ဘယ်လိုအခြေအနေမျိုးတွင် ခါးနာတတ်ပါသလဲ ?
* ၀န်ထုပ်ဝန်ပိုးများကို မ,သောအခါ ကျောရိုးတလျှောက်ရှိ အထောက်အကူပြု ကြွက်သားများ ဒဏ်ဖြစ်၍ ခါးနာတတ်ပါသည်။
* အချိန်ကြာကြာ မတ်တတ်ရပ်ရခြင်း။ ထိုင်ရခြင်း များပါက ရပ်ပုံ ထိုင်ပုံ မှားယွင်းခြင်းကြောင့် ခါးနာတတ်ပါသည်။
* ကားဖြင့် ခရီးဝေးသွားသောအခါ ခရီးလမ်းကြမ်းပြီး အချိန်ကြာကြာထိုင်ရသဖြင့် ခါးနာတတ်ပါသည်။
* အနေအထား မမှန်ဘဲ ကွေးညွတ်၍ လုပ်ရသော လေ့ကျင့်ခန်းများကို မြန်မြန်နှင့် အားစိုက်လုပ်ခြင်းကြောင့် ခါးနာတတ်ပါသည်။
* အောက်ခံအမာမပါသော အိပ်ရာတွင် အိပ်ခြင်းကြောင့် ကျောရိုးနှင့် အရိုးဆက်များ တောင့်တင်းပြီး ခါးနာတတ်ပါသည်။
ခါးနာခြင်း မဖြစ်စေရန်---
* ၀န်ထုပ်ကို မ,စဉ် ခါးကို မတ်မတ်ထား၍ မ,သင့်ပါသည်။ လိုအပ်ပါက ဒူးကွေး၍ မ,သင့်ပါသည်။
* အချိန်ကြာကြာ မတ်တတ်ရပ်ရပါက အမျိုးသမီးများအနေဖြင့် ဒေါက်မြင့်၊ ခုံမြင့်၊ ဖိနပ် မစီးသင့်ပါ။
ထို့ပြင် ပုံစံတမျိုးတည်းတွင် ကြာကြာမရပ်သင့်ပါ။ ကြာကြာထိုင်ရပါက ခါးကို မတ်မတ်ထား၍ ခါးနောက်ပိုင်းတွင် ခေါင်းအုံးအသေး တလုံး (သို့မဟုတ်) နှစ်လုံး ခု၍ ထိုင်ပါ။
* ခရီးဝေးသွားသောအခါ မကြာခဏ ကားရပ်၍ ခြေလက် အညောင်းဆန့်ရန် လိုအပ်ပါသည်။
* ခြေဖျားထိ ကွေးညွတ်ရသော လေ့ကျင့်ခန်းများ လုပ်ပါက ဖြေးဖြေးနှင့် မှန်မှန်လုပ်ရန် သင့်ပါသည်။
* အောက်ခံအမာပါသော အိပ်ရာတွင် အိပ်ပါ။
စောင်းပါက ခါးကို တဖြောင့်တည်းဖြစ်စေရန် ဒူးနှစ်ဖက်ကြား၌ ခေါင်းအုံးအသေးတလုံးခု၍ အိပ်ရပါမည်။
ပက်လက်အိပ်ပါက ဒူးအောက်တွင် ခေါင်းအုံးခု၍ အိပ်ရပါမည်။
ခါးနာပါက ခါးကို အဆန့်နိုင်ဆုံး ဆန့်အောင်ထား၍ ရက်အနည်းငယ်အနားယူသင့်ပြီး အမြန်ဆုံးပျောက်ကင်း သက်သာစေရန်အတွက် လူကို ဥပဒ်မဖြစ်စေသော အကိုက်အခဲပျောက်ဆေးကို သောက်သုံးနိုင်ပါသည်။ အကယ်၍ ရက်သတ္တပတ် (၁)ပတ်မှ (၂)ပတ်အတွင်း ပျောက်ကင်းခြင်းမရှိဘဲ နာကျင်မှု ပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူသင့်ပါသည်။
(Alaxan-မှ စီစဉ်သည်)
Tuesday, November 30, 2010
ဝဋ်မှာအမြဲ ငရဲမှာအပ
ဝဋ်မှာအမြဲ ငရဲမှာအပ-ဆိုသည့်စကားပုံသည် ဗုဒ္ဓဘာသာနယ်ပယ်မှ ထွက်ပေါ်လာသည့် စကားပုံတခုဖြစ်သည်။ ဗုဒ္ဓတရားဓမ္မနှင့် ဆက်စပ်နေကာ အဓိပ္ပါယ်အလွန်လေးနက်မှုရှိသည်ကို တွေ့ရပါသည်။ ပြုလုပ်ခဲ့ဖူးသော အကုသိုလ်ကံ၏ အကျိုးဆက်များအဖြစ် ဖော်ညွှန်းလျက်ရှိပါသည်။
ဝဋ်၊ ၀ိပါက်
ဝဋ်ဆိုသည့် စကားရပ်သည် ၀ဋ္ဋ-ဟူသော ပါဠိစကားမှ ဆင်းသက်လာသည်။ သံသရာလည်ပတ်ခြင်း၊ အကြောင်း အကျိုး ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှု အကုသိုလ်များ ပြုခဲ့သည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်းစသော သဘောအဓိပ္ပါယ်များ ရှိပါသည်။
ဝိပါက်-ဟူသော စကားသည် ပါဠိဘာသာ ၀ိပါက-မှ ဆင်းသက်လာ၏။ အဓိပ္ပါယ်မှာ ကုသိုလ်ကံ၊ အကုသိုလ်ကံ တို့၏ အကျိုးတရား-ဟု ဆိုလိုသည်။ ကုသိုလ်ကံ အကျိုးကို ကုသလ၀ိပါက-ဟု ခေါ်၍ အကုသိုလ်ကံအကျိုးကို အကုသလ ၀ိပါက-ဟုခေါ်သည်။
အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်) ကျမ်းတွင် အောက်ဖော်ပြပါ ၀ဋ်သုံးမျိုးကို ပြထားကြောင့် သိရသည်။
(က) ကိလေသ၀ဋ် ( အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် သုံးပါး)
(ခ) ကမ္မ၀ဋ် ( ကုသိုလ်ကံ၊ အကုသိုလ်ကံ)
(၈) ၀ိပါက၀ဋ် ( အကျိုးတရားများ)
ထို့ကြောင့် ၀ဋ်မှာအမြဲ ငရဲမှာအပ-ဆိုသည့် စကားပုံအရ ၀ဋ်သည် ၀ိပါက (အကျိုးတရား) ၀ဋ်နှင့် သက်ဆိုင်ပါသည်။ သို့ဖြစ်၍ ၀ဋ်-နှင့် ၀ိပါက် (၀ိပါက) သည် စကားလုံးကွဲပြားသော်လည်း သဘောအဓိပ္ပါယ် အားဖြင့် အတူတူပင်ဖြစ်သည်။ မြန်မာမှုနယ်ပယ်တွင် တစုံတယောက် ဒုက္ခကြီးစွာ ခံစားနေရလျှင် ၀ဋ်ခံနေရတယ်-၀ိပါက၀ဋ်ကြီးတယ်-ဟူ၍၄င်း၊ တစုံတယောက်သည် တစုံတယောက်ကို (သို့မဟုတ်) တိရစ္ဆာန်တကောင်ကောင်ကို ညှင်းဆဲနေပါက မညှင်းဆဲနဲ့၊ ၀ဋ်လိုက်တတ်တယ်။ ၀ဋ်မှာအမြဲ၊ ငရာမှာအပတဲ့-ဟူ၍၄င်း အစဉ်အလာအရ သုံးစွဲပြောဆိုနေကြခြင်းသည် ၀ဋ်-၏အရေးကြီးမှုနှင့် လေးနက်မှုတို့ကို ဖော်ညွှန်းပြဆိုလျက်ရှိပေသည်။
ငရဲ
ငရဲ-ဆိုသည့်စကားရပ်သည် နိရယ-ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး ချမ်းသာမရှိ၊ ချမ်းသာသုခကို လုံးဝရရှိခွင့် မရှိသောကြောင့် ငရဲ (နိရဲ) ဟုခေါ်ခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာအရ ငရဲကြီးရှစ်ထပ်ရှိပြီး ငရဲကြီး တထပ်လျှင် ငရဲငယ်ငါးထပ်စီ တံတိုင်းခတ်သလို ရံပတ်တည်ရှိသည်။ ထို့ပြင် အခြားသော ငရဲငယ်များလည်း ရှိနေကြောင်း သိရသည်။ ထိုအားလုံးကို ပေါင်းစု၍ ငရဲ-ဟုခေါ်ခြင်းဖြစ်သည်။
ဝဋ်မှာအမြဲ
တစုံတယောက်သောသူသည် တစုံတယောက်အား ပြစ်မှုကျူးလွန်ခဲ့ပါက ထိုပြစ်မှု၏ ကြီးလေးမှု အတိုင်းအတာအရ ထိုသူသည် ငရဲ-၌ ဆင်းရဲဒုက္ခကို ခံစားရမည်ဖြစ်သည်။ ငရဲ၌ ကျခံပြီးနောက် လွတ်မြောက်လာပါကလည်း ပြုခဲ့မိသော အကုသိုလ်အားလျော်စွာ အခွင့်သင့်သောဘ၀များတွင် ဆင်းရဲဒုက္ခတမျိုးမျိုးကို ဆက်လက်တွေ့ကြုံခံစားရတတ်ပါသည်။ ထိုသို့ ခံစားရခြင်းကို ၀ဋ်-(၀ိပါက်) ဟုခေါ်ပါသည်။
ထိုဝဋ်ကို မခံစားရအောင် မည်သူမျှ ရှောင်လွဲ၍ မရနိုင်ပါ။ ဗုဒ္ဓမြတ်စွာဘုရားသည်ပင် ထိုဝဋ်ဒုက္ခကို မရှောင်လွှဲနိုင်ပေ။ တဆယ့်နှစ်ပါးသော ၀ိပါက်တော်ကို မြတ်ဗုဒ္ဓသည် ခံစားခဲ့ရပါသည်။ တန်ခိုးအရာတွင် ဧတဒဂ်ရရှိထားသော အရှင်မဟာမောဂ္ဂလာန်သည်လည်း တခုသောဘ၀၌ မယားမိုက်၏စကားကို နားယောင်ခဲ့ပြီး မျက်မမြင်မိဘနှစ်ပါးကို တောတွင်းသို့ ခေါ်ဆောင်သွားကာ ခိုးသားတို့ ရိုက်လေသည့်ဟန် ဆောင်ကာ ရိုက်နှက်ခဲ့သည့်ပြစ်မှုကြီးကို ကျူးလွန်ခဲ့ပါသည်။ ထိုပြစ်မှုကြောင့် ငရဲ၌ ကျခံခဲ့ရကာ ထိုဝဋ်ကြွေးကြောင့်ပင် ရဟန္တာဘ၀၌ ခိုးသားတို့၏ ရိုက်နှက်သတ်ဖြတ်မှုကို ခံခဲ့ရပြီးနောက် ပရိနိဗ္ဗာန် စံဝင်ခဲ့ရပေသည်။ သို့ဖြစ်၍ ၀ဋ်မှာအမြဲ-ဟု ဆိုထုံးပြုခဲ့ကြခြင်း ဖြစ်ပါသည်။
မြတ်ဗုဒ္ဓကိုယ်တိုင် တွေ့ကြုံခံစားရသည့် ၀ဋ်၊ ၀ိပါက် ၁၂-ပါး---
ဂေါတမမြတ်စွာဘုရားသည် အလောင်းတော်ဘ၀ များစွာထဲမှ အလွန်နုစဉ်ဘ၀များက ပြုလုပ်ခဲ့ဖူးသော အကုသိုလ်ကံများ အကျိုးဆက်အဖြစ် ၀ိပါက်တော် (၁၂)ပါးကို တွေ့ကြုံခံစားခဲ့ရပါသည်။ ထိုသို့ မြတ်စွာဘုရား ကိုယ်တိုင်တော်ပင်လျှင် ရှောင်လွှဲ၍မရနိုင်သော အကုသိုလ်ကံ၏ အကျိုးဆက်ဖြစ်သည့် ၀ိပါက်တော် (၁၂)ပါးကို လူတိုင်း လူတိုင်း သတိပြုဆင်ခြင်၍ သံဝေဂယူကြရမည် ဖြစ်ပါသည်။ မကောင်းမှုဟူသမျှကို ရှောင်၊ ကောင်းမှု ဟူသမျှကို ဆောင်ပြီး စိတ်ကို ဖြူစင်အောင် ထားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရပေမည်။ ထိုဝိပါက်တော် ၁၂-ပါးကို တင်ပြရသော်---
(၁) ပထမ၀ိပါက်တော်---
ဂေါတမ ဘုရားရှင်သည် ဘုရားမဖြစ်မီ အလွန်ဆင်းရဲပင်ပန်းစွာဖြင့် တဖက်အစွန်းသို့ ရောက်သော ဒုက္ကရစရိယာကို (၆)နှစ်တိုင်တိုင် ကျင့်တော်မူခဲ့ရပါသည်။ ထိုသို့ ကျင့်ကြံတော်မူခဲ့ရခြင်းမှာ ဂေါတမဘုရား အလောင်းတော်သည် ဇောတိပါလပုဏ္ဏားဘ၀၌ ကဿပဘုရားရှင်၏ ဒုက္ကရစရိယာကို (၆)ရက်သာ ကျင့်ရုံဖြင့် ဘုရားဖြစ်တော်မူခဲ့ကြောင်း ကြားသိရစဉ်တွင် ဒီလိုလွယ်လွယ်နဲ့ ဘုရားဖြစ်နိုင်တယ်ဆိုရင် ငါဟာ (၆)နှစ်ထိ ကျင့်နိုင်ပါတယ်-ဟု ဘုရားရှင်၏ ဂုဏ်တော်ကို သေးသိမ်အောင် ပြောဆိုပြစ်မှားခဲ့ပါသည်။ ထိုအကုသိုလ် ၀စီကံ၏အကျိုးဆက်ကြောင့် ဤသို့ (၆)နှစ်ကြာ ဒုက္ကရစရိယာကို အလွန်ဆင်းရဲ ပင်ပန်းစွာ ကျင့်ကြံတော် မူခဲ့ရခြင်း ဖြစ်ပါသည်။
မေး။
ဥရုဝေဠ တောဝမြိုင်ခွင်၊ ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်။
အားကုန်ခန်းလို့ ညှိုးနွမ်းငြိုငြင်၊ ပင်ပန်းရေး ၀ဋ်ကြွေး ဘယ်ကြောင့်တင်။
ဖြေ။
ကဿပဖျား ထင်ရှားပွင့်သော်၊ ဇောတိပါလ နာမအကျော်။
ပုဏ္ဏားမာန်တက် နှုတ်မြွက်အာဘော်၊ ၀စီပြင်း ရှေးရင်း ၀ိပါက်တော်။
(၂) ဒုတိယ၀ိပါက်တော်-
စိဉ္စမာန မိန်းမယုတ်သည် ကိုယ်ဝန်သည်ယောင်ဆောင်၍ ဂေါတမမြတ်ဗုဒ္ဓအား ပရိတ်သတ်အလယ်၌ တရားခံအဖြစ် စွပ်စွဲပြောဆိုခဲ့ပါသည်။ ထိုသို့ စွပ်စွဲခံရခြင်းအကြောင်းမှာ ဂေါတမဘုရားအလောင်းတော်သည် နုစဉ်အခါက ဗာရာဏသီပြည်တွင် ဆင်းရဲသားအရက်သမားဘ၀ ဖြစ်ခဲ့ချိန်၌ ဆွမ်းခံရပ်နေသော ရဟန္တာမြတ် တပါးကို အရက်မူးပြီး အမျိုးမျိုးကဲ့ရဲ့ စွပ်စွဲဆဲရေးတိုင်းထွာခဲ့သည့် အကုသိုလ်ကံ မကောင်းမှုအပြစ်ကြီးကို ကျူးလွန်ခဲ့ပါသည်။ ထိုအကုသိုလ်ကံကြောင့် သေလွန်သော် ငရဲသို့ ကျရောက်ခဲ့ရပြီး ငရဲမှ လွတ်ချိန်၌လည်း လူ့ဘ၀၊ နတ်ဘ၀ အမျိုးမျိုးတွင် သူတပါးတို့၏ မတရားစွပ်စွဲဆဲရေးမှုကို အကြိမ်ကြိမ်ခံခဲ့ရ၏။ နောက်ဆုံး ဘုရား ဖြစ်တော်မူသောအခါတွင် လူပုံအလယ်၌ ဤကဲ့သို့ စိဉ္စမာန မိန်းမယုတ်၏ မတရားစွပ်စွဲမှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။
မေး။
စိဉ္စမာဏ မိန်းမစေကျွန်၊ ကိုယ်ဝန်ရှိသော ဆိုပြောအလွန်။
လက်သယ်ထားလို့ ဘုရားကိုညွှန်၊ စွပ်စွဲခဲ့ အဘယ့်ဝိပါက်ဝန်။
ဖြေ။
သောက်စားလွန်ကြူး ယစ်မူးပျော်ရွှင်၊ သေသောက်သမား ဖြစ်ငြားယခင်။
ရဟန္တာမြတ် ဆွမ်းရပ်သည်မြင်၊ အကျင့်ယုတ် ဖွင့်ထုတ်စွပ်စွဲအင်။
(၃) တတိယ၀ိပါက်တော်-
ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်ဘုရား၏ ဘုန်းတန်ခိုးတော်ကြောင့် လာဘ်လာဘနည်းပါးသွားကြကုန်သော တိတ္ထိတို့၏ စေခိုင်းချက်အရ တပည့်မဖြစ်သူ သုန္ဒရီမိန်းမယုတ်သည် ဘုရားရှင်အား သူမ၏ လင်ပါပဲ-ဟု စွပ်စွဲပြောဆို၊ မကောင်းသတင်းလွှင့်ထုတ်ခြင်းကို ပြုခဲ့ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ကာလ မုနာဠိအမည်ရှိ အရက်သမားတဦးဖြစ်ခဲ့ချိန်၌ ဆွမ်းခံကြွနေသော သုရဘိအမည်ရှိ ပစ္စေကဗုဒ္ဓါ တပါးကို မိန်းမတွေနဲ့ ပျော်ပါးလေ့ရှိသော အလဇ္ဇီဒုဿီလ ဖြစ်သည့် ဤရဟန်းမျိုးကို မပေးကြ၊ မကမ်းကြနဲ့-ဟု ကဲ့ရဲ့ရှုတ်ချခဲ့ပါသည်။
ထိုအကုသိုလ်ကံကြောင့် အလောင်းတော်သည် အ၀ီစိငရဲသို့ ကျရောက်ခဲ့ပြီး ငရဲမှလွတ်ပြီးနောက်တွင်လည်း လူ၊ နတ် ဘ၀အမျိုးမျိုး၌ သူတပါးတို့၏ မတရားစွပ်စွဲကဲ့ရဲ့ရှုတ်ချမှုကို ခံခဲ့ရပေသည်။ နောက်ဆုံးဘုရားဖြစ်တော်မူသည့်အခါ ဤကဲ့သို့ သုန္ဒရီမိန်းမယုတ်၏ မတရားစွပ်စွဲသတင်းလွှင့်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပါသည်။
မေး။
တိတ္ထိစေခိုင်း မိုက်ရိုင်းဒုဿီ၊ ထင်ယောင်ထင်မှား ပြုငြားသုန္ဒရီ။
လူရှင်အပေါင်း ယုံကြောင်းပွေလီ၊ ရှင်တော်ထွတ် ဘယ်ဝဋ်ရှေးကမှီ။
ဖြေ။
မုနာဠိ-ဟု မည်ရှိလောင်းတော်၊ မောက်ကြွားမှောက်မှား သောက်စားအပျော်။
ရှင်ပစ္စေက ဗုဒ္ဓမြင်သော်၊ ဒုဿီပဲ စွပ်စွဲဝဋ်ကြွေးပေါ်
(၄) စတုတ္ထ၀ိပါက်တော်-
တိတ္ထိတို့သည် တပည့်မဖြစ်သူ သုန္ဒရီမိန်းမယုတ်ကို သတ်ပြီး ဇေတ၀န်ကျော်းတော်အနီး၌ အလောင်းကို ပစ်ထားခဲ့ကြကာ သုန္ဒရီကို ဘုရားရှင်နှင့် ရဟန်းတော်များက သတ်ပစ်တာဖြစ်ရမည်ဟု စွပ်စွဲခဲ့ကြပြန်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ရှေးအခါက ဘုရားအလောင်းတော်သည် ဈာန်မရသော ရသေ့တပါးဖြစ်ခဲ့စဉ်၌ ကောင်းကင်၌ ဈာန်ကြွနိုင်သော ရသေ့တပါးအပေါ် မနာလိုဖြစ်ကာ အဘိဇ္ဈာ၊ ဣဿာ၊ မစ္ဆရိယ တရားဆိုးများဖြစ်လာပြီး ထိုရသေ့အကြောင်းကို သိကြောင်း၊ ထိုရသေ့သည် ကျင့်ယုတ်သူဖြစ်၍ ကိုးကွယ်၍ အကျိုးမရှိနိုင်ကြောင်း စသည်ဖြင့် ကဲ့ရဲ့ရှုတ်ချပြောဆိုခဲ့ပါသည်။ ထိုအကုသိုလ်ကံ၏အကျိုးဆက်ကြောင့် ယခုကဲ့သို့ စွပ်စွဲခံရခြင်း ဖြစ်ပါသည်။
မေး။
သုန္ဒရီမိုက် သတ်လိုက်လေရာ၊ တိတ္ထိအသင်း သတင်းလွှင့်ကာ။
တပည့်များနှင့် ဘုရားကိုသာ၊ လူအများ ယုံမှားဘယ်တွက်တာ။
ဖြေ။
လောင်းတော်ရသေ့ ပျော်မွေ့စံရာ၊ ရသေ့တဦး ဈာန်မြူးကွန့်လာ။
ငြူစူစိတ်ဇော မနောဣဿာ၊ ကျင့်ယုတ်ကြီး နှုတ်သီးချွန်သည့်တာ။
(၅) ပဉ္စမ၀ိပါက်တော်-
ဂေါတမဘုရား စင်္ကြံလျှောက်နေတော်မူစဉ် ရှင်ဒေ၀ဒတ်သည် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်မောင်းဆင်၍ ဖြုတ်ချလုပ်ကြံခဲ့ပါသည်။ ထိုသို့ လုပ်ကြံခံခဲ့ရခြင်းသည် ဘုရားလောင်း နုစဉ်အခါ သူဌေးသားဖြစ်ခဲ့စဉ်တွင် မိဘနှစ်ဦးဆုံးပါးသွားခဲ့ရာမှ ညီငယ်ဖြစ်သူကို အမွေခွဲဝေမပေးလိုသဖြင့် ညီငယ်ကို အယုံသွင်း၍ တောထဲ ခေါ်သွားကာ ကျောက်တုံးဖြင့် ထုသတ်ခဲ့ဖူးပါသည်။
ထိုအကုသိုလ်ကံကြောင့် ဘုရားအလောင်းသည် ငရဲကျကာ ငရဲမှလွတ်မြောက်လာသောအခါတွင်လည်း ဘ၀များစွာ၌ သူတပါး၏သတ်ဖြတ်ခြင်းကို ခံခဲ့ရရှာပေသည်။ နောက်ဆုံး ဘုရားရှင်ဘ၀၌ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ဝဋ် အဖြစ် ယခုကဲ့သို့ ကျောက်မောင်းဆင်၍ လုပ်ကြံခြင်းကို ခံခဲ့ရခြင်း ဖြစ်ပေသည်။
မေး။
ဝေဘာတောင်စောင်း ကျောက်မောင်းဆင်ကာ၊ ဒေ၀ဒတ်ယုတ် ခလုတ်အသာ။
သူဖြုတ်ချလို့ ဗုဒ္ဓခြေမှာ၊ ကျောက်လွှာငြိ ဒဏ်ထိဘယ်ဝဋ်ပါ။
ဖြေ။
သူကြွယ်မျိုးဇာတ် ဖြစ်လတ်တုံချေ၊ ညီကိုလှည့်ဖျား ခေါ်သွားသလေ။
ကျောက်နှင့်ဖိညှပ် ထုသတ်ကြိတ်ချေ၊ ကျောက်ဝိပါက် အဆက်ပါခဲ့ပေ။
(၆) ဆဋ္ဌမ၀ိပါက်တော်-
ဒေ၀ဒတ်၏ ကျောက်မောင်းဆင်လုပ်ကြံမှုအရ မြတ်စွာဘုရား၏ ခြေမတော်အား ကျောက်စ ထိမှန်ကာ သွေးစိမ်းတည်၍ နာကျင်ကိုက်ခဲခံရပါသည်။ ထိုသို့ဖြစ်ရခြင်းသည် အလောင်းတော် နုစဉ်အခါက မထင်ရှားသော ကလေးတဦးဖြစ်ခဲ့စဉ်တွင် ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါတပါး၏ ခြေမတော်ကို ခဲဖြင့် ပစ်ခဲ့ရာမှ ထိမှန်ပြီး သွေးစိမ်းတည်ခဲ့ရပါသည်။ ထိုအကုသိုလ်ကံ၏ အကျိုးဆက်အရ ဘုရားရှင်သည် ခြေမတော်၌ ကျောက်စထိမှန် ဒဏ်ရာရခဲ့ဖြင်း ဖြစ်ပါသည်။
မေး။
ကျောက်လွှာထိပါး မြတ်ဖျားထွတ်တင်၊ တည်နေ၀ပ်ကိန်း သွေးစိမ်းအရှင်။
ခြေမတော်ထဲ ကိုက်ခဲနာကျင်၊ ၀ိပါက်ရင်း အလင်းပြစေချင်။
ဖြေ။
သူငယ်ဖြစ်ခိုက် လမ်း၌ပျော်ရွှင်၊ ရှင်ပစ္စေက ဝေးမှအမြင်။
ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်၊ သွေးယိုဆင်း ရှေးရင်းဝိပါက်ပင်။
(၇) သတ္တမ၀ိပါက်တော်-
မြတ်ဘုရားသည် ရှင်ဒေ၀ဒတ်၏ လုပ်ကြံမှုကြောင့် ခြေမတော်၌ သွေးစိမ်းတည်ကာ သွေးပုပ်ပြည်ပုပ် များကြောင့် ကိုက်ခဲနာကျင်တော်မူခဲ့ရာ သမားတော်ကြီး ဇီဝက၏ ဓားဖြင့် ခွဲစိတ်ကုသပေးမှုကို ခံတော်မူခဲ့ရ ပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားအလောင်း နုစဉ်ဘ၀ သေသောက်ကျူးသော မင်းတပါးဖြစ်ခဲ့စဉ်က အရက်မူးယစ်ပြီး နန်းတော်တွင်းရှိ အပြစ်မဲ့သူတဦးကို ကိုယ်တိုင် ဓားဖြင့်ခွဲစိတ်ခဲ့ဖူးသည့် အကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ဖြစ်ပါသည်။
မေး။
ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ်၊ မုန်ကျဆင်ကြီး ခရီးအကျယ်။
ဒေ၀ဒတ်မိုက် လွှတ်လိုက်ပြန်တယ်၊ ရင်ဆိုင်တွေ့ ဆင်ဝှေ့ဘယ်ဝဋ်နွယ်။
ဖြေ။
ဆင်ထိန်း ဆင်ကျောင်း အလောင်းဖြစ်တုံ၊ ရှင်ပစ္စေက လမ်းမအဆုံ။
ဒေါသထားလို့ ပြစ်မှားသုန်မှုန်၊ ဆင်နှင့်တိုက် ၀ဋ်လိုက်စေဖို့ကြုံ။
(၈) အဋ္ဌမ၀ိပါက်တော်-
မြတ်စွာဘုရားအား ဒေ၀ဒတ်သည် နာဠာဂီိဆင်ဖြင့် တိုက်သတ်ရန် ကြံစည်လုပ်ကြံခဲ့ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ဘ၀က ဆင်ထိန်းတဦး ဖြစ်ခဲ့စဉ်၌ ပစ္စေကဗုဒ္ဓါ တပါးကို လမ်းမဖယ်ပေးဘဲ မိမိစီးလာသော ဆင်ဖြင့် တိုက်ခဲ့ဖူးခြင်းကြောင့် ဖြစ်ပါသည်။
မေး။
ကျောက်လွှာခတ်လို့ သွေးဓာတ်ဆူပူ၊ ခြေမတော်ဦး ထွတ်ဖူးတဆူ။
သွေးညိုကိန်းလို့ ကျိန်းစပ်တော်မူ၊ ဇီဝက ခွဲရ ဘယ်ဝဋ်ဟူ။
ဖြေ။
ပဒေသရာဇ် မင်းဖြစ်စဉ်ဝယ်၊ မူးယစ်သောက်စား ဖောက်ပြားမဖွယ်။
လူရှင်လတ်လတ် ထိုးသတ်ပြန်တယ်၊ ဓားဝိပါက် အဆက် သူကနွယ်။
(၉) န၀မ၀ိပါက်တော်-
မြတ်စွာဘုရားသည် တခါတရံ ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာကို ခံစားတော်မူရရှာပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားအလောင်းတော် နုစဉ် ဘ၀ တံငါမျိုးတွင် ဖြစ်ခဲ့စဉ်က မိဘဆွေမျိုးတို့ ငါးများထုသတ်နေမှုအား တွေ့မြင်ရစဉ် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ဖူးသည့်အပြင် ကိုယ်တိုင်လည်း ငါးများကို ထုသတ်ခဲ့ဖူးပါသည်။ ထိုအကုသိုလ်ကြောင့် ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာကို ခံစားတော်မူရခြင်း ဖြစ်သည်။
မေး။
သုံးလူထွတ်ဖူး မြိုက်မှူးသျှောင်ကေ၊ ရံဖန်ခါလဲ ခေါင်းခဲပလေ။
ဝေဒနာဝဋ် မလွတ်တုံချေ၊ ဘယ်ဝိပါက် အဆက်ပါခဲ့ပေ။
ဖြေ။
ရှေးခါကပ်ဟောင်း မကောင်းကံဆော်၊ တံငါမျိုးဇာတ် ဖြစ်လတ်သရော်။
ငါးတို့ဦးခေါင်း ထုထောင်းမြင်သော်၊ ၀မ်းမြောက်မိ လိုက်ဘိဝိပါက်တော်။
(၁၀) ဒသမ၀ိပါက်တော်-
မြတ်စွာဘုရားသည် ရံဖန်ရံခါ ခါးတော်ကိုက်ခဲမှု ဝေဒနာကို ခံစားတော်မူရရှာပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ဘ၀က လက်ဝှေ့ကျော်တဦး ဖြစ်ခဲ့စဉ် စိမ်ခေါ်သူ ပြိုင်ဘက် လက်ဝှေ့သမားတို့ကို အမြဲတမ်းဆိုသလို ခါးရိုးကျိုးအောင် ထိုးသတ်ပြီး အနိုင်ယူခဲ့ခြင်းကြောင့် ဖြစ်ရပါသည်။
မေး။
အထွတ်ဆုံးဟု သုံးလူ့မျက်မှန်၊ ခါးတော်ကိုက်ခဲ အသဲအသန်။
ဝေဒနာများ ခံစားရဖန်၊ ဘယ်အကြောင်း ကံဟောင်း ထုတ်လို့ပြန်။
ဖြေ။
လက်ဝှေ့ သတ်ကောင်း အလောင်းဖြစ်သော်၊ ပြိုင်ပွဲဆိုင်ပွဲ နိုင်ပွဲအကျော်။
နိုင်လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊ အသတ်ကောင်း ဇာတ်ဟောင်း ၀ိပါက်တော်။
(၁၁) ဧကာဒသမ၀ိပါက်တော်-
ဘုရားရှင်သည် နောက်ပါရဟန်း (၅၀၀)နှင့်အတူ ဝေရဉ္ဇာပြည်အနီး၌ ၀ါဆိုတော်မူစဉ် တ၀ါတွင်းလုံး မုယောဆွမ်းကြမ်းကိုသာ ဘုဉ်းပေးတော်မူခဲ့ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဘုရားအလောင်း နုစဉ်ဘ၀က မထင်ရှားသော အမျိုးသားတဦး ဖြစ်ခဲ့စဉ် ရဟန်းများ ဆွမ်းစားနေကြသည်ကိုမြင်လျှင် အချောင်သမား ကတုံးတွေက သလေးဆွမ်းလို ကောင်းမွန်နူးညံ့တဲ့ ဆွမ်းနဲ့ မတော်ပါဘူး။ မုယောဆွမ်းကြမ်းနဲ့ပဲ ထိုက်တန်ပါတယ်-စသဖြင့် ရှုတ်ချပြောဆိုခဲ့မှုကြောင့် ဖြစ်ပါသည်။
မေး။
ဝါတော်ကပ်တော့ မာရ်နတ်နှိုးဆော်၊ ဝေရဉ္ဇာတိုင်း သမိုင်းအကျော်။
မုယောဆွမ်းမို့ ကြမ်းကြမ်းထော်ထော်၊ ဘုဉ်းပေးရ ရှေးက ဘယ်ဝဋ်နော်။
ဖြေ။
မထင်မရှား မျိုးသားဖြစ်တုံ၊ ရဟန်းတော်များ ဆွမ်းစားခိုက်ကြုံ။
ဆွမ်းကြမ်းစားဟု ပြစ်မှားဆိုပုံ၊ ၀စီတွက် ၀ိပါက်တော်တဲ့ယုံ။
(၁၂) ဒွါဒသမ၀ိပါက်တော်-
ဆဒ္ဒန်ဆင် ဆယ်စီးအားကို ဆောင်နိုင်သော မြတ်ဘုရားသည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင် ၀မ်းတော်လားကာ ပရိနိဗ္ဗာန် စံတော်မူခဲ့ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အလောင်းတော်နုစဉ်ဘ၀ ကျွမ်းကျင်လိမ္မာသော ဆေးဆရာတဦး ဖြစ်ခဲ့စဉ်တွင် သူဌေးသားတဦးအား ၀မ်းရောဂါပျောက်အောင် ကုသပေးခဲ့သော်လည်း သူဌေးသားက ဆေးဖိုးဝါးခ မပေးချင်၍ ရောဂါမပျောက်ကြောင်း လိမ်ညာပြောဆိုခဲ့၏။ ထိုအခါ ဘုရားအလောင်း ဆေးဆရာသည် သူဌေးသား လိမ်ညာမှန်းသိ၍ အလွန်ပြင်းထန်သော ၀မ်းလျှောဆေးကိုပေးလိုက်ရာ သူဌေးသားသည် ထိုဆေးကိုစား၍ ၀မ်းလျှောကာ သေလေ၏။
မေး။
ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန်၊ ၀မ်းတော်သွန်ငြား ရွှေအားမသန်။
ခွေယိုင်နွှဲ့လို့ မြန်းခဲ့နိဗ္ဗာန်၊ ဖြစ်စေကြောင်း ကံဟောင်းသိဖို့ရန်။
ဖြေ။
ရောဂါကုစား သမားဉာဏ်ကျယ်၊ ရှင်သူဌေးသား ဆေးဝါးကုတယ်။
ခ,မပေးလို့ ဟိုရှေးဘုန်းကြွယ်၊ ၀မ်းလားဆေး တိုက်ကြွေးဝဋ်ဟောင်းလယ်။
ထိုအကုသိုလ်ကံကြောင့် ဘုရားရှင်သည် ၀မ်းတော်လားခဲ့သောအခါ ဆဒ္ဒန်ဆင် ဆယ်စီးအားကို ဆောင်နိုင်သော ကိုယ်တော်သည်ပင် အားအင်ချိနဲ့ကာ ကတိမ်းကပါး ဖြစ်ခဲ့ရ၏။ ဆရာဇီဝကသည် ဘုရားရှင်အား အကောင်းဆုံးသော ၀မ်းပိတ်ဆေးကို ကပ်တော်မူသောအခါ ဘုရားရှင်က ဇီဝက-သင့်ဆေးတွေ သောက်ပေမယ့်လည်း အကျိုးမထူးနိုင်တော့ဘူး၊ ငါဘုရား ရှေးဝိပါက် ကြုံလာပြီ၊ မကပ်နဲ့တော့-ဟု မိန့်တော်မူခဲ့ကြောင်း လေ့လာသိရှိရပါသည်။
သတိပေးကဗျာ-
ဝိပါက်ရောက်ရေး ကြောက်သွေးတုန်ဖွယ်၊ ဘုရားသော်လဲ ရှောင်လွဲ မလွယ်။
တွေ့ကြုံမြဲမို့ တ၀ဲလယ်လယ်၊ မလွတ်သေး ၀ဋ်ကြွေးခက်လှတယ်။
ကြင်နာထောက်ထား သနားမြော်ခေါ်၊ ကုသိုလ်ပွားမှု အားပြုကြနော်။
နှိပ်စက်ညှဉ်းပန်း သရမ်းပြက်ချော်၊ ရှောင်ကြဉ်ရေး ၀ဋ်ကြွေး စင်ဖို့မြော်။
ဝန်ခံချက်။ ။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး ပြုစုသော သာဓုသုန္ဒရီ ယပ်လှဲတရားစု ဒုတိယတွဲမှ ကူးယူဖော်ပြပါသည်။
ငရဲမှာ အပ-
ငရဲကား ၀ဋ် (၀ိပါက်) ကဲ့သို့ မဟုတ်ပေ။ မကောင်းမှု အကုသိုလ်ကံကို ကျူးလွန်မိလျှင် ငရဲသို့ ကျရောက်တတ် သည်ဟု ဆိုသော်လည်း အကုသိုလ်ပြုမိတိုင်း ငရဲသို့သာ ရောက်ကြရသည်မဟုတ်ပါ။ အကုသိုလ်ကံကို အမှန်ကျူးလွန်ခဲ့သော်လည်း ငရဲသို့မကျရောက်ခဲ့သည့် သာဓကများကို တင်ပြရသော်--
အာဏာပါးကွက်သား နတ်ပြည်သွားခဲ့---
မြတ်ဗုဒ္ဓဂေါတမ လက်ထက် ရာဇဂြိုဟ်ပြည်တွင် တမ္ဗဒါဌိက အမည်ရှိသော အာဏာပါးကွက်သား ခိုးသူသတ်သမား တဦးရှိခဲ့၏။ သူသည် နှစ်ပေါင်းငါးဆဲ့ငါးနှစ်တိုင်တိုင် ဘုရင့်အကျဉ်းထောင်မှ သေဒဏ်အပေးခံရသူများကို သတ်ခဲ့ရပါသည်။ ထိုအကုသိုလ်ကံကြောင့် သေလျှင် ငရဲသို့ ကျရောက်ရပေမည်။ ထိုသို့သော အခြေအနေတွင် အရှင်သာရိပုတ္တရာသည် ကယ်တင်လိုသဖြင့် ဆွမ်းခံကြွတော်မူပြီး တရားဓမ္မများ ဟောကြားတော်မူခဲ့ပါသည်။ တမ္ဗဒါဌိကသည် ဆွမ်းလှူခြင်း၊ တရားနာခြင်း၊ တရားကို ဆင်ခြင်ခြင်း ကုသိုလ်ကိုပြု၍ သေလွန်သောအခါ ထိုကုသိုလ်သည် လူအများကို သတ်ခဲ့သည့် အကုသိုလ်ကံကြောင့် ငရဲကျခံရမည်ကို အပပြုလိုက်နိုင်ခဲ့သဖြင့် တုသိတာနတ်ပြည်၌ နတ်သားဘ၀သို့ ရောက်ရှိသွားခဲ့ရပါသည်။
ဘုရားရှင်အား ရှိခိုးသော ကောင်းမှုကြောင့် နတ်သားဖြစ်ခဲ့---
သာဝတ္ထိပြည်တွင် မဋ္ဌကုဏ္ဍလီ အမည်ရှိသော လုလင်တဦး ရှိခဲ့သည်။ ထိုလုလင်သည် မည်သည့်အလှူဒါနကိုမျှ မပြုခဲ့သဖြင့် ကုသိုလ်ကောင်းမှုဟူ၍ မရှိ၊ အကုသိုလ်ကံများသာရှိသည်။ ထိုအကုသိုလ် မကောင်းမှုကံ များကြောင့် သေလျှင် ငရဲသို့ရောက်ရမည်သာဖြစ်သည်။ ထိုအဖြစ်ကို မြတ်ဗုဒ္ဓ မြင်တော်မူသဖြင့် ကယ်မ,လိုသောကြောင့် ထိုလုလင်၏ အိမ်ရှေ့သို့ သွားရောက်ပြီး ရောင်ခြည်တော်တို့ကို လွှတ်၏။ သေလုဆဲဆဲ မဋ္ဌကုဏ္ဍလီသည် ရောင်ခြည်တော်တို့ကို မြင်၍ ကြည်ညိုသဒ္ဓါစိတ်ဖြင့် မြတ်ဗုဒ္ဓအား လျောင်းအိပ်လျက်ကပင် ရှိခိုးသည်။ ထိုကောင်းမှုစိတ်ဇောဖြင့် သေလွန်သဖြင့် ငရဲသို့ကျရမည့်အစား တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်ရလေသည်။
မုဆိုးကြီးတဦး နတ်ပြည်ရောက်သွားခဲ့---
သောဏဂီရိတောင်ပေါ်ကျောင်းတွင် သီတင်းသုံးနေသော ရဟန္တာအရှင်သောဏ၏ ဖခင်သည် မုဆိုးအလုပ်ဖြင့် အသက်မွေးသူဖြစ်သည်။ အသက်အရွယ် ကြီးကာမှ သားဘုန်းကြီးထံ ခိုဝင်၍ ရဟန်းပြုခဲ့၏။ မကျန်းမာ၍ သေခါနီးအချိန်တွင် ငရဲသို့ကျရောက်မည့် ဂတိနိမိတ်များ မြင်သဖြင့် ကြောက်လန့်စွာ ယောင်ယမ်းအော်ဟစ် ခဲ့၏။ ထိုအခြင်းအရာကို သားရဟန္တာက မြင်သောအခါ ဖခင်အား စေတီရင်ပြင်သို့ ရွှေ့ပြောင်းပြီး ပန်းများကို ကပ်လှူ၍ အာရုံပြုစေခဲ့သည်။ ဤသို့ဖြင့် မုဆိုးတဖြစ်လဲ ရဟန်းအိုကြီး၏ စိတ်အစဉ်တွင် ကုသိုလ်အာရုံများ ဖြစ်ပေါ်လာ၍ ငရဲနိမိတ်များ ပျောက်ကာ နတ်ဘုံသို့ရောက်မည့် အာရုံနိမိတ်များ ထင်လာခဲ့ပါသည်။ ထိုကုသိုလ်စိတ်ဇောဖြင့် ကွယ်လွန်ခဲ့သဖြင့် နတ်ပြည်သို့ ရောက်ရှိသွားခဲ့ရပါသည်။
အရှင်အင်္ဂုလိမာလ---
လက်ညှိုးပေါင်းတထောင် ရရေးအတွက် လူသတ်လက်ညှိုးဖြတ်ယူခဲ့သူ ဖြစ်ပါသည်။ တထောင်ပြည့်ရန် တချောင်းသာလိုတော့သည့်အချိန်တွင် မိခင်နောက်သို့ပင် လက်ညှိုးဖြတ်ရန်အလို့ငှါ လိုက်ခဲ့ပါသည်။ ထိုအချိန်တွင် မြတ်ဗုဒ္ဓက ကြားဖြတ်၍ ကယ်ချွတ်တော်မူသဖြင့် အကျွတ်တရားရပြီး နောက်ဆုံးကျင့်ကြံပွားများ အားထုတ်မှုကြောင့် ရဟန္တာဖြစ်ခဲ့ပါသည်။ အရှင်အင်္ဂုလိမာလသည် ရဟန္တာဖြစ်သည်အထိ တရားဓမ္မကို နာယူကျင့်ကြံပွားများအားထုတ်နိုင်ခဲ့မှုကြောင့် ငရဲကို အပြီးအပိုင် အပ-ပြုလုပ်နိုင်ခြင်း ဖြစ်ပါသည်။
ငရဲသို့ အပပြုလုပ်နိုင်ခဲ့မှု နည်း ၂-မျိုး---
အထက်ဖော်ပြပါ ငရဲသို့ အပပြုလုပ်နိုင်ခဲ့သော သာဓကဖြစ်စဉ်များကို စိစစ်ဆင်ခြင်ကြည့်သော် အာဏာပါးကွက်သား တမ္ဗဒါဌိက၊ မဋ္ဌကုဏ္ဍလီ လုလင်နှင့် မုဆိုးကြီးတို့၏ ငရဲကိုအပပြု၍ နတ်ပြည်ရောက်သွားခြင်းနည်းသည် စိတ်ချရသော နည်းမျိုးမဟုတ်။ ထိုသူတို့သည် အပါယ်တံခါးကို ပိတ်နိုင်သော အနည်းဆုံး သောတာပန်အဆင့်သို့ရောက်အောင် မကျင့်ကြံ မကြိုးစားနိုင်ပါက ကုသိုလ်ကံ အရှိန်ကုန်ပါလျှင် အပါယ်ငရဲသို့ ပြန်ကျရနိုင်ပါသည်။ ယခု ငရဲကို အပပြု၍ နတ်ပြည်ရောက်သွားခြင်းသည် ပဋိသန္ဓေအကျိုးပေးသော ကံ (၄)မျိုးအနက် ဂရုကကံကြီးဖြစ်သော ပဉ္စာနန္တရိယကံကို မကျူးလွန်မိခဲ့ခြင်းနှင့် သေခါနီး နောက်ဆုံးအချိန် ကြားဖြတ်ဝင်လာသော အာသန္နကံအရ ကုသိုလ်ဇောစိတ်ဖြင့် သေဆုံးသွား ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။ သို့ပါ၍ ကုသိုလ်ကံ အရှိန်ကုန်ပါလျှင် ငရဲသို့ ပြန်ကျနိုင်သည့်နည်းဖြင့် ငရဲကို အပပြုခဲ့ခြင်းဟု ဆိုရပါမည်။
အရှင်အင်္ဂုလိမာလ၏ ငရဲကို အပပြုလိုက်ခြင်း နည်းမှာမူ ရဟန္တာဖြစ်သည်အထိ ၀ိပဿနာဘာဝနာကို ကျင့်ကြံ ပွားများ အားထုတ်နိုင်မှုကြောင့် မဂ်ကုသိုလ်ဖြင့် ငရဲကို အပြီးအပိုင် အပပြုလိုက်နိုင်ခြင်း ဖြစ်သည့်အတွက် စိတ်အချရဆုံးသော အပပြုနည်း ဖြစ်ပါသည်။
နတ်ပြည်မှ ငရဲသို့ ပြန်ကျခဲ့ရသည့် သာဓက အချို့---
ကုသိုလ်ကံကောင်းမှု အရှိန်ကုန်ဆုံးချိန်တွင် နတ်ပြည်မှ ငရဲသို့ ကျသွားခဲ့သည့် သာဓကများလည်း ရှိခဲ့ပါသည်။
ပထမသာဓကအဖြစ် တာဝတိံသာနတ်ပြည်က သုဗြဟ္မနတ်သားနှင့် နတ်သမီး တထောင်တို့၏ ဖြစ်စဉ်ကို တင်ပြပါမည်။
တနေ့တွင် နတ်သမီး ငါးရာက ပန်းပင်ပေါ်မှ ပန်းပွင့်များကို ခြွေချပြီး အောက်ရှိ နတ်သမီး ငါးရာက ပန်းများကို ကောက်ယူသီကုံး၍ သုဗြဟ္မနတ်သားအား ပန်ပေးနေကြပါသည်။ ထိုသို့ပျော်ပါးနေကြစဉ် ပန်းပင်ပေါ်ရှိ နတ်သမီးငါးရာသည် ရုတ်တရက် သေဆုံးသွားကြပါသည်။ ထိုအခါ နတ်သားက နတ်မျက်စိဖြင့် ကြည့်ရှုရှာဖွေ ခဲ့ရာ အဆိုပါ နတ်သမီးငါးရာတို့သည် အ၀ီစိငရဲ၌ ကျခံနေရသည်ကို တွေ့ရှိရ၍ သေခြင်းတရားကို သတိရသွား ခဲ့ပါသည်။
နတ်သားသည် ဆက်လက်၍ သူနှင့် ကျန်နတ်သမီး ငါးရာတို့၏ နတ်သက်တမ်းကို ပြန်ကြည့်ရာ နတ်သက် (၇)ရက်သာ ကျန်ရှိတော့သည်ကို တွေ့ရပြီး နတ်ပြည်မှ စုတေလျှင် အ၀ီစိငရဲသို့ပင် ကျရောက်မည်ကို သိရသဖြင့် အလွန်ကြောက်ရွံ့ စိုးရိမ်သွားခဲ့ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားထံ အရောက်သွား၍ သူတွေ့နေရသည့် ဒုက္ခကိုလျှောက်ထားခဲ့ရာမှ မြတ်ဗုဒ္ဓက-
ချစ်သား သုဗြဟ္မနတ်သား ၀ိပဿနာဉာဏ်အလင်းလို့ဆိုရမည့် ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာကို၎င်း၊ ခြိုးခြံခြင်းလို့်ခေါ်သည့် တပအကျင့်ကို၎င်း၊
မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်-လို့ခေါ်သည့် ဣနြေ္ဒ (၆)ပါးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည့် ဣန္ဒြိယသံဝရ သီလကို၎င်း၊
အလုံးစုံသော ၀ဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်သည့် နိဗ္ဗာန်ကို၎င်း၊
ဤလေးမျိုးကို ဖယ်ထား၍ သတ္တ၀ါတို့၏ ချမ်းသာဆိုသည်ကို ငါဘုရား မြင်တော်မမူ-ဟု ဟောကြားတော်မူပါသည်။
နတ်သားသည် ဂါထာအဆုံး၌ပင် သောတာပတ္တိမဂ်ကို ရရှိ၍ အပယ်ဘေးမှ လွတ်ကင်းအေးချမ်းသွားခဲ့ကြောင်း တွေ့ရပါသည်။
ဒုတိယသာဓကအနေဖြင့် ဒေါသကြောင့် သေရသည့် နတ်သားနှစ်ယောက်အကြောင်း ဖြစ်စဉ်ကို တင်ပြပါမည်။
နတ်သားနှစ်ယောက်သည် တယောက်နှင့်တယောက် တွေ့သည့်အခါ မနာလိုခြင်း ဣဿာနှင့် ၀န်တိုခြင်း မစ္ဆရိယတို့၏ တွန်းအားကြောင့် တယောက်သော နတ်သားက သင်သည် လူဘ၀တုန်းက အဆင့်အတန်းမရှိတဲ့ ဆင်းရဲသားတယောက်ပါ။ ရဟန်းတော်တပါးကို ဆွမ်းလေးတဇွန်းလောင်းလှူခဲ့သည့် ကုသိုလ်ကို အမှတ်ရပြီး သေခဲ့လို့ ဒီနတ်ပြည်ကို ရောက်ရတာပါ-ဟု ဆိုသလို၊
ကျန်နတ်သားတပါးကလည်း သင်နတ်သားကရော ဘာထူးလို့လည်း၊ လူ့ဘ၀တုန်းက ကျွန်ုပ်ထက်တောင် ပိုဆင်းရဲသေးတယ်။ ဗုဒ္ဓရုပ်ပွားတော်ကို သစ်သီးတလုံး လောင်းလှူခဲ့တဲ့ ကုသိုလ်ကို အမှတ်ရပြီး သေခဲ့လို့ ဒီနတ်ပြည်ကို ရောက်လာတာပါ-ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ ထိုသို့စကားများရင်းမှ ပြင်းထန်သော ဒေါသအဆင့်သို့ ရောက်လာသောအခါ နတ်သားနှစ်ပါးစလုံး ဖြုတ်ကနဲ သေပြီး ငရဲကိုကျသွားခဲ့ရပါသည်။
သို့ပါ၍ အထက်ပါ သာဓကများအရ ၀ိပဿနာဘာဝနာ ပွားများအားထုတ်ခြင်း မရှိသဖြင့် မဂ်တခုခုကို မရရှိခဲ့သော ပုဂ္ဂိုလ်သည် ငရဲကို ပနိုင်သည့်တိုင် စိတ်မချရပါ။ ကုသိုလ်ကံ အရှိန်ကုန်ပါက ပြုထားခဲ့သော အကုသိုလ် မကောင်းမှုကံများကြောင့် ငရဲသို့ ကျရောက်ရပေမည်။ မဂ်ရရှိထားမှသာ ငရဲအပါအ၀င် အပါယ်လေးဘုံကို လုံးဝအပြီးအပိုင်ပါယ်ထား၊ ပထားနိုင်မည် ဖြစ်ပါကြောင်း သတိမူကြရပါမည်။
ငရဲကို အပပြုနိုင်သလို ကုသိုလ်ကောင်းမှု အကျိုးကို အကုသိုလ်ကံက ဖြတ်ကျော်နိုင်မှု---
ငရဲကို အပပြုနိုင်သကဲ့သို့ ၀ိပဿနာဘာဝနာကို အားထုတ်၍ မဂ်တခုခုကို မရယူနိုင်သေးသည့် ပုဂ္ဂိုလ်များသည်လည်း ကောင်းမှုကုသိုလ်ကံများကို မည်မျှပင်ပြုလုပ်ထားကြစေကာမူ အပါယ်လေးပါးနှင့် လွတ်ကင်းရလိမ့်မည်ဟု စိတ်ချယုံကြည်၍ မရပါ။ သာဓကအနေဖြင့် တင်ပြရသော် စေတီပေါင်း၊ ရေတွင်းရေကန်ပေါင်း ရှစ်သောင်းလေးထောင်စီ လှူဒါန်းထားခဲ့သော သီရိဓမ္မာသောကမင်းကြီးသည် စုတေစိတ်ကျခါနီးအချိန်၌ မြေးတော်၏ ထီးနန်းသိမ်းပိုက်ခြင်းကို ခံထားရသဖြင့် ဧကရာဇ်ဘုရင်မင်းကြီး ဖြစ်ပါလျှက် ဆေးအဖြစ်ငုံထားရသော သျှစ်သျှားသီးအပိုင်းလေးမျှကိုသာ ပိုင်ဆိုင်ထားရတော့သည့်အဖြစ်ကို စိတ်အာရုံရောက်ပြီး တွေဝေသည့် မောဟစိတ်ဖြင့် သေဆုံးခဲ့ရသဖြင့် စပါးကြီးမြွေဘ၀သို့ ရောက်ရှိသွား ခဲ့ကြောင်း တွေ့ရပါသည်။ နောက်ဆုံး သားဖြစ်သူ ရဟန္တာက ကယ်ချွတ်မှသာ မြွေဘ၀မှ ကျွတ်လွတ်ကာ နတ်ပြည်သို့ ရောက်သွားခဲ့ရပါသည်။
ထိုနည်းတူစွာပင် ကုသိုလ်ပြုရာအရာ၌ တဖက်သားများ မတုပနိုင်အောင် လှူဒါန်းအပ်သော အသဒိသဒါန အလှူကြီးကို ပြုလုပ်နိုင်ခဲ့သူ မလ္လိကာမိဖုရားကြီး (ပေဿနဒီ ကောသလမင်းကြီး၏ မိဖုရား) သည် သေဆုံးခါနီးအချိန်၌ ဘုရင်ကြီးကို လိမ်ပြောမိခဲ့သည့် အကုသိုလ်ကံစိတ်ဇောဖြင့် သေလွန်ခဲ့သဖြင့် အ၀ီစိ ငရဲ၌ ၇-ရက် ကျခံခဲ့ရပါသည်။ ငရဲမှလွတ်မှသာ နတ်ပြည်သို့ ရောက်ရှိသွားခဲ့ရပါသည်။
သို့ပါ၍ လူသားတို့သည် ကုသိုလ်ကောင်းမှုများကို မည်မျှပင်ပြုလုပ်ထားစေကာမူ အနည်းဆုံး သောတာပတ္တိမဂ် ရသည်အထိ ၀ိပဿနာဘာဝနာကို အားထုတ်ပွားများထားခြင်းမရှိပါက အပါယ်လေးပါးနှင့် မလွတ်ကင်းနိုင်သေးသည်ကို ဆင်ခြင်သတိမူသင့်ကြပါသည်။
ဆင်ခြင်သတိရှိကြပါ---
ဝဋ်မှာအမြဲ၊ ငရဲမှာ အပ ဆိုသည့် အထက်ပါ တင်ပြချက်များကို အကျဉ်းချုံးတင်ပြရသော်-
* မကောင်းမှု အကုသိုလ်ကံများ ကျူးလွန်သူသည် ငရဲအပါအ၀င် အပါယ်လေးဘုံသို့ ကျရောက်ရမည်သာ ဖြစ်သည်။
* ငရဲသို့ ကျရောက်ရမည့် သူပင်ဖြစ်လင့်ကစား အာသန္နကံတည်းဟူသော သေခါနီးအချိန် ကြားဖြတ်ဖြစ်ပေါ် လာသည့် စိတ်ဇောသည် ကုသိုလ်စိတ်၊ ကုသိုလ်အာရုံစိတ်ဇောဖြင့် သေလွန်ခဲ့သည်ရှိသော ပဉ္စာနန္တရိယကံ (ဂရုကကံ)ကြီးကို ကျူးလွန်ထားမှု မရှိပါက ထိုသူသည် ငရဲကိုအပပြု၍ သုဂတိဘုံသို့ ရောက်မည်ဖြစ်သည်။ ကုသိုလ်ကံကြီး ဟူသော လှေကြီးပေါ်တွင် အကုသိုလ်ကံများ ဖြစ်သည့် ကျောက်ခဲများကို တင်ထားနိုင်ခြင်းဖြင့် ကျောက်ခဲများ မမြှုပ်နိုင်သည့် သဘော ဖြစ်ပါသည်။
*သုဂတိဘုံ၌ ငရဲကိုအပပြု၍ ရောက်နေသောသူသည် ကုသိုလ်ကံအရှိန် ကုန်ပါလျှင် မလွဲမသွေ ဒုဂ္ဂတိဘုံသို့ ပြန်ကျရပါမည်။
* ငရဲကျရောက်ရမည့် အကုသိုလ် မကောင်းမှုကို ကျူးလွန်ပြုလုပ်ထားသည့်တိုင် ၀ိပဿနာဘာဝနာကို အနည်းဆုံး သောတာပတ္တိမရ် ရရှိသည့်တိုင်အောင် ကျင့်ကြံပွားများ အားထုတ်ခြင်းဖြင့် ငရဲကျအပါအ၀င် အပါယ်လေးဘုံကို အပြီးပိုင် အပပြုနိုင်ပါသည်။
* ကုသိုလ်ကံများ အများအပြား ပြုလုပ်ထားသည့်တိုင် သောတာပတ္တိမဂ်ကို မရရှိထားပါက သေခါနီးအချိန် အကုသိုလ် မကောင်းမှုစိတ်ဇော တခုခုဖြင့် ကွယ်လွန်ခဲ့သည်ရှိသော် အပါယ်လေးဘုံသို့ ကျရောက်သွား နိုင်ပေသည်။
* အကုသိုလ် မကောင်းမှုကံကြောင့် ငရဲကျရသူသည် ငရဲ၌ ဒုက္ခဆင်းရဲမှုများစွာကို ခံ၍ လွတ်လာခဲ့သည်တိုင် ထိုအကုသိုလ်ကံ၏ အကျိုးဆက်ဖြစ်သော ၀ဋ်ကြွေးသည် ဘ၀အဆက်ဆက်၌ အခွင့်သာသလို လိုက်ပါ၍ ၀ဋ်မှာအမြဲ ဆိုသည့်အတိုင်း ခံရပေဦးမည်ဖြစ်သည်။
သို့ပါ၍ အထက်ပါ အကြောင်း အချက်များကို ဆင်ခြင်သတိဖြင့် အနှစ်ချုပ်၍ အောက်ပါအတိုင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
* မကောင်းမှု ဟူသမျှကို ပြုလုပ် ပြောဆို၊ ကြံစည်ခြင်း လုံးဝမရှိအောင် ရှောင်ကြဉ်ကြရပါမည်။ (မကောင်းမှုကိုရှောင်)
* ကောင်းမှုဟူသမျှကို အမြဲတမ်းပြုလုပ်၊ ပြောဆို၊ ကြံစည်မိအောင် ကြိုးပမ်းရွက်ဆောင်ကြရပါမည်။(ကောင်းမှုကို ဆောင်)
* အဓိကအားဖြင့် မကောင်းမှုကို ရှောင်၊ ကောင်းမှုကို ဆောင်ပြီး ယခုဘ၀တွင်ပင် ၀ိပဿနာဘာဝနာကို ဖိဖိစီးစီး ပွားများ အားထုတ်ခြင်းဖြင့် သောတာပတ္တိမဂ်ကို ရရှိသည့်တိုင်အောင် အနိမ့်ဆုံး ရည်မှန်းချက်ထား၍ ကြိုးပမ်းရွက်ဆောင်ကြရပါမည်။
မြင့်သိန်းအောင် (၁၉-၁-၂၀၁၀)
(နိုင်ငံဂုဏ်ရည် မဂ္ဂဇင်း ၂၀၁၀-ခု ဖေဖော်ဝါရီလ)

Monday, November 29, 2010
မိန်းမသားများနှင့် ကင်ဆာအန္တရာယ်
လိင်ကိစ္စ ရှုပ်ထွေးသော မိန်းမသားများအတွက် သားအိမ်ဝ ကင်ဆာရန်မှ ကြိုတင်သိရှိ ကာကွယ်ရန် နောက်ဆုံး နည်းလမ်းများ-
- တိတ်ဆိတ်ခြင်း ပကတိပြီးသော လူနာစောင့်ခန်း တခန်း...။
- ချောက်ချားပူပန်စွာ စောင့်စားနေသော မိန်းမရွယ် တယောက်...။
- သူ့အမည်က စွမ်းလင်...။
- သူ တယောက်တည်း တုန်လှုပ်ထိတ်လန့်စွာ မလှုပ်မယှက် ငြိမ်သက်လျက်...။
- သူ့အတွေးများကား ယောက်ယက်ခတ်စွာ လွင့်မျောဝဲပျံလျက်...။
နှစ်ပေါင်းများစွာ ကျန်းမာရေးနှင့် ပြည့်စုံခဲ့သော သူ့အမေ၌ သားအိမ်ဝ စစ်ဆေးချက်အဖြေမှ ကင်ဆာဖြစ်နေကြောင်း သိခဲ့ရသည်မှာ မကြာသေးပေ။ သူ၏အမေသည် ထိုသားအိမ်ခေါင်းကင်ဆာ (Cervical Cancer) ဖြင့် သေဆုံးရပေတော့မည် ဟူသော အသိက သူ့ကို ထိတ်လန့်တုန်လှုပ်စေလေသည်။
ယခင်ကတော့ သားအိမ်ခေါင်းအသားစ စစ်ဆေးချက် (Pap smear/Pap test) ကို အချိန်ဖြုန်းခြင်း သက်သက်နှင့် စိတ်ပူပန်စရာ ရှာခြင်းသက်သက်ဟု တွေးထင်ခဲ့သော်လည်း ယခုမူ ထိုရောဂါကို ကြိုတင်သိပါက ဆေးကုသပျောက်ကင်းနိုင်ကြောင်းကို သူ သိမြင်လာခဲ့ပေပြီ။ သို့ဖြင့် ဆောက်တည်ရာမရသော တုန်လှုပ်စိတ်ဖြင့် မိခင်ကဲ့သို့ သားအိမ်ခေါင်းကင်ဆာ ရှိ-မရှိကိုသိရန် စွမ်းလင်တယောက် ခုလိုစောင့်ဆိုင်း နေရခြင်း ဖြစ်လေသည်။
စွမ်းလင်တယောက် ကံကောင်းပေပြီ။ စစ်ဆေးချက်အဖြေကို သီတင်းပတ်အနည်းငယ်အတွင်းရ၏။ သူ့၌ သားအိမ်ခေါင်းကင်ဆာ လုံးဝမရှိပေ။
သားအိမ်ခေါင်းကင်ဆာ၏ ဒုက္ခပေးခြင်းတမျိုးမှာ ရောဂါရှိကြောင်း သိလိုက်ရချိန်သည် ဆေးကုသမှုအတွက် လွန်စွာနောက်ကျနေပြီဖြစ်ပေသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်သူ မိန်းမ ငါးယောက်လျှင် တယောက်မှာ ငါးနှစ်ခန့် အသက်ရှင်ရန်ပင် ခဲယဉ်း၏။ အကယ်ကင်စစ် သားအိမ်ဝဆဲလ်လေးများ ကင်ဆာဆဲလ်ဘ၀ ဖြစ်ပေါ်ရန်မှာ ဆယ်စုနှစ်တခုမှ နှစ်ခုအထိ အချိန်ကြာနိုင်ပေသည်။ ထိုသို့ ကင်ဆာအစပျိုးချိန်တွင် Pap test ကို မှန်မှန် အစစ်ဆေးခံခြင်းဖြင့် ကင်ဆာမဖြစ်မီ နှစ်များစွာအလိုကတည်းက ကြိုတင်သိရှိနိုင်ပေသည်။ ထိုအခါ ဆေးကုသမှုအတွက် စိတ်အေးရပေမည်။
ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် မီးယပ်နှင့်သားဖွား အထူးကုသမားတော်အဖြစ် နှစ်ပေါင်း ၂၀-ခန့် ကျင်လည်ခဲ့သူ Dr Ko Yeo က
မိန်းမသားတယောက်ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ကြောင်း သိလိုက်ရချိန်မှာ အလွန်နောက်ကျနေတဲ့ လက္ခဏာတွေ ပြနေပါပြီ။
ဥပမာ-မိန်းမကိုယ်မှ အလွန်အနံ့ဆိုသော အရည်များကျခြင်း၊ လိင်ဆက်ဆံပြီးချိန် မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ သွေးဆုံးပြီး အတော်ကြာမှ သွေးပြန်ဆင်းခြင်း၊ စတာတွေဖြစ်နေပါပြီ။ ဒါဟာ ကုသဖို့ အလွန်နောက်ကျနေပါပြီ။
သို့ရာတွင် Dr Yeo က ၀မ်းသာစရာသတင်းတခု ပြော၏။ ဒါပေမဲ့ တကယ်လို့ သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ သိနိုင်ခဲ့ရင် ဆက်လက်ရှင်သန်ဖို့ အခွင့်အရေး အတော်များပါတယ်-ဟု ဆိုလေသည်။
ဆိုလိုရင်းကား Pap test စစ်ဆေးခြင်းသည် ကင်ဆာဖြစ်နိုင်ခြေရှိသော သားအိမ်ဝမှဆဲလ်များကို ရှာဖွေစစ်ဆေးခြင်းပင် ဖြစ်၏။ ကင်ဆာဆဲလ်မဖြစ်သေးမီ မူမမှန်ဆဲလ်ဘ၀ကပင် ရှာဖွေတွေ့ရှိနိုင်သောကြောင့် Pap test နှင့် မှန်မှန် စစ်ဆေးခံသွားမည်ဆိုလျှင် သားအိမ်ခေါင်းကင်ဆာဟူသည် ကာကွယ်ကုသ ပျောက်ကင်းသော ရောဂါတခု ဖြစ်လာနိုင်ပေသည်။
**********
သားအိမ်ခေါင်းကင်ဆာ ဆိုတာ ဘာလဲ ?
မိန်းမမျိုးပွားအင်္ဂါ အဖွဲ့အစည်း၌ သားအိမ်၏အပေါ်ပိုင်း အလုံးအ၀န်း ကိုယ်ထည်နှင့်တဆက်တည်း လည်တံသဖွယ်ရှိနေသော ခပ်သေးသေးအရာလေးသည် သားအိမ်ခေါင်း သို့မဟုတ်-သားအိမ်ဝ (Cervix) ဖြစ်သည်။ သားအိမ်ဝသည် မွေးလမ်းကြောင်း၏အပေါ်တည့်တည့်မှာ တည်ရှိလေသည်။ ထိုသားအိမ်ခေါင်းရှိ ဆဲလ်များ ကင်ဆာဖြစ်ခြင်းကို ဆိုလိုပေသည်။
ဘာကြောင့် ဖြစ်နိုင်သလဲ ?
သားအိမ်ဝ ကင်ဆာဖြစ်ရခြင်းအကြောင်းကို မည်သူမျှ အတိအကျမပြောနိုင်။ သို့သော် မိန်းမတယောက်သည် လိင်ဆက်ဆံသူဦးရေ များပါက ထိုကင်ဆာဖြစ်ရန် အကြောင်း ပိုများသည်ဟု ပညာရှင်များက ယုံကြည်ကြ၏။
ထိုကင်ဆာဖြစ်စေသည့် အကြောင်းတရပ်က HPV ခေါ် (Human Papilloma Virus) ပိုးတမျိုး ကူးစက်ဝင်ရောက်ခံရခြင်းကြောင့် ဖြစ်လေသည်။ ယင်းဗိုင်းရပ်စ်ပိုးသည် လိင်မှတဆင့် ကူးစက်တတ်သော ပိုးဖြစ်ပြီး မျိုးပွားအင်္ဂါကြွက်နို့များ ဖြစ်စေတတ်သည်။ ထို့ကြောင့် လိင်ကိစ္စ စောစီးစွာ တွေ့ကြုံရသူများ၊ လိင်ဆက်ဆံသူ ဦးရေများသူများအတွက် HPV ပိုး ကူးစက်ခံရရန် အခွင့်အလမ်း ပိုများပေသည်။
အကယ်၍ ဆေးလိပ်သောက်တတ်ပါက ထိုကင်ဆာရောဂါဖြစ်ရန် အလားအလာ ပိုများပေသည်။ ထိုကင်ဆာရောဂါသည် အစပျိုးရန် နှစ်ပေါင်းများစွာ ကြာမြင့်တတ်သော်လည်း ဖြစ်ပွားပြီဆိုပါကလည်း လွန်စွာတိုတောင်းသောအချိန်အတွင်းမှာပင် ဆိုးဝါးသွားစေသည်။
ထို့ကြောင့် ကင်ဆာမဖြစ်မီ Pre-cancerous Cell (ကင်ဆာအကြို ဆဲလ်ဘ၀) မှာပင် ကြိုတင်သိရှိနိုင်ရန် အရေးကြီးကြောင်း သိလာကြပေသည်။
ကာကွယ်ခြင်းအတွက် စစ်ဆေးချက်မြင့်လာ။
၁၉၉၈-ခုနှစ် ကျန်းမာရေးဌာနမှ စာရင်းများအရ စင်ကာပူအမျိုးသမီး လေးယောက်လျှင် တယောက်မှာ ထိုကင်ဆာရောဂါကြောင့် သေဆုံးရကြောင်း တွေ့ရှိခဲ့၏။ ရင်သားကင်ဆာပြီးလျှင် သားအိမ်ခေါင်းကင်ဆာမှာ အဖြစ်အများဆုံး ဖြစ်နေပေသည်။ ဟောင်ကောင်၌လည်း နှစ်ရက်ကုန်တိုင်း အမျိုးသမီးတယောက် သေဆုံးနှုန်းရှိကြောင်း တွေ့ကြရ၏။
၁၉၉၈-ခုနှစ်၌ပင် အမျိုးသားကျန်းမာရေး လေ့လာချက်အရ စင်ကာပူ အမျိုးသမီးများမှာ သားအိမ်ခေါင်း ကင်ဆာ ရှိ-မရှိ စစ်ဆေးနိုင်သော Pap test ခေါ် သားအိမ်ခေါင်း အသားစ စစ်ဆေးချက်ကို ပိုခံယူလာကြ ကြောင်း တွေ့ရ၏။ ၁၉၉၂-ခုနှစ်တွင် စစ်ဆေးခံသူပေါင်း ၅၇.၈ ရာခိုင်နှုန်းမှ ၁၉၉၈-ခုနှစ်တွင် ၆၄.၂ ရာခိုင်နှုန်းသို့ တိုးလာလေသည်။ သုံးနှစ်အတွင်း စစ်ဆေးချက်ကိုလည်း ဆယ်ယောက်လျှင် တယောက် ခံယူပြီး ဖြစ်၏။
HPV ပိုး ကူးစက်ခံရခြင်းမှာ အလွန်ကြောက်စရာ အန္တရာယ်တရပ် ဖြစ်လေရာ နှစ်စဉ် မှန်မှန် စစ်ဆေးချက် ခံယူရန်မှာ ထိုက်တန်သော ရင်းနှီးမှုတခု ဖြစ်လေသည်။
Pap test ဆိုတာ ဘာလဲ ?
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးအတွက် အစွမ်းထက်ဆုံး လက်နက်မှာ Pap test ပင်ဖြစ်၏ လွန်ခဲ့သော နှစ်ပေါင်း ၅၀-ခန့်က Dr. Papanicolaou ဆိုသူက ရှဖွေတွေ့ရှိခဲ့သဖြင့် ထိုစစ်ဆေးချက်ကို Pap test ဟု ခေါ်ဆိုကြခြင်းဖြစ်လေသည်။ Dr. Pap က မိန်းမကိုယ် လမ်းကြောင်းအတွင်း ကြွေကျသော မူမမှန်ဆဲလ်တချို့ကို စတင်သတိပြုမိခဲ့သည်။ ထိုဆဲလ်များကို နမူနာယူပြီး ဖန်ပြားတချပ် (Slide) ပေါ်တွင် ဆေးဖြင့်စီရင်၍ အဏုကြည့်မှန်ပြောင်းဖြင့် ရှာဖွေရာမှ အစပြုခဲ့သော စစ်ဆေးချက်ပင် ဖြစ်၏။
Dr.Tay Sun Kuie ရေးသားသော သားအိမ်ခေါင်းကင်ဆာအကြောင်း စာအုပ်တွင် Pap test ကို ဆယ်နှစ်တခါ ပြုလုပ်ပါက ကင်ဆာဖြစ်ရန် ၃၀-ရာခိုင်နှုန်း လျော့သွားစေမည်ဟု ပါရှိ၏။ pap test ကို ငါးနှစ်တခါ ပြုလုပ်ပါက ၈၀-ရာခိုင်နှုန်း၊ သုံးနှစ်တခါ ပြုလုပ်ပါက ၉၀-ရာခိုင်နှုန်း၊ နှစ်စဉ် စစ်ဆေးသွားပါက ၉၂-ရာခိုင်နှုန်း အသီးသီး လျော့ကျသွားနိုင်ကြောင်း ရေးထားလေသည်။
အကယ်၍ မူမမှန်ဆဲလ်များ တွေ့ရှိပါက တခြားတိကျသော စစ်ဆေးချက်များဖြင့် ထပ်မံစစ်ဆေးရန်လိုလေသည်။ လူနာကိုလည်း မွေးလမ်းကြောင်းဝမှ မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Vaginal Colposcopy) ဖြင့် ဆက်လက် စစ်ဆေးရန်လိုသည်။
ရည်ရွယ်ချက်ကား မူမမှန်ဆဲလ်များ မည်သည့်အတိုင်းအတာအထိ ဆိုးဝါးနေခြင်းကို သိရှိရန်ဖြစ်လေသည်။ ထိုသို့ဖြင့် မည်သည့်ကုသမှုဖြင့် ပိုသင့်တော်မည်ကို ချိန်ဆနိုင်သည်။ သို့ဖြင့် မလိုလားအပ်သော ရောင်ခြည် ဒဏ်များ၊ ခွဲစိတ်ခြင်းများမှ ရှောင်လွဲနိုင်၏။ အကယ်၍ မသင်္ကာစရာ တစုံတရာတွေ့လာပါကလည်း ပြည့်စုံသော သားသမီးအရေအတွက် ရှိပြီးသူ အမျိုးသမီးများကို သားအိမ်ဖယ်ရှားပစ်ခြင်းဖြင့် ကင်ဆာဖြစ်နိုင်ခြေ အလားအလာကို စိတ်အေးစေနိုင်သည်။
ဘယ်အချိန်မှာ အစစ်ဆေးခံသင့်လဲ ?
- လိင်ဆက်ဆံခြင်း၊ မွေးလမ်းကြောင်းအတွင်း ပစ္စည်းခုခံထားခြင်း၊ သန္ဓေတားဆေးများ သုတ်လိမ်းထားခြင်း၊ သန္ဓေတားပစ္စည်း ထည့်ထားခြင်းတို့မှ နှစ်ရက်သုံးရက် ဝေးရမည်။
- ရာသီလာချိန်၌ အစစ်ဆေးမခံရ။
- ရာသီလာပြီး အနည်းဆုံး ငါးရက်ကြာမှ စစ်ဆေးခံသင့်၏။
- အကယ်၍ အဖြေပေါ် သံသယရှိပါက ထပ်မံစစ်ဆေးချက်များ လိုလေသည်။
ဘယ်လိုပြဿနာ ရှိနိုင်သလဲ ?
တခါတရံ သားအိမ်ခေါင်းဝမှ ယူသောအသားစများမှာ စမ်းသပ်မည့် မှန်ပြားပေါ် သယ်ယူရစဉ် ထိခိုက်ပျက်စီးမှု ရှိနိုင်သည်။ ထို့ပြင် ဓာတ်ခွဲခန်းအတွင်း စစ်ဆေးချက်များ မနိုင်မနင်းဖြစ်လွန်းပါက နွမ်းနယ်ပန်းလျနေသော လူ၏ မျက်လုံးကြောင့် မုမှန်ဆဲလ်များရှိပါလျက် မတွေ့ဘဲ လွတ်သွားတတ်ပေသည်။ ထိုလွဲမှားချက်ကြောင့်  False Negative အဖြေမှားခြင်း ငါးရာခိုင်နှုန်းမှ ၆၉-ရာခိုင်နှုန်းအထိ ရှိနိုင်ပေသည်။
ထို့ကြောင့် ထိုလွဲမှားမှုကို လျော့နည်းစေရန် သင့်အသက် ၁၈-နှစ်မှစ၍သော်၎င်း၊ လိင်ဆက်ဆံမှု စတင်ချိန်မှသော်၎င်း နှစ်စဉ်စစ်ဆေးခံယူသွားရန် လိုလေသည်။ အကယ်၍ အဖြေများ ဆက်တိုက်ပုံမှန်ရှိပြီး တလင်တမယားစနစ်သာ ကျင့်သုံးပါက သုံးနှစ်တကြိမ် စစ်ဆေးသင့်ပေသည်။
ပို၍ထိရောက်သော စစ်ဆေးချက်။
Pap test တွင် ဆဲလ်များ ထိခိုက်ပျက်စီးစေနိုင်သော ချို့ယွင်းချက်ရှိသောကြောင့် ပို၍ကောင်းမွန်တိကျမည့် နည်းလမ်းများကို နှစ်ပေါင်းများစွာ ကြံဆခဲ့၏။
သို့ဖြင့် Thin Prep test ဟု အမည်ရသော စစ်ဆေးချက်တမျိုးကို အမေရိကန်၌ လွန်ခဲ့သော နှစ်နှစ်ခန့်က ရှာဖွေတွေ့ရှိခဲ့၏။ စင်ကာပူ၌လည်း လွန်ခဲ့သောနှစ်မှ စတင်ခဲ့လေသည်။
ထိုနည်းလမ်းမှာ သားအိမ်ဝလည်တံ (Cervix) မှ ဆဲလ်များကို နူးညံ့သောစုတ်တံ (Brush) လေးဖြင့်ယူ၍ အထားခံ ပျော်ရည်တခုအတွင်း နစ်မြုပ်စေ၏။ ဆဲလ်အားလုံး ပျော်ရည်အတွင်း ရောက်သွားစေရ၏။ သို့ဖြင့် ၄င်းနည်းမှာ Pap test ကဲ့သို့ ဖန်ပြားပေါ် အဆင့်ဆင့်ပြောင်းရွှေ့ရခြင်းကြောင့် ဆဲလ်များပျက်စီးရသော အားနည်းချက်ကို လျော့ကျစေ၏။
အမေရိကန်အနောက်တောင် တက်ဆက်ပြည်နယ် ဆေးတက္ကသိုလ်မှ တွေ့ရှိချက်အရ Pap test နှင့် Thin Prep test နှစ်ခုယှဉ်လျှင် Thin Prep test က မူမမှန်ဆဲလ်များကို ၆၅ ရာခိုင်နှုန်းခန့် ပိုတွေ့ရနိုင်သည်ဟုဆို၏။
ကြောက်စရာမဟုတ်။
သို့ရာတွင် စစ်ဆေးချက်များ၌ မူမမှန်ဆဲလ်များ တွေ့ရသည်ဆိုတိုင်း ထိုကင်ဆာဖြင့် သေရတော့မည်ဟု ကြောက်စရာ မလိုပေ။ စစ်ဆေးချက်ကို ပုံမှန်ခံယူသွားသူများအတွက် အလွန်စောစီးစွာ တွေ့လာရသော မူမမှန်ဆဲလ်များကြောင့် အသက်အန္တရာယ်နှင့် လျင်မြန်စွာ မတွေ့ကြုံနိုင်ပေ။
Pre-cancerous Cell ခေါ် ကင်ဆာမဖြစ်ခင် မူမမှန်ဆဲလ်ဘ၀မှ ကင်ဆာဆဲလ်ဘ၀သို့ ကူးပြောင်းရန်မှာ ၁၀-နှစ်မှ ၁၅-နှစ်ခန့် ကြာတတ်ပေသည်။
pap test ကို နှစ်နှစ် ဆက်မှားရုံဖြင့်လည်း သုံးနှစ်အတွင်း ထိုကင်ဆာမှာ ကုမရလောက်အောင် ကျွမ်းသွားမည် မဟုတ်ပေ။ သို့ရာတွင် လိင်ဆက်ဆံသူဦးရေ များလျှင်သော်၎င်း၊ မ-အင်္ဂါစပ် ကြွက်နို့ဖြစ်ပွားလာလျှင်သော်၎င်း ပို၍ မှန်ကန်တိကျသော Thin Prep test ဖြင့်သာ စစ်ဆေးခံသင့်ပေသည်။
Dr. Yeo က
ွှThin Prep test ဟာ ငွေကုန်ကြေးကျများပြီး ပုဂ္ဂလိကဆေးကုဌာနများမှာသာ စစ်နိုင်ကြပေမယ့် ဒီစစ်ဆေးချက်က ပိုမှန်ကန်တိကျကြောင်း သိကြတာနဲ့ တပြိုင်နက် အမျိုးသမီးဆယ်ယောက်မှာ ကိုးယောက်ဟာ အစစ်ဆေးခံဖို့ နောက်မတွန့်ကြပါဘူး-ဟု ဆိုလေသည်။
အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ လူထုအတွင်း Thin Prep test ကြောင့် ကင်ဆာဆဲလ်များ ၆၅ ရာခိုင်နှုန်းခန့် ပိုမိုတွေ့ရှိလာရကြောင်းဆို၏။ ထိုသို့ မူမမှန်ဆဲလ်များ တွေ့နှုန်း ပိုများလာလေလေ စောစီးစွာကုသပြီး အသက်ရှင်ဖို့ အခွင့်အလမ်းပိုများလေဖြစ်၏။
သို့ရာတွင် Dr. Yeo က မိန်းမများသည် သားအိမ်ခေါင်းကင်ဆာတခုတည်းကိုသာ ကွက်၍ အာရုံမစိုက်ကြ စေလိုဘဲ အထွေထွေ ကျန်းမာရေးစစ်ဆေးချက်ကိုလည်း တပြိုင်နက် စစ်ဆေးခံသွားကြ စေလိုကြောင်း ပြောကြား၏။
ပြည့်စုံတဲ့ကျန်းမာရေး စစ်ဆေးချက်အခွင့်အလမ်းကို ရယူသင့်ပါတယ်။ ရင်သား၊ သားအိမ်၊ သားဥအိမ် အသီးသီးကိုပါ စမ်းသပ်သင့်ပါတယ်။ ဒါ့အပြင် မူးယစ်သောက်စားခြင်း ရှိ-မရှိ၊ ဆေးလိပ်သောက်လေ့ ရှိ-မရှိ၊ သန္ဓေတားဆေးများ စားလေ့ ရှိ-မရှိ၊ အလေးချိန် လျင်မြန်စွာ လျော့ကျခြင်း ရှိ-မရှိများကိုပါ ထည့်သွင်းစဉ်းစား ရပါမယ်-ဟု Dr. Yeo က အကြံပေးပြောကြားသွားပေသည်။
Ref: O Magazine.
အမရာ (ဆေး-၁)
( Lifestyle ၂၀၀၁-ခု ဖေဖဖော်ဝါရီလ)

Sunday, November 28, 2010
ကျန်းမာရေး သုတ
( သင်္ဘောသီး အစွမ်း)
သင်္ဘောသီးဟာ အာဟာရဓာတ်ပေါတယ်။ အဆီကင်းတယ်။ အစာချေရာမှာ အထောက်အကူ ပြုပါတယ်။ အရွယ်အလတ်စား သင်္ဘောသီးမှည့် တလုံးဟာ သင် နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင် စီ ရဲ့ ၂၅၀-ရာခိုင်နှုန်း၊ Folate ရဲ့ ၂၉-ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်ရဲ့ ၁၆-ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။
( အပြုံးလေ့ကျင့်စဉ်)
စိတ်အနှောင့်အယှက်တခုခု ကြုံရတဲ့အခါ၊ ဒေါသထွက်ရတဲ့အခါ၊ ပင်ပန်း နွမ်းနယ်နေတဲ့အခါ အပြုံးလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
- မတ်တတ်ရပ်ပါ။
- ပခုံးတွေကို လျှော့ချထားပါ။
- အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်ခုံးတွေ မြင့်တက်သွားတဲ့အထိ ပြုံးလိုက်ပါ။
နားနှစ်ဖက်ပါ ဘေးကို ဆန့်ထွက်သွားသလို ခံစားရပါလိမ့်မယ်။
- စက္ကန့် ၃၀-လောက်ကြာတဲ့အထိ ပြုံးနေတဲ့ ပုံစံ လုပ်ထားပါ။ စိတ်သောကတွေ အနည်းနဲ့အများ ဆိုသလို ပြေပျောက်သွားပါလိမ့်မယ်။
( ရင်သွေးလေးတွေ အသီးအရွက် ပိုစားဖြစ်အောင် )
ဟင်းသီးဟင်းရွက်တွေဟာ လူကြီးလူငယ်မရွေး ကျန်းမာရေးအတွက် အထူးကောင်းမွန်တာမို့ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ထဲကို အသီးအရွက် တတ်နိုင်သလောက် များများဝင်အောင် ကျွေးပေးရပါမယ်။
- မနက်စာစားချိန်မှာ လတ်ဆတ်တဲ့ သစ်သီးစိတ် တစိတ်ကျွေးပါ။
- အသီးခြောက်တွေလည်း ကျွေးပါ။ အသီးခြောက် ပန်းကန်လုံးတ၀က်လောက် ကျွေးခြင်းဟာလည်း ထိုက်သင့်သလောက်တော့ အာဟာရဖြစ်စေပါတယ်။
- ရေခဲသေတ္တာထဲထည့်ထားတဲ့ ဟင်းသီးဟင်းရွက်အေးတွေကို ခေါက်ဆွဲပြုတ်တို့၊ ဟင်းချိုတို့ထဲ ထည့်ပြုတ်ပြီး ကျွေးပါ။ ဒါမှမဟုတ် သီးသန့်ကြော်ပြီးပဲကျွေးကျွေး၊ ပီဇာနဲ့ဆင်းဒ၀စ် မုန့်တွေထဲ ထည့်ကျွေးကျွေး နှစ်သက်သလို အသုံးချလို့ ရပါတယ်။
-စည်သွတ်ဘူးထဲထည့်ထားတဲ့ အသီးအရွက်တွေဟာလည်း (Expire date မလွန်ရင်ပေါ့) လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေနီးပါး အာဟာရဖြစ်ပါတယ်။
- ဗီတာမင် စီ အတွက်ကတော့ ရေ၊ ဒါမှမဟုတ် လက်ဖက်ရည်အေးထဲ သံပုရာရည် သို့မဟုတ်-ရှောက်ရည်ညှစ်ပြီး သောက်ခိုင်းပါ။
- ဖျော်ရည်ပုလင်းတွေ တိုက်မယ့်အစား လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေ သောက်ခိုင်းပါ။
( အာလူးကြော်နဲ့ ဗီတာမင် စီ )
အာလူးဟာ လိမ္မောသီးထက် ဗီတာမင် စီ ကြွယ်ဝပါတယ်။ ဒါပေမဲ့ အာလူးချောင်းကြော်ဆိုရင်တော့ အဆီဓာတ်များစွာပါဝင်တဲ့အတွက် နေ့စဉ်စားဖို့မသင့်ပါဘူး။ လက်သီးဆုပ်အရွယ် အာလူးတလုံးကို အကြွပ်ကြော်ထားတဲ့အကြော်မှာ အဆီ ၁၈-ဂရမ် ပါဝင်ပါတယ်။ တကယ်လို့ အာလူး အဲဒီအရွယ်ကိုပဲ ထောင်းပြီး ထောပတ်တို့ နို့တို့နဲ့ ကြော်ရင်တော့ အဆီ ၃-ဂရမ် ပါဝင်ပါတယ်။ Polyunsaturated ဆီတွေ သုတ်ပြီး မီးကင်ထားတဲ့ အာလူးဆိုရင် ဆီ ၅-၁၀ ဂရမ်အထိ ပါဝင်ပါတယ်။ မီးဖုတ်ထား၊ ပြုတ်ထား၊ ပေါင်းထားတဲ့ အာလူးမှာတော့ အဆီဓာတ် လုံးဝမပါဝင်ပါဘူး။ အဆိုးဆုံးကတော့ အာလူးပါးပါးလှီးကြော်ပါပဲ။ သူ ၁၀၀-ဂရမ်စားမိရင် ဆီ ၃၀-ဂရမ် သင့်ဝမ်းထဲရောက်သွားပြီဆိုတာ သတိပြုသင့်ပါတယ်။
( ကလေးငယ်နဲ့ စာအုပ် )
ငယ်ငယ်လေးကတည်းက စာအုပ်တွေနဲ့ အကျွမ်းတ၀င်ဖြစ်တဲ့ ကလေးတွေ ကြီးလာတဲ့အခါ စာရေးတာ၊ ဖတ်တာ၊ ဂဏန်းတွက်တာ တခြားကလေးတွေထက် ပိုကောင်းတယ်လို့ ယူနိုက်တက်ကင်းဒမ်းက သုတေသနပြုချက်တွေအရ သိရှိရပါတယ်။
ဒါကြောင့်
- သင့်ကလေးငယ်ကို စာဖတ်ပြဖို့ အချိန်သတ်သတ် ဖယ်ထားပါ။
- ဖတ်ပြတဲ့အခါ ကလေးသဘောကျအောင် ရီစရာတွေ ဖန်တီးပါ။ ဖတ်ပြတဲ့အသံ၊ မျက်နှာ အမူအရာ အမျိုးမျိုး လုပ်ပြပါ။
- ကလေး ခြောက်လသားအရွယ်လောက် ဆိုရင်ကို ဖတ်ပြလို့ရပါပြီ။ ကလေးတွေက အရုပ်လေးတွေ ကြည့်တာ၊ ထူးထူးဆန်းဆန်းအသံတွေ နားထောင်တာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားပါတယ်။
- အိပ်ရာဝင်ခါနီးတိုင်း စာအုပ်တအုပ် ဖတ်ပြပါ။ အိပ်ခါနီးဖတ်ဖို့ စာအုပ်အများကြီး ပုံထားတာတော့ မဖြစ်ပါစေနဲ့။
( လိုက်ဖ်စတိုင်းလ် ၂၀၀၁-ခု ဖေဖော်ဝါရီလ)

ဖူးစာကံ၏ စီမံရာ
ဖူးစာကံကို ယုံပါလို့ ဆိုရာမှာ ဖူးစာကံ စီမံရာမှာ ကိုယ့်အလိုအတိုင်း ဖြစ်ချင်မှ ဖြစ်မှာ။ ကံကောင်းရင် အဆင်ပြေမယ်။ ကံဆိုးရင် စိတ်ဒုက္ခ ကိုယ်ဒုက္ခ ရောက်မယ်။ လင်ကံ ကောင်းတယ်၊ မယားကံ ကောင်းတယ်-ဆိုတဲ့ စကားတွေဟာ အိမ်ထောင်ရေးကိစ္စမှာ ကိုယ်ကြိုက်နှစ်သက်တာ ရတယ်လို့ အဓိပ္ပါယ်ကောက်မယ်ဆို ကောက်နိုင်ပါတယ်။
ကိုယ်က အစက ကြိုက်လို့ မဆိုနိုင်ပေမယ့် လူကြီးတွေ နေရာချပေးတာ အဆင်ပြေနေလို့ ဆိုတာမျိုးလည်း ရှိတယ်။ အိမ်ထောင်ရေး ကံကောင်းတာကို ဆိုလိုပါတယ်။ ဒါပေမယ့် ဖူးစာကံက တွဲပေးလိုက်တဲ့ လင်နှင့်မယား တချို့ကျပြန်တော့ သူတို့အလိုကျ ဖြစ်ချင်မှ ဖြစ်မယ်။ ယူလိုက်ပြီးခါမှ မတူတဲ့ အချက်တွေ တွေ့ရပြန်တယ်။ ကိုယ့်အကြိုက် ဖြစ်ရင် ဖူးစာကံ ကောင်းတယ်လို့ ဆိုနိုင်ပေမဲ့ ကိုယ့်အကြိုက် မဖြစ်ခဲ့ရင်တော့ ဖူးစာကံ အပေါ်မှာသာ အပြစ်ပုံချကြပေရော့။
အိမ်ထောင်ရေး ကိစ္စတွင်သာ မဟတ်ဘဲ တခြားကိစ္စတွေမှာလည်း ကံစီမံရာ ဖြစ်ကြရတာပါပဲ။ ရတာ မလို၊ လိုတာ မရ-ဆိုတဲ့ အဖြစ်မျိုး ကြုံတိုင်း မကောင်းဘူးလို့ မဆိုသာပါဘူး။ မလွှဲမရှောင်သာလို့ အိမ်ထောင်ပြုလိုက်ကြရတာတွေ အများအပြား ရှိကြရာမှာ အချစ်ကိစ္စနှင့်အိမ်ထောင်ရေးကိစ္စ ဆက်စပ်မိတာတွေရှိသလို မဆက်စပ်မိလို့ ပထမ အချစ်ကို ပစ်လိုက်ရတာတွေလည်း မနည်းလှပါဘူး။
ကံကြမ္မာ စီမံနေရာချပေးတာကို လက်ခံကြရာမှာ အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။ ကံစီမံတာကို လက်မခံချင်လို့ ကိုယ့်ဘ၀ကိုယ် စီမံပြန်တော့လည်း ကံစီမံတာထက် ဆိုးချင်ဆိုးသွားမယ်။ ကံစီမံတာကို လက်ခံလိုက်ရာက အိမ်ထောင်ရေးကိစ္စမှာ အောင်မြင်သွားကြတာမျိုးလည်း ရှိပါတယ်။ လူကြီးတို့က နေရာချပေးတာကို လက်ခံလိုက်ရသူတိုင်း ဒုက္ခရောက်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့်မို့ ဘဘကြီးက ဖူးစာကံကို ယုံကြည်ပါ-လို့ ဆိုတာပါ။
ကိုယ့်အကြိုက်အတိုင်း လူကြီး စီမံတာတွေကို တော်လှန်ပြီး ချစ်သူနောက် လိုက်တိုင်းလည်း အောင်မြင်ပြီလို့ မဆိုသာပါဘူး။ နှစ်ယောက်သား ကိုယ့်ဘာသာကိုယ် စီမံလိုက်ကြပြီး လူးကြီးမိဘတွေက လက်ခံတာ ရှိသလို လက်မခံဘဲ ပစ်ထားတာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဘ၀ နေရေးမှာလည်း အောင်မြင်တာ ရှိတယ်။ ဘ၀နေရေး ပျက်စီးသွားတာတွေလည်း ရှိကြတယ်။
ဘဘကြီး လူငယ် ဘ၀မှာတုန်းက ၀တ္ထုကလေး တပုဒ် ဖတ်လိုက်ရတယ်။ ၀တ္ထုဇာတ်လမ်းကို ရေးရေးတော့ မှတ်မိနေသေးတယ်။ စာရေးဆရာက နယ်စွန်နယ်ဖျား တောရွာကလေးမှာ အသက်ကြီးရင့်နေပြီ ဖြစ်တဲ့ လင်မယား နှစ်ယောက်ကို တွေ့ရတယ်။ အဲဒီ အဘိုးကြီး အဘွားကြီးတွေဆီမှာ တည်းခိုရတယ်။ အဘိုးကြီးနှင့် အဘွားကြီးဟာ ဆင်းရဲလှတယ်။ သူတို့ဟာ အတိတ်မှာ ကောင်းစားခဲ့ကြပုံ ရတယ်။ စာရေးဆရာဆိုတာ စပ်စုချင်စိတ် ရှိတယ်လေ။ အဘိုးကြီး အပြင်သွားခိုက်မှာ အဘွားကြီးကို မေးကြည့်တယ်။ အဘွားကြီးက သူနှင့် သူ့ခင်ပွန်းတို့ရဲ့ ငယ်ဘ၀ကို ပြောပြတယ်။
သူတို့နှစ်ယောက်မှာ အဘွားကြီးရဲ့ ငယ်ဘ၀ဟာ ချမ်းသာတယ်။ သူ့အဘိုးကြီး ငယ်စဉ်ကတော့ ဆင်းရဲရှာတယ်။ ဆင်းရဲပေမယ့် အဘိုးကြီးဟာ ငယ်စဉ်ဘ၀မှာ ပညာတတ် တယောက်ဖြစ်တယ်။ အဘွားကြီးရဲ့ မိဘတွေကတော့ လူကုံထံတို့ရဲ့ သားတယောက်နဲ့ ပေးစားဖို့ စီစဉ်ကြတယ်။ ဒါပေမယ့် အဘွားကြီးက သူ့ချစ်သူနှင့် မလွဲချင်ဘူး။ အဘိုးကြီးက ချစ်အားကြီးပေမဲ့ ဘ၀ အခြေအနေ မလှလို့ အနစ်နာခံပြီး ခွဲကြဖို့ပြောတယ်။ အဘွားကြီးကတော့ စိတ်ခိုင်တယ်။ သူ့ချစ်သူနှင့် ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ဘ၀တသက်တာ မခွဲဘူးလို့ သန္နိဋ္ဌာန်ချလိုက်ပြီး သူ့ချစ်သူကို တိုက်တွန်းပြီး အဝေးကို ပြေးခဲ့ကြတယ်။ ပျိုမြစ်နုနယ် အရွယ်ကစပြီး တသက်လုံး မိဘများ မသိနိုင်တဲ့ နယ်စပ် ရွာကလေးမှာ အေးချမ်းစွာ နေကြတယ်။ ကံကောင်းတယ်လို့ အဘွားကြီးက ဆိုတယ်။ သူတို့မှာ သားသမီး မပွားစီးလို့ အိုမင်းရင့်ရော်သည်အထိ နှစ်ယောက်သား အကြင်လင်မယားအဖြစ် သေတပန် သက်တဆုံးအထိ နေသွားကြတယ်။ စာရေးဆရာက စိတ်မချမ်းမသာနဲ့ သူ့ခရီးဆက်ဖို့ နှုတ်ဆက်ရာမှာ အဘွားကြီးက သားရယ် အဘွားတို့ကို တွေ့ခဲ့ရတဲ့အကြောင်း စာထဲ ထည့်မရေးလိုက်ပါနဲ့ကွယ်-လို့ မှာလိုက်တယ်။
ဒီအကြောင်းကို စာရေးဆရာက ၀တ္ထုလိုလို တကယ်လိုလို မတင်မကျနှင့် စာတပုဒ် ရေးလိုက်တယ်။ ဘဘကြီးကတော့ အဲဒီဝတ္ထုတိုလေး ဖတ်လိုက်ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပေမဲ့ အချစ်ကြောင့် ပြည့်စုံချမ်းသာတဲ့ ဘ၀ကို စွန့်ပစ်ပြီး ဆင်းရဲချို့တဲ့တဲ့ ဘ၀ကို သူ့ချစ်သူနှင့်အတူ စိတ်၏ချမ်းသာခြင်းဖြင့် နေတာကို အဘွားစွန့်စားတာ ကောင်တယ်-လို့ပဲ ဆိုရမလား၊ ဟာ အဘွားရယ် အခုလို အချစ်ကို ငဲ့ပြီး ဆင်းရဲတွင်း ဆင်းတာ မကောင်းပါဘူး-လို့ပဲ ပြောရမလား မဝေခွဲတတ်ခဲ့ပါဘူး။
သတ္တ၀ါတိုင်း ကံစီမံရာကို နာခံကြရတယ် ဆိုပေမဲ့ အချစ်နဲ့ ပတ်သက်တဲ့ ဖူးစာကံကိုတော့ သူ စီမံတဲ့အတိုင်း ငြင်းဆန်သင့်သလား၊ လက်ခံသင့်သလား။
အချစ်မပါသော အိမ်ထောင်ရေးကို မိမိဘ၀နေရေး ကောင်းအောင် လက်ခံရမလား၊ တော်လှန် ပုံကန်ပြီး တသက်လုံး အချစ်နှင့်အတူ အဆင်းရဲခံရမှာလား သမီးလေးတို့၊ သားလေးတို့၊ မြေးလေးတို့လည်း စဉ်းစားကြပါ။
တက်တိုး
(အပျိုစင် ၂၀၀၂-ခု ဖေဖော်ဝါရီလ)

Friday, November 26, 2010
အနန္တငါးပါး ဘုရားရှိခိုး
ဗုဒ္ဓဂုဏော အနန္တော၊
ဓမ္မဂုဏော အနန္တော၊
သံဃဂုဏော အနန္တော၊
မာတာပိတုဂုဏော အနန္တော၊
အာစရိယဂုဏော အနန္တော၊
ဣမေ ပဉ္စဂုဏံ အဟံ ၀န္ဒာမိ သဗ္ဗဒါ။
၁။ ဘုရားကို ရှိခိုးရန်။
ဗုဒ္ဓဂုဏော၊ အနန္တောဟု၊ ကျော်စောထင်ရှား၊ သုံးပါးရပ်သူ၊ နတ်,လူ, ဗြဟ္မာ၊ သတ္တ၀ါကို ၊ ခေမာသာခေါင်၊ နိဗ္ဗာန်သောင်သို့၊ ရွှေဖောင်မဂ္ဂင်၊ သင်္ဘောယာဉ်နှင့်၊ ကယ်တင်ဆောင်ယူ၊ ပို့တော်မူသည်၊ နတ်လူတို့ထိပ်ပန်း၊ ရဟန်းတို့ဆရာ၊ အစိန္တေယျာဟု၊ အနန္တဂုဏ်အင်၊ ကျေးဇူးရှင်ကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုးပါ၏ အရှင်ဘုရား။
၂။ တရားကို ရှိခိုးရန်။
ဓမ္မဂုဏော၊ အနန္တောဟု၊ တည်သောကမ္ဘာ၊ သတ္တ၀ါလူနတ်၊ အထပ်ထပ်ကို၊ လေးမြတ်ကြင်နာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာသံယော၊ ကိလေသောမှ၊ ဆေးကြောသုတ်သင်၊ မြူမထင်အောင်၊ ရှောင်ကြဉ်ပေတတ်၊ တရားမြတ်ကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-သဒ္ဓါညွတ်ကျိုး၊ လွန်မြတ်နိုးလျက်၊ ရှိခိုးပါ၏ အရှင်ဘုရား။
၃။ သံဃာကို ရှိခိုးရန်။
သံဃဂုဏော၊ အနန္တောဟု၊ လောဘ, ဒေါသ၊ မောဟကင်းကွာ၊ တဏှာကာမ၊ ကိလေသနှင့်၊ ရာဂအမိုက်၊ နှစ်ခြိုက်မပျော်၊ မမွေ့လျော်ဘဲ၊ ရှင်တော်ဟောကြား၊ မြတ်တရားကို၊ မှတ်သားကြည်ညို၊ မဂ်,ဖိုလ်,နိဗ္ဗာန်၊ ရောက်ကြောင်းမှန်သည်၊ မြတ်မွန်ထေရ်ကျော်၊ သံဃာတော်တို့၊ ဂုဏ်တော်ကြီးစွ၊ အနန္တကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-သဒ္ဓါရွှင်မြူး၊ ဂုဏ်ရည်စူးလျက်၊ ကြည်နူးကြည်သာ၊ ရှိခိုးပါ၏ အရှင်ဘုရား။
၎။ မိဘကို ရှိခိုးရန်။
မာတာပိတုဂုဏော၊ အနန္တောဟု၊ အပြောကျယ်စွာ၊ သံသရာဝယ်၊ မာတာပိတ၊ မိနှင့်ဘတို့၊ ရေကြည် ကလလ၊ တည်ဦးစ(က)ပင်၊ ချို,ချဉ်,ပူစပ်၊ ရှင်းရှင်းပြတ်အောင်၊ မပြတ်ယုယ၊ မိဘတို့မှာ၊ စိုးရိမ်စွာဖြင့်၊ အစာဆိမ့်အေး၊ နို့ချိုပေး၍၊ မွေးသည့်မိခင်၊ ကျွေးဘခင်ကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ဂုဏ်တွေရည်စူး၊ စိတ်ကြည်နူးလျက်၊ ရွှင်မြူသဒ္ဓါ၊ ရှိခိုးပါ၏ အရှင်ဘုရား။
၅။ ဆရာကို ရှိခိုးရန်။
အာစရိယဂုဏော၊ အနန္တောဟု၊ မိန့်ဟောအရ၊ ကောက်ယူပြသော်၊ နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း၊ မေတ္တာလောင်း၍၊ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွက်သံချို၊ ဆုံးမဆိုထား၊ အဟိုများစွာ၊ သံသရာဝယ်၊ သုံးသွယ်သောကပ်၊ လေးရပ်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ဆိုးညစ်ယုတ်မာ၊ ပယ်စွန့်ခွာ၍၊ ခေမာဘုမ္မိ၊ ဘေးမရှိအောင်၊ နိဗ္ဗာန်သောင်သို့၊ ရောက်အောင်ပြညွှန်၊ သွန်သင်ပေတတ်၊ ဆရာမြတ်ကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ဂုဏ်တွေရည်စူး၊ စိတ်ကြည်နူးလျက်၊ ရွှင်မြူးသဒ္ဓါ၊ ရှိခိုးပါ၏ အရှင်ဘုရား။

Thursday, November 25, 2010
ခရီးသွားခြင်းနဲ့ ကျန်းမာရေး
ခရီးသွားခြင်းဟာ ကောင်းပါတယ်။ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ အားလပ်ရက်တွေမှာ ပင်လယ်ကမ်းခြေသို့သွား၍ အနားယူခြင်း၊ ကိုယ်မရောက်ဖူးသေးသော ဒေသများသို့ အလည်သွားခြင်း စသည်တို့ကို ပြုလုပ်လာကြပါတယ်။ ဒါပေမယ့် ခရီးသွားခြင်းဟာ ကျန်းမာရေးနဲ့ ပတ်သက်လို့ အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ အချက်ကို သုတေသနပြုလုပ်ချက်များအရ တွေ့ရှိထားပြီး ဖြစ်ပါတယ်။ လူအများစုဟာ ခရီးသွားနေကြပေမယ့် အဲဒီအတွက် ပြင်ဆင်ထားခြင်း မရှိကြပါဘူး။
ယနေ့ ကမ္ဘာကြီးဟာ တနေ့ထက်တနေ့ နယ်မြေကျဉ်းမြောင်းလာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ရောဂါတွေ ကူးစက်ဖို့ ပိုလွယ်လာတယ်။ ပိုးမွှားတွေ၊ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးတွေဟာ တနေရာမှ တနေရာသို့ ခရီးသွားခြင်းအားဖြင့် ရောက်ရှိပျံ့နှံ့စေနိုင်တယ်။ ကမ္ဘာရဲ့တဖက်ခြမ်းမှ အခြားတဖက်ခြမ်းသို့ လူတွေ ခရီးသွားကြတဲ့အခါ ရောဂါပိုးမွှားတွေကလည်း အလွယ်တကူ ပါသွားနိုင်ပါတယ်။ ရုံးပိတ်ရက် အပန်းဖြေခရီး ထွက်တော့မယ်ဆိုရင် ကျန်းမာရေးဆိုတဲ့ ခေါင်းစဉ်ဟာ ခရီးသွားမယ့် လူတွေရဲ့ စိတ်ထဲမှာ နောက်ဆုံးမှ စဉ်းစားတဲ့ စာရင်းတခု ဖြစ်နေတယ်။ လေ့လာမှုအသစ်များအရ ခရီးသွားမယ့်သူ အားလုံးရဲ့ ၇၁%ကျော်ဟာ ခရီးမသွားမီ ကျန်းမာရေး ၀န်ထမ်းနှင့် တိုင်ပင်ပြီး အကြံဉာဏ်ပေးချက်များ ရယူခြင်းမရှိဘူးလို့ သိရပါတယ်။
နိုင်ငံတကာ ခရီးသွားလာမှုဟာ ယနေ့မှာ အဆန်းမဟုတ်တော့ပါဘူး။ အများသူငါ သွားလေ့ရှိတဲ့ ခရီးတွေ ဖြစ်လာပါပြီ။ ကိုယ်သွားမယ့်နိုင်ငံတွေမှာ ဘယ်လိုကူးစက်ရောဂါ အမျိုးအစားတွေ ဖြစ်ပွားနေတယ်ဆိုတာ အလွယ်တကူ သတိမရဘဲ ဖြစ်လာကြတယ်။ တချို့နိုင်ငံတွေမှာက ကျန်းမာရေးနဲ့ ဘေးကင်းစိတ်ချရရေးအတွက် တင်းကျပ်တဲ့ စည်းကမ်းတွေ၊ အစီအမံတွေ ရှိလို့ လူတယောက်အတွက် တော်ရုံတန်ရုံ ကျန်းမာရေးပြဿနာများ ဖြစ်ပွားမလာနိုင်အောင် ကာကွယ်ပေးနိုင်သော်လည်း အခြား နိုင်ငံများမှာတော့ အဲဒီလို ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရတဲ့ အစီအစဉ်မျိုး မရှိတဲ့အတွက် ကျန်းမာရေးပြဿနာများ အလွယ်တကူ ရရှိနိုင်ပါတယ်။
လေ့လာမှုတခုအရ ပြီးခဲ့တဲ့နှစ်က ကမ္ဘာပေါ်ရှိ ငှက်ဖျားရောဂါအဖြစ်များသော ဒေသများသို့ အခြားနိုင်ငံ၊ သို့မဟုတ်-အခြားဒေသများမှ လာရောက်ခဲ့တဲ့ ခရီးသွားဦးရေ ၅-သန်း ရှိခဲ့တဲ့အတွက် အဲဒီ ခရီးသွားထဲက ၆၀% ဟာ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ရယူခြင်း မရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ဒါကြောင့် ခရီးသွားဖို့ ပစ္စည်းတွေ ပြင်ဆင်ထုပ်ပိုးနေစဉ်မှာပဲ ခရီးသွားရင် ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတဲ့ အစီအစဉ်ကလေးကိုလည်း ခေါင်းထဲမှာ ထည့်ထားပြီး ကြိုတင်ပြင်ဆင်သင့်ပါတယ်။
ခရီးသွားရင် ကြုံတွေ့ရနိုင်ဖွယ်ရှိတဲ့ ကျန်းမာရေးပြဿနာအချို့နဲ့ ဘယ်လိုရှောင်ရန် ဆောင်ရန် ကိစ္စတွေ လိုက်နာရမယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။
(၁) ငှက်ဖျားရောဂါ ကာကွယ်ပါ။
ငှက်ဖျားရောဂါဟာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်သောရောဂါ တခု ဖြစ်ပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါ အဖြစ်များတဲ့ ဒေသကို သွားမယ်ဆိုရင် ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။ ဗြိတိန်နိုင်ငံကို ပြန်လာတဲ့ အင်္ဂလန်နိုင်ငံသား ခရီးသည် နှစ်စဉ် ၂၀၀၀-ခန့် ငှက်ဖျားရောဂါ ကူးစက်ခံရပြီး ပြန်လာကြရသူများ ဖြစ်နေပါ တယ်။ ၂၀၀၃-ခုနှစ်မှာ ဆိုရင် အဲဒီလို ငှက်ဖျားဖြစ်ပြီး ပြန်လာခဲ့ရတဲ့ သူတွေထဲက ၁၆-ယောက် သေဆုံးခဲ့ရ ကြောင်း သိရှိရပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါ အဖြစ်များတဲ့ အခြားနိုင်ငံသို့ဖြစ်စေ၊ ပြည်တွင်းမှာပဲ ငှက်ဖျား အဖြစ်များတဲ့ ဒေသသို့ သွားရောက်တာပဲ ဖြစ်စေ၊ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ဆေးများကို သက်ဆိုင်ရာ ကျန်းမာရေး ၀န်ထမ်းများနဲ့ တိုင်ပင်ပြီး သောက်သင့်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့လည်း လိုပါတယ်။ ငှက်ဖျား ဖြစ်ပွားမှု များတဲ့ ဒေသမှာ နေရတဲ့ရက်များအတွင်း ခြင်ထောင်ဖြင့် အိပ်ခြင်း၊ ခြင်မကိုက်အောင် ကာကွယ်ပေးသော လိမ်းဆေးများ လိမ်းခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
(၂) အစားမှား၍ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း။
အစာအဆိပ်သင့်ခြင်းဟာ အနောက်နိုင်ငံများမှ ခရီးသည်များ အရှေ့ အပူပိုင်း ဒေသများသို့ လာရောက်တဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာများ ဖြစ်ပါတယ်။ နွေရာသီ ခရီးသွားတဲ့အခါမှာလည်း သန့်ရှင်းမှု မရှိတဲ့ စားသောက်ဆိုင်များမှာ စားမိတဲ့သူများ ကြုံတွေ့ရတတ်ပါတယ်။ အစာ အဆိပ်သင့်ခံရတဲ့အခါ ခံစားရတဲ့ ဝေဒနာ လက္ခဏာများကတော့ -
(၁) ဗိုက်နာခြင်း၊
(၂) အော့အန်ခြင်း၊
(၃) ၀မ်းလျှောခြင်းများ ဖြစ်ပါတယ်။
ဝေဒနာပြင်းထန်ပါက ရေနှင့် ဓာတ်ဆား ခန်းခြောက်ခြင်း၊ နုံးခွေပြီး မထနိုင်ဘဲ သွေးလန့်ခြင်းအထိ ရရှိခံစားနိုင်ပါတယ်။
ဒါကြောင့် ခရီးသွားနေစဉ် ဖြစ်နိုင်ရင် ရေသန့်ဘူးပဲ သောက်ပါ။ ဘုံပိုင်ခေါင်းမှ လာသောရေ၊ တွေ့ကရာ ရေကို မသောက်သင့်ပါ။ ရေသန့်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်တဲ့ ရေခဲတုံးများကိုလည်း မစားသင့်ပါ။ ခရီးသွားနေစဉ် ဟင်းသီးဟင်းရွက်များ အစိမ်းစားခြင်းကိုလည်း ရှောင်ကြဉ်ပါ။ အသီးအနှံများစားမယ် ဆိုရင် အခွံခွါ စားရတဲ့ အသီးအနှံများကို ရွေးချယ်စားသင့်ပါတယ်။ ကမာ၊ ယောက်သွား၊ ကဏန်း၊ ပုစွန်ထုပ်ကြီး စသည်တို့ကို ရှောင်သင့်ပါတယ်။ ကောင်းမွန်စွာ ကျက်အောင် ချက်ထားသော အသားများကိုသာ စားရပါမယ်။
တကယ်လို့ အစာအဆိပ်သင့်ပြီး ၀မ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ရင် အနားယူပါ။ ရေသန့် များများသောက်ပါ။ လိုအပ်မှ ဓာတ်ဆားထုပ်ပါ သောက်ပါ။ ဓာတ်ဆားထုပ်များကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဒါပေမယ့် အိမ်သာရှိတဲ့ နေရာနဲ့ ဝေးတဲ့ခရီးကို သွားရတယ် ဆိုရင်တော့ သောက်နိုင်ပါတယ်။ ဓာတ်ဆားထုပ်အလွယ်တကူ မရဘူးဆိုရင် မိမိဘာသာ ဓာတ်ဆားရည် ဖျော်သောက်နိုင်ပါတယ်။ သကြား လက်ဖက်ရည်ဇွန်း တဇွန်း၊ သို့မဟုတ်-ဂလူးကို့စ် လက်ဖက်ရည်ဇွန်း တဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တဇွန်းတို့ကို ရေသန့် ၃၀၀-စီစီနဲ့ ဖျော်ပြီး သောက်နိုင်ပါ တယ်။ (ခန့်မှန်းခြေ ၁-လီတာ ရေသန့်ဘူးရဲ့ သုံးပုံတပုံ)။
(၃) အပူရှိန်ကြောင့် ခြေကုန်လက်ပန်းကျခြင်း။
ရာသီဥတု ပူပြင်းရင် ချွေးထွက်များတဲ့ အတွက်ကြောင့် ရေနဲ့ဓာတ်ဆားများ ဆုံးရှုံးတတ်ပါတယ်။ အချိန်အကြာကြီး အပူဒဏ်ခံရမယ်ဆိုရင် ခန္ဓာကိုယ်ဟာ ထိန်းညှိမပေးနိုင်တော့ဘဲ အပူကြောင့် ခြေကုန်လက်ပန်းကျခြင်း ဖြစ်နိုင်ပါတယ်။ ဥပမာ-နေရောင်အောက်မှာ အချိန်အကြာကြီး နေခြင်း၊ အားကစား ပြုလုပ်ခြင်း။
အပူကြောင့် ခြေကုန်လက်ပန်းကျတဲ့အခါ ခံစားရတဲ့ ဝေဒနာများကတော့ ရီတီတီဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်ပါတယ်။ ဒီထက် ဆိုးလာရင် အပူရှပ် (Heatstroke) သွားနိုင်ပါတယ်။ အဲဒီအခါ သတိလစ်ခြင်း၊ ကျောက်ကပ်စွမ်းရည် ကျဆင်းခြင်း၊ နှလုံးစွမ်းရည် ကျဆင်းခြင်းများအထိ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် အပူဒဏ်မှ ကာကွယ်ရန် တတ်နိုင်သမျှ နေရိပ်အောက်မှာ နေထိုင်ပါ။ နေပူထဲတွင် ဦးထုပ်၊ ထီး ဆောင်းပါ။ လူကိုအေးမြစေတဲ့ ချည်ထည် အ၀တ်အစားများ ရွေးချယ် ၀တ်ဆင်ပါ။ ရေ များများသောက်ပါ။ နေပူထဲမှာ ရှိနေရင် အရက်အလွန်အကျွံ မသောက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ရေဓာတ်ခန်းခြောက်ခြင်းကို ပိုဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။ အပူပိုင်းဒေသကို ရောက်လာသူတဦးအဖို့ အပူဒဏ်ကို ခံနိုင်ရည်ရှိဖို့ အချိန်ယူရပါတယ်။
ကျန်းမာရေး လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင်လည်း ရက်အနည်းငယ် အချိန်ယူပြီး ဖြည်းဖြည်းချင်း စလုပ်ရပါမယ်။ နံနက်စောစော သို့မဟုတ်-ညနေ အေးသွားတဲ့အချိန်မှာ လုပ်သင့်ပါတယ်။ အပူဒဏ်ကြောင့် ခြေကုန်လက်ပန်းကျခြင်း ဖြစ်နေပြီဆိုရင် ကုသဖို့ရာလွယ်ပါတယ်။ အဲဒါကတော့ အေးတဲ့အခန်းထဲမှာ လဲလျောင်း အနားယူပြီး ကုန်ခန်းသွားတဲ့ရေနဲ့ ဓာတ်ဆားဓာတ်တွေကို ဓာတ်ဆားဖျော်ရည် သောက်ပြီး အစားထိုးပေးခြင်းပါပဲ။ အပူရှပ်သွားတဲ့ လူနာကိုတော့ ဆေးရုံကိုချက်ချင်း ပို့ပေးရပါမယ်။
(၄) ထိခိုက်ဒဏ်ရာများ။
ခရီးသွားရင်း လမ်းခရီးမှာ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ ရေနစ်ခြင်း ဖြစ်လို့ သေဆုံးရမှုတွေဟာ ရောဂါဖြစ်လို့ သေဆုံးရတာထက် ပိုများတတ်ပါတယ်။ ခရီးထွက်လို့ အခြားတနေရာ ရောက်နေတဲ့အချိန်မှာ စိတ်အေးလက်အေး ရှိနေပြီး မည်သည့်နှောင့်ယှက်မှုမျိုးမှလည်း မကြုံရ၊ တနည်းအားဖြင့် ကိုယ့်ကို စောင့်ရှောက်ပေးမယ့်သူလည်း မရှိ ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် သင်ဟာ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေတွေ၊ ဥပမာ-အိမ်မှာထက်ပိုပြီး အရက်သောက်မိခြင်းမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင် အသစ် ဖြစ်တဲ့အတွက် အဲဒီရောက်နေတဲ့နေရာရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုံခြုံဘေးကင်းမှု အခြအနေဟာ ကိုယ်နေနေကျ နေရာလောက် ကောင်းချင်မှ ကောင်းမယ်။ အခုအထိ လူတွေဟာ နိုင်ငံရပ်ခြား ခရီးသွားမယ် ဆိုရင် အသက်အာမခံ လုပ်သွားသင့်တယ် ဆိုတာမျိုး မရှိကြသေးပါဘူး။
အကြီးမားဆုံးဖြစ်နိုင်တဲ့ အန္တရာယ်ကတော့ ကားလမ်းနဲ့ရေလမ်း အန္တရာယ်ပဲ ဖြစ်ပါတယ်။ ကိုယ်ငှါစီးမယ့် ကား၊ မောင်းမဲ့ဒရိုင်ဘာ စသည်တို့ကို မငှါးမီ ကြိုတင်စစ်ဆေးသင့်ပါတယ်။ ကားဘရိတ်တွေ ကောင်းရဲ့လား။ အရေးပေါ် အန္တရာယ်ဖြစ်ရင် ဆေးရုံဆေးခန်းနဲ့ ဆက်သွယ်နိုင်တဲ့ တယ်လီဖုန်းနံပါတ် စသည်တို့ကို သိထားရပါမယ်။ နိုင်ငံရပ်ခြား သွားမယ်ဆိုရင်လည်း အဲဒီနို်င်ငံမှာ ကျင့်သုံးနေတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ သိထားရပါမယ်။ လမ်းအန္တရာယ် အမှတ်အသားပြ ဆိုင်းဘုတ်တွေကိုလည်း ဖတ်တတ်ရပါမယ်။ ကိုယ်တိုင် ကားငှါးပြီး မောင်းမယ်ဆိုရင်လည်း ခရီးပန်းလာတဲ့အချိန် လေယာဉ်စီးပြီး လာရလို့ မိမိနိုင်ငံမှာတုန်းက အိပ်ချိန်မျိုးမှာ ဖြစ်နေရင် ကားမမောင်းသင့်ပါ။ ကားမောင်းရင် ငိုက်မြည်းပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။ အရက်သောက်ပြီး ကားမောင်းခြင်း၊ ရေကူးခြင်း မပြုသင့်ပါ။ ရေကူးမယ်ဆိုရင်လည်း အခြား အဖော်များနှင့် အတူ ကူးပါ။ ပင်လယ် ဒီရေ အတက်အကျကို လေ့လာပါ။ ပင်လယ်ထဲမှာ ရေပေါ်ပေးနေတဲ့ အိပ်ရာနဲ့ အိပ်ပြီး ဇိမ်ယူခြင်းမျိုးကို ရှောင်ကြဉ်ပါ။ တိမ်သော ရေကူးကန်ထဲ ဒိုင်ဗိုင်ထိုးခြင်းကို ရှောင်ကြဉ်ပါ။ မိမိတည်းခိုမယ့် အဆောင်တွင် မီးလောင်ရင် အရေးပေါ် ထွက်ရမယ့်အပေါက်၊ ရှေးဦးသူနာပြု သေတ္တာထားသည့် နေရာတွေကို ကြိုတင် သိထားအောင် လေ့လာထားပါ။
(၅) နေပူလောင်ခံရခြင်းနှင့် မိတ်ထွက်ခြင်း။
အရေပြားကင်ဆာဖြစ်တဲ့ လူအရေအတွက်ဟာ တိုးပွားလျက်ရှိနေပါတယ်။ လိုအပ်ရင် နေလောင်ဒဏ် ခံနိုင်အောင် နေပူလောင်ခံ လိမ်းဆေးတွေ လိမ်းသင့်ရင် လိမ်းရပါမယ်။ နေလောင်ခြင်းကြောင့် အရေပြားများ အပူလောင်ဖုထခြင်း၊ မိတ်ထွက်ခြင်း၊ ယားယံခြင်း ဖြစ်တတ်ပါတယ်။ အတွင်းခံအင်္ကျီက ကျယ်လွန်းပြီး လေ၀င်လေထွက် မကောင်းတဲ့အတွက်ကြောင့် ချွေးလမ်းကြောင်း ပိတ်တတ်ပါတယ်။ နေပူထဲမှာ ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ချွေးမစုပ်နိုင်သော အ၀တ်များ ၀တ်ဆင်ခြင်းကြောင့်လည်း မိတ်ကို ထွက်စေပါတယ်။
ဒါကြောင့် အေးပြီး ချောင်ချောင်ချိချိ နေနိုင်တဲ့ အ၀တ်များကို ၀တ်ဆင်ပါ။ နေ့လယ် နေပူချိန် အပြင်မထွက်ပါနဲ့။ နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် အချို့ဟာ အရေပြားကို ဒုက္ခပေးနိုင်တဲ့အတွက် ထီး၊ ဦးထုပ် ဆောင်းပြီးမှ ထွက်ပါ။ နေကာမျက်မှန်ကိုလည်း တပ်သင့်ပါတယ်။
(၆) မှိုစွဲခြင်း။
အပူပိုင်းဒေသများသို့ ခရီးထွက်မယ့်သူတွေမှာ မှိုစွဲတဲ့ရောဂါအဖြစ် ပိုများလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကင်ဒီဒါတစေး မှိုပိုးဟာ ပူနွေးစိုစွတ်တဲ့ အခြေအနေမျိုးမှာ လျင်မြန်စွာ ပေါက်ဖွားတတ်ကြလို့ပါပဲ။ ခရီးသွားခြင်းကြောင့် ပင်ပန်း နွမ်းနယ်ခြင်းဟာ အမျိုးသမီးတွေမှာ သဘာဝ ခန္ဓာကိုယ်ခုခံအား စနစ်ကို နည်းပါး ကျဆင်းစေတဲ့အပြင် ဒီအခြေအနေရောက်စေရန်လည်း ခလုတ်နှိပ်ပေးသလို ဖြစ်လို့ပါပဲ။ မှိုမစွဲအောင် ကာကွယ်ဖို့ကတော့ အတွင်းခံ အ၀တ်အထည်တွေကို ချည်ထည် အမျိုးအစားပဲ သုံးပါ။ အ၀တ်အစားတွေ ကျပ်လွန်းရင် မ၀တ်ပါနဲ့။ ချည်ထည်မဟုတ်ဘဲ ဓာတုပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ အ၀တ်အထည်များဟာ လေ၀င်လေထွက် မကောင်းတဲ့အတွက်ကြောင့် အရေပြားကို မှိုစွဲစေဖို့ ပိုဖန်တီးစေပါတယ်။ ရေကူးပြီးတဲ့အခါ ရေကူးဝတ်စုံများကို လဲလှယ်ပေးခြင်း၊ အားကစား ပြုလုပ်ပြီးနောက် ချွေးစိုနေသော အ၀တ်များကို လဲလှယ်ပေးခြင်း ပြုလုပ်ပေးရပါမယ်။ အချို့သော ရေမွှေး၊ ဆပ်ပြာ၊ ပေါင်ဒါ စတဲ့ ပစ္စည်းများဟာ အရေပြားနဲ့ ဓာတ်မတည့်မှု ဖြစ်စေတတ်ပါတယ်။ မှိုစွဲကပ်လွယ်တဲ့လူ ဖြစ်ရင် Probiotics လို့ခေါ်တဲ့ မိတ်ဆွေ ဇီဝပိုးများပါတဲ့ ဆေးများ ခရီးမသွားမီ ကြိုတင် စားသင့်ပါတယ်။ ဒါမှ ခုခံအား ကောင်းစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရီးမသွားမီ မိသားစု ဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်ဆေးများ ထိုးနှံခြင်း၊ ကာကွယ်ဆေးများ ကြိုတင်သောက်ခြင်းတို့ကို ပြုလုပ်ရပါမယ်။ ရောဂါ ခုခံစွမ်းအား မြှင့်တင်ရေးအတွက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါတဲ့ အစားအစာများ၊ ဥပမာ-အ၀ါရောင်၊ အနီရောင်၊ အစိမ်းရောင်ရှိ ဟင်းသီး ဟင်းရွက်များ၊ အစေ့အဆံများကိုလည်း စားသင့်ပါတယ်။
လေယာဉ် ခရီးရှည် စီးရမယ်ဆိုရင် ဒေသတခုနဲ့တခု အကူးအပြောင်းမှာ အိပ်ချိန်၊ စားချိန်များ ညှိပေးရပါမယ်။ ခရီးရှည် လေယာဉ်စီးရရင် ကဖင်းနဲ့အယ်လ်ကိုဟော ပါဝင်သော အရည်များ မသောက်သင့်ပါ။ ဖြစ်နိုင်ရင်တော့ အိတ်ဆောင် ရှေးဦးသူနာပြု ဆေးပုံးလေးကိုပါ ဆောင်သွားသင့်တယ်ဆိုတာ ဖော်ပြရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။
ဒေါက်ထွေး (ဆေး/မန်း)
(ကလျာမဂ္ဂဇင်း ၂၀၀၆-ခု သြဂုတ်လ)

Sunday, November 21, 2010
လိုတာထက် မပိုပါစေနဲ့
အနာခံမှ အသာစံရမယ်ဆိုတဲ့ စကားဟာ ခန္ဓာကိုယ် ကြံ့ခိုင်အောင် လေ့ကျင့်ခန်းလုပ်တဲ့ နယ်ပယ်မှာတော့ အပြည့်အဝ မှန်ကန်မှာ မဟုတ်ပါဘူး။ အကျိုးမြန်မြန် သက်ရောက်စေချင်လို့ အားသွန်ခွန်စိုက်လုပ်လေ ဘေးထွက်ဆိုးကျိုးတွေ များလေပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်သူတွေ လက်ကိုင်ထားရမယ့် ဆိုရိုးကတော့ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်"လို့ ပြောရမလားပဲ။ နို့မို့ဆို ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက် ပိုလေးကုန်ပါလိမ့်မယ်။ မြန်မြန်ပိန်ချင်၊ မြန်မြန် ကျန်းမာချင်လို့ လေ့ကျင့်ခန်းချည်းပဲ ဖိလုပ်နေရင် အချိန်ကုန် လူပန်းတဲ့အပြင် တခြားရောဂါတွေပါ အစဉ်လိုက်ဝင်လာတတ်ပါ တယ်။
ကိုယ်ကာယလေ့ကျင့်ခန်းကို လိုအပ်တာထက် လူရော အချိန်ရော ပိုအားစိုက်လိုက်တဲ့အခါ-
၁။ လုပ်ငန်းခွင်မှာ စွမ်းဆောင်မှုတွေ လျော့ကျလာမယ်။
၂။ လုပ်ငန်းမှာ အာရုံစူးစိုက်လို့ ရမှာမဟုတ်တော့ဘူး။
၃။ စိတ်ဓာတ်ကျတာ၊ စိတ်အားငယ်တာ ပိုဖြစ်လွယ်လာမယ်။
၎။ ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူး။
၅။ အများနဲ့ စုပေါင်းနေလိုစိတ် မရှိတော့ဘဲ သီးသန့်ဆန်လာမယ်။
၆။ နာလန်ပြန်ထူနိုင်ဖို့ အချိန်ကြာမယ်။
၇။ မနက်ခင်းတွေမှာ နှလုံးခုန်နှုန်းမြန်ပြီး မောနေတတ်တယ်။
၈။ ခေါင်းကိုက်ဝေဒနာ ခံစားရမယ်။
၉။ အစားအသောက် လျော့လာမယ်။
၁ဝ။ ကြွက်သားတွေ နာကျင်တောင့်တင်းမယ်။
၁၁။ အစာအိမ်နာ၊ အစာမကြေ ဖြစ်မယ်။
၁၂။ ထိုင်းမှိုင်းတွေဝေနေမယ်။
၁၃။ ကိုယ်ခံစွမ်းအား နည်းလာမယ်။
(ဥပမာ-အအေးမိ နှာစေးတာတွေ ဖြစ်လွယ်မယ်)။
ဒါဖြင့် တချို့အားကစားသမားတွေက ပြန်မေးရင်မေးကြလိမ့်မယ်။ ပြိုင်ပွဲတကယ်ဝင်ရတော့မယ့်အချိန် နီးလာရင် ပိုတိုးပြီး မလေ့ကျင့်သင့်ဘူးလားလို့ပေါ့။ ပြိုင်ပွဲနီးလို့ လေ့ကျင့်မှု ပိုတိုးတယ်ဆိုတာ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်ကောင်းကျိုးအတွက် တကယ်ပဲ အနှောင့်အယှက် မဖြစ်လာဘူးလားဆိုတာ ကိုယ့်ကိုယ်ကို သေချာရဲ့လားလို့ ပြန်မေးချင်ပါတယ်။
လေ့ကျင့်မှု လွန်ကဲတယ်ဆိုတာ အားကစားသမားမှ မဟုတ်ပါဘူး။ ၀တဲ့သူတချို့ဟာလည်း ပိန်ချင်လွန်း တာကြောင့် မြန်မြန်ပိန်အောင် လေ့ကျင့်ခန်း များများလုပ်မှ ထိရောက်မယ်လို့ အယူအဆ လွဲမှားတတ်ကြပါတယ်။ နေ့ချင်းညချင်း ပိန်ချင်တော့ ကစားခန်းမထဲကကို မထွက်တော့ဘူး ဆိုတာလို ဖြစ်နေတတ်ပါတယ်။ အစွန်းရောက်လွန်းရင် ဘယ်အရာမှ မကောင်းပါဘူး။
တချို့ကတော့ ကိုယ်လေ့ကျင့်နေတာလွန်လို့ လွန်နေမှန်းတောင် မသိတာရှိပါလိမ့်မယ်။ အဲဒါဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုယ်လုပ်နေတာနဲ့ ကိုယ်ညီနေပြီလားကြည့်လိုက်။ အဲဒီအတိုင်း ဟုတ်နေပြီဆို ပြင်သင့်ပါတယ်။
* တပတ်ကို နားရက်မယူဘဲ ခုနစ်ရက်လုံးလုံး လေ့ကျင့်တာ
* တကြိမ်ကျင့်ရင် သုံးနာရီလောက်ကြာအောင် လေ့ကျင့်တာ
(အလေးမတာ တနာရီခွဲ၊ သွေးပူလေ့ကျင့်ခန်းလုပ်တာ တနာရီခွဲ) နဲ့
* လေ့ကျင့်ခန်း ပြင်းအားကို အမြင့်ဆုံးမှာ ထားတာတွေပါပဲ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်လိုက်ရလို့ ကိုယ့်ခွန်အားလည်း ဆုံးရသေး၊ ဆေးလည်း ပြန်ကုရသေးဆိုရင်---မိအေး နှစ်ခါနာတော့ အဖြစ်မခံကြပါနဲ့။ ဒီလိုကြိုတင် ကာကွယ်နိုင်ပါတယ်။
* အလေးမ လေ့ကျင့်ခန်းကို တပတ်မှာ သုံးကြိမ်ထက် ပိုမကျင့်မိဖို့၊
* တခြား လေ့ကျင့်ခန်းတွေကို တပတ်မှာ ခြောက်ရက်ထက် ပိုမလုပ်မိဖို့၊
* လေ့ကျင့်ခန်း တခုနှင့် တခုကြားမှာ တမိနစ်-တမိနစ်ခွဲလောက် နားပေးဖို့၊
* ဆက်တိုက် တနာရီ-တနာရီခွဲထက် ပိုကြာအောင် မလုပ်မိဖို့၊
* လေ့ကျင့်ခန်း ပြင်းအားကို အမြင့်ချည်းပဲ မထားဘဲ အမြင့်နဲ့ အနိမ့် (အနှေးနဲ့အမြန်) တလှည့်စီ ကစားဖို့၊
* လေ့ကျင့်ကစားပြီးတိုင်း အာဟာရပြည့်မယ့် အစာတွေ စားပေးဖို့ပဲ ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ အကြံပြုချက်တွေကို လေ့ကျင့်လွန်ခြင်းက ပြန်လည်ဆွဲထုတ်ယူလို့ရတဲ့ သင့်အသက်အာမခံ ကတ်ပြားလို့ တင်စားရင် မမှားပါဘူး။ တချို့က ဟုတ်မှဟုတ်ပါ့မလားလို့ သံသယ၀င်ကြလိမ့်မယ်။ မယုံရင် ကိုယ်လေ့ကျင့်နေတဲ့အတိုင်း မှန်မှန်လေးသွားရာကနေ ပိုပြီးများများလေ့ကျင့်ကြည့်လိုက်ပါလား။ ပြောခဲ့ပြီးတဲ့ ဝေဒနာတွေ တကယ်ခံစားရတာ ဟုတ်-မဟုတ် လက်တွေ့ သိလာပါလိမ့်မယ်။
ကိုယ်ပေးဆပ်လိုက်ရတဲ့ တန်ဖိုးနဲ့ ညီမျှတဲ့ထိုက်တန်မှု လူတိုင်း ရနိုင်ကြပါစေ။
Ref: Health Digest, Aprial, 2000.
(Lifestyle ၂၀၀၁-ခု ဇန်န၀ါရီလ)

Friday, November 19, 2010
စေတီတည်ထိုက်သည့် ပုဂ္ဂိုလ်များ
ပူဇော်သင့်၊ ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့၏ အရိုး၊ အသား၊ အသွေး၊ အသုံးအဆောင် စသည်တို့ကို ဌာပနာ၍ စေတီတည်ရာ၌ စေတီတည်ထိုက်သော ပုဂ္ဂိုလ်တို့ကို ဤနေရာ၌ သိသင့်၏။
၁။ သဗ္ဗညု မြတ်စွာဘုရား။
၂။ ပစ္စေကဗုဒ္ဓါဘုရား။
၃။ အရိယာရဟန်း။
၎။ စကြာမင်း။
ဤလေးယောက်တို့၏ အရိုး၊ အသား၊ အသွေး၊ ဆံပင် စသည်တို့သည် စေတီတည်၍ ပူဇော်ထိုက်၊ ကိုးကွယ်ထိုက်ကုန်၏။
ပုထုဇဉ်ရဟန်းတို့၏ အရိုး၊ အသား၊ အသွေး၊ ဆံပင် စသည်တို့ကား စေတီ မထိုက်ပေ။
အဘယ်ကြောင့်ဆိုသော် အံ့သြဖွယ်မဟုတ်၍ စေတီမတည်ကောင်းခြင်း ဖြစ်၏။
သို့သော် ဆရာစသည့် ဂုဏ်ကို ရည်မှန်း၍ ပူဇော်သောအားဖြင့် ခမ်းနားစွာ သင်္ဂြိုဟ်ကောင်း၏။ ပုထုဇဉ်ရဟန်းတို့၏ အရိုးကို စေတီတည်၍ ကိုးကွယ်ရလျှင် ဤမြေပြင်ဝယ် စေတီများဖြင့် ပြည့်နှက်၍ လူများနေဖွယ်ရာပင် ရှိတော့မည် မဟုတ်ပေ။

ကွန်ပျူတာအသုံးပြသူများ သတိပြုရန်
(၁) ကွန်ပျူတာကြည့်သူတိုင်းသည် မျက်စိညောင်းညာခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်စိနီခြင်း၊ မျက်ရည်ပူ ကျခြင်း၊ ရှိပါက မျက်မှန်တပ်ဆင်ဖို့ လို-မလို စစ်ဆေးပါ။
(၂) မျက်မှန်တပ်ဆင်ရန် လိုသူများ မျက်မှန်တပ်၍သာ ကွန်ပျူတာ အသုံးပြုကြပါ။
(အသက် ၄၀-ကျော်သူတိုင်း စာကြည့်မျက်မှန် အသုံးပြုပါ။ အသက် ၃၈-၄၀ အောက်လူငယ်များ အဝေးမျက်မှန် တပ်ဆင်အသုံးပြုရန်၊ အဝေးမျက်မှန်ပါဝါ မရှိပါက တပ်ဆင်ရန် မလို)။
(၃) ကွန်ပျူတာ အသုံးပြုသူတိုင်း ကွန်ပျူတာကို ဆက်တိုက်အသုံးမပြုဘဲ နာရီဝက်ကြည့်ပြီးတိုင်း မျက်စိကို နှစ်မိနစ်ခန့် ခေတ္တပိတ်၍ နားပါ၊ ကလေးများကိုလည်း ကွန်ပျူတာဂိမ်း ကစားပြီးတိုင်း ပြေးလွှား ဆော့ကစားစေပါ။
(၄) အသက်အရွယ်ကြီး၍ ကွန်ပျူတာသုံးရသူတိုင်း မျက်စိ ပူစပ်ပူလောင် ဖြစ်ပါက မျက်ရည်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန် မျက်ရည်တု မျက်စဉ်းကို အသုံးပြုပါ။
(၅) ကလေးလူကြီးတိုင်း မည်သူမဆို ကွန်ပျူတာ ကြည့်၍ မျက်စိပူစပ်ပူလောင်ဖြစ်ခြင်း၊ ခိုးလိုးခုလု ဖြစ်ခြင်း၊ မျက်စိနီခြင်းတို့ ဖြစ်ပါက မျက်စိကို ပွတ်သပ်ခြင်းမပြုဘဲ မျက်ရည်တု မျက်စဉ်းကို လေးကြိမ်မှ ခြောက်ကြိမ်အထိ ခတ်ကြည့်ပါ။ မသက်သာပါက နီးစပ်ရာ မျက်စိဆရာဝန်များနှင့် ပြသပါ။

ကိုယ်လက်လေ့ကျင်ခန်းနှင့် အယ်လ်ဇိုင်းမား ရောဂါ
နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါက အသက်အရွယ် ရလာသည့်အခါ မှတ်ဉာဏ်ချို့တဲ့သော အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှု လျော့ကျစေနိုင်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။
နေ့စဉ် နံနက်ပိုင်း အချိန် ၁၅-မိနစ်ခန့် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးပါက ခန္ဓာကိုယ် သွေးလည်ပတ်မှု မှန်ကန်စေပြီး ဦးနှောက်ဆဲလ်များ ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း အဆိုပါ ဆေးသိပ္ပံပညာရှင်များက စစ်ဆေးတွေ့ရှိခဲ့ကြသည်။
သီတင်းတပတ်လျှင် အနည်းဆုံး ၃-ကြိမ်ခန့် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးလျှင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှု ၄၀-ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။ ထို့ကြောင့် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါက ထိရောက်သော ကျန်းမာရေးအကျိုးပြုမှုကို ပိုမိုရရှိမည်ဖြစ်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များက ထပ်မံပြောကြားခဲ့သည်။

Thursday, November 18, 2010
တူသောအကျိုး
ကျွန်မတို့ မောင်နှမ ၇-ယောက်စလုံးကို သည်အဖေ သည်အမေက မွေးခဲ့တာပါ။ သို့သော် အချို့က လှပြီး အချို့က အရုပ်ဆိုးသည်။ အချို့က အသားဖြူ၍ အချို့က မည်းသည်။ အချို့က ဆင်းရဲပြီး အချို့က ချမ်းသာသည်။ ဘာကြောင့်လဲဟု ဘုန်းကြီးဘ၀က လူဝင်စားဖြစ်ခဲ့သော ကျွန်မ စဉ်းစားမိသည်။
ထို့ကြောင့် ကျွန်မတို့မောင်နှမ ၇-ဦး၏ ပြုမူနေထိုင်ပုံများကို လေ့လာပြီး ၂၀၀၉-ခုနှစ် ဇူလိုင်လထုတ် မြတ်မင်္ဂလာစာစောင်မှာ မောင်လေးသေဆုံးပုံကို အမှန်အတိုင်း ဖော်ပြခဲ့ပါသည်။ ယခု ကျွန်မအမတယောက်၏ နောက်ဆုံးခရီးလေးကို ရင်နာစွာနှင့် ဖော်ပြလိုက်ပါသည်။
ကျွန်မ၏အမသည် အိမ်ထောင်ကျပြီး ရွှေတောင်မြို့တွင် နေထိုင်ပါသည်။ သားသမီး ၈-ယောက် မွေးပြီး ချက်နို့ဆီလုပ်ငန်းနှင့် ချမ်းချမ်းသာသာ နေထိုင်ရပါသည်။ သို့သော် အမတွင် ဆီးချိုရောဂါစွဲကပ်၍ မစားနိုင် မသောက်နိုင် တပိန်ပိန် တလိန်လိန်နှင့် ဖြစ်နေပါသည်။ အထူးကုဆရာဝန်ကြီးများနှင့် ကုသသော်လည်း မရပါ။ ခြေထောက်တွင် ခဲစူးမိသောအနာမှာ ဆီးချိုရှိ၍ မပျောက်တော့ဘဲ ကြီးသထက်ကြီးလာသည်။ ဆေးရုံကိုလည်း တက်လိုက်ဆင်းလိုက်နှင့် အကြိမ်ကြိမ်ပင် မိသားစုအားလုံးလည်း စိတ်ဆင်းရဲနေကြပါသည်။
မြန်မာတိုင်းရင်းဆေးနှင့်လည်း ကုပါသည်။ နောက်ဆုံး ဆရာဝန်များလက်လျှော့သည့်အခါ အိမ်သို့ပြန်ခေါ် လာပြီး အိမ်တွင်ပင် မိသားစုနှင့် သိုင်းသိုင်းဝိုင်းဝိုင်း ထားခဲ့သည်။ အမသည် အလှူဒါနကို မပြတ်ပြုသူ ဖြစ်သော်လည်း ၀ိပဿနာတရား အားမထုတ်ပါ။ ချမ်းသာသူဖြစ်၍ သူ့မိသားစုနှင့်သာ ပျော်ပျော်ကြီး နေထိုင်သူဖြစ်ပါသည်။
အမသည် အမဲသား အရမ်းကြိုက်သူဖြစ်သည်။ ကျွန်မတို့က အမဲသား မစားပါ။ အမကို ရှောင်ရန်ပြော သော်လည်း မရပါ။ နွားတကောင်လုံးကို ကြိုက်ပါသည်၊ နွားလျှာ၊ နွားမြီး၊ နွားခြေထောက်၊ ကလီစာ ဘာတခုမှ အလွတ်မပေးပါ။ ယခု အမ ဝေဒနာခံစားနေရသည့်အခါ နွားများကို မြင်နေရသည်ဟု မကြာခဏ ပြောသည်။ သူကတော့ အမဲသားစားချင်၍ အိပ်မက်လိုလို တကယ်လိုလို မြင်နေရသည်ဟု ပြောသည်။ ကျွန်မတို့ကတော့ အာသန္နကံ အကျိုးပေးမှာကို ကြောက်၍ အမအနီးတွင် အတတ်နိုင်ဆုံး ကောင်းမှုကုသိုလ်လုပ်သည့်အကြောင်း၊ ၀ိပဿနာအကြောင်းများကို ပြောပြသည်။
ရွှေတောင်မှာနေသော အမသည် ပြည်မြို့ ပြည်တော်အေး ရုပ်ရှင်ရုံ ရုံးလမ်းတွင် သေဆုံးသော ကုလားကြီး တယောက် သူ့ဆီလာသည်ဟု၎င်း၊ ဒေါ်လှရေ ကျွန်မလာခဲ့မယ်--သွားနှင့်--ဟူ၍၄င်း၊ မကြာခဏ ပြောဆိုပါ သည်။ ကျွန်မတို့လည်း ပရိတ်ရေများ ပက်ဖျန်း၍ သံဃာတော်များ ပင့်ဖိတ်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့ရသည်။ ဆရာတော်များ၏ တရားခွေများကိုလည်း စဉ်ဆက်မပြတ် ဖွင့်ပေးခဲ့ပါသည်။
အမမှာ သတိမရတချက်၊ ရတချက်နှင့် ပင်ပန်းကြီးစွာ အသက်ရှူနေရသည်ကို မကြည့်ရက်ဖြစ်ခဲ့ရသည်။ ထိုနေ့က ၀ိညာဉ်ချုပ်မည့်နေ့ဖြစ်ပါသည်။ အမ အခြေအနေမကောင်း၍ ကျွန်မတို့အားလုံး အမအနီးတွင် ရောက်နေပါသည်။
အမသည် ခဲအိုကြီး၏ ရင်ဘတ်ကို မှီ၍ထိုင်နေသည်။ ခဲအိုကြီး အမကို ဆေးတိုက်ရာ အခန်းဝမှာ ဒေါ်လှရောက်နေတယ်---အထဲခေါ်လိုက်ပါ-ဟု ပြော၍ ကျွန်မတို့အားလုံး ကြက်သီးမွေးညင်းများ ထသွားပါသည်။ သို့သော် အမသည် ဆေးသောက်ပြီး ဘုရား-ဘုရားဟု စကားနှစ်ခွန်း တီးတိုးညည်းလိုက်ပြီး ခေါင်းလေးစောင်း၍ ၀ိညာဉ်ချုပ်ခဲ့ပါသည်။
အဖေက အမနောက်ဆုံးသတိရသည်မှာ မြတ်စွာဘုရားရှင်ဖြစ်သည်။ ထို့ကြောင့် ကောင်းရာသုဂတိသို့ ရောက်နိုင်ပါသည်ဟု ကျွန်မတို့ မောင်နှမများကို ရှင်းပြပါသည်။ အမ၏အလောင်းကို နေရာရွှေ့သည့်အခါ အမ၏ ခန္ဓာကိုယ်မှ ဆီးများ ရေပုံးကြီးတပုံးခန့် ဝေါခနဲ ထွက်ကျလာသည်ကို အံ့သြဖွယ် တွေ့ရပါသည်။ ထို့ကြောင့် ဓာတ်ကြီး ၄-ပါးနှင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ကြီးပါတကားဟု တရားရမိသည်။
အမ၏ အလောင်းကို ပြင်ဆင်ထားရာ အမ၏ ခန္ဓာကိုယ်မှ အမဲသားအနံ့ရသည်ဟု ထင်မိပါသည်။ အသုဘရှုသူများကလည်း ပြောကြပါသည်။ ထို့နောက် မြို့စွန်ရှိ သင်္ချိုင်းတွင် ဂူသွင်းပါသည်။ ကျွန်မတို့အားလုံး ဂူသွင်းသည်ကို စောင့်ကြည့်ကြပြီး သင်္ချိုင်းထဲမှ အထွက် လမ်းဘေးအစပ်တွင် မြေပုံ စိုစို တခုကို နင်းမိ၍ ကြည့်လိုက်ရာ မြေပုံပေါ်ရှိ မှတ်တိုင်တွင် ဒေါ်လှ-အသက် ၆၈-နှစ် ဘယ်နေ့ ဘယ်ရက်တွင် ကွယ်လွန်သည်ဟု ရေးထားသည်ကို တွေ့ရာ အမဆုံးသည့်နေ့ထက် နှစ်ရက်စော၍ သေသူဖြစ်ကြောင်း မယုံနိုင်စရာ တွေ့ရပါသည်။
ထို့ကြောင့် အမ အော်-အော်နေသော ဒေါ်လှမှာ ယင်းမြေပုံထဲမှ အမျိုးသမီးဖြစ်ကြောင်း သိလာသည်။ နောက်မှ စုံစမ်းရာ ရွှေတောင်မြို့ ဆယ်နာရီဈေးထဲမှ ဈေးသည် ဒေါ်လှဖြစ်ကြောင်း သိရ၍ အလွန်အံ့သြမိသည်။
မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့-ဆိုသည့် ဆုံးမစကားကို ကြားယောင်မိသည်။ ကြောက်စရာကောင်းသော အကြောင်းတရားများကို မပြုမိဖို့ ကျွန်မတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရသော အမ၏အဖြစ်ကို သံဝေဂယူကြရန် ဖော်ပြလိုက်ပါသည်။
( ဖြစ်ရပ်မှန်)
တီတီအိပ်ခ်ျ (ပြည်)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇွန်လ)

ပင်စင်စား၏ စစ်မှန်သော အဖော်
ကျွန်တော်သည် အငြိမ်းစားယူပြီးနောက် အားလပ်ချိန်များစွာ ရလာပါသည်။ အလုပ်ထဲတွင် နစ်နေစဉ်က ငေးချိန်တွေးချိန်မရခဲ့ပါ။ အခုပ်တခုပြီးတခု အချိန်မီ ပြီးအောင်သာ စိတ်စောရင်း အချိန်တွေ ကုန်လွန်သွားခဲ့ ပါသည်။
အငြိမ်းစားယူပြီးနောက် တလ၊ နှစ်လခန့်အထိ နေထိုင်၍ ကောင်းခဲ့ပါသည်။ ငယ်ရွယ်စဉ်က စာကြိုးစားခဲ့ရပြီး အလုပ်ထဲတွင်လည်း အလုပ်ကြိုးစားခဲ့ကာ အသက် ၆၀-ကျော်အထိ ပင်ပန်းခဲ့ရသမျှ အတိုးချ၍ နားခဲ့ပါသည်။ သို့သော် မမျှော်လင့်သော ဝေဒနာတခုနှင့် ကြုံတွေ့ရပါသည်။ အလုပ်များလွန်းခြင်းကြောင့် ဖိစီးမှုဒဏ် ခံစားရသကဲ့သို့ အလွန်အားလပ်နေခြင်းကြောင့်လည်း စိတ်ဖိစီးမှုဒဏ် ခံလာရပါသည်။
ဝန်ထမ်းဘ၀ အလုပ်လုပ်နေစဉ်က တနေကုန် ပင်ပန်းခဲ့သဖြင့် ညအိပ်ပြီဆိုလျှင် တရေးနိုးလေ့ပင် မရှိတတ်ပါ။ ရုံးဝန်ထမ်းဘ၀တွင် အချိန်အားနည်းသဖြင့် ညဥ့်နက်အောင် တီဗီကြည့်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်းများကို ရှောင်ကြဉ်ခဲ့ပါသည်။ ပင်စင်စား၍ အချိန်အားများလာသည့်အခါ ညဥ့်နက်သန်းခေါင်အထိ နေတတ်လာပါသည်။ မျက်စိအာရုံ၊ နားအာရုံ စသော ကာမဂုဏ် ၅-ပါး ခံစားကာ စိတ်၏အလိုကို လိုက်လာပါသည်။ မကြာမကြာ အပြင်ထွက်၍ အပျော်အပါးများလည်း ရှိလာပါသည်။
အပေါင်းအသင်းများနှင့် စားသောက်ဆိုင်တွင် ၀ိုင်းဖွဲ့လိုက်၊ လက်ဖက်ရည်ဆိုင်တွင် လေပန်းလိုက်ဖြင့် အချိန်တွေ ဖြုန်းလာပါသည်။ ကျန်းမာရေးအတွက် အကြောင်းပြကာ နံနက်ခင်း လမ်းလျှောက်ပြီး စားသောက်ဆိုင်ဝင်ကာ စားသောက်ကြရင်း စလိုက်၊ နောက်လိုက်၊ ရယ်လိုက်၊ မောလိုက်ဖြင့် နံနက်ခင်းအချိန်တွေ ကုန်လွန်သွားခဲ့ ပါသည်။
တနေ့တာ၏ ကျန်အချိန်များတွင် အကျိုးရှိရာရှိကြောင်း လုပ်ရမည်ဟု အသိရှိသော်လည်း အသိခေါက်ခက် အ၀င်နက်ကာ-စာဖတ်ရကောင်း နိုးနိုး၊ ဟိုဒီ သွားရကောင်းနိုးနိုး၊ အိပ်ရကောင်းနိုးနိုး တို့ဖြင့်သာ အမျိုးမျိုး လှီးလွှဲကာ နေလာခဲ့ပါသည်။
ဤသို့လျှင် စိတ်ဆန္ဒအလိုလိုက်လာရာမှ စိတ်သည် မကြာမကြာ ငေါင်တောင်၊ ယောင်တောင်တောင် ဖြစ်လာပါသည်။ ယင်းသို့ဖြစ်လာသည့်အခါ စိတ်အားငယ်ချင်သလိုလို စိတ်အားကျချင်သလိုလိုလည်း နောက်ဆက်တွဲ ခံစားလာရပါသည်။ စိတ်မငြိမ်၊ လူမငြိမ် ဆိုသကဲ့သို့ ဟိုသွားရ ကောင်းနိုးနိုး၊ သည်လာရ ကောင်းနိုးနိုးဖြင့် ဇဝေဇ၀ါ မတည်မငြိမ် ဖြစ်လာပါသည်။
ရုံးတွင် အလုပ်လုပ်စဉ်က စိတ်သည် လေလွင့်ချိန်မရခဲ့ပါ။ စိတ်ဆန္ဒ ရှိတာတွေ ဖယ်ထားပြီး လုပ်သင့်တာတွေ (တာဝန်) တွေကိုသာ ဖိ၍ လုပ်ကိုင်ခဲ့ရသဖြင့် ယခုကဲ့သို့ စိတ်အားအစွမ်းသတ္တိ ကျဆင်းခြင်း မရှိခဲ့ပါ။ စိတ်ဆန္ဒအလျောက် လုပ်ချင်တာတွေ လုပ်လာတော့မှ တနည်းပြောရလျှင် တဏှာအဖော်နှင့် ရက်ရက်ရောရော နေလာတော့မှ စိတ်အားငယ်တာတွေ၊ စိတ်လေတာတွေ ဖြစ်လာခဲ့ပါသည်။ စိတ်ဆန္ဒအတိုင်း နေသည့်အခါ ကနဦးကျေနပ်သလိုလို၊ ပျော်သလိုလို ရှိသော်လည်း လုပ်ပြီးကိုင်ပြီး၊ စားပြီးသောက်ပြီး၊ ပျော်ပြီးပါးပြီး နောက်တွင် စိတ်သည် ပေါ့ပါးမသွားပါ။ ကြည်လင်မသွားပါ။ မှိုင်းလာသည်၊ ထိုင်းလာသည်၊ စိတ်ခွန်အား သတ္တိ ကျဆင်းလာခဲ့ပါသည်။
အထူးသဖြင့် အိမ်တွင် တယောက်တည်းရှိနေစဉ် စိတ်ပို၍ ယောက်ယက်ခတ်ပါသည်။ စိတ်သည် မကောင်းမှု၌ မွေ့လျော်သည်-ဟု ဘုရားဟောစကားအတိုင်း သွေးထွက်အောင် မှန်သည်ကို ကိုယ်တိုင်ခံစားလာရပါသည်။ အသက်အရွယ်အရ ဂုဏ်သိက္ခာအရ စိတ်ကို ထိန်းထိန်းသိမ်းသိမ်း နေရသော်လည်း စိတ်သည် မကောင်းမှု(အကုသိုလ်မှု) ပြုရန်သာ စေ့ဆော်လျက်ရှိပါသည်။ လူကြီးသူမများ ဆိုဆုံးမသည့်အတိုင်း စိတ်အလို မလိုက်နဲ့၊ ကာမဂုဏ်အာရုံဆိုတာ ဆားငန်ရေလိုပဲ၊ သောက်လေသောက်လေ ငတ်မပြေဖြစ်တတ်တယ်-ဆိုသည်ကို ကိုယ်တွေ့ကြုံရပါသည်။ တနေ့ပြီးတနေ့ တခုပြီးတခု စိတ်အလိုက်ခဲ့သော်လည်း စိတ်သည် ကျေနပ်ရောင့်ရဲ တင်းတိမ်သွားသည် မရှိပါ။ တခုပြီးတခုသာ တောင်းဆိုလျက်ရှိနေပါသည်။
သို့သော် တနေ့တွင် စိတ်လေလေဖြင့်(ကံအားလျော်စွာ) မိတ်ဆွေ တယောက်အိမ် ရောက်သွားပါသည်။ မိတ်ဆွေသည် တရားခွေဖွင့်နားထောင်နေပါသည်။ တရာေးခွကို ပိတ်မပစ်စေဘဲ မိမိပါ ရောယောင်ကာ နားထောင်နေလိုက်ပါသည်။ အဟောအပြောကောင်းလှသောဆရာတော်၏တရားတွင် နစ်မောကာ မိမိစိတ်သည် အာရုံသစ်တခုသို့ရောက်ကာ ဘ၀သစ်တခုသို့ ရောက်သွားသကဲ့သို့ ခံစားလာရပါသည်။ မကြည်မရှင်း ဖြစ်နေသောစိတ်သည် ကြည်လင်လန်းဆန်းလာပါသည်။ မိတ်ဆွေထံမှ တရားခွေများ ငှါးခဲ့ကာ အိမ်တွင် ရက်ဆက်နားပါသည်။ တရားနာနေခိုက် ကာမဂုဏ်အာရုံဆီသို့ ပျံ့လွင့်မှု နည်းပါးလာသည်အလျောက် နေရထိုင်ရ ဣနြေ္ဒရလာပါသည်။
ထို့ကြောင့်ပင် ကိုယ်တိုင်စမ်းသပ်အားထုတ်ကြည်ချင်စိတ်ပေါ်လာကာ ဆရာတော်ကြီးများ၏ အလုပ်ပေးတရား များကို နာယူမှတ်သားပါသည်။ အခြေခံနည်းစနစ်ကို သိပြီးနောက် တရားအားထုတ်ပါတော့သည်။ ကနဦးတွင် ပေါက်လွှတ်ပဲစား လွှတ်ထားသောစိတ်သည် ချည်တိုင်တွင် အချည်ခံရသည့်အခါ အတင်းရုန်းထွက်နေပါသည်။ မှတ်၍ ထိန်း၍ မရနိုင်အောင် ဖြစ်ပါသည်။
ကာယိကဒုက္ခ (ဝေဒနာ)တွေမှာလည်း တခုပြီးတခု ပြင်းပြင်းထန်ထန် ပေါ်လာပါသည်။ သို့သော် ဆရာတော်ကြီး များ၏ သွန်သင်မှုအရ ဒါတွေ ဒါတွေ ဖြစ်လာလိမ့်မည်။ ဘယ်လို ဘယ်လိုမှတ်၊ ဘယ်လိုနှလုံးသွင်း-စသည်ဖြင့် အလုပ်ပေးတရားတွင် အသေးစိတ် ဆုံးမညွှန်ပြထားခြင်းကြောင့် ယုံကြည်စိတ် အပြည့်ဖြင့် ကြိုးစားပါသည်။
တနှစ်နီးပါး ကြာလာသောအခါ သတိပိုမိုကောင်းလာပါသည်။ သတိကောင်းလာသည်နှင့်အမျှ သမာဓိလည်း ပိုတက်လာပါသည်။ သမာဓိရလာသည်နှင့် အမျှ စိတ်ရောကိုယ်ပါ နေရထိုင်ရ ကောင်းလာသည်။ ငိုင်ခြင်း၊ ငေးခြင်း၊ ငေါင်ခြင်း၊ ထုံထိုင်းခြင်းစသော စိတ်အညစ်အကြေးများနှင့် ဟိုဟာလုပ်ချင်သလိုလို သည်ဟာလုပ်ချင် သလိုလို ဖြစ်နေသောစိတ် ယောက်ယက်မခတ်မှုတွေလည်း သိသိသာသာ လျော့ပါးသွားပါသည်။
မူလက ကာမဂုဏ် အာရုံ(တဏှာ) အဖော်ဖြင့် နေနေခြင်းနှင့် လုံးဝ ကွဲပြားခြားနားလာပါသည်။ ငြီးငွေ့ခြင်း၊ အပျော်အပါး ရှာလိုခြင်းများ ဖြစ်မလာတော့ဘဲ အေးအေးဆေးဆေး နေနိုင်လာပါသည်။ မူလက တယောက်တည်းနေရမည်ကို စိုးရွံ့နေတတ်သော်လည်း ဓမ္မ(သတိပဋ္ဌာန်) အဖော်နှင့်နေသည့်အခါ တယောက်တည်းနေရသည်ကိုပင် ပိုမိုနှစ်သက်လာပါသည်။
အနှစ်ချုပ်ရပါက ယခုအခါ တယောက်တည်းနေ တစိတ်တည်းထားကာ ငြိမ်းချမ်းစွာနေတတ်လာပါသည်။ သို့ပါ၍ ပင်စင်စား၏ စစ်မှန်သော အဖော်သည် သတိပဋ္ဌာန်တရားသာ ဖြစ်သည်မှာ ကိုယ်တွေ့ဖြစ်ပါသည်။
စိုးဝင်း(ချောက်)

ကောင်းသူနှင့် ပေါင်းပါ
* ကိုယ့်ထက်သိတတ်၊ သူတော်မြတ်၊ ဆည်းကပ် မှီဝဲပါ။
* ကိုယ့်ထက်တတ်သူ၊ ဆည်းကပ်မူ၊ နည်းတူ တတ်သည်သာ။
* ပန်းမွန် မြတ်လေး၊ ရောကာထွေး၊ ဖက်မွှေး တတ်သည်သာ။
* တရားကိုယ်ကျင့်၊ ပျက်သူနှင့်၊ မသင့် မပေါင်းရာ။
* တရားပျက်သူ၊ ပေါင်းဖက်မူ၊ နည်းတူ ပျက်မည်သာ။
* တမာခါးသက်၊ မြစ်ရောယှက်၊ သရက် ခါးတတ်ပါ။
* ငါးပိပုပ်ထုပ်၊ ဖက်ရွက်စုတ်၊ အဟုတ် နံတတ်ပါ။
စစ်ကိုင်း ရွှေဟင်္သာ ဆရာတော်ဘုရားကြီး။

သံဝေဂ ဓမ္မလက်ဆောင်
ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊
ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း၊
တဖုံဆင်ကွဲ၊ သူတနဲဖြင့်၊
ဖောက်လွဲတတ်စွာ၊ ဓမ္မတာကို၊
ပညာစက္ခု၊ မျှော်ထောက်ရှု၍၊
ယခုပင်လျှင်၊ မအိုခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မနာခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မသေခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊
ချုပ်ပျောက်ခန္ဓာ၊ သေပိမ့်ငါဟု၊
သတ္တ၀ါခပင်း၊ ရှင်သေမင်းနှင့်၊
မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊ တစက်ကမှ မရှိကြဘူး။
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ၊
ဘုရားစကား၊ လိုက်နာပွားသည်၊ တရားလက်မလွတ်ကြစေနဲ့။
မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး။

အမှီကောင်းကျိုး
* မြင့်မိုရ်တောင်ပါး၊ မှီခိုငြား၊ သားများ ဘေးကင်းစွာ။
* သာသနာကောင်း၊ မှီခိုအောင်း၊ အပေါင်း ဘေးကင်းစွာ။
* ထိုနည်းလည်းကောင်း၊ ဆရာကောင်း၊ မှီအောင်း ဘေးကင်းစွာ။
* မိကောင်း ဖကောင်း၊ မှီခိုအောင်း၊ သားပေါင်း ဘေးကင်းစွာ။
စစ်ကိုင်း ရွှေဟင်္သာ ဆရာတော်ကြီး။

ကောင်းမှုကို ပြုပါ
* ကောင်းမှုထုပ်သာ၊ ကိုယ့်နောက်ပါ၊ မှတ်ပါ အားထားရာ။
* အပါယ်ဘေးမှ၊ ကောင်းမှုက၊ ကယ်ကြတတ်သည်သာ။
* ဆင်းရဲကြောက်လျှင်၊ ကောင်းမှုပင်၊ တွင်တွင် စိုက်ကြပါ။
* ကောင်းမှုပွားက၊ ငရဲ-ပ၊ ရောက်ရ ထက်နတ်ရွာ။
စစ်ကိုင်း ရွှေဟင်္သာ ဆရာတော်ကြီး

ထူးမြတ် နယုန်
နယုန်လသည် မြန်မာလများတွင် တတိယလ ဖြစ်သည်။ နွေဥတုတွင် ပါဝင်သည်။ နွေရာသီကုန်ဆုံးရန် ၁၅-ရက်မျှသာ ကျန်တော့သဖြင့် စာဆိုပညာရှင်များက ထိုလကို နွေနှောင်းလ၊ နွေစွန်လ-ဟု စာဖွဲ့လေ့ ရှိကြသည်။
နွေနှောင်းလဖြစ်သည့် အလျောက် ကဆုန်လတွင် ခြစ်ခြစ်တောက် ပူပြင်းခဲ့သော နေမင်းသည် နယုန်လတွင် အပူရှိန် အားလျော့လာသည်။ ကောင်းကင်ပြင် တခုလုံးတွင် မိုးသားများ မည်းမှောင်အုံ့ဆိုင်းပြီး မိုးသီးမိုးပေါက်များ ရွာသွန်းတတ်သည်။
ကဆုန်လ၏ အပူရှိန် အောက်၌ ရွက်ခြောက်များကြွေကာ အရိုးပြိုင်းပြိုင်း ဖြစ်နေကြသည့် သစ်ပင်သစ်ကိုင်း များမှာ ရွက်ညွန့်ကလေးများ ထွက်ပြူလာသည်။ စိမ်းစိုလမ်းဆန်းလာကြသည်။ နယုန်လ၏ မိုးသေးမိုးဖွဲ ကလေးများကြောင့် မြေပြင်မှာလည်း မြက်နုကလေးများဖြင့် စိုပြည်လာသည်။ ထို့ကြောင့် ရှေးမြန်မာတို့က နယုန်မိုးသေး မြက်သားမွေး-ဟု ဆိုရိုးပြုကြသည်။ ဖြူစင်ရှင်းသန့်သော စံပယ်ဖြူပန်းတို့လည်း လှိုင်လှိုင် ပွင့်လာကြသည်။
နယုန်လတွင် မိုးသေးမိုးဖွဲကလေးများသာ ရွာသည်မဟုတ်။ တခါတရံ မိုးသည်းထန်စွာ ရွာတတ်သဖြင့် လယ်ယာမြစ်ချောင်း အင်းအိုင်များ ရေအပြည့်အ၀ရကြည်သည်။ ထို့ကြောင့် လယ်သမားတို့သည် ဆန်အတွက် မျိုးစပါးကိုလည်း ပျိုးထောင်ကြသည်။ တောင်သူတို့သည်လည်း ၀ါဂွမ်း၊ ပြောင်း၊ နှမ်း၊ ဂျုံ၊ ပဲမျိုးစုံတို့ကို ကြဲကြသည်။ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ကြသည်။
ထို့ကြောင့် စိန္တကျော်သူ ဦးသြက မဟာအဓိကရ ကန်တော်မော်ကွန်းတွင်-
နယုန်ဝါလ၊ ကြဲကြပျိုးထောင်၊
ဝါခေါင်သစ်ဆင်း၊ နှစ်လတွင်းမူ၊
ဆင်းကြ ယာလယ်၊ တောင်သူမယ်တို့-ဟူ၍ ဖွဲ့ဆိုခဲ့သည်။
ရှေးမြန်မာဘုရင်များလက်ထက်က ဤလတွင် စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိကြသည်။ ယခုခေတ်တွင် ကျင်းပသော ပထမပြန်စာမေးပွဲများသည် ထိုနယုန်လ စာတော်ပြန်ပွဲမှ ဆင်းသက်လာသည်။ မြန်မာဘုရင်များသည် စာတော်ပြန်ပွဲများကို ကျင်းပရုံသာမက စိုက်ပျိုးရေးကို အားပေးသောအနေဖြင့် နယုန်လတွင် လယ်ထွန်မင်္ဂလာပွဲကိုလည်း ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့၌ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား မဟာသမယသုတ်တော်ကို ဟောတော်မူခဲ့သည်။ ထိုသို့ ဟောတော်မူသည်ကို အစွဲပြု၍ နယုန်လပြည့်နေ့တွင် မဟာသမယ အခါတော်နေ့ ပွဲကို ဆင်ယင်ကျင်းပကြသည်။ မဟာသမယ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။
မဟာသမယသုတ်ကို ဘုရားရှင်သည် ကပ္ပိလ၀တ်ပြည်အနီး မဟာဝုန်တောကြီးတွင် သီတင်းသုံးနေထိုင်လျက် ဟောတော်မူသည်။ ထိုအချိန်တွင် သာသနာ့ဘောင်သို့ ၀င်လာကြသော သာကီဝင်မင်းသား ရဟန္တာ ၅၀၀-တို့သည်လည်း အတူရှိနေသည်။ ဘုရားရှင်နှင့် ထိုရဟန္တာများကို ဖူးမြော်လိုကြသဖြင့် နတ်၊ ဗြဟ္မာ၊ အသုရာ၊ နဂါး၊ ဂဠုန် တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက်၊ အုပ်စုလိုက် စုရုံးရောက်ရှိလာကြသည်။ ထိုကဲ့သို့ လူနတ်ဗြဟ္မာ စသည်တို့ စုရုံးရောက်ရှိလာကြသောအခါထိုကာလကို မဟာသမယ-ဟု ခေါ်သည်။
ထိုသို့ နတ်ဗြဟ္မာစုံညီ ရောက်ရှိလာကြသည်ကို ဘုရားရှင်က နှစ်လိုစွာဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမ အမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်၍ ဟောကြားတော်မူသော စကားတော်များကို မဟာသမယသုတ်-ဟု ခေါ်သည်။
ဤမဟာသမယသုတ်တွင် နတ်ဗြဟ္မာအသီးသီးတို့သည် မိမိတို့၏ အမည်နာမများ ပါရှိသဖြင့် အလွန်ကျေနပ်ကြသည်။ ထိုသုတ်တော်ကို အကြိမ်ကြိမ် နာကြားလိုကြသည်။ မဟာသမယသုတ်သည် နတ်ဗြဟ္မာများ အလွန်ချစ်မြတ်နိုးသော သုတ်တော်ဖြစ်သည်။
ထို့ကြောင့် ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များ၏ ချစ်ခင်မှုကို ရရှိနိုင်ကြသည်။ အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာက ပြဆိုထားပေသည်။
ဤကား နယုန်လ၏ လေးစားမြတ်နိုးဖွယ် ထူးခြားသော အကြောင်းအချက်များပင် ဖြစ်ပေသည်။

Wednesday, November 17, 2010
အရိုးပွရောဂါ အားကစားနှင့် ကာကွယ်ပါ
သင် အိုမင်းသောအခါ အရိုးပွရောဂါ၏ ညှဉ်းဆဲမှုကို ခံစားချင်ပါသလား။ အောက်ပါဆယ်ချက်ကို သေချာစဉ်းစားသင့်သည်။ လက်တွေ့နှင့် ပေါင်းစပ်ပြီး သင့်ဘ၀တွင် ကျင့်သုံးသင့်သည်။
၁။ သွေးတိုးရောဂါနှင့် တွဲနေသည်။
အဓိကအကြောင်းရင်းမှာ သွေးတိုးရောဂါရှင်များ၏ ဆီးမှ ကယ်စီယမ်ဓာတ် စွန့်ထုတ်မှု များလာသောကြောင့် ဖြစ်သည်။ လန်ဒန်ဆေးတက္ကသိုလ်နှင့် ပိစ်ဘတ်တက္ကသိုလ်မှ သုတေသီများသည် အမျိုးသမီး ၄၀၀၀-၏ အရိုးသိပ်သည်းဆနှင့် သူတို့၏ သွေးပေါင်ချိန်ကို တိုင်းတာမှတ်တမ်းပြု၍ သုတေသနပြုခဲ့သည်။
သွေးဖိအားများလျှင် အရိုးသိပ်သည်းဆ လျှော့ကျနှုန်း ပိုမြန်သည်ကို တွေ့ရသည်။ အရိုးပွရောဂါဖြစ်နိုင်မှု ပိုမြင့်လေ ဖြစ်သည်။ ထို့ကြောင့် သုတေသီများ၏ သတိပေးချက်မှာ သွေးတိုးရောဂါရှင်များ ဂရုတစိုက် ကာကွယ် သတိထားရမည့် နောက်ဆက်တွဲ ရောဂါများသည် လေဖြတ်ခြင်းနှင့် နှလုံးရောဂါအပြင် အရိုးပွရောဂါလည်း ပါဝင်သည်။ သုတေသန အချက်အလက်အရ ဆားစားသုံးမှု ပမာဏသည် ကိုယ်တွင်းမှ ကယ်စီယမ်ဓာတ် စွန့်ထုတ်မှုပမာဏကို ဆုံးဖြတ်ပေးသည့် အဓိကအကြောင်းရင်းတခု ဖြစ်သည်။
တနေ့တာ ဆားလျှော့စားခြင်းဖြင့် ကယ်စီယမ်ဓာတ် ၉၀၀-မီလီဂရမ် ဖြည့်တင်းပေးသည်နှင့် တူသည်ဟု ဆိုသည်။
၂။ နာတာရှည် ရင်ကျပ်ရောဂါ-
ဤဝေဒနာရှင်များ၏ ခါးပိုင်းကျောရိုးဆစ်၊ ပေါင်ရိုးတို့၏ သိပ်သည်းဆသည် သက်တူရွယ်တူ ကျန်းမာသူထက် သိသာစွာ လျော့နည်းသည်ကို တွေ့ရသည်။ ဤအပိုင်းများသည် အရိုးကျိုး ဖြစ်ပေါ်မှုနှုန်း ပိုများသည်။ ထို့ကြောင့် အရိုးမပွစေလိုလျှင် ရင်ကျပ်ရောဂါကို ကုသရမည်။ အောက်စီဂျင်ဓာတ် ချို့တဲ့မှုကို ပပျောက်စေရမည်။ ထို့ပြင် သိပ္ပံနည်းကျ ဗီတာမင်ဒီနှင့် ကယ်စီယမ်ဓာတ်ကို ဖြည့်စွက်ပေးရမည်။ အားကစားလေ့ကျင့်မှုများ လုပ်ဆောင်ရမည်။ အရိုးပွရောဂါရှိသော ရင်ကျပ်ရောဂါရှင်သည် ဆရာဝန်၏ ညွှန်ကြားမှုဖြင့် ကုသခြင်း ပြုသင့်သည်။
၃။ ကာမဂုဏ်ရည် လျော့ဆင်း အရိုးလည်းပွခြင်း-
အမျိုးသားများအတွက် မည်သည့်အကြောင်းကြောင့် ကာမဂုဏ်ရည် လျော့ဆင်းသည်ဖြစ်စေ၊ အရိုးပွခြင်းကို ဖြစ်စေနိုင်သည်။ ဖို-ဟော်မုန်းဓာတ် ချို့တဲ့လျှင် အရိုးတည်ဆောက်မှုကို ဖျက်ဆီးသော အင်အားကို ကြီးထွားစေသည်။ ကယ်စီယမ်ဓာတ် လျှော့ချစေနိုင်သော ဖြစ်စဉ်များ အားကောင်းလာသည်။ သို့နှင့် ကယ်စီယမ် စုပ်ယူမှု လျော့နည်းပြီး စွန့်ထုတ်မှုများလာသည်။ ထို့ကြောင့် အကြောင်းရင်းကို ရှာဖွေစစ်ဆေးဖော်ထုတ် ကုသမှုသည် အရေးကြီးသည်။
၎။ အစားအသောက် လျှော့လျှင်လည်း-ကယ်စီယမ် မလျှော့ပါနဲ့-
ရိုးရှင်းပါသည်။ ကယ်စီယမ်ပါသော အစားအသောက်များကို လျှော့ချခဲ့မိလျှင်၊ အရိုးများ ပွလာနိုင်သည်။ ထို့ကြောင့်အစားအသောက် လျှော့လျှင် ကယ်စီယမ် ပေါကြွယ်ဝသော ပဲမျိုးစုံ၊ နို့နှင့် ဟင်းသီးဟင်းရွက်များ လျှော့၍မဖြစ်ပေ။ လိုအပ်လျှင် ကယ်စီယမ်ဆေးပြားများ ကူရမည်။
၅။ သတ္ထုဓာတ် ညီနောင် ငါးဖော်-
အာဟာရဓာတ်ဆိုင်ရာ ပညာရပ်တွင် ကယ်စီယမ်ဓာတ်ကို သတ္ထုဓာတ် ငါးညီနောင်၏ အကိုကြီးဟု ဆိုကြသည်။ ညီနောင်များမှာ-
(က) ကြေး (Couper)
သုတေသီများသည် ကြွက်ဖြူအကောင် ၄၀-ကို အုပ်စု ၂-စု ခွဲ၍ သုတေသနပြုခဲ့သည်။
ပထမအုပ်စုကို နေ့စဉ် စံချိန်မီ ကြေးဓာတ် ၄၅-မီလီဂရမ်မျှသာ ပါဝင်သော အစာကို ကျွေးသည်။
ဒုတိယအုပ်စုကိုမူ ကြေးဓာတ် ၁၅-မီလီဂရမ်မျှသာ ပါဝင်သော အစာကို ကျွေးသည်။
စမ်းသပ်ကာလပြီးဆုံး၍ အရိုးအဖွဲ့အစည်းကို တိုင်းတာလေ့လာသောအခါ ပ-အုပ်စု၏ အရိုးသည် သန်စွမ်းကြံ့ခိုင်သည်။ ဒု-အုပ်စု၏ အရိုးမှာ ပွသည်။ ကျောရိုးပြွန် ကျဉ်းမြောင်းလာသည်။ ပေါင်ရိုးများ ပျော်လာသည်ကို တွေ့ရသည်။
ကြေးဓာတ်ပေါကြွယ်ဝသော အစာများမှာ အခွံမာသီးများ၊ ပင်လယ်စာများ၊ အသည်းများနှင့် ပဲအမျိုးမျိုးတို့ဖြစ်ကြသည်။
(ခ) သွပ် (Zine)
သိပ္ပံပညာရှင်များသည် သွပ်ဓာတ်ချို့တဲ့သူများ၏ အရိုးဆဲလ် ဖြစ်ပျက်ပြောင်းလဲဖြစ်စဉ် နှေးကွေးလာသည်။ ကယ်စီယမ်ဓာတ် ပြောင်းလဲဖြစ်စဉ် မူမမှန်သော အရိုးပွလာသည်ကို တွေ့ရှိထားသည်။ သွပ်ဓာတ်ဖြည့်စွက်ပေးသောအခါ အရိုးဆ်လ်များ ပုံမှန်ပြန်ဖြစ်လာသည်ကို တွေ့လာသည်။ သွပ်ဓာတ်ပေါကြွယ်ဝသော အစာများမှာ ခြေနှစ်ချောင်းသား၊ အသည်းနှင့် ကနုကမာတို့ ဖြစ်သည်။
(ဂ) မန်ဂနိ (Manganese)
လူသိနည်းသည်။ အရိုးပျော့ဖွဲ့စည်းရာတွင် အရေးကြီးသော ဖြည့်ဘက်ဓာတ်ဖြစ်သည်။ ချို့တဲ့လျှင် အရိုးပျော် ဖွဲ့စည်းရာတွင် အဟန့်အတား ဖြစ်စေသည်။ အရိုးဖျက်ဆီးဆဲလ်များ သွက်လက်စေမည်။ ထိုမှတဆင့် အရိုးပွစေနိုင်သည်။
ဇီဝကမ္မ ရှုထောင်မှကြည့်လျှင် လူကြီးတဦး တရက်လျှင် ၃.၈ မီလီဂရမ် မန်ဂနိဓာတ် လိုအပ်သည်။ ဂျုံ၊ ဖွဲ၊ လက်ဖက်၊ ဟင်းနုနယ်တို့သည် မန်ဂနိ ပါဝင်မှု မြင့်မားသော်လည်း ခန္ဓာကိုယ်မှ လက်ခံစုပ်ယူနှုန်း နှေးသည်။
ငါး၊ ပုစွန်၊ ကနုကမာ၊ အသည်း စသည်တို့တွင် ပါဝင်မှုနည်းသော်လည်း စုပ်ယူမှုနှုန်း မြန်သည်။ ထို့ကြောင့် မန်ဂနိ ရယူရန် အကောင်းဆုံး နည်းလမ်းမှာ စားဖွယ်မျိုးစုံ၊ အနုအကြမ်း၊ တွဲဖက် စားသုံးခြင်းပင် ဖြစ်တော့သည်။
(ဃ) ဗိုရွန် (Boron)
သုတေသီများ ဗိုရွန်အကြောင်းသိသည်မှာ မကြာသေးပေ။ ဗိုရွန်ချို့တဲ့မှုကြောင့် သွေးရည်တွင် ပါဝင်ရမည့် အစွမ်းရှိသော ကယ်စီယမ်ဓာတ်၊ မ-ဟော်မုန်းဓာတ်နှင့် အခြား အရိုးဆဲလ် ဖြစ်ပျက်ပြောင်းလဲစဉ်တွင် ပါဝင်သော အရာအားလုံးကို လျော့နည်းသွားစေနိုင်သည်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီများသည် သွေးဆုံးပြီး အမျိုးသမီးတစုကို ဗိုရွန်ဓာတ် ဖြည့်စွက်ပေးပြီးနောက် တိုင်းတာချက်အရ အရိုးတွင်း ကယ်စီယမ်ဓာတ် ဆုံးရှုံးမှု သိသာစွာ ပပျောက်သည့်အပြင် မ-ဟော်မုန်းဓာတ်လည်း ၂-ဆ ဖြစ်လာသည်။ သစ်တော်သီး၊ စပျစ်သီး၊ မက်မွန်သီး၊ မြေပဲ၊ ပဲပုပ်နှင့် အစိမ်းရောင် ဟင်းရွက်များသည် ဗိုရွန်ဓာတ် ပေါကြွယ်ဝသည်။
၆။ ဆောင်းရာသီတွင် အရိုးပွတတ်သည်။
အသက်ကြီးပိုင်း အရိုးကျိုးမှုများသည် ဆောင်းရာသီတွင် အခြားရာသီထက် ၂၀% ခန့် ပို၍ ဖြစ်တတ်သည်။ အဘယ့်ကြောင့်နည်း။ လူ့ခန္ဓာကိုယ်တွင်းရှိ အရိုးဆဲလ် ဖြစ်ပျက်ပြောင်းလဲမှုနှင့် သက်ဆိုင်သော ဟော်မုန်း ၂၅-ဟိုက်ဒရိုဆီ-ဗီတာမင်ဒီသည် နေရောင်နည်းသော ဆောင်းရာသီတွင် လျော့နည်းတတ်သောကြောင့် ဖြစ်သည်။ ဤဟော်မုန်းကြောင့် ခန္ဓာကိုယ် ကယ်စီယမ်ဓာတ် စုပ်ယူလက်ခံပြီး အရိုးကျစ်လစ်သည်။ ထို့ကြောင့် သုတေသီများသည် အသက်ကြီးသူများကို ဆောင်းရာသီတွင် ကယ်စီယမ်ပေါကြွယ်ဝသော အစားအစာများ ပိုစားရန်၊ ဗီတာမင် ဆေးပြားစားရန်နှင့် နေရောင်ရသောနေရာတွင် ကိုယ်လက်လှုပ်ရှားရန် တိုက်တွန်းသည်။
၇။ ကြွက်သားသန်စွမ်း လေ့ကျင့်ခန်း-
သမရိုးကျ အရိုးပွရောဂါ ကာကွယ်ကုသနည်းသည် ကယ်စီယမ်ဓာတ်၊ ဗီတာမင် ဒီနှင့် မ-ဟော်မုန်း စသည်တို့ ပြည့်စွက်ပေးခြင်းနည်းဖြင့် မက္ကင်းနစ်ကယ်မဟုတ်သော အကြောင်းရင်းကို ကုသသည်။ သို့သော် အမေရိကန် အရိုးအထူးကုပါရဂူ ပါမောက္ခ ဖလော့သည် သီအိုရီသစ်၊ နည်းသစ်ကို တင်ပြပါသည်။ မက္ကင်းနစ်ကယ် မဟုတ်သော အကြောင်းရင်းသည် အရိုးသန်စွမ်းမှု၏ ၃%-၁၀% ကိုသာ ဆုံးဖြတ်နိုင်သည်။ သို့သော် မက္ကင်းနစ်ကယ်အကြောင်းရင်းသည် အရိုးသန်စွမ်းမှု၏ ၄၀%ကို လွှမ်းမိုးနေသည်။ အာရုံကြော အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ကြွက်သားများ၏ ခွန်အားရှိမှု၊ အသားအရည်အသွေး ကောင်းမှု၊ ၀န်ခံနိုင်မှုနှင့် တင်းအားရှိမှုတို့သည် မက္ကင်းနစ်ကယ် အကြောင်းရင်းဖြစ်သည်။ တနည်းပြောရလျှင် အလေးအပင် ထမ်းဆောင်လျက် ကိုယ်လက်လှုပ်ရှားခြင်းသည် ပို၍ အကျိုးဖြစ်ထွန်းသည်။ နာတာရှည်ရောဂါကြောင့် အိပ်ရာတွင် လှဲနေရသော အဘိုးအိုပင်လျှင် ခန္ဓာကိုယ် အရိုးအဖွဲ့အစည်းအား ခန္ဓာကိုယ်၏၀န်ကို ထမ်းစေလျက် တနေ့လျှင် တနာရီခန့် အိပ်ရာမှ ခွာ၍ လှုပ်ရှားစေခြင်းဖြင့် အရိုးပွခြင်းရောဂါကို နောက်ကျစေနိုင်သည်။
၈။ အဆစ်အမြစ်ရောင်နာနှင့် မမှားစေရ-
အရိုးအဆစ် ရောင်ရမ်းကိုက်ခဲနာကျင်ခြင်းကို အရိုးပွရောဂါဟု ထင်မှတ်မှားတတ်သည်။ အမှန်မူ အရိုးပွရောဂါသည် ခန္ဓာကိုယ်တွင် တိတ်တဆိတ် ကပ်ရောက်ဖြစ်ထွန်းခြင်းသည် ဖြစ်သည်။ ရောဂါကို ဆောလျင်စွာ သိရှိနိုင်သော တခုတည်းသော နည်းလမ်းမှာ အရိုးသိပ်သည်းဆ တိုင်းတာခြင်းနည်းလမ်းပင် ဖြစ်သည်။
၉။ ဗီတာမင် ကေ-
ဟော်လန်နိုင်ငံ လီအာတက္ကသိုလ်မှ ပါရဂူ၏ တင်ပြချက်အရ ဗီတာမင် ကေ-သည် လူ့ခန္ဓာကိုယ် သွေးခဲပြောင်းလဲမှုတွင် အရေးကြီးသော ဓာတ်တမျိုး ဖြစ်ရုံသာမက အရိုးမှ ကယ်စီယမ်ဓာတ်များ စွန့်ထွက်မသွားရန် ကာကွယ်ပေးသော ဓာတ်လည်း ဖြစ်သည်ဟု ဆိုသည်။ အရိုးတွင် ကယ်စီယမ်နှင့် ပေါင်းစပ်သော ပရိုတင်းဓာတ် ၂-မျိုးရှိသည်။ ပရိုတင်း တမျိုးတွင် ဗီတာမင် ကေသည် အဓိက အစွမ်းရှိသော အဖွဲ့ဝင်ဖြစ်သည်။ ထို့ကြောင့် ဗီတာမင် ကေ-ချို့တဲ့လျှင် ဤပရိုတင်းမှ ကယ်စီယမ်နှင့် ဖွဲ့စည်းမှုသည် မဖြစ်မြောက်နိုင်ဘဲ ခန္ဓာကိုယ်မှ ကယ်စီယမ်ဓာတ်များ ဆုံးရှုံးသွားနိုင်သည်။ ကုသမှုဆိုင်ရာ တွေ့ရှိချက်တရပ်မှာ အရိုးကယ်စီယမ်ဓာတ် ဆုံးရှုံးနေသော လူနားကို ဗီတာမင် ကေ- ဖြည့်စွက်ပေးသောအခါ ၃၀% သက်သာလာ သည်။ ဗီတာမင်ကေ-ပေါကြွယ်ဝသော အစာများမှာ စပျစ်၊ ဟင်းနုနယ်၊ မုန်ညင်းဖြူ အသီးမျိုးစုံ၊ ပဲရိုင်းညိုခေါ် အယ်လ်ဖာဖာပင် (Alfafa) နှင့် ပဲကျပ်ပျဉ် (Soya Bean) တို့ဖြစ်သည်။
၁၀။ လေဖြတ်ခြင်းကို ကာကွယ်ပါ-
အရိုးပွရောဂါရှိသူများသည် သွေးတိုးရောဂါရှိသူများကဲ့သို့ လေဖြတ်ခြင်းကို အလေးထား ကာကွယ်ရမည်။ အမေရိကန် သိပ္ပံပညာရှင်များသည် အသက်ကြီး အမျိုးသမီး ၄၀၀၀-ကို သုတေသနပြုခဲ့သည်။ ဦးစွာ သူတို့၏ အရိုးသိပ်သည်းဆကို တိုင်းတာမှတ်တမ်းတင်ထားသည်။ ထို့နောက် ၂-နှစ်ဆက်တိုက် လေ့လာမှတ်တမ်းများ ပြုခဲ့သည်။ ရလဒ်မှာ ၈၃-ဦးသည် လေဖြတ်ခြင်း ဖြစ်ခဲ့သည်။ လေ့လာချက်အရ သိရသည်မှာ အရိုးသိပ်သည်းဆ နည်းသူတို့သည် လေဖြတ်ခြင်း ဖြစ်နိုင်ခြေများလေ ဖြစ်သည်။ တိုက်ဆိုင်သည်မှာ အရိုးပွရောဂါနှင့် လေဖြတ်ခြင်းတွင် တူညီသော အကြောင်းရင်းဖြစ်၍ မ-ဟော်မုန်းဓာတ် အဆင့်နိမ့်ကျသွားခြင်းပင် ဖြစ်သည်။ မ-ဟော်မုန်း အဆင့်နိမ့်ကျခြင်းသည် အရိုးသိပ်သည်းဆကို လျော့နည်းစေနိုင်သကဲ့သို့ သွေးဥမွှားများကို စုခဲစေကာ သွေးကြောများတွင် သွေးခဲဖတ်များ ဖြစ်တည်စေပြီး လေဖြတ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။
Ref: တရုတ်ဘာသာ Life & Health 2001.1 စာစောင်မှ
ပါမောက္ခ ဒေါ်ခင်ဖြူ (မြင်းခြံ)

Tuesday, November 16, 2010
ဝဋ်ဆိုသည်မှာ
ဦးဟုန်း တနေ့က ကွယ်လွန်သွားသည်။ ဦးဟုန်းသည် ကျွန်တော်တို့ရွာတွင် နာမည်ကြီးသူတယောက်ဖြစ်သည်။ မည်သည့်နေရာတွင် နာမည်ကြီးသနည်းဟုမေးပါက လေသေနတ်ပစ်ရာတွင် ကျွမ်းကျင်ပြီး လက်ဖြောင့်သူ အဖြစ် နာမည်ကြီးသည်။ သူသည် အပ်ချည်ကြိုးမျှင်ကိုတောင် သင့်တင့်သောအကွာအဝေးမှ မှန်အောင် ပစ်နိုင်သူဖြစ်သည်။
သူသည် ကျန်းမာရေးကောင်းပြီး အသက် ၆၀-ကျော်ပြီဖြစ်သည်။ သို့သော် လွန်ပြီးနှစ်ကတော့ သူ ဗိုက်နာရောဂါ ဖြစ်ပြီး သွေးအန်သည်။ သွေးအန်ပြီးနောက် ရွာတွင်ရှိသော ဆေးဆရာနှင့် ကုသရာ ပျောက်ကင်းသွားသည်။
ဆေးကုသခံယူပြီး နှစ်လလောက်ကြာသောအခါ ဗိုက်အလွန်နာလာပြန်သည်။ ယခုအခါတော့ ဘာဆေးမှစား၍ မရတော့ပေ။ မြို့တက်ပြီး ဆေးရုံပြရတော့သည်။ ဆေးရုံတွင် ဆရာဝန်ကြီးများက စစ်ဆေးကြသည့်အခါ ဗိုက်ကိုခွဲရမည်ဟုပြောသည်။ ထို့နောက် ဗိုက်ခွဲကြည့်သောအခါ အူတွင် ကင်ဆာဖြစ်နေသည်ကို တွေ့ရသည်။ အူကို ဖြတ်ဆက်ပြီး ထပ်မံစစ်ဆေးသောအခါ ကင်ဆာရောဂါသည် ဗိုက်တခုလုံး ပျံ့နှံ့နေသည်ကို တွေ့ပြီး ရောဂါကလည်း ကျွမ်းနေပြီဖြစ်သည်။
ထိုအခါ ဆရာဝန်ကြီးများသည် ၀မ်းဗိုက်ကို ပိတ်ပြီး လက်လျှော့ကာ အိမ်သို့ပြန်လွှတ်လိုက်တော့သည်။ နောက်တနေ့တွင် ဦးဟုန်း ကွယ်လွန်သွားလေသည်။ တကယ်တော့ ဦဟုန်းသည် မိမိပြုသောကံ မိမိထံ ပြန်လာခြင်းသာ ဖြစ်သည်။ ဘယ်သူမပြု မိမိမှုပဲဖြစ်သည်။
သူသည် အလုပ်အားသောနေ့များတွင် သူကျွမ်းကျင်သော လေသေနတ်တလက်ဖြင့် တောသို့သွားပြီး ငှက်မျိုးစုံကို ပစ်ခတ်ဖမ်းဆီးလေ့ရှိသည်။ တကြိမ်သွားလျှင် ငှက်မျိုးစုံ လွယ်အိတ်တအိတ် အပြည့်ရသည်။ ထိုငှက်များကို အမွေးနုတ်၊ ဗိုက်ခွဲပြီး ကလီစာများထုတ်ကာ အိမ်သို့ ယူလာလေ့ရှိသည်။ ယူလာသော ငှက်များကိုလည်း သူဘယ်တော့မှ မစားပေ။ သူ့မိသားစု သားသမီးများကိုသာ စားစေသည်။ ဦးဟုန်းသည် နှစ်များစွာ ဤအကုသိုလ်များကို ပြုလုပ်ခဲ့လေသည်။ ဦးဟုန်း ကွယ်လွန်သောအခါလည်း ၀မ်းဗိုက်ခွဲပြီးမှ သေရသည်။ သူပြုသော အကုသိုလ်ဝဋ်ကြွေးက သူ့ကို ပြန်လည်ပေးဆပ်လိုက်ခြင်း ဖြစ်သည်ဟု ယုံကြည်ယူဆမိပါသည်။
ကိုကြီးဆွေ

ဗုဒ္ဓ၀င်ရွတ်ပွား အကျိုးများ
စာရေးသူတို့ ဇနီးမောင်နှံသည် ကျောင်းဆရာ ဆရာမများ ဖြစ်ကြပါသည်။ အိမ်ထောင်ကျသည်မှစ၍ ယနေ့တိုင် အဓိဋ္ဌာန်ပြု ဆောင်ရွက်သည်မှာ ပြည်မြို့ အောင်မြင်ဗာဟုတောင် ရန်အောင်မြင် ဆရာတော်ကြီး ရေးသားပြုစု သည့် မဟာဗုဒ္ဓ၀င် သစ္စာတော်ပါဠိ ၃၁-ချက်ကို ညစဉ် ရွတ်ပွားခြင်းနှင့် ငှက်ကလေးများအား အစာကျွေးခြင်း အဓိဋ္ဌာန်ဖြစ်သည်။ ၀န်ထမ်းများဖြစ်၍ အရပ်ဒေသအသီးသီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသော်လည်း ဤအဓိဋ္ဌာန်ကိုဖြင့် အပျက်မခံခဲ့။
၁၉၈၂-ခုနှစ်ကစ၍ တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် တပည့်ပေါင်း မျိုးစုံနှင့် တွေ့ကြုံခဲ့ရသည်။ ဆင်းဆင်းရဲရဲဖြင့် ကြိုးစားရုန်းကန်နေသော တပည့်ကလေးများကို ဦးစားပေး၍ ကူညီပံ့ပိုးခြင်းများ ပြုမိသည်။
သို့နှင့် ၁၉၉၄-၉၅ ပညာသင်နှစ်တွင် လှိုင်သာယာမြို့သစ်၌ ၀န်ထမ်းများအတွက် မြေကွက်ပေးရာ ပေ-၄၀၊ ပေ-၆၀ တကွက်ရခဲ့သည်။ မိမိတို့ တခါမှ အိပ်မက်ပင် မမက်ခဲ့ဘူးသော မြေပိုင်ဆိုင်မှု စ၍ရခဲ့သည်။
ထိုအခါ မော်လမြိုင် စက်မှုကျောင်းမှ ဆင်းလာသူ တပည့်တဦးဖြစ်သည့် မောင်ဇော်ထွန်းအောင်၊ စာရေးသူတို့ထံ ရောက်လာပြီး အိမ်ဆောက်သည့် အတတ်ပညာ တတ်လာခဲ့၍ ကျေးဇူးဆပ်လိုကြောင်း သူ့အသိ လက်သမားများ၊ ပန်းရန်ဆရာများလည်း ရှိကြောင်း၊ အိမ်တလုံးဖြစ်အောင် သူလုပ်မည်ဟုဆိုလာ၍ စာရေးသူတို့ ဇနီးမောင်နှံကလည်း စုဆောင်းထားသမျှ ငွေလေးဖြင့် အိမ်တလုံး စဆောက်ကြသည်။
၁၉၉၈-၉၉ ပညာသင်နှစ်တွင် တထပ်တိုက်ကလေးတလုံး ပြီးစီးခဲ့သည်။ နှစ်ဖက်မိဘများလည်း စာရေးသူတို့အိမ်တွင် အေးငြိမ်းစွာ တည်းခိုနေနိုင်လေပြီ။ စာရေးသူတို့၏ အဓိဋ္ဌာန်သည်လည်း ပို၍ ခိုင်မြဲနေပြီ။ ဤအဓိဋ္ဌာန်အားကိုးဖြင့် ကျောင်းရှိ ရှင်မပြုနိုင်သူ မိသားစုမှ ကလေးများအား စုပေါင်း၍ ရှင်ပြုပွဲ စလုပ်ခဲ့သည်။
၂၀၀၅-၆- ပညာသင်နှစ်တွင် ပထမအကြိမ်၊
၂၀၀၆-၇ ပညာသင်နှစ်တွင် ဒုတိယအကြိမ်၊
၂၀၀၇-၈ ပညာသင်နှစ်တွင် တတိယအကြိမ်၊
၂၀၀၈-၉ ပညာသင်နှစ်တွင် စတုတ္ထအကြိမ်၊ စုပေါင်းရှင်ပြုပွဲများပြုလုပ်ခဲ့သည်။
တကြိမ်လျှင် ရှင်အပါး ၅၀-ကျော် သာသနာ့ဘောင် သွတ်သွင်းပေးနိုင်ခဲ့သည်။
ယခု ၂၀၀၉-၁၀ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူကလေးများ နေ့စဉ် ဘုရားဝတ်ပြုနိုင်ရန် အလျားပေ ၂၀၊ အနံ ၁၅-ပေရှိ မြတ်စွာဘုရား ကျောင်းတော်တဆောင် ၂၂-သိန်း အကုန်အကျခံကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပူးပေါင်းကာ ဆောက်လုပ်ခဲ့ပြန်သည်။
ထို့ကြောင့် စာရေးသူ၏ အဓိဋ္ဌာန်အကျိုးသည် စာရေးသူတို့အား စောင့်ရှောက်နေပြီဖြစ်ကြောင်း ခံစားနေမိပါသည်။ ဆက်လက်၍လည်း သာသနာ့အကျိုး၊ အများအကျိုး၊ အမိအဖ အကျိုးများကို ဆောင်ရွက်သွားလျှင်ဖြင့် မုချမသွေ အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း ယုံကြည်နေမိပါတော့သည်။
သောင်းညွန့်(ကျိုက္ခနာ)

ကံတူအကျိုးပေးသော ရွာသားတချို့
ထိုရွာကလေးကား အိမ်ခြေတရာနီးပါးခန့်ရှိပါ၏။ တောအရက်ချက်သော အိမ်ငါးအိမ်ခန့်ရှိပြီး ဖောက်သည် ပြန်ယူရောင်းသည့် အိမ်က ရှစ်အိမ်ခန့်ရှိ၏။
အရက်သောက်သုံးသူများ အိမ်ခြေတ၀က်ခန့် ရှိပြီး မြဲမြဲစွဲစွဲ နေ့စဉ်သောက်သုံးသူများကတော့ ၁၀-ဦးခန့် ရှိ၏။
ကြာတော့ကြာခဲ့ပါပြီ။ လွန်ခဲ့သော ၁၅-နှစ်ခန့်က ထိုရွာလေးတွင် အမျိုးသား လူငယ်ငါးဦး၏ လက်တွေမှာ အသားမာ အနာကြီး ပေါက်ကြပါသည်။
စာရေးသူနဲ့အတူတူ ထိုရွာလေးသို့ တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဆရာဝန်တဦး ကျွဲ၊ နွား ရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် ရောက်ရှိခဲ့သည်။
စာရေးသူလည်း ကျန်းမာရေးမှူး တဦးဖြစ်သဖြင့် မူလတန်းကျောင်းမှ ကလေးငယ်များကို ကျောင်းကျန်းမာရေး စစ်ဆေးပေးပါသည်။ တိရစ္ဆာန်မွေးကု ဆရာဝန်နှင့် သူ၏တပည့်တို့က ကျွဲနွားများတွင် ဖြစ်ပွားတတ်သော ရောဂါများ၏ ကာကွယ်ဆေးကို ထိုးပေးကြပါသည်။
စာရေးသူတို့ တည်းခိုသော ရွာလူကြီးအိမ်သို့ လက်တွင် အသားမာ အနာကြီးများပေါက်နေသော ရွာသားလူငယ် နှစ်ဦး ရောက်လာပြီး သူတို့ဖြစ်နေသော ရောဂါကို လာရောက်ပြသပါသည်။
ဤတွင် ချက်ချင်းပဲ သိလိုက်ပါပြီ။ ဤရောဂါကား ကူးစက်ရောဂါ ဖြစ်နေပါ၏။ တိမွေးကု ဆရာဝန်က ထိုသူနှစ်ဦးကို အပြန်ပြန် အလှန်လှန် စစ်ဆေး၏။ မေးခွန်းတွေထုတ်၏။
လွန်ခဲ့သောတလခန့်က ရွာသားလူငယ် ၅-ဦးတို့ အရက်မူးမူးဖြင့် နွားတကောင်ကို သတ်စားကြ၏။ သူတို့သတ်စားလိုက်သော နွားတွင် ထောင့်သန်းရောဂါ (အင်းသရက်) ဖြစ်နေသည်ကို မသိကြပါ။
အဆိုပါ ထောင့်သန်း ရောဂါဖြစ်နေသော နွားသေကောင်မှ သွေးများသည် သူတို့လက်တွင်ရှိသော ပွန်းပဲ့ဒဏ်ရာများနှင့် ထိတွေ့ပါ၏။ ဤတွင် နွားသေ သွေးထဲတွင် ရှိနေသော (အင်းသရက်) ပိုးသည် နွားသတ်သမား လူငယ်များထံ ကူးစက်သွားပါတော့၏။
သုံးပတ်ခန့် ကြာသောအခါ လက်များတွင် အသားမာကြီးများ ပေါက်လာကြပါ၏။ ဆေးမြီးတိုဖြင့် ကုသရာ မပျောက်ဘဲ ရွာသားလူငယ် ၃-ယောက် အနာဝင်ပြီး သေဆုံးသွားရပါသည်။
ယခုလာပြသော လူငယ်နှစ်ယောက်ကို ပင်နယ်စလင် ဆေးများ ထိုးပေးပြီး ပင်နယ်စလင် ဆေးပြားများ တိုက်ကျွေးကုသပေးပါ၏။ မြို့ဆေးရုံသို့ လွှတ်ပြီး ဆက်လက်ကုသစေသဖြင့် ပျောက်ကင်းသွားပါ၏။
သတ္တ၀ါတို့၏ အသက်ကို မူးမူးရူးရူးဖြင့် မဆင်မခြင်၊ ဇက်ရဲလက်ရဲ သတ်ဖြတ်ကြသော ရွာသား ၅-ဦး အနက် ၃-ဦးကတော့ သူတို့သတ်ဖြတ်သော နွားမှရသော ရောဂါနှင့်ပင် သေဆုံးခဲ့ရပါ၏။
အကုသိုလ်ကံသည် တူသောအကျိုးကိုပေးသည် ဆိုသည်မှာ လက်တွေ့မျက်မြင်ပင် ဖြစ်ပါတော့သတည်း။
မောင်မိုးဟန်(ရွှေကျင်)

သမ္ဗုဒ္ဓေအစွမ်း အံ့မခန်း
၁၉၈၇-ခုနှစ် စာရေးသူ စတုတ္ထတန်း ကျောင်းသူဘ၀က ဖြစ်ပါသည်။ ဖခင်ဖြစ်သူ တာဝန်ကျရာ ငါးဇွန်မြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖခင်နှင့်အတူ နေထိုငလျက် စာရေးသူတို့ မောင်နှမတစ်တွေ ကျောင်းတက်ကြ ပါသည်။ စာရေးသူ၏ မိခင်မှာ ဇာတိမြေ မြို့သာနှင့် ငါးဇွန်သို့ သွားချည်လာလှည့် ကူးသန်းကာ အရောင်းအ၀ယ် လုပ်ငန်းဖြင့် စီးပွားရှာရပါသည်။ ထိုစဉ်က ငါးဇွန်နှင့် မြို့သာမှာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော ကာလ ဖြစ်ပါသည်။
မိခင်၏ ပြန်လည်ပြောပြချက်အရ မိခင်ကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ် ဖြစ်ရပ်ကလေးကို တင်ပြလိုပါသည်။
အချိန်ကား နေ၀င်ရီတရော တိုင်လေပြီ။ မြို့သာနှင့် ငါးဇွန် အကြား ငါးဇွန်မြို့သို့ ကားမရောက်သေး။ နွားနှစ်ကောင်၏ တဖျပ်ဖျပ် ခြေသံတို့နှင့်အတူ ဦးတည်ရွေ့လျားနေပုံမှာ အမှောင်ထုထဲသို့ တိုးဝင်နေသည့်နှယ် ဖြစ်သည်။ ချောက်ထဲ ကျင်းထဲသို့ လှည်းဘီးကျလျှင် မိခင်၏ခေါင်းမှာ ငိုက်ခနဲဖြစ်၍ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွား နိုင်ပါသည်။ အချို့နေရာများတွင် လှည်းလမ်းက ကျဉ်းနေ၍ လမ်းဘေးရှိ ချုံနွယ်ပိတ်ပေါင်းတို့နှင့် ပွတ်မိ ထိမိသည်များလည်း ရှိပါသည်။
မိခင် ဒေါ်ခင်မြအေးမှာ လှည်းရံတိုင်ကို လက်တဖက်ဖြင့် တင်းတင်းဆုပ်ရင်း ပါးစပ်ကလည်း သမ္ဗုဒ္ဓေ ဂါထာတော်ကို အသံထွက်ရုံ တတွတ်တွတ် ရွတ်ဆိုရင်း လိုက်ပါလာပါသည်။
ပူပြင်းအိုက်စပ်သည့် နွေရာဦအမှောင် ၀င်နေသည့် ညဥ့်ဦးကာလတွင် မိခင်ဝတ်ဆင်ထားသည့် အင်္ကျီမှာ လည်ပင်းခပ်ဟဟ ဖြစ်နေဟန်တူပါသည်။ ထိုအချိန်တွင် ရုတ်တရက် နွယ်မျှင်တခု ပြတ်ကျလာသည်ဟု ထင်မိ၏။ မိခင်၏ ရင်ဘတ်ကြားသို့ ဖတ်-ခနဲ ကျလာရာ မိခင်က လက်ဖြင့် ချက်ချင်းနှိုက်၍ ပစ်လိုက်ရာ လှည်းပေါ်တနေရာ ကျသွား၏။
မိခင်သည် လက်အထိအတွေ့ ပျော့စိစိကို သံသယ၀င်သွားပြီး လှည်းဆရာအားချက်ချင်း ရှာစေရာ မြွေစိမ်းတကောင်ဖြစ်နေသည်ကို တွေ့ကြရလေသည်။ မြွေစိမ်းကိုမြင်မိကာမှ မိခင်မှာ မိမိအဖြစ်ကို မိမိတွေးရင်း အသည်းတအေးအေး ရင်တလှပ်လှပ် ဖြစ်ရပါတော့သည်။
ယခုကဲ့သို့ ကြုံတွေ့ရသော်လည်း အရှက်တကွဲ အကျိုးနည်း မဖြစ်ဘဲ အန္တရာယ်မှ လွတ်ကင်းရခြင်းမှိာမိခင်ကြီးသည် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အာရုံကပ်၍ အထပ်ထပ် ရွတ်ပွားနေခြင်းကြောင့်သာဟု ယုံကြည်မိပါသည်။
နန်းနွယ်အေး (တိုင်းရင်းဆေး)
( မြတ်မင်္ဂလာ ၂၀၁၀-ခု ဇွန်လ)

ဆေးအလှူ
စာရေးသူ ရဟန်းမ၀တ်မီက မဂ္ဂဇင်းတအုပ်တွင် ဆောင်းပါးအချို့ ရေးခဲ့ဖူးသည်။ စာရေးသူသည် စာမူခငွေနှင့် အစာကြေဆေး၊ ဒဏ်ကြေ အကြောဖြေ လိမ်းဆေး၊ အားဆေးများဝယ်ပြီး မိဘနှစ်ပါးနှင့် အဒေါ်များကို ထိုဆေးများနှင့် ကန်တော့သည်။ ဆေးလှူခဲ့သည်။
စာရေးသူသည် ဇာတိရွာမှ မြို့သို့ ဗလာစာအုပ်အဟောင်းများ ရောင်းရန် သွားခဲ့သည်။ သူငယ်ချင်းတဦးလည်း ပါသည်။ သူသည် ကျန်းမာရေးမကောင်းသည့်အတွက် ဆေးခန်းသို့သွားရသည်။ စာရေးသူသည် ဗလာစာအုပ်အဟောင်းများ ရောင်းရသည့်ငွေကို သူငယ်ချင်းအတွက် ဆေးဖိုးအဖြစ် လှူပစ်ပါသည်။ စာရေးသူလည်း ထိုစဉ်က ရင်ထဲတွင် ဆေးဖိုးအလှူဒါန ပီတိများ ဖြစ်ပွားခဲ့ပါသည်။
ထို့ပြင် စာရေးသူသည် သူငယ်ချင်း ကိုတင်ထွန်းမောင်နှင့် အစာကြေဆေးများ ကိုယ်တိုင် ဖော်စပ်ခဲ့ပြီး ရွာထဲရှိ အစာအိမ်နှင့် ပတ်သက်သော ရောဂါရှိသူများကို ဆေးဒါနပြု လှူဒါန်းခဲ့ပါသည်။
ယခု ရဟန်းဖြစ်သည့်အချိန်တွင်လည်း ဆေးလိုအပ်သော ရဟန်းအချို့ကို အားဆေး၊ ဒဏ်ကြေအကြောဖြေ လိမ်းဆေး၊ အစာကြေဆေးများ လှူခဲ့ပါသည်။
စာရေးသူ ရဟန်းဖြစ်သည်မှာ ၁၀-၀ါရှိပြီဖြစ်သည်။ ၁၀-၀ါအတွင်း အားနည်းသည့်ရောဂါ၊ ဖျားနာသည့် ရောဂါ၊ သွေးတိုးရောဂါ၊ ကိုယ်လက်ကိုက်ခဲသည့် ရောဂါများ ဖြစ်ခဲ့သည်။ ရောဂါဖြစ်နေသည့် အချိန် လိုအပ်နေသော ဆေးဝါးများကို လှူမည့်သူများ ရှိလာခဲ့သည်။ စာရေးသူက နှုတ်ကဖွင့် အလှူမခံဘဲနှင့် ကျောင်းသို့လာကာ လှူခြင်းဖြစ်သည်။
တူသောအကျိုးပေး ကံ-ကံ၏အစွမ်းကို အံ့မခန်း ယုံကြည်နေမိပါတော့သည်။
အရှင်ဥဇ္ဇယ

သြ၀ါဒ
* လောက၌ သူတော်ကောင်း-သူယုတ်မာ ဟု နှစ်မျိုးရှိ၏။
* သူတော်ကောင်းကို ပေါင်းသင်းသူသည် စံပယ်ပန်းထုပ်သော ဖက်ရွက်နှင့်တူ၏။
* သူယုတ်မာကို ပေါင်းသင်းသူသည် ငါးပုပ်ထုပ်သော သမန်းမြက်နှင့်တူ၏။
* ပစ္စုပ္ပန် တမလွန် ဘ၀ကောင်းကျိုး လိုလားသူတို့သည် စံပယ်ပန်းထုပ်သော ဖက်ရွက်ကဲ့သို့ ရနံ့ကောင်းအောင် သူတော်ကောင်းကို ပေါင်းသင်းကြရမည်။
ဘဒ္ဒန္တ ရာဇိန္ဒ မဟာထေရ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာ တိပိဋကတောရ
မဟာဝိသုဒ္ဓါရုံ စာသင်တိုက်၊ ပဓာနနာယကဆရာတော်။

တိုင်ပင်သင့်ရာ တိုင်ပင်ပါ
* တိုင်တိုင်ပင်ပင်၊ ပြုတတ်လျှင်၊ ဉာဏ်မြင်တိုးတက်ရာ။
* လူတိုင်းကိုလဲ၊ အယုံကဲ၊ မလွှဲမအပ်ရာ။
* လျှို့ဝှက်အပ်လှ၊ ကိုယ့်ကိစ္စ၊ ဖွင့်ဟ မပြောရာ။
* ဖွင့်ဟပြောက၊ မှုကိစ္စ၊ ပျက်တတ်လှသည်သာ။
* ပြောသင့်သူအား၊ ပြောမိငြား၊ တအားတက်သည်သာ။
* ပြောသင့် မသင့်၊ ဉာဏ်ချိန်ဖြင့်၊ ချင့်၍ ပြုအပ်စွာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်

နောင်တ ၁၀-ပါး
ငယ်ခါကလျှင်၊
မသင်ပညာ၊
ဥစ္စာမစု၊
သူ့ကိုချစ်ဖျက်၊
သူ့သက်သတ်စား၊
သူ့မယား၌၊ ပြစ်မှားတုံဘိ၊
ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊
မွေးမြူမိဘ၊ မပြုရနှင့်၊
ဆုံးမ မနာ၊
ပညာရှိထံ၊ နည်းခံမမှတ်၊
အမြတ်မကျင့်၊
ဤဆယ်ဆင့်ကား၊
ကြီးရင့်ဇရာ၊ အိုသောခါလျှင်၊
ပူဆာနောင်တ၊ ရတတ်စွတည့်။
(မဃဒေ၀လင်္ကာသစ် ပိုဒ် ၃၂၁-တတိယပိုင်း၊ ပုတ္တောဝါဒခန်း)
ကြီးရင့်ဇရာ၊ အိုသောခါတွင်၊ ပူဆာနောင်တ၊ ရတတ်စွ-လို့ ဆိုတဲ့အတိုင်း အသက်အရွယ် ကြီးရင့်လို့ အိုမင်းပြီ ဆိုတဲ့အခါမှာ နောင်တ ရတတ်တဲ့တရား၊ ငါငယ်ငယ်တုန်းက မလုပ်ခဲ့မိတာ မှားလေစွလို့ ပူပန်ရတတ်တဲ့ တရား ၁၀-မျိုး ရှိပါတယ်။
၁။ ငယ်စဉ်ကာလ စာပေမသင်ခဲ့မိရင်လည်း ကြီးလာတော့ မသင်ခဲ့ရကောင်းလားလို့ နောင်တ ရတတ်ပါတယ်။
၂။ ရှာနိုင်ဖွေနိုင်တုန်း အရွယ်ကောင်းတုန်းက ဥစ္စာမရှာခဲ့မိရင် အိုကြီးအိုမ ဇရာဒုဗ္ဗလ ဖြစ်ပြီဆိုတော့မှ စားစရာမရှိ၊ ၀တ်စရာ မရှိနဲ့ နောင်တတဖန် ပူပန်ရတတ်ပါတယ်။
၃။ လူနှစ်ယောက် ချစ်နေ၊ ခင်နေ၊ အဆင်ပြေနေကြတာကို သူတို့အချစ်ပျက်အောင် ကိုယ်က လုပ်ခဲ့မိရင်လည်း နောင်တတဖန် ပူပန်ရတတ်ပါတယ်။
၎။ သူများအသက်ကို သတ်မိပြန်ရင်လည်း ပူပန်ရတတ်ပါတယ်။
၅။ သူ့သားမယား ပြစ်မှားမိတဲ့လူလည်း စိတ်ဆင်းရဲရတာပါပဲ။
၆။ လှူနိုင် တန်းနိုင်တုန်းမှာ မလှူမိ၊ မတန်းမိခဲ့ရင်လည်း နောင်မှာ နောင်တ ရတတ်တာပါပဲ။
၇။ ဒါကတော့ ဒီနေရာမှာ အရေးအကြီးဆုံးပါ။
မွေးမြူ မိဘ၊ မပြုရ-တဲ့။
သြော်-ငါ့အဖေ၊ ငါ့အမေ သက်ရှိထင်ရှားရှိတုန်းလေး ဘာမှမကျွေးလိုက်နိုင်ပါလား၊ မပြုစုလိုက်ရပါလားလို့ အမေအဖေ မရှိတော့ပြီဆိုတော့မှ နောင်တရတတ်ပါတယ်။
ဒီနောင်တကတော့ ကြီးရင့်ဇရာ၊ အိုသောခါ-အထိ မစောင့်ပါဘူး။ အမေ အဖေ မရှိတာနဲ့ တပြိုင်နက် တခါတည်း ရတဲ့နောင်တမျိုးပါ။
၈။ လူကြီးသူမတွေ ပြောဆိုဆုံးမတာ နားမထောင်မိခဲ့ရင်လည်း ဒုက္ခရောက်ပြီဆိုတာနဲ့ တပြိုင်နက် နောင်တရတာပါပဲ။
၉။ ကိုယ်သိချင်တာရှိရင် ပညာရှိတွေကို မေးရပါတယ်။ မေးရ၊ မြန်းရ၊ မှတ်သားရပါတယ်။ မမေးရင်၊ မမှတ်သားရင်၊ မနာခံရင် အကြောင်းအရာတွေကို မသိနိုင်ပါဘူး။ မသိနားမလည်တဲ့အတွက် မရှိတာထက် မသိတာခက်ပြီဆိုတော့မှ သြော်-ငါ မမေးမိလေခြင်း-လို့ နောင်တရတတ်တာပါ။
၁၀။ အမြတ်မကျင့်-တဲ့။
လူ့ဘ၀ရောက်လာတဲ့အခိုက် ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကို စာရင်းချုပ်လိုက်တော့ ကောင်းတာရယ်၊ ဆိုးတာရယ်၊ ယုတ်တာရယ်၊ မြတ်တာရယ်လို့ နှစ်မျိုးပဲရှိကြပါတယ်။
ကောင်းတာ မြတ်တာ မလုပ်မိပါဘဲနှင့် ဆိုးတာ ယုတ်တာတွေကိုပဲ လုပ်နေမိရင်လည်း နောင်မှာ နောင်တ ရပြန်တာပါပဲ။
ဒါကြောင့် နောင်တတရား ဆယ်ပါးထဲမှာ ပါတဲ့ မွေးမြူမိဘ၊ မပြုရ-ဆိုတဲ့အတိုင်း မိဘတွေကို ပြုစုလုပ်ကျွေး မွေးမြူမှု၊ မပြုလိုက်ရရင် နောင်တ မရကြရအောင်
မိဘကို မသေခင်မှာ ပြုစုလုပ်ကျွေးပါ- သေမှ ငိုမနေပါနဲ့တော့၊ နောင်တ မရကြပါနဲ့တော့လို့ မင်းကွန်းတိပိဋက ဆရာတော်ကြီး သြ၀ါဒအတိုင်း သတိပေးလိုက်ရပါတယ်။

အသက်ရှည်ရှည် နေထိုင်နိုင်ခြင်းနှင့် ဗုဒ္ဓ အဆုံးအမ
အင်္ဂုတ္တိုရ် (မြန်မာပြန်) ပဉ္စကနိပါတ်၊ တတိယ ပဏ္ဏာသက၊ ဂိလာန၀ဂ်၊ အနာယုဿာသုတ်တွင် လူသားတို့ အသက်တိုခြင်း၊ အသက်ရှည်ခြင်းနှင့် စပ်လျဉ်း၍ ကောက်နုတ်ဖော်ပြအပ်ပေသည်။
ဒုတိယအနာယုဿာသုတ်-
ရဟန်းတို့ အသက်တိုကြောင်းတရားတို့သည် ဤငါးမျိုးတည်း။
အဘယ်ငါးမျိုးတို့နည်း ဟူမူ-
* မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိ၏။
* လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်။
* မကြေကျက်လွယ်သော အစာကို စားလေ့ရှိ၏။
* သီလ မရှိ။
* ယုတ်မာသော အဆွေခင်ပွန်း ရှိ၏။
ရဟန်းတို့ ဤသည်ကား အသက်တိုကြောင်းတရားငါးမျိုးတည်း။
ရဟန်းတို့ အသက်ရှည်ကြောင်းတရားတို့သည် ဤငါးမျိုးတည်း။
အဘယ်ငါးမျိုးတို့နည်း ဟူမူ-
* လျောက်ပတ်သည်၌ ပြုလုပ်လေ့ရှိ၏။
* လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိတတ်၏။
* ကြေကျက်လွယ်သော အစာကို စားလေ့ရှိ၏။
* သီလရှိ၏။
* အဆွေခင်ပွန်းကောင်း ရှိ၏။
ရဟန်းတို့ ဤသည်ကား အသက်ရှည်ကြောင်း တရား ငါးမျိုးတည်း။

မဖျက်ဆီးနဲ့
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။
* ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။
* မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။
* သူ၏ကောင်းမှု၊ ဖျက်ဆီးပြု၊ အကုသိုလ်စုသာ။
* အကုသိုလ်ကား၊ ပါယ်လေးပါး၊ လျင်လျား ပို့သည်သာ။
* သာဓုခေါ်က၊ ကောင်းကျိုးရ၊ ရောက်ကြ ထက်နတ်ရွာ။
မှတ်ချက်။ ။ ပျက်စီးစေလိုသော စေတနာနှင့် ဖျက်လျှင် အကုသိုလ် ဖြစ်သည်။
ပျက်စီးနေသော ကျောင်း ကန် ဘုရား စေတီတို့ကို ကောင်းစေလိုသော စေတနာဖြင့် ဖျက်၍
အသစ်ပြုပြင်လျှင် ကုသိုလ် ဖြစ်သည်။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်ဘုရားကြီး။

ဘုရား နှင့် ကမ္ဘာ
တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ၀ရ သုံးဆူသာ။
သာရ မဏ္ဍ၊ လေးဆူမျှ၊ ဘဒ္ဒ ငါးဆူသာ။
တစ်ဆူသော်မျှ၊ မပွင့်က၊ သုည ကပ်ကမ္ဘာ။
ကမ္ဘာခြောက်မျိုး၊ မော်ကွန်းထိုး၊ ကျမ်းရိုး စဉ်အလာ။

Monday, November 15, 2010
ဘုန်းတော်ကြီး ဦးသီလနှင့် ကျား
ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလသည် ၁၂၂၈-ခုနှစ်က ကျိုက်ဒေးယျုံဘုရားကြီး အနောက်တောင်ဘက် ပိန်းအင်းတောရ လေးတိုင်စင်ကျောင်းငယ်တွင် သီတင်းသုံးခဲ့သည်။ ထိုနေရာသည် ကျားများ ကျက်စားရာ နေရာဖြစ်၏။ ကျောင်းအောက်နှင့် ကုဋီသွားလမ်းတလျှောက် ကျားများ ညစဉ် ဟိန်းဟောက်နေ၏။ ထိုကျားများကို ဘုန်းတော်ကြီး ဦးသီလက ကြောင်အလား၊ နွားသဖွယ် အောက်မေ့တော်မူ၏။
တချိန်က ပဲခူးချောင်းဖျားရှိ ကမ်းမြင့်ရွာ သုသာန်ဇရပ်၌ တညတည်းခိုတော်မူ၏။ ထိုရွာ၌ ကျားဆိုးတကောင် သည် ညစဉ်နွားများကို ကိုက်သတ်လေ့ရှိသဖြင့် ရွာသားများသည် ဘုန်းတော်ကြီးဦးသီလအတွက် စိတ်ပူနေကြ၏။ ညအခါ သွား၍လည်း မလျှောက်ဝံ့ကြ။ နံနက် မိုးလင်းမှ ကျားစာဖြစ်ရော့မည်-အထင်နှင့် သွားကြရာ လမ်းတွင် ဆွမ်းခံကြွလာသည်နှင့် ပက်ပင်းပါ ဖူးတွေ့ရ၍ ရွာပြန်ပြီး ၀မ်းသာအားရ ဆွမ်းလောင်းကြ၏။ ဆွမ်းခံအပြန် ထိုနေရာသို့ လိုက်ပါကြည့်ကြရာ ဘုန်းတော်ကြီးနှင့် ကျားဆိုးကြီးမှာ သုံးတောင်ခန့်သာ ကွာဝေးသည်ကို တွေ့ကြရ၏။
ဒေးစွန်ပါတောရ၌ နေစဉ် ကပ္ပိယယ ဦးအာကာလည်း အဖော်လိုက်နေ၏။ ကပ္ပိယကြီးက ဆောင်းအခါလည်း ဖြစ်သဖြင့် မီးလှုံရန်နှင့် ကျားများမလာစေရန် ရည်ရွယ်၍ နေ့ခင်းက ထင်းခွေထားပြီး ညအခါ မီးလှုံလေ့ရှိ၏။ ထိုစဉ် ကျားကြီးတကောင်သည် မီးဖိုရှိရာသို့ တည့်တည့်ကြီး ၀င်လာ၏။ ဘုန်းတော်ကြီးက လေးတိုင်စင်ကျောင်း ပေါ်၌ ရှိနေ၍ ဦးအာကာသည် အော်လဲမအော်ရဲ၊ မရဲသော်လည်း ပြေးခဲစေ လုပ်နေရ၏။ မီးဖိုမှာပင် ဘုရားတရားစာများကို ရွတ်ဖတ်ပွားများရင်း တထိတ်ထိတ်ဖြစ်နေ၏။ ကျားကြီးသည် မီးဖိုသို့ဝင်၍ အနီးတွင် ၀ပ်နေ၏။ အတန်ငယ်ကြာလျှင် ကျားကြီးက မီးပုံအနီး ပါးစပ်ဟလျက်သားနှင့် မှိန်းသွားသဖြင့် ကပ္ပိယကြီးမှာ စိတ်သက်သာရာ ရသွားသည်။ ကျားကြီးပါးစပ် အဟောင်းသားနှင့် အိပ်ပျော်သွားခိုက် ကပ္ပိယကြီးသည်-
ဒီမီးကျီးခဲတွေကော်ပြီး ကျားကြီးပါးစပ်ထဲ ထည့်လိုက်ရရင် ကောင်းမှာပဲ-ဟု စိတ်ကူးမိရာ ထိုခဏမှာပင် ကျားကြီးဟိန်းလေတော့သည်။ ကပ္ပိယကြီး၊ ဘာလို့ မကောင်းကြံပြီး ပြစ်မှားရသလဲ။ ကိုယ့်အလုပ် ကိုယ်လုပ်တာ မဟုတ်ဘူး။ တောင်းပန်လိုက်-ဟု ဘုန်းတော်ကြီးက ကျောင်းလေးပေါ်မှ အသံမြှင့်၍ ခပ်ဆတ်ဆတ် ပြောလိုက်၏။ ဦးအာကာက တောင်းပန်ပြီး မေတ္တာပွားလိုက်မှသာ ကျားကြီးငြိမ်ကျသွားတော့၏။
(ကော့ကရိတ်နယ် တောများတွင်လည်း ဘုန်းတော်ကြီး၏ ကျောင်းလှေကားရင်းအထိ ကျားများ လာအိပ်ကြသည်ကို တွေ့ကြရ၏)

အိပ်ရေးပျက်ခြင်းနှင့် သွေးတိုးရောဂါ
မကြာမီက ဗြိတိသျှနိုင်ငံရှိ ဆေးသိပ္ပံပညာရှင်များက အိပ်ရေးပျက်ခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ အိပ်ရေးပျက်သူများ အထူးသဖြင့် အမျိုးသမီးများတွင် အိပ်ရေးပျက်ခြင်းကြောင့် သွေးပေါင်ချိန် မြင့်တက်မှု ပိုမိုဖြစ်ပွားစေပြီး သွေးတိုးရောဂါ ဖြစ်ပွားစေနိုင်သည်ဟု ၄င်းတို့က ပြောကြားခဲ့သည်။
တနေ့လျှင် ၆-နာရီထက် လျော့နည်းစွာ အိပ်ရသူများသည် သွေးပေါင်ချိန်မြင့်တက်မှု တဖြည်းဖြည်း မြင့်တက်လာကြောင်း၊ ခန္ဓာကိုယ် အိပ်စက်အနားယူမှုနည်းခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားစေရန် တွန်းအားပေးကြောင်း ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။
ပုံမှန်အိပ်ချိန်လျော့နည်းခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ သွေးကလာပ်စည်းများ ပိုမိုပျက်စီးစေပြီး သွေးအတွင်း အဆိပ်ထွက်မှုများ ပိုမိုဖြစ်ပွားကာ နောက်ဆက်တွဲရောဂါများဖြစ်သော နှလုံးရောဂါ၊ အ၀လွန်မှုနှင့် စိတ်ကျရောဂါများ ရရှိစေနိုင်သည်ဟု သိရှိရသည်။

အံ့ချီးဖွယ် ခြိုးခြံနိုင်သူ
စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ကြီး ဘဒ္ဒန္တ၀ဏ္ဏာစာရ (၁၂၆၉-၁၃၃၇) သည် ဗုဒ္ဓဝေယျာဝစ္စပြုမှု၊ သမထ၊ ၀ိပဿနာ ကျင့်ကြံမှုစသော ကျင့်ဝတ်များ၌သာ ဇွဲကောင်းသည်မဟုတ်။ အာဟာရ ခြိုးခြံမှုနှင့် ပတ်သက်၍လည်း သာမန်ပုဂ္ဂိုလ် လိုက်မမီအောင် ဇွဲလုံ့လကောင်းလှသည်။
ဆရာတော်သည် အသက်ထက်ဆုံး အသက်သတ်လွတ် ဆွမ်းဘုဉ်းပေးသွား၏။ တခါတရံ အသက်သတ်လွတ် ဆွမ်း၌ အပြစ်မြင်၍ ပဲဆွမ်း (ပဲပြုတ်) ချည်း ဘုဥ်းပေးနေတတ်၏။ အသက်အရွယ်ကလည်း ကြီးလာသဖြင့် ပဲပြုတ်ချည်း ဘုဉ်းပေးလာသည့်အခါ အားက သိသိသာသာ နည်းလာ၏။ အားနည်းလာသဖြင့် ဆရာတော်၏ ကျန်းမာရေးကို အမြဲတမ်းကြပ်မတ်ကြည့်ရှုပေးနေရသည့် ဆရာဝန်၊ ဆရာမများက ကောက်ဆွမ်း (ဆန်ကိုချက်ထားသည့်ဆွမ်း) ပြန်ဘုဉ်းပေးရန် လျှောက်ထားလျှင် ကောက်ဆွမ်းစားလည်း သေ၊ ပဲဆွမ်းစားလည်း သေတာပါပဲကွယ်။ ဘာပဲစားစား သေမယ့်အတူတူ ကောက်ဆွမ်းပြန်မစားပါရစေနဲ့-ဟူ၍ ဆရာတော်ကြီးက အမိန့်ရှိ၏။

Subscribe to:
Posts (Atom)