Saturday, January 8, 2011

အရက်သမားမယား တဖားဖား

ဆင်းရဲသား၊ ကာယအလုပ်သမားတွေနဲ့ အရက် ပတ်သက်မှုကတော့ အမောပြေ အပန်းပြေစေတဲ့ အရာတခု အနေနဲ့ သုံးကြတာများပါတယ်။ ဒီကနေစပြီးတော့ အကျင့်ဆိုတာပါလာတယ်။ နောက်ဆုံး ရောဂါကြီးတခုခု စွဲလာတဲ့အထိပါပဲ။

ကျွန်မမိတ်ဆွေ ဆရာဝန်ကြီးတယောက်ဆီကို ကိစ္စတခုနဲ့ ရောက်နေချိန်မှာ စံပယ်ဆိုတဲ့ လူနာရှင်က အသက် (၃၈)နှစ်အရွယ် သူ့ခင်ပွန်း ကိုမင်းဟန်ကိုခေါ်ပြီး ဆရာဝန်နဲ့တွေ့ဖို့ စောင့်နေပါတယ်။ အကျိုးအကြောင်း မေးကြည့်တော့ ရောဂါက အခုခေတ်လူကြီးလူငယ်မရွေး ဖြစ်နေကြတဲ့ အရက်စွဲရောဂါပါပဲ။

ကျွန်မမိသားစုလေးက အစမှာ ပျော်ပျော်ရွှင်ရွှင် ရှိခဲ့ကြတာပါ။ ကျွန်မမှာ ကလေးနှစ်ယောက်ရှိတယ်။ သူ့စီးပွားရေးကလည်း ကျွန်မတို့အိမ်ထောင်မကျခင်ကတည်းက အစပြုခဲ့တာဆိုတော့ တော်တော်လေး အရှိန်ရနေပါပြီ။ လွန်ခဲ့တဲ့ (၁၂)နှစ်ကပေါ့။ တနေ့ သူ့သူငယ်ချင်းရဲ့သား မွေးနေ့ပါတီပေးလို့ဆိုပြီး သွားခဲ့တယ်။ ကျွန်မက ကလေးနေမကောင်းလို့ လိုက်မသွားခဲ့မိဘူး။ အပြန်မှာ အရက်သောက်လာတာကို သတိပြုမိတယ်။ သူကလည်း သူငယ်ချင်းအားလုံး ၀ိုင်းတိုက်လို့ မလွှဲသာလို့ သောက်ခဲ့ရတာပါ။ နောက်မသောက်တော့ပါဘူးတဲ့။ ကျွန်မကလည်း ဘာမှတုံ့ပြန်ပြောမနေတော့ပါဘူး။

အဲဒါက ကျွန်မအတွက် အကြီးမားဆုံးအမှားပါပဲ။ နောက်ပိုင်းကျတော့ ပွဲလမ်းသဘင် အစီအစဉ်တခုခုတက်ပြီး ပြန်လာတိုင်း အရက်နံ့သင်းနေတတ်ပါတယ်။ ပြောလိုက်ရင် အပျော်သက်သက် တခွက်တပက်လောက်ပါ ကွာနဲ့ လုပ်ရင်းလုပ်ရင်း အကျင့်ပါလာပါတော့တယ်။ စီးပွားရေးဘက် စိတ်ဝင်စားမှုနည်းလာတော့ ၀င်ငွေက တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တယ်။

ကျွန်မက မသောက်ဖို့တားရင် ရိုက်မောင်းပုတ်မောင်း လုပ်လာတဲ့အထိ အခြေအနေဆိုးလာတယ်။ ကျွန်မမှာ
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်ဆင်းရဲခဲ့ရတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း အရက်ရဲ့ရိုက်ချက်တွေ ပြလာပါပြီ။ အသည်းက ငါးဆယ်ရာခိုင်နှုန်း ပျက်စီးနေပြီ။

စီးပွားရေးကို ကျွန်မက၀င်ပြီး ကိုယ်င်တွယ်စီမံလာတော့ သူက သံသယမျက်လုံးတွေနဲ့ ကြည့်လာတယ်။ လင်မယားကြား နေ့စဉ်ရက်ဆက် ရန်ပွဲတွေကြောင့် ကလေးတွေရဲ့ ပညာရေးမှာပါ အနှောင့်အယှက် ဖြစ်လာတယ်။ တနေ့ အိမ်နီးနားချင်းအမကြီးက အရက်ပြတ်စေချင်ရင် ဆရာဝန်ကြီးဆီသွားပါလား။ တကယ်ပြတ်တယ်ဆိုတာနဲ့ ကျွန်မ နယ်ကသူ့အဖေကို ခေါ်ပြီး အကူအညီတောင်းရတယ်။ ဒါတောင် မလိုက်ချင်ဘူး။ မနည်းကြိုးစားပြီး ဆရာ့ဆီခေါ်ခဲ့ရတာပါ။

အခုတဖြည်းဖြည်းနဲ့ တော်တော်လေးကို အခြေအနေကောင်းနေပါပြီ။ ကျွန်မလေ တကယ်လို့ ပထမဆုံး သူသောက်လာတဲ့နေ့ကသာ ရှောရှောရှူရှူ လက်မခံဘဲ ပြဿနာလုပ်ခဲ့မိရင် ဒီအခြေအနေရောက်လာဖို့ အကြောင်းကို မရှိပါဘူး။
ဒါကတော့ အရက်ရဲ့ ကျေးကျွန်ဖြစ်ရပုံ ဥပမာတခုပါ။ လူလတ်တန်း စားတွေမှာ ဖြစ်လေ့ဖြစ်ထရှိကြတဲ့ ပုံစံတမျိုးပေါ့။

အထက်တန်းလွှာချည်းပဲ ဒါမျိုးဓလေ့ရှိတာ မဟုတ်ပါဘူးလေ။ ခေတ်မီတိုးတက်ပါတယ်ဆိုတဲ့ လူလတ်တန်းလွှာမှာလည်း ပွဲတိုင်းလိုလို အရက်သေစာနဲ့ ကင်းတယ်ဆိုတာ ခပ်ရှားရှားပါ။ တချို့လူငယ်တွေက ကိုယ့်ဇနီးသည်နဲ့ လူကြီးမိဘတွေကို တပတ်ရိုက်တတ်တာတွေရှိသေးတယ်။ ဖျော်ရည်သောက်တာပါဆိုပြီး အရက်တွေရောသောက်၊ တဖြည်းဖြည်းများလာတော့မှ အသိလွတ်ပြီး လူစိတ်ပျောက်ရာက ဘူးပေါ်သလို ပေါ်သွားတာပါပဲ။

ဆင်းရဲသား၊ ကာယအလုပ်သမားတွေနဲ့ အရက်ပတ်သက်မှုကတော့ အမောပြေအပန်းဖြေစေတဲ့ အရာတခုအနေနဲ့ သုံးကြတာများပါတယ်။ ဒီကနေစပြီးတော့ အကျင့်ဆိုတာပါလာတယ်။ နောက်ဆုံး ရောဂါကြီးတခုခု စွဲလာတဲ့အထိပါပဲ။

ငွေရှိတဲ့လူနဲ့ ဆင်းရဲသားမှာ သောက်တာချင်းလည်းတူတယ်။ မူးတာချင်းလည်း အတူတူပါပဲ။ ကွာတာက နိုင်ငံခြားဖြစ်နဲ့ ပြည်တွင်းဖြစ်လောက်ပဲ။ တချို့က ရွာထွက်အရက်တွေသောက်ပြီး အစုလိုက်အပြုံလိုက် ဒုက္ခရောက်ကြရတာ ကြားဖူးကြမှာပါ။
ဘယ်အရက်ပဲသောက်သောက် အလွန်အကျွံ မူးလာပြီဆိုရင်တော့ သတိလက်လွတ်ဖြစ်ကုန်ပြီး လမ်းမှားကိုလျှောက်ဖို့ ၀န်မလေးကြတော့ပါဘူး။ အမှား အမှန် ဆိုတာကိုလည်း မဝေခွဲနိုင်ကြတော့ဘဲကိုး။

အသက် ၄၅-နှစ်အရွယ် ဒေါ်ခင်ထားထားတယောက်လည်း အသက် ၂၀-အရွယ် သားတော်မောင်ကိုခေါ်ပြီး အရက်ဖြတ်ဖို့ ဆေးရုံကို ရောက်နေပါတယ်။ သူ့ဖအေကလည်း အရက်သမားမို့ အသက် ၃၀-နှစ်အရွယ်မှာပဲ
မုဆိုးမဖြစ်ခဲ့ရတယ်။ ကလေးတွေ လူလားမြောက်အောင် မနည်းရုန်းကန်ခဲ့ရတယ်။ အခု သားက အရက်သမားဖြစ်နေပြန်ပြီ။ ပိုက်ဆံတောင်းလို့ မပေးရင် အိမ်မှာတွေ့တဲ့ပစ္စည်း မ,သွားတော့တာဘဲတဲ့။

အခုခေတ်လူငယ်တွေကတော့ အဆင့်အတန်းမရွေး၊ ဖက်ရှင်လို သဘောထားနေကြပါပြီ။ ပြည်ပက ပုလင်းလှလှလေးတွေ၊ ပြည်တွင်းဖြစ် ကမ္ဘာကျော်ဘီယာနဲ့ အရက်မျိုးစုံက သူတို့ကို ဆွဲဆောင်နေကြတယ်။
မဂ္ဂဇင်းဂျာနယ်တွေရဲ့ နောက်ကျောဖုံးက ဘီယာခွက်ကိုယ်စီနဲ့ လူငယ်တွေပုံကလည်း အတူယူလောက် စရာပဲကိုး။

ချစ်သူက ပစ်သွားလို့ဆိုတာတမျိုး၊ အပျော်သောက်တာပါဆိုတာက တဖုံ၊ အကြောင်းအမျိုးမျိုးပြပြီး သောက်နေကြတာပါပဲ။ သူတို့က အရက်ကို သောက်တယ်ဆိုပေမယ့် အရက်က ၀မ်းထဲရောက်သွားတာနဲ့ သူ့ရဲ့ခိုင်းစေချက်အတိုင်း ဦးနှောက်ကြီးလှပါတယ်ဆိုတဲ့ လူသားစစ်စစ်ကနေ တိရစ္ဆာန်အဆင့်ကို ရောက်သွားပါတော့တယ်။ စီးပွားဥစ္စာ၊ လုပ်ငန်းဂုဏ်သိက္ခာအားလုံးကို တိတိနဲ့ ပါးပါးလှီးတတ်တဲ့ တရားခံ ကတော့ အရက်သေစာ၊ မူးယစ်ဆေးဝါးပါပဲ။

မြွေပွေးဆိုတာ သူ့ဘာသာသူနေရင် ဘာမှအန္တရာယ်မပြုပေမဲ့ သူ့ကိုထိလိုက်တာနဲ့ ပေါက်တတ်သလို အရက်ကလည်း သူနဲ့ပတ်သက်လိုက်တာနဲ့ မြွေဆိပ်တွေ ခန္ဓာကိုယ်ထဲ တဖြည်းဖြည်းချင်း ပျံ့သွားသလို လူကိုအကျိုးယုတ်စေပြီး နာလန်မထူအောင် လုတ်တတ်တာပါ။ ဒါကို လူတွေမသိကြတာ မဟုတ်ပါဘူး။ သိသိကြီးနဲ့ကို ပတ်သက်နေကြတာဟာ မိမိကိုယ်ကို ယုံကြည်စွမ်းအား လျော့နည်းကြလို့သာ ဖြစ်ပါတယ်။

ဘယ်အဆင့်အတန်းကလူပဲဖြစ်ဖြစ် အရက်သောက်လို့ အရက်သမားချက်ချင်း ဖြစ်မသွားပါဘူး။ အစပြုပြီဆိုတာနဲ့ အန္တရာယ်ကျော့ကွင်းကို နင်းမိလိုက်သလိုပါပဲ။ တချို့ကတော့ ငါကိုယ်ငါ နိုင်ပါတယ်။ သူများတွေလို အရက်သမားမဖြစ်စေရပါဘူးလို့ ကြွေးကြော်တတ်ကြတယ်။ နောက်ဆုံးတော့လည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ သောက်လာလိုက်တာ ကိုယ့်ကိုယ်ကို အရက်သမားဖြစ်လို့ဖြစ်မှန်း မသိကြ တော့ပါဘူး။ ဒါပေမဲ့ အရက်ဆိုတဲ့ အရာကို သောက်စပြုပြီဆိုတာနဲ့ အလုပ်အကိုင်ပျက်၊ အိမ်ထောင်ရေးမှာ တာဝန်ပျက်၊ ငွေရေးကြေးရေးကဏ္ဍမှာ ထိခိုက်လာ၊ ကတိပျက်၊ ဂုဏ်သိက္ခာကျဆင်းမှု စတဲ့အရာတွေက နောက်မှာ တသီကြီးပါလာတတ်ပါတယ်။

ဇနီးမယားကဏ္ဍ---
မေးစရာဖြစ်လာတာက ခင်ပွန်းသည် အရက်သမားဖြစ်သွားရင် ဇနီးသည်က ဒီလိုခင်ပွန်းမျိုးကို ပြတ်စဲပစ်ရမှာလား၊ ဆက်ပေါင်းရမှာလားဆိုတာပါပဲ။ တကယ်တော့ အရှေ့တိုင်းဇနီးမယားတွေရဲ့ အစဉ်အလာမှာ ခင်ပွန်းကိုပစ်ထားဖို့၊ ရုတ်တရက် ပြတ်စဲဖို့ဆိုတာ လွယ်လှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

အရက်သမားနဲ့ ဆက်လက်ပေါင်းသင်းဖို့ကရော လွယ်လို့လား။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာ ပဲလေ။ သူ့အဆင့်အတန်းအလွှာအလျောက် စိတ်ချမ်းသာတဲ့ ဇနီးမယားရယ်လို့ မရှိသလောက်ပါပဲ။ သူတို့ရဲ့ ရိုင်းပြတဲ့ပြုမူဆက်ဆံမှုတွေက သည်းမခံနိုင်လောက်အောင် ဖြစ်တတ်တယ်။ သူတို့မသောက်ထားတဲ့အချိန်မှာတော့ ဆက်ဆံမှုက သာမန်အခြေအနေမှာ ရှိနေကြတာပါ။

ချမ်းသာတဲ့အလွှာမှာ စီးပွားရေးနဲ့ ဆုတ်ယုတ်မှုက ချက်ချင်းမသိသာလှပေမယ့် ဆင်းရဲသား လက်လုပ်လက်စား လူတန်းစားတွေမှာ အရက်နည်းနည်းဖြစ်စေ၊ များများဖြစ်စေ သောက်လိုက်တာနဲ့ သိသာလှပါတယ်။ သောက်တတ်လာတဲ့ ခင်ပွန်းတွေမှာ အရက်ကလွဲရင် တခြားဘာမှအရေးမကြီးတော့ ပါဘူး။ ဇနီးကို လူကြားထဲ ဆူငေါက်ရမလား။ သားသမီးကို ရိုက်မောင်းပုတ်မောင်း လုပ်ရမလား၊ မိဘကို ပြန်အော်ရမလား၊ ဘာမဆို လုပ်ရဲကြပါတယ်။

ဒီလိုမိသားစုကို ပတ်ဝန်းကျင်ကလည်း တဖြည်းဖြည်း ရှောင်လာတတ်ကြပါတယ်။ ဒီတော့ စိတ်ဆင်းရဲရတာ ဇနီးသည်ပါပဲ။
ခင်ပွန်းသည် အရက်စသောက်ချိန်မှာ အရေးမကြီးသလို ဘာသိဘာသာ နေတတ်တဲ့ ဇနီးသည်တွေဟာ များသောအားဖြင့် အရက်ရဲ့ ကြီးမားတဲ့အန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတခေါင်းပါးလို့ပါပဲ။ ဒီစကားကို စာရေးသူရဲ့မိတ်ဆွေ စိတ်ရောဂါအထူးကု ဆရာဝန်ကြီးတဦးက ပြောခဲ့တာပါ။ သူက ဆက်ပြီးပြောပြခဲ့ တာက---

အရက်က ခန္ဓာကိုယ်မှာ ပျံ့နှံ့သွားပြီး အာရုံကြောအဖွဲ့အစည်း (Nerovous System) ကို အားပျော့လာ စေတယ်။ ဒီတော့ ခန္ဓာကိုယ်ထိန်းချုပ်မှု အားနည်းလာတယ်။ အစာအိမ်အူလမ်းကြောင်းနဲ့ အသည်းတွေ ပျက်စီးစပြုလာတယ်။
အရက်ကို အမြဲသောက်တာကြောင့် နှလုံးရောဂါ၊ သွေးတိုး၊ အာခံတွင်းနဲ့ လည်ပင်းကင်ဆာ၊ စိတ်ရောဂါနဲ့ လေရောဂါ အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီလိုလူနဲ့ ကလေးကိုယ်ဝန်ရှိလာရင်တောင် ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်တယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးတဲ့ကလေးလည်း ဖြစ်နိုင်ပါတယ်။

အရက်သမားတယောက်ရဲ့ ခန္ဓာကိုယ်ပိုင်းမှာ ကမောက်ကမတွေ ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာလည်း တည်ငြိမ်ကျန်းမာမနေနိုင်ဘူး။ သူတို့မှာ ရန်လိုစိတ်နဲ့ ခက်ထန်ကြမ်းတမ်းတဲ့ အပြုအမူတွေ တွေ့ရတတ်တယ်။
အရက်သမားတိုင်းဟာ ကိုယ်အရက်သောက်ရတဲ့ အကြောင်းအရင်းကို ဇနီးနဲ့မိဘအပေါ် လွှဲချတတ်ကြတယ်။ အရက်သမား (၄၀)ရာခိုင်နှုန်းက စိတ်ဖိစီးမှုကြောင့် သောက်တတ်သလို (၆၀)ရာခိုင်နှုန်းက ကြိုက်လို့ သောက်ရာက အရက်သမားဖြစ်ကုန်ကြပြီး အရက်က ကိုယ့်ကိုသောက်တဲ့အဆင့် ရောက်ကုန်ကြသည်။

ဇနီးသည်အနေနဲ့ အရက်သမားခင်ပွန်းရဲ့ ရန်လိုမှု၊ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံမှုကို မကြောက်သင့်ပါဘူး။ ကြောက်စိတ်ဆိုတာ ကင်ဆာရောဂါလို ကြောက်ဖို့ကောင်းပြီး မိသားစုအားလုံးကို ၀ါးမျိုသွားနိုင်ပါတယ်။
အထူးသဖြင့် ဇနီးသည်က ခင်ပွန်း ပထမဆုံး အရက်သောက်လာတဲ့နေ့မှာပဲ ခါးခါးသီးသီးကြီးကို တားမြစ်သင့်ပါတယ်။ နားဝင်အောင် ရှင်းပြသင့်တယ်။ သောက်တတ်တဲ့အပေါင်းအသင်းနဲ့ ဝေးအောင် ဖန်တီးသင့်တယ်။ သူ့ကို အမြဲအာရုံထားသင့်တယ်။ လူမှာ အရက်ကြောင့် ဘယ်လိုရောဂါတွေ ရနိုင်သလဲဆိုတဲ့ တီဗီအစီအစဉ်၊ စာစောင်၊ စာအုပ်တွေ လေ့လာစေသင့်တယ်။
နောက်ဆုံး ကိုယ့်အသိဆရာဝန်တွေဆီခေါ်သွားပြီး အရက်ကြောင့်ဖြစ်ရတဲ့ ဆိုးကျိုးတွေအကြောင်း အပြန်အလှန် ဆွေးနွေးစေသင့်တယ်။ ပြီးတော့ အရင်ကရှိခဲ့တဲ့ သူ့ရဲ့ဝါသနာတွေကို ပြန်ဖော်ထုတ်ပြီး လုပ်စေသင့်တယ်။

ဆေးရုံတက်ရလောက်အောင် အရက်သမားကြီး လုံးလုံးဖြစ်သွားပြီဆိုရင်တော့ ဆေးရုံကတိုက်တဲ့ ဆေးလောက်နဲ့ မလုံလောက်ပါဘူး။ ဇနီးအပါအ၀င် မိသားစုတခုလုံးရဲ့ ဂရုစိုက်မှုပါ လိုအပ်လာပါပြီ။ တခြားရောဂါတွေလို ဒီဆေးသောက်၊ ပျောက်ကင်းဆိုပြီး တိခနဲပြတ်သွားမှာပဲဆိုတဲ့ မျှော်လင့်ချက် မထားသင့်ပါဘူး။ အရက်ဆိုတဲ့အရာက ပြတ်ဖို့အချိန်ယူရပါတယ်။

သူ့ကို ဥပေက္ခာပြုတာတို့၊ ဝေးဝေးရှောင်တာတို့ မလုပ်ဘဲ သူနဲ့အတူနေပေးပါ။ ကြင်နာမှုပေးပါ။ အရက်ဖြတ်ဖို့ လွယ်ပါတယ်။ တခုပဲအရေးကြီးတာက ဖေးမမှုနဲ့ နားလည်မှု၊ ဆေးကုသပေးသူရဲ့ စကားကို လိုက်နာပြီး လူနာကို ကြပ်ကြပ်မတ်မတ်လေး ဂရုစိုက်ပေးရင် သင့်ရဲ့မိသားစု အရင်လိုပျော်ရွှင်ချမ်းမြေ့နိုင်တော့မှာပါ။

ဒီစကားတွေကတော့ ကျွန်မရဲ့ မိတ်ဆွေဆရာဝန်ကြီး ပြောခဲ့သမျှပါပဲ။

နီမာလာ
(Image 2010-November)

No comments: