Wednesday, February 9, 2011

နွေရာသီ အားလပ်ရက် ခရီးသွားချိန်မှာ သင့်ကလေး အနာရောဂါ ကင်းဝေးစေရန်

နွေရာသီ ကလေးတွေ ကျောင်းအားရက်မှာ မိသားစုလိုက် အပန်းဖြေခရီး ထွက်မယ်လို့ ကြံစည်ထားတဲ့ မိဘတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေမဖြစ်အောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကလေးတွေဟာ နွေရာသီခရီးစဉ်အတွင်း နာမကျန်းမှုနဲ့ ထိခိုက်ဒဏ်ရာရခြင်းတွေ အဖြစ်များပါတယ်။ ဒါဟာ နေအပူဒဏ်နဲ့ ထိတွေ့ရတာကြောင့် ခါတိုင်းအချိန်ထက် ပိုပင်ပန်းနွမ်းနယ်လွယ်တာကြောင့်ပါ။ ဒါကြောင့် ခရီးလမ်းတလျှောက်မှာ တည်းခိုရာနေရာမှာ သင့်ကလေးကျန်းမာနေစေဖို့ အောက်ပါ ကာကွယ်ကုသနည်း တွေကို အကြံပြုလိုက်ပါတယ်။
၁။ ယာဉ်ကြောင့် မူးဝေခြင်း---
ဘယ်လိုကာကွယ်မလဲ
သင့်ကလေးကို အိမ်ကမထွက်ခင်ကတည်းက ခရက်ကာမုန့်၊ ပန်းသီးစိတ် စတဲ့အစာတွေ ကျွေးထားပါ။ ကား၊ သင်္ဘော စတဲ့ယာဉ်ပေါ်မှာ ပြတင်းပေါက်နား ထိုင်ခိုင်းပါ။

ဘယ်လိုကုသမလဲ
တကယ်လို့ ကားမူးနေရင် သင့်ကလေးကို လတ်ဆတ်တဲ့ လေရှူနိုင်အောင် ပြတင်းပေါက်ဖွင့်ပေးခြင်း၊ ယပ်ခတ်ပေးခြင်းတွေ လုပ်ပေးပါ။ ချင်း (ဂျင်း) ကို ပါးပါးလှီးပြီး ငုံခိုင်းပါ။

၂။ လေယာဉ်ကြောင့် နားကိုက်ခြင်း---
ဘယ်လိုကာကွယ်မလဲ
လေယာဉ်မထွက်ခင်ကတည်းက ကလေးဟာ အအေးမိ ဝေဒနာခံစားနေရရင် ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးတိုက်ထားပါ။ လေယာဉ်ပျံသန်းတာဟာ အသက်ရှူလမ်းကြောင်း ပြဿနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ လေယာဉ်အဆင်း၊ အတက်တွေမှာ နို့စို့အရွယ်ကလေးကို  နို့တိုက်ကျွေးပါ။ အသက်လေးနှစ်နဲ့အထက် ကလေးတွေကို ပီကေ၀ါးခိုင်းပါ။
ဘယ်လိုကုသမလဲ
စိုစွတ်တဲ့အပူက နားကိုက်သက်သာစေပါတယ်။ ဒါကြောင့် လေယာဉ်ထဲမှာ သင့်ကလေးဟာ နားကိုက်လို့ငိုနေရင် အ၀တ်စ တစကို စိုစွတ်ပူနွေးအောင်လုပ်ပေးဖို့ လေယာဉ်မယ်ကို အကူအညီ တောင်းပြီး သင့်ကလေးရဲ့ နားပေါ်မှာအုပ်ပေးပါ။

၃။ ရာသီအပြောင်းအလဲကြောင့် ဖျားနာခြင်း---
ဘယ်လိုကာကွယ်မလဲ
ကိုယ့်နယ်မြေဒေသနဲ့မတူတဲ့ ဒေသရောက်ချိန်မှာ သင့်ကလေးဖျားနာခြင်းမဖြစ်အောင် ရေနဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် များများတိုက်ပါ။ ရေဓာတ်ခန်းခြောက်နေရင် ကလေးက နုံးနေတတ်ပါတယ်။ 
ဘယ်လိုကုသမလဲ
ကလေးမှာ ခေါင်းကိုက်ခြင်းနဲ့ ပျို့ချင်အန်ချင်ခြင်းလို အသေးစားဝေဒနာတွေ ခံစားနေရရင် ကလေးရဲ့ အသက်အရွယ်အလိုက် သင့်တော်တဲ့ပါရာစီတမော တိုက်ကျွေးနိုင်ပါတယ်။ ဝေဒနာက ပြင်းထန်နေရင် ဆရာဝန်နဲ့ပြပါ။

၎။ ၀မ်းပျက်ဝမ်းလျှောခြင်း---
ဘယ်လိုကာကွယ်မလဲ
အိမ်သာတက်ပြီးတိုင်း သင့်ကလေးရဲ့လက်တွေကို သေချာဆေးကြောပေးပါ။ ခရီးလမ်းနဲ့ ရောက်တဲ့နေရာက အစားအသောက်တွေဟာ လတ်ဆတ်ပြီး သေချာကျက်အောင် ချက်ပြုတ်ထားမှသာ ကျွေးပါ။

ဘယ်လိုကုသမလဲ
ကလေးကို ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်အောင် ဓာတ်ဆားရည်တိုက်ပါ။ ၀မ်းပျက်ဝမ်းလျှော သက်သာခါစမှာ ပေါင်မုန့်၊ ငှက်ပျောသီး၊ ခေါက်ဆွဲ စတာတွေ ကျွေးနိုင်ပါတယ်။ ၀မ်းပျက် ၀မ်းလျှောတဲ့ရက် ကြာပြီး ကလေးက မှိန်းနေရင် ဆရာဝန်နဲ့ပြပါ။
၅။ မိတ်ပေါက်ခြင်း---
ဘယ်လိုကာကွယ်မလဲ
သင့်ကလေးကို ချောင်ချိတဲ့ ချည်သားဝတ်စုံ ၀တ်ပေးပြီး ရေများများတိုက်ပါ။ ရာသီဥတု ပူလွန်းတဲ့အချိန်မှာ တတ်နိုင်သမျှ အရိပ်ထဲမှာ နေခိုင်းပါ။ 

ဘယ်လိုကုသမလဲ
မိတ်ပေါက်နေရင် ကလေးကို နေပူထဲ လုံးဝမနေပါစေနဲ့၊ မိတ်ကြောင့် ယားယံတာ သက်သာစေဖို့ Calamine လိမ်းဆေးနဲ့ ပေါင်ဒါမှုန့် လိမ်းပေးပါ။

၆။ နေလောင်ဒဏ်---
ဘယ်လိုကာကွယ်မလဲ
SPF ၁၅-ဆနဲ့ အထက် ပါတဲ့ ရေစိုခံနေရောင်ကာ ခရင်မ်ကို အပြင်မထွက်ခင် သင့်ကလေးကို လိမ်းပေးပါ။ ပြီးရင် အနားကျယ်တဲ့ ဦးထုပ်ဆောင်းပေးပါ။

ဘယ်လိုကုသမလဲ
ကလေးရဲ့ အရေပြားကို ရှားစောင်းလိုရှင်း (Aloe-nera lotion) နဲ့ စိုစွတ်အောင်လုပ်ပေးပြီး နေလောင်ဒဏ်ကြောင့် အရေပြားနာကျင်မှု သက်သာအောင် ရေအေးဖတ်ကပ်ပေးပါ။ ပါရာစီတမော ဆေးဟာလည်း နေလောင်ဒဏ်ကြောင့် နာကျင်မှု သက်သာစေပါတယ်။

၇။ ချွေးထွက်များခြင်း---
ဘယ်လိုကာကွယ်မလဲ
ကလေးကို ရေများများတိုက်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်စေတဲ့၊ ကဖင်းဓာတ်ပါတဲ့ အရည်တွေ မတိုက်ပါနဲ့။ တနေ့တာရဲ့ အပူပြင်းဆုံး အချိန်တွေမှာ ကလေးကို အပြင်မထွက်ခိုင်းပါနဲ့။ 

ဘယ်လိုကုသမလဲ
ကလေးကို အရိပ်ထဲမှာပဲ နေခိုင်းပြီး ရေများများတိုက်ပါ။ ချွေးထွက်များတာကြောင့် နုံးနေရင် ဓာတ်ဆားရည်တိုက်ပါ။

ခရီးသွားရာမှာ သယ်ဆောင်သင့်သော ဆေးပစ္စည်းများ---
ကား၊ လေယာဉ်၊ သဘောင်္ စတဲ့ ယာဉ်တွေနဲ့ ခရီးသွားလာတဲ့အခါ သေချာထုပ်ပိုးထားတဲ့ ဆေးသေတ္တာ မပါဘဲ အိမ်ကနေ မထွက်ပါနဲ့။ ဆေးသေတ္တာကို ပူပြင်းတဲ့နေရာတွေမှာ မထားပါနဲ့။ ဆေးသေတ္တာထဲမှာ ပါဝင်သင့်တဲ့ ဆေးပစ္စည်းတွေကတော့

* ကလေးသုံး ပါရာစီတမော ဆေးရည်။
* ပတ်တီး၊ ကတ်ကြေး၊ ဇာဂနာ။
* ပြတ်ရှဒဏ်ရာတွေအတွက် ပဋိဇီဝ ပိုးသတ်လိမ်းဆေး။
 * Calamine လိမ်းဆေး။
* အက်စစ်တားဆေး (Antacid) 
* ဓာတ်ဆား။
* ကိုယ်အပူချိန်တိုင်း သာမိုမီတာ။
* အအန်ပျောက်ဆေး။
* ရေအေးဝတ် စတာတွေပဲ ဖြစ်ပါတယ်။ 
ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်တက္ကသိုလ်) 
Good Health 3-17-10)

No comments: