လူတွေဟာ ကောင်းကျိုးကိုသာ မျှော်ကြတယ်။
အကောင်းကို ခံစားချင်ကြတယ်။
အကြောင်းကောင်းအောင်တော့ မလုပ်ချင်ကြဘူး။
အကြောင်းကောင်းအောင် မလုပ်လျှင် အကျိုးကောင်း ရမှာမဟုတ်ဘူး။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
Saturday, July 31, 2010
ဤဘ၀၀ယ်
* ငါနဲ့ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။
* ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။
* မသေရမီ၊ ပါရမီ၊ ငါသည်ဖြည့်မှ သင့်တော့မည်။
* အနိစ္စ-အနိစ္စ၊ ဒုက္ခ-ဒုက္ခ၊ အနတ္တ-အနတ္တ။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
* ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။
* မသေရမီ၊ ပါရမီ၊ ငါသည်ဖြည့်မှ သင့်တော့မည်။
* အနိစ္စ-အနိစ္စ၊ ဒုက္ခ-ဒုက္ခ၊ အနတ္တ-အနတ္တ။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
ခန္ဓာဉာဏ်စိုက် သတိလိုက်
* ကိုယ့်ခန္ဓာ၌၊ သတိစိုက်၊ ဉာဏ်လိုက်ရှုနေလျှင်။
* ကိုယ်မှာဖြစ်ဘိ၊ ဖြစ်တိုင်းသိ၊ သိတိုင်းအပူစင်။
* ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်းအပူစင်။
* အာရုံနှင့်ထိ၊ ထိတိုင်းသိ၊ သိတိုင်းအပူစင်။
* အပူစင်မှ၊ ဖြစ်ပျက်ကြ၊ မုချအမှန်မြင်။
* အမှန်မြင်မှ၊ ချမ်းသာရ၊ ဒုက္ခလွတ်မည်ပင်။
တိပိဋက ယောဆရာတော်

ရွှေတိဂုံ စေတီတော်
၁။ ရွှေတိဂုံ စေတီတော်ကြီး၏ စေတီအမျိုးမျိုး၌ ပါဝင်နေပုံ။
၂။ ရွှေတိဂုံ စေတီတော်ကြီး၌ လှူဒါန်းရသည့် ဒါနအကျိုးကြီးမြတ်ပုံ။
၃။ ရွှေတိဂုံ စေတီတော်ကြီး၌ ရိုရိုသေသေ ဝေယျာဝစ္စအမှု ပြုခြင်းဖြင့် သီလကုသိုလ်များ ရရှိပုံ။
( ပရိဘောဂ စေတီတော်ဖြစ်ပုံ)
၁။ ရွှေတိဂုံ စေတီတော်ကြီးသည် စေတီအမျိုးမျိုးတို့တွင် ပရိဘောဂ စေတီတော်နှင့် ဓာတုစေတီတို့၌ ပါဝင်နေသည်။
ပရိဘောဂ စေတီဟူသည်-ဘုရားရှင်တို့၏ အသုံးအဆောင်တို့ကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ရသော စေတီတမျိုး ဖြစ်ပေသည်။
(ခုဒ္ဒကပါဌ-ဋ္ဌ ၁၈၈)
ရွှေတိဂုံစေတီတော်ကြီးသည် ကကုသန်ဘုရားရှင် လက်ထက်တော်အခါက ကကုသန်မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သည့် တောင်ဝှေးတော်ကို ဌာပနာသွင်း၍ တည်ထားသည့် ပရိဘောဂစေတီတော်ကြီး ဖြစ်ပေသည်။
ကောဏာဂုံ ဘုရားရှင်လက်ထက်တော်အခါက ကောဏာဂုံ ဘုရားရှင်၏ အသုံးအဆောင်ဖြစ်သော ဓမ္မကရိုဏ်း-ရေစစ်တော်ကို ဌာပနာသွင်း၍ တည်ထားသည့် ပရိဘောဂစေတီတော်ကြီး ဖြစ်ပေသည်။
ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက ကဿပဘုရားရှင်၏ အသုံးအဆောင်ဖြစ်သည့် ရေသနုပ်-သင်းပိုင်ကို ဌာပနာသွင်း၍ တည်ထားသည့် ပရိဘောဂစေတီကြီး ဖြစ်ပေသည်။
ထို့ကြောင့် ရွှေတိဂုံစေတီတော်ကြီးသည် ဘုရားရှင်တို့၏ အသုံးအဆောင်များ ထည့်သွင်းထားသော ပရိဘောဂစေတီတော်ကြီး ဖြစ်ပေသည်။
ဆောင်ပုဒ်။ ။ အသုံးအဆောင်များ၊ ထည့်သွင်းထား၊ ခေါ်ငြား ပရိဘောဂ။
( ဓာတုစေတီတော် ဖြစ်ပုံ)
ဂေါတမမြတ်စွာဘုရား ဖြစ်တော်မူစ ရက် ၅၀-မြောက်နေ့က တပုဿ နှင့် ဘလ္လိကတို့ ရခဲ့ကြသည့် ဆံတော်မြတ် ၈-ဆူကို ရွှေတိဂုံစေတီတော်ကြီး၌ ရတနာအတိပြည့်သော ပြာသာဒ်အတွင်း၊ ပတ္တမြားပြာသာဒ်အတွင်း ပတ္တမြားကြုတ်၌ ထည့်သွင်း၍ ဌာပနာထားကြပေသည်။ ထို့ကြောင့် ရွှေတိဂုံစေတီတော်ကြီးသည် ဆံတော်ဓာတ်များ ကိန်းဝပ်သည့်ဓာတုစေတီလည်း ဖြစ်ပေသည်။(ရွှေတိဂုံစေတီတော်သမိုင်း ၂၉-၃၀)
ဆောင်ပုဒ်။ ။ ဓာတ်တော်အများ၊ ထည့်သွင်းထား၊ ခေါ်ငြား ဓာတုမည်။
(ရွှေတိဂုံစေတီတော်ကြီး၌ လှူဒါန်းရည်သည့် ဒါနအကျိုး ကြီးမြတ်ပုံ)
၂။ ရွှေတိဂုံစေတီတော်ကြီးသည် ကကုသန် မြတ်စွာဘုရား ပွင့်တော်မူသည့်ကာလက အသုံးအဆောင် တောင်ဝှေးတော်၊
ကောဏာဂုံမြတ်စွာဘုရား၏ အသုံးအဆောင် ဓမ္မကရိုဏ်း-ရေစစ်တော်၊
ကဿပမြတ်စွာဘုရား ပွင့်တော်မူသည့်ကာလက အဆုံးအဆောင် ရေသနုပ်-သင်္ကန်းတော်တို့ကို ဌာပနာသွင်းထားသောကြောင့် ပရိဘောဂစေတီတော်လည်း ဖြစ်ပေသည်။
ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ တပုဿ နှင့် ဘလ္လိကတို့ ပင့်ဆောင်လာသည့် ဆံတော်ဓာတ် ၈-ဆူကို ထည့်သွင်းဌာပနာသောကြောင့် ဓာတုစေတီလည်း ဖြစ်ပေသည်။(၀ိနယ မဟာဝဂ္ဂပါဠိ-နှာ ၅)
ထိုပရိဘောဂစေတီ၊ ဓာတုစေတီတို့ ကိန်းဝပ်ရာ ရွှေတိဂုံစေတီတော်ကြီး၌ လှူဒါန်းကြရသော ဒါနကုသိုလ်တို့သည် မိမိတို့ရည်မှန်းကြသည့်အတိုင်း လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ ရောက်သည့်တိုင်အောင် ကြီးမြတ်သော အကျိုးများကို ရရှိနိုင်ကြပေသည်။
( ကြီးမြတ်သောအကျိုးကို ရရှိအောင် လှူဒါန်းပုံ)
မလှူမီ ရှေ့အဖို့ကလည်း မိမိတို့မှာ ဓမ္မိယလဒ္ဓ-တရားသဖြင့် ရှာဖွေ၍ရရှိထားသော လှူဖွယ်ပစ္စည်းများလည်း ရှိနေသည့်အခိုက်၊
ရွှေတိဂုံစေတီတော်ကြီးကိုလည်း ဖူးမြင်နေရသည့်အခိုက်၊
စိတ်စေတနာ သဒ္ဓါတရားများကလည်း ထက်သန်နေသည့်အခိုက်၊
လှူဒါန်းရတော့မည်၊ လှူဒါန်းရတော့မည်-ဟု ၀မ်းမြောက်ဝမ်းသာဖြစ်အောင် နှလုံးသွင်းကြရပေသည်။
လှူနေဆဲခဏ၌လည်း မိမိတို့မှာ ဓမ္မိယလဒ္ဓ-တရားသဖြင့် ရှာဖွေ၍ရရှိထားသော လှူဖွယ်ပစ္စည်းများလည်း ရှိနေသည့်အခိုက်၊

လှူဒါန်းရပေပြီ-ဟု ၀မ်းမြောက်ဝမ်းသာဖြစ်အောင် နှလုံးသွင်းကြရပေသည်။
လှူပြီးသည့်နောက်ကာလ၌လည်း ယခုဘ၀မှစ၍ နိဗ္ဗာန်ချမ်းသာရောက်သည့်ဘ၀တိုင်အောင် အကျိုး ၅-မျိုး ရရှိနိုင်ပေသည်ဟု ၀မ်းမြောက်ဝမ်းသာဖြစ်အောင် နှလုံးသွင်းကြရပေသည်။
အကျိုး ၅-မျိုး
၁။ အသက်ရှည်ခြင်း။
၂။ အဆင်းလှပတင့်တယ်ခြင်း။
၃။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း။
၎။ မိမိကို ကူညီမည့် အခြံအရံ ပရိသတ်ပေါများခြင်း။
၅။ အရာရာမှာ မိမိက အစိုးရခြင်း-ဟူသော အကျိုး ၅-မျိုး ရရှိနိုင်ကြပေသည်။
ဆောင်ပုဒ်။ ။
သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၍၊ များလှခြံရံ၊ စိုးရပြန်၊ ငါးတန် ဒါနအကျိုးတည်း။
ဒါနအရာ၊ ၀မ်းမြောက်တာ၊ မှန်စွာအဓိကဖြစ်ပေသည်။
( ၀ိပဿနာရှုပုံ)
ဆောင်ပုဒ်။
စေတီယဒါန၊ ကျိုးများစွ၊ လှူလှဖူးလေပြီ။
ယခုတခါ၊ လှူရတာ၊ လွန်စွာဝမ်းသာသည်။
ဝမ်းသာခိုက်မှာ၊ ဖြစ်ပျက်တာ၊ ရှုကာသိရမည်။
ဖြစ်ပျက်သိက၊ အနိစ္စ၊ ဒိဋ္ဌ သိနိုင်သည်။
အနိစ္စမြင်တော့၊ ဒုက္ခထင်သည်။
ဒုက္ခထင်တော့၊ အနတ္တမြင်သည်။
အနတ္တမြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင်ဆိုက်ရောက်သည်။
ဝိပဿနာမှာ၊ ဥပေက္ခာ၊ မှန်စွာအဓိကဖြစ်ပေသည်။
ဤကဲ့သို့ လွန်စွာဝမ်းသာနေရာတွင် ဆိတ်ငြိမ်ရာသို့ချဉ်းကပ်၍ ၀မ်းသာသည်၊ ၀မ်းသာသည်ဟု ရှုမှတ်ကြရပေသည်။ နာမရူပပရိစ္ဆေဒဉာဏ်သို့ ရောက်နေသော ပုဂ္ဂိုလ်များက ထိုင်နေသည့် ရုပ်ကိုယ်ကြီးက တခြား၊ မှတ်သိစိတ်က တခြား-ဟု ကွဲပြား၍ သိလာကြပေသည်။
ထိုင်နေသည့် ရုပ်ကိုယ်ကြီးက အာရုံကို မသိတတ်သောကြောင့် ရုပ်တရား၊
မှတ်သိစိတ်က အာရုံကို သိတတ်သောကြောင့် နာမ်တရားဟူ၍ ကွဲပြားကာ သိလာကြပေသည်။
ပစ္စယပရိဂ္ဂဟဉာဏ်သို့ ရောက်နေကြသော ပုဂ္ဂိုလ်တို့က ၀မ်းသာတာများ ရှိနေကြသောကြောင့် မှတ်သိစိတ်များ ဖြစ်လာကြပေသည်။ ၀မ်းသာနေကြသည်က အကြောင်းတရား၊
မှတ်သိစိတ်က အကျိုးတရားဖြစ်သည်ဟု အကြောင်းနှင့်အကျိုးကို သိလာကြပေသည်။
သမ္မသနဉာဏ်သို့ ရောက်နေကြသော ပုဂ္ဂိုလ်တို့က ၀မ်းသာတယ်၊ ၀မ်းသာတယ်-ဟု ရှုမှတ်လိုက်သောအခါ ပို၍ပို၍ ၀မ်းသာတာ၊ ပြန်၍ပြန်၍ လျော့သွားတာများကို သိလာကြပေသည်။ ဤကဲ့သို့ သိလာခြင်းသည် မမြဲခြင်းအနိစ္စကို သိလာခြင်းပင် ဖြစ်ပေသည်။
ဥဒယဗ္ဗယဉာဏ်သို့ ရောက်ရှိနေကြသော ပုဂ္ဂိုလ်တို့က ၀မ်းသာတယ်၊ ၀မ်းသာတယ်-ဟု ရှုမှတ်လိုက်သည်ရှိသော် ၀မ်းသာတာများ ဖြစ်ပေါ်လာပြီး ပျက်ပျက်သွားတာကို တွေ့သိလာကြပေသည်။ ဤကဲ့သို့ တွေ့သိလာခြင်းသည် မမြဲခြင်းအနိစ္စ၊ ဆင်းရဲခြင်းဒုက္ခ၊ အစိုးမရခြင်း အနတ္တတို့ကို သိမြင်လာခြင်းပင် ဖြစ်ပေသည်။ အနတ္တ္ကဉာဏ်အမြင်များ ပြည့်စုံသွားသောအခါ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်သွားကြရမည် ဖြစ်ပေသည်။
(ဝေယျာဝစ္စအမှုများ ပြုသဖြင့် သီလကုသိုလ်များ ရရှိပုံ)
အပစာယနနှင့် ဝေယျာဝစ္စတို့ကို အဋ္ဌကထာဆရာများက သီလကုသိုလ်၌ သွင်း၍ယူရမည်ဟု ဖွင့်ပြထားကြပါသည်။ ထို့ကြောင့် သီလကုသိုလ်များ ရရှိနိုင်ကြပေသည်။ သီလကုသိုလ်၏ အကျိုးများမှာ-
၁။ သီလရှိသောပုဂ္ဂိုလ်တို့သည် ပစ္စည်းဥစ္စာရှာဖွေသောအခါ ရလွယ်ခြင်း။
၂။ အရပ်လေးမျက်နှာ၌ ကောင်းသောဂုဏ်သတင်းတို့ ကျော်ကြားခြင်း။
၃။ ပရိသတ်အမျိုးမျိုးတို့ရှိရာသို့ ၀င်ရောက်ရာ၌ မျက်နှာမငယ်ပါဘဲ ၀မ်းမြောက်ဝမ်းသာ ၀င်ရောက်နိုင်ခြင်း။
၎။ သေခါနီးကာလ၌ ကောင်းသောအာရုံနိမိတ်တို့ ထင်လာ၍ မတွေမဝေ သေရခြင်း။
၅။ သေပြီးသောနောက်ကာလ၌ နတ်ရွာနတ်ပြည်သို့ ရောက်ရခြင်းဟူသော အကျိုး ၅-ပါးကို ရရှိနိုင်ကြပေသည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ ( အံ-ပါ၊ ၂-၂၂၁)
ဆောင်ပုဒ်။ ။
ပစ္စည်းရလွယ်၊ ဂုဏ်ကောင်းကြွယ်၍၊ မငယ်မျက်နှာ၊ မတွေကာ သေ၊ ရောက်လေနတ်ရွာ၊ ဤငါးဖြာ၊
မှန်စွာသီလ အကျိုးတည်း။
သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်
(မြတ်မင်္ဂလာ ၂၀၀၉-ခု မေလ)

Thursday, July 29, 2010
တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး လက်စွဲပြုသော ခရီးသွားဂါထာ
တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသသည် သာသနာ့အာဇာနည် ရဟန်းထူး၊ ရဟန်းမြတ်တပါး ဖြစ်သည်။
ဆရာတော်ကြီးသည် ပထမဦးဆုံး ပေါ်ထွက်ခဲ့သော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်ရ အရှင်မြတ်ဖြစ်သည်။ ၁၉၅၃-ခုနှစ် သက်တော် ၄၂-နှစ်၊ သိက္ခာတော် ၂၂-၀ါတွင် တိပိဋကစာမေးပွဲကြီးကို အောင်မြင်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဇာတိ ဖြစ်သည်၊ ခမည်းတော်မှာ သူကြီးဦးဆုံ၊ မယ်တော်မှာ ဒေါ်ဒေါ်ဆင် ဖြစ်သည်။ ၁၂၇၃-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ့ (၁-၁၁-၁၉၁၁) တွင် ဖွားမြင်တော်မူသည်။
ဆရာတော်လောင်းလျာသည် အသက် ၇-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ထို့နောက် ၁၂၉၂-ခုနှစ်တွင် ရဟန်းပြုတော်မူသည်။ သက်တော် ၆၈-နှစ် (၁၉၇၉)တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၇၃-နှစ် (၁၉၈၄)တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ခံရသည်။ သက်တော် ၈၀-ပြည့် (၁၉၉၁)တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြန်သည်။ သက်တော် ၈၁-နှစ်အရောက် ၁၃၅၄-ခုနှစ် (၁၉၉၃)တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ကြီးပြုစုခဲ့သော ကျမ်းများတွင် မဟာဗုဒ္ဓ၀င် ကျမ်းကြီးသည် ထင်ရှားကြီးကျယ်ခိုင်ခံ့လှသည်။ အတွဲပေါင်း ၆-တွဲ (အုပ်ရေရှစ်အုပ်) ရှိသည်။ ယင်းကို ဆရာကြီးဦးကိုလေး (ဇေယျာမောင်)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။
ဆရာတော်ကြီးသည် ပြည်ပနိုင်ငံများက ပင့်ဖိတ်ရာတွင် လိုက်ပါခြင်းမပြုခဲ့ပေ။ သို့ရာတွင် ပြည်တွင်း၌မူ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းခရီးများဖြင့် ကြွရောက်၍ မြို့နယ်၊ ကျေးရွာအနှံ့ သာသနာပြုတော်မူခဲ့သည်။
အောက်ပါဂါထာမှာ ခရီးမထွက်ခွါမီ ဆရာတော်ကြီး အစဉ်ရွတ်ဆိုသော ဂါထာဖြစ်သည်ဟု အဆိုရှိပါသည်။
(ပါဠိ)
(၁) ဘ၀သောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ၀ိဒူ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
(၂) ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
(၃) သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
( တိကျမှန်ကန်စွာ အသံထွက်နည်း)
(၁) ဘ၀သောတံ ဟဝေ ဗုတ်ဓော၊ တိန်ဏော လောကန်တဂူ ၀ိဒူ။
အေတေန သစ်စ၀စ်ဇေန၊ ဂနမံ မေ သမိတ်ဈတု။
(၂) ယဒိ သန်တိဂမော မက်ဂေါ၊ မောက်ခေါ စစ်စန်တိကံ သုခံ။
အေတေန သစ်စ၀စ်ဇေန၊ ဂနမံ မေ သမိတ်ဈတု။
(၃) သံဃော ဝေ တိန်ဏ ကန်တာရော၊ ပုန်ညက်ခေတ်တော အနုတ်တရော။
အေတေန သစ်စ၀စ်ဇေန၊ ဂနမံ မေ သမိတ်ဈတု။
( အနက်မြန်မာပြန်)
(၁) မြတ်စွာဘုရားသည် ဘ၀သုံးသွယ် ရေပြင်ကျယ်ကို ကူးမြောက်တော်မူပြီးဖြစ်သည်။
လောက၏အဆုံးသို့လည်း ရောက်တော်မူပြီ။
လောကအားလုံးကိုလည်း သိတော်မူပြီ။
ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်၏ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။
(၂) လောကုတ္တရာတရား အရိယာမဂ်လေးပါးသည် စင်စစ်ဧကန် နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်၏။
အရိယာမဂ်ဖြင့် ရောက်အပ်သော နိဗ္ဗာန်သည်လည်း ချမ်းသာစင်စစ် ဧကန်ဖြစ်၏။
ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။
(၃) ပရမတ္တအရိယာ သံဃာတော်မြတ်သည် စင်စစ်ဧကန် သံသရာတဖက်ကမ်းရောက် ကူးမြောက်တော်မူပြီး ဖြစ်၏။
အရိယာသံဃာတော်သည် အတုမရှိ အလွန်မြတ်သော ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ဖြစ်ပါပေ၏။

မင်းဉာဏ်ဝေ
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဇွန်လ)

မေတ္တာ
* အချင်းချင်း မေတ္တာနဲ့နေကြ၊ ၀ိုင်းဝန်းကူညီကြပါ။
* ငါးပါးသီလ လုံခြုံအောင်နေကြပါ။
* ဘုရားရှိခိုးကြတာလည်း သြကာသနဲ့တင် မပြီးကြနဲ့။
* တကယ်ဗုဒ္ဓအစစ်၊ ဘုရားအစစ်ကို ရည်မှန်းပြီး အာရုံပြုကြပါ။
* ဘုရားဂုဏ်တော်တွေကို ပေါ်ထင်အောင် အာရုံပြုကြပါ။
* ကမ္ဘာသူ ကမ္ဘာသား ဝေနေယျသတ္တ၀ါတွေကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့
နက်နက်ရှိုင်းရှိုင်း မေတ္တာပို့သကြပါ။
အရှင်ဇနကာဘိဝံသ
(မဟာဂန္ဓာရုံ ဆရာတော်)

သြ၀ါဒ
အလကားလူမဖြစ်အောင် အလကားမနေကြနဲ့
* အသာနေက၊ အသေနာမည်၊ အလကားနေက၊ အလကားဖြစ်မည်။
* ဘာမှမလုပ်တော့၊ ဘာမှမဖြစ်ပြီ၊ သတိထား၊ စဉ်းစားကြရမည်။
* ရှေးကကောင်းလို့၊ အခုကောင်းပါတယ်၊ အခုကောင်း၊ နောင် ကောင်းပါလိမ့်မယ်။
* ရှေးကမကောင်းလို့၊ အခုမကောင်းပါတယ်၊ အခုမကောင်း၊ နောင် မကောင်းပါလိမ့်မယ်။
* အဆိုးလက်စ ဖြတ်မှတော်မယ်၊ အဆိုးလက်စ ရပ်မှတော်မယ်၊ မြတ်တရား မှတ်သားချိန်လို့ရွယ်။
ဘဒ္ဒန္တအာစာရာလင်္ကာရာမထေရ်
ရန်ကုန်တိုင်း မြောက်ဒဂုံ ၄၂-ရပ်ကွက်
ကိုးဘွဲ့ရသာသနာပြုကျောင်းတိုက် ပဓာနနာယကဆရာတော်

Tuesday, July 27, 2010
ဘာသာရေး ပြဿနာ ( ၂ )
( အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည် )
(မေး) အရှင်ဘုရား အလှူဒါနကြောင့် အကျိုးပေးရာ၌ လှူဖွယ်ဝတ္ထု၏ တန်ဖိုး၊
အလှူပွဲ ကြီးကျယ်ခမ်းနားမှု၊
အလှူခံပုဂ္ဂိုလ်အတွက် အလှူပစ္စည်း၏ အသုံးဝင်မှု၊
လှူဒါန်းသူ ဒါနရှင်၏စေတနာ, အစရှိသည်တို့တွင် မည်သည့်အပေါ်တွင် မူတည်၍ အကျိုးပေးပါသနည်း။
(ဖြေ)
ဒါနရှင်၏ စေတနာအပေါ်၌ မူတည်၍ အကျိုးပေးပါသည်။ သို့သော် လှူဖွယ်ဝတ္ထု စသည်တို့သည်လည်း အထောက်အကူ ပြုကြပါသေး၏။
အကျယ်ပြပါဦးမည်။
သတ္တ၀ါတို့၏ စိတ်အစဉ်သည် မြစ်ရေအယဉ်စီးနေသကဲ့သို့ တခုပြီးတခု ပျက်ကာဖြစ်ကာ တစဉ်တတန်းကြီး ဖြစ်ပျက်နေ၏။ ထိုစိတ်အစဉ်တွင် စေတနာ-ဟုခေါ်ရသော တရားတမျိုးလည်း ပါဝင်၏။ စေတနာ-ဟူသော ပါဠိစကားသည် လှုံ့ဆော်ပေးသောတရား-ဟု အနက်ထွက်၏။ သတ္တ၀ါများ၏ စိတ်သည် အိပ်ပျော်နေစဉ်အခါ ကဲ့သို့ မထင်မရှား အမှတ်တမဲ့ ဖြစ်ပျက်သွားသော စိတ်များ၌ စေတနာပါသော်လည်း ထိုစေတနာ၏ လှုံ့ဆော်အားသည် မထင်မရှားပင် ဖြစ်၍ သူ၏သတ္တိသည်လည်း ခန္ဓာအစဉ်၌ မကျန်ရစ်ပါ။
( ကုသိုလ်၊ အကုသိုလ် စေတနာ)
လောဘ၊ ဒေါသ၊ စသော အပြစ်ကင်း၍ သန့်ရှင်းသောစိတ်ကို ကုသိုလ်စိတ်ဟုခေါ်၏။
လောဘ၊ ဒေါသ စသော အပြစ်မကင်း၍ မသန့်ရှင်းသော စိတ်ကို အကုသိုလ်စိတ်ဟု ခေါ်၏။ ထိုစိတ်တို့၌ စေတနာ၏ လှုံ့ဆော်မှုအားလည်း အထင်အရှားပါဝင်၏။ စေတနာ၏ လှုံ့ဆော်မှုအင်အား ကောင်း-မကောင်း လိုက်၍ ကုသိုလ်၊ အကုသိုလ်စိတ်လည်း ကြီးကျယ် မကြီးကျယ် ကွဲပြား၏။ လှုံ့ဆော်-ဟူသည် စေတနာက အတူဖြစ်ဖက် စိတ်စေတသိက်တို့ကို ဆိုင်ရာအလုပ်၌ တက်တက်ကြွကြွပါဝင်ကြအောင် နှိုးဆော်ပေးခြင်း တည်း။(အသင်းတခု၌ အကျိုးဆောင် အတွင်းရေးမှူး၏ အလုပ်မျိုး ဖြစ်သည်)။
ထို့ကြောင့် ထိုစေတနာကိုသာ ကမ္မ (အမှုသည်) ဟု နာမည်တပ်၍ စေတနာကို ကံတရားဟု ခေါ်စမှတ်ပြုကြ ရသည်။ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ၊ စေတယိတွာ ကမ္မံ ကရောဟိ ကာယေန ၀ါစာယ မနသာ-ဘိက္ခုတို့ စေတနာကို ကံဟူ၍ ဟောတော်မူ၏။) စေတနာဖြင့် စေ့ဆော်၍ (လှုံ့ဆော်၍) ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်သက်သက်ဖြင့် ဖြစ်စေ ကံကိုပြုရသည်။
(အင်္ဂုတ္တိုရ် ဆက္ကနိပါတ်၊ ဒုတိယပဏ္ဏာသက၊ မဟာဝဂ်၊ နိဗ္ဗေဓိကသုတ် ပါဠိတော်)
( သတ္တိ၏ အကျိုး )
ထိုပြခဲ့သော စေတနာကံသည် (ရုပ်၊ နာမ် ထုံးစံအတိုင်း) ဖြစ်ပြီး၍ ပျက်စီးရသော်လည်း သူ၏သတ္တိကိုကား ခန္ဓာအစဉ်၌ ချန်ထားခဲ့၏။ ထိုသတ္တိသည် အကျိုးပေး၏။ မိဘကိုဖြစ်စေ၊ ရဟန္တာကိုဖြစ်စေ သတ်သော အကုသိုလ်စေတနာကံ၏ ကမ္မသတ္တိသည် နောက်ဘ၀၌ အ၀ီစိကျလောက်အောင် အကျိုးပေး၏။ အခြားသော အကုသိုလ်စေတနာတို့တွင် တချို့စေတနာ၏ ကမ္မသတ္တိသည် ဘ၀အတိအကျမဟုတ်ဘဲ သင့်တော်သောဘ၀၌ ကာလ ဂတိ ဥပဓိ ပယောဂ မကောင်းမှုကိုလိုက်၍ ထိုက်သလို မကောင်းကျိုးကိုပေး၏။
ကုသိုလ်စေတနာတို့တွင် မဂ်ကုသိုလ် စေတနာ၏သတ္တိသည် မိမိဖြစ်ပြီး၍ ချုပ်ပြီးနောက် တဆက်တည်း ဖိုလ်အကျိုးကို ပေး၏။
ဈာန်စေတနာ၏ သတ္တိသည် နောက်ဘ၀၌ ဗြဟ္မာ့ဘုံ၌ ဗြဟ္မာဖြစ်အောင် အကျိုးပေး၏။
အခြားသော ကုသိုလ်စေတနာ၏ သတ္တိများကား သင့်တော်ရာဘ၀၌ ကာလ ဂတိ ဥပဓိ ပယောဂ လိုက်၍ အကျိုးပေးသည်။
(ကာလ ဂတိ ဥပဓိ ပယောဂ အကြောင်းကို ကိုယ်ကျင့်အဘိဓမ္မာ၌ အကျယ်ပြခဲ့ပြီ)။
(အကျိုးပေးမည့်ကံ ပေါ်လာပုံ)
သတ္တ၀ါတယောက်၏ ခန္ဓာအစဉ်၌ ဤဘ၀၊ ရှေးဘ၀တို့ဝယ် ပြုခဲ့သမျှသော ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ကမ္မသတ္တိအများအပြားပါရှိ၏။ သေခါနီးသောအခါဝယ် အကျိုးပေးခွင့်သာသောကံသည် (သို့မဟုတ် ထိုကံပြုစဉ်က ပါဝင်ခဲ့သော အရာဝတ္ထုသည်) အိပ်မက်မက်သကဲ့သို့ စိတ်အစဉ်မှာ ပေါ်ထင်လာ၏။ ယခု လောလောဆယ် ပြုနေရသကဲ့သို့ ဖြစ်၏။ ထိုကဲ့သို့ စိတ်ထဲ၌ ထင်နေခိုက်ဝယ် စုတိစိတ်ကျ၍ နောက်ဘ၀ ပဋိသန္ဓေစိတ် အသစ်တဆက်တည်း ဖြစ်၏။ ထိုပဋိသန္ဓေစိတ်သည် ထိုသေခါ နီး၌ထင်သော ကံကြောင့် ဖြစ်ရသော အကျိုးပင်တည်း။
တချို့၌ကား သေခါနီးဝယ် နောက်ဘ၀၌ တွေ့ကြုံရတော့မည့် အာရုံများ စိတ်အစဉ်မှာ ထင်ပေါ်လာ၏။ ထိုသို့ထင်လာသောအခါ အကုသိုလ်ကံ အကျိုးပေးခွင့်သာ၍ ငရဲအာရုံများ ထင်လာသူမှာ သေခါနီး၌ အလွန်ကြောက်ရွံ့သောမျက်နှာဖြင့် ဆူပူမြည်တမ်း၍ နေတတ်၏။ ကုသိုလ်ကံအကျိုးပေးခွင့်သာ၍ ကောင်းသောဘ၀မှ ကောင်းသောအာရုံများ ထင်လာသူမှာ ကြည်လင်သောမျက်နှာဖြင့် ပြုံးရွှင်သော အမူအရာကို ပြတတ်လေသည်။ ဤနည်းအားဖြင့် ယခုဘ၀၌ အတော်ကြာသောကာလကဖြစ်စေ၊ ရှေးရှေးဘ၀တို့ကဖြစ်စေ ပြုခဲ့သော ကံပင်ဖြစ်သော်လည်း အကျိုးပေးခါနီး၌ အသစ်ပြုရသကဲ့သို့ ဖြစ်သောကြောင့် ဆိုင်ရာ ကောင်းကျိုး ဆိုးကျိုး ဘ၀အသစ်တမျိုးကို ဖြစ်စေနိုင်ကြပေသည်။
( ပ၀တ္တိအကျိုး )
ပဋိသန္ဓေစိတ်ဖြစ်ပြီးနောက် တဘ၀လုံး ကာလကို ပ၀တ္တိအခါဟု ခေါ်၏။ ပဋိသန္ဓေအသစ်ကို ဖြစ်စေပြီးနောက် ထိုကံဖြစ်စေ၊ အခြားကံဖြစ်စေ၊ ရောက်ရာဘ၀၌ ကောင်းကျိုး ဆိုးကျိုးကို ပေးနိုင်ကြ၏။ ထိုသို့ပေးရာ၌ ဂတိဟုခေါ်အပ်သော ဘ၀၊ မိမိဖြစ်ရာ အချိန်ကာလ၊ ရုပ်အဆင်းဟူသော ဥပဓိ၊ ပြုလုပ်ပြောဆိုအပ်သော ပယောဂတို့ကိုလိုက်၍ ထိုက်သလို အကျိုးပေးကြသည်။ ဂတိစသည် မကောင်းလျှင် အကုသိုလ်ကံတို့ အကျိုးပေးခွင့်ရကြ၏။ ဤသို့ စသည်ဖြင့် သိဖွယ်တွေမှာ အလွန်ကျယ်ဝန်းများပြားသောကြောင့် ချန်ထားရပါတော့မည်။ လိုရင်းအချုပ်မှာ-ကုသိုလ်ရှင်၏ စေတနာပေါ်မှာမူတည်၍ (စေတနာထက်လျှင် ထက်သလို၊ စေတနာညံ့လျှင် ညံ့သလို) အကျိုးပေးသည်-ဟု ဆိုလိုပါသည်။
( လှူဖွယ်ဝတ္ထု၏ တန်ဖိုး)
စေတနာက အကျိုးပေးရာ၌ လှူဖွယ်ဝတ္ထုသည် (စေတနာ၏အာရုံအဖြစ်ဖြင့်) အထောက်အကူပြု၏။ မိမိ၏စေတနာကို မိမိစဉ်းစားလျှင် ညံ့သောလှူဖွယ်ဝတ္ထုကို ကြည့်ရသောအခါ ၀မ်းသာအားရ မရှိကြောင်း၊ ကောင်းသော လှူဖွယ်ဝတ္ထုကို ကြည့်ရသောအခါ ၀မ်းသာအားရ ရှိကြောင်း သိသာ၏။ ဒါနပြုရာ၌ ၀မ်းမြောက်ဝမ်းသာပြုရသော ဒါနစေတနာသည် ထက်သန်သော စေတနာဖြစ်ရကား အကျိုးပေးသော အခါလည်း ထက်ထက်သန်းသန်း အကျိုးပေးလိမ့်မည်သာ။
(ဓမ္မိယလဒ္ဓအလှူ)
(ဓမ္မိယ-တရားနှင့်လျော်စွာ+လဒ္ဓ-ရအပ်သောပစ္စည်း) တရားသဖြင့် ရှာဖွေ၍ရအပ်သော ပစ္စည်းဥစ္စာကို ဓမ္မိယလဒ္ဓ-ပစ္စည်းဟုခေါ်၏။ ထိုဝတ္ထုပစ္စည်း၏ ဓမ္မိယလဒ္ဓပစ္စည်းဖြစ်ဖို့ရာလည်း အရေးကြီးပြန်၏။ မတရား ရှာဖွေ၍ ရအပ်သော (အဓမ္မိယလဒ္ဓ) ပစ္စည်းအလှူထက် ဓမ္မိယလဒ္ဓပစ္စည်းကို လှူခြင်းက သာ၍ အကျိုးကြီး၏။ ဤစကားကိုထောက်၍ လှူဖွယ်ဝတ္ထုက စေတနာကို အထောက်အကူပြုနိုင်ကြောင်း သိသာပေသည်။
( ဇာတ်တော် )
အစိုးရသူ (မျက်နှာကြီးသူပေါင်း) တသိန်းသည် သူတပါးကို ညှဉ်းဆဲနှိပ်စက် မျက်ရည်ထွက်အောင် အခွန်ဘဏ္ဍာ ပစ္စည်းဥစ္စာကို မတရားစုဆောင်း၍ ကိုယ်စီကိုယ်င တသိန်းကုန်ပေးလှူကြသည်ဟု ဆိုကြစို့။ မတရားပစ္စည်း ရှာသော ထိုလူပေါင်းတသိန်း၏ စုဆောင်းထားသော ထိုအလှူကြီးသည် တရားသဖြင့် အသက်မွေးသူ ဆင်းရဲသား လူတယောက်၏ သာမန်ဒါနကိုထောက်သော် နှစ်ရာ့ငါးဆယ်ခြောက်စိတ်စိတ်၍ တစိတ်လောက်မျှ အဖိုးမတန်ပါ။
(အလှူပွဲ၏ ကြီးကျယ်မှု)
အလှူဒါနပြုရာ၌ အလှူပွဲ၏ ကြီးကျယ်ခမ်းနားမှုကလည်း စေတနာထက်သန်ဖို့ရန် အထောက်အကူ ပြုနိုင်၏။ သို့သော် ထိုသို့ကြီးကျယ်ခမ်းနားအောင် ဆင်ပြင်ရာ၌ ရည်ရွယ်ချက် သန့်ရှင်း-မသန့်ရှင်းကိုကား စိစစ်ဖို့ လိုပါသေးသည်။ ရည်ရွယ်ချက် သန့်ရှင်းမှ စေတနာကို အထောက်အကူပြု၍ ရည်ရွယ်ချက် မသန့်ရှင်းလျှင် ဒါနစေတနာကိုပင် အနှောက်အယှက် ပြုနိုင်ပါသေး၏။
ရှင်းပြဦးမည်။
ဝေဿန္တရာမင်းသည် အလှူရုံကြီးများကို ၆-ဌာနဆောက်လုပ်၍ တနေ့လျှင် ၆-သိန်းမျှ အကုန်ခံကာ ကြီးကျယ်သော ဒါနကိုပြု၏။ ရှေးရှေးသူတော်ကောင်းများလည်း ထိုကဲ့သို့ပြုကြ၏။ ထိုဒါနတို့၏ ကြီးကျယ်ခမ်းနား မှုသည် ဂုဏ်ပကာသနအတွက် မဟုတ်။ အချီးမွမ်းခံလို၍လည်း မဟုတ်။ ဘ၀စည်းစိမ်ကို လိုလား၍လည်းမဟုတ်၊ ဆင်းရဲသူဆင်းရဲသား အများအပြားကို စားကြစေလို၊ သောက်ကြစေလိုသော မေတ္တာကရုဏာနှင့် စားသောက်ကြသည်ကို ၀မ်းမြောက်သော မုဒိတာအရင်းခံပါသော ကြီးကျယ်ခြင်းသာဖြစ်၏။ ထိုကဲ့သို့ ကြီးကျယ် ခမ်းနားမှုကား ဒါနစေတနာကို များစွာအထောက်အကူ ပြုနိုင်ပါသည်။
( အထောက်အကူ မပြုနိုင်သော ခမ်းနားမှု )
သူတပါးနှင့် ပြိုင်ဆိုင်လိုသော၊ အနိုင်ယူလိုသော၊ အချီးမွမ်းခံလိုသော၊ မိမိကို အလှူရှင်ဟု ထင်ရှားပြလျက် ၀ါကြွားလိုသော၊ နောက်နောက်ကာလ၌ ဘ၀စည်းစိမ်ကို တောင့်တသော အကုသိုလ် တဏှာရာဂ မာနတို့ကို အရင်းခံ၍ ကြီးကျယ်ခမ်းနားသော၊ လှပထည်ဝါသော အလှူမဏ္ဍပ်ကြီးကို ဆောက်လုပ်ပြီးလျှင် မပင့်လျှင် မကောင်းသော ပုဂ္ဂိုလ်နှင့် နာမည်ကြီးပုဂ္ဂိုလ်များကို တင်ကြိုပင့်လျှောက်ကာ မျက်နှာကြီးတို့ကိုသာဖိတ်၍ (သူတို့အိမ်၌လည်း စားလေ့ရှိသော) စားကောင်းသောက်ဖွယ်များကို ကျွေးမွေးခြင်းမရှိ ဆင်းရဲသားများကိုကား လားလားမျှ အနားသို့ မသီစေလိုခြင်း၊ ထိုကျွေးမွေးခိုက်၌လည်း တီးဝိုင်းမှ တငြိမ့်ငြိမ့်တီးကာ တဏှာရာဂဖြင့် စားကြ သောက်ကြခြင်း၊ အလှူရှင်ကလည်း နှုတ်ဆက်ရ၊ လောကွတ်လုပ်ရနှင့် ဗျာပါရများနေရခြင်း၊ အလှူပွဲ ပြီးခါနီးမှ ကပျာကယာ ရေစက်ချ၍ လှူဒါန်းရခြင်းတို့ဖြင့် ခြယ်လှယ်ထားသော ဒါန၏ ကြီးကျယ်ခမ်းနားခြင်း၌ သန့်ရှင်းသော ရည်ရွယ်ချက်နည်းပါးရကား အနှစ်ပါသော စေတနာကောင်းကလေးကိုပင် အတော်ကောင်းသော ဉာဏ်စက္ခုမှန်ပြောင်းဖြင့် ရှာနိုင်မှ တွေ့မြင်နိုင်ပါလိမ့်မည်။
( အပိုပစ္စည်း၏ အသုံးဝင်မှု )
အသုံးမကျ၍ ပိုလျှံနေသော အလှူပစ္စည်းများကို လှူခြင်းထက် အသုံးဝင်သော ပစ္စည်းကို လှူခြင်းက သာ၍ စေတနာကို အထောက်အကူ ပြုနိုင်၏။
ရှင်းပါဦးမည်=အသုံးမ၀င်ဘဲ ပိုလျှံနေသော ပစ္စည်းသည် အလှူခံပုဂ္ဂိုလ်မှာ အကျိုးမများပါ။ အသုံးဝင်သော ပစ္စည်း (၀ိနည်းတရားတော်နှင့်လည်း လျော်သောပစ္စည်း)ကား အလှူခံပုဂ္ဂိုလ်မှာ အကျိုးများပါသည်။ အလှူခံပုဂ္ဂိုလ်မှာ အကျိုးများကြောင်း သိရလျှင် အလှူရှင်မှာလည်း ကုသိုလ်စေတနာ ပို၍ ထက်သန်လာနိုင် ပါသည်။ (တပည့်တော်တို့သည် အဘယ်ပုဂ္ဂိုလ်၌ လှူရပါမည်နည်း-ဟု မေးလာလျှင် သင်တို့၏ အလှူပစ္စည်းကို အသုံးဝင်မည့်နေရာ၊ ကျောင်း စသည်ဖြစ်လျှင် ပျက်စီးသောအခါ ပြင်ဆင်မည့်နေရာ၊ ကြာရှည်တည်တံ့မည့် နေရာ၌ လှူကြလော့-ဟု ပြောနိုင်သည်။)
(၀ိနည်းပါဠိတော်၊ နိဿဂ္ဂိယပါစိတ်၊ ပတ္တ၀ဂ် ဒသမသိက္ခာပုဒ်)
မှတ်ချက်။ ။ ယခုအခါ များစွာသော အလှူကြီးတို့၌ တယောက်ကလှူပြီးသော သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ်၊ ခုတင်၊ ခြင်ထောင် စသည်ကို ထပ်၍လှူကြ၏။ ကထိန်များ၌လည်း ထိုပစ္စည်းများအပြင် နာရီ၊ ကော်ဇော၊ လက်နှိပ်ဓာတ်မီး၊ စသော နိုင်ငံခြားဖြစ် ပစ္စည်းများကို (ပြင်ဆင်၍လှအောင်) လှူကြ၏။ ထိုအလှူကြီးများကြောင့် နိုင်ငံခြားသို့ အခွန်ဆက်ရသော ကုန်ကျစရိတ်တွေ မနည်းလှချေ။ ကျောင်းရောက်သောအခါ၌လည်း ပရိယတ်၊ ပဋိပတ်ကို အထောက်အကူ မပြုနိုင်ရုံသာမက ဝေငှစရာ တပည့်ပရိသတ်မရှိသောကျောင်းမှာ သိမ်းဆည်း ရသောအလုပ်တာဝန်သာ ပိုလာ၏။ တချို့ပုဂ္ဂိုလ်များလည်း ထိုပစ္စည်းများကို မအပ်ဆုံးသော ငွေအဖြစ် ရောက်အောင် စီမံကြ၏။ ထိုကဲ့သို့ဖြစ်ပုံကို စဉ်းစားကာ အလှူဒါနနှင့်စပ်၍ မှတ်ဖွယ်များကို အနာဂတ် သာသနာရေးကျမ်း၌လည်း ပြခဲ့ပြီးပါပြီ။
( မြတ်မင်္ဂလာ ၂၀၀၉-ခု မေလ)

မမြင်နိုင်သော ကုသိုလ်
ဘုရားကြီးကုန်းဆိုသော ရွာကလေးတရွာတွင် ဦးထွန်းသောင်းဆိုသူ ရှိသည်။ သူသည် စည်းစနစ်အလွန်ကြီး သည်။ ဖြောင့်မတ်တည်ကြည်သည်။ အရပ်ရှည်ရှည်မားမားနှင့် လူဖြောင့်စိတ်တို ဖြစ်သည်။
နေထိုင်စားသောက်ရာတွင်လည်း စည်းစနစ်ကျကျ နေထိုင်စားသောက်သည်။ စစ်စစ်ကုတ်ကုတ်နှင့် ရှိတာလေးနှင့်ပင် ဖြစ်သလို စားသောက်တတ်သည်။ မိခင်အိုကြီးနှင့် သမီးလေးနှစ်ယောက်ကို ကျွေးမွေးပြုစုနေသူ ဖြစ်သည်။ သူ၏ဇနီးနှင့်မူကား သူ့သမီးများ ငယ်ငယ်လေးတည်းကပင် ကွဲနေကြသည်။
ဦးထွန်းသောင်းသည် သားကောင်း သားလိမ္မာ တယောက် ဖြစ်သည်။ မိခင်ကြီးကို လိုလေသေးမရှိ ကျွေးမွေးပြုစုသည်။ အ၀တ်အထည်တို့ကို လျှော်ဖွပ်ပေးသည်။ ခြေဆုပ်လက်နယ် ပြုစုပေးသည်။ မိခင်ကြီးမှာ မျက်စိကောင်းစွာ မမြင်တော့။ သို့ရာတွင် မညည်းမညူ ပြုစုသည်။
ဦးထွန်းသောင်းကို စာရေးသူ ချီးကျူးမိပါသည်။ မိခင်အပေါ် အလွန်ကောင်းလွန်းသည့် သူ့လိုသားမျိုး မတွေ့ဘူးပါ။ မိခင်အိုကြီးအား ပြုစုကျွေးမွေးသည့် ကုသိုလ်ကြောင့်လား မသိ။ သူ့မှာ လုပ်သမျှ ရောင်းရေးဝယ်တာ စီးပွားအဖြာဖြာတို့သည် အလွန်အဆင်ပြေသည်။ စီးပွားရေးမှာ တစတစ တိုးတက်လာသည်။ တဖြည်းဖြည်း ကြီးပွားချမ်းသာလာလေသည်။ ဦးထွန်းသောင်းကား အခြားသူမဟုတ်။ စာရေးသူ၏ ဦးလေးပင် ဖြစ်ပါသည်။
ဦးထွန်းသောင်းသည် ချွေတာနေထိုင်သော်လည်း အလှူအတန်းကတော့ ရက်ရက်ရောရော လှူတတ်သည်။ ဘုရားတရားလည်း အလွန်ရိုသေသည်။ သူ၏မိခင်ကြီး ကွယ်လွန်၍ သမီးများအသီးသီး အိမ်ထောင်ကျကုန် သောအခါ သူသည် သူနေထိုင်သည့် ရွာကလေးကို စွန့်ခွာ၍ မြို့တမြို့တွင် သွားရောက်နေထိုင်လေသည်။ တတ်နိုင်သမျှ အလှူအတန်းများကို စဉ်ဆက်မပြတ် လှူဒါန်းသည်။ သူနေထိုင်သော မြို့လေးတွင် ဘာမျှမလုပ်ဘဲ သင့်တော်သော အတိုးနှုန်းဖြင့် ငွေတိုးပေးစားသည်။ ဘုရားတရား အလုပ်ကိုသာ အားစိုက်လုပ်ကိုင်တော့သည်။ သူ့အိမ်တွင် သံဃာတော်များအတွက် ထိုင်ဆွမ်း လှူဒါန်းမှုကလည်း မရေတွက်နိုင်အောင် များပြားလှသည်။ ထိုများပြားသော ထိုင်ဆွမ်းများအတွက် ဆွမ်းရော ဆွမ်းဟင်းပါ နေ့စဉ်မပျက် မမောမပန်း သူကိုယ်တိုင် ချက်ပြုတ်သည်။ လှူဒါန်းသည်။
ဦးထွန်းသောင်းသည် သူနေထိုင်ခဲ့သော ရွာလေးတွင်ရှိသော လမ်းများကို ခင်းပေးသည်။ ရွာလမ်းများမှာ မကောင်းပါ။ မိုးတွင်းဆိုလျှင် ဗွက်နိုင်းချင်းနှင့် သွားလာနေကြရသည်။ ထို့ကြောင့် တရွာလုံးရှိ လမ်းများ အားလုံးကို အုတ်၊ ဘိလပ်မြေတို့ဖြင့် ကျကျနန ပြုလုပ်ပေးသည်။ ရွာသားများ သွားလာရေး အဆင်ပြေကောင်းမွန် စေရန် အထူးလှူဒါန်းခဲ့သည်။ လမ်းခင်းနေစဉ်အတွင်း မမျှော်လင့်ဘဲ ဦးထွန်းသောင်း အပြင်းဖျားကာ ခဏတာ သတိလစ်သွားလေသည်။
သတိပြန်ရလာသောအခါ သူ၏မရီးတော်သူ စာရေးသူအမေအား ပြောပြပါသည်။ မလှကြည်ရေ၊ ငါ သတိလစ်သွားတုန်း ကောင်းကင်ပေါ်ကို ငါ့ကိုခေါ်သွားပြီး ဟိုရောက်တော့ ဆောက်လက်စ ဗိမာန်ကြီးကို ပြတယ်။ မင်းနေရမယ့် နေရာလို့လည်း ပြောတယ်၊ ငါက ကျွန်တော်နေလို့ မဖြစ်သေးဘူး လမ်းခင်းတာ မပြီးသေးလို့ပါလို့ ပြောလိုက်တယ်-တဲ့။
ထိုအကြောင်းကို အမေကလည်း စာရေးသူတို့ အိမ်သားအားလုံးကို ပြန်ပြောပြပါသည်။ စာရေးသူကတော့ မယုံပါ။ စိတ်စွဲလို့ မက်တာနေမှာပါ-ဟု ပြန်ပြောလိုက်ပါသည်။
ဤသို့နှင့် ၅-နှစ်မျှကြာသွားပြီး ၂၀၀၈-ခုနှစ် စက်တင်ဘာလတွင်လည်း နေမကောင်းဖြစ်တုန်း အိပ်မက် မက်ပြန်တယ်။ ကောင်းကင်က သူ့အား ရထားနှင့် လာခေါ်ပြန်သည်တဲ့။ ဒီတခါတော့ စာရေးသူ မမေးဘဲ မနေနိုင်တော့၊ ဦးလေး နေထိုင်ရာမြို့သို့ လမ်းကြုံ၍ ၀င်သွားသည်။ ထိုမြို့တွင် နေထိုင်သော စာရေးသူ၏ တူမကိုခေါ်၍ သူ့အိမ်သို့သွားကြပါသည်။
စာရေးသူသည် ဦးလေးထံ သွားလေ့သွားထ မရှိပါ။ ထို့ကြောင့် စာရေးသူတို့ကို မြင်သောအခါ ဦးလေးက အံ့သြကြီးစွာနှင့် ကြည့်နေသည်။
ငြိမ်းငြိမ်းတို့ မလာစဘူး အလာထူးတယ်ဟေ့။
စာရေးသူကလည်း ဟိုဟိုသည်သည် စကားပြောရင်းနှင့် မေးပါတော့သည်။
ဦးလေး အမေကပြောတယ်၊ ဦးလေး သတိလစ်နေတုန်း ကောင်းကင်ကလာခေါ်တယ်ဆို၊ ဘာတွေတွေ့ရလဲ။
အေး ဟုတ်တယ်၊ ငါနေရမယ့် နေရာဆိုပြီး နတ်ပြည်မှာ ဗိမာန်ကြီးဆောက်နေတာ မြင်ရတယ်။ ဗိမာန်က မပြီးသေးဘူး။ ငါကလည်းလမ်းခင်းတာ မပြီးသေးဘူးလို့ မနေချင်သေးဘူးလို့ ပြောလိုက်တော့ မေ့မြောရာက သတိပြန်ရလာတယ်-ဟုပြောပါသည်။
နောက်ထပ် မက်တဲ့အိပ်မက်က ဦးလေးကို ပန်းရထားနဲ့ လာခေါ်တယ်ဆို။
သူက အားပါးတရ ပြောပြန်သည်။
ဟုတ်တယ်ဟဲ့၊ အဲဒီပန်းရထားကလေး ရွှေသားအစစ်နဲ့လုပ်ထားတာ၊ ရွှေတွေမှ အိနေတာပဲ၊ ငါ့မျက်စိထဲက ခုထိမထွက်သေးဘူး။ ငါမလိုက်ဘူးပြောလိုက်တယ်။ သူများတွေ မယုံမာစိုးလို့ ငါဘယ်သူ့မှ မပြောဘူး။ ခု နင်မေးမှ ပြောတာ။
ထို့နောက် စာရေးသူတို့သည် ဦးလေးကို နှုတ်ဆက်ကာ ပြန်ခဲ့ကြသည်။
ထိုစဉ်က စာရေးသူမှာ ဦးလေး၏ အဖြစ်အပျက်များကို မယုံသလိုလိုနဲ့ ပေါ့ပေါ့တန်တန် ထင်ခဲ့သည်။ သို့ရာတွင် မကြာမီက သာသနာရေးဝန်ကြီးဌာနက ထုတ်သော ဗုဒ္ဓဘာသာတရားတော် (အခြေခံအဆင့်) စာအုပ်ကို ဖတ်မိသောအခါ အမြင်မှန်ရသွားသည်။ ထိုစာအုပ်တွင် နန္ဒိယဥပါသကာ ၀တ္ထုကို ဖော်ပြထားသည်။ ယင်းကိုဖတ်ရှုပြီးနောက် သြော်-ဦးလေးရဲ့ အဖြစ်အပျက်တွေဟာ နတ်ပြည်ကိုေ ရာက်ရန် ရှေ့ပြေးနိမိတ်တွေပါကလားဟူ၍ ခံယူမိတော့သည်။
ထ်ုဖြစ်ရပ်မှန် ၀တ္ထုထဲတွင် ဗာရာဏသီမြို့၌ ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်၍ သဒ္ဓါတရား အလွန်ထက်သန်
ကြသော မိဘနှစ်ဦးတွင် နန္ဒိယမည်သော သတို့သားတယောက် ရှိသည်။ ထိုသား နန္ဒိယသည် မိဘများကဲ့သို့ပင် သဒ္ဓါတရားနှင့် ပြည့်စုံသည်။ ရဟန်း သံဃာများကို ဆွမ်းအစရှိသည်တို့ဖြင့် ပြုစုလုပ်ကျွေးလေ့ရှိသည်။ မိဘနှစ်ပါး ကွယ်လွန်သောအခါ၌ကား ပို၍လှူဒါန်းသည်။ ရဟန်းသံဃာများသာမက တောင်းရမ်းစားသူများနှင့် ခရီးသွား ဧည့်သည်များအတွက်ပါမကျန် အိမ်ရှေ့၌ အသင့်ချက်ပြီးသော ထမင်းအိုးများကို အမြဲတည်ထားလှူဒါန်းသည်။
ထို့နောက် ဣသိပတနမိဂဒါဝုန်ကျောင်းတိုက်၌ တံခါးမုခ်လေးခုပါသော လေးခန်းတန်းလျားရှည်ကျောင်းကို ဆောက်၏။ အခန်းတိုင်း အိပ်ရာ၊ ခုတင်၊ ထိုင်ခုံ စသည်တို့ အပြည့်အစုံထား၍ ဘုရားအမှူးရှိသော သံဃာတော်များကို ရေစက်ချ လှူဒါန်းလေသည်။ ထိုသို့ လှူဒါန်းပြီးသည်နှင့်တပြိုင်နက် တာဝတိံသာနတ်ပြည်၌ နန္ဒိယအတွက် အသုံးအဆောင်များနှင့်တကွ ကြီးကျယ်ခမ်းနားသော ဘုံဗိမာန်ကြီး ပေါက်နှင့်လေတော့သည်။
အရှင်မောဂ္ဂလာန် နတ်ပြည်သို့ ကြွတော်မူသောအခါ ရှေးကမတွေ့ဘူးသော ဗိမာန်အသစ်ကို မြင်ရ၍ နတ်များကို မေးမြန်းလေသည်။ ထိုအခါ နတ်တို့က လူ့ပြည်၌ရှိနေသေးသော နန္ဒိယဥပါသကာ၏ ဗိမာန်ဖြစ်ကြောင်း လျှောက်ကြလေသည်။ ထိုဗိမာန်၌ ရောက်နှင့်နေသော နတ်သမီးများကလည်း အရှင်မောဂ္ဂလာန်ကိုမြင်၍ ဗိမာန်မှဆင်းလာကြပြီးလျှင် တပည့်တော်မတို့သည် နန္ဒိယဥပါသကာ၏ အလုပ်အကျွေးများ ဖြစ်ကြပါသည်။ နန္ဒိယဥပါသကာ မလာနိုင်သေး၍ စောင့်မျှော်နေကြပါသည်။ မြန်မြန်လာရန် မိန့်တော်မူပေးပါ။ လျှောက်လိုက်ကြလေသည်။
အရှင်မောဂ္ဂလာန်သည် လူ့ပြည်သို့ပြန်ရောက်သောအခါ ဘုရားထံကြွတော်မူ၍ မြတ်စွာဘုရား၊ ကောင်းမှုရှင်က လူ့ပြည်၌ ရှိနေစဉ် နတ်ပြည်၌ နတ်စည်းစိမ်ဖြစ်နေနှင့်နိုင်ပါသလော-ဟု မေးလျှောက်သည်။ ထိုအခါ ဘုရားရှင်က-မောဂ္ဂလာန် ဘာကြောင့် ငါ့ကိုမေးနေရသနည်း၊ နန္ဒိယ၏ နတ်စည်းစိမ်ကို သင်ကိုယ်တိုင် မြင်တွေ့ခံရပြီ မဟုတ်လော-ဟု မိန့်တော်မူလိုက်လေသည်။
ဤဖြစ်ရပ်မှန်ဝတ္ထုကို ဖတ်ပြီးသောအခါ စာရေးသူသည် ဦးလေး ဦးထွန်းသောင်း၏ ပြောစကားတို့ကို အကြွင်းမဲ့ ယုံကြည်သွားပါတော့သည်။
ငြိမ်း (ကျောင်းကုန်း)
(မြတ်င်္ဂလာ ၂၀၀၉-ခု မေလ)

စိတ်စင်ကြယ်မှ ရုပ်စင်ကြယ်မည်
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။
* ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။
* စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။
* အပြင်ရုပ်ပြ၊ စင်ကာမျှ၊ တွင်းက စင်ခဲစွာ။
စစ်ကိုင်းရွှေဟင်္သာဆရာတော်

စေတနာ မကောင်းလျှင်
လွန်ခဲ့သောနှစ်ပေါင်း ၄၀-ကျော်က ဗန်းမော်မြို့တွင် ဦးချမ်းသာဟူသည့် ငွေကြေးချမ်းသာသော လုပ်ငန်းရှင်ကြီးတဦး ရှိပါသည်။ သူသည် သစ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်းများ လုပ်သည်။ လုပ်ငန်းများ အောင်မြင်သဖြင့် ငွေကြေးချမ်းသာသော်လည်း စိတ်ရင်းကောင်း၊ စေတနာကောင်းမရှိပါ။ ငွေကို နှမြောသည်။ လှူဒါန်းပေးကမ်းစွန့်ကြဲခြင်း လုံးဝမရှိပါ။
သူ့လုပ်ငန်းတွင် လခစားလုပ်သော လုပ်သားများစွာရှိသည်။ ငွေကြေးချမ်းသာသော်လည်း အလုပ်သမားများ အပေါ် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ် လုံးဝမရှိပေ။ လုပ်အားခကိုလည်း ဈေးနှိမ်၍ပေးသည်။ လစာကို ပေးသင့်သည့်အချိန်တွင် ပုံမှန်မပေးဘဲ အချိန်ဆွဲ၍ ထားသည်။ ရသင့်သည့်အချိန်ထက် နောက်ကျပြီးမှ ရသဖြင့် အလုပ်သမားများမှာ စိတ်ဆင်းရဲကြသည်။ စိတ်ပျက်အားငယ်ကြရသည်။ သူ့ထံက အလုပ်ထွက်ချင်ကြ သော်လည်း အဆင်မပြေမှာစိုး၍ မထွက်ရဲကြပေ။ တချို့မှာ စိတ်ဆင်းရဲသဖြင့် မျက်ရည်ကျရသည်။ အလုပ်ရှင်အပေါ် စေတနာမေတ္တာမရှိကြတော့ပေ။
တနေ့သောအခါ ဦးချမ်းသာသည် တောထဲရှိသစ်စခန်းသို့ သူ၏ဒရိုင်ဘာနှင့်အတူ ဂျစ်ကားစီး၍ သွားသည်။ သစ်စခန်းတွင် အလုပ်နှင့်ပတ်သက်၍ အလုပ်သမားတွေအပေါ် မကျေနပ်သဖြင့် ဆူပူအော်ငေါက်စိတ်ဆိုးသည်။ အပြန်မှာ မိုးချုပ်စပြုပြီ။ ကားမီးကလည်း မလင်းပါ။ ဒရိုင်ဘာက ကားကို လျင်မြန်စွာ မောင်းလာရာ မြို့နှင့် ၁-မိုင်အကွာတွင် ကားဘရိတ်ပေါက်ပြီး လမ်းဘေးရှိ သစ်ပင်ကြီးကို ၀င်တိုက်မိရာမှ ကားတိမ်းမှောက်သွားသည်။ ဦးချမ်းသာနှင့် ဒရိုင်ဘာတို့နှစ်ဦး ပွဲချင်းပြီး သေဆုံးကြရသည်။ အခင်းဖြစ်ပွားရာ၌ အနီးရှိရွာလူကြီးကမြင်သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားရာ အလောင်းကိုအိမ်သို့ ညတွင်းချင်း ကားဖြင့်သယ်သွားကြသည်။ ဦးချမ်းသာ၏ဇနီးနှင့် သားသမီးတို့မှာ တညလုံး ငိုကြွေးကြသည်။ ဆင်းရဲသားအလုပ်သမားများ မျက်ရည်ကျအောင် လုပ်ခဲ့၍ ယခုလို အသေဆိုးနှင့် သေရတာဟု လူအများက ဝေဖန်ကြသည်။
လောကတွင် စိတ်ရင်းကောင်း၊ စေတနာကောင်းရှိရန် အထူးလိုအပ်ပါသည်။ စိတ်ရင်းမကောင်း၊ စေတနာမကောင်းသူမှာ မကောင်းကျိုးကို ခံစားရမည်။ စိတ်ရင်းကောင်း၊ စေတနာကောင်းရှိလျှင် ကောင်းကျိုးခံစားရမည် ဖြစ်ပါသည်။
ကောက်ရိုးနွယ် (ရွှေကူ)

မောင်လူခန့်၏ ဆွမ်းတနပ်
၂၀၀၅-ခုနှစ် ဇန်န၀ါရီလတွင် မြို့နယ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ရသည့်မြို့မှာ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် နယ်စပ်တွင်ရှိသော မြို့တမြို့ ဖြစ်ပါသည်။ ယင်းအချိန်တွင် မောင်လူခန့်၏ အစာအိမ်ရောဂါမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး နံနက်စာထမင်းကို ကြက်ဥကြော်၊ ငါးကြော်နှင့်သာ စားသောက်ရပါသည်။ ညနေစာဆိုလျှင် အစာအိမ်သည် ကြာဆံပြုတ်ကိုသာ လက်ခံပါသည်။ အစားအစာကို အထူးသတိပြုပြီး စားသောက်နေရပါသည်။
မောင်လူခန့် စခန်းမှာ ကလေးမြို့နှင့် တမူးမြို့သွား မော်တော်ကားလမ်းဘေးတွင် တည်ရှိပါသည်။ ယင်းမြို့ကလေးမှာ ခရစ်ယာန်ဘာသာဝင်ဦးရေ ပိုမိုများပြားသည့်အတွက် တနင်္ဂနွေနေ့တိုင်း ဈေးပိတ်ပါသည်။ ယင်းနေ့ အသားငါး အထူးသဖြင့် ငါး (လုံးဝ) ၀ယ်ယူ၍မရပါ။
မတ်လဆန်းပိုင်း စနေနေ့ကျသော ရက်တရက်ကို မောင်လူခန့် ဘယ်သောအခါမှ မေ့မရနိုင်ပါ။
ထိုနေ့ ၁၁-နာရီခန့်တွင် မောင်လူခန့်ရုံးခန်းရှေ့၌ ခရီးသည်တင်ကားတစီးပျက်၍ ပြင်နေပါသည်။ ယင်းကားပေါ်တွင် ဘုန်းကြီးတပါးလည်း လိုက်ပါလာခဲ့ပါသည်။ မောင်လူခန့်က- ကားဆရာ၊ ဘယ်အချိန် ကားပြင်ပြီးမှာလဲ-ဟု မေးလိုက်ရာ ၁၂-နာရီကျော်မှ ပြီးပါမည်-ဟု ပြန်ဖြေပါသည်။ ထိုအခါ မောင်လူခန့်က ဘုန်းတော်ကြီးကို မြန်မြန်ဆန်ဆန် ရုံးခန်းထဲသို့ ပင့်ဖိတ်ပြီး မိမိအတွက် မနက်စာချက်ပြုတ်ထားသည့် ကြက်ဥကြော်၊ ငါးကြော်အပြင် နောက်နေ့ ဈေးပိတ်၍ ကြိုတင်ဝယ်ယူထားသော ငါးကြော်များကိုပါ ထည့်ပြီး ဆွမ်းကပ်လှူခဲ့ပါသည်။ ဆရာတော်မှာ မနေ့က ရထားပျက်၍ နေ့ဆွမ်းမဘုဉ်းပေးခဲ့ရကြောင်း မိန့်ကြားပါသည်။ ဤအခါ မောင်လူခန့်မှာ မိမိလှူဒါန်းရသော ဆွမ်းတနပ်အတွက် အလွန်ပင် ပီတိဖြစ်ခဲ့ရပါသည်။
နောက်တနေ့ တနင်္ဂနွေနေ့တွင် မောင်လူခန့်၏ စခန်းရှေ့၌ နံနက် ၈-နာရီခန့် ငါးများလာရောက်ရောင်းချ နေသည်ကို ထူးဆန်းစွာ တွေ့မြင်ခဲ့ရပါသည်။
သို့ဖြင့် မောင်လူခန့်က သူ၏တပည့်ကိုခေါ်၍ နံနက်စာအတွက် ငါးများဝယ်ယူချက်ပြုတ်စေခဲ့ပါသည်။
မောင်လူခန့်သည် အစိုးရဌာနတခုတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိတယောက် ဖြစ်ပါသည်။ တခါတရံ မြို့နယ်ရုံးများတွင် တနှစ်ခွဲမှ နှစ်နှစ်နီးပါးအထိ ထာဝန်ထမ်းဆောင်ခဲ့ရသည့် အချိန်ကာလများလည်း ကြုံတွေ့ခဲ့ ရပါသည်။
မောင်လူခန့်တွင် အလယ်တန်းကျောင်းသားဘ၀က အခြေခံအစပျိုးခဲ့သည့် အစာအိမ်ရောဂါ အမြဲစွဲကပ်လျက် ရှိပေသည်။ သို့သော် နယ်ရုံးများသို့ တာဝန်ထမ်းဆောင်ရသည့်အခါတိုင်း သူ၏မိသားစုများကို ခေါ်သွားလေ့ မရှိပါ။ သူ၏အစာအိမ်ရောဂါမှာ ပြင်ပစားသောက်ဆိုင်များမှ အစားအစာများနှင့် လုံးဝမတည့်ပေ။ ကိုယ်တိုင် ချက်ပြုတ်၍ စားရသည်။
ထို့ကြောင့် ကုသိုလ်ဒါနပြုတိုင်းပြုတိုင်း မိမိနှင့် မတည့်သောအစားအစာများ မိမိကြိုက်နှစ်သက်ပြီး စားသောက်၍မရသော အစားအစာများကို အထူးဦးစားပေးလှူဒါန်းခဲ့ပါသည်။ သူ့မိဘများကလည်း ခုနစ်နှစ်သား အရွယ်တွင် ရှင်ပြုပေးခဲ့သည့်အချိန်မှစ၍ ၀ါတွင်းသုံးလ ဥပုသ်နေ့များတွင် ဘုန်းကြီးကျောင်းဝေယျာဝစ္စ လုပ်ပေးရန် အဖိတ်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်ညအိပ်စေခဲ့ပါသည်။ ထို့အပြင် ဥပုသ်နေ့တိုင်း ရှစ်ပါးသီလကိုလည်း ခံယူဆောက်တည်စေခဲ့ပါသည်။ ထို့ကြောင့် ၀န်ထမ်းဖြစ်လာသည့်အခါမှာလည်း ၀ါတွင်းသုံးလဥပုသ်ရက်များတွင် ဥပုသ်သီလကို မဖြစ်မနေ စောင့်ထိန်းခဲ့သည့် အလေ့အကျင့်များလည်း ရရှိခဲ့ပါသည်။
ကျန်းမာရေးအလွန်ညံ့ပြီး ဆေးရုံကို မကြာခဏ တက်ရောက်ကုသမှု ခံယူခဲ့ရသဖြင့် အသက်ရှည် ကျန်းမာသည့် အောက်ဖော်ပြပါ ကုသိုလ်များကိုလည်း စွမ်းနိုင်သမျှ လှူဒါန်းပူဇော်ခဲ့ပါသည်။ ယင်းကုသိုလ်များ-
(၁) ရေစစ်လှူဒါန်းခြင်း။
(၂) ဆေးဝါးလှူဒါန်းခြင်း။
(၃) ကျောင်း၊ ဘုရား၊ တံတားပျက်တို့ကို ပြုပြင်ခြင်း။
(၄) ငါးပါးသီလကို အမြဲစောင့်ထိန်းခြင်း။
(၅) သီတင်းနေ့တိုင်း ရှစ်ပါးသီလကို စောင့်ထိန်းခြင်း။
(၆) ကျောင်းသစ်၊ ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်းတို့ ဖြစ်ပါသည်။
ယခုအခါ မောင်လူခန့်မှာ အချဉ်မှလွဲ၍ အသီး၊ အရွက်နှင့် အပူအစပ် အနည်းငယ်ကိုပါ စားသုံး၍ရသော အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုအကျိုးကား မိမိပင် ပြန်လည်ခံစား ခဲ့ရကြောင်း မောင်လူခန့် စဉ်းစားမိတိုင်း ၀မ်းသာပီတိဖြစ်လျက် ရှိပါတော့သည်။
ဆင်တဲဝမောင်မောင်ကြည်

Sunday, July 25, 2010
ပရိတ်စွမ်းအင် သိစေချင်
မကြာမီက စာရေးသူသည် ညောင်တုန်းမြို့၊ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံသို့ ကိစ္စတခုဖြင့် ရောက်ခဲ့ပါသည်။ ထိုစဉ် ဆရာတော်က ဖြစ်ရပ်တခုကို ပြောပြပါသည်။
အတိအကျပြောရလျှင် ၁၃၇၀-ပြည့် သီတင်းကျွတ်လဆန်း ၆-ရက် နေ့လယ် ၁-နာရီ ၁၅-မိနစ်အချိန် ဖြစ်သည်။ ဆရာတော်သည် နေ့ဆွမ်းဘုဉ်းပေးပြီးသည့်အခါတိုင်း မိမိ၏အခန်းထဲသို့ ၀င်ပြီး အနားယူလေ့ရှိပါသည်။ ယခုလို အချင်းဖြစ်ပွားမည့်နေ့တွင် ဆရာတော်သည် အခန်းထဲဝင် အနားယူချင်စိတ် မရှိဘဲ အပြင်ဘက်ခုတင်ပေါ်တွင် အနားယူနေလေသည်။ ဆရာတော် အနားယူစဉ် မည်သည့်အရာကိုမျှ အာရုံမပြုဘဲ မိမိ၏စိတ်မှာ ပရိတ်မေတ္တာ ကိုသာ အာရုံပြုရင်း အနားယူလေ့ရှိသည်။
ဆရာတော်အနားယူစဉ် သူခိုးနှစ်ယောက်သည် ကျောင်းပေါ်သို့တက်လာပြီး ဂန္ဓကုဋီဘုရား ကျောင်းဆောင်ခန်း ထဲသို့ဝင်ကာ နှစ်ပေါင်းတရာဝန်းကျင်ရှိ ရဟန္တာရုပ်တုတော်နှစ်ဆူကို ခိုးယူပြီး ဆင်းသွားကြသည်။ သူခိုးတယောက်က အနီးရှိ ဓာတ်ဘူးကိုပါ လှမ်းယူစဉ် ဆရာတော်မြင်တွေ့၍ ဟေ့ကောင်၊ ဟေ့ကောင် မင်းဘယ်သူလဲ-ဟု မေးလိုက်သည်။ မေးမရသည့်အခါ ထထိုင်ပြီး သူခိုး သူခိုး-ဟု အော်လေသည်။
ဆရာတော်သည် ၀ိနည်းတော်ကို မသိ၍ မဟုတ်၊ သိပင်သိငြားသော်လည်း ရှေးဟောင်းရဟန္တာနှစ်ဆူ ပါသွားမည်ကို စိုးရိမ်စိတ်ဖြင့် သူခိုးဟု အော်မိကြောင်းကိုလည်း ပြောပြပါသည်။
သူခိုးများသည် ရပ်ကွက်ထဲသို့ ထွက်ပြေးလေသည်။ ဆရာတော့်အသံကို ကြားသည့် ကျောင်းသားကိုရင်များက သူခိုးများကို ထွက်လိုက်လေ၏။ ရပ်ကွက်လူများကလည်း ၀ိုင်းဝန်းလိုက်ဖမ်းကြရာ သူခိုးနှစ်ယောက်ကို မကြာမီ ဖမ်းမိကြလေသည်။
တာဝန်ရှိရဲများက ကျောင်းသို့ရောက်လာပြီး သူခိုးဖမ်းမိကြောင်းကို ဆရာတော်အား လျှောက်ထားပါသည်။ ဆရာတော်ဖြစ်စေ၊ ဂေါပကဖြစ်စေ သူခိုးများကို အရေးယူ တရားစွဲနိုင်ကြောင်း လျှောက်ပါသည်။ ဆရာတော်က ၀ိနည်းတော်နှင့် မငြိစွန်းရန် ဂေါပကဖြစ်စေ၊ ငါကိုယ်တိုင်ဖြစ်စေ ဘာမှအမှုမလုပ်ပါ။ တရားလည်းစွဲချက်တွေ မတင်လိုပါ။ ထိုပစ္စည်းများမှာ ဆရာတော်ပစ္စည်းမဟုတ်တော့ဘဲ သူခိုးပိုင်ပစ္စည်းများ ဖြစ်သွားပြီ။ ဒါကြောင့် ဒကာတို့အလုပ်နဲ့ ဒကာတို့လုပ်ချင်တယ်ဆိုရင် လုပ်ပါ။ ဆရာတော်နဲ့တော့ မည်သို့မျှ မသက်ဆိုင်တော့ပါ-ဟု ပြန်လည်မိန့်ကြားပါသည်။
ရဲများပြန်သွားကြပြီး ဆက်လက်ဖော်ထုတ်စစ်ဆေးကြရာ ညောင်တုန်းမြို့ပေါ်ရှိ မဟာဝိသုတာရာမတိုက်သစ် ကျောင်းရှိ ကြေးကမ္မ၀ါ၊ ရွှေဟင်္သာတောရတိုက်ရှိ ရဟန္တာရုပ်တု၊ နိဂြောဓာရုံကျောင်းရှိ အရှင်မောဂ္ဂလာန်၊ အရှင်သာရိပုတ္တရာရုပ်တုတို့ ပျောက်ဆုံးနေသည်ကိုပါ ဖော်ထုတ်နိုင်ခဲ့လေသည်။ ထို့ကြောင့် ထိုရုပ်တုတော်နှင့် ပစ္စည်းအားလုံး ပြန်လည်ရရှိကြလေသည်။ ဆရာတော်၏ ရဟန္တာရုပ်တု နှစ်ဆူကိုလည်း ရဲများက ပြန်လည် လာရောက်လှူဒါန်းကြပါသည်။
ဆရာတော်၏ ရဟန္တာရုပ်တုနှစ်ဆူကို ယခုလို ပြန်လည်ရရှိခြင်းမှာ ဘယ်အစွမ်းသတ္တိကြောင့် ယူဆပါသလဲ-ဟု စရေးသူက မေးလျှောက်ကြည့်သည့်အခါ ဆရာတော်က ငါက-အမြဲ ပရိတ်ကြီး ၁၁-သုတ်နဲ့ မဟာသမယ သုတ်ကိုပါ ရွတ်တော့ နတ်ကောင်းနတ်မြတ်တွေက ငါ့ကို စောင့်ရှောက်သတိပေးတယ်လို့ ငါယုံကြည်တယ်-ဟု ပြန်လည် မိန့်ကြားပါသည်။
နန္ဒာထွန်းဝင်း (ပန်းတနော်)

Friday, July 23, 2010
အသိထူးခြား မြတ်တရား
* ပစ္စည်းခန္ဓာ၊ ကိုယ့်မှာအရှိ၊
အမှားကြည့်လတ်၊ မသိတတ်က၊
သုံးမရ၊ ဒုက္ခရောက်တတ်သည်။
* ပစ္စည်းခန္ဓာ၊ ကိုယ့်မှာအရှိ၊
အမှန်ကြည့်က၊ အသိထူးခြား၊
မြတ်တရား၊ ထင်ရှားပေါ်လာသည်။
* အရှိကိုနိုင်၊ အသိပိုင်၍၊
ကြံ့ခိုင်ထူးခြား၊ တရားရှိမှ၊
စွမ်းအားရ၊ မုချချမ်းသာမည်။
တိပိဋကဓရ ယော-ဆရာတော်
အမှားကြည့်လတ်၊ မသိတတ်က၊
သုံးမရ၊ ဒုက္ခရောက်တတ်သည်။
* ပစ္စည်းခန္ဓာ၊ ကိုယ့်မှာအရှိ၊
အမှန်ကြည့်က၊ အသိထူးခြား၊
မြတ်တရား၊ ထင်ရှားပေါ်လာသည်။
* အရှိကိုနိုင်၊ အသိပိုင်၍၊
ကြံ့ခိုင်ထူးခြား၊ တရားရှိမှ၊
စွမ်းအားရ၊ မုချချမ်းသာမည်။
တိပိဋကဓရ ယော-ဆရာတော်
အဆိပ်အတောက် ဖယ်ရှားရေး
၂၀၀၀-ပြည့်နှစ် တရုတ်ပြည် ပေကျင်းမြို့နေ လူထု၏ သေဆုံးရခြင်းအကြောင်းကို သုတေသနပြုရာတွင် ဦးနှောက်သွေးကြောရောဂါ၊ နှလုံးရောဂါနှင့် အများဆုံးသေကြရကြောင်း တွေ့ရှိရသည်။
ယနေ့ တရုတ်ပြည် နေ့စဉ် လူ ၂၀၀၀-ခန့်သည် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးကြရသည်။ လူအများတွင် ၆၅-ရာခိုင်နှုန်းခန့်သောလူများသည် ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်မှာ မပြောပလောက်ဟု ယူဆကြသည်။ ၆၀-ရာခိုင်နှုန်းသော လူများသည် ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ကို မသိကြ။ ၉၆-ရာခိုင်နှုန်းသောလူများသည် ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်သည်ကိုလည်း မသိကြ။ ထိုသို့ မသိကြခြင်းကြောင့် လူပေါင်းများစွာသည် မသေသင့်ဘဲ သေဆုံးနေကြရရှာသည်။
၂၀၀၂-ခုနှစ် စက်တင်ဘာလ ၉-ရက်နေ့ထုတ် တရုတ်အလုပ်သမား နေ့စဉ်သတင်းစာအရ တရုတ်ပြည်တွင် လူသန်းပေါင်း ၁၃၀-သည် သွေးတိုးရောဂါ ခံစားနေရသည်။ ဤသွေးတိုးရောဂါရှင်များမှ ထက်ဝက်ကျော်သည် မိမိတို့၌ သွေးတိုးရောဂါရှိနေသည်ကို မသိရှာကြပေ။ ခေတ်သစ်ဆေးပညာရှင်များ၏ သုတေသနပြုချက်အရ ဦးနှောက်သွေးကြောရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ လေးဖက်နာရောဂါ တို့သည် ရောဂါပိုးမွှားကြောင့် ဖြစ်ရသည်မဟုတ်ပေ။ လူသားတို့၏ ကျန်းမာရေးကို ရန်မူနေသော အဆိပ်အတောက် (Toxin) ကြောင့် ဖြစ်ကြောင်းကို တရုတ်ဆရာကြီး ဒေါက်တာလင်ကွမ်ချန်က ရဲရင့်စွာ ဖော်ထုတ်ပြလိုက်သည်။
အဆိပ်အတောက် (Toxin) ဆိုသည်မှာ အများနားလည်နေကြသော အဆိပ်မဟုတ်၊ လူတို့၏ အစားအသောက်၊ စိတ်နေစိတ်ထား ပတ်ဝန်းကျင်နှင့် အနေအထိုင်တို့မှ မှားယွင်းသောအပြုအမူတို့ကြောင့် ဖြစ်ပေါ်လာသော အဆိပ်အတောက်ကိုပင် ဆိုလိုလေသည်။
ထိုအဆိပ်အတောက်တို့ကို ဖယ်ရှားနိုင်ရန်အတွက် အချက်ကြီး ၇-ချက်ကို တင်ပြထားသည်မှာလည်း စိတ်ဝင်စားဖွယ်ကောင်း၍ သတိပြုဆင်ခြင်ဖွယ်ဖြစ်သည်။
ထိုအဆိပ်အတောက်တို့ ကင်းရှင်းနိုင်ရန်အတွက်-
(၁) ညစဉ် ၉-နာရီမှ ၁၁-နာရီအတွင်း အိပ်ရာဝင်ပါ။ အိပ်သောအခါ၌ မီးပိတ်ပြီး အိပ်ပါ။ ကြုံတွေ့ရသမျှသော ၀မ်းနည်းဖွယ်၊ ပူဆွေးဖွယ်၊ စိတ်ညစ်ဖွယ်ရာမျာအားလုံးကို မေ့ဖျောက်ထား၍ အိပ်ပါ။
(၂) နံနက်အိပ်ရာမှထသောအခါ နေရောင်ခြည်အောက်ရှိ မြက်ခင်း သို့မဟုတ်-မြေ၀ါပေါ်တွင် ဖိနပ်မစီးဘဲ ခြေဗလာဖြင့် ၁၅-မိနစ်မှ ၃၀-မိနစ်ခန့်အထိ လမ်းလျှောက်ပေးပါ။ ထိုသို့ပြုခြင်းဖြင့် ခန္ဓာကိုယ်မှ လျှပ်စစ် အဖိုဓာတ်များကို ထုတ်ပယ်ပစ်နိုင်ပြီး လျှပ်စစ်ဓာတ်မကို ရယူနိုင်ပါသည်။
(၃) အဆိပ်ကို ခုခံနိုင်စွမ်းအား တိုးမြှင့်စေရန်အတွက် တနေ့လျှင် အကြိမ် ၂၀၀-ခန့် သိုင်းမတ်ဂလင်း (Thymus gland) ကို အချိန်အခါမရွေး နှိပ်နယ်ပေးပါ။ (သိုင်းမတ်ဂလင်းသည် ရင်ညွန့်တွင် ရှိသည်)။
(၄) တနေ့လျှင် မကျိုချက်သော ရေစိမ်း၊ ကလိုရင်းကင်းသော ရေကောင်းရေသန့် ၃၀၀၀-မီလီဂရမ်ခန့် သောက်ပါ။
(၅) တနေ့လျှင် အစာသုံးနပ် စားရာတွင် ဆန်းဆန်းပြားပြား မဟုတ်ဘဲ လွယ်ကူစွာရနိုင်သည့် အာဟာရဖြစ်စေသော အစားအသောက်များကို ရွှင်ပျစွာဖြင့် မပြုပါနဲ့။
(၆) မနှစ်မြို့ဖွယ် စိတ်ဓာတ်ကျဖွယ် အတွေးများကို ဖယ်ရှား၍ မကောင်းသောစကားများကို ပြောဆိုခြင်းမပြုပါနဲ့။
(၇) ကျေးဇူးသိတတ်၍ ကျေးဇူးပြုသူများ၏ ကျေးဇူးကို ဖွင့်ဟပြောဆိုပါ။
အကိုး။ ။ အဆိပ်အတောက် ကင်းစေရေးနှင့် ခန္ဓာကိုယ်အရည်အသွေး ပြုပြင်ပြောင်းလဲခြင်း
(ဒေါက်တာ လင်ကွမ်ချန် Ph.D၊ ယေးတက္ကသိုလ်၊ အမေရိကန်)။
ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)

Thursday, July 22, 2010
ဒေါသပယ်ဖြတ်ခြင်းအကျိုး
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သိကြားမင်းသည် မြတ်စွာဘုရားထံ လာရောက်၍ မေးလျှောက်သည်။
မြတ်စွာဘုရား-
(၁) အဘယ်အရာကို ဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း။
(၂) အဘယ်အရာကို ဖြတ်တောက်သော် ချမ်းသာစွာ နေရပါသနည်း။
(၃) အရှင်ဘုရားသည် အဘယ်တရားအား ဖြတ်တောက်ခြင်းကို နှစ်သက်တော်မူပါသနည်း။ ဟု မေးလျှောက်သည်။
သိကြားမင်း-
(၁) အမျက်ထွက်ခြင်း ဒေါသကို ဖြတ်တောက်သော် မစိုးရိမ်ရပေ။
(၂) အမျက်ဒေါသကို ဖြတ်တောက်သော် ချမ်းသာစွာ နေရ၏။
(၃) အဆိပ်နှင့်တူသော ချိုမြိန်မှုမရှိသော အမျက်ဒေါသအား ပယ်ဖြတ်ခြင်းကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ချီးမွမ်းနှစ်သက်ကုန်၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ သဂါထာဝဂ္ဂသံယုတ်၊ တတိယ၀ဂ်၊ ဆေတွာသုတ်။
ဦးငွေအောင်မွန်

ဥပ္ပါတသန္တိ ပါဠိတော်
( ဥပ္ပါတသန္တိကျမ်း ဖြစ်စဉ် အကျဉ်း )
သာသနာတော်နှစ် ၂၀၀၀-ကျော်တွင် ဇင်းမယ်ဘုရင် ကိုးကွယ်သည့် အရှင်သီလ၀ံသ မထေရ်သည် ၂၇၁-ဂါထာပါသည့် ဥပ္ပါတသန္တကျမ်းကို ရေးသားစီရင်ခဲ့သည်။ စီရင်ရခြင်းအကြောင်းမှာ ဇင်းရဲ၊ ဇင်းရှည်၊ ဇင်းမယ် ဟူသော ရှေးအခေါ် ပရိဘုဉ္ဇာတိုင်းကို အင်အားကြီးမားသော ရန်သူတို့ အန္တရာယ်ပြုသဖြင့် အရံအတားအလို့ငှါ စီရင်သည်ဟု ဆိုသည်။
ဇင်းမယ်တနိုင်ငံလုံးရှိ ရဟန်းရှင်လူ ပြည်သူအများတို့ ဥပ္ပါတသန္တိပါဠိတော်ကို နေ့ညမပြတ် ရွတ်ဖတ်ကြလေရာ စစ်ဘေးစစ်ရန်မှ ကင်းဝေးကြရပါသည်။
(ဥပ္ပါတသန္တိကျမ်းနှင့် မြန်မာနိုင်ငံ)
အင်းဝခေတ် ဗားမဲ့ဆရာတော်ကြီး ရေးသည့် မဟာသိဒ္ဓိကျမ်းတွင် ဥပ္ပါတသန္တိကျမ်း ပါဝင်နေသဖြင့် ထိုအင်းဝခေတ်ကပင် ဥပ္ပါတသန္တိကျမ်း မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟု သိရပါသည်။ သို့ဖြစ်၍ ဥပ္ပါတသန္တိကျမ်းသည် အတော်စောစောကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟု မှတ်သားရပါသည်။
( ထူးခြားချက်များ )
ဥပ္ပါတသန္တိကျမ်း၌ ၂၈-ဆူသော ဘုရားရှင်တို့၏ ဂုဏ်တော်များ၊ တရားတော်တို့၏ ဂုဏ်တော်များ၊ အဂ္ဂသာဝ၊ မဟာသာဝက၊ ထေရာ ထေရီများ၊ တန်ခိုးကြီးနတ်၊ ဗြဟ္မာတို့၏ ဂုဏ်ကျေးဇူးများကို ရေးဖွဲ့ပူဇော်ထားပါသည်။
( သိမှတ်ဖွယ် )
ဥ-ပုဒ်၊ ပါတ-ပုဒ်။
ပါတသဒ္ဒါသည် ကျခြင်း-ကျစေခြင်း-နိမ့်ခြင်း အနက်ကိုဟော၏။
ဥ-သဒ္ဒါသည် ထိုကျခြင်း-ကျစေခြင်း-နိမ့်ခြင်းကို တားမြစ်၏။
သို့ဖြစ်၍ ဥပ္ပါတ-သဒ္ဒါသည် ကျခြင်း-နိမ့်ခြင်း မရှိ၊ ပျံတက်ခြင်း၊ ခုန်တက်ခြင်း၊ မြင့်ခြင်း သဘောရှိ၏။
သန္တိ-သဒ္ဒါက ရှိခြင်း အနက်၊ ငြိမ်းခြင်းအနက်၊ နှစ်မျိုးကိုဟောရာ ဤ၌ ရှိခြင်းအနက် ဖြစ်၏။
သို့ဖြစ်၍ ဥပ္ပါတသန္တိ-ဟူသည် ကျခြင်း-နိမ့်ခြင်း သဘောမရှိ။ မြင့်ခြင်း၊ တက်ခြင်း သဘောသာရှိ၏ ဟူသည်တည်း။
( အကျိုးတရားများ )
ဥပ္ပါတသန္တိကျမ်းကို ရွတ်ဆိုခြင်းဖြင့် အောက်ပါအကျိုးတရားများ ရရှိနိုင်ကြောင်း ခံယူကြပါသည်။
(၁) ကပ်ကြီး ၃-ပါးမှ ကင်းလွတ်ခြင်း။
(၂) ရန်သူမျိုး ၅-ပါးမှ ကင်းဝေးခြင်း။
(၃) မကောင်းသော ဂြိုဟ်စီး ဂြိုဟ်နင်း ကံကြမ္မာမှ မှေးမှိန်လွတ်ကင်းခြင်း။
(၄) ကြောက်ရွံ့ထိတ်လန့်မှုမရှိခြင်း။
(၅) စစ်ပွဲတိုင်း အောင်မြင်နိုင်ခြင်း။
(၆) ဥပစ္ဆေဒကကံကြောင့် မသေနိုင်ခြင်း။
(၇) တန်ခိုးကြီး နတ်ဗြဟ္မာများ ကူညီစောင့်ရှောက်ခြင်း။
(၈) အိမ်သစ် ဆိုင်သစ်ဖွင့်ရာ၌ လာဘ်ရွှင်ခြင်း။
(၉) ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးခြင်း။
(၁၀) သူတပါးတို့ တန်ခိုးအာဏာ မိမိအပေါ် မလွှမ်းမိုးနိုင်ခြင်း အစရှိသည်တို့ ဖြစ်သည်။
သို့ဖြစ်၍ ဥပ္ပါတသန္တိကျမ်းကို ယုံကြည်သော သဒ္ဓါတရား၊ ထက်သန်သော ဇွဲလုံ့လတို့ဖြင့် နေ့ညမပြတ် ရွတ်ဆိုပူဇော်ကြလျက် ကောင်းကျိုးချမ်းသာအဖြာဖြာကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပေသည်။
မော်တောင်ဆရာတော် (မြိတ်)

Monday, July 19, 2010
ဓားမကူးဆရာတော် (ခေါ်) တောင်ဖီလာဆရာတော်ကြီး အမြဲရွတ်ပွားသော မနောမယိဒ္ဓိဂါထာတော်များ
တောင်ဖီလာဆရာတော်ကြီးသည် ညောင်ရမ်းသုံးဆက်မြောက်ဖြစ်သော သာလွန်မင်းတရားကြီး ကိုးကွယ်သည့် ဆရာတော်ဖြစ်သည်။ သက္ကရာဇ် ၉၄၀-ပြည့်နှစ်၌ စလင်းမြို့တွင် ဖွားမြင်သည်။ ထိုနှစ်တွင် ပျံလွန်တော်မူသော ဆီးတောဆရတော်ဝင်စားသော ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုကြသည်။
ဆရာတော်လောင်းလျာသည် ၁၃-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ဘွဲ့တော်မှာ ရှင်မုနိန္ဒဃောသ ဖြစ်သည်။ ငါးဆူဒါယကာ၏ သားတော် သတိုးဓမ္မရာဇာဘွဲ့ခံ မင်းကြီးနှောင်းပင့်၍ ပြည်မြို့သို့ရောက်သည်။ မင်းကြီးနှောင်း ကိုးကွယ်သော အရှင်ဘိသင်္ကေတသာရထံတွင် ဆည်းကပ်၍ စာပေပိဋကတ်သင်ကြားသည်။ ၉၅၅-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် ဝေဿန္တရာပျို့ကို ဖွဲ့ဆိုစီရင်ရာ လောကဓမ္မနှင့် ပြည့်စုံလှသောကြောင့် သာမဏေကျော်ဟု ထင်ရှားလာသည်။ ထူးချွန်လှသဖြင့် ပဉ္ဇင်းကျော်ဟု ထင်ရှားပြန်သည်။
၉၇၀-ပြည်နှစ်တွင် အနောက်ဘက်လွန် မင်းတရားကြီးသည် ပြည်မြို့ကို လုပ်ကြံအောင်မြင်ပြီးသောအခါ ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို အင်းဝမြို့သို့ ပင့်ဆောင်ကိုးကွယ်သည်။
အနောက်ဘက်လွန် မင်းတရားကြီးသည် ပြည်မြို့ကို အောင်မြင်စဉ် ငါ ပြည်ကိုလုပ်ကြံသည်ကား ရှင်တဆူ၊ လူတယောက်သာ ရသည်-ဟု မိန့်ဆိုခဲ့သည်။ ရှင်တဆူဟူသည် တောင်ဖီလာဆရာတော်လောင်း ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို ဆိုလိုသည်။ လူတယောက်ဟူသည်မှာ ငထင်ငယ်ကို ဆိုလိုသည်။
၉၉၁-ခုနှစ်တွင် အင်းဝမြို့၌ သာလွန်မင်းတရားကြီး အထွဋ်အထိပ်သို့ရောက်သောအခါ ပဉ္ဇင်းကျော် အရှင်မုနိန္ဒဃောသကို မင်းဆရာတင်မြှောက်၍ တိပိဋကာလင်္ကာရ ဘွဲတံဆိပ်အပ်နှင်းသည်။
၉၉၆-ခုနှစ်တွင် အရှင်မုနိန္ဒဃောသသည် မင်းရဲကျော်စွာ ဆောက်လုပ်သော စစ်ကိုင်းတောင်အနီး ဧရာဝတီမြစ်နားရှိ လေးထပ်ကျောင်းတွင် သီတင်းသုံးသည်။ ထိုစဉ် အရှင်မြတ်သည် စက်တော်ရာသို့ ကြွတော်မူ၍ တော်ချုံဖုံးအုပ်နေသော စက်တော်ရာနှစ်ဆူကို ရှာဖွေရာ တွေ့ရှိတော်မူသည်။ ဤသည်မှစ၍ လူဒါယကာတို့သည် စက်တော်ရာဒေသသို့ လူသူအရောက်အပေါက် လွယ်ကူစေရန် ခုတ်ထွင်ရှင်းလင်းခဲ့ ကြသည်။
အရှင်မုနိန္ဒဃောသသည် စက်တော်ရာမှ အပြန်တွင် ပခန်းကြီးရွှေဥမင်ဆရာတော် အရှင်ဇမ္ဗုဓဇထံတွင် ၀င်ရောက်ဖူးတွေ့သည်။ ရွှေဥမင်ဆရာတော်သည် ခေါင်လှသောအရပ်ဒေသတွင် လူသူတော်တယောက်နှင့်သာ ခေါင်းပါးစွာနေတော်မူသည်။
ဤတွင် အရှင်မုနိန္ဒဃောသ-က လူသူနည်းပါး လှသည်။ ကြောက်တော်မမူပါလော-ဟု မေးတော်မူသည်။
ရွှေဥမင်ဆရာောတ်က ကြောက်၍ပင် ပရိသတ်အနည်းနှင့် နေပါသည်-ဟု မိန့်တော်မူသည်။
ထိုအခါ အရှင်မုနိန္ဒဃောသ-က ငါသည် မကြောက်တတ်သူ ဖြစ်ခဲ့ပြီ-ဟု တရားသံဝေဂ ရမိသည်။
ထို့နောက် အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်အား မေးမြန်းရာ ၀ိနည်းပါဠိတော် ငါးကျမ်းနိဿယကို စီရင်ပြီးကြောင်း သိရှိသွားသည်။ ကျမ်းပြုသက္ကရာဇ်ကိုကြည့်သောအခါ မိမိစီရင်ပြီးသား ကျမ်းပြုသက္ကရာဇ်ထက် ဦးသောကြောင့် မိမိစီရင်ထားသော ၀ိနည်းပါဠိ ငါးကျမ်းနိဿယကို ဌာပနာသွင်း၍ စေတီတည်သည်ဟု ဆိုသည်။
အချို့ကမူ အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်၏ နိဿယနှင့် မိမိစီရင်သော နိဿယကို ယှဉ်ကြည့်၍ နိဿယနှစ်စောင်ကြောင့် နှစ်နည်းရှိနေပြီ။ ဘုရားနှစ်ဆူ ပြိုင်၍ပွင့်သော် သူ့ဘုရားသာသည်။ ငါ့ဘုရားသာသည်ဟု အငြင်းအခုံဖြစ်ကြ၍ အကျိုးမရှိဖြစ်လေတော့မည်ဟု ဆင်ခြင်ကာ မိမိစီရင်အပ်သော နိဿယကို စေတီရင်ပြင်မှာ မီးပူဇော်သည်-ဟု ဆိုကြသည်။
အရှင်မုနိန္ဒဃောသသည် ရွှေဥမင်ဆရာတော်နှင့် တွေ့ဆုံပြီးနောက် အလွန်သံဝေဂရသဖြင့် မိမိသီတင်းသုံးရာ လေးထပ်ကျောင်းသို့ မပြန်တော့။ မင်းဝံတောင်ရိုး အရှေ့ချောက်ကြား၌ တောထွက်တော်မူသည်။ တောထွက်သည့်နေ့ရက်ကား ၁၀၀၀-ပြည့်နှစ် တပေါင်းလပြည့်နေ့ဖြစ်သည်။ သက်တော် ၆၀-ပြည်တွင် ဖြစ်သည်။
ဤအကြောင်းကိုကြားလျှင် သာလွန်မင်းတရားနှင့် ညီတော် စလင်းစား မင်းရဲကျော်စွာတို့သည် ဆရာတော်ကို သူ့ထက်ငါဦး ရှာကြသည်။ စလင်းစားသည် ဆရာတော်ကို အလျင်တွေ့သဖြင့် တောင်ဖီလာချောင်၌ ဇေတ၀န်ကျောင်းဆောက်၍ လှူသည်။ သာလွန်မင်းတရားကြီးကား မဟာတိပိဋကာလင်္ကာရဟူသော တံဆိပ်တော်ကို လှူတော်မူသည်။ ထိုအခါမှစ၍ တောင်ဖီလာဆရာတော်ဟု တွင်လေသည်။
သာလွန်မင်းတရားကြီးသည် မိမိ၏ဆရာတော်၊ တောင်ဖီလာဆရာတော်၏ သီလ၊ သမာဓိကို အထင်အရှားသိစေလိုသဖြင့် နန်းတွင်းသူမတဦးကို ဆရာတော်ကျောင်းသို့ ၀င်စေသည်။ ဆရာတော်အား ဖြားယောင်းစေသည်။
ဆရတော်သည် မာတုဂါမက တညလုံး ဖြားယောင်းပါသော်လည်း သိက္ခာပုဒ်ကို ထိန်းသိမ်းသည်။ တညလုံးမအိပ်မစက်၊ ရူပါရုံ၊ သဒ္ဒါရုံတို့၌ အာရုံမထားဘဲ ဓားမဖြင့် မိမိခြေသလုံးသားကို လှီးသည်။ ထိုမှဖြစ်လာသော ဒုက္ခဝေဒနာကိုသာ ခံစားလျက် တရားမလွတ်၊ မချွတ်မယွင်း တရားရှုမှတ်လျက် မိုးလင်းအောင် နေတော်မူသည်။
နံနက်သို့ရောက်သော် အချို့က ဆရာတော်ဘုရားသည် ခရီးသွားမိန်းမနှင့် ညက မှားယွင်းလေသည်ဟု ဆိုကြ၍ အင်းဝမြို့တမြို့လုံး၌ ကောလာဟလဖြစ်လေ၏။
ထိုအခါ ဆရာတော်သည် သူ၏ခြေသလုံးသားကို လှီးသော ဓားမကို သက်သေထူ၍ အဓိဋ္ဌာန်ဖြင့် ရေကန်တွင်မျှောလေရာ ထိုဓားမသည် ရေ၌ ကူးလေသည်ဟု ဆိုရိုးစကားရှိ၏။ ဤအကြောင်းကိုရည်၍ တောင်ဖီလာဆရာတော်ကို ဓားမကူးဆရာတော် ဟု ခေါ်ဝေါ်ကြသည်။
တောင်ဖီလာဆရတော်ကြီးသည် အဋ္ဌသာလိနီကျမ်းဦးအဖွင့် ၀ီသတိဝဏ္ဏနာကျမ်း၊ ယသ၀ဍ္ဎန၀တ္ထု၊ ၀ိနယာလင်္ကာရဋီကာ စသည်ဖြင့် ကျမ်းပေါင်းများစွာကို ပြုစုတော်မူခဲ့သည်။
ဆရာတော်ကြီး၏လက်ထက်တွင် အင်းဝနေပြည်တော်၌ ကျောက်ရောဂါကျရောက်ရာ ဆရာတော်ကြီးသည် ပြည်သူအများကို လျစ်လျူရှုတော်မမူ။ ကျောက်ရောဂါကာကွယ်ရေးကျမ်းကိုလည်း ပြုစုစီရင်ခဲ့သည်။
တောင်ဖီလာဆရာတော်ကြီးသည် ရှင်သာမဏေဘ၀တွင် သာမဏေကျော်၊ ရဟန်းဖြစ်စတွင် ပဉ္ဇင်းကျော်၊ မင်းဆရာဘ၀တွင် တိပိဋကာလင်္ကာရအကျော်၊ တောထွက်တော်မူလျှင် တောင်ဖီလာဆရတော်၊ သီလအရာတွင် စင်ကြယ်မြင့်မြတ်သဖြင့် ဓားမကူဆရာတော်ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။ ဆရာတော်ကြီးသည် ၁၀၁၂-ခုနှစ် သက်တော် ၇၂-နှစ်တွင် ပျံလွန်တော်မူသည်။
ယခုဖော်ပြသောဂါထာများမှာ တောင်ဖီလာဆရာတော်ဘုရားကြီး နေထွက်၊ မွန်းတည့်၊ နေ၀င် တနေ့သုံးကြိမ် အမြဲရွတ်ဖတ်တော်မူသော ဂါထာများဖြစ်သည်။ ဤဂါထာများကို ရွတ်ဖတ်ပူဇော်သူတိုင်း စိတ်အလိုပြီးစီး သောကြောင့် မနောမယိဒ္ဓိ ဂါထာများဟုခေါ်သည်။ စိတ်အလိုကြံစည်တိုင်း ပြီးစီးရုံသာမက ဘေးအန္တရာယ်လည်း အထူးကင်းရှင်းသည်။
(မနောမယိဒ္ဓိ ဂါထာတော်များ)
၁။ အနေကသတာ သမ္ဗုဒ္ဓါ၊ ဥပ္ပန္နာ ဘယနာသကာ။
မမံ သီသေ ပတိဋ္ဌန္တု၊ ရက္ခန္တု တေ မမံ သဒါ။
၂။ သုခါဝဟံ သတံဓမ္မာ၊ တိဋ္ဌန္တု ဟဒယေ မမံ။
အမှေဧတေ ပါလယန္တု၊ သုခံ ဒေန္တု မမံ သဒါ။
၃။ သမ္ဗုဒ္ဓါနံ အရဟန္တာ၊ တေဇ၀န္တော တတော တတော။
တေမေ အံသေ ပတိဋ္ဌန္တု၊ ပါလယန္တု မမံ သဒါ။
( မှန်ကန်တိကျစွာ အသံထွက်နည်း)
၁။ အနေကသတာ သမ်ဗုတ်ဓာ၊ အုပ်ပန်နာ ဘယနာသကာ။
မမံသီသေ ပတိတ်ထန်တု၊ ရက်ခန်တု တေ မမံ သဒါ။
၂။ သုခါဝဟံ သတံဓမ်မာ၊ တိတ်ထန်တု ဟဒယေ မမံ။
အန်မှေ ဧတေ ပါလယန်တု၊ သုခံ ဒင်တု မမံ သဒါ။
၃။ သမ်ဗုတ်ဓာနံ အရဟန်တာ၊ တေဇ၀န်တော တတော တတော။
တေမေ အံသေ ပတိထန်တု၊ ပါလယန်တု မမံ သဒါ။
(အနက်မြန်မာပြန်)
၁။ ရေတွက်မရ များပြားလှကုန်သော၊
ဘေးရန်အပေါင်းကို ဖျက်ဆီးတော်မူတတ်ကုန်သော ဘုရားရှင်တို့သည် ပွင့်တော်မူကြလေကုန်ပြီ။
ထိုဘုရားရှင်တို့သည် ကျွန်ုပ်၏ ဦးခေါင်းရတနာ မြတ်အင်္ဂါ၌ တည်နေတော်မူကြစေကုန်သတည်း။
ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို အခါခပ်သိမ်း အန္တရာယ်ဘေး ကင်းစင်ဝေးအောင် စောင့်ရှောက်တော်မူကြ
ပါစေကုန်သတည်း။
၂။ ချမ်းသာကိုဆောင်တတ်ကုန်သော ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်တို့သည် ကျွန်ုပ်၏ စိတ်နှလုံး၌ တည်နေတော်မူကြပါစေ
ကုန်သတည်း။
ထိုတရားတော်တို့သည် အကျွန်ုပ်တို့ကို ဘေးရန်ကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူကြပါစေကုန်သတည်း။
အကျွန်ုပ်အား အခါခပ်သိမ်း ချမ်းသာကို ပေးသနားတော်မူကြပါစေကုန်သတည်း။
၃။ ဘုရားရှင်တို့၏ ရွှေရင်တော်နှစ် သားတော်စစ်ဖြစ်ကြကုန်သော၊
ဘုန်းတန်ခိုးတေဇော် အာနုဘော် ရှိကြကုန်သော ရဟန္တာအရှင်မြတ်တို့သည် ထိုထိုအရပ်မျက်နှာတို့၌ ထင်ရှားရှိတော်မူကြကုန်၏။ ထိုရဟန္တာအရှင်မြတ်တို့သည် အကျွန်ုပ်၏ ၀ဲယာနှစ်ဖက် ပခုံးထက်၌ တည်နေတော်မူကြပါစေကုန်သတည်း။
အခါခပ်သိမ်း အကျွန်ုပ်ကို ဘေးရန်ကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တော်မူကြပါစေ ကုန်သတည်း။
မင်းယုဝေ

* လူစွမ်းကောင်းတို့သည် အချိန်နှင့်အလုပ်ကို သူတို့၏ အခွင့်အရေးအဖြစ် တိတိကျကျ မိမိရရ ယူလိုက်ကြသည်။
သူတို့သည် အချိန်နှင့်အလုပ်ကို ကြီးကျယ်ခမ်းနားအောင် ပြုလုပ်ဖန်တီးလိုက်ကြသည်။
* ကမ္ဘာမှာ လူမှတပါး ကြီးကျယ်သည့်အရာဝတ္ထု ဘာမျှမရှိ။ လူမှာလည်း သီလနှင့် ပညာမှတပါး ကြီးကျယ်သောအရာဝတ္ထု ဘာမျှမရှိ။
* ကိုယ်ကျင့်တရားသည် လူတို့၏ခြေထောက်၊
ပညာသည် လူတို့၏ မျက်လုံး၊
ကိုယ်ကျင့်တရားသည် လွတ်မြောက်ရာတံခါးပေါက်ဆီသို့ ပို့ဆောင်ပေးသည့်ယာဉ်နှင့်တူ၍
ပညာသည် ထွက်မြောက်ရာတံခါးပေါက်ကို ဖွင့်သောသော့နှင့်တူ၏။
သီတဂူဆရာတော်
စစ်ကိုင်းတိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
အဓိပတိ။

ဆေးဖက်ဝင် မရမ်းသီး
မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။
ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်သွားခြင်းများအတွက် မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ၀မ်းကိုက်ပိုးများကို သေစေနိုင်သည်။ အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်းစေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီးထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီများကို ချေဖျက်နိုင်သည်။ အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေးများတွင် အသုံးပြုနိုင်သည်။
အကိုး။ ။ 7 Day News ဂျာနယ်(၂၂-၁-၂၀၀၉)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဧပြီလ)

ကံကောင်းတယ်
၂၀၀၈-ခုနှစ် အောက်တိုဘာလ ၃-ရက်နေ့ နံနက် ၆-နာရီ ၄၅-မိနစ်အချိန်။ ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်နေ ကျွန်တော့်အိမ်အပေါ်ထပ်ရှိ ဘုရားခန်း၌ ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းကပ်ပြီး ငါးပါးသီလခံယူလျက် ဘုရားရှိခိုး နေစဉ် ၇-နာရီ ၁၀-မိနစ်အချိန်ခန့်တွင် မိုးများ သည်းထန်စွာ ရွာချလေသည်။ လျှပ်စီးများလက်လျက် မိုးချုန်းသံများနှင့်အတူ မိုးကြိုးပစ်သံများပါ ကြားရသဖြင့် အိမ်အောက်ထပ်ဆင်းပြီး ဘက်ထရီကလစ် အင်ဗာတာ မီးခလုတ် ကောတလက်ဖုန်းကြိုးများကို ဖြုတ်ခဲ့ပြီး အိမ်ပေါ်ပြန်တက်၍ ဘုရားဆက်ရှိခိုးနေခဲ့ပါသည်။
ကျွန်တော် ရွတ်ဆိုပူဇော်နေကြဖြစ်သည့် ပဲခူးမြို့ ဓမ္မာလင်္ကာရဆရာတော်ဘုရားကြီး၏ သရဏဂုံသစ္စာနှင့် ဘုရားရှိခိုးပူဇော်ခြင်း၊ မေတ္တသုတ်၊ ဓာရဏပရိတ်၊ ပထ၀ီဇယမန္တာန်ဂါထာတော်များ ရွတ်ဆိုပူဇော်ပြီး နောက်ဆုံး မကွေးတိုင်း ကံမမြို့နယ် ထုံးကြီးကျေးရွာမှ သက်တော်ရှည် ထုံးကြီးဆရာတော်ကြီး ချီးမြှင့်ထားသော သိဒ္ဓိဆယ်ပါး ဂါထာတော်ကြီးကို ရွတ်ဆိုပူဇော်ပြီးချိန် နံနက် ၇-နာရီ ၃၀-မိနစ်ခန့်အချိန်တွင် မိုးများ ပိုမိုသည်းထန်စွာ ဆက်လက်ရွာသွန်းသည်။
ထို့နောက် လျှပ်စီးများလက်လျက် မိုးချုန်းသံများနှင့်အတူ မိုးကြိုးပစ်သံများလည်း ဆက်လက်ကြားနေရသည်။ ထိုစဉ် ဖုန်းကြိုး ဖြုတ်မထားခဲ့မိသည်ကို သတိရ၍ အိမ်အောက်ပြန်ဆင်းပြီး ဆက်တီစားပွဲပေါ်တင်ထာသော ဖုန်းစကားပြောခွက်ကိုကိုင်၍ ဖုန်းမှကြိုးဖြုတ်ရန် ကိုင်လိုက်စဉ် ဗုန်း-ဆိုသောအသံနှင့်အတူ ဖုန်းခွက်မှာ လက်ထဲမှ လွင့်ကျသွားသည်။ ကျွန်တော့ရင်ဘတ်ကိုလည်း လေနှင့်ဆောင့်တွန်းလိုက်သလိုဖြစ်ကာ တပေအမြင့်ခန့်ရှိ ကျွန်တော်ထိုင်နေသော ကြိမ်ခုံလေးပေါ်မှ နောက်ဘက်သို့ နှစ်ပေခန့် လွင့်ကျသွားခဲ့ပါသည်။
ကျွန်တော်လည်း ချက်ချင်းပင် မိုးကြိုးပစ်ခံရလျှင် လူခန္ဓာကိုယ် မဲသွားသည်ဟု ကြားဖူးသဖြင့် ကျွန်တော့ကိုယ် ကျွန်တော် ကြည့်လိုက်ရာ ဘာမှမဖြစ်ဘဲ ပကတိအတိုင်းသာ ရှိနေသည်။ ဒဏ်ရာဒဏ်ချက်လည်း တခုမှ မရှိသဖြင့် ငါ ဘာမှ မဖြစ်ဘူး-ဟု သတိထားမိလိုက်ပါသည်။
မိုးချုန်းသံများ၊ မိုးကြိုးပစ်သံများ ရပ်သွားသောအခါ ကျွန်တော့်အိမ်တွင် ကျွန်တော်နှင့် ဇနီးတို့ နှစ်ဦးတည်းသာ ရှိနေသဖြင့် ခေါင်းရင်းကပ်လျက်အိမ်မှ စိတ်ပူပြီး လှန်းခေါ်သံကြားရပါသည်။ အိမ်နောက်မှ ထွက်ကြည့်ရာ ဘာဖြစ်သွားလဲ-ဟုမေးသဖြင့် ကျွန်တော်က အဖြစ်အပျက်ကို ပြောပြရာ ကံကောင်းတယ်၊ ကံကောင်းတယ်-ဟု ပြောပါသည်။ အိမ်နီးချင်းဖြစ်သူ ဦးတင်ဌေးက ကျွန်တော့်အိမ်ခေါင်ပေါ်တွင် ထောင်ထားသော ကော့လက်ဖုန်း တိုင်မှ မီးခိုးလုံးကြီး တက်သွားသည်ကို တွေ့ရကြောင်း၊ တိုင်ထိပ်တွင်တပ်ထားသော ပစ္စည်းများလည်း ဘာမှ မရှိတော့ပါကြောင်း၊ အလင်းရောင်တန်းကြီးကလည်း သူတို့အိမ်ပြတင်းပေါက်ကို ၀င်လာသလို မြင်လိုက်ရ ကြောင်း ပြောပြပါသည်။
ကော့လက်ဖုန်းတိုင်မှာလည်း သားအငယ်ဆုံးသည် ဌာနဆိုင်ရာ အရာရှိငယ်ဝန်ထမ်းတဦးဖြစ်ပြီး အိမ်ချင်းနီးနေသဖြင့် မြို့နယ် ခရိုင် တိုင်းရုံးတို့နှင့် အချိန်မရွေး ဆက်သွယ်နိုင်ရန်အတွက်လည်းကောင်း၊ လုံခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း လွယ်ကူအဆင်ပြေစေရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်း၍ တပ်ဆင်ထားခြင်း ဖြစ်ပါသည်။
ကျွန်တော့်အဖြစ်အပျက်ကို ပြောပြသဖြင့် သိရှိကြသူများက ကျွန်တော့အား ကံကောင်းတယ်-ဟုသာ ပြောနေကြသဖြင့် စဉ်းစားကြည့်ရာ ဗုန်း-ဆိုသောအသံနှင့်အတူ ခန္ဓာကိုယ်ကြီးပါ လွင့်သွား၏။ အကယ်၍သာ နှလုံးရောဂါရှိနေသူတယောက်ဖြစ်လျှင် နေရာတွင်ပင် ပွဲချင်းပြီးသွားနိုင်သည့် အခြေအနေတွင် ရှိနိုင်ပါသည်။ ထို့ကြောင့်လည်း ကျွန်တော့်ကို ကံကောင်းတယ်-ဟု ပြောနေကြခြင်း ဖြစ်မည်ထင်ပါသည်။
ကျွန်တော့်တွင် နှလုံးရောဂါမရှိခြင်း၊ ၀န်ထမ်းဘ၀ကလည်း သေနတ်သံ၊ ဗုံးသံများကြားတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသည့် အတွေ့အကြုံများ ရှိခဲ့ခြင်းတို့ကြောင့် မိုးကြိုးပစ်၍ ကျွန်တော့်လက်ထဲရောက်လာသော ဗုန်း-ဆိုသည့်အသံကို တုန်လှုပ်ချောက်ချားမှု မရှိခြင်းဖြစ်သည်။ ဤကဲ့သို့ အသက်အန္တရာယ်နှင့် ကင်းဝေးပြီး တုန်လှုပ်ချောက်ချားမှု မရှိရခြင်း၏ အဓိကမှာလည်း ဤအဖြစ်အပျက်ကြုံရမည့် အချိန်တွင် ဘုရားရှိခိုး၍ ငါးပါးသီလခံယူခြင်း၊ ဘုရားစာများ ရွတ်ဖတ်ပူဇော်ခြင်းတို့ကြောင့် အသက်ချမ်းသာပြီး လူအများပြောကြသလို ကံကောင်းတယ်-ဟုသာ ဆိုရမည်ဖြစ်ပါသည်။
ဤဖြစ်ရပ်ကြောင့် ကျွန်တော့်ရင်ထဲတွင် ခံစားနေရသော အချွဲကျပ်-ရောဂါသည် ပျောက်သွားခဲ့ရပါသည်။ ခါးနာရောဂါလည်း သက်သာခဲ့ရပါသည်။
ကံကောင်းတယ်-ဟုပြောရမည့်အပြင် သေကံမရောက် သက်မပျောက်ဘဲ ရောဂါပျောက်ခဲ့ရခြင်းမှာ ဘုရား တရား သံဃာ မိဘ ဆရာများကို အမြဲဦးထိပ်ထား၍ ဘုရား တရားစာများကို ယုံယုံကြည်ကြည် ရွတ်ဖတ်ပူဇော် နေခြင်းကြောင့် ဖြစ်ပါကြောင်း လူအများ သိရှိနိုင်စေရန် တင်ပြလိုက်ရပါသည်။
မောင်မောင်မြင့် (ဥဿာမြို့သစ်)
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဧပြီလ)

Sunday, July 18, 2010
လက်ငင်းအကျိုး
ကျွန်တော်သည် ၁၃၇၀-ပြည့်နှစ် ၀ါဆိုလပြည့်နေ့မှ သီတင်းဝါလကျွတ်သည်အထိ မိမိအိမ်ပေါ်၌ နံနက် ၅-နာရီ အိပ်ရာမှထ၍ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက ဘုရားရှိခိုး ကန်တော့ချိုးဖြင့် ဘုရားရှိခိုးပူဇော် ပါသည်။ ညနေ ၆-နာရီတိုင်း ပရိတ်ကြီး ၁၁-သုတ်ကို နေ့စဉ်ရွတ်ဆိုခဲ့သည်။
ကျွန်တော့်သမီးများဖြစ်ကြသော သင်းသင်းပျံ့နှင့် ရွှေစင်သန်းရွှေတို့က ခန်နီအမက (ကလေးဝမြို့)၌ တာဝန် ထမ်းဆောင်သည်။ တဦးက ကျောင်းအုပ်၊ တဦးက လက်ထောက်တာဝန်ဖြစ်၏။ အောက်တိုဘာလတွင် ကျောင်းပိတ်သဖြင့် အိမ်မှာ အနားယူကြ၏။ ခန်နီရွာသူရွာသားများကား တောင်သူယာခုတ် လက်လုပ် လက်စားများ ဖြစ်ကြ၏။ သမီးတို့သည် အိမ်မှကျောင်းသို့အပြန်တွင် ရွာသူရွာသားများအတွက် တပတ်နွမ်း အ၀တ်အစားများကိုယူပြီး ပေးကမ်းဒါနပြုကြ၏။ သူတို့ကိုအားကျပြီး ကျွန်တော်ကလည်း အင်္ကျီ ၆-ထည်၊ ပုဆိုးနှစ်ကွင်း ပေးလိုက်ပါသည်။
ဤအကြောင်းဆက်ကား ချက်ချင်းလက်ငင်းပင် အကျိုးခံစားရပါသည်။ တောင်ကြီးမြို့၌နေသော သားဖြစ်သူ ဗိုလ်မှူးမြတ်မိုးအောင်နှင့် သမီးဒေါက်တာ နန်းမြတ်မြတ်မွှေးတို့က မိဘကို ကျေးဇူးဆပ်သောအားဖြင့် တောင်ကြီးမြို့သို့ လေယာဉ်ဖြင့် အသွားအပြန် တာဝန်ယူခေါ်ဆောင်သည်။ သမိုင်းဝင် ထူးခြားသော ဘုရားစေတီများကို ဖူးမြော်ရန်နှင့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို ကြည့်ရှုရန်ဖြစ်သည်။
ကျွန်တော်တို့ တောင်ကြီးသို့ရောက်လျှင်ရောက်ချင်း သားသမီးတို့က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြ၏။ ညတိုင်း တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်ပွဲကို ကြည်ရှုရ၏။ ထို့ပြင် မြစိမ်းတောင်ဘုရား၊ ရွှေဘုန်းပွင့်ဘုရား၊ မွေတော်ကက္ကူဘုရား၊ အင်းလေးဖောင်တော်ဦးဘုရား၊ ပင်းတယလိုဏ်ဂူအတွင်းရှိ ဘုရားအဆူဆူတို့ကိုလည်း ဖူးမြော်ရ၏။
ထို့ပြင် ကုံလုံဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကိုလည်း ထူးထူးခြားခြား ဖူးမြော်ကန်တော့ခဲ့ရသည်။
အခြား အကျိုးဆက်တခုကား တောင်ကြီးမှ ကလေးမြို့သို့ ပြန်သောအခါ သား မောင်မြတ်မိုးအောင်နှင့် သမီး နန်းမြတ်မြတ်မွှေးတို့က အင်းလေးထွက် အ၀တ်အစားမျိုးစုံ၊ ရန်ကုန်ဆွေမျိုးများဖြစ်ကြသော မခင်အေးရီ၊ မလှလှမေ၊ မအေးအေးမာ၊ မညိုညိုမာ မိသားစုတို့က ဒေသထွက် အထည်မျိုးစုံ၊ တောင်ကြီးမြို့တွင် တာဝန်ထမ်းဆောင်နေကြသော သားသမက် ဗိုလ်ကြီး ဇော်စိုးမိုးနှင့် သမီး ဗိုလ်ခင်ထူးမြတ်တို့က အ၀တ်အထည်မျိုးစုံတို့ကို ကျွန်တော်တို့ ဇနီးမောင်နှံအား ကန်တော့လိုက်ကြသည်။
ဤသည်မှာ ယခင်က ကျွန်တော်ပြုခဲ့သည့် အင်္ကျီပုဆိုးများ ပေးကမ်းခြင်းကုသိုလ်သည် တန်ဖိုးမများသော်လည်း သဒ္ဓါထက်ထက်ဖြင့် စွန့်ကြဲခဲ့သောကြောင့် တန်ပြန်အကျိုး ရရှိသည်ဟု ယုံကြည်ယူဆမိပါသည်။ ဤကုသိုလ်အဟုန်တို့ကိုလည်း အောက်မေ့သတိရမိပါသည်။
သန်းရွှေဦး (ကလေး)

သရဏဂုံ အကျိုး
စာရေးသူသည် ၁၉၉၀-ပြည့်နှစ် ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပါသည်။ ထိုစဉ်က မင်းဘူး-အမ်း ကားလမ်း ဖွင့်လှစ်စအချိန်လည်းဖြစ်၊ ဈေးကွက်စီးပွားရေး စတင်ကာစ အခါလည်းဖြစ်၍ ပြည်နယ်မှူးက လမ်းကြောင်းလေ့လာရန်နှင့် ဈေးကွက်ရှာရန် တာဝန်ပေးသဖြင့် မြေပုံမြို့မှ အမ်းမြို့သို့ သင်္ဘောဖြင့်လည်းကောင်း၊ အမ်းမှ မင်းဘူးသို့ ( ၆-တန်ခွဲ) တန် TE ကား (လူစီးကုန်တင်) ဖြင့်လည်းကောင်း၊ မင်းဘူးမှ မကွေးသို့ စက်လှေဖြင့်လည်းကောင်း၊ မကွေးမှ မန္တလေးသို့ ဘတ်စ်ကားဖြင့် လည်းကောင်း၊ စမ်းသပ်သွားလာခဲ့ပါသည်။
အပြန်ခရီးတွင် လမ်းစရိတ် ကာမိရန်အတွက် မန္တလေးမှ တရုတ်ပစ္စည်းများဝယ်ပြီး အပြန်တွင် မကွေးကားဂိတ်မှ ဇက်ဆိပ်သို့ ဆိုက်ကားဖြင့် ဆင်းခဲ့ပါသည်။ မိမိနှင့်အတူပါလာသူ ဦးထွန်းဖြူမှာ လူဝကြီးတယောက်ဖြစ်ပြီး မိမိကတော့ ပိန်သဖြင့် ဆိုက်ကားကို နောက်ဘက်မှ စီးနင်းလိုက်ပါလာခဲ့သည်။ မကွေးပြည်တော်သာလမ်းအတိုင်း ဆင်းလာခဲ့ရာ မြို့မဈေးမြောက်ဘက်မှ အနောက်ဘက်သို့ အဆင်း (ဧရာဝတီမြစ်ဘက်သို့) ကမ်းနားလမ်းမရောက်မီ ကုန်းဆင်းတွင် ဆိုက်ကားနောက်ဘရိတ် ပြတ်သွားပါသည်။ ဤတွင် ခုန်ချ၍လည်း မရပါ။ အဘယ့်ကြောင့်ဆိုသော် ပေါင်ပေါ်တွင်ရော ခြေနင်းခုံပေါ်တွင်ပါ ပစ္စည်းများရှိနေ၍ ဖြစ်သည်။
ထို့နောက် အကြံရ၍ ဘုရားတရားကို အာရုံပြုကာ သရဏဂုံ ၃-ပါး ဂုဏ်တော်ကို တောက်လျှောက်ရွတ်ဆိုပြီး လိုက်ပါလာခဲ့သည်။ ပထမအဆင်းအပြီး ဒုတိယအဆင်းတွင် ရှေ့ဘရိတ်ပါ ပြတ်သွားသည်။ ထိုအခါတွင် ဆိုက်ကားသည် မြစ်ကမ်းပါးဘက်သို့ တဟုန်ထိုး လိမ့်ဆင်းသွားသည်။ ကမ်းပါးသို့ရောက်ရန် ၀ါးတပြန်ခန့် အလိုတွင် တစုံတခုက ၀င်ဆွဲလိုက်သကဲ့သို့ တုံ့ခနဲရပ်ပြီး ဆိုက်ကားမှောက်သွားသည်။
ဆိုက်ကားမှောက်သော်လည်း မိမိမှာ သရဏဂုံကို သတိမပျက် ရွတ်ဆိုနေဆဲဖြစ်သည်။ ထို့နောက် မျက်စိထဲတွင် ၀င်းခနဲ၊ ၀ါခနဲ အလင်းရောင်များ တွေ့လိုက်ပြီး ခေတ္တ သတိလစ်သွားသည်။ ၅-မိနစ်သာ ကြာမည်ထင်သည်။ သတိရသောအခါ မိမိနာမည်ကို အဝေးမှ ခေါ်သံလိုလိုကြားနေရာက ပို၍နီးလာပြီး ကြည်ကြည်လင်လင် ကြားရသောအခါ ပြန်လည်ထူးလိုက်ပါသည်။ ထိုအခါမှ ဦးထွန်းဖြူနှင့် ဆိုက်ကားဆရာအပါအ၀င် ဇက်ဆိပ် ဈေးဆိုင်နှင့် ကွမ်းယာဆိုင်မှ လူများကို တွေ့လိုက်ရသည်။
အသေအချာ ဆန်းစစ်လိုက်သောအခါ မိမိမှာ မှောက်နေသော ဆိုက်ကားနောက်ထိုင်ခုံအောက်တွင် လေးဘက်ထောက်အနေအထားဖြင့် ရောက်ရှိနေပါသည်။ ခန္ဓာကိုယ်တွင် ပွန်းရာ၊ ပဲ့ရာ လုံးဝမရှိပါ။ ဆိုက်ကားဆရာနှင့် ဦးထွန်းဖြူမှာမူ လွင့်စဉ်သွားသည့်အတွက် နဖူးကွဲ၊ ဒူးပြဲ၊ လက်ပြဲ ဖြစ်နေကြပါသည်။
မိမိသည် လွန်စွာ အံ့သြသွားမိ၏။ ကုန်းအဆင်းတွင် ရှေ့ရောနောက်ပါ ဘရိတ်ကြိုးပြတ်၍ တဟုန်ထိုးပြေးဆင်းသွားသော ဆိုက်ကားပေါ်တွင် လူသုံးယောက်ရှိသည့်အနက် သရဏဂုံရွတ်ဆိုလာသော မိမိမှာ ပွန်းရှရုံပင် မဖြစ်သောကြောင့်ဖြစ်သည်။
ဤသည်မှာ ပထမဆုံးအကြိမ် သရဏဂုံအကျိုးကို လက်တွေ့အဖြစ်မှ ကြုံခဲ့ရခြင်း ဖြစ်ပါသည်။
နော်လီကို (မကွေး)

Saturday, July 17, 2010
ရှင်းသန့်သွေးရည် ကျန်းမာသည်
သွေးရည်သန့်ရှင်းခြင်းနှင့် ညစ်ပျစ်ခြင်းဆိုင်ရာ စမ်းသပ်ချက်တရပ်ကို ဂျပန်နိုင်ငံ နှလုံးနှင့် ဦးနှောက်သွေးကြော ရောဂါကု ပါရဂူကြီးများက ငှက် ၁၀-ကောင်ဖြင့် စမ်းသပ်ခဲ့သည်။ ငှက်အိမ်နှစ်ခုတွင် ငှက်ငါးကောင်စီ ခွဲ၍ မွေးထားသည်။ တအုပ်စုကို ဆီများသော အစားအစာများ ကျွေးပြီး ကျန်တအုပ်စုကို ရိုးရိုးကောက်နှံများကိုသာ ကျွေးသည်။
တနှစ်ကြာပြီးနောက် ငှက်များကို သိသာထင်ရှား ခွဲခြားထားသော အမှတ်အသားများကို တပ်ဆင်၍ ပင်လယ် ကမ်းခြေတွင် ဘေးမဲ့လွှတ်ပေးသည်။ ဤပင်လယ်ကမ်းခြေတွင် သစ်ပင်မရှိ၊ ပင်လယ်ကို ဖြတ်ကျော်မှသာ နေရန်သစ်ပင် ရှာတွေ့နိုင်မည်။
ရိုးရိုးကောက်နှံသာစားသော ငှက်ငါးကောင်သည် ပေါ့ပါးသွက်လက်စွာ ပင်လယ်ကိုဖြတ်ကျော်၍ သစ်တောဆီသို့ ပျံသန်းသွားနိုင်သည်။ ဆီများသော အစားအစာများ စားရသော ငှက်ငါးကောင်မှ ၂-ကောင်သည် ပင်လယ်ကို ဖြတ်ကျော်သော အခါ လမ်းခုလတ်၌ ရေထဲပြုတ်ကျ သေဆုံးသည်။ ကျန်သုံးကောင်သည် လေးလံသော အတောင်ပံများကို လုံးဝ မလှုပ်ခတ်နိုင်တော့ပေ။
ထိုငှက်သုံးကောင်ကို ချက်ချင်း ဓာတ်ခွဲခန်းသို့ ပြန်သယ်ပြီး သွေးသုတေသနလုပ်ကြည့်သည်။ တွေ့ရှိချက်မှာ ထိုငှက်သုံးကောင်၏ သွေးသည် စေးပျစ်ပြီး သွေးကြောများ အလွန်ကျဉ်းမြောင်းနေလေသည်။ ထို့ကြောင့် ဂျပန်ဆေးလောကတွင် သွေးရည်ကို စမ်းရေကဲ့သို့ ကြည်စေ-ဟူသော နှိုးဆော်ချက်သည် ရေပန်းစားခဲ့သည်။
ဂျပန်လူမျိုးသည် အစားအသောက်ကို ဆီနည်းနည်း၊ ဆားပေါ့ပေါ့ စားခဲ့သည့်အတွက် ယနေ့ ဂျပန်လူမျိုး၏ သွေးပျစ်ခြင်းကြောင့်ဖြစ်သော ရောဂါနှုန်းထားသည် ကမ္ဘာတွင် အနိမ့်ဆုံးဖြစ်သည်မှာ အများအသိပင်။
ဦးနှောက်နှင့် နှလုံးသွေးကြောရောဂါများ ကင်းရှင်းလိုလျှင် ဦးစွာ မိမိကိုယ်တိုင် မိမိ၏သွေး စေးပျစ်ခြင်းကို ကုသအောင်နိုင်ရမည်။ သွေးရည်၏ သန့်ရှင်းကြည်လင်မှုကို အောက်ပါကာကွယ်နည်း သုံးနည်းဖြင့် အစပြုနိုင်လျှင် အကျိုးရှိမည်။ အသက်ရှည်နိုင်မည်ဟု သမားတော်ကြီးများက တိုက်တွန်းထားပါသည်။
(၁) သွေးမစေးပျစ်စေရန် နံနက်၊ နေ့လယ်၊ ညနေ ရေမှန်မှန်သောက်သည့် အကျင့်ကောင်း မွေးရမည်။ အထူးသဖြင့် နံနက်အိပ်ရာထချိန်တွင် ရေကို ခွက်ကြီးတခွက် သောက်ခြင်းဖြင့် သွေးရည်ကို အင်နှင့်အားနှင့် ဆေးကြောသန့်စင်ကျဲစေရာ ရောက်လေသည်။ ထို့ကြောင့် အခါအခွင့်ကြုံတိုင်းလည်း ရေသောက်ပေးပါ။
(၂) သွေးမချဉ်စေရန် လတ်ဆတ်သော ဟင်းသီးဟင်းရွက် သစ်သီးသစ်ဖုတို့ကို ပိုမိုစားသုံးရမည်။ အက်စစ်ဓာတ်နှင့် ဘေ့ဆစ်ဓာတ်နှစ်မျိုး မျှတစွာ ပါဝင်ဖွဲ့စည်းထားသော လူ့ခန္ဓာကိုယ်ရှိ သွေးရည်သည် ဘေ့ဆစ်ဓာတ်အနည်းငယ်ကဲသော အခြေအနေ (pH 7.35 မှ 7.45) တွင် ကျန်းမာပျော်ရွှင်စွာ လှုပ်ရှားနိုင်သည်။ (pH 7.0 မှ 7.2) အက်စစ်ဓာတ်ကဲသောအခါ ကင်ဆာရောဂါကို လျင်မြန်စွာ ပွားစေနိုင်သည်။ pH 6.8 ဖြစ်လျှင် သေနိုင်လေသည်။
အက်စစ်ဓာတ်ကဲသော ခန္ဓာကိုယ်သည် ၀ဖြိုးသည်။ ဗိုက်ထွက်သည်။ မောလွယ်သည်။ လှေကားတက်ဆင်းလျှင် ဟိုက်သည်။ ညဥ့်နက်မှအိပ်ခြင်းသည်လည်း ခန္ဓာကိုယ်ကို အက်စစ်ဓာတ် ကဲစေသည်။ ဤအကျင့်ဆိုးသည် ဆေးလိပ် အရက် သောက်ခြင်းထက် ဆိုးသည်။
အက်စစ်ဓာတ်အစားအစာဟူသည် အရသာချဉ်သော အစားအစာမဟုတ်ပါ။ အစားအစာများ လူ့ခန္ဓာကိုယ်ထဲ ရောက်ပြီး ချေချက်ပြီး နောက်ဆုံး ဖြစ်ပေါ်လာသော ပစ္စည်းသည် အက်စစ် သို့မဟုတ်-ဘေ့ဆစ်ဖြစ်မှုပေါ်တွင် မူတည်ပြီး အက်စစ်ဓာတ် အစားအစာ၊ သို့မဟုတ်-ဘေ့ဆစ်ဓာတ် အစားအစာ ဟူ၍ ခွဲခြားထားခြင်း ဖြစ်သည်။
(၁) ပိုတက်စီယမ်။
(၂) ဆိုဒီယမ်။
(၃) ကယ်စီယမ်။
(၄) မဂ္ဂနီဆီယမ်။
(၅) သံ။
(၆) ဖော့စ်ဖောရပ်မီးစုန်းဓာတ်။
(၇) ကလိုရင်း။
(၈) ဆာလဖာ ကန့်ဓာတ်-ဟူ၍ အစားအစာတွင် ပါဝင်သော ပစ္စည်း ၈-မျိုးအနက် ပထမ ၅-မျိုးသည် ဘေ့ဆစ်ဓာတ်ဖြစ်သွားပြီး နောက် ၃-မျိုးသည် အက်စစ်ဓာတ် ဖြစ်သွားသည်။
ဥပမာ-အသားမျိုးစုံ၊ ဆန်၊ ဂျုံ၊ ဆီ၊ ဆားတို့သည် အက်စစ်ဓာတ်အစားအစာ ဖြစ်ပြီး ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ် စသည့် သတ္ထုဓာတ်များ ပေါကြွယ်ဝသော နွားနို့၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ တို့သည် ချဉ်သောအရသာရှိသော်လည်း ဘေ့ဆစ်ဓာတ်အစားအစာများ ဖြစ်သည်။
(၃) သွေးညစ်ညမ်းခြင်း မဖြစ်စေရန် အောက်ပါ အဆိပ်အတောက် ဖယ်ရှားနည်းသုံးရပ်ကို ကျင့်သုံးနိုင်သည်။
(က) ချောင်းဆိုးလေ့ကျင့်ခန်း။
နေ့စဉ်နံနက် (သို့မဟုတ်) ညနေပိုင်းတွင် လေကောင်းလေသန့်ရသောနေရာတွင် ချောင်းဆိုးလေ့ကျင့်ခန်း-လုပ်နိုင်သည်။
လုပ်နည်းကား-ဦးစွာ အသက်ပြင်းပြင်း ရှူသွင်းပါ။ အသက်ရှူသွင်းစဉ် လက်အစုံကို ဖြည်းဖြည်း မ,ပါ။ ထို့နောက် ရုတ်တရက် ချောင်းဆိုးလိုက်ပါ။ လက်အစုံကိုလည်း ချက်ချင်းချလိုက်ပါ။ ပါးစပ်၊ နှာခေါင်း၊ အဆုတ်တို့မှ အညစ်အကြေးကို သလိပ်၊ နှာရည်များနှင့်အတူ ထွက်သွားစေနိုင်သည်။ ဆယ်ကြိမ်ခန့်လုပ်နိုင်သည်။ တကြိမ်နှင့် တကြိမ်ကြား ပုံမှန်အသက်ရှူမှု ၄-၅ ကြိမ်ခန့် ပြုနိုင်သည်။
(ခ) ၀မ်းမှန်မှန်သွားကျင့်။
အူလမ်းကြောင်းမှ အဆိပ်အတောက်ပစ္စည်းများ သွေးရည်ထဲသို့ ရောက်သွားနိုင်သော အခွင့်အလမ်းကို တားဆီးရမည်။ အချိန်မှန်မှန် ၀မ်းသွားသောအကျင့်ကောင်းကို မွေးရမည်။ ၀မ်းချုပ်တတ်သူများသည် တလတွင် တရက် နံနက်စာနှင့် နေ့လယ်စာမစားဘဲ ရေနွေးနွေး သုံးပုလင်း (2000 မှ 3000 ml) ခန့်ကို ၄-၅ ကြိမ်ခွဲ၍ သောက်နိုင်သည်။ အဆိပ်အတောက်များကို အူလမ်းကြောင်းမှ အလျင်အမြန်စွန့်ထုတ်စေနိုင်သည်။
(ဂ) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့၏ အဆိပ်အတောက်ဖယ်ရှားနိုင်သော စွမ်းအား။
မုန်လာဥနီသည် (Pectose) ပက်တိုစ် သကြားဓာတ် မြောက်မြားစွာ ပါဝင်သဖြင့် ပြဒါးနှင့်ပေါင်းစပ်ပြီး ဒြပ်ပေါင်းအသစ်တမျိုးအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ပြင်ပသို့ စွန်ပထုတ်နိုင်သည်။ ကြက်သွန်ဖြူသည် ထူးခြားသောဓာတ်တမျိုး ပါဝင်မှုကြောင့် ခဲဓာတ်ကို စွန့်ထုတ်စေနိုင်သည်။ အစိမ်းရောင်အရွက်များသည် ဘေ့ဆစ်ဓာတ်ပါဝင်မှု ပိုများသဖြင့် ခန္ဓာကိုယ်ဆဲလ်တွင် အနည်ထိုင်နေသော အဆိပ်အတောက်များကို ပျော်ဝင်စေနိုင်ပြီး ဆီးလမ်းကြောင်းမှ စွန့်ထုတ်စေနိုင်သည်။ ထို့ကြောင့် အစိမ်းရောင်ဟင်းရွက်များကို ခန္ဓာကိုယ်သွေးရည်၏ အကောင်းဆုံးဆပ်ပြာဟု ခေါ်ဆိုင်နိုင်သည်။ ထို့ပြင် သစ်သီးကို လတ်လတ်ဆတ်ဆတ် စားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။
ပင်လယ်ကျောက်ခက်၊ ရေညှိနှင့် ကြွက်နားရွက်တို့တွင်ပါဝင်သော ကော်ဓာတ်တမျိုးသည် ခန္ဓာကိုယ်ထဲ ရောက်နေသော ရေဒီယိုသတ္တိကြွပစ္စည်းကို စွန့်ထုတ်ပေးနိုင်သည်။ ပိုလျှံသောအဆီများကိုလည်း စွန့်ပယ်စေ နိုင်သည်။
အထူးတိုက်တွန်းလိုသော အစားအစာတမျိုးမှာ ၀က်သွေးဖြစ်သည်။ ယင်းတွင်ပါဝင်သော မြောက်မြားစွာသော သွေးရည် ပရိုတင်းဓာတ်သည် အစာချေအင်ဇိုင်း၏ ဖြိုခွဲမှုကြောင့် ဇီဝဓာတ်ပစ္စည်းနှစ်မျိုး ပြိုကွက်ထွက်ကာ အူလမ်းကြောင်းတွင်ရှိသော ဖုန်မှုန့်၊ အဆိပ်အတောက်ဖြစ်စေသော သတ္တုဓာတ်များနှင့် ဓာတ်ပြုပြီး ပျော်ဝင်ရခက်သော ပစ္စည်းအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်လေသည်။
ဤသို့ သွေးရည်သန့်စင်စေသော အစားအစာများကို စားပေးခြင်းသည် ဆေးဝါးမှီဝဲခြင်းထက် အဆပေါင်းများစွာ ထိရောက်အကျိုးပြုလေသည်။
ကျမ်းကိုး။ ။ ၂၀၀၂-ခုနှစ် အမှတ်-၅၊ Women's Friend တရုတ်ဘာသာမဂ္ဂဇင်းမှ ထုတ်နုတ်ဘာသာပြန်ပါသည်။

Friday, July 16, 2010
ဘာသာရေး ပြဿနာ (၁)
(အမရပူရ မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တ အရှင်ဇနကာဘိဝံသ ဖြေသည်)
(မေး) ( ဒါနနှင့်စပ်သော မေးခွန်းများ )
အရှင်ဘုရား၊ ဒါန၊ သီလ၊ ဘာဝနာ ဟူသော ကုသိုလ်ရေးသုံးပါးတွင် မည်သည်က လောကုတ္တရာအကျိုးပေး အကောင်းဆုံးပါနည်း။
(ဖြေ)
ဒါနထက် သီလသည် အကျိုးပေးသာ၏။
သီလထက် ဘာဝနာက သာလွန်၍ အကျိုးပေးပါသည်။
ထိုသို့အကျိုးပေးရာ၌ ဒါနနှင့် သီလသည် လောကီဘုံ၌သာ အကျိုးပေးနိုင်၏။ တိုက်ရိုက်အားဖြင့် လောကုတ္တရာ (မဂ်ဖိုလ်နိဗ္ဗာန်) အကျိုးကို မပေးနိုင်၊ ၀ိပဿနာဘာဝနာကသာ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာအကျိုးကို ပေးနိုင်သည်။
ချဲ့ပါဦးမည်။
ဒါနထက် သီလက သာလွန်ပုံကို ကိုယ်ကျင့်အဘိဓမ္မာကျမ်း သီလခန်း၌ အကျယ်ပြထားပြီ။ ဤနေရာ၌ ဒါနထက် သီလက သာလွန်ပုံကို အကြောင်းတမျိုး ပြပါဦးမည်။ မည်သည့်ကုသိုလ်ကောင်းမှု အလုပ်မဆို အ၀ိဇ္ဇာနှင့် တဏှာကို ပယ်ရာ၌ အထိရောက်ဆုံးအလုပ်သည် သတ္တိအထက်ဆုံး၊ အကျိုးပေးနိုင်ဆုံး ဖြစ်၏-ဟု ရှေးဦးစွာ မှတ်သားပါ။
( ဒါနနှင့်သီလ)
ဒါနပြုသောအခါ အတွင်းသန္တာန်၌ စိတ်စေတနာ အရင်းခံပါသော်လည်း စွန့်ကြဲပေးကမ်း လှူဒါန်းရာဝယ် ကိုယ်ဖြင့်ပြုလုပ်ရသော ကာယကံအလုပ်၊ နှုတ်ဖြင့် ယူငင်ပါ၊ စားပါ၊ သောက်ပါ၊ ဘုဉ်းပေးပါ-ဟုပြောဆိုသော ၀စီကံအလုပ်၊ အအလုပ် ၂-မျိုးကို ပြုလုပ်နေ၏။
သီလစောင့်ရာ၌ကား ကိုယ်ဖြင့် သူ့အသက်သတ်မှု စသော မကောင်းမှုကို မပြုမိအောင၊် နှုတ်ဖြင့် မုသားစသော စကားမျိုးကို မပြောမိအောင်၊ စိတ်ကို စောင့်စည်းနေရ၏။ ထို့ကြောင့် သီလစောင့်ရာ၌ စိတ်၏တာဝန်သည် နေရာတိုင်းမှာ အရေးတကြီး ပါဝင်နေ၏။
( နှိုင်းယှဉ်ခြင်း )
ကိုယ်ဖြင့်ပြုလုပ်ရ၊ နှုတ်ဖြင့်ပြောဆိုရသော ဒါနအလုပ်သည် ခန္ဓာအစဉ်ဝယ် ဓာတ်တည်၍ နေသော အ၀ိဇ္ဇာ တဏှာကို တိုက်ရိုက်မထိခိုက်နိုင်။ သွယ်ဝိုက်၍သာ ထိခိုက်နိုင်၏။ စိတ်ဖြင့် ပြုလုပ်ရသော သီလအလုပ်ကား စိတ်ကို စောင့်စည်းတိုင်း စောင့်စည်းတိုင်း အ၀ိဇ္ဇာတဏှာဓာတ်ကို ပါးလှပ်သွားအောင် ထိခိုက်နိုင်၏။
ဥပုသ်သီလသည်ကား မေထုန်မှ ရှောင်ရခြင်း၊
ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်းတို့မှ ရှောင်ရခြင်း၊
ပန်းနံ့သာ လိမ်းကျံခြယ်လှယ်ခြင်းမှ ရှောင်ရခြင်းကြောင့် တဏှာရာဂကို တိုက်ရိုက်ပယ်ရှားနိုင်သော တရားဖြစ်ပေသည်။
ထို့ကြောင့် ဒါနထက် သီလသည် မွန်မြတ်၏။ ဒါနထက် သီလသည် ငြိမ်သက်အေးမြ၏။
အကျိုးပေးသောအခါ ဒါနရှင်သည် စည်းစိမ်ရှင်ဖြစ်၏။ သို့သော် သီလအကူအညီမပါလျှင် အေးချမ်းသာယာသော စည်းစိမ်ရှင်မဖြစ်ဘဲ စိတ်ဆင်းရဲသော စည်းစိမ်ရှင်သာဖြစ်နိုင်၏။
သီလအရှင်ကား ဒါနအကူအညီ မပါစေကာမူ အေးချမ်းသာယာ၏။ ဒါန အကူအညီပါလျှင်ကား အတိုင်းထက်အလွန် တံခွန်နှင့်ဘုရားကဲ့သို့ ခံ့ညားထည်ဝါလျက် သာယာအေးမြနိုင်ပေသည်။ ထို့ကြောင့် သီလသည် ဒါနထက် သာလွန်မွန်မြတ်သည်-ဟု ပြောစမှတ်ပြုရပေသည်။
( နိမိမင်း စဉ်းစားပုံ)
နိမိ(နေမိ)မင်းသည် မြို့တွင်းငါးဌာန၌ အလှူရုံများကို ဆောက်လုပ်၍ တဌာနလျှင် နေ့စဉ်တသိန်းကုန် အလှူဒါနပြု၏။ ငါးပါးသီလကိုလည်း အမြဲစောင့်၍ ဥပုသ်နေ့များ၌ ဥပုသ်သီလကို စောင့်၏။ ထိုမင်းသည် နံနက်စောစော အိပ်ရာမှထပြီးလျှင် မိမိ၏ဒါန၊ သီလများကို ဆင်ခြင်လေရာ ဒါနနှင့် သီလတွင် ဘယ်အကျင့်ကသာ၍ အကျိုးကြီးပါလိမ့်မည်နည်း-ဟု စဉ်းစားလေသည်။
(သိကြားမင်းအဖြေ)
နေမိမင်း၏အကြံကို သိ၍ သိကြားမင်းလာပြီးလျှင် မဟာရာဇာ၊ ဒါနထက် သီလသည် အဆတရာ၊ အဆတထောင်၊ အဆတသိန်းတိုင်အောင် အကျိုးပေးသာလွန်ပါသည်။ သို့သော် ဒါန၊ သီလ ၂-မျိုးလုံးပင် သူတော်စင်ပညာရှိတို့ ကြံစည်အပ်သောအလုပ်များ ဖြစ်ပါသည်။ ထို့ကြောင့်ထိုအလုပ် ၂-မျိုးလုံး၌ မမေ့မလျော့ဘဲ အလှူကိုလည်း ပေးလှူပါ။ သီလကိုလည်း စောင့်ပါ-ဟု ပြောဆိုလေသည်။
(မဟာနိပါတ် နိမိဇာတကဋ္ဌကထာ)
မှတ်ချက်။ ။ ဤပြခဲ့သော စကားစဉ်အရ ဒါနထက် သီလသည် အကျိုးပေးသာလွန်ကြောင်း ကောင်းကောင်းထင်ရှားပေပြီ။ ထို့ပြင် ထပ်မံ၍ စဉ်းစားဖွယ်ရှိသေး၏။ အပါယ်လေးပါး ဆင်းရဲဒုက္ခ ခံနေရသူတို့သည် ဒါနမရှိသူများ မဟုတ်ကြ။ ဒါနရှိပါလျက် သီလပျက်မှု (သူ့အသက်သတ်မှု၊ သူ့ဥစ္စာ မတရားယူမှု၊ သူ့မယားကို ကျူးလွန်မှု၊ မိမိလင်မှ တပါးသောယောက်ျားနှင့်ဖောက်ပြန်မှု၊ မုသားပြောမှု စသော အကုသိုလ်အမှု) ကြောင့်သာ အပါယ်လေးပါး၌ ဒုက္ခရောက်နေကြရသည်။ ထိုသူတို့၌ပါရှိသော ဒါနကောင်းမှု သည်လည်း ဂတိဝိပတ္တိဖြစ်သော ထိုအပါယ် ၄-ပါး၌ အကျိုးပေးခွင့် မရကြသဖြင့် အကျိုးမပေးနိုင်ကြချေ။
ထို့ကြောင့် ဒါန သီလ ၂-ပါးတွင် သီလသည်သာ ဘ၀ကောင်းကျိုးရဖို့ ရှေ့သွားဖြစ်၍ သီလအတွက် ဘ၀ကောင်း ရမှ ဒါနအကျိုးပေးနိုင်သည်ဟု သဘောပေါက်ကြလျှင် ငါးပါးသီလကို အထူးစောင့်ရှောက်၍ ဒါနကိုကား စားဦးစားဖျားကို ရဟန်းသံဃာ ဆရာမိဘတို့အား ပေးလှူခြင်း၊ စားကြွင်းစားကျန်ကို တောင်းရန်းလာသူတို့အား ပေးခြင်းဖြင့် နေ့စဉ်ပြုသင့်ကြ၏။ ဒါနအကြီးအကျယ် လုပ်နိုင်အောင် သီလအပျက်ခံ၍ကား မည်သည့်နည်းနှင့်မျှ စီးပွားမရှာထိုက်ဟု မှတ်ပါ။
( ဘာဝနာ)
ဘာဝနာ -ဟူသောပါဠိစကားသည် စိတ်နေစိတ်ထားကို ကြီးမားမြင့်မြတ်အောင် တိုးပွားစေတတ်-ဟူသော အနက်ကိုပြ၏။ သတ္တ၀ါတို့၏ စိတ်ဓာတ်သည် အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် သိဖွယ်ဟူသမျှကို မသိတတ်သည့်ပြင် တဏှာအစွမ်းကြောင့် ကာမဂုဏ်အာရုံများကို တောင့်တခင်မင် လိုချင်နေ၏။ ထို့ကြောင့် ပင်ကိုအားဖြင့် ကြီးမားမြင့်မြတ်သော စိတ်ဓာတ်မဟုတ်ချေ။ အလွန် ကလေးကလားနိုင်သော အသေးစားအညံ့စား ဖြစ်နေ၏။ ထိုအသေးစား အညံ့စားစိတ်ကို ကြီးမားမြင့်မြတ်လာအောင် သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ ဟူသော ဘာဝနာ ၂-မျိုးတွင် တမျိုးမျိုးဖြင့် တိုးပွားအောင် ကြိုးစားသောအခါ အ၀ိဇ္ဇာတဏှာ ပါးလှပ်သွားသောကြောင့် စိတ်နေစိတ်ထားလည်း နဂိုအနေထက် ကြီးမားမြင့်မြတ်လာနိုင်ပေသည်။
( သမထ ဘာဝနာ)
သမထ-ဟူသောပါဠိစကားသည် ကိလေသာတို့ကိုလည်းကောင်း၊ ထိုထိုဤဤ ကြံစည်တတ်သော ၀ိတက်စသည်ကိုလည်းကောင်း ငြိမ်းစေတတ်-ဟူသော အနက်ကိုပြ၏။
တရားသဘောမှာ သမာဓိ-ပင်တည်း။
မြန်မာလို တည်ငြိမ်သော တရား-ဟုခေါ်၏။
သတ္တ၀ါတို့၏စိတ်သည် နဂိုသဘောအတိုင်းအားဖြင့် ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက်နှင့် တည်ငြိမ်မှုမရှိ။ ဤသမထကမ္မဋ္ဌာန်းကို အားထုတ်သောအခါ ထွက်သက်-၀င်သက် စသောအာရုံတခု၌ စိတ်စိုက်၍ထားရ၏။ ထိုသို့ စိတ်စိုက်၍ထားသဖြင့် ထိုအာရုံ၌ စိတ်အစဉ်မြဲနေခြင်းကို သမာဓိရခြင်း-ဟုခေါ်၏။ စိတ်အစဉ်က ထိုအာရုံတခု၌ မြဲနေသောကြောင့် လောဘစသော ကိလေသာ၊ ၀ိတက်စသော တရားတို့မပေါ်ဘဲ စိတ်အစဉ်သည်လည်း တည်ကြည်၍နေလေသည်။ ဤသမထဘာဝနာ ပေါက်လျှင် ဈာန်ရ၍ ကာမဂုဏ်ကင်းရာ ဗြဟ္မာ့ပြည်သို့ ရောက်နိုင်သောကြောင့် အ၀ိဇ္ဇာတဏှာဓာတ်ကို များစွာပါးလှပ်အောင် ပြုနိုင်သော တရားပေနည်း။
( ၀ိပဿနာ ဘာဝနာ)
ဝိ-အနိစ္စဟုလည်းကောင်း၊ ဒုက္ခဟုလည်းကောင်း၊ အနတ္တဟုလည်းကောင်း၊ အမျိုးမျိုး အဖုံဖုံ+
ပဿနာ-ရုပ်နာမ်အာရုံ၌ ကြည့်ရှုနေခြင်းကို ၀ိပဿနာ-ဟုခေါ်၏။
တရားသဘောမှာ ဉာဏ်ပညာ-ပင်တည်း။
မိမိ၏ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာကို မမြဲသောအနိစ္စတရား၊ မကောင်းသော ဒုက္ခတရား၊ အနှစ်မပါသော အကာချည်းသာဖြစ်သော အနတ္တတရား-ဟု ထပ်၍ ထပ်၍ ကြည့်ရှုနေသောအခါ မှန်ကန်သော (အနိစ္စတရားကို အနိစ္စအတိုင်း အမှန်သိသော) အသိဉာဏ်ဖြစ်၏။ ထိုအခါ မိမိကိုယ်ခန္ဓာ၌ နဂိုက အကောင်းအမွန် နှစ်သက်စရာဟု ထင်မှတ်အောင် ကွယ်ကာသော အ၀ိဇ္ဇာနှင့် တွယ်တာသော တဏှာဓာတ်သည် ပါးလှပ်၍ သွားလေတော့၏။
ဤ၀ိပဿနာဘာဝနာဖြစ်အောင် ရှေးဦးစွာ သမထဘာဝနာကို တည်ထောင်ရသောကြောင့် ဤဘာဝနာ ၂-ပါးသည် အ၀ိဇ္ဇာနှင့် တဏှာကို ပယ်ရာဝယ် အထိရောက်ဆုံးဖြစ်ရုံသာမက တဆင့်တက်လျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မြင်နိုင်သောကြောင့် သီလထက်ပင် အ၀ိဇ္ဇာတဏှာကို ပယ်နိုင်လောက်အောင် အကျိုးပေးကောင်း တရားဖြစ်ပါ ပေသည်။ သို့ရာတွင် ဤဘာဝနာ ၂-ပါးကို တက်ဖို့ရန် သီလကို အခြေခံရပါသေးသည်။
*******************************************************************************
(မေး)
အရှင်ဘုရား၊ အလှူဒါန ပေးကမ်းစွန့်ကြဲရာတွင် တိရစ္ဆာန်များအား ကျွေးမွေးပေးကမ်းခြင်း၊ လူသတ္တ၀ါတို့အား ကျွေးမွေးပေးကမ်းခြင်းနှင့် ရဟန်းသံဃာအား လှူဒါန်းခြင်းတို့သည် အကျိုးပေးရာ၌ မည်သို့ကွာခြားပါမည်နည်း။
(ဖြေ)
တိရစ္ဆာန်တို့အား ကျွေးမွေးခြင်းကြောင့် ဘ၀ပေါင်းတရာ၌ အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန (သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ) ဟူသော အကျိုးကို ရ၏။
(တိရစ္ဆာန်ဟူရာ၌ အိမ်၌မွေးထားသော တိရစ္ဆာန်မဟုတ်။ အကြောင်းအားလျော်စွာ တွေ့ရသော ကြက်၊ ငှက်၊ ခွေး၊ ၀က်၊ စသော တိရစ္ဆာန်တည်း။ ကျွေးမွေးရာ၌ တကြိမ်အတွက် အ၀ကျွေးခြင်းတည်း။)
လူသတ္တ၀ါတို့တွင် မကောင်းသဖြင့် အသက်မွေးနေသော ဒုဿီလလူကို ကျွေးမွေးရာ၌ ဘ၀ပေါင်းတထောင်ဝယ် အာယု ၀ဏ္ဏ စသော အကျိုးကိုရ၏။
တရားသဖြင့် အသက်မွေးသော သာမန်သီလရှိသူတို့ကို ကျွေးမွေးရာ၌ ဘ၀တသိန်းဝယ် အာယု ၀ဏ္ဏစသော အကျိုးကိုရ၏။
သာသနာပ၀ယ် ဈာန်အဘိညာဉ်ရသော ရသေ့တို့ကို ကျွေးမွေးရာ၌ ကုဋေတသိန်းသော ဘ၀တို့ဝယ် အာယု ၀ဏ္ဏစသော အကျိုးကိုရ၏။
သာသနာတွင်းဝယ် သရဏဂုံတည်သော ဥပါသကာမှစ၍ သောတာပန်ဖြစ်ဖို့ရန် ရည်ရွယ်ချက်ရှိသော ဥပါသကာ၊ ဥပါသိကာမတို့ကို ကျွေးမွေးရာ၌ ဘ၀အသင်္ချေ (မရေမတွက်နိုင်သောဘ၀) တို့၌ အာယု ၀ဏ္ဏ စသော အကျိုးကို ရ၏။
သံဃာကို မရည်မှန်းနိုင်ဘဲ ရဟန်းပုဂ္ဂိုလ်ကို လှူဒါန်းရာ၌ ထိုရဟန်းက ပုထုဇဉ်သာ ဖြစ်နေသေးလျှင် ဘ၀အသင်္ချေတို့၌ အကျိုးပေးနိုင်၏။
သို့သော် လူဝတ်ကြောင်တို့အား ပေးသော ဘ၀အသင်္ချေနှင့်ကား မတူတတ်ချေ။ ထိုဘ၀အသင်္ချေတို့၌ အာယု၊ ၀ဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန-ချင်း အဆင့်ဆင့် သာလွန်နိုင်ပေသည်။
လူဥပါသကာတွင် ၅-ပါးသီလရှိသူနှင့် ၁၀-ပါးသီလ ထိန်းသူ ကွာသကဲ့သို့
လူဝတ်ကြောင်ထက် ရှင်သာမဏေအား လှူခြင်းသည် သာ၏။
ရှင်သာမဏေထက် ရဟန်းအား လှူခြင်းသည် သာ၏။
ရဟန်းတွင်လည်း သီလမစင်ကြယ်သောရဟန်းထက် သီလစင်ကြယ်သော ရဟန်းအား လှူခြင်းသည် သာ၏။
ဤသို့စသည်ဖြင့် ဘ၀အသင်္ချေချင်းတူသော်လည်း အဆင့်ဆင့်သာနေပုံကို သိပါ။ ဤအားလုံးသည် ဥပရိပဏ္ဏာသ၊ ဒက္ခိဏ၀ိဘင်္ဂသုတ် ပါဠိတော်နှင့် အဋ္ဌကထာစကားများ ဖြစ်သည်။
မှတ်ချက်။
သံဃာ့ဂုဏ်တော်ကို ပြရာ၌ အနုတ္တရံ ပုညခေတ္တံ လောကဿ-အရိယာသံဃာတော်သည် ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးဖို့ရာ အတူမရှိ။ ကောင်းမြတ်သော လယ်ယာ ဖြစ်ပါပေသည်-ဟု ဘုရားရှင်မိန့်တော်မူ၏။ ထို့ကြောင့် လယ်ယာမြေ၏ ကောင်းမကောင်းအလိုက် စိုက်ပျိုးကြသူတို့မှာ အပင်အသီး ရကြသကဲ့သို့ ထို့အတူ ကောင်းမှုမျိုးစေ့ စိုက်ပျိုးကြသော ဒါယကာ ဒါယိကာမတို့မှာလည်း အလှူခံပုဂ္ဂိုလ်၏ သီလစသော အကျင့်ကောင်း ရှိမရှိလိုက်၍ အကျိုးရကြပေသည်။ သို့ဖြစ်၍ ပင်ကိုက အကုသိုလ်ကံကြောင့် တိရစ္ဆာန်အမျိုး၌ အကုသိုလ်အကျိုးဖြစ်သော ကိုယ်ခန္ဓာကို ရကြသော တိရစ္ဆာန်တို့သည် သီလ၊ သမာဓိ၊ ပညာဉာဏ်လည်း မရှိရကား အညံ့ဆုံးလယ်ယာနှင့် တူကြပေသည်။
ကုသိုလ်ကံကြောင့် လူ့ဘ၀၌ ကုသိုလ်အကျိုးဖြစ်သော ကိုယ်ခန္ဓာကိုရ၍ သီလမရှိသူ။ အသင့်အတင့်သီလရှိသူ၊ အတော်ကောင်းသော သီလရှိသူတို့ကား အဆင့်ဆင့် အတန်းကွာသော လယ်ယာမြေကောင်းများနှင့် တူကြ၏။ ထို့ကြောင့် လယ်ယာအမျိုးမျိုး၌ အလှူဒါနမျိုးစေ့ကို စိုက်ပျိုးသူတို့မှာ အဆင့်ဆင့်ကွဲပြားသောအကျိုးကို ရကြသည်ဟု မှတ်ပါ။
မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ

ပစ္စည်းဥစ္စာတို့၏ အပြစ် နှင့် အကျိုး
အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ပစ္စည်းဥစ္စာတို့၏ အပြစ်နှင့် အကျိုး ၅-ပါး အသီးသီးရှိပုံကို ဟောတော်မူသည်။
ရဟန်းတို့ ပစ္စည်းဥစ္စာတို့၏ အပြစ် ၅-ပါးရှိသည်။ ယင်းတို့မှာ-
၁။ ပစ္စည်းဥစ္စာတို့သည် မီးနှင့်ပတ်သက်၍ အန္တရာယ်ရှိသည်။
၂။ ရေနှင့်ပတ်သက်၍ အန္တရာယ်ရှိသည်။
၃။ မင်းနှင့်ပတ်သက်၍ အန္တရာယ်ရှိသည်။
၎။ မချစ်မနှစ်သက်အပ်သော အမွေခံ သားသမီးဆိုးတို့ကြောင့် အန္တရာယ်ရှိသည်။
၅။ ခိုးသူ၊ ဓားပြတို့ကြောင့် အန္တရာယ်ရှိသည်။
ဤကား ပစ္စည်းဥစ္စာတို့၏ အပြစ် ၅-ပါးဖြစ်သည်။
ရဟန်းတို့ ပစ္စည်းဥစ္စာတို့၏ အကျိုး ၅-ပါးရှိသည်။ ယင်းတို့မှာ-
၁။ ပစ္စည်းဥစ္စာတို့ဖြင့် မိမိကိုယ်ကို ချမ်းသာစေနိုင်သည်။
၂။ မိဘတို့ကို ချမ်းသာစေနိုင်သည်။
၃။ သားမယား ကျေးကျွန် အလုပ်သမားတို့ကို ချမ်းသာစေနိုင်သည်။
၎။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့ကို ချမ်းသာစေနိုင်သည်။
၅။ ရဟန်းပုဏ္ဏားတို့အား လှူဒါန်းကျွေးမွေးနိုင်သည်။
ဤကား ပစ္စည်းဥစ္စာတို့၏ အကျိုး ၅-ပါးဖြစ်သည်-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ ပဥစကနိပါတ် ဒီဃစာရိက၀ဂ် ဘောဂသုတ်။
ဦးငွေအောင်မွန်
(ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဘီ-အေ၊ ဘီ-အီး-ဒီ)

ထွဋ်ခေါင်ဆရာတော်ကြီး၏ ရန်အောင်မြင် ဂါထာ
ထွဋ်ခေါင်ဆရာတော်ကြီးသည် ဘကြီးတော်မင်းတရားလက်ထက်မှ မင်းတုန်းမင်းလက်ထက်အထိ ထင်ရှားသော ရဟန်းထူး ရဟန်းမြတ်ကြီး ဖြစ်သည။် ဟင်္သာတခရိုင် လေးမျက်နှာမြို့အနီး မြင်းကုန်းရွာဇာတိဖြစ်သည်။ ၁၁၆၀-ပြည့်နှစ်တွင် ဖွားမြင်တော်မူသည်။ ဘွဲတော်မှာ အရှင်ဉာဏ၀ံသ ဖြစ်သည်။
ဆရာတော်ကြီးသည် ပရိယတ္တိ၊ ပဋိပတ္တိနှစ်ဖြာ ဆည်းပူးကျင့်ကြံပွားများ အားထုတ်သော ရဟန်းမြတ်ဖြစ်သည်။ မင်းဝံတောင်ရိုးပေါ်၌ တည်ရှိသော ရတနာထွဋ်ခေါင်စေတီတော်မြတ်အနီး၌ သီတင်းသုံးတော်မူခဲ့သည်။ ယင်းကို အစွဲပြု၍ ရတနာထွဋ်ခေါင်ဆရာတော်၊ အလွယ်အားဖြင့် ထွဋ်ခေါင်ဆရာတော်-ဟူ၍ အမည်တွင်ခဲ့သည်။
၁၂၁၄-ခုနှစ်တွင် မင်းတုန်းမင်း ဘုရင်ဖြစ်လာသောအခါ ထွဋ်ခေါင်ဆရာတော်အား ရွှေနန်းတော်သို့ ပင့်သည်။ ရာဇဂုရု ခပ်နှိပ်သော မင်းဆရာတံဆိပ်တော်ကို လှူဒါန်းရာ ဤတံဆိပ်တုံးကြီးကို ခေါင်းအုံးနံဘေး ချထားမည်ကို ငါရှက်လှသည်-ဟု ပယ်တော်မူ၍ ကျောင်းသို့ပြန်ကြွခဲ့သည်။
သို့လင့်ကစား မင်းတုန်းမင်းကြီးသည် အလွန်မြတ်နိုးကြည်ညိုလှသဖြင့် ပစ္စည်းလေးပါးအလို့ငှါ ၀တ်မိုးဝတ်မြေ များကို လှူတော်မူသည်။ ဘုရင်သာမက မိဖုရား၊ မှူးမတ်ကြီးငယ်တို့ကလည်း ဆရာတော်ကြီးကို အလွန်ကြည်ညိုလှသည်။ ဆရာတော်ကြီးသည် မိမိသတင်းသုံးရာ ဓမ္မိကချောင်၌ လူသူလေးပါးတို့နှင့် ရောပြွမ်းထွေးယှက် ၀င်ထွက်သွားလာခြင်းတို့ကို မနှစ်သက်သဖြင့် ထိုချောင်မှ မင်းကွန်းရွှေမြင်တင်တောင်သို့ ကြွရောက်၍ ၀ါကပ်တော်မူသည်။ ၀ိပဿနာတရားကို အားစိုက်၍ အားထုတ်တော်မူသည်။
ဆရာတော်ကြီးသည် ၀ိပဿနာတရားကို ကျင့်ကြံပွားများ အားထုတ်တော်မူရာမှ ၁၂၄၂-ခုနှစ် (သက်တော် ၈၂-နှစ်) တွင် ခန္ဓာကမ္မဇရုပ် ချုပ်ငြိမ်းတော်မူသည်။ ဆရာတော်ကြီးသည်ကျမ်းပေါင်း ၁၃-ကျမ်း၊ ရေးသား ပြုစုတော်မူခဲ့သည်။ ပျံလွန်တော်မူသောအခါ အချို့ကျမ်းများ ပျောက်ဆုံးကုန်သဖြင့် ကျမ်းပေါင်း ရှစ်ကျမ်းသာ ထင်ရှားကျန်ရှိသည်။ ရှင်လူအများတို့သည်ကား ကမ္မဋ္ဌာန်းလင်္ကာမျှလောက်ကိုသာ သိကြရသည်။ အောက်ပါဂါထာမှာ ဆရာတော်ကြီး ပွားများသော ရန်အောင်မြင် ဂါထာဖြစ်သည်။
( ပါဠိဂါထာ )
( ၁ ) ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃော မေ ရက္ခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။
( ၂ ) မာရာဠ၀က နာဠာဂြိံ၊ အင်္ဂုလိ စိဉ္စ သစ္စကံ။
နန္ဒောပနန္ဒ ဗြဟ္မဉ္စ၊ ဇယော ဇယတု မင်္ဂလံ။
( မြန်မာအသံထွက် )
( ၁ ) ဗုတ်ဓော မေ ရက်ခတု နိတ်စံ၊ ဓမ်မော မေ ရက်ခတု သဒါ။
သံဃော မေ ရကခတု ဒိနေ၊ သုခီ ဒီဃာယုကော ဘ၀။
( ၂ ) မာရာလ၀က နာလာဂိရိံ၊ အင်ဂုလိ စိန်စ သစ်စကံ။
နန်ဒေါပနန်ဒ ဗြမ်မင်စ၊ ဇယော ဇယတု မင်ဂလံ။
( အနက်မြန်မာပြန် )
(၁) မြတ်စွာဘုရားသည် အကျွန်ုပ်အား အမြဲမပြတ် စောင့်ရှောက်တော်မူပါစေသတည်း။
မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သောတရားတော်မြတ်သည် အကျွန်ုပ်အား အခါခပ်သိမ်း စောင့်ရှောက်တော်မူပါစေသတည်း။
သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည် အကျွန်ုပ်အား နေ့တိုင်း စောင့်ရှောက်တော်မူပါစေသတည်း
အကျွန်ုပ်သည် ချမ်းသာခြင်း၊ အသက်ရှည်ခြင်း ဖြစ်ရပါလို၏။
( ၂ ) မြတ်စွာဘူရားသည် မာရ်နတ်မင်း၊ အာဠာဝကဘီလူး၊ နာဠာဂီရိဆင်ကိုလည်းကောင်း၊
အင်္ဂုလိမာလကိုလည်းကောင်း၊
စိဉ္စမာဏ၀ိကာနှင့် သစ္စကပရိဗိုဇ်ကိုလည်းကောင်း၊
နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကိုလည်းကောင်း၊
အောင်မြင်တော်မူသကဲ့သို့ ထို့အတူ အကျွန်ုပ်သည်လည်း အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းနှင့် ပြီးစီး ပြည့်စုံပါစေသတည်း။

လယ်တီဆရာတော်ဘုရားကြီး၏ နှစ်ဆန်းတရက်နေ့ တရားတော်
ဗုဒ္ဓဘာသာဝင်အများပင် ပဏ္ဍိတခေါ် ပညာရှိအဖြစ် ခံယူရရှိမှုကို လွန်စွာမြတ်နိုးကြသည်။ ပညာရှိသည် မိမိကိုယ်တိုင် လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ခံယူရရှိနိုင်ရုံမက မိမိထံဆည်းကပ်လာသော သူတို့၏ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကိုလည်း လမ်းညွှန်ဆောင်ရွက်နိုင်ပေသည်။
ဤတွင် ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူအပ်သော ပညာရှိလက္ခဏာ ၃-ပါးကို တင်ပြလိုပါသည်။ ယင်းတို့ကား-
ပညာရှိဟူသည် (၁) ကောင်းသောအကြံကိုသာ ကြံလေ့ရှိ၏။
(၂) ကောင်းသောစကားကိုသာ ဆိုလေ့ရှိ၏။
(၃) ကောင်းသောအမှုကိုသာ ပြုလေ့ရှိ၏။
ဤနေရာ၌ ကောင်းသောအကြံကိုသာ ကြံလေ့ရှိခြင်းဟူသည် မနောကံဖြူစင်သန့်ရှင်း၍ အတွင်းစိတ်ကောင်း ရှိခြင်းကို ဆိုလိုသည်။
ကောင်းသောစကားကိုသာ ဆိုလေ့ရှိခြင်းဟူသည် အပြောအဆို ၀စီကံ သန့်ရှင်းစင်ကြယ် ခြင်းကို ဆိုလိုသည်။
ကောင်းသောအမှုကိုသာ ပြုလေ့ရှိခြင်းဟူသည် အပြုအမူတည်းဟူသော ကာယကံ သန့်ရှင်းစင်ကြယ်ခြင်းကို ဆိုလိုသည်။
ဤ ကိုယ်-နှုတ်-နှလုံး သုံးပါးလုံး ကောင်းမွန်စင်ကြယ်မှသာ ပညာရှိဟု အခေါ်ခံထိုက်၏။ ထိုသို့ အခေါ်ခံထိုက်အောင်လည်း ကိုယ် နှုတ် နှလုံး သုံးပါးစလုံး သန့်ရှင်းစင်ကြယ်အောင် နည်းအမျိုးမျိုးဖြင့် ကြိုးစားအားထုတ်ကြံစည် ပြောဆို ပြုမူနေထိုင်ရမည် ဖြစ်ပေသည်။
ဤသို့ ပညာရှိ၏ လက္ခဏာသုံးပါးကို တင်ပြပြီးနောက် ပညာရှိဂုဏ်သုံးပါးကိုလည်း တင်ပြလိုပါသည်။
ပညာရှိဟူသည်-(၁) မိမိမှာ အပြစ်ရှိလျှင် မိမိအပြစ်ကို ၀န်ခံခြင်း။
(၂) မိမိမှာ အပြစ်ရှိလျှင် ထိမိမိ အပြစ်အတွက် တောင်းပန်ခြင်း။
(၃) သူတပါးက အပြစ်ရှိ၍ တောင်းပန်လျှင် လွယ်ကူစွာ သည်းခံခြင်းတို့ ဖြစ်သည်။
ပညာရှိဟူသည် ဤဂုဏ်သုံးပါးနှင့်လည်း ပြည့်စုံကြရပေမည်။ ထို့ပြင် တိကအင်္ဂုတ္တိုရ်၌ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း-
(၁) ကောင်းသောစိတ်ထားဖြင့် သူတပါးတို့အား ပြဿနာမေးမြန်းခြင်း။
(၂) သူတပါးတို့ မေးမြန်းလာသော ပြဿနာကို ကောင်းသောစိတ်ထားဖြင့် ဖြေကြားခြင်း။
(၃) သူတပါးတို့၏ ကောင်းမွန်စွာဖြေကြားသည်ကို ၀မ်းမြောက်ဝမ်းသာ ချီးမွမ်းခြင်းတို့ ဖြစ်သည်။
ဤသုံးပါးတို့သည်လည်း ပညာရှိတို့၏ အင်္ဂါသုံးပါးဖြစ်ရာ ထိုအင်္ဂါသုံးပါးနှင့်လည်း ပြည့်စုံကြရပေမည်။
ဤကား မိမိကိုယ်တိုင် လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးနှင့် ပြည့်စုံ၍ အခြားပုဂ္ဂိုလ်တို့အတွက်လည်း လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးကို ပေးဆောင်နိုင်သော ပညာရှိတို့၏ လက္ခဏာ၊ ဂုဏ်အင်္ဂါတို့ ဖြစ်သည်။ ယင်းတို့ကို ၁၂၆၀-ပြည့်နှစ် နှစ်ဆန်းတရက်နေ့တွင် ကျေးဇူးတော်ရှင် လယ်တီဆရတော် ဘုရားကြီးသည် ဗုဒ္ဓဘုရားဟော ကျမ်းဂန်တို့မှ ထုတ်နုတ်၍ ရှင်လူအများအား ဆုံးမဟောကြားတော်မူသော တရားတော်မြတ်ဖြစ်သည်။ ထိုတရားတော်မြတ်ကို ဆရာတော်ကြီး ဟောကြားတော်မူခဲ့သည်မှာ နှစ်ပေါင်း ၁၁၀-ရှိခဲ့လေပြီ။ နှစ်အမျိုးမျိုး ခေတ်အမျိုးမျိုး ပြောင်းသော်လည်း မဟောင်းနိုင်၊ မရိုးနိုင်၊ အစဉ်ဆန်းသစ်လျက် ရှိသည်။ အဖိုးတန်မဆုံး ရှိသည်။ ထို့ကြောင့် ယခုနှစ်ဆန်းတရက်နေ့တွင် မြတ်မင်္ဂလာပရိသတ်တို့ သိရှိကျင့်ကြံ ပွားများအားထုတ်နိုင်ရန် ကျွန်ုပ်တို့ တင်ပြအပ်ပါသတည်း။

* သင်သည် ဘယ်ဘ၀၊ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရခဲလှသည့်လူ့ဘ၀ကို အကျိုးရှိအောင် ပြုကျင့်ပါ။
* ကျန်းမာရေးကို ဂရုစိုက်၍ ဘ၀တိုးတက်အောင် ကြိုးစားပါ။
* မကောင်းမှုရှောင် ကောင်းမှုဆောင်၍ စိတ်ကို စင်ကြယ်အောင်ထားပါ။
* ခန္တီမြေပေါ်မှာ သီလခြေထောက် ခိုင်မာစွာရပ်၍ မေတ္တာလက်ဖြင့် လောကအကျိုးကိုဆောင်ပါ။
* နေ့စဉ် ဘုရားခန်းသို့ဝင်၍ နှလုံးသားကို ၀ိပဿနာဖြင့် ထုံမွမ်းပါ။
* သို့မှသာ အနေလည်းကောင်း၊ အသေလည်းကောင်း၍ သံသရာတွင်လည်း ကောင်းပါလိမ့်မည်။
ဘဒ္ဒန္တ ဉာဏုတ္တရမဟာထေရ်
ဂျပန်နိုင်ငံ အိဘဂရခိခရိုင်၊ ဟိုခိုတမြို့ ဂျောရှင်းအန်း ၀ိပဿနာရိပ်သာ
ထေရ၀ါဒဓမ္မစာရီ မြန်မာကြောင်းတိုက်

Thursday, July 15, 2010
ကံ-ဉာဏ်-၀ီရိယ-စုံရမည်
* ကံကိုချည်းသာ၊ အရာရာ၊ ကိုးကာ မပေါ့ရာ။
* ကံနှင့်လုံ့လ၊ ဤနှစ်ဝ၊ ဖြည့်မှ ကြီးပွားရာ။
* နတ်လူဘ၀၊ ဖြစ်တုံက၊ ရှိရ ၀ီရိယာ။
* ၀ီရိယကင်း၊ မှုအခင်း၊ ပျက်ယွင်းတတ်သည်သာ။
* သူတပါးလွှဲ၊ ကိစ္စလဲ၊ ပျက်မြဲ ဓမ္မတာ။
* ဉာဏ်ဝီရိယ၊ ရှိတုံက၊ ကိစ္စပြီးသည်သာ။
* ဆန္ဒရှိက၊ မှုကိစ္စ၊ ပြီးတတ်ကြသည်သာ။
* စိတ်ဓာတ်ဆောင်က၊ မှုကိစ္စ၊ ပြီးတတ်ကြသည်သာ။
* ပျင်းသူမှန်က၊ ဆင်းရဲရ၊ ဘယ်မှ မချမ်းသာ။
* လူပျင်း နတ်မ၊ မရှိကြ၊ မှတ်ပ ယုံကြည်စွာ။
* နတ်မ,ရွေ့မူ၊ ချမ်းသာသူ၊ တလူ မရှိပါ။
* လူကကျွေးမှ၊ မုန့်စားရ၊ နတ်က မမ,သာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး

မုန်တိုင်း နှင့် သမ္ဗုဒ္ဓေ
ကျွန်မသည် မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းချောင်းကျေးရွာအုပ်စုတွင်းရှိ ရွှေဝါကျေးရွာ အ-မ-က စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာမတဦးဖြစ်ပါသည်။ ကျွန်မနှင့်အတူ ဖခင်ကြီး၊ တူတော်သူ တတိယတန်းကျောင်းသား မောင်သီဟအောင်ဦးတို့ ကျောင်းပိုင်မြေအတွင်းတွင် အိမ်ဆိုင်လေးဖွင့်၍ နေထိုင်ကြပါသည်။ ကျွန်မ၏ဖခင်ကြီးသည် မုန်တိုင်းမဖြစ်မီ တရက်အလိုတွင် မော်ကျွန်းမြို့သို့ ပြန်သွားပါသည်။
၂-၅-၂၀၀၈-ရက်နေ့ ညနေ ၅-နာရီအချိန်တွင် မိုးနှင့်အတူ လေပြင်းများ တိုက်ခတ်ပြီး တစတစ လေက ပြင်းထန် လာသည်။ လေပြင်း၍ လှိုင်းလုံးကြီးများ လိမ့်တက်ပြီး မြစ်ရေများလည်း ဒလဟောတက်လာပါသည်။ ထိုနေ့ည ခုနစ်နာရီအချိန်ခန့်တွင် အိမ်မကြီးအဆင့်ထိ ရေများ တက်လာရာ ကျွန်မ အလွန်ကြောက်လန့်ပြီး တူလေးကို လက်တွဲလျက် အိမ်၏အပြင်ဘက်သို့ ထွက်ခဲ့ပါသည်။ အပြင်ဘက်တွင်လည်း မိုးမှောင်ကျလျက် ကမ်းမမြင်၊ လမ်းမမြင် ရေပြင်ကျယ်ကြီး ဖြစ်နေသည်။
ထိုစဉ် ကျွန်မ၏လက်ကို ဖမ်းဆွဲပြီး ဆရာမကြီး၊ ဆရာမကြီး ဒီဘက်ကိုလာပါ။ ဆရာမကြီး သွားနေတဲ့လမ်းက မြစ်ကြီး-ဟု အော်ခေါ်သံကြောင့် နောက်ပြန်လှည့်ပြီး လျှောက်လာလိုက်သည်။ ထိုစဉ် ရွာ၏ဆက်သွယ်ရေး လမ်းမပေါ်ရောက်နေကြောင်း သိရသည်။ ဒီရေက ကျွန်မရင်စို့အထိ ရောက်နေပါပြီ။ ကျွန်မကို ကယ်ဆယ်လိုက် သူက ရွာမှ အသက် ၂၀-ခန့်ရှိ မောင်စိုးသူ ဖြစ်ပါသည်။ မောင်သီဟအောင်ဦးကို ပခုံးပေါ်တင်ပြီး ကျွန်မလက်ကို ဆွဲကာ နီးရာသစ်ပင်ကို ပြေးဖက်ပြီး နားခိုကြရပါသည်။ ထိုအခိုက် နားခိုနေသော သစ်ပင်များမှာလည်း ယိမ်းထိုး လှုပ်ရှားပြီး အမြစ်ပြုတ်ခါနီးဖြစ်သဖြင့် နောက်တပင် လှမ်းအဆွဲတွင် လှိုင်းလုံးပုတ်ခတ်၍ လွင့်စဉ်ပြီး ကျွန်မ ရေထဲမျောပါခဲ့ပါသည်။
ဆရာမကြီး၊ ဆရာမကြီး-ဟု တွင်တွင်ခေါ်ပြီး မောင်စိုးသူနှင့် မောင်သီဟအောင်ဦးတို့ ကျွန်မအနား ရောက်လာသည်။ သည်တွင် ရေစီးဖြင့် လှိုင်းရိုက်သော သစ်ပင်ကြီးတပင် ကျွန်မတို့သုံးယောက်အနီးတွင် ၀ုန်းခနဲ ပြိုလဲကျသွားသည်။ ကံသီလို့ပင် ကျွန်မတို့ကို သစ်ပင်ကြီး မပိခြင်း ဖြစ်သည်။
ထိုသို့ သစ်ပင်ကြီး လဲပြိုသဖြင့် ကျွန်မတို့မှာ နီးရာသစ်ပင်ကို လှမ်းဆွဲရင်း နှုတ်ကလည်း သမ္ဗုဒ္ဓေ-ဂါထာကို အဆက်မပြတ် ရွတ်ဆိုနေပါသည်။ ထိုအခိုက် တွယ်ထားသော သစ်ပင်မှာလည်း ယိုင်လဲမျောပါသွားပြန်သည်။ ထိုအခါ တို့တော့ သေရတော့မည်-ဆိုပြီး မိမိကိုယ်ကို သရဏဂုံ ဆောက်တည်ကာ -ကဲ သေလိုက သေပါစေတာ့-ဟု သန္နိဋ္ဌာန်ချလိုက်စဉ် လျှပ်စီးအလင်းရောင်ကြောင့် ဧရာမသစ်ပင်ကြီးတပင်ကို မြင်လိုက်ရ သည်။ ထိုမြင်ရသော သစ်ပင်ကြီးကို သုံးယောက်သား တအားဖက်တွယ်၍ နားခိုနေကြပါသည်။ အတန်ကြာသောအခါ လှိုင်းလေပျော့၍ ရေလည်း ကျသွားပါသည်။
မောင်စိုးသူက ဆရာမကြီး ရေကျနေပြီ၊ ကျွန်တော်တို့ မသေနိုင်တော့ဘူး-ဟု အားပေးစကား ပြောပါသည်။ သို့သော်လည်း ကျွန်မတို့မှာ မိုးထဲရေထဲတွင် ခြေလက်များလည်း ထုံကျင်နေပါသည်။ ခိုက်ခိုက်တုန်အောင်လည်း ချမ်းနေပါသည်။ မောင်သီဟအောင်ဦးကလည်း သတိရတချက် မရတချက် ဖြစ်နေသည်။
ကျွန်မတို့သည် ညလုံးပေါက် ရေထဲမိုးထဲ မှောင်မိုက်ထဲမှာ လှိုင်းလုံးရိုက်ထားသည့် ဒဏ်ရာများကြောင့် ခန္ဓာကိုယ် နွမ်းနယ်မောဟိုက်ပြီး အလွန်ဆာလောင်နေသည်။ အုန်းပင်မှ အုန်းသီးများကို ခူးဆွတ်ရိုက်ခွဲကာ အဖတ်စား အရေသောက်ပြီး အသက်ဆက်ခဲ့ပါသည်။
၃-၅-၂၀၀၈ နေ့ ညနေအချိန်တွင်မှ ရွာကပေးသော ရေစိုသောဆန်ကို ချက်ပြုတ်စား၍ တမိုးသောက်ခဲ့ရ ပါသည်။ ထို့နောက် မြင်ကွင်းကို သေသေချာချာ ကြည့်လိုက်တော့ ဒီလှိုင်းရိုက်ခတ်မှုကြောင့် ကျွန်မတို့နေအိမ်နှင့် အ-မ-က စာသင်ကျောင်းကြီး အစအနပင် မရှိတော့ကြောင်း တွေ့မြင်လိုက်ရပါသည်။ ရွာအတွင်းရှိ အိမ်ခြေ အများအပြားနှင့် ဘုန်းတော်ကြီးကျောင်းလည်း ပြိုလဲသွားကြပါသည်။
၎-၅-၂၀၀၈ ရက်နေ့တွင် မြို့နယ်မှ ဆင်းလာသော ကယ်ဆယ်ရေးမော်တော်ဖြင့် မော်ကျွန်းမြို့သို့ နေ့လည် ၁-နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ တာဝန်ရှိသူများထံ သတင်းပို့ပြီး မော်ကျွန်းမြို့ရှိ မိဘများရှိရာ နေအိမ်သို့ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ကျွန်မ အသက်မသေဘဲ မိသားစုနှင့် ပြန်လည် ဆုံစည်းခွင့် ရခဲ့ခြင်းမှာ သမ္ဗုဒ္ဓေ ဂါထာတော်နှင့် သရဏဂုံသုံးပါးတို့၏ ကျေးဇူးတော်ကြောင့်ဟု ယုံကြည်ယူဆမိပါသည်။
မသန်းသန်းဦး
( မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

ဗောဓိညောင်ပင် ခုတ်လှဲသူ
ကျွန်ုပ်တို့ ကိုးကွယ်ရာဖြစ်သော ဂေါတမဗုဒ္ဓဘုရားရှင်သည် ညောင်ပင်ကိုအမှီပြုပြီး ပွင့်တော်မူခဲ့သည်။ ထိုအပင်ကို အမှီပြု၍ သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူရာဖြစ်သောကြောင့်လည်း ဗောဓိပင်ကို မဟာဗောဓိပင်ဟု ပညတ်ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ထိုဗောဓိညောင်ပင်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်တို့သည်လည်း ဗောဓိညောင်ပင်ကို အမြတ်တနိုး စိုက်ပျိုးထားကြသည်။
မကောင်းသောစိတ်ဖြင့် မြတ်စွာဘုရား၏ စေတီတော်၊ ရုပ်တုတော်၊ ဗောဓိပင်တို့ကို ပျက်စီးအောင်လုပ်သော ပုဂ္ဂိုလ်တို့သည် သေခြင်း၏အခြားမဲ့၌ အ၀ီစိငရဲသို့ ကျရောက်တတ်သည်ဟု ကျမ်းဂန်အဆိုရှိသည်။
ထိုကိစ္စနှင့်စပ်လျဉ်း၍ ဗောဓိညောင်ပင်ကို ခုတ်လှဲ၍ မကောင်းကျိုးခံရသူတဦး၏ ဖြစ်ရပ်မှန်ကို တင်ပြလိုပါသည်။
၁၉၉၀-ပြည့်နှစ် ၀န်းကျင်လောက်က ကျွန်ုပ်တို့ နေထိုင်ရာ ကျေးရွာလေးသည် အိမ်ခြေတရာပင် မရှိပေ။ ရွာဦးတွင် ဘုန်းတော်ကြီးကျောင်းတကျောင်း ရှိသည်။ ကျောင်းထိုင်ဆရာတော်မှာ ဦးဝဏ္ဏ ဖြစ်သည်။
ကျောင်းဝင်းထဲတွင် သီးပင်စားပင်များနှင့် အရိပ်အာဝါသကောင်းသော သစ်ပင်များ ပြည့်စုံစွာရှိသည်။ သို့သော်လည်း ဗောဓိညောင်ပင်မရှိသဖြင့် ဗောဓိညောင်နှစ်ပင်ကို နေ့ကောင်း ရက်ကောင်းရွေး၍ ဆရာတော် ဦးဝဏ္ဏနှင့် တပည့်များသည် ကျောင်း၏အရှေ့အရပ်တွင် စိုက်ပျိုးခဲ့ကြသည်။
ရွာသူရွာသားအပေါင်းတို့သည်လည်း ကြီးပြင်းလာသော ညောင်ပင်နှစ်ပင်ကို နှစ်စဉ် ကဆုနန်လပြည့်နေ့တိုင်း ညောင်ရေသွန်းလောင်းခဲ့ကြသည်။ နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဗောဓိညောင်ပင်နှစ်ပင်မှာလည်း အရိပ်အာဝါသ ကောင်းမွန်ရုံမက ပင်စည်လုံးပတ်ကြီးများမှာလည်း လူကြီးနှစ်ယောက် ဖက်လို့မမီအောင် တုတ်ခိုင်ကြီးမားသည်။ ထို့ပြင် ဗောဓိညောင်ပင်ကြီးမှာ သက်တမ်းရလာသည်နှင့်အမျှ လပြည့်-လကွယ်၊ လဆန်း ၈-ရက်၊ လဆုတ် ၈-ရက်၊ အဖိတ် ဥပုသ်နေ့များတွင် လူများ လေချွန်သကဲ့သို့ အသံများမြည်ပြီး ညောင်ရွက်များလည်း အလိုလိုလိပ်ပြီး ကန်တော့ထိုးသလို ဖြစ်သည်။ ရွာသူရွာသားများမှာလည်း ဗောဓိညောင်ပင်ကို ပိုပြီး အလေးထားလာကြသည်။
ထိုဖြစ်ရပ်ကို မရှုစိမ့်နိုင်သူကား ဦးသာအောင်ပင် ဖြစ်သည်။ ရွာသူရွာသားများက ဆီမီးတိုင်၊ အမွှေးတိုင် ထွန်းညှိပူဇော်ကြ၊ ညောင်ထောက်ကြနှင့် ပူဇော်သမှု ပြုသော်လည်း ဦးသာအောင်မှာမူ ဗောဓိညောင်ပင်ခြေရင်း ရောက်အောင် စပါးများ စိုက်ပျိုးထားသည်။ စပါးခင်းသည် ဗောဓိညောင်ပင်မှ လောင်းရိပ်ကျခြင်း၊ ဗောဓိညောင်ရွက်များ ကြွေကျခြင်းတို့ကြောင့် စပါးပင်များ ထင်သလောက် မကောင်း ဖြစ်နေသည်။
ထို့ကြောင့် ညောင်ပင်ကြီးကို သူ့သဘာဝအလျောက် သေသည့်သဘောဖြစ်အောင် ဗောဓိညောင်ပင်ခြေတွင် အမှိုက်များစုပုံ၍ နေ့စဉ် မီးရှို့တော့သည်။ ရွာလူကြီးများက ဦးသာအောင်ကို ဤကဲ့သို့ မပြုလုပ်သင့်ကြောင်း အမျိုးမျိုး ပြောဆို၍ တားမြစ်ကြသည်။ သို့သော် တားမရပါ။ လုပ်မြဲ လုပ်သည်။
ဆောင်းနှင့် နွေတွင် ဦးသာအောင် မီးရှို့သော ညောင်ပင်ကြီးကား သေသွားသယောင်ရှိသော်လည်း မိုးကျလာသည်နှင့် စိမ်းစိုစည်ကား ဝေဆာမြဲ ပြန်ဖြစ်သည်။ ဤတွင် ဦးသာအောင် နည်းအမျိုးမျိုး ကြံစည်ပြီး ဗောဓိညောင်ပင်ကို သေအောင် လုံ့လပြုသည်။
နောက်ဆုံး ဦးသာအောင်သည် ဗောဓိညောင်ပင်ကို ခုတ်လှဲရန် ကြံစည်တော့သည်။ ကိုယ်တိုင်တာ့ မခုတ်ရဲပေ။ နောက်ဆုံး တနေ့လုပ် တနေ့စား ဦးစံမြ ဆိုသူနှင့် ဈေးတည့်ပြီး ခုတ်လှဲမည့်ရက်ကို သတ်မှတ်လိုက်သည်။ ဦးစံမြကား မိသားစု များခြင်းကြောင့် ကြုံရာ အလုပ်ကို လုပ်ကိုင်သူဖြစ်သော်လည်း ဗောဓိညောင်ပင် ခုတ်ရမည်ကိုကား စိုးတထိတ်ထိတ် ဖြစ်နေသည်။ ခုတ်လှဲမည့်နေ့တွင် ဦးစံမြသည် မခုတ်မီ ဗောဓိညောင်ပင်စောင့် ရုက္ခစိုးနတ်တို့အား ကောက်ညှင်းမုန့်၊ ဆီမီး၊ အမွှေးတိုင်များဖြင့် ပူဇော်ပသသည်။ ထို့နောက် အပြစ်ရှိရင် ခွင့်လွှတ်ပါ-ဟူ၍ တောင်းပန်ပြီး ဗောဓိညောင်ပင်ကြီးကို ခုတ်လှဲဖြတ်တောက် လိုက်ပါသည်။
ဗောဓိပင်ကြီး ခုတ်လှဲပြီး တနှစ်မပြည့်မီ ဦးသာအောင်မှာ အနာကြီးရောဂါ ဖြစ်လာသည်။ ဗိုက်ကြီးလည်း ပူတက်လာသည်။ ဆေးဆရာမျိုးစုံနှင့် ကုသပါသော်လည်း မပျောက်တော့ပေ။ နောက်ဆုံး အနာကြီးရောဂါ၊ ဗိုက်ပူရောဂါတို့ဖြင့် သေဆုံးသွားလေတော့သည်။
(တကယ့်ဖြစ်ရပ်မှန်အား အမည်နာမ ပြောင်းလွှဲ၍ ရေးသားတင်ပြထားသည်။)
ဆောင်းဟေမာန်-မြတ်ကြေးမုံ
(မြတ်မင်္ဂလာ ၂၀၀၉-ခု နိုဝင်ဘာလ)

ဗုဒ္ဓနှင့် လယ်သမားပုဏ္ဏား
အခါတပါး၌ မြတ်စွာဘုရားသည် နံနက်၌ သင်္ကန်းကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ကသိဘာရဒွါဇပုဏ္ဏား၏ လယ်တောအလုပ်ခွင်သို့ ကြွတော်မူ၏။
ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် မိမိ၏ လယ်လုပ်သားတို့အား ကျွေးမွေးနေဆဲဖြစ်၏။ မြတ်စွာဘုရားသည် ထိုကျွေးမွေးရာသို့ ကြွသွားပြီးလျှင် ရပ်တော်မူ၏။
ကသိဘာရဒွါဇပုဏ္ဏားသည် ဆွမ်းအလို့ငှါ ရပ်တော်မူသော မြတ်စွာဘုရားကို မြင်သောအခါ ဤသို့လျှောက်၏။
ရဟန်း၊ ကျွန်ုပ်သည် ထွန်လည်းထွန်၏။ စိုက်ပျိုးလည်း စိုက်ပျိုး၏။ ထွန်၍ စိုက်ပျိုး၍ စားသောက်၏။ သင်သည်လည်း ထွန်ယက်စိုက်ပျိုး၍ စားသလော။
မြတ်စွာဘုရားက အို ပုဏ္ဏား ငါသည် ထွန်လည်းထွန်၏။ စိုက်ပျိုးလည်းစိုက်ပျိုး၏။ ထွန်၍ စိုက်ပျိုးရင်း စားသောက်၏-ဟု မိန့်တော်မူသည်။
ဘာရဒွါဇပုဏ္ဏားက အို-ရဟန်း၊ သင်သည် လယ်ထွန်သူဟူ၍ ၀န်ခံ၏။ သင်၏လယ်ထွန်မှုကို ကျွန်ုပ်မမြင်ရ။ ထိုလယ်ထွန်မှုကို အဘယ်သို့ သိရပါမည်နည်း-ဟု မေး၏။
မြတ်စွာဘုရားက အို ပုဏ္ဏား၊ ငါ၏ယုံကြည်မှုသဒ္ဓါသည် မျိုးစေ့မည်၏။
ငါ၏ ဣနြေ္ဓတို့ကို စောင့်ရှောက်ခြင်းဟူသော သီလသည် မိုးရေ မည်၏။
ငါ၏ ပညာသည် ထမ်းပိုး ထွန်တုံးမည်၏။
ငါ၏ ရှက်မှု ဟီရိတရားသည် ထွန်သံမည်၏။
ငါ၏ စိတ်သည် ကြိုးမည်၏။
ငါသည် ကာယသုစရိုက်သုံးပါး၊ ၀စီသုစရိုက် လေးပါးဖြင့်လည်း လုံခြုံ၏။ အာဟာရရှာမှီးသုံးဆောင်ရာ၌ စောင့်ရှောက်၏။ ၀စီသစ္စာဖြင့် ရိတ်ဖြတ်ခြင်းကိုပြု၏။ နိဗ္ဗာန်၌ မွေ့လျော်ခြင်းဖြစ်သော အရဟတ္တဖိုလ်သည် ငါ၏လွတ်မြောက်ခြင်းဖြစ်၏။
ငါဘုရား၏ ၀ီရိယသည် နိဗ္ဗာန်သို့ ရှေ့ရှုရုန်းသည်ဖြစ်၍ ၀န်ရုန်းနွားမည်၏။ မစိုးရိမ်ရသော နိဗ္ဗာန်သို့ရောက်အောင် မဆုတ်မနစ် ရုန်းသွား၏။
ပုဏ္ဏား၊ ဤသို့လျှင် လယ်ထွန်ခြင်းဖြစ်၏။ အမြိုက်နိဗ္ဗာန်အသီးကို ရ၏။ ဤသို့သော လယ်ထွန်ခြင်း ကိစ္စ ပြီးသည်ရှိသော် အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်ရ၏-ဟု ဟောတော်မူသည်။ ထိုပုဏ္ဏားသည် သရဏဂုံ တည်လေ၏။
ကျမ်းကိုး။ ။ သထာဂါဝဂ္ဂ သံယုတ်၊ ကသိဘာရဒွါဇသုတ်။

Wednesday, July 14, 2010
စက္ကန့် ၃၀၊ မိနစ် ၃၀
တရုတ်ပြည်မှ နှလုံးသွေးကြော သုတေသနအဖွဲ့ အဖွဲ့ခေါင်းဆောင် ဟုန်ကျောင်းကွမ်း-က
နှလုံးသွေးတိုး၊ လေဖြတ် ရောဂါကင်းဝေးဖို့ အဓိကအကျဆုံး အချက်နှစ်ချက် ပြောပါတယ်။
ပထမအချက်က စက္ကန့်သုံးဆယ် သတိထား။
ဒုတိယအချက်က မိနစ်သုံးဆယ် လိုက်နာဖွယ်-တဲ့။
ဆေးသိပ္ပံဆရာတွေ ပြောတာကတော့ လူတွေဟာ နေ့လယ်နေ့ခင်းမှာ နှလုံးခုန်နှုန်း ပုံမှန်ပဲတဲ့။
ညပိုင်းရောက်လာရင် လူအတော်များများဟာ နှလုံးသွေးအား လျော့နည်းသွားတတ်တာ တွေ့ရသတဲ့။ ဒါကြောင့် အိပ်ရာက နိုးနိုးချင်း ကုတင်ပေါ်က ချက်ချင်း မထပါနဲ့တဲ့။ စက္ကန့်သုံးဆယ်လောက် သတိကလေးနဲ့ အိပ်ရာထဲ လှဲနေပါတဲ့။
ပြီးတော့ စက္ကန့်သုံးဆယ်ကြာ အိပ်ရာပေါ် ထထိုင်လိုက်ပါတဲ့။
ပြီးမှ ကုတင်ပေါ်ကနေ ခြေထောက်တွဲလွဲ စက္ကန့်သုံးဆယ်ကြာ ချလိုက်ပါတဲ့။ အဲဒီလို ခြေတွဲလွဲချလို့ စက္ကန့်သုံးဆယ်လောက်လည်းရှိရော မိမိလိုရာ သွားပါ။ လုပ်ကိုင်ပါတဲ့။
သိပ်မှန်ပါတယ်။
မော်တော်ကား အင်ဂျင်လို့ပေါ့။ တညလုံး အေးနေအောင် ရပ်ထားတဲ့ အင်ဂျင်စက်ကို နံနက်ခင်း စက်နှိုး၊ ချက်ချင်းကြီး မောင်းမရသလိုပေါ့။ အင်ဂျင်ကိုနှိုး၊ ဆီ ရေ လေ အလိုက် မှန်လာအောင်စောင့်၊ စက်အရှိန်ကလေး ရလာမှ မောင်းသင့်သလိုပေါ့။
ဟုတ်ပါတယ် လူလည်း ဒီအတိုင်းပါပဲ။
တညလုံး လှဲအိပ်နေရာက ချက်ချင်းကြီး ထလှုပ်ရှားလိုက်တော့ ဦးနှောက်ပိုင်း သွေးအရောက်နည်းနေတာရယ်၊ အိပ်ချင်မူးမူးနဲ့ဆိုတော့ အရွယ်ကောင်းတုန်းမှာ မသိသာပေမယ့် အသက်အရွယ်ကလေး ၅၀-ကျော် ၆၀-ရောက်လာရင် သတိလစ် လဲကျနိုင်ပါတယ်။ အဲဒီလို စက္ကန့်သုံးဆယ်ကလေးကို သတိထား ဆင်ခြင်လိုက်ရင် လေဖြတ်တာတို့၊ နှလံးသွေးကြော ပိတ်တာတို့၊ ရုတ်တရက် မူးဝေလဲကျတာတို့ ကင်းဝေးတာပေါ့။
အိပ်ရာကနိုးနိုးချင်း ချက်ချင်း မထရဘူး။ စက္ကန့်သုံးဆယ်ကြာအောင် အိပ်ရာထဲ လှဲနေပါ။
စက္ကန့်သုံးဆယ်လောက် ကြာတော့ ကုတင်ပေါ်မှာ စက္ကန့်သုံးဆယ်ကြာအောင် ထိုင်လိုက်ပါ။
စက္ကန့်သုံးဆယ်လောက်လဲ ထိုင်ပြီးရော ကုတင်ပေါ်က ခြေတွဲလွဲချ၊ စက္ကန့်သုံးဆယ်ကြာအောင်စောင့်။
စက္ကန့်သုံးဆယ်လဲပြည့်ရော လိုရာသွား။
စက္ကန့်သုံးဆယ်ဆိုတော့ တစ်ကနေ သုံးဆယ်လောက် စိတ်ထဲက ရေတွက်လိုက်လည်း ဖြစ်တာပါပဲ။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်တော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ သရဏဂုံ ၃-ခေါက် ရွတ်လိုက်ရင် စက္ကန့်သုံးဆယ် ပြည့်သွားပါမယ်။ ကုသိုလ်လည်းရ သမာဓိလည်း ရပေါ့။
မိနစ်သုံးဆယ် လိုက်နာဖွယ် ဆိုတာက-
(၁) နံနက် အိပ်ရာက ထအပြီးမှာ မိမိတို့နေတဲ့ အရပ်ဒေသ ရာသီဥတု၊ မိမိ၏ အသက်အရွယ်ကို ချင့်ပြီး ကိုယ်လက်လှုပ်ရှား အားကစား မိနစ်သုံးဆယ် (နာရီဝက်) လုပ်ပါတဲ့။
နွေဦးကာလ နေပူရှိန်ပြင်းနေတုန်း အရွယ်ကလည်း ၆၀-ကျော် ၇၀-နီးပါးအရွယ်ဆိုရင် သိပ် ပြင်းပြင်း ထန်ထန် လှုပ်ရှားမှုတွေ မလုပ်ရဘူးပေါ့။
တံမြက်လှည်းတာတို့၊ ပန်းပင်ရေလောင်းတာတို့၊ လမ်းဖြည်းဖြည်းလျှောက်တာတို့ အနည်းဆုံး နာရီဝက် ပြုလုပ်ပါတဲ့။
(၂) အဲဒီလို နံနက်အိပ်ရာထအပြီး ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြီးတော့ နေ့လယ်နေ့ခင်းမှာ နာရီဝက် အိပ်စက်အနားယူပါတဲ့။
သက်ကြီးရွယ်အိုများဟာ အအိပ်အနေ နည်းပါတယ်။ စောစောလည်းထကြတော့ နေ့လယ်နေ့ခင်း နာရီဝက်လောက်တော့ အနားယူပါတဲ့။ အကောင်းဆုံးကတော့ ထမင်းစားသောက်ပြီး နာရီဝက်ခန့် အိပ်သင့်ပါတယ်။
( ကျန်းမာချင်ရင် အလုပ်နဲ့လက် မပြတ်စေနဲ့၊ အားတဲ့အခါ လမ်းလျှောက်ပေး၊ နေ့လယ်နေ့ခင်း ထမင်းစားပြီးတဲ့အခါ နာရီဝက်လောက်တော့ အနားယူအိပ်စက်ပါ)။တဲ့
(၃) တတိယအချက်က ညနေစောင်း ၅-နာရီခွဲ ၆-နာရီလောက်ကျတော့ မိနစ်သုံးဆယ် ခြေကျင်လမ်းလျှောက်ပေးပါတဲ့။ အဲဒီလို လိုက်နာကျင့်သုံးသွားမယ်ဆိုရင် နှလုံးသွေးကြောပိတ် ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာ ကင်းဝေးပါစေမယ်လို့ တရုတ်ပြည် နှလုံးသွေးကြော သုတေသနအဖွဲ့ ခေါင်းဆောင် ပါမောက္ခ ဒေါက်တာ ဟုန်ကျောင်းကွမ်း-က အာမခံပါသတဲ့။
ဗုဒ္ဓရှင်တော်မြတ်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်လောက်ကတိုင် ဟောတော်မူခဲ့ပါတယ်။
ခရီးသွားနိုင်၊ ကြံခိုင်အင်အား၊ ကင်းငြားရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊ မှတ်သိစင်္ကြအကျိုးတည်း။ တဲ့
ကမ္ဘာသိပ္ပံ ပညာရှင်တွေ၊ ဆေးပညာရှင်တွေက လူတွေ ကျန်းမာဖို့ အသက်ရှည်ဖို့ အနာရောဂါကင်းဝေးဖို့ အမြဲကြံစည်အားထုတ် ရှာဖွေစမ်းသပ်နေကြသည်။ အခုတွေ့ရှိချက်ကလေးတွေသည် ပေါ့သေးသေး မဟုတ်ပါ။ အလွန်တန်ဖိုးကြီးပါသည်။
မကွေးဝင်းမြင့် ဆောင်းပါးမှ အချုပ်ဖော်ပြလိုက်သည်။
မော်လူး

ကောင်းသူနှင့်ပေါင်းပါ
* ကိုယ့်ထက်သိတတ်၊ သူတော်မြတ်၊ ဆည်းကပ်မှီဝဲပါ။
* ကိုယ့်ထက်တတ်သူ၊ ဆည်းကပ်မူ၊ နည်းတူတတ်သည်သာ။
* ပန်းမွန်မြတ်လေး၊ ရောကာထွေး၊ ဖက်မွှေးတတ်သည်သာ။
* တရားကိုယ်ကျင့်၊ ပျက်သူနှင့်၊ မသင့်မပေါင်းရာ။
* တရားပျက်သူ၊ ပေါင်းဖက်မူ၊ နည်းတူပျက်မည်သာ။
* တမာခါးသက်၊ မြစ်ရောယှက်၊ သရက်ခါးတတ်ပါ။
* ငါးပိပုပ်ထုပ်၊ ဖက်ရွက်စုတ်၊ အဟုတ်နံတတ်ပါ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်

မည်သူ့ တာဝန်နည်း
ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊
ပြေးသွားဖို့ရာ၊ လမ်းပေါက်သာလျှက်၊ ပြေးမထွက်၊
လမ်းတွက် မဟုတ်ချေ။
မစင်လူးလျင်၊ အေးကြည်လင်သည့်၊
ရေစင်ရှိလျက်၊ မဆေးရက်၊ ကန်ကွက်မရှိလေ။
အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊
ထွက်ရာလမ်းမ၊ သမထ, ၀ိပဿနာ၊
ကိလေသာဘင်၊ သန့်စင်လျှော်ဆေး၊
ရေအေး လေးမဂ်၊ ရှိပါလျက်နှင့်၊
မထွက်ပြေးလို၊ မဆေးလို၊ မင်းပျို ကိုယ့်တွက်ပေ။
(ပရမတ္ထ သရူပဘေဒနီ၊ ဒုတိယတွဲ၊ ၆၅၃)

Friday, July 9, 2010
အမေ
ကျွန်တော်သည် ညအိပ်ခါနီး အိပ်ရာပေါ်တွင် စာဖတ်သော အလေ့အကျင့်ရှိပါသည်။ ကျွန်တော်၏ အိပ်ရာ ညာဘက်တွင် အ၀တ်အစားထည့်ထားသော သံသေတ္တာတလုံးနှင့် စာအုပ်စာစောင်များ ထည့်ထားသော ထင်းရှူးသေတ္တာအဟောင်းတလုံးကို စီ၍ ချထားပါသည်။
တည၌ ကျွန်တော်သည် အိပ်ရာပေါ်တွင် စာဖတ်ပြီးအိပ်မည်ဟု မီးမှိတ်၍ ခေါင်းချကာ မှိန်းနေစဉ် စာအုပ်ထည့်ထားသော ထင်းရှူးသေတ္တာအတွင်းမှ ဂလုတ်၊ ဂလုတ်-ဟု အသံကြားပါသည်။
ကျွန်တော်လည်း မီးပြန်ဖွင့်ပြီး ထင်းရှူးသေတ္တာအဖုံးကို ဖွင့်ကြည့်ရာ သေတ္တာထိပ်အောက်ခြေတွင် ဒင်္ဂါးပြားခန့်ရှိ အပေါက်မှ ကြွက်တကောင် ထွက်ပြေးသွားသည်ကို တွေ့လိုက်ရပါသည်။
နောက်တကြိမ်လာ၍ သေတ္တာထဲဝင်ကာ စာအုပ်များကို ကိုက်မည်စိုးရိမ်သောကြောင့် သစ်သားပြားကလေး တခုဖြင့် အပေါက်ကို ပိတ်ထားလိုက်ပါသည်။
ကြွက်လေးမှာ နောက်ထပ်လာတော့မည်မဟုတ်ဟုထင်ကာ ခေါင်းအုံးပေါ် ခေါင်းချလိုက်ပါသည်။ မကြာပါချေ ထိုကြွက်ကလေး နောက်တကြိမ်လာ၍ အပေါက်ကို ကိုက်သဖြင့် သေတ္တာကိုပုတ်၍ ခြောက်လိုက်ပါသည်။ နောက်တခါလာလျှင် ကြောက်အောင် ခြောက်လိုက်မည်ဟု စိတ်ကူးကာ သစ်သားပေတံတချောင်းကို လက်နားတွင် ယူထားလိုက်သည်။
သုံးမိနစ်ခန့်ကြာသော် သေတ္တာကို ကိုက်သံကြားသဖြင့် အမှောင်ထဲတွင် ပေတံကို အသာအယာ အသံမကြားအောင် ဒေါင်လိုက်ကိုင်ပြီး သေတ္တာအပေါက်တည့်တည့်ကို ပေတံစောင်းနှင့် ရိုက်လိုက်သည်။ ကြွက်ကို ထိသွားမှန်းသိသဖြင့် လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်ရာ ကြွက်ကလေးမှာ နေရာတွင် ချာချာလည် နေသည်။ ထို့နောက် ဆန့်ငင်၊ ဆန့်ငင် နှစ်ခါ သုံးခါ ဖြစ်ပြီး ထ၍ ပြေးသွားပါသည်။
သည်တခါတော့ ပြန်လာမည်မဟုတ်ဟုထင်ကာ ပြန်အိပ်၍ မှေးမှေးပျော်စတွင် ကိုက်သံကြားသဖြင့် အိပ်ရာမှထပြီး သေတ္တာကိုဖွင့်၍ သေချာစွာ ကြည့်ရှုရာ အို-ဟု ကျွန်တော် ပါးစပ်မှ အသံထွက်သွားပါသည်။
ဇနီးသည်က ဘာတွေ့လို့လဲ-ဟုမေးရာ ထကြည့်ရန် ကျွန်တော်ပြောသဖြင့် နှစ်ယောက်သား သေတ္တာထဲကို ကြည့်လိုက်သည်။ ခဲတံတိုနှင့် မြေဖြူခဲအတိုအချို့ ထည့်ထားသော နို့ဆီခွက်ထဲတွင် ကြွက်နီတာတွတ်သားပေါက် ကလေး သုံးကောင်ကို တွေ့လိုက်ရပါသည်။
ဒါကြောင့် သားပေါက်ကလေးများနှင့် တွေ့ရန် အသက်စွန့်ပြီး ကြွက်မက လာကိုက်နေတာကိုး ဇနီးသည်က မှတ်ချက်ချပါသည်။ ကျွန်တော်လည်း စာအုပ်နှင့်ပိတ်ထားသော သစ်သားပြားကလေးကို ဖွင့်ပေးလိုက်ပါသည်။ နံနက်မိုးလင်း၍ ကြည့်လိုက်ရာ ကြွက်ပေါက်ကလေးများ မရှိတော့ပါ။ မိခင်က ဘေးကင်းရာကို ခေါ်ဆောင် သွားပြီဖြစ်ပါသည်။
ကြီးဆွေ
(မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)

ထာဝရဒါနအကျိုး
မြတ်စွာဘုရားသည် ထာဝရဒါန ၆-မျိုးကို ဒေ၀တာသံယုတ် အာဒိတ္တ၀ဂ် ၀နရောပသုတ်တွင် ဟောကြားတော်မူခဲ့ပါသည်။ ယင်းထာဝရဒါန ၆-မျိုးမှာ-
(၁) အာရာမရောပ ဒါန-ပန်းခြံ သစ်သီးခြံ စိုက်ပျိုး၍ လှူခြင်း။
(၂) ၀နရောပ ဒါန-သစ်ပင်များ စိုက်ပျိုး လှူခြင်း။
(၃) သေတုကာရက ဒါန-တံတားဆောက်၊ လမ်းဖောက်၍ လှူခြင်း။
(၄) ပပါ ဒါန-ရေချမ်းစင်တည်၍ လှူခြင်း။
(၅) ဥဒပါန ဒါန-ရေတွင်း ရေကန်တူး၍ လှူခြင်း။
(၆) ဥပဿယ ဒါန-ဇရပ် တန်ဆောင်း ဂူကျောင်းပြာသာဒ်၊ ဆေးရုံ ဆေးခန်း စသော အဆေက်အအုံများ ဆောက်လုပ်၍ လှူခြင်းတို့ ဖြစ်သည်။
ယင်းဒါန ၆-မျိုးသည် ကာလကြာမြင့်စွာ တည်တံ့နိုင်သော ပစ္စည်းများဖြစ်၍ ယင်းတို့ကို လှူဒါန်းခြင်းကြောင့် နေ့ညမပြတ် ကုသိုလ်တိုးပွားနေပြီး လွန်စွာအကျိုးကြီး၏။
ကျွန်တော်သည် ယင်းဒါန ၆-မျိုးလုံး အပါအ၀င် ကုသိုလ်ဒါနပြုတိုင်း ဘုရား တရား သံဃာတော်များ၏ ဂုဏ်ရည်များကို နှလုံးသွင်းပြီး ပညာဦးစီးသည့် သဒ္ဓါတရားဖြင့် လှူဒါန်းခဲ့ပါသည်။ ထို့ကြောင့်လည်း ယခု ပစ္စုပ္ပန်ဘ၀၌ပင် လက်တွေ့အကျိုးခံစားရကြောင်း ဖြစ်ရပ်မှန်ကို တင်ပြပါမည်။
ကျွန်တော်၏ မွေးရပ်မြေဖြစ်သော တောင်သာမြို့နယ် ကျောက္ကာတောင်ကုန်းရွာတွင် မိဘများက ၁၉၉၀- ပြည့်နှစ်တွင် ဘုရားတည်ကျောင်းဆောက်၍ လှူဒါန်းခဲ့ပါသည်။ ယင်းနှစ် တော်သလင်းလဆန်း ၁၀-ရက်နေ့၌ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ဘုရားပူဇော်ပွဲကို မိခင်ကြီးက ဦးစီးကျင်းပခဲ့ပါသည်။ ဤပူဇော်ပွဲများကို နှစ်စဉ်နှစ်တိုင်း မိခင်ကြီးက ဦးစီးကျင်းပခဲ့ရာ ၁၉၉၂-ခုနှစ် ကြဂုတ်လ ၃၁-ရက်နေ့ မခင်ကြီး ကွယ်လွန်ချိန်အထိ ဖြစ်ပါသည်။
ကျန်ရစ်ခဲ့သော သားသမီးများက ဦးစီး၍ ၁၉၉၃-ခုနှစ်မှ စတင်ပြီး ယခင်ပူဇော်ပွဲများအပြင် အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲပါ ထည့်သွင်းပူဇော်ခဲ့ရာ ယခုဆိုလျှင် ပဋ္ဌာန်းပူဇော်ပွဲက ၁၆-ကြိမ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ၁၉-ကြိမ် တိတိ ရှိခဲ့ပါပြီ။
၂၀၀၀-ပြည့်နှစ်တွင် ကျွန်တော်သည် ကျောင်းထိုင်ဘုန်းကြီး သီတင်းသုံးနိုင်ရန် အလျား ၂၈-ပေ၊ အနံ ၂၄-ပေရှိသော တထပ်ကျောင်းငယ်လေးကို၎င်း၊
၂၀၀၁-ခုနှစ်တွင် စက်ရေတွင်းနှင့် ရေကန် ရေစက်များကို၎င်း၊ မိမိ၏မွေးရပ်မြေတွင် လှူဒါန်းခဲ့ပါသည်။
ထို့ပြင် ၂၀၀၄-ခုနှစ်တွင်လည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် မင်းကွန်းတောရကျောင်း၌ ကုဋီ၊ ရေချိုးခန်းနှင့် ခြင်လုံဆန်ခါတို့ကို လှူဒါန်းခဲ့ပါသည်။
၂၀၀၆-ခုနှစ် နယ်၌ တာဝန်ထမ်းဆောင်နေစဉ် သင်္ကြန်အားလပ်ရက်တွင် တမူးမြို့ မစိန်တောရကျောင်း၌ သတ္တမအကြိမ်မြောက် ဒုလ္လဘ ရဟန်းခံခဲ့ပါသည်။ ထိုအချိန်က ကျောင်းထိုင်ဆရာတော်ကြီးသည် ကျွန်တော် (ဒုလ္လဘရဟန်း) အတွက် အေးအေးချမ်းချမ်းနှင့် မပင်မပန်း တရားအားထုတ်နိုင်ရန် ကျောင်းဝင်း အနောက်မြောက်ထောင့်၌ရှိသော ကျောင်းတဆောင်ကို သီးသန့်ပေး၍ သီးတင်းသုံးစေခဲ့ပါသည်။ ကျောင်းငယ်အတွင်းရောက်ရှိသောအခါ ယခင်က ကျွန်တော်လှူဒါန်းခဲ့သော ကျောင်းအတိုင်း ရေချိုးခန်း၊ ကုဋီများပါ တွဲဖက်ဆောက်လုပ်ထားသည့်အပြင် ခြင်လုံဆန်ခါပါ တပ်ဆင်ထားသောကျောင်းတဆောင် ဖြစ်နေသည်ကို ကိုယ်တိုင် အံ့ဖွယ် ကြုံတွေ့ခဲ့ရပါသည်။
ထိုအခါ ကျွန်တော်၏စိတ်ထဲ၌ ယခင်က မိမိလှူဒါန်းခဲ့သည့်အတိုင်း ချက်ချင်းလက်ငင်း အကျိုးပေးကြောင်း သိရှိနားလည်သွားမိပါသည်။ နောင်တွင် တတ်နိုင်ပါက ယခင်ကထက် ပိုကြီးမားသောကျောင်းကို ဆောက်လုပ်လှူဒါန်းမည်ဟု အတွေးအကြံအစည်များ ၀င်ရောက်ခဲ့ပါသည်။
ထို့ကြောင့် သာသနာတော်အတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လှူဒါန်းနေကြသော ပုဂ္ဂိုလ်များသည် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရန် ကျင့်ကြံကြိုးကုတ် အားထုတ်သည့်အခါတွင်လည်း လက်တွေ့အကျိုးများ ခံစား စံစားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
ဆင်တဲဝ မောင်မောင်ကြည်

မှတပါး အခြားမရှိပြီ
ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် ဘာသာတရားကို ရိုသေကိုင်းရှိုင်းကြသူများ ဖြစ်ကြသည်။ ဒါန၊ သီလ၊ ဘာဝနာကိုလည်း နေ့စဉ်ပွားများကြသည်။ နံနက်အိပ်ရာထလျှင်၎င်း၊ အိပ်ရာဝင်ခါနီးတွင်၎င်း၊ ဘုရားရှိခိုး၊ ငါးပါးသီလခံယူ၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ ဂုဏ်တော်ပုတီးစိပ်လေ့ရှိသည်။ ဘုရား သောက်တော်ရေ၊ ဆွမ်း၊ ပန်း၊ ဆီမီးပူဇော်ခြင်း စသည့် ဘုရားဝေယျာဝစ္စများကို နေ့စဉ်ဆောင်ရွက်သည်။ လပြည့် လကွယ်နေ့ရက်များ တွင်လည်း ဘုန်းကြီးကျောင်းသို့ သွားရောက် ရှစ်ပါးသီလ ခံယူဆောက်တည်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည်။
ဘုရား တရား သံဃာ ယုံကြည်ကိုးကွယ်ကြသူဖြစ်၍ ဘ၀သည် အေးချမ်းတည်ငြိမ်မှုရှိပါသည်။ ပြင်းပြင်းထန်ထန် ကျရောက်တော့မည့် ဘေးအန္တရာယ်များမှလည်း သက်သာခွင့်ရခဲ့သည်ကို လက်တွေ့ကြုံတွေ့ခဲ့ရပါသည်။
၂၀၀၂-ခုနှစ် ဇန်န၀ါရီလ ၂၈-ရက်နေ့ နံနက် ၈-နာရီအချိန် အမျိုးသမီးက ဘုရားရှိခိုး ပရိတ်ရွတ်ပြီးနောက် စက်ဘီးစီး၍ ကျောင်းသွားခဲ့သည်။ မြစ်ကြီးနားမြို့ ဆေးရုံကြီးထောင့် လမ်းလေးခွဆုံသည့်နေရာတွင် ဆိုင်ကယ်အတိုက်ခံရပြီး စက်ဘီးရောလူပါလဲကာ သတိလစ်သွားပါသည်။ ဆိုင်ကယ်သမားနှင့်အနီးရှိ လူကြီးနှစ်ဦးက ဆေးရုံတင်လိုက်ပါသည်။ ခေါင်းနှင့် ကတ္တရာလမ်း ထိမိသည်။ နားရွက်က သွေးတွေ ထွက်နေသည်။ အရေးပေါ်ခန်းတွင် တာဝန်ကျဆရာဝန်ကြီးများက ချက်ချင်းစမ်းသပ်၍ ကုသပေးပါသည်။
အတန်ကြာမှ သတိရလာသည်။ ခေါင်းကိုထိမိသဖြင့် စိုးရိမ်ရပါသည်။ ခေါင်းကို ဓာတ်မှန်ရိုက်ထားသည်။ မနက်ဖြန်မှ အဖြေရမည်။
တည်ငြိမ်အေးချမ်းသော ကျွန်တော့မိသားစုဘ၀ထဲသို့ လောကဓံမုန်တိုင်း တိုက်ခတ်လာပါသည်။ ကျွန်တော်တို့မိသားစု ဒုက္ခရောက်ကြပြီ။ လူမမာမှာ ဝေဒနာကြောင့် အိပ်လိုက် နိုးလာလိုက်၊ ခေါင်းကိုက်သည် ပြောလိုက် ဖြစ်နေသဖြင့် သတင်းမေးလာသူများအဖို့ စိတ်မသက်သာကြပါ။
ညမိုးချုပ်တော့ သမီးနှစ်ယောက်က လူမမာစောင့်ရန် နေရစ်သည်။ ကျွန်တော်က တညလုံး အိပ်မပျော်၊ လူမမာအခြအနေ ပိုဆိုးလာမလား ဟူ၍ စိုးရိမ်သောက ရောက်ခဲ့ရသည်။ ညတွင် ဘုရားရှိခိုး ပုတီးစိပ်၊ ပရိတ်ရွတ်၊ မေတ္တာပို့သည်။ အမျိုးသမီး၏ ရောဂါဝေဒနာ သက်သာပျောက်ကင်းပါစေ-ဟု အကြိမ်ကြိမ် ဆုတောင်းသည်။
နောက်တနေ့နံနက် ကျွန်တော်ဆေးရုံရောက်သော် လူမမာ ညက မသက်သာကြောင်း၊ အိပ်မရကြောင်း သမီးကြီးက ပြောသည်။ ကျွန်တော်က ခွင့်တပတ်ခန့်ယူကြီး လူမမာကိုစောင့်ကြည့်သည်။ ဆရာဝန် ဆရာမများကလည်း အလှည့်ကျလာရောက် ကြည့်ရှုပြီး ဆေးထိုး၊ ဆေးတိုက်ကြသည်။ ဓာတ်မှန်တွင် ဒဏ်ရာမတွေ့ဟု ဆရာဝန်က ပြောသဖြင့် ကျွန်တော် စိတ်အေးသွားရသည်။ ဦးနှောက်အတွင်း ဒဏ်ရာမရသော်လည်း အပေါ်ယံ ထိခိုက်မိသဖြင့် နာနေခြင်းဖြစ်သည်။ ဆေးဖိုးကုန်ကျစရိတ်များကိုလည်း ဆိုင်ကယ်သမားက ပံ့ပိုးကူညီပေးပါသည်။ တပတ်ခန့်ကြာသော် ရောဂါသက်သာသဖြင့် ဆရာဝန်က ဆေးရုံမှ ဆင်းခွင့်ပြုသည်။
ဆရာဝန်ညွှန်ကြားသည့်ဆေးအပြင် ကချင်တိုင်းရင်း ဒဏ်ကျေဆေးကို စားသည်။ အာဟာရပြည့်ဝသည့် အစားအစာများကိုလည်း ချက်ပြုတ်ကျွေးမွေးသည်။ အထူးကုဆရာဝန်ထံလည်း သွားရောက်ကုသသည်။ ၄-လခန့်ကြာသော် လုံးဝသက်သာပျောက်ကင်းသွားပြီ ဖြစ်သဖြင့် အလုပ်ဝင်ရောက်နိုင်ပြီ ဖြစ်ပါသည်။ အမှန်အားဖြင့် ပို၍ ပြင်းထန်သော ဝေဒနာဖြင့် အသက်ဆုံးရှုံးနိုင်မည့် အခြေအနေရှိပါသည်။ သို့သော် ဘုရား တရားကို ထာဝစဉ် အာရုံပြုနေခြင်း၊ ဒါန သီလ ဘာဝနာများ ပွားများနေခြင်း၊ ပရိတ်ရွတ်ခြင်းတို့ကြောင့် အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ရပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်တို့မိသားစုသည် ဘုရား တရားအလုပ်ကို ယခင်ကထက်ပို၍ ကြိုးစားအားထုတ်နေကြပါတော့သည်။
ကောက်ရိုးနွယ် (ရွှေကူ)
( မြတ်မင်္ဂလာ ၂၀၀၉-ခု မတ်လ)

နယူတန်၏ နိယာမနှင့် သာပြူး
အောင်ဆန်းမြင့်ရွာသည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းတွင် တည်ရှိ၏။ အိမ်ခြေမှာ တရာကျော်မျှသာရှိသည်။ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများရှိခြင်းကြောင့် အလွန်ပင် သာယာသည်။
ရွာ၏အရှေ့ဘက်တွင် သက်တမ်းရှည်သည့် တမာပင်ကြီးများဖြင့် ၀န်းရံထားသော နတ်စင်ကြီးရှိသည်။ ထိုနတ်စင်ကြီးတွင် သစ်တပင်ကောင်း ငှက်တသောင်းခို-ဆိုသော စကားနှင့်အညီ ကျေးငှက်ပေါင်းများစွာ ခုလှုံကျက်စားကြသည်။ ငှက်များအပြင် ရှဉ့်များလည်း အလွန်ပေါ၏။
နွေရာသီတွင် အရိပ်ကောင်းသော တမာပင်ကြီးများ၏ အောက်ဝယ် ကလေးများဆော့ကစားလေ့ရှိသည်။ အချို့ကလေးများသည် လေးခွကိုယ်စီဖြင့် ငှက်ပစ်၊ ရှဥ့်လိုက်ကာ သတ်ဖြတ်စားသောက်ကြသည်။ ထိုသူတို့ထဲတွင် သာပြူးဆိုသူ ကလေးတယောက်သည် အဆိုးဆုံးဖြစ်၏။ သူသည် လက်ဖြောင့်၏။ ရက်စက်၏။ သူပစ်လိုက်လျှင်လည်း ငှက်နှင့်ရှဥ့်တို့ လွတ်သည်မရှိ။ မှန်လိုက်လျှင်လည်း ငှက်ဆို ခေါင်း၊ ရှဥ့်ဆိုလျှင် မျက်စိသာဖြစ်သည်။
တနေ့သော် အိမ်ခြေတရာကျော်မျှသာရှိသော ရွာကလေးတွင် သာပြူး၏သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့သွား၏။
သာပြူးမျက်စိ ခဲမှန်လို့။
မျက်စိက ကျွတ်ထွက်သွားတာ။
စသည်ဖြင့် တယောက်တပေါက်ဆိုသလို တိုးတိုးရော ကျယ်ကျယ်ပါ ပြောဆိုသံများက ကြားရလေသည်။ သူ့သူငယ်ချင်း လှဦး ပြောပြချက်အရ သာပြူးသည် လေးခွနှင့်ရှဥ့်ကိုပစ်ရာ ရှဥ့်ကိုမမှန်ဘဲ သစ်ကိုင်းမှန်ပြီး သစ်ကိုင်းမှတဆင့် သူ့မျက်လုံးကို ထိမှန်ကြောင်း သိရ၏။
မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏-ဟူသော ဗုဒ္ဓ၏ အဆုံးအမနှင့် သက်ရောက်မှုတိုင်းသည် တန်ပြန်သက်ရောက်မှုရှိသည်ဟူသော နယူတန်၏ နိယာမတို့ကိုသာ သာပြူးသိခဲ့မည်ဆိုလျှင်---
သန့်ရှင်း (သင်္ချာ)
ဘုတလင်။

Subscribe to:
Posts (Atom)