ထားသော ရွှေခွက်၊ ရွှေအပြည့်ထည့်ထားသော ငွေခွက်၊ ရတနာ ၇-မျိုး အပြည့်ထည့်ထားသော ကြေးခွက် စုစုပေါင်း ၈-သောင်း ၄-ထောင်စီ၊ ဆင်၊ မြင်း၊ နို့စားနွားမ၊ ရထား၊ အမျိုးသမီးပေါင်း ၈-သောင်း ၄-ထောင်စီ၊ ထမင်းအိုး၊ ဟင်းအိုးမီးဖိုများကို မိုင်တရာဝန်းကျင်အပြည့် ၇-နှစ် ၇-လ၊ ၇-ရက် လှူ၏။

ထိုအလှူထက် သောတာပန်တပါးကို လှူသည်က ပိုမြတ်၏။
သောတာပန် ၁၀၀-ထက် သကဒါဂါမ်တပါးကို လှူသည်က ပိုမြတ်၏။
သကဒါဂါမ် ၁၀၀-ထက် အနာဂါမ်တပါးကို လှူသည်က ပိုမြတ်၏။
အနာဂါမ် ၁၀၀-ထက် ရဟန္တာတပါးကို လှူသည်က ပိုမြတ်၏။
ရဟန္တာ ၁၀၀-ထက် ပစ္စေကဗုဒ္ဓါတပါးကို လှူသည်က ပိုမြတ်၏။
ပစ္စေကဗုဒ္ဓါ ၁၀၀-ထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတဆူကို လှူသည်က ပိုမြတ်၏။
သမ္မာသမ္ဗုဒ္ဓဘုရား ၁၀၀-ထက် သံဃိကကျောင်းအလှူကို လှူသည်က ပိုမြတ်၏။
သံဃိကကျောင်းအလှူထက် သရဏဂုံ ၃-ပါးတည်သူက ပိုမြတ်၏-ဟု ဆိုပါသည်။

(ဃ) မိစ္ဆာဒိဋ္ဌိ အယူရှိသူများ၊ သေသူများ သရဏဂုံတင်ရန် -ယူရန် မဖြစ်နိုင်ပါ။
*******************************************************************************

(မေး) ( ဘုရားအနေကဇာတင်ခြင်း)
အရှင်ဘုရား၊ ဘုရားအနေကဇာတင်ခြင်းနှင့် စပ်လျဉ်း၍ ပြည့်ပြည့်စုံစုံ ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
(မလှလှမြင့်-သာကေတ)

(ဖြေ)
အနေကဇာတင်ခြင်းကိစ္စသည် မြန်မာပြည်တွင် ပုဂံခေတ်က စခဲ့သည်ဟု ဆိုကြ၏။ ရှေးအခါက ပုဂံပြည်မှာ ဘုရားစေတီပုထိုးအများကြီး တည်ကြသည်။ တည်ပြီးသောအခါ ပူဇော်ပွဲအမျိုးမျိုး ပြုလုပ်ကြရာ၌လည်း ရွတ်ဖတ်ပူဇော်မှုပါ ထည့်သွင်း၍ ပူဇော်သမှုပြုကြသည်။

ထိုတွင် ဘုရားအသစ် ပူဇော်ခြင်းဖြစ်သော ကြောင့် ဘုရားဖြစ်စကိုမှန်း၍ စိတ်ဖြင့်၎င်း၊ နှုတ်ဖြင့်၎င်း၊ ပွားများဆင်ခြင်သောတရားတော်များကို ရွတ်ဆိုကြရန် စီမံကြခြင်းဖြစ်သည်။

ဘုရားရှင်သည် ဘုရားဖြစ်စ ပထမသတ္တာဟ ဗောဓိပင်ရင်းတွင် တဏှာကျွန်အဖြစ်မှ လွတ်ခဲ့ပုံကို အနေကဇာတိ သံသာရံ -စသော ဂါထာဖြင့် စိတ်တော်၌ ဆင်ခြင်တော်မူပါသည်။ ထို့နောက် ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံတို့ကို စိတ်တော်ဖြင့်ပင် ဆက်လက် ဆင်ခြင်တော်မူပါသည်။

ထို့နောက် စိတ်တော်ဖြင့် ဆင်ခြင်ရသည်ကို အားရတော်မမူသောကြောင့် နှုတ်ဝစီဖြင့် ယဒါ ဟဝေ -စသော ဂါထာတော်များကို ၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်တော်မူပါသည်။

တဖန် စတုတ္ထသတ္တာဟ၌ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်တော်မူရာ ပဋ္ဌာန်းကျမ်းတော်ကြီးအရောက်တွင် ရောင်ခြည်တော်များ ထွက်ပါသည်။ ၄င်းကိုရည်ရွယ်၍ ပဋ္ဌာန်း ၂၄-ပစ္စည်း ရွတ်ပါသည်။

ဆက်လက်၍ အောင်ဂါထာများပါဝင်သော ပဗ္ဗဏှသုတ်ကို ရွတ်ပွားဆုတောင်းပါသည်။ အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည်။ ကြည်ညိုဖွယ်ရာ၊ စိတ်ကြည်နူးဖွယ်ရာ၊ ၀မ်းမြောက်ပီတိဖြစ်စရာ ကောင်းလှပါသည်။ ထိုရွတ်ဖတ်ပူဇော်သော တရားတော်တို့တွင် အနေကဇာတိ သံသာရံ-သည် အစဦးဆုံးရွတ်ဆိုသော တရားဖြစ်၍ အနေကဇာတင်သည်ဟု သတ်မှတ်ပြောဆိုကြခြင်း ဖြစ်သည်။

ဘုရားအဖြစ်သို့ ရောက်ချိန်မှာ မိုးသောက်ယံဖြစ်သောကြောင့် အရုဏ်တက်ချိန်မှာ ဆောင်ရွက်ခြင်းသည် သဘာဝကျသော အစီအစဉ်ဖြစ်ပါသည်။
ရှင်လူအများ ဘုရားပူဇော်ကြသည်မှာ ဗုဒ္ဓံ-သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ-ရည်မှန်း၍ -ဟုဆိုသဖြင့် အနေကဇာ မတင်သော်လည်း သက်ရှိထင်ရှား ဘုရားအဖြစ်ကို ရည်မှန်း၍ ပူဇော်လျှင် ဘုရားပူဇော်ရကျိုး ရရှိပြီးဖြစ်ပါသည်။

( မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

Monday, June 21, 2010

တရားရှင်အား တရားစောင့်

တရားဆိုသည်မှာ နောင်ဘ၀အထိ စောင့်ဆိုင်းနေသည်မဟုတ်။
တရားရှင်ကို ယခုဘ၀ပင် စိတ်ချမ်းသာစေခြင်း၊
စိတ်ဓာတ်ခိုင်မာစေခြင်း၊
လောကဓံကို ခံနိုင်ရည်ရှိခြင်း၊
မိမိက အထူးကြိုးစားလျှင် မဂ်ဖိုလ်အထိ ရရှိစေနိုင်ခြင်း စသည်ဖြင့် စောင့်ရှောက်တတ်ပါသည်။

အရှင်ဉာဏ (သာပေါင်း)

သင် ဆေးသောက်တတ်ပါသလား

( ရေနှင့်သောက်ပါ)
ဆေးသောက်လျှင် ရေနှင့်သောက်သည်ကို မသိသူမရှိပေ။ သို့သော် ဤလွယ်ကူ၍ အရေးကြီးသော ကွင်းဆက်ကို လူတို့မေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလောက် မရသည့်အပြင် အစာမျိုပြွန်ကို ထိခိုက်နိုင်သည်။

ဆေးပြားသည် သာမန်အားဖြင့် အဓိကဆေးမှုန့်နှင့် ပုံသွင်းမှုန့် (ကော်မှုန့်၊ သကြား စသည်) တို့ကို ဖိ၍ ပုံသွင်းထားခြင်းဖြစ်သည်။ ဆေးအာနိသင် မြန်၊ နှေး၊ ပြင်း၊ ပျော့သည် အဓိက ဆေးမှုန့်၏ အစာအိမ် အူလမ်းကြောင်း တလျှောက် စုပ်ယူခံရမှု အမြန်နှုန်းပေါ်တွင် မူတည်သည်။ ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သေးငယ်သော၊ ထောင်သောင်းမကသော အမှုန့်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ သွေးထဲစုပ်ယူခံနိုင်မည်။

ဆေးသောက်ပြီး ရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမှု ပိုမိုမြန်ဆန်မည်။ ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတခွက် သောက်ခြင်းဖြင့် အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေးကို ရေများများနှင့် သောက်ခြင်းဖြင့် အာနိသင် မြန်ဆန်ထက်မြက်စေနိုင်မည်။ ရေသောက်နည်းလျှင် ဆေးပြား၊ ဆေးတောင့်တို့ သည် အစာမျိုပြွန်၊ အစာအိမ်နံရံတွင် ကပ်နေနိုင်ပြီး ထိခိုက်ဒဏ်ရာရစေနိုင်သည်။
( ဥပမာ-အက်စ်ပရင်၊ ပရိုဖင်၊ အကိုက်အခဲ ပျောက်ဆေးမျိုးစုံ၊ ပရီနိုစလုံးဆေး၊ ကင်ဆာရောဂါကု ရူဘီဒိုမိုက်ဆင် စသည်တို့ဖြစ်သည်)။

( လှဲလျက် မသောက်ရ)
ဆေးသောက်သည့်အခါ မတ်တတ်ရပ်လျက် သို့မဟုတ်-ထိုင်လျက် ဆေးသောက်ရမည်။ လှဲလျက် ဆေးမသောက်ရ။ ဆေးသောက်ပြီး ချက်ချင်း မလှဲရ။ အနည်းဆုံး ၃-မိနစ်၊ ၅-မိနစ် ဆက်လက်ထိုင်နေသင့်သည်။ နာတာရှည် ရောဂါသည်နှင့် အစာမျို ခက်ခဲသူများသည် ဆေးအရည်ကို သောက်သင့်သည်။

(အိပ်ခါနီး သောက်လျှင်)
အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး ၂-မိနစ်၊ ၃-မိနစ်ခန့် သွားလာလှုပ်ရှားပြီးမှ အိပ်သင့်သည်။

(နွားနို့နှင့် မသောက်သင့်)
ဆေးကို နွားနို့နှင့် မသောက်သင့်ပါ။ နွားနို့သည် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်စစ်ပါသည့်အတွက် ဆေးမှုန့်လေးများ၏ ပတ်ပတ်လည်တွင် အမှေးပါးတထပ် ဖြစ်ပေါ်အုပ်ဆောင်းထားတတ်သည်။ ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာပါဝင်သော ကယ်လ်စီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်တို့သည်လည်း အချို့ဆေးဝါးပစ္စည်းများနှင့် ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသော ဆားများအဖြစ်သို့ ဓာတ်ပြောင်းလဲသွားနိုင်ပါသည်။

ထို့ပြင် ဟင်းရည်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အချိုရည်၊ ဘိလပ်ရည်တို့နှင့် ဆေးကို မသောက်ရ။ ရေနွေးနွေးနှင့်သာ သောက်သင့်ပါသည်။ ဆာလ်ဖာဆေးဝါးသောက်လျှင် ကျောက်တည်ခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ရေများများပိုသောက်ရမည်။ အနည်းဆုံး ရေတပုလင်းခွဲခန့် (၁၅၀၀-မီလီမီတာ) ထိုနေ့တွင် သောက်ရမည်။ သို့မှသာ သွေးကျဲ၊ ဆီးရွှင်၊ ကျောက်ကပ်ကာကွယ်ရာ ရောက်မည်။

အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးများ သောက်လျှင်လည်း ရေများများသောက်ရန် လိုအပ်သည်။ သို့မှသာ ကိုယ်ပူကျပြီး ချွေးများများ ထွက်သောအခါ ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်။ သို့သော် မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများသော်ကရမည်ဟူ၍ကား မဟုတ်ပေ။
အချို့ ချောင်းဆိုးပျောက်ဆေးသည် သောက်ပြီး ၅-မိနစ်ခန့်ကြာမှ ရေသောက်ရသည်။ ထို့ကြောင့် ဆေးအာနိသင်ကောင်းစေရန် ဆေးပေးသူကို ဆေးသောက်ရမည့်အချိန်၊ နည်းလမ်းတို့ကို သေချာမေးမြန်းပြီး မှတ်သားလိုက်နာရမည် ဖြစ်ပါသည်။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

အဘိဏှသုတ်

ငါသည် အိုခြင်းသဘောရှိသည်။ အိုခြင်းသဘောကို မလွန်မြောက်နိုင်။
ငါသည် နာခြင်းသဘောရှိသည်။ နာခြင်းသဘောကို မလွန်မြောက်နိုင်။
ငါသည် သေခြင်းသဘောရှိသည်။ သေခြင်းသဘောကို မလွန်မြောက်နိုင်။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါ့အား ခပ်သိမ်းသော ချစ်ခင်နှစ်သက်အပ်ကုန်သော နှလုံးကို ပွားစေတတ်ကုန်သော ဆွေမျိုးခင်ပွန်းတို့နှင့် အရပ်တပါးသို့ ပြောင်းရွှေ့သွားသဖြင့် ရှင်ကွဲကွဲရခြင်းသည်၎င်း။
ဘ၀တပါးသို့ ပြောင်းသွားသဖြင့် သေကွဲကွဲရခြင်းသည်၎င်း၊ ဖြစ်တတ်ချေ၏။
ဤသို့လည်း နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါသည် ကံသာလျှင် ဥစ္စာရှိသည်။
ကံသာလျှင် အမွေရှိသည်။
ကံသာလျှင် အကြောင်းရှိသည်။
ကံသာလျှင် အဆွေအမျိုးရှိသည်။
ကံသာလျှင် ကိုးကွယ်လဲလျောင်းရာရှိသည်။

ကောင်းသည်လည်းဖြစ်သော
မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုသည်ဖြစ်ငြားအံ့၊ ထိုကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေအတိုင်း ဖြစ်ရအံ့ဟု ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ ဤ ၅-ပါးသောအကြောင်းတရားတို့ကို
မိန်းမသည်၎င်း၊
ယောက်ျားသည်၎င်း၊
လူသည်၎င်း၊
ရဟန်းသည်၎င်း ဤသို့ နေ့စဉ်မပြတ် ဆင်ခြင်အပ်၏-ဟု အဘိဏှသုတ်တွင် ဟောကြားတော်မူခဲ့ပါသည်။

သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက်

* သည်းခံ သနား၊ ၀မ်းမြောက်ငြား၊ ပွားများ မေတ္တာခြုံ။
* သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်၊ ပပျောက်ဘေးရန် ကိုယ့်မှာလုံ။
* သူတော်သူမြတ်၊ ဤ ၄-ရပ်၊ မချွတ် ကျင့်ပါကုန်။

တိပိဋကဓရ ယော-ဆရာတော်

ဘုရင့်နောင်၏ အောင်ဂါထာ

မြန်မာနိုင်ငံသမိုင်းတွင် ဘုရင့်နောင်သည် အလွန်ထင်ရှားသော မင်းတပါးဖြစ်သည်။ ဘုရင့်နောင် (မြန်မာ ၈၇၇-၉၄၃) သည် မွန်နိင်ငံ ဟံသာဝတီ၌ နန်းစိုက်ပြီးလျှင် မွန်မြန်မာ စည်းလုံးရေးကို ဆောင်ရွက်ခဲ့သည်။ ဘုန်းလက်ရုံးနှင့် အထူးပြည့်စုံသည်။ နိုင်ငံအုပ်ချုပ်ရေးထက် စစ်တိုက်ရေးကို ပို၍ အရေးထားသည်။ ယိုးဒယား၊ ဇင်းမယ် စသော နိုင်ငံနယ်ပယ်များကို တိုက်ခိုက်သိမ်းသွင်းခဲ့ရာ ဘုရင်နောင်လက်ထက် မြန်မာနိုင်ငံတော်သည် အနောက်မြောက်ဘက် မဏိပူရမြစ်ဝှမ်းမှ အရှေ့တောင်ဘက် မဲခေါင်မြစ်ဝှမ်းအထိ ကျယ်ပြန့်ခဲ့သည်။ ဘုရင့်နောင်၏ တပ်မတော်သည် အာရှတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ပြိုင်ဘက်ကင်းသော တပ်မတော်ကြီး-ဟု ဆိုလောက်ပေသည်။

မြန်မာ့သမိုင်းတွင် ဘုရင့်နောင်တိုက်ခိုက် အောင်မြင်ခဲ့သော နောင်ရိုးတိုက်ပွဲသည် အလွန်ထင်ရှားသည်။ ဘုရင့်နောင်သည် မြန်မာနိုင်ငံတော်ကြီးကို ဒုတိယအကြိမ် စည်းလုံးစွာ ထူထောင်ခဲ့သော မင်းကောင်း မင်းမြတ်အဖြစ်လည်း ထင်ရှားခဲ့သည်။

အောက်ပါဂါထာတော်မှာ ဘုရင့်နောင်လက်စွဲပြုသော ဂါထာတော်ဖြစ်သည်။ ဘုရင့်နောင်မင်းတရားကြီးသည် စစ်ဆင်စစ်တိုက်ရာတို့၌ ဤဂါထာတော်ကို ရွှေပုရပိုက်ဖြင့်ရေး၍ ဆင်၏ဥကင်း၌ တပ်ရသောရွှေပြား၌ တရိုတသေ ပင့်ဆောင်ပူဇော်သည်-ဟု ဆရာအစဉ်အဆက်တို့ မှတ်သားခဲ့ကြသည်။

( ပါဠိဂါထာ )
ဇိနော နမာမဟံ ဇိနာတိ မာရာရိ၊
ဇိနော ဒယာလယော ဇိနုတ္တဓမ္မော စ၊
ဇိနေန ပူဇိတော ဇိနောရသော နန္တ၊
ဇိနပ္ပသံသိတော ဇိနောဒသော တေရိ။

( ဂါထာတော်၏အနက် )
ဗောဓိပင်နှင့် ရွှေပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၎င်း၊
မြတ်စွာဘုရားရှင် ဟောကြားသော တရားတော်မြတ်ကို၎င်း၊
ထိုတရားတော်ကို ကျင့်ကြံတော်မူကြသည့် ဘုရားရှင်၏ သားတော် အရိယာသံဃာတော်တို့ကို၎င်း၊
တပည့်တော်သည် ကာယ-၀စီ မနောချီလျက် ရိုသေစွာ ရှိခိုးပါ၏ အရှင်ဘုရား။

မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဖေဖော်ဝါရီလ)

ကောင်းမှုကို ပြုပါ

* ကောင်မှုထုပ်သာ၊ ကိုယ့်နောက်ပါ၊ မှတ်ပါ အားထားရာ။
* အပါယ်ဘေးမှ၊ ကောင်းမှုက၊ ကယ်ကြတတ်သည်သာ။
* ဆင်းရဲကြောက်လျှင်၊ ကောင်းမှုပင်၊ တွင်တွင်စိုက်ကြပါ။
* ကောင်းမှုပွားက၊ ငရဲပ၊ ရောက်ရ ထက်နတ်ရွာ။

စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်ကြီး

သြ၀ါဒ

* လောက၌ သတ္တ၀ါတို့၏သန္တာန်တွင် ဆန္ဒနှစ်မျိုးဖြစ်ပေါ်လေ့ရှိသည်။
ထိုနှစ်မျိုးကား ရှိချင်သည့်ဆန္ဒနှင့် သိချင်သည့်ဆန္ဒ ဖြစ်သည်။
ရှိချင်သည့်ဆန္ဒမှာ လောဘဦးစီး၍ သိချင်သည့်ဆန္ဒမှာ ပညာဦးစီးသည်။

* လောဘဦးစီးသည့် ဆန္ဒကား အသိဉာဏ်နည်းပြီး လောဘခိုင်းသမျှလုပ်ရသော တဏှာကျွန်ဖြစ်သောကြောင့်
အမှားမကင်းသဖြင့် ပစ္စုပ္ပန်မှာလည်း ဒုက္ခများ၍ သံသရာတွင်လည်း အပါယ်ကျနိုင်သည်။

* ပညာဦးစီးသည့် ဆန္ဒကား အသိဉာဏ်ပါသောကြောင့် ပြုလုပ်သမျှလုပ်ငန်းတို့တွင် အမှားကင်းသဖြင့် ပစ္စုပ္ပန်မှာလည်း စိတ်အေးချမ်းသာရှိပြီး သံသရာ၌လည်း သုဂတိရောက်နိုင်သည်။
ပညာဆန္ဒဖြင့် ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှုပွားလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကိုပင် ရနိုင်-ရောက်နိုင်သည်။

ဘဒ္ဒန္တဣန္ဒာဝုဓ မဟာထေရ်
ပဲခူးတိုင်း တောင်ငူမြို့ မြစည်းခုံစာသင်တိုက် စာချဆရာတော်

သံဝေဂရှစ်ပါး မြန်မာဆောင်ပုဒ်များ

၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏တကား။
၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား။ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။
၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။
၎။ ၀ိညာဉ်ထင်လင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။
၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏တကား။
၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။
၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။
၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။

( ရှေးဆရာတော်များ)

Tuesday, June 15, 2010

ရတနာသုံးရပ် ဆည်းကပ်ကြည်ညိုရကျိုး

(က) ရတနာသုံးပါး၊ ကြည်ညိုငြား၊ ကျိုးများ မှတ်ဖို့ရာ။
(ခ) နတ်ဖြစ် လူဖြစ်၊ ချမ်းသာလစ်၊ မျိုးစစ် ဇာနည်သာ။
(ဂ) ဝတ်စားဆောင်ပေး၊ ခုနောင်ရေး၊ ငြိမ်းအေး လွန်ချမ်းသာ။

အရှင်ကောဝိဒဓဇ

အနှစ်သာရယူနည်း ၃-မျိုး

(၁) ဥစ္စာစီးပွား၊ ရန်သူငါး၊ ထင်ရှား ဆက်ဆံသည်။
ဥစ္စာကိုချစ်၊ ပေးလှူလစ်၊ အနှစ်ထုတ်ကာ ယူရသည်။

(၂) ဤကိုယ်ခန္ဓာ၊ ဘေးရောဂါ၊ မှန်စွာ ဆက်ဆံနေပေသည်။
သီလရှိသူ၊ ဦးညွတ်မူ၊ ကြည်ဖြူ အနှစ်ထုတ်ရမည်။

(၃) ဇီဝိန်အသက်၊ မမြဲချက်၊ နှိပ်စက်လျက်သာ နေပေသည်။
မမြဲ ဆင်းရဲ၊ သဘောပဲသာ၊ ပွားရှုကာ၊ ကောင်းစွာအနှစ် ထုတ်ရမည်။

အရှင်ကောဝိဒဓဇ
(သဒ္ဓမ္မကာရီ ပါဌဋီလာ ဂါထာညွှန့်ပေါင်း-ဒုတိယတွဲ )

Monday, June 14, 2010

အသက်ရှည်ကြောင်း နည်းကောင်းငါးသွယ်

လောက၌ လူသားအားလုံးပင် အသက်ရှည်ြခင်းကို အလိုရှိကြသည်။
အသက်ရှည်ဖို့ရန်အတွက် နည်းလမ်းအမျိုးမျိုးကို ရှာဖွေလျက် ရှိကြသည်။
အသက်ရှည်ဖို့ရန်အတွက် စားသုံးဖွယ်ပစ္စည်း၊ ဆေးဝါးပစ္စည်းများကို အမျိုးမျိုး တီထွင်ထုတ်လုပ်လျက်ရှိကြသည်။ အသက်ရှည်ဖို့ရန်အတွက် ကိုယ်ကာယကို လေ့ကျင့်နည်း၊ စိတ်ကိုလေ့ကျင့်နည်း လုပ်ဆောင်လျက်ရှိကြသည်။

ဤနေရာ၌ အသက်ရှည်ကြောင်း နည်းလမ်းကောင်းများကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သည်ကို တင်ပြလိုပါသည်။ ဗုဒ္ဓဘုရားရှင်က အသက်ရှည်ရန်အတွက်-
(၁) သင့်လျော်သည်ကို ပြုလေ့ရှိခြင်း။ (သပ္ပါယကာရီ ဟောတိ)
(၂) သင့်လျော်သည်၌ အတိုင်းအရှည်ကို သိခြင်း။(သပ္ပါယေ မတ္တံ ဇာနာတိ)
(၃) ကြေကျက်လွယ်သည့် ဘောဇဉ်ကို မှီဝဲသုံးဆောင်ခြင်း။ (ပရိဏတဘောဇီ ဟောတိ)
(၄) အကျင့်သီလနှင့် ပြည့်စုံခြင်း။( သီလဝါ စ)
(၅) မိတ်ဆွေကောင်း ရှိခြင်း။ (ကလျာဏမိတ္တော စ)
ဟူသော အကြောင်းတရား ၅-ပါးကို လိုက်နာကျင့်သုံးသင့်ကြောင်း ဟောကြားတော်မူခဲ့သည်။

ယင်းတို့တွင် သင့်လျော်သည်ကို ပြုလေ့ရှိခြင်းဟူသည်-
မိမိနှင့်သင့်လျော်သည့် စားဖွယ်သောက်ဖွယ်များကိုသာ မှီဝဲသုံးဆောင်ခြင်း ဖြစ်သည်။ မိမိနှင့် သင့်လျော်သည့် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း တည်းဟူသော ဣရိယာပုထ်တို့ဖြင့်သာ နေထိုင်ခြင်းဖြစ်သည်။ မိမိတို့နှင့် သင့်လျော်သည့် အအေးအပူ မျှတသည့် အရပ်ဒေသတို့၌သာ နေထိုင်ခြင်း စသည်တို့ဖြစ်သည်။

ထို့နောက် သင့်လျော်သည်၌ အတိုင်းအရှည်ကို သိခြင်းဟူသည်-
မိမိတို့နှင့် သင့်လျော်သည့် စားဖွယ်သောက်ဖွယ်တို့ကို သုံးဆောင်ရာ၌ သင့်လျော်သည့် အတိုင်းအရှည် ပမာဏအထိသာ သုံးဆောင်ခြင်းဖြစ်သည်။ သင့်လျော်သည့် ဣရိယာပုထ်တို့ဖြင့် နေထိုင်ကြရာ၌ မိမိတို့နှင့် သင့်လျော်သည့် အတိုင်းအရှည် ပမာဏကိုသိ၍ နေထိုင်ခြင်းဖြစ်သည်။ သင့်လျော်သည့် အအေးအပူ မျှတသောအရပ်ဒေသတွင် နေထိုင်ကြရာ၌လည်း မိမိတို့နှင့် သင့်လျော်သည့် အတိုင်းအရှည်ပမာဏအထိသာ နေထိုင်ခြင်း စသည်တို့ကို ဆိုလိုသည်။

တဖန် ကြေကျက်လွယ်သည့် ဘောဇဉ်ကို မှီဝဲသုံးဆောင်ခြင်း ဟူသည်-
ကြေလွယ်၊ ကျက်လွယ်သည့် အစားအစာဘောဇဉ်များကိုသာ မှီဝဲသုံးဆောင်ခြင်းကို ဆိုလိုသည်။

ထို့ပြင် အကျင့်သီလနှင့် ပြည့်စုံခြင်းဟူသည်-
အသက်ရှည်လိုကြသူတို့သည် ၅-ပါးသီလကို စောင့်ထိန်းရန် ဖြစ်သည်။ သုစရိုက်ဖြစ်သည့် ကောင်းမှုကုသိုလ်များနှင့် ပြည့်စုံအောင် ဆောင်ရွက်ရန်ဖြစ်သည်။

မိတ်ဆွေကောင်းရှိခြင်း ဆိုသည်မှာမူ-
သားကောင်း၊ သမီးကောင်း၊ ဇနီးမယားကောင်း၊ လင်ယောက်ျားကောင်း၊ မိတ်ဆွေကောင်းများနှင့် အတူတကွ ပေါင်းသင်းနေထိုင်ကြခြင်းကို ဆိုလိုသည်။
ထိုထိုမိတ်ဆွေကောင်းတို့သည် ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုတို့ကို ပေးနိုင်သောကြောင့် ဖြစ်သည်။

ဤသည်တို့ကား ဗုဒ္ဓဘုရားရှင် ဟောကြားညွှန်ပြတော်မူသော အသက်ရှည်ကြောင်း နည်းလမ်းကောင်းများ ဖြစ်သည်။ အသက်ရှည်လိုသူများ သတိပြုဆင်ခြင်နိုင်ကြပါစေ။ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။

( မြတ်မင်္ဂလာ ၂၀၀၈-ခု ဖေဖော်ဝါရီလ)

သြ၀ါဒ

မိမိတို့ကိုယ်ကို လူတော်လူကောင်းဖြစ်အောင် ပြုကျင့်ကြ။
ဘာသာ သာသနာနှင့် နိုင်ငံနှင့်လူမျိုး အကျိုးပြုနိုင်အောင် နေထိုင်အားထုတ်ကြ။
ဘယ်ဖက်ကမှ အသုံးမဝင်ဘူးဆိုလျှင် လူပိုပဲ။
ဒါကြောင့် လောကီလောကုတ္တရာ အရည်အချင်းတွေနှင့် ပြည့်စုံအောင် ကြိုးစားကြပါ။

ဘဒ္ဒန္တ ကောဏ္ဍည မဟာထေရ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့
မန်ဆူဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော်

Saturday, June 12, 2010

ဘာသာရေး ပြဿနာ ( ၁၇ )

( ဘဒ္ဒန္တ ၀ါယာမသာရ ဖြေသည်)

(မေး) (မိဘကိုထောက်ပံ့ခြင်း)
အရှင်ဘုရား၊ တပည့်တော်မှာ ဘွဲ့ရပြီးကတည်းက အိမ်ထောင်ကျပါသည်။ အိမ်ထောင်ကျတော့လည်း အမျိုးသမီး အိမ်မှာ လိုက်နေရပါသည်။ ယောက္ခမများနှင့်အတူ စီးပွားရေး ပေါင်းလုပ်ရပါသည်။ တပည့်တော်မှာ မိဘဆွေမျိုး တွေကို ထောက်ပံ့ချင်သော်လည်း အခွင့်မရပါ။
ထို့ကြောင့် ဇနီးနှင့် ယောက္ခမများ မသိအောင် စုဆောင်း၍ မိဘများကို ထေက်ပံ့ရပါသည်။ ထိုသို့ မသိအောင် ထောက်ပံ့ခြင်းအတွက် အဒိန္နာဒါနကံ ထိုက်-မထိုက် ဖြေကြားပေးပါဘုရား။
(ခင်မောင်သန်း-မန္တလေး)

(ဖြေ)
အဒိန္နာဒါနကံ၏ အင်္ဂါများမှာ-
(၁) သူတပါးဥစ္စာလည်း ဖြစ်ရမည်။
(၂) သူတပါးဥစ္စာဟုလည်း အသိအမှတ် ရှိရမည်။
(၃) ခိုးလိုသောစိတ်စေတနာလည်း ရှိရမည်။
(၄) ခိုးလည်း ခိုးယူသည်။( ကိုယ်စိတ် ၂-ပါး လုံ့လပြုသည်)
(၅) ခိုးယူရရှိပြီး ခိုးမှုကိစ္စ အထမြောက်ရမည်။

ဤအင်္ဂါ ၅-ပါးနှင့် ပြည့်စုံလျှင် အဒိန္နာဒါနကံ ထိုက်ပါသည်။ ဦးခင်မောင်သန်းသည် စီးပွားတူလုပ်နေသဖြင့် မိမိဥစ္စာအဖြစ်လည်း တစိတ်တပိုင်း ပြောနိုင်သည်။ မိမိ၏လုပ်အားခအဖြစ်သော်၎င်း၊ အကျိုးအမြတ် အဖြစ်သော်၎င်း မှတ်ယူနိုင်သည်။ ထိုလုပ်အားခ သဘော၊ မိမိ၏ အကျိုးအမြတ်သဘောဖြင့် သင့်တင့်လျောက်ပတ်စွာ မိဘများကို ထောက်ပံ့ခြင်းမှာ ခိုးလိုစိတ်ဖြင့် မဟုတ်သဖြင့် အပြစ်မရှိနိုင်ဟု ယူဆရပါမည်။

သို့ရာတွင် သင့်တင့်လျော်ကန်သော အချိုးအစားမဟုတ်ဘဲ အတိုင်းအဆများစွာ မသိအောင် ပေးလျှင်ကား မိမိစိတ်တွင် မည်သို့သော စိတ်စေတနာပါမည်-မပါမည်ကို အထက်ပါအင်္ဂါ ၅-ရပ်နှင့် နှိုင်းယှဉ်၍ မိမိဘာသာ ဆုံးဖြတ်နိုင်ပါလိမ့်မည်။ (လောကတွင် တရားမျှတစွာ ပြုတတ်ဖို့ လွန်စွာ အရေးကြီးပါသည်။)
********************************************************************************

(မေး) (မေတ္တာ နှင့် ဒေါသ)
အရှင်ဘုရား အဘိဓမ္မာသဘောတရားချင်း အတူတူဖြစ်လို့ မေတ္တာပို့၍ ရသည်ဆိုလျှင် မေတ္တာ၏ ဆန့်ကျင်ဘက် ဒေါသကိုလည်း ပို့လို့ရမည်ဟု ထင်ပါသည်။ ဒေါသ ပို့လို ရ-မရ သိချင်ပါသည်ဘုရား။
(မောင်သုတ-သင်္ဃန်းကျွန်း)

(ဖြေ) မေတ္တာပို့လို့ရောက်ပါသည်။ ရပါသည်။
မေတ္တာ၏ဆန့်ကျင်ဘက် ဒေါသလည်း ပို့လို့ရပါသည်။ ရောက်ပါသည်။
မေတ္တာနှင့်ဒေါသကို နှိုင်းယှဉ်ကြည့်လျှင် မေတ္တာသည် လောကကို ကောင်းကျိုးပြုသောတရား၊
ဒေါသက လောကကို ဖျက်ဆီးသောတရား။
မေတ္တာသည် အဖြူ ကုသိုလ်တရား။
ဒေါသသည် အမဲ အကုသိုလ်တရား။
မေတ္တာသည် တန်ဖိုးကြီးသော ရတနာစိန်ကျောက်။
ဒေါသက လမ်းခင်းတဲ့ ကျောက်ခဲ၊ သလဲခဲ။
မေတ္တာသည် ရခဲ ဖြစ်ခဲ ရှိခဲသောတရား။
ဒေါသက ဖြစ်လွယ် ရလွယ် ရှိလွယ်သောတရား။
မေတ္တာသည် ရေဆန်ခရီး၊
ဒေါသက ရေစုန်ခရီး စသည်ဖြင့် အမျိုးမျိုး ခြားနားချက်ရှိသည်ကို သိနိုင်ပါသည်။

လောကကောင်းကျိုးပြု ရခဲ၊ ဖြစ်ခဲသော မေတ္တာနှင့် ဒါန၊ သီလ စသော ကုသိုလ်တရားတို့ကိုကား မရရအောင် အတင်းလုပ်ယူကြပါသည်။
လောကကို ဖျက်ဆီးမည့် အကုသိုလ်ဒေါသတရားဆိုးများကတော့ သတ္တ၀ါတို့သန္တာန်မှာ အလွန်အကဲ ရလွယ်၊ ဖြစ်လွယ်လွန်းသည်။ သတ္တ၀ါတို့၏ သန္တာန်မှာ ဒီတရားဆိုးတွေ မဖြစ်အောင် တားဆီးနေကြရပါသည်။ ထို့ကြောင့် အထူးတလည် ပို့စရာမလိုတော့ပြီ။

မေတ္တာမပို့နိုင်ခဲ့လျှင် ရှိပါစေ၊ ဒေါသကတော့ ပို့ဖို့ မကြိုးစားပါနဲ့။ မတွေးဝံ့စရာပါ။ ချစ်ခြင်း၊ မုန်းခြင်း နှစ်မျိုးလုံးမပါသော ဥပေက္ခာတရားနှင့် သဗ္ဗေသတ္တာ ကမ္မဿကာ သတ္တ၀ါအားလုံး ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါ၏။ သက်ရှိသက်မဲ့အားလုံး မမြဲခြင်း သင်္ခါရသဘောတရား အထင်အရှားရှိကြပါ၏။ အချိန်ကာလက အဆုံးအဖြတ်ပေးသွားပါလိမ့်မည်။ သည်းခံပါလေ။ သူ့ကံနှင့်သူ ထင်ရှားသွားကြပါလိမ့်မည်။ မိမိအကုသိုလ်တွေ တနင့်တပိုးကြီး သံသရာကို ယူဆောင်မသွားပါလေနဲ့။
********************************************************************************

(မေး) (သံဃာဒိသိသ်အာပတ်)
အရှင်ဘုရား၊ ရဟန်းတပါးသည် သံဃာဒိသိသ်အာပတ် သင့်ခဲ့သော် ဖုံးလွှမ်းထားသမျှသော ရက်တို့ပတ်လုံး ပရိဝတ်ဆောက်တည်ခြင်း၊ ခြောက်ရက် မာနတ်ကျင့်ရခြင်း၊ သံဃာ ၂၀-နှင့် အဗ္ဘာန်သွင်းရခြင်းတို့ကို ပါတိမောက်၌ တိုက်ရိုက်ဆိုထားပါလျက် သံဃာဒိသိသ်အာပတ်သင့်သောရဟန်းသည် ရက်ပေါင်း ၁၀၀-လောက် ဖုံးထားပြီး ရက်ပေါင်း ၂၀-လောက်သာ ပရိဝတ်ဆောက်တည်၍ ကုစားလျှင် ပျောက်ပါသလား ဘုရား။
(အရှင်ဉာဏ၀ံသ-ကန်သာ၊ မိတ္ထီလာ၊ ခေတ္တ-စိန်မမပါဠိတက္ကသိုလ်၊ မော်လမြိုင်)

(ဖြေ)
မပျောက်ပါ။ ရက်ပေါင်း ၁၀၀-ဖုံးလွှမ်းထားလျှင် ရက်ပေါင်း ၁၀၀-ပရိဝတ် နေရပါမည်။ ၁၅-ရက်၊ ရက်ပေါင်း ၂၀- ပရိဝတ်နေ၍ ကုစားကြသည်မှာ ဒေသနာမှန်မှန်ကြား၍ ဥပုသ်မှန်မှန်ပြုသော ရဟန်းတို့မှာ ၁၅-ရက်တကြိမ် ဥပုသ်ပြု ဒေသနာ ကြားတတ်ကြ၍ ဖြစ်သည်။ ဥပုသ် မှန်မှန်မပြုဖြစ်သော ရဟန်းအတွက် မသေချာသောကိစ္စ ဖြစ်သည်။

အကောင်းဆုံးမှာ မိမိ မည်မျှစင်ကြယ်ခဲ့သည်၊ မစင်ကြယ်ခဲ့သည်ကို စဉ်းစား၍ သံသယကင်းလောက်အောင် ပရိဝတ်ဆောက်တည်ရမည်။ ဥပမာ-မိမိ မစင်ကြယ်ဟု ယူဆသော ကာလအပိုင်းအခြားထိ သတ်မှတ်၍ ဆောက်တည်ရမည်။ ရဟန်းခံပြီး ဘယ်နှစ်ဝါထိ သန့်ရှင်းသည်။ ထို့နောက် မသန့်ရှင်းတော့။ ထိုမသန့်ရှင်းသော နှစ်အပိုင်းအခြားတိုင်အောင် ပရိဝတ်နေရမည်။ ရဟန်းဖြစ်စကတည်းက မစင်ကြယ်ခဲ့ဟု ယူဆလျှင် ရဟန်းဝါအလိုက် (သဒ္ဓန္တ) ပရိဝတ်နေရမည်။ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းကောင်းတို့သည် မှန်မှန် ဥပုသ်ပြု၍ ဒေသနာကြားခြင်းဖြင့် အာပတ်များ မသင့်အောင်၊ သင့်လျှင်လည်း မဖုံးထားမိအောင် ကျင့်ရာ၏။
********************************************************************************

(မေး) ( ဘရားများနှင့် မယ်တော်)
အရှင်ဘုရား၊ ဂေါတမဘုရားရှင်သည် နတ်ပြည်တက်၍ မယ်တော်ဖြစ်ဖူးသော နတ်သားကို တရားဟောသည်ဟု စာပေများတွင် ဖတ်ရှုရပါသည်။ မယ်တော်ဖြစ်ဖူးသော နတ်သားသည် တရားနာရသော်လည်း ကျွတ်တမ်းမ၀င် ဟု ထင်ပါသည်။ တပည့်တော်ကြားဖူးသည်မှာ မယ်တော်မာယာဒေ၀ီ မိဖုရားကြီးသည် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရာငါးဆူလုံး၏ မယ်တော်ဖြစ်ရပါလို၏ဟု ဆုတောင်းထား၍ အရိမေတ္တေယျ ဘုရားလောင်း ကို ဖွားမြင်ပြီးမှ ကျွတ်တမ်းဝင်မည်ဟု ကြားသိဖူးပါသည်။ မှန်-မမှန် ကျမ်းအကိုးအကားနှင့် ရှင်းလင်းဖြေကြား ပေးတော်မူပါဘုရား။
(ဦးမြဟန်-ရန်ကုန်မြို့)

(ဖြေ)
မမှန်ပါ၊ ဘုရားလောင်းကို မွေးဖွားပြီးသော မယ်တော်သည် ၇-ရက်မျှသာ လူ့ဘုံ၌ နေ၍ နတ်ရွာစံရသည်။ တုသိတာနတ်ပြည်၌ ဖြစ်မြဲဖြစ်သည်။ အဘယ့်ကြောင့် ၇-ရက်မျှသာ နေရသည်ဆိုသော် ဘုရားတဆူ ကိန်းပြီးသော မယ်တော်ဝမ်းတိုက်သည် စေတီကိန်းသော စေတီတိုက်နှင့်တူ၏။ စေတီထိုက်သောနေရာသည် တပါးသောသူတို့ သန္ဓေယူ ကိန်းအောင်းခြင်းငှါ၎င်း၊ သုံးဆောင်ခြင်းငှါ၎င်း၊ မထိုက်တော့ပေ။ ထို့ကြောင့် ၇-ရက်မျှသာနေ၍ တုသိတာနတ်နန်းသို့ စံမြန်းရမြဲ ထုံးစံဖြစ်လေ၏။

မယ်တော်မာယာ၏ ရှေးဘ၀အစဉ်အဆက်ကိုကြည့်လျှင် ၀ိပဿီမြတ်စွာဘုရားလက်ထက်တွင် ဗန္ဓုမမင်းကြီး၏ သမီးကြီးဖြစ်ပြီး ဘုရားရှင်အား စန္ဒကူးမှုန့်ဖြင့် ပူဇော်၏။ ကျောင်းတော်ကိုလည်း စန္ဒကူးမှုန့်တို့ဖြင့် ကြဲ၍ ပူဇော်၏။ နောင်အခါ မြတ်စွာဘုရားရှင်၏ မယ်တော်ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏။

တဖန် ကဿပဘုရားရှင်လက်ထက၌ ကိကီမင်းကြီး၏ သမီးတော် ၇-ဖော်တွင် သုဓမ္မာ မည်သော သမီးဖြစ်၍ အသက်ထက်ဆုံး အဗြဟ္မစရိယသိက္ခာပုဒ် ထိန်းသိမ်း၍ နေသွားခဲ့၏။ ထို့နောက် ဝေဿန္တရာဇာတ်တော်၌ မယ်တော်မာယာလောင်းသည် ဝေဿန္တရာမင်းကြီး၏ မယ်တော် ဖုဿတီ မိဖုရားကြီး ဖြစ်လာ၏။ ငါတို့ဂေါတဘုရားလက်ထက်တွင် ဂေါတမဘုရား၏ မယ်တော်မာယာ ဖြစ်လာသည်ဟုဆိုသဖြင့် ဘုရားငါးဆူလုံး၏ မယ်တော်ဖြစ်ရမည်ဆိုလျှင် ကဿပဘုရားရှင်၏ မယ်တော်လည်း ဖြစ်ရမည်သာ။ ထိုသို့ကား မဖြစ်ခဲ့။ ကဿပဘုရားရှင်လက်ထက်တွင် ကိကီမင်းကြီး၏ သမီးတော် ၇-ဖော်တွင် သုဓမ္မာမည်သော သမီးဖြစ်၍ အသက်ထက်ဆုံး အဗြဟ္မစိရိယသိက္ခာပုဒ် ထိန်းသိမ်းသော အပျိုစင်ဘ၀ဖြင့် နေထိုင်သွားခဲ့၏။ ကဿပဘုရား၏ မယ်တော်သာ ဖြစ်ရရိုးမှန်လျှင် မွေးဖွားပြီး ၇-ရက်သာနေ၍ နတ်ရွာစံရမည်သာ ဖြစ်လေသည်။ ဤအချက်ကိုထောက်၍လည်း မမှန်ကန်ကြောင်း သိသာလှပါသည်။
(သုတ်မဟာဝါ-ဋ္ဌ၊ မဟာပဒါနသုတ်နှင့် ဝေဿန္တရာဇာတ်တို့၌ ဖော်ပြချက်အရ ဖြစ်သည်)။

ထို့ပြင် ဘုရားရှင်တို့သည် သူ့ခမည်းတော်၊ မယ်တော် အသီးသီးရှိကြကုန်၏။ ဗုဒ္ဓ၀င်ပါဠိ၌-
(က) ကကုသန်-ခမည်းတော် ပုဏ္ဏားမျိုး အဂ္ဂိဒတ္တ။ မယ်တော် ၀ိသာခါ။
(ခ) ကောဏာဂုံ-ခမည်းတော် ပုဏ္ဏားမျိုး ယညဒတ္တ။ မယ်တော် ဥတ္တရာ။
(၈) ကဿပ-ခမည်းတော် ပုဏ္ဏားမျိုး ဗြဟ္မဒတ္တ။ မယ်တော်-ဓန၀တီ။
(ဃ) ဂေါတမ-ခမည်းတော် မင်းမျိုး သုဒ္ဓေါဒန။ မယ်တော် မာယာဒေ၀ီ။
(င) အရိမေတ္တေယျ-ပုဏ္ဏားမျိုး သုဗြဟ္မာ။ မယ်တော် ဗြဟ္မ၀တီ တို့ဖြစ်သည်။

အထက်လေးဆူကို ဗုဒ္ဓ၀င်ပါဠိ၌ပြပြီး အရိမေတ္တေယျ အကြောင်းကိုကား ၀ိသုဒ္ဓ်မဂ် ဋ္ဌ-အနာဂတံသဉာဏ် အဖွင့်တွင် အနာဂတေ မေတ္တေယျောနာမ ဘဂ၀ါ ဥပ္ပဇ္ဖိဿတိ၊ သုဗြဟ္မာ နာမဿ ဗြဟ္မဏော၊ ပိတော ဘ၀ိဿတိ။ ဗြဟ္မ၀တီနာမ ဗြဟ္မဏီ မာတာတိ-ဟု မဟာဝင်၊ ထူပ၀င်၊ အနာဂတ၀င်ကျမ်းတို့၌လည်း သိဝုဒ္ဓိမဂ်နှင့်အတူ ပြဆိုထားသဖြင့် ခမည်းတော် မယ်တော် သီးခြားစီသာ ဖြစ်ကြကုန်၏။

မယ်တော်တဦးတည်းဖြစ်သည်ဟု ပြဆိုထားသော ကျမ်းဂန်မရှိ၍ မမှန်ကန်ကြောင်း မှတ်ယူရာ၏။
မယ်တော်ဖြစ်ဖူးသော သန္တုတိနတ်သားသည် အဘိဓမ္မာတရားကို နာကြား၍ သောတာပန်အဖြစ်သို့ ရောက်ရှိခဲ့သည်။ အထက်မဂ်ဖိုလ်အဆင့်ဆင့်သို့ တက်ရောက်ပြီး နိဗ္ဗာန်ဝင်မည်။

(မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

Thursday, June 10, 2010

ဈေးရောင်းခြင်း နှင့် အမေ

ယနေ့မနက်လည်း ကျွန်တော်သည် မေမေခိုင်းသည့်အတိုင်း ဈေးဝယ်ရန် ဈေးခြင်းတောင်းလေးကို လက်တဖက်ကဆွဲလာခဲ့သည်။ အမေက ဈေးသည်ဖြစ်သောကြောင့် အမေပြန်ရောင်းရန် ကျွန်တော်က လာဝယ်ခြင်းဖြစ်သည်။

ကျွန်တော်သည် ယောက်ျားလေးဖြစ်သော်လည်း ဈေးကို ထောင့်စေ့အောင် တိကျမှန်ကန်စွာ ၀ယ်တတ်၊ ခြမ်းတတ်သည်။ ထို့ကြောင့် အမေက ကျွန်တော့်ကို မနက်တိုင်း ဈေးသို့လွှတ်သည်။
နေ့တိုင်း ဈေးဝယ်ရခြင်းအကျင့်ကြောင့် ကြက်သွန်၊ ဆန်၊ အာလူး၊ ငရုတ်၊ ဆပ်ပြာ၊ ဆား စသည်တို့၏ ဈေးနှုန်းတို့ကို အလွတ်ရနေခဲ့သည်။ ကျောင်းသို့ရောက်လျှင်လည်း ဈေးရှိန်ကမသေဘဲ ကြက်သွန်ဈေး ဟိုတနေ့ကနဲ့ ဘယ်လောက်တောင်တက်တာ။ မန်ကျည်းသီးကလည်း ဘယ်လိုဈေးမြင့်လာတာ စသည်ဖြင့် သူငယ်ချင်းအချို့ကို ပြောပြနေတတ်သည်။

စာထိုင်ကျက်နေရင်းလည်း အငြိမ်မနေ အမေဈေးရောင်းနေသည်ကို ၀င်၍ -
အမေကလည်းလေ အာလူးဈေးက မြောက်ပါဘိနဲ့ တလုံးဆိုလည်း တလုံး အပိုထည့်ပေးနေစရာ မလိုပါဘူး။
ထိုအခါ အမေက ပြုံးပြီး ငါ့သားလေးကလေ တွန့်တိုမနေပါနဲ့ကွယ်။ ဒီမှာသား- မရှိလို့ မလှူ၊ မလှူလို့ မရှိ-ဆိုတဲ့စကားကို သားကြားဖူးတယ်မဟုတ်လား။
ကြားဖူးတယ် အမေ၊ ဒါပေမယ့် အခုပြောနေတာနဲ့ ဘာမှမဆိုင်ပါလား အမေကလဲ။
ဆိုင်တာပေါ့ သားရယ်၊ ဆိုင်တာပေါ့။ အဲဒီ ဆိုရိုးစကားရဲ့နောက်မှာ မလှူနိုင် ဈေးရောင်းဆိုတဲ့ စကားလည်း ရှိသေးတယ်သားရဲ့။

အင်း အမေပြောတဲ့အဓိပ္ပါယ် သား-နားလည်မှာပါ။ သားလည်း အလယ်တန်းတောင် ပြီးတော့မှာ မဟုတ်လား။ အကင်းပါးရော့ပေါ့။
ဒီမှာတော့ ကျွန်တော်လည်း သဘောပေါက်ခဲ့သည်။ အမေပြောတာ ထိရောက်ပါပေသည်။ အလှူမပေးနိုင်လျှင် ဈေးရောင်း၊ ဈေးရောင်းတာဟာ လှူတာနဲ့ အတူတူပဲပေါ့။ ဒါပေမယ့် ဘယ်လိုလှူလိုက်တာပါလိမ့် ဆိုပြီးတော့လည်း တွေဝေမိခဲ့သေးသည်။

တနေ့မှာတော့ အမေဈေးရောင်းတဲ့အနား စာသွားကျက်နေရင်း ဈေးဝယ်က-
အမရေ၊ ကြက်သွန်နီလေး ငါးဆယ်သားလောက် ပေးပါ။
အေး အေး၊ ရော့ ဆန်ခါခုံး၊ ညီမကြိုက်တာ ရွေးထည့်။ ပြီးတော့ အမချိန်ပေးမယ်။
အမေက ဈေးဝယ်ရှေ့ ဆန်ခါခုံး ထိုးပေးလိုက်သည်။ ဈေးဝယ်လည်း ဆန်ခါခုံးတ၀က်ကျော်ခန့် ရွေးထည့်လိုက်ပြီး-
အမ၊ ရော့ ရလောက်ပြီ။ ချိန်ကြည့်ပါဦး။
ပေး ညီမ။

အမေ ချိန်ခွင်ပေါ် တင်ချိန်ကြည့်လိုက်သည့်အခါ ချိန်ခွင်လျှာက ငါးကျပ်သားခန့် ပြူးထွက်နေသည်ကို ကျွန်တော်လည်း တွေ့လိုက်ရသည်။ သည်ရပ်ကွက်တွင် အမေ့ဆိုင်လေးသည် အလေးချိန်အမှန်ကန်ဆုံးဟု ထင်ရှားသည်။ ပိုနေသည်ကို အမေက နုတ်မယူတော့ဘဲ ကဲ ညီမရေ၊ အမ ပိုထည့်ပေးလိုက်တယ် နော်။ သြော် ဒါနဲ့ ကြီးတော် လှတို့ နေကောင်းကြတယ် မဟုတ်လား။

ကောင်းကြပါတယ် အမ၊ ကျေးဇူးပဲနော်။ ဈေးဝယ်ပိုက်ဆံပေးပြီး ထွက်သွားသောအခါ အမေက
ငါ့သား အမေပြောတဲ့အဓိပ္ပါယ်ကို သား နားမရှင်းခဲ့တာ အမေ သိပါတယ်။ ဒီတခါတော့ သား သဘောပေါက်ပြီ မဟုတ်လား။
ဟုတ်ကဲ့ အမေ၊ သား နားလည်သွားပါပြီ။
အမေက ပိုတဲ့အလေးချိန်ကို နုတ်မပစ်ဘဲ အမေတတ်နိုင်သလောက် လှူလိုက်သည်ဆိုသော အဓိပ္ပါယ်ကို ပညာသားပါပါ ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။

အမေ့ကိုလည်း ပညာတတ်နည်းဖြင့် မိမိတတ်နိုင်ကာ လှူတဲ့ အလှူအမကြီးအဖြစ် မြင်ယောင်ကြည့်မိပါသည်။ ထို့ပြင် ပို၍လည်း လေးစားမိပါသည်။
ကျွန်တော်သည်လည်း ဤကုသိုလ်ရသော ဈေးရောင်းခြင်း-အလုပ်ကို ဘယ်တော့မှ မေ့နိုင်၊ မစွန့်နိုင်ပါကြောင်း ကြီးစွာ ယုံကြည်နေမိပါတော့သည်။

အောင်ရင် (စစ်ကိုင်း)
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

နာခဲ့ရသော တရားတပုဒ်

မိတ်ကောင်း ဆွေကောင်းတို့သည် တဦး၏ အကျိုးစီးပွားကို တဦးက ဆောင်ပေးတတ်ကြပါသည်။ ထိုကဲ့သို့သော မိတ်ကောင်းတဦးနဲ့ သိကျွမ်းခင်မင်ခဲ့ဖူးပါသည်။ မကွေးတိုင်း ကံမမြို့သား ကွယ်လွန်သူ ဦးစောလွင် (ညွှန်ကြားရေးမှူးချုပ် အဆင့်မြင့်ပညာ ဦးစီးဌာန၊ အောက်မြန်မာပြည်) ဖြစ်ပါသည်။

တချိန်က သူသည် ကျွန်တော်နှင့်အတူနေထိုင်ခဲ့ဖူးပါသည်။ ကျွန်တော်၏ အိမ်တွင်ပင် အိမ်ထောင်ကျကာ သားတယောက် ထွန်းကားခဲ့ပါသည်။ သူတို့မိသားစုသည် ကျွန်တော့်ကို ဖခင်တဦးသဖွယ် ပြုစုကြပါသည်။ ဆရာတော်ကြီးများကို ပူဇော်၊ ဖူးမြော်၍ တရားဓမ္မများ နာကြား၊ ဆွေးနွေးခွင့်ရရှိစေရန်လည်း စီစဉ်ပေးခြင်းဖြင့် ကျွန်တာ့်ကို ကျေးဇူးပြုခဲ့ကြပါသည်။ ကျေးဇူးအထူးတင်မိပါသည်။

၁၂-၅-၉၁-ရက်နေ့က ဗဟန်းမြို့နယ် အမှတ် ၁၈၅-ဓမ္မစေတီလမ်းရှိ ကျောင်းတိုက်တွင် သီတင်းသုံး နေတော်မူသော အဂ္ဂမဟာပဏ္ဍိတ မိုးညှင်းဝိပဿနာတိုက်သစ် ဆရာတော်ဘုရားကြီးထံ ကျွန်တော့်ကို ဦးစောလွင်က ပို့ပေးခဲ့ပါသည်။
ဆရာတော်ကြီးက ကျွန်တော့်ကို ဦးတည်၍ ဟောကြားသော တရားတပုဒ်ကို နာကြားခွင့် ရရှိခဲ့ပါသည်။ စာရှုသူတို့အား ဓမ္မဒါနပြုသည့်အနေဖြင့် အောက်တွင် ဖော်ပြပေးပါမည်။

(ဆရာတော်ဘုရားကြီး ဟောကြားခဲ့စဉ်က ကျွန်တော် နာယူ ရေးချ မှတ်တမ်းတင်ခဲ့သည့် အတိုင်း တည်းဖြတ်ခြင်းမပြုပါဘဲ ဖော်ပြထားခြင်း ဖြစ်ပါသည်။)
ဆရာတော်ကြီး ဟောကြားသည်မှာ-
ကောဇာသက္ကရာဇ် ၁၃၅၃-ခု ကဆုန်လပြည့်ကျော် ၁၅-ရက် ပါမောက္ခချုပ်ကြီးအား ဟောကြားသောတရား။

မမြင်အပ်တာ မမြင်အပ်ပေဖို့
မြင်အပ်တာ မမြင်တတ်ကြလို့
အသွင်တရပ်
ပညတ်တွေက အထွေထွေ။

တရားမကြိုက်သူတို့က
အမှားစရိုက်တွေနဲ့
ငါးနှိုက်ရာ
မြွေကိုစမ်းသည့်နှယ်
ဖမ်းတဲ့ပုံပေ။

အမှားအဆိပ် တက်ပြန်တော့
စိတ်ထဲမှာတဝေေ၀
မပြေနိုင် အမှားကြီး။

အမှန်တရားနဲ့
အမှန်ဘုရားကို အထင်မမှားလေနဲ့
သတ္တ၀ါတွေ ရင်ဝယ်သားလိုပါ့
ကယ်ဆယ်တာ မရေနိုင်အောင်များခဲ့ပေါ့
အပါယ်ကို အလွယ်နဲ့မသွားရအောင်
ထားသတိကြီး။

ဤကဗျာ၏ စကားပြေအဓိပ္ပါယ်ကား-
(တရား) နိဗ္ဗာန်ရောက်ရန် တရားအားထုတ်ရာ၌ ပညတ်သည် မကြည့်အပ်သော တရားတည်း။
ပရမတ်သည် ကြည့်အပ်သော တရားတည်း။
မကြည့်အပ်သော ပညတ်တွေသာ ကြည့်နေကြသည်။
ကြည့်အပ်သော ပရမတ်ကို မကြည့်ပေ။
လောကကြီး၌ ပရမတ်တွေ ပေါင်းစုနေသော ပညတ်တွေ များလှ၏။
ထိုပညတ်ပင် အဟုတ်ထင်ကြ၏။
ခင်မင်ကြ၍ နှစ်သက်ကြ၏။
အမှန်ကား ထိုခင်မင်သော ပညတ်သည် ပရမတ်တရားသာ အရင်းခံတည်း။

ဥပမာ-
လူတယောက် ငါး-လိုချင်၍ မြစ်ကမ်း ငါး-နှိုက်၏။ လက်နှင့်စမ်းမိ၏။ မြွေကြီးစမ်းမိ၏။ မမြင်ခင်က ငါး-ထင်၏။ နှစ်သက်၏။ လက်ထုတ်ကြည့်လိုက်မှ နှစ်သက်သော ငါး-မဟုတ်။ မြွေကြီးဖြစ်နေသည်ကို မြင်၏။ ထိုအခါမှ ကြောက်၏။ ကြည့်လေလေ ကြောက်လေလေ ဖြစ်၏။ လက်ထဲ ကြာကြာမကိုင်ချင်တော့။ လွတ်ရာလွှင့်ပစ်လိုလား၏။ လက်ကလွတ်သွားမှ စိတ်ချမ်းသာ လက်ချမ်းသာ ၀မ်းသာ၏။

ဤဥပမာအတိုင်း ငါး-လိုချင်သောသူနှင့် တရားအားထုတ်သောသူ တူ၏။
မမြင်ခင် ငါး-ထင်တာနဲ့ တရားမမြင်ခင် ငါ-ထင်တာ တူ၏။
လက်ထုတ်ကြည့်မှ ငါး-မဟုတ်၊ မြွေမှန်း သိသလို တရားအားထုတ်သောအခါမှ ငါ-မဟုတ်၊ ရုပ်နာမ်တွေမှန်း
မြင်၏။
ကြာကြာမြင်လေလေ ကြောက်လေလေ ဖြစ်၏။ လက်ထဲ ကြာကြာမထားချင်၊
လွှင့်ပစ်တာနဲ့ ရုပ်နာမ် မနှစ်သက်၍ မကြည့်ချင် စွန့်ပစ်၍ ရုပ်နာမ်ငြိမ်းသော နိဗ္ဗာန် မြင်တာနဲ့ တူ၏။

လက်တွေ့ကျင့်ရန်ကား-
ရုပ်နာမ်ခွဲခြမ်း၍ သိစွမ်းနိုင်သူကို ဘုရား ချီးမွမ်းတော်မူ၏။
ရုပ်နှင့်နာမ် ခွဲခြမ်း၍ သိစွမ်းနိုင်က အနိစ္စဉာဏ်လည်း ပေါက်၏။
ဒုက္ခဉာဏ်လည်း ပေါက်၏။
အနတ္တဉာဏ်လည်း ပေါက်၏။
နိဗ္ဗာန်လည်း ရောက်၏။
ခွဲခြမ်း၍ကြည့်ရန် အလုပ်ကား မျက်စိနှင့်အဆင်းမြင်လျှင် မြင်သိစိတ်သည် ငါမဟုတ်၊ လူမဟုတ်၊ အစုအခဲမဟုတ်၊ တခုတည်းဖြစ်သော သဘာဝတရားတည်း။

ထိုတရားသည် မြင်ပြီးပျက်၍ မမြဲသော အနိစ္စတည်း။
မြင်ပြီးပျက်စီး၍ ဘာမျှမကျန်၊ ဘာမျှမရှိ အချည်းနှီးတည်း။
ပျက်စီး၍ အချည်းနှီး ဖြစ်ပုံကို ဥပမာ-ဘုရားဟော၏။
ရဟန်းတို့ မိုးရွာသောအခါ ရေထဲ၌ ရေပွက်တွေပေါ၏။ ထိုရေပွက်တို့သည် ကြာကြာမခိုင်၊ ကြာကြာမခံ၊ မြန်မြန်ပျက်ကြ၏။ ပျောက်ကြ၏။ ဘာမျှမကျန်၊ ဘာမျှ မရှိ အချည်းနှီးထဲ ရောက်ကြ၏။
ထို့အတူ ရုပ်တရား နာမ်တရားတွေ ဤဥပမာအတိုင်း မြင်အောင် ကြည့်လေ။
ဤကား ဒါယကာကြီး အလုပ်လုပ်ရန် ပြခြင်းတည်း-ဟူ၍ ဖြစ်ပါသည်။ ၁၀-နာရီ၊ ၁၂-၅-၉၁-တွင် ပြီးဆုံးသည်။

ဆရာတော်ကြီးက ဆက်လက်မိန့်ကြားသည်မှာ-
လူများသည် အပြင်ကြောင့်လည်း ပူ၏။ အတွင်းကြောင့်လည်း ပူ၏။
အတွင်းပူ၊ အပြင်ပူ၊ လူတိုင်း ပူ၏၊ အထက်မီး၊ အောက်မီးမုန့်နှင့် တူ၏-ဟု၍ ဖြစ်ပါသည်။

ကျွန်တော်တို့တတွေ လောကီအပူဒဏ် ခံစားနေကြရသည်ကိုမြင်၍ ကရုဏာသက်မိဟန်တူပါသည်။ ထို့ကြောင့် ဆရာတော်ကြီးက လွတ်ရာလွတ်ကြောင်း နည်းလမ်းပေးခြင်း ဖြစ်ပေသည်။ သည်နည်းမှာ မြတ်စွာဘုရား ပေးတော်မူသောနည်း ဖြစ်ပါသည်။ သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား ပွားများရသောနည်း ဖြစ်ပါသည်။ ၀ိပဿနာတရားကိုလည်း အခါအခွင့်သင့်ပါမှ ပွားများ၍ ရပေသည်။

ဝိပဿနရာတရားဆိုသည်မှာ သာသနာပတွင် မရှိ။ သာသနာတည်ရှိခိုက်တွင်သာ ပေါ်ထွန်းသည်။ ယခုခေတ်အခါသည် သာသနာတော် တည်ရှိဆဲခေတ်အခါဖြစ်သည်။ သူတော်ကောင်းတရားတို့ကို သင်ပြပေးနိုင်သည့် ဆရာကောင်း၊ သမားကောင်းတို့လည်း ရှိကြဆဲဖြစ်သည်။ သည်အခွင့်အရေးများကို လက်လွတ်မခံပါဘဲ အသုံးချတတ်ရန်သာ လိုပေသည်။ အသုံးချဖို့ သတိရနိုင်ကြစေရန် ရည်၍ ဤစာစုကို ပြုစုပြီး ဓမ္မဒါနပြုခြင်း ဖြစ်ပါသည်။ စာရှုသူတို့ ၀ိပဿနာတရားကို ပွားများနိုင်ကြပြီး မိမိတို့ လိုလားအပ်သည့် နိဗ္ဗာန်ချမ်းသာသို့ ချမ်းသာသော အကျင့်ဖြင့် ဆောလျဉ်စွာ ရောက်ရှိနိုင်ကြပါစေ။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

တင်ဦးလှိုင်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

ထူးခြားသော ဖြစ်ရပ်မှန်

ကျွန်တော်သည် တောင်ဒဂုံမြို့နယ် ၂၅-ရပ်ကွက်တွင် နေထိုင်သူတဦးဖြစ်ပြီး စက်မှုဇုန် ၁-ရှိ ကုမ္ပဏီတခုမှ စာရင်းကိုင် ၀န်ထမ်းလည်း ဖြစ်ပါသည်။ အသက် ၆၀-ကျော် မိဘနှစ်ပါးကို တတ်စွမ်းသမျှ အလုပ်အကျွေး ပြုနေသူတဦးလည်း ဖြစ်ပါသည်။

အကို အမများမှာ အိမ်ထောင်အသီးသီးကျပြီး ပြောင်းရွှေ့သွားကြရာ ကျွန်တော်အလုပ်သွားချိန်တွင် အိမ်၌ အဖေနှင့်အမေသာ ကျန်ရစ်ခဲ့ပါသည်။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တဦးပီပီ ဘာသာရေးဘက်တွင် နားလည်သလောက် လေ့လာလိုက်စားပါသည်။ မြတ်မင်္ဂလာ၊ ဓမ္မရံသီ အစရှိသော စာစောင်များ ဖတ်ရှုခြင်း အခါအားလျော်စွာ တရားနာယူခြင်း တရားရှုမှတ်ခြင်းများကို အခါအခွင့်သင့်တိုင်း ကြိုးစားပြုလုပ်တတ်ပါသည်။

၂၀၀၇-ခုနှစ် ဇွန်လ၏ မိုးသည်းသော နေ့တနေ့။
ကျွန်တော် ရုံးမှပြန်လာချိန် ညနေပိုင်းတွင် အိမ်မှာ အဖေမရှိပါ။ မကွေးမှ ဆွေမျိုးများထံ အလည်အပတ်သွားနေရာ အမေသာ ထမင်းဟင်းချက်ရင်း စောင့်နေပါသည်။ ရောက်လျှင်ရောက်ချင်း အိမ်ရှေ့ခန်းမျက်နှာကြက်မှ မီးလုံးဟောင်းကို လဲလှဲနေစဉ် ဝေါ-ခနဲ မြည်ဟည်းလာသည့် ထူးဆန်းသောအသံကြီး နှင့်အတူ မုန်တိုင်းဟေ့၊ မုန်တိုင်း ဆိုသော ဆူညံသော သတိပေးသံများ ထွက်ပေါ်လာပါသည်။

သား ဘာသံကြီးလဲ။
လာ လာ အမေ၊ ဒီအခန်းထောင့်မှာ ၀ပ်နေလိုက်။
အမေ့ကို အကာအကွယ်ပြု ၀ပ်နေကြစဉ်မှာပင် အိမ်ခေါင်မိုး သွပ်ပြားများသည် လေပြင်းနှင့်အတူ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားကြသည်ကို တအံ့တသြ ခံစားသိရှိလိုက်ရပါသည်။ အချိန်တိုလေးအတွင်းမှာပင် အင်အားပြင်းထန်သော လေဆင်နှာမောင်းတိုက်ခန်မှု ရပ်ဆိုင်းသွားပါသည်။

သို့ရာတွင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ အိမ်ခေါင်မိုးများ၊ ဆိုင်ခန်းအမိုးများမှာ လွင့်ထွက်ပျက်စီးသွားကြသလို သစ်ကိုင်းကြီးများ ကျိုးကြေပြီး ပိကျမှုဒဏ်ကြောင့် အချို့ ပြိုပျက်ကုန်ကြပါသည်။ ရုတ်တရက် သတိပြန်ဝင် လာချိန်တွင် မြင်တွေ့ရသော မြင်ကွင်းများကြောင့် ကျွန်တော်များစွာတုန်လှုပ်မိပါသည်။ ကျွန်တော်တို့၏ အိမ်တဆောင်လုံးနီးပါး သွပ်ချပ်များ ကွာကျသွားပြီး ဟင်းလင်းပြင်ကြီး ဖြစ်နေပါသည်။ သွပ်ချပ်အနည်းငယ်သာ ပြန်လည်ကောက်ယူနိုင်သော အခြေအနေတွင် ရှိနေပါသည်။ ပတ်ဝန်းကျင်မှာလည်း အော်သံ ဟစ်သံ အထိတ်တလန့် အကူအညီတောင်းသံများကို စိတ်နှလုံး မချန်းမြေ့ဖွယ်ရာ ကြားနေရပါသည်။

မောင်ထက်မြတ်၊ လောလောဆယ် တာလပတ် မိုးထားလိုက်ပါလား။
ဟုတ်ကဲ့ ဦးလေး၊ ကျွန်တော့ကို နည်းနည်းဝိုင်းကူကြပါ။ အဖေကလည်း မကွေးသွားနေလို့။
ရပါတယ်၊ တို့အိမ်ပြီးရင် လာခဲ့မယ်။
အိမ်နီးနားချင်းတို့၏ အကူအညီကို ရယူပြီး ယာယီအမိုး ပြုလုပ်ထားရပါသည်။ သွပ်မိုးနှင့် သစ်သားတန်းများ ပျက်စီးဆုံးရှုံးမှုများကို တွေးတောရင်း အမေလည်း အတော်ပင် ၀မ်းနည်းလျက်ရှိနေပါသည်။

အမေ သိပ်လည်း ၀မ်းနည်းမနေပါနဲ့၊ လူမထိခိုက်တာဘဲ တော်လှပါပြီ။
အေးပါ သားရယ်၊ ဒါပေမယ့် ဒီသွပ်ပြားတွေ ပြန်ဝယ်မိုးဖို့ဆိုတာ. . .
မှန်ပါသည်။ ကျွန်တော့်အပေါ် စာနာသော အမေက ငွေကြေးကုန်ကျမှု အတိုင်းအတာအတွက် တွေးတောပူပန်သလို ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိဈေးနှုန်းအရ သွပ်ချပ်တန်ဖိုးကို သိရှိထားသူဖြစ်ရာ စိတ်ထဲ လေးလံနေမိပါသည်။

အားမငယ်ပါနဲ့ အမေရယ်၊ သားလစာထဲက ဖဲ့ပြီး စုထားတာလေးတော့ ရှိပါသေးတယ်။
အဲဒါ မင်းခရီးထွက်ဖို့ စုထားတာမဟုတ်လား။ အမေ နှမြောလိုက်တာကွယ်။
ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလည်း အမေရယ်။
ညနေ ၆-နာရီခန့်တွင် ရပ်ကွက်အတွင်းမှ လေပြင်းဒဏ်လွတ်မြောက်သူ စေတနာရှင်များက ထမင်းထုပ်များ၊ ဘီစကွက်ထုပ်များကို တတ်အားသမျှ လိုက်လံဝေငှကာ အားပေးစကားများ ပြောကြားကြသည်။ သူတို့ကျေးဇူးကြောင့် စိတ်အားငယ်မှုများ အတော်အတန် ပြေပျောက်ခဲ့ရပါသည်။

လေပြင်းဒဏ်လွတ်မြောက်သူများထဲတွင် ကျွန်တော်နှင့် တရုံးတည်းသား သူငယ်ချင်းကိုနန္ဒလည်း ပါဝင်သည်။
ဘာမှ အားမငယ်ပါနဲ့။ လိုတာရှိရင် တို့ကိုပြော-ဟု အားပေးစကား ဆိုလာသည်။ ကျေးဇူးတင်စွာဖြင့် ကျွန်တော် နက်ဖြန် အိမ်ပြင်ဖို့ ရုံးကို ခွင့်တင်ပေးပါ-ဟု အကူအညီတောင်းဆိုရပါသည်။
ထိုနေ့ညက မိုးတစိမ့်စိမ့် ရွာသွန်းနေရာ အမိုးအကာ မလုံခြုံသောကြောင့် ကျွန်တော်နှင့်အမေတို့ အိပ်လို့မပျော်ကြပါ။ လေပြင်းမုန်တိုင်း နောက်တချီ ထပ်လာဦးမလားဆိုသော စိုးရိမ်စိတ် ရောပြွန်းနေ သောကြောင့်လည်း ဖြစ်ပါသည်။

သား ဘုရားရှိခိုးပြီးပြီလား။
ဟုတ်ကဲ့ သား အခုပဲ ရှိခိုးတော့မလို့ အမေ။
အေးကွယ် မြတ်စွာဘုရားမှတပါး အားကိုးစရာ မရှိပါဘူး။ သားလည်း ဘုရားမှာဆုတောင်းဟုတ်လား။
ဟုတ်ကဲ့ပါ အမေ။

အမေ့ကို ကတိစကားဆိုရင်း အိမ်ရှေ့ဘုရားစင်ရှေ့တွင် ကျွန်တော် ဒူးတုပ်ထိုင်ချလိုက်ပါသည်။ ဆီမီးထွန်းညိပူဇော်ထားသည့်အတွက် ကျောင်းဆောင်ငယ်ထဲမှာ မြတ်စွာဘုရား ဆင်းတုတော်မှာ သက်ရှိထင်ရှားရှိသည့်အလား ၀င်းဝါသပ္ပါယ်နေသည်။ ကျွန်တော့စိတ်ထဲတွင် သက်တော်ထင်ရှား ကိုယ်ထင်ပြသည့်အလား ယုံကြည်ရင်း အားငယ်စိတ်များ ပျောက်ပျက်သွားသလို ခံစားမိပါသည်။

ကျွန်တော်သည် မြတ်စွာဘုရားကို မျက်လုံးစုံမှိတ် အာရုံပြုကာ လက်အုပ်မိုးရှိခိုးရင်း တပည့်တော်သည် ရိုးသားစွာ ရှာဖွေရရှိသော လုပ်ခလစာငွေဖြင့် မိဘနှစ်ပါးတို့အား ပြုစုစောင့်ရှောက်ပါသည်။ ထို့ပြင် ငယ်စဉ် သိတတ်စကာလမှစ၍ ယနေ့ထက်တိုင် ကျေးဇူးရှင်ဖြစ်သော နွားသတ္တ၀ါတို့၏ အသားကို မစားဘဲ ရှောင်ကြဉ် ခဲ့ပါသည်ဘုရား။ ဤမှန်ကန်သောသစ္စာစကားကြောင့် တပည့်တော် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ပါစေ အရှင်ဘုရား-ဟု နှလုံးသားထဲမှ လေးလေးနက်နက် ဆုတောင်းရင်း အိပ်ရာဝင်ခဲ့ပါသည်။

နောက်တနေ့ ညနေစောင်းတွင် ကျွန်တော်သည် ပြန်လည်ကောက်ယူရရှိသော သွပ်ချပ်ဟောင်းများကို ဖာထေးပြုပြင်နေစဉ် သွပ်ချပ်အသစ်အများ တင်ဆောင်ထားသော ဒိုင်နာကားကြီးတစင်း ရောက်ရှိလာပါသည်။ ကားရှေ့ခန်းတွင် ကျွန်တော့်ကုမ္ပဏီမှ မန်နေဂျာ ဦးရန်နိုင်နှင့်အတူ သူငယ်ချင်း ကိုနန္ဒတို့ကိုပါ တွေ့ရပါသည်။

မောင်ထက်မြတ်၊ ဘာမှစိတ်မညစ်နဲ့တော့။ မင်းသတင်းကို ကြားတာနဲ့ ဆရာတို့အားလုံးက ဒီလိုကူညီဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။ ဟောဒီမှာ သွပ်ချပ်ခြောက်ဆယ်။ ပြန်မိုးဖို့ လောက်တယ်မဟုတ်လား။
သူငယ်ချင်း မင်းအတွက် တို့ဌာနက မုန့်တွေ ၀ယ်ပေးလိုက်သေးတယ် ရော့။
ဟုတ် ဟုတ်ကဲ့၊ ကျေးဇူးတင်လှပါတယ် ခင်ဗျား။
ရုတ်တရက်မို့ ကျွန်တော်နှင့် အမေတို့ မယုံကြည်နိုင်လောက်အောင်ပင် အံ့သြမင်သက်နေမိပါသည်။ ခေတ်ကာလဈေးအားဖြင့် တန်ဖိုးမနည်းလှသော သွပ်ချပ်များကို ရရှိခဲ့ခြင်းမှာ ကျွန်တော့အလုပ်ကြိုးစာမှုအပြင် ဘုရား တရား သံဃာ မိဘ ဆရာတို့၏ ကျေးဇူးတရားကြောင့်ဟု ခံစားနားလည်မိပါသည်။ ထို့ပြင် ညအိပ်ရာ ၀င်ခါနီးတွင် ကျွန်တော်ဆိုထားခဲ့သော နွားသတ္တ၀ါ၏အသားကို ရာသက်ပန် ရှောင်ကြဉ်ခဲ့ပါ၏-ဟူသော အရိုးစင်းဆုံး မှန်ကန်သော သစ္စာစကားကြောင့် ယခုလို အကျိုးပေးထူးကြောင်း အသေအချာ ယုံကြည်လိုက် ပါသည်။ စစ်မှန်သော သစ္စာစကားကြောင့် စေတနာမေတ္တာများ ရောင်ပြန်ဟပ်ကာ အကျိုးကျေးဇူး ချက်ချင်းလက်ငင်း ခံစားခဲ့ရသည့်အတွက် ကံ ကံ၏အကျိုးကို ဆတက်ထမ်းပိုးတိုးပြီး ယုံကြည်သက်ဝင်ခဲ့မိ ပါတော့သည်။
( သူငယ်ချင်း၏ ဖြစ်ရပ်မှန်ကို ရေးသားတင်ပြပါသည်)

ဇွဲနေရောင်ခြည်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

သေကံမရောက် သက်မပျောက်

ကျွန်မ၏အမည်မှာ ဒေါ်ခင်စိန် ဖြစ်ပါသည်။ လွန်ခဲ့သော ၁၀-နှစ်ခန့်က သေဘေးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ကျွန်မ၏ ကိုယ်တွေ့ အဖြစ်အပျက်ကလေးတခုကို တင်ပြလိုပါသည်။
ကျွန်မသည် ပညာရေးဝန်ထမ်း အထွေထွေလုပ်သားတဦးဖြစ်ပြီး ဗန်းမော်မြို့၊ အ-မ-က (၁) တွင် တာဝန်ထမ်းဆောင်နေသူတဦး ဖြစ်ပါသည်။ ကျွန်မ၏နေအိမ်ရှိရာ ခွန်သာရပ်ကွက်နှင့် ကျောင်းရှိရာရပ်ကွက်မှာ အတန်ငယ် ကွာလှမ်းသောကြောင့် စက်ဘီးဖြင့် အသွားအပြန် ကျောင်းတက်ရပါသည်။

အထွေထွေလုပ်သား၏ တာဝန်မှာ အများသိကြသည့်အတိုင်း ကျောင်းမတက်ခင် စောစောလာပြီး ကျောင်း၏ဝေယျာဝစ္စများကို ကြိုတင်လုပ်ကိုင်ဆောင်ရွက်ထားရပါသည်။ ကျောင်းဆင်းချိန်ဆိုပါကလည်း ကျောင်းတံခါးပိတ်ပြီး ဆရာ ဆရာမများ ကျောင်းသူ ကျောင်းသားများ အားလုံး ပြန်မှ အိမ်ပြန်ရသောကြောင့် အမြဲတမ်း အိမ်ပြန်နောက်ကျတတ်ပါသည်။

တနေ့ ကျွန်မသည် ညနေကျောင်းဆင်းပြီး အိမ်သို့ စက်ဘီးဖြင့် ပြန်လာခဲ့ပါသည်။ အစိုးရ သစ်အရောင်းဆိုင်ရှေ့ အရောက်တွင် (ဂေါ်ရာကန်နား) နောက်ဘက်မှ ကားကြီးတစီးက ဟွန်းတီးကာ လမ်းတောင်းပါသည်။ အမှန်က ကျွန်မသည် ညာဘက်လမ်းဘေးအတိုင်း စက်ဘီးစီးလာခဲ့သော်လည်း ကတ္တရာလမ်းက ကျဉ်းသောကြောင့် ကားကြီး လွတ်လွတ်ကျွတ်ကျွတ် မောင်းနိုင်ရန် လမ်းဘေးဘက်သို့ ပြန်ပြီး ဖဲ့ဆင်းပေးလိုက်ပါသည်။

ဖြစ်ချင်တော့ စက်ဘီးအရှိန်ဖြင့် လမ်းဘေးသို့ ရှောင်တိမ်းလိုက်စဉ် ရှိနှင့်နေသော လမ်းခင်းကျောက်စရစ်ခဲ ပုံလေးများကြောင့် စက်ဘီးမှာ ထိန်းမရနိုင်ဘဲ ရုတ်တရက် ပစ်လဲကျသွားပါသည်။ စက်ဘီးတခြား၊ လူတခြား ဖြစ်သွားကာ ကျွန်မလည်း အရှိန်ကြောင့် ကတ္တရာလမ်းပေါ်ရှိ ကားအောက်သို့ရောက်သွားခဲ့ရပါသည်။ ကျွန်မ၏စိတ်ထဲတွင် ဒီတခါတော့ ကိစ္စချောပြီ-ဟုထင်ကာ မျက်စိကိုမှတ်ထားပြီး ဘုရားတရားကိုသာ အာရုံပြုထားလိုက်ပါတော့သည်။

မကြာခင် ကျွိ-ခနဲ ကားဘရိတ်အုပ်သံနှင့်အတူ ကားရပ်သံပေါ်လာပြီး ဟာ သေပြီထင်တယ်ဟေ့ ဆရာမလေးတယောက်။
ကားမောင်းသူက အော်ရင်း ကားအောက်သို့ ဆင်းလာပါသည်။ ကျွန်မလည်း ထိုအခါမှ ကားအောက်က ထွက်လာနိုင်ခဲ့ပါသည်။ ကျွန်မတကိုယ်လုံး မည်သည့်ထိခိုက်ဒဏ်ရာကြီးငယ်မှ မရခဲ့ပါ။ စက်ဘီးလဲသွားသောကြောင့် ပွန်းပဲ့ရုံလောက်သာ ရှိပါသည်။

ကျွန်မကား သေဘေးမှ သီသီကလေး လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။ ကားသာမရပ်ဘဲ ဆက်မောင်းသွားပါက ကျွန်မ၏အဖြစ်သည် မတွေးရဲစရာပင်။ သေကံမရောက် သက်မပျောက်ဟုပင် ဆိုရပါလိမ့်မည်။
ကားမှာ ကုန်ကားဖြစ်၍ ကားမောင်းသူဒရိုင်ဘာနှင့် စပယ်ယာသာ ပါပါသည်။ သူတို့ကလည်း ကားအောက်မှ ထွက်လာခဲ့သော ကျွန်မကို တအံ့တသြ စိုးရိမ်ထိတ်လန့်သော မျက်နှာများဖြင့် ကြည့်နေကြပါသည်။ အသွားအလာနည်းပါးသော နေရာဖြစ်သောကြောင့် လူများ ၀ိုင်းအုံခြင်းလည်း မရှိပါ။ ထို့နောက် ကားမောင်းသူက ဆေးခန်းသွားလိုလျှင် ပြောပါ။ အစစအရာရာ ဆောင်ရွက်ပေးပါမည်-ဟု တဖွဖွ ပြောဆိုပါသည်။

ကျွန်မမှာ ဘာမှမဖြစ်သောကြောင့် ဆေးခန်းသို့လည်း မသွားလိုကြောင်း၊ ဆေးဖိုးဝါးခလည်း မယူလိုကြောင်း ငြင်းဆန်ရပါသည်။ စက်ဘီးမှာ လက်ကိုင်ကျပ်သွားရုံကလွဲ၍ ဘာမျှမဖြစ်။ လက်ကိုင်ကိုပြန်တည့်ကာ စီးလာနိုင်ခဲ့ပါသည်။
ကျွန်မ ယခုကဲ့သို့ အသက်ဘေးအန္တရာယ်မှ လွတ်ကင်းလာခဲ့ရသည်မှာ ကျွန်မနေ့စဉ် ရွတ်ဖတ်ပူဇော်ခဲ့သော သမ္ဗုဒ္ဓေဂါထာတော်-ကြောင့် ဖြစ်ပါသည်။ ကျွန်မ နေ့စဉ် သမ္ဗုဒ္ဓေဂါထာကို ရွတ်သည်။ ခရီးသွားစဉ်လည်း နှုတ်က တဖွဖွရွတ်နေတတ်သည်။ ကျောင်းသွားကျောင်းပြန် စက်ဘီးစီးစဉ်လည်း ရွတ်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တခုလို ဖြစ်နေပါသည်။

ထို့ပြင် ကျွန်မသည် မွေးနေ့တိုင်း အထူးမေတ္တာစိတ်ထားကာ သက်သတ်လွတ်စားလာခဲ့သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပါသည်။
ထိုသို့သော ကောင်းမှုကုသိုလ်ကံများကြောင့်လည်း သေတွင်းမှ လွတ်ကင်းခဲ့ရသည်ဟု ယနေ့ထက်တိုင်အောင်ပင် ယုံကြည်နေမိပါတော့သည်။
မှတ်ချက်။ ကာယကံရှင်၏ ပြောပြချက်အဖြစ်မှန် ဖြစ်ပါသည်။

ဗန်းမော်-မောင်နွမ်းအောင်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

Wednesday, June 9, 2010

ကိုယ်တွေ့ ပဋ္ဌာန်းတရား အကျိုး

သဒ္ဓါတရားဆိုသည့် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်မှုနှင့် ကံ ကံ၏အကျိုးတရားများကို ယုံကြည်မှုရှိရမည်ဟူသော ဆုံးမစကားများကို ကျွန်မ၏ အဖေနှင့်အမေသည် ကျွန်မ ငယ်ရွယ်စဉ်ကတည်းက အမြဲပြောပြလေ့ရှိပါသည်။

ထိုစကားသည် ကျွန်မ၏ ရင်ထဲတွင် အမြဲကိန်းအောင်နေသည်။ တခါတရံ ကောင်းသောကံတွေ ဘယ်လောက်ပင်ရှိပါစေ၊ ဉာဏ်နှင့်ဝီရိယ မရှိလျှင်ကံကောင်းမှ ကံဆိုးသို့ ပြောင်းလဲသွားတတ်ပါသည်။
တခါတရံ ဉာဏ်နှင့် ၀ီရိယ မည်မျှပင်ရှိစေကာမူ အတိတ်က ပြုလုပ်ခဲ့သော အကုသိုလ်ကံတခုက ၀င်ရောက်နှောင့်ယှက်လျှင်လည်း ဆိုးသောကံများနှင့် ကြုံတွေ့ရတတ်ပါသည်။ ဆိုးသောကံနှင့် ကြုံလျှင်လည်း တွန်းလှန်ခံနိုင်စွမ်း ရှိရန်၊ ကောင်းသောကံနှင့် ကြုံလျှင်လည်း မယိမ်းမယိုင် မတုန်မလှုပ် ခံနိုင်စွမ်းရှိရန် ကုသိုလ်အာစိဏ္ဏကံ တခုပြုလုပ်ရန် လိုအပ်ပေသည်။

ကျွန်မကို သိတတ်စအရွယ်မှစပြီး ကျွန်မ မိဘများက ပဋ္ဌာန်း ၂၄-ပစ္စည်းကို သင်ပေးခဲ့ပါသည်။ ထိုအချိန်က မိဘများသင်ပေး၍သာ ရွတ်ခဲ့သည်။ အကျိုးတရားများကို သိပ်ပြီး နားမလည်ခဲ့ပါ။ တနေ့တွင် ကျွန်မတို့ မိသားစုထံသို့ ကျွန်မတို့ အတိတ်ကပြုလုပ်ခဲ့သော အကုသိုလ်ကံတခုက မဖိတ်ခေါ်ဘဲ ရောက်လာပါသည်။ ထိုအကုသိုလ်ကံကြောင့် မိသားစုအခြေအနေ၊ စီးပွားရေးအခြေအနေ ပြောင်းလဲကာ စီးပွားပျက်ခဲ့ရပါသည်။ ထိုအချိန်မှာ ကျွန်မ၏အသက် ၁၅-နှစ်ရှိပါသည်။ ငယ်ရွယ်သူဖြစ်သည့်အလျောက် ကျွန်မ များစွာ စိတ်ညစ်ခဲ့ရပါသည်။

စိတ်ညစ်လျှင် ကျွန်မ၏အကျင့်အတိုင်း စာအုပ်များကို ရှာဖွေဖတ်ပါသည်။ ဤတွင် စာအပ်တအုပ်ထဲမှ အဒေါ်ကြီးတယောက် အကြောင်း ဖတ်လိုက်ရသည်။ ထိုအဒေါ်ကြီးသည် စကားပြောနေသောအချိန်၊ အိပ်ပျော်နေသောအချိန်၊ ထမင်း၊ မုန့် စသည့် အစားအသောက်များ စားသုံးသောအချိန်မှတပါး ကျန်သောအချိန်များတွင် ပဋ္ဌာန်း ၂၄-ပစ္စည်းကို အမြဲရွတ်ဖတ်ပူဇော်သည်။ ဤသို့ပြုစဉ် တနေ့တွင် ဘုရားဝတ်ပြုပြီး ပဋ္ဌာန်းရွတ်နေခိုက် ဘုရားစင်၏ အမိုးပေါ်မှ သာဓု-သုံးကြိမ်ဒေါ်သံ ကြားလိုက်ရသည်ဟု ဖတ်လိုက်ရပါသည်။

ကျွန်မလည်း ပဋ္ဌာန်း ၂၄-ပစ္စည်းကို အလွတ်ကျက်မှတ်ထားပြီးဖြစ်ရာ စိတ်ညစ်စရာတွေ တွေးနေမည့်အစား အဒေါ်ကြီးလိုပင် ရွတ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ထိုသို့ ဆုံးဖြတ်ချက်ချပြီးသည့်နေ့ကစပြီး လိုအပ်သည့် စကားပြောချိန်မှလွဲ၍ အခြားစကားများကို လျှော့ပြောကာ ပဋ္ဌာန်း ၂၄-ပစ္စည်းကို အချိန်ပြည့် ရွတ်ဖတ်ပါတော့သည်။ ကျွန်မ၏ မွေးနေ့ရောက်တိုင်းလည်း အဓိဋ္ဌာန်ဖြင့် သက်သတ်လွတ်စားပါသည်။

အိမ်၏စီးပွားရေးဖြစ်သော အိမ်ဆိုင်လေးတွင် ဈေးရောင်း၊ ဈေးဝယ်လုပ်ရင်း ပဋ္ဌာန်းကိုလည်း ရွတ်ပါသည်။ ထိုကောင်းမှုကုသိုလ်များဖြင့် ထုံမွှမ်းလာသောအခါ စိတ်ညစ်စရာတို့မှာ အနည်းငယ် အေးချမ်းလာခဲ့သည်။
ကျွန်မတို့ရွာသည် သီတင်းကျွတ်လပြည့်နေ့တွင် ပ၀ါရဏာပြုကြသော ရဟန်းသံဃာများအား ဆွမ်းကြီး လောင်းလှူ့ပွဲကို နှစ်စဉ် စည်ကားစွာ ကျင်းပသည်။ ရွာရှိ လူငယ်လူရွယ်များကလည်း ထိုနေ့တွင် အလှပဆုံး ၀တ်စားဆင်ယင်၍ ဆွမ်းကြီးလောင်းလှူကြသည်။

ထိုအခါ ကျွန်မ၏စိတ်ထဲတွင် ငါ အ၀တ်အစားတွေ ၀ယ်ဝတ်မည့်အစား ရှိတာလေးနဲ့ပဲ လှအောင်ဝတ်မယ်။ သံဃာတော်များအတွက် အကောင်းဆုံး လှူဖွယ်များဝယ်၍ လောင်းလှူမယ်-ဟူသော လှူချင်သည့်စိတ်တွေသာ များလာခဲ့သည်။
ဤသို့ ဖြစ်ပေါ်ရာမှ မိုးဦးကျကာလ မိုးစက်ကလေးများ တဖွဲဖွဲကျနေသောအချိန်တွင် အိမ်ရှေ့ခန်း ဈေးဆိုင်ကလေးထဲ၌ ထိုင်နေစဉ် ကျွန်မ၏မျက်လုံးထဲတွင် ဖျတ်ခနဲ အလင်းရောင်တခု ကျရောက်လာသည်။ အိမ်ရှေ့သို့ ကြည့်လိုက်သောအခါ အရောင်ခုနစ်မျိုးနှင့် သက်တန့်ကြီးတခုကို ကျွန်မ ထင်ရှားစွာ တွေ့လိုက်ရ သည်။ မီးဖိုထဲတွင် ထမင်းဟင်းချက်နေသော ကျွန်မ၏အမေအား လှမ်းပြောလိုက်သောအခါ ကျွန်မအမေလည်း မီးဖိုထဲမှ ထွက်လာပြီးကြည့်သည်။ ထိုစဉ်မှာပင် သက်တန့်ကြီးသည် တဖြည်းဖြည်း ကောင်းကင်သို့ တက်သွား လေသည်။

ကျွန်မလည်း ၀မ်းသာပီတိ ဖြစ်သွားသည်။ အတိတ်နိမိတ်ဟု ယူဆကာ ပဋ္ဌာန်းရွတ်ခြင်းနှင့် အခြားကုသိုလ် ကောင်းမှုများကို ပို၍ ပြုလုပ်လာပါသည်။
ထိုသို့ဖြစ်ပြီး နောက်တလခန့်ကြာသောအခါ မန္တလေးတွင် ရောက်နေသော ကျွန်မ၏ အဖေသည် အောင်ဘာလေထီကြီးမှ ၅-သိန်းဆုပေါက်၍ ပြန်ရောက်လာပါသည်။ ပဋ္ဌာန်း၏တန်ခိုး၊ ကုသိုလ်ကောင်းမှု၏ အကျိုးကြောင့် ကျွန်မတို့မိသားစုမှာ ကိုယ်ရောစိတ်ပါ ချမ်းသာရသည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

ကျွန်မသည် ပဋ္ဌာန်းကိုရွတ်သည်မှာ စိတ်ညစ်မှုမှ လွတ်ကင်း၍ တည်ငြိမ်အေးချမ်းအောင်ဟု ရည်ရွယ်ချက် နှင့်သာ ရွတ်ခဲ့ပါသည်။ သို့သော်လည်း စိတ်တွင်မက ငွေရေးကြေးရေးပါ ပြေလည်၍ ကိုယ်ရောစိတ်ပါ ချမ်းသာစွာ နေရပါသည်။ ပဋ္ဌာန်းတရားတော်သာမကဘဲ ဘုရားရှင်၏ တရားတော်များထဲမှ မိမိရရှိထားသော တရားတော်တခုခုကို အမြဲရွတ်ဖတ်ပူဇော်နေပါက ကောင်းသောကံတရားများနှင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။

သင်းရတနာအေး (မလက်တို)
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

မကောင်းကြံသူ

တော်သလင်းလ၏ နေ့လယ်နေသည် ပူပြင်းလှသည်။ မောင်ကျော်သည် နေပူအောက်မှာပင် ယာခင်းထဲသို့ တောလမ်းအတိုင်း ထွက်ခဲ့၏။ ခင်တန်းများ၊ ယာခင်းအဟောင်းများကို ဖြတ်ကျော်ရင်း တနေရာတွင် သဘာဝအလျောက် ပေါက်နေသော မှိုကျင်းကြီးတခုကို မမျှော်လင့်ဘဲ တွေ့လေသည်။ မှိုကျင်းကြီးမှာ အိမ်ခန်း သုံးခန်းစာခန့် ကျယ်ဝန်း၏။ သို့သော် မောင်ကျော်ထက်ဦး၍ လူတယောက်က မှိုများကို နုတ်နေ၏။

ရွာဓလေ့အစဉ်အလာအရ ပထမဦးစွာတွေ့သူသာ မှိုကျင်းကို ပိုင်ဆိုင်ခွင့်ရှိသည်။ မောင်ကျော်သည် မှိုကျင်းကြီးကိုကြည့်၍ မတရားနည်းလမ်းဖြင့် ရယူရန် ကြံစည်တော့သည်။ ပထမ မှိုနုတ်နေသူမှာ မောင်ကျော်ရောက်လာသည်ကို မသိဘဲ ချွေးသံရွှဲရွှဲဖြင့် ငုံ့ပြီး မှိုများကို နုတ်နေသည်။ မောင်ကျော်လည်း နောက်ကွယ်ကထိုင်၍ မှိုများကို အလျင်အမြန် နုတ်ယူသည်။

မောင်ကျော်နုတ်သောမှိုများမှာ ပထမလူ နုတ်သော မှိုအရေအတွက်ထက် သာလွန်သွား၏။ ထိုအခါ မောင်ကျော်က ဒီမှာ လူတယောက်လုံးရှိနေတာတောင် ခင်ဗျားက ဘာဖြစ်လို့ ကျုပ်မှိုကျင်းကို ၀င်နုတ်တာလဲ-ဟု ပြောသဖြင့် ပထမမှိုနုတ်သူမှာ ကြောင်တောင်တောင်ဖြစ်သွား၏။
ကျွန်တော်ရောက်တော့ ဘယ်သူမှ မရှိဘူးလားလို့။

ဘယ်ကလာ မရှိရမှာလဲ။ ကျုပ်က ခင်ဗျားအရင် ရောက်နေတာ။ နုတ်ထားတဲ့မှိုတွေကိုလည်း ပြန်ကြည့်ပါဦး။ ကျုပ်ကများတယ်။ ကဲ ကဲ နုတ်ပြီးသားမှိုတွေတော့ ခင်ဗျားယူသွား။ ကျန်တာထားခဲ့။
ပထမလူမှာ ဘာမှပြန်မပြောနိုင်တော့ဘဲ နုတ်ပြီးသားမှိုများကို ပုဆိုးလုံကွင်းထဲသို့ ထည့်နေ၏။
မောင်ကျော်မှာ အကြံပိုင်လှသော မိမိအဖြစ်ကို ကျေနပ်ရင်း မှိုများကို အားပါးတရ နုတ်တော့၏။ ထိုစဉ် လက်ကို မီးစဖြင့်ထိလိုက်သလို ဖြစ်သွား၍ ခါလိုက်ရာ မြွေကိုက်ခံလိုက်ရကြောင်း သိရ၏။

ကိုက်သောမြွေမှာ အဆိပ်ပြင်းသော မြွေပွေးတကောင်ဖြစ်သည်။ ပထမလူမှာ စိတ်ထားကောင်းသူဖြစ်သည်။ သူသည် မောင်ကျော်ကို ကူညီတွဲကာ ရွာသို့ ပြန်ခဲ့၏။
မောင်ကျော်မှာ အချိန်မီကုသခွင့် ရရှိသည့်အတွက် အသက်မသေသော်လည်း ဆေးကုသစရိတ် များစွာကုန်ကျခဲ့လေသည်။ သူသည် မရိုးသားသော အကြံအစည်ကြောင့် မကောင်းကျိုးကို လက်ငင်းခံစားရလေသည်။

အင်ပင်သန်းဌေးအောင်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

သားကောင်း ရတနာ၊ ချွေးမကောင်း ရတနာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဆင်ကြပ်ကျေးရွာမှ ဦးမောင်ဘသိန်းသည် သားထူးသားမြတ်ဖြစ်သည်။ သူသည် မိဘနှစ်ပါး၏ ကျေးဇူးကို အထူးပေးဆပ်သူဖြစ်သည်။ သူသည် အလုပ်ကို ကြိုးစားလုပ်ကိုင်၍ မိဘတို့ကို အထူးပြုစုစောင့်ရှောက်ခဲ့သည်။

တဖက်ကလည်း မိသားစုတာဝန်ကို မလစ်ဟင်းစေရ၊ ဇနီး ဒေါ်စောမြတင်နှင့် သားသမီးတို့ကို ၀တ္တရားကျေပြွန်စွာဖြင့် ကောင်းစွာစောင့်ရှောက်ခဲ့သည်။
ဦးမောင်ဘသိန်းသည် ငယ်စဉ်ကပင် သာသနာ့ဘောင်သို့ ၀င်ရောက်၍ တရားအားထုတ်လိုသော ဆန္ဒ ရှိခဲ့သည်။ သို့ရာတွင် မိဘတာဝန်နှင့် မိသားစုတာဝန်တို့ကို မဆောင်ရွက်နိုင်ဘဲ ပျက်ကွက်သွားမည်စိုးသဖြင့် မိမိဆန္ဒကို မျိုသိပ်ထားခဲ့ရသည်။

ရေအိုင်ပမာ ပုဂ္ဂိုလ် ၄-မျိုး

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ရေအိုင် ၄-မျိုးကို ဥပမာပြု၍ ပုဂ္ဂိုလ် ၄-မျိုးရှိကြောင်း ဟောတော်မူသည်။
ရဟန်းတို့ ရေအိုင် ၄-မျိုးရှိသည်။
ယင်းတို့မှာ -
(၁) တိမ်လျက် နက်ရောင်ရှိသော ရေအိုင်။
(၂) နက်လျက် တိမ်ရောင်ရှိသော ရေအိုင်။
(၃) တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်။
(၄) နက်လျက် နက်ရောင်ရှိသော ရေအိုင်-တို့ ဖြစ်သည်။

ထို ၄-မျိုးတို့တွင်
(၁) ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်း၊ ရှေ့သို့ကြည့်ခြင်း စသော အမူအရာအားဖြင့် ကြည်ညိုဖွယ်ရှိသော်လည်း သစ္စာလေးပါးကို မသိသူသည် တိမ်လျက် နက်ရောင်ရှိသော ရေအိုင်နှင့် တူသူ ဖြစ်သည်။

(၂) ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာ ၄-ပါးကို သိမြင်သူသည် နက်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့် တူသူ ဖြစ်သည်။

(၃) ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်မရှိ၊ သစ္စာလေးပါးကိုလည်း မသိမြင်သူသည် တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့်တူသူ ဖြစ်သည်။

(၄) ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်ရှိ၏။ သစ္စာ ၄-ပါးကိုလည်း သိမြင်သူသည် နက်လျက် နက်ရောင်ရှိသော ရေအိုင်နှင့်တူသူ ဖြစ်သည်။ ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ၀လာဟက၀ဂ်။

ဦးဌေးအောင်မွန်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

အကောင်းဆုံး ယတြာ

မိန်ရာသီ တပေါင်းလ၏ နေ့တနေ့ဖြစ်သည်။ အချိန်အားဖြင့် နေ့လယ် ၁၂-နာရီခန့်ရှိပြီ။ ဘကြီးပုသည် ဧည်းခန်းတွင် စာထိုင်ဖတ်နေသည်။
ထိုစဉ် အဘ-နေကောင်းပါတယ် နော်-ဟု နှုတ်ဆက်သံကို ကြားရသဖြင့် ဘကြီးပုသည် အသံလာရာဖက်သို့ ကြည့်လိုက်ရာ ညောင်ကုန်းရွာမှ မောင်ဝင်း-ကို တွေ့ရသည်။

အေး၊ နေကောင်းပါတယ်ကွာ၊ ဆေးဝါးတော့ ကူနေရပြီကွ-ဟုပြောပြီး-
မင်းလဲ နေတောင် အတော်မြင့်နေပြီ၊ ဘယ်ကလှည့်ပြီး ၀င်လာသလဲ-ဟု ပြန်မေးသည်။
အိမ်က မအေး တယောက် တနှစ်လုံး တရှောင်ရှောင်နဲ့ နေကောင်းတယ်ရယ်လို့ မရှိပါဘူး။ အဲဒါနဲ့ ဗေဒင်လာမေးပြီးအပြန် အဘကို ၀င်နှုတ်ဆက်တာပါ-ဟု မောင်ဝင်းက ပြောပြီး ဘကြီးပု၏ ရှေ့တွင် ၀င်ထိုင်သည်။

ဘကြီးပုသည် မောင်ဝင်းအား ရေနွေးကြမ်းဖြင့် ဧည့်ခံရင်း ဆရာက ဘယ်လိုဟောလိုက်သလဲဟေ့-ဟု ဆက်မေးသည်။
မွေးလလွန်မှ ကောင်းမယ်၊ မွေးနေ့ရောက်တိုင်း ဘုရားမှာ ရာဟုထောင့်ကနေ ရှားမီး သက်စေ့ပူဇော်ရမယ်လို့ ပြောပါတယ်။
ဆရာက မင်းကို ဗုဒ္ဓယတြာ ချေနည်း ပေးလိုက်တာကိုး ကောင်းတယ်-ဟု ဘကြီးပုက ပြောသည်။

ဗုဒ္ဓယတြာချေနည်းအပြင် တခြားနည်းတွေ ရှိသေးသလား အဘ-ဟု မောင်ဝင်းက မေးပြန်သည်။
ဗေဒင်ကျမ်းစာတွေနဲ့ ဂမ္ဘီရဆောင်းပါးတွေမှာတော့ ယတြာမျိုးစုံကို တွေ့မိတယ်ကွ။ အဘစိတ်ဝင်စားတာကတော့ ဗုဒ္ဓယတြာ၊ ဓာတ်ယတြာနဲ့ နတ်ယတြာဆိုပြီး သုံးမျိုးပဲ-ဟုပြောပြီး ဘကြီးပုသည် သောက်လက်စ ရေနွေးကြမ်း ပန်းကန်ကို ဆက်သောက်သည်။

အဲဒီသုံးမျိုးအကြောင်းကို ဗဟုသုတအဖြစ် ပြောပြပါလား အဘ-ဟု မောင်ဝင်းက တောင်းပန်သည်။
ဘကြီးပုသည် သောက်နေသော အကြမ်းပန်းကန်ကို စားပွဲပေါ် ပြန်ချလိုက်ပြီး ယတြာဗဟုသုတများကို ဆက်ပြောသည်။
ဗုဒ္ဓယတြာဆိုတာကတော့ ဘုရား တရား သံဃာ ရတနာသုံးပါး ဦးထိပ်ထားပြီး ကုသိုလ်ကောင်းမှုကို ဦးစားပေးလုပ်တဲ့ ယတြာပဲကွ။ ယတြာချေတဲ့သူဟာ အနည်းဆုံး ငါးပါးသီလလုံအောင်စောင့်ပြီး လုပ်ရင် ပိုပြီးထိရောက်တယ်လို့ ပြောကြတယ်ကွ။
ဟုတ်ကဲ့ပါ အဘ။

ဓာတ်ယတြာကတော့ ကာယကံရှင်နဲ့ သင့်တော်မယ့် ဓာတ်ဖက်၊ ဓာတ်စွက် ပစ္စည်းတွေ၊ သစ်သီး၊ သစ်ဥ၊ အကိုင်း၊ အခက်၊ အရွက်၊ အညွန့်တွေကို သုံးပြီး ယတြာချေတဲ့နည်းပေါ့။ ဓာတ်ကို ဦးစားပေးလုပ်တဲ့ သဘောပဲ။
ဟုတ်ပါပြီ အဘ။

နတ်ယတြာကတော့ နတ်ကိစ္စကို ဦးစားပေးပြီး လုပ်ကြတာပေါ့ကွာ။ နတ်အုန်းဆွဲ၊ ရိုးရာနတ်တင်၊ နတ်ကနားပေး စတဲ့ ပရလောကသားတွေနဲ့ ပတ်သက်ပြီးလုပ်တဲ့ ယတြာပဲ-ဟု ဘကြီးပုက ရှင်းပြသည်။

ယတြာချေတာက အညံ့တွေ ပျောက်ပြီး ကောင်းတာတွေ ရောက်အောင် လုပ်တဲ့သဘောပေါ့နော် အဘ-ဟု မောင်ဝင်းက သူ၏အယူအဆကို ပြောပြသည်။

အေး မင်းပြောသလို ရည်ရွယ်ပြီးတော့ ယတြာချေနေကြတာပဲ။ ကံကိုကောင်းလာအောင် ပြုပြင်တယ်လို့ ဆိုကြတယ်ကွ။ လူအတော်များများဟာ ဘ၀မှာ ဒုက္ခနဲ့ရင်ဆိုင်တွေ့မှ၊ အလိုဆန္ဒတွေနဲ့ အလွဲလွဲအချော်ချော် ဖြစ်တဲ့အခါရောက်မှ ယတြာချေဖို့၊ ကံကိုပြုပြင်ဖို့ သတိရကြတာလားကွ-ဟု ဘကြီးပုက ပြောသည်။
ဟုတ်ပါတယ် အဘ-ဟု မောင်ဝင်းက အဖြေပေးသည်။

အဘရဲ့ သဘောကတော့ လူတိုင်းအတွက် ပြောရရင် နေ့တွေ နံတွေ နေရာဌာနတွေ ရွေးမနေပါနဲ့။ အချိန်အခါတွေကိုလည်း စောင့်ဆိုင်း မနေပါနဲ့။
မကောင်းမှုကို ရှောင်၊ ကောင်းမှုကို ဆောင်-ဆိုတဲ့ သူတော်ကောင်းများရဲ့ ဆိုစကားနဲ့အညီ အမြဲတမ်း မကောင်းမှု အကုသိုလ်အလုပ်တွေကို ရှောင်ပြီး ကောင်းမှုကုသိုလ်တွေကို လုပ်နေမယ်ဆိုရင် ဒီဘ၀အတွက်သာမကပါဘူး။ နောက်ဘ၀အတွက်ပါ ကံကောင်းအောင် ယတြာချေနေတာပါပဲကွာ-ဟု ဘကြီးပုက ပြောလေသည်။

အဘပြောတဲ့ယတြာက ရှောင်ရန်လည်း ပါတယ်၊ ဆောင်ရန်လည်း ပါတယ်၊ နောက်ဘ၀ထိ အကျိုးပေးဦးမယ်ဆိုတော့ အကောင်းဆုံးပါပဲ-ဟု မောင်ဝင်းက မှတ်ချက်ချသည်။
မှန်တာပေါ့ကွာ-ဟု ဘကြီးပုက ဆိုသည်။
အဘရဲ့ ယတြာကို ဒီနေ့ကစပြီး ကျွန်တော်လည်း လုပ်ပါမယ်။ အိမ်က မအေးကိုလည်း လုပ်ခိုင်းရမယ်-ဟု မောင်ဝင်းက အားရ၀မ်းသာ ပြောသည်။
အေး သာဓု သာဓု သာဓု။
ဘကြီးပုသည် မောင်ဝင်း၏ စကားအဆုံးတွင် လှိုက်လှဲစွာ သာဓုခေါ်ဆိုမိပါတော့သည်။

မောင်ဝနေ (လှည်းကူး)
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

ဗောဇ္ဈင်သုတ်နှင့် ကိုယ်တွေ့

စာရေးသူကိုယ်တွေ့
၂၀-၈-၂၀၀၅ ခုနှစ်က မန္တလေးမြို့ နန်းတော်ဆေးခန်းတွင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာကျော်နိုင်-က စာရေးသူ၏ လည်ပင်းရောဂါကို ခွဲစိတ်ကုသပေးသည်။ လည်ပင်းကို နံနက် ၅-နာရီတွင် စခွဲသည်။ နံနက် ၈-နာရီမှ ခွဲစိတ်မှုပြီးဆုံးသည်။ စာရေးသူ မေ့ဆေးပြယ်၍ သတိရသောအချိန်မှာ နေ့မွန်းလွဲ ၂-နာရီခွဲတွင် ဖြစ်သည်။

စာရေးသူကား ဗောဇ္ဈင်သုတ်အတို ရွတ်ဆိုပွှားများနည်းကို စိတ်ထဲမှ မပြတ်ရွတ်ဆိုပွားများခဲ့သည်။ မေ့ဆေးပြယ်သောအခါ အိပ်ပျော်ရာမှ နိုးသကဲ့သို့ အေးအေးချမ်းချမ်း ကြည်ကြည်လင်လင် ဖြစ်သည်။ ခွဲစိတ်ဒဏ်ရာမှ တစုံတခုနာကျင်မှု ကိုက်ခဲမှုဒဏ် အနည်းငယ် အငွေ့အရိပ်ကလေးမျှ မခံစားရပေ။ ယောင်ယမ်းပြောဆိုခြင်း၊ အော်ဟစ်ခြင်း လုံးဝ မရှိ၊ ပကတိကြည်လင်လျက်သာ ချမ်းသာခဲ့ရပါသည်။

မေ့ဆေးပြယ်သော လူနာအများပင် နာကျင်ခြင်း ဖြစ်တတ်ကြပါသတဲ့။ ဤအဖြစ်ကို စာရေးသူ လုံးဝ မခံစားရပါ။
နောက်တနေ့တွင် ဆရာဝန်ကြီး ဒေါက်တာကျော်နိုင် ကိုယ်တိုင် ဆေးထည့်ရင်း စာရေးသူအား မနာဖူးလား-ဟုမေးသည်။ စာရေးသူက လုံးဝ မနာဖူး-ဟု ပြောလိုက်သောအခါ ဒေါက်တာ ကျော်နိုင်က တရားတန်ခိုးပဲ-ဟု မှတ်ချက်ချ ပြောဆိုသွားပါသည်။

ဤသည်မှာ စာရေးသူ၏ ဗောဇ္ဈင်သုတ် အတို ရွတ်ဆိုပွားများသောကြောင့် ခံစားရသော ကောင်းကျိုးချမ်းသာ ကိုယ်တွေ့ဖြစ်ပါသည်။

ဦးအာဒိစ္စ ကိုယ်တွေ့
ဗောဇ္ဈင်သုတ် ရွတ်ဆိုပွားများခြင်းကြောင့် ကိုယ်တွေ့အကျိုးခံစားရပုံ သာဓကတခု တင်ပြပါဦးမည်။
ဦးပဉ္ဖင်း ဦးအာဒိစ္စကား ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းမြို့နယ် နန်းနွဲ့ကျေးရွာမှ ဖြစ်သည်။ နန်းနွဲ့ကျေးးရွာနဲ့ စာရေးသူရွာ (ကသာမြို့နယ်၊ ငါးတဲ) ကား ၆-ဖာလုံခန့်သာ ကွာဝေးသည်။

ဥိးပဉ္ဖင်းဦးအာဒိစ္စသည် မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက် မင်္ဂလာအုတ်ကျောင်းမှ မန္တလေး မစိုးရိမ်တိုက်သို့ ပြောင်းရွှေ့စာသင်ရင်း ပထမကြီးတန်းအရောက် အာရုံကြောညပ်သော အကြောညပ်ဝေဒနာ ပေါ်ပေါက်ခဲ့သည်။ ဤတွင် စာသင်တိုက်မှ ခွင့်ယူပြီး မူလကျောင်းတွင် ပြန်နေ၍ ဆေးကုသမှု ခံယူသည်။
မန္တလေးမြို့ တိုင်းရင်းဆေးရုံတွင် ၂-နှစ်တိုင် တက်ရောက်ကုသခံရသည်။ ဆေးလိမ်းရသည်။ ခဲဆွဲလေ့ကျင့်ရသည်။ လေ့ကျင့်ခန်း အမျိုးမျိုး ပြုလုပ်ရသည်။ ထိုဝေဒနာမျိုးကား ခွဲစိတ်ကုသ၍လည်း မဖြစ်၊ ခွဲစိတ်ကုသပါက ဆယ်ဦးဦးတဦးမျှသာ အောင်မြင်နိုင်သော ရောဂါဖြစ်သည်။ တိုင်းရင်းဆေးရုံတွင် တက်ရောက်ကုသသော်လည်း သက်သာရုံမျှသာ ရှိသည်။

ဤသို့ဖြင့် ဦးပဉ္ဖင်းဦးအာဒိစ္စသည် ကချင်ပြည်နယ် ဘီလူးမြို့ ကျေးရွာတွင် အနှိပ်ဆရာများနှင့် သွားရောက်ကုသပြန်သည်။ သက်သာရုံမျှသာ ဖြစ်သည်။ လမ်းကောင်းကောင်း မလျှောက်နိုင်။ ညညကျလျှင် ကိုက်ခဲနာကျင်လွန်း၍ မအိပ်နိုင်။ ထလမ်းလျှောက်နေရသည်။ မိမိဇာတိကျေးရွာ မဘိမ်းမြို့နယ် နန်းနွဲ့ရွာသို့ ပြန်ပြီး လေ့ကျင့်ကိရိယာ ၀ယ်ယူ၍ လေ့ကျင့်ခန်းလုပ်ရင်း အနားယူရသည်။

မိမိကျေးရွာတွင်လည်း ညဆိုလျှင် အိပ်၍မရ၊ ကျောင်းဝင်းအတွင်း ကျောင်းဝန်းကျင်သို့သွား၍ လမ်းလျှောက်နေရသည်။ တခါတခါ လမ်းလျှောက်သွားရင်း မသွားနိုင်တော့၍ မြေပြင်တွင် လှဲအိပ်ပြီး မိုးလင်းမှ တဖြည်းဖြည်း လမ်းလျှောက်ပြန်ခဲ့ရသည်လည်း ရှိသည်။ သူ၏အာရုံကြောညပ်သော ရောဂါမှာ ခေါင်းအအေးပတ်ခံ၍ မရပါ။ ခေါင်းအအေးပတ် နှာစေးပြီး နှာချေလိုက်လျှင် ထမရအောင် ဖြစ်သွားရတတ် ပါသည်။

တခုသော ညတညတွင် ကျောင်းသား ကိုရင် အများအိပ်နေချိန်၌ မိမိတပါးတည်းထ၍ ကုဋီတက်ရန် သွားသည်။ လမ်းတွင် ရုတ်တရက် နှာချေလိုက်မိ၍ ခန္ဓာကိုယ်တခုလုံး မျက်တောင်တခတ်အတွင်း ဒိုင်းကနဲ လဲကျသွား တော့သည်။ သတိကတော့ ရ၏။ လက်ခြေလှုပ်ရှား၍ မရတော့ဘဲ စောင်းမရ၊ လှည့်မရ ပက်လက်လှန်လျက် လဲကျနေတော့သည်။

ည ၂-နာရီခန့် အများသူငါ အိပ်နေသောအချိန်နို့ မိမိတပါးတည်းသာ မျက်စိမှိတ် ခံစားနေရတော့သည်။ သူ စဉ်းစားသည်။ ဤသို့ လှုပ်ရှား၍မရ ဖြစ်လာသောအအြေနေသည် တွေ့ကြုံခဲ့ဖူးသော သူနာများ အတွေ့အကြုံအရ သေသည်က များသည်။ သူ့သူငယ်ချင်း ရဟန်းတပါးလည်း ဤသို့ဖြစ်၍ ပျံလွန်သွားသည်။ ယခု သူလည်း ထိုအခြေအနေသို့ ရောက်ရှိခဲ့ပြီ။ သေရုံမှလွဲ၍ အခြားအကြောင်း မရှိတော့ပြီ-ဟု ဆုံးဖြတ်ချက်ချ မျက်စိကို စုံမှိတ်ထားလိုက်သည်။ တရားအာရုံယူသည်လည်း မဟုတ်၊ ဘုရားအာရုံပြုသည်လည်း မဟုတ်၊ ဘာလုပ်ရမှန်းမသိ။

အတော်ကြီးကြာသွားတော့ အတွေးတခုဝင်လာသည်။ ယခင်အခါက ဆယ်စောင်တွဲစာအုပ်မှ ဗောဇ္ဈင်သုတ်ပရိတ်ကို ပါဠိရော အနက်ပါ ရအောင်ကျက်ထားဖူးသည်။ ရောဂါပျောက်သည်ဟု မယုံကြည်၍ မရွတ်ဖတ်ခဲ့ပါ။ ယခုကဲ့သို့ သေရတော့မည့်အချိန် ဆိုက်ရောက်လာသောအခါမှ ဗောဇ္ဈင်သုတ်ပရိတ်ကို သတိရလိုက်ပြီး သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခာဝိနာသနေ-စသော ဗောဇ္ဈင်သုတ်ပရိတ် ၁၁-ဂါထာကို မျက်စိမှိတ်ပြီး တညလုံး အားကိုးအားထားပြုရွတ်ပါတော့သည်။

နံနက်လင်းသောအခါတွင် အဖော်ရဟန်းအချို့က ဦးပဉ္ဖင်းဦးအာဒိစ္စ မထနိုင်၍ လဲနေကြောင်း အိမ်မှ ခမည်းတော် မယ်တော်များကို သွားပြောကြသည်။ အခါတိုင်းလည်း ဤသို့မထနိုင် ခဏခဏဖြစ်တတ်၍ နံနက် ၉-နာရီကျမှ မယ်တော် ခမည်းတော်များ ပေါ်လာသည်။ မယ်တော်ကား သူ့သား၏ရောဂါ အခြေအနေကို သိ၍ ငိုနေရုံမှတပါး အခြားဘာမျှမတတ်နိုင်တော့ပါ။ ဦးပဉ္ဖင်းဦးအာဒိစ္စ-က

ငိုမနေပါနဲ့ မယ်တော်ကြီး၊ သေတယ်ဆိုတာ မဆန်းပါဘူး။ ဒကာမကြီးလည်း သေရမှာ၊ ဦးပဉ္ဖင်းလည်း သေရမှာပါပဲ-ဟု ပြောသည်။ ထို့နောက် ဗောဇ္ဈင်သုတ်ပရိတ်ရွတ်ရင်း သေပါစေတာ့၊ သေတော့မယ်-ဟု နှလုံးပိုက်ပြီး ဗောဇ္ဈင်သုတ်ပရိတ်၏ အနက်အဓိပ္ပါယ်ကိုပါ ဆင်ခြင်၍ စိတ်တွင်းက ရွတ်နေတော့သည်။

ဗောဇ္ဈင်သုတ်နှင့် ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီးက ဗောဇ္ဈင်တရား၏ အနက်အဓိပ္ပါယ်ကိုသိမှ အနာရောဂါမှ ထမြောက်သည်-ဟူသော မှာတမ်းရှိလေသည်။
ဗောဇ္ဈင်ဟူသည် သံသရာ၌ ကျင်လည်ကုန်သော သူတို့၏ ခပ်သိမ်းသော ဆင်းရဲကို ဖျောက်တတ်ကုန်သော၊ ကိလေသာမာရ်စစ်သည်တို့ကို နှိပ်စက်တတ်ကုန်သော ၇-ပါးသော ဗောဇ္ဈင်သည် အရဟတ္တမဂ်ရကြောင်း၏ အင်္ဂါဖြစ်သည်။ ဗောဇ္ဈင်တရားကိုသိလျှင် နိဗ္ဗာန်သို့ ရောက်ကုန်အံ့။ ဆေးလည်းဖြစ် မန္တရား မန္တန်လည်းဖြစ်သော ဗောဇ္ဈင်ကို ရွတ်ကြလေ-ဟူ၍ တိုက်တွန်းထားပါသည်။

အခါတပါး၌ အရှင်မဟာကဿပ၊ အရှင်မောဂ္ဂလာန်မထေရ်တို့ မကျန်းမမာဖြစ်သည်ကို မြင်တော်မူ၍ ဗောဇ္ဈင် ၇-ပါးကို ဘုရားရှင်က ဟောတော်မူ၏။ ထိုအခါ ထိုမထေရ်တို့ အနာမှလွတ်ကင်း ချမ်းသာကြသည်။
အခါတပါး၌ ဘုရားရှင်ကိုယ်တော်တိုင် နာမကျန်းဖြစ်၍ အရှင်စုန္ဒမထေရ်ကို ဟောစေပြီး ဘုရားကိုယ်တော်တိုင် နားကြားတော်မူသည်။ အလွန်နှစ်သက်သောခဏ အနာရောဂါမှ ပျောက်ကင်းတော်မူသည်။ မြတ်စွာဘုရား၊ အရှင်မဟာကဿပ၊ အရှင်မောဂ္ဂလာန်တို့ အနာရောဂါပျောက်ကုန်ပြီး မဂ်ဖြင့် ကိလေသာကို ပယ်လိုက်သကဲ့သို့ နောက်ထပ်တဖန် ပြန်မဖြစ်ခြင်းသို့ ရောက်သည်။ ဤမှန်သောစကားကြောင့် အခါခပ်သိမ်း ငါ့အား ချမ်းသာစီးပွား ဖြစ်စေသတည်း။

အထက်ပါ အနက်အဓိပ္ပါယ်ကို ဆင်ခြင်၍ ဦးပဉ္ဖင်းဦးအာဒိစ္စ အထပ်ထပ်အခါခါ ရွတ်ဖတ်လိုက်သောအခါ နံနက် ၁၀-နာရီခန့်တွင် လက်ခြေများ စတင်လှုပ်ရှား၍ ရလာသည်။ မိမိဘာသာ ထထိုင်လိုက်နိုင်တော့သည်။ ထထိုင်ပြီး ရေအိုးရှိရာသို့ ကိုယ်တိုင်သွား၍ သောက်နိုင်သည်ကို အံ့သြထူးခြားစွာ ကြုံတွေ့ရတော့သည်။

ဦးပဉ္ဖင်း ဦးအာဒိစ္စ အနေဖြင့် အစက ဗောဇ္ဈင်သုတ်ပရိတ်ရွတ်၍ အနာရောဂါ ပျောက်သည်ကို မယုံကြည်။ လက်မခံခဲ့။ ယခုလက်တွေ့ အကျိုး ခံစားရသောအခါမှ ဗောဇ္ဈင်သုတ်ပရိတ်တော်၏ တန်ခိုးကို မမှိတ်မသုန် ယုံကြည်ခြင်းနှင့် ပြည့်စုံစွာ လက်ခံကျင့်သုံးမိပါတော့သည်။ တရားတော်အပေါ်၌ ယုံကြည်ခြင်း ဓမ္မံ သရဏံ ဂစ္ဆာမိ ဖြစ်သွားပါပေတော့သည်။

ရွှေလီငါးတဲဆရာတော်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)