Tuesday, January 18, 2011

မိန်းမများ သတိထားသင့်သော ယောက်ျားတို့အကြောင်း

လစဉ် မေဦးသက် ချစ်ပရိသတ်များအတွက် မိန်းမသားတို့ သတိထားသင့်သော ယောက်ျာတို့အကြောင်းကို တစေ့တစောင်းဖော်ပြရာမှာ အကြောင်းအရာ တခုနဲ့တခု တူညီမှုမရှိအောင် ရှာဖွေစုဆောင်း ဖော်ပြရပါတယ်။ စာဖတ်ပရိသတ်များထဲမှလည်း မေဦးကို ရေးစေလိုတဲ့ အကြောင်းအရာ အသစ်အဆန်းလေးတွေဖြစ်စေ၊ ကိုယ်ပိုင် ခံစားမှုကိုပဲဖြစ်စေ ရုပ်ရှင်အမြုတေမဂ္ဂဇင်းမှတဆင့် မေဦးဆီကို ဆက်သွယ်အကြံပြုစေချင်ပါတယ်။

ဒီတလမှာတော့ ဆင်းရဲနေရာက မမျှော်လင့်ဘဲ ငွေကြေးအများကြီး ရလိုက်တဲ့အခါ ငွေရဲ့ဒဏ်ကို မခံနိုင်လို့ ကတောက်ကဆဖြစ်ရာကနေ ကွဲကွာတဲ့အဆင့်ထိ ဖြစ်ခဲ့ရတဲ့ ဇနီးမောင်နှံ နှစ်ဦးရဲ့အကြောင်းကို တင်ပြလိုက်ပါတယ်။

ကိုမောင်မောင်နဲ့ တင်တင်ဝင်းတို့ဟာ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ ကိုမောင်မောင်ဟာ သစ်စက်မှာ နေ့စားနဲ့အလုပ်လုပ်ပြီး တင်တင်ဝင်းကတော့ နံနက်စောစော အိမ်မှုကိစ္စတွေပြီးတာနဲ့ ဖရဲသီးတွေကို ခွဲစိပ်ပြီး ရပ်ကွက်ထဲမှာ လည်ရောင်းရတယ်။ အဲဒီလို လင်မယားနှစ်ယောက် ရတာလေးနဲ့ စုဆောင်းပြီး ချွေချွေတာတာ နေထိုင်ကြပါတယ်။

ကိုမောင်မောင်က တနေ့မှာ---
မိန်းမရေ...ငါတို့သစ်စက်ရှေ့မှာ ထီလာရောင်းတာနဲ့ ထီနှစ်စောင် ထိုးလိုက်တယ်ကွ၊
ကောင်းတယ် ယောက်ျားရေ...ထီသာပေါက်လို့ကတော့ ကျုပ်တို့တွေ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ နေနိုင်ပြီး အခုလို သူများနောက်ဖေးမှာ အနံ့ပေါင်းစုံနဲ့ မနေရတော့ဘူးပေါ့။

အေးပေါ့ကွာ...ကံတရားပဲပေါ့။
ကိုမောင်မောင်ဟာ တဦးတည်းသော သမီးလေးကိုလည်း သိပ်ချစ်တယ်။ ဒါကြောင့် အလုပ်ကို သိပ်ကြိုးစား ရှာတယ်။ အချိန်ပိုဆင်းပြီး အပိုငွေရအောင် ရှာတယ်လေ။ တင်တင်ဝင်းကတော့ စုထားတဲ့ပိုက်ဆံလေးနဲ့ သီရိမင်္ဂလာဈေးကိုသွား၊ နှစ်ရက်သုံးရက်ရောင်းနိုင်အောင် ဖရဲသီးတွေဝယ်ထားပြီး နေ့စဉ်ထွက်ရောင်းတယ်။

ကိုမောင်မောင်တို့ ဇနီးမောင်နှံအဖို့ စကားများ ရန်ဖြစ်တယ်ဆိုတာ မရှိလောက်အောင် ငြိမ်းချမ်းတဲ့ မိသားစုအဖြစ် ရပ်ကွက်ထဲကတောင် ချီးမွမ်းကြတယ်။ ဒါပေမယ့် တနေ့မှာတော့---
မိန်းမရေ ...ထီသည်က ပြောတယ်၊ ထီ ပေါက်တယ်တဲ့။
ဟုတ်လား ဘယ်လောက်ပေါက်တာတဲ့လဲတော့်၊ တိုးတိုးပြောစမ်းပါ၊ သူများတွေ သိသွားဦးမယ်။
သိန်းငါးဆယ်တဲ့ကွ...
အို...သိန်းငါးဆယ်လဲ နည်းလား...ဘယ်လောက်ဆုပဲရရ မြေလေးဝယ်ပြီး တဲထိုးနေရပါစေ။ ကျုပ်တို့ မိသားစုတွေ အေးအေးဆေးဆေး နေလို့ရတာပေါ့။

နေစမ်းပါကွာ အိမ်ဝယ်တာ မြေ၀ယ်တာတွေ ထားစမ်းပါ။ ကောင်းကောင်းစား ကောင်းကောင်း ၀တ်ရမယ်ကွ။
ဒီလိုနဲ့ လက်ထဲကို ငွေသိန်းငါးဆယ် ရောက်လာတာနဲ့ ကိုမောင်မောင်တယောက် အပြောင်းလဲကြီး ပြောင်းလဲသွားတော့တယ်။ အဖိုးတန် အင်္ကျီ၊ လုံချည်တွေဝတ်၊ လက်ပတ်နာရီ အကောင်းစား ၀ယ်ပတ်ပြီး ဘောလုံးပွဲလောင်း၊ တခြားလောင်းကစားတွေ လုပ်ပြီး အရက်နံ့တသင်းသင်းနေအောင် သောက်စားပြီး သုံးဖြုန်းနေတော့တယ်။

တင်တင်ဝင်းတယောက်ကိုတော့ ဖုတ်လေတဲ့ ငပိ ရှိလေတယ် မထင်ပေါင်။ ငွေကိုလည်း တပြားမှ ကိုင်သုံးခွင့်မပေးဘဲ ဈေးဝယ်ဖို့လောက်သာ တိုင်းထွာပေးပါတယ်။ ကိုမောင်မောင်ကတော့ စားသောက်ဆိုင် ပေါင်းစုံမှာ အပေါင်းအသင်းတွေနဲ့ ညနေတိုင်း စားသောက်ပြီး ဘ၀ကို အမေ့ကြီးမေ့နေတော့တယ်။ တင်တင်ဝင်း ဘယ်လိုပဲပြောပြော နားမ၀င်ရုံမက ဆဲဆိုကြိမ်းမောင်းတာတောင် လုပ်တတ်လာတော့တယ်။

နောက်ဆုံးတော့ ကုန်လှကုန်ခင်ငွေလေးကို တင်တင်ဝင်းက ခိုးယူပြီး သုံးစွဲမိလို့ အကြီးအကျယ်ရန်ဖြစ် လမ်းခွဲကြရတော့တယ်။
မင်းက ငါခွင့်ပြုချက်မရဘဲ ပိုက်ဆံတွေ ခိုးပြီးဈေးဝယ်တယ်ဟုတ်လား...
ဟုတ်တယ်...ကျွန်မမှာ မယားတယောက်ဖြစ်ပြီး ဘာခံစားခွင့်မှမရှိဘဲ မငတ်ရုံ စားနေရတာ မကျေနပ်ဘူး။

နောက်ထပ် မင်းကို တပြားမှမပေးနိုင်ဘူး။ ဒါ ငါ့ကံနဲ့ငါ ရတာ၊ မင်းတို့ စားနေရရင် တော်ပြီပေါ့။
တော်တော်တရားတဲ့ ယောကျာ်း---စိတ်ထားညံ့ဖျင်းတဲ့ ရှင့်လိုယောက်ျားကို မပေါင်းဘူး၊ ကျွန်မဘာသာ ဖရဲသီးပဲရောင်းစားမယ်...မပေါင်းနိုင်ဘူး။

အေး ကြိုက်တဲ့လမ်း ကြွ၊ ငါကလဲ မပေါင်းဘူး။
နောက်ဆုံးတော့ သုံးချင် ဖြုန်းချင် ပျော်ပါးချင်လွန်းတဲ့ ကိုမောင်မောင်တယောက် ငွေတွေကုန်အောင် သုံးဖို့မှလွဲပြီး ဘာအကြံမှ မတွေးတော့ဘဲ အပျော်ကြီး ပျော်နေခဲ့တော့တယ်။

မိန်းမသားတို့ဘ၀မှာ ဆင်းရဲစဉ်က အတူတကွ ရုန်းကန်ကြလို့ ယောက်ျားတွေကို သိပ်တော်တာပဲလို့ ယုံကြည် စိတ်ချပြီး ချီးမွမ်းမနေကြဘဲ စောင့်ကြည့်ကြဖို့ လိုပါတယ်။ ကိုမောင်မောင်လို ယောက်ျားမျိုးနဲ့ မတွေ့ကြပါ စေနဲ့လို့ ဆုတောင်းရင်း.....

မေဦးသက်
(ရုပ်ရှင်အမြုတေ ၂၀၀၈-ခု ဇန်န၀ါရီလ)

No comments: