Monday, January 10, 2011

ဆူးပန်းရွက် နှင့် သွေးအားနည်း ရောဂါ

ကျွန်မ ပန်းတနော်မြို့နယ် ဇလုပ်ငူကျွန်းတွင် တာဝန်ကျရာ ကျွန်မ၏အချစ်ဆုံး သူငယ်ချင်း ခင်မျိုးဆန်းလည်း အလည် လိုက်လာပါသည်။ တနေ့ သူနှင့်ကျွန်မ ကျွဲဒုံးမြို့မှအပြန်တွင် ဇလုပ်ငူရွာအ၀င် ကုက္ကိုပင်ကြီးဘေး၌ ဆူးပန်းပင်များ အလေ့ကျပေါက်နေပြီး ခူးမည့်သူမရှိဘဲ သန်စွမ်းနေတာကို တွေ့ရပါသည်။ ခင်မျိုးဆန်းက---

ဒီကလူတွေ ဆူးပန်းအရွက်အစွမ်းကို မသိလို့ ဖြစ်မယ်၊
ဟုပြောရာ ကျွန်မက စိတ်ဝင်စားပြီး--
ဟဲ့...ဆူးပန်းက ဘာစွမ်းလို့လဲ-ဟု မေးမိပါသည်။

ဆူးပန်းက နာလန်ထူစ လူမမာတွေ သွေးအားနည်းနေရင် သွေးအားတက်အောင် ကြော်စားရတယ်-ဟု ပြောပြပါသည်။ သူပြန်သွားပြီး နောက်တပတ်တွင် ကျွန်မ ဖျားပါတော့သည်။ အဖျားကြာရှည်ရာ (၈)ရက်ခန့် ကြာသွားပါသည်။ နာလန်ထလာသောအခါ လက်ဝါး, ခြေ၀ါးများ ဖြူဆွတ်ဆွတ်ဖြစ်နေပြီး သွေးအားနည်း နေပါတော့သည်။

ကျွန်မလည်း ခင်မျိုးဆန်းစကားကို သတိရပြီး ပေါပေါများများ လွယ်လွယ်ကူကူ ရနိုင်သော ဆူးပန်းရွက်များကို ခူးယူ၍ ဆီနိုင်နိုင်ဖြင့် ကြော်ကာ တနေ့လုံး (ထမင်းသုံးနပ်စလုံး) စားလိုက်ရာ များမကြာခင် သွေးအားများ ပြန်လည်ပြည့်ဖြိုးပြီး လက်ဖ၀ါးများ နီမြန်းကာ လာပါတော့သည်။

ကျွန်မ၏ လက်တွေ့ ပွဲတွေ့ သွေးအားနည်းပျောက်ဆေး တလက်ပင်ဖြစ်ပါသည်။
(မှတ်ချက်)
ဆူးပန်းပင်မှာ ဆူးများ များပြားကာ အရွက်သေး၍ အရိုးတံ ဖြောင့်ဖြောင့်မတ်မတ် ရှိသော ချုံပုတ်ပင်မျိုးဖြစ်ပြီး လမ်းဘေးများတွင် လွယ်ကူစွာ တွေ့နိုင်သော အပင်မျိုး ဖြစ်ပါသည်။

(မခိုင်ဝါ-မြန်အောင်)

No comments: