Wednesday, February 9, 2011

A.B.C.F ပြဿနာ

နာတာရှည်အသည်းရောင်ရောဂါ ရှိတယ်ဆိုရင် A.B.C ကြောင့် ဖြစ်တယ်လို့ ပြောကြတယ်။ A-က အရက် (Alcohol) အလွန်အကျွံသောက်လို့ ဖြစ်ရတာ။ B-က အသည်းရောင် ဘီပိုးကြောင့် ဖြစ်ရတာ။ C-က အသည်းရောင် စီပိုးကြောင့် ဖြစ်ရတာ။ တကယ်တော့ အရက်လည်းမသောက်၊ အသည်းရောင် ဘီပိုးလည်းမရှိ၊ အသည်းရောင် စီပိုးလည်း မရှိဘဲနဲ့ အသည်းခြောက်တဲ့လူတွေ ရှိတယ်။ ဒါကို Crytogenic Cirrhosis (အကြောင်းရှာမရတဲ့ အသည်းခြောက်ရောဂါ)လို့ ခေါ်တယ်။ အဲဒီကနေတဆင့် အသည်းကင်ဆာ ပြောင်းသွားနိုင်တယ်။ 
အကြောင်းရင်းမရှိဘူးဆိုပေမယ့် ဇစ်မြစ်စစ်လိုက်တော့ အသည်းအဆီဖုံးတာက စတာ။ အသည်းအဆီဖုံးတာကနေ အသည်းရောင်တယ်။ အသည်းရောင်တာကနေ အသည်းခြောက်တယ်။ အသည်းခြောက်ရာကနေ အသည်းကင်ဆာ ဖြစ်တယ် စသည်ဖြင့် အဆင့်ဆင့်တိုးသွားတယ်။ အရက်သောက်တဲ့ လူတွေမှာလည်း အသည်းအဆီဖုံးတယ်။ အသည်းရောင်တယ်။ အသည်းခြောက်တယ်။ အသည်းကင်ဆာ ဖြစ်တယ် စသည်ဖြင့် ရောဂါအဆင့်ဆင့် တိုးသွားတာပါပဲ။

ဆေးပညာမှာတော့ ရှင်းရှုင်းလင်းလင်းကွဲပြားဖို့ Non-Alcoholic Steatohepatitis (အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါ) အတိုကောက် NASH (နက်ရှ်) လို့ခေါ်တယ်။ အားလုံးကိုခြုံပြီး Non-Aloholic Fatty Liver Disease (NAFLD) (နတ်ဖယ်လ်ဒီ) လို့ခေါ်ပြန်တယ်။ အရက်ကြောင့်ဖြစ်တာကိုတော့ Alcholic Liver Disease လို့ခေါ်တယ်။ မြန်မာလိုကတော့ အသည်းအဆီဖုံးရောဂါနဲ့ အရက်ကြောင့်ဖြစ်သော အသည်းရောဂါလို့ လွယ်လွယ်ခေါ်လိုက်ရတာပါပဲ။

အဆီဖုံးတာ Fatty Liver ဆိုတော့ အသည်းရောဂါတွေဟာ A.B.C.F ကြောင့်ဖြစ်တယ်လို့ ပြောရမှာပါပဲ။ အရက်ကို ရှောင်ရမယ်။ အသည်းရောင် ဘီ ကာကွယ်ဆေးကို ထိုးရမယ်။ မလိုအပ်ဘဲ ဆေးမထိုးရဘူး။ စည်းကမ်းမရှိ လိင်ဆက်ဆံတာ မလုပ်ရဘူး။ သွင်းတဲ့သွေးတွေကို အသည်းရောင် ဘီပိုး၊ အသည်းရောင် စီပိုး၊ HIV ပိုးစသဖြင့် စစ်ဆေးရမယ်။ စစ်ပြီး ဘီပိုး၊ စီပိုး မရှိမှ သွင်းရမယ်။ ဒီလိုစိစိစစ်စစ် လုပ်ခဲ့ရင်တောင်မှ အသည်းရောဂါက ရနိုင်သေးတယ်။ 

အဆီအအိမ့် အစားများတယ်။ အချိုအစားများတယ်။ လေ့ကျင့်ခန်းနည်းတယ်ဆိုရင် အသည်းအဆီဖုံး အသည်းရောင်ဖြစ်နိုင်တာပါပဲ။ ဗိုက်ပူပူနဲ့ ၀တာရယ်၊ ဆီးချိုရှိတာရယ်၊ အသည်းအဆီဖုံးတာရယ်ဟာ ရောဂါတမျိုးတည်းနဲ့ သုံးမျက်နှာဖြစ်တယ်။ ဆီးချိုရောဂါနဲ့ စရင်စမယ်။ ဗိုက်ပူတာနဲ့ စရင်စမယ်။ အသည်းအဆီဖုံးတာနဲ့ စရင်စမယ်။ ဘာနဲ့စစ၊ တခုပြီးတခု ပေါ်လာနိုင်တာပါပဲ။ ဒီ ၃-ခုစလုံးကို ခြုံပြီး Metabolic Syndrome လို့ခေါ်တယ်။ 

ကိုယ်ထဲမှာ Cholesterol၊  Triglyceride ဆိုတဲ့ အဆီဓာတ်များတယ်။ Uric Acid များတယ်။ သွေးတိုးရှိနိုင်တယ်။ ဒါကြောင့် ဒီရောဂါသုံးမျိုးရှိတဲ့ လူတွေဟာ သွေးကြောပိတ်ရောဂါ၊ နှလုံးရောဂါကို ရနိုင်တယ်။ လေ့ကျင့်ခန်း လုပ်ရလိမ့်မယ်။ အဆီလျှော့စားရမယ်။ အချိုလျှော့စားရမယ.်။ အငန်လျှော့စားရမယ်။ အပြောလွယ်သလောက် အလုပ်ခက်ပါတာပါပဲ။ ကားလေးနဲ့ သွားလို့ရတယ်။ ဓာတ်လှေကားနဲ့ တက်တယ်။ ဆင်းတယ်။ ဧည့်ခံပွဲတွေက အချိုရည်ဘူး အမျိုးမျိုး တိုက်တယ်။ မုန့်မျိုးစုံကလည်း စားချင့်စဖွယ် မလိုင်တွေနဲ့ လုပ်ထားတယ်။ Cream များတဲ့ အစားအစာတွေကလည်း ပေါတယ်။ ချိုကလည်း ချိုတယ်။ စားချင်ပေမယ့် ကိုယ့်ဟာကိုယ် ထိန်းနေရင်တောင်မှ စားပါဦးလို့ တိုက်တွန်းတဲ့သူတွေကလည်း များတယ်။ ရှောင်ရမယ်ဆိုပေမယ့် စားချင်ရင် လက်တို့ ဆိုတော့ လိုတာထက် ပိုစားမိပြန်တယ်။ ဧည့်ခံပွဲဆို အရက်ကလေးက သောက်ချင်တယ်။ အရက်သောက်ရင် အပျော်အပါး လိုက်တတ်သေးတယ်။ အပျော်အပါးဖက်ပြီဆိုရင် A.B.C.F က အကုန်လုံး ၀င်လာတာပါပဲ။ ကွန်ဒုံးကိုလည်း မေ့သွားတယ်။ ဇနီးသည် ကူးမှာကိုလည်း မေ့သွားတယ်။ တဒင်္ဂအပျော်က လွှမ်းမိုးလိုက်တဲ့အတွက်  A.B.C.F လေးခုစလုံးက ၀င်လာနိုင်တာပါပဲ။ 

ဘယ်သူမပြု မိမိမှု ရောဂါက သုံးခု၊ A.B.C. က ဘယ်သူမပြု မိမိမှု ရောဂါ။
F-ကတော့ ဗီဇလည်းပါ၊ မိမိအမှုလည်းပါ၊ နှစ်ခုဆုံမှရတာ ဖြစ်တယ်။ အနေအထိုင် အစားအသောက် ဆင်ခြင်နိုင်မှ ဗီဇက ရောဂါဖြစ်ချင်နေတာကို ကာကွယ်နိုင်မယ်။ သွေးချို၊ ဆီးချိုဖြစ်ရင် နိုင်အောင်ထိန်းမှ  အသည်းအဆီဖုံး မ၀င်လာမှာ ဖြစ်တယ်။ အသည်းအဆီဖုံးရှိရင် အချိုရှောင်နိုင်မှ ဆီးချိုကင်းဝေးမှာ ဖြစ်တယ်။ အဆီမစားဘဲ လေ့ကျင့်ခန်းများများလုပ်မှ ဗိုက်ပူလည်းကျ၊ အသည်းအဆီဖုံးလည်း ဝေးရ၊ နှစ်မျိုးအကျိုးရမယ်။ မျက်နှာသုံးဖက်နဲ့ ရောဂါကို သိလည်းသိ၊ သတိလည်းရှိမှ ကာကွယ်နိုင်ပေလိမ့်မယ်။

ကျန်းမာပျော်ရွှင်ကြပါစေ
ပါမောက္ခ ဦးသံစစ်
(Good Health 3-17-10)

No comments: