Tuesday, January 11, 2011

ပျူတွေ ဘယ်ဘာသာ ကိုးကွယ်ခဲ့ကြသလဲ

ယနေ့ ပျောက်ကွယ်ခဲ့ပြီဖြစ်သော ပျူလူမျိုးများ၏ မြိုတော်များသည် မြန်မာတို့ မြို့ပြနိုင်ငံများ ထူထောင်နေထိုင်တတ်လာသော ကာလများ၏ မူလအစ ဖြစ်သည်ဟု ယုံကြည်ယူဆလာကြသည်။ ပျူစစ်လျှင် မြန်မာ၊ မြန်မာစစ်လျှင် ပျူ-ဆိုသောစကားများလည်း ပေါ်လာခဲ့သည်။

စဦး မြန်မာများဖြစ်သော ပျူတို့သည် သူတို့ကိုသူတို့ ထုလောကျူ-ဟု ခေါ်ကြပြီး၊ တရုတ်နိုင်ငံသားများက သူတို့ကို ဖျောက်-ဟု ခေါ်ကြသည်။ မွန်တိုင်းရင်းသားများကမူ တိရ်စုလ် ခေါ်လေသည်။

ပျူတို့၏ မူလအစ---
တိဗက်၊ မြန်မာမျိုးတူစုဝင် ထိုပျူလူမျိုးများသည် တရုတ်နိုင်ငံ၊ မြစ်ဝါမြစ် အထက်ပိုင်း ကန်စုနယ်တွင် နေခဲ့ကြပြီး ဘီစီ(၁၁)ရာစုလောက်တွင် အုပ်စုကြီး (၂)စု ကွဲသွားသည်။
အုပ်စုတစုသည် စီချွမ်နယ်တွင် နေခဲ့ပြီးနောက် ခရစ်နှစ် (၁)ရာစုလောက်အထိ ယွန်းနန်နယ်စပ်တွင် နေခဲ့ကြသည်။

ပျူဖြစ်လာမည့် သူတို့ကား ခရစ်တော်မမေါ်ပီ(၅)ရာစုနှစ်လောက်ပင် မြန်မာနိုင်ငံထဲသို့ ၀င်ရောက်နေထိုင် ခဲ့မည်-ဟု ခန့်မှန်းကြ၏။ (၃)ရာစုလောက်တွင်မူ မြန်မာနိုင်ငံ မြေပြန့်ဖြစ်သော ဧရာဝတီ မြစ်ဝှမ်းတလျှောက် တွင် ရွှေဘိုနယ်မှ ပြည်အထိ နေထိုင်သွားကြပါသည်။

ပျူများသည် ယနေ့ မြန်မာနိုင်ငံဟုခေါ်သော နေရာတွင် အစောဆုံးမင်းနေပြည်များ ထူထောင်ထဲ့ကြသည်။ မြို့ရိုးပါသော မြို့တော်ကြီးများကို တခမ်းတနား တည်ထောင်ကာ နေထိုင်သွားကြပါသည်။ ထိုနေရာများကို မင်းဘုရင်များ၊ ဘုရင်မများ အုပ်ချုပ်ခဲ့ကြပါသည်။

ပျူတို့၏ မြို့တော်ဟောင်းများ---
ပျူလူမျိုးတို့ ဖွံ့ဖြိုးအောင်မြင်ခဲ့သော ထိုအချိန်များအတွင်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်တွင် ဟံလင်းကြီးမြို့ဟောင်း။
မန္တလေးတိုင်း၊ ကျောက်ဆည်လွင်ပြင်၊ မြစ်သားမြို့နယ်တွင် မိုင်းမော (ခေါ်) ပင်လယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၀တီး။
မကွေးတိုင်း တောင်တွင်းကြီးအနီးတွင် ဗိဿနိုးမြို့ဟောင်း။
မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်တွင် ဘိန္နက။
မြန်မာနိုင်ငံအောက်ပိုင်း ပဲခူးတိုင်း ပြည်အနားရှိ မှော်ဇာရပ်တွင် သရေခေတ္တရာ မြို့ဟောင်းတို့ကို တည်ဆောက်ခဲ့ကြသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ တကောင်း။ ပုဂံညောင်ဦးဒေသများတွင်လည်း ပျူများ နေထိုင်ခဲ့သည့် အထောက်အထားများ ယခု တွေ့ရှိလာရသည်။ ပျူတချို့ကမူ ရခိုင်ရိုးမကို ကျော်ကာ ရခိုင်ပြည်နယ်၊ သံတွဲအထိပင် ရောက်သွားကြပါသည်။

(၂၁)ရာစု အသစ်တွေ့ရှိမှုများတွင် တကောင်းမြို့ဟောင်းတ၀ိုက် မြစ်ဝကျွန်းပေါ်နှင့် မွန်ပြည်နယ်များတွင်လည်း ပျူတို့ နေထိုင်သွားခဲ့သည့်လက္ခဏာများကို တွေ့ရှိလာရပြန်ပါသည်။ သို့ဖြစ်ရာ (၄)ရာစုမှ (၉)ရာစုအတွင်း သီပေါမှ မဒမ(မုတ္တမ) တိုင်အောင် ကျယ်ပြောသည့် ထိုပျူနိုင်ငံတော်သည်ပင် ပထမမြန်မာပြည်ထောင်စုနိုင်ငံ ဖြစ်ပေလိမ့်မည်။

ထိုသို့ ပျူတို့ စိုးစံအုပ်ချုပ်နေကြစဉ်ကာလများအတွင်း ပျူတို့သည် ပြည်ပဆက်သွယ်ရေးအနေဖြင့် အရှေ့ဘက်တွင် ဗီယက်နမ်၊။
အနောက်ဘက်တွင် အိန္ဒိယ၊။
မြောက်ဘက်တွင် တရုတ်၊။
တောင်ဘက်တွင် အင်ဒိုနီးရှားနိုင်ငံများ နှင့်လည်း ကုန်သွယ်ဆက်ဆံနိုင်ခဲ့ပြီ ဖြစ်သည်။

ကုန်သွယ်ဆက်ဆံမှု၏ သက်သေအဖြစ် ဒင်္ဂါးပြားများ၊ ယဉ်ကျေးမှု အထောက်အထားများကို တွေ့ရှိနိုင် ပါသည်။ အနောက်တိုင်း သမိုင်းပညာရှင်များကမူ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့်ခေတ်ကို အေဒီ(၅)ရာစုထက် စောပြီး မဆိုချင်ခဲ့ကြပေ။

ပျူအရိုးအိုး၊ ပျူကျောက်စာ၊ ကာဗွန်ဓာတ်ခွဲ စမ်းသပ်ခြင်း (Carbon Dating) များက ပျူမြို့ပြနိုင်ငံများသည် အေဒီ (၁)ရာစုလောက်ကတည်းကပင် စတင်ထွန်းကားနေပြီဖြစ်ကြောင်း ပြဆိုနေပါသည်။

တောင်တွင်းကြီးက ဗိဿနိုးမြို့ဟောင်း---
ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ရှိသည့် ရှေးအကျဆုံးသော ပျူမြို့ဟောင်း ဖြစ်သည်။ ယနေ့အထိ တူးဖော်တွေ့ရှိမှုများကလည်း ဗိဿနိုးသည် သရေခေတ္တရာထက် ရှေးကျကြောင်း သက်သေပြနေ၏။ သို့ဖြစ်ရာ ဗိဿနိုးတွင် ဗုဒ္ဓသာသနာ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် လက္ခဏာများကိုလည်း ထင်ထင်ရှားရှား မတွေ့ရှိရပါ။ စေတီပုထိုး၊ ဆင်းတု၊ ရုပ်တုများလည်း မမြင်ရပါ။

တွေ့ရှိရသည့် အဆောက်အအုံအချို့မှာ ဘာသာရေးအဆောက်အအုံဟု ထင်ရလောက်သော်လည်း သရေခေတ္တရာမှာကဲ့သို့ မဟုတ်သေးချေ။ ရွှေ၊ ငွေ၊ ကြေး ဆင်းတုတော်များ မဆိုထားဘိ မြေမီးဖုတ်ဘုရားများပင် မတွေ့ရပါ။ ကျောက်စာအထောက်အထားလည်း ရှိမနေပါ။

သို့သော် စကြာနှင့် ချွန်းတောင်းပုံပါသော ကျောက်ပြားငယ်ကို တွေ့ရသည့်အပြင် စေတီပုထိုး ဖြစ်နိုင်ခြေရှိသော အဆောက်အအုံအချို့ကို တွေ့ရသည်။ ယင်းတို့သည် အိန္ဒိယနိုင်ငံ အမရ၀တီ Amaravati) နှင့် နာဂဇုနကုဏ္ဍ (Nagarjunakonda) မှ စေတီပန္နက်ပုံများနှင့် တူသောကြောင့် အန္ဒြနယ် (Andra) မှ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှုအချို့ ပျံ့နှံ့ရောက်ရှိနေပြီလောဟုမူ စဉ်းစားစရာဖြစ်၏။

ထိုဒေသများမှ အပရသေလီယဂိုဏ်းနှင့် မဟီသာသကဂိုဏ်း ဗုဒ္ဓဘာသာဝင်တို့သည် ရုပ်တုရုပ်ပွားများ ကိုးကွယ်ခြင်း မပြုသောကြောင့် ဆင်းတုတော်များ မတွေ့ရခြင်းပေလောဟုလည်း တွေးဆနိုင်ပြန်သည်။
ဗိဿနိုး အမှတ်(၂)ကုန်းမှ အဆောက်အအုံပျက်မှ တံဆိပ်ခတ်နှိပ်ထားသော ရွှံ့တုံးလေးတခု ရရှိပါသည်။ ယင်းအပေါ် အလယ်ဗဟိုတွင် ဗိန္ဒုပြောက် (Vindu) တခု ပါရှိပြီး ပတ်ပတ်လည်တွင် စာတန်းကို ၀ိုင်း၍ ရေးထိုးထား၏။ ယင်းကို ဖတ်ရှုကြည့်ရာတွင် စကြာအမှတ်အသားနှင့် သံဃသီရိ-ဟု တွေ့ရပါသည်။

ယင်းသည် အိန္ဒိယတောင်ပိုင်း အမရ၀တီမြို့ဟောင်းမှ စေတီများရှိ ဗုဒ္ဓ၀င်ကျောက်ရုပ်ကြွများ ထုလုပ်ပူဇော် ရာတွင် ရေးထိုးထားသော ဓမ္မသီရိ၊ ဒီဃသီရိ၊ အဂ္ဂသီရိ၊ နာဂသီရိ စသော ဒါယကာများ၏ ဘွဲ့အမည်များနှင့် တူနေလေသည်။

ထို့ကြောင့် ယင်းတံဆိပ်တုံးသည် ထိုအမှတ်(၂) အဆောက်အအုံကို လှူဒါန်းခဲ့သူ ဒါယကာ ကုသိုလ်ရှင် (သို့မဟုတ်) ကျောင်းထိုင်သွားသူ သံဃာတဦးဦး၏ ဘွဲ့အမည် ဖြစ်နိုင်ပေသည်။ ထို့ပြင် အက္ခရာအရေး အသားမှာလည်း အိန္ဒိယနိုင်ငံ တောင်ပိုင်း၌ နှစ်ရာစုခန့်က အသုံးပြုသွားသော ဗြာဟ္မီပွား အက္ခရာနှင့် နီးစပ်လေသည်။

ဗိဿနိုးမှ ရွှံ့တံဆိပ်သည် ခတ်နှိပ်ရန်သုံးသော တံဆိပ်မဟုတ်ဘဲ ခတ်နှိပ်ထားပြီးသော တံဆိပ်ပြင်ဖြစ်၏။ ထိုရွှံ့တံဆိပ်မှာလည်း ဗိဿနိုးတွင် တွေ့ရသည့် တခုတည်းသော ကမ္ပည်းစာပင် ဖြစ်ပေသည်။
အဆောက်အအုံအချို့မှ မီးကျွမ်းသစ်သားတိုင်တို့မှ မီးသွေးကို ခေတ်မီရေဒီယိုကာဗွန် ဓာတ်ခွဲနည်းဖြင့် စစ်ဆေးကြည့်ရာ ဗိဿနိုးသည် (၁)ရာစုမှ (၄,၅)ရာစုအတွင်း ထွန်းကားသည်ဟု သိလာရ၏။

သို့ဖြစ်ရာ သရေခေတ္တရာထက်စောစွာ ဗိဿနိုးကို တည်ထောင်ခဲ့ပြီးခေတ်ပြိုင်လည်း ထွန်းကားခဲ့ကြောင်းကိုမူ မှန်းဆနိုင်သည်။ ဗြဟ္မဏအယူ ဗုဒ္ဓဘာသာတို့နှင့် ထိတွေ့မှုရှိခဲ့သော်လည်း စာပေ မထွန်းကားသေးသဖြင့် ပိဋကတ်စာပေများကို ရေးထိုးနိုင်ခြင်း မရှိခဲ့ရာ ဗုဒ္ဓသာသနာ မထွန်းကားဘဲ ရှိနေခဲ့ခြင်း ဖြစ်ပေမည်။

ထို့ပြင် ဗိဿနိုးမြို့သည် အခြားသော ပျူမြို့များထက် စောစွာတည်ဆောက်ခဲ့၊ ဖွံ့ဖြိုးခဲ့သော်လည်း ဗိဿနိုးမြို့ဟောင်းမှ အရိုးအိုးများသည်ကား နောက်မှတည်ထောင်သော ဟံလင်း၊ သရေခေတ္တရာ မြို့များမှ အရိုးအိုးများထက် ပိုမိုလှပဆန်းကြယ်နေကြောင်း တွေ့ရသည်မှာလည်း စဉ်းစားစရာဖြစ်၏။ အရိုးအိုးများ၏ မျိုးကွဲများမှာလည်း (၁၀၀)ကျော်မျှ ရှိနေလေသည်။

ယင်းအချက်ကိုကြည့်ကာ ဗုဒ္ဓဘာသာ ဖွံ့ဖြိုးမှုနည်းပါးသော ဗိဿနိုးတွင် သေခြင်းတရားကို သင်္ခါရသဘောဖြင့် တရားမရှုမှတ်နိုင်ဘဲ အမွှမ်းတင်နေကြကာ ဗုဒ္ဓအယူအဆများ ခိုင်မြဲလာသော ကျန်မြို့များတွင် တန်ဆာဆင်မှု နည်းလာသောကြောင့် ဖြစ်မည်ဟု ယူဆသူများလည်း ရှိလာကြသည်။

၁၉၅၉-ခုနှစ်မှ စတင်ပြီး ရှေးဟောင်းသုတေသနဌာနမှ ဗိဿနိုးတွင် တူးဖော်ခဲ့ရာ မည်သည့် ဗုဒ္ဓဆင်းတုတော်မှ မတွေ့ခဲ့ရပေ။ သို့ဖြစ်ရာ ဗိဿနိုးမြို့ဟောင်းတွင် ဆင်းတု၊ ရုပ်တု ကိုးကွယ်ခြင်းမရှိဟု ယူဆခဲ့ကြသည်။ သို့သော် ၂၀၀၃-ခုနှစ်တွင်မူ ရှေးဟောင်းသုတေသန ဦးစီးဌာနမှ တူဖော်ရေးအဖွဲ့များသည် ဇွန်လ(၃)ရက်နေ့မှ စပြီး ဗိဿနိုးမြို့ဟောင်းမှ တူးရန်ကျန်နေသေးသော ရှေးဟောင်းကုန်းများကို ဆက်လက်တူးဖော်ခဲ့သည်။

ထိုသို့ တူးဖော်စဉ် ဇွန်လ(၁၁)ရက်နေ့တွင် ကုန်းအမှတ် ဘီတီအို(၁၃) (BTO-13) ကျင်းကွက်အမှတ် ဒီ(၂) (D-2) ၌ ရှေးကျလှသော ကြေးဗုဒ္ဓရုပ်ပွားတော်တဆူနှင့် ယင်းနေရာမှ (၃)ပေအကွာတွင် ကြေးခေါင်းလောင်းငယ်တလုံးကို တူးဖော်ရရှိခဲ့၏။

ထိုဆင်းတုတော်သည် အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ရှေးဟောင်းအာဂျန်တာ (Ajanta) ကျောက်ထွင်းလိုဏ်ဂူ များမှ ဗုဒ္ဓရုပ်ပွားပုံတော်များနှင့် တူနေသည်။ ဦးခေါင်းတော်၊ ဆံတော်၊ သင်္ကန်းဝတ်ရုံပုံ၊ သင်းပိုင်၊ ဧကသီ အောက်အနားရစ်များကို ထင်ရှားစွာ ပုံဖော်ထားသည်။ ၀ိတက္ကမုဒြာ လက်ဟန်ရှိကာ၊ ခြေနှစ်ဖက်ချကာ သက်သောင့်သက်သာ ထိုင်နေတော်မူသော အာသန (Asana) ပုံတော် ဖြစ်သည်။

ဆင်းတုတော်သည် ဉာဏ်တော်(၆)လက်မ မြင့်ပြီး ဗြက် (၂၅)လက်မရှိကာ နှစ်ပေါင်းများစွာ မြေကြီးအောက်တွင် နစ်မြုပ်နေခဲ့ရသဖြင့် ကြေးညှော်များတက်ကာ အက်ကွဲကြောင်းများလည်း ထင်နေပြီဖြစ်၏။
ယခု တူးဖော်တွေ့ရှိမှုကား ဗိဿနိုးမြို့ဟောင်းနယ်မြေတွင် ပထမဆုံးအကြိမ် ဗုဒ္ဓဆင်းတုတော် တွေ့ရှိရခြင်း ဖြစ်သော်လည်း တူးဖော်တွေ့ရှိမှု မြေအနေအထား (Stratigraphy) နှင့် ဆင်းတုတော်၏သက်တမ်း (Dating)၊ ပဋိမာသိပ္ပံပညာအမြင်ဖြင့် ဆင်းတုတော်၏ အသွင်အပြင်တို့ကို လေ့လာပြီးမှသာ ဗိဿနိုးမြို့ဟောင်းတွင် ဗုဒ္ဓဘာသာ ထွန်းကားမှုကို ခိုင်မာစွာ ပြောနိုင်မည်ဖြစ်ပါသည်။
(ရှေ့လဆက်ဖတ်ရန်)

(ကိုအေးမြင့်-မဟာဝိဇ္ဇာ ၊ ရှေး-သု)
(နက္ခတ္တရောင်ခြည်-၂၀၁၀-ဒီဇင်္ဘာလ)

စာကိုး။
(၁) စိန်မောင်ဦး၊ ဦး။
သရေခေတ္တရာ မြို့ဟောင်း၊ ရှေးဟောင်းမြန်မာမြို့တော်များ၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ၁၉၉၃-ခုနှစ်၊ ရန်ကုန်။
(၂) စံရွှေ၊ ဦး။
ရှေးဟောင်းသုတေသန ပညာဌာန၊ ရန်ကုန်တက္ကသိုလ်၊ ပျူဒင်္ဂါးနှင့် ပျူခေတ်ကုန်သွယ်မှု၊ ဗိဿနိုးပျူဓလေ့။
နှစ်ချုပ် အစီရင်ခံစာ၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်၏ ၁၉၆၃-၆၄ ခုနှစ်၊ ၁၉၆၄-၆၅ ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာ။
(၃) မြင့်အောင်၊ ဦး။
ဟန်လင်းမြို့ဟောင်း။
(၄) အောင်သော်၊ ဦး။
ဗိဿနိုးမြို့ဟောင်း။ ပြန်ကြားရေးဝန်ကြီးဌာန၊ ၁၉၉၃-ခုနှစ် ရန်ကုန်။
(၅) သန်းထွန်း၊ ဒေါက်တာ။ ပါမောက္ခ။
တံဆိပ်လက္ခဏာ ရည်ညွှန်းချက်၊ ကလျာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၉၆-ခုနှစ်။
(၆) သန်းထွန်း၊ ဒေါက်တာ၊ ပါမောက္ခ။
မြန်မာသမိုင်းပုံ၊ ပထမအကြိမ်၊ မုံရွေးစာပေတိုက်၊ ၂၀၀၄-ခုနှစ် ရန်ကုန်။
(၇) အောင်သော်၊ ဦး။
ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်၊ ပျူဒင်္ဂါးများ။

No comments: