Friday, January 21, 2011

အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း

လူသားသည် သူ၏ဘဝအသက်ရှင်ရပ်တည်ရေးအတွက် ခြေနှင့်လက်အား မွေးစမှ သေဆုံးသည့် အချိန်တိုင်အောင် မရပ်မနား အသုံးချလေ့ရှိသည်။ ထိုအခါ အလုပ်များသော လက်နှင့်ခြေသည် ထိခိုက်နာကျင်ပျက်စီးမှု အများဆုံး ဖြစ်ရလေတော့သည်။ ယင်းသို့ ထိခိုက်နာကျင်စေသော အကြောင်းများအနက် အဆစ်အမြစ်ကိုက် ရောဂါသည် တခုအပါအဝင် ဖြစ်လေသည်။


ကမ္ဘာပေါ်ရှိ လူအများစုကို ဒုက္ခပေးနေသော အဆစ်အမြစ်ကိုက် ရောဂါကို ဆေးပညာအရ အော့စတီယို အသရိုက်တစ် (Osteoarthritis)ဟုခေါ်သည်။ အရိုးအဆစ်များ နာကျင်ရောင်ရမ်းကိုက်ခဲသည့် ရောဂါဖြစ်သည်။ ဤဝေဒနာ၏ အဓိကလက္ခဏာမှာ အဆစ်အမြစ်ကိုက်ခြင်း၊ တောင့်တင်းခိုင်မာနေခြင်း၊ ရောင်ရမ်းခြင်းနှင့် တခါတရံ အဆစ်အမြစ်ထဲမှ အသံမြည်နေခြင်းတို့ ဖြစ်သည်။

အမျိုးသမီးများတွင် အမျိုးသားများထက် ရောဂါဖြစ်ပွားသူ တဆပိုများသည်။ အသက် ၅၀-အထက် လူကြီးပိုင်းအရွယ်တွင် အဖြစ်များသည်။ အရိုးအဆစ်ထဲတွင်ရှိသည့် အရိုးနုကို ပျက်စီးစေသော ဝေဒနာဖြစ်သည်။

ဤရောဂါသည် ခန္ဓာကိုယ်တခုလုံးအား ဒုက္ခပေးသောရောဂါ မဟုတ်ပေ။ အဆစ်တခုချင်းစီတွင် ကွက်ပြီးဖြစ်တတ်သည်။ ရောဂါ၏ အခြေခံမှာ ခြေဆစ် လက်ဆစ်ကလေးများသည် အတွင်းသား၌ ချောမွတ်နေရမည့်အစား ကြမ်းတမ်းသွားခြင်းမှ စတင်ဖြစ်ပွား သည်။ ဤသို့ အဆစ်ထဲ၌ အရိုးတနေရာရာ ကြမ်းတမ်းလာပါက လှုပ်ရှားမှုပြုလျှင် လွန်စွာနကျင်လေသည်။ ဤဝေဒနာသည် အောက်ပါအချက်များနှင့် ဆက်နွယ်နေလေ့ရှိပါသည်။

၁။ ထိခိုက်ဒဏ်ရာရခြင်း။
၂။ လုပ်ငန်းခွင်ကြောင့် ဒဏ်ရာရခြင်း။
၃။ ခန္ဓာကိုယ် အလေးချိန် ပိုနေခြင်း။
၎။ ငယ်စဉ်ကာလ အရိုးနှင့်ပတ်သက်ပြီး ရောဂါဖြစ်ပွားခဲ့ခြင်းတို့ ဖြစ်သည်။

ဤရောဂါသည် များသောအားဖြင့် လက်ချောင်းအဆစ်များ၊ ပေါင်ဆစ်နှင့် ဒူးဆစ်တို့တွင် ဖြစ်ပွားတတ်သည်။

လက်ချောင်းအဆစ်များ---
လက်ချောင်းကလေးများရှိ အဆစ်များ ရောင်ရမ်းနာကျင်ခြင်း ဖြစ်သည်။ များသောအားဖြင့် လက်ချောင်းအဖျားရှိ အဆစ်များတွင် စတင်ဖြစ်ပွားတတ်သည်။ တခါတရံ လက်မအရင်းမှ အဆစ်ကို ဒုက္ခပေးသည်။

ပေါင်အဆစ်---
အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားသည်။ ပထမဦးဆုံး ပေါင်ရင်းအဆစ်ထဲမှ ကိုက်ခဲမည်။ လမ်းလျှောက်ရာတွင် ထော့နင်းထော့နင်း ဖြစ်လာမည်။ အချိန်အကြာကြီး မတ်တတ်ရပ်နေရလျှင် ညောင်းညာလွယ်မည်။ လမ်းလျှောက်ရာတွင် လေးသွားမည်။ ဤရောဂါဖြစ်သည်ကို သိသိချင်း ဆေးဝါးကုသရန် လိုသည်။ ပေါင်အဆစ်ကို ညှာတာရန် လိုသည်။ ခန္ဓာကိုယ် အလေးချိန် လျှော့ချခြင်းသည်လည်း လွန်စွာအရေးပါသော ကုသနည်းတခု ဖြစ်သည်။ သက်သာမှုမရှိသော ဝေဒနာရှင်များ အတွက် နောက်ဆုံအဆင့်အနေဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်ပေးရပါသည်။

ဒူးဆစ်---
ဒူးဆစ်အတွင်းမှ ဝေဒနာအများစုမှာ လူကို ဒုက္ခပေးလေ့မရှိပေ။ ဒူးဆစ်ရောင်ခြင်းဆိုသည်မှာ ဒူးဆစ်၏ မျက်နှာပြင်များ ကြမ်းလာခြင်း။ အရိုးပိုကလေးများ ထွက်လာခြင်းကိုခေါ်သည်။ ဝေဒနာဖြစ်ရခြင်း အကြောင်းရင်းများမှာ မျိုးရိုးဗီဇအရ၄င်း၊ အသက်အရွယ်အရ၄င်း၊ ခန္ဓာကိုယ် ဝလွန်း၍သော်၎င်း၊ ဒူးဆစ်ရောင်တတ်သည်။ ဒူးအားပြင်းထန်စွာ ထိခိုက်ဖူးခြင်း၊ ရောဂါပိုး ဝင်ခဲ့ဖူးခြင်း၊ အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ခဲ့ဖူးခြင်းတို့ကြောင့်လည်း ဖြစ်ပွားတတ်သည်။

ဤအဆစ်အမြစ် နာကျင်ကိုက်ခဲသော ရောဂါများသည် မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို တိတိကျကျ မသိရသေးသောကြောင့် ရောဂါလုံးဝပျောက်ကင်းအောင် ကုသပေးနိုင်မည့် ဆေးဝါးဟူ၍ တိတိကျကျ မရှိသေးပေ။ ထို့ကြောင့် ဤရောဂါဝေဒနာများအား သင့်တော်သော ဆေးဝါးများဖြင့် နာကျင်ရောင်ရမ်းမှုကို သက်သာအောင် ကုသခြင်း၊ အနားယူခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ သင့်တော်၍ အာဟာရဖြစ်သော အစားအသောက်များ စားသောက်ခြင်း၊ လိုအပ်လျှင် ကိုယ်အလေးချိန် လျှော့ချခြင်းနှင့် လိုအပ်သလို ခွဲစိတ်ကုသပေးခြင်းတို့ဖြင့် ဝေဒနာများအား သက်သာပျောက်ကင်းစေပါသည်။

Alaxan အကိုက်အခဲပျောက်ဆေးမှ စီစဉ်သည်။

No comments: