Monday, February 28, 2011

သေကံမရောက် သက်မပျောက်


ကိုစိုးရွှေဆိုသော လူငယ်တဦး မြစ်ငယ်မြို့ သရက်တန်းကျေးရွာတွင် နေထိုင်နေသည်။ ငယ်စဉ်မှစ၍ စာပေကို ၀ါသနာပါခဲ့သည်။ အထူးသဖြင့် ပီမိုးနင်း-၏ ဘ၀တိုက်ပွဲ၊ ကိုယ့်ထူးကိုယ်ချွန်-ဟူသော စာအုပ်များကို ဖတ်သည်။ ထိုစာအုပ်များ၏ အလင်းပြမှုကြောင့် ငယ်စဉ်မှစ၍ ကိယ့်အားကိုယ်ကိုးကာ ဈေးရောင်းခဲ့သည်။ ခုနစ်တန်းမှစ၍ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များ၌ ရေခဲချောင်းရောင်းကာ မိဘကို ကူညီ၍ ၀င်ငွေရှာပေးခဲ့သည်။ 

ကိုစိုးရွှေသည် ဆရာတော်တပါး၏ 
အမေကို ရှိခိုးမအိပ်တဲ့သူ ခွေးအိပ်ခြင်းနှင့်တူ၊ 
ခွေးလိုလူ မဖြစ်လိုက အမေကို ရှိခိုးကြ-ဟူသော  
အဆုံးအမကို သဘောကျပြီး ညစဉ် အမေနှင့် အဖေကို ရှိခိုးပြီး အိပ်တတ်ပေသည်။
အမေနေမကောင်းလျှင် အမေ၏ ထဘီကို လျှော်ပေးသည်။ ကိုစိုးရွှေ၏လက်တွင် အမြဲတမ်း စွပ်ထားသော ကြိုးကလေးရှိသည်။ ထိုကြိုးကလေးမှာ သူ့အမေ၏ ထဘီအထက်ဆင့်ကို အထုံးခုနစ်ထုံး ထုံး၍ ထားခြင်းဖြစ်သည်။
ကိုစိုးရွှေသည် ခရီးသွားသည်ဖြစ်စေ၊ ကျောင်းသွားသည်ဖြစ်စေ ၊ ဈေးရောင်းသွားသည်ဖြစ်စေ ဂုဏ်တော်ကိုးပါး၊ သရဏဂုံသုံးပါးနှင့် သမ္ဗုဒ္ဓေဂါထာတို့ကို ရွတ်ပွားလေ့ရှိသည်။

တခါက နွေရာသီ ကျောင်းပိတ်ရက် တရက်တွင် ကိုစိုးရွှေသည် သရက်တန်းရွာမှ မန္တလေးမဟာမြတ်မုနိ ဘုရား၏အရှေ့ဘက် ရပ်ကွက်ရှိ ကောက်လှိုင်း-ရေခဲချောင်းစက်သို့ စက်ဘီးဖြင့် ရေခဲချောင်းသွားယူသည်။ အမြန်ရောက်လိုသောဇောဖြင့် ရပ်ထားသောကား၏အရှေ့ဘက်မှ ကျော်ရမည့်အစား အနောက်ဘက်မှ ကျော်လိုက်မိသည်။

ဤတွင် ကားကို ကျောက်လိုက်သောအခါ အရှိန်နှင့်မောင်းလာသော ဗင်-ကားလေးနှင့် လမ်းမအလယ်တွင် မတိန်းသာဘဲ ထိပ်တိုက် ဘွားခနဲ တွေ့လိုက်ရတော့သည်။ ဗင်ကားကလည်း ဘရိတ်အုပ်၊ စက်ဘီးကလည်း ဘရိတ်အုပ်ဖြင့် ထိပ်တိုက်ထိမိရုံကလေး အနေအထားလောက်သာ ဖြစ်သွားသည်။ ကြောက်ကြောက် လန့်လန့်ဖြင့် ဘရိတ်အုပ်သည့်အခိုက် လက်တွင်ဝတ်ထားသော အမေဖြစ်သူ၏ အထက်ဆင့်ကြိုးထုံးလေး ပြတ်သွားရုံမှအပ ထိခိုက်မှုဘာမျှမရှိခဲ့ပါပေ။

ကိုစိုးရွှေသည် ယနေ့တိုင် မိခင် ဖခင်တို့ကို ကန်တော့မြဲ လုပ်ကျွေးမြဲဖြစ်ပါသည်။ မိဘကျေးဇူးသိ၍ ကျေးဇူးဆပ်ပူဇော်နိုင်ရေးအတွက် မြစ်ငယ်တွင် ကျင်းပသော အမေနေ့-ပွဲတိုင်းကို တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။
( ဖြစ်ရပ်မှန်ကို ကာယကံရှင်ထံ ခွင့်တောင်း၍ ရေးသားပေးပို့ခြင်း ဖြစ်ပါသည်။)

နွေနဒီ (မြစ်ငယ်) 
( မြတ်မင်္ဂလာ ၂၀၁၀-စက်တင်ဘာလ)

No comments: