Friday, January 14, 2011

ဝံအူ

ဝံအူပင်သည် ဆေးဖက်ဝင်အပင်နှင့် အနွယ် ပေါင်းစပ်နေသော ဆေးပင်တမျိုး ဖြစ်ပါသည်။ ကုန်းမြင့်ပိုင်း ဒေသများတွင် ဆေးပင်ပေါက်ရောက်တတ်လျက် ရေ၀ပ်သော ဒေသများတွင် ပေါက်ပွားခြင်း မရှိပါ။ အနီးကပ်နေသော သစ်ပင်များရှိလျှင် နွယ်၍ တက်သွားတတ်သည်။ ထိုသို့ နွယ်တက်ရန်အပင် မရှိလျှင် မြေပြင်တွင် တွယ်၍ သွားတတ်သည်။

အရွက်များမှာ အစိမ်းရောင် ဖြစ်သည်။ အလျား(၅)လက်မခန့်နှင့် အနံ(၄)လက်မခန့်ရှိ၍ တညှာလျှင် အရွက်(၇)ရွက်ခန့် ရှိပါသည်။ ပင်စည်အရောင်မှာ မွဲညစ်ညစ်ဖြစ်ပြီး အသားမှာ အမျှင်များဖြင့် ဖွဲ့စည်းလျက် ပွပြီး အ၀ါရောင်ဖြစ်သည်။ မြေတွင်းတွင် အမြစ်များလျှောက်သွား၍ ထိုအမြစ်များမှ အပင်ငယ်များ ပေါက်ပွားတတ် သည်။

ထိုဝံအူမြစ်ကို မန်းဆေးအဖြစ် အသုံးပြုကြ၍ အထူးသဖြင့် အရိုးကျိုးသော ရောဂါများတွင် ၀ံအူမြစ်အား ထု၍ ကျပ်စည်းခြင်းဖြင့် သက်သာပျောက်ကင်းတတ်သည်။ ထိခိုက်ရှနာသော အနာများ၊ ရောင်ရမ်းသော အနာများ ကိုလည်း အမြစ်ကို ထု၍ ကျိုသောက်ခြင်း၊ ကျောက်ပျဉ်တွင်သွေးလိမ်းခြင်းဖြင့် သက်သာပျောက်ကင်းစေ ပါသည်။

ထိုဝံအူမြစ်ကို စာရေးသူငယ်စဉ်က ခြေသလုံး ညှပ်ရိုး ကျိုးခြင်းနှင့် ညာဘက်လက် ညှပ်ရိုးကျိုးစဉ်က ၀ံအူမြစ်ကို ထုခြေ၍ ကျပ်စည်း၊ အရည်ကျိုသောက်ခြင်းဖြင့် သက်သာပျောက်ကင်းခဲ့ရပါသည်။

၁၉၇၀-ပြည်နှစ်လောက်တွင် တပ်သားတယောက် ဂျီသရီးကျည်ဆန် ဘယ်ဘက်လက် ပခုံးညှပ်ရိုး အောက်နားရှေ့မှ ကျောလက်ပြင်သို့ ဖောက်ထွက်သွားသော ဒဏ်ရာတချက်၊ ဘယ်လက်မောင်း အရိုးမထိဘဲ ရှေ့မှ နောက်သို့ ဖောက်သွားသော ဒဏ်ရာတချက်၊ ဘယ်ဘက်ပေါင် အရိုးမထိဘဲ ရှေ့မှနောက်သို့ ဖောက်ထွက်သွားသော ဒဏ်ရာတချက်တို့ ထိမှန်ခံရပြီး တောတွင်းပြေးလွှား ပုန်းလျှိုးနေရင်း တောတွင် ၀ံအူပင်မှ ၀ံအူမြစ်ကို ရသလို တူးဖော်၍ ကျောက်ခဲနှင့် ထုပြီးလျှင် အရည်ကို မျိုပြီး အဖတ်များကို ဒဏ်ရာများတွင် အ၀တ်စုတ်နှင့် ပတ်တီးစည်းထားခဲ့ရာ တလလောက်အကြာတွင် အသားနုတက်၍ သက်သာပျောက်ကင်းစ ပြုနေသည်ကို တွေ့ခဲ့ရဖူးပါသည်။

ဝံအူမြစ်ကို ဆေးရိုးစဉ်းသကဲ့သို့ ခုတ်စဉ်း အခြောက်လှန်း၍ ငရင်နှင်းမြစ်၊ တောပဲချဉ်နွယ် စသည်တို့နှင့် ရှေးဆရာတော်ကြီးများ ရေနွေးကျို၍ ထန်းဖို၊ ထန်းလျက်တို့ဖြင့် သုံးဆောင်ခဲ့ကြရာ ဆီး၊ ၀မ်း၊ လေ ကောင်းမွန်ပြီး သွေးသား ညီညွတ်ကြောင်း သိရှိရပါသည်။ ၀မ်းသွားလိုပါက ဆားအနည်းငယ်ထည့်၍ သောက်သုံးကြပါသည်။

ဝံအူဆေးပင်မှာ တောတွင်း အလေ့ကျပေါက်သော ဆေးပင်တမျိုးဖြစ်၍ တိုင်းရင်းဆေးအဖြစ် မန်းဆေးဖော်စပ် သုတေသန ပြုလုပ်မည်ဆိုပါက စီးပွားဖြစ် ထုတ်လုပ်နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။

(ဦးဓမ္မ)

No comments: