Thursday, January 13, 2011

ပဋ္ဌာန်းတန်ခိုးတော်

ဤအရှင် နေထိုင်သီတင်းသုံးသည့် တောရကျောင်းသည် မြို့နှင့် မနီးမဝေးအရပ်၌ ရှိသည်။ အသံချဲ့စက်သံ၊ ကာကြီးသံတို့မှတပါး မည်သည့်အသံကိုမှ မကြားရသောနေရာ ဖြစ်သည်။
မူလက သုံးပင်ကျောင်းဖြစ်ဟန်ရှိသော်လည်း သုံးလေးနှစ် သီတင်းသုံးသည့် ရဟန်းသာမဏေ ပြတ်လပ်နေ သဖြင့် အမိုးမရှိ၊ ကြမ်းခင်းများဆွေးမြည့် ပျက်စီးနေလေပြီ၊ ပတ်လည်တခွင်လုံးသည် စိမ်းစိုသော လယ်ကွင်းများဖြင့် ၀ိုင်းပတ်ထားလျက်ရှိ၏။

ရေမပြတ်သော အင်းကျယ်ကြီးတခု အစဉ်မပြတ် စီးနေတတ်သော အင်းရေထွက်၊ လယ်ဝရေထွက် (ပတ်ဝန်းကျင်မှ လ၀ါဟု ခေါ်ကြသည်) မြောင်းလက်တံများ ရှိသည်။ ကုက္ကိုပင်၊ ညောင်ပင်၊ သရက်ပင်၊ ညံပင်တောနှင့် ကြီးများသော ညောင်ပင်ကြီးများ အုပ်ဆိုင်းထားခြင်းကြောင့် ထိုနေရာတွင် သီတင်းသုံးလေ့ ရှိကြသူများမှာ တောထွက်ကိုရင်ကြီးများ၊ တောထွက်ရဟန်းများ အနေများကြသည်။

လွန်ခဲ့သော ကိုးနှစ် ဆယ်နှစ်ခန့်က ငယ်ဖြူဆရာတော်လေးတပါး၊ ကိုရင် သာမဏေ သုံးလေးပါး ဤနေရာ၌ ခေတ္တသီတင်းသုံးနေကြဖူးသည်။
ထောက်၍ခုန်နိုင်သော မြွေဆိုးများ၊ မမြင်ရသော ပရလောကသားများ နှောင့်ယှက်၍၄င်း၊ လေကြီးမိုးကြီးကျသည့် နောက်နေ့မှာပင် ဤနေရာမှ ပြောင်းရွှေ့ထွက်ခွါသွားကြပါသည်။ ထိုငယ်ဖြူ ဆရာတော်လေးမှာ ထူးခြားသောအသံရှိ၍ ထင်ရှားပါ၏။ ယခုအခါ တိုက်နှင့်တာနဲ့ ခံ့ညားစွာ သီတင်းသုံးနေပါပြီ။

ဆိုလိုသည်မှာ ဤရှင် သီတင်းသုံးရာနေရာကို ရှောင်ကြသူတွေ များပါသည်။ လွန်ခဲ့သော ခုနစ်နစ်က ဤနေရာသို့ရောက်ခဲ့သည်။ သက်ဆိုင်ရာ ကွင်းပိုင် အုပ်စုဆရာတော်ထံ ခွင့်တောင်း၍ နေထိုင် သီတင်းသုံးနေခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။
ညနေ ခြောက်နာရီမှ နံနက် ရှစ်နာရီခန့်အထိ လူသံသူသံ မကြားရ၊ သူတော်ကောင်းများ နှစ်သက်ရာနေရာ တခုဟု ဆိုနိုင်ပါသည်။

ကျောင်းခေါင်းရင်းတွင် လေးမျက်နှာတ၀ဂူ စေတီတော်တဆူ၊ မြောက်ဘက်ကျောင်း၏ မျက်နှာစာတွင် ကျိုက်ထီးရိုးဘုရားပုံတူ စေတီတော်၊ အဂ္ဂ၊ ဇေယျ၊ ပသုတ-ဟု ဘွဲ့တော်ရသည့် ရှစ်မျက်နှာစေတီတော်၊ မဲဒီးကုန်းမှ ဒေါ်စန်းရီ၊ ဒေါ်ဝင်းကြည်၊ ဦးသိန်းဇံ တို့ ဖခင် ဦးစိုးမောင် ပြုလုပ်ခဲ့သည့် ကျောက်လိပ်တကောင်၊ ခေါင်းရင်းတွင် အုတ်ချပ်စီ ရေတွင်းတတွင်း ရှိသည်။

ပုပ္ပားဆရာတော် ဦးသောန၊ ယခုကျောင်းကုန်းကျောင်း ဆရာတော် ဦးတေဇ (ခေါ်) ဦးဓမ္မသာရတို့ သီတင်းသုံးစဉ်က သောက်သုံးရေ ရှားပါးသည်။ ထူးပေါက်ရွာမှ လာရောက်လှူဒါန်းကြရသည်ဆို၏။
ပုထုဇဉ်တို့သည် ကြောက်တတ်ကြ၏။ မနုဿာဘယ တဇ္ဇိတာ-ဟု ပါဠိတော်၌ လာ၏။ ညဥ့်နက်၍ တိတ်ဆိတ်နေသည့်အခါ အားငယ်စိတ်မှသည် ကြောက်စိတ်သို့ ကူးပြောင်းလာလေ့ရှိ၏။

ထိုအခါမျိုး၌ ရတနာမြတ်သုံးပါးကိုသာ အားထား ကိုးကွယ်အပ်၍ ကိုယ်စောင့်နတ်မှစ၍ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အား မေတ္တာပို့သအပ်၍ မေတ္တသုတ်၊ ခန္ဓသုတ်တို့ကို ရွတ်ဖတ်ပူဇော်သင့်သည်။ ဤအရှင်သည် ပရိယတ္တိစာပေကို နှံ့နှံ့စပ်စပ် မသိပါ။ သို့ရာတွင် ရတနာမြတ်သုံးပါးအပေါ် ယုံကြည်သက်ဝင်မှု သဒ္ဓါအနေဖြင့် အသက်စွန့်၍ ယုံကြည်သူဖြစ်ပါသည်။

တဖက်ရပ် ထန်းရွက်မိုးကျောင်းကလေးပေါ်တွင် ခေါင်းအုံးမရှိ၊ စောင် ခြင်ထောင်မရှိ၊ သပိတ်တလုံး၊ သင်္ကန်းသုံးထည်ဖြင့် မေတ္တာကို အရင်းခံလျက် သီတင်းသုံးနေထိုင်ခဲ့သည်။
ရေချိုးချိန်တွင် ဆပ်ပြာနံ့ရခြင်း၊ ဟင်းချက်ချိန်တွင် ချဉ်ပေါင်ဟင်း၊ မဆလာ၊ ကြက်သွန်ဖြူ ချင်းနံ့ရခြင်း၊
လွန်စွာ ချိုအီ၍ မွှေးသောအနံ့၊ ပုပ်အဲ့သော အနံ့များ၊ ကျောင်းအမိုးပေါ်သို့ ခဲနှင့်ထုခြင်း၊ သဲမှုန်ဖြူးခြင်း၊ မီးခိုးလုံးသဏ္ဌာန် လူရိပ်လူယောင်ပြုခြင်း၊ ဘာမှမရှိပါဘဲ မိန်းကလေးတယောက် ညည်းညူသံ၊ စကားတွတ်ထိုးသံ၊ မြင်ရလျက် ပျောက်ကွယ်သွားသည့် အရာများကိုသာ စာတစောင်ပေတဖွဲ့ ဇာချဲ့၍ ရေးနေရလျှင် စာမျက်နှာများစွာ ကုန်ပေလိမ့်မည်။

ဘယ်တော့မှမလာဘူးသည့် ဧည့်သည် လာမည်ဆိုပါလျှင် ကြိုတင်သိမြင်နေတတ်သလို မနက်ဖြန် သုံးဆောင်ရမည့် ဟင်းအချို့ကိုလည်း အတိအကျ သိနေတတ်ပြန်သည်။ ပါးစပ်က အသံပြု၍ တ,လိုက်လျှင် မရသည့်အရာ (ရဟန်းအသုံးအဆောင်ကို ဆိုလိုပါသည်) မရှိပါ။

တပါးတည်း နှစ်များစွာနေကြည့်မှ သိသာနိုင်ပါသည်။ လွန်စွာထူးခြားသည့်အချက်မှာ အလွန်ရင်းနှီးသူချင်း သွေးကွဲသွားတတ်၍ မိတ်သစ်များ တိုးပွားစေခြင်းတို့ပင် ဖြစ်ပါသည်။ ရောက်စနှစ်တွင် ညတိုင်း သတိပြုမိ သည်မှာ ည-ဆဲ့တနာရီမှ သန်းခေါင်ကျော်သည်ထိ ဘမ်း-ဘမ်း-ဆိုသောအသံကြီးကို ချောက်ချားဖွယ်ရာ ကြားနေရ၏။ သမာဓိ ထူထောင်နေပြီဆိုလျှင် ထိုအသံက အနှောင့်အယှက် ဖြစ်လာ၏။

ကြားကာမတ္တ ဥပေက္ခာ မရှုနိုင်၊ စိတ်က အသံဆီသို့ ပြေးသွား၏။ သြော်-အရှုခံတရားပါလား-ဟူ၍လည်း ပညာဖြင့် ပိုင်းခြား၍ နားမလည်။ မျက်စိဖွင့်လျက် နေရသည်။ ဘမ်း-ဘမ်း-ဆိုသောအသံသည် တနေရာတည်းမှ ထွက်ပေါ်လာသည်မဟုတ်၊ တခါတရံ မြောင်းလက်တက်ဆီမှ ကြားရ၏။ တခါတရံ လ၀ါရိုးထဲမှ ကြားရသည်။ အရပ်လေးမျက်နှာစလုံးမှ ညစဉ် ကြားရသည်ဖြစ်ရာ ရေလှည့်လာချသည့် ထူးပေါက်ရွာမှ ဒကာများ၊ ကြိမ်မြောင်းမှ ဒကာအချို့ကို စုံစမ်းရာ ထိုအသံကို သူတို့လည်း ကြားရကြောင်း၊ မြောင်းထဲ လ၀ါထဲမှ ကြားရခြင်းဖြစ်၍ ငါးရိုက်သည်ဟု ထင်ကြောင်း လျှောက်ထားကြလေရာ ဤအရှင်လည်း ဤကဲ့သို့ပင် ထင်ကြောင်း ပြောပြရသည်။

ရေချသူများသည် တပတ်တခါခန့်သာ ရောက်ကြသည်ဖြစ်ရာ သူတို့ကို စုံစမ်း၍ မသေချာ၊ ကိုယ်ကိုယ်တိုင် စူးစမ်းမှ သင့်မည်ဟု ဆုံးဖြတ်လျက် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ မေတ္တာပို့သခြင်း အလုပ်များကို ညဦးကတည်းက စောစီးစွာ ဆောင်ရွက်ပြီး စင်္ကြံသွားလျက် နေလိုက်မိသည်။

ညဥ့် ဆဲ့တနာရီထိုးသည်နှင့် တောင်ဘက်ယွန်းယွန်း မြောင်းဆီမှ ဘမ်းခနဲ ကျယ်လောင်သောအသံ ကြားလိုက်၏။ မြောင်းတဆလျှာက် တစွပ်စွပ်ပြေးလာသံ ကြားရသည်။ အနောက်ဘက်ရှိ လ၀ါရှိုးထဲမှ ကြားရပြန်၏။
ထန်းပလပ်ပြားကြီးကြီးဖြင့် ရိုက်သည့်အသံမျိုး၊ နောက် တဖြည်းဖြည်း လ၀ါရိုးကို စုန်လျက် မြောက်ဘက် သရက်တောစပ်မှ ကြားရပြန်သည်။ အရှေ့၊ အရှေ့တောင်အရပ်သို့ အသံရောက်သွားလျက် ဝေးသွားကာ တနာရီထိုးသာသာတွင် လုံးဝ အသံတိတ်သွားတော့သည်။

နောက်ထပ် သတိထားမိသည်မှာ တော်သလင်းလဆန်းမှ လပြည့်ထိရက်များတွင် သိသိသာသာ ကြားရခြင်းပင်။ အဖြေကို သိရပြီဖြစ်သဖြင့် မေတ္တသုတ်တော်၊ ခန္ဓသုတ်တော်၊ မဟာသမယသုတ်တော်များ၊ ရွတ်ဖတ်ပူဇော်ခြင်းအပြင် ပဋ္ဌာန်း (၂၄)ပစ္စည်း၊ အနန္တနယ မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကို ငါးတွဲလုံး နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်ခြင်း၊ ပြာသိုလဆန်း (၁၃)ရက်မှ လပြည့်နေ့ထိ နီးစပ်ရာ သံဃာတော်များ၏ အကူအညီဖြင့် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလာခဲ့ရာ သုံးနှစ်ပြည့် မြောက်ခဲ့ပါသည်။

ထိုနှစ် တော်သလင်းလပြည့်ညတွင် ထူးခြားသော အိပ်မက်တခု မက်ခဲ့သည်။ အိပ်မက်ထဲတွင် မြွေလက်ပတ်၊ သံကွင်းစွပ်မြွေ တို့ကဲ့သို့ မည်းနက်ပြောင်လက်သော အသားအရေရှိသည့် အသက်နှစ်ဆယ်ခန့်ရှိ လူရွယ်တဦး ကျောင်းရှေ့မြေပြင်တွင် ဒူးထောက်နေသည်ကို မြင်ရသည်။ အ၀တ်အစား လုံးဝ ၀တ်ထားခြင်း မရှိခြင်းက ထူးခြားလှပါသည်။

အိပ်မက်ထဲတွင် မိမိမှ-
ဟဲ့ ဒကာ ဘာကိစ္စလဲဟဲ့ ညကြီးသန်းခေါင်မှာ-
တပည့်တော် လ၀ါထဲမှာ ငါးရိုက်စားရတဲ့ ပရလောကသားတဦးပါဘုရား၊ အရှင်ဘုရား ညစဉ် ပို့သတဲ့ မေတ္တာနဲ့ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်ကြတဲ့ ပဋ္ဌာန်သံကို ကြားနာရလို့ ငါးရိုက်မစားတာ ကြာပါပြီဘုရား။

ထိုအသံရှင်သည် ဦးသုံးကြိမ်ချ၏၊ ထို့နောက် ဆက်လျှောက်ထားပြန်၏။
ခွင့်ပြုပါဘုရား။ တပည့်တော် ဟိုးဘ၀တွေတုန်းက ဒီဝန်းကျင်က လယ်သမားတယောက်ပါ။ သေခါနီးမှာ ငါးဟင်းနံ့ရပြီး မစားရလို့ ငါးကိုစွဲပြီး ယခုဘ၀ ရောက်ရတာပါဘုရား။ နှစ်ပေါင်းငါးဆယ်တိတိ ငါးရိုက်ပြီး အစိမ်း စားနေခဲ့ရတာပါဘုရား။ ယခု တပည့်တော် လူဖြစ်တော့မှာပါဘုရား၊ ခွင့်ပြုတော်မူပါ။

ထိုအသံရှင် မတ်တတ်ရပ်လိုက်ချိန်၌ ငှက်ပျောပင်အရပ်ခန့် မြင့်မားသောအရပ်ရှိသည်ကို သတိထားလိုက် မိ၏။ သီးပင်နာမှ ဖြတ်လျက် အရှေ့အရပ်သို့ စိုက်စိုက် စိုက်စိုက်နဲ့ သွားလေ၏။ လွန်စွာပင် လျင်မြန်လှပါသည်။ မပြေးဘဲ မြန်သည်ဟု ပြောချင်ပါသည်။ မောင်သန်းဝင်းတို့ လယ်အဆုံး ဖျောက်ဆိပ်ပင်အောက်ဝယ် လုံးဝ ကွယ်ပျောက်လေ၏။

သို့နှင့် မိမိလည်းနိုးလာရာ အိပ်မက်ဖြစ်ကြောင်း သိလိုက်ရသည်။ တော်သလင်းလပြည့်ည ဖြစ်သည့် အားလျော်စွာ လသည် ထိန်လင်းစွာတောက်ပသောအလင်းဖြင့် သာလျက်ရှိလေတော့၏။

လူသားအားလုံး တဏှာ ဥပါဒါန် ချုပ်ကြောင်းအကျင့် ကျင့်နိုင်ကြပါစေ။

(ဓမ္မရက္ခိတ သံဝရ-မြပါရမီတောရ)

No comments: