Thursday, September 30, 2010

ယမမင်း

စာတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိကပြိတ္တာမင်းကိုပင် "ယမမင်း"ဟုခေါ်၏။ တခါတရံ နတ်စည်းစိမ်ခံစား၍ တခါတလေမှာမူ မကောင်းမှုကံအကျိုးကို (ရိုးရိုးပြိတ္တာများကဲ့သို့) ခံစားရရှာသေး၏။
ထိုယမမင်းကား တယောက်သာမက, အများအပြားပင် ရှိလေသည်။ လူ့ဘုံ၌ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါးလေးဖက်၌ ရုံးစိုက်ကြပြီးလျှင် ငရဲသို့ ရောက်လာသူများကို စစ်ဆေးမေးမြန်း ကြ၏။ သို့သော် ငရဲသို့ရောက်လာသူတိုင်း အစစ်ဆေးခံရသည်မဟုတ်။ အကုသိုလ်ကြီး၍ ပြစ်မှုထင်ရှားသူတို့မှာ တခါတည်း ငရဲကျကုန်၏။ အကုသိုလ် နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့် ရကြပေသည်။ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလို၍ မဟုတ်, လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့်သာ ဖြစ်သည်။ ယခုအခါ အယူခံ ရုံးမင်းများနှင့် အလားတူပင်တည်း။ သို့အတွက် "ယမမင်း" ဟူသည်မှာ တရားစောင့်သော မင်းကောင်း မင်မြတ်ပင်တည်း-ဟု မှတ်ပါ။
(ယမရာဇာ နာမ ဝေမာနိကပေတရာဇာ၊ ဧကသ္မိံ ကာလေ ၊ပ၊ ဒိဗ္ဗသမ္ပတ္တိံ အနုဘဝတိ၊ ဧကသ္မိံ ကာလေ ကမ္မဝိပါကံ။ ဥပရိပဏ္ဏာသ၊ ဒေဝဒူတသုတ်။)

ငရဲထိန်း။ ။ ဤငရဲထိန်းများလည်း စာတုမဟာရာဇ်နတ်မျိုးအပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များတည်း။ ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံသို့ ပို့ခြင်း, ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ်ရိုက်နှက်ခြင်းပင် တည်း။
(ငရဲမီး စသော အန္တရာယ်တို့လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယဥတုဇရုပ်များ ဖြစ်ကြရကား ငရဲခံရမည့် သူများ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့၌ မပူလောင်ချေ)။

ယမမင်းစစ်တမ်း။ ။ အများကြားဖူးနားဝရှိအောင် ဒေဝဒူတသုတ် ပါဠိတော်လာ ယမမင်း၏ စစ်တမ်းကို အကျဉ်းချုပ်မျှ ပြဦးအံ့။
လူ့ပြည့်မှာရှိနေသော ကလေး, သူအို, သူနာ, သူသေ, အကျဉ်းသမား, ဤငါးဦးသားကို ယမမင်းစေလွှတ် အပ်သော တမန်တော်နှင့် အလားတူသောကြောင့် ဒေဝဒူတ-ဟု ခေါ်ဝေါ်ရသည်။
(ဒေဝ=ယမမင်း၏+ဒူတ=တမန်တော်)
ယမမင်းသည် မိမိ၏ထံမှောက်သို့ ရောက်လာသော ငရဲသားများကို ဒေဝဒူတငါးမျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ရှိသည်။

ယမမင်း။ ။ မောင်မင်း-လူ့ပြည်မှာတုန်းက မိမိ ကျင်ကြီးကျင်ငယ်ကိုပင် မသုတ်သင်နိုင်ပဲ, ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာ လှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ခဲ့ဘူးလား။

ငရဲသား။ ။ တွေ့ခဲ့ဖူးပါသည်ဘုရား။

ယမမင်း။ ။ မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက်တဲ့အခါ ထိုကလေးများကို ကြည့်ရှု၍ ငါသည် ဘာမှ နားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်၊ ပဋိသန္ဓေနေခြင်း သဘောကို မလွန်မြောက်နိုင်သေးပါတကား, ယခုနှယ်က ကိုယ်-နှုတ်-စိတ်များကို စောင့်စည်းလျက် ကောင်းကောင်းကြီး နေမှ တော်တော့မည်-ဟု အကြံအစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း။(အလွန်ကြင်နာစွာ မေးသည်)

ငရဲသား။ ။ ကျွန်တော် မေ့လျော့သည့်အတွက် ကုသိုလ်ကောင်းမှုကို စိတ်မဝင်စားမိခဲ့ပါ။

ယမမင်း။ ။ မောင်မင်း-မကောင်းမှုကို ဆွေမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးကြသည်မဟုတ်, မောင်းမင်းကိုယ်တိုင် ပြုခဲ့သည်ဖြစ်၍ မိမိပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်း မောင်မင်း ခံရချေတော့မည်။

ယမမင်းအား အမျှဝေရကျိုး။ ။ ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယတကြိမ် မေး၏။
သူနာကို ညွှန်ပြ၍ တတိယတကြိမ် မေး၏။
သူသေကို ညွှန်ပြ၍ စတုတ္ထတကြိမ် မေး၏။
အကျဉ်းသမားကို ညွှန်ပြ၍ ပဉ္စမတကြိမ် မေး၏။
ငါးကြိမ်တိုင်အောင် မေး၍မျှ ကုသိုလ်ကောင်းမှုကို သတိမရသေးလျှင် ယမမင်းကိုယ်တိုင် "ထိုသူ ကုသိုလ်ပြုစဉ်က မိမိအား အမျှဝေဖူးသလား"ဟု စဉ်းစား။
(ဤအချက်ကိုထောက်၍ ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှပေးဝေကြသည်)။
စဉ်းစား၍ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏။ ယမမင်းက ဖော်ပြခြင်းကြောင့်ဖြစ်စေ, မိမိက ဘာသာသတိရ၍ ဖြစ်စေ, ကုသိုလ်ကို သတိရသည်နှင့်တပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည်ရောက်သူလည်း အများပင်ရှိ၏။ ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထားရကြောင်း ထင်ရှားသည်။ ယမမင်းကိုယ်တိုင် စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲကောင်သတ္တဝါကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြလေ တော့သည်။

အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ-၏ သင်္ဂြိုဟ်ဘာသာဋီကာ-မှ

Wednesday, September 29, 2010

ငရဲသက်

နိရယ (နိ+အယ) နတ္ထိ အယော ဧတ္ထာတိ နိရယော။
ဧတ္ထ-ဤဘုံ၌၊ အယော-ချမ်းသာသည်၊ နတ္ထိ-မရှိ၊ ဣတိ-ထို့ကြောင့်၊ နိရယော-နိရယ (ငရဲ) မည်၏။
ထိုငရဲကား-သဉ္ဇိုဝ်း ကာဠ, သံဃာတနှင့်, ရောရုဝနှစ်, တာပန်နှစ်, တွက်စစ်အဝီစိ,, ရှစ်ထပ်ရှိ၏။
၁။ သဉ္ဇိုဝ်းငရဲ
၂။ ကာဠသုတ်ငရဲ
၃။ သံဃာတငရဲ
၎။ ဇာလရောရုဝငရဲ
၅။ ဓူမရောရုဝငရဲ
၆။ တာပန်ငရဲ
၇။ မဟာတာပနငရဲ
၈။ အဝီစိငရဲ

ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော ဤမြေကြီးဝယ် အောက်တသိန်းနှစ်သောင်းမှာ ကျောက်မြေဖြစ်၍ အထက်တသိန်းနှစ်သောင်းသာလျှင် ပကတိမြေသား ဖြစ်သတဲ့။
အထက်မြေသားအတွင်း၌ ထိုငရဲကြီးရှစ်ထပ် တည်ရှိနေရကား တထပ်နှင့်တထပ် အကွာအဝေးမှာ (တသိန်နှစ်သောင်းကို ရှစ်ဖြင့်စား၍) ယူဇနာ တသောင်းငါးထောင်စီ ကွာဝေးသတဲ့။
ဆိုလိုရင်းကား-လူ့ပြည်မှအောက် ယူဇနာတသောင်းငါးထောင် ဝေးသောအရပ်၌ သဉ္ဇိုဝ်းငရဲ တည်ရှိ၏။ ထို့နောက် ယူဇနာ တသောင်းငါးထောင် ဝေးသောအရပ်၌ ကာဠသုတ်ငရဲ တည်ရှိ၏။ ဤသို့စသည်ဖြင့် တထပ်နှင့်တထပ် ယူဇနာ တသောင်းငါးထောင်စီ ဝေးသည်-ဟူလို။

အထပ်တိုင်းမှာ, ဘင်-ပြာ-လက်-သန်, ကြိန်ပိုက်ရံ, ငါးတန် ဥဿဒရှိ=
ဆိုသည့်အတိုင်း ဤငရဲကြီး ရှစ်ထပ်တွင် တထပ်တထပ်၌ သတ္တဝါများ ပြုမှားမိသော အကုသိုလ်ကံအလိုက်-
၁။ ဘင်ပုပ်ငရဲ
၂။ ပြာပူငရဲ
၃။ လက်ပံတောငရဲ
၎။ သန်လျက်ရွက်တော (သစ်ပင်တော)ငရဲ
၅။ ကြိမ်ပိုက်ချောင်းငရဲ-ဟု (ဥဿဒ) ငရဲငယ် ၅-ခုစီ တံတိုင်းခတ်သလို ရံပတ်၍နေ၏။

( ငရဲသက် )
အထက်၌ ဖော်ပြခဲ့ပြီးသော နတ်သက်နှင့် နှိုင်းယှဉ်၍ ငရဘြုံသက်ကိုလည်း ဇိနာလင်္ကာရဋီကာ၌ ပြထားသေး၏။
၁။ စာတုမဟာရာဇ်နတ်သက် (၅ဝဝ) အားလုံးသည် သဉ္ဇိုဝ်းငရဲ၌ တနေ့နှင့်တညဥ့်တည်း။
ထိုနေ့ညဥ့်အတိုင်း လ နှစ် ဖွဲ့၍ အနှစ်ငါးရာသည် သဉ္ဇိုဝ်း ငရဲသက်တည်း။
ထိုငရဲ၌ကျသူတို့ ယခုထက် မလွန်နိုင်၊ ထိုအတွင်း၌ကား ကံအားလျော်စွာ လွတ်ခွင့်ရကြ၏။
၂။ တာဝတိံသာနတ်သက် (၁ဝဝဝ) အားလုံးသည် ကုဠသုတ်၌ တနေ့တညဥ့်တည်း။
ထိုနေ့ညဥ့်ဖြင့် နှစ်ပေါင်းတထောင်သည် ကာဠသုတ် ငရဲသက်တည်း။
၃။ ယာမာနတ်သက် (၂ဝဝဝ) အားလုံးသည် သံဃာတ၌ တနေ့တညဥ့်တည်း။
ထိုနေ့ညဥ့်ဖြင့် အနှစ်နှစ်ထောင်သည် သံဃာတ ငရဲသက်တည်း။
၎။ တုသိတာနတ်သက် (၄ဝဝဝ) အားလုံးသည် ဇာလရောရုဝ၌ တနေ့တညဥ့်တည်း။
ထိုနေ့ညဥ့် အနှစ်လေးထောင်သည် ဇာလရောရုဝ ငရဲသက်တည်း။
၅။ နိမ္မာနရတီနတ်သက် (၈ဝဝဝ) အားလုံးသည် ဓူမရောရုဝ၌ တနေ့တညဥ့်တည်း။
ထိုနေ့ညဥ့် အနှစ်ရှစ်ထောင်သည် ဓူမရောရုဝ ငရဲသက်တည်း။
၆။ ပရနိမ္မိတဝသဝတ္တီနတ်သက် (၁၆ဝဝဝ) အားလုံးသည် တာပန၌ တနေ့တညဥ့်တည်း။
ထိုနေ့ညဥ့် အနှစ်တသောင်းခြောက်ထောင်သည် တာပန ငရဲသက်တည်း။

အန္တရကပ်ကို နှစ်ပိုင်းခွဲ၍ တပိုင်းသည် မဟာတာပန ငရဲသက်တည်း။
အန္တရကပ် တကပ်သည် အဝီစိ ငရဲသက်တည်း။
(ဤတွက်ပုံကို အဋ္ဌကထာတို့၌ မတွေ့ရ)။

(ငရဲကြီး ၈-ထပ် အဓိပ္ပါယ်)
၁။ သဉ္ဇိုဝ်း ငရဲ
ဇလိတာဝုဓဟတ္ထေဟိ၊ ခဏ္ဍိတာပိ နေရယိကာ။
ဇီဝန္တာ ယမှိ ပုနောပိ၊ သဉ္ဇီဝေါတိ ပဝုစ္စတေ။
ယမှိနိရယေ-ကံကြမ္မာရင်း, ဖန်လာညှင်းက, မကွင်းနိုင်အောင်, အတင်းဆောင်လျက်, သွင်းလှောင်ပိတ်ဆီး, အကြင်သို့သော ငရဲကြီး၌။ နေရယိကာ-အမြဲအစွဲ, အနဲနဲဖြင့်, တသဲသဲဆူ, ငရဲသူတို့သည်။ ဇလိတာဝုဓဟတ္ထေဟိ- ပြောင်တလက်လက်, အရောင်ထွက်သည့်, လက်နက်ကိုင်စွဲ, ငရဲထိန်းကြီးတို့က။ ခဏ္ဍိတာပိ-သေလောက် ကြေလောက်, အနေရောက်အောင်, တောက်တောက်ဖြတ်စဉ်း, သတ်ညှဉ်းအပ်ပါကုန်သော်လည်း။ ပုနောပိ ဇီဝန္တာ-အကုသိုလ်ကံ, မကုန်ပြန်လျှင်, တဖန်ဆက်တည်, အသက်ရှည်ကြရလေကုန်၏။ သော နိရယော-သို့ကလိုကံ, မကုန်ပြန်လျှင်, တဖန်ဆက်တည်, အသက်ရှည်ရိုး, ထိုငရဲအိုးကို။ သဉ္ဇီဝေါတိ-သဉ္ဇိုဝ်းငရဲဟူ၍။ ပဝုစ္စတေ-ဗျုပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက်အောင်,သမိုက်အပ်လေတော့သတည်း။



Tuesday, September 28, 2010

နတ်သက်

( နတ်ပြည်ခြောက်ထပ်)
၁။ စာတုမဟာရာဇ်
၂။ တာဝတိံသာ
၃။ ယာမာ
၎။ တုသိတာ
၅။ နိမ္မာနရတီ
၆။ ပရနိမ္မိတဝသဝတ္တီ

၁။ စာတုမဟာရာဇ်နတ်တို့၏ အသက်တမ်းကား သူတို့၏တွက်ကိန်းဖြင့် နှစ်ပေါင်း (၅ဝဝ)တည်း။
လူ့ပြည် အနှစ် (၅ဝ)သည် ထိုစာတုမဟာရာဇ်နတ်ပြည်၌ တနေ့တညဥ့်နှင့် ညီမျှ၏။
ထိုကဲ့သို့ နေ့ညဥ့်ပေါင်း (၃ဝ)လျှင် တလ၊
လပေါင်း (၁၂)လသည် တနှစ်၊
ထိုကဲ့သို့ နှစ်မျိုး (၅ဝဝ)သည် စာတုမဟာရာဇ်ဘုံ၏ အသက်တမ်းတည်း။

ဤနတ်သက်ကို ဓမ္မဟဒယဝိဘင်းပါဠိတော်၌ (လူ့အရေအတွက်ပါ) ပြ၏။
ယာနိ ပညာသဝဿာနိ၊ မနုဿာနံ ဒိနော တဟိံ၊
တိံသရတ္တိဒိဝေါ မာသော, မာသာ ဒွါဒသသံဝစ္ဆရံ၊
တေန သံဝစ္ဆရေနာယု, ဒိဗ္ဗံ ပဉ္စသတံ မတံ။

(မနုဿဂဏနာယ နဝုတိဝဿသတ သဟဿပမာဏံ)
ထိုစာတုမဟာရာဇ်နတ် အနှစ်ငါးရာသည် လူတို့တွက်ကိန်းအားဖြင့် အနှစ် (ကိုးသန်း)ရှိ၏။
ဤအနှစ် ကိုးသန်း ဟူသည်မှာ အထူးအဆန်း တွက်ကိန်းမဟုတ်၊
စာတုမဟာရာဇ်နတ်တို့ တရက်လျှင် လူတို့က အနှစ်(၅ဝ)ငါးဆယ် ရှိသောကြောင့်
နတ်တို့က တလပြည့်လျှင် လူတို့မှာ (၃ဝx၅ဝ=၁၅ဝဝ) အနှစ် တထောင့်ငါးရာ ရှိလေပြီ။
နတ်တို့က တနှစ်ပြည့်လျှင် လူတို့မှာ (၁၂x၁၅ဝဝ=၁၈ဝဝဝ) အနှစ် တသောင်းရှစ်ထောင် ရှိလေပြီ။
ဤသို့မြှောက်ပွား၍ နတ်သက် (၅ဝဝ) ပြည့်တဲ့အခါ လူတို့တွက်ကိန်းအားဖြင့် (၅ဝဝx၁၈ဝဝဝ=၉,ဝဝဝဝဝဝ) အနှစ် ကိုးသန်း ဖြစ်လေသည်။
အထက်နတ်သက်များလည်း ဤနည်းပင်တည်း။

၂။ တာဝတိံသာနတ်တို့၏ အသက်တမ်းကား သူတို့၏တွက်ကိန်းဖြင့် နှစ်ပေါင်း (၁ဝဝဝ)တည်း။
လူ့ပြည် အနှစ် (၁ဝဝ)သည် ထိုတာဝတိံသာနတ်ပြည်၌ တနေ့တညဥ့်နှင့် ညီမျှ၏။
ထိုကဲ့သို့ နေ့ညဥ့်ပေါင်း (၃ဝ)လျှင် တလ၊
လပေါင်း (၁၂)လသည် တနှစ်၊
ထိုကဲ့သို့ နှစ်မျိုး (၁ဝဝဝ)သည် တာဝတိံသာဘုံ၏ အသက်တမ်းတည်း။

ထိုတာဝတိံသာနတ် အနှစ်တထောင်သည် လူတို့တွက်ကိန်းအားဖြင့် အနှစ် (သုံးဆဲ့ခြောက်သန်း)ရှိ၏။
ဤအနှစ် သုံးဆဲ့ခြောက်သန်း ဟူသည်မှာ အထူးအဆန်း တွက်ကိန်းမဟုတ်၊
တာဝတိံသာနတ်တို့ တရက်လျှင် လူတို့က အနှစ်(၁x၁ဝဝ=၁ဝဝ)တစ်ရာ ရှိသောကြောင့်
နတ်တို့က တလပြည့်လျှင် လူတို့မှာ (၃ဝx၁ဝဝ=၃ဝဝဝ) အနှစ် သုံးထောင် ရှိလေပြီ။
နတ်တို့က တနှစ်ပြည့်လျှင် လူတို့မှာ (၁၂x၃ဝဝဝ=၃၆ဝဝဝ) အနှစ် သုံးသောင်းခြောက်ထောင် ရှိလေပြီ။
ဤသို့မြှောက်ပွား၍ နတ်သက် (၁ဝဝဝ) ပြည့်တဲ့အခါ လူတို့တွက်ကိန်းအားဖြင့် (၁ဝဝဝx၃၆ဝဝဝ=၃၆,ဝဝဝဝဝဝ) အနှစ် (သုံးဆဲ့ခြောက်သန်း)ဖြစ်လေသည်။

၃။ ယာမာနတ်တို့၏ အသက်တမ်းကား သူတို့၏တွက်ကိန်းဖြင့် နှစ်ပေါင်း (၁ဝဝဝ)တည်း။
လူ့ပြည် အနှစ် (၂ဝဝဝ)သည် ထိုယာမာနတ်ပြည်၌ တနေ့တညဥ့်နှင့် ညီမျှ၏။
ထိုကဲ့သို့ နေ့ညဥ့်ပေါင်း (၃ဝ)လျှင် တလ၊
လပေါင်း (၁၂)လသည် တနှစ်၊
ထိုကဲ့သို့ နှစ်မျိုး (၂ဝဝဝ)သည် ယာမာဘုံ၏ အသက်တမ်းတည်း။

ထိုယာမာနတ် အနှစ်နှစ်ထောင်သည် လူတို့တွက်ကိန်းအားဖြင့် အနှစ် (တရာလေးဆဲ့လေးသန်း)ရှိ၏။
ဤအနှစ် တရာလေးဆဲ့လေးသန်း-ဟူသည်မှာ အထူးအဆန်း တွက်ကိန်းမဟုတ်၊
ယာမာနတ်တို့ တရက်လျှင် လူတို့က အနှစ်(၁x၂ဝဝ=၂ဝဝ)နှစ်ရာ ရှိသောကြောင့်
နတ်တို့က တလပြည့်လျှင် လူတို့မှာ (၃ဝx၂ဝဝ=၆ဝဝဝ) အနှစ် ခြောက်ထောင် ရှိလေပြီ။
နတ်တို့က တနှစ်ပြည့်လျှင် လူတို့မှာ (၁၂x၆ဝဝဝ=၇၂ဝဝဝ) အနှစ် ခုနစ်သောင်း နှစ်ထောင် ရှိလေပြီ။
ဤသို့မြှောက်ပွား၍ နတ်သက် (၂ဝဝဝ) ပြည့်တဲ့အခါ လူတို့တွက်ကိန်းအားဖြင့် (၂ဝဝဝx၇၂ဝဝဝ=၁၄၄,ဝဝဝဝဝဝ) အနှစ် (တရာလေးဆဲ့လေးသန်း)ဖြစ်လေသည်။

၎။ တုသိတာနတ်တို့၏ အသက်တမ်းကား သူတို့၏တွက်ကိန်းဖြင့် နှစ်ပေါင်း (၄ဝဝဝ)တည်း။
လူ့ပြည် အနှစ် (၄ဝဝ)သည် ထိုတုသိတာနတ်ပြည်၌ တနေ့တညဥ့်နှင့် ညီမျှ၏။
ထိုကဲ့သို့ နေ့ညဥ့်ပေါင်း (၃ဝ)လျှင် တလ၊
လပေါင်း (၁၂)လသည် တနှစ်၊
ထိုကဲ့သို့ နှစ်မျိုး (၄ဝဝဝ)သည် တုသိတာဘုံ၏ အသက်တမ်းတည်း။

ထိုတုသိတာနတ် အနှစ်လေးထောင်သည် လူတို့တွက်ကိန်းအားဖြင့် အနှစ် (ငါးရာခုနစ်ဆဲ့ခြောက်သန်း)ရှိ၏။
ဤအနှစ် ငါးရာခုနစ်ဆဲ့ခြောက်သန်း-ဟူသည်မှာ အထူးအဆန်း တွက်ကိန်းမဟုတ်၊
တုသိတာနတ်တို့ တရက်လျှင် လူတို့က အနှစ်(၁x၄ဝဝ=၄ဝဝ)လေးရာ ရှိသောကြောင့်
နတ်တို့က တလပြည့်လျှင် လူတို့မှာ (၃ဝx၄ဝဝ=၁၂ဝဝဝ) အနှစ် တသောင်းနှစ်ထောင် ရှိလေပြီ။
နတ်တို့က တနှစ်ပြည့်လျှင် လူတို့မှာ (၁၂x၁၂ဝဝဝ=၁၄၄ဝဝဝ) အနှစ် တသိန်းလေးသောင်းလေးထောင် ရှိလေပြီ။
ဤသို့မြှောက်ပွား၍ နတ်သက် (၄ဝဝဝ) ပြည့်တဲ့အခါ လူတို့တွက်ကိန်းအားဖြင့် (၄ဝဝဝx၁၄၄ဝဝဝ=၅၇၆,ဝဝဝဝဝဝ) အနှစ် (ငါးရာခုနစ်ဆဲ့ခြောက်သန်း)ဖြစ်လေသည်။

၅။ နိမ္မာရတီနတ်တို့၏ အသက်တမ်းကား သူတို့၏တွက်ကိန်းဖြင့် နှစ်ပေါင်း (၈ဝဝဝ)တည်း။
လူ့ပြည် အနှစ် (၈ဝဝ)သည် ထိုနိမ္မာနရတီနတ်ပြည်၌ တနေ့တညဥ့်နှင့် ညီမျှ၏။
ထိုကဲ့သို့ နေ့ညဥ့်ပေါင်း (၃ဝ)လျှင် တလ၊
လပေါင်း (၁၂)လသည် တနှစ်၊
ထိုကဲ့သို့ နှစ်မျိုး (၈ဝဝဝ)သည် နိမ္မာနရတီဘုံ၏ အသက်တမ်းတည်း။

ထိုနိမ္မာနရတီနတ် အနှစ်ရှစ်ထောင်သည် လူတို့တွက်ကိန်းအားဖြင့် အနှစ် (နှစ်ထောင့်သုံးရာလေးသန်း)ရှိ၏။
ဤအနှစ် နှစ်ထောင့်သုံးရာလေးသန်း-ဟူသည်မှာ အထူးအဆန်း တွက်ကိန်းမဟုတ်၊
နိမ္မာနရတီနတ်တို့ တရက်လျှင် လူတို့က အနှစ်(၁x၈ဝဝ=၈ဝဝ)ရှစ်ရာ ရှိသောကြောင့်
နတ်တို့က တလပြည့်လျှင် လူတို့မှာ (၃ဝx၈ဝဝ=၂၄ဝဝဝ) အနှစ် နှစ်သောင်းလေးထောင် ရှိလေပြီ။
နတ်တို့က တနှစ်ပြည့်လျှင် လူတို့မှာ (၁၂x၂၄ဝဝဝ=၂၈၈ဝဝဝ) အနှစ် နှစ်သိန်းရှစ်သောင်းရှစ်ထောင် ရှိလေပြီ။
ဤသို့မြှောက်ပွား၍ နတ်သက် (၈ဝဝဝ) ပြည့်တဲ့အခါ လူတို့တွက်ကိန်းအားဖြင့် (၈ဝဝဝx၂၈၈ဝဝဝ=၂၃ဝ၄,ဝဝဝဝဝဝ) အနှစ် (နှစ်ထောင့်သုံးရာလေးသန်း)ဖြစ်လေသည်။

၆။ ပရနိမ္မတိဝသဝတ္တီနတ်တို့၏ အသက်တမ်းကား သူတို့၏တွက်ကိန်းဖြင့် နှစ်ပေါင်း (၁၆ဝဝဝ)တည်း။
လူ့ပြည် အနှစ် (၁၆ဝဝ)သည် ထိုပရနိမ္မိတဝသဝတ္တီနတ်ပြည်၌ တနေ့တညဥ့်နှင့် ညီမျှ၏။
ထိုကဲ့သို့ နေ့ညဥ့်ပေါင်း (၃ဝ)လျှင် တလ၊
လပေါင်း (၁၂)လသည် တနှစ်၊
ထိုကဲ့သို့ နှစ်မျိုး (၁၆ဝဝဝ)သည် ပရနိမ္မိတဝသဝတ္တီဘုံ၏ အသက်တမ်းတည်း။

ထိုပရနိမ္မိတဝသဝတ္တီနတ် အနှစ်တသောင်းခြောက်ထောင်သည် လူတို့တွက်ကိန်းအားဖြင့်
အနှစ် (ကိုးထောင့်နှစ်ရာတဆဲ့ခြောက်သန်း)ရှိ၏။
ဤအနှစ် ကိုးထောင့်နှစ်ရာတဆဲ့ခြောက်သန်း-ဟူသည်မှာ အထူးအဆန်း တွက်ကိန်းမဟုတ်၊
ပရနိမ္မိတဝသဝတ္တီနတ်တို့ တရက်လျှင် လူတို့က အနှစ်(၁x၁၆ဝဝ=၁၆ဝဝ)တစ်ထောင့်ခြောက်ရာ ရှိသောကြောင့်
နတ်တို့က တလပြည့်လျှင် လူတို့မှာ (၃ဝx၁၆ဝဝ=၄၈ဝဝဝ) အနှစ် လေးသောင်းရှစ်ထောင် ရှိလေပြီ။
နတ်တို့က တနှစ်ပြည့်လျှင် လူတို့မှာ (၁၂x၄၈ဝဝဝ=၅၇၆ဝဝဝ) အနှစ် ငါးသိန်းခုနစ်သောင်းခြောက်ထောင် ရှိလေပြီ။
ဤသို့မြှောက်ပွား၍ နတ်သက် (၁၆ဝဝဝ) ပြည့်တဲ့အခါ လူတို့တွက်ကိန်းအားဖြင့် (၁၆ဝဝဝx၅၇၆ဝဝဝ=၉၂၁၆,ဝဝဝဝဝဝ) အနှစ် (ကိုးထောင့်နှစ်ရာတဆဲ့ခြောက်သန်း)ဖြစ်လေသည်။

( နတ်,နတ်သက်,လူသက်=အချုပ်မှတ်ရန် )
၁။ စာတုမဟာရာဇ်နတ်.....နတ်သက်.၅ဝဝ,........လူသက်.၉ဝဝဝဝဝဝ.......၉-သန်း
၂။ တာဝတိံသာနတ်.......နတ်သက်.၁ဝဝဝ,.......လူသက်.၃၆ဝဝဝဝဝဝ......၃၆-သန်း
၃။ ယာမာနတ်...........နတ်သက်.၂ဝဝဝ,.......လူသက်.၁၄၄ဝဝဝဝဝဝ.....၁၄၄-သန်း
၎။ တုသိတာနတ်.........နတ်သက်.၄ဝဝဝ,.......လူသက်.၅၇၆ဝဝဝဝဝဝ......၅၇၆-သန်း
၅။ နိမ္မာနရတီနတ်.........နတ်သက်.၈ဝဝဝ,.......လူသက်.၂၃ဝ၄ဝဝဝဝဝဝ....၂၃ဝ၄-သန်း
၆။ ပရနိမ္မိတဝသဝတ္တီနတ်....နတ်သက်.၁၆ဝဝဝ,......လူသက်.၉၂၁၆ဝဝဝဝဝဝ.....၉၂၁၆-သန်း

ဤနတ်သက်များသည် ထိုထိုဘုံ၌ဖြစ်သော နတ်တို့ အလွန်ဆုံးနေရသော အသက်တည်း။
ထို့ကြောင့် နတ်အားလုံးပင် ထိုနတ်သက်အတိုင်း အတိအကျနေရမည် မဟုတ်,
မနောပဒေါသိက နတ်တို့သည် ဒေါသအားကြီးလာလျှင် နတ်သက်မစေ့ခင် စုတေကြ၏။
ခိဋ္ဋာပဒေါသိက နတ်တို့လည်း အပျော်အပါးများ၍ အစာစားချိန်၌ မစားမိကြလျှင် နောက်ထပ်စားသော်လည်း မရ,
နတ်သက် မစေ့ခင် စုတေကြရသည်။

အပါယ်ဘုံသား နှင့် လူ, ဝိနိပါတိက အသုရာနတ်တို့၏ အသက်တမ်း

အပါယ်ဘုံသား နှင့် လူ, ဝိနိပါတိက အသုရာနတ်တို့၌ အသက်တမ်း အမြဲမရှိ။
ထိုတွင် ငရဲ, ပြိတ္တာ အသုရကာယ်တို့၌ ကံသာလိုရင်းတည်း။
ကံမကုန်သေးသမျှ နှစ်ပေါင်းမည်မျှပင်ကြာသော်လည်း မလွတ်နိုင်ကြချေ။
ကံကုန်လျှင်ကား တခဏချင်း လွတ်နိုင်၏။
သီဟိုဠ်ကျွန်းဝယ် ဥပါသကာတယောက်သည် စေတီတော်အား သင်္ကန်းလှူပြီးနောက် မကြာမီ စုတေ၍ အကုသိုလ် အတွက် ငရဲသို့ရောက်သွားလေရာ, မီးတောက် မီးလျှံများကို မြင်လျှင် သင်္ကန်းကို သတိရ၍ ချက်ချင်းလွတ်ခဲ့ရလေသည်။
အရှင်ဒေဝဒတ်မှာ အဝီစိငရဲ၌ အာယုကပ်တိုင်အောင် ခံရှာရဦးလတံ့။
ပြိတ္တာ နှင့် အသုရကာယ်များလည်း ဤနည်းအတိုင်းပင်တည်း။
တိရစ္ဆာန်များနှင့် လူတို့၌ အသက်တရာတမ်း, (၇၅)နှစ်တမ်း စသည်ဖြင့် ခန့်မှန်းအပ်သော အသက်အတိုင်းအရှည် ရှိ၏။
သို့သော် ထိုအသက်တမ်းသည် ရံခါ (၁ဝ)နှစ်တမ်း တိုင်အောင်ပင် ဆုတ်၍, ရံခါ အသင်္ချေတမ်းတိုင်အောင် တိုးသဖြင့် တိုးချည် ဆုတ်ချည် အမြဲမတည်သောကြောင့်၎င်း၊ လူတို့ကဲ့သို့ တိရစ္ဆာန်များ၌ အသက်တမ်း အတိုးအဆုတ် ရှိရာသောကြောင့်၎င်း၊ တိရစ္ဆာန် နှင့် လူတို့၏ အသက်တမ်းအရေအတွက်ကိုလည်း အမြဲသတ်မှတ်၍ မဖြစ်နိုင်။

(အသက်တမ်း တိုးဆုတ်)
လူတို့၏အသက်တမ်း အတိုးအဆုတ်မှာ ဥတု အာဟာရတို့နှင့် များစွာသက်ဆိုင်၏။ ဥတုကောင်း၌ နေထိုင်ရ၍ အဆီအနှစ်ပြည့်သော အသီးအရွက်တို့ကို စားသောက်ရလျှင် အသက်တမ်းရှည်၏။ ညံ့ဖျင်းသော ဥတု၌ နေထိုင်ရ၍ အဆီအနှစ် နည်းပါးသော အစားအသောက်ကို စားသောက်ရလျှင် အသက်တမ်းတို၏။ ထိုဥတုနှင့် အာဟာရတို့ ကောင်း-မကောင်းမှာ သတ္တဝါတို့၏ ကံနှင့်ဆိုင်၏။ သတ္တဝါတို့ ကံကောင်းခိုက်၌ ဥတု အာဟာရလည်း ကောင်း၏။ သတ္တဝါတို့ ကံညံ့လျှင် ဥတု အာဟာရလည်း ညံ့၏။ သတ္တဝါတို့ ကံကောင်း-မကောင်း မှာလည်း သတ္တဝါအများ၏ ပကတိစိတ်ဓာတ်နှင့် သက်ဆိုင်ပြန်၏။ လောဘ, ဒေါသ, မောဟ, မာနတို့ လွှမ်းမိုးနေသော လက်ထက်၌ ကံများလည်း မကောင်းနိုင်ချေ။ ကုသိုလ်တရား တိုးပွားသော လက်ထက်၌သာ ကံကောင်းနိုင်ကြပေသည်။ ယခုမျက်မြင်အားဖြင့်ပင် သတ္တဝါတို့၌ ဒုစရိုက်အား ကောင်းလှ၏။ ထို့ကြောင့်လည်း အသက်တမ်း တဖြည်းဖြည်း ဆုတ်လေပြီ။ လူတို့ကဲ့သို့ ဥတု အာဟာရကို မှီနေရသော တိရစ္ဆာန်များလည်း လူတို့နှင့် အလားတူစွာပင် ဖြစ်ကြရလေသည်။

(တောင်ကျွန်းသူ)
ဤနေရာဝယ် မနုဿာနံ-အရ ဇမ္ဗူဒိပ်ကျွန်းသားကိုသာ ယူရိုးရှိကြ၏။
ရှေ့ခုနစ်ရာ, နောက်ငါးရာ, မြောက်မှာတထောင်မြဲ-ဟူသည့်အတိုင်း အရှေ့ကျွန်း၌ အသက်တမ်း (၇ဝဝ),
နောက်ကျွန်း၌ (၅ဝဝ), မြောက်ကျွန်း၌ (၁ဝဝဝ) ရှိသတဲ့။
ထိုအသက်တမ်းများလည်း အသင်္ချေမှ ဆုတ်ယုတ်လာသော အသက်တမ်းများတည်း။
ကမ္ဘာတည်စ၌ ဥတု အာဟာရ ကောင်းမွန်လှသဖြင့် လေးကျွန်းလုံးပင် အသက်တမ်း အသင်္ချေစီ အညီအမျှ ရှည်ကြ၏။ ထို့နောက် တဖြည်းဖြည်းဆုတ်လေရာ အရှေ့-အနောက်-မြောက်ကျွန်းတို့၌ ထိုအသက်တမ်းအောက် မယုတ်တော့ဘဲ အမြဲတည်နေ၏။ ထို့ကြောင့် ဥတ္တရကုရုဝါသိကာ-မြောက်ကျွန်း၌နေသူတို့သည်၊ အမမာ- ခင်တွယ်ခြင်း မရှိကုန်၊ အပရိဂ္ဂဟာ-ငါ့ဥစ္စာဟု သိမ်းဆည်းမှု မရှိကုန်၊ အဝသေသာယုနာ-အဆုံးသတ် ဆုတ်ပြီးသော အသက်တမ်းကြွင်းဖြင့်၊ နိယတာယုကာ-မြဲသောအသက်တမ်း ရှိကုန်၏-ဟု ဟောတော်မူသည်။

( အသက်တမ်းဆုတ်ပုံ)
တောင်ကျွန်း၌ကား (၁ဝ)နှစ်တမ်းတိုင်အောင် ဆုတ်၏။ ထိုသို့ဆုတ်ရာ၌ သုတ်ပါထေယျ-စက္ကဝတ္တိသုတ်မှာ အကုသိုလ်ကံအားလျော်စွာ အသက်တမ်း တဝက် တဝက် လျော့သည်ဟုဆို၏။ လောကပညတ္တိကျမ်း၌ အနှစ်တရာလျှင် ဆယ်နှစ်ဆုတ်သည်ဟု ဆိုသတတ်။
(အနှစ်တရာလျှင် တနှစ်ဆုတ်သည်ဟု ယခုကာလ၌ ပြောကြ၏)
သို့သော် ယခုမျက်မြင်အားဖြင့် စဉ်းစားလျှင် တရံတခါ အတော်များများဆုတ်၍ တခါတရံ၌ကား မဆုတ်ဘဲရှိဟန်တူ၏။ ဘုရားမပွင့်မီ အတော်ကြာကာလကပင် အသက်တရာတမ်းသည် ဘုရားပွင့်တော်မူသည့် အခါတိုင်အောင် တရာတမ်းဟုပင် ဆိုကြ၏။ ယခုအခါ တရာတမ်းရှိတော့မည် မဟုတ်၊ သာသနာသက္ကရာဇ် (၂၄ဝဝ)ကျော်ပြီဖြစ်ရကား အနှစ်တရာ တနှစ်ဆုတ်ဖြင့် ရေတွက်ဦးတော့ (၇၅)နှစ်တမ်းလောက်သာ ရှိချေတော့ပြီ။

( ဘုမ္မဒေဝလည်း မမြဲ)
ဝိနိပါတိကာသုရာနံ-ဟု သင်္ဂြိုဟ်ကဆိုသော်လည်း ဓမ္မဟဒယ ဝိဘင်္ဂအဋ္ဌကထာ၌ ဘုမ္မဒေဝါနံပိ ကမ္မမေဝ ပမာဏံ ဟု ဝိနိပါတိကာသုရာနှင့်တကွ ဘုမ္မဇိုဝ်းနတ်အားလုံးပင် အသက်တမ်းမမြဲဟု ဆိုထား၏။
ထိုစကားသင့်၏-အချို့ ဘုမ္မဇိုဝ်းနတ်များသည် အသင်္ချေတိုင်အောင် အသက်ရှည်၍, အချို့မှာ ကံအားလျော်စွာ (၇)ရက် စသည်လောက်သာ အသက်ရှည်ကြသည်။ ဘုမ္မဇိုဝ်းနတ်များသာမက, ဝေမာနိကပြိတ္တာဟု ခေါ်အပ်သော နတ်များလည်း အသက်တမ်း မမြဲကြချေ။ ကံအားလျော်စွာ အတိုအရှည် ရှိနိုင်ပေသည်။
ကဿပဘုရားရှင်၏ သာဝက သောတာပန်ဖြစ်ကြသော အာကာသဋ္ဌကနတ်တို့သည် နိမိမင်း၏ လက်ထက် တိုင်အောင်ပင် တည်ရှိကြသေးသည်-ဟု ဇာတ်အဋ္ဌကထာဆိုသောကြောင့် အာကာသဋ္ဌကနတ်များ၌လည်း အသက်တမ်းမမြဲဟု သိသာ၏။
(ကဿပဘုရားရှင် ပွင့်တော်မူပြီးနောက် (၁ဝ)နှစ်တမ်းတိုင်အောင် ဆုတ်, ထိုမှတဖန် အသင်္ချေတိုင်အောင်တက်, ထိုမှတဖန် ဆုတ်လာသောအခါကျမှ နိမိမင်းလက်ထက် ဖြစ်ရသဖြင့် အနှစ်ကိုးသန်းမက, အသင်္ချေမက, အလွန်ကြာခဲ့ပေပြီ)။

အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ-၏
သင်္ဂြိုဟ်ဘာသာဋီကာ-မှ

Monday, September 27, 2010

လိပ်ခေါင်းရောဂါ

တနေ့သော နံနက်ပိုင်းတွင် အသက် ၄ဝ-ကျော် လူနာတယောက် ဆေးခန်းသို့ရောက်လာသည်။ ဝမ်းသွားလျှင် သွေးပါလာကြောင်း၊ စအိုဝ နာကျင်သည်မှာ ၃-ရက်ရှိပြီဖြစ်ကြောင်း ပြောပါသည်။ သူသည် လိပ်ခေါင်းရောဂါ ခံစားလာခဲ့သည်မှာ ၁ဝ-နှစ်ကျော်ရှိပြီ။ မကြာခဏ ရောဂါထလျှင် စအိုဝ နာကျင်တတ်သည်။ ဝမ်းသွားလျှင် သွေးပါတတ်သည်။ သွေးအရောင်သည် များသောအားဖြင့် နီမြန်းနေတတ်သည်။ ပြည်နှင့် အကျိအချွဲများတော့ မပါပေ။ ဝမ်းဗိုက်လည်း နာလေ့မရှိပေ။ ဝမ်းသွားသည့်အခါ စအိုဝမှ တစုံတရာကျလာပြီး နာကျင်မှုကို ခံစားရသည်။ တလလျှင် နှစ်ကြိမ်ခန့် ဖြစ်တတ်၍ စိတ်ညစ်ရသည်ဟု ဆိုပါသည်။

ကျွန်တော်သည် သူ့ရောဂါကို ဆေးစစ်ပြီးနောက် သူ၏ရောဂါသည် အခြေခံအားဖြင့် အတွင်းလိပ်ခေါင်း ဖြစ်နိုင်ကြောင်း ပြောပြလိုက်သည်။
သူက-ဟုတ်ကဲ့၊ ယခင်က ဆရာဝန်ပြတုန်းကလည်း ဆရာဝန်က အတွင်းလိပ်ခေါင်းလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားကုသနေပါတယ်။ လွန်ခဲ့သော ၃-နှစ်ခန့်က ခွဲစိတ်ကုသခဲ့ဖူးပါတယ်။ နေကောင်းသွားတာ နှစ်ဝက်သာရှိသေးတယ်။ အခု ရောဂါပြန်ဖြစ်လာပါတယ်။ ဝမ်းသွားလျှင် သွေးပါမြဲ ပါလာပါတယ်။ လိပ်ခေါင်းရောဂါဟာ ကုသလို့ မပျောက်နိုင်တော့ဘူးလား-ဟု ပြောသည်။

လူနာအား ထပ်မံစုံစမ်းသောအခါ ဝမ်းချုပ်တတ်သည်ကို သိရသည်။
ထို့ကြောင့် သူ့ကို-ရောဂါပြန်ဖြစ်တာ ခင်ဗျားကြောင့်ပဲ။ ရောဂါရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဝမ်းချုပ်ခြင်းကိုမှ မဖြေရှင်း နိုင်ဘဲကိုး။ ကျွန်တော်က သူ၏အတွင်းလိပ်ခေါင်း ပျောက်ကင်းစေရန် အနောက်တိုင်း ဆေးနည်းပညာဖြင့် ဝမ်းသွားလျှင် သွေးမပါအောင် ကုသမည်။ တဖန် တရုတ်တိုင်းရင်းဆေးဖြင့် အတွင်းကိုယ်အင်္ဂါများ စွမ်းရည်ပြည့်အောင် ပြုလုပ်ပေးပြီး အမျှင်ဓာတ်များသော အသီး၊ အရွက်များကို စားစေခြင်းဖြင့်လည်း ဝမ်းချုပ်ခြင်းပြဿနာကို ဖြေရှင်းပေးရမည်။ ဝမ်းဗိုက်ကြွက်သားများ သန်မာစေရန်လည်း လေ့ကျင့်ခန်းများ လုပ်ပေးရမည်ဟု ညွှန်ကြားလိုက်ပါသည်။

လူနာ၏ ကြိုးစားဆောင်ရွက်မှုကြောင့် ၃-လခန့်အကြာတွင် ရောဂါပျောက်ကင်းသွားသည်။ အစားအသောက်၊ အနေအထိုင်၊ အလေ့အကျင့်များ ဂရုစိုက်လုပ်ဆောင်မှုကြောင့် ရောဂါထပ်မဖြစ်တော့ပေ။
လိပ်ခေါင်းရောဂါဆိုသည်မှာ အူအဖြောင့်အဆုံးပိုင်း စအိုလမ်းကြောင်းပြွန် အရေပြားအောက်ရှိ သွေးပြန်ကြော အုံသည် ချဲ့ကားပြီး ကွေးတွန့်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပျော့ပျော့အိအိ အလုံးအခဲသာဖြစ်သည်။ ဖြစ်ပေါ်သောနေရာပေါ်မူတည်ပြီး အတွင်းလိပ်ခေါင်း၊ အပြင်လိပ်ခေါင်းနှင့် ရောထွေးသောလိပ်ခေါင်းဟူ၍ ကွဲပြားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

လိပ်ခေါင်းရောဂါဖြစ်နှုန်း မြင့်မားသည်ကို အားလုံးအသိပင်။ ဆယ်ယောက်လျှင် ကိုးယောက် လိပ်ခေါင်းဖြစ်သည်ဟူသော အဆိုပင်ရှိသည်။ ရောဂါအပေါ့အလေး၊ အကြီးအသေးသာ ကွာခြားကြသည်။ အသက်အန္တရာယ်အတွက် မစိုးရိမ်ရသော်လည်း အပ်ရှိသောကော်ဇောပေါ် ထိုင်ရသကဲ့သို့ စိတ်အနှောင့်အယှက် အလွန်ဖြစ်စေသည်။

ခြေလေးချောင်း သတ္တဝါများသည် လိပ်ခေါင်းရောဂါ မရှိကြပေ။ လူသားများသည် မတ်တတ်ရပ်၍ လမ်းလျှောက်နိုင်သည်။ သို့သော် ကမ္ဘာမြေဆွဲအားကြောင့် သွေးပြန်ကြောမှ နှလုံးသို့ ပြန်စီးသော သွေးများသည် ကမ္ဘာမြေ၏ အလယ်ဗဟိုကို ဦးတည်ပြီး တဖန်အောက်သို့ သက်ရောက်သော အလေးချိန်ဖြစ်ပေါ်စေသည်။ လူ့ခန္ဓာကိုယ်အောက်ပိုင်းရှိ စအိုဝအူဖြောင့်ပိုင်းတွင် သွေးများ တင်ကျန်စုပုံလာတတ်သည်။ အူဖြောင့် အထက်အောက် သွေးပြန်ကြောများ၏ နံရံများသည် ပါးလွှာပြန့်ကားပြီး ကွေးကောက်လွယ်သဖြင့် တဖြည်းဖြည်း အတုံးအခဲဖြစ်လာစေနိုင်သည်။

ဒုတိယအနေဖြင့် ဝမ်းချုပ်ခြင်း၊ ဝမ်းသွားသည့်အချိန် ကြာလွန်းခြင်း၊ သို့မဟုတ်-တာရှည်စွာ ဝမ်းလျှောရောဂါ ဖြစ်ခြင်း၊ ဝမ်းသွားချိန် မမှန်ခြင်းတို့သည် လိပ်ခေါင်းရောဂါ ဖြစ်စေသော အကြောင်းရင်များပင်ဖြစ်သည်။
နောက်ဆုံးအချက်မှာ စအိုဝသည် မစင်များ၏ ထွက်ပေါက်ဖြစ်၍ ရောဂါရလွယ်သောနေရာဖြစ်သည့်အလျောက် ဝမ်းကိုက်ရောဂါ ရပါက စအိုဝ အူဖြောင့်ပိုင်း သွေးပြန်ကြောများ သွေးပြည့်ချဲ့ကားကာ လိပ်ခေါင်းရောဂါပါ ရလာနိုင်ပါသည်။

ထို့ပြင် စားသောက်ရာတွင် အစပ်ကြိုက်တတ်၍သော်၎င်း၊ ဂျုံနုနု ဆန်ဖြူဖြူများကို ကြိုက်နှစ်သက်၍သော်၎င်း၊ အသီးအရွက် အစားနည်း၍သော်၎င်း၊ အနေအထိုင် အစားအသောက် အချိန်မမှန်၍သော်၎င်း ထိုအချက်များကြောင့် ၀မ်းသွားရာတွင် ခက်ခဲစေသည်။ သို့မဟုတ် ဝမ်းနည်းနည်းသာ သွားစေသည်။ ထိုအခက်အခဲများ ကြာလာသောအခါ လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်ပါသည်။

ထို့ပြင် ကားမောင်းသူများ၊ ရုံးအလုပ်လုပ်သူများနှင့် အလေးမသူများသည် လိပ်ခေါင်းရောဂါ အဖြစ်များသူများ ဖြစ်ကြသည်။ ကြာကြာထိုင် ကြာကြာရပ် ကြာကြာဆောင့်ကြောင့်ထိုင် ကြာကြာလမ်းလျှောက်နှင့် အလေးအပင် ထမ်းသူတို့သည် စအိုဝအူဖြောင့်ပိုင်းရှိ သွေးပြန်ကြောများ ချဲ့ကားတွန့်လိမ်၍ သွေးများအနယ်ထိုင်သောကြောင့် လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်ပါသည်။ ရောဂါဖြစ်စေသော အကြောင်းရင်းများကို သိရှိပါက ကာကွယ်နိုင်သော ကုသ၍ ပျောက်ကင်းနိုင်သော ရောဂါဖြစ်ပါသည်။

လက်တွေ့ကုသမှုအတွေ့အကြုံအရ လိပ်ခေါင်းရောဂါ ကာကွယ်ကုသနည်း ၅-ရပ်ရှိပါသည်။
(၁) ဝမ်းမချုပ်စေရန်
(က) နံနက်အိပ်ရာထသည်နှင့် ရေများများ သောက်ရမည်။
(ခ) နံနက်တိုင်း အချိန်မှန် ဝမ်းသွားသည့်အကျင့်ကောင်း ရှိရမည်။
(ဂ) အပူအစပ် အစာများကို ရှောင်ရမည်။
(ဃ) အမျှင်ဓာတ်ကြွယ်ဝသည့် အစာများနှင့် လတ်ဆတ်သော အသီးအရွက်များကို များများစားရမည်။
(င) အိမ်သာထိုင်ချိန်သည်လည်း ၅-မိနစ်ထက် မကြာသင့်ပေ။ ဝမ်းသွားလိုစိတ်ဖြစ်တိုင်း အိမ်သာတက်ပြီး မြန်မြန်ဆန်ဆန်နှင့် ဝမ်းကို ကုန်စင်အောင် စွန့်ထုတ်နိုင်ရန် အာရုံစိုက်ရမည်။

(၂) စအိုဝ သန့်ရှင်းရေးကို ဂရုစိုက်ရမည်။
(၃) စအိုဝတွင် ထူးခြားချက်တွေ့ရှိလျှင် အချိန်မီ ဆေးကုသမှု ခံယူရမည်။
(၄) တမျိုးတည်းသော ကိုယ်ဟန်အနေအထားကို တာရှည်စွာ မထားပါနဲ့။
အထိုင်များသူများသည် နံနက် အပြေးကျင့်၊ ထမင်းစားပြီး လမ်းလျှောက်၊ အလုပ်နားချိန် ခဏရပ်ပြီး လှုပ်ရှားပေးပါ။
စအိုဝလေ့ကျင့်ခန်း (စအိုဝကို ၃-မိနစ်ခန့် ကျုံ့၍ ပြန်ဖြေလျှော့ခြင်း) ကို အခါ ၅ဝ-၁ဝဝ-ခန့် နံနက် ညနေ တကျော့စီ လုပ်နိုင်လျှင် လိပ်ခေါင်းရောဂါ ကာကွယ်နိုင်သည်။
(၅) ဝမ်းခေါင်းအတွင်း ဖိအားများစေသော ရောဂါများကို ကြိုးစားကုသရမည်။
ဥပမာ-နာတာရှည် အဆုတ်လေပြွန်ရောင်ရမ်းနာရှိသူများသည် နှစ်ရှည်လများ ချောင်းဆိုး၊ သလိပ်ဟတ်ခြင်း ပြုရသောကြောင့် ဝမ်းခေါင်းတွင်း ဖိအားကို များစေနိုင်ပါသည်။ ပရိုစတိတ်ဂလင်းခေါ် သုတ်ရည်အကျိတ် ရောင်ရမ်းနာ၊ အသည်းရောင်မာတောင့်ခြင်း စသည်တို့သည်လည်း ဝမ်းခေါင်းဖိအားကို များစေသည်။ ထိုရောဂါများ ပျောက်ကင်းအောင် ကုသမှသာ လိပ်ခေါင်းရောဂါသည် မကုသရဘဲ ပျောက်ကင်း နိုင်လေသည်။

သတိထားရန်အချက်မှာ လိပ်ခေါင်းနှင့် အူမကြီးကင်ဆာ ပထမဆင့်သည် ဆင်တူသည်။ ဝမ်းသွားစဉ် ထွက်သောသွေးသည် နီလွင်မနေဘဲ နီညိုရောင်ဖြစ်နေပြီး ပြည်များနှင့် ပျက်စီးသွားသော ဆဲလ်များပါလာလျှင် အူမကြီးကင်ဆာ ဖြစ်နိုင်၍ ဆေးရုံသို့ ချက်ချင်းသွားရောက် ပြသစစ်ဆေးသင့်ပါသည်။

ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)
အကိုး။ ။ 2001. No,10 Family Doctor.
(မြတ်မင်္ဂလာ ၂ဝ၁ဝ-ခု ဇန်န၀ါရီလ)

စိတ် နှင့် ရုပ်

ရုပ်ကောင်းခြင်းထက် စိတ်ကောင်းခြင်းက သာ၍ အဖိုးတန်တယ်။
ဒါပေမယ့် ရုပ်ကျန်းမာဖို့ကျတော့လည်း တမျိုး အရေးကြီးသေးတယ်။
ဤခန္ဓာကိုယ်ကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရား ၄-ပါးက ပြုပြင်ထားတယ်။

အရှင်ဇနကာဘိဝံသ
(မဟာဂန္ဓာရုံ ဆရာတော်)

ရှေးဟောင်း မြန်မာသဒ္ဒါသံပေါက်

( ပဏာမ-ပဋိညာဉ် )
(၁) ရတနာသုံးပါး၊ ဆရာအား၊ ဦးဖျားထိပ်ဝယ်ပန်။
(၂) နောင်လာနောက်သား၊ မှတ်ဖို့အား၊ ကြားအံ့ သံပေါက်သံ။

( ကတ္တား-ကံ )
(၃) သည်-ကား-နှစ်ဖြာ၊ ကတ္တားသာ၊ ကံမှာ ကို-သို့ ပြန်။

(ကရိုဏ်း-အာဓာရ သြကာသ)
(၄) ဖြင့်-ကရဏ၊ ၌-ပေးက၊ အာဓာရဟုကြံ။

( သမ္ပဒါန်)
(၅) အား-ငှါ နှစ်ပါး၊ ပေးတုံငြား၊ မှတ်သား သမ္ပဒါန်။

(အပါဒါန်)
(၆) မှ-အောက်-ထက်-ဟူ၊ ဤသုံးဆူ၊ ယူလေ အပါဒါန်။

(ကြိယာဝိသေသန)
(၇) လျောက်-လျက်-စွာ-ပေး၊ သဖြင့်-ပေး၊ စပ်ရေး ကြိယာဝိသိသ်။
(၈) ၍-ရကား-မှာ၊ ကြိယာဝိသိသ်၊ ရံခါဟိတ်၊ တံဆိပ်ခတ်၍ပြ။
(၉) အား-ဖြင့်ပေးရာ၊ ကြိယာဝိသေ၊ တထွေဝိသေသ်၊ ရတုံလစ်၊ စပ်ဖြစ်ဘိန္န၀ိသိသ်။

(နာမ၀ိသေသန, နိဒ္ဓါရဏ)
(၁၀) ထသော-သော-ဟူ၊ ၀ိသိသ်ယူ၊ တွင်-မူ နိဒ္ဓါရဏ။

(လက္ခဏ-လက္ချ)
(၁၁) သော်-လသော် မှာ၊ လက္ခဏာ၊ နောက်ကြိယာ လက္ချတ္ထ။

(အာလုပ်)
(၁၂) အို-ဟယ်-အချင်း၊ အမင်း-အမောင်၊ အနက်ဆောင်၊ နားထောင်အာလပန။

(အစ္စန္တသံယောဂ)
(၁၃) ပတ်လုံး-တိုင်တိုင်၊ တိုင်အောင်-တိုင်လောက်၊ အနက်ကောက်၊ မှတ်လောက်အစ္စန္တ။

(သဟတ္ထ)
(၁၄) သဒ္ဓိံ သဟ၊ စသည်မယှဉ်၊ နှင့်-ပေးလျှင်၊ မှတ်ချင် သဟတ္ထ။

(သမ္ဗန်, ဟိတ်)
(၁၅) ၏-ပေးကမူ၊ သမ္ဗာန်ဟူ၊ ကြောင့်-မူ ဟေတွတ္ထ။

(သရုပ်, အာကာရ)
(၁၆) ၄င်း-ပေးမူ၊ သရုပ်ယူ၊ ဟူ၍-အာကာရ။

(သမ္ဘာဝနာ,ဂရဟာ)
(၁၇) သော်လည်း-ပေးရာ၊ သမ္ဘာဝနာ၊ ဂရဟာအချို့ရ။

(ဂရဟာ,အနာဒရ)
(၁၈) မူလည်း-လျှင် မှာ၊ ဂရဟာ၊ စဉ်-မှာ အနာဒရ။

(ရူပက)
(၁၉) တည်းဟူသော-နှင့်၊ ဟူသော-ပေးရာ၊ အနက်မှာ၊ မှတ်ပါ ရူပက။

(သဒိသ)
(၂၀) နှင့်-တူ-ပါရာ၊ အနက်မှာ၊ မှတ်ပါ သဒိသ။

(ဥပမာ)
(၂၁) ကဲ့သို့-ပေးရာ၊ ဥပမာ၊ မြဲစွာမှတ်ကုန်ကြ။

Sunday, September 26, 2010

မိုးညှင်းဆရာတော်ကြီး အမြဲရွတ်ပွားသည့် အန္တရာယ်ကင်းဂါထာ

မိုးညှင်းဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၃၄-ခုနှစ် တပေါင်းလဆန်း ၂-ရက် သောကြာနေ့တွင် သန်လျင်မြို့အပိုင်၊ ၀င်ခနီးခေါ်၊ ဂုံညှင်းရွာစု၌ ဖွားမြင်သည်။ ခမည်းတော်မှာ ဦးမိုး၊ မယ်တော်မှာ ဒေါ်ဘော်-ဖြစ်သည်။

အသက် ၅-နှစ်အရွယ်မှစ၍ မောင်မရွာဆရာတော် ဦးအာစာရထံတွင် ဗုဒ္ဓစာပေများကို စတင်သင်ယူသည်။ အလွန်ဉာဏ်ကောင်းလှသဖြင့် ဆရာတော်က နှစ်သက်ချီးကျူးခဲ့သည်။ ထို့နောက် ရှင်သုမန-ဟူသောဘွဲ့ဖြင့် ရှင်သာမဏေပြုသည်။ ရှင်သာမဏေဘ၀မှာပင် ဆရာသမားများထံမှ ပရိယတ္တိစာပေများကို သင်ယူရင်း ဉာဏ်ထက်မြက်လှသဖြင့် မိမိအောက်ငယ်ရွယ်သူ ကိုရင်များကို ပြန်လည်၍ စာပေပို့ချပေးခဲ့သည်။ သက်တော် ၂၀-အရွယ်တွင် ရဟန်းပြုသည်။

အရှင်သုမနသည် မန္တလေးမြို့ ဘုရားကြီးတိုက် စာတတ်အကျော်ဆရာတော် ဦးရန်ကုန်ထံတွင် ပရိယတ္တိစာပေ များကို ဆက်လက်သင်ယူသည်။ ထို့နောက် ကြည်ဝင်းဆရာတော်၊ မင်းဒင် စသော ဆရာတော်ကြီးများထံတွင် ပညာသင်ယူခဲ့ပြန်သည်။ အထက်တန်း ပရိယတ္တိစာပေများ ပြည့်စုံတတ်မြောက်ပြီးသောအခါ စာချဆရာတော် အဖြစ် ဆောင်ရွက်သည်။

အရှင်သုမနသည် ပဋိပတ္တိကို အားထုတ်လိုသဖြင့် ကျောက်ဆည်ဘက် အဲဗျမက္ခရာတွင် တောရဆောက်တည် သည်။ ပရိသတ်များသဖြင့် ခင်မွန်ဆရာတော်၊ ထို့နောက် ရေစကြို ဂူဖြူဆရာောတ်၊ ထို့နောက် မုံရွာလယ်တီ ဆရာတော်တို့ထံတွင် ချဉ်းကပ်၍ ၀ိပဿနာရှုနည်းများကို နည်းယူအားထုတ်သည်။ ထို့နောက် ယခု (မိုးညှင်းသမ္ဗုဒ္ဓေရှိရာ) နေရာသို့ ရောက်ရှိ၍ ဆယ်နှစ်လုံးလုံး စကားမပြော၊ တရားမဟောဘဲ တရားအားထုတ်၍သာ နေတော်မူသည်။

ထိုသို့အားထုတ်ရာမှ အရှင်မြတ်သည် အသိထူး၊ ဉာဏ်ထူးများ ဖြစ်ပေါ်၍ ဓမ္မအလင်းကြီး ရရှိတော်မူခဲ့သည်။ ထိုအချိန်မှာ ၁၂၇၆-ခု တန်ဆောင်မုန်းလပြည့်နေ့၊ ညသန်းခေါင်ယံအချိန် ဖြစ်သည်။ သက်တော် ၃၉-နှစ် အရွယ်တွင် တရားအလင်းရရှိတော်မူခြင်းဖြစ်သည်။

ဆရာတော်ကြီးသည် မိုးညှင်းတွင် အခြေချ သီတင်းသုံးနေထိုင်ရာမှ သာမန်လူတို့ စိတ်မကူးရဲသည့် သမ္ဗုဒ္ဓေစေတီတော်ကြီးကို အံ့ချီးဖွယ် ကိုယ်တော်တိုင် တည်ဆောက်ပူဇော်နိုင်ခဲ့သည်။ သမ္ဗုဒ္ဓေစေတီတော်ကြီးကို ဖူးမြော်ရသူတိုင်း ရင်သပ်အံ့သြမဆုံး ရှိခဲ့ကြသည်။

အောက်ပါဂါထာမှာ ရှေးအထက် ဆရာကြီးတို့ အဆက်ဆက် လက်စွဲပြု၍ မိုးညှင်းဆရာတော်ကြီးကိုယ်တိုင် အမြဲရွတ်ဆိုလျက် တပည့်များကိုလည်း ရွတ်ဆိုရန် ညွှန်ပြတော်မူသော အန္တရာယ်ကင်းဂါထာတော် ဖြစ်သည်။

(ပါဠိဂါထာ)
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော၊

ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ၊

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊

ဧသာ ဉတ္တိ၊ သဗ္ဗ အန္တရာယော ဂစ္ဆ အမုမှိ သြကာသေ တိဋ္ဌာဟိ။

(အနက် မြန်မာပြန်)
ဘုရားရှင်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
တရားတော်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
သံဃာတော်၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။
အမိအဖတို့၏ ဂုဏ်တော်သည် အဆု့းအပိုင်းအခြားမရှိ။
ဆရာ၏ ဂုဏ်တော်သည် အဆုံးအပိုင်းအခြားမရှိ။

ငါ၏ကိုးကွယ်ရာသည် ဘုရားသာ ဖြစ်၏။
ဘုရားမှတပါး အခြားကိုးကွယ်ရာမရှိ။
ငါ၏ကိုးကွယ်ရာသည် တရားသာ ဖြစ်၏။
တရားမှတပါး အခြားကိုးကွယ်ရာ မရှိ။
ငါ၏ကိုးကွယ်ရာသည် သံဃာသာ ဖြစ်၏။
သံဃာမှတပါး အခြားကိုးကွယ်ရာ မရှိ။

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

အန္တရာယ်ဟူသမျှ ဝေးရာရှောင်ရှား သွားကြကုန်လော့။

မင်းဉာဏ်ဝေ
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇန်န၀ါရီလ)

စာသိ ကျင့်သိ ၂-မျိုးညှိ

* အကျင့်မပါ၊ သိရုံသာ၊ စိတ်မှာ အားမပြည့်။
* အသိမတွဲ၊ ကျင့်ရုံလဲ၊ ချွတ်လွဲတတ်ချေ၏။
* အသိတွဲကာ၊ အကျင့်ပါ၊ စိတ်မှာ စွမ်းအားပြည့်။

တိပိဋကဓရ ယော-ဆရာတော်

မေတ္တာအမြဲ ပို့ပါ

* ဗုဒ္ဓမြတ်စွာကို အာရုံပြုပြီး အမြဲတမ်း မေတ္တာနဲ့ နေရင်
သာမန်လူတွေထက် ကံနဲ့ အရှိန်အ၀ါ မြင့်တယ်။

* ဒါကြောင့် အမြဲ မေတ္တာနဲ့ နေကြပါ။

အရှင်ဇနကာဘိဝံသ
(မဟာဂန္ဓာရုံ ဆရာောတ်)

မွန်မြတ်သော ကူညီစောင့်ရှောက်မှုများ

တခါသော် ဗုဒ္ဓဘုရားရှင်သည် အာဠ၀ီပြည်သို့ ကြွတော်မူစဉ် ဆာလောင်မွတ်သိပ်နေသော ဆင်းရဲသားပုဏ္ဏား တယောက်ကို တွေ့မြင်တော်မူသည်။ ဤတွင် ဘုရားရှင်သည် ထိုဆင်းရဲသားပုဏ္ဏားအား မိမိဆွမ်းခံ၍ ရရှိခဲ့သော ထမင်းဟင်းများကို ကျွေးမွေးတော်မူသည်။ ထို့နောက်မှ တရားဟောတော်မူသည်။

ထိုအခါ ရဟန်းအချို့က ကဲ့ရဲ့ကြကုန်သဖြင့် ဘုရားရှင်က- ချစ်သားတို့၊ ဆာလောင်မွတ်သိပ်နေသူအား တရား ဟောသော်လည်း အချည်းနှီးပင်။ ထို့ကြောင့် ငါသည် မွတ်သိပ်သူကို အစာကျွေး၍ တရားဟောခြင်း ဖြစ်သည်။ လောက၌ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်းနှင့်တူသော ရောဂါသည် မရှိ-ဟူ၍ ဆိုဆုံးမတော်မူသည်။

ဤဖြစ်ရပ်ကိုထောက်၍ ကျွန်ုပ်တို့သည် ဆာလောင်မွတ်သိပ်သူများ၊ ဆင်းရဲနွမ်းပါးသူများကို တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းသင့်ပေသည်။ ဗုဒ္ဓဘုရားရှင်က မျက်မှောက်ဘ၀မှာပင် အကျိုးပေးသော ကာလဒါန ၅-မျိုးကို ဟောကြားတော်မူခဲ့သည်။ ထိုကာလဒါန ၅-မျိုးတွင် နာမကျန်း၍ ရောဂါကပ်ရောက်သူများကို လှူဒါန်းခြင်း။ ဆင်းရဲသူများကို ပေးကမ်းလှူဒါန်းခြင်း-ဟူသော အကျိုးထူးနှစ်ရပ်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ဤအချက်နှစ်ရပ်သည် ဗုဒ္ဓက အားပေးသော အချက်နှစ်ရပ်ပင် ဖြစ်သည်။

ထိုအဆုံးအမတို့ကို နှလုံးသွင်းလျက် မြန်မာဗုဒ္ဓဘာသာဝင် အချို့ပုဂ္ဂိုလ်များသည် ကုသိုလ်ဖြစ် ဆေးရုံများ ဆောက်လုပ်လှူဒါန်းခြင်း၊ ကုသိုလ်ဖြစ် ဆေးခန်းများ ဖွင့်လှစ်၍ ဆေးဝါးများ ကုသပေးခြင်း၊ နာရေးကူညီမှုအသင်များ ဖွဲ့စည်း၍ ကူညီစောင့်ရှောက်ခြင်း၊ မိဘမဲ့ဂေဟာများ စသည်တို့ ထူထောင်၍ မိဘမဲ့ကလေးများအား စောင့်ရှောက်ခြင်း၊ ဘုန်းတော်ကြီးသင် သီလရှင်သင် ကျောင်းများတွင် ကလေးငယ်များကို အစားအစာကျွေးမွေး၍ ပညာသင်ကြားပေးခြင်း၊ မီးဘေး၊ ရေဘေး၊ လေဘေး ကြုံတွေ့သူများကို ထောက်ပံ့ကူညီ ကျွေးမွေးစောင့်ရှောက်ခြင်း၊ အထူးသဖြင့် နာဂစ်မုန်တိုင်းဒဏ် ခံရသူများကို အစားအစာများ ကျွေးမွေးခြင်း၊ နေအိမ်များ၊ ကျောင်းများ ဆောက်လုပ်လှူဒါန်းပေးခြင်း၊ အခြားအခြားသော ပရဟိတအဖွဲ့များ ထူထောင်၍ ဆင်းရဲဒုက္ခရောက်သူများအား ကူညီခြင်း စသည်တို့ကို မြင်ရ၊ တွေ့ရ၊ ကြားရသည်မှာ အလွန်ဝမ်းသာကြည်နူးဖွယ် ကောင်းလှပေသည်။

သို့ရာတွင် ဤသို့ စောင့်ရှောက်လှူဒါန်းမှုများမှာ ဆင်းရဲသူဦးရေနှင့် စာလျှင် နည်းပါးနေပါသေးသည်။ မြန်မာနိုင်ငံတွင် ကြွယ်ဝချမ်းသာသူများ အသင့်အတင့်ရှိနေကြပါသည်။ ထိုပုဂ္ဂိုလ်များသည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို နှလုံးသွင်းကာ ဆင်းရဲဒုက္ခရောက်နေကြသူများအား အားဖြည့်ကူညီကြမည်ဆိုလျှင် ကျွန်ုပ်တို့ သာဓုခေါ်မဆုံး ရှိရပါမည်။

ကမ္ဘာပေါ်တွင် ဒေါ်လာဘီလျံနာသူဌေးကြီးများ ၉၀၀-ကျော်ရှိကြောင်း ကြားသိရပါသည်။ ယင်းတို့ထဲမှ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ် ဇနီးမောင်နှံဆိုလျှင် ဒေါ်လာ ၃၇.၃-ဘီလျံ မတည်ကာ ဆင်းရဲဒုက္ခရောက်နေသူ များအား လူမျိုးဘာသာမရွေး ထောက်ပံ့လှူဒါန်းနေကြသည်။ ထို့ပြင် ဘီလျံနာသူဌေးကြီး တဦးဖြစ်သူ နယူးယောက်မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘာ့ဂ်ျကလည်း နှစ်စဉ် ဒေါ်လာ သန်း-၈၀၀ ဖိုးမျှ ဆင်းရဲဒုက္ခ ရောက်သူများကို လှူဒါန်းရှိရှိပါသည်။ အားရကြည်နူးဖွယ် ကောင်းလှပေသည်။ အလားတူပင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငြိမ်းချမ်းရေးနိုဗယ်ဆုရ မိုဟာမက်ယူနွတ်ဆိုလျှင် ဆင်းရဲသားပြည်သူများအား လုပ်ငန်းအရင်းအနှီး အတွက် အတိုးမဲ့ ငွေထုတ်ချေးကာ သူ့နည်းသူ့ဟန်ဖြင့် ကူညီစောင့်ရှောက်လျက်ရှိသည်မှာ အထူးအောင်မြင် လျက်ရှိသည်။

မကြာမီက ငြိမ်းချမ်းရေးနိုဗယ်ဆုရ အမေရိကန်သမ္မတ အိုဘားမားသည် မိမိရရှိသော ဆုငွေ ၁-ဒသမ ၄-သန်းကို လှူဒါန်းပစ်မည်ဖြစ်ကြောင်း ကြားသိရသည်။ ကျွန်ုပ်တို့ လေးစားမြတ်နိုးမဆုံး ရှိမိပါသည်။
ကြွယ်ဝချမ်းသာသူများသည် မွတ်သိပ်ဆာလောင်သူများကို ကယ်တင်နိုင်ကြပါစေ။

သြ၀ါဒ

* လောက၌ ရွှံ့ညွန်အညစ်အကြေးသည် ရေကြောင့် ဖြစ်ပေါ်ရ၏။
* ရေကြောင့် ဖြစ်ပေါ်သော ရွှံ့ညွန်အညစ်အကြေးကို ရေဖြင့် ဆေးကြောမှ သန့်စင်ပေသည်။
* ထို့အတူ အကုသိုလ်အညစ်အကြေးသည် စိတ်ကြောင့် ဖြစ်ပေါ်ရ၏။
* စိတ်ကြောင့် ဖြစ်ပေါ်သော အကုသိုလ်အညစ်အကြေးကို စိတ်ဖြင့်ပင် စင်ကြယ်အောင် သန့်စင်ရပေသည်။
* စိတ်ဖြင့် အကုသိုလ်အညစ်အကြေးကို သန့်စင်နိုင်သူသည် ချမ်းသာကို တွေ့ကြုံရပေလိမ့်မည်။

ဘဒ္ဒန္တပုညသေဋ္ဌ မဟာထေရ်
စစ်ကိုင်းတိုင်း ကလေးခရိုင် ကလေးမြို့
မဟာသန္တာရုံ စာသင်တိုက်
ပဓာနနာယကဆရာတော်

Saturday, September 25, 2010

ဘာသာရေး ပြဿနာ ( ၉ )

ဂါဒီယန်း ဦးစိန်ဝင်း မေး၍ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဖြေသည်။

(မေး) အရှင်ဘုရား၊ ရဟန်းတော်သည် ဒကာ ဒကာမနှင့် ထိုသူများ၏ သားသမီးအိမ်ထောင်ရေးတွင် စေ့စပ်ကြောင်းလမ်းပေးခြင်း၊ အိမ်ထောင်ကွဲရာတွင် အသိသက်သေ ပါဝင်ခြင်း ပြုနိုင်ပါသလား။

(ဖြေ)
ရဟန်းတော်များသည် အိမ်ထောင်ရေးတွင် စေ့စပ်ကြောင်းလမ်းပေးခြင်း (အောင်သွယ်လုပ်ခြင်း) မပြုနိုင်ပါ။ ကွဲနေရာ၌ကား (အကယ်ကွာရှင်းပြီး မဟုတ်သေးလျှင်) စေ့စပ်ပေးနိုင်ပါ၏။ အသိသက်သေအဖြစ် ပါဝင်မှုကား စီးပွားရေးနှင့်စပ်လျှင် မသင့်လျှော်ပါ။ နှစ်ဖက်လုံး အကျိုးရှိပါမူ ပါဝင်နိုင်ပါ၏။
(အခါတပါး၌ ကောသလမင်းနှင့် မလ္လိကာမိဖုရားတို့ စိတ်ဝမ်းကွဲနေရာ ဘုရားရှင်ကြွတော်မူ၍ သောတ္ထိသေနသမ္ဗူလဇာတ်ကိုဟောမှ နှစ်ယောက်လုံး သင့်မြတ်သွားကြလေသည်)။
*******************************************************************************

(မေး) အရှင်ဘုရား၊ ၀ိနည်းထုံးစံအရ သိမ်တွင် ရဟန်းခံသူမဟုတ်သော အယောင်ဆောင်ရဟန်းမှာ မည်သို့အပြစ်ရှိပါသနည်း။

(ဖြေ)
ဘေးရန် တစုံတရာမရှိဘဲ မိမိဘာသာ သင်္ကန်းဝတ်သူကို လိင်္ဂထေနက-(ရဟန်းအသွင်ခိုးသူ) ဟုခေါ်၏။ ရဟန်းအစစ်လုပ်၍ အခြားရဟန်းတို့နှင့် အတူပေါင်းနေလျှင် (ရဟန်းဝါ မည်မျှရပြီ-ဟု လိမ်၍ပြောလျှင်) သံဝါသထေနက (အပေါင်းအသင်းခိုးသူ) ဟုခေါ်၏။
ထိုသူသည် ဤဘ၀၌ မည်သည့်နည်းနှင့်မျှ (နောက်ထပ်အစစ်ဖြစ်လိုသော်လည်း) ရဟန်းအစစ် မဆိုထားဘိ၊ သာမဏေအစစ်မျှ ဖြစ်ခွင့်မရှိတော့။ ၀ိနည်းအလိုအားဖြင့် ဤမျှတိုင်အောင်အပြစ်ကြီး၏။ အယောင်ဆောင် အရေခြုံရဟန်းသည် ဆွမ်း သင်္ကန်း စသော ပစ္စည်းများကို သုံးစွဲရာ၌ အားလုံး ခိုးရာရောက်၏။ ထို့ကြောင့် ထိုသူသည် လူဝတ်ကြောင် ခိုးသူထက် အပြစ်ကြီး၍ သေသည့်အခြားမဲ့၌ ငရဲသို့ရောက်ဖို့သာ ရှိတော့သည်။
(အဂ္ဂိက္ခန္ဓောပမသုတ်)
*******************************************************************************

(မေး) အရှင်ဘုရား၊ ဘုန်းကြီးကျောင်းဝင်း၊ ဘုရားရင်ပြင်တော်တို့တွင် ဖိနပ်စီးလျှင် မည်သို့အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း ဓားခွဲခံရခြင်းနှင့် မည်သို့ ဆက်စပ်ပါသနည်း။

(ဖြေ)
ဗိမ္ဗိသာရမင်း၏ ခြေဖ၀ါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ ရာဇ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘ၀တုန်းက စေတီရင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့။
နိသဇ္ဇနတ္တာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ-ရဟန်းသံဃာတို့ထိုင်ဖို့ရန် ခင်ထားအပ်သော သင်ဖြူးကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့။ တဿာယံ နိသန္ဒောတိ ၀ဒန္တိ-ဤသို့ ခြေဖ၀ါးကို ဓားခွဲခံရခြင်းသည် ထိုအပြစ်၏ အကျိုး ဖြစ်သတဲ့။ ဤသို့ပြောကြသည်။ (ဤကား သမညဖလသုတ် အဋ္ဌကထာ စကားတည်း)။

မှတ်ချက်။ ။
ထိုအဋ္ဌကထာစကား၌ စေတိယင်္ဂဏ (စေတီရင်ပြင်တော်) ဟူသောစကားကိုယူ၍ ဘုရားဝိုင်း အတွင်းဝယ် (သံဃာများနေရာ ကျောင်းအတွင်းပါ) ဖိနပ်မစီးကောင်း-ဟု ယခုအခါ မှတ်ယူနေကြ၏။ စေတိယင်္ဂဏ-ဟူသော အဋ္ဌကထာစကား၌ အဖွင့်ဋီကာဆရာတို့က အများထင်သလို ဘုရားဝိုင်းတပြင်လုံးကို မယူကြ။ စေတိယင်္ဂဏေတိ-ဂန္ဓပုပ္ဖါဒီဟိ ပူဇနဋ္ဌာနဘူတေ စေတိယင်္ဂဏေ-ပန်းနံ့သာ စသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ရာဌာနဖြစ်သော စေတီရင်ပြင်တော်၌-ဟု သရုပ်ဖော်ကြသည်။ ထို့ကြောင့် ဗိမ္ဗိသာရမင်းသည် ဘုရားဝင်းအတွင်း သာမန်၌ ဖိနပ်စီးသည်မဟုတ်၊ ပန်းတင်ခုံဟုခေါ်ရာ စေတီတော်အောက်ခြေမှာပင် ဖိနပ်စီးခြင်းဖြစ်သည်ဟု ဋီကာဆရာတို့က ဆိုလိုကြသည်။

ထို့ပြင် ရဟန်းသံဃာတော်တို့ ထိုင်ဖို့ရာခင်ထားအပ်သော သင်ဖြူးအပေါ်၌ ခြေမဆေးဘဲ နင်းခဲ့သော အပြစ်လည်း ခြေဖ၀ါးကို ဓားခွဲခံရမှု၌ ပါဝင်နေ၏။ ယခုအခါ ဘာသာရေးကို အလွန်လေးစားသော ဒါယကာ၊ ဒါယိကာမတို့တွင် အဘယ်မျှလောက်သော အရေအတွက်က ထိုနေရာမျိုးကို နင်းလိုက်သောအခါ ခြေဆေးကြပါသနည်း။

( ကောသလမင်း ကျောင်းတိုက်တွင်း ၀င်ပုံ)
အခါတပါး၌ ကောသလမဟာရာဇာသည် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒ ပြင်းပြလှသဖြင့် မိမိနေရာ မြို့ကလေးမှ ဘုရားရှင်သီတင်းတော်မူရာ (သုံးယူဇနာလောက်ဝေးသော) နိဂုံးသို့ ရောက်လာ၏။ ထိုနိဂုံး၏ တနေရာ ခြံဥယျာဉ်၌ ဘုရားရှင် သီတင်းသုံးတော်မူ၏။ (ထိုခြံသည် ဘုရားရှင်နှင့်တကွ ရဟန်းတော်အများ သီတင်းသုံးရာဖြစ်သောကြောင့် ကျောင်းဝိုင်းပင်ဖြစ်၏)။

မဟာရာဇာသည် ကျောင်းတိုက်သို့ဝင်၍ စင်္ကြံသွားနေသော ရဟန်းတော်များထံ ချဉ်းကပ်ပြီးလျှင် ဘုရားရှုင် ဘယ်မှာ သီတင်းသုံးပါသနည်း-ဟုမေးလေရာ ရဟန်းတော်များသည် သီတင်းသုံးတော်မူရာ ကျောင်းကို ညွှန်ပြ ကြလေ၏။ ထိုအခါကျမှ ကျောင်းဆောင်တော်သို့ ၀င်ရမည်ဖြစ်သောကြောင့် ခြေနင်းနှင့်တကွ မင်းမြောက် တန်ဆာ ၅-ပါးတို့ကို ချွတ်ပယ်၍ စစ်သူကြီးအား ပေးလေသည်။
( မဇ္ဈိမပဏ္ဏာသ၊ ဓမ္မစေတိယသုတ် ပါဠိတော်)

မှတ်ချက်။ ။
ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ စကားသည် ယခုခေတ် မြန်မာဗုဒ္ဓဘာသာတို့၏ အယူအဆကို မထောက်ခံကြပါတကား။ သီဟိုဠ်(သီရိလင်္ကာ)၊ ယိုးဒယား၊ ကမ္ဘေဒီးယား၊ လော-ဟူသော ထေရ၀ါဒ ဗုဒ္ဓဘာသာ လေးနိုင်ငံတို့၌ ကျောင်းဝိုင်းအတွင်း၊ ဘုရားဝိုင်းအတွင်းတို့ဝယ် ဖိနပ်စီးသည်ချည်းသာ ဖြစ်ကြပါသတဲ့။ မြန်မာအယူအားဖြင့် ထိုသူအားလုံး ခြေဖ၀ါးကို ဓားခွဲခံကြရတော့မည်။ မြန်မာဗုဒ္ဓဘာသာတို့ကား ကျောင်းဝိုင်း အတွင်းသို့ စက်ဘီးစီး၍လည်း ၀င်ရဲကြ၏၊ နွားလှည်း၊ မြင်းလှည်း စီး၍လည်း ၀င်ရဲကြ၏။ ထို့ထက် ခမ်းနားသော မော်တော်ကားကြီးကိုလည်း စီး၍ ၀င်ရဲကြ၏၊ စီးစရာယာဉ်တို့တွင် အသေးငယ်ဆုံး ဖိနပ်ယာဉ်ကိုကား မစီးဝံ့ရှာကြချေ။ ထို့ပြင် ဘုရားမြေ၊ ဘုရားဝိုင်းအတွင်း၌ ကျေကျေနပ်နပ် ခွင့်ပြုအပ်၊ ခင်းကျင်းပြသအပ်သော ဇာတ်ပွဲသဘင်များကို ကြည့်ရှုကာ နှပ်၊ တံတွေးတို့ကို ထွေးရဲကြ၏။ ထိုပွဲဈေး၌ စားကြွင်းစားကျန်တို့ကိုလည်း ပစ်ရဲကြ၏။ ကလေးများကိုပင် ရှူးရှူးတယ်ဝံ့ကြသေး၏။ ဖိနပ်ကိုကား မစီးဝံ့ကြရှာချေ။ ဖိနပ်မစီးဘဲ ကျောင်းဝင်း အတွင်းဝင်၍ ဖုန်လူးနေသော ခြေဖြင့် ကျောင်းပေါ်တက်ခြင်းနှင့် ဖိနပ်စီး၍ ကျောင်းပေါ်တက်ခြင်းတို့တွင် အဘယ်သို့တက်ခြင်းက ခြေဖ၀ါးဓားခွဲခံရသော အမှုနှင့် နီးစပ်ပါသနည်း။

(တကယ်ရိုသေခြင်း)
ကျမ်းစာတို့၌ တကယ်ရိုသေသော အရာဝယ်-စေတီတော်၏ ထင်ရှားရာအရပ်၌သော်မှ ဖိနပ်မစီးရဟု ဆို၏။ (သုတ်ပါထေယျ၊ သံဂီတိသုတ် အဋ္ဌကထာ)။
မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာနှင့်အတူ ဘိက္ခုနီပြုလုပ်ဖို့ရန် ကပိလ၀တ်ပြည်သို့ လာရာ၌ (ယာဉ်ရထား စီး၍ သွားလျှင် ဘုရားရှင်ကို မရိုသေရာရောက်မည်စိုးသောကြောင့်) ယာဉ်ရထားမစီးဘဲ အားလုံးမင်းသမီးများ ခြေကျင်သွားကြပါသတဲ့။(ဘိက္ခုနီခန္ဓက စူဠ၀ါပါဠိတော်)
ထိုမျှလောက် မရိုသေနိုင်သူ့အတွက် မရိုမသေစိတ်လည်း မရှိပါမူ အကုသိုလ်အပြစ်မရှိ၊ သို့သော် ရိုသေသူအတွက် ရိုသေလေ ကောင်းလေပင် ဖြစ်ပါသည်။ သို့ရာဝယ် မိမိမှာ ရောဂါဖြစ်လောက်အောင် အရိုအသေ လွန်မသွားဖို့ သတိထားသင့်ပါသည်။
********************************************************************************

(မေး) အရှင်ဘုရား၊ အောက်ပါပွဲသဘင်များကို ကြည့်နိုင်ပါသလား။ မကြည့်ကောင်းဘဲ ကြည့်လျှင် မည်သို့ အပြစ်သင့်ပါသနည်း။
(က) ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ၊ လှေပြိုင်ပွဲ၊ လှည်းပြိုင်ပွဲ၊ ကြက်ပွဲ၊ နွားပွဲ၊ အလေးမ ပြိုင်ပွဲ။
(ခ) မယ်-မောင် ရွေးပွဲ၊ ဖက်ရှင်ပြိုင်ပွဲ။
(ဂ) ပန်ချီပြပွဲ၊ စာပေပြပွဲ။
(ဃ) ရုပ်သေး၊ ဇာတ်၊ ရုပ်ရှင်။
(င) နိုင်ငံရေးတရားပွဲ။

(ဖြေ)
ဝိနည်း၌ (ဃ) နံပါတ် ပွဲသဘင်များကို အကြည့်မသွားရ-ဟု တိုက်ရိုက်လာ၏။ အခြားပွဲများအတွက် ဘုရားလက်ထက်တော်၌ မရှိသေး၍ ၀ိနည်း၌ မပါခြင်းဖြစ်ပါသည်။ ထိုသို့မပါသော်လည်း ထိုပွဲများသို့သွားလျှင် (မြို့ရွာအတွင်းဖြစ်မူ သင်္ကန်းရုံ စက္ခုနြေ္ဒချ၍ သွားမှ အပြစ်လွတ်ပါသည်။ ထိုပွဲများသို့ရောက်သောအခါလည်း စက္ခုနြေ္ဒချ၍ နေမှ အပြစ်လွတ်သောကြောင့် ၄-တောင်ခန့်မျှသာ ကြည့်ခွင့်ရပါသည်။ ထိုသို့ဖြစ်လျှင် မြင်အောင်ကြည့်ရတော့မည် မဟုတ်ပါ။ ထို့ကြောင့် ထိုပွဲများသို့ မသွားဖို့ရန် တိုက်ရိုက်ပညတ်တော် မရှိသော်လည်း ရှိပြီးသိက္ခာပုဒ်များကြောင့် သွား၍ မဖြစ်နိုင်တော့ပါ။

ထို့ပြင် ထိုပွဲများသို့သွား၍ ကြည့်သည့်အတွက် လူဝတ်ကြောင်တို့က အကြည်ညိုပျက်မည်သာ ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို အသရေရှိစေလိုသော ဘုရားသားကောင်းဟူသမျှတို့ မသွားသင့်ကြပါ။ (တခါတုန်းက နိုင်ငံခြားမှ သမ္မတ ရောက်လာချိန်ဝယ် လှေပွဲကျင်းပရာသို့ ရဟန်းတော်အများအပြား သွား၍ ကြည်သဖြင့် သမ္မတက ထိုရဟန်းတော်များကို ဘယ်လိုလူတွေပါလဲ-ဟုမေးသောကြောင့် ၀န်ကြီးတွေမှာ အဖြေ ခက်၍ မျက်နှာပျက်ဖူးပါသတဲ့)။
*******************************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းတော်သည် လူဝတ်ကြောင်တို့၏ သားသမီးကလေးများကို ပွေ့ချီကောင်းပါသလား။

(ဖြေ)
မပွေ့ချီကောင်းပါ။
(ဤသို့ပြုမှုကို အနေသန-မအပ်သော ပစ္စည်းရှာနည်း တမျိုး-ဟုခေါ်၏။ ငါတို့ကလေးကို ယုယရှာပေသည်-ဟု သဘေကျ၍ လူတို့က ဆွမ်း စသည်ကို လှူတတ်၏။ ထိုလှူအပ်သော ဆွမ်း စသည်ကို ထိုရဟန်းနှင့် တကွ အခြားရဟန်းသာမဏေများ မသုံးစားကောင်းပါ။ ဤအနေသနသည် ၂၁-ပါးရှိ၏)။

အနေသန ၂၁-ပါး
(၁) ဆေးပေး၍ ဓာတ်စာပေး၍ ဆေးကုခြင်း။
(၂) လူက အဝေးသို့ခိုင်း၍ စေတမန်လုပ်ခြင်း။
(၃) ဟိုအိမ် သည်အိမ်သို့ တစံတခု စေခိုင်း၍ သွားခြင်း။
(၄) အနာကို ဓားခွဲပေးခြင်း။
(၅) အနာကို ဆေးလိမ်းပေးခြင်း။
(၆) အနာကို ဖန်ဆေးပေးခြင်း။
(၇) ၀မ်းနုတ်ဆေး ပေးခြင်း။
(၈) နှာချေဆေး ပေးခြင်း။
(၉) မျက်စဉ်းပေးခြင်း။
(၁၀) အိမ်ဆောက်ဖို့ ၀ါးပေးခြင်း။
(၁၁) အိမ်မိုးဖို့ ထန်းရွက်၊ ဓနိရွက် စသည် ပေးခြင်း။
(၁၂) ပန်းပေးခြင်း။
(၁၃) ငှက်ပျောသီး၊ အုန်းသီး စသည် သစ်သီးပေးခြင်း။
(၁၄) ရေချိုးစရာ ဆပ်ပြာပေးခြင်း။
(၁၅) ဒန်ပူ (သွားပွတ်တံ) ပေးခြင်း။
(၁၆) မျက်နှာသစ်ရေ ပေးခြင်း။
(၁၇) မျက်နှာချေမှုန့် ပေးခြင်း။
(၁၈) မြေညက်ပေးခြင်း။
(၁၉) မိမိကိုယ်ကို အောက်ချကာ ဒကာ ဒကာမကိုမြှောက်၍ ပြောဆိုခြင်း။
(၂၀) အကျက်နည်းပါး မကျက်များသော ပဲနောက်ဟင်းကဲ့သို့ အမှန်နည်းပါး အမှားများသော စကားတို့ဖြင့်
ဒကာ ဒကာမ သဘောကျလောက်အောင် နည်းအမျိုးမျိုးဖြင့် ပြောဆိုခြင်း။
(၂၁) ကလေးထိန်းကဲ့သို့ ဒကာ ဒကာမတို့၏ ကလေးကို ချီပွေ့ ချော့မြူခြင်း။
(မူလဋီကာ၊ ကုသလကထာ) ပစ္စည်းလာဘ်ကိုမျှော်၍ မိမိကိုယ်ကို အထင်ကြီးအောင် ဣနြေ္ဒကြီးဖြင့် ဟန်လုပ်နေခြင်း၊ ပစ္စည်းလေးပါး လှူအောင် စောင်းပါးရိပ်ခြည် ပြောခြင်း၊ အရိယာဟုထင်အောင် အရိပ်နိမိတ် ပြောခြင်းများလည်း ရှိပါသေးသည်။)
*******************************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းတော်များ ဖဲရိုက်ခြင်း၊ အရက်သောက်ခြင်း ပြုပါက မည်သို့ အပြစ်ရှိပါသနည်း။

(ဖြေ)
ဖဲရိုက်ခြင်းကြောင့် ဒုက္ကဋ်အာပတ်သင့်၍ သေရည်အရက်သောက်ခြင်းကြောင့် ပါစိတ်အာပတ် သင့်ပါသည်။
*******************************************************************************

(မေး) အရှင်ဘုရား၊ ရဟန်းတော်များသည် ကျောင်းကန်ဘုရားတွင်၎င်း၊ လမ်းခရီးသွား မော်တော်ယာဉ်များကို ရပ်စေ၍၄င်း အလှူခံနိုင်ပါသလား။

(ဖြေ)
အလှူမခံနိုင်ပါ။ ငွေကို သာ၍ပင် အလှူမခံနိုင်ပါ။
(အလှူခံအစစ်မှာ (၁) နံပါတ်၌ဖြေခဲ့သည့်အတိုင်း အလှူရှင်အနီးသို့ သင်္ကန်းရုံ၍ သွားပြီးလျှင် ဆွမ်းရပ်သလို ရပ်ရပါသည်။ (၁)နံပါတ်ကို ပြန်ကြည့်ပါ။

( မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)

Tuesday, September 21, 2010

ဆီးချိုရောဂါ ဘယ်လိုကာကွယ်မလဲ

ယခုခေတ် ခေတ်မီနိုင်ငံကြီးများရှိ ပြည်သူများအား၎င်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများစွာရှိ ပြည်သူများအား၎င်း၊ ဒုက္ခပေးနေသော ရောဂါတခုမှာ ဆီးချိုရောဂါပင်ဖြစ်ပေသည်။ ဆီးချိုရောဂါဖြစ်ပွားမှု အခြေအနေအား ၁၉၉၈-ခုနှစ် စက်တင်ဘာလ ၁၅-ရက်နေ့တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ W.H.O က ဂျီနီဗာတွင် အောက်ပါ အတိုင်း ထုတ်ပြန်ခဲ့ပါသည်။

ခရစ်နှစ် ၂၀၂၅-ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆီးချိုရောဂါရှိသူပေါင်း ၂၂၈-သန်း ရှိလာလိမ့်မည်။ ထိုအရေအတွက်သည် ၁၉၉၅-ခုနှစ်တွင် ရှိသည့် အရေအတွက်ထက် ၁၇၀-ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း-
ထိုသို့ဖော်ပြထားရာ ၁၉၉၅-ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆီးချိုဝေဒနာရှင်ပေါင်း ၁၃၄-ဒသမ ၁-သန်း ရှိသည့်သဘော ဖြစ်ပေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပေသည်။ မြန်မာနိုင်ငံရှိ ဆီးချိုဝေဒနာရှင် ဦးရေသည်လည်း နည်းလှမည်မဟုတ်ပေ။

တဖန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၁၉၉၇-ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံပါဝင်သော အရှေ့တောင်အာရှ နိုင်ငံများ၏ ဆီးချိုရောဂါ ဖြစ်ပွားမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်ဟု ထုတ်ပြန်ထားပြန်သည်။
( ၁၉၉၅-၂၀၂၅ )
၁၉၉၅- ခုနှစ်၊ ဖြစ်ပွားမှု သန်းပေါင်း ၂၇-ဒသမ ၆-သန်း
၂၀၀၀-ခုနှစ်၊ ဖြစ်ပွားမှု သန်းပေါင်း ၃၀-ဒသမ ၇-သန်း
၂၀၂၅-ခုနှဏ်၊ ဖြစ်ပွားမှု သန်းပေါင်း ၇၉-ဒသမ ၅-သန်း
မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၅-ခုနှစ်တွင် ဆီးချိုဝေဒနာ ရာခိုင်နှုန်းသည် ၁၉၉၅-ခုနှစ်ကထက် ၁၆၃-ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပေသည်။ ၁၆၃-ခုရာခိုင်နှုန်းမှာ စိုးရိမ်ဖွယ်ရာကိန်းဂဏန်း ဖြစ်ပေသည်။

ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ၁၉၉၅-ခုနှစ်တွင် ဆီးချိုဝေဒနာရှင်ပေါင်း ၅၁-သန်းရှိခဲ့ပြီး ၂၀၂၅-ခုနှစ်တွင် ၇၂-သန်းထိ တိုးတက်လာမည်ဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၄၁-ရာခိုင်နှုန်း တိုးတက်လာမည့်အခြေအနေ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထက်ဖော်ပြပါ ၁၉၉၈-ခုနှစ် စက်တင်ဘာလ ၁၅-ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အထက်ပါ ကိန်းဂဏန်းအခြေအနေအား လေ့လာလျှင် ဆီးချိုဝေဒနာသည် ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံအားလုံး၏ ပြည်သူများအား ခြိမ်းခြောက်လျက်ရှိပြီး တိုင်းပြည်များအတွက်လည်း ကျန်းမာရေး ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ပေသည်။ ထို့ပြင် ရောဂါခံစားရသူ တဦးချင်းနှင့် ရောဂါရှင် မိသားစုများတွင်လည်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ဟူသော ကာယစိတ္တ နှစ်ဖြာသောသုခအား ခံစားကြရတော့မည် မဟုတ်ပေ။ မိသားစု၏ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်စုံဆုတ်ယုတ်ကြရတော့မည် ဖြစ်ပေသည်။

( ထူးခြားသော ရောဂါ)
ဆီးချိုရောဂါသည် ထူးခြားသောရောဂါတခု ဖြစ်ပေသည်။ ဘာထူးခြားသလဲ ဆိုသော်-
၁။ ရောဂါခံစားရပြီဆိုလျှင် လုံးဝမပျောက်ကင်းသော ရောဂါဖြစ်ခြင်း။
၂။ ရောဂါဖြစ်ပွားသူ၏ သား သမီးတို့သည်လည်း အချို့ ရောဂါခံစားတတ်ရခြင်း။( ကူးစက်ခြင်း မဟုတ်ပါ)
၃။ ရောဂါခံစားရသော်လည်း ဆေးဝါး၊ ဓာတ်စာ တို့ဖြင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်သွားလျှင် သက်တမ်းစေ့ နေထိုင်နိုင်ခြင်း။
(အချို့ ရောဂါရှိလျက်ပင် အသက် ၈၀-၉၀ နှင့် ၁၀၀-အထိ နေထိုင်သွားသူများ ရှိခြင်း)။
၎။ ဆီးချိုရောဂါ ဖြစ်ပွားပြီးနောက် သွေးတိုး၊ နှလုံးနှင့် လေငန်းရောဂါတို့ ထပ်မံဖြစ်ပွားတတ်ခြင်း။
၅။ ဆီးချိုရောဂါရှိသူတဦး မတော်တဆ ထိခိုက်ဒဏ်ရာ အနာတရဖြစ်လျှင် လုံးဝမပျောက်ကင်းတတ်ခြင်း။
၆။ အရိုးများ ဆွေးမြည့်တတ်ခြင်း၊ (သွားများ အချိန်မတိုင်မီ ကျိုးခြင်း၊ ကြွေခြင်း၊ ဒဏ်ရာအနာသည် အရိုးထိဖြစ်လျှင် အရိုး၊ အသားများဆွေး၍ ခြေ၊ လက် ဖြတ်ပစ်ရခြင်း)။
၇။ ဆင့်ပွားဖြစ်သော ရောဂါများ သွေးတိုး၊ နှလုံး နှင့် လေငန်းတို့ကြောင့် သက်တမ်းမစေ့မီ သေဆုံးရတတ်ခြင်း တည်းဟူသော ထူးခြားချက်များရှိသည့် ရောဂါတမျိုးဖြစ်ပေသည်။

ထို့ကြောင့် ဤရောဂါ မိမိတွင်မခံစားရအောင် ကြိုတင်ကာကွယ်ကြလျှင် မကောင်းပေဘူးလားဟု ကျွန်ုပ်စိတ်တွင် ဖြစ်ပေါ်လာပါသည်။ အနာရှိလျှင် ဆေးရှိသည်-ဟူသော ရှေးလူကြီးများ၏ ဆိုရိုးစကားအရ ရောဂါအနာတိုင်းတွင် ဆေးဝါးများရှိပေသည်။ ဆီးချိုရောဂါတွင်လည်း ဆေးဝါးများရှိပါသည်။ သို့သော် ရောဂါ၏ ထူးခြားသော လက္ခဏာအရ ဆေးစားရုံမျှဖြင့် မပျောက်ကင်းပါ။ ဆေးဝါးနှင့် ဓာတ်စာစားခြင်းဖြင့် ရောဂါသက်သာရုံမျှသာ ရှိပေသည်။ ဤသို့ လုံးဝမပျောက်ကင်းသော ရောဂါအား မိမိခန္ဓာကိုယ်တွင် မစွဲကပ်သည်က အကောင်းဆုံးဖြစ်ပေသည်ဟု ကောက်ချက်ချရပေသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်-ဟူသော စကားရှိပေသည်။ အထက်ပါ ထူးခြားသော လက္ခဏာရှိသည့် ရောဂါအားလည်း ရောဂါအဖြစ်ခံပြီး နေထိုင်၏။ ရောဂါဖြစ်မှ ဆေးဝါးကုသခြင်းထက် ရောဂါမဖြစ်မီ ကာကွယ်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းမာခြင်းသည် လာဘ်တပါးပင် မဟုတ်ပါလား။

(ဆီးချိုရောဂါ ဖြစ်ရသည့် အကြောင်းရင်းများ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆီးချိုရောဂါရှင်များ တိုးတက်လာခြင်းသည် ကမ္ဘာကြီး၌ လူဦးရေ တိုးတက်လာခြင်း၏ အချက်တချက် ဖြစ်ပြီး ကျန်ရောဂါဖြစ်သည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း ၁၅.၉.၉၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
၁။ အဝလွန်မှု။
၂။ ကျန်းမာရေးနှင့် မညီညွတ်သည့် စားသောက်မှု။
၃။ အချိန်များစွာ ထိုင်ရင်း အလုပ်လုပ်ရသည့်သူများ။
ရောဂါဖြစ်ရသည့် အကြောင်းရင်းများအား သိရှိလျှင် ရောဂါမဖြစ်အောင် ကျွန်ုပ်တို့ ကာကွယ်ရေးနည်းလမ်း များကား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ဖြစ်သည်။

( အဝလွန်မှု)
စာဖတ်သူ၏ အရပ် ၅-ပေရှိပါက ကိုယ်အလေးချိန် ပေါင် ၁၀၀-ရှိရပါမည်။ တလက်မ အရပ်ပိုရှည်လျှင် ၅-ပေါင်တိုးဝပြီး အကယ်၍ စာဖတ်သူသည် ၅-ပေ ၆-လက်မ ရှိသည်ဆိုပါက ပေါင် ၁၃၀-ရှိရပါမည်။ ပေါင် ၁၃၀-ထက် ပေါင်ပိုးသွားသမျှသည် ၀ဖြိုးမှုဖြစ်ပါသည်။ ခန္ဓာကိုယ်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုရှိနေမည်ဖြစ်ပါသည်။

များများရှိလေ အန္တရာယ် ပိုရှိလေဖြစ်ပါသည်။ သိုးဆောင်းစကားပုံတခုတွင် သင်၏ခါးပတ် အပေါက်တပေါက် တိုးလာတိုင်း သင်၏အသက် တနှစ်ပိုပြီး တိုသွားသည်ဟု ဖော်ပြထားပေသည်။ လူ့လောကနိယာမကမူ ၀-လို့ လှ-လို့ပါလား-ဟု ပြောမှ နှစ်ခြိုက်ကြပေသည်။ သို့သော် အ၀လွန်သူများ မလှပပါ။ စာဖတ်သူ အ၀လွန်သောသူများအား တွေ့ဖူးပေမည်။ လှလှပပ ရှိပါသလား။ မရှိပါ။

ဗုဒ္ဓဂေါတမမြတ်စွာဘုရား၏ ဒကာတော် ပသေနဒီကောသလမင်းကြီးသည် အ၀လွန်ပါသည်။ တရံခါသော် မင်းကြီးမှ မြတ်စွာဘုရားရှင်အား သွားရောက်ဖူးမြော်ရာတွင် လေးလံထိုင်းမှိုင်းပြီး မရွှင်မလန်းဖြစ်နေ၍ မြတ်စွာ ဘုရားက-
မင်းကြီး သိပ်ပြီးဝနေတယ်။ သွက်လက်ဖျတ်လတ် ကျန်းမာအောင် အစားအစာ လျှော့စားနည်း ကိုယ်တော်မြတ် လမ်းညွှန်တော်မူမည်-ဟု မိန့်ကြားသည်။

ထို့နောက် မြတ်စွာဘုရားက ယခုစားနေသည်ထက် လက်တဆုပ်စာ လျှော့စားသွားရန်၊ လျှော့စားသော အစာဖြင့် တင်းတိမ်လျှင် နောက်တကြိမ် လက်တဆုပ်စာ လျှော့စားသွားရန်၊ ဒုတိယလက်တဆုပ်စာ လျှော့စားသောအစားအစာဖြင့် တင်းတိမ်လျှင် ထပ်မံပြီး လက်တဆုပ်စာ လျှော့စားသွားရန် မြတ်စွာဘုရားက မိန့်မြွက်တ်ေမူသည်။ သို့ဖြင့် အ၀လွန်မှုအား မိမိကိုယ်ခန္ဓာကိုယ်နှင့် လျော်ညီသည့် အနေအထားရောက်အောင် လျှော့စားနည်းအား မြတ်စွာဘုရားက မိန့်မြွက်ခဲ့ဖူးပေသည်။

အ၀လွန်မှုမှာ ထမင်း၊ ဒံပေါက်၊ ခေါက်ဆွဲ၊ အုန်းထမင်း စသည့် ကစီဓာတ်များသော အစားအစာအား နှုတ်မြိန်တိုင်း ဖိသိပ်စားသောက်ခြင်းကြောင့် ဖြစ်ပေသည်။ မင်းအနေဖြင့် အဆီဓာတ်လွန်ကဲသော ၀က်သား၊ ဘဲသား၊ အုန်းနို့၊ သကြား၊ ထန်းလျက်နှင့်ပြုလုပ်သော မုန့်များအား အလွန်အကြူး စားသောက်ခြင်း ကြောင့်လည်း အ၀လွန်လာနိုင်ပေသည်။ သောက်စရာအနေအားဖြင့် နွားနို့၊ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်များအား အလွန်အကြူး သောက်သုံးမှုကြောင့်လည်း အ၀လွန်လာနိုင်သလို သစ်သီးများအနေဖြင့် အချိုဓာတ်လွန်ကဲသော ငှက်ပျောသီး၊ သရက်သီး၊ ဒူးရင်းသီး စသည့် အသီးများအား မဆင်မခြင် စားသောက်ခြင်းဖြင့်လည်း အ၀လွန်လာနိုင်ပေသည်။

ကျန်းမာရေး အထောက်အကူပြုသော အာဟာရမှာ ရှေးသမားတော်ကြီးများ၏ အဆိုအမိန့်ဖြစ်သော ၀မ်းမှာ အခါး-ဟူသော စကားအရ အခါးဓာတ်ဖြစ်ပေသည်။ အချဉ်ဓာတ်သည်လည်း သဘာဝအချဉ်များဖြစ်ပါက ကျန်းမာရေး အထောက်အကူပြုပြီး လက်လုပ်ချဉ်များဖြစ်ပါက ကျန်းမာရေးအထောက်အကူ မပြုပါ။ ငန်၊ ချို၊ ဆိမ့် ဓာတ် ၃-မျိုးမှာ ကျန်းမာရေး အန္တရာယ်ဖြစ်ပေသည်။ ဖန်၊ စပ် ဓာတ်တို့မှာ သာမန်အနေအထား ဖြစ်ပေသည်။ အရသာအားလုံးသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဓာတ်ချည်းပင်ဖြစ်ပေသည်။ သို့သော် တန်ဆေး လွန်ဘေး-ဟူသော စကားအား လက်ကိုင်ထားပြီး စားသုံးမှု ပြုရပေမည်။

အ၀လွန်စေသော အခြားအကြောင်းတရပ်မှာ အိပ်စက်နားနေမှု ဖြစ်ပေသည်။ တည ၇-နာရီထက် ပိုမအိပ်သင့်။ စောစောအိပ်၍ စောစောလည်း ထသင့်ပေသည်။ ညဥ့်အချိန်များစွာ အိပ်သည့်ပြင် နေ့တွင်လည်း ထပ်မံပြီး ၁-နာရီ ၂-နာရီခန့် ထပ်ပြီး အိပ်စက်နားနေလျှင် သေချာပေါက် အ၀လွန်လာပေမည်။ ၀လာသည်နှင့် ရောဂါများလည်း ရရှိလာနိုင်ပေသည်။

အ၀လွန်သူမဖြစ်အောင် ထိန်းသိမ်းနေထိုင် စားသောက်သွားပါက ဆီးချိုရောဂါဘေးမှ ကင်းဝေးနိုင်ပါသည်။ ရောဂါမဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါသည်။
ဆီးချိုရောဂါသည် အေး၊ ချို၊ ဆိမ့်၊ ဖန် အစားအစာများ စားသုံးမှု လွန်ကဲခြင်းကြောင့် ဖြစ်ပွားရသည်။ အေး၊ ချို၊ ဆိမ့်၊ ဖန် အရသားများဖြစ်သော ၀က်သား၊ ဘဲသား၊ အုန်းထမင်း၊ ဒံပေါက်၊ ထောပတ်ထမင်း၊ မလိုင်မျိုးစုံ၊ သကြား၊ ထန်းလျက်ဖြင့်ပြုလုပ်သော မုန့်မျိုးစုံ၊ လက်ဖက်ရည်၊ ချို၊ ဖန်၊ မန်ကျည်းသီးစိမ်း၊ မန်ကျည်းရွက် ချဉ်ရည်၊ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ အာလူး၊ သစ်တော်သီး၊ မက်မန်းသီး စသော အစားအစာများအား အကြိမ်ကြိမ် အထပ်ထပ် အလွန်အကျွံ မစားရန် ရှေးသမာေးတ်ာကြီးများမှ လမ်းညွှန်ထားပေသည်။ ဤအစားအစာများအား သင့်တင့်လျောက်ပတ်ရုံမျှ စားသုံးခြင်းဖြင့် ဆီးချိုရောဂါအား ကာကွယ်ပြီး ဖြစ်သွားနိုင်ပေသည်။

(ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှု)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများ၏ ဒုတိအချက်မှာ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပင် ဖြစ်ပေသည်။

(ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုဟူသည် အဘယ်နည်း)
လူတို့၏ နေ့စဉ်နေ့တိုင်း ဘ၀ရှင်သန်ရေးအတွက် အချို၊ အဆိမ့်၊ အငန်၊ အစပ်၊ အပူ၊ အအေး၊ အခါး ဟူသောအာဟာရများအား စားသောက်နေကြပေသည်။ ထိုအရသာမျိုးစုံ အစားအစာများအား မျှတစွာ စားသောက်သင့်ပေသည်။ ဖြစ်နိုင်လျှင် နံနက်ပိုင်း အစားအစာစုအား ညနေပိုင်း မစားဘဲ စားသုံးနိုင်ပါက ပိုပြီးကျန်းမာရေးနှင့် ညီညွတ်ပေသည်။ ထိုအရသာမျိုးစုံ အစားအစာများမှ အချို့လူတို့သည် လျှာအလိုလိုက်ပြီး မိမိကြိုက်နှစ်သက်သော အစားအစာများအား လွန်လွန်ကြူးကြူး စားသောက်တတ်ကြပေသည်။ ဤသို့ အရသာတမျိုးအား လွန်လွန်ကြူးကြူး စားသောက်ခြင်း၊ မကြာခဏ စားသောက်ခြင်း၊ ကြိမ်ဖန်များစွာ စားသောက်ခြင်းဖြင့် လွန်ကဲသောအာဟာရနှင့် ပတ်သက်သော ရောဂါဘယ ခံစားရပေတော့သည်။ ဥပမာ-မုန့်ဟင်းခါးကြိုက်သည်ဆိုပြီး နံနက်၊ နေ့လယ်၊ ညနေ တနေ့လုံးစာချက်ပြီး စားသောက်ခြင်းမျိုး၊ နံနက်ပိုင်းတွင်လည်း ကြက်၊ ၀က်၊ ဘဲများ စားပြီး ညနေပိုင်းတွင်လည်း ဖော်ပြပါ အစားအစာများအား စားခြင်းမျိုး ဖြစ်ပေသည်။ ထို့ပြင် အချို့ ညပိုင်းအလုပ်လုပ်သောသူများ၊ အချို့ တနေကုန် မနေမနား လုပ်နေရသောသူများသည် မအိပ်ချင်အောင် ကွမ်းယာများ အဆက်မပြတ်ဝါးစားနေခြင်းမျိုးလည်း တွေ့ရပေသည်။ ဤသို့ အာဟာရတမျိုးအား လွန်လွန်ကြူးကြူး စားခြင်းသည် ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုပင် ဖြစ်ပေသည်။

၁၉၁၃-ခုနှစ်ထုတ် ဂျီဂျီရှင်ပူခေါ် ဂျပန်သတင်းစာနှင့် ၁၉၁၂-ခုနှစ် ဇူလိုင်လထုတ် သိပ္ပံဘဏ်တိုက်မဂ္ဂဇင်းတွင် အသက်တရာပြည့်မီအောင် နေထိုင်နည်း ၁၂-ချက်တွင် အစားအသောက်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ၃-ချက် ဖော်ပြခဲ့ပါသည်။
၁။ ၇-ရက်တပတ် အစာအိမ်ကို အအားပေးခြင်းအားဖြင့် တထပ်မျှသောအာဟာရကို ရှောင်ကြဉ်ခြင်း၊
နံနက်တွင် အမဲသား၊ ငါးကိုသာ စားလျှင် ညနေတွင် ၄င်းအစာကို ရှောင်ကြဉ်ခြင်း။

၂။ အရက်သောက်ခြင်း၊ လော်မာခြင်း ကင်း၍ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ကော်ဖီ၊ လက်ဖက်ရည်တို့ကို အလွန်အကြူး မမှီဝဲရ။

၃။ မိမိကိုယ် ချို့ယွင်းသော အင်္ဂါအစိတ်အပိုင်းတို့ကို တိရစ္ဆာန်တို့၏ အင်္ဂါအစိတ်အပိုင်းတို့ဖြင့် ဖြည့်စွမ်းစေခြင်းငှါ ၄င်းအစိတ်အပိုင်းတို့ကို စားရမည်။
ဥပမာ-ဦးနှောက်မကောင်းလျှင် တိရစ္ဆာန်ဦးနှောက်ကို စားခြင်း အရိုးမကောင်းလျှင် အရိုးစားခြင်း။

ရုံးဝန်ထမ်းအချို့သည် ရုံးပိတ်ရက်များတွင် အစာအိမ်ကို အနားပေးရမည့်အစား နားသည့်ရက်တွင်မှ ကောင်းနိုးရာရာ လုပ်ကိုင်စီမံပြီး ပို၍စားသောက်တတ်ကြလေသည်။ ဤသို့စားသောက်ခြင်းမှာ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပင် ဖြစ်ပေသည်။
ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုမှရှောင်ရှားနိုင်ရန်အတွက် ဗုဒ္ဓရှင်တော်မြတ်ဘုရား ကိုယ်တော်က အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် အောက်ပါအတိုင်းဟောကြားတော်မူခဲ့ပေသည်။
၁။ ကြေကျက်လွယ်သော အစာကို စားသောက်ခြင်း။
၂။ မိမိနှင့် သင့်လျော်သောအစာ ညီညွတ်မျှတရုံသာ စားသောက်ခြင်း။
၃။ မသင့်သောအစာကို မစားသောက်ခြင်း။
၎။ ဆွမ်းစားပြီး ရေသောက်ရန်အတွက် တလုတ်၊ နှစ်လုတ်စာ ချန်၍ စားသောက်ခြင်း။
၅။ ဖြည်းဖြည်း စားသောက်ခြင်း။

အထက်ပါ ဗုဒ္ဓမြတ်ဘုရား၏ ဟောဖော်မြွက်ကြား တရားစကားအား လိုက်နာခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်ကာ ဆီးချိုရောဂါအပါအ၀င် အနာမဲ့ပြီး အသက်ရှည်ကြမည် ဖြစ်ပေသည်။

( အချိန်များစွာထိုင်ရင်း အလုပ်လုပ်ကိုင်ရသည့်သူများ)
ဆီးချိုရောဂါဖြစ်ရသည့် တတိယအကြောင်းရင်းမှာ အချိန်များစွာ ထိုင်ရင်း အလုပ်လုပ်ရသည့်သူများ ဖြစ်ပေသည်။
မျက်မှောက်ခေတ်တွင် လူတို့၏ နေထိုင်မှုစနစ်တွင် ထိုင်ရင်း အလုပ်လုပ်ရသည့်အချိန်မှာ များစွာယူထားရပေသည်။ အိမ်မှ ရုံးနှင့် လုပ်ငန်းခွင်များသို့ သွားသောအခါ မီးရထား၊ မော်တော်ကား၊ သင်္ဘော၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးများပေါ်တွင် ထိုင်လျက်သွားကြရသည်။ ရုံးနှင့်လုပ်ငန်းခွင်သို့ရောက်သောအခါ ထိုင်ရင်းအလုပ်လုပ်ရသည်က များပေသည်။ ရုံးနှင့်လုပ်ငန်းခွင်မှ ပြန်လာကြသောအခါ သွားစဉ်ကအတိုင်း ထိုင်ရင်းပြန်လာကြရသည်။ ထို့ကြောင့် အချိန်များစွာ ထိုင်ရင်း အလုပ်လုပ်ကြရသည်။
တမြို့မှ တမြို့၊ တနိုင်ငံမှ တနိုင်ငံ ခရီးရှည်သွားကြသူများသည်လည်း မီးရထား၊ မော်တော်ကား၊ မီးသင်္ဘော၊ လေယာဉ်ပျံများပေါ်တွင် အချိန်များစွာ ထိုင်ရင်း သွားကြရသည်။ ဖော်ပြပါ ယာဉ်များအား မောင်းနှင်ကြသော ၀န်ထမ်းကြီးငယ်တို့သည်လည်း ထိုင်ပြီး မောင်းနှင်ရသူက များပေသည်။

ဤသို့ထိုင်ပြီး အလုပ်လုပ်ရသည့်အတွက် ခန္ဓာကိုယ် ဣရိယာပုထ် မျှတမှုမရှိဘဲ ထိုင်မှုသက်သက်ဖြင့် အချိန်များစွာ ကုန်ဆုံးခဲ့ကြရပေသည်။ ရပ်နေမှု၊ လမ်းလျှောက်မှု၊ အိပ်စက်နားနေမှု ဟူသော ၃-ပါးသော ဣရိယာပုထ်များ လျော့နည်းခဲ့ရပေသည်။ ဣရိယာပုထ် မမျှတခြင်းသည်လည်း အနာရောဂါများအား ဖြစ်ပွားစေလေသည်။

ကိုယ်လက်လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်းများသည် ကျန်းမာရေးအား များစွာအထောက်အကူ ပြုပေသည်။ လမ်းလျှောက်ခြင်းကြောင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မှတ်သားရပေသည်။
၁။ ပင်ပန်းစွာ လုပ်ကိုင်နိုင်ခြင်း။
၂။ ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ညီညွတ်မျှတစေခြင်း။
၃။ လေကောင်းလေသန့်များ ရရှိခြင်း။
၎။ စားသောက်ကောင်းမွန် နှုတ်မြိန်စေခြင်း။
၅။ စိတ်ပင်ပန်းမှု သက်သာစေခြင်း၊ လန်းဆန်းစေခြင်း။

ထို့ကြောင့် ဆီးချိုရောဂါဖြစ်စေတတ်သော အချိန်များစွာ ထိုင်ရင်း အလုပ်လုပ်ရသည့် အခြေအနေအား နေ့စဉ်လုပ်ငန်းများ ပြီးဆုံးချိန်တွင် ကိုယ်လက်လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်းများ ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်တွင် စွဲကပ်လာနိုင်သည့် ဆီးချိုရောဂါအား တွန်းလှန်သွားရမည် ဖြစ်ပေသည်။ ဖြစ်နိုင်လျှင် တနေ့လျှင် ၂-မိုင်မျှ လမ်းလျှောက်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။

ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး လူမျိုးအဖြစ် ဂျပန်လူမျိုးများကို သတ်မှတ်ထားကြသည်။ ဂျပန်အမျိုးသမီးများ၏အသက် ပျမ်းမျှ ၈၄-နှစ်ဖြစ်ပြီး ဂျပန်အမျိုးသားများ၏အသက် ပျမ်းမျှ ၇၈-နှစ် ရှိကြသည်။ ကမ္ဘာ့နိုင်ငံများ၏ အမျိုးသမီးများတွင် ၁၇-နှစ်တိတိ ဂျပန်အမျိုးသမီးများသည် ထိပ်ဆုံးမှနေရာယူထားပြီး အမျိုးသားများကလည်း ၂-နှစ်ဆက်တိုက် ထိပ်ဆုံးမှနေရာယူထားကြကြောင်း ၂၀၀၁-ခုနှစ် သြဂုတ်လ ၁-ရက်နေ့တွင် တိုကျိုမြို့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဂျပန်ပြည်ရောက် မြန်မာလူမျိုးများ၏ ပြောကြားချက်အရ ဂျပန်လူမျိုးများသည် အောက်ပါအချက် ၃-ချက်ကြောင့် အသက်ရှည်ကြရပေသည်ဟု ယူဆရကြောင်း သိရပေသည်။
၁။ ဇိမ်မခံဘဲ မနေမနား ဖျတ်လတ်သွက်လက်စွာ အလုပ်လုပ်နေခြင်း၊ လမ်းလျှောက်ရာတွင်ပင် ဖြည်းဖြည်း နှေးနှေး မလျှောက်ဘဲ ရင်ကော့ ခေါင်းမော့၍ မြန်မြန်ဆန်ဆန် လမ်းလျှောက်ခြင်း၊ လုပ်ငန်းခွင်မ၀င်မီ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်ရခြင်း။
၂။ ဟင်းသီးဟင်းရွက်နှင့် ငါးများအား ရေလုံပြုတ်သဘောမျိုးသာ စားသောက်ခြင်း။
၃။ ရေနွေးစိမ်ပြီး ရေချိုးလေ့ရှိခြင်း။
(ရေနွေးနှင့် ရေချိုးလျှင် အကြောအချဉ်များ ပိုမိုပျော့ပျောင်း ပြေလျော့စေပါသည်)။
၎။ အသေးအဖွဲကိစ္စများအား ရေးကြီးခွင်ကျယ် သဘောမထားဘဲ စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာ နေထိုင်တတ်ခြင်-တို့ ဖြစ်ကြသည်။

အထက်ဖော်ပြပါ အ၀လွန်ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သည့် စားသောက်ခြင်းနှင့် အချိန်များစွာ ထိုင်ရင်းအလုပ်လုပ်ရခြင်းတို့သည် ဆီးချိုရောဂါဖြစ်စေတတ်သည်ဆိုလျှင် ဆီးချိုမဖြစ်အောင် ကျွန်ုပ်ဆွေးနွေး အဖြေရှာ ဖော်ထုတ်ခဲ့သည်။ အလွန်မ၀အောင်၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပြီး ကျန်းမာရေးလေ့ကျင့်ခန်းများ လမ်းလျှောက်ခြင်းများ ပြုလုပ်ပြီး ရောဂါမဖြစ်အောင် ကာကွယ်သွားကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။ ဘယ်သူမပြု မိမိမှုပင် ဖြစ်ပါသည်။ ဆီးချိုရောဂါအားလည်း မိမိဖိတ်ခေါ်၍ ယူလာခြင်းဖြစ်ပါသည်။ မိမိကကြိုတင်ကာကွယ်ထားလျှင်လည်း လာနိုင်တော့မည် မဟုတ်ချေ။

မြင်းခြံ ကျော်အောင်
(ငွေတာရီမဂ္ဂဇင်း ၂၀၀၃-ခု ဇန်န၀ါရီလ)

Sunday, September 19, 2010

ဗုဒ္ဓ၏ ကမ္မဝါဒ

ဗုဒ္ဓ၏ဒဿနတွင် ကမ္မဝါဒ-အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ၏။ ကောင်းမှုကံသည် ကောင်းကျိုးကို ပေး၍ မကောင်းမှုကံသည် မကောင်းကျိုးကို ပေးသည်-ဟူသော အယူအဆသည် ကမ္မဝါဒ၏ အခြေခံကျသော ဒဿနပင်ဖြစ်သည်။ ဗီဇနိယာမသဘောအရ သစ်ပင်မျိုးစေ့တို့၏ သဘာဝနှင့် နှိုင်းယှဉ်ဖော်ပြရလျှင် ချိုသောမျိုးစေ့သည် ချိုသောအသီးအပွင့်ကို သီးပွင့်စေ၍ ချဉ်သောမျိုးစေ့သည် ချဉ်သောအသီးအပွင့်ကို သီးပွင့်စေတတ်သည်။

ထို့အတူပင် ကောင်းသောကံသည် ကျောင်းကျိုးကို ဖန်တီး၍ မကောင်းသောကံသည် မကောင်းကျိုးကို ဖန်တီးပေးတတ်သည်။ ဗီဇသဘာဝ ဗီဇနိယာမဟု ခေါ်နိုင်သလို ကမ္မသဘာဝကိုလည်း ကမ္မနိယာမဟု ခေါ်ဆိုနိုင်သည်။ ဤသို့ဖြင့် ကောင်းသောအကျိုး မကောင်းသောအကျိုးကို ဖော်ဆောင်ရာတွင် မျိုးစေ့နှင့်ကံတို့သည် အတူတူပင် ဖြစ်ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်က အကြင်သို့သဘာဝရှိသော မျိုးစေ့ကို စိုက်ပျိုးပါက ထိုသဘာဝရှိသော အသီးကို ရရှိသကဲ့သို့ ကောင်းမှုပြုသူသည် ကောင်းကျိုးကို ရရှိပြီး မကောင်းမှုပြုသူသည် မကောင်းကျိုးကို ရရှိသည်-ဟု ဟောကြားရှင်းပြ တော်မူခဲ့သည်။

ကမ္မ-ဆိုသည်မှာ သာမန်အားဖြင့် လုပ်ကိုင်ခြင်း၊ ပြုမူခြင်း၊-ဟူ၍ အဓိပ္ပါယ်ရ၏။ ကမ္မဝါဒ ကမ္မနိယာမ၊ သို့မဟုတ် ကံ-ဟုဆိုရာ၌ လုပ်ကိုင်ခြင်း၊ ပြုမူခြင်း စသည်တို့ ဖြစ်ပေါ်အောင် လှုံ့ဆော်တိုက်တွန်းသည့် စေတနာကိုပင် ဆိုလိုခြင်းဖြစ်သည်။ ပေးကမ်းလှူဒါန်းခြင်း၊ သီလစောင့်ထိန်းခြင်း၊ သူတပါး၏ ကောင်းကျိုးအတွက် ကူညီဆောင်ရွက်ပေးခြင်း စသော အပြုအမူကောင်းတို့၌ ကောင်းသောစေတနာ အမြဲပါရှိ၏။ ကောင်းမှုကံ (ဝါ) ကုသိုလ်ကံဆိုသည်မှာ ယင်းကောင်းသော စေတနာပင်ဖြစ်သည်။

ထို့အတူပင် သူတပါးကို နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ သူတပါး၏ ကောင်းကျိုးကို နှောင့်ယှက်ဖျက်ဆီးခြင်း စသည့် မကောင်းသော အမူအကျင့်တို့၌ မကောင်းသော စေတနာ အမြဲပါရှိတတ်သည်။ ထိုစေတနာဆိုးက မကောင်းသောအပြုအမူများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တိုက်တွန်းလေ့ရှိရာ မကောင်းသောအပြုအမူများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တိုက်တွန်းလေ့ရှိရာ ထိုမကောင်းသော စေတနာဆိုးကို မကောင်းမှုကံ (ဝါ) အကုသိုလ်ကံ-ဟု ခေါ်ဆိုသည်။

သို့ဖြစ်၍ လူအပါအဝင် သတ္တဝါမှန်သမျှသည် မိမိ၏ ကောင်းကျိုး ဆိုးကျိုးကို မိမိကိုယ်တိုင်ကသာ ဖန်တီးပေးနိုင်သည်။ ကမ္မဝါဒ-အရ မိမိ၏ ကုသိုလ်ကံ အကုသိုလ်ကံကသာ မိမိ၏ ချမ်းသာခြင်း၊ ဆင်းရဲခြင်း စသည့် ကောင်းကျိုး ဆိုးကျိုးကို ဖန်တီးပေးနိုင်သည်ဟု ဆိုလိုသည်။ တဦးတယောက်၏ ချမ်းသာမှု ဆင်းရဲမှုကို အခြားတဦးတယောက်က ဖန်တီးနိုင်စွမ်း မရှိ။ ဗုဒ္ဓဒဿနက သတ္တဝါများကို၎င်း၊ ၄င်းတို့၏ ကောင်းကျိုး ဆိုကျိုးကို၎င်း၊ တစုံတယောက်သော မဟာတန်ခိုးရှင်က ဖန်ဆင်းပေးနေသည်ဟူသော ဣဿရနိမ္မာနဝါဒ (ဖန်ဆင်းရှင်းဝါဒ) ကို လုံးဝလက်မခံပေ။ ထို့ကြောင့် ဗုဒ္ဓက အတ္တာဟိ အတ္တနော နာထော-သတ္တဝါတိုင်းသည် မိမိဘဝကို ဖန်တီးသူဖြစ်သည်။ မိမိကိုယ်ကိုသာ အားထားရာဖြစ်သည်ဟူ၍ ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။

၃၁-ဘုံ၌ ကျင်လည်နေကြကုန်သော သတ္တဝါအသီးသီးသည် မိမိ၏ ကုသိုလ်ကံ အကိုသုလ်ကံအလျောက် ကောင်းကျိုး ဆိုးကျိုးကို ခံစား စံစားရသည်ဖြစ်ရာ တဦးနှင့်တဦး ကံ၏အကျိုးပေးပုံခြင်း မတူညီတတ်ကြပေ။
အခါတပါးတွင် သုဘလင်လင်က ဘုရားရှင်ကို အရှင်ဘုရား-လူတို့၏ အသက်ရှည်ခြင်း၊ အသက်တိုခြင်း၊ အနာရောဂါ ထူခြင်း၊ အနာရောဂါ ကင်းခြင်း စသည်အားဖြင့် တဦးနှင့်တဦး မတူညီခြင်းမှာ အဘယ်ကြောင့်ပါနည်း-ဟု လျှောက်ထားမေးမြန်းခဲ့သည်။

ထိုအခါ ဘုရားရှင်က-သတ္တဝါအားလုံးသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်။
အသက်ရှည်ခြင်း၊ အသက်တိုခြင်း၊ စသည်အားဖြင့် ကွဲပြားခြားနားမှုကို ကံကသာလျှင် စီမံဖန်တီးသည်-ဟု အကျဉ်းအားဖြင့် ဖြေကြားတော်မူခဲ့၏။ ဤသို့ ကောင်းကျိုး ဆိုးကျိုးကို ကံကသာ ဖန်တီးသည်ဟုဆိုရာ၌ အတိတ်ကံ တခုတည်းကိုသာ ဆိုလိုသည် မဟုတ်ဘဲ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ နှစ်မျိုးစလုံးကို ဆိုလိုပေသည်။
ထိုနှစ်မျိုးအနက် အတိတ်ကံဟူသည် လွန်ခဲ့သည့် အတိတ်ဘဝများစွာတို့၌ ပြုလုပ်ခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံများပင် ဖြစ်ပြီး ပစ္စုပ္ပန်ကံ ဆိုသည်မှာ လက်ရှိ မျက်မှောက်ကာလ၌ ပြုလုပ်နေသော ကုသိုလ်ကံ အကုသိုလ်ကံများပင် ဖြစ်ကြသည်။

အနှီကံ နှစ်မျိုးစလုံးသည် ပဋိသန္ဓေအကျိုး၊ ပဝတ္တိအကျိုး နှစ်ခုလုံးကို ပေးစွမ်းနိုင်သော သတ္တိရှိကြ၏။ သို့ရာတွင် အတိတ်ကံသည် ယခုမျက်မှောက်ဘဝ၏ ပဋိသန္ဓေအကျိုးကို ပေးနိုင်၍ အနာဂတ်ဘဝ၏ ပဋိသန္ဓေအကျိုးကိုမူ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ တခုခုက ပေးစွမ်းနိုင်ပေသည်။ ပဝတ္တိအကျိုးကိုလည်း အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကပင် အကျိုး ပေးနိုင်ပေသည်။

သို့ဖြစ်၍ မျက်မှောက်ဘဝတွင် ဆင်းရဲသော မိဘ၊ ချမ်းသာသော မိဘမျိုးတို့၌ မွေးဖွားခြင်း၊ အဆင်းလှခြင်း၊ အရုပ်ဆိုးခြင်း စသည့် ပဋိသန္ဓေပါအကျိုးသည် အတိတ်ကံ သက်သက်၏အကျိုးဖြစ်၏။ သို့သော် မွေးဖွားပြီးနောက် သေဆုံးသည့်အထိဖြစ်သော ဘဝတာအတွင်း တွေ့ကြုံခံစားရသည့် ကောင်းကျိုး ဆိုးကျိုးတို့မှာမူ အတိတ်ကံတခုတည်းကြောင့်သာ မဟုတ်တော့ပေ။ မျက်မှောက်ကာလ၌ ပြုမူသော ကံ၊ ဉာဏ်၊ ဝိရီယတို့၏ စွမ်းအားသည် ယခုလက်ရှိဘဝတွင် ကောင်းကျိုး ဆိုးကျိုးများ ဖြစ်ပေါ်ရေးကို များစွာအထောက်အကူ ပြုနေသည်။

သို့သော် မျက်မှောက်ဘဝ၌ ကံ၊ ဉာစ်၊ ဝီရိယတို့၏ အထောက်အကူ လုံးဝမပါဘဲ ကောင်းကျိုး ဆိုးကျိုးတို့ ဖြစ်ပေါ်လာရခြင်းကား ရှေးအတိတ်ကံသက်သက်ကြောင့်သာ ဖြစ်ပေသည်။ သို့သော် အတိတ်ကံကိုချည်း လုံးဝအားကိုးအားထား ပြုနေခြင်းကိုမူ ဗုဒ္ဓဝါဒက လက်ခံအားပေးခြင်း မရှိပေ။ ကျားရဲရာ ကြမ္မာမရိုးသာ၊ ကံကိုယုံ ဆူးပုံမနင်းရာ-စသော စကားတို့မှာ အမှန်အားဖြင့် အတိတ်ကံတခုတည်းကိုသာ အားကိုး မပြုသင့်ကြောင်း ဖော်ပြသည့် အဆိုအမိန့်များဖြစ်ကြ၏။ အလားတူပင် အတိတ်ကံ ကောင်းလျှင် ချမ်းသာရမည်ဟူသော အားကိုးဖြင့် အလုပ်မလုပ်ဘဲ ထိုင်နေပါက မည်သို့မျှ ကြီးပွားချမ်းသာလိမ့်မည်မဟုတ်။ ချမ်းသာကြွယ်ဝသော မိဘမျိုးရိုး၌ မွေးဖွားလာပြီး အတိတ်ကံကောင်းခဲ့ပါလျက် မျက်မှောက်ဘဝ၌ ဆင်းရဲနေသူတွေ များစွာရှိကြ၏။ ထို့အတူပင် ပဋိသန္ဓေအကျိုးပေး ညံ့ဖျင်းသော်လည်း လက်ရှိဘဝ၌ ကံ ဉာဏ် ဝီရိယဖြင့် ကြိုးအားထုတ်မှုကြောင့် ချမ်းသာကြီးပွားနေသူတွေလည်း များစွာရှိနေကြသည်။

သို့ဖြစ်၍ အတိတ် ကုသိုလ်ကံ အားကောင်းစေကာမူ ပစ္စုပ္ပန်ဘဝ၌ ကံ ဉာဏ် ဝီရိယတို့၏ အထောက်အကူရမှသာ ကောင်းကျိုး ချမ်းသာကို ဖန်တီးပေးနိုင်မည်။ မျက်မှောက်ဘဝ၌ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းခြင်း၊ ဆိုးခြင်း၊ ဥစ္စာပစ္စည်း ပြည့်စုံခြင်း၊ ချို့တဲ့ခြင်း စသည်တို့သည် ပစ္စုပ္ပန်ဘဝ၏ အပြုအမူ (ဝါ) ပစ္စုပ္ပန်ကံနှင့်သာ များစွာသက်ဆိုင်၏။ ဝသလသုတ်၊ ဝါသေဋ္ဌသုတ်-များ၌ ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြဟ္မဏော။ ( ကံကြောင့် လူယုတ်မာ ဖြစ်သည်၊ ကံကြောင့် မြင်ြ့မတ်သူ ဖြစ်သည်)ဟူသော ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက်မှာ အမှန်အားဖြင့် ဤပစ္စုပ္ပန်ကံကို ရည်ညွှန်းတော်မူ ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓ၏ ကမ္မဝါဒသည် အတိတ်ကံကိုသာ အကြောင်းရင်း ဖြစ်သည်-ဟူသော ပုဗ္ဗေ ကတ ဟေတု-ဝါဒနှင့် ဆန့်ကျင်သည်။ ထို့အတူ ဘဝပြတ်ခြင်း၊ ကံနှင့် ကံ၏အကျိုးတရား မရှိခြင်း-ကို လက်ခံသော ဥစ္ဆေဒဝါဒ (ရုပ်ကြမ်းဝါဒ)နှင့် ကံမပါဘဲ ကောင်းကျိုး ဆိုးကျိုး ခံစားရမည်-ဟူသော အဟေတုက-ဝါဒတို့ကိုလည်း ဆန့်ကျင်ခဲ့ပေသည်။

ထိုသို့ ကံကသာ ကောင်းကျိုး ဆိုးကျိုး-ကို ဖန်တီးနိုင်သည် ဆိုရာ၌ အချို့သောကံတို့သည် မျက်မှောက်ဘဝမှာပင် အကျိုးပေး၍ အချို့သော ကံတို့သည် သေဆုံးပြီးနောက် တမလွန်ဘဝဟုခေါ်သော ဒုတိယဘဝ၌ အကျိုးပေးတတ်၏-ဟု မဟာကမ္မဝိဘင်္ဂသုတ်- တွင် ဘုရားရှင်ဟောကြားတော်မူခဲ့သည်။ မျက်မှောက်ဘဝ၌ အကျိုးပေးသောကံကို ဒိဋ္ဌဓမ္မဝေဒနီယကံ-ဟူ၍၄င်း၊ ဒုတိယဘဝ၌ အကျိုးပေးသော ကံကို ဥပပဇ္ဇဝေဒနီယကံ-ဟူ၍၄င်း။ တတိယဘဝစသည့် အခွင့်သာသည့် ဘဝတခုခု၌ အကျိုးပေးသောကံကို အပရာပရိယဝေဒနီယကံ-ဟူ၍ ၄င်း ခေါ်ဆိုထားသည်။

ဒိဋ္ဌဓမ္မဝေဒနီယကံသည် မျက်မှောက်ဘဝ၌ အကျိုးပေးခွင့် မရသော် မည်သည့်အခါမျှ အကျိုးမပေးတော့ဘဲ မြုံ-သည့်သဘောသို့ ဆိုက်ရောက်သွားလေတော့သည်။
ထို့အတူ ဥပပဇ္ဇဝေဒနီယ နှင့် အပရာပရိယ ဝေဒနီယ-ကံတို့သည်လည်း မိမိတို့ အကျိုးပေးခွင့်ရှိသော အချိန်တွင် အကျိုးမပေးနိုင် ခဲ့သော် မြုံ-သည့်သဘောသို့ပင် ဆိုက်ရောက်သွားကြလေသည်။ ယင်းသို့ အကျိုးမပေးနိုင်တော့သည့် ကံကို အဟောသိကံ (ကံဖြစ်၍မျှ ဟူသော သဘောမျှသာ ရှိသောကံ)ဟု ခေါ်ဆိုကြသည်။

ဤသို့ဖြင့် ဗုဒ္ဓ၏ ကမ္မနိယာမ-သဘောသည် ဗီဇနိယာမ သဘောနှင့် များစွာ တူညီနေသည်။ အပြစ်အနာကင်း၍ အောင်မြင်သော မျိုးစေ့မှန်သမျှသည် အပင်ပေါက်စေနိုင်သော စွမ်းအင်ရှိ၏။ သို့ရာတွင် ယင်းမျိုးစေ့တို့သည် သင့်လျော်သော ရေ၊ မြေ၊ ဥတု စသည့် အခြေအနေကို ရမှသာလျှင် အပင်ပေါက်စေနိုင်သည်။ ဤသို့မဟုတ်က မျိုးစေ့မှ အပင် ဖြစ်မလာနိုင်တော့ပေ။ အောင်မြင်သောမျိုးစေ့ဖြစ်စေကာမူ ရေပူ၊ မီးပူ စသည့် ဆန့်ကျင်ဘက် တခုခု၏ ဖျက်ဆီးခြင်းကို ခံရပါက ယင်းမျိုးစေ့တို့သည် အပင်ပေါက်နိုင်စွမ်း မရှိကြတော့ပေ။

ထို့ကြောင့် မျိုးစေ့ဟူသမျှတိုင်းမှ အပင်ဖြစ်မလာနိုင်ပေ။ အလားတူပင် ကုသိုလ်ကံ အကုသိုလ်ကံတို့ ပေးစွမ်းနိုင်သော စွမ်းအင်သတ္တိ ရှိစေကာမူ ကံအားလုံးမှ အကျိုးတရား ပေါ်မလာနိုင်ပေ။ အချို့သောကံတို့သည် အကျိုးဖြစ်ထွန်းနိုင်သည့် အခြေအနေကို မရသောကြောင့်၎င်း၊ အချို့သောကံတို့သည် အားကြီးသောဆန့်ကျင်ဘက်ကံတို့၏ တားဆီးခြင်းခံရသော ကြောင့်၎င်း၊ အကျိုးပေးခွင့်မရှိတော့ဘဲ အဟောသိကံ-ဖြစ်သွားကြတော့သည်။

ဥပမာ-အင်္ဂုလိမာလသည် လူပေါင်းများစွာကို သတ်ဖြတ်ခြင်းဖြင့် အကုသိုလ်ကံကို ကျူးလွန်ထားခဲ့၏။ သို့သော် ဗုဒ္ဓမြတ်စွာနဲ့ တွေ့ဆုံရပြီး ဗုဒ္ဓ၏ အဆုံးအမ၌တည်ကာ တရားအားထုတ်သောအခါ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအခါ ကျူးလွန်ထားသော အကုသိုလ်ကံတို့သည် တမလွန်ဘဝများစွာ၌ မကောင်းကျိုးကို ပေးခွင့်မရှိတော့ပေ။ အကြောင်းမူကား အားကြီးသော ကုသိုလ်ကံက အကုသိုလ်ကံကို တားဆီးနိုင်ခဲ့သောကြောင့် ဖြစ်သည်။

အချို့သောသူတို့သည် ထက်မြက်သော ဉာဏ်စွမ်းဉာဏ်စရှိ၍ လုံ့လနှင့်လည်း ပြည့်စုံကြ၏။ သို့ရာတွင် ပညာကို ထွန်းထွန်းပေါက်ပေါက် သင်နိုင်သည့်နေရာဒေသ၌ မနေရ၊ မနေနိုင်ကြသဖြင့် ပညာရှင်များ မဖြစ်နိုင်ပေ။ ပညာရှင်အဖြစ်မှ တဖန် ကြီးပွားတိုးတက်သော အခြေအနေသို့လည်း ရောက်မလာတော့ပေ။ အချို့သောသူတို့မှာမူ ခရီးလမ်းပန်း အဆက်အသွယ် ခက်ခဲနေသည့်နေရာ၌ မွေးဖွားခဲ့စေကာမူ အတတ်ပညာ သို့မဟုတ် စီးပွားဥစ္စာ ရှာမှီးနိုင်သည့် နေရာဒေသသို့ရောက်အောင် ကူညီပို့ဆောင်ပေးမည့်သူများ ရှိသဖြင့် ပညာသင်ယူခွင့်၊ ဥစ္စာရှာယူခွင့် ရရှိကာ ကြီးပွားနေကြသည်။ ဤသည်မှာ အကျိုးပေးနိုင်သည့် အခြေအနေကို ရခြင်း၊ မရခြင်းတို့ကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကုသိုလ်ကံ အကုသိုလ်ကံတို့သည် မျိုးစေ့များကဲ့သို့ အချို့သောအကျိုးပေးခွင့် ရရှိပြီး အချို့မှာ အကျိုးပေးခွင့် မရရှိဘဲ အဟောသိကံ-အဖြစ်သို့ ရောက်သွားကြလေ တော့သည်။

ဤသို့ဖြင့် ကမ္မဝါဒ၏ အခြေခံဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ သဘောကို နားလည်လက်ခံခြင်း၊ မိမိပြုလုပ်သော ကုသိုလ်ကံနှင့်အကုသိုလ်ကံတို့သည်သာ မိမိ၏ ချမ်းသာခြင်း၊ ဆင်းရဲခြင်းကို ဖန်တီးပေးနိုင်သည်ဟု သိမြင် နားလည်ခြင်းကို ကမ္မဿကတာဉာဏ် (ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်သည်ဟူသော အသိ) ဟုခေါ်သည်။ ကမ္မဿကတာဉာဏ်သည် သမ္မာဒိဋ္ဌိ (မှန်ကန်သော အယူ)၏ အခြေခံဖြစ်သည်။ ထို့ကြောင့်ယင်းကို ပိုင်နိုင်စွာ သိမြင် လက်ခံထားသူတို့သည် နတ်ကိုးကွယ်ခြင်း၊ ဖန်ဆင်းရှင် ဣဿရကို ယုံကြည်အားထားခြင်း စသည်တို့ကို မပြုတော့ဘဲ မိမိကိုယ်ကိုသာ အားကိုးလေ့ရှိကြ သည်။ လက်ရှိဘဝ၌ အသိပညာ တိုးတက်မှု၊ ကြီးပွားချမ်းသာမှု၊ ကျန်းမာမှု စသည်တို့ကို ရရှိအောင် ကြိုးပမ်းအားထုတ်ကြသကဲ့သို့ အများ၏အကျိုးကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်တတ်ကြသည်။

ထို့ကြောင့် လူတိုင်း ဒါနအမှု၊ သီလအမှု၊ ဘာဝနာအမှုတို့ကို ကြိုးစားလုပ်ဆောင်ကြပြီး မကောင်းမှုမှန်သမျှကိုလည်း ရှောင်သင့်ကြ ပေသည်။ တပါးသူကို ပျက်စီးစေလိုမှု (ဗျာပါဒ)၊ သူတပါး၏ပစ္စည်းကို မတရားလိုချင် တပ်မက်မှု (အဘိဇ္ဈာ)၊ အခြားသူ ကြီးပွားတိုးတက်နေသည်ကို မနာလိုမှု (ဣဿာ) စသည်တို့ကို မမွေးမြူဘဲ သတ္တဝါအားလုံးအပေါ်၌ ဗြဟ္မဝိဟာရတရား(၄)ပါးကို အစဉ်ပွားများသင့်ကြပေသည်။ ဤသို့ကောင်းသောစိတ်ဖြင့် ကောင်းသောအလုပ်ကို လုပ်ကြမည်ဆိုလျှင် ကောင်းသောအကျိုးကို ရရှိခံစားနိုင်သည်ဟူသော အချက်မှာ ဗုဒ္ဓဟောကြားတော်မူခဲ့သော ကမ္မဝါဒ-၏ အဓိကအခြေခံဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပေသတည်း။

ထွန်းညို (စကု)
(မြဝတီမဂ္ဂဇင်း ၁၉၉၉-ခုနှစ် ဧပြီလ)

အသိကလေးကပ်၍

ကြေးစည်သံချို၊ သတိကိုလှုပ်နှိုး
မေတ္တာမိုးရွာ နံနက်ခါ။

ဆည်းလည်းသံချို၊ စိတ်ကို လှုပ်နှိုး
သဒ္ဒါမိုးရွာ နေ့လယ်ခါ။

ခေါင်းလောင်းသံချို၊ ရင်ကိုလှုပ်နှိုး
ပီတိမိုးရွာ ညနေခါ။

ဘုရားအရိပ်၊ တရားရိပ်မှာ
တနေ့တာလုံး၊ ကျိုးရှိသုံး၍
နှလုံးမွေ့လျော်၊ သိစိတ်ဖော်
လူဖြစ်တော်စွ၊ တခဏ။

ဘဝချိန်တို၊ နေမညိုမီ
ကိုယ်စီရိက္ခာ၊ အပြည့်ပါအောင်
အခါမလပ်၊ အသိကပ်
အမြတ်ယူနိုင်ကြစိမ့်လေး။

ကြည်အောင် (အင်္ဂပူ)

သီလ

( သီလ စင်ကြယ်ခြင်း၏ ကောင်းကျိုး)
သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ စင်ကြယ်ငြားမူ
စီးပွားတိုးလျက်၊ နာမည်တက်၍၊
ရွံ့ရှက်ကြောက်ကင်း၊ ပွဲလယ်ချဉ်း၏။
သေခြင်းဆိုက်လတ်၊ သတိကပ်လျက်၊
ရောက်ရနတ်ဝယ်၊ ဤငါးသွယ်၊
ရဖွယ်ကောင်းကျိုးတည်း။

(သီလပျက်စီးခြင်း၏ ဆိုးကျိုးများ)
သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ ပျက်စီးငြားမူ-
စီးပွားလည်းပျက်၊ နာမည်ပျက်၍၊
ရွံ့ရှက်ကြောက်လျင်း၊ ပွဲလယ်ချဉ်း၏၊
သေခြင်းဆိုက်လတ်၊ သတိလွတ်လျက်၊
ရောက်လတ်ဒုဂ္ဂတိ၊ဆင်းရဲဖိသည်၊
ရ၏ ဆိုးကျိုးများစွာတည်း။

အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ

Saturday, September 18, 2010

မြင့်မိုရ်တောင်

(မြင့်မိုရ်တောင်)
စကြဝဠာ အလယ်ဗဟို ယူဇနာ တသိန်းခြောင်သောင်း ရှစ်ထောင်-မြင့်သောမြင့်မိုရ်တောင်သည် တည်ရှိနေ၏။ ယူဇနာ ရှစ်သောင်း လေးထောင်သည် သမုဒ္ဒရာရေတွင် နစ်မြှုပ်နေ၏။ အထက်ပိုင်း မြင့်တက်နေသော အတိုင်းအတာမှာ ယူဇနာ ရှစ်သောင်း လေးထောက်-ရှိ၏။ ထို့ကြောင့် ရှစ်သောင်း လေးထောင်-အမြင့်ဆောင်သော မြင်းမိုရ်တောင်ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။

ထိုမြင့်မိုရ်တောင်ကြီး၏ ပတ်ဝန်းကျင်၌ သီတာခေါ် မြစ်တစင်းက တံတိုင်းခတ်သလို ပတ်ရံလျက် ရှိနေလေ၏။ ထိုသီတာ၏ပြင်ဘက် ယုဂန္ဓိုရ်တောင် တည်ရှိသည်။
အမြင့်မှာ မြင်းမိုရ်တောင်၏ တဝက်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့ တဝက်ဝင်နေသည်။ ထိုယုဂန္ဓိုရ်တောင် ပြင်ဘက် သီတာမြစ်ခြား၍ ဣသိန္ဓိုရ်တောင် တည်ပြန်၏။ ပြင်ဘက်တွင် သီတာမြစ် ခြားပြန်၏။

ဤနည်းအတိုင်း မြင့်မိုရ်တောင်ကို သီတာ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြသည်။
ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြာဝဠာတံတိုင်းအထိ တည်ရှိလေသည်။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင့်မိုရ်တောင်အရှေ့ဘက်၌ အရှေ့ကျွန်း၊ ထို့အတူ တောင်၊ နောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ်ကြသည်။

(နတ်ပြည်)
နတ်ပြည်၊ ဗြဟ္မာ့ပြည် ပေါ်ထွန်းလာပုံမှာ ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။
နေလ၊ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်၌ ပါဝင်သော ဘုံဗိမာန်များဟု ဆိုသည်။
မြင်းမိုရ်တောင်ထိပ်ပေါ်၌ တာဝတိံသာ နတ်ပြည်တည်ရှိ၏။ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ တည်ရှိလေသည်။ ဗြဟ္မာဘုံများလည်း ထို့အတူပင်ဖြစ်၏။

(မြင့်မိုရ်တောင်၏ ပုံသဏ္ဌာန်)
မြင့်မိုရ်တောင်သည် အလယ်ပူ၍ အထက်ရှူးနေသော မရိုးစည်လုံးသဏ္ဌာန် ရှိလေသည်။ တောင်ခါးပန်းစွန်း ဆင်ဝင်အဆင့် ငါးဆင့်ရှိကုန်၏။ ၄င်းကို အာလိန်ငါးဆင့်ဟု ခေါ်ဆို၏။ ပထမအာလိန်သည် ရေ၏အထက် ပေါ်နေရကား ထိုနေရာတွင် နဂါးမင်းနှင့် မြွေမျိုးတို့နေကြ၏။

ဒုတိယအာလိန်အဆင့်ကား လက်ပံတောကြီး၌ ဂဠုန်မင်းတို့ နေကြကုန်၏။
တတိယအာလိန်အဆင့်ကား ကုမ္ဘဏ်တို့ နေကြကုန်၏။
စတုတ္ထအာလိန်အဆင့်ကား ဘီလူးရက္ခိုသ်တို့ နေကြကုန်၏။
ပဉ္စမအာလိန်အဆင့်ကား မြင့်မိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ ထိပ်နှင့် ညီမျှ၍ ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ အမည်ရှိသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ဖြစ်၏။

မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ဓတရဋ္ဌနတ်မင်း။
တောင်ဘက်မျက်နှာ ဝိရူဠကနတ်မင်း။
အနောက်မျက်နှာ ဝိရူပက္ခနတ်မင်း။
မြောက်မျက်နှာ ကုဝေရနတ်မင်းများ နေကြကုန်၏။

မြင်းမိုရ်တောင်၏ အရောင်အဆင်းမှာ-
အရှေ့မျက်နှာ ငွေရောင်။
အနောက်မျက်နှာ ဖန်ရောင်။
တောင်မျက်နှာ ဣန္ဒနီလာ မြရောင်။
မြောက်မျက်နှာ ရွှေရောင် ဖြစ်၏။

(အသုရာပြည်)
မြင့်မိုရ် သတ္တရဗ္ဘန်တောင်အတွင်း၌ အပေါက်လိုဏ်ခေါင်း ယူဇနာ နှစ်သောင်း အကျယ်အပြော ရှိ၏။
မြင့်မိုရ်တောင်မင်း၏အောက်၌ ခုံလောက်သုံးခု ခံလျက်ရှိ၏။
ခုံလောက်တခုသည် တခဲနက် နီရဲသော ပတ္တမြားကျောက်ဖြင့် ပြီး၏။
အခြားတခုမှာ နီလာကျောက်ပြားခဲကဲ့သို့ ရှိ၏။
အခြားတခုမှာ မြရောင်စိမ်းစိမ်းရှိလျက် ထွန်းလင်းတောက်ပ၏။
မြင့်မိုရ်တောင်အောက် မြခုံလောက်အကြား၌ အသုရာပြည် ရှိလေ၏။

ဦးဘသော် (ကသာ)
ကျမ်းကိုး။ ။
အရှင်ဇနကာဘိဝံသ-ရေး ကိုယ်ကျင့်အဘိဓမ္မာကျမ်း။
အရှင်သြဘာသာဘိယံသ ပြုစုသော သုတေသနသရုပ်ပြ အဘိဓာန်။
စစ်ကဲတော်ကြီး ဦးရွှေနော် စီရင်သော အာဒိကပ္ပ ကမ္ဘာဦးကျမ်း။

(ငွေတာရီမဂ္ဂဇင် ၂၀၀၀-ပြည့်နှစ် အောက်တိုဘာလ)

အကြွေး

သင်္ဃဿမည်၊ နဂိုလ်ပြည်သို့
ရောင်ခြည်ဖြာဝင်း၊ လူ့ပြည့်ဆင်းသည့်
လူမင်းစောလှ၊ မြတ်ဗုဒ္ဓကို
မျှော်တပြောင်းညွှတ်၊ ဝါလကျွတ်လျှင်
ဦးညွှတ်ဆင်နွှဲ ဆီမီးပွဲ။

တုသိတာရှိ၊ ရှင့် အမိကို
တင်ဘိနို့ကြွေး၊ ဆပ်ရန်တွေး၍
လေးလ ဝါတွင်း၊ တရားခင်း၍
အချင်းကျယ်ဝန်း၊ မြတ်ပဋ္ဌာန်းနှင့်
လန်းဆန်းဟောညွှန်၊ ဆုံးမသွန်လည်း
ကျွံသည့်နို့ ကျိုး၊ တစ်လုံးဖိုးသာ
မြတ်နိုးဆပ်ရာ၊ ကျေခဲ့စွာဟု
စာမှာမြင်ရ သံဝေဂ။

အမိကျေးဇူး၊ တင်ခဲ့ဖူးကို
ဦးချပြောင်းညွှတ်၊ ဝါလကျွတ်တွင်
ကောင်းမွတ်ပြည့်လုံ၊ မုန့်မျိုးစုံနှင့်
ခိုလှုံပေးလှာ၊ ငါဆပ်ပါလည်း
မေတ္တာကြွေးခက်၊ နို့တစက်ပင်
ကျေပျက်မရှိ၊ ငါတွေးမိသော်
သတိစိတ်မှာ တွေးထိတ်လာ
အမိရိပ်ဆာ ဘေးပိတ်ကွာ။

တိုက်စည် (မအူပင်)

Friday, September 17, 2010

ဗုဒ္ဓသာသနာနှင့် ရှင်ဥပဂုတ္တ မဟာထေရ်

( မြန်မာနိုင်ငံနှင့် ရှင်ဥပဂုတ် ကိုးကွယ်ပူဇော်မှုဓလေ့ )

သီတင်းဝါလကျွတ်၍ မိုးလေဝသရှင်းသော ကာလများတွင် ဧရာဝတီ၊ စစ်တောင်း၊ စသည့် မြစ်ရိုးတလျှောက် အခြားချောင်းများ မြစ်လက်တက်များတွင် ညဘက်၌ မီးကလေးတလက်လက်ဖြင့် စုန်မျောလာကြသော ရှင်ဥပဂုတ်ဖောင်တော်များကို မကြာခဏ တွေ့ဖူးကြပါလိမ့်မည်။ ထိုဖောင်တော်များကို မြစ်ရိုးတလျှောက် မြို့များ၊ ရွာများမှ ဆယ်ယူပူဇော်ပြီး ပွဲလမ်းသဘင်များဖြင့် ခမ်းခမ်းနားနား ပူဇော်ကြသည်ကိုလည်း တွေ့ဖူးကြပါလိမ့်မည်။ ဧရာဝတီမြစ်၏ အထက်အညာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ ကျောက်မြောင်း၊ စစ်ကိုင်း စသော မြို့ကြီး၊ မြို့ငယ်များသည် ရှင်ဥပဂုတ်ပွဲတော်ကို တခမ်းတနား ပြုလုပ်လေ့ ရှိကြပြီး စစ်တောင်းမြစ်တွင် ရွှေကျင်မြို့၏ မီးမျှောပွဲသည် မြန်မာပြည်တွင် ကျော်ကြားလှပါသည်။

အချို့ မြစ်ချောင်းမရှိသော မြို့-ရွာများကလည်း ရေကန်ငယ်တွင် လှပဆန်းကြယ်သော ရှင်ဥပဂုတ် ဖောင်တော်-ကို ပြုလျက် အထူးထူးသော ပူဇော်မှုတို့ဖြင့် ပူဇော်လေ့ရှိကြပါသည်။ ဘုရားဝင်း ကျောင်းဝင်းများတွင်လည်း ရှင်ဥဂုတ် ရဟန္တာအရှင်သူမြတ်၏ ရေကန်ငယ်ဖြင့် တည်ထားအပ်သော ဖော်တော်ကို တွေ့မြင်နိုင်ကြပါသည်။ အချို့ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ် ဘုရားစင် များတွင်လည်း ကြေးလင်ပန်းအောက်ခံ ရေဖြည့်လျက် ကြေးပြာသာဒ်ဖြင့် အရှင်မြတ်၏ရုပ်တုတော် ကိုးကွယ်မှု ရှိကြပါသည်။

ဤဓလေ့များတွင် မှန်ကန်ချက်များမှာ စံနေတော်မူသည့် ကြေးပြာသာဒ်-နှင့် အရှင်သူမြတ်၏ နေကိုမော့ကြည့်-ဟန်များပင် ဖြစ်ပါသည်။ ဤသည်မှာ စာပေကျမ်းဂန်များမှ သိရှိရသော ရှင်ဥပဂုတ်ရဟန္တာ အရှင်သူမြတ်၏ အတ္ထုပ္ပတ္တိဖြစ်စဉ်များအရ တည်ထားကြခြင်းဖြစ်ပေရာ ရှင်ဥပဂုတ္တမထေရ်မြတ်သည် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်ဖြင့် တပါးတည်း သီတင်းသုံး နေတော်မူသော အသက်ထင်ရှား ရဟန္တာမြတ်ကြီး ဖြစ်သည်-ဟူသော ယုံကြည်မှုပင် ဖြစ်ပါသည်။

(အရှင်သူမြတ်၏ သာသနာဆိုင်ရာ စွမ်းဆောင်ချက်များ)
ဘုရားသားတော်၊ ရဟန်းတော်များသည် တပါးတည်းစံနေခြင်း။ ရဟန်းများနှင့်အတူ ဥပုသ်ပြုခြင်းမှ ပျက်ကွက်ခြင်းရှိလျှင် အပြစ်အာပတ်သင့်၏။ ရှင်ဥပဂုတ်သည်လည်း ဤအပြစ်အာပတ်၏ဒဏ်ကို ထမ်းဆောင်သောအားဖြင့် ထေရ်ကြီးဝါကြီး၊ ရဟန်းတော်ကြီးများမှပေးသော တာဝန်တရပ်ကို ထမ်းဆောင်ရပေရာ ထိုအဖြစ်အပျက်သည် သာသနာ့သမိုင်းတွင် ထင်ရှားစွာ တွင်ရစ်ခဲ့ပေသည်။

(မာရ်နတ်အား အရှင်သူမြတ် ဆုံးမတော်မူခြင်း)
သီရိဓမ္မာသောကမင်းကြီး၏ စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ အလှူတော်တို့မှာလည်း သာသနာ့သမိုင်းတွင် ထင်ရှားလှပေရာ မြန်မာနိုင်ငံအတွင်း၌လည်း ထိုစေတီ၊ ရေတွင်း၊ ရေကန်တို့ ယခုထိ အထင်အရှား ရှိပေသေးသည်။ မင်းတရားကြီး၏ သာသနာပြုလုပ်ငန်းများ၊ ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွှတ်ခြင်းများသည် မျက်မှောက်ကာလသို့ သာသနာတော်ကို ထိန်းသိမ်းသယ်ပိုးလာကြခြင်းပင် ဖြစ်ပါသည်။ မင်းကြီး၏ အသောကာရာမ ကျောင်းတော်ကြီးနှင့် မဟာစေတီမှာလည်း ကျော်ကြားထင်ရှားလှပါသည်။ ထိုအစုစုသော ကောင်းမှုတို့အား အနုမောဒနာပွဲကြီးတွင် မာရ်နတ်၏ အဖျက်အဆီးလုပ်ရပ် အန္တရာယ်များမှ ကင်းဝေးစေရန်အတွက် ရှင်ဥပဂုတ် မဟာထေရ်အား တားဆီးပေးပါရန် တာဝန်ပေးခြင်း ခံရပါသည်။

အနုမောဒနာပွဲမှ ဆီမီးတသိန်းပူဇော်ရာ မာရ်နတ်မင်းက လေပြင်းတိုက်၍၄င်း၊ သဲမိုး၊ ကျောက်စစ်မိုး၊ ကျောက်ဖျာမိုး၊ မီးကျီးမိုး စသည်တို့ဖြင့် အဖျက်အန္တရာယ်ပြုရာ ရှင်ဥပဂုတ်အရှင်မြတ်က အဓိဋ္ဌာန်တန်ခိုးဖြင့် အနုမောဒနာပွဲကြီးကို စိုးစဉ်းမျှ အထိအခိုက်မရှိစေဘဲ စကြဝဠာတံတိုင်းအပသို့ စွန့်ပစ်လေသည်။

ထိုအခါ မာရ်နတ်သည် မိမိလုပ်ရပ်များ မအောင်မြင်ခြင်းကို အမျက်မာန်ပွားလျက် နွားလားဥသဘဟန်၊ ဦးခေါင်းခုနစ်လုံးပါ နဂါးကြီးဟန်၊ ဘီလူးဟန် စသည်စသည် ဖန်ဆင်းလျက် ရန်ပြုပြန်ရာ ရှင်ဥပဂုတ်မထေရ်မြတ်ကြီးက ကျားအသွင်၊ ဂဠုန်အသွင်၊ နှစ်ဆမျှကြီးသော ဘီလူးကြီးအသွင်တို့ဖြင့် မာရ်နတ်အား ကြီးစွာသောလက်နက်တို့ဖြင့် ဆုံးမလေ၏။

မာရ်နတ်လည်း ကြောက်ရွံ့လှသဖြင့် တင့်တယ်သော လူအသွင်ဖြင့် ရှင်ဥပဂုတ်အရှင်မြတ်ရှေ့တွင် ရပ်လာလေသည်။ အရှင်သူမြတ်လည်း ဤမာရ်နတ် နောင်ကြဉ်စေအံ့-ဟု ပိုးလောက်တို့အတိပြီးသော ခွေးသေကောင်ပုပ်တကောင်ကို မာရ်နတ်၏ လည်တွင် ဆွဲပေးလိုက်တော့သည်။

အခံခက်လှသော မာရ်နတ်လည်း တွေ့မြင်သမျှ နတ်ဗြဟ္မာတို့အား ဖယ်ချွတ်ပေးပါမည့်အကြောင်း တောင်းပန်းတိုးလျှိုး ပေတော့၏။ မည်သူတစုံတယောက်မှ ဖယ်ချွတ်ပေးခြင်း မတတ်နိုင်ရှိသောအခါမှ ရှင်ဥပဂုတ် အရှင်သူမြတ်ကိုယ်တိုင်အား တိုးလျှိုးရလေတော့၏။ အရှင်သူမြတ်ကလည်း သီရိဓမ္မာသောကမင်းကြီး၏ ကုသိုလ်တော် အနုမောဒနာပွဲအား မနှောင့်ယှက်ရန် ဆိုဆုံးမလျက် ခွေးသေကောင်ပုပ်ကို တန်ခိုးတော်ဖြင့် ဖယ်ချွတ်ပေးပြီး တောင်ခါးပန်းတခုတွင် ခါးပန်းကြိုးဖြင့် ချည်နှောင်၍ ကုသိုလ်တော်ပွဲ အခိုက်အတန့်ကို ငြိမ်းအေးစေခြင်းငှါ ဒဏ်ခတ်ထိန်းသိမ်းထားလိုက်ရပေသည်။ အနုမောဒနာပွဲကြီးပြီးမှသာ ချမ်းသာခွင့်ပေးလိုက်ပါတော့သည်။

ယခုမျက်မှောက်ကာလအထိ အလှူအတန်းတွင် တခုခုဖြစ်လျှင် မိုးလေဒဏ်မှ ကင်းစေခြင်းငှါ ဘုရားပွဲတွင် အုန်း၊ ငှက်ပျော၊ တံခွန်၊ ကုက္ကား၊ မုလေးပွား-စသည့် ပန်းမန်အမွှေးတိုင်တို့ဖြင့် ရှင်ဥပဂုတ်ပွဲပြုလျက် အရှင်မြတ်အား ပူဇော်ပြီး မာရ်နတ်၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးပါရန် ဆုတောင်းကြသည့် အစဉ်အလာ ရှင်သန်လျက်ရှိပါသည်။

(ဂေါတမဗုဒ္ဓ၏ ဗျာဒိတ်)
ဘုရားရှင်လက်ထက်တော်က ဆွမ်းခံကြွလာသော ဘုရားရှင်အား ပီယဒဿီ-အမည်ရှိ သူဌေးသားသူငယ်က ကြည်ညိုသဒ္ဓါ လှသဖြင့် (မိမိတို့ကစားနေသော နေရာတွင် အခြားလှူဖွယ်ပစ္စည်းလည်း တစုံတရာ မရှိသဖြင့်) ကစားနေသော မြေမှုန့်များကိုသာ အမွန်အမြတ်ပြုကာ ရိုရိုသေသေ လောင်းလှူလိုက်လေ၏။ ထိုသဒ္ဓါတရား အလှူကုသိုလ်အဟုန်၏ အကျိုးပေးကို သိမြင်တော်မူသော ဘုရားရှင်က သာသနာနှစ် ဤရွေ့ဤမျှအချိန်တွင် အသောကမင်းကြီး၏ အနုမောဒနာပွဲ၌ မာရ်နတ်၏ အန္တရာယ်ခပ်သိမ်းမှ တားဆီးကာ အသောကမင်းကြီး၏ သာသနာပြုခြင်းကို ကူညီထောက်ပံ့မည့် ဥပဂုတ္တမည်သော ရဟန္တာဖြစ်လတံ့-ဟု မိန့်ခဲ့ပါသည်။ ဤဗျာဒိတ်အရ မာရ်နတ်အား ဆုံးမနိုင်ခဲ့သော သာဓကသည် ယခုတိုင်ပင် ကုသိုလ်ပွဲများ၌ အရှင်မြတ်အား အားကိုးအားထားပြုလျက် ပူဇော်ကြခြင်း ဓလေ့များဖြင့် ထွန်းကားနေပေတော့သည်။

(ပူဇော်နည်းများ)
ရှင်ဥပဂုတ်ဖောင်တော် စတင် မျှောလွှတ်မည့်သူများက ရုပ်တုကို (လက်ယာလက်ဖြင့် ဆွမ်းသပိတ်ကိုနှိုက်လျက် မွမ်းယိန်း၊ မယိမ်း သိစိမ့်သောငှါ နေကို မော့ကြည့်ဟန်) ထုလုပ်ကြပါသည်။ သစ်သားဖြင့် ထုလုပ်သည်မှာ အစဉ်သဖြင့် ကိုးကွယ်ရန်ဖြစ်ပြီး မြစ်၊ ချောင်း၊ တလျှောက် မျှောလွှတ်ရာတွင် ရေ-မိုးကြောင့် အပျက်အစီး ကုန်ကျစရိတ် သက်သာရန် ရွှံ့ဖြင့်လည်း ထုလုပ်ကြပါသည်။ ရုပ်တုကို ပီပြင်စွာ ခြယ်မှုန်းခြင်း၊ သင်္ကန်း၊ သပိတ် အစစ်များဖြင့် ပူဇော်ခြင်းများအပြင် ပန်းမန်၊ ဆီမီး အမွှေးတိုင်၊ ရာဇမတ်၊ ကြံပင်၊ ငှက်ပျောပင်စိုက်ကာ ဝါးဖောင် ခိုင်ခံ့စွာဖြင့် ဝါဆိုဖယောင်းတိုင်ကြီးများ ထွန်းညှိကာ အချို့မှာ ကြာရှည်ခံရန် ရေနံဆီ ဆယ်ဝင်ပုံးကို မီးစာတပ် ထွန်းညှိပြီး ဆွမ်း၊ ရေချမ်း၊ သစ်သီးဆွမ်းများဖြင့် မျှောလွှတ်ပါသည်။ ရှင်ဥပဂုတ် မျှောခြင်းကိုပြုလျှင် အနေကဇာတင်ခြင်း၊ တရားပွဲများ ကျင်းပခြင်း၊ သံဃာတော်တို့အား ဆွမ်းကပ်ခြင်း၊ အချို့ ပွဲလမ်းသဘင်၊ အဆို အက၊ ဆိုင်း၊ စာဟော စသည်ဖြင့် ၃-၄ ရက်မျှ ပျော်ရွှင်စွာဖြင့် ဒါန၊ သီလ၊ ဘာဝနာမှုတို့ကို ပြုကြပါသည်။

မျှောလွှတ်သောအခါ နေ့ခင်းတွင် လှေပြိုင်ပွဲများဖြင့်၎င်း၊ တက်ခုတ်ယိမ်းများဖြင့်၎င်း၊ အိုးစည်ဒိုးပတ်၊ သံချပ်မြိုင်မြိုင်ဖြင့် အပြိုင်ဆင်နွှဲကြပြီး မိုးချုပ်စအခါတွင် ကြိုတင်ပြင်ဆင်ထားသော ဆီမီးတထောင်၊ ပန်းတထောင် စသည်တို့ကို ရေတွင်မျှောချကြပြီး နောက်ဆုံးတွင်မှ ရှင်ဥပဂုတ် ဖောင်တော်ကို မျှောလွှတ်ကြလေသည်။ တွေ့ရှိသော နောက်ရွာများ မြို့များက ဆယ်ယူပြီး ထပ်မံပူဇော်၍ ဆက်လက်မျှောချပြန်ပါသည်။ ဤသို့ဖြင့် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားတို့သည် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ် ဖြင့် စံတော်မူသော ရှင်ဥပဂုတ် ရဟန္တာအရှင်သူမြတ်ကြီးအား ပူဇော်လိုက်သည့် ဖောင်တော်သည် မြစ်များ၊ ချောင်းများ ခရီးအဆုံး သမုဒ္ဒရာသို့ ရောက်ရှိမည်ဟု မျှော်မှန်းသကဲ့သို့ စေတနာသဒ္ဓါတရား ကုသိုလ်ပြုမှု၏ ရည်မှန်းချက်မှာလည်း ဝဋ်ဆင်းရဲအပေါင်းမှ ကင်းလွတ်ရာ အမတခေါ် နိဗ္ဗာန်ရွှေပြည်သို့သာ ဖြစ်ပါကြောင်း စုဆောင်း တင်ပြအပ်ပါသည်။

ရွှေကူနန်းနွဲ့နွဲ့

ကိုးကားချက်များ
၁။ ရှင်ဥပဂုတ္တ ရဟန္တာပူဇော်နည်း။ ဓမ္မာစရိယ ဦးခင်မောင်လင်း (၁၉၇၇-ဇူလိုင်လ)
၂။ သာသနာ ၂၅၀၀-ခရီး။ (မောင်အံ့)
၃။ အသောကကျောက်စာ (ပါရဂူ)

(ငွေတာရီမဂ္ဂဇင်း ၂၀၀၀-ပြည့်နှစ် အောက်တိုဘာလ)

လက်ဖက်ရည်အဖန် သောက်ကြသူများ

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်အများဆုံး စိုက်ပျိုးသောနိုင်ငံဖြစ်ပြီး လက်ဖက်ရည် အသောက်ဆုံးနိုင်ငံလည်း ဖြစ်ပေသည်။ အိန္ဒိယနိုင်ငံသည် နှစ်စဉ် လက်ဖက်ခြောက် ကီလိုဂရမ် သန်းပေါင်း ၈၃၀-ထွက်ရှိသည့်အနက် ပြည်တွင်းလက်ဖက် ခြောက်ဈေးကွက်က ၇၅-ရာခိုင်နှုန်း ပြန်လည်သောက်သုံးလေသည်။

အိန္ဒိယနှင့်အပြိုင် လက်ဖက်ခြောက်စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတို့မှာ သီရိလင်္ကာ၊ ကင်ညာ၊ ဗီယက်နမ်၊ အင်ဒိုနီးယား၊ ဘင်္ဂလားဒေ့ရ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ဖြစ်ကြလေသည်။
ဤယှဉ်ပြိုင်ထုတ်လုပ်သည့် နိုင်ငံများထက် အရည်အသွေး ပိုမိုထက်မြက်စေရန် လက်ဖက်စိုက်ခြင်းကို ပြန်လည်ပြုပြင်ရန် လိုအပ်နေပြီဖြစ်လေသည်။ အိန္ဒိယ လက်ဖက်စိုက်ခင်းများရှိ လက်ဖက်ပင်တို့၏ ၄၈-ရာခိုင်နှုန်းသည် သက်တမ်းအားဖြင့် ၅၀-ကျော် ရှိနေကြပြီဖြစ်သည်။ လက်ဖက်ပင်ပျိုများ အစားထိုးရန် လိုအပ်နေပေပြီ။ ထုတ်လုပ်အားနှင့် အရည်အသွေးကောင်းရရန်အတွက် အပင်သစ်၊ အပင်ပျိုးများကို အပင်အိုများနေရာတွင် အစားထိုးရန် လိုအပ်ပြီဖြစ်လေသည်။

အိန္ဒိယနိုင်ငံကို ဗြိတိသျှများ အုပ်စိုးခဲ့စဉ်ကပင် လက်ဖက်စိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့လေသည်။ တက်တလေအုပ်စု (Tetley Group) မှ လက်ဖက်ခြောက်လုပ်ငန်းကို လုပ်ကိုင်ရာတွင် လက်ဖက်ခင်း တည်ထောင်စိုက်ပျိုးခြင်း မဟုတ်ဘဲ လက်ဖက်ခင်းပြုလုပ်သူ၊ လက်ဖက်ခြောက်ထုတ်လုပ်သူတို့ထံမှ လက်ဖက်ခြောက်တို့ကို ဝယ်ယူကာ ပြုပြင်၍ ကမ္ဘာ့လက်ဖက်ခြောက် ဈေးကွက်သို့ဝင်အောင် ဖြန့်ဖြူးရောင်းချဖြင်းဖြစ်လေသည်။ ထို့ကြောင့် တက်တလေ လက်ဖက်ခြောက် ကုမ္ပဏီတွင် ကိုယ်ပိုင်လက်ဖက်ခြံ၊ လက်ဖက်စိုက်ခင်းဟူ၍ မရှိချေ၊ တက်တလေကုမ္ပဏီ၏ ပိုင်ရှင်မှာလည်း နိုင်ငံခြားသားများ ဖြစ်သည့် ဗြိတိသျှပိုင်ကုမ္ပဏီ ဖြစ်လေသည်။

အိန္ဒိယနိုင်ငံသားများ လုပ်ကိုင်သည့် တာတာတီးလက်ဖက်ခြောက် ကုမ္ပဏီ (Tata tea) ကမူ ကိုယ်ပိုင်လက်ဖက်စိုက်ခင်းများ ရှိသည်။ လက်ဖက်ခြောက် ခူးခြင်း၊ နေလှန်းခြင်း၊ ပေါင်းတင်ခြင်း စသည်တို့ကိုပါ လုပ်ကိုင်လေသည်။ တာတာတီး လက်ဖက်ခြောက်ကုမ္ပဏီပိုင် လက်ဖက်စိုက်ခင်းပေါင်း ၅၄-ခုရှိလေသည်။

လက်ဖက်ရည်အဖန် သောက်ကြသူချင်း မတူကြချေ။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နေသူတဦးအဖို့ လက်ဖက်ရည်သောက်လိုလျှင် တချိန်သောကာလက ဗြိတိန်နိုင်ငံ၏ လက်အောက်ကျရောက်ခဲ့သော နိုင်ငံများ၌ လက်ဖက်ခြောက် လုပ်ကိုင်တင်ပို့မှုမှ တဆင့် ကုန်တိုက်ကြီးများ၌ ဝယ်ယူသောက်သုံးကြရလေသည်။ လက်ဖက်ခြောက်ရည်ကျကျကို နို့ထည့်လိုလျှင် ထည့်မည်၊ သကြားခဲ ထည့်လိုလျှင် ထည့်မည်။

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လက်ဖက်ခြောက်ဝယ်ယူ၍ ပြည်တွင်းပြည်ပ ဖြန့်ဖြူးရာနေရာဖြစ်လေသည်။ ကာလကတ္တား မြို့နေ လူတဦးအဖို့ လက်ဖက်ခြောက်တင်ပို့သောနိုင်ငံဖြစ်၍ လက်ဖက်ခြောက်ကို လမ်းဘေးဆိုင်များ၌ပင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ပေသည်။

လက်ဖက်ခြောက်ကို ကျအောင်ပြုတ်ထားသည့် လက်ဖက်ရည်တွင် စမုန်စပါးထည့်သည့်အခါ ထည့်မည်။ ချင်းတက်ကို ပါးပါးလှီး၍ အနံ့အရသာတမျိုး သက်ဝင်အောင် ရောစပ်သောက်သုံးလိုက သောက်သုံးမည်ဖြစ်လေသည်။
အိန္ဒိယနိုင်ငံသည် ဗြိတိသျှကိုလိုနီလေက်အောက်မှ လွတ်လပ်ရေးရလာသည်မှာ နှစ်ပေါင်း ၅၀-ကျော်ခဲ့ပြီဖြစ်လေသည်။ ဗြိတိသျှတို့၏ လက်ငုတ် လက်ဖက်ခြောက်လုပ်ငန်းဖြစ်သည့် တက်တလေကုမ္ပဏီကို အိန္ဒိယ တာတာတီး ကုမ္ပဏီက ဒေါ်လာ သန်း-၃၉၀-ကျော်ဖြင့် ဝယ်ယူသိမ်းသွင်းလိုက်ပြီ ဖြစ်ပေသည်။

တာတာတီးလက်ဖက်ခြောက် ကုမ္ပဏီက တက်တလေကုမ္ပဏီကိုပါ ဝယ်ယူသိမ်းသွင်းလိုက်နိုင်ပြီဖြစ်သဖြင့် ကမ္ဘာ့လက်ဖက်ခြောက် ဈေးကွက်တွင် ဈေးကစားနိုင်၊ ဈေးဖြတ်နိုင်သော အနေအထားသို့ ရောက်သွားပြီဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် တာတာတီးကုမ္ပဏီ၏ ဈေးကွက်သည် ပြည်တွင်းသောက်သုံးမှုကို အားထားသော ကုမ္ပဏီဖြစ်၏။

တက်တလေကုမ္ပဏီကမူ အဓိက လက်ဖက်ခြောက်ဈေးကွက်များအဖြစ် ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ နှင့် အမေရိကန် ပြည်ထောင်စုတို့၌ ဈေးကွင်ဝင် လူကြိုက်များပြီး အနေအထား၌ရှိနေ၏။ တက်တလေကုမ္ပဏီကို အလုံးစုံအပြီးတိုင် ဝယ်ယူပူးပေါင်းလိုက်သော်လည်း ကမ္ဘာ့ဈေးကွက်အတွက် တက်တလေကုမ္ပဏီက အသုံးပြုဆဲ အမှတ်တံဆိပ်များအတိုင်းပင် ဆက်လက်တပ်ဆင်ထုတ်လုပ်မည် ဖြစ်ပေသည်။

တာတာတီးလက်ဖက်ခြောက် ကုမ္ပဏီက တက်တလေ လက်ဖက်ခြောက် တင်ပို့ရေးကုမ္ပဏီကို ယခုမှ ဝယ်ယူပူးပေါင်းလိုက်သော် လည်း ဤကုမ္ပဏီနှစ်ခုသည် ရင်ချင်းဆက် အမြွှာကဲ့သို့ ဖြစ်နေလေသည်။
အထက်တွင် တင်ပြသည့်အတိုင်း တက်တလေကုမ္ပဏီသည် လက်ဖက်ခြောက် ပြည်ပသို့တင်ပို့သော ကုမ္ပဏီဖြစ်၍ လက်ဖက်စိုက်ခြင်းဟူ၍ မရှိချေ။ ထို့ကြောင့်ပင် နှစ်ပေါင်းများစွာကတည်းကပင် တာတာတီးကုမ္ပဏီ၏ လက်ဖက်စိုက်ခင်းများမှ လက်ဖက်စိုတို့ကို ဝယ်ယူကာ ပြန်လည်ပြုပြင်၍ ကမ္ဘာ့ဈေးကွက်သို့ ပို့ခဲ့ခြင်းဖြစ်လေသည်။

ယခင်က တက်တလေလက်ဖက်ခြောက် ကုမ္ပဏီတွင် ဥက္ကဋ္ဌဖြစ်ခဲ့ပြီး ယခု တာတာတီးလက်ဖက်ခြောက် ကုမ္ပဏီမှ ဝယ်ယူပူးပေါင်းပြီးသည့်နောက်တွင် ဒုတိယဥက္ကဋ္ဌဖြစ်လာသူ ကရစ်ရှနာကူမာ-က ယခုအခါတွင် လက်ဖက်ခြောက် ကမ္ဘာ့ဈေးကွက်တွင် အရှေ့ဥရောပနိုင်ငံများ ဈေးကွက်နှင့် အရှေ့အလယ်ပိုင်းဒေသ ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း ပြောပြလေသည်။

လေလှိုင်း
ကျမ်းကိုး။ ။ Far Eastern Economic Peview, May 17, 2001.
A Partnership Brewing ကို ပြန်ဆိုပါသည်။
(မြဝတီမဂ္ဂဇင်း ၂၀၀၁-သြဂုတ်လ)

Thursday, September 16, 2010

ဆီးချိုရောဂါ

ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါသည်တဦးအတွက် ရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချသက်သာစေ နိုင်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာပညာရှင်များက လေ့လာစမ်းသပ်မှုတခုအပေါ် အခြေခံ၍ ထုတ်ဖော်ပြောဆိုခဲ့ကြပေသည်။

ကမ္ဘာပေါ်ရှိ လူဦးရေ ၁၃၅-သန်းတွင် ဆီးချိုရောဂါ ခံစားနေရကြောင်း WHO ၏ စစ်တမ်းအရ သိရှိကြရပေသည်။ WHO မှ ကျွမ်းကျင်သူများ၏ အဆိုအရ လာမည့်နှစ်ပေါင်း ၂၅-နှစ်တွင် ကမ္ဘာ့လူဦးရေ သန်း ၃၀၀-အထိ ၄င်းရောဂါကို ခံစားကြရမည်ဟု ဆိုသည်။ ရောဂါတိုးတက်ဖြစ်ပွားမှုနှုန်းသည် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍များမည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။

လူ၏ ခန္ဓာကိုယ်အတွင်း အင်ဆူလင် ဟော်မုန်းဓာတ်ကို ပြည့်ဝစွာ ရရှိအသုံးပြုနိုင်စွမ်း မရှိလျှင် ခန္ဓာကိုယ်သွေးဓာတ်အတွင်း ဂလူးကို့(စ်)ခေါ် သကြားဓာတ်ပါဝင်မှုနှုန်း မြင့်မားလာပြီး ဆီးချိုရောဂါကို ခံစားရပေမည်။
လူ၏ ခန္ဓာကိုယ်အတွင်းရှိ ပန်ကရိယ(စ်)သည် အင်ဆူလင်ဟော်မုန်းဓာတ်ကို ထုတ်လွှတ်ပေးသော အဓိကအစိတ်အပိုင်း ဖြစ်သည်။ ယင်းခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအတွင်းသို့ သကြားဓာတ်ပျော်ဝင်စေနိုင်ရေးအတွက် အင်ဆူလင်က ဆောင်ရွက်ပေးလေသည်။ ထို့ကြောင့် အင်ဆူလင်ဓာတ်မရှိလျှင် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအတွင်းသို့ သကြားများပျော်ဝင်နိုင်ခြင်း မရှိဘဲ သွေးထဲတွင် သကြားဓာတ်များပြားကာ ဆီးချိုရောဂါကို ခံစားကြရမည် ဖြစ်ပေသည်။ ဤရောဂါကြောင့် ခန္ဓာကိုယ်တွင်း သွေးကြောများပျက်စီးခြင်း၊ ကျောက်ကပ်၊ မျက်စိနှင့် နာဗ်ကြောများ ပျက်စီးဆုံးရှုံးသွားနိုင်ပြီး ခြေထောက်နှင့် ခြေချောင်းကလေးများသို့ သွေးစီးဆင်းမှုကိုပါ ရပ်တန့်စေနိုင်ပါသည်။ အထက်ပါ ရောဂါများသာမက နှလုံးရောဂါဖြစ်ပွားနိုင်မှု အလားအလာများကြောင်း လေ့လာစမ်းသပ်ချက်များအရ သိရှိရပေသည်။

ဆီးချိုရောဂါကို ၂-မျိုးခွဲခြား၍ လေ့လာတွေ့ရှိနိုင်သည်။ ပထမအမျိုးအစားမှာ JUVENILE ဆီးချိုရောဂါဟု ခေါ်ဆိုနိုင်ပြီး ကလေးနှင့်လူငယ်ပိုင်း အရွယ်များတွင် ဖြစ်ပွားလေ့ရှိပေသည်။ ဤအမျိုးအစားတွင် ပန်ကရိယ(စ်) အစိတ်အပိုင်းရှိ အင်ဆူလင်ထုတ်လုပ်သော ဆဲလ်များ ပျက်စီးမှုကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်သော အင်ဆူလင်ဓာတ် ထုတ်လုပ်နိုင်မှု မရှိသည်ကို တွေ့ရှိရပေမည်။ ဤရောဂါရှင်များအတွက် နေ့စဉ် သွေးထဲရှိသကြားဓာတ် ပါဝင်မှု နှုန်းကို စမ်းသပ်တိုင်းတာရန် လိုပြီး လိုအပ်သော အင်ဆူလင်ဓာတ်ကို ထိုးဆေးအနေဖြင့် ရယူကာ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပေသည်။

ဒုတိယအမျိုးအစား ဆီးချိုရောဂါမှာ အသက်အရွယ် ၃၀-အထက် လူကြီးများတွင် ဖြစ်ပွားတတ်သော လူကြီးဆီးချိုရောဂါ ဖြစ်ပေသည်။ ဤအမျိုးအစား ဆီးချိုရောဂါကို ကိုယ်လက်လှုပ်ရှား အားကစားဖြင့် လျှော့ချသက်သာစေနိုင်ကြောင်း သုတေသီများက ဆိုလိုကြောင်း ဖြစ်သည်။

ဆေးသိပ္ပံ သုတေသီများက အမျိုးသမီး ခုနစ်သောင်းကျော်အပေါ် လေ့လာစမ်းသပ်မှုများအပေါ်မှ ဤအချက်ကို ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ၄င်းတို့၏ လေ့လာတွေ့ရှိချက်မှာ တနေ့လျှင် တနာရီကျဖြင့် ၅-ကီလိုမီတာနှုန်း လမ်းလျှောက်ပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှု ၅၀-ရာခိုင်နှုန်း လျှော့ချသက်သာစေနိုင်ခြင်းပင် ဖြစ်ပေသည်။ ဤလေ့လာတွေ့ရှိ ချက်တွင် အခြားသော ကိုယ်လက်လှုပ်ရှား အားကစားနည်းများထက် လမ်းလျှောက်အားကစားနည်းက ဆီးချိုရောဂါရှင်များ အတွက် အသင့်တော်ဆုံးဟု သုတေသီများက ဆိုကြသည်။ ထိုကဲ့သို့ လမ်းလျှောက်ခြင်းဖြင့် လူ့ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချစေနိုင်ပြီး တဆက်တည်းမှာပင် ခန္ဓာကိုယ်မှ အင်ဆူလင်ဓာတ် ထုတ်လုပ်မှုကို သမမျှတစေသည်ဟု ထုတ်ဖော်ပြောဆို ခဲ့ကြပေသည်။

အမေရိကန် သိပ္ပံပညာရှင်များက ခေတ်အမီဆုံး ကွန်ပျူတာများကို အသုံးပြု၍ AIDS ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးတို့၏ ကြီးထွားဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခဲ့ကြသည်။ ၄င်းတို့၏ လေ့လာသုတေသနပြုချက်အရ AIDS ဗိုင်းရပ်စ်သည် ၁၉၃၀-ပြည့်နှစ်များအတွင်း အနောက်အာဖရိက နိုင်ငံ၌ စတင်၍ လူများသို့ ရောဂါကူးစက်မှု စတင်ခဲ့သည်ဟု ဆိုပေသည်။

၎င်းတို့၏ လေ့လာစူးစမ်းတွေ့ရှိချက်ကို ဆန်ဖရန်စစ္စကို၌ ကျင်းပသည့် ဆေးသိပ္ပံကွန်ဖရင့်တွင် ထုတ်ပြန်ကြေညာခဲ့ပေသည်။
AIDS ဗိုင်းရပ်စ် (သို့) HIV ရောဂါပိုးသည် ကမ္ဘာတဝန်းရှိ လူပေါင်း သန်း ၄၀-ကျော်သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး ဖြစ်ပေသည်။ အစောဆုံး HIV ရောဂါပိုးကို ရှေးဦး ဘယ်လ်ဂျီယံ ကွန်ဂိုလူမျိုးတဦး၏ ခန္ဓာကိုယ်သွေးအတွင်းမှ စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

သုတေသီများက NIRVANA အရွယ်ရှိ စူပါကွန်ပျူတာကို အသုံးပြုလျက် လေ့လာစမ်းသပ်မှုများ ပြုခဲ့ကြသည်။ လေ့လာစမ်းသပ်ရာတွင် HIV ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇ ဖွဲ့စည်းပုံကို အထူးပြုလေ့လာခဲ့ကြသည်။ HIV ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုနှုန်းကို လေ့လာခြင်းဖြင့် ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။ စမ်းသပ်လေ့လာချက်အရ HIV ဗိုင်းရ်စ်ပိုးများ သည် မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုများ၌ အဆင့်ဆင့် စနစ်တကျ ပြောင်းလဲမှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုကြသည်။

သုတေသနပညာရှင် ခေါင်းဆောင် မစ္စကော်ဗာနှင့် ၄င်း၏အဖွဲ့ ခန့်မှန်းချက်မှာ AIDS ဗိုင်းရပ်စ်သည် ပထမဦးဆုံး လူသားများသို့ ကူးစက်မှုသည် ၁၉၃၀-ပြည့်နှစ်များအတွင်းကဟု ပြောဆိုခဲ့ပြီး သူမ၏ ထပ်လောင်းပြောဆိုချက်တွင် ၁၉၁၀-ပြည့်နှစ် စောစောပိုင်းနှင့် ၁၉၅၀-ပြည့်နှစ်မတိုင်မီနှစ်ကာလများအတွင်း လူသားသို့ ရောဂါပိုးကူးစက်မှု စတင်ဖြစ်နိုင်ခဲ့ချေရှိသည်ဟု ဆိုပြန်သည်။

အဆိုပါ ကျွမ်းကျင်သူများ၏ အဆိုအရ HIV ဗိုင်းရပ်စ်၏ ရှေးဦးအစရောဂါပိုးသည် ချင်ပန်ဇီမျောက်ကြီးမျိုးနွယ်များအတွင်း စတင်ကူးစက်မှု ရှိကြခဲ့သည်ဟု ဆိုသည်။ ထိုမှတဆင့် တနည်းနည်းဖြင့် လူသားများသို့ ကူးစက်ခဲ့ကြခြင်းဖြစ်ပေသည်။
စာရေးဆရာ အက်ဒွပ်ကူးပါးက ၄င်းရေးသားသော The River စာအုပ်တွင် HIV ဗိုင်းရပ်စ်ပိုးသည် လူသားများကြောင့် မတော်တဆ စတင်ခဲ့သည်ဟု ရေးသားခဲ့သည်။ ကူးပါး၏ရေးသားချက်တွင် ပိုလီယိုရောဂါကာကွယ်ဆေးထုတ်လုပ်ရာတွင် လူများက ချင်ပန်ဇီတို့၏ တစ်ရှူးများကို အသုံးပြုထုတ်လုပ်ရာမှ စတင်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ သေစေတတ်သော ဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်များ၏ တစ်ရှူးများထဲတွင် ရှင်သန်လျက် တည်ရှိနေကြသည်ဟု ကူးပါး ရေးသားချက်တွင် ဖော်ပြထားရှိသည်။ ထိုမှတဆင့် ပိုလီယိုကာကွယ်ဆေးကို ရှေးဦးဘယ်လ်ဂျီယံ ကွန်ဂိုလူမျိုးများတွင် စမ်းသပ်အသုံးပြုရာမှ လူသားများအကြား ရောဂါပိုး ကူးစက်ပျံ့နှံ့ခဲ့သည်ဟု ရေးသားခဲ့သည်။

အမေရိကန်သုတေသီတို့က ၄င်း၏အဆိုဖြစ်သော အာဖရိကအလယ်ပိုင်း ပိုလီယိုကာကွယ်ဆေး စီမံကိန်းကြောင့် ဆိုသည်ကို ပယ်ဖျက်ခြင်းမရှိသော်လည်း ၄င်း၏ရေးသားချက်ကို ဖြစ်တန်ဖွယ်ရာမရှိဟု ဆိုခဲ့ကြသည်။ မစ္စကော်ဗာ ပညာရှင်၏ အဆိုအရ ထိုစာရေးဆရာ သီအိုရီ အဆိုပြုအတွက် ပိုလီယိုကာကွယ်ဆေး ထုတ်လုပ်မှု ဦးဆုံးအဆင့်တွင် ချင်ပန်ဇီများစွာတို့ထဲမှ ကွဲပြားခြားနားသော မျိုးရိုးဗီဇဖွဲ့စည်းမှုပုံစံ အနည်းဆုံး ၁၀-မျိုးခန့် လိုအပ်သည်ဟု ဆိုခဲ့သည်။ အမေရိကန်မှ ထင်ရှားကျော်ကြားသော AIDS ရောဂါပါရဂူ အန်တိုနီပေါ်ဘီက မစ္စကော်ဗာနှင့် အဖွဲ့ လေ့လာတွေ့ရှိမှုများကို ချီးကျူးဂုဏ်ပြုခဲ့ပြီး စာရေးဆရာကူးပါး၏အဆိုကို ပယ်ဖျက်ခဲ့ပေသည်။

ဗညား
( ငွေတာရီမဂ္ဂဇင်း ၂၀၀၁-ခု မေလ)

ကျေးဇူး ကမ္ဘာ

ယခု ကဲ့သို့
မော်လူး-မင်္ဂလာသတင်းစဉ်တွင်
မှတ်သားဖွယ် ဗဟုသုတဆိုင်ရာ အကြောင်းအရာများကို တင်ပြနိုင်ရန်
စာအုပ် အသစ်-အဟောင်း လှူဒါန်းကြသော အလှူရှင်များ၊
စာရေးဆရာများ နှင့် စာဖတ်ပရိတ်သတ်များ အားလုံးကို
ကျေးဇူး အထူးအထူး တင်ရှိပါကြောင်း
မှတ်တမ်းတင်အပ်ပါသည်။

ကျန်းမာချမ်းသာကြပါစေ
မော်လူး

Wednesday, September 15, 2010

အချိန်ကို မှတ်သားခြင်း နှင့် မြန်မာ့ဆယ့်နှစ်လ၏ နေ့တာ ညတာများ

နေ၊ လ၊ ဂြိုဟ်၊ နက္ခတ်၊ တာရာတို့သည် အစဉ်မပြတ် လှည့်ပတ်သွားလာ လှုပ်ရှားနေကြ၏။ ထိုသို့ လှည့်ပတ်သွားလာ လှုပ်ရှားနေကြသည်နှင့်အမျှ အချိန်တို့သည်လည်း ရှေ့သို့တရွေ့ရွေ့နှင့် ရွေ့လျားသွားလာနေကြ၏။ အချိန်သည် မည်သည့်အခါမျှ မရပ်၊ မည်သည့်အခါမျှ မတန့်၊ မည်သူ့ကိုမျှလည်း မစောင့်၊ မိမိဘာသာ စနစ်တကျ ပုံမှန် ရွေ့လျားသွားလာနေ၏။
ထို့ကြောင့်-
အချိန်နှင့် ဒီရေသည် လူကိုမစောင့်-ဟု
ဆိုစမှတ် ပြုထားကြခြင်းဖြစ်၏။
ဒီရေတို့သည်လည်း တက်ချိန်တန် တက်၍၊ ကျချိန်တန် ကျကြသည်-မဟုတ်ပါလော။
အချိန်သည် ယင်းသို့ ရှေ့သို့သာ ဦးတည်၍ ပုံမှန်ရွေ့လျား သွားလာနေခြင်းကြောင့် စက္ကန့်-က မိနစ် ဖြစ်လာ၏။ မိနစ်-က နာရီ ဖြစ်လာ၏။ နာရီ-က ရက်ဖြစ်လာ၏။ ရက်-က လဖြစ်လာ၏။ လ-က နှစ်ဖြစ်လာ၏။

ထိုသို့ အချိန်ကို စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လ၊ နှစ် ဟူ၍ ပိုင်းခြား သတ်မှတ်ရာတွင် အဓိကအားဖြင့် နာရီကို အခြေခံပေသည်။
အချိန်ကို မှတ်သားပိုင်းခြားရန်အတွက် သိပ္ပံပညာရှင်တို့ စက်နာရီကို တီထွင်ကြ၏။ ရှေးမြန်မာမင်းများ လက်ထက်က ရေ-နာရီကို အသုံးပြုကြ၏။ အချို့က နေ-နာရီကို အသုံးပြုကြ၏။

စက်နာရီအရ တရက်လျှင် နေ့ ၁၂-နာရီ၊ ည ၁၂-နာရီအားဖြင့် ၂၄-နာရီရှိ၏။ ထိုကဲ့သို့ မှတ်သားပိုင်းခြားရာတွင် နေ့တာနှင့်ညတာ ညီမျှသော တန်ခူးလနှင့် သီတင်းကျွတ်လတို့၌ နေထွက်-နေဝင်ချိန် ၆-နာရီ၊ မွန်းတည့် သန်းခေါင်ချိန် ၁၂-နာရီဖြစ်၍ အချိန်နှင့်နာရီ ကိုက်ညီပေသည်။ သို့သော်လည်း နေ့တာ ညတာ မညီမျှသော လတို့၌မူ မွန်းတည့်ချိန်နှင့် သန်းခေါင်ချိန်တို့တွင်သာ အချိန်နှင့်နာရီ ကိုက်ညီ၍ နေထွက်ချိန်နှင့် နေဝင်ချိန်တို့မှာ မကိုက်ညီကြပေ။

ညတာ-တို၍ နေ့တာ-ရှည်သော လများတွင် နံနက် ၆-နာရီ မထိုးမီ နေထွက်၍ ညနေ ၆-နာရီ ထိုးပြီးမှ နေဝင်၏။
ညတာ-ရှည်၍ နေ့တာ-တိုသော လများတွင် နံနက် ၆-နာရီထိုးပြီးမှ နေထွက်၍ ညနေ ၆-နာရီမထိုးမီ နေဝင်လေသည်။

ရှေးမြန်မာဘုရင်များ လက်ထက်တော်တွင် အသုံးပြုသော နာရီမှာ ရေ-နာရီဖြစ်၏။ ရေ-နာရီဆိုသည်မှာ စနစ်အတိုင်းအထွာဖြင့် ကျနစွာ စီမံပြုလုပ်ထားသော ဖလားကို ရေပေါ်တွင် တည်သောအခါ ထိုဖလားရှိအပေါက်မှ ရေစိမ့်ဝင်လျက် ဖလားတွင် ရေပြည့်၍ တကြိမ်နစ်လျှင် ထိုအချိန်ကာလ အတိုင်းအတာကို တနာရီဟု မှတ်သားခြင်း ဖြစ်သည်။

ထို ရေ-နာရီအရ နေ့ ၃၀-နာရီ၊ ည ၃၀-နာရီ အားဖြင့် တရက်လျှင် နာရီ ၆၀-ရှိ၏။ ယင်း ရေ-နာရီ တနာရီ၏ အချိန်ကာလ အတိုင်းအရှည်မှာ လူတို့မျက်စိတမှိတ်၊ သို့မဟုတ်-မျက်တောင်တခတ် ကာလသည် တခဏ။
ဆယ်ခဏသည် တလယ။
ဆယ်လယသည် တခရာ။
ဆယ်ခရာသည် တပြန်။
၆-ပြန်သည် တဗီဇနာ။
၁၅-ဗီဇနာသည် တပါဒ်။
၎-ပါဒ်သည် တနာရီ ဖြစ်၏။

ထို ရေ-နာရီအရ နေ့ ၃၀-နာရီ၊ ည ၃၀-နာရီ ဆိုရာတွင် နေ့တာ၊ ညတာ ညီမျှသော တန်ခူးလနှင့် သီတင်းကျွတ်လတို့တွင်သာ ထိုအတိုင်း ကိုက်ညီသည်။အခြားလများတွင် မကိုက်ညီပေ။ ကဆုန်လသို့ ရောက်သောအခါ နေ့ ၃၂-နာရီ ရှိလာ၍ ည ၂၈-နာရီသာ ရှိသည်။ ထိုနည်းအတိုင်း လစဉ် နေ့ ၂-နာရီစီတိုး၍ ည ၂-နာရီစီ လျော့လေရာ ဝါဆိုလသို့ရောက်သောအခါ နေ့ ၃၆-နာရီ ရှိလာ၍ ည ၂၄-နာရီသာ ရှိတော့သည်။ ဤဝါဆိုလသည် တနှစ်တာတွင် နေ့တာအရှည်ဆုံးလ ဖြစ်၏။ သို့ဖြစ်၍ (နေ့ကိုလို ဝါဆို)ဟူ၍ ရှေးလူကြီးသူမတို့က စကားဆိုထုံး ပြုခဲ့ကြခြင်း ဖြစ်သည်။

တဖန် ဝါခေါင်လမှစ၍ လစဉ် ညတွင် ၂-နာရီစီတိုး၍ နေ့တိုင်း ၂-နာရီစီ လျော့လာရာ သီတင်းကျွတ်လသို့ ရောက်သောအခါ နေ့နှင့် ညတို့မှာ ၃၀-နာရီစီရှိ၍ ညီမျှနေပြန်၏။ ပြာသိုလသို့ရောက်သောအခါတွင်မူ ည ၃၆-နာရီရှိလာ၍ နေ့ ၂၄-နာရီသာ ရှိတော့သည်။ ဤပြာသိုလသည် တနှစ်တာတွင် ညတာ အရှည်ဆုံးလဖြစ်၏။ သို့ဖြစ်၍ ( ညကိုလို ပြာသို)ဟူ၍ ရှေးမြန်မာကြီးတို့က စကားဆိုထုံး ပြုခဲ့ကြခြင်းဖြစ်သည်။

တဖန် တပို့တွဲလမှစ၍ လစဉ် နေ့တွင် ၂-နာရီစီ တိုး၍ ညတွင် ၂-နာရီစီ လျော့လာပြန်ရာ တန်ခူးလသို့ ရောက်သောအခါ နေ့နှင့်ည တို့မှာ ၃၀-နာရီစီရှိ၍ ညီမျှနေပြန်တော့သည်။
တနှစ်ပတ်လုံး လတို့၏ နေ့တာ ညတာ အတိုအရှည်တို့ကို ပြန်လည်လေ့လာ သုံးသပ်ကြည့်သောအခါ တပို့တွဲလမှ ဝါဆိုလအထိ တဖြည်းဖြည်း နေ့တာရှည်လာသည်ကို တွေ့ရ၍ ဝါခေါင်လမှ ပြာသိုလအထိ တဖြည်းဖြည်း နေ့တာတိုလာသည်ကို တွေ့ရ၏။ တဖန် ညတာမှာမူ ဝါခေါင်လမှ ပြာသိုလအထိ တဖြည်းဖြည်းရှည်လာသည်ကို တွေ့ရ၍ တပို့တွဲလမှ ဝါဆိုလအထိ တဖြည်းဖြည်း တိုလာသည်ကို တွေ့ရလေသည်။

မြန်မာ့ဆယ့်နှစ်လ၏ နေ့တာ ညတာ အတိုအရှည်တို့ကို အကျဉ်းချုပ်နည်းအားဖြင့် မှတ်သားထားနိုင်ရန်အတွက် ကဝိလက္ခဏာ သတ်ပုံကျမ်းတွင်-
ပတ်သံ တာရှည်၊ တီးသံမြည်၊ လက်ဆည်ကန်စာရေး။
တဆယ်လောင်းမည်၊ ထမ်းပိုးရည်၊ ယင်းသည် နာရီပေး။
ဆယ့်နှစ်လလည်၊ နေ့ဖို့ရည်၊ ညဥ့်သည် အကြွင်းဆေး။
ဟူ၍ သံပေါက်လင်္ကာများဖြင့် စပ်ဆိုမှတ်တမ်းတင်ထားလေသည်။

ထိုသံပေါက် သုံးပုဒ်တွင် ပထမသံပေါက်မှာ တဆယ့်နှစ်လအတွက် တလုံးကောက် အက္ခရာနံသင့် ဂဏန်း တဆယ့်နှစ်လုံး ချရန် ဖြစ်သည်။
ချရာတွင်-
ပတ်=၅။ သံ=၆။ တာ=၇။ ရှည်=၈။
တီး=၇။ သံ=၆။ မြည်=၅။
လက်=၄။ ဆည်=၃။ ကန်=၂။ စာ=၃။ ရေး=၄။
ဟူ၍ ဂဏန်းချရပေည်။

နောက်သံပေါက် နှစ်ပုဒ်၏ အဓိပ္ပါယ်မှာ ဤသို့တည်း။
အဆိုပါ ဂဏန်းများတွင် အသီးသီး တဆယ်စီ လောင်းထည့်ပြီးလျှင် တဖန် ထမ်းပိုးတိုး၍ ရရှိလာသော ဂဏန်းစုသည် တန်လခူလမှ တပေါင်းလအထိ အစဉ်အတိုင်း ဆယ့်နှစ်လ၏ နေ့နာရီများ ဖြစ်လေသည်။
ညဥ့်နာရီမှာမူ တရက်အတွက် နာရီ ၆၀-ရှိရာတွင် အဆိုပါ နေ့နာရီစုကို အသီးသီး နုတ်လိုက်ပါက ရရှိလာသော အကြွင်းစုသည် အသီးသီး ညဥ့်နာရီများ ဖြစ်လာသည်ဟု ဆိုလိုပေသည်။

ဥပမာအားဖြင့် နယုန်လ၏ နေ့နှင့်ည-နာရီများကို သိလိုသည် ဆိုပါစို့။ ထိုလသည် တန်ခူးလမှစ၍ ရေတွက်လျှင် သုံးလမြောက်ဖြစ်၍ တာ-အက္ခရာနှင့် တိုက်ဆိုင်၏။ တာ=၇ ဖြစ်၍ ထိုတွင် တဆယ်တိုးလျှင် ၁၇-ရ၏။ ယင်းကို ထမ်းပိုးတင်လျှင် ၃၄-ရသည်။ ထို ၃၄-သည် နယုန်လ၏ နေ့နာရီဖြစ်သည်။ နာရီ ၆၀-တွင် ၃၄-နုတ်လိုက်သော် အကြွင်း ၂၄-နာရီရ၏။ ထို ၂၄-နာရီသည် ည-နာရီ ဖြစ်ပေတော့သည်။

ရှေးမြန်မာဘုရင်မင်းမြတ်တို့ လက်ထက်တော်တွင် အခါကြား ပဟိုရ်စည်တရက်လျှင် ၈-ကြိမ်တီးသည်။ နေ့ ၄-ကြိမ်၊ ည ၄-ကြိမ် ဖြစ်၏။
တရက်အတွင်း ပဟိုရ်စည်တီးပုံမှာ ဤသို့တည်း။ နေ့အတွက်မှာ ဤသို့ဖြစ်၏။ နေ့တာနှင့်ညတာညီမျှသော တန်ခူးလတွင် နံနက် နေထွက်သည့် အချိန်ကစ၍ ရေ-နာရီ တနာရီလျှင် မောင်းတချက်၊ ၂-နာရီလျှင် မောင်း ၂-ချက် အစဉ်အတိုင်း တီးသွားပြီးလျှင် ၇-မောင်းကျော် ၇-နာရီ ၂-ပါဒ်၊ သို့မဟုတ် ၇-နာရီခွဲရှိသောအခါ တလှည့်စီအားဖြင့် ခေါင်းလောင်းသံ ၁၁-ချက်၊ စည်သံ ၁၁-ချက် တီးရလေသည်။ ဤကဲ့သို့ ခေါင်းလောင်းသံနှင့် စည် ၁၁-ချက်စီ တီးသည်ကို နေ့တချက်တီးဟု ခေါ်လေသည်။ ထိုတချက်တီး အချိန်သည် စက်နာရီ နံနက် ၉-နာရီနှင့် ညီမျှ၏။

ယင်းသို့ တချက်တီးပြီးနောက် ရေ-နာရီ တနာရီလျှင် မောင်းတချက်တီးပြန်၏။ ထိုအချိန်ကို တချက်တီးကျော် တနာရီဟု မခေါ်ဘဲ တချက်တီးကျော် တမောင်းဟူ၍သာ မောင်းသံကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်။ အထက်တွင် တင်ပြခဲ့သည့်အတိုင်းပင် ၇-နာရီနှင့် ၂-ပါဒ်ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၂၂-ချက်စီ တီးရပြန်လေသည်။ ယင်းကို ၂-ချက်တီး အချိန်ဟု ခေါ်လေသည်။ ထို ၂-ချက်တီးအချိန်သည် စက်နာရီ မွန်းတည့် ၁၂-နာရီနှင့် ညီမျှသည်။

ထို့နောက် ၇-နာရီ ၂-ပါဒ် ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၃၃-ချက်စီ တီးရပြန်သည်။ ယင်းကို ၃-ချက်တီးအချိန်ဟု ခေါ်လေသည်။ ထို ၃-ချက်တီးအချိန်သည် စက်နာရီ ညနေ ၃-နာရီနှင့် ညီမျှလေသည်။
ထို့နောက် ၇-နာရီ ၂-ပါဒ်ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၄၄-ချက်စီ တီးရပြန်၏။ ယင်းကို ၄-ချက်တီးအချိန်ဟု ခေါ်လေသည်။ ထို ၄-ချက်တီးအချိန်သည် နေဝင်ချိန်ဖြစ်၍ စက်နာရီ ၆-နာရီနှင့် ညီမျှလေသည်။

ညအတွက် ပဟိုရ်စည် ၄-ကြိမ် တီးပုံမှာလည်း အထက်ပါ နေ့အတွက် ပဟိုရ်စည် တီးပုံ နည်းအတိုင်းပင် ဖြစ်လေသည်။
ပဟိုရ်စည် တီးပုံတီးနည်း အကျဉ်းချုပ်မှာ ဤသို့တည်း။
နေ့တာ-ညတာတို့ တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ နေ့နှင့်ညနာရီတို့ကို ၄-ပိုင်းစီ ပိုင်း၍ တပိုင်းအရှိတွင် တပဟိုရ်တီးမြဲဖြစ်၍ နေ့တာဖြစ်စေ၊ ညတာဖြစ်စေ အတိုဆုံးအခါမှာ ၆-နာရီ၊ သို့မဟုတ် ၆-မောင်းတွင် တပဟိုရ်တီးရသည်။
အရှည်ဆုံးအခါမှာ ၉-နာရီ၊ သို့မဟုတ် ၉-မောင်းတွင် တပဟိုရ် တီးရလေသည်။ ယင်းကဲ့သို့ နေ့တာ ညတာ အတိုအရှည်လိုက်၍ တီးရသော ပဟိုရ်ဖြစ်သောကြောင့် မည်သည့်လ၊ မည်သည့်အခါမဆို နေထွက်နှင့် နံနက် ၄-ချက်တီး၊ နေဝင်နှင့် ည ၄-ချက်တီး၊ မွန်းတည့်နှင့် ၂-ချက်တီး၊ သန်းခေါင်နှင့် ၂-ချက်တီးအချိန်တို့သည် အမြဲညီညွတ်တိုက်ဆိုင်မိကြလေသည်။

ထို ရေ-နာရီဖြင့် တီးအပ်သော ပဟိုရ်သည် နေထွက်၊ မွန်းတည့်၊ နေဝင်၊ သန်းခေါင်ချိန်တို့နှင့် အလွန်ကိုက်ညီသော်လည်း ယင်း ရေ-နာရီကို အသုံးပြုရာတွင် အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်နေရသောကြောင့် ဘုရင်မင်းမြတ်မှတပါး အခြားသူတို့ အသုံးပြုနိုင် ကြမည် မဟုတ်ပေ။
ထို့ကြောင့် ပဟိုရ်စည်သံကို မကြားရသောအရပ်၊ သို့မဟုတ်-မြို့တော်နှင့် ဝေးကွားသော အရပ်တို့တွင် နေထိုင်ကြသောသူတို့သည် အချိန်ကို မှန်းဆ၍သာ မှတ်သားကြရလေသည်။ နေ့အခါဖြစ်လျှင် နေထွက် တပြူအချိန်၊ နေထန်းတဖျားခန့် အချိန်၊ ဆွမ်းခံချိန်၊ ဆွမ်းခံပြန်ချိန်၊ ဆွမ်းစားချိန်၊ နေမွန်းတည့်ချိန်၊ နေမွန်းတိမ်းချိန်၊ ညနေစောင်းချိန်၊ စသည်ဖြင့် မှတ်သားကြရ၏။
ညအခါဖြစ်လျှင် နေဝင်ဖျိုးဖျ အချိန်၊ သူငယ် တိတ်ဆိတ် အချိန်၊ သက်ကြီးခေါင်းချ အချိန်၊ ညဦးကြက်တွန်ချိန်၊ သန်းခေါင် ကြက်တွန်ချိန်၊ လင်းအားကြီး ကြက်ဦးတွန်ချိန် စသည်ဖြင့် မှတ်သားကြရလေသည်။

သို့ဖြစ်၍ ရှေးအခါက ဇာတ်နှင့် ရုပ်သေး မင်းသားများသည် နေပြည်တော်နှင့် ဝေးကွာသော တောအရပ်၊ တောဒေသများသို့ ရောက်နေဟန် ကပြသောအခါတွင်-
ရွှေပဟိုရ် စည်သံများကိုလ
မကြားရ ကြာချေပြီ
လေးလရာသီ။
တိုင်းဌာနီရယ်လေ
မဟုတ်ကယ် ပါပြီလို့။
ကြက်သံကို ပဟိုရ်ပြုရတယ်
တောသူ့ရွာမို့။ ။
ဟူသော တောဓလေ့ သဖြန်ကို သီဆိုတတ်ကြလေသည်။

ထိုသဖြန်၏ အဓိပ္ပါယ်မှာ ဤသို့တည်း။ မြို့တော်နှင့် ဝေးကွာသော တောသူတောင်သားများ နေထိုင်ရာ တောအရပ် တောဒသသို့ ရောက်နေသည့်သူ ဖြစ်သည့်အတွက် ရွှေပဟိုရ်စည်သံများကို မကြားရသည်မှာ လေးလခန့်ပင် ကြာခဲ့လေပြီ။ တိုင်းနိုင်ငံ ရာဇဌာနီ မင်းနေပြည် မဟုတ်သဖြင့် ကြက်တွန်သံများကိုသာ ပဟိုရ်စည်သံပြုလုပ်၍ အချိန်အခါကို မှတ်သားနေရပါတော့သည်ဟု ဆိုလိုပေသည်။

မှန်ပေသည်။ ယခုအချိန်တိုင်အောင်ပင် တောသူတောင်သားတို့သည် ယခုအခါတွင် ကြက်တွန်သံကိုပင် ပဟိုရ်စည်သံပြု၍ (ဝါ) နာရီသံပြု၍ အချိန်အခါကို မှတ်သားနေကြရပေသေးသည်။

အချို့အရပ်ဒေသများတွင် နေ-နာရီကို အသုံးပြုကြပေသေးသည်။ ထို နေ-နာရီသည် နေ့အချိန်အတွက်သာ ဖြစ်ပေသည်။ နေ-နာရီ ပြုလုပ်ပုံမှာ ဤသို့ဖြစ်၏။
မျက်နှာပြင် ညီညာသော သစ်သားပြား၊ သို့မဟုတ်-သံပြားပေါ်တွင် အတော်အသင့်ရှိသော စက်ဝိုင်းခြမ်းငယ်ပုံ တခုကို ပက်လက် အနေအထား ရေးဆွဲရ၏။ ထိုစက်ဝိုင်းခြမ်း၏ စက်ဝန်း မျဉ်းကွေးပေါ်တွင် ညီမျှသော စက်ဝန်းပြတ်ငယ် တဆယ့်နှစ်ခုအဖြစ် တိုင်းတာမှတ်သားရမည်။ ထို့နောက် စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်နှင့် ထိုအမှတ်တဆယ့်နှစ်ခုတို့ကို ပေတံကို အသုံးပြု၍ အသီးသီး ဆက်သွယ်ရမည်။ ထိုအခါ စက်ဝိုင်းခြမ်းကို တဆယ့်နှစ်ပိုင်း အညီအမျှ ပိုင်းခြားပြီးသား ဖြစ်သွားပေမည်။

မျဉ်းဖြောင့်တကြောင်းသည် စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်မှ အောက်ဘက်သို့ တည့်တည့် ဆင်းလာမည်။ ထိုမျဉ်းကို ဗဟိုမျဉ်းဟု ဆိုပါစို့။ ထိုဗဟိုမျဉ်း၏ ဝဲဘက်တွင် ၆-ကွက်နှင့် ယာဘက်တွင် ၆-ကွက်ရှိ၏။ စက်ဝန်းပေါ်တွင် ဗဟိုမျဉ်း၏ ထိပ်အမှတ်၌ ၁၂-ဂဏန်းကို ရေးရမည်။ ထိုမှ ယာဘက်ရှိ မျဉ်း ၆-ကြောင်း၏ ထိပ်အမှတ်များတွင် အစဉ်အလိုက် ၁-မှ ၆-အထိ ရေးသွားရမည်။ ၁၂-ဂဏန်း၏ ဝဲဘက်ရှိ မျဉ်း ၆-ကြောင်း၏ ထိပ်အမှတ်များတွင်မူ ၁၁၊ ၁၀၊ ၉၊ ၈၊ ၇၊ ၆ ဟူသည့် ဂဏန်းများကို ရေးသွားရမည်။

ထိုအခါတွင် စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်နှင့် တည့်တည့်ရှိ ဝဲ-ယာ အမှတ်တို့တွင် ၆-ဂဏန်းများကို အသီးသီး တွေ့ရပေမည်။ ထို ၆-ဂဏန်းများရှိသော အမှတ်နှစ်ခုနှင့် စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်တို့သည် မျဉ်းတဖြောင့်တည်းတွင် ကျနေကြ၏။
စက်ဝိုင်းခြမ်း၏ ဗဟိုအမှတ်တွင် အပေါက်ငယ်တခုဖောက်၍ မရှည်မတို တုတ်တံတချောင်း (ဝါ) မဏ္ဍိုင်တခု စိုက်၍ နေရောင်ထိုးသော နံရံ၌ ဖြစ်စေ၊ တိုင်၌ဖြစ်စေ ထိုစက်ဝိုင်းခြမ်းကို တောင်ဘက်သို့ မျက်နှာမူလျက် ကပ်ထားလိုက်သောအခါ နေ-နာရီတခုကို ရရှိလေတော့သည်။

ထိုသို့ထားသောအခါ နေရွေ့လျားတိုင်း တုတ်တံ၏ အရိပ်သည်လည်း ရွေ့လျားသွားမည်။ တုတ်တံ၏အရိပ် မည်သည့်အမှတ်သို့ ရောက်လျှင် မည်သည့်အချိန်သို့ ရောက်ပြီဟု မှတ်သားနိုင်ပေသည်။ ဥပမာအားဖြင့်-ဗဟိုအမှတ်၏ ဝဲဘက်ရှိ ၆-ဂဏန်းပေါ်သို့ ရောက်နေလျှင် နံနက် ၆-နာရီအချိန်ဖြစ်၏။ ဗဟိုမျဉ်း၏ ထိပ်ရှိ ၁၂-ဂဏန်းပေါ်သို့ ရောက်နေလျှင် မွန်းတည့်ချိန်ဖြစ်၏။ ဗဟိုအမှတ်၏ ယာဘက်ရှိ ၆-ဂဏန်းပေါ်သို့ ရောက်နေလျှင် ညနေ ၆-နာရီအချိန် ဖြစ်ပေသည်။

အချိန်ကို ထိုထက် တိတိကျကျ သိလိုလျှင် ထိုနာရီကွက် ၁၂-ကွက်ကို ထပ်မံ၍ ပိုင်းခြားမှတ်သားနိုင်ပေသေးသည်။ ဥပမာအားဖြင့် ၁၅-မိနစ်ကွက်၊ နာရီဝက်ကွက် စသည် စသည်။
ထို နေ-နာရီတွင် မဏ္ဍိုင် (ဝါ) တုတ်တံ၏ အရိပ်သည် နေနှင့် ဆန့်ကျင်ဘက်အရပ်တွင် တည်ရှိပေသည်။
အချုပ်အားဖြင့် တင်ပြလိုပါသည်-
နေစကြာဝဠာအတွင်းတွင် နေ၊ လ၊ ကမ္ဘာတို့ရှိရာတွင် လသည် ကမ္ဘာကို ပတ်နေ၏။ ကမ္ဘာသည် နေကို ပတ်နေ၏။ နေသည်လည်း အာကာသအတွင်းတွင် ရွေ့လျားနေ၏။ လက ကမ္ဘာကို တပတ်ပတ်ရန် တလကြာ၏။
ကမ္ဘာက နေကို တပတ်ပတ်ရန် တနှစ်ကြာ၏။
ကမ္ဘာမြေကြီးသည် မိမိဝင်ရိုးပေါ်တွင် လည်ပတ်နေ၏။ ထို့ကြောင့် ကမ္ဘာက နေကို ပတ်နေစဉ်တွင် နေရောင်ရရှိသော အပိုင်းသည် နေ့ဖြစ်၍ နေရောင်မရရှိသော အပိုင်းသည် ည-ဖြစ်၍ နေလေသည်။ နေသွားရာ လမ်းကြောင်း ပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ထို့ပြင် နေ့တာ ညတာ အတိုအရှည်များလည်း ဖြစ်ပေါ်နေ၏။ မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း-ဟူ၍ ဥတုသုံးလီ ဖြစ်ပေါ်နေသည်။ ရာသီအားဖြင့်မူ ဆယ့်နှစ်ပါး ဖြစ်ပေါ်နေ၏။ နွေဥတုတွင် နေ့တာ တဖြည်းဖြည်း ရှည်လာသည်ကို တွေ့ရ၍ ဆောင်းဥတုတွင် ညတာ တဖြည်းဖြည်း ရှည်လာသည်ကို တွေ့ရပေသတည်း။

တက္ကသိုလ် ဘုန်းမြင့်ဆွေ
(မြဝတီမဂ္ဂဇင်း ၁၉၉၈-ခု ဖေဖော်ဝါရီလ)