Friday, December 31, 2010

လစဉ်ဟောစာတမ်း ( ဇန်နဝါရီလ) ၂၀၁၁

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( ဇန်နဝါရီလ ၂၀၁၁ )

ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 904-239-7564 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

နေ့စဉ် = နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။



( တနင်္လာ )

မိတ်ဆွေ ဒီလထဲမှာ အလုပ်တွေပိပြီး တအားပင်ပန်းနေမယ်။ အိမ်ထောင်ရေးကလဲ အဆင်မပြေ ဖြစ်နေမယ်။ ငွေကြေးတွေ အခက်အခဲဖြစ်နေမယ်။ အထွက်တွေ များနေမယ်။ တခါတရံ လက်ထဲမှာတောင် ပြတ်တတ်တယ်။ အလုပ်မှာလဲ ပြဿနာပေါ်တတ်တယ်။
ကျန်းမာရေး=သွား၌ ဥပါဒ်ပေးလိမ့်မယ်။

ယတြာ=မွေးနေ့မှာ သက်သတ်လွတ်စား၍ ဗုဒ္ဓေါ ဂုဏ်တော်ကို ပုတီးစိပ်ပါ။

*****************************************************************************


( အင်္ဂါ )


မိတ်ဆွေ ဒီလထဲမှာ အလုပ်အကိုင် ထိခိုက်တတ်တယ်။ အလုပ်လုပ်ရတာလဲ အခက်အခဲတွေ့လိမ့်မယ်။ သူတပါးရဲ့ မကောင်းသတင်း လွင့်မှုတွေ ခံရတတ်တယ်။ ငွေကြေးတွေလဲ အကုန်အကျများနေမယ်။ သူတပါးကို သက်သေလိုက်ခြင်း အာမခံခြင်း ရှောင်ပါ။

ကျန်းမာရေး=ညံ့တယ်။ သွေးစစ်ဆေးပါ။ သွေးနဲ့ ဥပါဒ်ပေးမည်။

ယတြာ=ဥပုသ်သည်ကို ထီးတလက် လှူပါ။

*******************************************************************************


( ဗုဒ္ဓဟူး )


မိတ်ဆွေ ဒီလထဲမှာ လူလိမ်လူညာတွေနဲ့ တွေ့ရတတ်တယ်။ သတိထားပါ။ မယုံပါနဲ့။ ပါသွားလိမ့်မယ်။ အလုပ်တွေလဲ တပိုင်းတစ ဖြစ်နေတတ်တယ်။ ငွေအတွက်လဲ ပူပင်သောကရောက်နေတတ်တယ်။ ကြာသပတေးနံ မြေ၊ မြင်း၊ မိန်းမ စတာတွေနဲ့ စကားပြောရတတ်တယ်။ အိမ်ထောင်ရှိသူများ သတိထားပါ။ အိမ်ထောင်ဘက်က အထင်လွဲတတ်တယ်။

ကျန်းမာရေး=သင့်ပါတယ်။

ယတြာ=အသက်ကြီးတဲ့ လူမမာကို ဆေးဖိုးဓာတ်စာ လှူပါ။

********************************************************************************


( ကြာသပတေး )


မိတ်ဆွေ ဒီလထဲမှာ အထက်လူကြီး ဆရာသမားလို ပုဂ္ဂိုလ်တွေရဲ့ ကူညီစောင့်ရှောက်မှုကို ခံရတတ်တယ်။ မိတ်ကောင်းဆွေကောင်းတွေလဲ တွေ့ရတတ်တယ်။ ပြောဆိုလုပ်ကိုင်သမျှတွေ အားလုံး အဆင်ပြေနေလိမ့်မယ်။ ငွေတွေလဲ ၀င်တတ်ပါတယ်။

ကျန်းမာရေး=သင့်ပါတယ်။

ယတြာ=မိမိကိုးကွယ်ရာ ဘုရားကျောင်းသို့ သွား၍ တံမြက်စည်း လှည်းပါ။

*******************************************************************************


( သောကြာ )


မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေ အစစအရာရာ အဆင်ပြေနေလိမ့်မယ်။ ၀င်ငွေတွေလဲ ၀င်လာလိမ့်မယ်

စုဆောင်းမိတာပေါ့။ ဒါပေမယ့် ဒီလထဲမှာ ခြေထောက်မှာ ဗွေပါသလို ခရီးတွေ များများနေတတ်တယ်။

ကျန်းမာရေး=မျက်စိကို ဥပါဒ်ပေးတတ်တယ်။

ယတြာ=မိမိအိမ်မှ ဘုရားကို ကြာဖူးနှစ်ပွင့် လှူပါ။

********************************************************************************


( စနေ )


မိတ်ဆွေ ဒီလထဲမှာ လုပ်ငန်းတွေအဆင်ပြေပါလိမ့်မယ်။ ကူညီမ,စသူတွေ ပေါ်လာလိမ့်မယ်။ လူအများရဲ့ ကြည်ညိုလေးစားမှုတွေ ခံရတတ်တယ်။ အလှူအတန်းလုပ်ရတတ်တယ်။ တနင်္လာနံ ကားတွေ ၀င်လာတတ်တယ်။

ကျန်းမာရေး=သင့်ပါတယ်။

ယတြာ=ဘုန်းကြီးကျောင်းသို့သွား၍ ကုဋီအိမ်သာ သန့်ရှင်းပါ။

********************************************************************************


( တနင်္ဂနွေ )


မိတ်ဆွေ ဒီလထဲမှာ လက်ရှိအလုပ်ပဲ ကောင်းပါတယ်။ မပြောင်းပါနဲ့။ နောက်ပြောင်းမဲ့အလုပ်က သင့်အတွက် အကျိုးမပေးပါ။ လောလောဆယ် လုပ်ငန်းမှာ အခက်အခဲတွေ့ရလိမ့်မယ်။ စိတ်လေနေတတ်တယ်။ စီးပွားရေး မကောင်းပါ။ အိမ်တွင်းရေး မသာယာပါ။

ကျန်းမာရေး=ခါး,ခြေထောက် သတိထားပါ။

ယတြာ=မွေးနေ့တိုင်း မိနစ် (၃၀)ခန့် တရားအားထုတ်ပါ။


ကျန်းမာချမ်းသာကြပါစေ
ဆရာ အောင်ငြိမ်းမြတ်

နှစ်ကိုယ့်တစိတ်

သူက တအိမ်
ငါက တအိမ်
အိမ် ဖွဲ့စည်းပုံချင်း မတူ
အရပ် ဒေသချင်း မတူ
ဥတု စံတော်ချိန်ချင်း မတူ
မိတ်သင်္ဂဟချင်း မတူ
(သို့သော်)
နှလုံးသားချင်း တူ၏
သံယောဇဉ်ချင်း တူ၏
ခံစားမှုချင်း တူ၏
အယူအဆချင်း တူ၏
နားလည်မှုချင်း တူ၏
အလိုက်သိမှုချင်း တူ၏
စာနာမှုချင်း တူ၏
တူနှစ်ကိုယ် မည်မျှဝေးစေ
သူ့အိမ်ကို ငါ နေ့တိုင်းရောက်
ငါ့အိမ်ကို သူ နေ့တိုင်းရောက်
ငါက တအိမ်
သူက တအိမ်
(သို့သော်)
ထာဝရ နှစ်အိမ့် တအိမ်။

မောင်သွေးသစ်

Tuesday, December 28, 2010

ကျောက်ကပ်ရောင်ရောဂါ

မြို့စွန်တနေရာတွင် ကြီးမားလှသော ညောင်ပင်ကြီးတပင်ရှိ၏။ ထိုညောင်ပင်ကြီးနှင့် မလှမ်းမကမ်းတွင် လမ်းပြကြယ်-အမည်ရှိ ကိုယ်ပိုင် ဆေးကုဂေဟာတခု တည်ရှိ၏။ ထိုဂေဟာပိုင်ရှင် ဒေါက်တာ ဇင်မင်းမောင်သည် လွန်စွာသဘောကောင်းသူ ဖြစ်၏။ ချို့တဲ့သူများအား မေတ္တာဖြင့် ကူညီတတ်၏။ ထိုဂေဟာအား အများပြည်သူက ရွှေညောင်ပင် ဆေးခန်း-ဟု အမည်ပေးထားသကဲ့သို့ ဒေါက်တာဇင်မင်းမောင်အား ရုက္ခစိုးကြီး-ဟု ကွယ်ရာတွင် ခေါ်ဝေါ်ကြ၏။

ချို့တဲ့သူများအဖို့ ဒေါက်တာဇင်မင်းမောင်သည် ကယ်တင်ရှင်ရုက္ခစိုးကြီးပင် ဖြစ်၏။ အသက်အန္တရာယ်နှင့် လက်တကမ်းနီးကပ်နေသူ လူနာတဦးအဖို့ အနီးရှိ ဒေါက်တာဇင်မင်းမောင်ကိုသာ အားကိုးရ၏။ အရေးပေါ် ကုသပေးမှုများပြုလုပ်၍ ကယ်ခဲ့ရသော အသက်ပေါင်း မနည်းတော့ပြီ ဖြစ်၏။

တပည့်ကလေး မောင်စိန်ဝင်းကလည်း လွန်စွာသွက်လက် ဖျတ်လတ်၏။ အလိုက်သိကာ အကင်းပါးသူဖြစ်၏။ ဆရာဖြစ်သူက အားနည်းနေသူကို စမ်းသပ်နေချိန်တွင် မောင်စိန်ဝင်းက ထိုးဆေးပုလင်းဖောက်၍ တခါသုံးဆေးထိုးပြွန်ဖြင့် စုပ်ပြီးသားဖြစ်နေ၏။

ယခုလည်း ဆိုက်ကားတစီးဝင်လာသည်နှင့် ဆေးခန်းဝသို့ အပြေးအလွှားရောက်သွားကာ လူနာကလေးနှင့် မိခင်ဖြစ်သူအား ဆီးကြိုလိုက်၏။
ကလေးအး ပွေ့ချီ၍ ခုတင်ပေါ် တင်ပေးလိုက်၏။
ခြေများအမ်းကာ မျက်နှာကလေးက ပြည့်တင်းဖောင်းကားနေသော ထိုကလေး၏ အမည်မှာ မောင်ကြွက်နီဖြစ်၏။ လက်လုပ်လက်စား လူတန်းစားမိဘများသည် ကလေးငယ်များအား ကြွက်နီ၊ ၀က်သိုး၊ ဆင်ပေါက် စသော အမည်များလို လွယ်လင့်တကူပေးထားတတ်၏။

ထိုကလေးသည် တကိုယ်လုံး ၀ဲတွေနှင့် ဖြစ်၏။ မိခင်ဖြစ်သူက နွမ်းပါးဟန်တူ၏။ ကလေး နေမကောင်းသည်မှာ ကြာပြီဖြစ်သော်လည်း ဆေးမြီးတိုများဖြင့်သာ ကုသနေဟန်တူ၏။
ဒေါက်တာဇင်မင်းမောင်၏ ကြိုတင်မှန်းဆချက်များ ဒဏ်ထိ မှန်ကန်နေကြောင်း ရောဂါရာဇ၀င် မေးမြန်းရာမှ သိရှိလိုက်ရ၏။
ကလေးငယ်သည် ဆီးသွားပါက သွေးပါ၏။ သွေးပါနေသော်လည်း မိခင်က ကြောက်ရလန့်ရမှန်း မသိသေးပေ။ ကျန်မာရေးဗဟုသုတ ခေါင်းပါးလှ၏။

ကျောက်ကပ်ရောင်ရောဂါ၏ နောက်ဆက်တွဲရောဂါအနေဖြင့် သွေးပေါင်လွန်စွာတက်သွားရာမှ ကလေး သတိလစ်သွားမှပဲ လန့်ဖျပ်ကာ ဆေးရုံရောက်လာခြင်းဖြစ်၏။
ခင်မင်းရင်းစွဲရှိသူ ဆိုက်ကားဆရာ ကိုငှက်ရိုးသာ မကူညီပါက ကလေးမိခင်အဖို့ ဆိုက်ကားခပေးရန် ချေးရငှားရဦးမည် ဖြစ်၏။
ကိုငှက်ရိုး၏ အားပေးစကားကြောင့် ကယ်တင်ရှင် ရုက္ခစိုးကြီးထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်းဖြစ်၏။

သွေးပေါင်တအားတက်နေခြင်းသည် စိုးရိမ်စရာ အခြေအနေ ဖြစ်၏။
ဒေါက်တာဇင်မင်းမောင်သည် အရေးပေါ်ကုသမှုကို တပည့်ကလေး မောင်စိန်ဝင်း၏ အကူအညီဖြင့် လျင်မြန်သွက်လက်စွာ လုပ်ဆောင်ပေးလိုက်၏။ ၄င်းနောက် အငှားယာဉ်မောင်းသမား ကိုမြသာအား အကူအညီတောင်းကာ ဆေးရုံသို့ ဆောလျင်စွာ ပို့်လိုက်၏။

လူနာနှင့် ကလေးမိခင် ထွက်ခွါသွားပြီးနောက် မူလတန်းကျောင်းဆရာ ကိုလှအေးရောက်ရှိလာ၏။ ကိုလှအေးသည် ကျန်းမာရေး ဗဟုသုတ ရှာမှီးလေ့ရှိ၏။ ဒေါက်တာဇင်မင်းမောင်ကို အားမနာတမ်း မေးမြန်းတတ်၏။
ဟား---ကိုလှအေးပါလား။ ထိုင်ဗျာ ဘယ်က လှည့်လာတာလဲ။
ဒီနေ့ ကျောင်းမှာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားလုပ်တယ်ဆရာ။ အဲဒီကပြီးလို့ ဆရာ့ဆီလှည့်လာတာ။
အမျိုးသားအောင်ပွဲနေ့ဆိုတော့ ရုံးပိတ်ရက်ပဲ။
ဟုတ်ပါတယ် ဆရာ၊ ရုံပိတ်ရက်ပါဆရာ၊
ကျွန်တော့်မှာတော့ ဆေးခန်းပိတ်ရက် မရှိပါဘူးဗျာ။ နားမနေရပါဘူး။ တနေ့ ၂၄-နာရီ ဆိုပါတော့ဗျာ။

ရောဂါဆိုတာက အချိန်မရွေး ထဖြစ်နိုင်တာပဲမဟုတ်လားဆရာ၊ ဆရာတို့ ရှိနေမှပဲ တောင်ဘက်ရပ်ကွက်က လူနာတွေ အဆင်ပြေမှာပါဆရာ၊
လမ်းပြကြယ်-ဆေးခန်းတောင်ဘက်ရှိ ရပ်ကွက်က လက်လုပ်လက်စား ရပ်ကွက်ဖြစ်၏။ တရပ်ကွက်လုံး ဒေါက်တာဇင်မင်းမောင်ကို အားကိုးနေကြရ၏။ အထူးသဖြင့် အရေးပေါ် အခြေအနေတွင် ကိုငှက်ရိုးနှင့် အတူ ရောက်လာတတ်၏။
ဟုတ်ပါတယ်ဗျာ၊ ဒါကြောင့်လည်း ကျွန်တော်မနားဘဲ ဖွင့်နေရတာဗျ။ အဲဒီရပ်ကွက်က လူနာတွေက မေတ္တာနဲ့ ကူညီရတာများပါတယ်။

ကုသိုလ်ရတာပေါ့ဆရာ၊ စောစောက ကိုမြသာ တက္ကစီ ထွက်သွားတာ တွေ့တယ်။ လူနာ ဆေးရုံပို့တာ ထင်တယ်။
ဟုတ်တယ်၊ ကျောက်ကပ်ရောင်ပြီး သွေးပေါင်တွေ တအားတက်နေလို့ ဆေးရုံပို့လိုက်တာဗျ။ အရေးပေါ် အခြေအနေပဲဗျ။
လူနာ နာမည်က ဘယ်သူတဲ့လဲဆရာ၊
မောင်ကြွက်နီတဲ့ဗျ။ ရှစ်နစ်ပဲရှိသေးတယ်။
ဟာ---ကျွန်တော့ တပည့်ကလေးပဲ။ သူက အဖေမရှိဘူး။ အမေက ဈေးရောင်ရတယ်။ ချို့တဲ့တော့ ကျောင်းဆက်မနေနိုင်ရှာဘူး။ တတန်း နှစ်တန်းပဲ နေလိုက်ရတယ်။ ကျောင်းစရိတ် မတတ်နိုင်လို့ ကျောင်းထွက်လိုက်ရတယ်။

အေးဗျာ--သနားစရာပါလား။
ဟုတ်တယ်ဆရာ၊ တကယ့်ကို ဆင်းရဲတာပါ။ ကျန်းမာရေး ဗဟုသုတကလည်း နည်းတော့ တကိုယ်ရေ သန့်ရှင်းရေးလည်း မရှိဘူး။ တကိုယ်လုံး ၀ဲတွေချည်းပဲ။
ဖွံ့ဖြိုးပြီးနိုင်ငံက ဆရာဝန်တွေဆိုရင် ၀ဲမြင်ဖူးပါ့မလား ဆရာ။
ဘယ်မြင်ဖူးမလဲ ကိုလှအေးရယ်၊ စာတွေ့ပဲ ရှိမှာပေါ့၊
စောစောက ကလေးလူနာက ၀ဲတွေကုပ်တော့ အနာတွေဖြစ်၊ အနာတွေကို ပိုးဝင်၊ ပိုးဝင်ရာက နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ရောင်လာရော၊

မူလတရားခံက ၀ဲပါလား ဆရာရယ်၊
ဟုတ်ပါတယ် ကိုလှအေး၊ ဒီရောဂါကို ဆေးပညာဝေါဟာရ အနေနဲ့ ACUTE POSTSTRPTOCOCCAL GLUMERULO NEPHRITIS လို့ခေါ်တယ်။ ကျောက်ကပ်ရောင်လာရင် ခြေခုံတွေ အန်းတယ်။ မျက်နှာဖောရောင်လာတယ်။ ဆီးမည်းမည်းတွေ သွားမယ်။ တချို့ကျတော့ ဆီးထဲမှာ သွေးအတိုင်း တွေ့တယ်။ ဆီးထဲမှာ အနည်တွေပါတယ်။ ဆေးပညာမှာတော့ ဆီးထဲမှာ သွေးပါတာကို HAEMATURIA လို့ခေါ်တယ်။ ဆီးထဲမှာ အသားဓာတ်ပါတာကို PROTEINURIA လို့ ခေါ်တယ်။
ဟုတ်ကဲ့ဆရာ

ဒီရောဂါက သွေးပေါင်တက်တတ်တယ်။ စောစောက မောင်ကြွက်နီလို သွေးပေါင်တအားတက်ရင် အရေးကြီးတယ်။ အသက်အန္တရာယ်ရှိတယ်။ အရေးပေါ် ကုသဖို့လိုတယ်။ ကုတာနောက်ကျရင် ရေတိမ်နစ်သွားနိုင်တယ်။
စောစောက ဆရာပြောသွားတဲ့ လက္ခဏာတွေနဲ့လာရင် ကျောက်ကပ်ရောင်တယ်လို့ မသင်္ကာဘူးပေါ့နော်။ ဒါဆို သေချာအောင် ဘာတွေ စစ်သင့်လဲဆရာ။

ပထမဆုံး ဆီးစစ်ကြည့်ရမယ်။ URINE FPR ROUTINE EXAMINATION လို့ ခေါ်တာပေါ့ဗျာ။ ဆီးသွားတဲ့အကြိမ်အရေအတွက်တို့ ဆီးနည်း မနည်း စတာတွေကတော့ ပါးစပ်နဲ့ မေးလို့ရတယ်။ ဆီးအရောင်၊ အနံ့၊ သွေးပါ မပါ၊ အသားဓာတ် ပါ-မပါ၊ သကြား ပါ-မပါ၊ SPECIFIC GRAVITY ဒါတွေကြည့်ရမယ်။ ပြီးရင် အဏုကြည့် မှန်ဘီလူးနဲ့ ကြည့်ရမယ်။ PUS CELL, EPITUELIAL CELL, CAST, RED CELL. CRYSTAL စတာတွေကို ကြည့်ရမယ်။ လိုအပ်ရင် တခြားစမ်းသပ်ချက်တွေပါ လုပ်နိုင်တယ်။
ဟုတ်ကဲ့ဆရာ

အာသီးရောင်ပြီးမှဖြစ်တဲ့ ကျောက်ကပ်ရောင်ရောဂါဆိုရင် A-S-O တိုင်းရမယ်။ ပြီးတော့ ကျောက်ကပ်ရောင်တာက ကိုယ်ခံစွမ်းအားစနစ်က ပဋိပစ္စည်းတွေနဲ့ ပြင်ပက ပဋိလှုံ့ပစ္စည်းတွေ ထိတွေ့ ဓာတ်ပြုတာကြောင့် ဖြစ်တာ။ ဆေးပညာမှာတော့ IMMUNE MECHANISM လို့ ခေါ်တယ်။ ဒါကြောင့် သွေးရည်ကြည်ထဲက COMPLEMENT လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတွေကိုတိုင်းတာ ကြည့်တယ်။ SERUM C3 နဲ့ C4 လို့ ခေါ်တယ်။
ကျောက်ကပ်ရောင်ရောဂါမှာ SERUM C3 နဲ့ C4 က ပုံမှန်ထက် နည်းနေတယ်။ အရေပြားက အရည်ကြည်ကိုယူပြီး ၀ဲအတွက် စစ်ကြည့်နိုင်တယ်။

ရောဂါအလားအလာက ဘယ်လိုနေလဲဆရာ-
ရောဂါအလားအလာကို PROGNOSIS လို့ခေါ်တယ်။ ကလေးငယ်တွေမှာ Prognosis ကောင်းတယ်။ ဖိဖိစီးစီးကုလိုက်ရင် နှစ်ပတ်လောက်ဆိုရင် ပျောက်သွားတာပါပဲ။ လူနာအနည်းစုမှာ နောက်ဆက်တွဲရောဂါတွေ ဖြစ်တတ်တယ်။ တချို့က Rapidly Progressive Glomerulo Nephritis လို့ခေါ်တဲ့ ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါဘ၀ကို ကူးပြောင်းသွားတတ်တယ်။ အဲဒီကနေ အခြေအနေပိုဆိုးလာရင် Acute renal failure လို့ခေါ်တဲ့ ရုတ်တရက်ကျောက်ကပ်စွမ်းဆောင်ရည် ကျဆင်းတဲ့ ရောဂါဘ၀ကို ရောက်သွားတတ်တယ်။ အတိုကောက် ARF ခေါ်တာပေါ့၊ ARF ဖြစ်ရင် အဖိတ်အစဉ်ရှိတတ်တယ်။
ဟုတ်ကဲ့ဆရာ

ဒီရောဂါကို ကြိုတင်ကာကွယ်ချင်ရင် ကလေးငယ်တွေမှာ ၀ဲရောဂါရယ်၊ အာသီးရောင်ရောဂါရယ် မဖြစ်အောင် ကြိုတင်ကာကွယ်ရမယ်။ ၀ဲ ရောဂါကတော့ တကိုယ်ရေသန့်ရှင်းရေး အားနည်းလို့ ဖြစ်တာ။ မိဘတွေက ကလေးငယ်တွေရဲ့ တကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ရမယ်။ အာသီးရောင်ရောဂါအတွက်ကတော့ မနက်စောစော ဆားရည်နဲ့ အာလုတ်ကျင်းပေးရင် ရပါတယ်။

အာသီးရောင်တာက တယောက်နဲ့တယောက် ကူးစက်တတ်တယ် မဟုတ်လားဆရာ-
တိုက်ရိုက်တော့ မကူးစက်ဘူးဗျ။ ပိုးတွေက လေထုထဲကနေ ကူးစက်တာ။ အဲဒီတော့ ချောင်းဆိုးရင်၊ နှာချေရင် လက်ကိုင်ပုဝါ သုံးရမယ်။ ဖုန်ထူတဲ့အရပ်၊ လူထူတဲ့အရပ်တွေ ရှောင်ရမယ်။ ပွဲလမ်းသဘင်တွေ မသွားနဲ့ပေါ့ဗျာ။
ဟုတ်ကဲ့ပါဆရာ။

ကိုလှအေးက ကျောင်းဆရာဆိုတော့ ကလေးငယ်တွေနဲ့ရော၊ မိဘတွေနဲ့ရော ထိတွေ့နေရတာပဲ။ တတ်နိုင်သလောက် ပညာပေးပေါ့ဗျာ၊
ဟုတ်ကဲ့ဆရာ၊ ကျွန်တော် ကြိုးစားပါ့မယ်၊
ထိုစဉ် ဆိုက်ကားဆရာ ကိုငှက်ရိုးက လက်ဖက်ရည်နှစ်ခွက် ယူလာ၏။
သုံးဆောင်ပါ ဆရာ၊ အရင်အပတ်က ဆရာဆေးရုံတင်ပေးလိုက်တဲ့ လေဖြတ်သွားတဲ့ အဘိုးကြီးရဲ့သားက ၀ယ်ပေးလိုက်တာပါဆရာ။
အေး--အေး--ထားခဲ့ကွာ၊
ကိုငှက်ရိုး ပြန်ထွက်သွား၏။
ကဲ ကိုလှအေး သောက်ဗျာ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေက လူနာတွေဟာ ဆရာဝန်ကို တရားစွဲဖို့ချောင်းနေကြတာ၊ ခုလို လက်ဖက်ရည် တိုက်ဖို့ သတိရမှာ မဟုတ်ဘူး။
ဒါပေါ့ ဆရာရယ်၊ မြန်မာပြည်က မြန်မာလူနာတွေက ချစ်ဖို့ကောင်းတယ်။ ကျေးဇူးသိတတ်တယ်။ လက်ဖက်ရည်က လမ်းဘေးလက်ဖက်ရည်ဆိုင်ကဆိုတော့ သိပ်တော့ မကောင်းဘူး ဆရာ။ ဒါပေမယ့် စေတနာကတော့ တန်ဖိုးဖြတ်လို့ကို မရပါဘူး ဆရာရယ်။
သိပ်မှန်တာပေါ့ ကိုလှအေးရာ၊
ဒေါက်တာ ဇင်မင်းမောင်၏ လျှာပေါ်က လက်ဖက်ရည်သည် ချိုမြိန်လွန်းလှ၏။

ပါမောက္ခ ဒေါက်တာအောင်ကြီး။
( မဟေသီ ၂၀၀၉-ဖေဖေါ်ဝါရီလ)

Monday, December 27, 2010

တိရစ္ဆာန်သဘာဝ နှင့် ဥပမာပေး အင်္ဂလိပ်စကား

လူသားတွေအနေနဲ့ အရာရာကို ပုံနှိုင်းတင်စားပြီး ပြောကြ ဆိုကြ ရေးကြရတာကို နှစ်သက်ကြပါတယ်။ လူတွေအနေနဲ့ အခြေအနေတရပ်ရပ်ကိုပဲ ဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း သို့မဟုတ်-သတ္တ၀ါတကောင်ကောင်ပဲ ဖြစ်ဖြစ်၊ အခြေအနေ ရှုပ်ထွေးသွားအောင်၊ ဒါမှမဟုတ် သိနားလည်လွယ်အောင်လည်း လုပ်လေ့ရှိကြပါတယ်။ လူတယောက်ဟာ တချိန်မှာ ကြင်နာတတ်ပေမယ့် နောက်တချိန်မှာတော့ ကြမ်းကြုတ်တဲ့သူဖြစ်ချင် ဖြစ်နေမှာပါ။ ဒါကြောင့် ဒီလိုလူမျိုးကို ခန့်မှန်းရခက်ပါတယ်။ ဒီလိုလူမျိုးကို ဘယ်လို တင်စားမလဲ၊ မြေခွေးတွေကိုတော့ ကျွန်တော်တို့က ဉာဏ်နီဉာဏ်နက်များတယ်လို့ ပုံနှိုင်းကြတယ်။

တချို့ဓလေ့ထုံးအရတော့ ဇီးကွက်ဆိုတဲ့ သတ္တ၀ါကို ပညာရှိတိရိစ္ဆာန်တကောင်လို့ တင်စားကြတယ်။ ဘာကြောင့် လဲဆိုတော့ ဇီးကွက်ရဲ့ပုံစံက မျက်မှန်တပ်ထားပြီး လက်နောက်ပစ်ထားတဲ့ ကျောင်းအုပ်ဆရာကြီးတယောက် ပုံစံ ပေါက်နေလို့ပဲ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေကျတော့လည်း မတူပြန်ပါဘူး။ ဇီးကွက်လို တိရိစ္ဆာန်မျိုးကို ငှက်မိုက်လို့ သဘောထားကြပြန်တယ်။ အမျိုးမျိုးတင်စားပြောနေကြတာပေါ့။ ဒီလိုပဲ လူသားတွေနဲ့ ပတ်သက်လာရင် တိရိစ္ဆာန်ရဲ့ သွင်ပြင်ဟန် စိတ်နေသဘောနဲ့ နှိုင်းယှဉ်ပြီးပြောကြ၊ ရေးကြတာကတော့ လူတွေနဲ့ အဇ္ဈတ္တသဏ္ဌာန်မှာ ကိမ်းအောင်နေတဲ့ အပြုအမူ စိတ်ထားစရိုက်တွေကို တိရိစ္ဆာန် သဘာဝတွေနဲ့ နှိုင်းယှဉ်ဖော်ပြထားတာတွေပါပဲ။

ဝံပုလွေ ( Wolf )
အများအားဖြင့် အမြင်ခံရတဲ့ သတ္တ၀ါမျိုး ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တယ်၊ ဆိုးတယ် ဆိုတဲ့ ပုံဖော်ဆောင်ပါတယ်။ The big, bad wolf လို့ခေါ်ကြပါတယ်။ ဒါပေမယ့် အစားအသောက်စားတဲ့အခါမှာ အလိုရမက်ကြီးကြီးနဲ့ စားသောက်တာကို To wolf food down လို့ တင်စားပြောကြပါတယ်။ ပြောင်ကျကျ အရှက်မရှိ ပရောပရည်လုပ်တတ်တဲ့ လူမျိုးကိုလည်း Wolf ၀ံပုလွေနဲ့ တင်စားခေါ်ကြပါတယ်။

နွားရိုင်းထီး၊ နွားသိုး ( Bull )
နွားသိုးဟာ အကောင်ကြီးတယ်၊ အားရှိတယ် နောက်ပြီးတော့ ကြမ်းတမ်းတယ်၊ ဒါကို တင်စားပြီးတော့---
A bull in a china shop ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ ကြွေထည်ရောင်းတဲ့ ဆိုင်ထဲရောက်တဲ့ နွားသိုးလို့ ဆိုရမှာပါ။ ဒါပေမယ့် အဓိပ္ပါယ်ကတော့ ဂရုတစိုက် ကျွမ်းကျင်စွာလုပ်ရမည့် နေရာမှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ခြေချော်လက်လွဲလုပ်တာကို ပြောခြင်းဖြစ်ပါတယ်။

Bull your way through a gathering ဆိုတာကတော့ ကိုယ်က ခွန်အားကြီးတာကို အခွင့်ကောင်းယူပြီး ဘယ်သူကိုမှ မညှာဘဲ အတင်းထိုးကြိတ် တိုးဝှေ့သွားတာကို ဆိုပါတယ်။ Take the by the horn (နွားသိုးကို ချိုကကိုင်တယ်) ဆိုတာကတော့ လာမည့်ဘေး ပြေးတွေ့မယ်ဆိုတာ ဖြစ်ပါတယ်။

လား ( Mule )
လားဆိုတဲ့တိရိစ္ဆာန်ကို ပေကပ်ကပ်နိုင်တာနဲ့ တင်စားလေ့ရှိကြပါတယ်။ ပြောရဆိုရ ခက်တာ၊ ပေကပ်ကပ် လုပ်တာကို ဥပမာတင်စားပြီး My brother is such a mule လို့ သုံးပါတယ်။ Mullish person ဆိုတာကတော့ ခေါင်းမာတဲ့လူကို ပြောတာပါ။ ထို့အတူပဲ Mare တို့ Donkey မြည်း (ခ) မြည်း စတာတွေကိုလည်း အပြောရ အဆိုရခက်တဲ့ သားသမီးတွေပေါ် မိဘတွေက တင်စားတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။

သိုး ( Sheep )
သိုးတွေဟာ ဆိုးကျိုး အနွံတာခံတတ်တယ်၊ မိုက်မဲတယ် စသဖြင့် သိထားကြပါတယ်။ မိုက်မဲတဲ့စကား ပြောလိုက်မိတယ်၊ ဒါမှမဟုတ် အလုပ်လုပ်လိုက်မိတယ်ဆိုတာ သိလိုက်တယ်ဆိုရင် Sheepish grin လို့ သုံးပါတယ်။ မလုံမလဲ ရှက်ကိုးရှက်ကန်း မျက်နှာထားဖြစ်သွားတာကို ဆိုပါတယ်။

ဝက် ( Pig )
ဝက်ဆိုတာကတော့ အများသိကြတဲ့အတိုင်း ညစ်ပတ်တာနဲ့ ထပ်တူပြုထားတဲ့ သတ္တ၀ါပါ။ သတ္တ၀ါတွေထဲမှာ စားရင်စားသလောက် အဆီအသား မြန်မြန်တိုးတာ ၀က်ဆိုတဲ့သတ္တ၀ါပဲ ဖြစ်ပါတယ်။ အချိန်မရွေး ကျွေးရင် ကျွေးသလောက်စားနိုင်တဲ့ စူစကာသတ္တ၀ါမျိုး ဖြစ်ပါတယ်။ တယောက်ယောက်ကို Pig ၀က်လို့ ခေါ်လိုက်ရင် အခေါ်ခံရတဲ့သူ ကျေနပ်မှာမဟုတ်ပါဘူး။ အစားတွေ နင်းကန်စားပြီး ၀နေတဲ့သူ ကျေနပ်မှာမဟုတ်ပါဘူး။ အစားတွေ နင်းကန်စားပြီး ၀နေတဲ့သူ ၀က်ပုပ်မလို့ အခေါ်ခံရတဲ့သဘောဖြစ်လို့ ကြိုက်မှာ မဟုတ်ပါဘူး။ Pigging out ဆိုတာကတော့ မဆံ့ရင်ကာ တနင့်တပိုးစားတာပြောပါတယ်။ Make a Pig's car (out) of something ဆိုတာကတော့ ပစ်စလက်ခတ် လုပ်ပစ်တာကိုပြောတာပါ။ Piggeyes ၀က်မျက်လုံးနဲ့လို့ တယောက်ယောက်ကို တင်စားလိုက်ရင် ကြိုက်မှာ မဟုတ်ပါဘူး။ မျက်စိမှေးတာကို ဆိုလိုရာရောက်ပါတယ်။

ကြောင် ( Cat )
ကြောင်တွေရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာကတော့ တကိုယ်ကောင်းဆန်မှုနဲ့ ကောက်ကျစ်စဉ်းလဲမှုတွေပဲ ဖြစ်ပါတယ်။ Catty လို့ဆိုရင်တော့ မလိုတမာစိတ်ရှိတာကို ဆိုပါတယ်။
Be the cat's pyjamas ဆိုတာကတော့ မိမိကိုယ်ကို မိမိအထင်ကြီးတာကို ပြောတာပါ။
Has the cat got your tongue ဆိုတာကတော့ မေးတာကို အဖြေမရလို့ စိတ်မရှည်ဘဲ မင်း အ,နေသလား-လို့ ဆိုတာပါ။
Let the cat out of the bag ကတော့ လျှို့ဝှက်ချက်ကို လွှတ်ကနဲပြောလိုက်မိတာ ဖြစ်ပါတယ်။
Like a cat 0n hot bricks တိုတာကတော့ ဂနာမငြိမ်ဖြစ်နောတကို ပြောတာပါ။
Look like something the cat brought in ဆိုတာက ပေပေရေရေ မသပ်မရပ်နဲ့ ၀တ်စားထားသူကို ပြောတာပါ။
Play cat and mouse ဆိုတာ ကြောင်နဲ့ကြွက် ကစားကြတာ မဟုတ်ပါဘူး။ ကိုယ့်လက်ခုပ်ထဲရောက်နေတဲ့သူကို အမျိုးမျိုး ညှင်းဆဲတာကိုပြောတာပါ။
When the cat's away. the mice will play ဆိုတာကတော့ ကြောင်မရှိ ကြွက်ထမယ်ဆိုတဲ့သဘော။
Cat burglar ဆိုတာကတော့ အိမ်ပေါ်တက်ခိုးတဲ့ သူခိုးငတက်ပြားကို ညွှန်ထားပါတယ်။

ကြွက် ( Rat )
ကြွက်ကို လူနှင့်နှိုင်းပြီးပြောရင် မနှစ်မြို့စရာကောင်းသူ သစ္စာမရှိသူတို့ အဓိပ္ပါယ်ရပါတယ်။ ကြွက်ဆိုတဲ့ စကားလုံးကို (Verb) အနေနဲ့ T နှစ်လုံးနဲ့ (TT)သုံးရင် To ratt on something ကတိဖျက်တယ်။
To ratt on somebody သစ္စာဖောက်တယ်လို့ အဓိပ္ပါယ်ရနိုင်ပါတယ်။
The rat race ဆိုတာကို ကြွက်ပြိုင်ပွဲလို့ မမှတ်လိုက်ပါနဲ့၊ ကြီးပွားချမ်းသာလိုတဲ့ဇောကပ်ပြီး သူ့ထက်ငါ အနိုင်တုနေတဲ့ လောကကြီးကို ပြောတာပါ။
တခုခု Ratty ဖြစ်တယ်ဆိုတာ ဟောင်းနွမ်းစုတ်ပြတ်နေတာကို ဆိုပါတယ်။
ဥပမာ-Ratty overcoat၊ နောက်တခု Ratty ဖြစ်တယ်ဆိုတာ ကသိကအောက်ဖြစ်တာကိုလည်း သုံးပါတယ်။

ရှဥ့် ( Squirrel )
ရှဥ့်တွေကို သိုမှီးစုဆောင်းတတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုတာ သိထားကြပါတယ်။ ဆောင်းရာသီစတဲ့ အစာရှားပါးတဲ့ အချိန်မှာ စားဖို့ သစ်ခေါင်းထဲမှာ အသီးအနှံတွေ စုထားတတ်ပါတယ်။ ဒီသဘောအတိုင်းပဲ လူတွေမှာလည်း အချိန်တန်တော့ အိုစာ မင်းစာရအောင် ဖူလုံအောင်လို့ ရသမျှတွေကို သိုသိုသိပ်သိပ်နဲ့ ရှာဖွေစုဆောင်းသိုမှီးတာကို Squirrel away လို့ သုံးနှုန်းတတ်ပါတယ်။

တီကောင်၊ သန်ကောင် ( Worm )
စိုက်ပျိုးရေးမှာ တီကောင်ဆိုတဲ့ သတ္တ၀ါတွေ အသုံးကျတာကို လူတိုင်းသိပါတယ်။ သတ္တ၀ါအရွယ်အစား အနေအထားအရတော့ အထင်ကြီးစရာမရှိဘဲ ရွံစရာလည်း ကောင်းပါတယ်။ Worm ကို ပုဂ္ဂိုလ်နဲ့ယှဉ်ပြီးသုံးရင် သိက္ခာမဲ့တဲ့သူ၊ လေးစားစရာ မရှိတဲ့သူလို့ အဓိပ္ပါယ်ရပါတယ်။
Worm your way out of a tricky situalion ဆိုတာကတော့ တယောက်ယောက်ကို အယုံသွင်းပြီး ကိုယ်လွတ်ရုန်းတာပဲလို့ မှတ်ယူပါမယ်။
Worm something out of somebody ဆိုရင် တဖြည်းဖြည်းချင်း အစ်ထုတ်တာကို ပြောတာပါ။
To worm your way into someones trust ဆိုတာကတော့ ကိုယ်ကျိုးအတွက် အယုံသွင်းတာကို ဆိုပါတယ်။

ဒါတွေကတော့ တိရိစ္ဆာန်တွေရဲ့ သဘာဝကို လူတွေရဲ့ အပြုအမူ စရိုက်လက္ခဏာနဲ့ ထင်ဟပ်ပြီး ပုံနှိုင်း တင်စားသုံးနှုန်းထားတဲ့ စကားစုတွေပါ။ သို့သော်လည်း အကောင်းဖက်က ကြည့်မြင်တဲ့ သဘောမဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့မြင်ရတဲ့ တိရိစ္ဆာန် အချို့လောက်ကိုသာ အကောင်းမြင် အနေနဲ့ တင်စားပုံနှိုင်းကြတာ ရှိပါတယ်။
ဥပမာ-ခြင်္သေ့ဆိုရင် ခွန်အားကြီးတယ်။ ခန့်ညားတယ်၊
ကျားဆိုရင် ရဲရင့်တယ်၊
ခွေးဆိုရင် သခင်အပေါ် သစ္စာရှိတယ်။ စတဲ့ တင်စားမှုတွေလည်း ရှိပါတယ်။ ဒါကြောင့် တိရိစ္ဆာန်တွေရဲ့ အမည်နာမနဲ့ ဆက်စပ်နေတဲ့ အင်္ဂလိပ်စကားစုတွေကို ရှာဖွေလေ့လာစရာတွေ ကျန်ပါသေးတယ်။

ထွဋ်ဝင်းထွဋ်
( ရုပ်ရှင်တေးကဗျာ ၂၀၀၄-ခု ဇွန်လ)




ချက်နည်း ပြုတ်နည်း ( ၁ )

( မုန်ညင်းချဉ် မုန်လာချဉ် လုပ်နည်း )
လိုအပ်သောပစ္စည်း-
မုန်ညင်းစိမ်း ထွားထွား...........၅ ပင်၊
ထမင်းရည် ..........................မတ်ခွက်နှင့် ၃-ခွက်ခန့်၊
ဆား...................................လက်တဆုပ်ခန့်၊
နနွင်း..................................အနည်းငယ်၊

မုန်ညင်းစိမ်းများကို အမြစ်ဖြတ်၊ ရေဆေးပြီး တနေ့မျှ အရိပ်ထဲ၌ လှန်းထား၊ နေ့လယ်လောက်မှာ အရွက်များ နွမ်းလာလျှင် အချဉ်ထည့်နိုင်ပါပြီ။ မုန်ညင်းပင်များကို နေပူမှာ မလှန်းရပါ။ ခြောက်ကပ်ပြီး စားမရနိုင် ဖြစ်သွားတတ်သည်။

စဥ့်အိုး၊ သို့မဟုတ်-ပုလင်းကြီး သန့်သန့်တွင် မုန်ညင်းပင်များကို ခွေပြီး သိပ်ထည့်ပါ။ အပေါ်မှ ဆားနှင့် နနွင်း ပုံပါ။ စဥ့်အိုး သို့မဟုတ်-ပုလင်း တ၀က်ခန့် ရောက်အောင် ထမင်းရည်ကို အအေးခံပြီး လောင်းထည့်ပါ။ ပျစ်ခဲ မနေအောင် ရေ ရိုးရိုးကို ပုလင်း သို့မဟုတ်-ချဉ်အိုးပြည့်သည်အထိ မြှုပ်အောင် လောင်းထည့်ပါ။ ဆား၊ နနွင်းကို ရေမှာ ပျော်ဝင်အောင် လက်ဖြင့် လှုပ်ပြီး အပင်တွေ ရေမြှုပ်လျှင် အိုးဖုံးကို လုံအောင် ဖုံးပြီး သုံးရက်ခန့် ထားလိုက်ပါ။ သုံးရက်ခန့်ကြာလျှင် ရေလည်း ချဉ်၊ အပင်တွေလည်း ချဉ်ပါလိမ့်မည်။ ဆားမပေါ့စေနှင့်၊ မုန်လာကိုလည်း ထိုနည်းအတိုင်း လုပ်နိုင်သည်။
*******************************************************************************

( မုန်ညင်းချဉ်နှင့် ၀က်သား )
လိုအပ်သော ပစ္စည်း-
မုန်ညင်းချဉ်...................၅-ပင်၊
ဝက်သား (အဆီအသား)..အစိတ်သား၊
ကြက်သွန်နီ.................. ၁-ဥ၊
ကြက်သွန်ဖြူ ................ ၅-မြွှာ၊
ချင်း............................. လက်တဆစ်၊
ငရုတ်သီး အရောင်တင် .. ဟင်းဇွန်း ၂-ဇွန်း၊
ငံပြာရည်...................... ဟင်းဇွန်း ၂-ဇွန်း၊
ဟင်းခတ် အသားမှုန့်...... အနည်းငယ်၊
ဆား/နနွင်း.................. အနည်းငယ်၊
ဆီ.............................. ၂-ကျပ်ခွဲသား။

ဝက်သားကို အနေတော် တုံးပြီး ဆား၊ နနွင်း နယ်ထားပါ။ ကြက်သွန်နီ၊ ဖြူ၊ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့် ရောထောင်းပါ။ မုန်ညင်းချဉ်များကို အိုးမှ ဆယ်ပြီး လက်နှစ်လုံးခန့် လှီးဖြတ်ထားပါ။ ဦးစွာ ကြက်သွန်နီဖြူ ဆီသတ်ထားသည်တွင် အနံ့မွှေးလာလျှင် ၀က်သားထည့်၊ မုန်ညင်းချဉ်ထည့်ပြီး လုံးပါ။ ပြီးလျှင် ရေမြှုပ်အောင် ထည့်ပြီး တည်ထားပါ။ ၀က်သားနူးပြီး ရေခန်းခါနီး၌ မုန်ညင်းချဉ် အိုးထဲမှ အချဉ်ရည်ကို မြှုပ်ရုံထည့်ပြီး ဆက်တည်ပါ။ ငံပြာရည်၊ ဟင်းခတ် အသားမှုန့် သို့မဟုတ်-သကြား အနည်းငယ်၊ ဆားတို့ကို ရသာသင့်ရုံ ထည့်ပြီး တည်ထားပါ။ ဆူလာလျှင် အရည်ကို မြည်းကြည့်ပါ။ အရည်မှာ ချဉ်ပြီး စားကောင်းလျှင် ဟင်းအိုးကိုချပြီး စားနိုင်ပါပြီ။ အချဉ် လိုသေးလျှင် အရည်ထပ်ထည့်ပေးပါ။ ဆီပြန်လို မခြောက်ဘဲ အချဉ်ရည်ကို ခပ်စား၍ ရပါသည်။
*******************************************************************************

( မုန်လာချဉ်နှင့် ၀က်သားဆီပြန် )
လိုအပ်သော ပစ္စည်း-
မုန်လာဥချဉ် ထွားထွား.................. ၃-ဥ၊
ဝက်သား (အဆီအသား) ............... အစိတ်သား၊
ကြက်သွန်နီ ................................ ၁-ဥ၊
ကြက်သွန်ဖြူ .............................. ၅ မြွှာခန့်၊
ချင်း .......................................... လက်တဆစ်၊
ငရုတ်သီးအရောင်တင် ................. ဟင်းဇွန်း ၂-ဇွန်း၊
ငံပြာရည် ................................... ဟင်းဇွန်း ၁-ဇွန်း၊
ဟင်းခတ် အသားမှုန့် ................... အနည်းငယ်၊
ဆား/နနွင်း ............................... အနည်းငယ်၊
ဆီ ........................................... ၂-ကျပ်ခွဲသား၊

ဝက်သားကို ရေဆေးပြီး အနေတော် တုံးပါ။ ဆား ၊ နနွင်းနှင့် နယ်ထားပါ။ ကြက်သွန်နီ၊ ဖြူ၊ ချင်း၊ ငရုတ်သီး အရောင်တင်မှုန့်တို့ကို ညက်အောင် ရောထောင်းပါ။ မုန်လာဥကို လက်တဆစ်ခန့် လှအောင် တုံးထားပါ။ ဆီအိုးတည်ပြီး ကြက်သွန် ထောင်းထားသည်ကို ဆီသတ်ပါ။ ၀က်သား ထည့်၊ ရေမြှုပ်အောင် လောင်းပြီး ငံပြာရည်၊ ဟင်းခတ် အသားမှုန့် သို့မဟုတ်-သကြား၊ ဆား တို့ကို ထည့်ပြီး အသားနူးသည်အထိ တည်ပါ။ အသားနူးလျှင် မုန်လာဥချဉ်တုံးကလေးများ ထည့်၍ ရေခန်းသည်အထိ တည်ပါ။ ရေခန်း၍ ဆီပြန်လျှင် ၀က်သားနှင့် မုန်လာဥ ချဉ်ဟင်းကို စား၍ ရပါပြီ။
*******************************************************************************

( ဘဲပေါင်း ကြန်မဆိုင် ဟင်းချို )
လိုအပ်သော ပစ္စည်း-
ဘဲသား.............................. ၃၀-ကျပ်သား၊
ကြန်မဆိုင် ထွားထွား ........... ၃-ပင်ခန့်၊
(မုန်ညင်းချဉ်)
ကြက်သွန်ဖြူ ...................... ၅-မြွှာ၊
ချင်း .................................. လက်တဆစ်၊
ဆီ .................................... ဟင်းခတ်ဇွန်း ၁-ဇွန်း၊
ဆား ................................. အနည်းငယ်၊
ကြက်သွန်မြိတ် .................. အနည်းငယ်၊

မုန်ညင်းချဉ် (ကြန်မဆိုင်) ကို အိုးမှ ဆယ်ယူပြီး ရေအနည်းငယ် ညှစ်၍ သင့်တော်သော အရွယ် လှီးဖြတ်ထားပါ။ ဘဲသားကို ရေစင်အောင် ဆေးပြီး သင့်သလို တုံးထားပါ။ ကြက်သွန်ဖြူ၊ ချင်းတို့ကို ထုထောင်းကာ ဆီသတ်ပြီး ဘဲသားကိုထည့်လုံးပါ။ ဘဲသားကို ကျစ်နေအောင် လုံးပြီးလျှင် ဘဲနူးသည်အထိ ပြုတ်ပေးပါ။ ဆား၊ အချိုခတ်ပါ။ ဆူပွက်လာလျှင် မုန်ညင်းချဉ်ကို ခတ်၍ သုံးဆောင်နိုင်ပါသည်။ ကြက်သွန်မြိတ်ကိုလည်း နုပ်နုပ်စဉ်း၍ ဖြူးသောက်နိုင်ပါသည်။

ဒေါ်လေးစိုး

Thursday, December 23, 2010

စီပိုး ရှိကြသူများ

ခင်ဗျားမှာတော့ အသည်းရောင် အသားဝါ စီပိုးတွေ့တယ်-ဟု ဆရာဝန်ကပြောပြီးကတည်းက ဦးဝင်းသန့်-ဟာ တုန်လှုပ်ချောက်ချား သွားခဲ့တာပါ။
အသည်းဟာ ခြောက်နေပြီလား၊ ဘယ်လောက်ကြာကြာပဲ အသက်ရှင်နိုင်တော့မလဲ၊ ကုလို့ကော ရနိုင်ဦးမှာလား၊ ပိုက်ဆံတော်တော် ကုန်မှာပဲ၊ မကုဘဲ ဒီအတိုင်းပဲ အသေခံမလား၊ စတဲ့ လားပေါင်းများစွာနဲ့ အတွေးတွေက ဦးဝင်းသန့်ကို အချိန်ပြည့် ဖိစီးထားခဲ့ကြပါတယ်။

ဦးဝင်းသန့်ရဲ့ သူငယ်ချင်း ဦးခင်မောင်ထွေးကတော့ သေချာအောင် ပြန်စစ်ဖို့ပြောပါတယ်။
ကိုယ်ထဲမှာ တကယ် ပိုး ရှိ-မရှိ၊ သေချာအောင် (HCV RNA)လို့ခေါ်တဲ့ အသည်းရောင်အသားဝါ စီ ဗိုင်းရပ်စ်ပိုးအကောင် ရှိ-မရှိ စစ်ဆေးဖို့ပြောတာ ဖြစ်ပါတယ်။

ဦးဝင်းသန့် စစ်ဆေးကြည့်ပါတယ်။ (HCV RNA)Positive လို့ အဖြေထွက်ပါတယ်။
(HCV RNA) Positive ဆိုရင်တော့ စနစ်တကျ သေချာပြသပြီးကုမှ ဖြစ်ပါတော့မယ်။
အသည်းရောင် အသားဝါ ရောဂါပိုးဟာ လူ့ကိုယ်ထဲမှာ တနေ့ကို ကုဋေသုံးရာ့ငါးဆယ်လောက် ပွားတယ်လို့ အသည်းရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ဆိုပါတယ်။

ကုမယ်ဆိုရင်တော့ စီပိုးအကောင်အရေအတွက် (Viral Load)စစ်ပါ။ စစ်လိုက်မယ်ဆိုရင် ထောင်-သောင်း-သိန်း-သန်း ဆိုပြီး ဂဏန်းနဲ့ အတိအကျ သိရမယ်။ ဒီတော့ ပိုးသေဆေးသုံးပြီး ကုသင့်-မသင်၊့ ပိုးသေဆေး စားပြီးကုရင် ပျောက်နိုင်-မနိုင် ဆိုတဲ့ အချက်တွေ ဘာဆေးတွေသုံးပြီး ကုမလဲ စတဲ့ အချက်တွေကို စဉ်းစားရမယ်-လို့ ဆရာကြီးက ရှင်းပြပါတယ်။

ပြီးတော့ ထပ်စစ်ဆေးဖို့လိုတာက ကိုယ့်ဆီမှာရှိတဲ့ ပိုးအမျိုးအစားလို့ ဆိုပါတယ်။ (HCV-Geno type)လည်း စစ်ရမှာပါ။ စီပိုးအမျိုးအစား အနေနဲ့ ခြောက်မျိုးရှိတယ်လို့ သိရပါတယ်။
စီပိုးရောဂါကို နံပါတ်တစ်ကနေ ခြောက်အထိ သတ်မှတ်ပြီး ခွဲခြားထားတယ်လို့ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းက ရှင်းလင်း ပြောကြားပါတယ်။ Geno type-1 ကတော့ အမေရိကန်၊ ဥရောပ နဲ့ ဂျပန်နိုင်ငံတွေမှာ အများဆုံးအဖြစ်များတယ်။
Geno type-2,3 တို့ကတော့ အရှေ့တောင်အာရှမှာ အများဆုံးတွေ့ရတယ်-လို့ ကြားသိရပါတယ်။
Geno type-4,6 ကိုတော့ အနောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တွေ့ရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ လေ့လာတွေ့ရှိချက်အရ မြန်မာလူနာအများစုမှာ တွေ့ရတာက Geno type-3 ဖြစ်တယ်လို့ သိရပါတယ်။

စီပိုးရောဂါ ခြောက်မျိုးထဲမှာ Geno type-1 ဟာ အဆိုးဆုံးဖြစ်တယ်လို့ သိရပြီး၊ ကုသရတာလည်း ခက်ခဲတယ်လို့ သိရပါတယ်။ Geno type-2 နဲ့ Geno type-3 ကတော့ ကုသရတာ လွယ်တယ်လို့ ဆိုပါတယ်။

Geno type လည်း စစ်ပြီးပြီဆိုရင်တော့ နောက်တဆင့် ဆက်စစ်ရမှာက အသည်းကို ထိခိုက်ဒဏ်ရာရှိပြီလားဆိုတာပဲ-လို့ ဆရာကြီးက ဆိုပါတယ်။
ပိုးရှိတဲ့လူတိုင်းဟာ အသည်းကို ထိခိုက်ကြတာမဟုတ်ပေမဲ့ ဘယ်လောက်ထိခိုက်နေပြီလဲ ဆိုတာကိုတော့ စစ်ဆေးဖို့လိုအပ်တယ် လို့ သိရပါတယ်။ အသည်းဆဲလ်တွေ ပျက်စီးနေပြီလားဆိုတာကို သွေးထဲမှာ ALT (SGPT) နဲ့ AST (SGOT) ဆိုတဲ့ Test ကို စစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာ သတ်မှတ်ချက်မှာတော့ ALT နဲ့ AST က ရှိသင့်တာထက် ၂-ဆကျော်နေရင် ဆဲလ်တွေ ပျက်စီးနေပြီလို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုးကြောင့်၊ အရက်ကြောင့်၊ ဆေးတွေကြောင့်၊ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းကို ထိခိုက်ပြီး အသည်းရောင်ရင် ALT နဲ့ AST တက်လာတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ALT နဲ့ AST တက်နေတာဆိုရင်တော့ သက်သာသွားပြီဆိုရင် ALT နဲ့ AST ပုံမှန်ပြန်ဖြစ်သွားမယ်လို့ သိရပါတယ်။
ဦးဝင်းသန့်ရဲ့ ALT နဲ့ ASTကတော့ ပုံမှန်ပဲလို့ဆိုပါတယ်။ သို့ပေမဲ့ အသည်းထဲမှာ ပျက်စီးမှုတွေ ရှိနေနိုင်သေးတယ်လို့ သိရပါတယ်။ အသည်း တကယ် ထိခိုက်မှု ရှိ-မရှိ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဘိုင်အိုစီ ယူရမှာပါ။ အသည်းအသားစကို ယူရမှာပါ။ ဒါကို BIOPSY လို့ ခေါ်ပါတယ်။

ဦးဝင်းသန့်ကတော့ အသည်းအစယူတာက ဘယ်လိုအန္တရာယ်မျိုးရှိသလဲ ဆိုတာကို သိချင်ပါတယ်။ ပြီးတော့ စီပိုးသေအောင် ဆေးကုတာနဲ့ ဘာဆိုင်သလဲ ဆိုတာကိုလည်း သိချင်နေခဲ့ပါတယ်။ အသည်းအစ ယူတာဟာ စီ-ရောဂါပိုးကို ကုသတဲ့နေရာမှာ အထူးလိုအပ်တဲ့ စစ်ဆေးမှုတရပ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလတုန်းကတော့ စီ-ရောဂါပိုးရှိတဲ့လူတွေကို လေ့လာကြည့်ရာမှာ စီပိုးဆိုတာ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကျော်ကြာပြီးမှ အသည်းစရောင်ပြီး အသည်းခြောက်တာကို တွေ့ရတဲ့အတွက် အစောကြီး မလိုအပ်ဘဲ မကုသင့်ဘူးဆိုတဲ့ အယူအဆလည်း ရှိခဲ့တယ်။ ဘယ်တော့ ကုဖို့လိုမှာလဲဆိုတာကို ဆုံးဖြတ်ဖို့ကြတော့ အသည်းအစယူကြည့်ဖို့က အကောင်းဆုံးပဲ၊ အစယူပြီးမှသာ ကုဖို့-မကုဖို့ ဆုံးဖြတ်မယ်လို့ ဆိုကြတယ်လို့ သိရပါတယ်။ စီပိုးရောဂါရှိတဲ့ လူနာဟာ ဒါနဲ့ ထိပ်တိုက်တွေ့ပြီး ရင်ဆိုင်ရမှာဆိုတာကို ရှင်းပြသလို၊ အသည်းအစယူရာမှာ ဘယ်လိုအန္တရာယ်ရှိသလဲဆိုတာကိုလည်း ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်း-က ခုလို ရှင်းလင်းပြောပြခဲ့ပါတယ်။

ကျွမ်းကျင်တဲ့ ဆရာဝန်တဦးလုပ်မယ်ဆိုရင်တော့ ဘာအန္တရာယ်မျိုးမှ မရှိပါဘူး။ ဒါပေမဲ့ မကျွမ်းကျင်တဲ့သူ လုပ်မယ်ဆိုရင်တော့ အသည်းထဲမှာ သွေးစိမ့်တာ၊ သွေးကြောတွေပေါက်တာ၊ အဆုတ်ထဲ အပ်ဝင်သွားလို့ အဆုတ်ပေါက်တာ၊ ဒီလိုမျိုး ဖြစ်နိုင်တာတွေတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ အားလုံးခြုံပြောရမယ်ဆိုရင်တော့ အသည်း အစ ယူရတယ်ဆိုတာ အင်မတန်မှ ဘေးကင်းတဲ့ လုပ်ဆောင်မှုပါ။ စိတ်ချရပါတယ်-လို့ ဆိုပါတယ်။

နိုင်ငံတကာမှာလည်း လူနာတယောက်ကို စမ်းသပ်စစ်ဆေးမှု တခုခုလုပ်တော့မယ်ဆိုရင် ပထမဆုံး သေချာရှင်းလင်းပြောပြပြီးမှ သဘောတူ-မတူ ခွင့်ပြုချက်ယူတယ်လို့ ဆရာကြီးက ဆိုပါတယ်။ ဦးဝင်းသန့်ကတော့ ခုလို သေချာရှင်းလင်းပြောပြတာမျိုးကို အသက်ငါးဆယ့်သုံးနှစ်အတွင်း မကြုံခဲ့ဘူးပါဘူး။ လူနာကို စိတ်ရှည်ရှည်နဲ့ ရောဂါရာဇ၀င်မေးတဲ့ ဆရာဝန်မျိုးကိုတောင် မတွေ့ခဲ့ဘူးတဲ့အတွက် အံ့သြနေပါတယ်။ လူနာမေးသမျှကို ရှင်းပြဖို့၊ လူနာပြောပြတဲ့ ဝေဒနာအကြောင်းကို နားထောင်ဖို့ဆိုတာ ဆရာဝန်တွေရဲ့ ကျင့်ဝတ်တွေထဲမှာတောင် မပါပါဘူးလို့ ထင်ခဲ့မိတာပါ။

ဆရာကြီး ဦးခင်မောင်ဝင်းရှင်းပြတဲ့ အခါမှ Informed Consent လုပ်ဖို့လိုတယ်ဆိုတာ သိခွင့်ရတာပါ။ ဘယ်လိုလုပ်မယ်၊ ရည်ရွယ်ချက်က-ဘာ၊ အန္တရာယ်တွေက ဘာတွေရှိမယ် ဆိုတာကို အသေးစိတ်ရှင်းပြပြီးမှ သဘောတူ-မတူ မေးပြီး လက်မှတ်ထိုးခိုင်းတာပါ။ ဒါဟာ လူနာရဲ့ အခွင့်အရေးတရပ်လည်း ဖြစ်ပါတယ်။

အသည်းအစယူကြည့်လို့ အသည်းရောင်နှုန်းဟာ အစ်ရှက် (Ishak)ညွှန်းကိန်းမှာ ၃-ထပ်များနေရင်၊ အသည်းကောင်းနေရင်၊ သွေးနဲ့ကျောက်ကပ်လည်းကောင်းမယ်ဆိုရင် အရင်က စီပိုးသေဆေး တမျိုးမျိုးနဲ့ ကုထားခဲ့ဖူးရင်၊ စိတ်ကျရောဂါလည်း ပျောက်နေပြီဆိုရင် လူနာကလည်း ဆေးကုသဖို့ လိုလိုလားလားရှိတယ်ဆိုရင် စီပိုးသေဆေးနဲ့ ကုသလို့ရပြီလို့ သိရပါတယ်။

စီပိုးဟာ အသည်းတင် မကဘူး၊ ဦးနှောက်ပါ ကူးစက်တတ်တယ်။ အဲဒါကြောင့် စီပိုးရှိတဲ့ လူနာဟာ စိတ်ဓာတ်ကျတယ်၊ စိုးရိမ်စိတ်တွေ များတတ်ကြတယ်။ အသည်းကောင်းတာ ဆိုးတာ ထားလိုက်၊ စီပိုးသေဆေး ပေးပြီးကုလိုက်ရင် အသည်းတင်မဟုတ်ဘူး ဦးနှောက်ထဲကစီပိုးပါ ကင်းစင်သွားတော့ လူနာအနေနဲ့ စိတ်ပြန်လည်ကြည်လင် လန်းဆန်းသွားနိုင်တယ်လို့ ဆရာကြီးက ဆိုပါတယ်။

ဆရာကြီးဒေါက်တာ ခင်မောင်ဝင်းကတော့ လူနာအနေနဲ့ စီပိုးရှိတာနဲ့ ငွေကြေးလည်း မပူပင်ရဘူး ဆိုရင် စီပိုးအမျိုးအစားကလည်း ၂၊ ဒါမဟုတ် ၃-ဆိုရင် ပိုးကောင်ရေကလည်း သိပ်မများသေးဘူးဆိုရင် အသည်းထိခိုက်အောင်ထိ မစောင့်တော့ဘဲ တခါတည်းပဲ ကုချင်တယ်လို့ ဆိုပါတယ်။ ဒီလို စဉ်းစားတာလည်း စီပိုးတွေ့ရင် တခါတည်း တန်းပြီး ကုချင်တဲ့ အဖွဲ့တွေရဲ့ အယူအဆလို့လည်း သိရပါတယ်။

အသည်းစ ယူကြည့်ပြီး စီပိုးသေဆေး မထိုးခင်မှာ အသည်းအခြေအနေကို တိတိကျကျ သိထားရင် အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါမှ စီပိုးသေဆေးနဲ့ ကုသပြီးလို့ ပျောက်ကင်းသွားတဲ့အခါမှာ အသည်းကို အသားစ ပြန်ယူကြည့်ရင် အသည်းပျက်နှုန်းနဲ့ အသည်းခြောက်တာကိုပြတဲ့ ညွှန်ကိန်း နှစ်ခုဖြစ်တဲ့ HAI နဲ့ Fibrosis score တွေလျော့လာရင် ဘယ်လောက်သက်သာတယ်ဆိုတာကို တိတိကျကျ ရနိုင်မှာဖြစ်ပါတယ်။
(အသည်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ ခင်မောင်ဝင်းနဲ့ မေးမြန်းသည်ကို ဖြေကြားပေးခဲ့သူများ၊ ၀ိုင်းဝန်းကူညီပေးခဲ့ သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်)

ငြိမ်းဆက်လင်း
(မြန်မာဓန သြဂုတ်လ ၂၀၀၆)

Thursday, December 16, 2010

သင့်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ပေးမည့် နည်းလမ်းငါးသွယ်

နေ့စဉ်လုပ်နေကျ လုပ်ဆောင်မှုလေးတွေကို ပြောင်းလဲလိုက်ရုံနဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ ချက်ချင်းတော့ သိသာလွယ်မှာ မဟုတ်ပေမယ့် ကြာလာတဲ့အခါ သင့်ကျန်းမာရေးအတွက် ကမ္ဘာလောကကြီး တခုလုံးကိုပါ ထိန်းသိမ်းကာကွယ်နိုင်မည့် နည်းလမ်းတွေဖြစ်ပါတယ်။

၁။ ရေချိုးချိန်ကို သတ်မှတ်ထားပါ---
ရေပူကို ရေပန်းနဲ့ ရေချိုးတဲ့အခါ ငါးမိနစ်လောက်ပဲ ကန့်သတ်ထားပါ။ သင့်ခန္ဓာကိုယ်ကို ဆပ်ပြာတိုက် ကြေးချွတ်နေတဲ့အခါနဲ့ ခေါင်းလျှော်နေတဲ့အခါတွေမှာ ရေပန်းကို ပိတ်ထားပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ရေချိုးချိန်နည်းတဲ့အတွက် မိသားစုဝင် လေးဦးရှိရင် တနှစ်မှာ ရေဂါလန် တသောင်းကျော်ကို စုဆောင်းပြီးသား ဖြစ်သွားပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ရေပူက အရေပြားရဲ့ သဘာဝအဆီဓာတ်ကို ဆုံးရှုံးစေပါတယ်။ ဒါကြောင့် ရေပန်းအောက်မှာနေတဲ့ အချိန် နည်းလေလေ အရေပြားမှာ အစိုဓာတ် ကောင်းကောင်းရှိနေလေပါပဲ။

၂။ အမဲသား လျှော့စားပါ---
အမဲသားအစား တူနာငါး၊ ဒါမှမဟုတ် ဆယ်လ်မွန်ငါး စားပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
အမဲသား ထုတ်လုပ်တာဟာ ကြက်သား ငါးတို့ထက် ဖန်လုံးအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို နှစ်ဆခွဲ ပိုများစေပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
အိုမီဂါသရီ ဖက်တီးအက်စ် ပေါကြွယ်ဝတဲ့ တူနာငါးနဲ့ ဆယ်လ်မွန်ငါးတွေဟာ နှလုံးကို အကျိုးပြုရုံသာမက အရေပြား ခြောက်သွေ့မှုကိုလည်း ကာကွယ်ပေးပါတယ်။ တပတ်မှာ ငါးကို နှစ်ကြိမ်စားပါ။

၃။ Air Freshener ကို မသုံးပါနဲ့---
အိမ်တွင်းလေထုဟာ အိမ်ပြင်လေထုထက် သုံးဆလောက်ပိုမိုလေထုညစ်ညမ်း နေတတ်ပါတယ်။ ဒါကြောင့် ပြတင်းပေါက်တွေကိုဖွင့်ပြီး သဘာဝအတိုင်း လေထုသန့်စင်အောင် လုပ်ပါ။ အခန်းတွင်းမှာ ရနဲ့သင်းပြန့်နေအောင် ပန်းကန်လုံးတခုထဲ လိမ္မောခွံနဲ့ ပင်စိမ်းရွက် ရောထည့်ထားပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
သဘာဝအရင်းအမြစ် ကောင်စီဲရဲ့ လေ့လာမှုအရ Air Freshener ၁၄-မျိုးမှပြါဝင်ါတဲ့ ဓာတုပစ္စည်း ၁၂-မျိုးဟာ ဟောမုန်းမညီမျှမှု၊ မွေးရာပါ ကလေးချို့ယွင်းမှုနဲ့ မျိုးဆက်ပွားစနစ် ပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
Air Fresheners တွေဟာ ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေ၊ အငွေ့ပျံလွယ်တဲ့ ဒြပ်ပေါင်းတွေနဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့အတွက် ရှောင်တာဟာ ကျန်းမာရေးကို အကျိုးပြုပါတယ်။

၎။ ဆပ်ပြာရည် ရှောင်ပါ---
ဆပ်ပြညရည်အစား ဆပ်ပြာခဲသုံးပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ဆပ်ပြာရည်အများစုဟာ သုံးရအဆင်ပြေပေမယ့် Triclosan လို ပိုးသတ်အာနိသင် ပါဝင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ဆပ်ပြည်ရည်သုံးပြီး ရေချိုးတဲ့အခါ လိုတာထက် ပိုသုံးမိတဲ့အတွက် အရေပြားကို ခြောက်သွေ့စေပြီး ပိုးတွေ ကပ်ညိလွယ်ပါတယ်။

၅။ ကွန်ပျူတာမှာ Screen Saver ထားချိန်လျှော့ပါ---
ကွန်ပျူတာမှာ Screen Saver ကို အကြာကြီးထားတာမျိုး ရှောင်ပါ။

ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
Screen Saver ကို အကြာကြီးထာတာဟာ ကွန်ပျူတာ ပိတ်ချိန်ကြာသွားတဲ့အတွက် မလိုအပ်ဘဲ လျှပ်စစ်စွမ်းအင် ဖြုန်းတီးရာရောက်ပါတယ်။

သင့်အတွက် ဘယ်လိုအကျိုးရှိတာလဲ---
ကွန်ပျူတာ လျှပ်စစ်လှိုင်းဟာ သင့်စိတ်ကို ပင်ပန်းစေပါတယ်။

ကြယ်စင်
(Good Health 3-10-10)

Monday, December 13, 2010

ယူသနေစီးယား (Euthanasia) နှင့် မာတုဃာတက

တစ်နေ့စာကြည့်နေခိုက်----
နေကောင်းပါရဲ့လား အရှင်ဘုရား"ဟု မေးမြန်းနှုတ်ဆက်သံကြောင့်
"အော်-နေကောင်းပါတယ်၊ မပေါ်လာတာ အတော်ကြာပါပကောလား
ဒကာထူးရဲ့"ဟုပြန်လည်နှုတ်ဆက်လိုက်ရ၏။

"မပေါ်လာတာကြာဆို တပည့်တော်မိခင်ကြီး ကျန်းမာရေးမကောင်းတာ
ရန်ကုန်ထိသွားပြီး ဆေးကုပေးနေခဲ့ရလို့ပါဘုရား၊ အခုတော့ ကျန်းမာရေး
ကောင်းသွားပါပြီ၊ အဲဒါ အရှင်ဘုရားအတွက် လှူစရာကလေးတွေလည်း
ပါလာ၊ မေးစရာလေးတွေလည်း တွေ့လာခဲ့ရလို့ပါဘုရား။"

"လှူစရာကိုတော့ ထားပါဦး၊ မေးစရာကို အရင်သိပါရစေ။"


"ဒီလိုပါဘုရား၊ ရန်ကုန်ဆေးခန်းမှာတုန်းက တပည့်တော်တို့ အမေအရွယ်
အသက်ခုနစ်ဆယ်ကျော် အဘွားကြီးတစ်ယောက် ဆေးကုသမှုခံယူနေ
တာကိုတွေ့ခဲ့ရပါတယ်ဘုရား၊ ရောဂါက သားအိမ်ကင်ဆာလို့ ဆိုပါတယ်။
နာလွန်းလို့ထင်ပါရဲ့ဘုရား၊ အော်လိုက် ညည်းလိုက်နဲ့ တလူးလူး တလွန့်လွန့်
ဖြစ်နေတာ မြင်ရ ကြားရတဲ့ သူတွေတောင်မသက်သာလှဘူးပေါ့ ဘုရား။"

"ဒီလိုနဲ့ သားသမီးတွေက စိတ်ဓာတ်ကျပြီး မကြည့်ရက်တော့တဲ့အဆုံးမှာ

ဆရာဝန်ကြီးကို သူတို့အမေကို ယူသနေစီးယား လုပ်ပေးဖို့ တောင်းပန်

ကြတော့တာပါပဲဘုရား။"


"နေပါဦး ဒကာထူးရဲ့၊ ယူသနေစီးယားဆိုတာ နောက်ဆုံးပေါ်ကုထုံးလား၊
ဆေးဆုံးသုံးပြီး ကုပေးဖို့ပြောတာလား။"

"ဘယ်ကဟုတ်ရမှာလဲဘုရား၊ ယူသနေစီးယား (Euthanasia) ဆိုတာ

မနာမကျင်ရလေအောင် လူနာကို ညင်ညင်သာသာ ကိစ္စတုံးပစ်တဲ့နည်းကို

ဆိုတာပါဘုရား။"


"ဟာ-ဖြစ်ရလေ ဒကာထူးရယ်၊ အဲဒီတော့ ဆရာဝန်ကြီးက လုပ်ပေးလိုက်ရော့လား။"

"လျှေက်ပါ့မယ်ဘုရား၊ ဆရာဝန်ကြီးက ဘာသာရေးကို အတော်ကိုင်းရှိုင်းပုံရပါတယ်
ဘုရား၊ ဒီလိုယူသာနေစီးယားလုပ်တယ်ဆိုတာ တကယ်တော့ သူ့အသက်ကိုသတ်
တာပဲတဲ့၊ ဝေဒနာခံစားရတာကတော့ လူနာရဲ့ကံတရား အကျိုးပေးပေါ့လေ၊ ဒီလို
မလုပ်ချင်ကြပါနဲ့လို့ အတော်ရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်ဘုရား။"

"ပြီးတော့ ဆရာဝန်ဆိုတာ လူနာကို အသက်ရှည်ကျန်းမာအောင် တတ်စွမ်းသမျှ
ကုသပေးကြရတဲ့သူတွေသာဖြစ်ပြီး လူနာကရော လူနာရှင်တွေကပါ ဘယ်လောက်
လိုလားလိုလား အသက်တိုအောင်လုပ်ပေးတဲ့သူ လူနာရဲ့ကံကို အဆုံးသတ်ပေးတဲ့
သူတွေမဖြစ်သင့်ပါဘူးတဲ့။"

"နောက်ပြီးစဉ်းစားစရာက သူမသေခင် ကုရနိုင်တဲ့နည်း ကုရနိုင်တဲ့ဆေး မပေါ်ဘူး
လို့လည်းမဆိုနိုင်ဘူး၊ သတ္တဝါတစ်ခု ကံတစ်ခုဆိုတာကိုလည်း သတိပြုရပါမယ်တဲ့
ဘုရား။"

"ဒါတွေဟာ ဒေါက်တာမောင်မောင်ညိုရေးတဲ့ ရောဂါဆန်းနဲ့ဇာတ်လမ်းများ စာအုပ်

ထဲကရရှိထားတဲ့ ဗဟုသုတ အသိတရားတွေကို တဆင့်ဖြန့်ဝေပေးတာပါတဲ့။"


"ဆရာဝန်တွေဘက်က နောက်ဆုံးပေါ်နည်းပညာတွေ၊ ဆေးဝါးတွေနဲ့ တတ်စွမ်းသမျှ
ကုသပေးနေသလို လူနာရှင်တွေဘက်ကလည်း အတတ်နိုင်ဆုံး ပြုစုယုယမှုတွေ
ပေးကြပါလို့ ပြောသွားပါသေးတယ်ဘုရား။"

"အင်း--တော်တော် သဘောထားပြည့်ဝတဲ့၊ ဗဟုသုတပြည့်စုံတဲ့ဆရာဝန်ကြီးပဲကိုး၊
အထူးသဖြင့် ဒါတွေကိုတင်ပြပေးတဲ့ ဒေါက်တာ မောင်မောင်ညိုကို လေးစားစရာပါပဲ။
ဒါနဲ့ ဒကာထူး မေးစရာတွေဆိုတာက---။"

"သြော်-ဒီလိုပါဘုရား၊ အကယ်၍သာ လူနာရဲ့သားသမီးတွေ တောင်းဆိုတဲ့အတိုင်း
ယူသနေစီးယားလုပ်ပေးလိုက်ရင် တောင်းဆိုတဲ့သူတွေနဲ့ လုပ်ပေးတဲ့သူမှာ ဘယ်လို
အပြစ်မျိုးတွေ ဖြစ်နိုင်မလဲ သိချင်တာပါဘုရား။"

"မေးလဲမေးထိုက် သိလည်းသိထိုက်တာပဲ ဒကာထူးရေ။ တောင်းဆိုတဲ့သူတွေက လူနာရဲ့

သားသမီးအရင်းတွေ စစ်မှန်ခဲ့ရင်တော့ မာတုဃာတကကံ ထိုက်မှာဖြစ်ပြီး လုပ်ပေးတဲ့

အခြားသူကတော့ ပါဏာတိပါတကံ ထိုက်မှာပါပဲ။"


"ဒီနေရာမှာ မာတုဃာတကကံထိုက်ရတာကတော့ ယူသနေစီယားလုပ်ပေးဖို့ တောင်းပန်
တာက သတ်တဲ့ပုံစံ (၆) မျိုးထဲက အာဏတ္တိက ခေါ်တဲ့ စေခိုင်း၍သတ်ခြင်းဆိုတဲ့ အထဲမှာ
အကျုံးဝင်နေတာရယ်၊ အသတ်ခံရသူကလည်း လူသားစစ်စစ်ဖြစ်တဲ့ အမေရင်း၊ သတ်သူ
(စေခိုင်းတောင်းပန်သူ) ကလည်း လူသားစစ်စစ် သားသမီးအရင်းဖြစ်နေတာရယ်၊ အဲဒီ
စေခိုင်းမှု ပယောဂကြောင့်ပဲ သေဆုံးတာရယ်တို့ကြောင့် မာတုဃာတကကံ ( အမေသတ်
တဲ့ကံ) ထိုက်ရတာပါပဲ။"

"တင်ပါ့ဘုရား၊ အရှင်ဘုရားပြောတဲ့အထဲက သတ်တဲ့ပုံစံ (၆) မျိုးဆိုတာနဲ့ လူသားစစ်စစ်
ဆိုတာတွေကို မိန့်ပါဦးဘုရား။"

"သတ်တဲ့ပုံစံ (၆) မျိုးဆိုတာက

(၁) ကိုယ်တိုင်ကိုယ်ထိလက်ရောက်သတ်ခြင်း (သာဟတ္ထိက)၊
(၂) စေခိုင်း၍သတ်ခြင်း (အာဏတ္တိက)၊
(၃) ပတ်ခတ်၍သတ်ခြင်း (နိဿဂ္ဂိယ)၊
(၄) ကျသေ ထိသေအောင် တွင်းတူး၊ ဗုံးထောင်၊ ငြောင့်တံသင်းထောင်ထား၍သတ်ခြင်း
(ထာဝရ)
(၅) စုန်းအတတ်၊ မှော်အတတ်စတဲ့ အတတ်တစ်မျိုးမျိုးနဲ့သတ်ခြင်း (ဝိဇ္ဇာမယ)
(၆) ကံကြောင့်ဖြစ်တဲ့ တန်ခိုးနဲ့သတ်ခြင်း (ကမ္မဇိဒ္ဓိ) -တို့ပါပဲ။"

"နောက်လူသားစင်စစ်ဆိုတာက မာတုဃာတက၊ ပိတုဃာတကကံတွေမှာ သတ်သူရော၊
အသတ်ခံရသူပါ လူသားစစ်စစ်တွေဖြစ်ပါမှ ဒီကံတွေကထိုက်တာ၊ သီဟဗာဟုတို့မှာလို
အသတ်ခံရသူအဖေက တိရစ္ဆာန်ဖြစ်ပြီး၊ သတ်တဲ့သူ သားသမီးကလူဖြစ်ရင်တော့ ဒီကံ
ကြီးတွေမထိုက်နိုင်ဘူးလို့ ဆိုလိုတာပါ၊ ဒီကံကြီး (အာနန္တရိယကံ) တွေ ထိုက်မှု-မထိုက်မှု
နဲ့ပတ်သက်ပြီး အကျယ်တဝင့် သိချင်ရင်တော့ သမန္တစက္ခုဒီပနီကျမ်းမှာ ကြည့်နိုင်ပါတယ်။"

"မှန်ပါဘုရား၊ အကယ်၍ ဒီကံကြီးထိုက်သွားရင် ပစ္စုပ္ပန်ဘဝနဲ့ တမလွန်ဘဝတွေမှာ ခံစား
ရမယ့် အကျိုးအာနိသင်တွေကိုလည်း သိလိုပါသေးတယ်ဘုရား။"

"ပစ္စုပ္ပန်ဘဝမှာတော့ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားတွေ လုံးဝမရနိုင်တော့ဘူး။ အများ

တကာရဲ့ ရှုတ်ချခံရမှုတွေကိုတော့ တွေးကြည့်ရင် သိနိုင်လောက်ပါတယ်။ အဇာတသတ်

မင်းတို့လို ညဘက်အိပ်မပျော်တာတွေစတဲ့ နောက်ဆက်တွဲတွေကလည်း အများကြီးပဲပေါ့။

အဲ-တမလွန်လားရာဂတိကတော့(ဘယ်လိုကောင်းမှုတွေကိုပဲ ပြုထားစေဦး၊ ပြုပေဦးတော့)

ဒီဘဝကသေရင် ငရဲမှာတပ်အပ်ကျဖြစ်မှာ အသေအချာပါပဲ။"


"ယခုလိုသိခွင့်ရတာ ကျေးဇူးကြီးလှပါတယ်။ ဟိုလူနာရှင်သားသမီးတွေကတော့ ဆရာဝန်
ကြီးရဲ့ကောင်းမှုကြောင့် ဒီကံကြီးကလွတ်သွားကြရတာပဲဘုရား၊ တော်ပါသေးရဲ့။"

"အင်း-မရှိတာထက် မသိတာခက်တယ်လို့ဆို မဟုတ်လားကိုထူးရဲ့၊ သိသင့်သိထိုက်တာ
တွေကို သိအောင် လေ့လာထားကြရမှာပေါ့။"

"တင်ပါ့ဘုရား၊ တပည့်တော်တို့လို မိအို ဖအိုတွေနဲ့ နေရတဲ့သူတွေ ပိုပြီးသိသင့်ပါတယ်ဘုရား။
တပည့်တော်လည်း တတ်နိုင်သလောက် လက်ဆင့်ကမ်းမှာပါပဲဘုရား။"

"မိဘစတဲ့ ကျေးဇူးရှင်ကြီးတွေဟာ မီးနဲ့ပမာတူတယ်တဲ့ ဒကာထူးရဲ့၊ မီးဆိုတာ သုံးတတ်ရင်
ထမင်းချက်၊ အနွေးငွေ့လှုံ၊ အလင်းရောင်ယူ အမျိုးစုံအောင် သုံးလို့ရပေမဲ့၊ မသုံးတတ်ရင်တော့
လောင်တတ် ကျွမ်းတတ်တာ သဘာဝပါပဲ၊ ဒါကြောင့် ငရဲမီး အလောင်မခံရအောင်
ရှောင်ရှားပြီး၊ လူနတ်နိဗ္ဗာန် ချမ်းသာရအောင် ဒီမီးအလင်းရောင်ကြီးတွေကို သုံးတတ်ပါစေ
ဒကာထူးရေ။"

"ဤသို့ဖြင့် ဒကာထူးတစ်ယောက် ပါလာသောလက္ဘက်ခြောက်ကို လှူပြီး ရိုသေစွာ ဦးချ
လိုက်လေသတည်း။"

(ဓမ္မရတနာမဂ္ဂဇင်း၌ "သတ်စေခြင်း သေစေခြင်း"အမည်ဖြင့် ဖော်ပြပြီး)

အရှင်ဝိသာရဒ(ရမ္မာဝတီ)


e-mail မှ ကူးယူတင်ပြသည် မေတ္တာဖြင့်

မော်လူး

Saturday, December 11, 2010

ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ

မေးခွန်း ၁။ ။ အရှင်ဘုရား၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် နှင့် ၀ိဇ္ဖာဓိုရ် ဟာ တူပါသလားဘုရား၊
မေးခွန်း ၂ ။ ။ ထိုပုဂ္ဂိုလ်တို့သည် ကိုးကွယ် ခံထိုက်သူများ ဖြစ်ကြပါသလား၊
မေးခွန်း ၃ ။ ။ ထိုသူတို့သည် အဘယ်အရပ်၌ နေကြပါသလဲ - ဖြေကြားပေးပါဘုရား၊

အဖြေ။ ။ ဒီနေရာမှာ ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊

လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊

ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်ဝင်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်ဝင်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊

ရာဇ၀င်မှာ ပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်ဝင်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် သောကြာနေ့ ဟံသာဝတီမြို့ ၀န်းကျင်ကို ကျုံးစတင် တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။

အဲဒီလို ဖိုလ်ဝင်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက်သွားပါတယ်။
ဝိဇ္ဇာဓိုရ် ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်ဝင်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ၀ိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ - -

၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊
၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊
၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊
၎။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊
၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ၀ိဇ္ဖာ၊
၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊
ဆိုပြီး ၀ိဇ္ဖာ အမျိုးအစား ၆ မျိုးရှိပါတယ်။

မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အင်းကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။
ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊

ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ၀ိဇ္ဇာဓိုရ် ဟာ မန္တာန် ၀ိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ၀ိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။

မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဥာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနိုင်ပါကြောင်း ကတိပေးပါတယ်။

မိဖုရားကြီးကလဲ အကြံနဲ့ ဆိုတော့ ညအခါ အိပ်ယာအနီး ဟင်္သာပြဒါးစစ်ခွက်ကို ယူထားသတဲ့။ ၀ိဇ္ဇာဓို၇် လာရောက် ပျော်ပါးတဲ့ အခါမှာ မိဖုရားကြီးက သူ့ ခန္ဓာကိုယ်ကို သိုင်းဖက်ပြီး ကျောပြင်မှာ လက်ငါးချောင်းရာ ပေးလိုက်တယ်၊ ၀ိဇ္ဖာဓိုရ် ထွက်သွားလျင် သွားချင်း ရှင်ဘုရင်ကို သံတော်ဦးတင်လို့ ဘုရင်ကြီးကလဲ ကျောမှာ လက်ငါးချောင်းရာ ပါသူကို ဖမ်းစေ လို့ အမိန့်တော် ထုတ်လိုက်ပါတယ်၊
ဝိဇ္ဖာဓို၇် ကတော့ သူမဟုတ်သလိုပဲ၊ ညအခါ သူများမယား၊ သမီးများကို ပစ်မှားပြီး နေ့ကျလျင် သုဿာန်မှာ နေကို ရှိခိုးပြီး ခြေတဖက် ထဲနဲ့ ရပ်နေလေ့ရှိသတဲ့။ မင်းချင်းတို့ဟာ ၀ိဇ္ဇာဓိုရ်ကျောပြင်မှာ လက်ငါးချောင်းရာကို မြင်တော့ ၀ိုင်းဖမ်းကြတဲ့ အခါ ငါ့အမှု့ လူတွေ သိကုန်ပြီ ထင်တယ်၊ မဟန်တော့ဘူး၊ ဆိုပြီး မန္တာန်ကို မန်းမှုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလို့ မမှီလိုက်ကြဘူးပေါ့။ ။

ဆက်ပါအုံးမည် - -


( ၂ )
အဲဒီ ၀ိဇ္ဇာဓိုရ်ဟာ ရသေ့ ရဟန်းများလို သစ်ခေါက်ဆိုး သင်္ကန်းအရောင် ၀တ်ထားလို့ မင်းကြီးက ရသေ့ ရဟန်းထင်ပြီး ငါ့နိုင်ငံအတွင်းမှာ ရသေ့ ရဟန်းမနေရဘူး လို့ နှင်ထုတ်မိန့် ထုတ်ပြန်လို့ ကာသိတိုင်း တတိုင်းလုံး ရဟန်းသံဃာတော် ၇သေ့ ၇ဟန်းတွေ အားလုံး ဆိတ်သုံးသွားတဲ့ အထိအောင် ဖြစ်သတဲ့။

ဒါကြောင့် အခုခေတ်မှာလဲ ၇သေ့ယောင်ယောင် ရဟန်းယောင်ယောင် ကိုယ့်ဘာသာ ဆံပင်ရိတ်၊ သင်္ကန်းပတ်ပြီး မလျော်တဲ့ အလုပ်တွေ လုပ်နေတာကို မြန်မာနိင်ငံမှာ နေရာတိုင်း တောရော မြို့ရော တွေ့နေရပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ( တစ်သာသနာလုံး ) နာမည်ပျက် တဲ့ အဖြစ်မျိုး ရောက်တတ်ကြတာကို အားလုံး သတိရှိရှိ ကာကွယ်ကြစေ ချင်ပါတယ်။

ဒီအကြောင်းကို သာသနာကြည်ညိုတဲ့ သိကြားမင်းက သိလို့ အရှင်ပစ္စေကဗုဒ္ဓါတပါးကို ပင့်သွားပြီး ရှင်ဘုရင်ကို တရားဟောစေတယ်၊ နောက်ပိုင်းမှာတော့ အမြင်မှန်ရသွားပြီး ရသေ့ရဟန်းများ ပုံမှန် ၀င်ထွက်သွားလာနိုင်ကြသတဲ့၊ ဒါကြောင့် မန္တာန်ဝိဇ္ဖာဆိုတာ ကျမ်းဂန်များမှာ အထင်အရှားရှိနေပါတယ်။

နောက်တမျိုးအနေနဲ့ သန်လျက်ဝိဇ္ဇာ ဆိုတာကိုတော့ ဇင်းမယ်ပဏ္ဏာသ က လာတဲ့ သမုဒ္ဒဃောသ ဇာတ်တော်မှာ တွေ့နိုင်ပါတယ်။

သံဝိဇ္ဖာကတော့ သံလုံးအတွင်း သိဒ္ဓိသွင်းတာမျိုးပါ။ သန်လျက်ဝိဇ္ဇာ ဆိုတာကလဲ သံလုံးအတွင်း သိဒ္ဓိသွင်းတာပဲမို့ သဘောချင်းတူညီပါတယ်၊ ဒါကြောင့် တူရာ တူရာ ပေါင်းလိုက်လျင်တော့ ၀ိဇ္ဇာ ၅ မျိုး ရှိတယ်လို့ မှတ်သားနိုင်ပါတယ်၊

နောက်တမျိုးက ပုဂံခေတ်မှာ ကျန်စစ်သားမင်းကြီးလက်ထက် သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ ရည်ငံခဲ့ဖူးတဲ့ ပြဒါးရှင်လုံးကို ငုံပြီး ကောင်းကင်ပျံနိုင်တဲ့ ပဋိက္ခရား ဆိုတာကလဲ ပြဒါးဝိဇ္ဇာ အတွင်းပါဝင်တာမို့ ၅ မျိုးပါပဲ။
လောကီဝိဇ္ဖာ ဆိုတာ ရှိသလို လောကုတ္တရာဝိဇ္ဇာ ဆိုတာလဲ ရှိပါသေးတယ်၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ၀ိဇ္ဖာမဂ္ဂဒီပနီကျမ်းမှာ လောကီ လောကုတ္တရာ အားလုံးပေါင်း ၅ မျိုးရှိကြောင်း တွေ့ရပါတယ်။

အဲဒါတွေကတော့ --

၁။ ဝေဒ၀ိဇ္ဇာ = ဗေဒင် လေးမျိုးတတ်ကျွမ်းသူ၊
၂ ။ မန္တ၀ိဇ္ဇာ = လက္ခဏာကျမ်း နိမိတ်ကျမ်း၊ ဂါထာ မန္တရား ဆေးအမျိုးမျိုး တတ်ကျွမ်းသူ၊
၃ ။ ဂန္ဓာရီ ၀ိဇ္ဇာ = သိဒ္ဓိအမျိုးမျိုးပေါက်တဲ့ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဖာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာအမျိုးမျိုး၊
၎။ လောကိယ၀ိဇ္ဖာ = လောကီဈာန်ရ ပုဂ္ဂိုလ်၊
၅။ အရိယ၀ိဇ္ဇာ = အရိယာပုဂ္ဂိုလ် ၈ ယောက်၊ တို့ဖြစ်ပါတယ်။
၁၊ ၂ ၊ ၃၊ အမျိးစားတွေကတော့ လောကီဝိဇ္ဖာမျိုးဖြစ်ပြီး စူဠဂန္ဓာရီ ၀ိဇ္ဖာ လို့ ခေါ်ပါတယ်။ ၄ နှင့် ၅ ကတော့ သမထ နဲ့ ဖြစ်လာတဲ့ ၀ိဇ္ဇာမျိုးမို့ မဟာဂန္ဓာရီ ၀ိဇ္ဇာလို့ ခေါ်ပါသတဲ့။

ဂန္ဓာရီ ၀ိဇ္ဖာ ဆိုတာကိုတော့ စကားစပ်မိလို့ ပြော၇ပါအုံးမယ်၊ အိန္ဒိယပြည်ကြီးရဲ့ အရှေ့မြောက်အရပ် ဟိမ၀န္တာတောင်တန်း ရဲ့ အနောက်ဘက်မှာ ဂန္ဓာရ တိုင်းဆိုတာ ရှိပါတယ်၊ မင်းသားအများအပြား အဋ္ဌာရသ အတတ် ၁၈ ရပ်ကို သွားေ၇ာက်သင်ကြားရာ တက္ကသိုလ်ပြည်ကြီး ရှိပါသတဲ့။ အဲဒီ ဂန္ဓာရ တိုင်းသားများ လိုက်စား ပေါက်မြောက်ခဲ့တဲ့ အတတ်မို့ အဲဒီအတတ်ကို ဂန္ဓာရီအတတ် လို့ မှတ်သားရပါတယ်။

ဒါကြောင့် ပထမမေးခွန်းအနေနဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နဲ့ ၀ိဇ္ဇာဓိုရ် ( ၀ိဇ္ဇာ ) ဆိုတာ အတူတူပဲလို့ မှတ်သားနိုင်ပါတယ်၊
အဲဒီသူတွေဟာ လူတွေရဲ့ ပူဇော်မှု့ကို ခံထိုက် မခံထိုက်ဆိုတာကို စာပေနဲ့ နည်းနည်း စိစစ်ကြည့်ကြရအောင်။ စာပေမှာ ပူဇော် ခံယူထိုက်တဲ့ ဂုဏ်ကို အနုတ္တရံ ပုညခေတ္တံ လောကဿ လို့ လာရှိပါတယ်၊

အဓိပ္ပါယ်က ပူဇော်ခံယူထိုက်သူ ဟာ ကောင်းမှု့တည်းဟူသော မျိုးစေ့ကျဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်၇မယ် တဲ့။ နားလည်အောင် ရှင်းရရင် ဒါန၀တ္ထုက မျိုးစေ့ နဲ့ တူတယ်၊ အလှူခံက လယ်မြေနဲ့ တူပါတယ်၊ မျိုးစေ့ ကောင်းသော်လည်း လယ်မြေကောင်းပါမှ ကိုယ်စိုက်လိုက်တဲ့ အသီးအနံဖြစ်ထွန်းပါမယ်၊

နောက်ဆုံး မျိုးစေ့ ဆိုတဲ့ ဒါနက သေးသေးမွှားမွှား ညံ့နေသည့်တိုင်အောင် သီလ သမာဓိ ပညာ နဲ့ ပြည်စုံတဲ့ အလှူခံဆိုတဲ့ လယ်မြေက ကောင်းနေလျင် ဖြစ်ထွန်း အကျိုးပေးနိုင်သေးတယ်၊ လယ်မြေ ကောင်း မကောင်း မြေသြဇာ အပေါ်မှာ မူတည်သလို အလှူခံထိုက် မထိုက် ဆိုတာကလဲ သူ့ရဲ့ သီလ အပေါ်မှာ အဓိက မူတည်နေပါတယ်၊
ဒါကြောင့် သီလ အကျင့်  မပြည့်စုံလျင် အတတ်ပညာ တတ်နေသော်လည်း အပူဇော်ခံ အကိုးကွယ်ခံ မဖြစ်ထိုက်ဘူး၊

ဆက်ပါအုံးမည်- -

( ၃ )
လောကမှာ ရုပ်ရည်လှပတယ် အမျိုးမြတ်တယ် ဆိုတာတွေဟာ ဘာမှ သုံးလို့ မရဘူး၊ လူတိုင်း ကျင့်သုံးနေကြတဲ့ စောင့်ထိန်းနေကြတဲ့ ကိုယ်ကျင့်သီလကသာ အမြတ်ဆုံး တန်ဖိုးဖြတ်လို့ မရနိုင်ဘူး လို့  ပဉ္စကနိပါတ်၊ သီလ၀ီမံသန ဇာတ်တော်မှာ ဆိုထားတာရှိပါတယ်၊

မောဃာ ဇာတိ စ ၀ဏ္ဏော စ ၊ သီလမေ၀ ကိရုတ္တမံ။
သီလေန အနုပေတဿ၊ သုတေန တ္ထော န ၀ိဇ္ဇတိ။

လောကမှာ အတတ်ပညာတွေ ဘယ်လောက်တတ်နေပါစေ အကျင့်သီလ မကောင်းရင် ကိုယ်ကျင့်တရားပျက်ယွင်းနေရင် လူ့အသိုင်းအ၀ိုင်းက ရှောင်ကြဉ်ကြလိမ့်မယ်၊ အကျိုးမရှိဘူး၊ လူ့ဗာလ လို့ ဆိုလိုပါတယ်၊
ဒါကြောင့် ၀ိဇ္ဖာဓိုရ်ပဲ ဖြစ်စေ၊ လူသာမာန်ပဲ ဖြစ်စေ အကျင့်သီလ ကြီးမြတ်ရင် အပူဇော်ခံ အကိုးကွယ်ခံထိုက်တယ် လို့ မှတ်သားရပါမယ်၊

မေးခွန်း ၃ အနေနဲ့ ၀ိဇ္ဖာဓိုရ် ထွက်ရပ်ပေါက် တွေရဲ့ နေထိုင်ရာ ဘုံဋ္ဌာနအနေနဲ့ သီးခြား မရှိပါဘူး၊ သူတို့ဟာလဲ လူသားဘ၀က ဖြစ်လာတာမို့ လူ့ဘုံမှာပဲ သူတို့ စိတ်ချမ်းမြေ့ရာ နေရာ ဘယ်နေရာကိုမဆို နေကြတယ်လို့ မှတ်သားနိုင်ပါတယ်။
မြန်မာတွေ ပြောနေကျ စကားမှာတော့ ၀ိဇ္ဇာ ဇော်ဂျီ တပသီ ရယ်လို့ တွဲလျက်သုံးနေကျပေမယ့် အားလုံး အတူတူလို့ ပြောဖို့ခက်ပါတယ်၊ တူတဲ့ အပိုင်းမှာ တူပြီး မတူတဲ့ အချက်အလက် အကျင့်စရိုက်တွေလဲ အများကြီးတွေ့ရပါတယ်၊

ဝိဇ္ဖာဓိုရ် ဘယ်ကလာ-

ဝိဇ္ဖာဓိုရ်ဆိုတာ ၀ိဇ္ဇာ+ဓရ ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတယ်လို့ မှတ်ရပါမယ်၊ ၀ိဇ္ဇာ ဆိုတဲ့ ပုဒ်က

၁။ အသိပညာ
၂။ အတတ်ပညာ
၃။ ဗေဒင်သုံးပုံ
၎။ ပု- ဒိ -အာ ဆိုတဲ့ ၀ိဇ္ဇာသုံးပါးကို ဟောပါတယ်၊

အသိပညာ ဆိုတာကတော့ ၀ိဇ္ဖာပညာ လို့ ပြောလို့ရတဲ့ အတတ်ကြီး ၁၈ ပါးကို ရည်ညွှန်းပါတယ်၊

အတတ်ပညာ ကတော့ သိပ္ပံပညာ လို့ ပြောရမဲ့ အတတ်ငယ် ၆၄ ပါးကို ရည်ညွှန်းပါတယ်၊
ဒီနေရာမှာ မျက်စိမြင်၊ နားကြားနိုင်ပြီး သန်မာသူတို့ တတ်အပ်တဲ့အတတ်၊ တနည်းပြောရရင် ခြေလက်အင်္ဂါစုံလင်သူတို့ တတ်အပ်တဲ့ အတတ်ကို အတတ်ကြီး ၁၈ ရပ်လို့ ခေါ်ပြီး အတတ်ငယ်ကိုတော့ မျက်စိမမြင်သူ၊ နားမကြားသူ၊ မသန်စွမ်းသူ တို့ပါ သင်ယူနိုင်တဲ့ (ခြေလက်အင်္ဂါ တခုခု ချွတ်ယွင်းနေတဲ့ )သူတွေပါ သင်ယူနိုင်ပါသတဲ့။ အဲဒါကိုတော့ ကလာ ၆၄ ပါး ( အတတ်ငယ် ၆၄ ပါး) ရယ်လို့ သိရပါတယ်။

အတတ်ကြီး ၁၈ ရပ် -

၁ ။ အကြားအမြင်အတတ်၊
၂၊ ဓမ္မသတ်အတတ်၊
၃၊ သင်္ချာ အတတ်၊
၎။ လက်သမားအတတ်၊
၅။ နီတိအတတ်၊
၆။ ဗျာကရုဏ်းအတတ်၊

၇။ ကဗျာလင်္ကာအတတ်၊
၈။ လက်ပစ်အတတ်၊
၉။လေးအတတ်၊
၁၀။ စကားတောင်းအတတ်၊
၁၁။ဆေးအတတ်၊
၁၂။ ရယ်ရွှင်ဖွယ်အတတ်၊

၁၃။ ဗေဒင်အတတ်၊
၁၄။ မာယာအတတ်၊
၁၅။ဆန်းကျမ်းအတတ်၊
၁၆။ သံတမန်အတတ်၊
၁၇။ မန္တာန်အတတ်၊
၁၈။ သဒ္ဒါကျမ်းအတတ်၊

ဒီအတတ်ကြီး ၁၈ရပ်ကိုတော့ လောကနီတိ ဂါထာနံပါတ် ၁၀-၁၁ မှာ တွေ့ရှိနိုင်ပါတယ်။

ဆက်ပါအုံးမည် - -


( ၄ )
အတတ်ငယ် ၆၄ ပါးကို ဗဟုဿုတအနေနဲ့ ကလာအပြား ၆၄ ပါးလို့လဲ ခေါ်လေ့ရှိကြပါတယ်၊ ၀ိသုဒ္ဓါရုံမူ အဘိဓာန်နိဿယသစ် ဂါထာနံပါတ် ၅၂၈ မှာ ဖော်ပြထားတာက - ဒီလိုပါ၊

၁။နစ္စ= ကခြင်းအတတ်၊
၂။ ၀ါဒန=တီးမှုတ်ခြင်းအတတ်၊
၃။ ၀တ္ထာလင်္ကာရ = အ၀တ်ဆင်ယင် ၀တ်တတ်ခြင်း၊
၎။အနေကရူပ= ရုပ်ပြောင်းရုပ်လွဲတတ်ခြင်း၊
၅။သေယျာဒိ= အိပ်ယာနေရာ ခင်းကျင်းသောအတတ်၊
၆။ဇုတာဒိ= ကြွေအံ လောင်းကစားအတတ်၊
၇။ အနေကာဒိ ရတိဇာနန= နည်းမျိုးစုံ ကာမဂုဏ်မွေ့လျော်ပျော်နည်းအတတ်၊
၈။မဇ္ဇာသ၀ါဒိ=သေအရက်မျိုးစုံ ချက်တတ်ခြင်း၊
၉။သလ္လ ဟရဏ= စူးဝင်သော မြှားငြောင့်ကို မနာကျင်အောင် ကုပေးခြင်း၊
၁၀။အန္နာဒိ ပစန= စားဖိုမှူး အတတ်၊
၁၁။ ဗီဇာရောပ= လယ်ယာသီးနှံ စိုက်ပျိုးခြင်းအတတ်၊
၁၂။ ပါသာ ဏာဒိ ၀ိဒါရဏ= ကျောက်ဓာတ် ရွှေဓာတ် စသည်ကို ပြာချသောအတတ်၊
၁၃။ဥစ္ဆု ၀ိကာရ =ထန်းလျက်၊ ကြံသကာ၊ တင်းလဲ၊ သကြားချက်ခြင်းအတတ်၊
၁၄။ဓာတောသဒိသံ ယောဂါဒိကြိယာ =ရွှေဓာတ် စသည်ကို ဆေးနှင့် ဖော်စပ်ခြင်းအတတ်၊
၁၅။ဓာတု သံယောဂ= ရွှေငွေ စသည် ဓာတ်ခွဲသော ဓာတုဗေဒ အတတ်၊

၁၆။ဓာတွာဒိ သံယောဂ =ဓာတ်ေ၇ာစပ်ခြင်း အတတ်၊
၁၇။ခါရ နိက္ကာသန= လက်နက်အတွက် ယမ်းမှုန့်၊ ဆား ထုတ်လုပ်ခြင်း၊ ဆပ်ပြာထုတ်လုပ်ခြင်းအတတ်၊
၁၈။ သတ္ထသန္ဓာန ၀ိက္ခေပ= လက်နက် ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊
၁၉။မလ္လ ယုဒ္ဓ= နပမ်းလုံးခြင်း အတတ်၊
၂၀။ဗာဟု ယုဒ္ဓ= လက်ဝှေ့ ထိုးသတ်ခြင်းအတတ်၊
၂၁။ ရှာမတွေ့သေးပါ၊
၂၂။ဗျူဟ ရစနာဒိ ကရဏ= စစ်တိုက်နည်းပရိယာယ်ကြွယ်ဝခြင်း၊
၂၃။ဒေ၀တာ တောသန= နတ်တို့ နှစ်သက်ခြင်းအတတ်၊
၂၄။သာရထျ ဟတ္ထိ အဿ ဂတိသိက္ခာ=ဆင်စီး မြင်းစီးအတတ်၊
၂၅။ မတ္တိကာ ဘဏ္ဍသံကြိယာ= အိုးထိမ်းသည်အတတ်၊
၂၆။ ကဋ္ဌဘဏ္ဍ သံကြိယာ=လက်သမားအတတ်၊
၂၇။ ပါသာဏ ဘဏ္ဍသံကြိယာ= ကျောက်ဆစ်အတတ်၊
၂၈။ ဓာတုဘဏ္ဍ သံကြိယာ= ပန်းပဲ ပန်းတဉ်းအတတ်၊
၂၉။ စိတ္တဒယျာလေခနံ = ပန်းချီအတတ်၊
၃၀။ တဠာဂ၀ါ=မြေတူးခြင်း၊ မြေညှိခြင်းအတတ်၊

၃၁။ယန္တကရဏ = ယန္တ၇ား စက်နာရီ တူရိယာ ပြုလုပ်သောအတတ်၊
၃၂။ဝဏ္ဏရဉ္စန = ဆေးဆိုးအတတ်၊
၃၃။ ဇလ၀ါယဂ္ဂိ =ေ၇စက်၊ လေစက် မီးစက်အတတ်၊
၃၄။ယာန ကရဏ =ယာဉ်အမျိုးမျိုး ပြုလုပ်တတ်သောအတတ်၊
၃၅။ သုတ္တာဒိရဇ္ဇု = ချည်ငင်ခြင်း၊ ကြိုးကျစ်ခြင်းအတတ်၊
၃၆။ ၀တ္ထ ၀ါယန= ရက်ကန်းအတတ်၊
၃၇။ ရတန ဝေဓာဒိ= ရတနာတို့၏ အပေါက်ကောင်းမကောင်း သိနိုင်သော အတတ်၊
၃၈။ သုဝဏ္ဏာဒိ =ရွှေစသည်ကို အမျိုးအစား ခွဲခြားသိနိုင်ခြင်းအတတ်၊
၃၉။ ကိတ္တိမ သုဝဏ္ဏရတနာဒိ= ရွှေစသော ကိတ္တိမ၇တနာပြုလုပ်ခြင်းအတတ်၊
၄၀။သုဝဏ္ဏာဒျ လင်္ကာရ= ရွှေပန်းထိန် အတတ်၊
၄၁။လေပါဒိ သံကြိယာ= ပန်းရန်အတတ်၊
၄၂။ စမ္မမဒ္ဒ၀ါဒိ =သားရေနယ်အတတ်၊
၄၃။ပသု ဓမ္မင်္ဂ နီဟာရကြိယာ= သားကောင်မှ သားရေကို မဆုတ်မပြဲ ခွါထုတ်ခြင်းအတတ်၊
၄၄။ဒုဒ္ဒဒေါဟာဒိ= နွားနို့ညစ်ခြင်း၊ထောပတ် ချက်ခြင်းအတတ်၊
၄၅။ကဉ္စုကာဒိ= ချပ်ဝတ်သင်ဒိုင်း ချုပ်စပ်ခြင်းအတတ်၊

၄၆။ ဇလ တရဏ= ရေကူးခြင်းအတတ်၊
၄၇။ ဂေဟဘဏ္ဍာဒိ မဇ္ဖန= ကြေးခွက်စသော အိမ်အသုံးအဆာင် တိုက်ချွတ်သန့်စင်ခြင်း အတတ်၊
၄၈။ဝတ္ထ သမ္မဇ္ဖန= ခ၀ါသည် အတတ်၊
၄၉။ခုရကမ္မ= ဆတ္တာသည် အတတ်၊
၅၀။ တိလ မံသာဒိသိနေဟ= နှမ်းဆီ ပဲဆီ ညှစ်ထုတ်နည်းအတတ်၊
၅၁။သိရာဒျာကဿဏ = လယ်ထွန်ခြင်း အတတ်၊
၅၂။ရုက္ခာေ၇ာဟန= သစ်ပင်တက်ခြင်းအတတ်၊
၅၃။ မနောနုကူလ သေ၀ါကရဏ = အရှင့်စိတ်တိုင်းကျ ခစားလုပ်ကျွေးခြင်း အတတ်၊
၅၄။ ဝေဏုတိဏာဒိ= နှီးခွက် မြက်ဖျာ ရက်လုပ်သော ဒေါင်းရွှေ အတတ်၊
၅၅။ကာစ ပတ္တာဒိကရဏ = စဉ့်အိုး စဉ့်ခွက် ဖန်အိုး ဖန်ခွက် ပြုလုပ်ခြင်း အတတ်၊
၅၆။ဇလ သံသေဇန သံဟရဏ= ရေကို သွယ်ယူ လှောင်ခြင်းအတတ်၊
၅၇။ လောဟာဒိ သာ၇= သံမဏိ လက်နက် ပြုလုပ်ခြင်းအတတ်၊
၅၈။ ဟတ္ထိအဿာဒိ ပိတ္ထတ္ထရဏ= ဆင်ကုန်းနှီး မြင်းကုန်းနှီး ပြုလုပ်သော အတတ်၊
၅၉။ သိဘု သံရက္ခဏ= ကလေးထိန်းအတတ်၊
၆၀။ အပရာဒိ တာဠ ညာဏ = အပြစ်သင့်သူကို ရိုက်နှက်ခြင်း အတတ်၊
၆၁။ နာနာဒေသိယ ၀ဏ္ဏလေခန =လူအမျိုးမျိုးတို့၏ အက္ခရာ ရေးသားခြင်း အတတ်၊
၆၂။တမ္ဗူလ ရက္ခာဒိကြိယာ = ကွမ်းကို စောင့်ရှောက်ခြင်း စသည်ပြုလုပ်သောအတတ်၊
၆၃။ အာဒါန ဂုဏ = လျင်မြန်သင့်လျင် လျင်မြန်အောင် လုပ်နိုင်ခြင်းအတတ်၊
၆၄။ပတိဒါန ဂုဏ = နှေးသင့်လျင် နှေးနှေး ပြုလုပ်နိုင်ခြင်း အတတ်၊

ဒီအတတ်တွေကိုတော့ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူ ချို့တဲ့သူ တွေပါ သင်ယူနိုင်တဲ့ အတတ်ငယ် ၆၄ ပါး လို့ ခေါ်ဆိုနိုင်ပါတယ်၊

ဆက်ပါအုံးမည် - -


( နိဂုံး )
ဒါကြောင့် ၀ိဇ္ဇာဓိုရ် ဆိုတာ ၀ိဇ္ဖာ+ ဓရ = အသိပညာ အတတ်ပညာကို ကျင့်နေသူ ဆောင်ထားသူ လို့ အဓိပ္ပါယ်ရပါတယ်၊ အတတ်ပညာ အသိပညာတွေအားလုံးကို တတ်တာမျိုးမဟုတ်ပါဘူး၊ အတတ်ပညာ တခုခုကို တဖက်ကမ်းခတ် တတ်မြောက်သူကို စာစကားနဲ့ ၀ိဇ္ဖာဓိုရ် လို့ ခေါ်နိုင်ပါတယ်၊

ဇော်ဂျီ ဆိုတာ =

ဇော်ဂျီ လို့ ဆိုလိုက်ရင် လူအများ တွေးမြင်တာက ဇာတ်ပွဲထဲက တောင်ဝှေးလေးနဲ့ ကတတ်တဲ့ ဇော်ဂျီကိုပဲ တွေးတတ်ကြပါတယ်၊ တကယ်တမ်း အရင်းစစ်လိုက်တော့ အဲဒီလို မဟုတ်ပါဘူး၊ ဇော်ဂျီ ဆိုတဲ့ ပုဒ်ဟာ ယောဂီ ပုဒ်ကနေ ဆင်းသက် လာပါတယ်။ ( သဒ္ဒါမှာတော့ ဂ၀ယော ပုဒ်ကနေ ဂ၀ဇော ဖြစ်လာသလိုပါပဲ။ ဒေါ ဓဿ စ သုတ် အဖွင့်အရ ယကို ဇပြုသလို ) ယောဂီ မှ ဇောဂီ ဖြစ်လာပါတယ်။

နောက် ဂီ မှာလည်းပဲ သက္ကတသံ ( ရေဖ ) ခေါ်တဲ့ ရ ရောက်ခဲ့လို့ ဂျီ ဖြစ်သွားတယ်။ ယောဂီ ဆိုတဲ့ ပါဠိစကားလုံးကို သက္ကတ အသံပျက်နဲ့ မြန်မာတွေက ဇော်ဂျီ လို့ ဖတ်လိုက်ကြတယ်။ အဓိပ္ပါယ်က ယောဂတရား အားထုတ်နေသူ လို့ ဆိုလိုပါတယ်။

ယောဂ တရား ဆိုတာကလဲ သမထတရား ၊ ဈာန်တရား သမာဓိတရားပါပဲ၊ သာသနာပ ပုဂ္ဂိုလ်များကတော့ ကိုယ့် သန္တာန်မှာ လောဘ ဒေါသ ကိလေသာတွေ ပေါ်လာရင် အဲဒီ အကုသိုလ်စိတ်တွေ ငြိမ်သက်သွားအောင် မြစ်ထဲ ဆင်းပြီး တနေကုန် ရေစိမ်နေတာမျိုး၊ ရေငုတ်နေတာမျိုး ( ရေစိမ်နေရင် အေးလာပြီး ကိလေသာစိတ် ပျောက်သွားတတ်တယ် )

ရာသီဥတု ပူသော်လည်း မီးလှုံနေတာမျိုး၊( မီးလှုံနေတော့ ခန္ဒာကိုယ်က ပူလာပြီး ကိသေသာစိတ် ပျောက်သွားတတ်တယ်) ကလေးတွေ ကစားသလို တုံးကျော်နည်း ခုန်ကျော်နည်း ကစားခြင်းမျိုး၊ ဇယ်ခတ် ကစားခြင်းမျိုး၊ ဆူးတွေပေါ် အိပ်တာမျိုး ဒါတွေကလဲ နာကျင် ခံစားရတဲ့အတွက် ကိလေသာစိတ် ကို ဖြေဖျောက်နည်း တမျိုးပါပဲ၊

ဒီအကျင့်တွေကို မြတ်စွာဘုရားက အတ္တကိလမထ နုယောဂ = ကိုယ့်ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ကျင့်တဲ့ အကျင့်တွေ အကျိုးမရှိဘူး၊ ယုတ်ညံ့တဲ့ ကျင့်စဉ်တွေ လို့ ဓမ္မစကြာသုတ် တရားတော်မှာ ဟောကြားထားတော်မူပါတယ်။
အကျဉ်း ချုပ်လိုက်တော့ ယောဂ အကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နိုင်ပါတယ်။ ကိုယ်ကျင့်တဲ့ အကျင့် က မှန်ကန် ကောင်းမြတ် ဘုရားဟော နည်းလမ်းကျနေရင် မြင့်မြတ်တဲ့ ယောဂီ ဖြစ်ပြီး နည်းလမ်းမကျ လွဲမှားနေရင် ယုတ်ညံ့တဲ့ ယောဂီ ဇော်ဂျီ ဖြစ်သွားမှာပါ။

တပဿီ =

( တပေါ ယဿ အတ္ထိ တသ္မိံ ၀ါ ၀ိဇ္ဖတီတိ တပဿီ ) လို့ သဒ္ဒါကျမ်းများက ဆိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နည်းပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။
ဒါကြောင့် အားလုံးကို အကျဉ်း ချုပ်လိုက်ရင် ၀ိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ၀ိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊

သမထ ၀ိပဿနာ ပွားများ အားထုတ်နေသူ အားလုံး ကို ဇော်ဂျီ တပဿီ လို့ ခေါ်နိုင်ပါတယ်၊ ဒီနေရာမှာ စကားအရ မဆန်းပြားပေမယ့် ထူးဆန်းနေတာက ၀ိဇ္ဇာ ဇော်ဂျီ တပဿီ လို့ ဆိုရင် လူတွေက ဗျတ်ဝိ ဗျတ္တ တို့လို၊ ဇော်ဂျီ တောင်ဝှေးနဲ့ ကောင်းကင် ပျံနိုင် - မြေလျိုး မိုးပျံ နိုင်တဲ့ သူတွေကိုပဲ ထင်နေကြတာပါ။ အဲဒီ အယူအဆက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေရဲ့ စိတ်ထဲမှာ အမြစ်တွယ် နေတဲ့ အယူအဆ ပါပဲ။

ဒါကြောင့် စာပေအထောက်အထားတွေအရ ပြောရရင် အဲဒီလို သိဒ္ဓိပေါက်ပြီး ကောင်းကင်ပျံနိုင်နေတဲ့ သူတွေဟာ လူကောင်း သူကောင်း ဆိုတာ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက မရှိသလောက်ပါပဲ။ ဇဋိလ သူဋ္ဌေးကြီး ရဲ့ ဖခင်အရင်းဟာ တကယ်တော့ ၀ိဇ္ဖာဓိုရ် တယောက်ပါ၊ ဘုံ ခုနှစ်ဆင့် ပြဿဒ်ပေါ် ထားတဲ့ တဦးတည်းသော သူဋ္ဌေးသမီး လေးကို ကောင်းကင်ကနေ လာရောက်ပျော်ပါး ခဲ့လို့ ဇဋိလ သူဋ္ဌေးအလောင်းအလျာကလေး ကို ဖခင် မပေါ်ပဲ လျှို့ဝှက် ခက်ခဲစွာ မွေးခဲ့ရဘူးတယ်။

နိဂုံး အနေနဲ့ တော့ လူတွေရဲ့ အထင်ကြီး လေးစားမှု့ကို ခံနေရတဲ့ သူတို့ အားလုံးဟာ ယခုလို ဘုရားသာသနာတော်မှာတော့ ဘယ်လို နည်းနဲ့မှ ကိုးကွယ်ထိုက်သူ ပူဇော်ပသထိုက်သူ မဟုတ်ဘူး ဆိုတာ ဖြေကြားလိုက်ပါတယ်။ ။

ကျမ်းကိုး၊ ထီးချိုင့်မြို့ တည်တော ဆရာတော်ကြီး၏ ဗုဒ္ဓ၀ါဒဆိုင်ရာအဖြေများ ကို သင့်လျော်သလို ပြန်ဆို ရေးသားပါသည်။


စစ်မှန်သော ဘုရား တရား သံဃာ ကိုသာ ကိုးကွယ်ပူဇော်တတ်ကြပါစေ -
အရှင်သုနန္ဒာလင်္ကာရ

မှတ်ချက်။
စိတ်ဝင်စားလို့
ပန်းမ္ဘာ ဆိုက်မှ ကူးယူတင်ပြထားပါသည်။

Thursday, December 9, 2010

ကမ္ဘာ့ အကောင်းဆုံး ဘာသာတရား

ဗုဒ္ဓဘာသာကို “ကမ္ဘာ့ အကောင်းဆုံး” ဘာသာတရားတရားအဖြစ် ဆုရွေးချယ်ချီးမြှင့်

>>>>> ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့်
အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို
“ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး” ဘာသာတရားအဖြစ် ဆုချီးမြှင့်ခဲ့ပါတယ်။

>>>>> အဆိုပါ အထူးတစ်လည်ချီးမြှင့်ခဲ့တဲ့ဆုကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်၂၀၀ ကျော်က ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေး ခေါင်းဆောင် အများစုက အဆိုပါအဖွဲ့အစည်းတွင်အဖွဲ့ခွဲဝင် အနည်းဆုံးဖြစ်သော ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက်ကျော်လွန်ပြီး ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။

>>>>> ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးက ပြောဆိုခဲ့ရာတွင်…

>>>>> အဆိုပါအဖွဲ့ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က ” ဒီကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာတရားဆုကို ဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့
ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာမရှိခဲ့ပါဘူး။
တစ်ခြားဘာသာများနဲ့ မတူတာကအဲဒါပါပဲ။ တစ်ခြားဘာသာတွေက အကယ်၍ဘုရားသခင်သာ
မှားယွင်းခဲ့ယင်ဆိုတဲ့ အတွေးနဲ့ လက်နက်တွေကို အရံသင့် ထားကြပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကို တွေ့ရဖို့
အတော်ခဲယဉ်းပါတယ်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ့အထနဲ့ ဆန့်ကျင်စွာပဲ
ဗုဒ္ဓဘာသာဟာ ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာ သူများကို
ဟောကြားခဲ့တာပါပဲ” လို့ဆိုခဲ့ပါတယ်။

>>>>> Belfast မြို့မှ ကက်သလစ်ဘုန်းတော်ကြီး Ted O’Shaunghnessy ကတော့ ကက်သလစ်သာသနာကို မြတ်နိုးကိုကွယ်ပေမယ့် လူသားတွေကိုမေတ္တာဂရုဏာထားရန် ဟောကြားပြီး
လူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်ရဲ့ အလိုဆန္ဒ နားလည်ပါတယ်လို့ ပြောကြတာက
စိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ။ ဒါကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။

>>>>> ပါကစ္စတန်က မွတ်ဆလင်ဘာသာရေးခေါင်းဆောင် Tal Bin Wassad ကလည်းဒီအဆိုကိုသဘောတူထောက်ခံခဲ့ပါတယ်။
အဆိုပါအဖွဲ့ကြီးရဲ့ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာ မဲပေးရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူက “ကျွန်တော်ဟာ အစ္စလာမ်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ သို့သော်လည်း
ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးကို အကြောင်းပြပြီး အမျက်ဒေါသတွေထွက်ကြ၊ သွေးမြေကျကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။
ပြောရယင်ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ ”လို့ပြောခဲ့ပါတယ်။

>>>>> အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့
“ကျွန်တော်လဲ ကျွန်တော့်ဘာသာဖြစ်တဲ့ ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်။
ကိုယ့်ဘာသာမို့ကိုယ် ဒါဟာကမ္ဘာ ပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့ လည်းထင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရယင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံ အားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် အခုလို မဲပေးလိုက်ပါတယ်” လို့ ပြောလိုက်ပါတယ်။

>>>>> သို့သော် စိတ်မကောင်းစရာ အချက်တစ်ခုက အဆိုပါအဖွဲ့ကြီးအနေဖြင့် ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။ သူတို့ ဆက်သွယ်ပြောဆိုသမျှ ဗုဒ္ဓဘာသာဝင်အားလုံး က ထိုဆုကိုလက်ခံဖို့ ငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်။
>>>>> အဘယ်ကြောင့် ထိုဆုကိုလက်ခံရန် ငြင်းဆန်ရကြောင်း မေးမြန်ခဲ့ရာ
မြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီး ဂုရတ္တက “ယခုလိုမိမိတို့ဘာသာကို အသိအမှတ်ပြု
ချီးမြှင့်သည့် အတွက် ၀မ်းမြောက် ကျေးဇူးတင်ကြောင်း၊ သို့သော် ဒီဆုကို အမြတ်ဆုံး လွတ်မြောက်မှုနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာ ရရှိနိုင်သည့် လူသား အားလုံးကို မိမိတို့ မျှဝေပေးအပ်ပါကြောင်း…” မိန့်ကြားခဲ့ပါတယ်။

e-mail မှ

>>>>> http://blog.beliefnet.com/onecity/2009/07/freedom-from-religion-bud...
>>>>>http://blog.beliefnet.com/onecity/2009/07/freedom-from-religion-buddhism-wins-best-religion-in-the-world-award.html

Wednesday, December 8, 2010

ခေတ်သစ် လူနေမှုစနစ်၊ စိတ်ဖိစီးမှု၊ သွေးတိုး၊ နှလုံရောဂါနှင့် ဓမ္မဆေး

နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရသော ခေတ်သစ် လူနေမှုစနစ်၏ ဖိစီးမှုကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါသည် ကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် ကပ်ရောဂါတခုသဖွယ် ခြိမ်းခြောက်အန္တရာယ်ပြုလာနိုင်ကြောင်း ကျွမ်းကျင်သူ များက စိုးရိမ်ပူပန်စွာဖြင့် သတိပေးပြောဆိုလျက် ရှိကြသည်။

ခေတ်မီ၍ ရှုပ်ထွေးလှသော ယနေ့ဘ၀ လူနေမှုစနစ်အောက်တွင် ကျင်လည်ကျက်စားနေကြရသည့် လူသားအပေါင်းတို့သည် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ဗျာများလျက်ရှိကြရာ ထိုသူတို့တွင် သွေးတိုးရောဂါဖြစ်ပွားမှု ပိုမိုထူပြောများပြားကြပြီး အဆိုပါ ရောဂါကြောင့် ခံစားရနိုင်သော အကျိုးဆက်များကို လျော့တွက်ကြသဖြင့် ကြီးမားသော ဘေးအန္တရာယ်သည် လက်တကမ်းအကွာ၌ ရောက်ရှိနေပြီဖြစ်ပေသည်။

အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သော အဖွဲ့၏အဆိုအရ ယခုအခါတွင် အရွယ်ရောက်ပြီးသူ လေးဦးအနက် တဦးသည် သွေးတိုးရောဂါ ခံစားလျက်ရှိရာ လက်ရှိအခြေအနေကို ထိန်းသိမ်းကိုင်တွယ်ခြင်း မပြုပါက နောင်နှစ်ပေါင်း (၂၀)အတွင်း အရွယ်ရောက်ပြီးသူများ၏ ၆၀-ရာခိုင်နှုန်းအထိ သွေးတိုးရောဂါ ခံစားရသူများ တိုးတက်များပြားလာနိုင်သည်ဟု သိရသည်။

အဆိုပါ တွေ့ရှိချက်ကို ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပပါလီမန်၌ တင်ပြခဲ့ခြင်း ဖြစ်သည်။ သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်သင့်သည်များကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယုတ်စွအဆုံး အလွန်ရှုပ်ထွေး၍ ဗျာများနေကြရသော နေ့စဉ်လူနေမှု ဘ၀ပုံစံကို ပြုပြင်ရန် လိုအပ်ကြောင်း သုတေသီများက အကြံပြုပြောဆိုသည်။

ယနေ့ခေတ် ပြည်သူများသည် နေ့စဉ်ဖြတ်သန်း ကျော်လွှားနေရသော ဘ၀လူနေမှုပုံစံကို ပြုပြင်ပြောင်းလဲမှု မပြုခြင်း၊ မိမိ၏ကျန်းမာရေးအား ဂရုတစိုက် စစ်ဆေးမှုမပြုခြင်း၊ လိုအပ်သော ဆေးဝါးကုသမှုများ မပြုဘဲနေခြင်းတို့ကြောင့် ယခင်က ဦးနှိမ်ထားနိုင်ခဲ့သော နှလုံးသွေးကြောဆိုင်ရာ ရောဂါသည် ယခုတဖန် ပြန်လည်ဦးမော့လာမည်ကို စိုးရိမ်ပူပန်လျက်ရှိကြသည်။

ကမ္ဘာတ၀န်းတွင် သွေးတိုးရောဂါကြောင့် နှစ်စဉ် လူ ၇.၁ သန်းခန့် အသက်ဆုံးရှုံးလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သွေးတိုးရောဂါ၏ ထိုးနှက်မှုကို ပြင်းထန်စွာ ခံစားနေရသော နိုင်ငံများမှာ အနောက်တိုင်းပုံစံ စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိကြသော ဘရာဇီး(လ်)၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ တူရကီနှင့် ဥရောပ အလယ်ပိုင်းနိုင်ငံများ ဖြစ်ကြသည်။

သွေးတိုးခြင်းကြောင့် ဖြစ်ပွားခံစားရနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ---
သွေးတိုးဝေဒနာ ခံစားရခြင်းကြောင့် ခန္ဓာကိုယ်၏ အဓိကကျသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း၊ နှလုံးဝေဒနာ အပြင်းအထန် ခံစားရမှု (Heart Attack) ဖြစ်စေနိုင်ခြင်း၊ ကျောက်ကပ်ရောဂါနှင့် မှတ်ဉာဏ်ချို့တဲ့ခြင်း (dementia) ရောဂါများ ခံစားရနိုင်သည်။

သွေးတိုးခြင်းကို ထိန်းသိမ်း၍မရနိုင်သော အဓိက အကြောင်းရင်းမှာ ဝေဒနာခံစားရသူ၏ ၅၀-ရာခိုင်နှုန်း ခန့်သည် ဆရာဝန် ညွှန်ကြားသောဆေးကို မှီဝဲသောက်သုံးရန် ငြင်းဆန်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော ဘ၀နေမှုပုံစံကို ပြုပြင်ပြောင်းလဲမှု မပြုခြင်းတို့ပင် ဖြစ်သည်။

ဆေးလိပ်သောက်ခြင်း၊ အငန်နှင့် အဆီ စားသုံးမှုလွန်ကဲခြင်း၊ အရက်သေစာ သောက်စားမှုများပြားခြင်းနှင့် အ၀လွန်ခြင်းတို့သည် သွေးတိုးရောဂါကို ဖြစ်ပေါ်စေသော အဓိကအကြောင်းတရားများ ဖြစ်ကြသည်။

စီးပွားရေးဂယက် ရိုက်ခတ်မှု---
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ School of Economics မှ သုတေသီ Dr Panos Kanavos က သွေးတိုးရောဂါသည် အသက်အရွယ် ကြီးရင့်သူများ၌သာ ဖြစ်ပွားတတ်သည်ဟု ယူဆချက်မှာ မှားယွင်းကြောင်း ထောက်ပြသည်။
အသက် ၃၀၊ ၄၀၊ ၅၀၊ အရွယ်ကောင်းသူများ၌လည်း ထိန်းသိမ်းရန် မလွယ်ကူသော သွေးတိုးရောဂါကို ခံစားရနိုင်ပြီး ထိုမှတဆင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါနှင့် လေဖြတ်သည့်ရောဂါတို့ကို ခံစားရနိုင်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ကာယ၊ ဉာဏစွမ်းအား အထက်မြတ်ဆုံးသော ထိုအရွယ်၌ ရောဂါဝေဒနာများကို ခံစားရသဖြင့် နိုင်ငံ၌ လုပ်အားများ ဆုံးရှုံးခြင်းကြောင့် စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ကို အဟန့်အတားဖြစ်စေပြီး ထိုမကျန်းမာသူတို့အား ရေရှည်ကျန်းမာရေး စောင့်ရှောက်မှု ပြုရခြင်းကြောင့် ကာယကံရှင်နှင့် မိသားစု၌လည်းကောင်း၊ နိုင်ငံတော်၌လည်းကောင်း၊ ၀န်ထုပ်ဝန်ပိုးဖြစ်စေသည်။

သွေးတိုေးရာဂါဖြစ်ပွားမှုကို အချိန်မနှောင်းမီ သိရှိနိုင်ရန် ရောဂါကြိုတင်စမ်းသပ်ရှာဖွေခြင်း၊ သွေးတိုးရောဂါ၏ နောက်ကွယ်၌ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သင့်ကြောင်း Dr Kanavos က အကြံပြုပြောဆိုသည်။

နှလုံးရောဂါ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းတရားသည် သွေးတိုးခြင်းကြောင့်ပင် ဖြစ်သည်ဟု သိသာထင်ရှားကြောင်း British Heart Foundation မှ ကျွမ်းကျင်သူများက အတည်ပြုပြောဆိုသည်။
စိတ်ဖိစီးမှုကို အမြဲတစေ ခံစားနေရသူများသည် သွေးတိုးရောဂါ ခံစားရနိုင်ကြောင်း၊ ၄င်းအပြင် စိတ်ဖိစီးမှုကြောင့် ဆေးလိပ်သောက်ခြင်း၊ အာဟာရချို့တဲ့သော အစားအသောက်များ စားသုံးခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ခြင်းစသည့် ကျန်းမာရေးနှင့် မညီညွတ်သော ဘ၀နေမှုပုံစံဖြင့် နေထိုင်လေ့ရှိတတ်ကြသည်။ ထိုကဲ့သို့ နေထိုင်ခြင်းသည် ပင်လျှင် နှလုံးရောဂါဖြစ်ပွားခံစားရမည့် အဓိကအကြောင်းတရားပင် ဖြစ်သည်။

စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျော့ကြမလဲ---
ခေတ်သစ် ဆေးသိပ္ပံပညာကမူ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသောအကြောင်းတရားကို သိရှိရန်နှင့် ထိုကဲ့သို့ စိတ်ဖိစီးလျက်ရှိသော အခြေအနေ၌ မည်သို့အဆင်ပြေပြေ နေထိုင်ရမည်ကို နည်းလမ်းရှာဖွေရန် အရေးကြီးကြောင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန် ဆောင်ရွက်ခြင်းသည် စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ကြောင်း အကြံပြုထားသည်။

ဗုဒ္ဓဘာသာဝင်တဦး၏ အမြင်အရမူ စိတ်ကြောင့် ဖြစ်ပေါ်လာသော ပြဿနာကို စိတ်ဖြင့် ကုစားခြင်းသည် သာလျှင် အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်သည်ဟု ယူဆသည်။
စိတ်ဖိစီးမှုကို လျော့ချရန်မှာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသော ရင်ထဲ၌ လောင်မြိုက်နေသည့် လောဘ၊ ဒေါသ၊ မောဟမီးများ၏ အရှိန်ကို လျော့ချရန်နှင့် တတ်နိုင်က ငြိမ်းသတ်ပစ်ရန်သာ အဓိကလိုရင်းဖြစ်သည်။

ထိုကဲ့သို့ ရင်ထဲ၌ လောင်မြိုက်နေသော မီးသုံးမီးကို အရှိန်လျှော့ငြိမ်းသတ်နိုင်ရေးအတွက် လူ့ဘ၀တွင် ယောနိသော မနသိကာရဖြင့် (အသင့်အတင့် နှလုံးသွင်း) နေထိုင်တတ်ရန် အရေးကြီးပေသည်။
ယောနိသော မနသိကာရဖြင့် နေတတ်၊ ထိုင်တတ်ရန်မှာ စိတ်ကို တည်ငြိမ်စေသော၊ စိတ်ကို အေးချမ်းစေသော စိတ်တန်ခိုးစွမ်းအင်ကို ထက်မြက်စေသော မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားကို ရှုမှတ်ပွားများ အားထုတ်ခြင်းသာ ဖြစ်ပါသည်။

သို့ဖြစ်၍ ယနေ့ကမ္ဘာပေါ်တွင် ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ စိုးရွံ့ကြောက်လန့်ခြင်း ကြီးစွာဖြင့် ငြင်းခုန်ပြောဆိုနေကြသော စိတ်ဖိစီးမှု၊ သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါတို့၏ဘေးမှ ကင်းဝေးလိုပါမူ ဗုဒ္ဓပေးသော ဓမ္မဆေး-ကိုသာ ယုံယုံကြည်ကြည် မှီဝဲသုံးဆောင်ကြရန်သာ ဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားတင်ပြလိုက်ရပေသည်။

အောင်ဇင်
Modern life puts stress on heart.
(နိုင်ငံဂုဏ်ရည် မဂ္ဂဇင်း ၂၀၁၀-ခု ဖေဖော်ဝါရီလ)

အထင်မသေးသင့်သော ကြေး

ကြေးလက်ကောက်၊ ကြေးလက်စွပ်များကို ကာလတာရှည်စွာ စွဲစွဲမြဲမြဲ ၀တ်ဆင်ထားခြင်းဖြင့် အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲသည့်ရောဂါ ပျောက်ကင်ကြောင်း၊ ကြေး၏ အာနိသင်ကို သုတေသနပြုသူ ဒေါက်တာရေးဝါကာက ကြေး၏ အာနိသင်သည် အဆစ်အမြစ်ကိုက်ခဲသည့် ဝေဒနာကို ထိရောက်စွာ သက်သာပျောက်ကင်းစေနိုင်သည်ကို အံ့သြဖွယ် တွေ့ရှိရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျာမဏီနိုင်ငံမှ ဆေးဆရာတဦးဖြစ်သည့် ၀ါနာဟန်ဂါတာသည် ၁၉၃၉-ခုနှစ်တွင် ဖင်လန်နိုင်ငံရှိ ကြေးတူးဖော်ရေးအလုပ်ခွင်၌ လုပ်ကိုင်နေသည့် အလုပ်သမားများအား အဆစ်အမြစ် ရောင်ရမ်းသည့်ရောဂါနှင့် ပတ်သက်၍ သုတေသနပြုခဲ့ဖူးရာ ၄င်းရောဂါ လုံးဝ မခံစားကြရသည်ကို တွေ့ရှိရကြောင်း ထုတ်ဖော်ရေးသား ခဲ့သည်။

ဓာတုဗေဒ ပညာရှင်များသည် ကြေးကို ဓာတ်ခွဲ စမ်းသပ်ရာတွင် ကြေးသည် လူ၏ ကိုယ်ခန္ဓာပေါ်တွင် ၀တ်ဆင်ထားသည့်အခါ ချွေးနှင့်ထိတွေ့ပြီး ကိုယ်ရေပြားထဲသို့ ကြေးညှိစိမ့်ဝင်နိုင်သည်ကို စမ်းသပ်တွေ့ရှိ ရကြောင်း၊ ၄င်းမှတဆင့် ရောဂါပျောက်ကင်းစေခြင်း ဖြစ်တန်ရာသည်ဟု မှတ်ချက်ပြုကြပြန်သည်။

ဒက်ထရိုက်မှ စာရင်းစစ်အမျိုးသမီးကြီး အယ်လီဇဘက်ဂျုရဒ် ခမျာမှာ လက်ချောင်းကလေးများ နာကျင်ကိုက်ခဲလွန်းသဖြင့် အလုပ်မှ အနားယူရမည့် အခြေအနေသို့ ရောက်ရှိလာရှာသဖြင့် ကြံမိကြံရာ စဉ်းစားပြီး ကြေးလက်ကောက်၊ ကြေးလက်စွပ်ကို ၀တ်ဆင်ကြည့်ရာ အကိုက်အခဲ သက်သာပျောက်ကင်းပြီး ရုံးအလုပ်၊ အိမ်အလုပ်များကို ယခင်အတိုင်း ဆက်လက်လုပ်ကိုင်နိုင်ပါပြီ-ဟု ရှင်းလင်း ပြောပြလျက် ရှိတော့သည်။

ဆရာဝန်တွေက ကျွန်မကို လှောင်ပြောင်ရယ်မောကြပေမယ့် ဒီကြေးလက်ဝတ်ပစ္စည်းတွေ ၀တ်ဆင်မိတာ နည်းနည်းတောင် နောက်ကျသွားတယ်လို့ ကျွန်မက ထပ်ပြောလိုက်ပါတယ်-ဟု အသက် ၅၇-နှစ်ရှိ အယ်လီဇဘက်က အလေးအနက် ထားပြီး အတည်ပြုပြေကြားပါသည်။
မှီငြမ်း။
The miracle pain killing powers of copper jewellery.(Sun 4/97)

(ခင်နွယ်မျိုး-မန်းတက္ကသိုလ်)
( မြ၀တီ ၂၀၀၁-ခု ဇန်န၀ါရီလ)

Tuesday, December 7, 2010

စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

ညီလေး---
အရင်တလောက ကိုကြီးရေးလိုက်တဲ့ အကဲခတ်နဲ့ အကဲခပ်-အကြောင်း စာထဲမှာ စုတူသတ်စနစ်-အကြောင်း ပါသွားတော့ ညီလေးက စိတ်ဝင်စားပြီး နည်းနည်းလောက် ချဲ့ပြီးရှင်းပြပေးပါလို့ တောင်းဆိုလာလို့ ဒီစာကို ဆက်ရေးလိုက်တာပါ။ စုတူသတ်စနစ်-အကြောင်း ညီလေး စိတ်ဝင်စားတာ ၀မ်းသာပါတယ်။ ညီလေး စာစိတ်ပေစိတ် ၀င်လာတာကို ချီးကျူးကြိုဆိုပါတယ်။

တကယ်တော့ စုတူသတ်စနစ်-ဆိုတာ ကိုကြီးပေးထားတဲ့ နာမည်ပါ။ နာမည်ကိုသာ ပေးတာနော်။ ဒီစနစ်ကတော့ မြန်မာစကား၊ မြန်မာစာမှာ နဂိုကတည်းက ရှိပြီးသားစနစ်ပါ။ စနစ်နာမည် တပ်လို့ပဲ ဖြစ်ဖြစ်၊ စနစ်နာမည် မတပ်ဘဲပဲ ဖြစ်ဖြစ် ဒီစနစ်ကို သုံးနေကြပါတယ်။ ဒီစနစ်ကလည်း မြန်မာစကား၊ မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံ မှန်ကန်ဖို့နဲ့ အနက်အဓိပ္ပါယ်ကို သိဖို့ အလွန်ကောင်းတဲ့ စနစ် ဖြစ်နေတာကိုး။ ဆရာတော် ဦးကောသလ္လကတော့ ဗြဟ္မနိရုတ္တနယသင်္ဂဟ ခေါ် မြန်မာစာလုံးပေါင်း ပြောင်းထုံးကျမ်း (၁၉၈၅) မှာ အက္ခရာ ဖိုမ ပြောင်းလဲခြင်းလို့ ခေါ်ထားလေရဲ့။

စုတူသတ်စနစ်-လို့ နာမည်ပေးရတဲ့အကြောင်းက စပြီး ရှင်းပြပါမည်။ မြန်မာစာမှာ အသတ် ဆယ်ပါး ရှိတာကို ညီလေးသိပါတယ်။
က-သတ်၊
င-သတ်၊
စ-သတ်၊
ည-သတ်၊
တ-သတ်၊
န-သတ်၊
ပ-သတ်၊
မ-သတ်၊
ယ-သတ်၊
ဝ-သတ် ဆိုတာတွေပေါ့။ ဒါက ရှေးအစဉ်အလာ သတ်မှတ်ခဲ့ကြတဲ့ မြန်မာအသတ် ဆယ်ပါး၊

အခု သတ်မှတ်ထားတာလည်း အသတ်ဆယ်ပါးပဲ။ အဲဒါတွေကတော့
က-သတ်၊
င-သတ်၊
စ-သတ်၊
ဉ-သတ်၊
ည-သတ်၊
တ-သတ်၊
န-သတ်၊
ပ-သတ်၊
မ-သတ်၊
ယ-သတ် ဆိုတာတွေပါ။ ရှေးအစဉ်အလာ မြန်မာအသတ်ဆယ်ပါးထဲမှာ ၀-သတ်ပါတယ်။ ဉ-သတ် မပါဘူး။
အခုသတ်မှတ်တဲ့ အသတ် ဆယ်ပါးမှာတော့ ၀-သတ် မပါဘူး။ ဉ-သတ် ပါတယ်။ ဆယ်ပါးတော့ ဆယ်ပါးချည်းပဲ။

မြန်မာမှာ-
က-ခ-ဂ-ဃ-င=ဆိုတဲ့ က-၀ဂ် ဗျည်း ၅-လုံး။
စ-ဆ-ဇ-ဈ-ည=ဆိုတဲ့ စ-၀ဂ် ဗျည်း ၅-လုံး။
ဋ-ဌ-ဍ-ဎ-ဏ=ဆိုတဲ့ ဋ ၀ဂ် ဗျည်း ၅-လုံး။
တ-ထ-ဒ-ဓ-န=ဆိုတဲ့ တ ၀ဂ် ဗျည်း ၅-လုံး။
ပ-ဖ-ဗ-ဘ-မ=ဆိုတဲ့ ပ ၀င်္ဂ ဗျည်း ၅-လုံး။ ရယ်လို့ ၀ဂ်ဗျည်း ၂၅-လုံး ရှိတယ်ဆိုပြီး ပြောလေ့ရှိပါတယ်။
ဒါပေမဲ့ ဋ-၀ဂ်ဗျည်း ၅-လုံကိုတော့ ပါဠိဗျည်းသက်သက်ဖြစ်လို့ ချန်ထားရပါတယ်။ အဲဒီတော့ မြန်မာမှာ ၀ဂ်-ဗျည်း (၂၀) ရှိပါတယ်ဆိုပါစို့၊ (သဒ္ဒဗေဒသဘောအရ မြန်မာဗျည်းတွေအကြောင်း အလျဉ်းသင်းတဲ့အခါ ရှင်းပြပါဦးမယ်)။ အဲဒီဝဂ်-ဗျည်း (၂၀)မှာ မြန်မာမှုအရ အသတ်ဗျည်းတွေက ၈-လုံးရှိပါတယ်။

အဲဒါတွေကတော့---
က-၀ဂ်မှာ က-သတ် နဲ့ င-သတ်၊ ၀ဂ်တူ၊ အစုတူ၊
စ-၀ဂ်မှာ စ-သတ် နဲ့ ည-သတ်၊ ၀ဂ်တူ၊ အစုတူ။
တ-၀ဂ်မှာ တ-သတ် နဲ့ န-သတ်၊ ၀ဂ်တူ၊ အစုတူ။
ပ-၀ဂ်မှာ ပ-သတ် နဲ့ မ-သတ်၊ ၀ဂ်တူ၊ အစုတူ။ တို့ဖြစ်ပါတယ်။
စ-၀ဂ်က ည-သတ်ဆိုတာမှာ ဉ-ကလေးသတ်နဲ့ ည-ကြီးသတ်ဆိုတဲ့ နှစ်မျိုးလုံးကို ထည့်ရပါတယ်။

အဲဒီလိုဆိုရင်တော့ မြန်မာမှုအရ အသတ်ဗျည်း ၉-လုံးပေါ့။
က-သတ်၊
င-သတ်၊
စ-သတ်၊
ဉ-ကလေးသတ်၊
ည-ကြီးသတ်၊
တ-သတ်၊
န-သတ်၊
ပ-သတ်၊
မ-သတ် ဆိုတာတွေပါပဲ။

ဒီလိုဆိုတော့ က-၀ဂ် က-အစုမှာ က-နဲ့ င ၀ဂ်တူ၊ အစုတူတာမို့ က-သတ်နဲ့ င-သတ်က စုတူသတ်ပေါ့။
အဲဒီလိုပဲ စ-၀ဂ်မှာ စ-သတ်နဲ့ ဉ-ကလေး၊ ည-ကြီးသတ်တို့က စုတူသတ်။
တ-၀ဂ်မှာ တ-သတ်နဲ့ န-သတ်တို့က စုတူသတ်၊
ပ-၀ဂ်မှာ ပ-သတ်နဲ့ မ-သတ် တို့က စုတူသတ်တွေပဲ။
ဒီနေရာမှာ ညီလေးကို ထပ်မှာချင်တာကတော့ မ-သတ်နဲ့ သေးသေးတင်ကလည်း တူတာမို့ ပ-သတ်နဲ့ သေးသေးတင်ကိုလည်း စုတူသတ်လို့ ဆိုနိုင်ပါတယ်။
တနည်းပြောရရင်တော့ ပ-သတ်နဲ့ မ-သတ်၊ သို့မဟုတ် သေးသေးတင်ပေါ့။

ညီလေး ထပ်ပြီးမှတ်သားစရာတွေ ရှိသေးတယ်နော်၊ အဲဒါကတော့
က-သတ် ၃-လုံး၊
င-သတ် ၉-လုံး၊
စ-သတ် ၁-လုံး၊
ဉ-ကလေးသတ် ၃-လုံး၊
ည-ကြီးသတ် ၃-လုံး၊
တ-သတ် ၃-လုံး၊
န-သတ် ၉-လုံး၊
ပ-သတ် ၃-လုံး၊
မ-သတ် ၉-လုံး ရှိတယ်ဆိုတာပါပဲ။

အဲဒီမှာ က-သတ်၊
စ-သတ်၊
တ-သတ်၊
ပ-သတ်၊ ( က-စ-တ-အသတ်) တွေကို ရှေးကတော့ တိုင်သံ-လို့ခေါ်ကြတယ်။ သက်အောင့်သံ-လို့လဲ ခေါ်ကြသေးတယ်။ သံရပ် သရတွေကို ဖြစ်စေတာမို့ ရပ်သံ-လို့လည်း ခေါ်မှာပေါ့လေ။ ဉ-ကလေးသတ်၊ ည-ကြီးသတ်၊ န-သတ်၊ မ-သတ် (င-ဉ-ည-န-မ-အသတ်တွေ) တွေကိုတော့ နှာသံ-လို့ ခေါ်ပါတယ်။

အခု အကိုကြီးပြောနေတဲ့ က-သတ်၊ စ-သတ်၊ တ-သတ်၊ ပ-သတ်တွေနဲ့ င-သတ်၊ ဉ-ကလေးသတ်၊ ည-ကြီးသတ်၊ န-သတ်၊ မ-သတ် ဆိုတာတွေဟာ ၀ဂ်ဗျည်း၊ အစုဗျည်းတွေမှာ ၀ဂ်တူ၊ အစုတူ အသတ်ချင်း အနက်နှီးနွှယ် ဆက်စပ်တယ်၊
အနက်တူဆိုတာကို ပြောချင်လို့ ၀ဂ်တူသတ်၊ ဒါမှမဟုတ် စုတူသတ် စနစ်လို့ ခေါ်လိုက်တာပါပဲ။ ပိုပြီးမှတ်မိသွားအောင် ထပ်ပြီး ဇယားချကြည့်လိုက်ကြရအောင်လား။

ပထမက္ခရာသတ်၊ ၀ဂ္ဂန္တအက္ခရာသတ်................................ ၀ဂ်အမည်(အစုအမည်)..မှတ်ချက်
သက်အောင့်သံ...သံရှည်.....သံတို.....သံလေး....................
အက်.................အင်.........အင့်.......အင်း.......................က-၀ဂ်......အနက်နှီးနွှယ်(သို့) အနက်တူ
အောက်.............အောင်.....အောင့်...အောင်း...................က-၀ဂ်........................။
အိုက်.................အိုင်.........အိုင့်.......အိုင်း.......................က-၀ဂ်........................။
အစ်...................အဉ်........အဥ့်........အဉ်း......................စ-၀ဂ်..........................။
.........................အည်......အည့်......အည်း.....................စ-၀ဂ်..........................။
အတ်.................အန်........အန့်.......အန်း........................တ-၀ဂ်........................။
အိတ်.................အိန်........အိန့်.......အိန်း........................တ-၀ဂ်........................။
အုတ်.................အုန်........အုန့်.......အုန်း........................တ-၀ဂ်........................။
အပ်..................အမ်(အံ)..အမ့်(အံ့)..အမ်း.......................ပ-၀ဂ်.........................။
အိပ်..................အိမ်........အိမ့်.........အိမ်း.......................ပ-၀ဂ်.........................။
အုပ်.................အုမ်(အုံ)..အုမ့်(အုံ့)...အုမ်း(အုံး) ...............ပ-၀ဂ်.........................။

အဲဒီတော့ ဇယားကိုကြည့်တာနဲ့
က-၀ဂ် က-အစု၊
စ-၀ဂ် စ-အစုမှာ အစ်နဲ့ အဉ်၊ အဉ့်၊ အဉ်း-မှာ အက်-နဲ့ အင်၊ အင့်၊ အင်း၊
အောက် နဲ့ အောင်၊ အည်၊ အည့်၊ အည်း တို့ အနက်အဓိပ္ပါယ် နှီးနွှယ်
အောင့်၊ အောင်း၊ အိုက်နဲ့ အိုင်၊ အိုင့်၊ အိုင်း-တို့ ဆက်စပ်တယ်၊ တူညီတယ်။

တ-၀ဂ် တ-အစုမှာ အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ်။
အတ် နဲ့ အန်၊ အန့်၊ အန်း၊
အိတ် နဲ့ အိန်၊ အိန့်၊ အိန်း။
အုတ် နဲ့ အုန်။ အုန့်၊ အုန်း တို့ အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ်။

ပ-၀ဂ် ပ-အစုမှာ
အပ် နဲ့ အမ်၊ အမ့်၊ အမ်း၊ (အံ၊ အံ့)
အိပ် နဲ့ အိမ်၊ အိမ့်၊ အိမ်း၊ နဲ့ အုမ်၊ အုမ့်၊ အုမ်း (အုံ၊ အုံ့၊ အုံး)
အနက်အဓိပ္ပါယ် နှီးနွှယ်ဆက်စပ်တယ်၊ တူညီတယ် ဆိုတာတွေကို သိနိုင်လောက်တယ်ထင်ပါရဲ့။

အဲဒီ "စုတူသတ်"စနစ်ကို သိရင် စုတူသတ်ရဲ့ သဘောသဘာဝကို သိရင် မြန်မာစာမှာ အထူးသဖြင့် အသတ်အလတ်ကိစ္စမှာလည်း ပိုင်-မယ်၊ မြန်မာစာ မြန်မာစကားရဲ့ အနက်အဓိပ္ပါယ်အရာမှာလဲ နိုင်-မယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။
အကဲခတ် နဲ့ အကဲခပ် အကြောင်းပြောတုန်းက အကဲခတ်-ကို တ-သတ် ခတ် နဲ့ရေးမှ သင့်တယ်။ မှန်တယ် ဆိုတာဟာ အကဲခတ်-ကို အကဲခန့်-နဲ့ ဖလှယ်ပြီး အကဲကို ခန့်မှန်းတယ်ဆိုတဲ့ အနက်အဓိပ္ပါယ်ရတယ်ဆိုတာ အခြေခံပြီး ပြောခဲ့တာပဲ။

အကဲကို ခန့်မှန်းတယ်၊ အကဲခန့်တယ်၊ အကဲခတ်တယ်ပေါ့၊ အကဲကို တီးခတ်၊ တီးခေါက်တဲ့အနက်နဲ့ ကြံရင်လည်း အကဲခတ်-လို့ တ-သတ် ခတ်နဲ့ ရေးရမှာပဲ မဟုတ်လား။
ကဲ စုတူသတ် စနစ်ဟာ မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံနဲ့ အနက်အဓိပ္ပယ် ဆိုင်ရာတွေမှာ တနည်းပြောရရင် မြန်မာစာမှာ အရေးနဲ့အနက် မှာ ဘယ်လောက်အသုံးဝင် အရာရောက်သလဲဆိုတာ သာဓကလေးတွေနဲ့ ကြည့်လိုက်ကြရအောင်၊ က-သတ်နဲ့ င-သတ်က စလိုက်ကြတာပေါ့။

က-သတ်မှာ အက်၊ အောက်၊ အိုက် လို့ က-သတ် ၃-လုံးရှိတယ်နော်။
င-သတ်ကတော့ အင်၊ အင့်၊ အင်း၊ အောင်၊ အောင့်၊ အောင်း၊ အိုင်၊ အိုင့်၊ အိုင်း ရယ်လို့ ၉-လုံးရှိပေါ့။
အက် > < အင်၊ အင့်၊ အင်း က-သတ် အက် ကာရန်နဲ့ င-သတ် အင်၊ အင့်၊ အင်း ကာရန်တွေ အနက်နှီးနွှယ် ဆက်စပ်တာ၊ အနက်တူတာကို သာဓကလေးတွေနဲ့ ရှင်းပြပါမယ်။

မြန်မာစာ၊ မြန်မာစကားမှာ လေ့ကျက်၊ လေ့ကျင့်-ဆိုတာ စကားနှစ်လုံးရှိတာ ညီလေးသိပြီးသားပါ။ အဲဒီစကားနှစ်လုံးဟာ မူလအနက်အားဖြင့်တော့ တသဘောတည်းပါ။ ကျက် နဲ့ ကျင့်က က-သတ်နဲ့ င-သတ် စုတူသတ်လေ။ တဆက်တည်း တစပ်တည်း တ၀ဲလည်လည်၊ ဖန်တလဲလဲ ပြုလုပ်တဲ့ အနက်ရှိတယ်။ (စာ)ကျက်တယ်ဆိုတာ (စာကို) နှုတ်တက်ရအောင် စွဲမြဲမှတ်မိအောင် ထပ်တလဲလဲ ကြိမ်ဖန်များစွာ ရွတ်ဆိုတာပဲ။ ကျင့်တယ်ဆိုတာလည်း အမှုလုပ်တခုခုကို ကျွမ်းကျင်အောင် ထပ်တလဲလဲ ပြုမူတာပဲ မဟုတ်လား။ မူလအနက် သဘောတူတူပဲနော်။ ဒါပေမဲ့ အသုံးအနှုန်းအရ လေ့ကျက် နဲ့ လေ့ကျင့်ဟာ ရိုးတိုးရိပ်တိပ်တော့ အနက်ရိပ်ပြားတာကို မှတ်ထားဖို့ကောင်းတယ်။

မြန်မာစာအဖွဲ့က ပြုစုတဲ့ မြန်မာအဘိဓာန်မှာ လေ့ကျက်ကို-စွဲမြဲအောင် အကြိမ်ကြိမ် ကြည့်ရှုမှတ်သားသည်-လို့ ဖွင့်ပြီး လေ့ကျင့်ကိုတော့ စွမ်းရည်တိုးအောင် အထပ်ထပ် အားထုတ်သည်-လို့ ဖွင့်ထားလေရဲ့။ ဒီနေရာမှာ လေ့ကျက်နဲ့ လေ့ကျင့် ကို အချို့က အနက်တူလို့တောင် ယူတတ်ကြတယ်။ အနက်တူ-လို့ မယူဘဲ အနက်နှီးနွှယ် ဆက်စပ်လောက်နဲ့ဆိုရင် သင့်မယ်ထင်ပါတယ်။
ကွက် နဲ့ ကွင်းလည်း စုတူသတ် အနက်တူဆိုတာ ညီလေး တွေးမိပြီထင်ပါတယ်။ ကွက်ရော ကွင်းပါ တဆက်တည်း တစပ်တည်းဖြစ်တဲ့ အနက်ရင်းကို အခြေခံတာပဲ။ အကွက် နဲ့ အကွင်း၊ လယ်ကွက် နဲ့ လယ်ကွင်း၊ ကွက်ကွက် နဲ့ ကွင်းကွင်း တို့ကတော့ က-သတ်၊ င-သတ် အနက်တူတယ်ဆိုတာ ပေါ်လွင်တဲ့ သာဓကတွေပါ။ သွေကွက်က ကွက်နဲ့ ကွေကွင်းက ကွင်းတို့ အနက်တူကိုလည်း စဉ်းစားကြည့်နိုင်ပါတယ်။ သွေကွက်က ကွက်ဟာ သွေသွား၊ ဖည်သွား၊ ကွင်းသွားတာပဲ မဟုတ်လား။

ခက် နဲ့ ခင်လည်း စုတူသတ်၊ အနက်တူပဲ ညီလေး။ အနက်ရင်းကတော့ ဆက်စပ်ပူးယှဉ် နှောင်ဖွဲ့တွဲချည်တဲ့အနက်ပဲ။ ကြိုး၊ ကြိမ် တမျိုးမျိုးနဲ့ ပူးတွဲချည်ဖွဲ့တာကို ကြိုးနဲ့ခက်တယ်။ ကြိမ်နဲ့ ခက်တယ်လို့ ပြောတာ ညီလေးသိပါတယ်နော်။ ချည်မျှင်တွေကို ပေါင်းစည်းဖွဲ့ယှက် တွဲဖွဲ့ထားလိုက်ရင် ချည်ခင်မဖြစ်ပေ ဘူးလား။ ခက်နဲ့ ခင် အနက်တူတာ ထင်ရှားပါတယ်။ တဦးနဲ့တဦး သံယောဇဉ်ကြိုးနဲ့ ချည်ထား၊ နှောင်ထား၊ ဖွဲ့ထား၊ ခက်ထားတာကို ခင် တယ်လို့ပြောတာလည်း အလားတူပဲပေါ့။ တွက်ချက်တယ်၊ ချင့်တွယ်တယ်၊ ချင့်ချိန်တယ် ဆိုတဲ့ စကားတွေမှာ ချက်နဲ့ ချင့် အနက်ရင်းတူတာကို သိနိုင်ပါတယ်။ ဂဏန်းပုစ္ဆာရဲ့ အဖြေကို ရှာတာကိုလည်း တွက်ချက်တယ်လို့ ဆိုတယ်။ တွက်ဆတဲ့သဘော၊ မှန်းဆတဲ့ သဘော၊ ချင့်ချိန်တဲ့ သဘောမှာလည်း တွက်ချက်ကို သုံးပါတယ်။ ချင့်ချိန်တယ်ဆိုတာကတော့ ကောင်း-မကောင်း၊ သင့်-မသင့် အစရှိတာကို တိုင်းဆ ဆင်ခြင်တာပါပဲ။ ချက်နဲ့ ချင့်ဟာ စုတူသတ်၊ အနက်တူပေါ့။

ခွက်ရဲ့ အနက်က မျက်နှာပြင် ချိုင့်ဝှမ်းတဲ့ အနက်ဖြစ်ပါတယ်။ ပက်လက်အနေအထား၊ ပက်လက်အနေအထားမှာ ချိုင့်ဝှမ်းတဲ့သဘောပါ။ ခွင်ရဲ့ အနက်ကလည်း ကွေးတာကောက်တာ၊ ချိုင့်ဝှမ်းသဘောမျိုး ဖြစ်တာပါပဲ။ ဒေါင်လိုက်အနေအထား၊ မတ်မတ် အနေအထားမှာ ကွေးတာကိုင်းတာမျိုးပါ။ ဒါကြောင့် ခြေထောက် နည်းနည်းကွေးတာကို ခြေခွင်တယ်၊ ခွင်တယ်လို့ ဆိုကြတာပဲ။
ဒိုး-ကစားတဲ့အခါ ဒိုးစိုက်ဖို့ တွင်းရာကလေး၊ အခွက်ကလေး လုပ်ထားရတယ် မဟုတ်လား။ အဲဒီအခွက်ကလေးကို ခွင်လို့ ခေါ်တာ ညီလေးသိပါတယ်။ ခွက်နဲ့ ခွင် စုတူသတ်ပေါ့။ ချိန်ခွင်မှာ ခွင်ရဲ့ အနက်ကို သိချင်ရင်လည်း အလွယ်ကလေးပါ။ င-သတ်ကို က-သတ်နဲ့ ဖလှယ်လိုက်ရုံပါပဲ။ ခွင် ဆိုတာ ခွက်နဲ့ အတူတူပဲလို့ သိသွားတာပေါ့။

အသားအရေ ချောမွေ့နူးညံ့တာမျိုး၊ အဆိုအက အရေးအသား ပြေပြစ်တာမျိုးကို ညက်တယ်လို့ ပြောကြတယ်။ အပြောအဆို၊ အပြုအမူ ညက်ညောတာကို ညင်သာတယ်လို့ ဆိုတယ်လေ။ ညက်ညောက ညက်နဲ့ ညင်သာက ညင်ဟာ စုတူသတ် အနက်တူပါပဲ။ လေပြည်လေညင်းဆိုတာ ညက်ညက်ညောညော၊ ညင်ညင်သာသာ၊ ညင်းညင်းပျောင်းပျောင်း၊ ညင်းညင်းပျပျ၊ တိုက်တဲ့လေကို ခေါ်တယ်။ ညက်ညော၊ ညင်သာ၊ ညင်းပျောင်း ညင်းပျ တို့မှာပါတဲ့ ညက်၊ ညင်၊ ညင်း တို့ စုတူသတ်၊ အနက်တူပဲနော်။ လေပြည်လေညင်းလို့ ရေးတဲ့အခါ ညင်းမှာ ဟထိုး ပါ-မပါ သိချင်ရင် ညက်နဲ့ ဖလှယ်ကြည့်၊ တိုက်ဆိုင်ကြည့်လို့ ရပါတယ်။ ည-မှာ ဟထိုး မပါတော့ ညင်းမှာလည်း ဟ-ထိုး မပါရဘူးပေါ့။ စာလုံးပေါင်း သတ်ပုံကိုလည်း မှန်စေတဲ့ စုတူသတ် စနစ်ပေ။

အရာဝတ္ထုတခုရဲ့ မျက်နှာပြင် အနံကို ဗြက်လို့ ခေါ်တယ်။ ဗြက်ရဲ့ ရင်းမြစ်သဘောကိုလည်း မသိ၊ စုတူသတ်စနစ်နဲ့လည်း မချိန်မိသူတွေက ဗျက်လို့ မှားရေးတတ်ကြသည်။ တကယ်တော့ မျက်နှာပြင်၊ မြေပြင်၊ ရေပြင်လို ပြင်၊ အပြင်နှင့် ဆက်နွှယ်စဉ်းစားကြည့်ရင် အနက်အဓိပ္ပါယ်လည်း သိ၊ စာလုံးပေါင်းသတ်ပုံလည်း သိသွားနိုင်ပါတယ်။ ပြင်ကိုပဲ ပြက်လို့ ဖလှယ်လိုက်ပါ။ ပြက်ကို အသံစွဲအရေးနဲ့ ရေးရင် ဗြက်ပဲပေါ့။ ဗြက်ဆိုတာ ရေပြင်၊ မြေပြင်၊ မျက်နှာပြင်တို့က ပြင်နဲ့ အနက်တူတာကို သိရင် ဗြက်လို့ ရရစ်နဲ့ ရေးတာကိုလည်း ဘ၀င်ကျကျ လက်ခံနိုင်တာပေါ့။

မက်မော၊ တပ်မက်၊ စွဲမက်တို့မှာပါတဲ့ မက်ဟာ ခုံမင်၊ ခင်မင်တို့မှာပါတဲ့ မင်နဲ့ အနက် မတူပေဘူးလား။ မက်ကလည်း စွဲလမ်းတွယ်တာတဲ့ အဓိပ္ပါယ်၊ မင်ကလည်း စွဲလမ်းတွယ်တာတဲ့ အဓိပ္ပါယ်ပဲလေ။ ခုံမင်နဲ့ ခုပ်မက်တို့က မင်ကာနဲ့ မက်ကာ တူသလို၊ ခုံတာနဲ့ ခုပ်တာလည်း အတူတူပါပဲ။ ခင်မင်တယ်၊ ခင်မက်တယ်လို့ ပရိယာယ်အနေနဲ့ သုံးတာလည်း ညီလေးသိမှာပါ။ ဦးယာရဲ့ အဲချင်းတပုဒ်မှာ ဟက်လက်ကယ်တဲ့ ဟာလာ။ အသည်းလှိုက်ဆူ၊ မယ့်ကြင်သူငယ်ကြောင့်၊ လွမ်းပူဆာလို့လေ-ဆိုတဲ့ စာလေးကို တွေ့တော့ ဪ-ဟက်လက် ဆိုတာ ဟင်းလင်းပါပဲကလားလို့ တွေးမိပြီး စုတူသတ်စနစ်ကို အတော် ကျေးဇူးတင်မိတယ်။

စာလည်း အတော်ရှည်သွားပြီ။ နောက်မှ ဆက်ရေးလိုက်ပါမယ်။ စိတ်ရှည်ရှည်၊ ဇွဲကြီးကြီးနဲ့သာ ဆက်ဖတ်ဖို့ အားခဲထားပေတာ့။
မြန်မာစာကို ချစ်မြတ်နိုးတတ်ပါစေ။
ကိုကြီး

ထွန်းတင့်
(မြ၀တီမဂ္ဂဇင်း ၂၀၀၁-ခု ဇန်န၀ါရီလ)

Sunday, December 5, 2010

စကားကြီး ဆယ်မျိုး

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်။ မြန်မာလူမျိုး တို့က စကားကြီး ၁၀-မျိုးဟုခေါ်ဆိုကြသည်။ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

၁။ ရေကူးညာတင်
၂။ ကောက်ပင်ရိတ်လှီး
၃။ ရေစီးဖောင်ဆန်
၎။ အိုးတန်ဆန်ခပ်
၅။ ဆီပွတ်ကျည်ပွေ့
၆။ ဆင်ဝှေ့ရန်ရှောင်
၇။ တောင်သူယာခုတ်
၈။ ကြက်ဆုတ်ခွပ်ပစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင်မောင်းနင်း
အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။

၁။ ရေကူးညာတင် ပြောနည်း-
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် "ရေကူးညာတင် ပြောနည်း "မည်၏။ အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက ပြောသော စကားကို သာဓကထုတ်အပ်၏။

၂။ ကောက်ပင်ရိပ်လှီး ပြောနည်း-
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဖက်ဖြင့် ဆုတ်သိမ်းကာ တံဇဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းက ဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် "ကောက်ပင်ရိတ်လှီး ပြောနည်း"မည်၏။
သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။

၃။ ရေစီးဖောင်ဆန် ပြောနည်း-
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ, ဥပမေယျ တို့ဖြင့် ဖြည်းညင်း သာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် "ရေစီးဖောင်ဆန် ပြောနည်း"မည်၏။
ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က "အဆွေတော်"ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီသားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓက ထုတ်အပ်၏။

၎။ အိုးတန်ဆန်ခပ် ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် "အိုးတန်ဆန်ခပ်"ပြောနည်း မည်၏။
သားရွှေအိုး ထမ်းလာသည်ကို မြင်လိုပါသည်ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောဆိုခြင်းသည် "ဆီပွတ်ကျည်ပွေ့"ပြောနည်း မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်း၊ ရှားနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်းဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် "ဆင်ဝှေ့ရန်ရှောင်"ပြောနည်း မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏ စကားကို သာဓက ထုတ်အပ်၏။

၇။ တောင်သူယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင်လည်း ဦးစွာစကားငယ်ပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် "တောင်သူယာခုတ်"ပြောနည်း မည်၏။
အမတ်ကြီး လေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့် ပညာ ဘယ်ဟာက မြတ်သည်ဟူသော အငြင်းပွားပုံကို သာဓက ထုတ်အပ်၏။

၈။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သရွှေ့ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် "ကြက်ဆုတ်ခွပ်ပစ်"ပြောနည်း မည်၏။
က၀ိသေတ္တု မဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီး ဦးပေါ်ဦးတို့ အပြန်အလှန် ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင် နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် "ရေစစ်ပမာ စကားပြောနည်း"မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။

၁၀။ ခက်တင်မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်မကျ ပြောဆိုခြင်းသည် "ခက်တင်မောင်းနင်း" ပြောနည်း မည်၏။
ဤသူ ငါ့တူ မဟုတ်ဟု မည်သူပြောသနည်း-ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။

မှတ်ချက်။
စကားကြီး ၁၀-မျိုးအကြောင်းကို ပြဆိုသော ပုံသက်သေ သာဓက၀တ္ထုများကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌ လေ့လာကြည့်ရှုကြပါ။ အောက်ပါအောင်ပွဲရ ကဗျာကို ကျက်မှတ်ထားရာ၏။

အောင်ပွဲရ ကဗျာ
၁။ ရေကူးညာတင်၊ ပြောရိုးတွင်၊ ဉာဏ်ယှဉ်ပါက အောင်ပွဲရ။
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၎။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။
၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။

မော်လူး
ဆယ်စောင်တွဲ သင်တန်း မြန်မာပြန်ကျမ်း-မှ

Saturday, December 4, 2010

၃၈-ဖြာ မင်္ဂလာ

( မင်္ဂလာ အမွှန်း )
ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။
နတ်နှင့်တကွသော လူတို့သည် ၁၂-တိုင်အောင် ကြံစည်တွေးတောပါသော်လည်း မင်္ဂလာတရား၏ အဓိပ္ပါယ်ကို မသိနိုင်ကြကုန်။ မင်္ဂလာတရားသည် အရေအတွက်အားဖြင့် ၃၈-ပါးရှိ၏။ မင်္ဂလာတရားသည် တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။

ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမဟေ။
နတ်တကာတို့သည် မြတ်သော ၀ိသုဒ္ဓိနတ် ဘုရားမြတ်သည် သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှါ မင်္ဂလာတရားကို ဟောတော်မူခဲ့ပါသည်။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။ အို-သူတော်ကောင်းတို့...ထိုမင်္ဂလာတရားတော်ကို ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။

( မင်္ဂလာနိဒါန်း )
ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ၊ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
အကျွန်ုပ်အာနန္ဒာသည် မင်္ဂလာတရားတော်ကို မြတ်စွာဘုရား၏ ရှေ့မှောက်တော်မှ ဤသို့ ကြားနာမှတ်သားခဲ့ရ ပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူပါသည်။

ထိုအခါ မထင်ရှားသော နတ်သားတယောက်သည် သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာပါ သည်။ ဇေတ၀န်တကျောင်းလုံး နတ်သား၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပနေပါသည်။ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာသော နတ်သားသည် သင့်လျော်ရာအရပ်၌ မတ်တတ်ရပ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် ဂါထာဖြင့် ဤသို့ မေးလျှောက်လေသည်။

( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင်ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။

( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ
၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၎။(၁)။သင့်လျော်သောအရပ်၌ နေရခြင်း။
၅။ (၂)။ ရှေး၌ပြုဖူး ကောင်းမှုအထူးရှိခြင်း။
၆။ (၃)။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( သင်ကြားရေး မင်္ဂလာ ၄-ပါး )
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ (၁)။ လောကီ လောကုတ် အကြားအမြင်များခြင်း။
၈။ (၂)။ စက်မှု လက်မှု အတတ်တို့ကို တတ်ခြင်း။
၉။ (၃)။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်ခြင်း။
၁၀။ (၄)။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ပြုစုရေး မင်္ဂလာ ၃-ပါး )
မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ (၁)။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း။
၁၂။ (၂)။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။ (၃)။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
မြင်းမိုရ်ရွှေတောင် မိဘများကို၊ ကောင်းစွာဆင်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး )
ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ (၁)။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၁၅။ (၂)။ သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။ (၃)။ ဆွေမျိုးးတို့အား ထောက်ပံ့ကူညီခြင်း။
၁၇။ (၄)။ အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ရှောင်ကြဉ်ရေး မင်္ဂလာ ၃-ပါး )
အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၈။ (၁)။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။
၁၉။ (၂)။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ် ၂-ပါးဖြင့် ရှောင်ကြဉ်ခြင်း။
၂၀။ (၃)။ မူးယစ်သေစာ မသောက်စားခြင်း။
၂၁။ (၄)။ ကုသိုလ်တရားတို့၌ မမေ့ မလျော့ခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းလေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( စိတ်ထားရေး မင်္ဂလာ ၅-ပါး )
ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၂။ (၁)။ ရိုသေထိုက်သော သူကို ရိုသေခြင်း။
၂၃။ (၂)။ မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ (၃)။ ရောင့်ရဲလွယ်ခြင်း။ (လောဘအပို အလိုမလိုက်ခြင်း)
၂၅။ (၄)။ သူတပါးကျေးဇူးကို သိခြင်း။
၂၆။ (၅)။ သင့်လျော်သောအခါ တရားနာခြင်း။
ဤငါးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်စေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( သည်းခံရေး မင်္ဂလာ ၄-ပါး )
ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၇။ (၁)။ သည်းခံခြင်း။
၂၈။ (၂)။ ဆုံးမလွယ်ခြင်း။
၂၉။ (၃)။ ရဟန်းသံဃာတို့အား ဖူးမြော်ခြင်း။
၃၀။ (၄)။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ခြိုးခြံရေး မင်္ဂလာ ၄-ပါး )
တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာနဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၁။ (၁)။ ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ (၂)။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
၃၃။ (၃)။ သစ္စာလေးပါးကို သိခြင်း။
၃၄။ (၄)။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( စိတ်ထားရေး မင်္ဂလာ ၄-ပါး )
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၅။ (၁)။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်ဓာတ်မတုန်လှုပ်ခြင်း။
၃၆။ (၂)။ မစိုးရိမ်ခြင်း။
၃၇။ (၃)။ ကိလေသာမြူ ကင်းခြင်း။
၃၈။ (၄)။ ဘေးကင်းခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။

( မင်္ဂလာအကျိုးပြ နိဂုံး )
ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
ဤ သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုငမခံရ၊ အရပ်ဒေသ အားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်၏။
၃၈-ဖြာ မင်္ဂလာတရားသည် နတ်လူတို့အတွက် အမြတ်ဆုံးသော မင်္ဂလာမည်၏။

(လင်္ကာ)
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။

မော်လူး
(ဆယ်စောင်တွဲ စာအုပ်မှ ကူးယူဖော်ပြသည်)