Tuesday, January 4, 2011

ဆောင်းရာသီမှာ အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ

ဆောင်းရာသီမှာ တိုက်ခတ်တဲ့လေအေးတွေက လူကို လန်းဆန်းအေးမြစေပေမယ့် အသားအရေကိုတော့ ခြောက်သွေ့မှုနဲ့အတူ အသားပပ်တာမျိုး ခံစားရစေပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ ခြောက်သွေ့မှုကို ပြင်းပြင်းထန်ထန် မခံစားရသော်လည်း ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်တွေကတော့ အသားပပ်ခြင်း၊ စပ်ဖျဉ်းဖျဉ်းခံစားရခြင်းတို့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ဆောင်းရာသီမှာ မဖြစ်မနေ လုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှုပုံစံလေးတွေကို အားလုံးသိရှိအောင် တင်ပြပေးထားပါတယ်။

အစိုဓာတ် ဖြည့်ပါ---
အေးမြခြောက်သွေ့တဲ့ ရာသီဖြစ်တာမို့ Skin Care တွေ သုံးတဲ့အခါ အသားအရေကို ပိုမိုခြောက်သွေ့စေတာမျိုး မဖြစ်အောင် ရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒီအတွက် ဆပ်ပြာကို အခြေခံပြီးထုတ်လုပ်တဲ့ Cleanser မျိုးကို မရွေးချယ်ဘဲ Cleanser အပျော့စားတွေကိုပဲ ရွေးချယ်သင့်ပါတယ်။ ခြောက်သွေ့တဲ့အသားအရေရှိသူတွေဟာ Toner ကို အသုံးမပြုဘဲ ရှောင်ရှားသင့်ပါတယ်။ မရှိမဖြစ် အသုံးပြုရမှာကတော့ Moisturizer ပါပဲ။ နွေရာသီမှာအသုံးပြုနေကျ Water -based Moisturizer ထက် အဆီကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Oil-based အမျိုးအစားကို ရွေးချယ်ပါ။ အဆီ (၈၀)ရာခိုင်နှုန်းခန့်ပါဝင်တဲ့ Carem တွေကို ရွေးချယ်သင့် ပါတယ်။ အဆီက အသားအရေးကို အလွှာတထပ်အနေနဲ့ ကာကွယ်ပေးနိုင်ပြီး အစိုဓာတ်ကိုလည်း ပိုမိုထိန်းသိမ်းပေးနိုင်ပါတယ်။ အဆီပါဝင်တဲ့ Product တွေကို အသုံးပြုသင့်သော်လည်း မွေးညင်းပေါက်တွေကို ပိတ်ဆို့စေနိုင်တဲ့ အဆီအမျိုးအစားတွေ မပါဝင်အောင်တော့ ဂရုပြုရပါမယ်။ Avocado Oil၊ Mineral Oil၊ Primrose Oil နဲ့ Almond Oilတို့ကတော့ ရွေးချယ်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

* Sunscreen သုံးပါ---
ပူပြင်းတဲ့နေရောင်ကို မြင်တွေ့ရတဲ့ နွေရာသီလိုအချိန်မှာ Sunscreen ကို အသုံးပြုသင့်တာမျိုး မဟုတ်ပါဘူး။ ဆောင်းရာသီမှာ နေရောင်ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း UV ray တွေက ဒုက္ခပေးနိုင်တဲ့အတွက် အနည်းဆုံး SPF 15 ပါဝင်တဲ့ Sunscreen တွေကို အသုံးပြုပေးပါ။ အပြင်မထွက်ခင် မိနစ် (၃၀)လောက်အလို ကတည်းက ကြိုတင်လိမ်းပေးဖို့ လိုအပ်ပါတယ်။ နေရောင်အောက်မှာ အချိန်ကြာကြာ နေထိုင်မယ်ဆိုရင်တော့ ထပ်မံလိမ်းပေးဖို့လိုပါတယ်။

* ရေပူနဲ့ ရေမချိုးပါနဲ့---
ပူနွေးလွန်းတဲ့ရေနဲ့ ရေချိုးခြင်းက အသားအရေကို ပိုမိုခြောက်သွေ့စေပါတယ်။ ရေနွေးနဲ့ အချိန်ကြာကြာ ရေစိမ်ချိုးတာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ ရေအေး (သို့မဟုတ်) ရေခပ်နွေးနွေးနဲ့သာ ရေချိုးပါ။ အသားပပ်ခြင်း၊ ခြောက်သွေ့ခြင်းကို အလွန်အမင်း ခံစားရသူတွေဟာ သံလွင်ဆီကဲ့သို့သော အဆီတမျိုးမျိုးကို ရေမချိုးမီ နှိပ်နယ်ပြီး လိမ်းပေးသင့်ပါတယ်။ ရေချိုးပြီးလို့ ခန္ဓာကိုယ်အစိုဓာတ်ရှိနေချိန်မှာ Moisturizer ကို အသားထဲစိမ့်ဝင်အောင် လိမ်းပေးခြင်းက ပိုမိုထိရောက်တဲ့ အာနိသင်ကို ရရှိနိုင်ပါတယ်။

* နှုတ်ခမ်းသားများကို ဂရုစိုက်ပါ---
ခြောက်သွေ့အေးမြတဲ့ရာသီမှာ ဖြစ်ပေါ်လေ့ရှိတဲ့ နှုတ်ခမ်းသား ကွဲအက်ခြောက်သွေ့မှုအတွက် SPF ပါဝင်တဲ့ Lip Balm လေးကို ဆောင်ထားသင့်ပါတယ်။ ခြောက်သွေ့တဲ့နှုတ်ခမ်းကို လျှာနဲ့တို့ထိပြီး အစိုဓာတ်ရအောင် ပြုလုပ်ခြင်းက ပိုပြီးခြောက်သွေ့စေနိုင်တာမို့ မပြုလုပ်မိအောင် ရှောင်ရှားပါ။ ခြောက်သွေ့မှုကို ခံစားရတိုင်း Lip Balm လေးကို ထပ်ပြီးဆိုးပေးသင့်ပါတယ်။ Vitamin E ပါဝင်တဲ့ Lip Balm ကိုလည်း အသုံးပြုနိုင်ပါတယ်။

* ရေများများသောက်ပါ---
ခန္ဓာကိုယ်အတွက် ရေဓာတ်ဟာ အရေးကြီးတာမို့ ရေများများသောက်သုံးပြီး ရေဓာတ်ဖြည့်တင်းပါ။ နွေရာသီမှာလိုပဲ ဆောင်းရာသီမှာလည်း ရေဘူးဆောင်ထားသင့်ပါတယ်။ ရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းက အပူများကို ဖယ်ရှားပေးနိုင်တဲ့အတွက် ဆောင်းရာသီမှာ ဖြစ်ပေါ်တတ်တဲ့ ခံတွင်းဝေဒနာတချို့ကိုလည်း သက်သာစေပါတယ်။ အသီးအနှံနဲ့ အသီးအရွက်တွေကိုလည်း များများစားသုံးပေးသင့်ပါတယ်။

* Mask ကပ်ခြင်း နဲ့ Scrub အသုံးပြုမှုကို ချင့်ချိန်ပါ---
Mask တွေနဲ့ Scrub တွေကို အသုံးပြုလွန်းခြင်းက အသားအရေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အသုံးပြုနေကျထက် အကြိမ်ရေ လျှော့သုံးပါ။ အသားအရေ ခြောက်သွေ့လွန်းသူတွေကတော့ အယ်လ်ကိုဟော ပါဝင်တဲ့ Product မျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ အယ်လ်ကိုဟောတွေ အငွေ့ပြန်တဲ့အခါ အေးမြပြီး လန်းဆန်းတဲ့ အာနိသင်ကို ပေးစွမ်းနိုင်သော်လည်း ရေဓာတ်ကို စုပ်ယူသွားတဲ့အတွက် အသုံးမပြု သင့်ပါဘူး။ ရွှံ့စေးနဲ့ ပြုလုပ်တဲ့ Clay Mask တွေထက် ရေဓာတ်ဖြည့်ပေးတဲ့ Hydrating Mask ကို ရွေးချယ်ပေးသင့်ပါတယ်။

* အထပ်ထပ် ၀တ်ဆင်ပါ---
ထူထဲလွန်းတဲ့ အနွေးထည်ကို တထပ်တည်း ၀တ်ဆင်ခြင်းက ချွေးထွက်များစေပြီး ခန္ဓာကိုယ်ကို လေးလံနေစေပါတယ်။ အနွေးထည် ခပ်ပါးပါးတွေကို အရောင်ရောစပ်ပြီး အထပ်ထပ်ဝတ်ဆင်ခြင်းက သက်သောင့်သက်သာ ရှိရုံသာမက စတိုင်လ်ကျ လှပစေနိုင်ပါတယ်။ ချည်ထည်လေးတွေကိုတော့ ခန္ဓာကိုယ်နဲ့ အနီးစပ်ဆုံး ၀တ်ဆင်ပေးပါ။

* ဆံကေသာကို ဂရုစိုက်ပါ---
ဆောင်းတွင်းချိန်ခါမှာတော့ ဆံကေသာကို ထိထိရောက်ရောက် အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ခြောက်သွေ့အေးမြတဲ့ လေ တိုက်ခြင်းကြောင့် ဆံကေသာကို ခြောက်သွေ့စေပြီး အဖျားနှစ်ခွ ဖြစ်ခြင်းမျိုးတွေ ကြုံရတတ်ပါတယ်။ အဆီထွက်လေ့ရှိတဲ့ ဦးရေပြားတွေဟာလည်း အအေးဒဏ်ကြောင့် ဦးရေပြားပေါ်က အဆီတွေခဲသွားပြီး ဗောက်အသွင် ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည် ရွေးချယ်ရာမှာ ဆံပင်သားကိုသာမက ဦးရေပြားကိုပါ ထိရောက်အကျိုးရှိစေတဲ့ Scalp Care (သို့မဟုတ်) Hair Spa Shampoo မျိုးကို ရွေးချယ်ပါ။ ဆံပင်ကို ဖြန့်ချထားတဲ့အခါ လေအေးနဲ့ ထိတွေ့ရနိုင်တဲ့အတွက် စည်းနှောင် ထုံးဖွဲ့ထားတာမျိုး ပြုလုပ်ပါ။ ဆံပင်ကို အဆီတမျိုးမျိုး မလိမ်းခင်မှာ အဆီကိုပူနွေးအောင် အပူပေးပြီးမှ သုတ်လိမ်းခြင်းက ဆံသားထဲသို့ ထိရောက်စွာ စိမ့်ဝင်စေပါလိမ့်မယ်။ ဆောင်းတွင်းကာလမှာ ဆံသားဟာ အစိုဓာတ် ဆုံးရှုံးမှုများတာမို့ ဆံပင်ဆေးဆိုးခြင်း၊ ဖြောင့်ခြင်းကဲ့သို့သော ဆံသားကို ခြောက်သွေ့ပျက်စီးစေမယ့် ပြုပြင်ခြင်းမျိုးကို မပြုလုပ်ပါနဲ့။ မဖြစ်မနေ ပြုလုပ်ချင်သူတွေအနေနဲ့ ပုံမှန်ထက် Treatment ပိုလုပ်ပေးသင့် ပါတယ်။ အေးတဲ့ရာသီဖြစ်သော်လည်း ခေါင်းလျှော်တဲ့အခါ ခပ်မြန်မြန်လျှော်ချတာမျိုး မပြုလုပ်သင့်ပါဘူး။ ဆံပင်ကိုလည်း Dryer နဲ့ အခြောက်မခံဘဲ သဘာဝအတိုင်း ခြောက်သွေ့အောင် ပြုလုပ်ပေးသင့်ပါတယ်။

သဉ္ဇာခိုင်
( Image 2010-November)

No comments: