Monday, February 7, 2011

သွေးတိုးကျစေရန် ပြုလုပ်သင့်သော ကိုယ်လက်လှုပ်ရှားမှုများ

အမေရိကန်လူမျိုး သုံးယောက်မှာ တယောက်ဟာ သွေးတိုးရောဂါခံစားနေရကြောင်း၊ သွေးတိုးနဲ့ ဆက်စပ်ကာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း အန္တရာယ်လည်း မြင့်မားနေကြကြောင်း သိရပါတယ်။ သွေးတိုးရောဂါကို အသံတိတ် လူသတ်သမားလို့ ခေါ်ဝေါ်ကြတာကြောင့် သွေးတိုးရောဂါရှိပြီးသူတွေ သွေးတိုးကျဖို့အတွက်ရော၊ သွေးတိုးရောဂါ မရှိသေးသူတွေအနေနဲ့ သွေးတိုးရောဂါ ဖြစ်မလာဖို့အတွက်ပါ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သင့်ပါတယ်။

ပေါ့ပေါ့ပါးပါး လှုပ်ရှားမှု----
နေ့စဉ် အိမ်မှုကိစ္စပြုလုပ်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ ပြတင်းပေါက်မှန်တွေ ဆေးကြောခြင်း၊ လှေကားတက်ခြင်း၊ လမ်းလျှောက်ကာ ဈေးဝယ်ခြင်း၊ ကလေးနဲ့အတူ ပြေးလွှားဆော့ကစားခြင်း စတဲ့ ပေါ့ပါးတဲ့ လှုပ်ရှားမှုတွေဟာ နှလုံးကို ကျန်းမာစေပါတယ်။

အားကစားခန်းမမှာ လှုပ်ရှားမှု---
သင့်ကိုယ်သင် ပိုပြီး တက်ကြွလန်းဆန်းလိုပါသလား၊ အားကစားခန်းမမှာ အသင်းဝင်ပြီး နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်ပါ။ တပတ်မှာ နှစ်ကြိမ်-သုံးကြိမ်ခန့် ကိရိယာနဲ့ လေ့ကျင့်တာဟာ နှလုံးကျန်းမာရေး ကောင်းပြီး သွေးဖိအား ကျစေပါတယ်။ နည်းပြဆရာနဲ့ လေ့ကျင့်တာကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့အဆီတွေ ကျသွားတဲ့အပြင် အားကစားကြောင့် ထိခိုက်နာကျင်မှုကိုလည်း မခံစားရနိုင်တော့ ပါဘူး။

ရေထဲမှာ လှုပ်ရှားမှု---
ရေကူးကန်မှာ မိနစ် ၃၀-ကြာ ရေကူးတာဟာ ခန္ဒာကိုယ်ထဲ လှည့်ပတ်နေတဲ့ အင်ဒရီနယ်လင် ဟော်မုန်းပမာဏ လျော့ကျကာ သွေးကြောတွေကို အနားရစေပါတယ်။ ရေကူးတာဟာ သွေးခုန်နှုန်းနဲ့ သွေးဖိအားကိုပါ ထိန်းညှိပေးပါတယ်။

သွေးပူလေ့ကျင်ခန်း---
အမေရိကန် နှလုံးကျန်းမရေးအဖွဲ့အစည်းရဲ့ အဆိုအရ အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်း လုပ်တာနဲ့ အားကစားလုပ်ပြီး ဖြေလျှော့လေ့ကျင့်ခန်း လုပ်တာဟာ သွေးတိုးရောဂါရှိသူတွေအတွက် အရေးပါတယ်လို့ သိရပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ နှလုံးခုန်နှုန်းကို ဖြည်းဖြည်းချင်း တိုးမြင့်စေ၊ လျော့ကျသွားစေတာ ကြောင့်ပါ။ အားကစားမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ၁၀-မိနစ်လောက် လမ်းလျှောက်ပေးတာဟာ ကောင်းမွန်တဲ့ သွေးပူလေ့ကျင့်ခန်းနဲ့ ဖြေလျှော့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

နှလုံးခုန်နှုန်းနှင့် ဆေးဝါးကုသမှု---
Beta-blocker ဆေး၊ Calcium channe blocker ဆေး စတဲ့ နှလုံးဆေးတချို့ဟာ နှလုံးခုန်နှုန်း နှေးစေနိုင်ပါတယ်။ ဒီဆေးတွေ သောက်နေရင်း အားကစားလုပ်လို့ ရ-မရ ဆရာဝန်ကို မေးပါ။ ဒီဆေးတွေသောက်နေရင်း အားကစားလုပ်တဲ့အခါ နှလုံးခုန်နှုန်းဟာ ဘယ်လောက်အတိုင်းအတာ ရှိသင့်သလဲ ဆိုတာကိုပါ ဆရာဝန်ကို မေးထားပါ။

သတိထားသင့်သော အချက်---
ဘာအားကစားပဲလုပ်လုပ် ကိုယ်လုပ်ရမယ့် အတိုင်းအတာကို သိပါ။ အားကစား လုပ်ရှားမှုကြောင့် မသက်မသာခံစားရရင် ဆက်မလုပ်ပါနဲ့တော့။ အားကစားလုပ်ငန်း မူးနောက်လာရင်၊ ရင်ဘတ်၊ လက်မောင်း၊ လက်ချောင်းတွေမှာ မသက်မသာခံစားရရင် ဆက်မလုပ်ပါနဲ့တော့။ ပူအိုက်တဲ့နေ့တွေမှာ အားကစားလုပ်ချိန် လျှော့ချပေးပါ။ ဒါမှမဟုတ် မပြင်းထန်တဲ့ လှုပ်ရှားမှုမျိုးကို လုပ်ပါ။

စားသင့်သော အစားအသောက်---
ကိုယ်လက်လှုပ်ရှားမှု လုပ်ပေမယ့် အစားအသောက်ကို စားချင်ရာ စားနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အခွံချွတ်မထားတဲ့ ကောက်နှံတခုလုံးနဲ့ အဆီနည်း နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေကို များများစားပါ။ အသက် ၅၀-ကျော်လာတဲ့အခါ အပေါ်သွေးဖိအား (Systolic Blood Pressure) ဟာ ၁၄၀-ထက်ပိုရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒီအစားအသောက် တွေကိုသာ ရွေးစားပေးရင်တော့ အပေါ်သွေးဖိအားကို ၈-၁၄ Point လျော့ကျစေနိုင်ပါတယ်။

လျှော့ချသင့်သော ကိုယ်အလေးချိန်---
ပုံမှန်ထက် ကိုယ်အလေးချိန်များနေရင် ၁၀-ပေါင် လျှော့ချလိုက်ပါ။ ဒါဆိုရင် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါရှိနေရင်လည်း နောက်ဆက်တွဲ ပြဿနာတွေ မရရှိအောင် ကာကွယ်နိုင်ပါတယ်။ အစားအသောက်စားတဲ့အခါ ဆားပါဝင်မှုများတဲ့ အသားနဲ့ စည်သွတ်ဘူးတွေကို တတ်နိုင်သမျှ ရှောင်ပါ။

ဇွန်
(Good Health 3-17-10)

No comments: