Monday, January 3, 2011

ဆောင်းရာသီမှာ အအေးမမိအောင် ဘယ်လိုကာကွယ်မလဲ

အအေးမိခြင်းကို ကာကွယ်ဖို့အတွက် တိကျတဲ့ဆေးဆိုတာ မရှိပါဘူး။
မဖြစ်ခင် ကာကွယ်တာကတော့ အကောင်းဆုံးပါပဲ။ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းလေးတွေကတော့---

(၁) လက်တွေကို ဆေးကြောပါ---
အအေးမိဝေဒနာ ခံစားစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ တိုက်ရိုက်ထိတွေ့မှုအားဖြင့် ပျံ့နှံ့ကြတာများပါတယ်။ ပိုးမွှားတွေဟာ ရောဂါရှိသူ ကိုင်တွယ်သွားတဲ့ အရာတွေမှာ နာရီပေါင်းများစွာ (သို့မဟုတ်) တချို့က ရက်သတ္တပတ်ပေါင်းများစွာ ရှင်သန်နေနိုင်တဲ့အတွက် ကူးစက်ဘို့ အခွင့်အလမ်း အများကြီးရှိပါတယ်။ ဒါကြောင့် လက်-မကြာခဏ ဆေးပါ။ လက်ဆေးစရာ အသင့်မရှိရင်လည်း လက်နှစ်ဖက်ကို (၁)မိနစ်လောက် ခပ်ကြမ်းကြမ်း ပွတ်တိုက်ပေးပါ။ ဒါမှမဟုတ် အရက်ပြန်ပါတဲ့ လက်သန့်စင်ရည်နဲ့ လက်ကို ပွတ်တိုက်ပေးပါ။

(၂) နှာချေ၊ ချောင်းဆိုတဲ့အခါ လက်နဲ့ မကာပါနဲ့---
လက်နဲ့ကွယ်ပြီး နှာချေ၊ ချောင်းဆိုးတဲ့ အလေ့အထဟာ လက်ဖ၀ါးကတဆင့် တခြားသူတွေဆီကို ပိုးမွှားတွေ သယ်ဆောင်သွားနိုင်ပါတယ်။ ဒါကြောင့် တစ်ရှူး (သို့မဟုတ်) ပ၀ါသုံးပြီး နှာချေပါ။ ကာကွယ်စရာမရှိလျှင် တံတောင်ဆစ်အတွင်းပိုင်းနဲ့ ကွယ်ပြီး ချောင်းဆိုးပါ။

(၃) မျက်နှာကို မထိပါနဲ့---
တုပ်ကွေးရောဂါပိုးတွေဟာ မျက်လုံးတွေ၊ နှာခေါင်းနဲ့ ပါးစပ်တွေကတဆင့် ခန္ဓာကိုယ်ထဲကို ၀င်ရောက်နိုင်တဲ့ အတွက် လက်နဲ့ မျက်နှာကို ခဏခဏ မထိတွေ့ပါနဲ့။ ကလေးတွေရဲ့ မျက်နှာတွေကို ကိုင်တွယ်ခြင်းဟာ အအေးမိသွားစေနိုင်တဲ့ အဓိကလမ်းကြောင်းဖြစ်သလို ကလေးကတဆင့် မိဘတွေဆီကိုလည်း ကူးစက်နိုင်တဲ့ သော့ချက်တခုဖြစ်ပါတယ်။

(၄) အရည်များများ သောက်ပါ---
ရေဟာ ခန္ဓာကိုယ် လည်ပတ်တဲ့စနစ်ကို အထောက်အကူပြုပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အတွက် တနေ့ကို ရေ(၈)ဖန်ခွက်ခန့် သောက်သုံးပေးသင့်ပါတယ်။ မိမိရဲ့ခန္ဓာကိုယ်မှာ ရေဓာတ် အလုံအလောက် ရှိ-မရှိကို ဆီးရဲ့အရောင်ကိုကြည့်ပြီး သိနိုင်ပါတယ်။ ဆီးရဲ့အရောင်ဟာ အလွန်ဝါနေရင် ခန္ဓာကိုယ်ဟာ ရေဓာတ်လိုအပ်နေကြောင်း သိနိုင်ပါပြီ။

(၅) ချွေးထုတ်ခန်းထဲမှာ နေထိုင်ပါ---
လေ့လာသူများရဲ့အဆိုအရ တပတ်မှာ နှစ်ကြိမ်ခန့် ချွေးထုတ်ခန်းကို အသုံးပြုလေ့ရှိသူတွေဟာ တခြားသူတွေထက် အအေးမိနိုင်ခြေ ထက်ဝက်ခန့် လျော့နည်းတယ်လို့ သိရှိရပါတယ်။ အပူချိန် (၈၀) ဒီဂရီထက် ပူနွေးတဲ့လေကို ရှူသွင်း ရှူထုတ် ပြုလုပ်ခြင်းဟာ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တယ်လို့ ဆိုပါတယ်။

(၆) အေရိုးဗစ်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ---
အေရိုးဗစ် လေ့ကျင့်ခန်းဟာ နှလုံးမှ သွေးပမာဏ များများထုတ်လွှတ်ရန် အရှိန်မြှင့်ပေးတဲ့အပြင် အသက်ရှူ မြန်စေတဲ့အတွက် အောက်ဆီဂျင်ကို အဆုတ်မှတဆင့် သွေးထဲသို့ မြန်မြန်စီးဆင်းစေပါတယ်။ ခန္ဓာကိုယ် အပူချိန် မြင့်လာစေတဲ့အတွက် ချွေးများများထွက်စေပြီး ခန္ဓာကိုယ်တွင်းရှိ ဗိုင်းရပ်စ်ပိုးသတ်တဲ့ ဆဲလ်တွေကို တိုးပွားလာစေပါတယ်။

(၇) Phyto Chemicals ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ---
Phyto ဆိုတာ အပင်တွေကို ပြောတာပါ။ အပင်မှာပါတဲ့ သဘာဝဓာတ်တွေမှာ ကိုယ်ခံစွမ်းအားကို တိုးမြှင့်စေတဲ့ ဗီတာမင်ဓာတ်တွေ အများကြီး ပါဝင်တဲ့အတွက် ဗီတာမင်အားဆေးတွေ စားမယ့်အစား အစိမ်းရောင် အနီရောင် အ၀ါရောင် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

(၈) ဒိန်ချဉ် စားပါ---
နေ့စဉ် အဆီလျှော့ ဒိန်ချဉ်တခွက် စားပေးခြင်းဟာ ရောဂါရနိုင်ခြေကို (၂၅)ရာခိုင်နှုန်း လျှော့ချပေးတယ်လို့ လေ့လာသူတွေရဲ့ အဆိုအရ သိရပါတယ်။ ဒိန်ချဉ်ထဲမှာ ကိုယ်ခံအားစနစ်နဲ့ ရောဂါတိုက်ထုတ်နိုင်စွမ်းကို လှုံ့ဆော်ပေးတဲ့ လူ့အကျိုးပြု ဗက်တီးရီးယားတွေ ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

(၉) ဆေးလိပ် မသောက်ပါနဲ့---
ဆေးလိပ် အလွန်အကျွံ သောက်သူတွေဟာ ပိုမိုပြင်းထန်တဲ့ အအေးမိဝေဒနာတွေ ရတတ်ပြီး ခဏခဏ အအေးမိတတ်ပါတယ်။ ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ကို ရှူရှိုက်မိရုံနဲ့တင် ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။

(၁၀) အရက်သောက်သုံးမှု လျှော့ပါ၊ အရက်ဖြတ်ပါ---
အရက် အလွန်အကျွံ သောက်သုံးခြင်းဟာ ကိုယ်ခံအားစနစ်ကို နည်းမျိုးစုံနဲ့ ထိခိုက်နိုင်ပါတယ်။ ကူးစက်ရောဂါ ပထမအဆင့်နဲ့ ဒုတိယအဆင့်ထိတောင် ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ အရက်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။

(၁၁) အနားယူပါ---
ပြည့်ပြည့်၀၀ အနားယူခြင်းဟာ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်ရာမှာ အကူအညီပေးပါတယ်။ တနေ့ကို မိနစ် (၃၀)ခန့် စိတ်ရောကိုယ်ပါ ငြိမ်းချမ်းအောင် အနားယူပေးသင့်ပါတယ်။

(Image 2010-November)

No comments: