Sunday, January 2, 2011

ဆေးလိပ်နှင့် ခုခံအား

HIV အိဒ်စ်ရောဂါပိုးသည် လူ့ခုခံအားကို ကျဆင်းစေပြီး ကူးစက်ရောဂါ အမျိုးမျိုး ဖြစ်စေသည်။ ယခုအခါ ဆေးလိပ် သောက်သူများတွင်လည်း ခုခံအားကျ၍ ရောဂါများ ဖြစ်စေနိုင်ကြောင်း ဒိန်းမတ်ပြည်မှ ဆရာဝန်များက ကြေညာခဲ့ကြသည်။ ဒိန်းမတ်ပြည် ကိုပင်ဟေ၀င်မြို့ရှိ BISPEBJERG ယူနီဗာစီတီဆေးရုံ၌ ပေါင်ရင်းရိုးနှင့် ဒူးရိုး အစားထိုး ကုသခံသူ ၁၂၀-ကို လေ့လာကြည့်ကြသောအခါ ခွဲစိပ်ကုသမှု မခံယူမီ ဆေးလိပ်အသောက် ရပ်နားထားသူများမှာ ခွဲစိပ်ပြီးနောက် ပြဿနာ နည်းတတ်ကြောင်း တွေ့ရှိကြသည်ဆိုသည်။

မခွဲစိပ်မီ တလခွဲ သို့မဟုတ်-နှစ်လကြို၍ ဆေးလိပ်ဖြတ်ထားသူများတွင် ခွဲစိပ်ပြီးနောက် ၁၈-ရာနှုန်းခန့်သာ ခွဲစိပ်ပြီး အနာရင်းမှု၊ နှလုံးရောဂါရမှု ဖြစ်တတ်ပြီး ဆေးလိပ်မဖြတ်သူ ၅၀-ရာနှုန်းမှာ အနာရင်းခြင်း စသည်တို့ ပြဿနာဖြစ်တတ်ကြောင်း တွေ့ရသည်။ ဆေးလိပ်ဖြတ်ပြီးမှ ခွဲစိပ်ခံရသူများသည် ဆေးလိပ်မဖြတ်သူတို့ထက် ၂-ရက်စောပြီး ဆေးရုံမှ ဆင်းကြရသည်ဆိုသည်။

အကြောင်းရင်းကြီးမှာ ဆေးငွေ့များသည် ခုခံအားများကို ကျဆင်းစေခြင်း၊ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတို့၏ လုပ်ငန်းများကို ထိခိုက်စေတတ်ခြင်းတို့ကြောင့် ဖြစ်သည်ဆိုသည်။
ဤသုတေသနကို ထောက်ရှုခြင်းအားဖြင့် ဆေးလိပ်သောက်သူများ၏ ခုခံအားများသည် ဆေးငွေ့များကြောင့် လုပ်ငန်းကျဆင်းကြောင်း ဆေးလိပ်မသောက်သူတို့၌ ခုခံအား မကျကြောင်း သိသာပြီးဖြစ်သည်။

ခန္ဓာကိုယ်အစိတ်အပိုင်းတို့၏ လုပ်ငန်းများ ထိခိုက်သည်ဆိုရာတွင် ဆေးလိပ်စီးကရက် တလိပ်သောက်လျှင် သွေးကြော မိုင်ပေါင်း ၇၅၀၀၀-တို့ ၁၀၅-မိနစ်မျှ ကျဉ်းသွားခြင်းကို ဆိုလိုသည်။ ဆက်တိုက် ဆေးလိပ်သောက်က တနေကုန် ကျဉ်းနေမည်။ ထိုအခါ သွေးများခွဲစိပ်ရာသို့ အရောက်နည်းလျှင် အနာကျက်ရန် အချိန်ကြာမည်။

(သိပ္ပံ မဂ္ဂဇင်း ၂၀၀၃-ခု ဇူလိုင်လ)

No comments: