Thursday, January 13, 2011

မှိုဟင်းကဲ့သို့ စားကောင်းသော ရှားစောင်း ပြာသာဒ်ပွင့်

ရှားစောင်းပြာသာဒ်(တဇောင်းပြာသာဒ်) ဆိုသည်မှာ အညာဒေသ မိုးခေါင်ရေရှားရပ်ဝန်း၊ ပူပြင်းခြောက်သွေ့ သောဒေသတွင် အပူဒဏ်ကို ခံနိုင်သော ဆူးပါသည့်ရှားစောင်းမျိုးနွယ်ပင် ဖြစ်ပါသည်။
အထက်အညာအရပ်တွင် ရှားစောင်းကြီး၊ ရှားစောင်းပြာသာဒ်၊ ရှားစောင်းမြင်းနား၊ ရှားစောင်းချဉ်၊ ရှားစောင်းခါးများ ပေါက်ရောက်ကြပါသည်။

ရှားစောင်းကြီးပင်မှာ အောက်ခြေပင်စည်မှ အထက် (၂)ပေ၊ (၃)ပေလောက်မှ စတင်၍ အကိုင်းအခက်အခွများ အပင်ကို ၀ိုင်း၍ထွက်ကြသည်။ ယင်းအကိုင်းအခက်များသည် အစောင်း(ဇောင်း)မြောင်းများ ပါရှိပြီး တိုတောင်း တုတ်တိုသော ဆူးငယ်များ တန်း၍ပေါက်ပါသည်။

လေးညှင်းပွင့်ကဲ့သို့သော အနီဖျော့ရောင် အပွင့်များ ထွက်လေ့ရှိပါသည်။ ယင်းအပွင့်များ၏ ၀တ်ရည်ကို ပျားများက စုပ်ယူရရှိသော ပျားရည်မှာ တန်ဖိုးရှိပြီး ဆေးဖက် အလွန်ဝင်လှပါသည်။
ှရှားစောင်းကြီးပင်၏ အမြင့်မှာ (၈)ပေ၊ (၉)ပေခန့်အထိ အမြင့်ရှိကြသဖြင့် နွားကျောင်းသားများပင် အရိပ်ခိုနားကြရပါသည်။ အရွက်တော့ မရှိပါ။ အပင်ကို ဆိတ်ကြည့်လျှင် အဖြူရောင်အစေးများ ထွက်ရှိပြီး ဆေးဖက်ဝင်ပါသည်။

ရှားစောင်းမြင်းနားပင်မှာ အထက်ဖော်ပြပါ ရှားစောင်းကြီးပင်ကဲ့သို့ ဖြစ်ပြီးထူးခြားသည်မှာ အရွက်ရှည်ရှည်၊ ထိပ်ဝိုင်းဝိုင်းများ ထွက်ရှိနေသဖြင့် မြင်းနားရွက်ပင်၊ ရှားစောင်းမြင်းနားပင်ဟု ခေါ်ကြသည်။
နားအူ နားလေးလျှင် ဤရှားစောင်းမြင်းနားရွက်များကို မီးအပူ အနည်းငယ်ပြပြီး အရည်ညှစ်၍ ယင်းအရည် နွေးနွေးလေးကို နားလေး နားအူသူများမှ နားရွက်အတွင်းသို့ လောင်းထည့်လေ့ရှိကြသည်။ ဒေသဆိုင်ရာ ဆေးနည်းတိုတမျိုး ဖြစ်ပါသည်။ အပင်၏ အရွယ်အစားများ ရှားစောင်းကြီးပင်ကဲ့သို့ မြင့်ပါသည်။

ရှားစောင်းချဉ်နှင့် ရှားစောင်းခါးပင်များမှာ အပင်အရွက် သေးငယ်ပြီး လက်မ၊ လက်ညှိုးအရွယ် အတုတ်ပင်စည် ရှိပြီး အမြင့်မှာ (၁)ထွာသာသာ မြင့်ပါသည်။ ရှာစောင်းမျိုးနွယ် ဖြစ်သဖြင့် အပင်အခက်အလက်များမှာ တိမ်သော စောင်းငယ်များပါရှိပြီး အပင်အသားမှာ နူးညံ့ပါသည်။

ရှားစောင်းခါးပင်ကို ရေစင်အောင်ဆေး၊ ဓားပြားရိုက်ပြီး ဆားနယ်ညှစ်ပစ်၍ ပုဇွန်ခြောက်နှင့် ကြော်ချက်၍ စားရပါသည်။ အနည်းငယ် ခါးသက်သောအရသာ ရှိပါသည်။
ရှားစောင်းချဉ်မှာမူ ရှားစောင်းခါးပင်နှင့် အပင်တူ၊ အရွယ်တူ ဖြစ်သော်လည်း အရသာမှာ ချဉ်သောအရသာ ရှိပါသည်။ ယင်းကိုလည်း ရှားစောင်းခါးပင်ကဲ့သို့ ဆားဖြင့် မနယ်ရဘဲ ဓားပြားရိုက်၍ ပုဇွန်ခြောက်နှင့် ကြော်စား၍ ကောင်းပါသည်။ ဤရှားစောင်းနှစ်မျိုးမှာ ကျောက်သလိပ်ကုန်းချုံစပ်များတွင် ပေါက်ရောက်လေ့ ရှိကြပါသည်။

စာရေးသူနောက်ဆုံး တင်ပြချင်သည်မှာ ရှားစောင်းပြာသာဒ်ပင် ဖြစ်ပါသည်။ အပင်စည်၏ (၂)ပေ၊ (၃)ပေလောက် အမြင့်မှ အထက်သို့ ရှည်မျောသော အခက်များ ထွက်လေ့ရှိပါသည်။ ယင်းအခက်များသည် ဘေးသို့ ရှားစောင်းကြီးပင်ကဲ့သို့ ကားမထွက်ပါ။ အရိပ်လည်း မရပါ။ စောင်း(ဇောင်း)ရှည်များ ပါရှိပြီး စောင်း(ဇောင်း)များပေါ်တွင် သေးမျှင်သော ဆူးချွန်ငယ်များ အစုလိုက် အစုလိုက် ပေါက်နေပါသည်။

ဤသို့ ဆူးများ ပါရှိသဖြင့် ဤရှားစောင်းပြာသာဒ်ပင်များကို အညာဒေသကျေးလက်နေ အိမ်ခြံစည်းရိုးများ တွင်၎င်း၊ ယာခင်းဘေးများတွင်၎င်း၊ စိုက်ပျိုးထား၍ လူဆိုး၊ သူခိုးများနှင့် ကျွဲနွားများ ၀င်မည့်အန္တရာယ်ကို ကာကွယ်ကြသည်။

ကျေးရွာများတွင် လမ်းဘေးမှ ယာခင်း ကန်သင်းရိုးများတွင် လမ်းသွားလမ်းလာ ကျွဲနွားများ ယာခင်းဝင်စားခြင်း မှ ကာကွယ်ရန် စိုက်ပျိုးထားလေ့ရှိကြသည်။
အထက်ဖော်ပြပါ ရှားစောင်းပြာသာဒ်ပင်သည် မိုးဦးကျကာလတွင် အပွင့်များ ပွင့်ကြပါသည်။ အပင်ထိပ်ဖျားဘက်မှ အောက်နားတလျှောက် အပွင့်တံရှည်များ တပွင့်ချင်းစီ၍ ပွင့်နေတတ်ကြသည်။

အပွင့်တံအလုံးမှာ ငါးမူးလုံး၊ ကျပ်လုံးခန့်ရှိပြီး ပွင့်တံအရှည် ခြောက်လက်မခန့် ရှည်ပါသည်။ ပွင့်တံရှည်၏ ထိပ်ဖျား (၂)လက်မသာသာခန့်တွင် ပွင့်အာလာမည့် ပွင့်ဖတ်ငုံရှိပါသည်။ ပွင့်အာလာသည့်အခါတွင် ပွင့်ဖတ်များသည် ကြာဖြူပွင့်များကဲ့သို့ အာထွက်လာပြီး အလယ်တွင် ၀တ်ဆံထိုင် ပါလာပါသည်။

ဤရှားစောင်းပြာသာဒ် အပွင့်များကို အပင်မှ ခူးဆွတ်၊ ရေစင်စင်ဆေး၊ အရိုးတံကို ဖြတ်၊ ပွင့်ဖတ်ကို ခွဲလှန်၍ ၀တ်ဆံကို ထုတ်ပစ်၊ ပွင့်ဖတ်များကို အရွယ်တော် လှီးဖြတ်၍ ကြက်သွန်ဆီသတ်ပြီး ရေအနည်းငယ်နှင့် ကြော်ချက် ချက်လိုက်လျှင် ဒယ်အိုးမှ ဟင်းချက်နံ့သည် မှိုဟင်းချက်နံ့ကဲ့သို့ ရနံ့များ မွှေးကြိုင်လှပါသည်။ ဆားကိုတော့ သင့်ရုံထည့်ရပါသည်။

ဟင်းအိုး နူးနပ် ကျက်သွားလျှင် ဖိုမှချ၍ ပန်းကန်တွင် ထည့်ပြီး ထမင်းဝိုင်း၌ ဟင်းရန်အဖြစ် စားကြလျှင် ထမင်းမြိန်သော မှိုဟင်းနှင့် ရနံ့တူသော နူးညံ့သော၊ အနည်းငယ် အရသာချဉ်သော ဟင်းကောင်းတခွက် ဖြစ်ပါကြောင်း စားဖိုချောင်အတွက် ဟင်းလျာတခွက် တင်ပြလိုက်ရပါသည်။

(ထွန်းငွေ-အမတ-၂၄၁၄၊ တံတားဦး၊ သန်လျင်)

No comments: