စာရေးသူသည် တိုင်းရင်းဆေးဆရာတဦး မဟုတ်ပါ။ ဆေးပညာရပ်ကို လေ့လာနေသူတဦးလည်း မဟုတ်ပါ။ မိမိ၏ကျန်းမာရေးအတွက် ကြုံခဲ့ရသည့် အနေအထားကို ဖော်ပြလိုရင်း ဖြစ်ပါသည်။
ယနေ့ကာလတွင် သွေးတိုးရောဂါသည် အထူးရေပန်းစားနေသည့် ရောဂါတမျိုးဟု ဆိုရမလို ဖြစ်နေပါသည်။ မြို့ရောကျေးလက်ဒေသပါမကျန် သွေးတိုးရောဂါကို သိနေကြသည်။ သွေးတိုးအမည်နှင့် ယဉ်ပါးနေကြသည်။
ဘယ်နေ့က ဘာစားမိလို့ သွေးတက်လိုက်တာ၊
ဘယ်သူက သွေးတိုးနေလို့ ဒီနေ့ ခွင့်ယူထားရတာ၊
အပေါ်သွေးက ဘယ်လောက်၊ အောက်သွေးက ဘယ်လောက်ပဲရှိတာ၊ ဟူ၍ လူတကာ ပြောနေ၊ သိနေ၊ ကြားနေကြသည်။
သွေးတိုးရောဂါသည် အမှန်တကယ် ခံစားရသော ပုဂ္ဂိုလ်အတွက် အထူးစိတ်ဓာတ်ကျစရာကောင်းသည်ဟု ဆိုရမလို ဖြစ်နေပါသည်။ ဟိုဟာရှောင်ရ၊ ဒီဟာမစားရနှင့် စားကောင်းသောက်ဖွယ်များ ပွဲကြီးများဆို ဝေးဝေးက ရှောင်ရတော့သည်။
စာရေးသူအနေဖြင့် သွေးတိုးရောဂါခံစားခဲ့ရဖူးသည်။ လုပ်ငန်းတွင် တကာယ့်အရေးကြီးချိန်ကျမှ ရုတ်တရက် မူးသလိုဖြစ်လာသည့်အတွက် အနားယူခဲ့ရပါသည်။ ရုံးလုပ်ငန်း လုပ်နေရင်း သွေးတိုးလာသည့်အတွက် ချက်ချင်း အိမ်တအိမ်တွင် အိပ်ရာပေါ် လှဲနေရင်း ဆေးသောက်ကာ နေခဲ့ရဖူးသည်။ စားကောင်းသောက်ကောင်းများနှင့် လွဲခဲ့ရသည်။
သွားလေရာဆေးဆောင်ရသည်။ တပတ်လျှင် နှစ်ကြိမ်လောက် သွေးချိန် သွေးတိုင်းရသည်။ ရှောင်ရမည့် အစားအစာများ အိမ်တွင် စာရွက်တရွက်နှင့် ရေးကပ်ထားရသည်။ တကယ်ပင် ဒုက္ခကြီးပါသည်။
တကယ့်စေတနာအရင်းခံနှင့် ဖော်ပြလိုရင်း ဖြစ်ပါသည်။ စာရေးသူအနေဖြင့် ငါးသလောက်၊ ဒံပေါက်၊ ဝက်သား၊ ပဲငါးပိ တို့နှင့် တောက်လျှောက် ဝေးခဲ့သည်ဆိုသော်လည်း မိတ်ဆွေတဦး၏ ဆေးမြီးတိုကြောင့် ယနေ့တွင် ဘာကိုမျှ မရှောင်ရတော့။ ဘယ်ခံစားမှုမျှလည်း မလာတော့။
အခြားသူများအတွက်တော့ မသိပါ။ မိမိအတွက်ကတော့ သက်သာ ပျောက်ကင်းသွားခဲ့သည်မှာ နှစ်ပင် အတော်ကြာခဲ့ပါပြီ။ ဆေးနည်းကား လွယ်ကူလှသဖြင့် ယုံချင်မှ ယုံကြပါလိမ့်မည်။
ကွမ်းရွက် (စစ်တောင်းကွမ်း) နှင့် ရဲယိုရွက်ကို ဆတူထောင်းပြီး အရည်ညှစ်ပြီး သောက်ပါ။
အရသာက စိမ်းရွှေရွှေနဲ့ အနံ့ဆိုးပါသည်။
ကြက်ဥပန်းကန် တဝက်ခန့် တနေ့ နှစ်ကြိမ် သောက်ပါ။
စေတနာနှင့် မှန်သောစကားကို ဆိုခြင်းဖြစ်ပါသည်။
မန်းစံရွှေ
(နက္ခတ္တရောင်ခြည် ၂၀၀၅-ခု နိုဝင်္ဘာလ)
Tuesday, August 31, 2010
Friday, August 27, 2010
ဘာသာရေး ပြဿနာ ( ၇ )
ဂါဒီယန်း ဦးစိန်ဝင်း မေး၍
အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။
(မေး)
အရှင်ဘုရား၊ သီလဆောက်တည်ရာ၌ သီလယူရိုးဖြစ်သော ပါဠိအပိုဒ်များကို ရွတ်ဆိုမှ သီလရပါသလား။
(ဖြေ)
ပါဠိအပိုဒ်ကို ရွတ်ဆိုမှ သီလရသည် မဟုတ်ပါ။ မိမိနားလည်သော ဘာသာစကားဖြင့် ရွတ်ဆိုဆောက်တည်လျှင် ဆိုလိုရင်းအကြောင်းအရာကို နားလည်သောကြောင့် သာ၍ ကောင်းပါသေး၏။
(ယခုအခါ ပါဠိလိုဆို၍ သီလယူကြ ဆောက်တည်ကြသောကြောင့် မာလာဂန္ဓ စသည်တို့၏ အဓိပ္ပါယ်ကို နားမလည်ဘဲ ဥပုသ်စောင့်ရင်းပင် ပန်းပန်ထားကြ၊ နံ့သာလိမ်းထားကြသည်ကို တွေ့ရသည့်ပြင်၊ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်အရ လဲဝါ သွတ်ထားသော မွေ့ရာပေါ်ဝယ် မအိပ်မထိုင်ကောင်းပါဘဲလျက် အိပ်မြဲအိပ်နေကြသည်မှာ သိက္ခာပုဒ်၏အဓိပ္ပါယ်ကို နားမလည်သောကြောင့်သာ ဖြစ်လေသည်။)
********************************************************************************
(မေး)
အရှင်ဘုရား၊ တခါသီလယူထားလျှင် နောက်နေ့၌ သီလမယူဘဲ ဆက်၍ ဥပုသ်စောင့်နိုင်ပါသလား။
(ဖြေ)
ဆက်၍ စောင့်နိုင်ပါသည်။ သီလသည် အမြဲကျင့်ရသော နိစ္စသီလ၊ တရံတခါ ဆောက်တည်ရသော ဥပုသ်သီလ ဟု နှစ်မျိုးရှိ၏။
ငါးပါးသီလသည် နိစ္စသီလ ဖြစ်၏။ သီလဆောက်တည်သည် ဖြစ်စေ၊ မဆောက်တည်သည် ဖြစ်စေ ခါးဝတ်သဖွယ် အမြဲလုံခြုံစေရသည့် သီလဖြစ်၏။
ရွတ်ဆို၍ဆောက်တည်လျှင်လည်း ဆောက်တည်မှုကုသိုလ် ပို၍ရ၏။
ဥပုသ်သီလကား အပိုတန်ဆာဆင်သကဲ့သို့ အပိုကျင့်ရသော သီလဖြစ်၏။
ထိုဥပုသ်သီလကို မိမိကျင့်နိုင်သလောက် ရက်ပိုင်းခြား၍ တခါဆောက်တည်ထားလျှင် ထိုရက်မကုန်မချင်း သီလတည်နေ၏။
(မှန်းထားသောရက် မကုန်မီအကြား၌ မိမိက မစွမ်းနိုင်တော့၍ ထိုသီလအကျင့်ကို ရပ်နားဦးမည်ဆိုလျှင်လည်း ရပ်နားခွင့်ရှိပါ၏)။
ရက်အပိုင်းအခြား စေ့သောအခါ၌ကား ရှစ်ပါးသီလသိက္ခာ အလိုလိုကျ၍ ငါးပါးသီလသာ (အထူးမဆောက်တည်ရဘဲ) ကျန်ရှိပါသည်။

အရှင်ဘုရား၊ မိမိကြောင့် သုတပါးအသက်သေတိုင်း ပါဏာတိပါတကံ ထိုက်ပါသလား။
(ဖြေ)
ပါဏာတိပါတကံ မထိုက်နိုင်ပါ။ ဥပမာ-ခရီးသွားရင်း ပိုင်းကောင်များကို နင်းမိရာ၌ (မော်တော်ကားဖြင့် တိုက်မိရာ၌) မိမိကြောင့် သေသော်လည်း သေစေလိုသော စေတနာမပါ။ တချို့မှာ ထိုနင်းမိချိန်၌ အလွန်ပင် သနားကရုဏာဖြစ်သေး၏။ တချို့က ဆိုကြသေး၏။ လူတွေက စားသောကြောင့် သတ်သူက သတ်ရသည်။ လူတွေမစားလျှင် မသတ်နိုင်၊ ထို့ကြောင့် စားသူများလည်း ပါဏာတိပါတ အပြစ်မကင်း-ဤသို့ ဆိုကြသေး၏။
ထိုသို့ဆိုရာ၌ စိစစ်ပြပါဦးမည်။
(က) ခွေးသည် ကြက်ကို ကိုက်သတ်၍ ချီလာ၏။ ထိုကြက်သားကို ချက်၍ လူက စားသည်။ လူမှာ ပါဏာတိပါတကံ ထိုက်ရဦးမည်လော။ မထိုက်ပါ။
(ခ) အိမ်ရှင်တယောက်သည် သူ၏၀မ်းရေးအတွက် ပါဏာတိပါတအမှုကို ပြု၏။ ထိုသူက သတ်၍ ယူလာအပ်သော အစာကို တအိမ်လုံး စားကြ၏။ သတ်သည်ကို သဘောမတူကြ။ ထိုသို့ဖြစ်လျှင် ထိုသူ၏ အိမ်သားအားလုံး ကံထိုက်မည်လော။ မထိုက်ပါ။
(ဂ) အခါတပါး မုဆိုးကြီးတေယောက်သည် အသားတချို့ကို သမာပတ်ဝင်စာေးနသော ဥပ္ပလ၀ဏ်ထေရ်မအား လှူလိုသောကြောင့် အနီးအပါး၌ အလိုရှိသူ ယူရစ်ပါ-ဟု ကြွေးကြော်၍ ပံ့သကူပစ်ထား၏။ ဥပ္ပလ၀ဏ်ဘိက္ခုနီသည် သမာပတ်မှထစဉ် ထိုအသံကြား၍ ပံ့သကူကောက်ယူပြီးလျှင် ကောင်းမွန်စွာစီစဉ်၍ ဘုရားရှင်အား ကပ်လှူ၏။ ဘုရားရှင် ဘုဉ်းပေးတော်မူသည်။( ၀ိနည်းပါဠိတော် နိဿဂ္ဂိယပါစိတ်)
(ဃ) ကုက္ကုရမိတ္တ မည်သော အကြီးစားမုဆိုးတယောက်၏ မယားသည် အပျိုဘ၀ကပင် သောတာပန်ဖြစ်ခဲ့၏။ ထိုသူမသည် လင်မုဆိုးကြီးက လေးယူခဲ့ပါ ရှင်မရေ-ဟုဆိုလျှင် လေးကို ယူပေးရ၏။
ဓား-လှံ ယူခဲ့ပါရှင်မရေ-ဟုတောင်းလျှင်လည်း ယူပေးရ၏။ သို့သော် သူမ၌ သတ်စေလိုသော စေတနာမရှိ။ မယားဝတ္တရားကို ဆောင်းခြင်းသာဖြစ်၏။ ထို့ကြောင့်ပါဏာတိပါတကံ မဖြစ်ပါ။
(င) ဘုရားရှင်သည် ထိုသူမ၏ ပါဏာတိပါတကံ ထိုက်-မထိုက်ကို စဉ်းစားကြသော ရဟန်းတို့အား တရားဟောတော်မူသည်မှာ-လက်၌ အနာမရှိလျှင် ထိုလက်ဖြင့် အဆိပ်ကိုကိုင်သော်လည်း ထိုလက်ကို မပူစေနိုင်။ ထို့အတူ မကောင်းမှုကို ပြုလိုသောစိတ် မရှိသူမှာ မကောင်းမှုအဆိပ် မလောင်နိုင်ပါ-ဟု ဟောတော်မူသည်။ (ဓမ္မပဒ ပါဠိတော်၊ ကုက္ကုရမိတ္တ ၀တ္ထု)
ပါဏာတိပါတအင်္ဂါ
(၁) သက်ရှိသတ္တ၀ါဖြစ်ခြင်း။
(၂) သက်ရှိသတ္တ၀ါဟု သိခြင်း။
(၃) သတ်လိုသော စိတ် (စေတနာ) ရှိခြင်း။
(၄) သတ်ဖို့ရန် ကိုယ်မှု၊ နှုတ်မှု၊ ပယောဂတခုခုကို ပြုသောအားဖြင့် သတ်ခြင်း။
(၅) သေခြင်း။
ဤအင်္ဂါ ၅-ပါးပြည့်စုံမှ ပါဏာတိပါတကံထိုက်သည်။
ထို့ကြောင့်ဤအင်္ဂါနှင့် မညီသော်၎င်း၊ ကိုယ်တိုင်ပြုခြင်း၊ ခိုင်းခြင်း၊ ကျေးဇူးပြောခြင်း၊ သဘောတူခြင်း ၄-မျိုးတွင် တမျိုးမျှမပြုသော်၎င်း၊ ပါဏာတိပါတကံ မထိုက်-ဟု မှတ်ပါ။

အရှင်ဘုရား၊ ရဟန်းတော်များသည် မိမိ၏ပစ္စည်းလေးပါး ဒါယကာမဟုတ်သောသူ၏ အိမ်တွင်းသို့ဝင်၍ ဆွမ်းစသောပစ္စည်းကို အလှူခံနိုင်ပါသလား။
(ဖြေ)
ရဟန်းတို့နှင့်သင့်လျော်သော ပစ္စည်းကို အလှူခံနိုင်ပါ၏။ သို့သော် (ဆွမ်းခံရပ်သလို) အိမ်အနီးအပါး၌ ရပ်၍နေရရ၏။ ဘာအလိုရှိပါတုန်းဘုရား-ဟု မေးမှ အလိုရှိသော ပစ္စည်းကို ပြောရ၏။ မလှူနိုင်ပါ-ဟုဆိုလျှင် ထပ်၍ လှူချင်အောင် ပြောမနေရ၊ ထပ်၍ လှူချင်အောင်ပြောမှ လှူသောပစ္စည်းသည် ထိုရဟန်းနှင့်တကွ ရဟန်းသာမဏေအားလုံး မသုံးစွဲကောင်း။(၀ိနည်းပါဠိတော် အညာတက ၀ိညတ္တိသိက္ခာပုဒ်၊ သူပေါဒနသေခိယ သိက္ခာပုဒ်)။

အရှင်ဘုရား၊ မိမိအားလှူလိုက်သော ပစ္စည်းကို ဒီဟာ မကြိုက်ဘူး၊ ဟိုဟာပေးပါ-ဟူ၍ ရဟန်းတော်များ ပြောနိုင်ပါသလား။
(ဖြေ)
မပြောကောင်းပါ။ ထိုသို့ပြောလျှင် ထိုဟာကို တောင်းရာရောက်နေသည့်အတွက် ပြခဲ့သောသိက္ခာပုဒ်များအရ အပြစ်ရှိ၏။ သို့သော် လှူလိုက်သောပစ္စည်းက တန်ဖိုးများလျှင် သို့မဟုတ် တန်ဖိုးညီမျှလျှင် ငါ့မှာ ဒီပစ္စည်းတော့ အသုံးမ၀င်၊ ဟိုပစ္စည်းသာ အသုံးဝင်၏-ဟု ပြောကောင်း၏။ ကပ္ပိယတယောက်ကို လဲပေးပါ-ဟုလည်း ခိုင်းကောင်း၏။

အရှင်ဘုရား၊ ရဟန်းများသည် တရားသဖြင့် မိမိပိုင်သော ပစ္စည်းကို အောက်ပါပုဂ္ဂိုလ်တို့အား ပေးလှူနိုင်ပါသလား။
(က) ကျောင်းရှိသံဃာအားလုံး။
(ခ) မိမိနှစ်သက်လိုလားသော ရဟန်းသာမဏေ တပါးပါး။
(ဂ) ကျောင်းသား။
(ဃ) မိဘဆွေမျိုး။
(င) လူ့ဘ၀က ဇနီး၊ သား၊ သမီး။
(စ) ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမ။
(ဆ) ပစ္စည်းလေးပါး ဒါယကာမဟုတ်သော ဒါယကာ ဒါယိကာမ။
(ဖြေ)
(က-ခ) အမှတ်တွင် ပါဝင်သူတို့အား လှူနိုင်ပါ၏။
(ဂ) အမှတ်တွင် ပါဝင်သူတို့အားလည်း ပေးကောင်း၏။
သို့သော် လူတို့က လှူထားသောပစ္စည်းကို ခဏမျှဖြစ်စေ၊ နည်းနည်းဖြစ်စေ မိမိသုံးပြီးမှ ပေးကောင်း၏။
(ဃ) အမှတ်တွင် မိဘကို ပေးကောင်း၏။ ဆွေမျိုးကိုကား အကြောင်းထူးမရှိဘဲ မပေးကောင်း၊ အကြောင်းရှိ၍ တောင်းလာလျှင် တစုံတခုကို စေခိုင်းပြီးမှ ဝေယျာဝစ္စလုပ်သူအနေဖြင့် နည်းနည်းပါးပါး ပေးရသည်။ သူတို့မှာ ၀တ်ဖို့ စားဖို့ အရင်းအနှီးလုပ်ဖို့ကား မပေးရ။
(င) လူ့ဘ၀က ဇနီးမှာ ပစ္စည်းလေးပါး ဖိတ်ထားလျှင်၊
(စ) အမှတ်တွင် ပါဝင်၍ မဖိတ်လျှင်၊
(ဆ) အမှတ်တွင် ပါဝင်သွား၏။
သားသမီးတို့ကား (ဃ) အမှတ် ဆွေမျိုးတွင် ပါဝင်သည်။
(စ) အမှတ်၊ (ဆ) အမှတ်ပါ ဒကာ ဒကာမတို့အားလည်း အကြောင်းအထူးမရှိလျှင် မပေးကောင်း။
တောင်းလာလျှင် ဝေယျာဝစ္စ အလုပ်ခိုင်း၍ ကပ္ပိယအနေအားဖြင့် သစ်သီးသစ်ရွက်စသော နည်းနည်းပါးပါးကို ပေးကောင်း၏။
မှတ်ဖွယ်။ ဤနေရာ၌ ရဟန်း၊ သာမဏေတို့က-
(က) တောင်းသာတောင်းကောင်း၊ မပေးကောင်း။
(ခ) ပေးသာပေးကောင်း၊ မတောင်းကောင်း။
(ဂ) တောင်းလည်းတောင်း ပေးလည်းပေးကောင်း။
(ဃ) မတောင်းလည်း မတောင်းကောင်း၊ မပေးလည်း မပေးကောင်းသော လူဝတ်ကြောင် ၄-မျိုးကို မှတ်သားထိုက်၏။ ထိုတွင်-
(က) တပည့်တော်အထံ မည်သည့်ပစ္စည်းကို (သို့မဟုတ် ပစ္စည်း ၄-ပါးကို) အလိုရှိသောအခါ တောင်းတော်မူပါ-ဟု ဖိတ်မန်ထားသူကို ပ၀ါရိတ-ဟုခေါ်၏။ ထို ပ၀ါရိတနှင့် (မိဘမှတပါး ဆွေခုနစ်ဆက် စပ်၍ရသော) ဉာတိတို့အထံ၌ တောင်းသာတောင်းကောင်း၏။ မိမိပိုင်ပစ္စည်းကိုကား မပေးကောင်း။
(သွေးမစပ်သော သမက်၊ ချွေးမ၊ မယားတို့သည် ဆွေမျိုးမဟုတ်ကြ)။
(ခ) ကိုးကွယ်ရာမဲ့၍ ဆင်းရဲနေသူ (သို့မဟုတ် သူတောင်းစား) စစ်ရှုံး၍ ကျောင်းသို့ပြေးဝင်လာသော အစိုးရရိက္ခာမပါသော ခရီးသွားဧည့်သည်၊ ဤသို့သော လူဝတ်ကြောင်တို့အား ပေးသာပေးကောင်း၍ မတောင်းကောင်း။
(ဂ) မိဘတို့အား တောင်းလည်းတောင်းကောင်း၊ ပေးလည်း ပေးကောင်း၏။
(ဃ) ဉာတိပ၀ါရိတ မဟုတ်သောလူတို့အား တောင်းလည်းမတောင်းကောင်း၊ ပေးလည်း မပေးကောင်း၊ သူတို့ပိုင်ပြီးဖြစ်သော ရေကိုသော်မျှ မတောင်းကောင်း၊ သူတို့အထံမှ ပစ္စည်းတစုံတခုကို အလိုရှိလျှင် ဆွမ်းရပ်သလို ရပ်၍ဖြစ်စေ၊ မိမိရှိသောပစ္စည်းဖြင့် လူဝတ်ကြောင်တယောက်ကို အလဲခိုင်း၍ဖြစ်စေ ယူရသည်။
မှတ်ချက်။ ။ အချို့ပုဂ္ဂိုလ်များက ဉာတိပ၀ါရိ မဟုတ်သူအထံ မိမိအတွက်သာ မတောင်းကောင်း၊ သူများအတွက်ကား တောင်းကောင်း၏-ဟု ယူဆ၍ မြို့ကြီးများ၌ အခြားရဟန်း တပါးအတွက် ရဟန်းတပါးက ဆွမ်း(ဆွမ်းဟင်း) လောင်းဖို့ရန် ဖိတ်ကြ (တိုက်တွန်းကြ)၏။ ရှင်ဒကာ ခံလိုက်ပါ၊ ရဟန်းဒကာ လုပ်လိုက်ပါ-ဟု တိုက်တွန်းကြ၏။ ထိုကဲ့သို့လည်း မတိုက်တွန်းကောင်းပါ။ ထိုသို့ တိုက်တွန်းမှုကြောင့် အာပတ်သင့်၍ ပစ္စည်းကိုရသောအခါ ပစ္စည်းရှင်နှင့်တကွ ရဟန်းအားလုံး (သာမဏေများပါ) မသုံးထိုက်၊ သုံးတိုင်း သုံးတိုင်း အာပတ်သင့်၏။
(မြတ်မင်္ဂလာ ၂၀၀၉-ခု အောက်တိုဘာလ)

ငရုတ်သီးကို သာမန်ထက် ပိုမိုစားသုံးပါက အသည်းနှင့် ပန်ကရိယ ကင်ဆာ ဖြစ်ပွားနိုင်
ငရုတ်သီးကို သာမန်ထက် ပိုမိုစားသုံးပါက အသည်းနှင့် ပန်ကရိယ ကင်ဆာများ ဖြစ်ပွားနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ၏ သုတေသနပြုချက်အရ သိရှိရသည်။
ငရုတ်သီး အခြောက်တွင်ပါသော မှိုများက အသည်းကင်ဆာဖြစ်ပွားစေရန် တွန်းအားပေးကြောင်း၊ ထို့အပြင် အသည်းတွင်ဖြစ်ပွားနိုင်သော ကင်ဆာဆဲလ်များကိုလည်း ပြန့်ပွားစေကြောင်း အဆိုပါသုတေသန ပညာရှင်များက ပြောကြားခဲ့သည်။
ထို့အပြင် ငရုတ်သီးအခြောက်တွင် ပါဝင်သော ဓာတ်များက အသည်း၏လုပ်ငန်းစဉ်များကို ထိခိုက်စေကြောင်း၊ အသည်း၏ အပေါ်ယံမျက်နှာပြင်တွင် အကျိတ်များ ဖြစ်ပေါ်စေကြောင်း၊ ငရုတ်သီးကို များများစားသုံးသူတို့တွင် သွေးကြောငယ်များ ရုတ်တရက် ပေါက်ထွက်မှု ဖြစ်ပေါ်စေနိုင်ကြောင်း သုတေသနပြုချက်အရ သိရှိရသည်။
သို့သော် လတ်ဆတ်သည့် ငရုတ်သီးစိမ်းကိုမူ သင့်တင့်မျှတစွာ စားသုံးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းမွန်စေသည်။ ထို့ကြောင့် လတ်ဆတ်သည့် ငရုတ်သီးစိမ်းကို အနည်းငယ် သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း အဆိုပါ သုတေသနပညာရှင်များက အကြံပြုထားသည်။
မင်းစောထက်

သက်သတ်လွတ်စားသော ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများ
သက်သတ်လွတ်စားသော ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများတွင်
ဂရိလူမျိုး သင်္ချာပါရဂူ ပိုက်သာဂိုရပ်စ် ((Pythagorus, 570 BC) ၊
သမိုင်းဖခင်ကြီး ဟီရိုဒိုတပ် (Herodotus, 484 BC)၊
ရောမလူမျိုး ကမ္ဘာကျော် ကဗျာဆရာကြီး အိုဗစ် (Ovid, 43 BC)၊
အတွေးအခေါ် ပညာရှင်များဖြစ်သော ဆိုကရေးတီး (Socrates)၊
ပလေတို (Plato)၊
ကမ္ဘာကျော် ရုရှစာရေးဆရာကြီး တော်စတွိုင်း (Leotolstoy)၊
အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ (Mahatma Gan-Dhi)၊
အင်္ဂလိပ် စာရေးဆရာကြီး ဘားနတ်ရှော (Banardshaw)၊ စသူတို့ ပါဝင်သည်။
စာရေးဆရာကြီး ဘားနတ်ရှောက ကျွန်ုပ်တို့သည် တိရစ္ဆာန်တို့အား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လျက် အသားကို စားနေသမျှကာလပတ်လုံး ကမ္ဘာပေါ်တွင် စစ်မက်ရေးရာများသည် ရှိမြဲရှိနေမည်-ဟူ၍ ရေးသားခဲ့သည်။
အကိုး။ ။ လူ့အစာစစ်တမ်း (ဇီဝဋ္ဌာယီ ဦးစံလှ)
မင်းထက်စော

ပရိတ်ပဋ္ဌာန်းတန်ခိုး
ဓာရဏပရိတ်တော် ရွတ်ဆိုပူဇော်ရခြင်း၏ ကောင်းကျိုးကို စာရေးသူ ရေးသားခဲ့ပြီးဖြစ်ပါသည်။ ယခုထပ်မံ၍ ဓာရဏပရိတ်တော်သာမက ပဋ္ဌာန်းဒေသနာတော်ကိုပါ ယုံကြည်စွာ ရွတ်ဆိုသောကြောင့် သေလောက်သည့် အန္တရာယ်မှ လွတ်ကင်းခဲ့ရသည့်အကြောင်းကို ရေးသားတင်ပြလိုပါသည်။
စာရေးသူတွင် သမီးလေးနှစ်ယောက် ရှိပါသည်။ သမီးကြီးက ၉-တန်း၊ သမီးငယ်က ၁-တန်း ဖြစ်သည်။ သမီးကြီးကား အေးဆေးစွာ နေထိုင်တတ်၍ ပြောရဆိုရကောင်းသည်။ မိဘစကား နာေးထာင်သည်။ သမီးကြီး လိမ္မာသလောက် သမီးငယ်လေးမှာ တော်တော်ပြောရ ဆိုရ ခက်သည်။ မိဘဆိုဆုံးမသည်ကိုလည်း နားမထောင်၊ မလုပ်နှင့်ဆိုလည်း လုပ်သည်။ မသွားနှင့်ဆိုလည်း သွားသည်။ မိဘနှင့် လူကြီးသူမများကိုလည်း ခံပြောသည်။ သူ့ကို ချော့တလှည့် ခြောက်တလှည့်နှင့် အမျိုးမျိုးဆုံးမကြည့်သည်။ မရ။ ထို့ကြောင့် ခဏခဏ ရိုက်ပြီး ဆုံးမရသည်။
ခုလည်း စက်ဘီးစီးသင်ချင်နေသည်။ ဆိုင်ကယ်များ အလွန်မောင်းသောလမ်းဖြစ်၍ စိတ်မချပါ။ မသင်ပါနဲ့ တားထားသည့်ကြားက လမ်းထဲမှ ကလေးများက သင်ပေးကြသည်။ ပြောမရသည့်အဆုံး ကြည့်နေရတော့သည်။ အမောင်းကြမ်းသော ဆိုင်ကယ်တွေကြောင့်လည်း တခုခုဖြစ်မှာ စိုးရိမ်နေရသည်။
စက်ဘီးကို ကလေးချင်းသင်ပေး၍ မစီးတတ်၊ စီးတတ်ဖြစ်နေချိန်တွင် သမီးကလေးက စီးတတ်အောင် သင်ပေးရန် ပြောသောကြောင့် သမီးကြီးကို လမ်းထိပ်ကစောင့်ခိုင်းပြီး စာရေးသူက အိမ်ရှေ့ကနေ သမီးလေးကို စက်ဘီးနှင့် လွှတ်ပေးရသည်။
သမီးကလေးမှာ မစီးတတ် စီးတတ်ဖြစ်၍ အခြားစက်ဘီး ဆိုင်ကယ်တို့ သူ့အနားမှဖြတ်သွားလျှင် ကြောက်လန့်ပြီး လဲ၍လဲ၍ ကျသွားသည်။ ထို့ကြောင့် သတိကြီးစွာထား၍ စက်ဘီးကို စောင့်လွှတ်ပေးနေရသည်။ သတိထားသည့်ကြားက လမ်းတ၀က်တွင် ဆိုင်ကယ်တစီး ဘွားခနဲပေါ်လာပြီး အရှိန်ပြင်းစွာမောင်းနှင်လာ ပါသည်။ သမီးကလေးမှာ ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တွေ့လိုက်သည့်အခါ လန့်ပြီး စက်ဘီးလဲကျရန် ဖြစ်နေသည်ကို စာရေးသူ တွေ့လိုက်ရသည်။
ထိုအခါ စာရေးသူမှာ သတိပေးချိန်မရတော့ဘဲ မျက်နှာကိုသာ လက်နှင့်အုပ်ထားလိုက်တော့သည်။ ချိုင်းခနဲအသံကြား၍ မျက်စိဖွင့်ကြည့်လိုက်သောအခါ စက်ဘီးလဲကျသွားသည်ကို မြင်လိုက်ရသည်။ သို့သော် ဆိုင်ကယ်နောက်ဘီးဘက်တွင်သာ လဲကျသွားခြင်းဖြစ်သည်။ သမီးလေး စီးသောစက်ဘီးသည် ဆိုင်ကယ်ရှေ့ တည့်တည့်တွင် လဲကျရန်ဖြစ်သော်လည်း ဆိုင်ကယ်နောက်တွင်သာ လဲကျခြင်းမှာ ထူးခြားနေပါသည်။ ဤသည်မှာ စာရေးသူရွတ်ဆိုသော ပရိတ်တော်၊ ပဋ္ဌာန်းတော်၊ ဂုဏ်တော်တွေကြောင့်သာ ဖြစ်မည်ဟု ယုံကြည်ယူဆမိပါသည်။
ငြိမ်း (ကျောင်းကုန်း)
( မြတ်မင်္ဂလာ ၂၀၀၉-ခု အောက်တိုဘာလ)

ဦးထိပ်ပန်ဆင် အနန္တဂုဏ်အင်
ကျွန်တော်သည် မြို့တမြို့သို့ နယ်မှ ကျောင်းတက်လာသော ကျောင်းသားတယောက်ဖြစ်သည်။ ကျောင်းတက်သွားခါနီးတွင် ကျွန်တော့် ဘိုးဘွားများက ညစဉ်ညတိုင်း အနန္တငါးဖြာကို ရှိခိုးပြီးမှ အိပ်ရန် မှာကြားပါသည်။ ထို့ကြောင့် ကျွန်တော်သည် အဆောင်ရောက်သည့်နေ့မှစ၍ ညစဉ်ညတိုင်း အနန္တောအနန္တငါးပါးကို ရှိခိုးပြီးမှ အိပ်ရာဝင်ပါသည်။
တနေ့တွင် ကျွန်တော်၏ နားတဖက်သည် မည်သည့်အကြောင်းကြောင့်ဟု မသိရဘဲ လုံးဝမကြားရတော့ပေ။ နားအုံတခုလုံးလည်း အူနေသည်။ သို့အတွက် ကျွန်တော် အလွန်ပင် ထိတ်လန့်သွားပါသည်။ ပညာသင်စအရွယ်လည်းဖြစ်၍ နားကန်းသွားမည်ကို စိုးရိမ်သဖြင့် အဆောင်ရှိ သူနာပြုဆရာမက ဆေးများတိုက်သော်လည်း အခြေအနေ ထူးမလာခဲ့ပေ။ နားထဲသို့ နားကော်တံဖြင့် ကော်ကြည့်သော်လည်း ဘာမျှမတွေ့ရပေ။ သို့သော်လည်း ကျွန်တော်မှာ ညစဉ်ညတိုင်း ဘုရားရှိခိုးတော့ မပျက်ခဲ့ပေ။
တနေ့တွင် ကျွန်တော်သည် အနန္တောအနန္တငါးပါးကို စိတ်ထဲရည်မှန်းပြီး ကျွန်ုပ်သည် ညစဉ်ညတိုင်း အနန္တငါးပါးကို ရှိခိုးပြီးမှ အိပ်ရာဝင်ပါသည်။ ဤသို့ ရှိခိုးရသောအကျိုးကြောင့် ကျွန်ုပ်၏ နားမကြားခြင်းသည် လုံးဝ ပျောက်ကင်း ရပါလို၏-ဟု ဆုတောင်းပြီး နားထဲသို့ နားကော်တံဖြင့် ကော်ကြည့်ရာ အမည်းရောင်ရှိသော အညစ်အကြေးများ နားထဲမှ မယုံနိုင်လောက်အောင် ထွက်လာသည်။ ထိုအညစ်အကြေးများ ထွက်ပြီးနောက်ပိုင်းတွင် ကျွန်တော်၏ နားသည် ရှင်းရှင်းလင်းလင်း ကြားရလေတော့သည်။ ဤတွင် ကျွန်တော်သည် ပြောမပြတ်တတ်အောင် ၀မ်းသာရလေသည်။
အနန္တငါးပါးကို ရှိခိုးခြင်းကြောင့် အနာရောဂါပျောက်ကင်းခဲ့ရပုံကို ကျွန်တော်၏ကိုယ်တွေ့ တင်ပြခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော်သည်လည်း နေ့စဉ်နေ့တိုင်း အနန္တငါးပါးကို ၀တ်မပျက်ရှိခိုးမှု ပြုခဲ့ပါသည်။
ကျော်ရဲသူ

ကမ္ဘာ့အလေးဆုံး သံဖိနပ်၊ အာခေါင်ကင်ဆာနှင့် အစားအသောက် အကျင့်၊ အနှေးပြေးခြင်းသည် မှတ်ဉာဏ်ပိုကောင်း
( ကမ္ဘာ့အလေးဆုံး သံဖိနပ် )
တရုတ်ဘာသာဖြင့် ထုတ်ဝေသော သတင်းစာထဲမှ မိသားစုဆရာဝန်ဆောင်းပါး၌ ဤခေါင်းစဉ်ပါသော သတင်းတရပ်ကို ဖတ်လိုက်ရသည်။
အသက် ၄၅-နှစ်ရှိ ယွင်ကောစိန်သည် တရုတ် ဟိုနန်ပြည်နယ်မှ သတ္ထုတွင်းတူး အလုပ်သမားတယောက် ဖြစ်သည်။ သူသည် ၁၉၈၆-ခုနှစ်တွင် ကုသိုလ်ကံဆိုးစွာ သွေးကြောရောင်နာ ရောဂါရသည်။ ဆေးဝါးကုသမှု နည်းလမ်းမျိုးစုံနှင့် ကြိုးစားသော်လည်း မပျောက်ကင်းနိုင်ဘဲ ရှိနေသည်။
ဤတွင် တရုတ်သမားအိုကြီး တဦးသည် သူ့ကို ခြေသလုံးတွင် သဲအိတ်ပတ်စေပြီး လေ့ကျင့်ရန် အကြံပြုသည်။ ယွင်ကောစိန်သည် သဲအိတ်အစား ဖိနပ်တွင် သံပြားတပ်ဆင်လျှင် ပိုမိုအဆင်ပြေမည်ဟု ယူဆ၍ အလေးချိန် ၅၀-ကီလိုဂရမ်လေးသော သံပြားအောက်ခံဖိနပ်တရန်ကို ချုပ်လုက်ကာ စီး၍ လှုပ်ရှားသွားလာသည်။ ၂-နှစ် ၃-နှစ်ကြာ စီးသောအခါ သူ၏ဖိနပ်သည် စီးလေ ပေါ့ပါးလေဟု ခံစားလာရသည်။ တာရှည်စွာခံစားရသော သွေးကြောရောင်နာရောဂါသည်လည်း ထူးဆန်းစွာ ပပျောက်သွားလေသည်။
ယခုအခါ သူသည် ဖိနပ်၏ အောက်ခံသံပြားကို ၂-လွှာထပ်ဖြည့်ထားသည်။ စုစုပေါင်း အလေးချိန်မှာ ၆၅-ကီလိုဂရမ် ဖြစ်သည်။ သူ၏ခန္ဓာကိုယ် အလေးချိန်ထက် များသည်။ ယွင်ကောစိန်၏ ကမ္ဘာ့အလေးဆုံး ဖိနပ်-သည် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လိုက်ပြီဖြစ်သည်။
ဆေးပညာလောကတွင် သွေးကြောရောင်နာရောဂါသည် သွေးကြောတွင်ဖြစ်တည်လာသည့် သွေးခဲဖတ် ပိတ်ဆို့မှုကြောင့် သွေးကြောရောင်ခြင်းကို ခေါ်သည်။ သို့သော် များသောအားဖြင့် ခြေထောက်သွေးကြောတွင် ဖြစ်ပေါ်သော ရောဂါအားလုံးကို သွေးကြောရောင်ရောဂါဟု ခေါ်လိုက်ကြသည်။
ဥပမာ-သွေးလွှတ်ကြော ပျစ်နှစ်မာကျောလာ၍ သွေးလွှတ်ကြောပိတ်ဆို့ခြင်း၊ ဆီးချိုရောဂါကြောင့် ခြေထောက်အောက်ပိုင်း သွေးလွှတ်ကြော ပိတ်ဆို့ခြင်း၊ ခြေထောက်သွေးပြန်ကြော တွန့်လိမ်ခြင်းတို့ ဖြစ်ကြသည်။
သွေးကြောရောင်ရောဂါသည် ခြေထောက်ရှိ အလတ်စားနှင့် အသေးစား သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများကို ဒုက္ခးပေးတတ်သည်။ သွေးကြောနံရံများ ကျဉ်းမြောင်းပိတ်ဆို့လာသည်။ ပိတ်ဆို့သော သွေးကြောအစွန်အဖျားသို့ သွေးရောက်မှုနည်းလာပြီး အေးစက်နာကျင်ကိုက်ခဲ ထုံထိုင်းလာသည်။ ဒုတိယဆင့် ပိုဆိုးလာသောအခါ ညအိပ်မရအောင် ကိုက်ခဲလာတတ်သည်။
တတိယဆင့်တွင် အဆိုးဆုံးဖြစ်ပြီး ခြေချောင်းများ သွေးမရောက်၍ ပုပ်ဆွေးသွားနိုင်သည်။
သွေးကြောရောင်ရောဂါဖြစ်ခါစတွင် သင့်လျော်သော အားကစားလေ့ကျင့်မှုသည် သွေးကြောကို ပွင့်စေနိုင်သည်။
ဤသွေးကြောရောင်ရောဂါ ဖြစ်ရသည့်အကြောင်းရင်းကို ဂဃနဏ မသိသေးသကဲ့သို့ ပျောက်ကင်းအောင် ကုသရန်လည်း မလွယ်ကူပေ။ ဆေးဝါးကုသမှု၊ ခွဲစိတ်ကုသမှုများသည် ရောဂါလက္ခဏာ မဆိုးဝါးအောင်သာ ကုသနိုင်ပြီး အရင်းအမြစ်မှ ပျောက်ကင်းအောင် မကုသနိုင်ပေ။
သို့သော် တခုတည်းသော သေချာအတည်ပြောနိုင်သည့်အချက်ကား ဆေးလိပ်သောက်ခြင်းသည် အကြောင်းရင်းတခု ဖြစ်သည်မှာ သေချာသည်။ ထို့ကြောင့် ဆေးလိပ်သောက်ခြင်းကို ဖြတ်၊ အားကစားလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းသည် သွေးကြောရောင်ရောဂါကို ကာကွယ်ရေးနှင့် ကုသရာရောက်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
********************************************************************************
( အခေါင်ကင်ဆာနှင့် အစားအသောက်အကျင့် )
ဆေးလိပ်သောက်၊ အရက်သောက်၊ ကွမ်းဝါးခြင်းတို့သည် အာခေါင်ကင်ဆာဖြစ်စေနိုင်သည်ကို လူသိများသည်။
သို့ရာတွင် စားသောက်အကျင့်သည် အာခေါင်ကင်ဆာနှင့် မည်သို့ ပတ်သက်သည်ကိုမူ လူသိနည်းသည်။
သုတေသနပြုသူတစု လေ့လာချက်အရ ဂရိပြည်၏ ဒေသတခုတွင် နေထိုင်သူများသည် အရက်သောက်၊ ဆေးလိပ်သောက်သူ ဦးရေ များသော်လည်း အာခေါင်ကင်ဆာရောဂါ ဖြစ်နှုန်း နည်းသည်ကို တွေ့ရှိရသည်။
ဤအတွက် လူတို့၏ စားသောက်အကျင့်နှင့် မည်သို့ပတ်သက်နိုင်သည်ကို သုတေသနပြုကြလေသည်။ အာခေါင်ကင်ဆာရောဂါ ခံစားနေရသူဦးရေ ၁၀၀-နှင့် သူတို့နှင့် သက်တူရွယ်တူ လိင်တူအရပ်အမောင်းတူသော ကျန်းမာသူ ဦးရေ ၁၀၀-ခေါ်ယူ၍ စစ်တမ်းကောက်ယူသည်။
စစ်တမ်းအရ သူတို့၏ စားသောက်အကျင့်ကို သုတေသနပြုနိုင်ခဲ့သည်။ ထင်ရှားစွာ တွေ့ရှိချက်မှာ ကောက်ပဲသီးနှံမျိုးများ၊ ဟင်သီးဟင်းရွက်၊ အသီးအနှံများ၊ နွားနို့၊ နို့ထွက်ပစ္စည်းများနှင့် သံလွင်ဆီ စသည့် အစားအစာများ စားလေ့ရှိသူများသည် ကင်ဆာရောဂါဖြစ်ခြင်းမှ ကင်းဝေးကြောင်း တွေ့ရှိကြသည်။ အသားစားကြူးသူတို့သည် ကင်ဆာရောဂါကို ပိုဖြစ်ကြောင်း တွေ့ရှိကြရသည်။

( အနှေးပြေးခြင်းသည် မှတ်ဉာဏ်ပိုကောင်း )
သုတေသနပြုသူ အချို့သည် အသက် ၆၀-မှ ၇၅-နှစ်အတွင်းရှိ အသက်ကြီးသူတို့ကို အုပ်စု ၂-စုခွဲလိုက်သည်။ တအုပ်စုသည် နေ့တိုင်း လမ်းလျှောက် (သို့မဟုတ်) အနှေးပြေး လေ့ကျင့်သည်။
အခြားအုပ်စုမှာမူ အပြေးမပါသော ကိုလ်က်လှုပ်ရှားမှုများသာ ပြုလုပ်သည်။ ထို ၂-ဖွဲ့စလုံးသည် မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ် ပိုကောင်းလာသည်ကို တွေ့ရသည်။
သို့သော် အနှေးပြေး၊ သို့မဟုတ်-လမ်းလျှောက်လေ့ကျင့်သူအုပ်စုတွင် မှတ်ဉာဏ်ကောင်းမှု ပိုမိုထင်ရှားသည်။
အသက်ကြီးလာသည်နှင့်အမျှ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ယိုယွင်းစ ပြုလာပြီး သွေးလည်ပတ် နှုန်းလည်း နှေးကွေးလာသည်။ မကြာခဏ လမ်းလျှောက်၊ အနှေးပြေးခြင်းဖြင့် ပိုမိုများပြားသော အောက်ဆီဂျင်ကို ရှူသွင်းပြီး ဦးနှောက်ရှိ ဆဲလ်များ၏ အောက်ဆီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ ဆဲလ်များ၏ ဇီဝဖြစ်ပျက် ဖြစ်စဉ်ကို အစွမ်းထက်စေသည်။ သို့နှင့် တွေးခေါ်စဉ်းစားဉာဏ်ကို တိုးတက်စေသည်။ မှတ်ဉာဏ်ကို ပိုကောင်းစေသည်။
ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
တရုတ်ဘာသာဖြင့် ထုတ်ဝေသော Family Doctor 2001, No, 9 မှ ပြန်ဆိုသည်။

အနာနှစ်ခု ပျောက်အောင်ကု
* ရုပ်၏အနာ၊ စိတ်အနာ၊ အနာနှစ်မျိုးရှိ။
* ရုပ်၏အနာ၊ ပျောက်လွယ်ပါ၊ စိတ်နာပျောက်ရန် ခက်ခဲ၏။
* စိတ်၏အနာ၊ ကင်းရှင်းလာ၊ ရုပ်နာမ်အကျိုးရှိ။ ( ရုပ်နာမ်ပျောက်ကင်း၏)
* စိတ်နာပျောက်ရန်၊ အသိဉာဏ်၊ လမ်းမှန်ရှာ၍ကြည့်။
* ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ စိတ်အနာပျောက်ရန် ကုပေး၏။
* စိတ်နာပျောက်မှ၊ ငြိမ်းအေးရ၊ ဒုက္ခအပူ လွတ်နိုင်၏။
တိပိဋကဓရ ယောဆရာတော်

ဗြာဟ္မဏ
လောက၌ ပိုင်ရှင်မပေးသော ဥစ္စာကို
ရှည်သည်ဖြစ်စေ၊
တိုသည်ဖြစ်စေ၊
ငယ်သည်ဖြစ်စေ၊
ကြီးသည်ဖြစ်စေ၊
ကောင်းသည်ဖြစ်စေ၊
မကောင်းသည်ဖြစ်စေ၊
မခိုးယူသောပုဂ္ဂိုလ်ကို
ဗြာဟ္မဏဟု ငါဘုရားဟော၏။
(ဓမ္မပဒ၊ ဗြာဟ္မဏ၀ဂ်၊ အညတရတ္ထေရ၀တ္ထု)
ရှည်သည်ဖြစ်စေ၊
တိုသည်ဖြစ်စေ၊
ငယ်သည်ဖြစ်စေ၊
ကြီးသည်ဖြစ်စေ၊
ကောင်းသည်ဖြစ်စေ၊
မကောင်းသည်ဖြစ်စေ၊
မခိုးယူသောပုဂ္ဂိုလ်ကို
ဗြာဟ္မဏဟု ငါဘုရားဟော၏။
(ဓမ္မပဒ၊ ဗြာဟ္မဏ၀ဂ်၊ အညတရတ္ထေရ၀တ္ထု)
ဘ၀တန်ဖိုး
ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊
တရာအသက်၊ ရှည်သည်ထက်လည်း၊
ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို၊
အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊
တရက်တာမျှ၊ သက်ရှင်ရသော်၊
လောကလူ့ရွာ၊ ကောင်းမြတ်သာသည်၊
မြတ်စွာဗုဒ္ဓ၊ မိန့်ခွန်းတည်း။
မဟာစည်ဆရာတော်
တရာအသက်၊ ရှည်သည်ထက်လည်း၊
ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို၊
အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊
တရက်တာမျှ၊ သက်ရှင်ရသော်၊
လောကလူ့ရွာ၊ ကောင်းမြတ်သာသည်၊
မြတ်စွာဗုဒ္ဓ၊ မိန့်ခွန်းတည်း။
မဟာစည်ဆရာတော်
Thursday, August 26, 2010
မန်လည်ဆရားတော်ကြီး ရွတ်ပွားသည့် ရန်အောင်-ရန်ရှောင် ဂါထာ
မဃဒေ၀လင်္ကာသစ် ကျမ်းပြုစာဆို အဂ္ဂမဟာပဏ္ဍိတ မန်လည်ဆရာတော်ဘုရားကြီးသည် ၁၂၀၃-ခု တန်ခူးလဆန်း ၁၂-ရက် အင်္ဂါနေ့တွင် ကသာစီရင်စု အင်းတော်ကြီးမြို့နယ် မန်လည်ရွာ၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ မြို့စာရေးကြီး ဦးညို+မိခင်မှာ ဒေါ်ဖြေ ဖြစ်သည်။ ဆရာတော်၏ ငယ်နာမည်မှာ မောင်မာ ဖြစ်သည်။
ဆရာတော်လောင်းလျာသည် ၁၂၁၉-ခုနှစ် သက်တော် ၁၆-နှစ်အရွယ်တွင် ရှင်သာမဏေပြုခဲ့သည်။ ဘွဲ့တော်မှာ ရှင်ဇ၀န ဖြစ်သည်။ စာပေပါရမီရှင်ဖြစ်သဖြင့် ၁၆-နှစ်အရွယ်မှာပင် ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ဆာဝါပြဇာတ်၊ ပဒုမ ပြဇာတ် စသည်တို့ကို ရေးသားခဲ့လေသည်။
၁၂၂၅-ခုနှစ် သက်တော် ၂၂-နှစ်တွင် ရဟန်းအဖြစ်သို့ရောက်သည်။ ရဟန်း ၃-၀ါအရတွင် မန္တလေးမြို့ အနောက်ပြင် ထီးလင်းတိုက်၌ ၀ါဆို၍ ပိဋကတ်စာပေများကို ဆည်းပူးလေ့လာသည်။ တနှစ်အကြာတွင် မန်လည်မြို့ဝန်က ပြန်လည်ပင့်သဖြင့် မန်လည်သို့ ပြန်ကြွခဲ့ရသည်။
၁၂၃၄-ခုနှစ် သက်တော် ၃၂-နှစ် ရဟန်း ၁၀-၀ါအရတွင် အလွန်ထင်ရှားကျော်ကြားလှသော မဃဒေ၀လင်္ကာသစ်ကို စတင်ရေးသားတော်မူသည်။ ၁၂၄၀-ပြည့်နှစ်အထိ မင်းတုန်းမင်းကြီး လက်ထက်တွင် ၆-နှစ်ကြာမျှ ရေးသားနေခဲ့သော်လည်း နန်းတွင်းရေးများ ရှုပ်ထွေးသဖြင့် မပြီးစီးခဲ့ချေ။ အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီအဖြစ်သို့ မြန်မာနိုင်ငံ ကျရောက်ပြီး ၁၂၆၆-ခုနှစ်တွင်မှ ရေးသားပြီးဆုံးသည်။ ထိုအချိန်၌ ဆရာတော်မှာ သက်တော် ၆၃-နှစ် ရှိနေပေပြီ။
ဆရာတော်သည် မဃဒေ၀လင်္ကာသစ် အပါအ၀င် ကျမ်းပေါင်း ၃၀-ခန့် ရေးသားပြုစုတော်မူခဲ့သည်။ ၁၂၇၉-(၁၉၁၇) သက်တော် ၇၆-နှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ကပ်လှူပူဇော်ခြင်း ခံရသည်။
ဆရာတော်ဘုရားကြီးသည် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ပြည်၊ ဟင်္သာတ၊ မင်းလှ၊ ပုသိမ်၊ ရန်ကုန်၊ သထုံ၊ မော်လမြိုင်၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားမြို့များသို့ ကြွရောက်၍ တရားဓမ္မများ ဟောပြောခဲ့သည်။
၁၂၈၂-ခုနှစ် တော်သလင်းလဆန်း ၁၃-ရက် သက်တော် ၇၉-နှစ် အရတွင် အသက်ခန္ဓာ ချုပ်ငြိမ်းတော်မူသည်။ ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ လယ်တီဆရတော်ကြီး၊ မဟာဝိသုဒ္ဓါရာမဆရာတော်ကြီးများနှင့်အတူ သာသနာ့သမိုင်းတွင် နေတဆူ လတဆူပမာ ထင်ရှားတော်မူခဲ့သည်။ ဆရာတော်ကြီးသည် ကိုယ့်မင်းကိုယ့်ချင်း ဘ၀ဖြင့် သက်တော် ၄၄-နှစ်၊ တိုင်းတပါး၏ လက်အောက်ခံဘ၀ဖြင့် သက်တော် ၃၅-နှစ် နေထိုင်တော်မူ၍ နိုင်ငံနှင့် လူမျိုးအကျိုး၊ သာသနာတော်၏ အကျိုးကို သယ်ပိုးထမ်းရွက်တော်မူခဲ့သည်။
အောက်ဖော်ပြပါဂါထာမှာ မန်လည်ဆရာတော်ဘုရားကြီး အမြဲရွတ်ဆိုပူဇော်သော ဂါထာဖြစ်သည်ဟူ၍ ဦးအောင်ညွန့် (ဓမ္မာစရိယ) ပြုစုသော အန္တရာယ်ကင်းပရိတ်တော်များ စာအုပ်တွင် ဖော်ပြထားပါသည်။
( ပါဠိဂါထာ )
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ ပုညက္ခေတ္တံ အနုတ္တရံ။
( မှန်ကန်တိကျစွာ အသံထွက်နည်း )
ဗုတ်ဓော လောကေ သမုတ်ပန်နော၊ ဟိတာယ သတ်ဗပါဏိနံ။
ဓမ်မော လောကေ သမုတ်ပန်နော၊ သုခါယ သတ်ဗပါဏိနံ။
သံဃော လောကေ သမုတ်ပန်နော၊ ပုညက်ခစ်တံ အနုတ်တရံ။
( ဂါထာတော်၏ အနက် )
မြတ်စွာဘုရားသည် လောက၌ သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှါ ကောင်းစွာပွင့်တော်မူခဲ့လေပြီ။
တရားတော်သည် လောက၌ သတ္တ၀ါအားလုံးတို့၏ ချမ်းသာခြင်းအလို့ငှါ ကောင်းစွာပွင့်ထွန်းတော်မူခဲ့လေပြီ။
သံဃာတော်သည် လောက၌ သတ္တ၀ါအားလုံးတို့၏ အတုမရှိသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ်အဖြစ် ကောင်းစွာပွင့်ထွန်းတော်မူခဲ့လေပြီ။
မင်းဉာဏ်ဝေ

သစ္စာ ၄-ပါး
၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာတည်း။ (ဒုက္ခ)
၂။ သင်္ခါရတွင်၊ အကောင်းထင်၊ ခင်မင်သမုဒယတည်း။ (သမုဒယ)
၃။ ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်တည်း။ (နိရောဓ)
၎။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မင်္ဂပေတည်း။ (မဂ္ဂ)
မဟာစည်ဆရာတော်
ဝိပဿနာရှုနည်း အကျဉ်းချုပ်မှ

ဘာမဆို အောင်ရမည်
ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၂၅၅၃-ခုနှဏ် ရှိလာပြီ။ ဤသို့ နှစ်ပရိစ္ဆေဒ ကြာညောင်းခဲ့သော်လည်း ဘုရားရှင်ဟောကြားခဲ့သော တရားတော်နှင့် ဘုရားရှင်ဆုံးမခဲ့သော အဆုံးအမတို့ကား ပျောက်ကွယ်ခြင်းမရှိ တည်တံ့ခိုင်မြဲ၍ ထင်ရှားဆဲဖြစ်သည်။
ဗုဒ္ဓဘုရားရှင်၏ တရားတော်နှင့် အဆုံးအမတို့ကား ခေတ်အဆက်ဆက် မရိုးနိုင်ပေ။ ယင်းတို့တွင် အများစုမှာ လောကုတ္တရာရေးအတွက်သာမက လောကီရေးနှင့် သက်ဆိုင်နေသည်။ ယနေ့မျက်မှောက် လောကီဘ၀တွင် နှလုံးသွင်း၍ လက်တွေ့အသုံးချနိုင်သည်။ ယင်းတို့အနက် အောက်ပါပါဠိတော်ကို တင်ပြလိုပါသည်။
ဆန္ဒ၀တော ကိံနာမ ကမ္မံ မသိဇ္ဈတိ။
ဝီရိယ၀တော ကိံနာမ ကမ္မံ မသိဇ္ဈတိ။
စိတ္တ၀တော ကိံနာမ ကမ္မံ မသိဇ္ဈတိ။
ပည၀တော ကိံနာမ ကမ္မံ မသိဇ္ဈတိ။
ယင်းပါဠိတော်မှာ ဋီကာကျော် သမုစ္စည်းပိုင်း၊ မိဿသင်္ဂဟ အဖွင့်တွင် ပါရှိသည်။
အနက်အဓိပ္ပါယ်မှာ-
ဆန္ဒ၀တော-ပြင်းပြသော အလိုဆန္ဒရှိသူအား၊ ကိံနာမ-အဘယ်မည်သော၊ ကမ္မံ-အမှုကိစ္စ ဟူသမျှသည်။ န သိဇ္ဈတိ-မပြီးစီးဘဲ ရှိနိုင်အံ့နည်း။ သိဇ္ဈတိဧ၀-မုချဧကန် အမှန် ပြီးစီးအောင်မြင်ရမည်သာတည်း။
ဝီရိယ၀တော-လွန်ကဲသော လုံ့လ၀ီရိယရှိသူအား၊ ကိံနာမ-အဘယ်မည်သော၊ ကမ္မံ-အမှုကိစ္စ ဟူသမျှသည်။ န သိဇ္ဈတိ-မပြီးစီးဘဲ ရှိနိုင်အံ့နည်း။ သိဇ္ဈတိဧ၀-မုချဧကန် အမှန် ပြီးစီးအောင်မြင်ရမည်သာတည်း။
စိတ္တ၀တော-ထက်သန်သော စိတ်ရှိသူအား၊ ကိံနာမ-အဘယ်မည်သော၊ ကမ္မံ-အမှုကိစ္စ ဟူသမျှသည်။ န သိဇ္ဈတိ-မပြီးစီးဘဲ ရှိနိုင်အံ့နည်း။ သိဇ္ဈတိဧ၀-မုချဧကန် အမှန် ပြီးစီးအောင်မြင်ရမည်သာတည်း။
ပည၀တော-ထက်မြက်သော ပညာရှိသူအား၊ ကိံနာမ-အဘယ်မည်သော၊ ကမ္မံ-အမှုကိစ္စ ဟူသမျှသည်။ န သိဇ္ဈတိ-မပြီးစီးဘဲ ရှိနိုင်အံ့နည်း။ သိဇ္ဈတိဧ၀-မုချဧကန် အမှန် ပြီးစီးအောင်မြင်ရမည်သာတည်း။
ဤသဘောတရားကို ဘုရားရှင် ဟောကြားတော်မူခဲ့သော ပဋ္ဌာန်းတရားတော် အဓိပတိပစ္စည်း အခန်းတွင်လည်း သိနိုင်ပါသည်။
အဓိပတိဟူသည်ကား ဆန္ဒာဓိပတိ-အကြီးအမှူး ဆန္ဒသည်။ ဆန္ဒသမ္ပယုတ္တကာနံ-ဆန္ဒနှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ-ဒွိဟိတ်ဇော တိဟိတ်ဇော စိတ်စေတသိက်တရားတို့အား၎င်း၊ တံ သမုဋ္ဌာနာနံ-ထိုဆန္ဒကြောင့် ဖြစ်ကုန်သော၊ ရူပါနဉ္စ-စိတ္တဇရုပ်တို့အား၎င်း၊ အဓိပတိပစ္စယေန-အကြီးအမှူးဖြစ်သော အဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော-ကျေးဇူးပြုတတ်သည်။ ဟောတိ-ဖြစ်၏။
ဝီရိယာဓိပတိ-အကြီးအမှူး ၀ီရိယသည်။ ၀ီရိယသမ္ပယုတ္တကာနံ-၀ီရိယနှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ-ဒွိဟိတ်ဇော တိဟိတ်ဇော စိတ်စေတသိက်တရားတို့အား၎င်း၊ တံ သမုဋ္ဌာနာနံ-ထိုဝီရိယကြောင့်ဖြစ်ကုန်သော၊ ရူပါနဉ္စ-စိတ္တဇရုပ်တို့အား၎င်း၊ အဓိပတိပစ္စယေန-အကြီးအမှူးဖြစ်သော အဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော-ကျေးဇူးပြုတတ်သည်။ ဟောတိ-ဖြစ်၏။
စိတ္တာဓိပတိ-အကြီးအမှူးစိတ်သည်။ စိတ္တသမ္ပယုတ္တကာနံ-စိတ်နှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ- စေတသိက်တရား တို့အား၎င်း၊ တံ သမုဋ္ဌာနာနံ-ထိုစိတ်ကြောင့်ဖြစ်ကုန်သော၊ ရူပါနဉ္စ-စိတ္တဇရုပ်တို့အား၎င်း၊ အဓိပတိပစ္စယေန-အကြီးအမှူးဖြစ်သော အဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော-ကျေးဇူးပြုတတ်သည်။ ဟောတိ-ဖြစ်၏။
ဝီမံသာဓိပတိ-အကြီးအမှူး ပညာသည်။ ၀ီမံသသမ္ပယုတ္တကာနံ-ပညာနှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ- စိတ်စေတသိက်တရားတို့အား၎င်း၊ တံ သမုဋ္ဌာနာနံ-ထိုပညာကြောင့်ဖြစ်ကုန်သော၊ ရူပါနဉ္စ-စိတ္တဇရုပ်တို့အား၎င်း၊ အဓိပတိပစ္စယေန-အကြီးအမှူးဖြစ်သော အဓိပတိပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော-ကျေးဇူးပြုတတ်သည်။ ဟောတိ-ဖြစ်၏။
ဤတရား ဤအဆုံးအမသည် အဖိုးမဖြတ်နိုင်လောက်အောင်ပင် တန်ဖိုးရှိလှသည်။
လောကီ လောကုတ္တရာ နှစ်ဖြာအတွက် လက်တွေ့အကျိုးပြုသည်။ ဗုဒ္ဓဘာသာဝင်တို့အတွက်သာမက လူမျိုးမရွေး၊ ဘာသာမရွေး၊ အားလုံးအတွက် အကျိုးပြုသည်။ ထို့ပြင် လူကြီး လူရွယ် လူငယ်မရွေး အားလုံးအတွက် အကျိုးပြုသည်။ ဘ၀အတွက် မီးရှူးတန်ဆောင်ကြီးပင် ဖြစ်ပေတော့သည်။

သြ၀ါဒ
* လောကမှာ ကြီးပွားလိုလျှင် ထကြွလုံ့လ၀ီရိ ရှိရမည်။
* အမြဲတမ်း သတိရှိရမည်။
* ကာယကံ ၀စီကံ မနောကံ စင်ကြယ်ရမည်။
* ဣနြေ္ဒ ငြိမ်သက်ရမည်။
* စူးစူးစမ်းစမ်း၊ ဆင်ဆင်ခြင်ခြင်၊ တိုင်းတိုင်းထွာထွာ ရှိရမည်။
* စင်ကြယ်သော အသက်မွေးဝမ်းကျောင်း ဖြစ်စေရမည်။
ဒေါက်တာ အရှင်ပဏ္ဍိတာဝရာဘိဝံသ မဟာထေရ်
စစ်ကိုင်းတောင်ရိုး မိဂဒါဝုန်ကျောင်းတိုက် ပဓာနနာယကဆရာတော်

Wednesday, August 25, 2010
ဘာသာရေး ပြဿနာ ( ၆ )
( ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည် )
(မေး)
အရှင်ဘုရား၊ ဥပုသ်သီလဆောက်တည်ရာတွင် လပြည့်လကွယ်ဥပုသ်နေ့တွင် ဆောက်တည်ခြင်းသည် အခြားသောနေ့များတွင် ဆောက်တည်ခြင်းထက် အကျိုးများပါသလား။
(ဖြေ)
ဥပုသ်သီလအတွက် ထူးခြား၍ အကျိုးမများပါ။ သို့ရာတွင် ရှေးအစဉ်အလာဖြစ်၍ ဥပုသ်နေ့ဟု သတ်မှတ်ထားရာနေ့၌သာ စောင့်သုံးလေ့ ရှိကြပါသည်။
အကျယ်ပြပါဦးမည်။
ဥပေါသထ-ဟူသော ပါဠိကို ဥပုသ်-ဟု မြန်မာပြန်ကြ၏။
ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်း စသော ကောင်းသောအကျင့်နှင့် ပြည့်စုံ၍၊
ဝသထ-နေထိုင်ခြင်း-ဟု အနက်ထွက်၏။
ထိုသို့ နေထိုင်ခြင်းကိုပင် သီလ-ကို မပျက်အောင် စောင့်ခြင်း၊ ကျင့်သုံးခြင်း ဖြစ်သောကြောင့်
ဥပုသ်စောင့်သုံးခြင်း-ဟု ခေါ်စမှတ်ပြုကြသည်။ ထိုဥပုသ်စောင့်ပုံအကျယ်ကို ရတနာ့ဂုဏ်ရည်၌ ပြထားပြီးဖြစ်ပါသည်။
( နေ့ရက် )
ထိုဥပုသ်စောင့်ဖို့ရာ နေ့ရက်ကို ဘုရားပွင့်တော်မမူမီ ရှေးကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြ၏။
တလလျှင် (၁) အဋ္ဌမီ (ရှစ်ရက်မြောက်နေ့) ဥပုသ်။
(၂) စတုဒ္ဒသီ (ရက်မစုံလအတွက် ၁၄-ရက်မြောက်နေ့) ဥပုသ်။
(၃) ပန္နရသီ (၁၅-ရက်မြောက်နေ့) ဥပုသ်။
(၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်-ဟု အကျဉ်းအားဖြင့် ၄-မျိုး ရှိ၏။
ပါဋိဟာရိက (အကြိုဥပုသ်၊ အပိုဥပုသ်) သည် ထို ၃-ရက် မရောက်မီ ကြိုတင်၍ စောင့်ရသော ၇-ရက်မြောက်၊ ၁၃-ရက်မြောက်၊ ၁၄-ရက်မြောက် ဥပုသ်၊
ထို ၃-ရက်၏နောက်၌ အပိုဖြည့်စွက်၍ စောင့်ရသော ၉-ရက်၊ လပြည့်ကျော် ၁-ရက်၊ လဆန်း ၁-ရက် ဥပုသ်၊
ထို့ပြင် ၀ါတွင်း၌ ၀ါ၏အလယ်ဝယ် ၁၅-ရက်မျှဖြစ်စေ၊ တ၀ါတွင်းလုံးဖြစ်စေ စောင့်သုံးကြသော ဥပုသ်များဖြစ်၏။
ဤသို့အားဖြင့် ဥပုသ်စောင့်ရက်ဟု ရှေးရှေးက သတ်မှတ်ထားအပ်သော ရက်တွေအတော်များစွာ ရှိပေသည်။
( စဉ်းစားဖွယ် )
ဥပုသ်စောင့်ဖို့ရာ ရက်တွေများလှချေတကား၊ ဘာကြောင့် ထိုမျှလောက် များပြားအောင် ရှေးက သတ်မှတ်ခဲ့လေသနည်း-ဟု စဉ်းစားဖွယ်၊ မေးမြန်းဖွယ် ရှိ၏။
အဖြေကား လူများ၏ စိတ်အစဉ်၌ ကိလေသာမြူတွေ နေ့စဉ်တင်နေရကား ထိုကိလေသာမြူတွေကို ဆေးကြော သုတ်သင်ဖို့ရာ ထိုကဲ့သို့ မကြာမကြာ ဥပုသ်စောင့်ဖို့ရက်ကို သတ်မှတ်ခဲ့ကြပေသည်။
ချဲ့ပါဦးမည်-
ဗုဒ္ဓမြတ်စွာသည် ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနှင့် ဥပမာပြ၍ ၀ိသာခါအား သြ၀ါဒပေးတော်မူ၏။ လဆန်း ၁-ရက်နေ့၌ နေရောင်ရှိသဖြင့် ဆံပင်ခြောက်သွေ့မည်ကို မြင်သော အမျိုးသမီးသည် ရေချိုးခေါင်းလျှော်၏။ ဦးခေါင်းမှာ အညစ်အကြေးသန့်ရှင်း၍ ဆံပင်လည်း သွေ့ခြောက်သောကြောင့် ဦးခေါင်းသည် သန့်ရှင်းပေါ့ပါး၏။ နောက်နောက်ရက်များ၌ ဦးခေါင်းဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ ဦးခေါင်းထက်၌လည်း ထွက်ခြင်းကြောင့် ၇-ရက်လောက်ကြာလျှင် ဦးခေါင်းသည် လေးလံလာပြန်၏။ ထိုအခါ တကြိမ် ခေါင်းလျှော်ရပြန်၏။
ထို့အတူ လူဝတ်ကြောင်တို့၏ စိတ်၌ ရာဂ ဒေါသ စသော မြူမှုန်တွေသည် ပျော်ပျော်ရွှင်ရွှင် နေစဉ်လည်း ကျရောက်၏။ အလုပ်အကိုင်လုပ်ကိုင်ရင်း ရောင်းရင်း ၀ယ်ရင်းလည်း ကျရောက်၏။ ထို့ကြောင့် ထိုစိတ်အစဉ် ထိုမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို အနားပေးကာ မေထုန်ကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်စောင့်သောအားဖြင့် ဆေးကြောပစ်ရလေသည်။
တနေ့တရက်စောင့်ရုံဖြင့် ကောင်းစွာမရှင်းတတ်သောကြောင့် အကြိုရက်၊ အပိုရက်များ၌လည်း စောင့်ရ၏။ တကြိမ်စောင့်ပြီးနောက် ၇-ရက်လောက်ကြာလျှင် ကိလေသာမြူတွေ အတော်များစွာ တင်ပြန်သောကြောင့် ဥပုသ်စောင့်၍ ဆေးကြောရပြန်သည်။ ထို့ကြောင့် ဥပုသ်စောင့်ဖို့ရက်ကို ရှေးရှေးကပင် သတ်မှတ်ထားခဲ့ကြ ပေသည်။
ယခုခေတ်အလိုက် ဥပုသ်နေ့မဟုတ်ဘဲ စနေ၊ တနင်္ဂနွေ ၂-ရက်မျှ ဆက်လက်၍ စောင့်ကြလျှင်လည်း ထိုရှေးရှေးစံချိန်ကို မီနိုင်ပါ၏။ သို့သော် စောင့်နိုင်ကြမည်တဲ့လော။
********************************************************************************
(မေး)
အရှင်ဘုရား၊ သီလယူရာ၌ ရဟန်းသံဃာတော်များထံတွင် ယူခြင်း၊ ဘုရားဆင်းတုတော်ရှေ့တွင် မိမိဘာသာ ယူခြင်းတို့ မည်သို့ ထူးခြားပါသနည်း။
(ဖြေ)
မထူးခြားပါ။ သို့သော် ဆရာဘုန်းတော်ကြီးက ရိုသေလေးစားလောက်ပါလျင် ထိုဆရာကို ရိုသေသောအားဖြင့် သီလကို မကျိုး မပေါက်အောင် စောင့်ရှောက်တတ်ကြပါ၏။
ဆင်းတုတော်ရှေ့မှာ ယူခြင်းလည်း ဤသဘောပင် ဖြစ်နိုင်ပါသည်။
(ရှေးက ဒါယကာတယောက်သည် ရိုသေလောက်သော ဆရာတော်၏ အထံ၌ ခံယူပြီးနောက် အလုပ်မလုပ်ဘဲ မနေသာ၍ လယ်ထွန်ရရှာ၏။ လယ်ထွန်ပြီးနောက် နွားတို့ကို လွှတ်လိုက်ရာ နွားတွေ ခရီးလွန်သဖြင့် လိုက်ရှာရ၏။ ထိုသို့ရှာရင်း တောင်ပေါ်သို့ရောက်သွားလေသော် စပါးကြီးမြွေက သူ့ကို ဖမ်းယူလေ၏။ ထိုအခါ ဓားဖြင့် မြွေ၏ဦးခေါင်းကို ဖြတ်အံ့-ဟုကြံပြီးမှ ငါသည် အလေးပြုလောက်သော ဆရာတော်၏ အထံ သီလခံယူခဲ့ပါလျက် သီလကို ဖျက်ခြင်းငှါ မသင့်တော်ချေ-ဟု အကြံဖြစ်၍ ဓားကို လွှင့်ပစ်လိုက်လေရာ စပါးကြီးမြွေလည်း အလိုအလျောက် သူ့ကိုလွှတ်၍ ပြေးလေသည်)။အဋ္ဌသာလိနီ အဋ္ဌကထာ၊ ဒွါရကထာ။

အရှင်ဘုရား၊ သိမ်အတွင်း၌ ဒါယိကာမများ ၀င်နိုင်ပါသလား။ မ၀င်ရဟု တားမြစ်ထားပါလျက် ၀င်လာပါက မည်သို့ အပြစ်ရှိပါသနည်း။
(ဖြေ)
သိမ်အတွင်း၌ ဒါယိကာမတို့ ၀င်နိုင်ပါ၏။ မည်သူကမျှ မတားမြစ်ထိုက်ပါ။ တားမြစ်စေကာမူ တရားတော်နှင့် မညီသောကြောင့် ၀င်သူမှာ အပြစ်မရှိပါ။ သိမ်-ဟူသော ပါဠိပျက်စကားသည် အပိုင်းအခြား-ဟူသော အဓိပ္ပါယ်ကိုပြ၏။ ထိုသိမ်သည် အငယ်ဆုံးအားဖြင့် ၂-ကျိပ် ၁-ယောက် ထိုင်လောက်သောနေရာ ဖြစ်၏။
အကြီးအားဖြင့် ၃-ယူဇနာတိုင်အောင် ကြီးကျယ်နိုင်၏။
ဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်မြို့ကို ပတ်ဝိုက်၍ ကျောင်းတိုက်ပေါင်း တဆယ့်ရှစ်တိုက် ရှိ၏။ ထိုကျောင်းတိုက်အားလုံးကို ခြုံမိအောင် အရှင်သာရိပုတ္တရာသည် သိမ်သမုတ်တော်မူ၏။
(၀ိနည်းမဟာဝါ၊ ဥပေါသထက္ခန္ဓက အဋ္ဌကထာ)။
ထိုသို့ သိမ်သမုတ်လိုက်သောအခါ ရာဇဂြိုဟ်မြို့ကြီးသည် သိမ်အတွင်း၌ ပါဝင်နေ၏။ ထိုသိမ်အတွင်းမှာပင် အိမ်ထောင်ပြုကျ၊ မွေးဖွားကြရလေသည်။

အရှင်ဘုရား၊ ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်း၊ အလှူလုပ်ရန် သားငါး ကြိုတင်မှာထားခြင်း၊ မိမိအတွက် သတ်၍ ချက်ပေးသော အသားဟင်းများကို သိလျက်နှင့် စားခြင်းတို့ကြောင့် ပါဏာတိပါတကံ ထိုက်ပါသလား။
(ြေုဖ)
ဒုစရိုက် မကောင်းမှုပြုရာ၌
(၁) ကိုယ်တိုင်ပြုခြင်း။
(၂) သူတပါးကို ခိုင်းခြင်း။
(၃) သူတပါး ပြုချင်လာအောင် အကျိုးကျေးဇူးဂုဏ်ကို ပြောခြင်း။
(၄) သူတပါးပြုသည်ကို သဘောတူခြင်း။
ဤသို့ ၄-ပါးရှိ၏။
ဈေးမှ သားငါးကို ၀ယ်ယူစားသောက်ခြင်းသည် ထို ၄-ပါးတွင် မပါဝင်သောကြောင့် ပါဏာတိပါတကံ မထိုက်ပါ။
အလှူလုပ်ရန် ကြိုတင်၍မှာခြင်းကား ပို၍ သတ်လိုက်ပါ-ဟု စေခိုင်းရာလည်း ရောက်၏။ ငွေပေးမည်ဖြစ်သောကြောင့် ပို၍ သတ်ချင်လာအောင် ဂုဏ်ကျေးဇူးကို ပြောရာလည်း ရောက်၏။
ထို့ကြောင့် ပါဏာတိပါတကံ ထိုက်သည်။
(ဤအလုပ်မျိုးကို အလှူရှင်ကိုယ်တိုင်ဖြစ်စေ၊ အလှူရှင်၏ လူယုံတော်ဖြစ်စေ လုပ်တတ်ကြလေသည်။ ၀မ်းနည်းဖွယ် ကောင်းလေစွ)။
မိမိအတွက် သတ်၍ ချက်ပေးသည်ကို သိလျက် စားခြင်း၌ လူဝတ်ကြောင်များအတွက် ထိုသို့ပြုသည်ကို သဘောတူလျှင် ပါဏာတိပါတကံ အဖြစ်သို့ မရောက်သော်လည်း သဘောတူခြင်းကြောင့် ပါဏာတိပါတ ဒုစရိုက် (မကောင်းမှု) ဖြစ်၏။ ရဟန်းတော်များကား ထိုသို့သိလျက်စားလျှင် အာပတ်လည်းသင့်သည်။ မသိ၍ စားလျှင် မည်သူမျှ အပြစ်မရှိ။ (ကံထိုက်လျှင် အပါယ်ကျခွင့်ရှိ၏။ ကံမထိုက်ဘဲ မကောင်းမှု ဒုစရိုက်ဖြစ်ရုံကား အပါယ်ကျ လောက်အောင် အပြစ်မကြီးဟု သာမညအားဖြင့် ခွဲခြားရသည်။)

အရှင်ဘုရား၊ ပါဏာတိပါတကံ ကျူးလွန်ရာတွင် လူသတ်ခြင်း၊ ဆင်သတ်ခြင်းနှင့် ပုရွက်ဆိတ်သတ်ခြင်းတို့၌ မည်သို့ အပြစ်ခြားနားပါသနည်း။
(ဖြေ)
ပါဏာတိပါတကံ၏ အပြစ်အကြီးအငယ်ကို စိစစ်ရာ၌
အသတ်ခံရသူ၏ ဂုဏ်၊
သို့မဟုတ် သတ်သူ့အပေါ်မှာ တင်နေသော ကျေးဇူး၊
သတ်ရာ၌ လုံ့လထုတ်မှု၊
သတ်အပ်သော သတ္တ၀ါ၏ အကြီးအငယ် ဤအချက်များကိုလိုက်၍ စိစစ်ရပါသည်။ ထို့ကြောင့်-
(က) လူသတ္တ၀ါနှင့် တိရစ္ဆာန်သတ္တ၀ါ ၂-မျိုးတွင် လူသတ္တ၀ါသည် ကုသိုလ်ကံကြောင့် ဖြစ်လာသော ရုပ် နာမ်ခန္ဓာဖြစ်၍ သဘာဝအားဖြင့် တိရစ္ဆာန်ထက် ဂုဏ်ရှိ၏။ အသိအလိမ္မာလည်း အထိုက်အလျောက် သာနေတတ်သေး၏။ ထို့ကြောင့် တိရစ္ဆာန်ကို သတ်ခြင်းထက် လူကိုသတ်ခြင်းက အပြစ်ပိုကြီး၏။
လူတွင်လည်း သီလ စသော ဂုဏ်အဆင့်ဆင့်မြင့်သူကို သတ်ခြင်းက အပြစ်ကြီး၏။
ဘုရား-ရဟန္တာကို သတ်လျှင်၎င်း၊ ကျေးဇူးကြီးလှသော မိဘကိုသတ်လျှင်၎င်း အ၀ီစိအကျိုးကို မုချပေး၏။
(ခ) တိရစ္ဆာန်တို့တွင် အကောင်ကြီးကို သတ်ရာ၌ လုံ့လစိုက်မှု ပယောဂကြီးမားရကား အကုသိုလ်စေတနာ တွေလည်း ရှေ့အဖို့၌ အများအပြား ဖြစ်ရလေ၏။
ပယောဂချင်း (သေနတ်တချက်အားဖြင့်) တူစေကာမူ အားစိုက်အားထုတ်မှု မတူသေး။
အားစိုက်အားထုတ်မှု တူစေကာမူ အကောင်ကြီး၌ ရုပ်အစုများစွာကို ဖျက်ဆီးရာရောက်၏။
ထို့ကြောင့် ပုရွက်ဆိတ်ကို သတ်ခြင်းထက် ဆင်ကိုသတ်ခြင်းက အပြစ်ကြီးသည်။
(မြတ်မင်္ဂလာ ၂၀၀၉-ခု စက်တင်ဘာလ)

မဖျက်ဆီးနဲ့
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။
* ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။
* မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချဆင်းရဲရာ။
* သူ၏ကောင်းမှု၊ ဖျက်ဆီးပြု၊ အကုသိုလ်စုသာ။
* အကုသိုလ်ကား၊ ပါယ်လေးပါး၊ လျင်လျားပို့သည်သာ။
* သုဓုခေါ်က၊ ကောင်းကျိုးရ၊ ရောက်ကြထက်နတ်ရွာ။
မှတ်ချက်။ ။
ပျက်စီးစေလိုသော စေတနာနှင့်ဖျက်လျှင် အကုသိုလ်ဖြစ်သည်။
ပျက်စီးနေသော ကျောင်းကန်ဘုရားစေတီတို့ကို ကောင်းစေလိုသော စေတနာဖြင့်ဖျက်၍ အသစ်ပြုပြင်လျှင် ကုသိုလ်ဖြစ်သည်။
စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်

မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်
အခါတပါး၌ ၀စ္ဆပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ လာရောက်၍ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်နှင့် ပတ်သက်၍ ဤသို့မေးလျှောက်၏။
အရှင်ဘုရား၊ အရှင်ဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ သွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေ့ရှုထင်၏။ အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံ၏-ဟု ကျွန်ုပ်ကြားဖူးပါ၏။
အရှင်ဘုရား ထိုသို့ပြောဆိုသော သူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်သလော၊ အကြောင်းမှန်ကို အကြောင်းမှန်အားလျော်စွာ ပြောကြားကြပါကုန်သလော-ဟု မေးလျှောက်၏။
မြတ်စွာဘုရားက "၀စ္ဆ၊ ထိုသို့ပြောဆိုသော သူတို့သည် ငါ၏စကားအရ ပြောဆိုသူများမဟုတ်ကုန်။ ငါ့ကို မဟုတ်မမှန်သောအားဖြင့်လည်း စွပ်စွဲကုန်၏"ဟု မိန့်တော်မူ၏။
ဝစ္ဆပရိဗိုဇ်က "အရှင်ဘုရား၊ ထိုသို့မဟုတ်ပါမူ အဘယ်သို့ ပြောဆိုသော် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ကုန်သနည်း"ဟု ထပ်မံမေးလျှောက်၏။
မြတ်စွာဘုရားက "၀စ္ဆ၊ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရရှိသည်ဟု ပြောဆိုသောသူသည် အမှန်အားဖြင့် ငါး၏စကားအရ ပြောဆိုခြင်းဖြစ်၏။ ငါသည် များပြားသော ရှေး၌နေဖူးသော ခန္ဓာအစဉ်(ဘ၀များ) ကို အလိုရှိသလောက် အောက်မေ့နိုင်၏။ (ပုဗ္ဗေနိဝါသာဉာဏ်ရှိ၏)။ ငါသည် စင်ကြယ်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် စုတေဆဲဖြစ်သော ၊ သို့မဟုတ် ပဋိသန္ဓေနေဆဲဖြစ်သော သတ္တ၀ါ၊ သို့မဟုတ် ယုတ်ညံ့သော သတ္တ၀ါ၊ ကောင်းစွာလားရာရှိသော သတ္တ၀ါ၊ သို့မဟုတ် ကောင်းသောသဘောတရား ရှိသော သတ္တ၀ါတို့ကို အလိုရှိသလောက် မြင်ရ၏။ ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသောစိတ်၏ ကိလေသာမှလွတ်ခြင်း၊ ပညာဖြင့် ကိလေသာမှလွတ်ခြင်းကို ယုခုဘ၀၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိလျက် မျက်မှောက်ပြုကာ ရောက်ရှိနေ၏။"
ဤသို့ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရှိသည်ဟု ပြောဆိုသူသည် ငါ့ကို မဟုတ်မမှန်သောအားဖြင့် မစွပ်စွဲဘဲ ငါ၏စကားအရ အကြောင်းမှန်ကို ပြောဆိုသူဖြစ်၏-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ တေ၀ိဇ္ဇ၀စ္ဆသုတ်။
ဦးငွေအောင်မွန်

စိတ်စင်ကြယ်မှ ရုပ်စင်ကြယ်မည်
* ကောင်းဆိုးနှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။
* ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။
* စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။
* အပြင်ရုပ်ပြ၊ စင်ကာမျှ၊ တွင်းက စင်ခဲစွာ။
စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်
* ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။
* စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။
* အပြင်ရုပ်ပြ၊ စင်ကာမျှ၊ တွင်းက စင်ခဲစွာ။
စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်
အမှီကောင်းကျိုး
* မြင့်မိုရ်တောင်ပါး၊ မှီခိုငြား၊ သားများ ဘေးကင်းစွာ။
* သာသနာကောင်း၊ မှီခိုအောင်း၊ အပေါင်း ဘေးကင်းစွာ။
* ထိုနည်းလည်းကောင်း၊ ဆရာကောင်း၊ မှီအောင်း ဘေးကင်းစွာ။
* မိကောင်း ဖကောင်း၊ မှီခိုအောင်း၊ သားပေါင်း ဘေးကင်းစွာ။
စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်ကြီး

သေကံမရောက် သက်မပျောက်
ကိုသောင်းမြိုင်သည် မြစ်ငယ်စာတိုက်တွင် စာပို့သမားအဖြစ် စတင်တာဝန်ထမ်းဆောင်ရာမှ ရာထူးတိုး၍ ယခုအခါတွင် စာတိုက်စာရေးကလေးအဆင့်ဖြင့် ဆက်လက်ထမ်းဆောင်နေသည်။
သူသည် နေ့စဉ် ဂုဏ်တော်ပုတီးစိပ်ခြင်းကို အမြဲပြုလုပ်၍ အခါအားလျော်စွာ ဥပုသ်စောင့်လေ့ရှိသည်။ အချိန်အားသည်နှင့် ဂုဏ်တော်ကိုးပါးကို ရွတ်ဆိုခြင်း၊ မေတ္တာပွားများခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ဂုဏ်တော်တန်ခိုး၊ မေတ္တာအကျိုးကြောင့် လူချစ်လူခင် ပေါများလျက်ရှိသည်။
ကိုသောင်းမြိုင်သည် နေ့စဉ် နေ့လယ် ၁၂-နာရီတွင် မြစ်ငယ်မြစ်၏ တောင်ဘက်ကမ်းရှိ သံတံတားရွာသစ်သို့ ထမင်းစားပြန်လေ့ရှိသည်။
၂၀၀၈-ခုနှစ်က ဖြစ်သည်။ တနေ့တွင် မြစ်ငယ်မြစ်ကူးတံတား (ကားများကူးသည့် သံတံတားဟောင်း) မှ ဖြတ်ကူးစဉ်တွင် ဇာတ်အဖွဲ့ ကားတကားလည်း ကူးလာသည်။ သံတံတားအဟောင်းဖြစ်သည့်အတွက် အပေါက်နေရာများကို သံပြားများဖြင့် ဖုံးအုပ်ထားပေသည်။
ကိုသောင်းမြိုင်သည် စက်ဘီးဖြင့် ထိုသံပြားနေရာသို့အရောက်တွင် ဇာတ်အဖွဲ့ကားသည်လည်း အရှိန်ဖြင့် မောင်းလာခဲ့သည်။ ကား၏အရှိန်ဖြင့် သံပြားအဖုံးကို နင်းမိလိုက်သည်နှင့် တပြိုင်နက် ကိုသောင်းမြိုင် စက်ဘီးသည် မြောက်တက်သွားပြီး ကားအောက်သို့ဝင်သွားခဲ့သည်။ ဘေးမှလူများကလည်း ဟာ-သွားပြီဟေ့-ဆိုသော အာမေဋိတ်ဖြင့် အော်နေကြသည်။
အရှိန်နှင့်မောင်းလာသော ကားသည်လည်း ဘရိတ်အုပ်၍ ရပ်လိုက်သည်။ ဘေးမှလူများသည်လည်း ကားအောက်မှ ကိုသောင်းမြိုင်ကို ဆွဲထုတ်ရန် ပြေးလာကြပေသည်။ ကိုသောင်းမြိုင်ကို ဆွဲထုတ်ရန် ပြေးလာကြပေသည်။ ကိုသောင်းမြိုင်မှာမူ လက်ကလေး အနည်းငယ်သာ နာကျင်သွားပြီး ကားအောက်တွင် ခွေခွေကလေး ကျနေခဲ့သည်။
ကားအောက်ဝင်သွားသော စက်ဘီးသည် ချိတ်ဖြင့် စက်ဘီးဘောင်ကို ချိတ်မိပြီး ကိုသောင်းမြိုင်အား ကားဘီး ကာထားပေးသလို ဖြစ်နေသည်။ သာမန်အားဖြင့် ကြည့်ပါက ကားအောက်ဝင်သွားသော စက်ဘီးနှင့်လူသည် ပြားချပ်သွားဖွယ်ရာရှိသော်လည်း ကိုသောင်းမြိုင်မှာမူ အသက်ဘေးမှ လွတ်ကင်းခဲ့ရသည်။
ကိုသောင်းမြိုင်၏ ပြောစကားအရမူ ဂုဏ်တော်တန်ခိုး၊ မေတ္တာသုတ်ကျေးဇူးကြောင့် ပုဂ္ဂိုလ်တဦးဦးက မ,ထားသလို ခံစားနေရတာပဲဟုပင် သိခဲ့ရသည်။ ကိုသောင်းမြိုင်သည် အသက်အန္တရာယ်မှ လွတ်ကင်းလာသည့်အတွက် ယခုအခါတွင် မိဘနှစ်ပါးကို ညစဉ်ကန်တော့ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော်ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာပွားများခြင်းများကို ပိုမိုဆောင်ရွက်နေပေသည်။ ထို့ပြင် သူတာဝန်ထမ်းဆောင်နေသော မြစ်ငယ်စာတိုက်သို့ ရဟန်းသံဃာများ၊ သီလရှင်များ စာလာထည့်ပါက မှတ်ပုံတင်ခ ကုသိုလ်ပြု လှူဒါန်းလျက်ရှိနေပေသည်။
နွေနဒီ (မြစ်ငယ်)
(မင်္ဂလာမောင်မယ် ၂၀၀၉-ခု စက်တင်ဘာလ)

Monday, August 23, 2010
မှန်ကန်သောသစ္စာ၏ အကျိုးထူး
ကျွန်မသည် ရန်ကုန်မြို့ရှိ ရုံးတရုံးမှ ၀န်ထမ်းတဦး ဖြစ်ပါသည်။ အစိုးရ၀န်ထမ်းဖြစ်သောကြောင့် တာဝန်အရ နယ်များတွင် သွား၍ တာဝန်ထမ်းဆောင်ရပါသည်။ ယခင်နှစ်များက နယ်များတွင် သွားရောက်နေထိုင်၍ တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ယခုနှစ်တွင်မူ နယ်သွား၍ တာဝန်ထမ်းဆောင်ရန် အခက်အခဲရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် မိဘနှစ်ပါးမှာ အသက်အရွယ်အားဖြင့် ၇၅-နှစ်ကျော်ရှိနေပြီး ကျန်းမာရေးလည်း ချို့တဲ့လျက်ရှိပါသည်။ ကျွန်မတို့အိမ်တွင် လူပိုမရှိပါ။ ညီမဖြစ်သူကလည်း အစိုးရ၀န်ထမ်း ဖြစ်သောကြောင့် တရပ်တကျေးတွင် တာဝန်ထမ်းဆောင်နေရပါသည်။ မိဘနှစ်ပါးမှာ ကျွန်မတို့နှင့် လိုက်နေရန်လည်း မဖြစ်နိုင်၊ ရန်ကုန်တွင် ထားခဲ့ရအောင်လည်း ကြည့်ရှုစောင့်ရှောက်ပေးမည့်သူ မရှိသောကြောင့် နယ်တွင် တာဝန် ထမ်းဆောင်ရန် အခက်တွေ့နေပါသည်။
ထိုစဉ် ကျွန်မတို့ဌာနမှ အမကြီးတဦးက ညီမလေး နယ်သွားဖို့ နှစ်ပတ်တောင် လိုသေးတာပဲ။ ဘုရားမှာ အဓိဋ္ဌာန်ပြုပြီး သစ္စာဆိုကြည့်ပါလား။ ညီမပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတခုခုအပေါ် သစ္စာဆိုပြီး ဆုတောင်းကြည့်ပါ။ သစ္စာမှန်ကန်ရင် အကျိုးထူးပါလိမ့်မယ်။
ထိုအမ၏ အားပေးတိုက်တွန်းမှုကြောင့် ကျွန်မသည် ညအချိန်တွင် မြတ်စွာဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး ဤသို့ သစ္စာဆိုခဲ့မိပါသည်။ သစ္စာစကားမှာ-
အရှင်ဘုရား၊ တပည့်တော်မသည် ၀န်ထမ်းအလုပ် လုပ်ကိုင်သည်မှစ၍ တပည့်တော်မ၏ လုပ်အားခလစာငွေဖြင့် မိဘနှစ်ပါးကို တတ်နိုင်သမျှ ကျွေးမွေးစောင့်ရှောက်ခဲ့ပါသည်။ ယခုအခါ မိဘနှစ်ပါးမှာ အသက်အရွယ်လည်း ကြီး၍ ကျန်းမာရေးလည်း ချို့တဲ့နေကြပါသည်။ ထို့ကြောင့် မိဘနှစ်ပါးအား အနီးကပ် ပြုစုလုပ်ကျွေးလိုပါသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် မိဘနှစ်ပါးနှင့် မခွဲခွါရဘဲ ကောင်းစွာလုပ်ကျွေးပြုစုရလိုပါ၏-ဟူ၍ ဖြစ်ပါသည်။
မြတ်စွာဘုရားထံ အဓိဋ္ဌာန်ပြုပြီးနောက် မိဘနှစ်ပါးကိုလည်း ညအိပ်ရာဝင်ရာ၌ ရှိခိုးကန်တော့ပါသည်။ မိဘနှစ်ပါးကလည်း မှန်ကန်သောသစ္စာ၏ အကျိုးထူးကိုခံစားရပါစေ-ဟု ဆုတောင်းပေးပါသည်။
ကျွန်မ နယ်သို့သွားရမည့်ရက်ကလည်း တဖြည်းဖြည်း နီးကပ်လာသောကြောင့် လိုအပ်သည့်ပစ္စည်းပစ္စယ များကိုပင် ပြင်ဆင်နေပြီးဖြစ်နေသည်။ အိမ်နီးချင်းအမကြီးကိုလည်း ကျွန်မ တပတ်တခါ ပြန်လာပါမည်။ ဒီကြားထဲ လိုအပ်တာများရှိရင် ကူညီပါဟု အကူအညီတောင်းခံမိပါသည်။
ထို့နောက် မိဘများ စားသောက်ရန် တပတ်စာကြော်လှော်ချက်ပြုတ်ပေးခြင်း၊ ဆေးဝါးများ ၀ယ်ထားပေးခြင်း တို့ကိုလည်း ပြုလုပ်ပြီးဖြစ်သည်။ ရပ်ကွက်ထဲရှိ ဆရာဝန်မကိုလည်း နှစ်ရက်တခါ အဖေ အမေတို့ထံကြွရောက်ပြီး ကျန်းမာရေးအတွက် စောင့်ရှောက်ပေးပါရန် အကူအညီ တောင်းခံခဲ့ပါသည်။
ကျွန်မ နယ်သို့သွားရောက်ရမည့်ရက်ကလည်း တဖြည်းဖြည်း နီးကပ်လာပြီ။ စိတ်ထဲတွင် မိမိ၏ သစ္စာစကား မှန်ကန်သော်လည်း ကံနိမ့်နေသောကြောင့် အကျိုးမပေးတာလား၊ လိုချင်စိတ်အားကြီးသောကြောင့် အလိုမပြည့်တာလား-ဟု ထင်မြင်နေမိသည်။ သို့သော်လည်း သဗ္ဗညုတမြတ်စွာဘုရားရှင်ကိုတော့ လေးနက်စွာကြည်ညိုသည်။ ယုံကြည်သည်။ ထို့ကြောင့် တနေ့နေ့တော့ ခံစားရမှာပါ-ဟု မိမိကိုယ်ကို အားပေးမိသည်။
ထို့နောက် မနက်ပိုင်းတွင် ဘုရားကို ရေသက်စေ့ကပ်လှူပြီး ရုံးသို့ထွက်လာခဲ့ပါသည်။ ရုံးရောက်၍ အလုပ်များ လုပ်ကိုင်နေစဉ် ကျွန်မထံ ဖုန်းဝင်လာပါသည်။ ဖုန်းပြောသောအခါ ကျွန်မတို့အထက်အရာရှိက ယခု လောလောဆယ် နယ်သို့မသွားသေးဘဲ ရန်ကုန်တွင်သာ တာဝန်ထမ်းဆောင်ရန် ပြောကြားပါသည်။
ဤတွင် ကျွန်မမှာ အံ့သြလွန်း၍ စကားပင် ပြန်မပြောနိုင်ပါ။ သစ္စာ၏အကျိုးထူးကို လျင်မြန်စွာ ခံစားလိုက်ရသောကြောင့် ဘုရားရှင်ကို လက်အုပ်ချီမိုး ရှိခိုးကန်တော့လိုက်ပါသည်။ ဤကဲ့သို့ သစ္စာ၏အကျိုးကိုခံစားရသည်မှာ မိဘနှစ်ပါးကို ကြင်နာယုယစွာ လုပ်ကျွေးပြုစုသောကြောင့်ဟု ယုံကြည်ယူဆမိပါသည်။
ဝမ်းဝမ်း

ပရိတ်စွမ်းအင် အသက်ရှင်
ကျွန်မသည် ၀န်ထမ်းတဦးဖြစ်၍ လပတ်၊ သုံးလပတ်နှင့် ရံဖန်ရံခါ လိုအပ်သလို အစည်းအဝေးများ တက်ရောက် ရ၏။ ထိုအစည်းအဝေးများကို တက်ရောက်ရာတွင်လည်း ကား၊ သင်္ဘော စသည်တို့ဖြင့် သွားရောက်ရသော နေရာများ ဖြစ်၏။ ရေလမ်း၊ ကုန်းလမ်းများ၏ လမ်းခရီးအန္တရာယ်ကို ကြောက်ရွံ့တတ်သော ကျွန်မသည် ဓာရဏပရိတ်ကို စာအုပ်ကြည့်၍ ရွတ်ဆိုသွားလေ့ရှိပါသည်။ တာဝန်များ ဆောင်ရွက်နေရသည့်အချိန်များ အကြားတွင်လည်း ဓာရဏပရိတ်ကို နေ့စဉ် အနည်းဆုံးတခေါက်တော့ ရွတ်ဆိုမိသည်။ သို့သော်လည်း အစအဆုံး အလွတ်ရခြင်းတော့ မရှိသေးပါ။
ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု-ဟူသည့် ပထမအပိုဒ် (အချုပ်) ကိုသာ ဌာန်ကရိုဏ်းကျကျ မိမိရရ ဆိုမိနေခြင်းဖြစ်သည်။
ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်တွင်လည်း ထိုပထမပိုဒ်ကို နှုတ်မှလည်းကောင်း၊ စိတ်မှလည်းကောင်း ရွတ်ဆိုမိတတ်ပေသည်။ တနေ့တွင် ကျွန်မ အကြီးအကျယ် ဖျားပါသည်။ သူငယ်ချင်း ဆရာဝန်၏ ဆေးခန်းသို့ သွား၍ ဆေးထိုးရပါသည်။ ဆရာဝန်က ပယ်နယ်စလင် တည့်မတည့် စမ်းသပ်ပါသည်။ စမ်းသပ်ပြီး တည့်သဖြင့် ကျွန်မကို ပယ်နယ်စလင် ထိုးပေးပါသည်။
ဤသို့ကုသသဖြင့် ကျွန်မ၏အဖျားရောဂါလည်း သိသိသာသာ သက်သာလာပါသည်။ ဆေးပတ်လည်စေရန် သုံးရက်ဆေးထိုးပေးပြီးနောက်ပိုင်းတွင်လည်း ပိုမိုကောင်းမွန်စေရန် ဆရာဝန်က နောက်တရက်ဆေးထပ်ထိုးဖို့ ပြောရာ လိုလိုလားလားပင် လက်ခံလိုက်ပါသည်။
စတုတ္ထမြောက်နေ့ ညနေတွင် ထိုးလက်စ ပယ်နယ်စလင်ကို ကျွန်မအား ထိုးပေးပါသည်။ ဆေးထိုးပြီး၍ ခုတင်ပေါ်မှဆင်းရန် ခြေချလိုက်စဉ်တွင် ကျွန်မလည်ပင်းတ၀ိုက် ယားယံလာပါတော့သည်။ ဆရာဝန်အား ပြောပြသောအခါ ခုတင်ပေါ်သို့ ပြန်တက်စေပြီး စမ်းသပ်မှုပြုပေးပါသည်။
ထိုအချိန်တွင် ကျွန်မမျက်နှာပြင်ပေါ်၌ မီးလောင်ဖုများလို ဖြစ်ပေါ်လာသည်။ နားရွက်များလည်း ထူပူလာ၏။ နှုတ်ခမ်းများမှာလည်း ရွစိရွစိဖြစ်နေသည်။ မျက်စိများကလည်း ဝေေ၀၀ါးဝါး ရှိနေ၏။ ခြေထောက်နှစ်ချောင်းကလည်း ထိန်းမရတော့ဘဲ တဆတ်ဆတ်တုန်ခါလျက် ကွေးချည်ဆန်ချည်ဖြင့် အကြောများ ဆွဲသကဲ့သို့ ဖြစ်လာသည်။ သို့သော် သတိတော့ မလစ်ပါ။
ဆရာဝန်က ကျွန်မကို အသားဆေးနှစ်လုံးနှင့် အကြောဆေးတလုံး ထိုးပေးသည်။ ပါးစပ်တွင်းသို့လည်း ပိုက်ဆင်၍ ချက်ချင်း ဆေးရည်များသွင်းပေးသည်။ သွေးပေါင်ချိန်ကို တချိန်လုံး တိုင်းနေပါသည်။
ဆရာဝန်၏ နှုတ်ကလည်း ကျွန်မကို စိတ်အာရုံပြောင်းစေသောစကားများ တတွတ်တွတ် ပြောနေ၏။ ကျွန်မကလည်း သူငယ်ချင်းဆရာဝန်အား သူငယ်ချင်း၊ ကိုယ့်ကို လိုအပ်သလို ဂရုတစိုက်သာ လုပ်ပေးပါ။ ကိုယ်မကြောက်ပါဘူး။ မင်းသာ သတိနဲ့ ဆောင်ရွက်ပေးပါ-ဟု ပြောလိုက်သည်။
ကျွန်မသည် ခုတင်ပေါ် ပြန်တက်လိုက်ရသည့်အချိန်ကတည်းကပင် ဓာရဏပရိတ် ပထမအပိုဒ်ကို ရွတ်ဆိုနေပြီးဖြစ်ပါသည်။ ထို့နောက်လည်း ခေါက်တုံ့ခေါက်ပြန် မရပ်မနား ရွတ်ဆိုနေမိပါသည်။
ည ၇-နာရီခန့်တွင် ဆရာဝန်က ကျွန်မအား သောက်ဆေးများပေး၍ စိတ်ချရပြီ၊ ပြန်နိုင်ပြီ-ဟု ဆိုပြီး ပြန်လွှတ်လိုက်ပါသည်။ အိမ်သို့ရောက်ပြီးနောက် ကျွန်မသည် တညလုံးပူလောင်၍ လူးလိမ့်နေရသည်။ မိုးလင်းချိန်တွင် နေသာသွားပါသည်။ အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ရပါသည်။ မျက်နှာပြင်တွင်လည်း မည်သည့်အဖုအပိန့်မျှ မကျန်ရစ်ခဲ့ပါ။
ကျွန်မ ယုံကြည်ပါသည်။ ဓာရဏပရိတ်၏ ဂုဏ်တော်တန်ခိုးတော်ကြောင့် ကျွန်မ အသက်ရှင်လာခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်။ ဓာရဏပရိတ်တော်၏ ပထမအပိုဒ်ကလေး ရွတ်ဆိုနိုင်ရုံမျှနှင့်ပင် မိမိအသက်ကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်မှစပြီး ဓာရဏပရိတ်တသုတ်လုံးကို နေ့စဉ်ရွတ်ဆိုခဲ့ရာ ယနေ့တိုင်ဖြစ်သည်။ ယခုမူ ဓာရဏပရိတ် တသုတ်လုံး အလွတ်ရွတ်ဆိုနိုင်ပြီ ဖြစ်ပါသည်။
တက္ကသိုလ် ခင်စိုးဦး

ကံကောင်းအောင် ပြုလုပ်ပါ
ဘုရားရှင်သည် အကောင်းကံတွေကို ဘ၀တိုင်း ပြုခဲ့လို့ ကံကောင်းများပြီး ဘုရားဖြစ်ရတယ်။
မိမိတို့လည်း ကံဆိုးတွေနည်းအောင် ရှောင်ပြီး
ကံကောင်းတွေများအောင် နေ့စဉ်ကြိုးစားဖို့ အရေးကြီးတယ်။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)

ရယ်ရွှင်ခြင်းရောက် ရောဂါပျောက်
သမားတော်ကြီး ဇီဝကကဲ့သို့ တရုတ်ပြည်၏ သုံးနိုင်ငံခေတ် (သက္ကရာဇ် AD 220-280) ကာလတွင် ဆေးစွမ်းထက်သော သမားတော်ကြီး ၀ှထို-ဆိုသူ ပေါ်ပေါက်ခဲ့ဖူးသည်။ သူသည် အရပ်တကာ နယ်လှည့် ဆေးကုသွားရာ ရွာကလေးတရွာ အရောက်တွင် မျက်လုံးများ နီရဲရောင်ကိုင်းပြီး ၀ိုးတ၀ါးသာ မြင်ရတော့သည့် ညီအမနှစ်ဖော်ကို တွေ့သည်။ အကြောင်းရင်းကို မေးမြန်းစုံစမ်းရာ မိခင်ဆုံးပါး၍ သောကမီးလောင်မြိုက်၍ နေ့အောက်မေ့ ညငိုနှင့် ဤကဲ့သို့ မျက်လုံးအစုံ ပြင်းထန်စွာ ထိခိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
သမားတော်ကြီး ၀ှထိုသည် ညီအမနှစ်ယောက်အား ကုသရန် နည်းလမ်းကို ဤသို့ပေးခဲ့သည်။
နေ့စဉ်နေ့တိုင်း နှစ်ယောက်အတူ တယောက်ကိုတယောက် အပြန်အလှန် ခြေဖ၀ါးကို ၄၉-ကြိမ်တိတိ ဆွဲကုတ်ရမည်။ (ယားအောင်လုပ်ရမည်)။ တချက်မျှ အပိုအလို မရှိစေရ။ ဤသို့ပြုလုပ်ခြင်းဖြင့် လ၀က်ခန့်တွင် မျက်စိများ ပြန်ကောင်းလာလိမ့်မည်-ဟူ၍ ဖြစ်သည်။
ဤညီအမနှစ်ဖော်သည် သမားတော်ကြီး ညွှန်ကြားသည့်အတိုင်း တသဝေမတိမ်း လိုက်နာဆောင်ရွက်ကြသည်။ သို့သော် တယောက်ခြေဖ၀ါးကို တယောက် ဆွဲကုတ်သောအခါ အောင့်မထားနိုင်ဘဲ အပြန်အလှန် ရယ်ကြရသည်။ သို့နှင့် လ၀က်မကြာမီ မျက်လုံးများ ပြန်လည်ကောင်းမွန်လာလေတော့သည်။
ယခုခေတ် လူတို့သည် ကိုယ်စိတ်နှစ်ဖြာ ရောဂါမျိုးစုံ ဖြစ်တတ်သည်မှာ အပြိုင်အဆိုင်များခြင်း၊
စိတ်ဖိစီးမှု ကြီးမားခြင်း၊ သာမန်ကိစ္စများကို ပေါ့ပေါ့ပါးပါး မတွေး မမြင်နိုင်ခြင်း စသော အကြောင်းရင်းလည်း ပါမည်။ ရယ်ရွှင်ခြင်းဖြင့် အရာခပ်သိမ်းကို ရှုမြင်သုံးသပ်နိုင်လျှင် အပြုံးဖြင့် သဘောထားကြီးစွာ ခွင့်လွှတ်နိုင်လျှင် ထိုထက်ပို၍ မကြာခဏ ရင်ဖွင့်ပြီး ရယ်မောပေးနိုင်လျှင် အသက်ရှည်ခြင်း၏ သော့ချက်ပင် မဟုတ်ပါလော။

ဆလတ်ရွက် စားသုံးခြင်း၏ အကျိုးကျေးဇူး
ဆလတ်ရွက်ကို ပုံမှန်စားသုံးပေးပါက သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်သည့်အပြင် ဆီးချိုရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ကျစေနိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။
ဆလတ်ရွက်ကို ဖျော်ရည်ပြုလုပ်၍ သီတင်းတပတ်လျှင် သုံးကြိမ် နှစ်အောင်စခန့် သောက်သုံးပေးပါက လေးလနှင့် ခြောက်လအတွင်း ခန္ဓာကိုယ်အတွင်း သွေးပျစ်မှုနှင့် သွေးကြောပိတ်ဆို့မှုများကို ကာကွယ်ပေးနိုင်ကြောင်းလည်း သိရသည်။
ဆလတ်ရွက်တွင် ပါဝင်သော ဟိုက်ပိုကလီစီမစ် အင်ဆူလင်သည် လူ၏ခန္ဓာကိုယ်အတွင်း သွေးထဲရှိ သကြားဓာတ်ပါဝင်မှု အနေအထားကို လျှော့ချပေးနိုင်သည့်အပြင် သွေးတွင်ပါရှိသော အဆိပ်ဓာတ်များကိုလည်း ဖယ်ရှားပေးနိုင်ကြောင်း အဆိုပါ ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။
ထို့အပြင် ဆလတ်ရွက်တွင် ပါဝင်သော ဓာတ်များက မျက်စိအမြင်ဓာတ်ကို ကြည်လင်စေရန် အထောက်အကူ ပေးနိုင်သဖြင့် အမြင်အာရုံ ချို့တဲ့သောသူများသည် ဆလတ်ရွက်ကို ပုံမှန်စားသုံးပေးသင့်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များက ဖွင့်ဟပြောဆိုခဲ့သည်။

ဂေါ်ဖီထုပ် စားသုံးခြင်း၏ အကျိုးကျေးဇူး
ဂေါ်ဖီထုပ်ကို ပုံမှန်စားသုံးပေးပါက အစာအိမ်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း ဂျပန်သုတေသန ပညာရှင်များက ပြောကြားသည်။
ဂေါ်ဖီထုပ်တွင် ပါဝင်သောဓာတ်များက အစာအိမ်နှင့် အူလမ်းကြောင်းတို့၌ ဖြစ်ပွားတတ်သည့် အနာများကို ပျောက်ကင်းစေသည်။ ထို့အပြင် အစာအိမ်နှင့် အူလမ်းကြောင်းတို့တွင် ဖြစ်ပွားနိုင်သည့် ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်နိုင်ကြောင်း အဆိုပါ သုတေသန ပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့သည်။
တဖန် ခန္ဓာကိုယ်တွင်းရှိ အောက်စီဂျင်ရက်ဒီကယ်များ ပျက်စီးမှုကို ကာကွယ်ပေးနိုင်အောင်လည်း ထိန်းသိမ်းပေးနိုင်ကြောင်း သိရသည်။
ဂေါ်ဖီထုပ်ကို တနေ့လျှင် နှစ်အောင်စခန့် စားသုံးပေးပါက အစာအိမ်ရောဂါ ဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေ နိုင်ကြောင်း ၊ နေ့စဉ် အနည်းငယ် စားသုံးပေးပါက အသားအရေ စိုပြည်ကာ အစာအိမ်ကင်ဆာ မဖြစ်ပွားနိုင်အောင်လည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

Sunday, August 22, 2010
အနာ နှင့် ဆေး တွေ့ပြီ
လွန်ခဲ့သည့် ၇-နှစ်ခန့်က ဖြစ်သည်။ ကျွန်ုပ်သည် ဇီဝိတဒါန သံဃာဆေးရုံကြီးထဲသို့ ၀င်သွားရာ လက်ဝဲဘက်ရှိ အပြင်လူနာပြသရန် ဆေးရုံလူနာမှတ်တမ်းစာအုပ် ပြုလုပ်ပြီးလျှင် အလှည့်ကျ၍ ၀င်ရောက်စမ်းသပ်ခံသည်။
ဆရာဝန်ကြီးက မေးသည်။ ဘာဖြစ်တာလဲဘုရား။
ဦးပဉ္ဇင်းမှာ ညာဘက်ဇက်ကြောတက်တာ မနေနိုင်လောက်အောင်ပဲ။ ငယ်ထိပ်နားမှာလည်း လက်နဲ့ဆုပ်ကိုင်ထားသလို နာနေတယ်။ ခေါင်း အောက်ငုံ့လိုက်ရင် ခေါင်းအုံပြီး မူးတာပဲ ဆရာကြီး။
ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။
၁၀-နှစ်ကျော်ပြီ၊ ဦးပဉ္ဇင်းက ပြည်တွင်းမှာ မြို့ကြီး မြို့သေး တောရွာတွေအထိ တော်တော်များများ ရောက်ဖူးပါတယ်။ ကျောင်းပြီးသွားတော့ ကျောင်းဆရာဘ၀နဲ့ ၃-နှစ်၊ မြေစာရင်း ဦးစီးဌာနမှာ ၁၅-နှစ်၊ ရောက်လေရာအရပ်မှာ ဒီဝေဒနာဖြစ်တိုင်း ဆရာများနဲ့ ကုသတာ မပျောက်ခဲ့ပါဘူး။ ဒီနေ့ ထိပေါ့။ စားဆေး၊ ထိုးဆေး။ တိုင်းရင်းဆေး စုံနေပြီဆရာ။ အနှိပ်သည်တောင် မလွတ်ဘူးဆိုပါတော့။
သည်တွင် ဆရာဝန်ကြီးက နားကျပ်ကိုင်၍ စမ်းသပ်သည်။
သွေးပေါင်တော့ နည်းနည်း ရှိတယ်။ ဒီဝေဒနာကြောင့် စိတ်ထိခိုက်ပြီး သွေးတိုးနည်းနည်းကလေးတော့ ရှိမှာပေါ့ဘုရား။
ကျွန်ုပ်လည်း လုပ်ရိုးလုပ်စဉ်အတိုင်း ဆေးစာရေးပေးမည်ဟု အထင်နှင့် မျှော်လင့်နေ၏။ ကျွန်ုပ်ထင်သည်မှာ မှား၏။
ဆရာဝန်ကြီးက ပြုံးလျက် ဤသို့လျှောက်၏။
အရှင်ဘုရား ရောဂါပျောက်ချင်သလား။
ဟာ-ဆရာကြီး ဘယ့်နယ်ပြောပါလိမ့်၊ ပျောက်ချင်တာပေါ့။
၁၀-နှစ်တာခံစားခဲ့ရသော ဝေဒနာသည်တို့မှာ အထူးပျောက်ချင်လှသလို ဆရာ၏ ညွှန်ကြားသော ဆေးစွမ်းပကားများကိုလည်း မျှော်လင့်နေကြ၊ စောင့်မျှော်နေမြဲဖြစ်ကြသည်။ သို့သော် ယခု ကျွန်ုပ်ထင်သကဲ့သို့ ဆေးစာရွက်တွင် ဆေးမညွှန်ကြားဘဲ လက်နှစ်ဖက် စားပွဲပေါ်တင်၍ စိတ်ရှည်လက်ရှည်ဖြင့် ပြောပါတော့သည်။
အရှင်ဘုရား၊ ရောဂါပျောက်ချင်ရင် တပည့်တော်ပြောတာကို အသေအချာ နားထောင်ပါ။ တပတ်တခါ ခေါင်းရိတ်တယ်ဆိုကြပါစို့၊ အဲဒီနေ့ တနေ့တည်းသာ ခေါင်းကို ရေနဲ့ဆေးပါ။ ကျန်တဲ့ ၆-ရက်မှာ ခေါင်းကို ရေမထိပါစေနဲ့။
ဒါမှဆက်ပြီး ရောဂါလက်ကျန်ရှိနေသေးရင် နှစ်ပတ်တခါ ခေါင်းရိတ်ပါဘုရား။ အဲဒီတော့မှ ခေါင်းကိုဆေးပါ။ ရေကတော့ နေ့စဉ်ချိုးလို့ရတယ်နော်။ ချိုးပါ။ ဒါပေမယ့် ခေါင်းကဖြိုပြီး မလောင်းမိဖို့ သတိတော့ထားပါ။ အဲဒီနောက်တော့ အရှင်ဘုရား ရောဂါပျောက်ပြီ။ ပျောက်သွားပြီဆိုတော့မှ ခေါင်းကို ဟိုတုန်းကလိုပဲ ပုံမှန် ရေချိုးတိုင်း ဆပ်ပြာတိုက်ပြီး ရေကို ခေါင်းကနေဖြိုလောင်းနိုင်ပြီပေါ့။ ထပ်ဖြစ်ရင် ခုပြောသလို ပြန်ပြီးတော့ တစ်က ပြန်စလုပ်ရမယ်။
ကျွန်ုပ် အံ့သြစွာဖြင့် ဆရာဝန်ကြီး၏ ညွှန်ကြားချက်ကို မယုံကြည်နိုင်လောက်စွာသော မျက်လုံးများနှင့် ကြည့်နေသည်ကို ဆရာဝန်ကြီး သိသွားဟန်တူသဖြင့် ဆက်၍ ညွှန်ကြားပြန်ပါသည်။
အရှင်ဘုရား ခေါင်းမှာ ရေအိတ်တည်နေတာ၊ ဆံပင်ကို နုတ်ကြည့်လိုက်တော့ အရင်းမှာ စိုရွှဲတဲ့ အသီးကလေးလို တွေ့ရမယ်။ အဲဒီမှာ ရေအိတ်နေတယ်။ ဒီရေအိတ်ကြောင့် ဖြစ်နေတယ်။ တခေါင်းလုံး ဆံပင်ရင်းမှာ ဒီလိုပဲဖြစ်နေလို့ ခွဲစိတ်ကုသရရင် အရှင်ဘုရား ၁၁-သိန်းလောက် အနည်းဆုံး ကုန်သွားလိမ့်မယ်။ အရှင်ဘုရား စိတ်ချမ်းသာစွာနဲ့သာ ပြန်ကြွပါ။ ရောဂါပျောက်ပါပြီ။ ဟိုရောက်လို့ ဒကာ ဒကာမတွေ ဒီလိုရောဂါမျိုး ဖြစ်နေတာရှိရင်လည်း အရှင်ဘုရားက ခုလိုပြောပြပေးလိုက်ပါလို့ တပည့်တော်မှာလိုက်ရပါစေ။
ကျွန်ုပ်သည် သေချာမှတ်သားနေရင်းမှ အခန်းအပြင်သို့ ထွက်ရန်ဟန်ပြင်နေတုန်းတွင်-
အရှင်ဘုရား ဆေးအလိုရှိရင် ဆေးထုပ်ယူဖို့ ဆေးစာရေးပေးလိုက်မယ်။ ဒါပေမဲ့ မသောက်နဲ့ဦး။ တပည့်တော်ပြောတာ လုပ်ကြည့်လို့ မပျောက်တော့မှ ဆေးကိုသောက်ပါ-ဟုဆိုကာ ဆေးစာရွက်ကိုလည်း ရေးလိုက်သေးသည်။
တပည့်တော်တို့က အရှင်ဘုရားတို့ရဲ့ ရောဂါကို ပျောက်အောင် ကုတာနော်။ ရောဂါပျောက်မှ တပည့်တော်တို့ ကုသိုလ်ရမှာ။ အဲသည့်ကုသိုလ်ဟာ နောင်ဘ၀အထိ သုံးလို့မကုန်နိုင်ဘူး မဟုတ်လား။ ပိုက်ဆံယူပြီးကုရင် ဒီဘ၀ ခဏပဲ အသုံးခံမယ်။ တပည့်တော်တို့ ပိုက်ဆံနဲ့ကုလာတာ ကြာပြီ၊ ခု အသက်ကြီးလာတော့ ကုသိုလ်ဖြစ် အခမဲ့ဆေးကုပေးဖို့ ဒီဇီဝိတဒါန သံဃာ့ဆေးရုံကြီးကို ရောက်လာတာပါ။ ပါရမီရှင် အလှူရှင်တွေနဲ့ နိုင်ငံတော်ရဲ့ အားပေးမှုကြောင့် ဒီဆေးရုံကြီး ဖြစ်လာတာ။ အရှင်ဘုရားရဲ့ရောဂါ ခုချက်ချင်း ပျောက်ရင် တပည့်တော်တို့ ခုကုသိုလ်ရတယ်။ နောက် ၁၀-နှစ်လောက်ကြာမှပျောက်ရင် အဲသည့် ၁၀-နှစ်ကြာမှ ကုသိုလ်ရမှာ။ အရှင်ဘုရားလည်း ၁၀-နှစ်လောက် မကြာခဏ လာနေရတော့မပေါ့။ တပည့်တော်ပြောတဲ့အတိုင်း လုပ်ကြည့်ပါ။ မပျောက်တော့ ပြန်လာခဲ့ပါဘုရား။
ဤသို့ စေတနာဆရာဝန်ကြီး ညွှန်းသည့်အတိုင်း ကျွန်ုပ်ပြုခဲ့ရာ ဝေဒနာပျောက်ခဲ့ပါသည်။ ကျွန်ုပ်၏ဝေဒနာ ပျောက်ခဲ့သည်မှာ ၇-နှစ်ရှိပေပြီ။ တခါဘူးမျှ ခေါင်းကိုက်၊ ဇက်ထိုး၊ ခေါင်းမူးခြင်း မရှိတော့ပြီ။ ဒီဝေဒနာမျိုးမှာလည်း ယောက်ျား မိန်းမ အတော်အဖြစ်များတတ်သည်။ ၇-နှစ်အတွင်း ကျွန်ုပ်သည် လူပေါင်း ၅၀-ခန့်လောက်ကို ဤဆေးနည်းကို ပြောပြရာ အားလုံးပျောက်ကင်းကြသည်။
ဓမ္မာလင်္ကာရ (B.Ag) အိမ်မဲ

ဗောဇ္ဈင်္ဂသုတ်၏ ဂုဏ်ကျေးဇူး
မောင်လှငွေတို့မိသားစုသည် မိရိုးဖလာ ဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ကြပါသည်။ ကံ ကံ၏အကျိုးကိုလည်း ယုံကြည်ကြပါ၏။ ကောင်းမှုသည် ကောင်းကျိုးကိုပေး၍ မကောင်းမှုသည် မကောင်းကျိုးကို ပေးမည် ဆိုသည်ကိုလည်း နှလုံးထဲ အသည်းထဲစွဲ၍ ယုံကြည်ထားကြပြီး ဖြစ်ပါသည်။
သို့ဖြစ်၍လည်း ကောင်းကျိုးဆန္ဒမှန်သမျှကိုသာ ကြိုးစားမွေးမြူခဲ့ကြသည်။ မကောင်းကျိုးဆန္ဒမှန်သမျှကို သတိထား ရှောင်ကြဉ်ကြစမြဲဖြစ်ပါသည်။
မြန်မာဗုဒ္ဓဘာသာ၊ လူ့ဘောင်လောကတွင် ဗုဒ္ဓဘာသာဝင်မှန်သမျှ ယုံကြည်ကိုးစား အားထားလေ့ရှိကြသည့် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအပါအ၀င် အစွမ်းထက်သည့် ဂါထာများ၏ အကျိုးပေးကိုလည်း ယုံကြည်သဒ္ဓါ စွဲမြဲစွာလက်ခံကျင့်သုံးတတ်ခဲ့ကြပါသည်။
ဥဒါဟရုဏ်အားဖြင့် နမော တေ -အစချီသော ဂါထာကို ရွတ်ဖတ်သရဇ္ဈာယ်သောကြောင့် အခက်အခဲဟူသမျှ အောင်မြင်စွာ ကျော်လွှားနိုင်ခြင်း၊ ဗောဇ္ဈင်သုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်သောကြောင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာပြီး ရောဂါဘယများ ကျဆင်းပျောက်ကွယ်သွားခြင်း၊ အသက်အန္တရာယ်ဘေးကို ကျော်လွှားနိုင်ခြင်း၊ ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်သောကြောင့် ဘေးရန်မှ ကင်းလွတ်ခဲ့ရခြင်း၊ ရန်သူတို့ မကောင်းကြံ၊ မကောင်းပြု ဘေးဆိုးမှ ကင်းဝေးခဲ့ရခြင်း၊ ကြံတိုင်းအောင်၍ ဆောင်တိုင်းပြီးမြောက်ခြင်း၊ မိမိအပေါ် မကောင်းစိတ်ထားရှိသူတို့ စိတ်ပြောင်းလာပြီး စိတ်ကောင်းထားရှိလာခြင်း စသည်ဖြင့် ကောင်းကျိုးတို့ ပေါ်ပေါက်လာစမြဲဖြစ်ပါသည်။
ယခုလည်း မောင်လှငွေတို့ ဇနီးမောင်နှံမှာ အသက်အန္တရာယ် ဘ၀ခရီးကြမ်းကို စတင်,ရင်ဆိုင်နေရပြီဖြစ်၍ အောင်မြင်ချောမွေ့စွာ ဖြတ်ကျော်နိုင်မည့် အစွမ်းထက်မြက်သော ဂါထာတပုဒ်ကို ရွတ်ဆိုပူဇော်နိုင်ရန် အစွမ်းကုန် ကြိုစားဆောင်ရွက်ကြရမည့် အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ ကြုံနေရသော ဘေးရန်၊ အန္တရာယ်ဆိုးမှာ မိမိတို့၏ ရင်နှစ်သည်းချာ သမီးခမျာမှာ ယခု ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ရသည့်ကာလတွင် မကြုံစဖူး သားအိမ်၏ရှေ့တွင် အချင်းရှေ့ရောက်ရှိနေကြောင်း အာထရာဆောင်းတွင် တွေ့မြင်သိရှိရချက်ပင် ဖြစ်ပါတော့သည်။
ထိုသို့သော အခြေအနေမျိုးမှာ ခွဲစိတ်ကုသရလေ့ရှိကြောင်း ဆရာဝန်များ၏ ပြောစကားအရ သိရှိရပါသည်။ ဤသို့သော ဖြစ်ရပ်မျိုးမှာ လူတိုင်း ကြုံတွေ့ကြရသည်။ ယခု သမီးလေးတွင်မှ ကြုံတွေ့နေရ၍ မိဘနှစ်ပါး ခေါင်းချင်းဆိုင်ကာ မိမိတို့တတ်စွမ်းသမျှ အစွမ်းမြက်သည့် ဂါထာတပုဒ်ကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် သမီးလေး၌ ကြုံတွေ့နေရသည့် အန္တရာယ်ဆိုးမှ ကင်းဝေးပပျောက်ရန် စဉ်းစားမိသည်။
ယခုခေတ်ကာလသည် တိုးတက်နေသော သိပ္ပံခေတ်ဖြစ်သည်။ သမီးလေး၏ သန္ဓေသားလောင်းကို ယောက်ျား လေးလား၊ မိန်းကလေးလားဟု ကြိုတင်ခွဲခြားနိုင်သည်။ အသက်အန္တရာယ် ထိခိုက်နိုင်မည့် ဘေးဥပါဒ် အန္တရာယ်ကိုလည်း ကြိုတင်သိမြင်၍ ကာကွယ်နိုင်သည်။ ဤသို့ဖြင့် သိပ္ပံခေတ်အကျိုးကျေးဇူးကို ခံစားနေနိုင်ကြပြီ ဖြစ်ပါသည်။
ယခု သမီးလေးတွင် ကြုံတွေ့နေရသည့် အချင်းသန္ဓေသားရှေ့ ရောက်နေသည့်အန္တရာယ်မှာ အလွန်ကြီးမားကြောင်း၊ ခွဲစိတ်မှသာ ဖြစ်နိုင်ကြောင်း ကြားသိနေပြီ။ ကာယကံရှင်မှာလည်း မရွှင်မလန်း ညှိုးနွမ်းအားငယ်နေသည်။ မိဘဖြစ်သူ မောင်လှငွေတို့ ဇနီးမောင်နှံမှာလည်း ရတက်မအေး ကြံရာမရ စိတ်နှလုံး ကြိမ်မီးအုံးသကဲ့သို့ ခံစားကြရပါသည်။
ထိုအခါ မောင်လှငွေ၏ စိတ်ကူးအတွေးထဲသို့ မိမိတသက်တာ ဖတ်မှတ်လေ့လာခဲ့ရသည့် အစွမ်းထက်မြက် လှသည့် ဗောဇ္ဈင်္ဂသုတ်တော်ကြီး၏ အကြောင်းအရာများကို ပြတ်ပြတ်ထင်ထင် မြင်တွေ့လာမိပါသည်။
တရားမင်းဖြစ်တော်မူသော ဘုရားရှင်သည် မိမိကိုယ်တိုင် နာမကျန်းဖြစ်၍ ဆင်းရဲဝေဒနာ ခံစားနေတော် မူသည့်အခါတွင် ဗောဇ္ဈင်သုတ်တော်ကြီးကို စုန္ဒမထေရ်အား ရွတ်ဖတ်သရဇ္ဈာယ်စေလျက် ကြားနာတော်မူခဲ့ သည်။ ထိုအခါ ပြင်းထန်သော ဝေဒနာဆင်းရဲ ခံစားရခြင်းမှ တမုဟုတ်ချင်း ပျောက်ကင်းတော်မူခဲ့ပါသည်။ ဘုရားရှင်၏ အထူးယုံကြည်ကိုးစားခြင်း ခံရတော်မူသည့် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးနှင့် အရှင်မဟာကဿပ မထေရ်မြတ်ကြီးတို့ကိုယ်တော်တိုင်ပင် ပြင်းထန်သော အနာရောဂါ နှိပ်စက်မှုကြောင့် ဆင်းရဲပင်ပန်းစွာ ကြုံတွေ့နေရသည့်အခါတွင် ဘုရားရှင်ကိုယ်တော်တိုင် ဗောဇ္ဈင်္ဂသုတ်တော်ကြီးကို ရွတ်ဖတ်သရဇ္ဈာယ်ပေးပြီး ကြားနာစေခဲ့သည်။ ထိုအခါ ရောဂါများ ပျောက်ကင်းသွားခဲ့သည်။ ဤသို့ အတွေးဝင်လာပါသည်။ ဤသို့ပင် ဘုရားရှင်နှင့်တကွ အသီတိမထေရ်ကြီးများပင် ဝေဒနာခံစားနေရရာမှ ကင်းဝေးခဲ့ရပုံကိုလည်း ပြန်လည်အတွေးများ ၀င်လာခဲ့ပါသည်။ ဗောဇ္ဈင်္ဂသုတ်တော်ကြီး ရွတ်ဖတ်သရဇ္ဈာယ် ခြင်းဖြင့် ဤသို့လျှင် အန္တရာယ်ဆိုးများဘေးမှ ကင်းဝေးခဲ့ရပုံကို စိတ်အာရုံ၌ ထင်မြင်မိခဲ့ပါသည်။ သို့ဖြင့် မောင်လှငွေတို့ ဇနီးမောင်နှံသည် မိမိတို့၏ သမီးလေး အန္တရာယ်ဘေးဆိုးမှ ကင်းဝေးပပျောက်စေအောင်၊ တနေ့လျှင် သုံးကြိမ်၊ တကြိမ်လျှင် ခုနစ်ခေါက် ဗောဇ္ဈင်္ဂသုတ်တော်ကြီးကို ယုံကြည်သဒ္ဓါ ပွားများစွာဖြင့် ၄-လကျော်ကျော် ၅-လတိုင်တိုင် နေ့စဉ် ၀တ်မပျက် ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
ထိုသို့ သဒ္ဓါတရားပြည့်ဝစွာဖြင့် ရွတ်ဖတ်ပူဇော်မှုကြောင့်ပင် ဖြစ်ပါလိမ့်မည်။ မီးဖွားခါနီး တပတ် နှစ်ပတ်အလိုတွင် အာထရာဆောင်း ရိုက်ချက်ကို ပြန်ကြည့်သော ဆရာဝန်၏ မှတ်ချက်မှာ သမီးဖြစ်သူ၏အချင်းသည် ပုံမှန်အတိုင်း ဘေးဖက်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ၀မ်းသာအားရ ကြားသိရပါသည်။ မောင်လှငွေတို့ ဇနီးမောင်နှံမှာ ဗောဇ္ဈင်္ဂသုတ်တော်ကြီး၏ ဂုဏ်ကျေးဇူးကို ကြည်ညိုသဒ္ဓါပွား၍ မဆုံးတော့ပါ။
မကျန်းမာသည့် လူမမာများ ၊ ရောဂါအသည်းအသန် ခံစားနေရသည့် လူနားများသည် ကိုယ်တိုင် ကျန်းမာနေကောင်းလာစေရန် ကိုယ်တိုင် ရွတ်ဖတ်သရဇ္ဈာယ်ရမည်။ ရောဂါသည်း၍ ကိုယ်တိုင်မစွမ်းနိုင်ပါက သားသမီး၊ မိဘ ဆွေမျိုးတဦးဦးက ကိုယ်စားရွတ်ဖတ်ပေးရမည်ဟူသော အစဉ်အလာဆိုရိုးစကားကိုလည်း ပိုမိုလေးစားကြည်ညိုလိုက်နာလိုစိတ် ထက်သန်လာပါသည်။ မျှော်မှန်းခဲ့သည့်အတိုင်း ရှေ့သို့ရောက်နေသော အချင်းမှာ ဗောဇ္ဈင်္ဂသုတ်တော်ကြီးကျေးဇူးကြောင့် လုံးဝ ဘေးသို့ပြန်လည်ရောက်ရှိသွားသောကြောင့် သမီးလေးမှာ မီးဖွားသန့်စင်ရာ၌ အခက်အခဲတစုံတရာ မကြုံတွေ့ရတော့ဘဲ အန္တရာယ်ဘေးဆိုးမှ ကင်းဝေးခဲ့ရသည်။ အန္တရာယ်ဆိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် လူမမာများ၊ အသည်းအသန် လူနာရှင်များသည် ဗောဇ္ဈင်္ဂသုတ်တော်ကြီးကို ယုံကြည်သဒ္ဓါပွားများစွာဖြင့် ရွတ်ဖတ်ပူဇော်နိုင်ကြပါရန် မေတ္တာရည်၍ ဖော်ပြအပ် ပါသည်။ (ဖြစ်ရပ်မှန်)။
တက္ကသိုလ်မောင်မောင်လှိုင်

Friday, August 20, 2010
ဘားမဲ့ဆရာတော်၏ ရန်အောင်ဂါထာ
ဤရန်အောင်ဂါထာကို ဘားမဲ့ဆရာတော်က ညောင်ရမ်းမင်းအား အမြဲရွတ်ဆိုရန် ပေးအပ်သောဂါထာဖြစ်သည်။
ဘားမဲ့ဆရာတော်သည် ညောင်ရမ်းမင်းနှင့် အနောက်ဘက်လွန်မင်းတို့ ဆည်းကပ်ကိုးကွယ်ခြင်းခံရသော ဆရာတော်ဖြစ်သည်။
မြန်မာဂုဏ်ရည်တွင် ဦးဖိုးကျားက ဘားမဲ့ဆရာတော်သည် ရှင်သာမဏေအဖြစ်၌ရှိစဉ် စိတ်ပေါ့သူ တပည့်တယောက်နှင့်အတူ ဟံသာဝတီမြို့ အနောက် မြစ်နားသို့လျှောက်၍ သွားကြသည်။ ထိုစဉ် မိကျောင်းတကောင်သည် ကြေးနီပုရပိုက်ကို ကိုက်၍ ပေါ်လာ၏။
ဘားမဲ့ဆရာတော်လောင်း ဖြစ်လာမည့် ရှင်သာမဏေက ပုရပိုက်ကို လုယူလော့-ဟုဆို၏။ စိတ်ပေါ့သူ တပည့်လည်း မကြောက်မရွံ့ လုယူရရှိ၏။ မိကျောင်းလည်း ကွယ်ပျောက်သွားလေ၏။
ရှင်သာမဏေသည် ကြေးနီပုရပိုက်ရသည့်နေ့မှစ၍ ရဟန်းမရှိသော လေးထပ်ကျောင်းဟောင်းတွင် နေထိုင်ကာ ထိုပုရပိုက်ကို မပြတ်ကြည့်ရှုမှတ်သားလေ့လာ၏။ သုံးနှစ်ခန့်ကြာသော် ပုရပိုက်၌ပါသော အင်းအိုင်၊ ယတြာ၊ ဆေးဝါးမန္တာန် အစီအရင်တို့ကို အပြီးတိုင်တတ်မြောက်လေသည်-ဟူ၍ ဖော်ပြထားသည်။
ရှင်သာမဏေသည် နောင်အခါ ရဟန်းဖြစ်လာပြီး ဘားမဲ့ဆရာတော်ဟု အမည်တွင်၍ ထင်ရှားကျော်ကြားသည်။
( ပါဠိဂါထာ )
မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာဏဉ္စ သစ္စကံ။
နာဂံ ဗကံ ဇိနော ဇိနိ၊ ဟောတု မေ ဇယမင်္ဂလံ။
( မြန်မအသံထွက်)
မာရံ ယက်ခံ ဂဇံ စောရံ၊ စိန်စမာနင်စ သစ်စကံ။
နာဂံ ဗကံ ဇိနော ဇိနိ၊ ဟောတု မေ ဇယမင်ဂလံ။
( အနက်မြန်မာပြန်)
မြတ်စွာဘုရားသည် မာရ်နတ်သားကို၎င်း၊
အာဠာဝက ဘီလူးမင်းကို၎င်း၊
နာဠာဂီရိ ဆင်ကို၎င်း၊
အင်္ဂုလိမာလကို၎င်း၊
စိဉ္စမာဏ မိန်းမယုတ်ကို၎င်း၊
သစ္စက ပရိဗိုဇ်ကို၎င်း၊
နန္ဒောပနန္ဒ နဂါးမင်းကို၎င်း၊
ဗကဗြဟ္မာကြီးကို၎င်း၊ အောင်မြင်တော်မူလေပြီ။
( ဤမှန်ကန်သော သစ္စာစကားကြောင့်) အကျွန်ုအား အောင်ခြင်းမင်္ဂလာ အဖြာဖြာသည် မုချမသွေ ဖြစ်ပါစေသတည်း။

အကောင်းအဆိုး ကံ
ပစ္စည်းဥစ္စာဆိုတာလည်း ခဏပိုင်တာပဲ ဖြစ်တယ်။
အချိန်ကျတော့ အားလုံးထားပစ်ခဲ့ပြီး တကိုယ်တည်း သွားကြရမှာပဲ။
အချစ်ဆုံးဆိုတဲ့ ခန္ဓာကိုယ်တောင် ထားခဲ့ကြရမယ်။
ကိုယ်ပြုသမျှ အကောင်းအဆိုး ကံကိုသာ ယူသွားကြရမှာ ဖြစ်တယ်။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
အချိန်ကျတော့ အားလုံးထားပစ်ခဲ့ပြီး တကိုယ်တည်း သွားကြရမှာပဲ။
အချစ်ဆုံးဆိုတဲ့ ခန္ဓာကိုယ်တောင် ထားခဲ့ကြရမယ်။
ကိုယ်ပြုသမျှ အကောင်းအဆိုး ကံကိုသာ ယူသွားကြရမှာ ဖြစ်တယ်။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
သံဝေဂ ၈-ပါး
၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်း နောက်ဆုံးရှိချေ၏တကား။
၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။
၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။
၎။ ၀ိညာဉ်တင်းလင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။
၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။
၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။
၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။
၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။

ဆေးကုတတ်ပါက ကုသိုလ် ၅-မျိုးရ
ယနေ့ ဆေးပညာလောက၌ အနောက်တိုင်းဆေးပညာအတတ်ဖြင့် ဆေးကုသော ဆရာဝန်၊ တိုင်းရင်းဆေးပညာ အတတ်ဖြင့် ဆေးကုသော ဆေးဆရာ-ဟူ၍ အကျဉ်းချုပ်အားဖြင့် နှစ်မျိုးရှိလေသည်။ ထိုဆေးကုသော ဆရာနှစ်မျိုးလုံးပင် စိတ်ထားမြင့်မြတ်စွာ ထားနိုင်ပါက ကုသိုလ် ၅-မျိုး ရနိုင်ပေသည်။ ထိုအကြောင်းကို ကျွန်ုပ်တို့ မြတ်မင်္ဂလာစာစောင်က အားထားသော ပင်တိုင်ဓမ္မဆောင်းပါးရှင် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကြီးက ဆေးကုတတ်ပါက ကုသိုလ် ၅-မျိုးရ-ဟူ၍ တရားဆောင်းပါး ရေးသားဖူးသည်။
သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကြီးသည် အဘိဓဇမဟာရဋ္ဌဂုရု အ၈္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်များရ ဆရာတော်ကြီးဖြစ်သည်။ သီလ၊ သမာဓိ၊ ပညာ နှင့် အထူးပြည့်စုံသည်။ သက်တော် ၈၈-နှစ်ရှိ၍ မကျန်းမာသော်လည်း မြတ်မင်္ဂလာစာဖတ် ပရိသတ်များအတွက် စေတနာမေတ္တာထား၍ တရားဆောင်းပါးများကို လစဉ်ရေးသားချီးမြှင့်နေဆဲဖြစ်သည်။
ဆေးကုတတ်ပါက ကုသိုလ် ၅-မျိုးရ-ဆောင်းပါးတွင် ဆရာတော်ကြီးက စိတ်ထားမြင့်မြတ်ကြသော ဆေးကုဆရာများမှာ ကုသိုလ် ၅-မျိုး ရရှိနေကြသည်မှာ ထင်ရှားသည်။
စိတ်ထားမြင့်မြတ်ကြသော ဆေးကုဆရာတို့သည် မိမိထံရောက်ရှိလာသော မကျန်းမာသူများကို မြင်ရသောအခါ ကျန်းမာချမ်းသာသွားအောင် ဆေးကုသပေးမည်။ ဆေးကုသပေးမည်ဟု စိတ်တွင် မကြာခဏ ဖြစ်နေတတ်ကြသည်။ ဤသို့ ဖြစ်နေခြင်းသည် မေတ္တာဘာဝနာပွားများနေခြင်း ဖြစ်သည်။ ထို့ကြောင့် မေတ္တာဘာဝနာကိုသုလ်ကို ရရှိနေကြပေသည်။
တဖန် စိတ်ထားမြင့်မြတ်ကြသော ဆေးကုဆရာတို့သည် ဝေဒနာခံစားနေကြရသော မကျန်းမာသူများကို မြင်ရသောအခါ ထိုဝေဒနာများ ကင်းပျောက်သွားစေလိုသော သနားကရုဏာများ စိတ်တွင် မကြာခဏ ဖြစ်နေတတ်ကြသည်။ ဤကဲ့သို့ဖြစ်နေခြင်းသည် ကရုဏာဘာဝနာ ပွားများနေခြင်းဖြစ်သည်။ ထို့ကြောင့် ကရုဏာဘာဝနာကုသိုလ်ကိုလည်း ရရှိနေကြပေသည်။
ထို့ပြင် စိတ်ထားမြင့်မြတ်ကြသော ဆေးကုဆရာတို့သည် ရောဂါဝေဒနာ ခံစားနေရသော မကျန်းမာသူများမှာ မိမိဆေးကုသပေးလိုက်သဖြင့် ရောဂါဝေဒနာပျောက်ကင်းချမ်းသာသည်ကို မြင်ရသောအခါ အလွန်ပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရပေသည်။ ဤကဲ့သို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းသည် မုဒိတာဘာဝနာကို ပွားများနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မုဒိတာဘာဝနာ ကုသိုလ်ကိုလည်း ရရှိနေကြပေသည်။
ထိုမှတပါး အချို့သော မကျန်းမာသူတို့သည် ဆေးကုဆရာများက ညွှန်ကြားသည့်အတိုင်း မလိုက်နာကြပေ။ ဆေးမှန်မှန်မစား၊ ရှောင်ကြဉ်ရမည့် အရာများကို မရှောင်ကြဉ်၊ ချိန်းချက်ထားသော အချိန်များတွင် မလာရောက်၊ ထိုထိုအကြောင်းများကြောင့် ရောဂါဝေဒနာများ မပျောက်ကင်းကြပေ၊ ထိုရောဂါဝေဒနာရှင်များကို ဆေးကုဆရာများ တွေ့မြင်ရသောအခါ ဒေါသ၊ ဒေါမနဿများ ဖြစ်မနေဘဲ မိမိဖြစ်စေချင်သလို မဖြစ်သည်မှာ ဝေဒနာရှင်၏ကံပဲဟု လျစ်လျူရှုလိုက်ရပေသည်။ ဤကဲ့သို့ လျစ်လျူရှုလိုက်ခြင်းသည် ဥပေက္ခာဘာဝနာကို ပွားများခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဥပေက္ခာဘာဝနာကုသိုလ်ကိုလည်း ရရှိနေကြပေသည်။
ထို့ပြင် အချို့သော မကျန်းမာသူတို့သည် ဆေးကုဆရာများက ညွှန်ကြားသည့်အတိုင်း လိုက်နာကြသည်။ ဆေးမှန်မှန်စားကြသည်။ ရှောင်ကြဉ်ဖွယ်များကို ရှောင်ကြဉ်ကြသည်။ ချိန်းချက်ထားသော အချိန်များ၌ ရောက်အောင်လည်းလာကြသည်။ သို့သော် ထိုမကျန်းမာသူတို့၏ ရောဂါဝေဒနာတို့သည် ပျောက်ကင်းခြင်း မရှိကြပေ။ ခံစားနေရလျက်ပင် ရှိသည်။ ထိုအခါမျိုးတွင် စိတ်ထားမြင့်မြတ်သော ဆေးကုဆရာများသည် ထိုရောဂါဝေဒနာရှင်တို့အတွက် စိတ်နှလုံးပူပန်သောက မဖြစ်ကြမူလျက် ဝေဒနာရှင်၏ အတိတ်ကကံ ကြောင့်သာဟု လျစ်လျူရှုကြရပေသည်။ ဤကဲ့သို့ လျစ်လျူရှုလိုက်ခြင်းသည် ဥပေက္ခာဘာဝနာကို ပွားများခြင်းဖြစ်ပေသည်။ ထို့ကြောင့် ဥပေက္ခာဘာဝနာကုသိုလ်ကိုလည်း ရရှိနေကြပေသည်။
ထို့ပြင် အချို့သော မကျန်းမာသူတို့သည် အလွန်ပင် ဆင်းရဲနွမ်းပါးရှာကြသည်။ ဆေးကုဆရာများက ညွှန်ကြားသည့် ဆေးများကိုပင် မ၀ယ်ယူနိုင်ကြရှာ။ စားဖွယ်၊ သောက်ဖွယ်များကလည်း မပြည့်စုံကြ၊ ဤကဲ့သို့ ချို့တဲ့နွမ်းပါးနေကြသော ဝေဒနာရှင်များကို စိတ်ထားမြင့်မြတ်ကြသော ဆေးကုဆရာများက တွေ့သိကြသော အခါ ဆေးဝယ်ဖို့ရန် ငွေကြေးများ ထောက်ပံ့ကြသည်။ သင့်လျော်သော ဆေးဝါးများကို ကိုယ်တိုင်လည်း ၀ယ်ပေးလှူဒါန်းကြသည်။ စားဖွယ်၊ သောက်ဖွယ်များကိုလည်း ပေးကမ်းလှူဒါန်းကြသည်။ ဤကဲ့သို့ လှူဒါန်းခြင်းကြောင့် ဒါနကုသိုလ်ကိုလည်း ရရှိနေကြပေသည်-ဟူ၍ ဆရတော်ကြီးက စူးရှထက်မြက်စွာ ဖွင့်ဆိုရေးသားထားသည်။
အလွန်ပင် တန်ဖိုးရှိလှသည်။ ထို့ကြောင့် ဆေးကုဆရာဝန်ဖြစ်သော ဆရာဝန်များနှင့် တိုင်းရင်ဆေးဆရာများ တို့သည် ကုသိုလ် ၅-မျိုး ရနိုင်ကြရန် စိတ်ထားမြင့်မြတ်စွာ ထားသင့်ကြောင်း ကျွန်ုပ်တို့ နှိုးဆော်တိုက်တွန်း အပ်ပါသည်။ ဆေးကုခြင်းဖြင့် ကုသိုလ် ၅-မျိုး ရကြပါစေ။

* အတ္တာဟိ အတ္တနော နာထော - ဘုရားဟော ဒေသနာတော်အရ-
မိမိသည်သာ မိမိ၏ ကိုးစားရာ၊ အားထားရာ ဖြစ်၏။
* သူတပါးသည် မိမိ၏ကိုးစားရာ၊ အားထားရာ မဟုတ်။
* ထို့ကြောင့် မိမိတို့ကိုယ်ကို ယဉ်ကျေးအောင်ဆုံးမ၍ ကြုံခဲ၊ ရခဲလှစွာသော အမြိုက်နိဗ္ဗာန်တရားကို ရရှိ၊ ရောက်ရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြစေကုန်ရာသတည်း။
ဘဒ္ဒန္တသိရီ မဟာထေရ်
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊
မာလာရာမတိုက်၊ ကွက်သစ်ကျောင်း၊
ပဓာနနာယကဆရာတော်။

ပရဟိတ ဆောင်ရွက်ကျိုး
* အများအကျိုး၊ ရွက်သယ်ပိုး၊ ကိုယ်ကျိုး မယုတ်ပါ။
* ကိုယ်ကျိုးမထား၊ ဆောင်ရွက်ငြား၊ အများကြည်ညိုရာ။
* ရပ်ကျိုးရွာကျိုး၊ ရွက်သယ်ပိုး၊ တန်ခိုးကြီးတတ်ပါ။
* ရပ်သူရွာသား၊ မေတ္တာပွား၊ ရှည်လျားတသက်တာ။
* ဘေးကင်း ရန်ကင်း၊ ရောဂါကင်း၊ လက်ငင်းချမ်းသာစွာ။
* ဘုရားအလောင်း၊ ထုံးကိုဆောင်း၊ ယုံကြောင်းပုံစံပါ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်

* စာတတ်အောင်သင်၊ ယဉ်ကျေးအောင်လုပ်၊ လိမ္မာအောင် ကြိုးစား။
* စကားလည်း ချိုစေ၊ ကိုယ့်ပြေ (ပြည်) ကိုယ့်မြေနှင့် မိမွေဖမွေအနှစ်၊ ချစ်တတ်အောင်ဆောင်ရွက်။
* အသက်နှင့်ခန္ဓာ တည်ကြာနေသမျှ သာသနာလည်းမညှိုးရအောင် တိုင်းပြည်နှင့်လူမျိုး အကျိုးရှိအောင် လုပ်ကြ။
ဘဒ္ဒန္တတေဇောသာရ မဟာထေရ်
ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့မသာသနာပြုစာသင်တိုက်

Thursday, August 19, 2010
ဘာသာရေး ပြဿနာ ( ၅ )
အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။
(မေး) အရှင်ဘုရား၊ ဘုရားပွဲကျင်းပခြင်းကြောင့် မည်သို့အကျိုးရှိပါသနည်း။ ဘုရားပွဲကျင်းပခြင်း အစဉ်အလာသည် မည်သည့်လက်ထက်မှ ဆင်းသက်လာပါသနည်း။
(ဖြေ)
ဘုရားပွဲ ကျင်းပခြင်းကြောင့် (ဘုရားဂုဏ်တော်ကို အာရုံပြုလိုသူမှာ) အကျိုးမထူးပါ။ ကျမ်းစာတို့၌ ဘုရားဖူးသွားလိုသော ရဟန်းသည် ဘုရားပွဲအချိန်၌ သွားခြင်းငှာ မသင့်လျော်ဟုပင် တားမြစ်ပါသည်။
ကျမ်းစာ၌ ဘုရားပူဇော်ပွဲများ ပါရှိသောကြောင့် ဘုရားပွဲအစဉ်အလာသည် အလွန်ရှေးကျသော အခါကပင် ဖြစ်ပေါ်လာခဲ့ဟန်တူသည်။ သို့သော် ယခုခေတ်ကဲ့သို့ ဘုရားဝင်းအတွင်း၌ အငှားကပွဲများ ကျင်းပခြင်း၊ ကာလ သားသမီးတို့ အလွန်အကျူး သောင်းကျန်းခြင်းတို့ကား ရှိခဲ့မည်မဟုတ်ပါ။ ယခုခေတ်ဘုရားပွဲများ၌ ကုသိုလ်ဖြစ်ဖို့ထက် အကုသိုလ်ဖြစ်ဖို့က များနေပါသည်။
********************************************************************************
(မေး) အရှင်ဘုရား၊ ဘုန်းကြီးပျံကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခြင်းဖြင့် အကျိုးမည်သို့ရှိပါသနည်း။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူစဉ်က တပည့်သား သာဝကနှင့် ဒါယကာ ဒါယိကာမတို့ မည်ကဲ့သို့ ပူဇော်ခဲ့ကြပါသနည်း။
(ဖြေ)
ဘုန်းကြီးပျံကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရာ၌ ယခုကာလကဲ့သို့ ပွဲမျိုးစုံထည့်သွင်း၍ ကျင်းပခြင်းမှာ ဆရာသမား၏ ဂုဏ်ကျေးဇူးကို ပူဇော်ရာမရောက်ဘဲ ဆရာဘုန်းကြီး ပျံတော်မူသည့်အတွက် ပျော်ပွဲရွှင်ပွဲတခု ပြုခွင့်ရသကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ယခုခေတ် ကျင်းပနည်း၌ ကုသိုလ်အကျိုးရ နည်း၍ အကုသိုလ် အပြစ်တွေသာ အရများ၏။
အကယ်ပင် ဆရာသမား၏ ဂုဏ်ကျေးဇူးကို အမှတ်တရပူဇော်လိုကြလျှင်ကား ပျော်ပွဲရွှင်ပွဲ မပါစေဘဲ သံဝေဂ ဖြစ်ရာ (ရုပ်နာမ်အပေါ် ငြီးငွေ့စရာ) ငြိမ့်ညောင်းသော တေးဂီတဂါထာတို့ကို ရွတ်ဆို၍၄င်း၊ တပည့်တပန်း ရဟန်းသံဃာ ဒကာ၊ ဒကာမအားလုံး သန့်ရှင်းသော သက်သတ်လွတ် ဆွမ်းဒါနကို ပြု၍၄င်း၊ တတ်နိုင်ပါမူ ရက်အပိုင်းအခြား၊ အချိန်အပိုင်းအခြားဖြင့် ဘာဝနာပွား၍၄င်း၊ ရက်ပေါင်းများစွာ ကြာချင်တိုင်းကြာအောင် ဘုန်းကြီးပျံပွဲ ဆင်နွှဲသင့်ကြပါသည်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မမူမီ အရှင်အာနန္ဒာက အလောင်းတော်ကို မည်သို့ပူဇော်ရပါမည်နည်း-ဟု လျှောက်သောအခါ ဘုရားရှင်ကိုယ်တော်တိုင် အာနန္ဒာ-သင်တို့သည် မြတ်စွာဘုရား၏ ကိုယ်တော်ကို ပူဇော်ဖို့ရန် ကြောင့်ကြမစိုက်ရစ်ကြနဲ့၊ အနှစ်သာရဖြစ်သော အရဟတ္တဖိုလ် ရဖို့ကိစ္စ၌သာ မမေ့မလျော့ မပေါ့မဆ ကြောင့်ကြစိုက်ရစ်ကြ-ဟု မိန့်တော်မူပါသည်။
ထိုအမိန့်တော်အတိုင်းပင် ရဟန်းတော်များ အထူးကြောင့်ကြမစိုက်ကြပါ။ ဒါယကာ၊ ဒါယိကာမတို့ကသာ အ၀တ်အသစ်တထပ်၊ ၀ါဂွမ်းတထပ်၊ အစုံပေါင်းငါးရာဖြင့် အလောင်းတော်ကို ရစ်ပတ်၍ ဆီလောင်းထားသော ရွှေခေါင်းတော်၌ထည့်ကာ မီးပူဇော်ကြလေသည်။
(ထိုမီးပူဇော်သည့်ရက်အထိ ရက်ပေါင်း ၁၄-ရက်သာ ကြာ၏။ ပထမ ၇-ရက်သည် ပြင်ဆင်ရင်း ပူဇော်ခြင်းဖြင့် ကုန်သွား၏။ ပူဇော်ရာ၌ ကိုယ်တိုင်ကမှု၊ သံဝေဂသီးချင်းဆိုမှု၊ တီးမှုတ်မှုများ ပါဝင်၏။ ဒုတိယ ၇-ရက်ကား စန္ဒကူးနံ့သာပုံပေါ်၌ မီးပူဇော်ဖို့ပြင်ဆင်ရင်း ကြာသွားလေသည်။ တချို့ကလည်း မီးပူဇော်ရာ၌ ၇-ရက်မကြာ၊ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ၈-ရက်မြောက်မှာပင် မီးသင်္ဂြိုဟ်ပြီးဖြစ်သည်-ဟု ဆိုကြသေး၏။)
*******************************************************************************************
(မေး) အရှင်ဘုရား၊ ရှင်ပြုရာတွင် ရှင်လောင်းလှည့်ကာ ရှင်ပြုပွဲအခမ်းအနားဖြင့် ရှင်ပြုခြင်း၊
ဘုန်းကြီးကျောင်း၌ ခေါင်းတုံးရိပ်၊ သင်္ကန်းဝတ်၍ ရှင်ပြုခြင်း ၂-မျိုးဝယ် ကုသိုလ်အကျိုးပေး မည်သို့ထူးပါသနည်း ။ သားတော်ရာဟုလာ မည်ကဲ့သို့ ရှင်ပြုပါသနည်း။ ရှင်လောင်းလှည့်ခြင်း အစဉ်အလာသည် မည်သည့်ခေတ်က စ၍ ဖြစ်ပေါ်လာပါသနည်း။
(ဖြေ)
ကုသိုလ်အကျိုးရခြင်း မထူးပါ။
ကပိလ၀တ်ပြည် နန်းတော်၌ ဘုရားရှင် ဆွမ်းဘုဉ်းပေးတော်မူပြီး ပြန်ကြွလာတော်မူသောအခါ ရာဟုလာသည် ဘုရားရှင်၏ နောက်တော်မှ လောကီအမွေတောင်းရင်း ပါလာ၏။ ကျောင်းတော်သို့ ရောက်သောအခါ ရာဟုလာအား လောကုတ္တရာအမွေ ပေးတော်မူရမည်-ဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာကို ရှင်ပြုပေးစေတော်မူ၏။ အရှင်သာရိပုတ္တရာသည် အမိန့်တော်အတိုင်း ဦးခေါင်းကိုရိတ်ပေး၍ သင်္ကန်းဝတ်စေတော်မူပါသည်။
ရှင်လောင်းလှည့်ခြင်း၊ မဏ္ဍပ်အတွင်း၌ အဘိသိက်သွန်းခြင်းစသော အစဉ်အလာကို မည်သည့်ခေတ်က ဆင်းသက်လာသည်ဟု မသိပါ။ တချို့က ဓမ္မာသောကမင်း၏ သားတော် မဟိန္ဒမင်းသားကို ရှင်ပြုရာမှ ဆင်းသက်လာသည်-ဟု ပြောကြ၏။ ပါရာဇိကအဋ္ဌကထာမဟိန္ဒမင်းသား ရှင်ပြုခန်း၌ ထိုအသိုင်းအ၀ိုင်း မပါချေ။

(မေး) အရှင်ဘုရား သင်္ကန်းပရိက္ခရာဖိုးမျှ မရှိ၊ ရှင်ပြုအခမ်းအနားလည်း မလုပ်နိုင်သော မိဘသည် သားကို မည်ကဲ့သို့ ရှင်ပြုနိုင်ပါသနည်း။
(ဖြေ)
သနားတတ်သော (သပိတ်သင်္ကန်းလည်း ပေးနိုင်လောက်သော ) ဆရာသမားထံ အပ်နှံ၍ ရှင်ပြုနိုင်ပါသည်။ အမှန်အားဖြင့် ရှေးခေတ်က ရှင်ပြုရာ၌ သပိတ်၊ သင်္ကန်းကို ဆရာရဟန်းကိုယ်တိုင်က မိမိမှာရှိလျှင် ပေးရပါသည်။ မရှိလျှင်လည်း ရဖို့ရန် အားထုတ်ရပါသည်။
(ဘုရားရှင်သည် ရဟန္တာဖြစ်လောက်သော အရည်အချင်းရှိပါလျက် ကြွေးတင်နေသော ပုဏ္ဏားကို ရဟန်းပြုတော်မူပြီးလျှင် ကောသလမင်းအထံ ခေါ်သွား၍ အကျိုးအကြောင်း ပြောပြတော်မူ၏။ ကောသလမင်းက ကြွေးတာဝန်ကို ယူပါသည်။ ထိုရဟန်းလည်း တရားအားထုတ်၍ ရဟန္တာဖြစ်လေသည်။ သဂါထာဝဂ္ဂ၊ ဗြဟ္မဏသံယုတ်။)

(မေး) အရှင်ဘုရား မိမိသားကိုသော်၎င်း၊ သူတပါးသားကိုသော်၎င်း၊ ရှင်ပြုပေးရာတွင်လည်း ကလေးမည်သည့်အရွယ်တွင် ရှင်ပြုသင့်ပါသနည်း။
(ဖြေ)
ဗုဒ္ဓမြတ်စွာသည် ပထမခွင့်ပြုတော်မူစဉ်က ၁၅-နှစ် အသက်ပြည့်မှ ရှင်ပြုပေးရမည်-ဟု မိန့်တော်မူ၏။
ထို့နောက် မိဘများ သေဆုံးသွားသဖြင့် ကိုးကွယ်ရာမဲ့ဖြစ်နေသော ကလေးညီနောင်နှစ်ယောက်ကို အကြောင်းပြု၍ မိမိထမင်းစားပွဲကို ကျီးနှိုက်စားလျှင် ခြောက်နိုင်သောအရွယ်ရှိသူကို ရှင်ပြုပေးနိုင်၏-ဟု ခွင့်ပြုတော်မူပြန်သည်။
(၀ိနည်းမဟာဝါ၊ ပဗ္ဗဇ္ဇခန္ဓက ပါဠိတော်)
မှတ်ချက်။
မလွှဲသာ၍ ခွင်ပြုတော်မူရသော ဤဒုတိယခွင်ပြုတော်မူချက်ကို ကောက်ချက်ချ၍ ယခုကာလ၌ အတော်ငယ်သော ကလေးများကို ရှင်ပြုပေးကြ၏။ ထိုကလေးများသည် ဆယ်ပါးသီလနှင့် ထိုက်တန်သောကျင့်ဝတ်ကို မကျင့်နိုင်ကြ။ တချို့မှာ ဇာတရူပ သိက္ခာပုဒ်ကို အပျက်ခံ၍ ပိုက်ဆံကို လက်ထဲထည့်ပြီးလျှင် ကျောင်းလိုက်ချင်အောင် မိဘတို့က ချော့ကြရ၏။
မဏ္ဍပ်အတွင်းမှာပင် သင်္ကန်းမနိုင်ဘဲ သိက္ခာပုဒ်များစွာ အပျက်အစီး ခံကြရ၏။ တချို့ကား ကျောင်း၌ မအိပ်လိုကြဘဲ အိမ်မှာပင် အိပ်ကြ၏။ ဤအားလုံးအတွက် သာမဏေများရထိုက်သော သေခိယသိက္ခာပုဒ် သီလတွေ အတော်များစွာ ပျက်လေပြီ။ ထိုသို့ သီလတွေအပျက်ခံ၍ ရှင်ပြုပေးရာ၌ မိဘတို့မှာ ငွေလည်းထောင်ကုန်၊ သောင်းကုန် ကုန်ရှာကြသေး၏။ အချို့သော ဗုဒ္ဓဘာသာဝင်တို့၏ မသိနားမလည်ချက်ကား ဘာသာဖျက်ရာရောက်ရုံသာမက ဘာသာခြားတွေနှင့် နောင်လာနောက်သားတို့ စဉ်းစားဝေဖန်ကြတော့မည့် အတွက် အလွန်ပင် ရှက်ဖွယ်ကောင်းလှပေသည်။
ဖြစ်သင့်သော ရှင်ပြုနည်း
သားကို ရှင်ပြုပေးရာ၌ မိဘတို့သည် အရင်းအနှီးနည်းပါးသွားအောင် (သို့မဟုတ်-ကုန်သွားအောင်) ရှင်ပြုပွဲ မကျင်းပသင့်ပါ။ သင့်တော်သောအရွယ်ရောက်မှ အနေအထိုင် အချိုးကျသောကျောင်းသို့ပို့၍ သင့်တော်ရုံ၊ ငွေကုန်ကြေးကျခံရုံဖြင့် ရှင်ပြုပေးသင့်ပါသည်။ ရှင်သာမဏေအဖြစ်ဖြင့် နေခိုက်၌ လူဝတ်ကြောင်တို့၏ သီလယူနည်း၊ ဒါနပြုနည်း၊ ဥပုသ်စောင့်နည်းနှင့်တကွ ရဟန်း၊ သာမဏေတို့၏ အမြဲကျင့်ရသောသိက္ခာပုဒ်များကို နားလည်၍ ကျင့်တတ်အောင်၎င်း၊ ဘာသာရေးကိစ္စတို့၌ အသားကျနားလည်အောင်၎င်း၊ လေ့လာသင့်၏။။
သို့မှ မိမိတို့က ဒကာအဖြစ်ဖြင့် လှူရသောအခါ ပုဂ္ဂိုလ်အကောင်းအဆိုး ရွေးချယ်တတ်၍ သာသနာထောက်ပံ့သောဒါယကာတယောက် ဖြစ်လာဖွယ် ရှိပေသည်။
( မြတ်မင်္ဂလာ ၂၀၀၉-ခု သြဂုတ်လ)

အစားကြူး၍ အထီးကျန်ရောဂါဖြစ်ခြင်း
မိဘများသည် သားသမီးများကို အစာစားနိုင်လေ ကျန်းမာလေဟု ယူဆတတ်ကြသည်။ တနေ့ သုံးနပ်၊ ကြက်၊ ဘဲ၊ အသား၊ ငါး၊ နို့၊ ဥတို့ကို မေတ္တာအပြည့်နှင့် ချက်ပြုတ်ကျွေးမွေးသည့်ပြင် ဘီစကွတ်၊ ဂျယ်လီ၊ ချောကလက်၊ ကိတ်မုန့်၊ အချိုရည် စသည့် မျိုးစုံသော သရေစာများကိုလည်း မပြတ်မလပ် ကျွေးမွေးတတ်ကြသည်။ ဤတွင် မိဘများ သတိမထားမိကြသည်မှာ ကလေးသည် တနေ့တခြား ပိုမို၍ တကိုယ်ထီးထီး နေတတ်လာသည်။ စကားပြောလျှင် ထစ်အလာတတ်သည်။ ကြောက်တတ်လာသည်။ လှုပ်ရှားမှု နှေးကွေးလာတတ်သည်။ လူအများနှင့် မဆက်ဆံလို၊ အနည်းငယ် အလိုမကျဖြစ်လျှင် များများစိတ်တိုတတ်သည်။ ဤသို့ ကလေး၏ သဘော ဆိုးလာသည်ကို မိဘက အလိုလိုက်၍ အမိုက်စော်ကားသည်-ဟု ထင်မြင်တတ်သည်။
အမှန်တကယ်မူ ဤလက္ခဏာများသည် ကလေးအထီးကျန်ရောဂါဖြစ်သည်ကို ပြသခြင်းပင်ဖြစ်သည်။ ဤထူးခြားသော အပြုအမူများသည် အစားအသောက်နှင့် သက်ဆိုင်နေသည်။ သိပ္ပံပညာရှင်များ၏ နှစ်ရှည်လများ သုတေသနပြုချက်အရ ကလေးများ၏ အထီးကျန်ရောဂါဖြစ်ခြင်းသည် အက်စစ်ဓာတ် အစားအစာများကို နှစ်ရှည်လများ လွန်ကြူးစွာ စားသုံးခြင်းကြောင့်ဖြစ်သည်။
မည်သည့်အစားအစာသည် အက်စစ်ဓာတ် အစားအစာ ဖြစ်သနည်း။
အဘယ်ကြောင့် အက်စစ်ဓာတ် အစားအစာသည် ကလေးများကို အထီးကျန်ရောဂါ ဖြစ်စေသနည်း။
ယခု ခေတ်မီတိုးတက်သော ကမ္ဘာကြီး၏ နေ့စဉ်ထမင်းစား စားပွဲတွင် အများအားဖြင့် အသား၊ ငါး၊ နို့၊ ကြက်ဥ စသည့် အဆီဓာတ်များများ၊ ပရိုတင်းခေါ် အသားဓာတ်များများ၊ သကြား၊ ဆန်ချော၊ ဂျုံနုနှင့် ပြုလုပ်ထားသော ကာဗွန်ဟိုက်ဒရိတ်ခေါ် သကြားဓာတ်များများ ပါဝင်သည့် အဆိုပါအစားအစာများသာ နေရာယူကြကုန်သည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲ၊ ပြောင်း၊ နှမ်း၊ လုံးတီးဆန်၊ ဂျုံကြမ်း စသည့် သဘာဝအစားအစာများ မရှိသလောက်ဖြစ်လာသည်။
အဆီဓာတ်များများ၊ အသားဓာတ်များများ၊ သကြားဓာတ်များများပါသော အစားအစာများအတွင်းမှ မီးစုန်းဓာတ်၊ ကန့်ဓာတ်၊ ကလိုရင်းဓာတ်များသည် ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်ပြောင်းလဲခြင်းဖြစ်စဉ်တွင် အက်စစ်ဓာတ် အဖြစ် အလွယ်တကူ ပြောင်းလဲသွားကြသည်။ သိပ္ပံပညာရှင်များသည် ဤသို့သော အဆီဓာတ်များများ၊ အသားဓာတ်များများ၊ သကြားဓာတ်များများပါဝင်သော အစားအသောက်များကို အက်စစ်ဓာတ်အစားအစာ များဟု ခေါ်ဆိုသည်။
ကျန်းမာသော ခန္ဓာကိုယ်၏ သွေးရည်၊ ကိုယ်ရည်၊ လင့်ဖ်ရည် စသည့် အသက်ရည်-များသည် ဘေ့စစ်ဓာတ် အနည်းငယ်ဆောင်သည်။ PH 7.35 ဖြစ်သည်။ အက်စစ်ဓာတ် အစားအစာများ အစားများသောအခါတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ပင်ပန်းနွမ်းနယ်လာပြီး အက်စစ်ခန္ဓာကိုယ် ဖြစ်လာတော့သည်။ ဇီဝရုပ် ဖြစ်ပျက်ပြောင်းလဲခြင်းဆိုင်ရာ ရောဂါများ ဖြစ်စေတော့သည်။ အက်စစ်ဓာတ်ကဲနေသော အသက်ရည်-များသည် ကလေး၏ အတွေး၊ အမြင်၊ လှုပ်ရှားမှုစွမ်းရည်များကို အဟန့်အတား ဖြစ်စေသည်။ ထို့ကြောင့် ကလေးများ အထီးကျန်ရောဂါလက္ခဏာများ ပြလာခြင်းဖြစ်သည်။
သို့သော် သစ်သီးသစ်ဖု၊ ဟင်းသီးဟင်းရွက်၊ ပင်လယ်ရေညှိ၊ ပဲအမျိုးမျိုး၊ လုံးတီးဆန်နှင့် ဂျုံကြမ်းတို့တွင်မူ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် စသည့် သတ္ထုဓာတ်များ ပေါကြွယ်ဝ၍ ဇီဝရုပ်ဖြစ်ပျက် ပြောင်းလဲခြင်း ဖြစ်စဉ်တွင် ဘေ့စ်ဆစ် ဓာတ်ပစ္စည်းများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့ကြောင့် ယင်းတို့ကို ဘေ့ဆစ်ဓာတ်အစားအစာများဟု ခေါ်သည်။ ဤအစားအစာများကို မမေ့မလျော့၊ မပျင်းမရိ စားသုံးပါမှ ကိုယ်ခန္ဓာသည် အက်စစ်ဓာတ်၊ ဘေ့စ်ဆစ်ဓာတ်မျှတပြီး ပုံမှန်ကျန်းမာမည်။
မိဘများသည် ဤအချက်ကို သတိထားရမည်ဖြစ်သည်။ ကလေးများ အထီးကျန်ရောဂါ မဖြစ်စေရန် မှန်ကန်စွာကျွေးမွေးရမည် ဖြစ်သည်။
ကလေးများကို အစားအစာကျွေးနိုင်သည့် အရွယ်မှစ၍
(၁) သကြားလျှော့ကျွေးပါ။ ဟင်းသီးဟင်းရွက်ကို ပိုကျွေးပါ။
(၂) အသားလျှော့ကျွေးပါ။ ပဲ ပိုကျွေးပါ။
(၃) ဥ-လျှော့ကျွေးပါ။ အသီးအနှံပိုကျွေးပါ။
သို့မှသာလျှင် ကလေးသည် အာဟာရချို့တဲ့ရောဂါလည်းကင်း၊ အ၀လွန်ရောဂါလည်း ရှင်း၍ ကျန်းမာပကတိဖြစ်ပါသည်။
အထီးကျန်ရောဂါလက္ခဏာပြ ကလေးများအတွက်မူ ဆရာဝန်ညွှန်ကြားချက်ဖြင့် ဆေးသောက်ကုသရမည်။ ဥပမာ-ကယ်လ်ဆီယမ် ဂလူကိုနစ်၊ ပိုတက်ဆီယမ်ကလိုရိုဒ်၊ စီဗစ် စသည်တို့သည် ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။
မှတ်သားသင့်သည်မှာ ဆေးဝါးကုသမှုနှင့် မလုံလောက်ပါ။ နေ့စဉ် အစားအသောက် ဂရုစိုက်ရပါမည်။ အနု နှင့် အကြမ်း၊ သားငါး နှင့် သက်သတ်လွတ် တို့ကို ဆီလျော်စွာ တွဲဖက်စားသောက်ခြင်းဖြင့် ကလေး၏ ဇီဝရုပ်ဖြစ်ပျက်ပြောင်းလဲခြင်း ဖြစ်စဉ်ကို ပုံမှန်လည်ပတ်စေနိုင်ပြီး ကျန်းမာရွှင်လန်းစေလိမ့်မည် ဖြစ်ပါသည်။
ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
ကျမ်းကိုး။ ။ တရုတ်စာစောင် Renzhichu 2003 N0.2 မှ ဘာသာပြန်ဆိုသည်။

ယင်ကောင်၊ ဘိုစားပဲ၊ လက်ဖက်ရည်ကြမ်း
( ယင်ကောင်၏ အန္တရာယ် )
ယင်ကောင်သည် အလွန်ပေါက်ဖွားလွယ်သည်။
ယင်ကောင်သည် ခဏခဏ အစာ စားသည်။
ပြီးနောက် ခဏခဏ မစင်ယိုသည်။
တနေ့လျှင် အကြိမ် ၅၀-ခန့် ယိုလေ့ရှိသည်။
လူတို့၏မစင်ပုံမှအစ တွေ့ရာနေရာတွင် နားလေ့ရှိသည်။
ယင်ကောင်သည် လူတို့၏အစာကို စားသောက်သောအခါတွင် ၀ါးစားလိုက်၊ အန်ချလိုက်၊ မစင်ယိုလိုက် လုပ်လေ့ရှိသည်။ ထို့ကြောင့် ယင်နားစာကို စားသူများမှာ ကာလ၀မ်းရောဂါ၊ ၀မ်းကိုက်ရောဂါ၊ တိုက်ဖွိုက်ရောဂါမှအစ ရောဂါမျိုးစုံ ရနိုင်သည်။
အကိုး။ ။ ဆရာဝန်တင်ရွှေ၏ တင်ပြချက်။
*******************************************************************************
( အစွမ်းထက်သော ဘိုစားပဲ)
ဘိုစားပဲကို စားသုံးခြင်းဖြင့် အူမကြီးကင်ဆာ၊ အရိုးပွရောဂါနှင့် နှလုံးရောဂါတို့ ဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေသည်။
ထို့ပြင် ခန္ဓာကိုယ်အတွင်း ဆဲလ်အသစ်များ ဖြစ်ပေါ်မှုကိုလည်း အထောက်အကူ ပေးနိုင်သည်။
ဘိုစားပဲကို ပုံမှန်စားသုံးသွားပါက နှလုံးရောဂါတိုက်ခိုက်မှုမှ ကင်းဝေး၍ လေဖြတ်ခြင်းလည်း မဖြစ်ပေါ်နိုင်ဟု ဗြိတိသျှသုတေသန ပညာရှင်များက ဖော်ထုတ်ပြောကြားခဲ့သည်။
ဘိုစားပဲတွင် ဗီတာမင်ကေ၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင် ဘီ-၂၊ ကော့ပါး၊ ဗီတာမင် ဘီ-၁၊ ကယ်လ်စီယမ်၊ အိုမီဂါ-၃၊ ဖက်တီးအက်စ်နှင့် ဗီတာမင် ဘီ-၃ တို့အပြင် ပရိုတိန်းဓာတ်လည်း ပါဝင်သည်။ အများဆုံးပါဝင်သော ဓာတ်ပစ္စည်းမှာ ဗီတာမင်ကေ ဖြစ်ကြောင်း အဆိုပါ ဗြိတိသျှ သုတေသနပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြသည်။
********************************************************************************
(လက်ဖက်ရည်ကြမ်း)
လက်ဖက်ရည်ကြမ်းခေါ် ရေနွေးကြမ်းသည်-
(၁) ကင်ဆာကို ကာကွယ်သည်။
(၂) သွားကို ခိုင်စေသည်။
(၃) ဦးနှောက်သွေးကြော မပေါက်အောင်ကာကွယ်သည်။
ဂျပန်နိုင်ငံ၌ မူလတန်းကျောင်းသားလေးများသည် မနက်ဘက် ကျောင်းကိုရောက်သည်နှင့် တပြိုင်နက် ရေနွေးကြမ်းတခွက်စီကို ဦးစွာသောက်ကြရသည်။
အကိုး။ ။ တရုတ်ဆရာကြီး ချီကိုလီ၏ တင်ပြချက်ကို မောင်မောင်လှိုင် (အပ်စိုက်ကု) က ပြန်ဆိုသည်။

ငါကား လူသား၊ ငါလူသား
( လူပဲ လုပ်ရင် ဖြစ်ရမှာပေါ့)
* ကြက်တူရွေးပင်၊ စကားသင်ငြား၊ လူ့စကား၊ ပြောကြားတတ်ပေ၏။
* မျောက်ကလေးပင်၊ လူတို့သင်ငြား၊ လူအလား၊ ထူးခြား က,တတ်၏။
* ကောင်းစွာလေ့လာ၊ ကောင်းစွာကျင့်ငြား၊ ငါလူသားမှာ၊ မစွမ်းရာ၊ ဘယ်ဟာ ဘာမရှိ။
* လိမ္မာယဉ်ကျေး၊ အစဉ်အေးကာ၊ စိတ်ချမ်းသာ၊ ကောင်းစွာရနိုင်၏။
* စိတ်အေးစရာ၊ သာသနာကြောင့်၊ ကောင်းစွာကျင့်ရန်၊ အကျင့်မှန်၊ ဧကန်အကုန်ရှိ။
တိပိဋကဓရ ယော-ဆရာတော်

သရဏဂုံ ကိုယ်လုံးခြုံသော်
စာရေးသူသည် ကျန်းမာရေးမကောင်းသဖြင့် ဆေးခန်းပြရန် ရန်ကုန်မြို့သို့ ၁၂-၃-၂၀၀၉- နေ့တွင် သွားခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းတကျောင်း၌ ခေတ္တတည်းခိုခွင့် ရပါသည်။
စာရေးသူတွင် ဆီးချို၊ သွေးချိုရောဂါ၊ အစာအိမ်ရောင်သောရောဂါ၊ အဆုတ်မကောင်းသောရောဂါ နှင့် အဆစ်အမြစ်ရောင်သော ရောဂါများအပြင် မျက်စိမကောင်းခြင်း၊ အာရုံကြော အားနည်း၍ မှတ်ဉာဏ်ချို့ယွင်းခြင်း စသော ရောဂါများ ခံစားနေရသူဖြစ်ပါသည်။
ရန်ကုန်သို့ရောက်သည်နှင့် မေတ္တာဦးမျက်စိဆေးခန်းတွင် သွားရောက်ပြသပါသည်။ မျက်မှန်အသစ်လဲရန် လိုကြောင်း ပြောသဖြင့် လိုအပ်သည်များ ဆောင်ရွက်ခဲ့ပါသည်။ နောက်တနေ့တွင် ဆီးချို၊ သွေးချိုရောဂါနှင့် နောက်ဆက်တွဲရောဂါများ ကုသခံယူရန် မြေနီကုန်းရှိ ကောင်းမြတ်မွန် ဆေးခန်းသို့ သွားရောက်ပြသခဲ့ပါသည်။ ဆေးခန်းတွင် စမ်းသပ်စစ်ဆေးကုသမှုများ ခံယူကာ ဆေးတလစာ ၀ယ်ပြီး ဘုန်းကြီးကျောင်းသို့ ပြန်ခဲ့ပါသည်။
ရန်ကုန်တွင်ရောက်ရှိနေစဉ် ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပါသည်။ စာရေးသူသည် လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ မဟာသရဏဂုံတော်ကြီးကို စာအုပ်ကြည့်ပြီး အစအဆုံး ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ယခုနှစ်ပိုင်းတွင် မျက်စိမကောင်းသဖြင့် မျက်မှန်တပ်သော်လည်း စာကို ကြာကြာကြည့်၍ မရပါ။ ထို့ကြောင့် မဟာသရဏဂုံတော်ကြီးမှ ဒုက္ခသစ္စ၀ဏ္ဏနာအထိသာ အလွတ်ရွတ်ဆိုနိုင်ပါသည်။ အထူးသဖြင့် ဘုရားရှိခိုးတိုင်း ခန္ဓာကိုယ်ကို ဘုရားထံလှူဒါန်းလေ့ရှိပါသည်။
စာရေးသူသည် ဆေးခန်းပြရန် ကိစ္စပြီးစီးသွားသဖြင့် ၁၇-၃-၀၉-နေ့နံနက်တွင် အငှားကားဖြင့် အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ လာခဲ့ပါသည်။ ထိုကားမှာလည်း စာရေးသူတည်းခိုသည့်ကျောင်းမှ ဆရာတော်က စေတနာဖြင့် စီစဉ်ငှားရမ်းပေးလိုက်သောကား ဖြစ်ပါသည်။
စာရေးသူသည် ဆရာတော့်ကို ကန်တော့ပြီး ကားရှေ့ခန်းတွင်ထိုင်ပါသည်။ ကားထွက်သည်နှင့် ပုတီးလုံးရေ ၂၇-လုံးပါရှိသော ပုတီးကိုစိပ်ပြီး သရဏဂုံသုံးပါး ပွားများကာ လိုက်ပါခဲ့ပါသည်။ ကားထွက်၍ ဆယ်မိနစ်ခန့် ကြာသောအခါ စာရေးသူထိုင်သည့် ဘယ်ဘက်ရှေ့ဘီးဆီမှ ကလစ်-ကလစ်-ဟူသောမြည်သံကို ကြားရပါသည်။ ဒရိုင်ဘာကိုပြောပြရာ ဒရိုင်ဘာက ကားအရှိန်လျှော့ပြီး မောင်းပါသည်။ ထိုအခါ မြည်သံ မကြားရတော့ပါ။
မြည်သံမကြားသဖြင့် ပုံမှန်အတိုင်း မြန်မြန်မောင်းသောအခါ ကလစ်-ကလစ်-ဟု မြည်သံကြားရပြန်ပါသည်။ ဒရိုင်ဘာက ကားရပ်ပြီး ဆင်းကြည့်ပါသည်။ သို့သော် ဘာမှ မတွေ့ရပါ။ ထို့နောက် ကားကို ဆက်မောင်းပါသည်။ ဒရိုင်ဘာက ကားလက်ကိုင် အနည်းငယ် တုန်ခါနေသည်ဟု ပြောပါသည်။ စာရေးသူက ကားအကြောင်း နားမလည်၍ သတိထားပြီး မှန်မှန်မောင်းရန်သာ ပြောမိပါသည်။ ကလစ်-ကလစ် မြည်သံကလည်း ပိုစိပ်လာပါသည်။ စာရေးသူကတော့ မြည်သံနားထောင်ရင်း သရဏဂုံကိုလည်း မပြတ်ပွားများ၍ လိုက်လာပါသည်။
မြောက်ဥက္ကလာရှိ မယ်လမုဘုရားကိုကျော်ဖြတ်ပြီး သုံးမှတ်တိုင်ခန့် ဝေးသောအခါ ကားမှာ ထိုးရပ်သွားပါသည်။ ဒရိုင်ဘာမှ အောက်ဆင်းကြည့်သောအခါ စာရေးသူထိုင်သည့်ဘက်က ရှေ့ဘီးမှာ နပ်များပြုတ်ထွက်ပြီး ဘီးကျွတ်လုခမန်း ဖြစ်နေသည်ကို တွေ့ရပါသည်။ စာရေးသူလည်း ကံကောင်းထောက်မစွာဖြင့် အန္တရာယ်ဆိုးနှင့် မကြုံတွေ့ရပါ။ အကယ်၍သာ ကားကိုအရှိန်နှင့် မောင်းနေရင်း ရှေ့ဘီးတလုံးများ ကျွတ်ထွက်သွားလျှင်ဖြင့် ယာဉ်အသွားအလာများသော လမ်းမကြီးပေါ်တွင် ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲ အန္တရာယ်ကိုကား မတွေးရဲခဲ့ပါ။
ယခုကဲ့သို့ အန္တရာယ်ဆိုးမှ လွတ်မြောက်ရခြင်းမှာ မဟာသရဏဂုံတော်၏ အစွမ်းကြောင့်ဟု စာရေးသူ ယုံကြည် ယူဆမိပါသည်။ စာရေးသူသည် ရတနာသုံးပါးကို သိတတ်သည့်အချိန်မှစပြီး ကိုးကွယ်ခဲ့ပါသည်။ အိပ်ရာဝင် အိပ်ရာထအချိန်များတွင် သရဏဂုံယူပြီးမှ အိပ်လေ့ ထလေ့ရှိပါသည်။ ထို့ကြောင့် သေလောက်သည့်အန္တရာယ် ဆိုးမှ လွတ်မြောက်ခဲ့ရသည်ဟုလည်း ထင်မြင်မိပါသည်။
မချိုးဖြူ (ရွှေတောင်)

နေ့စဉ်တိုးပွား ကောင်းမှုများ
* စားပင် ပန်းပင်၊ ရိပ်ခိုပင်များ၊ စိုက်ပျိုးထားလျှင်၊ စိတ်ကြည်လင်၊ နေ့စဉ်ကုသိုလ်တိုး။
* သွားလာလမ်းတွင်၊ တံတားခင်းလျှင်၊ နေ့စဉ်ကုသိုလ်တိုး။
* သောက်ရေအိုးစင်၊ ရေချမ်းစင်၊ တည်လျှင်နေ့စဉ်ကုသိုလ်တိုး။
* ရေတွင်း ရေကန်၊ ပြုလှူပြန်လျှင်၊ အမှန်ပင်၊ နေ့စဉ်ကုသိုလ်တိုး။
* ဇရပ်ဂူကျောင်း၊ တန်ဆောင်းနေရာ၊ ဆောက်လှူခါ၊ မှတ်ပါနေ့စဉ်ကုသိုလ်တိုး။
* ဤကောင်းမှုရှင်၊ နေ့ညဥ့်ပင်၊ အစဉ်ကုသိုလ်တိုး။

ရုပ်တုရိုက်ချိုး ကံအကျိုး
လွန်ခဲ့သော ၁၃၅၅-ခုနှစ်က စစ်ကိုင်းတောင် မဟာမဏ္ဍလချောင်တွင် ဆရာတော်ဦးကောဏ္ဍည သီတင်းသုံးတော်မူခဲ့သည်။ ထိုချောင်နှင့် မနီးမဝေးရှိ မင်းပျိုဘုရားလိုဏ်ဂူထဲတွင် ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်တဆူနှင့် ထိုဆင်းတုတော်၏ ၀ဲယာတို့တွင် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် ရုပ်တုတော်နှစ်ဆူ သီတင်းသုံးတော်မူလျက်ရှိသည်။
ဆရာတော်သည် ၄င်းဆင်းတုရုပ်တုတော်များကို သွားရောက်ဖူးမြော်ရာ အရှင်မောဂ္ဂလာန် ဆင်းတုတော်မှာ ခြေ-လက်များ ကျိုးပဲ့နေသည်ကို တွေ့ရသည်။ မည်သို့သောအကြောင်းများကြောင့် ယခုလိုပျက်စီးနေရသည်ကို မသိခဲ့ရပေ။
ထိုနည်းတူစွာ စစ်ကိုင်းတောင်ရိုးနှင့် ခြောက်မိုင်မျှဝေသော ကျောက်တာရေခါးရွာ ဘုရားလိုဏ်ဂူအတွင်း၌လည်း အရှင်မောဂ္ဂလာန် ဆင်းတုတော်မှာ ခြေ-လက်များ ကျိုးပဲ့နေသည်ကို တွေ့ခဲ့ရပြန်သည်။
ထို့ကြောင့် အရှင်မောဂ္ဂလာန်သည် သက်ရှိထင်ရှားရှိစဉ်က လူဆိုးများ၏ ရိုက်နှက်ခြင်းကိုခံရ၍ ပရိနိဗ္ဗာန် ၀င်စံခဲ့ရသည်ကို သတိရမိသည်။ ထိုကံကြမ္မာတို့သည် ဆင်းတုတော်အဖြစ်ရောက်သည့်တိုင် ဆက်လက် အကျိုးပေးနေရော့သလားဟု မင်းပျိုဘုရားရောက်တိုင်း ဆရာတော် အတွေးဝင်နေမိလေသည်။
တနေ့တွင် ဆရာတော့်အား ကြက်ထောင့်ရွာမှ အသုဘရှုရန် လာရောက်ပင့်သဖြင့် ကြွရသည်။ ကွယ်လွန်သူမှာ မိုးကုတ်မြို့တွင် ၀ပ်ရှော့ဆရာလုပ်နေသော ကြက်ထောင့်ရွာသား ကိုမိုးဝေ ဆိုသူဖြစ်သည်။
ကိုမိုးဝေသည် အရက်မူးပြီး ဆိုင်ကယ်စီးလာရာ ကားနှင့် တိုက်မိခြင်းဖြစ်သည်။ မန္တလေးဆေးရုံသို့ ပို့၍ ဆေးကုသပါသော်လည်း အသက်ရှင်ခွင့် မရတော့ပေ။ ခြေ-လက်များကျိုးပဲ့ကာ မရှုမလှနှင့် ဘ၀ဇာတ်သိမ်းသွားရရှာသည်။
ထိုအချိန်တွင် ရင်းနှီးကျွမ်းဝင်သော ဒကာတဦးက ဆရာတော်ဦးကောဏ္ဍညအား မိုးဝေအကြောင်း လျှေက်ထားသည်။ ထိုအခါ ဆရာတော် သိလိုသမျှ အကြောင်းအရာအားလုံး သိခွင့်ရလိုက်ပေတော့သည်။
ဆရာတော်ဘုရား၊ ယခု ကားတိုက်ပြီး သေဆုံးရတဲ့ မိုးဝေဟာ ၀ဋ်လိုက်တာဖြစ်မယ်ဘုရား။ သူနဲ့ တပည့်တော်က ငယ်သူငယ်ချင်းတွေပါ။ ကစားဖော်ကစားဖက်၊ ပြီးတော့ နွားကျောင်းဖက်ပါဘုရား။ ငယ်ငယ်က နွားကျောင်းသွားရင်း မင်းပျိုဘုရားထဲက ဘုရားဆင်းတုောတ်တဆူနှင့် ရဟန္တာရုပ်တု တဆူကို ကျောက်ခဲနဲ့ထုပြီး ခြေ-လက် ချိုးခဲ့ဖူးတယ်။ တပည့်တော်တို့က မလုပ်ဖို့ တားပေမယ့် မရဘူး။ ဒါကြောင့် သူလည်း အခုလို ခြေ-လက်ကျိုးပြီး မရှုမလှသေဆုံးရတယ်လို့ တပည့်တော်တို့ ယူဆမိပါတယ်ဘုရား။
အကြောင်းစုံလျှောက်ထားသော ဒကာ၏စကားကို ဦးကောဏ္ဍညက တည်ငြိမ်စွာနားထောင်ပြီး ဘာစကားမှ ပြန်မပြောဖြစ်ပေ။
သို့သော် စိတ်ထဲတွင် ရုပ်တုတော်ပင်ဖြစ်လင့်ကစား ခင်ပွန်းကြီးဆယ်ပါး အပါအ၀င် ရဟန္တာအရှင်သူမြတ်တို့အား မစော်ကားသင့်ကြောင်း ကောင်းကောင်းသဘောပေါက်မိလေသည်။
(ဆရာတော်ဦးကောဏ္ဍည၏ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို ခံစားရေးဖွဲ့ပါသည်။)
ဘုန်းနွယ်ဆွေ (မုံရွာ)
(မြတ်မင်္ဂလာ ၂၀၀၉-ခု သြဂုတ်လ)

Tuesday, August 17, 2010
ချမ်းသာအစု
* ကုသိုလ်ကောင်းမှု၊ တခုခု၊ ပြုစုရှေးဦးစွာ။
* ထိုကုသိုလ်မျိုး၊ ထပ်ကာတိုး၊ ပံ့ပိုးပြုသင့်ရာ။
* မပြုနိုင်ခိုက်၊ ကုသိုလ်၌၊ စိတ်စိုက်စွဲနေပါ။
* ကုသိုလ်ကောင်းမှု၊ အကြောင်းဟု၊ ဆည်းစု ချမ်းသာမှာ။
ဓမ္မပဒ

အိပ်စက်ခြင်း ၄-မျိုး
အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အိပ်စက်ခြင်း ၄-မျိုးတို့ကို ဟောတော်မူသည်။
ရဟန်းတို့ လောက၌ သက်ရှိပုဂ္ဂိုလ်များ၏ အိပ်စက်ခြင်း ၄-မျိုးရှိသည်။ ယင်းတို့မှာ-
(၁) ပြိတ္တာတို့၏ အိပ်ခြင်း။
(၂) ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်း။
(၃) ခြင်္သေ့တို့၏ အိပ်ခြင်း။
(၄) မြတ်စွာဘုရား၏ အိပ်ခြင်း-ဟူ၍ ၄-မျိုးရှိသည်။
ထို ၄-မျိုးတို့တွင်
(၁) ပြိတ္တာတို့သည် များသောအားဖြင့် ပက်လက်အိပ်ကြကုန်၏။
(၂) ကာမဂုဏ်ခံစားသူတို့သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ်ကုန်၏။
(၃) သာကောင်တို့၏ မင်းဖြစ်သော ခြင်္သေ့မင်းသည် ခြေတဖက်ဖြင့် အခြားခြေတဖက်ကို အနည်းငယ်လွန်ကာ တင်ထားပြီး ပေါင်အတွင်း အမြီးကိုထား၍ လက်ဝဲနံပါးဖြင့် စောင်း၍ အိပ်ကုန်၏။
(၄) ပထမဈာန်အစရှိသော ဈာန်တို့ကို ၀င်စာေးနခြင်းကို မြတ်စွာဘုရား၏ အိပ်စက်နားနေခြင်း-ဟု ခေါ်သည် ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ၊ စတုက္ကနိပါတ်၊ အာပတ္တိဘယ၀ဂ်၊ သေယျာသုတ်။

ချမ်းသာစေသည့်အကြောင်း
လောက၌ အမိကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။
ထို့ပြင် အဖကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။
လောက၌ ရဟန်းတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။
ထို့ပြင် မကောင်းမှုမှ အပပြုပြီးသူ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။
(ဓမ္မပဒ၊ နာဂ၀ဂ်၊ မာရ၀တ္ထု)

Monday, August 16, 2010
( ၃ ) သုဝဏ္ဏသာမ ဇာတ်တော်ကြီး
တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော
စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့်
အတိုကောက်များ ဖြစ်ကြသည်။
တတိယစကားလုံးဖြစ်သည့် (သု) ဟူသည်မှာ သုဝဏ္ဏသာမ-၏ ဘ၀အကြောင်းကို ဆိုလိုသည်။
ဗာရာဏသီပြည်အနီး မိဂသမ္မဒါမြစ်ကမ်း၏ တဘက်တချက်တွင် တံငါရွာကြီး နှစ်ရွာရှိသည်။ ထိုနှစ်ရွာတွင် တံငါအကြီးအကဲ တဦးစီရှိသည်။ ထိုတံငါအကြီးအကဲတို့သည် တဦးနှင့်တသီး ခင်မင်သည်။ မိမိတို့၏ သားသမီးများ အရွယ်ရောက်လျှင် အချင်းချင်း လက်ဆက်ထိမ်းမြားပေးရန် ကတိက၀တ်ပြုထားကြလေသည်။
တံငါအကြီးအကဲ တယောက်တွင် ဒုကူလ သတို့သားကို ဖွားမြင်ပြီး အခြားတယောက်တွင် ပါရိကာ သတို့သမီးကို ဖွားမြင်ပါသည်။ ဒုကူလနှင့်ပါရိကာတို့သည် ဗြဟ္မာပြည်မှလာသူများဖြစ်ကြ၍ ကာမဂုဏ်ကို အလိုမရှိကြချေ။ အရွယ်ရောက်လာကြ၍ နှစ်ဘက်မိဘသဘောတူ လက်ထပ်ပေးကြသော်လည်းကာမဂုဏ်၌ ပျော်မွေ့ လိုက်စားခြင်း မရှိကြချေ။
မိဘများကွယ်လွန်ပြီးနောက် နှစ်ဦးတိုင်ပင်ကာ တောထွက်ကြသည်။ ဒုကူလနှင့်ပါရိကာတို့ တောထွက်လာသည်ကို သိကြားမင်းက သိမြင်သည်။ ထို့ကြောင့် ၀ိသကြုံနတ်သားကို စေလွှတ်ကာ ကျောင်းသင်္ခမ်း ဖန်ဆင်းထားစေသည်။ တရားရှာရန် တောထွက်လာသူများသည် ကျောင်းသင်္ခမ်းကို၎င်း၊ ကျောင်သင်္ခမ်းတွင်းရှိ သင်္ကန်းပရိက္ခရာတို့ကို၎င်း သုံးဆောင်နိုင်ပါကြောင်း ရေးသားထားလေသည်။
ဒုကူလနှင့် ပါရိကာတို့သည် ရေးသားထားသော ကမ္ဗည်းအက္ခရာတို့ကို ဖတ်၍ နတ်တို့၏တန်ခိုးကြောင့်ဖြစ်သော လျှော်တေသင်္ကန်းကို ၀တ်၍ ရသေ့ပြုကာ တရားဓမ္မကျင့်ကြံအားထုတ် နေထိုင်ကြလေသည်။
ဤဒုကူလနှင့် ပါရိကာသူမြတ် နှစ်ယောက်တို့သည် တနေ့တွင် မျက်စိကွယ်ကာ ဘေးသင့်မည့်အကြောင်းကို သိကြားမင်း သိရှိလေသည်။ ထို့ကြောင့် သိကြားမင်းကိုယ်တိုင်ပင် ကျောင်းသင်္ခမ်းသို့လာပြီး သားထောက်သမီးခံ ရရေးအတွက် လူတို့၏အကျင့်ဖြစ်သော မေထုန်မှုဖြင့် ကိုယ်လက်နှီးနှောပါရန် လျှောက်ထားတိုက်တွန်းသည်။ ဒုကူလနှင့် ပါရိကာတို့က အပြင်းအထန် ငြင်းဆိုပါသည်။
သို့နှင့် သိကြားမင်းက ပါရိကာ ဥတုလာသောအချိန်တွင် ဒုကူလ-က ပါရိကာ၏ ချက်တော်ကို လက်တော်နှင့် သုံးသပ်စေသည်။ ထိုသို့ သုံးသပ်သောအခါ ဘုရားအလောင်းသည် နတ်ပြည်မှစုတေခဲ့၍ ပါရိကာ ရသေ့မ၏ ၀မ်း၌ ပဋိသန္ဓေ ကိုယ်ဝန် စွဲယူလေ၏။ ဆယ်လလွန်သောအခါ ရွှေအဆင်းနှင့်တူသော သားယောက်ျားလေး တယောက်ကို ဖွားမြင်လေသည်။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကြောင့် ဘုရားလောင်းအား သုဝဏ္ဏသာမ-ဟူသော အမည်ကို မှည့်ကြလေကုန်၏။
ဒုကူလနှင့် ပရိကာတို့က သုဝဏ္ဏသာမကို ကျောင်းတွင်ထားကာ တောတွင်းသို့သွား၍ သစ်သီးသစ်ဥ ရှာဖွေသည်။ ထိုအခါ ကိန္နရီ ကိန္နရာတို့က သုဝဏ္ဏသာမသတို့သားကို ပြုစုစောင့်ရှောက်ကြသည်။ ရေးချိုးပေးသည်။ နံ့သာလိမ်းပေးသည်။ ပန်းဖြင့်လုပ်သော ဒန်းတွင်အိပ်စက်စေသည်။ နို့ချိုတိုက်သည်။ နတ်အများကလည်း ၀ိုင်းဝန်းစောင့်ရှောက်ပေးကြလေသည်။
သုဝဏ္ဏသာမ ၁၆-နှစ်သို့ရောက်လာသည့်တိုင်အောင် အမိအဖတို့သည် အစဉ်စောင့်ရှောက်လျက် ကျောင်းသင်္ခမ်း၌ နေစေလျက် မိမိတို့အလိုလိုသာလျှင် တောသစ်သီး သစ်မြစ်တို့ကို ရှာအံ့သောငှါ တောသို့သွားကြလေကုန်၏။
တနေ့တွင် အချိန်လွန်သည့်တိုင်အောင် ကျောင်းသင်္ခမ်းသို့ ရသေ့များပြန်မလာသဖြင့် အရွယ်ရောက်ပြီဖြစ်သော သုဝဏ္ဏသာမသည် စိတ်ပူလာသောကြောင့်-တောထဲသို့ အရဲစွန့်ကာ လိုက်ရှာရင်း အဖေ-အမေ ဟု အော်ခေါ်လေ၏။ တနေရာသို့ရောက်လျှင် ရသေ့တို့သည် သစ်သီးရှာရင်း လေကြီးမိုးကြီးကျလို့ သစ်ပင်အောက် မိုးဝင်ခိုပြီး တောင်ပို့ပေါ်ထိုင်လိုက်သည့်အခါ တောင်ပို့ထဲက မြွေဆိုး အခိုးလွှတ်သဖြင့် အဆိပ်ငွေ့သင့်ပြီး မျက်စိကွယ်ကြောင်း ပြောကြကုန်၏။ ထိုအခါ သုဝဏ္ဏသာမသည် ငိုလဲငို၏၊ ရယ်လဲရယ်၏။
(ငိုရခြင်းအကြောင်းကား ငယ်ငယ်ရွယ်ရွယ်နှင့် မျက်စိကွယ်ရခြင်းကြောင့်တည်း။
ရယ်ရခြင်းအကြောင်းကား မိဘတို့ကို လုပ်ကျွေးခွင့် ရခြင်းကြောင့်တည်း။) ဟု ဆို၏။
ထို့နောက် သုဝဏ္ဏသာမသည် မိဘတို့အား အားပေးစကား ပြောဆိုရင်း ကျောင်သင်္ခမ်းသို့လက်တွဲကာ ခေါ်ဆောင်သွားလေသည်။ ကျောင်းသင်္ခမ်းသို့ပြန်ရောက်လျှင် သုဝဏ္ဏသာမသည် မိဘများ တနေရာမှ တနေရာသို့ သွားရလွယ်ကူစေရန် ကြိုးတန်း တန်းပေးခြင်း၊ သောက်ရေနှင့် သစ်သီးများ အနား၌ ချပေးခြင်း စသည်တို့ကို ဆောင်ရွက်လေတော့သည်။
နောက်တနေ့မှစ၍ ကျောင်းသင်္ခမ်းတွင် သန့်ရှင်းရေးလုပ်ကာ မိဘတို့အတွက် လိုရာကိစ္စများပြုလုပ်ပြီးလျှင် သမင်အဖော်များကို ခေါ်၍ တောထဲသို့ သစ်သီးရှာ ထွက်သွားလေ့ရှိသည်။
သုဝဏ္ဏသာမသည် နေ့စဉ်နေ့တိုင်း ရေခပ်ထွက်သောအခါ အဖော်ဖြစ်သော သမင်များကလည်း ၀ိုင်းဝန်းကူညီကြလေသည်။
တနေ့သောအခါ သမင်သားကို အလွန်နှစ်သက်သော ပီဠိယက္ခမင်းကြီးသည် မယ်တော်ကို ခေတ္တနန်းအပ်ကာ သမင်များကို လိုက်လံပစ်ခတ်စားသောက်ရင်း ရသေ့များ၏ ကျောင်းသင်္ခမ်းနားသို့ ရောက်လာ၏။
ညနေဘက်၌ သမင်ခြေရာများ အလွန်ပေါသော မြစ်ကမ်းစပ်တွင် သမင်များကိုပစ်ရန်ချောင်းနေစဉ် သုဝဏ္ဏသာမသည် သမင်များနှင့်အတူ ရေခပ်ဆင်းလာသည်ကို တွေ့လေသော်-လူလော နတ်လော မစူးစမ်းနိုင်တော့ဘဲ မြှားဖြင့်ပြစ်လိုက်လေတော့၏။
သုဝဏ္ဏသာမသည် မြှားထိသဖြင့် မိခင်ဖခင်ရှိရာသို့ ဦးခေါင်းထား၍ သဲသောင်ခုံပေါ်တွင် ခွေကျသွားပြီး အော်၍ ညည်းတွားမိလေသည်။ သမင်တို့သည် ကြောက်လန့်၍ ထွက်ပြေးကြကုန်၏။
ဤတွင်မှ ပီဠိယက္ခမင်းလည်း လူသားစစ်စစ်မှန်း သိသည်။ သုဝဏ္ဏသာမ မိန်းမောခြင်းသို့ မရောက်မီ ပီဠိယက္ခမင်းနှင့် သုဝဏ္ဏသာမတို့ အပြန်အလှန် စကးဆိုဖြစ်ကြသည်။ ဒေါသမရှိသော၊ ရန်လိုခြင်း မရှိသော၊ သိမ်မွေ့နူးညံ့သော သုဝဏ္ဏသာမ၏ ဖြစ်အင်ကို ကြားသိရသောအခါ ယခင်က စိတ်ဓာတ်ကြမ်းတမ်း မာန်တက်သော ပီဠိယက္ခမင်းကြီး၏ စိတ်ဓာတ်သည်ပင်လျှင် များစွာပျော့ပျောင်း၍ သွားလေသည်။ ထို့ကြောင့် သုဝဏ္ဏသာမ၏ မိဘနှစ်ပါးအား လုပ်ကျွေးမည်ဖြစ်ကြောင်း ကတိပြုလေသည်။
ဒုကူလနှင့် ပါရိကာတို့၏ ကျောင်းသင်္ခမ်းသို့ ပီဠိယက္ခမင်းကြီး ရောက်သွားလေသည်။ သား သုဝဏ္ဏသာမ မဟုတ်ကြောင်း ရသေ့နှစ်ပါးတို့ ချက်ချင်းပင်သိသည်။ အပြန်အလှန် စကားဆိုဖြစ်ကြသည်။ ပီဠိယက္ခမင်းကြီးက သုဝဏ္ဏသာမ၏ ကိုယ်စား လုပ်ကျွေးပြုစုမည်ဖြစ်ကြောင်း ပြောသည်။ ဒုကူလ နှင့် ပါရိကာတို့က လက်မခံချေ။ သုဝဏ္ဏသာမရှိရာသို့ ပို့ပေးရန် တောင်းပန်သည်။
ပီဠိယက္ခမင်းလည်း လိုက်၍ပို့သည်။ သဲသောင်ခုံပေါ်တွင် လဲလျောင်းနေသော သားသုဝဏ္ဏသာမကို စမ်းသပ်မိကြသည်။ အသက်မသေသေးကြောင်း သိသည်။ သို့နှင့် ဒုကူလ နှင့် ပါရိကာတို့သည်၎င်း၊ ဘုရားလောင်း သုဝဏ္ဏသာမ၏ ခုနစ်ကြိမ်မြောက်သော ကိုယ်၏အဖြစ်၌ မိခင်တော်စပ်ခဲ့ဖူးသော ဗဟုသုန္ဒရီ နတ်သမီးသည်၎င်း သစ္စာအဓိဋ္ဌာန်ပြုကြသည်။ သစ္စာ၏တန်ခိုး အာနုဘော်ကြောင့် မြားဆိပ်တို့ လျောကျသည်။ သုဝဏ္ဏသာမလည်း အသက်ဘေးမှ လွတ်မြောက်လေသည်။သိကြားမင်းကပါ ဆုပေးသည်။ ဒုကူလနှင့် ပါရိကာတို့ပါ မျက်စိနှစ်ကွင်း အလင်းရကြသည်။
သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီးအား သီလစောင့်ရန်၊ အလှူဒါနပြုရန်၊ တိုင်းသူပြည်သားကို ရင်ဝယ်သားနဲ့မခြား မေတ္တာထား၍ မင်းကျင့်တရားနှင့် အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန် ဟောကြားလေသည်။ ဗဟုသုန္ဒရီနတ်သမီးနှင့် အခြားနတ်အပေါင်းတို့အားလည်း တရားရေအေး တိုက်ကျွေးလေသည်။ ထိုအချိန်မှစ၍ ပီဠိယက္ခမင်းကြီးသည် သမင်သားတပ်မက်ခြင်းကို စွန့်၍ တရားရကာ တိုင်းပြည်သို့ ပြန်လေတော့၏။
မိဘကျေးဇူးကို သိတတ်သူတို့အား ဘေးဒုက္ခအန္တရာယ်အပေါင်းမှ လွတ်မြောက်မြဲဖြစ်ပါသည်။ မျက်မှောက်ဘ၀၌၄င်း၊ သံသရာ၌၄င်း ကောင်းကျိုးချမ်းသာကို ခံစားရမြဲ ဖြစ်ပါသတည်း။
မှတ်ချက်။
အကျယ်ကိုသိလိုမူ မင်းဘူးဦးသြဘာသ-ရေး ဇာတ်ကြီးဆယ်ဘွဲ့ ပထမအုပ်၌ ကြည့်လေ။

Sunday, August 15, 2010
ဆုံးမနာယူ
* ဆရာမိဘ၊ ဆိုဆုံးမ၊ နာကြရိုသေစွာ။
* လိုက်နာကျင့်သုံး၊ သူအလုံး၊ ရွှင်ပြုံးချမ်းသာရာ။
* သူမြတ်စကား၊ နာယူငြား၊ ကြီးပွားတတ်သည်သာ။
* သူမြတ်ဆုံးမ၊ ပယ်ရှားက၊ မှတ်ကြဆင်းရဲရာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်
* လိုက်နာကျင့်သုံး၊ သူအလုံး၊ ရွှင်ပြုံးချမ်းသာရာ။
* သူမြတ်စကား၊ နာယူငြား၊ ကြီးပွားတတ်သည်သာ။
* သူမြတ်ဆုံးမ၊ ပယ်ရှားက၊ မှတ်ကြဆင်းရဲရာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်
ဂါထာ နှင့် သြ၀ါဒ
ဆရာတော်ကြီး အာဟာရများ ဘုဉ်းပေးတော်မူတိုင်း ရွတ်ဆိုသော ဂါထာ။
စက္ခုမာစရ မာစိဏ္ဏော၊ ဓမ္မညူ ဓမ္မသာမိကော။
ဗလူပေတော ဗလဓရော၊ ၀ရဒေါ ဒေတု မေ ၀ရံ။
ဆရာတော်ကြီး ခရီးကြွတော်မူတိုင်း ရွတ်ဆိုသော ဂါထာ။
ဘ၀သောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ၀ိဒူ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။
ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။
ဆရာတော်ကြီး၏ သြ၀ါဒ ကောက်နုတ်ချက်
၁။ တရားနာ၊ တရာအားထုတ်ဖို့ ပျင်းမနေကြနဲ့။ ပျင်းနေရင်တော့ ဘေးဒုက္ခဖြစ်မှာပဲ။
၂။ ကုသိုလ်လုပ်ကြရမှာကို လုံးဝ မမေ့ကြနဲ့။ ကုသိုလ်မလုပ်ဘဲ မေ့နေရင်တော့ ဘေးဒုက္ခဖြစ်မှာပဲ။
၃။ ဟန်ဆောင်ခြင်းကင်းမှ သူတော်ကောင်း။
၎။ ကိုယ့်ကိုယ်ကို မာအောင် အရင်လုပ်။
၅။ ရေလောင်းပေါင်းသင်တာက ကိုယ့်အလုပ်။ မှန်မှန်ရေလောင်းပေါင်းသင်၊
အချိန်တန်တော့ အသီးသီးလာလိမ့်မယ်။ အသီးသီးတာက သူ့အလုပ်။
၆။ ဖြစ်သင့်တာ ဖြစ်ချင်လျှင် ဂုဏ်တော်ကို များများပွား မုချဖြစ်မည်။
၇။ ဘယ်ဂါထာ ဘယ်မန္တန် စွမ်းတယ်လို့ ဘယ်လောက်ပဲပြောပြော ဣတိပိ သော-အိပ်နေသလောက်ပဲ ရှိတယ်။
ဘဒ္ဒန္တသောဘိတ မဟာထေရ်
ဓနုဖြူမြို့ ရွှေဂူကျောင်းဆရာတော်

ရသေ့ကြီးဦးခန္တီ၏ လက်စွဲဂါထာ (၂)
ယခင်လက ရသေ့ကြီးဦးခန္တီ၏ လက်စွဲဂါထာတပုဒ်ဖြစ်သော "အရဟံ ဗဟိအန္တဇယံ သုဂတံ"-ချီ ဂါထာကို တင်ပြခဲ့ပါသည်။ ယခု သူ၏လက်စွဲဂါထာဖြစ်သော "ဒိဝါတပတိ အာဒိစ္စော"-ဂါထာကိုတင်ပြလိုပါသည်။ နာမည်ကျော် ဗောဒင်လက္ခဏာဆရာကြီး ဆရာစန္ဒြက သူ၏ ဘ၀ခရီးနှင့် အတွေ့အကြုံများ-စာအုပ်တွင် ယခုဖော်ပြသော ဂါထာအကြောင်း တင်ပြထားသည်။ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။
ဆရာစန္ဒြက ရသေ့ကြီးဦးခန္တီ ရွှေဖြစ်သည်ဟု ကျော်ကြားခဲ့သည်။ ထိုသို့ ကျော်ကြားလာသောအခါ ထိုခေတ် ရန်ကုန်မြို့ရှိ ရဲမင်းကြီး စကော့ဆိုသူက တနေ့သောအခါ မန္တလေးသို့လာ၍ ရသေ့ကြီးထံ စုံစမ်းသည်။
သူသည် ရဲမင်းကြီးဖြစ်ကြောင်း၊ ရသေ့ကြီး ဦးခန္တီသည် ရွှေဖြစ်သည်ဟုကြားရ၍ ဟုတ်-မဟုတ် သိပါရစေ-ဟု လျှောက်ထားသည်။ ထိုအခါ ရသေ့ကြီးက ရွှေဖြစ်ပါသည်-ဟု ပြောသည်။ ထိုအခါ ဖြစ်ခဲ့လျှင် တပည့်တော်အား လက်ငင်းပြပါ-ဟု ရဲမင်းကြီးက တောင်းပန်သည်။
ထိုအခါ ရသေ့ကြီးဦးခန္တီသည် သူ၏တပည့်များအား လင်ပန်းသုံးချက်ကို ပြောင်နေအောင်ဆေးစေပြီးလျှင် အ၀တ်နှင့်သုတ်ပြီးနောက် ဘုရားစင်ရှေ့နားရှိ ပလ္လင်အောက်တွင် ထားသည်။ ရသေ့ကြီး ဦးခန္တီသည် ဘုရားရှေ့တော်သို့သွား၍ ဒိဝါတပတိ အစရှိသော ဘုရားရှိခိုးဂါထာကို သစ္စာပြုဂါထားများနှင့် ရှိခိုးပူဇော်သည်။ နာရီဝက်လောက်အကြာ ရှိခိုးပူဇော်ပြီး ကြေးစည်ကို သုံးချက်တိတိရိုက်၍ အမျှပေးသည်။ သာဓုခေါ်သည်။
ထို့နောက် ရဲမင်းကြီးနားလာ၍ ယခင်နေရာသို့ပြန်၍ ထိုင်နေတော်မူသည်။ နာရီဝက်လောက်ကြာသောအခါ အရပ်ရပ် အရွာရွာမှ များလှစွာသော ဘုရားဖူးများ မန္တလေးတောင်သို့ ရောက်လာကြသည်
သူတို့သည် ရသေ့ကြီးရှိသော ဘုရားရှေ့သို့ ရောက်သောအခါ ဘုရားရှေ့တော်တွင်ထားသော လင်ပန်းသုံးချပ်ထဲသို့ ဘုရားဖူးများက အချို့ လက်စွပ်များချွတ်၍ လှူသည်။ အချို့ လက်ကောက်များချွတ်၍ လှူသည်။ အချို့ ဆွဲကြိုးကြီးများကို ချွတ်၍ လှူသည်။ ထိုအခါ ရဲမင်းကြီးထိုင်နေသော အချိန် ၁-နာရီလောက်အတွင်းတွင်ပင် လင်ပန်းသုံးချပ်ထဲ၌ ရွှေတွေမောက်နေအောင် ရသည်။
ထိုအခါမှ ရသေ့ကြီးက သူ-ရွှေဖြစ်သည်ဆိုသည်မှာ သည်နည်းပင် ဖြစ်ပါသည်-ဟု ပြောပြသည်။ ထိုအခါ ရဲမင်းကြီးသည် ဦးခန္တီအား အလွန်ကြည်ညိုစွာ ရှိခိုးပြီးနောက် မည်သည့်ကိစ္စမဆို ရဲအဖွဲ့က အကူအညီပေးပါမည်-ဟု ကတိပြုပြီးလျှင် ရန်ကုန်သို့ပြန်သွားသည်-ဟူ၍ ရေးသားဖော်ပြထားသည်။
ဒိဝါတပတိ ဂါထာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
( ပါဠိဂါထာ)
ဒိဝါတပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။
( မှန်ကန်တိကျစွာ အသံထွက်နည်း )
ဒိဝါတပတိ အာဒိတ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော ဘာတိ၊ ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ်ဓံ ၀န်ဒါမိ အာဒရံ။
နမက်ကာရာ နုဘာဝေန၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။
( အနက်အဓိပ္ပါယ် )
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။
ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးရသော အကျိုးကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
မင်းယုဝေ

သီလမရှိလျှင်
တရားသာ အားထုတ်ကြတယ်၊ သီလတော့ မရှိကြဘူး၊ သီလမရှိတော့ တရားအားထုတ်တာ မသန့်ရှင်းဘူး။
တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာ ရှေးဦးစွာ သီလရှိရမယ်။ ဒါမှ တရားအားထုတ်တဲ့အခါ မိမိရဲ့စိတ် သန့်ရှင်းတယ်။
ဒါမှ တရားမှန်တယ်။ ဒီလိုမှ ရှေးဦးစွာ သီလမရှိလျှင် တရားအားထုတ်တော့ မသန့်ရှင်းဘူး နည်းလမ်းမကျဘူး။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

သီလရှိက လိုရာရ
* သီလလုံခြုံ၊ လူနတ်ဘုံ၊ အလုံးစုံ လိုတိုင်းရနိုင်သည်။
* လူ့ဘုံဖြစ်ခါ၊ အာဏာတန်ခိုး၊ မြတ်နိုးဥစ္စာ၊ လိုတိုင်းသာ၊ ကောင်းစွာရနိုင်သည်။
* နတ်ဖြစ်ခဲ့တုံ၊ အလုံးစုံတန်ခိုး၊ အာဏာမိုးကာ၊ ခြွေရံဖြာ၊ မှန်စွာဖြစ်နိုင်သည်။
* သီလရှိက၊ လိုဆန္ဒ၊ မရ-မရှိပြီ။
* ကောင်းကျိုးလိုက၊ မြတ်သီလ၊ နေ့ညလုံစွာ ကျင့်ရမည်။
အရှင်ကောဝိဒဓဇ

ဣဿာ မစ္ဆရိယ ပယ်ပါ
* ဣဿာတ၀၊ မစ္ဆေရ၊ ကင်းရှင်းကြစေပါ။
* ဣဿာမစ္ဆေ၊ ဤနှစ်ထွေ၊ မှတ်လေ ရန်သူပါ။
* သူပိုင်ပစ္စည်း၊ သူတော်နည်း၊ စောင့်စည်းမဖျက်ရာ။
* သူ့ဟာကိုဖျက်၊ ကိုယ့်ဟာပျက်၊ လက်ခတ်မလွဲရာ။
* သင့်တင့်သောအား၊ စိတ်၌ထား၊ ဖြစ်ပွားကုသလာ။
* မပြစ်မှားထိုက်၊ သူတို့၌၊ မမိုက် မမှားရာ။

အသက်သတ်လွတ် ဘုဉ်းပေးသော ဆရာတော်ကြီးများ
မြန်မာဗုဒ္ဓဘာသာ သာသနာရေးလောကတွင် အသက်သတ်လွတ် ဘုဉ်းပေးတော်မူကြသော ဆရာတော်ကြီး အချို့ ရှိသည်။ ယင်းတို့တွင် မျက်မှောက်ခေတ်၌ ညောင်ရမ်းဆရာတော်ဘုရားကြီး၊ မဟာစည် ဆရာတော်ဘုရား ကြီး၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ)၊ ကုံလုံ ဆရာတော်ဘုရားကြီး၊ သာမညတောင် ဆရာတော်ဘုရားကြီး စသော အရှင်မြတ်ကြီးတို့သည် ထိပ်တန်းက ပါဝင်သည်။
ညောင်ရမ်းဆရာတော်ဘုရားကြီးသည် ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို အောင်မြင်စွာ ဦးဆောင်တော်မူခဲ့သော အရှင်မြတ်ကြီးဖြစ်သည်။
မဟာစည်ဆရာတော်ဘုရားကြီးသည် ပျိုရွယ်စဉ်က အသက်သတ်လွတ် ဘုဉ်းပေးခြင်း မပြုသော်လည်း သက်တော် ၅၀-ကျော်မှစ၍ အသက်သတ်လွတ် ဘုဉ်းပေးတော်မူခဲ့သည်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးသည် သက်တော် ၇၂-နှစ်မှစ၍ အသက်သတ်လွတ် ဘုဉ်းပေးတော်မူခဲ့သည်။ ဆရာတော်ကြီးသည် မေတ္တာဘာဝနာပွားများရာတွင် ပိုမိုထိရောက်စေရန် အသက်သတ်လွတ် ဘုဉ်းပေးသည် ဟူ၍ ဆိုကြသည်။ အောက်နတ်များက အသားစား မရှောင်ကြသော်လည်း အထက်နတ်များက အသားစား ရှောင်ကြသည်။ ထိုအထက်နတ်များသည် သာသနာတော်ကို ပိုမိုကြည်ညိုကြသည်-ဟူသော ကျမ်းဂန်အဆိုကို ဆရာတော်ကြီးက ခံယူသည်။
ဆရာတော်သည် မိမိကျောင်းတိုက်ရှိ သံဃာတော် ၄၀၀-ကျော်၏ စားဝတ်နေရေး ဖူလုံမှုအတွက်၎င်း၊ သာသနာတော်ကို ပြုပြင်ရာ၌ အောင်မြင်ရန်အတွက်၎င်း၊ အထက်နတ်ကြီးများ၏ အကူအညီ လိုအပ်သည်။ မေတ္တာကို လေးလေးနက်နက် ပို့ခြင်းဖြင့် အထက်နတ်များနှင့် ဒကာ ဒကာမများ၏ မေတ္တာကို ခံယူရရှိမည်၊ အကူအညီ ရရှိမည်ဟု ယုံကြည်သည်။ ထို့ကြောင့် အသက်သတ်လွတ်စား၍ မေတ္တာပို့ကြောင်း ဆရာတော်ကြီး အရှင်ဃောသိတ ရေးသားပြုစုသော တဘ၀သာသနာ ထေရုပ္ပတ္တိကျမ်းစာအုပ်ကြီးတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ရှမ်းပြည်နယ်မှ ကုံလုံဆရာတော်ဘုရားကြီး (၉၆-နှစ်) က အသက်သတ်လွတ် ဘုဉ်းပေးရာတွင် သစ်သီးသစ်ဥ များကိုသာ ဦးစားပေး၍ ဘုဉ်းပေးတော်မူသည်။ သီလ၊ သမာဓိ၊ ပညာနှင့်လည်း အထူးပြည့်စုံအောင် ကျင့်ကြံ အားထုတ်သည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီး၏ ကိုယ်နံ့သည် ကြာညိုနံ့သင်းလျက်ရှိကြောင်း အနီးကပ် ဖူးတွေ့ရသူများက အခိုင်အမာပြောဆိုကြသည်။
သာမည်တောင် ဆရာတော်ဘုရားကြီး (၉၃-နှစ်တွင် ပျံလွန်တော်မူ) က အသက်သတ်လွတ် ဘုဉ်းပေးရုံသာမက အသက်သတ်လွတ်ခေတ်ကိုလည်း ထူထောင်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် သက်တော် ၆၀-မှစ၍ အသက်သတ်လွတ် ဘုဉ်းပေးတော်မူခဲ့သည်။ မိမိကို လာရောက်ဖူးတွေ့ကြသော ရာထောင်မက များပြားလှသည့် ရှင်လူအပေါင်းအား သက်သတ်လွတ် ထမင်းဟင်းများကို နေ့စဉ်နေ့တိုင်း ဒါနပြုခဲ့သည်။ ကမ္ဘာပေါ်တွင် လူရာထောင်ပေါင်းများစွာတို့အား သက်သတ်လွတ် ထမင်းဟင်းများ လှူဒါန်းကျွေးနိုင်သူဟူ၍ ဆရာတော် ဘုရားကြီး တပါးသာ ရှိမည်ထင်သည်။
ဆရာတော်ကြီးသည် ဤသို့ ရဟန်းရှင်လူပေါင်းများစွာကို သက်သတ်လွတ်ထမင်းဟင်းများ ကျွေးမွေးရုံသာမက သာမညတောင်ခြေရွာများရှိ လူပေါင်းများစွာကိုလည်း သက်သတ်လွတ်စားရန် အောင်မြင်စွာ နှိုးဆော်တိုက်တွန်း နိုင်ခဲ့သည်။ ဆရာတော်ကြီးသည် မေတ္တာဘာဝနာ ပွားများရာ၌ ပိုမိုထိရောက်အောင်မြင်ရန် အသက်သတ်လွတ် စားခြင်းဖြစ်ကြောင်း သိရသည်။
တိပိဋကဓရ ယောဆရာတော် (အရှင်သိရိန္ဒာဘိဝံသ) သည်လည်း သက်သတ်လွတ်ကို ဘုဉ်းပေးတော်မူသော ဆရာတော်ကြီးတပါးဖြစ်သည်။ ဆရာတော်သည် ၁၃၃၇-ခုနှစ် သက်တော် ၃၃-နှစ်အရွယ်မှစ၍ ကျန်းမာရေးကို အကြောင်းပြုကာ အသက်သတ်လွတ် ဘုဉ်းပေးတော်မူခဲ့သည်။ ယနေ့ သက်တော် ၆၀-ကျော်အရွယ်တိုင် သက်သတ်လွတ်ကို ဘုဉ်းပေးတော်မူဆဲဖြစ်သည်။
အကိုး။ ။ တိပိဋကဓရ ယောဆရာတော်၊(မင်းယုဝေ)
မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)

ချောင်းဆိုးလျှင်၊ နှာချေလျှင်
ကျွန်တော်တို့ မြန်မာလူမျိုးများမှာ အများရှေ့တွင် လေလည်မိမှာ အလွန်စိုးလှသည်။ ရှက်စရာဟု သတ်မှတ် ထားကြသည်။ သို့သော် အများရှေ့တွင် နှာချေခြင်း၊ ချောင်းဆိုးခြင်းကိုတော့ ပေါ့ပေါ့တန်တန် သဘောထားကြ ပြန်သည်။
အမှန်မှာ လေလည်ခြင်းကို ရှက်စရာဟု မမြင်သင့်ချေ။ အနောက်နိုင်ငံများတွင်လည်း လေလည်ခြင်းကို သဘာဝဟုသာ မြင်ကြ၍ မည်သူမျှ ဂရုမစိုက်ကြ။ သို့သော် အမျာေးရှ့တွင် ချောင်းဆိုးရန် နှာချေရန်ကား ၀န်လေးကြသည်။
ယနေ့ သုတေသနပြုပြီးချက်အရ တုပ်ကွေးရောဂါရှိနေသူ တယောက်သည် လူအများရှေ့တွင် နှာတချက် ချေလိုက်ခြင်းဖြင့် လူအများကြပ်နေသည့် ရုပ်ရှင်ရုံလို နေရာမျိုးဆိုလျှင် လူငါးယောက်ထက်မနည်း ရောဂါကူးစက်စေတတ်သည်ဟု ဆိုပါသည်။ အဆုတ်ရောဂါအပါအ၀င် အဖျားရောဂါပေါင်းစုံလည်း ဤနည်းဖြင့် သူတပါးအား ကူးစက်စေလေ့ရှိသည်။ သို့အတွက် နှာချေလျှင်(သို့မဟုတ်) ချောင်းဆိုလျှင် လူသူကင်းရာတွင် ချေဆိုးသင့်သည်။ မလွှဲသာ၍ အများကြားတွင် နှာချေရမည်ဆိုလျှင်လည်း လက်ကိုင်ပ၀ါကလေး လောက်နှင့်တော့ ပါးစပ်ကို ကာကွယ်ပိတ်ဆို့သင့်ကြပါသည်။
ဆရာဝန်တင်ရွှေ

Subscribe to:
Posts (Atom)