Sunday, February 6, 2011

ဆီးကျိတ်ကင်ဆာ

* အဆီလျှော့စားပါ---
Harvard တက္ကသိုလ်မှ သုတေသီတွေက အဆီများတဲ့ အစာစားတဲ့ အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နှုန်း မြင့်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဆီဟာ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်မှု ဆက်စပ်နေလို့ပါ။ တက်စတိုစတီရုန်းဟာ ဆီးကျိတ်ကင်ဆာတစ်သျှူးတွေအပါအ၀င် ဆီးကျိတ်တစ်သျှူးအားလုံး ကြီးထွားဖို့အတွက် လောင်စာဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။

* ဆီးကျိတ်ကို Ultrasound ရိုက်ပါ---
စအိုဝထဲ လက်ညှိုးထည့်ပြီး စမ်းသပ်တာတွေအပြင် TV  ဓာတ်မှန် Ultrasound ရိုက်ကြည့်တာကြောင့် ဆီးကျိတ်ကင်ဆာရောဂါ ရှိမှန်း စောစောစီးစီး သိရှိနိုင်ပါတယ်။ 

* ရောဂါကာကွယ်ဖို့ သုက်လွှတ်ပါ---
တပတ်ကို ငါးကြိမ်ထက်ပိုပြီး သုက်လွှတ်တဲ့ အမျိုးသားတွေဟာ သုက်လွတ်နည်းသူတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ဖြေ နည်းပါးတယ်လို့ အင်္ဂလန်မှ မကြာခင်က ပြုလုပ်တဲ့ သုတေသနအရ သိရပါတယ်။

* သွေးစစ်ဆေးမှု မပြုလုပ်ခင် လိင်ဆက်ဆံမှုမပြုလုပ်ပါနဲ့---
လူလတ်ပိုင်းအရွယ်နဲ့ လူကြီးပိုင်းအရွယ်တွေမှာ သွေးတွင်း PSA (Prostate Specitic Antigen) အဆင့်ကို တိုင်းတာတာနဲ့ ဆီးကျိတ်ရောဂါကို မှန်းဆနိုင်ပါတယ်။ သွေးတွင်း PSA အဆင့်ဟာ 4 mg/ml အောက်လျော့နေရင် ဆီးကျိတ် အခြေအနေကောင်းပါတယ်။ ဒါပေမဲ့လည်း အချို့လူတွေမှာ PSA အဆင့်ဟာ ၃ ဒသမ ၂-ပဲရှိပေမယ့် ဆီးကျိတ်ကင်ဆာရှိနေကြသလို အချို့လူတွေမှာ PSA ဟာ ၁၄-လောက် ရှိပြီး ဆီးကျိတ်ကင်ဆာမရှိတာ တွေ့ရတတ်ပါတယ်။

ဒါကြောင့် သွေးတွင်း PSA အဆင့်ကို တိတိကျကျ တိုင်းနိုင်ဖို့ သွေးဖောက်စစ်ဆေးမှုမပြုလုပ်ခင် ၂၄-နာရီမှ ၄၈-နာရီအတွင်း လိင်ဆက်ဆံမှု မပြုလုပ်သင့်ပါ။ သုက်လွှတ်အပြီးမှာ သွေးတွင်း PSA အဆင့်တွေ (ကင်ဆာ Cells နဲ့ ကျန်းမာတဲ့ Cell တွေမှ ထုတ်ပေးပါတယ်) အလွန်မြင့်တက်နိုင်လို့ပါ။

အသက် ၄၀-၊ ဒါမှမဟုတ် ၅၀-ကျော် အမျိုးသားတိုင်း စအိုတွင်းလက်ညှိုးထည့်ပြီး စမ်းသပ်စစ်ဆေးမှု ခံယူတာအပြင် သွေးတွင်း PSA အဆင့်ကိုပါ စစ်ဆေးသင့်ပါတယ်။

* လက်ဖက်စိမ်း လက်ဖက်ရည် (Green Tea) သောက်ပါ---
လက်ဖက်စိမ်း လက်ဖက်ရည်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းဟာ  ဆီးကျိတ်ကင်ဆာ Cell တွေကို နှိမ်နင်းနိုင်တဲ့ အစွမ်းထက်ပစ္စည်းပါ။ ဒါကြောင့် လက်ဖက်ထွက်တဲ့ ဒေသမှာနေတဲ့ အာရှတိုက်သားတွေဟာ အနောက်ဥရောပတိုက်သားတွေထက် ဆီးကျိတ်ကင်ဆာ အဖြစ်နည်းကြတာပါ။ လက်ဖက်စိမ်းမှာပါဝင်တဲ့ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းဟာ ၀ိုင်အနီနဲ့ တချို့ဟင်းသီးဟင်းရွက်မှာပါဝင်တဲ့ ဒြပ်ပေါင်းနဲ့ ပုံစံတူညီနေတာကြောင့် အဲဒီအစားအစာတွေအပေါ် သုတေသနပြုလုပ်မယ်လို့သုတေသီတွေက ဆိုပါတယ်။

ဒေါက်တာ ခင်မိုးမိုး
(Good Health 3-17-10)

No comments: