Monday, February 28, 2011

တူသောအကျိုး


ဆရာလွင်၊ ရှေ့မှာဆိုင်ကယ်။
ဆရာလွင်က ဦးခေါင်းကို ညိတ်ပြလိုက်သည်။ လယ်ကန်သင်းလမ်းအလွန် ကုန်းမြေပြန့်ပေါ်တွင် မြင်လိုက်ရသော ဆိုင်ကယ်ကို တွေ့ရသည်။ ရပ်နားထားခြင်းဖြစ်သည်။

ထိုဆိုင်ကယ်သမားက ဘာဖြစ်သွားမှန်းမသိပါဘူးဗျာ စီးလာရင်း ထိုးရပ်သွားလို့-ဟုစိတ်ပျက်လက်ပျက် ပြောသည်။ 
ကျွန်တော်တို့လည်း တတ်နိုင်သမျှ အကူအညီပေးရန် ဆိုင်ကယ်ကို စက်သပ်ရပ်လိုက်သည်။  တွန်းနှိုးကြည့်လိုက်တော့ စက်ကနှိုးလာသည်။ ခေတ္တခဏမျှသာ ငါးကြိမ်ခန့် လုပ်လည်း သည်အတိုင်း သည်လိုနှင့် ကျောင်းတက်ချိန် ကျော်လွန်သွားပေပြီ။ ကျွန်တော်တို့ ဆရာနှစ်ယောက် လက်လျှော့လိုက်ရသည်။

ဆိုင်ကယ်ပိုင်ရှင်က-
ဒါနဲ့ ခင်ဗျားတို့က ဘယ်ကလဲ၊ 
ကျွန်တော်တို့က ရသားရွာကို စာလာသင်ပေးနေရတဲ့ ဆရာနှစ်ယောက်ပါ။ အကူအညီလိုရင် လာပြောနော်။
ရသားရွာ မူလတန်းကျောင်းရောက်တော့ စာသင်ကြားပြီး လေ့ကျင့်ခန်းများ စစ်ဆေးရန် အပေါ်အင်္ကျီထဲမှ မျက်မှန်အိတ်ကို ထုတ်ယူလိုက်တော့ မျက်မှန်အိတ်ကား မရှိတော့လေပြီ။

ဆရာလွင်၊ ကျွန်တော် အိမ်က မျက်မှန်ထည့်ခဲ့လား၊
ထည့်ခဲ့တာပေါ့ ဆရာကြီးရယ်၊ ကျွတ်တော့်ကို စာအုပ်လှမ်းပေးရင်း ဘေးအိတ်ထဲ ထည့်လိုက်တာ။
သည်လိုဆိုလျှင်တော့ လမ်းမှာကျခဲ့တာ သေချာပါတယ်။ အဲဒါမှ ဒုက္ခ၊ မန္တလေးမှာ သွားပြပြီး မျက်မှန်လုပ်လာသည်မှာ မကြာသေး၊ မန္တလေးသို့ တခုတ်တရ သွားလုပ်မှသာ ရနိုင်မည်။ ယခုတော့ ခက်ကပြီ။ ပြန်ရှာလို့ကလည်း စာသင်ပျက်တာသာ အဖတ်တင်တော့မည်။ တွေ့တဲ့သူက ကောက်သွားလောက်ရော့ပေါ-ဟု စိတ်ကို လျှော့ကာ စာကို ဆက်လက်သင်နေမိသည်။

ဆရာတို့-ဆရာတို့ 
စောစောပိုင်းက လမ်းမှာတွေ့ခဲ့ရသည့် ဆိုင်ကယ်နှင့်လူ။
ဆိုင်ကယ်ဆရာပါလား၊ ကျွန်တော်တို့ ဘာအကူအညီပေးရဦးမှာလဲ၊ အခု ဆိုင်ကယ် အခြေအနေက ဘယ်လိုလဲ။
ကောင်းသွားပါပြီဆရာရယ်။ ဒါ-ဆရာတို့ မျက်မှန်မဟုတ်လား။ အသစ်စက်စက် ကလေးရယ်၊ ဇီးကုန်းအသွား ထန်းတဲနားမှာ တွေ့လို့ ကောက်လာတာ၊ ဆရာတို့မျက်မှန် ဖြစ်မှာပဲဆိုပြီး လာပို့တာ။

ကျေးဇူးအထပ်ထပ် တင်မိပါသည်။ ဒုက္ခရောက်နေစဉ် မဆိုစလောက်သော ကျွန်တော်တို့၏ ကူညီမှုသည် အချည်းနှီးမဖြစ်၊ ယခု ကျွန်တော် ဒုက္ခရောက်နေစဉ် ကူညီခဲ့ဖူးသူက တဖန်ပြန်လည် ကူညီသွားပေသည်။

မှန်ကိုပြုံးကြည့်လျှင် မှန်ထဲမှာ ပုံရိပ်သည် ပြန်ပြုံးပြ၏။ စေတနာမှန်လျှင် တူသောအကျိုးကို ပေးပေသည်။

သျှင်မင်း(မင်းကင်း)
(မြတ်မင်္ဂလာ ၂၀၁၀-စက်တင်ဘာလ)

No comments: